Tuesday, October 12, 2010

ဒဂုန်တာရာ[တသက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ- စာအုပ်မှ]
ရေးသူ- ရွှေဥဒေါင်း




စာရေးဆရာ ဒဂုန်တာရာသည်လည်း ကမ္ဘာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ်တဦး အဖြစ်နှင့် အတူ သွားကြရ၍ ၎င်းအား အထိုက်အလျောက် လေ့လာခွင့် ရခဲ့သည်။ ပီကင်းသို့ မသွားကြမီ လေးနှစ်လောက်က ဒဂုန်တာရာသည် ကျွန်ပ်၏ အယူအဆများနှင့် ပတ်သက်၍ မည်သို့မည်ပုံ ဝေဖန်သည်ဟု ငွေဥဒေါင်းက ကျွန်ပ်အား ပြောပြဖူး၏။ စာရေးဆရာရန်အောင်သည် ဤအတွက်ကြောင့် ဒဂုန်တာရာအား ရိုက်မည်ပြုသေးသည် ဟူ၍ပင် ငွေဥဒေါင်းက ပြောဖူး၏။ (ဟုတ် မဟုတ်ကား မပြောတတ်။ ဆရာရန်အောင်မဟုတ်လျှင်လည်း တယောက်ယောက် ဖြစ်ပါလိမ့်မည်။ နာမည်ကိုတော့ ကျွန်ပ် ခပ်မေ့မေ့ ရှိနေသည်။ သို့သော် ဆရာရန်အောင် ဟူ၍ပင် ပြောသည်ထင်၏။)

၁၉၅၀ ပြည့်နှစ်တွင် ကျွန်ပ် သီတာလမ်း၌ နေထိုင်လျက် ရှိစဉ် ငွေဥဒေါင်းသည် ကျွန်ပ်အား သူ့အိမ်သို့ ထမင်းစားဖိတ်၍ ရောက်သွားသောအခါ ဒဂုန်တာရာကို တွေ့ရသဖြင့် ကျွန်ပ် အံ့သြမိသေး၏။ ကျွန်ပ်သည် အသက်အရွယ်အလိုက် အကဲခတ်တတ်သူ တယောက်ဖြစ်သည်နှင့် ကျွန်ပ်၏ သားထွေး အရွယ်လောက်မျှရှိသူ တယောက်က ကျွန်ပ်အကြောင်းကို ဆရာရန်အောင်လို ကြားလူတယောက်က ၀င်၍ ရိုက်ချင်လောက်အောင် ရှုတ်ချပြောဆိုရချေမည်လောဆိုကာ ဒဂုန်တာရာအပေါ်၌ (ငွေဥဒေါင်း၏စကားအရ) အာဃာတထားလျက်ရှိသည် ဖြစ်သောကြောင့် ငွေဥဒေါင်းက တိုက်ကျွေးခြင်းကိုလည်းမသောက်၊ ဒဂုန်တာရာနှင့် လည်း စကားဟဟ မပြောဘဲ နှုတ်ဆိတ်ဆိတ် နေခဲ့မိသည်။ ဒဂုန်တာရာ ကိုယ်၌ကလည်း စကားရော ဖောရောနှင့် ရောတတ်သူတယောက် Good mixer မဟုတ်သဖြင့် ခွကျတတနှင့်ပင် ထမင်းစားပွဲ ပြီးဆုံးသွားခဲ့သည်။ အကယ်၍ ကျွန်ပ်သည်ငွေဥဒေါင်း ၀ယ်ထားသော ရမ်အရက်ကို သောက်ခဲ့ပါမူ (အသောက်သမားတို့၏ ထုံးစံအတိုင်း) ရောရောနှောနှော ပြောမိဆိုမိ ဖြစ်လာလိမ့်မည်ဟု ကျွန်ပ် သိ၏။ ထိုကြောင့်ပင် ကျွန်ပ်သည် တမင်ရှောင်၍ မသောက်ဘဲ နေခဲ့ခြင်း ဖြစ်၏။


ပီကင်းသို့ ရောက်ကြ၍ တကြိမ် နှစ်ကြိမ် စကားပြောမိသော အခါ၌မူကား ဒဂုန်တာရာမှာ လူပေါင်းဆံ့ခြင်း မဆံ့ခြင်းကို အပထား၍ အရည်အချင်းအားဖြင့် ခေသော လူငယ်တယောက် မဟုတ်ခြင်းကို ကျွန်ပ် အကဲခတ်နိုင်လာပါသည်။ တည့်တည့်ဝန်ခံရလျှင် ဒဂုန်တာရာကား ကျွန်ပ်ထင်မိသည်ထက် ပြည့်သော အရည်အချင်းရှိခြင်းကို တွေ့ရ၏။ အတီးအမှုတ် အကြောင်းကို ပြောကြရာတွင် "ကျွန်တော် စန္ဒရားတီးလျှင် တော်ရုံတန်ရုံ အဆိုတော်မျိုးနှင့် မဖြစ်ဘူး၊ စောမြအေးကြည်တို့လို အဆိုတော်ကြီးမျိုးနဲ့မှ တီးချင်တယ်" ဟု ဒဂုန်တာရာက ပြောလိုက်သဖြင့် ကျွန်ပ် အတော် မျက်လုံးပြူးသွား၏။ ဟုတ်လောက်သည် ထင်ခြင်းကတ၀က် (မူလအာဃာတကြောင့်) ကြွားသည် ထင်ခြင်းကတ၀က် ဖြစ်နေ၏။

သို့ရာတွင် ပီကင်း၌ပင် သူ၏ လက်သံကို ကျွန်ပ် နားထောင်ခွင့် ရသောအခါ အာဂ လူငယ်တယောက် ပေတကားဟု ကျွန်ပ် ဆုံးဖြတ်ခဲ့ပါသည်။ ထို့နောက် စာပေအကြောင်းမှ စ၍ ထွေရာလေးပါး အကြောင်းအရာများ ကို ဆွေးနွေးကြရာတွင် သူ၏ အရည်အချင်းကို အကဲခတ်မိ၍ အာဃာတစိတ်များ လုံးဝ လွင့်စဉ် သွားပါလေ တော့သည်။ လူတယောက်၌ အရည်အချင်းပြည့်ဝခြင်းကို တွေ့ရသည့်အခါ သူ၏ အခြားသော ချို့ငဲ့ချက်များကို ခွင့်လွှတ်နိုင်ခြင်းမှာ ကျွန်ပ်၏ ချွတ်ယွင်းချက်ပေလော၊ သို့တည်းမဟုတ် ကောင်းခြင်းတရပ်ပေလော မပြောတတ်ပါ။

အချို့ကမူ လူစွမ်းကောင်း ကြည်ညိုတတ်ခြင်း (Hero Worship) ဟုခေါ်ကြ၍ နူးညံ့သည်ဟု ဆိုကြလေသည်။ မည်သို့ပင်ဖြစ်စေ၊ တရုတ်ပြည်ခရီးတွင် ကျွန်ပ်အကြောင်းကို ဒဂုန်တာရာက သိခြင်းထက် ဒဂုန်တာရာအကြောင်းကို ကျွန်ပ်က သိခြင်းက ပိုသည် ထင်၏။ ဒဂုန်တာရာအပေါ်၌ ယခင်က ထားခဲ့သော အာဃာတစိတ်မှာလည်း လုံးဝ ကွယ်ပျောက်သွားခဲ့ပါလေပြီ။

[၂၀၀၆ ခုနှစ်၊ သြဂုတ်လ၊ စိတ်ကူးချိုချို စာပေတိုက်ထုတ်၊ စဆုံးပေါင်းချုပ် ဒုတ်ယအကြိမ်။ စာမျက်နှာ ၄၄၃။]

No comments: