Tuesday, September 15, 2009

မပို့လိုက်ရအသုဘ (၂)
ရေးသူ-မောင်အေးဝင်း

မျိုးသန်း သို့မဟုတ် ဂျပ်ကြီး (၁၉၅၉-၂၀၀၄)
ရှေ့ နေကြီးဆုံးပြီလို့ ရဲဘော်တယောက် ဖုံးဆက်တယ်။ ရုတ်တရက် ရင်ထဲဆို့သွားတယ်။ ၁၂ နှစ် ကျော် ထောင်ထဲနေခဲ့ရပြီး ထွက်လာတာမှ ဘာကြာသေးလို့လဲ၊ ခြေထောက်တဖက် ဖြတ်ပစ်ရတယ်။ ခုတော့ လောကကြီးက စွန့်ခွါသွားပြီလား။
သူ့ကို ကျနော်ပေးတဲ့ ချစ်စနိုးနာမည်က ရှေ့ နေကြီး။ သူ ဆယ်တန်းအောင်တော့ အင်းစိန်လျှပ်စစ် ဓါတ်အားပေးရုံးမှာ စာရေးဝင်လုပ်ပြီး တက္ကသိုလ်မှာ စာပေးစာယူ ရူပဗေဒဘာသာ အဓိကနဲ့ သိပ္ပံဘွဲ့ယူ တယ်။ သူရခဲ့တဲ့ ဘွဲ့တွေ ဒီပလိုမာတွေထဲက တခုကို အထူးပြုပြီး ရှေ့ နေကြီးလို့ ခေါ်နေတာ။ သူ ထောင်ကျတော့ ကချင်ပြည်နယ်မှာ တရားသူကြီးဖြစ်နေပြီ။ ထောင်ကျဖော်တွေက သူ့ရာထူးကို ဂုဏ်ပြု ပြီး ဂျပ်ကြီး (Judge) ကြီးလို့ ခေါ်ကြတာနဲ့ မူလနာမည် ပျောက်သလိုဖြစ်သွားတယ်။ အဲဒီ ထောင်ကျ အသုတ်မှာကလဲ ရှေ့ နေတွေ များလိုက်တာ(ဦးထွန်းတင်၊ မုံရွာဦးတင်ရွှေ၊ ဦးကိုယု......)

သူမလွတ် သေးခင် အရင်လွတ်လာသူတွေကို ကိုယ်က သူ့အကြောင်း မေးတဲ့အခါ ရှေ့နေကြီးလို့ မေးမိရင် ဪ......ဂျပ်ကြီးလားလို့ ပြန်အမေးခံရတယ်။
၇၀ ခုနှစ်လွန် ကျောင်းသားအရေးအခင်းတွေမှာ ထောင်ကျတဲ့ ကျောင်းသားတွေ စီးပွါးရေးနဲ့စက်မှု နောက်ဆုံးနှစ်တွေကလွဲလို့ မူလတက္ကသိုလ်မှာ ဘယ်သူမှ ပြန်တက်ခွင့် မရကြဘူး။ ၀ိဇ္ဇာသိပ္ပံဘွဲ့ စာပေးစာယူ သင်တန်းပဲ ပေးတက်တယ်။ တချို့ ကျောင်းသားတွေ စာပေးစာယူဘွဲ့ယူပြီး မှတ်ပုံတင် ရှေ့နေ (RL-Registered Law) ကို ၀င်ဖြေကြတယ်။ ထူးချွန်စွာ အောင်တဲ့လူတွေ များတယ်။ ကိုသိန်းမြင့်ဦး(ဖိုးစိုး-ပဲခူးရိုးမပြန်)ဆိုတဲ့ ရဲဘော်တယောက် ပြောတာ မှတ်မိတယ်။
" ကိုယ့်လူတွေထဲကလေ...အင်မတန် သောက်သုံးမကျတဲ့ကောင်ကို မြစ်ထဲကန်ချလိုက် သွားတင် တဲ့ကမ်းမှာ အနည်းဆုံး သူကြီးတော့ဖြစ်တယ်......"
ကိုယ့်လူတွေဟာ ရောက်ရာအရပ်မှာ သူများအောက် ဘယ်တော့မှ မကျဘူးလို့ သူဆိုချင်တာ။ ဆရာဒဂုန်တာရာက 'သခင်သန်းထွန်း-အနီကိုလေ့လာချက်' တာရာမဂ္ဂဇင်း၊ ၁၉၄၈၊ ဇွန်လမှာရေးတဲ့ ဆောင်းပါးထဲမှာ-
".....ကွန်မြူနစ်ဝါဒကို ယုံကြည်ကိုးကွယ်နိုင်ရန် လူ့အတ္ထုပ္ပတိ ရာဇ၀င်၊ လူ့အတွေးအခေါ်အဘိဓမ္မာ၊ လူ့နေမှုထိုင်မှု နိုင်ငံရေးဘောဂဗေဒ စသည်တို့ကို ကမ္ဘာဦးရာဇ၀င်ပေါ်စမှ ယနေ့ အဏုမြူခေတ်အထိ အဖြစ်အပျက်များကို သိရှိနားလည်ရပေမည်။..." လို့ ဆိုထားတာပဲ။
မျိုးသန်းဟာ နိုင်ငံခြားဘာသာသင်တက္ကသိုလ်မှာ တရုတ်ဘာသာတက်တော့လည်း အတန်းထဲမှာ ထူးချွန်သူတယောက်။ သူ့ဆရာ ဦးကြည်ဝင်းရဲ့ လက်စွဲ။ မောင်သာနိုးအင်္ဂလိပ်စာသင်တန်း (Advanced Class) မှာလဲ သူထိပ်ဆုံးကပဲ။ အဖေကရှမ်းအမျိုးသား၊ အမေက ကချင်တိုင်းရင်းသူ။
ဆရာကေတီဦးကျော်တင့်ရဲ့ အင်္ဂလိပ်စာသင်တန်းမှာ သူနဲ့ကျနော် ရင်းနှီးတာ။ ဆရာဦးကျော်တင့် ကွယ်လွန်တော့ ကျနော်တို့ မောင်သာနိုးဆီ အတူတူ ပြောင်းတက်ကြတယ်။ ကေတီကြီးရဲ့ လက်သုံး စကားနဲ့ပြောရရင်.... "Birds of a same feather flock together"....
မျိုးသန်းဟာ သူမှန်တယ်ထင်ရင် လုံးဝအလျှော့မပေးတတ်ဘူး။ ဆယ်တန်းအောင်ပြီးစ ကတည်းက သူမက်လာခဲ့တဲ့ အိပ်မက်ရှည်ကြီးကို သူဆက်မမက်ချင်တော့ဘူး။ ကိုယ်တိုင် လက်တွေ့ကျကျပဲ ဖြတ်သန်းချင်လာတယ်။ စောင့်ပါဦးလို့ ကျနော်တို့ အတန်တန် တားတဲ့ကြားက ပန်ဆန်းလွတ်မြောက် ဒေသကို သူထွက်သွားတယ်။ သူစီးသွားတဲ့ကား လားရှိုးနားမှာ မှောက်တယ်။ ဆေးရုံရောက်တဲ့ ခရီးသည်တွေအထဲ သူလဲပါတယ်။ ဆေးရုံမှာ ဒါဏ်ရာတွေ ချုပ်ပြုဆေးထည့်ပြီးတာနဲ့ သူ့ခရီး သူဆက် တယ်။ ဆရာဝန်တွေ ဆရာမတွေက ဆေးရုံမှာနေပါဦးတားတာ မရဘူး။ သွေးစွန်းအင်္ကျီတွေနဲ့ ခရီးဆုံးကို သူရောက်သွားတယ်။
ပန်ဆန်းမရောက်ခင် လွတ်မြောက်ဒေသရဲ့ ရွာကြီးတရွာကိုရောက်တော့ ဈေးတန်းက ရှမ်းအရက် ဆိုင်ကလေးမှာ သူတယောက်ထဲ အောင်ပွဲခံအထိမ်းအမှတ် ၀င်ချခဲ့ကြောင်း ပြန်လာတော့ ကျနော့ကို ပြောပြတယ်။ ဒါပေမယ့် သူ့ကို တာဝန်ပေးဖို့ ရာထားတာ ယူဂျီတာဝန်ပဲဖြစ်လို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ဖျောင့်ဖျ နားချ ပြီး ပြန်လွှတ်လိုက်တယ်။
ကျနော့ဆီ သူပြန်ရောက်လာတော့ ဒဏ်ရာက မကျက်သေးဘူး။ တဖက်ကျိုးနေတဲ့ မျက်မှန်ဂိုင်းကို ၀ါးခြမ်းပြားနဲ့ ကပ်ချီထားတယ်။ ပြန်လွှတ်လိုက်လို့ ဟိုလူတွေကို သူကောင်းကောင်း အမြင်မကြည်ခဲ့ ဘူး။ တ၀က်တပျက်လဲ စိတ်လျော့သွားတယ်။
