Friday, October 22, 2010
အဝေးကပေးစာတစောင်
ရေးသူ- ယာတောကသာဗျော
ကိုဟိုဒင်းရေ-
မန္တလေးမြို့ထဲမှာ ရေကြီးလို့တဲ့ဗျာ။ ကျနော်တော့ ကြား-ကြားချင်း အမလေးတ’လိုက်မိတယ်။ ကျနော့်မှာ ခံပြင်းတာလိုလို၊ နာကျည်းတာလိုလို၊ ၀မ်းနည်းတာလိုလိုနဲ့ ရင်ထဲမှာ အစိုင်အခဲကြီး ဖြစ်နေပြီး ခင်ဗျားဆီကို စာရေးဖို့ ကြိုးစားတာ မအောင်မြင်နိုင်ဘူး ဖြစ်နေခဲ့တယ်။ အခုတော့ ရဲရမန်းဆည်ကလည်း ရေကြီးဖို့ ထပ်ခြိမ်းခြောက်နေပြီဆိုလို့ မရေးမဖြစ် ကောက်ရေးလိုက်တော့တာပဲ၊ နအဖလက်ထက်မှာ မြန်မာ့သမိုင်း စံချိန်တင် သဘာဝဘေးအန္တရာယ်တခု ပေါ်လာပြန်ပြီလို့ ဆိုလိုက်ရုံနဲ့တော့ မကျေနပ်နိုင်သေးဘူးဗျာ။
ဒါတွေကို ပြန်တွေးရင်း ကျနော်တို့ ငယ်ငယ်က လူကြီးမိဘတွေပြောတဲ့ မန္တလေးရေကြီးတာ နာရီစင်နားအထိ ရေတွေ ရောက်တယ်ဆိုတာကို ပြန်သတိရမိပါတယ်။ အမေက သူကြားဖူးတဲ့ သူမမွေးခင်က ကိစ္စတခုကို မှတ်လောက်သားလောက်လွန်းလို့ဆိုပြီး ကျနော်တို့ မောင်နှမတွေကို ပြန်ပြောပြတာပေါ့ဗျာ။ ကျနော်တို့ကတော့ နာရီစင်နေရာအထိ ရေရောက်တယ် ဆိုတာကို “ထူးပေသည်- ဆန်းပေသည်”ဆိုတာလို ဘယ်လိုမှ တွေးမရဘူး ဖြစ်နေတာပေါ့ဗျာ။ နားထောင်နေတဲ့ ကျနော့် နှမလေးကတော့ “ဒါဆိုရင် လှေစီးပြီး ဈေးချိုကို ဈေးဝယ်သွားရတာ ပျော်စရာကြီးနေမှာ”လို့ ကလေးတွေး - တွေးပြီး ပြောတော့ အမေက“ဟယ်-တောက်တီး တောက်တဲ့”လို့ ဆိုခဲ့တာ မှတ်မိနေတယ်။ ကျနော်တို့အဖို့တော့မယုံချင်စရာ ပုံပြင်လေဗျာ။ အခုတော့ ဒီပုံပြင်ဟာကြောက်စရာ သူရဲဇာတ်လမ်းတခု ဖြစ်နေပါပကော။
တကယ်ကျတော့ ကိုဟိုဒင်းရေ မင်းတုန်းမင်းက မန္တလေးကို မြို့တည်ဖို့ရွေးခဲ့တာ မဆင်မခြင်၊ မစူးမစမ်းလုပ်ခဲ့တာ မဟုတ်ပါဘူးဗျာ။ မြို့သစ်တည်တာ လိုအပ်၊ မလိုအပ် ဆိုတာကတော့ သီးသန့်ပြဿနာ တခုပေါ့။ အဲဒီမတိုင်မီက ဒီနေရာမှာ ရေကြီးတတ်တယ်၊ ရေကြီးလေ့ရှိတယ်ဆိုရင် ဒီနေရာကိုသူရွေးပါ့မလား။ နောက်ပြီး ရတနာပုံခေတ်၊ အနှစ်သုံးဆယ်လောက်အတွင်းမှာ ရေကြီးတယ်၊ ရေ၀င်တယ်ဆိုတဲ့ မှတ်တမ်းမရှိခဲ့ပါဘူး။ အထက်မှာ ပြောတဲ့ရေကြီးတယ်ဆိုတာက ပါတော်မူပြီး နောက်တနှစ်မှ ဖြစ်တာပါ။ မင်းအပြောင်းအလဲ၊ အင်္ဂလိပ်တွေကလည်း ဒီအန္တရာယ်ကို မသိသေးလို့ဖြစ်မယ် ထင်တာပါပဲ။ ဒိနောက်တော့ မန္တလေး ရေကြီးတယ်လို့ ဘယ်တော့မှ မကြားရတော့ဘူး မဟုတ်လားဗျာ။ အခု နှစ်ပေါင်း ၁၂၀ကျော်တော့မှ ထပ်ကြားရတာပဲ။
ပြောရရင် မန္တလေးမြို့ကြီးရဲ့ တည်နေပုံက- “အရှေ့ဘက်တွင် နန္ဒာကန်ခေါ် မောင်းမကန်၊ အရှေ့တောင်ဘက်တွင် အောင်ပင်လယ်ကန်နှင့် ဇောင်းကလောကန်၊ တောင်ဘက်တွင် တောင်သမန်အင်း နှင့် မြစ်ငယ်မြစ်၊ အနောက်တောင်ဘက်တွင် တက်သေးအင်း၊ အနောက်ဘက်တွင် ဧရာဝတီဖြစ်၊ မြောက်ဘက်တွင် မတ္တရာမြစ်”ဆိုပြီး“ရေယဉ်ပတ်ဝန်း၊ ပျော်ဘွယ်ထွန်းလိမ့်”ဆိုတဲ့ မြေပြန့်ကြီးပါ။ နောက်ပြီး မြို့ထဲမှာလည်း သိင်္ဂဇာချောင်း၊ ရွှေတချောင်း၊ ငွေတချောင်း၊ ရေနီမြောင်းစတဲ့ ချောင်းတွေ မြောင်းတွေဟာ ဥဒဟိုစီးနေသလို ဖြစ်ပါတယ်။ ဒါ့အပြင် မင်းရှင်စောလက်ထက် ကတည်းက ဖောက်လုပ်ခဲ့တဲ့ လယ်ထဲကို ရေပေးတဲ့ မြောင်းတွေကလည်း ပင့်ကူအိမ်လို ယှက်သန်းနေတာမို့ “အို-ဆန်းပါဘိ နတ်နန်း ၀တိန်သာ”လို့ မန်းတောင်လက်ျာ သီချင်းထဲမှာ ဖွဲ့ကျူးထားတာ ဖြစ်ပါတယ်။
နောက် ပြောသင့်တဲ့ အချက်တချက်က ထီးပေါင်းကားခေါ် မန္တလေးဆိုတဲ့နေရာမှာ နဂိုက ကျုံးကြီးမရှိပါဘူး။ မင်းတုန်းမင်းက မြို့တည်တော့မှ ကျုံးကိုတူးတာပါ။ ပြီးမှ ရေသွင်းယူတာပါ။ သူ အဲဒီလို လုပ်လိုက်တဲ့အတွက် မန္တလေးနဲ့ သူ့ပတ်ဝန်းကျင်မှာ ရေလျှံတယ် ရေကြီးတယ်ဆိုတာ မဖြစ်ခဲ့ပါဘူး။ အခုတော့ ကျုံးတောင်မှလျှံတယ်တဲ့လေ၊ ကျနော့်အမေတို့ ခေတ်က လေနဲ့သာဆိုရင် ကြား-ကြားဖူးပေါင်လို့ပြောရမှာပါပဲ။ အခြေအနေဟာဘယ်လောက်ဆိုးတယ်ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။
အမှန်ကတော့ တောင်ပေါ်ဒေသပဲဖြစ်ဖြစ်၊ မြေပြန့်ဒေသပဲဖြစ်ဖြစ် ချောင်းတွေမြောင်းတွေ၊ အင်းတွေအိုင်တွေရဲ့ ရေတည်ရှိမှုနဲ့ ရေစီးဆင်းမှုဆိုတာ သူ့ဟာနဲ့ သူ ဟန်ချက်တခု ရှိတယ်ဗျ။ သဘာဝအရှိကို လူတွေက ပိုကောင်းအောင်သာ လုပ်ရတယ်၊ ပိုဆိုးအောင် လုပ်လို့မဖြစ်ဘူးဗျ။ ဗမာဘုရင်က ကျုံးကိုတူးတယ်၊ ရေသွင်းတယ်၊ ရေသွင်းမြောင်းရေထုတ် မြောင်းတွေ ဖောက်တယ်၊ သွယ်တယ် စတာတွေကို လုပ်ရာမှာ အဲဒီ ဟန်ချက်ကို ခေါင်းထဲထားပြီး လုပ်တာပါ။ ဆည်တခု ဆောက်လိုက်လို့ နဂိုက ရေရနေတဲ့ လယ်တွေ ရေငတ်သွားတာ၊ ရေလွှမ်းသွားတာမျိုး မဖြစ်စေရဘူး။ မင်းတုန်းမင်းတို့ အဲဒီလို လုပ်ခဲ့တာကို ဦးပုည ရတနာနဒီ မော်ကွန်းထဲမှာ “ရွှေပြွန်လွှတ်စွန့်၊ မြရည်သန့်နှင့်၊ မကန့်လျှာဖျား၊ တန့်မနားသည့်”လို့ ရေးထားတာကြည့်ရင် သဘောပေါက်လောက်ပါတယ်။
ဟော၊ နအဖလက်ထက်ကျတော့ တက်သေးအင်းကို ဆယ်တယ်ဆိုတာလုပ်တယ် (ဘေးမှာ ရပ်ကွက်သစ်ဖော်၊ အိမ်တွေဆောက်ပြီး ရောင်းစားရအောင်လို့) ဧရာဝတီထဲကို စီးထွက်ရမယ့်ရေက အရင်လို လွတ်လွတ်လပ်လပ် စီးမထွက် နိုင်တော့ဘူး၊ နောက် ဆည်တော်ကြီးကို လျှပ်စစ်ထုတ်ဖို့ လုပ်တယ် ဆိုတော့လည့်း ဆည်ကရေကိုထိန်းတဲ့အလုပ် မလုပ်တော့ဘူး။ တောက်လျှောက်လွှတ်နေတာ။ ပိုဆိုးတာက မန္တလေးမှာ ချမ်းသာသွားတဲ့ သွားလေသူ ဗိုလ်ထွန်းကြည်က ဆည်တော်ကြီးက ရေထုတ်တဲ့ နေရာ-ရေလွှမ်းဖို့ သတ်မှတ် ထားတဲ့နေရာ(flood basin area) မှာ စက်မှုမြို့သစ်ဆိုပြီး တည်တယ်လေ၊ ရွှေဥဏ်တော်က။ ဘာပြောကောင်းမလဲ `မြို့သစ် ရေ၀င်တယ်ဆိုတာ ထမင်းစားရေသောက်လို ဖြစ်လာတာပဲ။ အလားတူ ပဲ တခြားလည်း အဲဒီလို ကိုယ်ကျိုးအတွက် တည်ဆောက်ရေးတွေ တရားမဲ့ လျှောက်လုပ်တော့ အထက်က ပြောခဲ့တဲ့ ဒေသရဲ့ ရေဟန်ချက်ဟာ ပျက်ကရော။ ရေတွေက စီးမထွက်နိုင်တော့ဘူး။ ဒီလိုနဲ့ မိုးများတယ်ဆိုတာနဲ့ ရေတွေလျှံတာလျှံ၊ ဆည်တွေကျိုးတာကျိုး ဖြစ်ကုန်တော့တာပဲ။ ဒီခေတ်မှာ ဖြစ်ပေါ်နေတဲ့ များပြားလှတဲ့ ထိန်းမနိုင်သိမ်းမရ တွေထဲက နောက်ဆုံးပေါ်တခုလို့ဆိုရင်ရမယ်ထင်တယ်။
ဒါပေမဲ့ တိုင်းပြည်မှာ၊ မန္တလေးလို ကမ္ဘာကျော်မြို့တမြို့မှာ ဒီလိုလူကြားမကောင်း သူကြားမကောင်း၊ ရှက်စရာ ကိစ္စကြီးဖြစ်လို့လည်း နအဖခေါင်းဆောင်တွေဟာ ရှက်ဖို့နေနေသာသာ လှည့်တောင်မကြည့်ဘူး။ ဒီအခါမှာ သူတို့အဖို့ ရွေးကောက်ပွဲကလွဲရင် ဘယ်ဟာမှအရေးမကြီ်းဘူးဖြစ်နေတယ်။ ဒါ့အပြင် ဒီသဘာဝ ဘေးအန္တရာယ်ကို ရေရှည်မှာကာ ကွယ်နိုင်ဖို့ ဘယ်လိုပြုပြင်မယ်၊ နောင်မဖြစ်အောင် ဘယ်လိုလုပ်မယ် ဆိုတာလည်း ဘာတခွန်းမှမပြောဘူး။ စစ်ဗိုလ်တွေဟာ ပြည်သူတွေရဲ့ ဒုက္ခတွေကို ဖုတ်လေတဲ့ ငပိရှိတယ်လို့တောင် ထင်တာမဟုတ်ဘူး။ နိုင်ငံ့အပေါ်တောင် သံယောဇဉ် မရှိတဲ့ လူတွေဟာ မန္တလေးဆိုတဲ့ မြို့တမြို့ထဲအပေါ်ု ဘယ်ကလာ သံယောဇဉ် ရှိလိမ့်မလဲလို့ ပြောရင်တော့ရတာပေါ့။
နာဂစ်မုန်တိုင်းလောက် မဆိုးသေးပါဘူးဆိုပြီးပဲ ဖြေသိမ့်ရတော့မှာလားဗျာ။
ဘယာဘေး ကွာဝေးကြပါစေ။
ယာတောကသာဗြော
Subscribe to:
Post Comments (Atom)
1 comment:
လာဖတ်သွားတယ်။
Post a Comment