အောက်ခြေလွတ်တော့ လူတွေကိုအထင်သေးတယ်။ နေရာတကာ အပေါ်စီးကကြည့်တယ်။ လူတွေဟာ
အသိဥာဏ်ဗဟုသုတနည်းကြရှာတယ်။ ပညာမဲ့ကြရှာတယ်။ သနားပါတယ်။
ငါမကယ်သေဖွယ်သာရှိတော့တယ်လို့ အထင်ရောက်လာတယ်။
နားကလောလွန်း
လူတွေကိုအထင်သေးတဲ့စိတ်နဲ့ အတူတူတစ်ပြိုင်တည်းပေါ်ထွက်လာတာက
ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်တဲ့စိတ်ဖြစ်တယ်။ နေရာတိုင်းမှာ ငါသာသိတယ်။
ငါသာတတ်တယ်။ ငါသာလုပ်နိုင်တယ်ဆိုပြီး ဘ၀င်မြင့်လာတယ်။
တစ်တိုင်းတစ်ပြည်လုံးက လူတွေကိုတပည့်လို့ယူဆပြီး
နေရာတိုင်းဆရာကြီးလုပ်ချင်တယ်။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး
ကိုယ့်မိသားစုတစ်စုလွတ်မြောက်ရေးအတွက် ပြည်ပနိုင်ငံတွေမှာနေကြတဲ့
မြန်မာတချို့ကပိုဆိုးသေးတယ်။ သူတို့မှပညာရှင်၊ သူတို့မှ
ဒီမိုကရေစီသူရဲကောင်း။ ဟိုရောက်မှလက်ပူတိုက်ပေးတဲ့ သင်တန်းတွေတက်၊
ဒီမိုကရေစီသမ္မာကျမ်းတွေ အာဂုံဆောင်ပြီး ကြက်တူရွေးပညာရှင်လုပ်နေကြတာ
နားကလောလွန်းလှတယ်။
ကြောက်လို့ထွက်ပြေးတာ ဘယ်သူလဲ
ကိုယ့်ကြောင်းနဲ့ကိုယ် နိုင်ငံခြားသွားနေကြတာနေပါ။ ဘာမှပြောစရာမရှိပါဘူး။
ကိုယ့်အလုပ်ကိုယ်လုပ်။ ကိုယ့်စီးပွားကိုယ်ရှာပြီး အေးအေးနေကြပါ။
အထဲကလူတွေကို အတုံးအအတွေလို့သဘောထားပြီး
ဒီမိုကရေစီဂုရုကြီးတွေမလုပ်ကြပါနဲ့။ အထဲကလူတွေကြောက်နေကြတယ်
ဆိုတဲ့စကားတော့ ယောင်လို့တောင် မပြောပါနဲ့။ ကြောက်လို့ထွက်ပြေးတာ
ဘယ်သူတွေလဲဆိုတာ တစ်နိုင်ငံလုံးသိကြပါတယ်။ အင်တာနက်ခေတ်၊ ဂလိုဘယ်ခေတ်နဲ့
ပါးစပ်ကအမြှုပ်ထွက်အောင်အော်နေကြပေမယ့် အင်တာနက်ရဲ့အစွမ်းကိုတော့
ဘာမှသေချာရေရာသိကြတာမဟုတ်ပါဘူး။ ဒါကြောင့်ဂုရုကြီးလုပ်နေကြတာ။
ဖြီးတာကို ဖြီးမှန်းသိ
အင်တာနက်ကို မြန်မာလူငယ်တွေ ကောင်းကောင်းအသုံးချတတ်ပါတယ်။ အင်္ဂလန်က၊
အမေရိကန်က၊ သြစတြေးလျက၊ စင်ကာပူက ကွန်ပျူတာမဟာဘွဲ့ရတဲ့လူငယ်တွေ
မြန်မာပြည်မှာအများကြီးရှိပါတယ်။ အင်တာနက်ကိုအသုံးချပြီး
ကိုယ်လိုချင်တဲ့ပညာရပ်မျိုးစုံကိုလေ့လာနေကြပါတယ်။ လူတွေဟာအထူးသဖြင့်
လူငယ်တွေဟာ မတုံးမအကြတော့ဘူး။ ဖြီးတာကိုဖြီးမှန်းသိတယ်။
လိမ်တာကိုလိမ်မှန်းသိတယ်။ ဘယ်သူတွေဟာခြံစည်းရိုး
ပေါ်ခွထိုင်ပြီးနှစ်ဖက်စလုံးကပေးစာ ကမ်းစာကိုစားသောက်နေကြတာလဲ
ဆိုတာလည်းသိတယ်။ ဘယ်သူတွေ နှစ်ဖက်ချွန်လုပ်နေတာလဲဆိုတာလည်း သိတယ်။
ဒီခေတ်က (Citizen Journalist) လူထုသတင်းသမားခေတ်လေ။
လူတွေကြားမှာသတင်းတွေဟာ မရပ်မနား အစုန်အဆန်စီးဆင်းနေကြပါတယ်။
ကွန်ရက်ထဲမှာ သိန်းချီရှိ
သတင်းကိုစီအင်န်အင်န်တစ်ခုတည်းက ဖန်တီးတဲ့ခေတ်ကုန်ဆုံးသွားပြီ။
အယ်လ်ဂျာဇီးရား (aljazeera) လည်းပေါ်နေပြီ။ ၀က်ဘ်ဆိုက်တွေနဲ့
ဘလော့ဂ်တွေလည်းကွန်ရက်ထဲမှာ သိန်းနဲ့ချီရှိနေကြပြီ။ အမေရိကမှာနေမှ
နယူးယောက်တိုင်းဖတ်နိုင်တဲ့ခေတ် နိဂုံးချုပ်သွားပြီ။ ဂျက်(ကွမ်းခြံကုန်း)
ရဲ့ ၀ါးဘလောက်သောက်ကလည်း နယူးယောက်တိုင်း၊ ၀ါရှင်တန်ပို့စ်၊
ကြိုက်တဲ့သတင်းစာရွေးဖတ်နိုင်တဲ့ခေတ် ရောက်နေပြီ။ ဒီခေတ်ဟာ
လူစွမ်းများခေတ်၊ သူရဲကောင်းများခေတ် မဟုတ်တော့သလို
ခေတ်ပျက်ဂုရုတွေရဲ့ခေတ်လည်း မဟုတ်တော့ဘူး။ အင်တာနက်က
ကမ္ဘာကြီးတစ်ခုလုံးကို လူထုခေတ်အဖြစ် ပြောင်းပစ်လိုက်ပြီ။
ဗိုလ်ချုပ်က သမိုင်းဖန်တီးတာလား
ဒါကိုနားမလည်ဘဲနဲ့သမိုင်းဆိုတာ ချာချီလို၊ ရုစဗဲ့လိုခေါင်းဆောင်ကြီးတွေက
ဖန်တီးတာ။ လူထုဆိုတာနောက်လိုက်တွေသက်သက်ပဲ လို့ပြောနေကြတာဖြစ်တယ်။
ဒီဂုရုတွေက ဗိုလ်ချုပ်အောင်ဆန်းလို၊ သခင်ဖိုးလှကြီးလို၊ ဆရာစံလို
ပုဂ္ဂိုလ်တွေကို လက်ညှိုးထိုးပြလေ့ရှိတယ်။ ရေနံမြေသပိတ်ကြီးကို
သခင်ဖိုးလှကြီးကဖန်တီးသယောင်ပြောဆိုကြတယ်။ တကယ်က ရေနံမြေသပိတ်ကြီးက
သခင်ဖိုးလှကြီးဆိုတဲ့ခေါင်းဆောင်တစ်ယောက်ကို မွေးထုတ်ခဲ့တာဖြစ်တယ်။
တို့ဗမာအစည်းအရုံးကြီးကို သခင်အောင်ဆန်းက မွေးထုတ်လိုက်တာမဟုတ်ဘူး။
တို့ဗမာအစည်းအရုံးကြီးက ကျောင်းသားခေါင်းဆောင် မောင်အောင်ဆန်းကို
မျိုးချစ်နိုင်ငံရေးသမားတစ်ယောက်ဖြစ်အောင် ဖန်တီးပေးလိုက်တာဖြစ်တယ်။
ကျောင်းသားခေါင်းဆောင်မောင်အောင်ဆန်းရယ်လို့ ဖြစ်လာအောင်လည်း ၁၉၃၆
ကျောင်းသားသပိတ်ကြီးက မွေးထုတ်လိုက်တာဖြစ်တယ်။ အလားတူပဲ ဂျဒ်ဆင်ကောလိပ်
ကျောင်းသားလေးမောင်အောင်ကျော်ကိုလည်း အာဇာနည်ဗိုလ်အောင်ကျော်ဖြစ်အောင်
ကျောင်းသားလှုပ်ရှားမှုကြီးက မွေးထုတ်ခဲ့တာဖြစ်တယ်။ မောင်အောင်ဆန်း၊
မောင်အောင်ကျော်တို့က ကျောင်းသားလှုပ်ရှားမှုကြီးကို
မွေးထုတ်လိုက်တာမဟုတ်ဘူး။
သခင်အဖွဲ့စတင်တည်ထောင်သူ
တို့ဗမာအစည်းအရုံးကြီးကို စတင်တည်ထောင်ပြီး 'သခင်' ဆိုတဲ့ အမည်ကို
စပြီးသုံးခဲ့သူက စာရေးဆရာကြီးသခင်ဘသောင်းဆိုတဲ့
လူတော်ကြီးတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့
သူတို့ဟာတို့ဗမာအစည်းအရုံးကြီးနဲ့ ကင်းကွာသွားပြီး
လွတ်လပ်ရေးတိုက်ပွဲတွေနဲ့လည်း အဆက်ပြတ်သွားခဲ့တယ်။ တိုက်ပွဲနဲ့
အဆက်ပြတ်သွားတာနဲ့ လူထုနဲ့လည်း အလှမ်းကွာဝေးသွားခဲ့တယ်။
၁၉၆၀ခုနှစ် အိမ်စောင့်အစိုးရခေတ် တည်မြဲ-သန့်ရှင်းတို့
ယှဉ်ပြိုင်ကြတဲ့ရွေးကောက်ပွဲမှာ သူဟာနတ်မောက်မဲဆန္ဒနယ်
တစ်သီးပုဂ္ဂလအမတ်လောင်းအဖြစ် ၀င်ရောက်အရွေးခံရာမှာ သတ်မှတ်ထားတဲ့
အနိမ့်ဆုံးမဲအရေအတွက်တောင် မရလိုက်ပါဘူး။ အဲဒါကြောင့် တင်ထားတဲ့
အာမခံကြေးတောင်ပြန်မရတော့ဘဲ အဆုံးခံလိုက်ရပါတယ်။
အထင်အရှားသိနိုင်တယ်
သခင်ဘသောင်းဆိုတာ အင်မတန်ထူးချွန်ထက်မြက်တဲ့
စာရေးဆရာကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့
မြန်မာ့နိုင်ငံရေးသမိုင်းကိုမဖန်တီးနိုင်ရုံသာမက
သူကိုယ်တိုင်တည်ထောင်ခဲ့တဲ့ တို့ဗမာအစည်းအရုံးကိုတောင်
သူ့စိတ်ကြိုက်မဖန်တီးနိုင်ခဲ့ပါဘူး။ ထူးချွန်တဲ့ခေါင်းဆောင်တွေက
သမိုင်းကိုဖန်တီးတာလား၊ သမိုင်းကခေါင်းဆောင်တွေကို
မွေးထုတ်ပေးလိုက်တာလားဆိုတဲ့အချက်ကို ကိုအောင်ဆန်း၊ ကိုအောင်ကျော်တို့နဲ့
ဆရာသခင်ဘသောင်းရဲ့ဖြစ်ကြောင်း ကုန်စင်ကိုလေ့လာလိုက်ရုံနဲ့
အထင်အရှားသိနိုင်ပါတယ်။ ဒါနဲ့တောင် မက်ထရိုပိုလစ်တန်အီလစ်တွေက
မသိဘူးဆိုတာတော့ ထူးဆန်းမနေဘူးလား။
အပေါ်လွှာကိုပဲ နီးစပ်အောင်
အသေအချာသုံးသပ်ကြည့်ရင်တော့ မထူးဆန်းဘူးဆိုတာသိနိုင်တယ်။
သဘာဝကျစွာဖြစ်ပေါ်လာတာပါပဲ။ အဲဒီမြို့ကြီးသားလူလည်ရေပေါ်ဆီအီလစ်တွေဆိုတာက
ခေတ်တိုင်းခေတ်တိုင်းမှာ ရေပေါ်ဆီလိုအပေါ်ယံမှာပဲ ဝေ့၀ဲနေခဲ့ကြတယ်။
ဘယ်လွတ်လပ်ရေးတိုက်ပွဲစဉ်တွေမှာမှ ပါဝင်ခဲ့ဖူးခြင်းမရှိပါဘူး။
အပေါ်ယံလွှာမှာပဲ ဝေ့၀ဲနေသူတွေဖြစ်တာကြောင့်
အောက်ခြေလူထုလူတန်းစားတွေနဲ့လည်း တောင်ဝင်ရိုးစွန်းနဲ့မြောက်ဝင်ရိုးပမာ
အလှမ်းကွာဝေးပါတယ်။ လူထုကိုအထင်သေးပြီး ဘယ်တော့မှ နီးစပ်အောင်
မကြိုးစားပါဘူး။ အောက်ခြေအစားအပေါ်လွှာကိုပဲ နီးစပ်အောင်နည်းမျိုးစုံနဲ့
ကြိုးစားပြီး ရေပေါ်ဆီလုပ်နေခဲ့ကြတာဖြစ်ပါတယ်။
ရယ်စရာဖြစ်မနေဘူးလား
အဲဒီလိုရေပေါ်ဆီလူတန်းစားတွေကပဲ သမိုင်းကိုပြည်သူလူထုအများက
ဖန်တီးတာဆိုတဲ့အယူအဆကို ပြက်ရယ်ပြုခဲ့ကြတာဖြစ်တယ်။ ပညာရှင်တွေကသာ
တိုင်းပြည်ကိုအုပ်ချုပ်ပြီးလူထုတွေကတော့ နောက်လိုက်ကောင်းဖြစ်အောင်
ကြိုးစားကြဖို့လိုတယ်လို့ ပါးစပ်က အမြှုပ်တစီစီထွက်အောင်
အော်ဟစ်နေကြတာဖြစ်တယ်။ ဂလိုဘယ်အင်တာနက်ခေတ်၊ လူထုသတင်းသမားများရဲ့
ခေတ်မှာတောင် လူစွမ်းကောင်းခေါင်းဆောင်ကောင်းတွေက သမိုင်းကို
ဖန်တီးတယ်လို့ပြောနေတာကတော့ ရယ်စရာဖြစ်မနေဘူးလား။
No comments:
Post a Comment