တရားရေးဝန်ထမ်းပဲ လုပ်မယ်ဆိုပြီး သူဆုံးဖြတ်တယ်။ သူဖောင်ကြီးဆင်းခါနီးမှာ ဟိုကတာဝန်ရှိသူ ရောက်လာတယ်။ သူက အလုပ်ရရင်တောင် နီးနီးနားနားဆိုပြီး ကချင်ပြည်နယ်ကို ရွေးပြီးသွားပြီ။ သင်တန်းက ထွက်ခွင့်ရတဲ့နေ့ဆို တိုးကြည်ဆွေ(ယခု-ဂျပန်)နဲ့သူ ကျနော့စာအုပ်ဆိုင်ကို ၀င်လာတတ် တယ်။ ညနေ ဖောင်ကြီးပြန်ချိန်မှာ အနံ့တသင်းသင်း ကွမ်းတမြုံ့မြုံ့နဲ့ ကားပေါ်ပါသွားကြတယ်။
ကျနော်တို့ ရာဇာကြီးလို့နာမည်ပေးထားတဲ့ ကိုအောင်ခင်နဲ့သူ ကျနော်စာအုပ်ဆိုင်မှာ စကားလုံး တလုံးကို ငြင်းကြတယ်။ ဗမာပြည်မှာက လမ်းဘေးလူသွားစင်္ကြန်ပဲဖြစ်ဖြစ်၊ မီးရထားဘူတာက စင်္ကြန်ပဲ ဖြစ်ဖြစ် ပလက်ဖောင်းလို့ပဲ အများသုံးကြတယ်။ ကျနော်တို့ကို မောင်သာနိုးသင်ထားတာက ကားလမ်း ဘေးက စင်္ကြန်ကို ပလက်ဖောင်းခေါ်တာ မှားတယ်။ ဘူတာရုံက စက်ြန်ကိုမှ ပလက်ဖောင်း (Platform) ခေါ်တာ။ ကားလမ်းဘေးကဟာကို pavement လို့ခေါ်ခေါ် side walkလို့ခေါ်ခေါ် ကြိုက်သလိုခေါ်။ ပလက်ဖောင်းခေါ်တာတော့ မမှန်ဘူးတဲ့။ ဆရာ့တပည့်ကလဲ ဆရာ့အတိုင်း ခေါင်းကခပ်မာမာ။ တပြားမှ မလျှော့ဘူး။ နောက်ဆုံး ငြင်းလို့မောသွားတော့မှ မင်းလဲမင်းကြိုက်သလိုခေါ် ငါလဲငါကြိုက်သလိုခေါ်နဲ့ နှစ်ဦးသဘောတူ သရေပွဲ ဖြစ်သွားတယ်။
သူက ဂီတာလဲ အတီးကောင်းတယ်။ ကိုအောင်ခင့်အိမ်မှာ ကျနော်တို့ ဆုံကြရင် သူက ကိုအောင် ခင့်သား နေလ(ခ)မြင့်အောင်(ဂုရု) (ယခု-ထိုင်းနယ်စပ် အေဘီအက်စ်ဒီအက်ဖ် ABSDF) ဂီတာကိုယူ တီးတယ်။ တနေ့တော့ သူနဲ့ကျနော် စိုင်းထီးဆိုင်ရဲ့ သိတ်ချစ်ရတဲ့ နွဲ့တင် သီချင်းကို ဆယ်ခေါက်လောက် မနားတမ်း ဆိုတီးကြတာ ကိုအောင်ခင့်ဇနီး ဒေါ်အေး နားကြားပြင်းကပ်လို့ ထငေါက်မှပဲ ရပ်ကြတယ်။
ဆယ်နှစ်ကျော် ဆယ့်နှစ်နှစ်လောက် ထောင်ထဲမှာ သူနေရပြီး လွတ်လာတော့ လပိုင်းလောက်ပဲ ရှိမယ်၊ သွေးကြောပိတ်ရောဂါကြောင့် ခြေထောက်တဖက် ဖြတ်ရတယ်။ ကလောင်နာမည် သုံးလေးမျိုးနဲ့ စပယ်ဖြူ၊ အတွေးအမြင် စတဲ့မဂ္ဂဇင်းတွေ စာပေဆောင်းပါး၊ အတွေးအခေါ်ဆောင်းပါး၊ ဘာသာပြန် ဆောင်းပါးတွေ ရေးတယ်။ အင်္ဂလိပ်စာ ကျူရှင်ပြတယ်။
၂၀၀၄ ဇူလိုင် ၇ ရက်မှာ သူကွယ်လွန်ကြောင်း ကြားလိုက်ရတယ်။ ဒီလိုပဲ ရဲဘော်တွေ တယောက် ပြီး တယောက် ဆုံးတာကိုကြည့်ပြီး ရဲဘော်တယောက် ရေးဘူးတယ်။
"ကိုယ်တို့ကတော့..... ဘ၀တွေ ရင်းလိုက်ကြတာ...ဘာမှရင်းစား ပြန်မရကြသေးဘူး၊ သက်တမ်းက ကုန်တော့မယ်....."
သူကွယ်လွန်တော့ အတူထောင်ကျခဲ့သူတွေထဲက လွတ်လာတဲ့ ရဲဘော်တွေအားလုံးလိုလို သူ့အသုဘမှာ ပြန်ဆုံကြတယ်။ ကိုယ်ကတော့ ပို့ချင်လို့ ရောက်ချင်ပေမယ့် ရဲဘော်မျိုးသန်းကို နောက်ဆုံးအဖြစ် ပြန်မြင်ခွင့်မကြုံလိုက်ရဘူး။ ဒါပေမယ့် ဥက္ကဌမော်ရဲ့ စာနဲ့ ရဲဘော်မျိုးသန်းကို ဂုဏ်ပြုလိုက်ပါတယ်။
ရဲဘော်မျိုးသန်း သင်ဟာ ထိုက်ရှန်းတောင်ကြီးလို လေးပါတယ်။ ငှက်မွေးလို မပေါ့ပါဘူး။

No comments: