Tuesday, October 5, 2010

စပ်မိစပ်ရာ စာအကြောင်းပေအကြောင်း (၄)
ရေးသူ- မောင်အေးဝင်း



'လူထုစိန်ဝင်း' ရဲ့ 'သမိုင်းကိုဘယ်သူဖန်တီးတာလဲ(၂)' ဆောင်းပါးကို ကိုယ်ဖတ်ဖို့ ရဲဘော်တွေက အီးမေလ်ကနေ ပို့ကြတယ်။ ဆောင်းပါးရှင် 'လူထုဦးစိန်ဝင်း' ကိုရော၊ ဖတ်ဖို့ ပို့ပေးကြတဲ့ ရဲဘော်သုံးယောက် ကိုရော ကျေးဇူးတင်ပါတယ်။ ဆောင်းပါးဖတ်နေစဉ်မှာ ဖြတ်ကနဲ သတိရလိုက်တာ 'ဖေဘီယန် ဦးဘခိုင်' ရဲ့ 'မြန်မာပြည် နိုင်ငံရေးရာဇ၀င်' စာအုပ်ပဲ။ ချက်ချင်း ခေါင်းထဲ ပြေးမြင်လိုက်တယ်။ ဒါနဲ့ ပြန်ကိုးကားရအောင် ကိုယ့် ရတနာသိုက်ထဲ တူးဖော်တော့ ထွက်လာတယ်။ ဒါနဲ့ ခုလို 'စပ်မိစပ်ရာ စာအကြောင်းပေအကြောင်း (၄)' ဖြစ်လာရော။
ဒီစာအုပ်က ပုဂံစာအုပ်တိုက်ရဲ့ ရှေးဦးပိုင်းထုတ် စာအုပ်လေးပါ။ အမှတ်စဉ် (၄၆) ဖြစ်တယ်။ ၁၉၆၄ ခုနှစ် က ထွက်ပါတယ်။ လက်ဟောင်းပုဂံစာအုပ်တိုက် ဖြစ်ပါတယ်။ လက်သစ် ပုဂံက ကုန်အမှတ်တံဆိပ် ပြောင်းထားတယ်။ စာအုပ်မှာ တူ နဲ့ တံဇင် အမှတ် ခပ်နှိပ်ထားပြီး လယ်သမား၊ လုပ်သား၊ စာပေ ညီညွတ်မှုအင်အားနှင့် နိုင်ငံတော်...... ဆောင်ပုဒ်ပါတဲ့ ပုဂံ မဟုတ်တော့ဘူး။ စစ်အစိုးရရဲ့ စာပေစိစစ်ရေးကြောင့် ထင်ပါရဲ့။ တူ တံဇင် မပါရရှာဘူး။

ဟိုတုန်းကဆို ပုဂံကထုတ်တဲ့ စာအုပ်တိုင်းမှာ သူ့တိုက်က ထုတ်လိုက်တဲ့ စာအုပ်စာရင်း အမြဲပါတယ်။ အမှတ် (၁) က စပြီး လက်ရှိ စာအုပ်အထိပြင်၊ ပုဂံတိုက်တွင် ရနိုင်သေးသောစာအုပ်၊ နောက်ထွက်မယ့် စာအုပ် စာရင်းတွေတောင်ပါသေး။ (၁) က တမိုးသောက်သော် (စောဦး)။ (၂)က နယ်လီဝင်း(ဓူဝံ)........ ။

စာရင်းကို ကြည့်ပြီး ငါ့မှာ ဘာစာအုပ်ဖြင့် ၀ယ်ဖို့ ကျန်သေး။ ဘယ်ဟာကိုတော့ ရှာဖတ်ရမယ် ဆိုတာလည်း စဉ်းစားရတယ်။ ကိုယ့်ဘာသာ ကိုယ်ဝယ်နိုင်တဲ့အချိန်မှာ ထွက်ပြီးသားတွေကို ပြန်စုတော့ ဆရာတော် ရှင်ဥက္ကဌရဲ့ ကပ္ပပြဿနာ၊ ၀င်းဇော်ရဲ့ အရှေ့တောင်အာရှစစ်မီးလျှံများ စာအုပ်ဆို အတော် ရှာရတာ။

ဓူဝံ-နယ်လီဝင်း၊ ရွှေဥဒေါင်း- ပထမံဆရာသိန်း၊ ဇ၀န- ကောလိပ်ကျောင်းသား၊ မောင်သာရ- လှသည် လွယ်သည် သို့သော် လည်သည်......၊ ပါရဂူ- သိဒ္ဓတ္ထ တို့က အိမ်မှာ လူကြီးတွေ ၀ယ်ထားတော့ ငယ်ငယ်ကတည်းက ဖတ်ဖူးရတယ်။ ကျော်အောင် ဘာသာပြန်တဲ့ မောရစ်ကွန်ဖို့ရဲ့ စာအုပ်ဆိုရင် ကိုးတန်း လောက်ရောက်မှ ကလောင်ပျံစာအုပ်ဆိုင်မှာ သွားဝယ်တာ မှတ်မိနေတယ်။။ ပုဂံရဲ့ ချစ်စရာကောင်းတာက နှစ်ပါတ်လည်တိုင်းမှာ အထူးထုတ်ဆိုတဲ့ အထူကြီးတွေ ထွက်တယ်။ မင်းကျော်ရဲ့ လှိုင်၊ တစ္ဆေ၊ ကျော်အောင်- အရေးကြီးပြီသွေးစည်းကြ...... ။

ပုဂံလိုပဲ အဆင်အပြင် ခေတ်မီမီနဲ့ ထွက်တာ နှလုံးလှ....။ ကိုယ်တို့ ငယ်ငယ် ပုဂံစာအုပ်မတိုင်မီထဲက ပေါ်နေတာ မြန်မာပြည်စာအုပ်တိုက်။ သူ့ဆီက မှတ်မိနေတဲ့စာအုပ်က စုံထောက်မောင်စံရှား အတွဲတွေနဲ့ ၂ိ ကျပ်တန် ၀တ္ထု တွေ....။

ပုဂံထုတ် စာအုပ်တွေထဲက စာရင်းမှာ ဘာစာအုပ်ဖြင့် ထွက်တော့မယ်ဆိုပြီး ကြိုပြောထားလို့ မျှော်တော်ဇောနဲ့ မောရတာလည်း ရှိခဲ့တယ်။ ဥပမာ မြသန်းတင့်ရဲ့ အရှေ့တခွင်လုံးနီ... ဆိုပါတော့။ စာအုပ်တွေရဲ့ ကျောဘက် အတွင်းရေခံ စာမျက်နှာမှာ 'အရှေ့တခွင်လုံးနီ' ကို တခန်းတနား ကြော်ငြာတာ။ 'စစ်နှင့်ငြိမ်းချမ်းရေး' [၁၂-တွဲ၊ ၁၂-လ] ၃- ကျပ်စီ လို့တောင်ပါလိုက်သေး။ ဆရာမြ (မြသန်းတင့်) ကိုကိုးကျွန်း ရောက်သွားလို့ ထွက်နေရင်းတန်းလန်းမှာ ရပ်သွားပြီး ထောင်က ထွက်မှ အဆုံးသတ် ထွက်ရတယ်။

အဲဒီနှစ်မှာပဲ ဆရာမြ (မြသန်းတင့်) လည်း စစ်နဲ့ငြိမ်းချမ်းရေး စာအုပ်အတွက် အမျိုးသားစာပေဆု ရလိုက်တယ်။ အငြင်းပွါးစရာတွေတောင် ဖြစ်လိုက်သေးတယ်။ မပြောတော့ပါဘူး။ ဖေဘီယန် ဦးဘခိုင်စာအုပ် အကြောင်းပဲ ပြောတာကောင်းတယ်။

ဦးဘခိုင်က မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုများနဲ့ အသင်းအဖွဲ့တွေအကြောင်းကို ရေးတာ။ အဲဒီမှာ တို့ဗမာ အစည်းအရုံးနဲ့ တည်ထောင်သူတို့ အကြောင်း ပါ ပါတယ်။ သခင်ဘသောင်းဟာ ဆင်းရဲသား ဘုံဝါဒအကြောင်းကို အသံကျယ်ကျယ်နှင့် ဟစ်အော်ပြောဆိုသော်လည်း လုပ်နည်းလုပ်ဟန်တွေက ဓနရှင်ကဲ့သို့ ဖြစ်နေကြောင်း ရေးသားထားတာ တွေ့ရပါတယ်။ ဒေးဒရဲမြို့က တရားဟောရင်း သီချင်းဆိုဖို့(ဒို့ဗမာသီချင်း) စရိတ်ပေးပြီး ဖိတ်တော့ သခင်ဘသောင်းနဲ့ သခင်တင်စိန်က ပထမတန်းက တက်ရောက်စီးနင်းကြပီး အခြား သခင်အသင်းဝင် တွေကို ကုန်းပတ်က စီးစေပါတယ်။ အဲဒီမှာ သခင်အသင်းဝင်တွေက အတော် မကျေမနပ် ဖြစ်ကြပြီး သခင်ဘသောင်း ရဲ့ နိုင်ရာစီး အလုပ်ကို စက်ဆုတ်ကြလို့ ကန်ကွက်တဲ့အနေနဲ့ သခင်အချို့ နှုတ်ထွက်သွားကြ ပါတယ်။

ဦးဘခိုင်က သခင်ဘသောင်းဟာ လူပေါင်းမဆန့် (Superiority Complex) ခေါ် လူကို အထက်ကနေ ပေါင်းခြင်းကြောင့် ၎င်းနှင့် ရေရှည်ဆက်ဆံသူများမှာ အမြဲတမ်းစိတ်ပျက်သွားရကြောင်းကို ရေးသားထားတာ တွေ့ရပါတယ်။ တို့ဗမာအစည်းအရုံးမှာ ပါဝင်လုပ်ကိုင်နေတဲ့ လူငယ်တစုမှာ သခင်ဘသောင်းနဲ့ မသင့်မတင့် ဖြစ်ကြပြန်ပြီး Youth League ခေါ် လူငယ်အဖွဲ့ကို ဖွဲ့လိုက်ကြတယ်။ အဲဒီအဖွဲ့ကို ဦးဆောင်သူတွေက သခင်လေးမောင်၊ သခင်ဘစိန်၊ သခင်ထွန်းအုပ်၊ သခင်သိန်းမောင်တို့ ဖြစ်ကြတယ်။ နောက်တကြိမ် လူငယ်တစုနဲ့ သခင်ဘသောင်း ထပ်ကွဲထွက်လာတော့ တို့ဗမာအစည်းအရုံးမှာ သခင်ဘသောင်းနဲ့ လုပ်မယ့်သူမရှိတော့တဲ့ အဆုံး လူငယ်များအဖွဲ့က တို့ဗမာအစည်းအရုံးအမည်ကို သိမ်းပိုက်လိုက်ကြပါတော့တယ်။

အကျင့်စာရိတ္တနဲ့ ပေါင်းသင်းဆက်ဆံကို ဖယ်လိုက်လျှင် သခင်ဘသောင်းဟာ ထိုးထွင်းဥာဏ်နဲ့ ပြည့်စုံသူတယောက်၊ လုံ့လ၀ရိယနဲ့ ကြံဖန်လုပ်ဆောင်တတ်သူ တယောက်ဖြစ်လို့ သခင်အမည်ကို ရယူနိုင်တဲ့ အပြင် တို့ဗမာအစည်းအရုံးရယ်လို့ ပေါ်ပေါက်ခဲ့ရတာပါ။

ဒါကြောင့် နိုင်ငံရေးဟာ တဦးတယောက်အရေးမဟုတ်၊ တတိုင်းပြည်လုံးအရေးဖြစ်လို့ လူထုရဲ့ အရေးကို တည့်တည့်မတ်မတ် လုပ်နေရင် လူထုက ထောက်ခံအားပေးနေပြီး၊ လိမ်ကောက်လိုက်တာနဲ့ လူထုက အားပေးခြင်းက ရပ်စဲပစ်မည်သာမက သုတ်သင်ရှင်းလင်းလိမ့်မယ်လို့ ဖေဘီယန်ဦးဘခိုင်က ကောက်ချက်ဆွဲပြ ထားပါတယ်။ သခင်အဖွဲ့ သို့မဟုတ် တို့ဗမာအစည်းအရုံးရဲ့ သခင်သဘွယ် ဖြစ်တဲ့ သခင်ဘသောင်းဟာ နောက်ဆုံးမှာ မှေးမှိန်ပီး တိုင်းပြည်က မေ့သွားတဲ့အခြေအနေကို ဆိုက်ရတဲ့ နိုင်ငံရေး သင်္ခါရ တရပ်ဖြစ်သွား ပါတယ်။ ဒါကြောင့်လည်း ကိုယ့်သမိုင်းကိုယ်ရေးတာပဲလို့ ဆိုကြတာ မဟုတ်ပါလား။ လူထုက တင်မြှောက်မှသာ လူထု ခေါင်းဆောင်ဖြစ်လာသလို ကျောင်းသားထုက တင်မြှောက်မှလည်း ကျောင်းသားခေါင်းဆောင်ဆိုတာ ဖြစ်လာတာပါ။

ဆရာတော်ဦးဥတ္တမနှင့် ပတ်သက်ပြီး ဦးဘခိုင်က- "ဦးဥတ္တမသည် မြန်မာလူမျိုးများ၏ မျက်စိကို ဖွင့်ပေးသည်။ မြန်မာလူမျိုးများအတွက် ထောင်တန်းအကျခံသည်၊ အနစ်နာခံသည်ဟုဆိုကာ ဦးဥတ္တမကျူးလွန် သည်များကို သည်းခံကြ၏...... ။ ဦးဥတ္တမ လွန်သည်ထက်လွန်လာမှသာလျှင် ၎င်းအား ကြည်ညိုကိုးစားခြင်း ရပ်စဲကြလေသည်။....."

မောင်အေးဝင်း
အောက်တိုဘာ ၅ ရက်၊ ၂၀၁၀ ခုနှစ်။

No comments: