Thursday, September 3, 2009

လကိုဖမ်းဖို့ ပိုက်ကွန်ရက်ရအောင်
ရေးသူ- ဂျူး

အချစ်ရဲ့အရသာ
အမေရိကန် ကဗျာဆရာ Shel Silverstein ရဲ့ ကဗျာတပုဒ်ကို ဖတ်ဖူးတယ်။
ကဗျာအမည်က Moon-catchin' Net တဲ့။ 'လကိုဖမ်းမယ့်ပိုက်ကွန်' လို့ အဓိပ္ပါယ် ပြန်ဆိုနိုင်ပါလိမ့်မယ်။

လကိုဖမ်းဖို့ပိုက်ကွန်တခု ငါရက်ခဲ့တယ်။
ကဲ... ဒီနေ့ည ငါအမဲလိုက်ဖို့ သွားတော့မယ်။
ပိုက်ကွန်ကို ငါ့ခေါင်းထက်မှာ ဖြန့်ကျက်လွှဲရင်း ပြေးသွားမယ်။
ပြီးတော့ အဲဒီ အလင်းလုံးကြီးကို အမိအရ ဖမ်းတော့မယ်။
ဒီတော့ မနက်ဖြန်ကျရင် ကောင်းကင်ကို တချက်ကြည့်လိုက်
အဲဒီမှာ လ,ကို မင်းမတွေ့ရဘူးဆိုရင်... အသေအချာပဲ
ငါရှာနေခဲ့တဲ့ အရာကို ငါတွေ့ခဲ့ပြီပေါ့
နောက်ဆုံးမတော့ ငါ့ပိုက်ကွန်ထဲမှာ လကို ဖမ်းမိသွားခဲ့ပြီပေါ့။
ဒါပေမယ့် တကယ်လို့များ ကောင်းကင်မှာ လသာနေဆဲပဲ ဆိုရင်တော့
အဲဒီအောက်နားကို မင်းကြည့်လိုက်
ကောင်းကင်ထဲမှာ ငါ့ကို သဲသဲကွဲကွဲ မြင်ရမယ်
ကြယ်တစင်းမိထားတဲ့ ငါ့ပိုက်ကွန်ကို လွှဲရမ်းလိုက်လို့လေ။




လကို ဖမ်းတဲ့သူတိုင်းဟာ လကို မမိကြပါဘူး။ လကိုဖမ်းပြီး ကြယ်ကိုမိတဲ့ အဖြစ်တွေ အများကြီးရှိမှာပါ။ ကြယ်ကလေးဟာလည်း သူ့ကိုမိခဲ့သူအဖို့ အလွန် ကြည်နူးချမ်းမြေ့ရတဲ့ အရသာကို ပေးနိုင်မှာ အသေအချာပါပဲ။ ဒါပေမယ့် စိတ်ကို အညှို့ယူနိုင်ဆုံးအချိန်၊ ဆွဲဆောင်နိုင်ဆုံးအချိန်၊ မိန်းမူးစေနိုင်ဆုံးအချိန်က လကို မိရတဲ့အချိန်လည်း မဟုတ်နိုင်၊ ကြယ်ကို မိရတဲ့ အချိန်လည်း မဟုတ်နိုင်။ လကို ဖမ်းဖို့ ပိုက်ကွန်ရက်နေတဲ့ အချိန်ပဲ ဖြစ်နိုင်ပါတယ်။
အဲဒီလိုပဲ.... လကိုဖမ်းဖို့ ပြင်ဆင်ကြံစည်နေတဲ့ အချိန်မှာ အရေးအကြီးဆုံး အချက်ဟာ ပိုက်ကွန်ခိုင်ခံ့ဖို့ လည်း မဟုတ်နိုင်၊ လနဲ့ ကိုယ်ရဲ့ အဝေးအနီး ချိန်ဆဖို့လည်း မဟုတ်နိုင်၊ လကို ချစ်မြတ်နိုးစိတ်နဲ့ ကြည်နူး မိန်းမောစိတ်ပဲ ဖြစ်နိုင်ပါတယ်။
တစုံတယောက်ကို ချစ်မြတ်နိုးတဲ့ အရသာဟာ လောကကြီးမှာ ကြည်နူးမိန်းမောစရာ အကောင်းဆုံးပါပဲ။ တစုံတယောက်ကို ချစ်မြတ်နိုးစိတ်နဲ့ လောကကြီးကို ကြည့်မိတဲ့အခါ ကမ္ဘာလောကကြီးတခုလုံးမှာ ပွင့်ကြကုန် သမျှ ပန်းပွင့်တွေဟာ လှပကုန်ကြပါတယ်။ ပင်လယ်ပြင်လည်းလှ...၊ တောင်တန်းတွေလည်းလှ၊ တိမ်တွေ လည်းလှ၊ ဘောလုံးကစားနေတဲ့ ကလေးတွေလည်းလှ၊ လမ်းဖြတ်ကူးနေတဲ့ လူတွေလည်းလှ၊ အားလုံးပဲ လှပနေကြ သိမ်မွေ့နူးညံ့နေကြတယ်။ အလှဆုံးအရာဆိုတာတော့ လောကမှာ ရှိကြတာပဲလေ။ အလှဆုံးအရာ ကတော့ ကိုယ့်ချစ်သူနဲ့ ထိလိုက်တဲ့ အရာတွေပဲ ဖြစ်လိမ့်မယ်။
ကိုယ့်ချစ်သူ... ဆိုတဲ့ စကားဟာ အပြန်အလှန် ချစ်ကြရတဲ့ချစ်သူ၊ ကိုယ်ကလည်းချစ်ပြီး ကိုယ့်ကိုလည်း ပြန်ချစ်တဲ့သူ... အဲဒီချစ်သူမျိုး ဖြစ်ဖို့ မလိုပါဘူး။ ကိုယ်က ချစ်မြတ်နိုးရတဲ့ ချစ်သူသာ ဖြစ်စမ်းပါစေ၊ အဲဒီ ကိုယ့်ချစ်သူ ထိတွေ့လိုက်သမျှ အရာတိုင်းဟာ လှပတဲ့ အရာလည်းဖြစ်၊ စွမ်းအင်ပေးနိုင်တဲ့ အရာလည်း ဖြစ်သွားပါလိမ့်မယ်။
ဆိုကြပါစို့။ ချစ်သူနဲ့ အတူလမ်းလျှောက်သွားဖို့ ကြုံလာခဲ့ရင် ချစ်သူခြေဖ၀ါးချသွားတဲ့ ခြေရာနေရာလေး တွေဟာ မြေပြင်ပေါ်မှာ တခဏ သီးသန့်ဖြစ်တည်နေတာ မြင်ရမယ်။ (ပိုပြီး သိသာတာက သဲသောင်စိုစိုပေါ်က ခြေရာမျိုးပေါ့) အဲဒီ သီးသန့်မြေပြင် သို့မဟုတ် သဲပြင်အပိုင်းအစလေးဟာ ကိုယ်တယောက်တည်းနဲ့သာ ရင်းနှီတဲ့ အပိုင်းအစကလေး ဖြစ်နေတယ်။ ဘယ်လောက် ကိုယ်နဲ့ ရင်းနှီးနေသလဲ သိချင်ရင် အဲဒီ ခြေရာကလေးထဲမှာ ထပ်တူထပ်မျှ ခြေချကြည့်လိုက်ရုံပါပဲ။ ချစ်သူရဲ့ ကိုယ်ငွေ့ တနည်းပြောရရင် ရှင်သန်ခြင်းခွန်အားဟာ ကိုယ့်ဆီကို ချက်ချင်း စီးဝင်ပေါင်းစပ်သွားတာ ခံစားလိုက်ရပါလိမ့်မယ်။ အဲဒါဟာ အချစ်ရဲ့ အရသာတမျိုးပါပဲ။ အချစ်ဟာ ဘယ်လောက်တောင် ဖမ်းစားညှို့ယူနိုင်စွမ်း ရှိသလဲဆိုရင် ချစ်သူနဲ့ကိုယ် တိုက်ရိုက်ထိတွေ့မှုမရှိဘဲ ချစ်သူထိ လိုက်တဲ့ အရာဝတ္ထုကတဆင့် ထိမိတာတောင် အချစ်ရဲ့အရသာက ကိုယ့်ဆီကို စီးဝင်ပေါင်းစပ်စေနိုင်ပါတယ်။
ချစ်သူကပေးတဲ့ စာအုပ်တအုပ်ဟာ ဘယ်လောက်များ တန်ဖိုးကြီးလိုက်မလဲ၊ ကံကောင်းထောက်မစွာ စာမျက်နှာတခုမှာ ချစ်သူရဲ့ လက်ရေးနဲ့လက်မှတ်လေးတခုကိုလည်း ရလိုက်ဦးမယ်ဆိုရင် ဒီစာအုပ်ကလေးရဲ့ တန်ဖိုးဟာ အဖိုးမဖြတ်နိုင်အောင် ကြီးမားပါလိမ့်မယ်။ အဲဒီစာအုပ်ကလေးကို ဖွင့်ဖတ်တိုင်း၊ သူ့လက်ရေး ကလေးကို လက်နဲ့ထိမိတိုင်း အချစ်ရဲ့ ခွန်အားဟာ ကိုယ့်ဆီကို စီးဝင်ပေါင်းစပ်နေပါလိမ့်မယ်။ အဲဒီခွန်အားကို ကြည်နူးမိန်းမူးစွာ ခံစားကြည့်တဲ့အခါ အချစ်ရဲ့ အရသာပါပဲ။

အချစ်ဆိုတဲ့အရာ
အချစ်ဆိုတာ ဘာလဲ..... လို့ လူတိုင်းတွေးကြည့်ခဲ့ဖူးပါလိမ့်မယ်။
လူမှုစိတ်ပညာဆရာကြီး Erich Fromm ကတော့ 'အချစ်ဆိုသည်မှာ ပြင်းပြသောခံစားချက်တခုမဟုတ်၊ အချစ်ဆိုသည်မှာ အနုပညာတခုဖြစ်သည်' လို့ သူရေးခဲ့တဲ့ ဒဿနစာအုပ် 'ချစ်ခြင်းအနုပညာ' (The Art of Loving) မှာ ရေးခဲ့ဖူးပါတယ်။ အချစ်ဆိုတာ သိပ္ပံအတတ်မျိုး မဟုတ်တဲ့အတွက် သီအိုရီနဲ့ ကျက်မှတ် လေ့လာလို့လည်း မရပါဘူးတဲ့။
သေချာတာတခုက အချစ်ဆိုတာ ဘာလဲ..... လို့ သိပြီးမှ အချစ်ကို ကြုံကြတာ မဟုတ်ပါဘူး။ အချစ်ကို ကြုံခဲ့ရပြီးမှ အချစ်ဆိုတာဘာလဲ...... လို့ သိလာကြရတာပါ။
အချစ်ဆိုတာ ဘာလဲ...... လို့ တယောက်ယောက်က မေးလာရင် ဖြစ်နိုင်ခြေက အဲဒီတယောက်ဟာ အချစ်ကို ကြုံခဲ့ရပြီးပါပြီ။ သူကြုံခဲ့တဲ့ အရာဟာ အချစ်မှ ဟုတ်ရဲ့လားလို့ သေချာချင်လို့သော်လည်းကောင်း၊ အချစ်မဖြစ်ပါစေနဲ့လို့ ဆန္ဒရှိလို့သော်လည်းကောင်း၊ အတည်ပြုချက်လိုချင်လို့ မေးလိုက်တဲ့ မေးခွန်းပဲ ဖြစ်တတ် ပါတယ်။ ဖြစ်ချင်တော့ အချစ်ဆိုတာ ဟောဒါပါပဲလို့ ဘယ်သူကမှ လက်ဆုပ်လက်ကိုင် ပြလို့မရပါဘူး။ တကယ့်အချစ်ဟာ နူးညံ့နက်နဲ သိမ်မွေ့လွန်းလို့ အာရုံငါးပါးနဲ့ ခံစားပြီး မသိနိုင်ပါဘူး။ အာရုံငါးပါးနဲ့ ဖော်ပြလို့ မရနိုင်တဲ့ အရသာ ဖြစ်ပါတယ်။ ဒီတော့ လူတယောက်ဟာ လူတယောက်ကို 'ဒီအတိုင်းဆို မင်းတော့ အချစ်ကို တကယ်သိနေပြီ' လို့ ဆုံးဖြတ်ပေးလို့ မရပါဘူး။ အချစ်ကို ကြုံရတဲ့ ကာယကံရှင်ကိုယ်တိုင်သာ ဆုံးဖြတ်လို့ ရပါတယ်။
Tina Arena သီဆိုတဲ့ အချစ်သီချင်းကလေး တပုဒ်လိုပေါ့။
"I want to know what love is. I want you to show me.
အချစ်ဆိုတာ ဘာလဲလို့ သိချင်လိုက်တာ။ ကိုယ့်ကို မင်းကပဲ ပြပေးစေချင်လှပါတယ်" တဲ့။
မင်းက ဘာကြောင့် ပြပေးရမှာလဲ၊ မင်းပြမှ ကိုယ်သိရမှာမို့ပါ။ ဘာကြောင့် မင်းပြမှ ကိုယ်သိရမှာလဲ၊ ရှင်းပါတယ်ကွယ်၊ ကိုယ်ချစ်နေတာ မင်းပဲ ဖြစ်နေလို့ပေါ့။ တခြားသူက ဘယ်လို့လုပ်ပြီး ပြပေးနိုင်မလဲ။ တခြားသူ ပြတော့ရော ကိုယ်က မြင်နိုင်မတဲ့လား။ တကယ်တော့ ကိုယ့်ကို 'သူကသာ ပြနိုင်တာ' မဟုတ်ဘူး။ ကိုယ်မြင်တာက 'သူ့ဆီက အရာသာလျှင်' ဖြစ်နေလို့ပါ။
တကယ်တော့ အချစ်ဆိုတာ အကောင်အထည်မရှိတဲ့ စိတ်ကူးသက်သက်အရာ (Abstract thing) ပဲ ဖြစ်ပါတယ်။ အာရုံငါးပါးနဲ့ တိုက်ရိုက်ခံစားသိလို့ မရနိုင်ပေမယ့် အချစ်ဟာ အဲဒီအာရုံငါးပါးထဲကို အသွင်သဏ္ဍန် အမျိုးမျိုးနဲ့ ၀င်ရောက်ဖွဲ့စည်းနိုင်တာမို့ အချစ်ကို မြင်ရ၊ ကြားရ၊ မွှေးရ၊ ထိတွေ့ရတာပါ။ လေကို မမြင်နိုင် မကြားနိုင်ပေမယ့် အပူ အအေးစတဲ့ အရာတွေရဲ့ ဖန်တီးမှုကြောင့် လေရွေ့လျားတဲ့အခါ သစ်ရွက်ကတဆင့် လေကို မြင်ရတယ်။ အဲဒီ သဘောမျိုးနဲ့ ဆင်တူနိုင်ပါတယ်။
ဒီလိုနည်းနဲ့ ပန်းပွင့်လေးတပွင့်ဟာ အချစ်ဖြစ်ရတယ်။ မျက်လုံးလေးတစုံဟာ အချစ်ဖြစ်ရတယ်။ အပြုံးလေးတချက်ဟာ အချစ်ဖြစ်ရတယ်။ ချော့ကလက်ကလေးတဖဲ့ဟာ အချစ်ဖြစ်ရတယ်။ ပိုးထည်လေးတစဟာ အချစ်ဖြစ်ရတယ်။ အအေးဖန်ခွက်ရဲ့ အပြင်ဘက်နံရံမှာ သီးနေတဲ့ ရေစက်ရေငွေ့လေးတွေဟာ အချစ်ဖြစ်ရတယ်။ အေးအေးအိုအို.... လို့ စကားမပါဘဲ ညည်းညူလိုက်တဲ့ အမေ့ရဲ့ သီချင်းသံလေးဟာ အချစ်ဖြစ်ရပါတယ်။
အချစ်ကို ဘယ်လို သိနိုင်သလဲ။
ဒီမေးခွန်းရဲ့ အဖြေဟာ မေးသူထံမှာပဲ ရှိပါတယ်။
အချစ်ကို သိချင်ရင် အချစ်ကိုကြုံတွေ့တဲ့အခါ စိတ်ပါလက်ပါ ခြေစုံပစ်ဝင်လိုက်ရုံပါပဲ။ (ဒီသဘောနဲ့ အင်္ဂလိပ်၊ အမေရိကန်စကားမှာ falling in love လို့ သုံးလိုက်ကြတာ ဖြစ်ပါလိမ့်မယ်) ဒါမှ အချစ်ကို ထဲထဲဝင်ဝင် သိနိုင်မှာပေါ့။
တခါတုန်းကပေါ့။ Turner ဆိုတဲ့ ပန်းချီပညာရှင်တဦးဟာ ချားလ်စ်ကင်စ်လေ (Charles Kinsley) ကို သူ့ပန်းချီဆွဲခန်း (studio) ဆီ ဖိတ်ခေါ်ခဲ့တယ်။ ချားလ်စ်ကင်စ်လေ သွားကြည့်တဲ့အခါ စတူဒီယိုထဲမှာ ပင်လယ် မုန်တိုင်းကို ရေးဆွဲထားတဲ့ ပန်းချီကားတချပ်ကို တွေ့သတဲ့။ ကင်စ်လေဟာ အဲဒီ ပန်းချီကားကို ကြည့်ပြီး မုန်တိုင်းဟာ သရုပ်ပါလွန်းလို့ မှင်တက်မိသွားရတယ်..... တဲ့။ သူက မေးလိုက်တယ် 'တာနာ... ဒါကို ခင်ဗျား ဘယ်လိုလုပ် ဆွဲနိုင်ခဲ့တာလဲ'
ပန်းချီဆရာက ပြန်ဖြေပါတယ်။
'ကျွန်တော် ပင်လယ်ထဲက မုန်တိုင်းတခုကို ပန်းချီဆွဲချင်နေတာ ကြာပါပြီ။ ဒါနဲ့ပဲ ကျွန်တော် ဟောလန်ကမ်းခြေကို သွားခဲ့တယ်။ ငါးဖမ်းသမားတယောက်နဲ့ တွေ့ပြီးတော့ နောက်တခါ မုန်တိုင်းကျတဲ့အချိန်မှာ သူ့ ငါးဖမ်းလှေနဲ့ လိုက်ခဲ့ပါရစေလို့ ပြောလိုက်တယ်။ မုန်တိုင်းလည်းကျမယ်ဆိုရော ကျွန်တော် သူ့ ငါးဖမ်းလှေထဲ ရောက်သွားတော့တာပေါ့။ ကျွန်တော်ကို ရွက်တိုင်မှာ ကြိုးနဲ့ ခိုင်ခိုင်ချည်ထားပါလို့ ပြောရတယ်။ သူက ကျွန်တော့်ကို ရွက်တိုင်မှာ ချည်နှောင်ပေးပြီးတော့ လှေကို မုန်တိုင်းအလယ်ဗဟိုကို ရောက်အောင် လှော်ပို့ပေး လိုက်တာပဲ။ မုန်တိုင်းဟာ ပြင်းထန်လိုက်တာဗျာ။ ကျွန်တော့်မှာ လှေဝမ်းထဲမှာ လှဲအိပ်ချ ပစ်ချင်လောက်အောင် ပါပဲ။ ဒါမှ ရေလှိုင်းနဲ့ မုန်တိုင်းဟာ ကျွန်တော့်အပေါ်ကနေ ကျော်သွားကြမှာလေ။ ဒါပေမယ့် ဘယ်ဖြစ်မလဲ။ ကျွန်တော့်ခန္ဓာက ရွက်တိုင်မှာ ချည်ထားတာပဲ။ တချိန်လုံး ကျွန်တော်ဟာ မုန်တိုင်းကို မြင်ရ ခံစားရရုံတင်မကဘူး။ ကျွန်တော့် ကိုယ်ထဲကိုပါ မုန်တိုင်းက ၀င်သွားခဲ့တာ။ နောက်ဆုံး ကျွန်တော်ကိုယ်တိုင် မုန်တိုင်းရဲ့ အစိတ်အပိုင်း တခု ဖြစ်လာတဲ့အထိပါပဲ။
အဲ.... အဲဒီနောက်တော့ ကျွန်တော် ပြန်လာခဲ့ပြီး ဒီပန်းချီကားကို ဆွဲလိုက်တော့တာပါပဲ'။
အချစ်ကို နက်ရှိုင်းစွာ သိလိုက်သူဟာ ဘ၀မှာ အသက်ရှင်ရတာ ထိုက်တန်သွားပါတယ်။ သူရလိုက်တဲ့ အချစ်ရဲ့ လင်းရောင်ခြည်ဟာ သူတပါးကိုလည်း ကူးစက်ပျံ့နှံ့စေနိုင်လို့ တန်ဖိုးလည်း ကြီးမားလှပါတယ်။
ကိုစောငြိမ်းရဲ့ 'နွေနှောင်းရက်ကျန်' သီချင်းထဲက 'မယ့်ကိုယ်စား မွှေးမြလေသလား' ဆိုတဲ့ စကားလုံးလေးဟာ အချစ်ကို နက်ရှိုင်းစွာ သိလိုက်သူရဲ့ ခံစားချက်တခုပါ။ ပန်းရနံ့အသွင်နဲ့ ဖန်ဆင်းခံရလို့သာ အချစ်ရဲ့ ရနံ့ကို ခံစားနိုင်လိုက်တာ မဟုတ်လား။

ဘာကြောင့် ချစ်ကြတာလဲ
မာယာကော့ဗ်စကီးရဲ့ ကဗျာတပုဒ်က ပြောတယ်။

"လူဆိုတာ မွေးကတည်းက အချစ်ကို ရလာခဲ့ပြီးသားပါ၊
ဒါပေမယ့် အလုပ်ကိစ္စတွေ၊ ၀င်ငွေတွေ စတဲ့ အရာတွေကြားမှာ
နှလုံးသားဟာ မြေဆီဖုံးအုပ်ခံလိုက်ရတာ မာကျောစွာ ချိုးကပ်တဲ့အထိပဲ
အဲဒီ အကာထဲမှာ နှလုံးသား မရှင်သန်နိုင်တော့တဲ့အထိပါပဲ
နှလုံးသားဟာ ကိုယ်ခန္ဓာထဲမှ ရှိပါရဲ့
ဒါပေမယ့် ရှပ်အင်္ကျီဝတ်ပေးခံထားရရှာတယ်" တဲ့။

အဲဒါကြောင့်ဖြစ်မှာ။ ကလေးတွေဟာ လူကြီးတွေထက် ဖြူစင်ရိုးဖြောင့်နေကြတာ။ ကလေးတွေရဲ့ နှလုံးသားဟာ ပေါင်မုံ့ချိုးကပ်သလို အခွံမာနဲ့ အဖုံးမခံရသေးဘူးကိုး။ ဒီလိုဆိုတော့ ကလေးတွေဟာ အချစ်ကို လူကြီးတွေထက် ပိုပြီး ခံစားနိုင်စွမ်းရှိတယ်လို့ ပြောနိုင်တာပေါ့။
The Art of Loving စာအုပ်ထဲမှာ လူမှုပညာရှင်နဲ့ စိတ်ပညာရှင် Erich Fromm က ရေးထားပါတယ်။ 'လူသားတို့သည် အမိဝမ်းတွင်းမှ ကျွတ်လွတ်စွာ မွေးဖွားလာခဲ့သည့် တခဏ ကတည်းက (သူစိမ်းပြင်ပြင် ကမ္ဘာကြီးထဲသို့ ရောက်လာခြင်းအတွက်) နှစ်သိမ့်မှု၊ အစားထိုးမှု လိုအပ်ခဲ့သည်။ အမျိုးမျိုး ကြိုးစားယူခဲ့သည်။ အစောပိုင်းကာလ လူသားများသည် ဆေးဝါးမှီဝဲ မူးယစ်ခြင်း၊ ဘုံစနစ်အရ လိင်ဆက်ဆံကြခြင်း စသည်တို့ဖြင့် မိမိ၏အထီးကျန်မှုကို ဖြေဖျောက်လမ်းလွှဲ ယူခဲ့ကြသည်' .... တဲ့။ နောက်ပိုင်းမှာတော့ လူသားအချင်းချင်း ပေါင်းစပ်ခြင်းအားဖြင့် အထီးကျန်မှုကို အံတုဖို့ ကြိုးစားလာခဲ့ကြတယ်။ လူသားအချင်းချင်း ပေါင်းစပ်ဖို့၊ ပေါင်းစည်းစွာ နေထိုင်ဖို့၊ ပေါင်းစည်းစွာ ရှင်သန်ဖို့၊ ပေါင်းစည်းစွာ အံတုဖို့ 'အချစ်' ဟာအလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပါတော့တယ်။
လူ့ ယဉ်ကျေးမှု တဖြည်းဖြည်း တိုးတက်လာတာနဲ့ အချစ်ဟာ ပို၍ ပို၍ အရာရောက်လာတယ်။ မိသားစုဘ၀ကို လူသားတွေဟာ ပို၍ပို၍ တန်ဖိုးထားလာကြပါတယ်။ လူသားဟာ မွေးဖွားပြီးခါစမှာပဲ မိခင်ရဲ့ ရင်ခွင်ထဲမှာ အချစ်ကို စတင်ခံစား သင်ယူခဲ့ရတယ်။ မိခင်ရဲ့အချစ်ဟာ (Erich Fromm ပြောသလို ပြောရရင်) အခြေအနေပေါ်မှာ မူတည်ပြီး သက်ရောက်တာမျိုး မဟုတ်တဲ့ (unconditional love) တသမတ်တည်းသော အချစ်ဖြစ်တယ်။ ဖခင်ရဲ့ အချစ်ကတော့ သားသမီးရဲ့ အပြုအမူပေါ်မှာ မူတည်ပြီး အနည်းအများ၊ အလေးအပေါ့ သက်ရောက်တဲ့ (conditional love) အချစ် ဖြစ်တယ်။ ဒီတော့ ကလေးဟာ ဖခင်ရဲ့အချစ်ကို ပုံမှန်အတိုင်း ရနိုင်ဖို့အတွက် ကိုယ့်ကို ချစ်ခင်လာစေမယ့် အပြုအမူမျိုးတွေကို အသိစိတ်နဲ့ ပြုမူလာတော့တယ်။ အဲဒီ နည်းအားဖြင့် မိခင်ရဲ့ အချစ်ဟာ ကလေးအတွက် လုံခြုံမှုပေးတဲ့အရာ ဖြစ်လာတယ်။ ဖခင်ရဲ့အချစ်ဟာ လောကထဲကို ၀င်ရောက်ကြီးပြင်း ရှင်သန်တတ်ဖို့ သင်ကြားပေးတဲ့အရာ ဖြစ်လာမယ်။
ဒိထက် ပိုပြီး မြင့်မားတဲ့ ယဉ်ကျေးမှုခေတ်ကို ရောက်လာတဲ့အခါ လူသားဟာ မိမိရဲ့ မိသားစုအတွင်းမှာ သာမက မိသားစုအပြင်ဘက်ထိ အချစ်ကို ဖြန့်ကျက်လာခဲ့တော့တယ်။ လူသားအချင်းချင်း ရဲဘော်စိတ်၊ ညီအစ်ကို စိတ်တွေနဲ့ ချစ်နိုင်ကြတာ လူသားတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်း မြင့်သည်ထက် မြင့်လာတာကို ပြနေတာပါပဲ။ အချစ်ကို မျက်စိနဲ့ မမြင်ရပေမယ့် လူသားအချင်းချင်း ရိုင်းပင်းကူညီမှု၊ ကြင်နာစောင့်ရှောက်မှုတွေဟာ အချစ်ရဲ့ သက်သေတွေပါပဲ။
ဒါ့ကြောင့် စကားပုံတခု ပေါ်ပေါက်လာခဲ့ရတာ ဖြစ်မှာပေါ့။
'အချစ်ဟာ ကမ္ဘာကြီးကို လည်ပတ်နေစေတယ်' တဲ့။
ကမ္ဘာလောကကြီးတခုလုံးကို ဝေဆာလှပစွာ ရှင်သန်နေအောင် ဖန်တီးနေတာလို့ ယေဘူယျ ပြောနိုင်ပါတယ်။
အချစ်.... ဆိုတဲ့ အရာမှာပဲ အခြေအနေအရ အတိမ်အနက်၊ အပြင်းအပျော့၊ အပူအအေး စသည်ဖြင့် နှိုင်းဆမှု အမျိုးမျိုးနဲ့ သဘာဝအမျိုးမျိုး ကွဲပြားနေတာကို ကြုံတွေ့ကြရပါတယ်။

အချစ်အမျိုးမျိုး
ကမ္ဘာပေါ်မှာ လူသန်းပေါင်း ခြောက်ထောင်ရှိလာပေမယ့် အချစ်ကတော့ ခြောက်မျိုးလောက်ပဲ ရှိနေပါတယ်။
အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး လူသားတယောက်ဟာ အချစ်အမျိုးမျိုးကို ပြုပြင်ဖန်တီးတတ်ပါ တယ်။ ကိုယ်က သတိထားလိုက်မိသည် ဖြစ်စေ၊ သတိမထားလိုက်မိသည် ဖြစ်စေပေါ့။
၁။ မိခင်အချစ် သို့မဟုတ် ကြင်နာသောအချစ် (Motherly love or Tender love)
၂။ ကိုယ့်ကိုယ်ကို ချစ်သောအချစ် (Self-love)
၃။ ဘ၀ကို ချစ်သောအချစ် (Love of life)
၎။ ညီအစ်ကိုစိတ် သို့မဟုတ် ရဲဘော်ရဲဘက်စိတ်ဖြင့် ချစ်သောအချစ် (Brotherly love)
၅။ ဘုရားကို ချစ်သောအချစ် (Love of God)
၆။ ကိလေသာအချစ် (သို့) ပေါင်းစပ်သောအချစ် (Passionate love or Erotic love)
လူတယောက်ဟာ အဲဒီအချက် အမျိုးမျိုးထဲက တခုမဟုတ်တခုနဲ့ တယောက်ယောက်ကို လောကကြီးကို ချစ်ခင်နှောင်ဖွဲ့ နေမိတတ်ပါတယ်။
ဒါက လူမှုအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ကြုံကြိုက်ထားတဲ့ တွေ့ထားတဲ့ သဘာဝအချစ်တွေလို့ ဆိုရမှာပဲ။
ဒီနေရာမှာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဗုဒ္ဓသာသနာတော်မှာတော့ အချစ်ကို အမျိုးအစားခွဲခြားတဲ့ နေရာမှာ အချစ်နဲ့ မေတ္တာရယ်လို့ နှစ်မျိုးခွဲထားတာ တွေ့ရပါတယ်။
သာမန်လူတွေ သာမန်အချိန်မှာ တစုံတယောက်အပေါ်ထားတဲ့ စိတ်သဘာဝကို အချစ်အဖြစ် ယူဆ ထားတယ်။ နောက်ပြီး တရားကျင့်ကြံအားထုတ်နေတဲ့ သူတော်စင်၊ သူတော်မြတ်တွေနဲ့ ရဟန္တာပုဂ္ဂိုလ်၊ ဘုရားရှင် စသည်တို့ရဲ့ လောကအပေါ်ထားတဲ့ ဝေမျှမှု စိတ်သဘာဝကို မေတ္တာအဖြစ်ယူဆထားတယ်။
လူတွေပြောပြောနေတဲ့ တထောင့်ငါးရာမေတ္တာနဲ့ ငါးရာ့နှစ်ဆယ်ရှစ်မေတ္တာတို့ပါပဲ။ တထောင့်ငါးရာ မေတ္တာဆိုတဲ့ အသုံးအနှုန်းကို မှန်မှန်ကန်ကန် သုံးမယ်ဆိုရင် တထောင့်ငါးရာအချစ် စိတ်သဘာဝလို့ သုံးနိုင်မယ် ထင်ပါတယ်။ တထောင့်ငါးရာ ကိလေသာလို့လည်း ခေါ်တတ်ကြပါတယ်။
ကိလေသာဆယ်ပါးကို အခြေခံထားတဲ့ ပုထုဇဉ်စိတ်လို့ ဆိုရမှာပေါ့။
အဲဒီ အချစ်နှစ်မျိုးရဲ့ ဂဏန်းအရေအတွက်ဟာ အနည်းငယ် ထူးဆန်းနေသယောင်ရှိတယ်။ အဲဒီ ၁၅၀၀ နဲ့ ၅၂၈ ဂဏန်းတွေ ဘယ်လိုရလာသလဲ။

၁။ တထောင့်ငါးရာ ကိလေသာစိတ်သဘာဝ
ကိလေသာဆယ်ပါးကို အခြေခံတယ်။ အဲဒီ ကိလေသာစိတ်တွေကတော့ လောဘလို့ခေါ်တဲ့ အာရုံ၌ ကပ်ငြိခြင်း (တပ်မက်ခြင်း)၊ ဒေါသဆိုတဲ့ ကြမ်းတမ်းခြင်း၊ သည်းမခံနိုင်ခြင်း၊ မောဟဆိုတဲ့ အာရုံ၏ သဘောကို ဖုံးလွှမ်းခြင်း (တွေဝေခြင်း)၊ မာနဆိုတဲ့ ထောင်လွှားခြင်း၊ ဒိဌိဆိုတဲ့ မှားသော နှလုံးသွင်းခြင်း (အယူ)၊ ၀ိစိကိစ္ဆာဆိုတဲ့ အာရုံကို မဆုံးဖြတ်နိုင်ခြင်း၊ ထိနဆိုတဲ့ စိတ်၏ မခန့်ခြင်း၊ ငိုက်မြည်းခြင်း၊ ဥဒစ္ဆဆိုတဲ့ စိတ်၏မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်း၊ အဟီရိက ဆိုတဲ့ ကာယဒုစရိုက်ပြုရခြင်း၌ မရှက်ခြင်း၊ အနောတ္တပ္ပဆိုတဲ့ ကာယဒုစရိုက်ပြုရခြင်း၌ မလန့်ခြင်း..... တို့ ဖြစ်တယ်။
အဲဒီ ကိလေသာဆယ်ပါးနဲ့ ရုပ်စုစုပေါင်းနဲ့ မြှောက်ရပါတယ်။ ရုပ်စုစုပေါင်းဆိုတာက လက္ခဏာရုပ် (၄) ခု၊ နိပ္ဖန္နရုပ် (၁၈)ခု၊ နာမ် (၅၃)ပါး အဲဒါတွေရဲ့ အစုအပေါင်းပေါ့။ ပေါင်းလိုက်ရင် ၇၅ ရပါတယ်။ အဲဒီ ၇၅ ကို ၁၀ နဲ့ မြှောက်တော့ ၇၅၀။ အဲဒီမှာမှ အဇ္ဈတ္တသဏ္ဍာန်၊ ဗဟိဒ္ဓသဏ္ဍာန်ရယ်လို့ နှစ်ပါး ရှိတဲ့အတွက် (၂)နဲ့ ထပ်မြှောက်တော့ ၁၅၀၀ ရတာပါပဲ။ ဒါကို ၁၅၀၀ ကိလေသာလို့ ခေါ်တာပါ။

၂။ ၅၂၈ မေတ္တာသဘာဝ
မေတ္တာဆိုတဲ့အတိုင်း မေတ္တာပို့ရာမှာ ရှိသင့်ရှိအပ်တဲ့ စိတ်သဘာဝ တခုပါပဲ။
မေတ္တာပို့တဲ့နေရာမှာ ပုဂ္ဂိုလ် (၁၂) ယောက်ကို ပို့ပါတယ်။ အဲဒါတွေကတော့ သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာ၊ သဗ္ဗေဘူတာ၊ သဗ္ဗေပုဂ္ဂလာ၊ သဗ္ဗေအတ္တဘာဝ ပရိယပ္ပန္နာ၊ သဗ္ဗာဣထိယော၊ သဗ္ဗေ ပုရိသာ၊ သဗ္ဗေ အရိယာ၊ သဗ္ဗေ အနရိယာ၊ သဗ္ဗေ ဒေ၀ါ၊ သဗ္ဗေအနုဿ၊ သဗ္ဗေ၀ိနိပါနိကာ... တို့ဖြစ်တယ်။ အဲဒီ ပုဂ္ဂိုလ် (၁၂)ပါးကို မေတ္တာ(၄) ပါးပို့တယ်။ အဝေရာဟောန္တု၊ အဗျာဘစ္ဆာဟောန္တု၊ အနီဃာဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု..... တဲ့။ အဲဒိတော့ ၁၂ ပါးနဲ့ ၄ ပါးနဲ့ မြှောက်လိုက်တဲ့အခါ ၄၈ ပါးရတယ်။ ဒါက အရပ်မျက်နှာ အရှေ့အနောက်ကို မရည်မှန်းဘဲပို့တဲ့ 'အနောဒိတ္တာ မေတ္တာအပါး ခေါ်တာပေါ့'။ အဲဒါကိုမှ ထပ်ပြီး အရပ်မျက်နှာတွေနဲ့ ခွဲပြီး ပို့လိုက်မယ်ဆိုပါတော့။ အရပ် (၁၀) မျက်နှာရှိပါတယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်ခေါ်တဲ့ အရပ် (၄)မျက်နှာ၊ အရှေ့တောင်၊ အနောက်မြောက်၊ အရှေ့မြောက်၊ အနောက်တောင်ဆိုတဲ့ ထောင့် (၄)မျက်နှာ၊ အထက်နဲ့ အောက် (၂) မျက်နှာ၊ အားလုံးပေါင်း အရပ် (၁၀) မျက်နှာပါ။ ဒီလို အရပ်မျက်နှာ ရည်မှန်းမှု (၁၀) ခုနဲ့ စောစောက ၄၈ ကို မြှောက်လိုက်တော့ ၄၈၀ ရတယ်။ အဲဒီ ၄၈၀ ကိုမှ မရည်မှန်းဘဲ ပို့တဲ့ ၄၈ ပါးကို ထပ်ပေါင်းကြည့်လိုက်တော့ ၅၂၈ ရယ်လို့ ရလာပါတယ်။ အဲဒါကို ၅၂၈ သွယ်သော မေတ္တာလို့ ခေါ်ပါတယ်။
အဲဒီလို အတိအကျ စစ်ပြီး သိခဲ့ပြီဆိုရင် တစုံတယောက်ကို ချစ်တဲ့ ကိုယ့်အချစ်ဟာ ၁၅၀၀ ထဲမှာပါသလား၊ ၅၂၈ ထဲမှာ ပါသလား၊ အမှန်အကန် သိမြင်နိုင်ပြီပေါ့။
ကိလေသာကို မလွတ်ကင်းနိုင်တဲ့ သာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ တယောက်က တယောက်ကို ချစ်တယ်။ ခင်မင်တယ်ဆိုတဲ့ နေရာမှာ ၁၅၀၀ အချစ်တွေ ဖြစ်နေတဲ့ အချိန်က များပါတယ်။ တခါတလေ မိဘက သားသမီးကို ချစ်တာတောင် ငါ့သားလေးဟဲ့.... ငါ့သမီးလေးဟဲ့လို့ လောဘနဲ့ စိုးရိမ်ပူပန်စွာ တွယ်ငြိမှု ပါဝင်နေခဲ့ရင် ၁၅၀၀ အချစ်ထဲကို ၀င်သွားတတ်ပါတယ်။ ၅၂၈ သွယ်သောသော မေတ္တာကို ဖြူစင်စွာထားဖို့ဆိုတာ အင်မတန် ခဲယဉ်းတာပါ။ ဒါ့ကြောင့် ၅၂၈ ရဲ့ တကယ့်စစ်မှန်တဲ့ မေတ္တာသဘာဝကို မြတ်စွာဘုရားက တပည့်သာဝကတွေ ရဟန်းတွေအပေါ်ထားတဲ့ မေတ္တာမှာပဲ တွေ့ရတတ်တယ်.... လို့ ပိုပိုကဲကဲကလေး ပြောနိုင်ပါတယ်။
ဟုတ်တယ်လေ။ တစုံတယောက်က တစုံတယောက်ကို ချစ်လို့ သံယောဇဉ်ရှိလို့ သူတပါးထက် တော်စေချင် တတ်စေချင်ပြီ ဆိုရင်တောင် အဲဒီအချစ်မှာ လောဘကလေးပါနေပြီပဲ။ ဒါဟာ ပုဂ္ဂိုလ် (၁၂)ပါးစလုံးကို မေတ္တာထားတဲ့ သဘောမျိုးမှ မဟုတ်ဘဲ။ ဒီတော့ ၅၂၈ လို့ ပေါ့ပေါ့တန်တန် သုံးနေကြတဲ့ အသုံးကို နည်းနည်းတော့ အလေးထားပြီး ရှောင်နိုင်ရင် ကောင်းမှာပါပဲ။
ဗုဒ္ဓဘာသာရဲ့ အချစ်အမျိုးအစားနဲ့ မဟုတ်ဘဲ လောကလူမှု အသိုက်အမြုံက ရတဲ့ စံနဲ့ ဖွဲ့ထားတဲ့ အချစ်အမျိုးအစား (၆)ခုကိုပဲ ထည့်စဉ်းစားမယ် ဆိုပါစို့။
Motherly Love မိခင်အချစ်ဟာ အကြင်နာနဲ့ ဖွဲ့စည်းထားတဲ့ အချစ်ဖြစ်တယ်။ မိခင်က ကိုယ့်သားသမီးအပေါ် ထားတဲ့ အချစ်မျိုးကို ခေါ်တယ်။ ဒီနေရာမှာ အမျိုးသမီးတယောက်က အမျိုးသား တယောက်ကို ကြင်နာစိတ်နဲ့ အစစအရာရာ ဖေးမကာကွယ်ပေး ပြုစုပေးချင်တဲ့ စိတ်နဲ့ ချစ်မယ်ဆိုရင် အဲဒီအချစ်ကို မိခင်ကဲ့သို့ အချစ်လို့ အဓိပ္ပါယ်သတ်မှတ် ပေးနိုင်ပါတယ်။ လောကမှာ အဆန်းကြယ်ဆုံး၊ အံ့သြရဆုံး၊ လေးစားထိုက်ဆုံး အချစ်ဟာ မိခင်အချစ်ပဲ ဖြစ်ပါတယ်။ မိခင်အချစ်လို့ ခေါ်တဲ့အတိုင်း မိခင်က ကိုယ့်သားသမီးအပေါ်မှာသာ ထားနိုင်မယ့် ကြီးမားတဲ့ အကြင်နာနဲ့ စွန့်စားမှု အနစ်နာခံမှုတွေပါ။ တော်ရုံတန်ရုံ လူတယောက်က ကိုယ်ချစ်ရသူကို မိခင်ကဲ့သို့ စွန့်လွှတ်အနစ်နာခံစွာ ချစ်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ မိခင်အချစ်ကို ရှင်းပြဖို့ ဥပမာတွေဟာ အများကြီးပါပဲ။ ဒါပေမယ့် ပြောစရာ မလိုဘူး ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းလူတိုင်းဟာ ကိုယ့်အချစ်ကိုသာ ရေရေရာရာ မသိရင်ရှိမယ်။ မိခင်ရဲ့ အချစ်ကိုတော့ နားအလည်ဆုံး၊ အရင်းနှီးဆုံး ဖြစ်နေမှာမို့ပါပဲ။
ဒီတော့ အချစ်အမျိုးမျိုးထဲက လူတိုင်း တွေ့ကြုံရမယ့် နားလည်ရလည်း ခက်တဲ့ (Passionate love) ကိလေသာချစ်ကို စိတ်ဝင်စားစရာအကောင်းဆုံးအဖြစ် ရွေးလိုက်ကြရအောင်လား။

ကိလေသာအချစ် (Passionate love)
ကိလေသာလို့ ဆိုလိုက်လို့ ညစ်ညမ်းတဲ့ လိင်ကိစ္စနဲ့ ရောထွေး စဉ်းစားမှာကိုတော့ စိုးရိမ်စရာ ရှိပါတယ်။ ကိလေသာ (၁၀) ပါးနဲ့ မလွတ်ကင်းတဲ့ အချစ်မှန်ပေမယ့် သိမ်မွေ့နူးညံ့လှတဲ့ အချစ်ဖြစ်ပါတယ်။ လိင်ဆွဲဆောင်မှုနဲ့ သက်ဆိုင်သော်လည်း နူးညံ့သိမ်မွေ့လှတဲ့ အမျိုးအစား ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်လိင် (opposite sex) ကို ချစ်မိတဲ့ သဘာဝတွေ အကြောင်းလို့ ဆိုပါတော့။
ကိလေသာချစ်မှာကိုပဲ အချစ်အမျိုးမျိုး ရှိနေပါသေးတယ်။

၁။ မြင်မြင်ချင်း ချစ်မိတဲ့အချစ် (Love at first sight)
တခါမှ မတွေ့ဖူးတဲ့ လူသားနှစ်ယောက် ပထမဆုံးအကြိမ် စမြင်တွေ့လိုက်တဲ့အချိန်မှာ ချစ်သွားတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။
မယုံမရှိနဲ့၊ တကယ်ကို ဖြစ်နိုင်ပါတယ်။
အချစ်ပမာဏရော မနည်းနိုင်ဘူးလား။
လုံးဝ မနည်းနိုင်ပါဘူး။ ရင်နဲ့ နှလုံးသားနဲ့ ပုံပြီး ချစ်လိုက်ရတဲ့ လေးနက်တဲ့ အချစ်မျိုးနဲ့ ချစ်သွားနိုင် ပါတယ်။ သူ့ရဲ့ အပြုံးတချက်၊ မျက်စိတ၀င့်၊ ခြေတလှမ်း၊ ကိုယ်တနွဲ့ဟာ ကိုယ့်ကို ဟိုးနက်ရှိုင်းတဲ့ အချစ်ပင်လယ်ကြီးဆီကို တခါတည်း ဆွဲဆောင် သွားနိုင်လောက်အောင် ပါပဲ။ ဒါကြောင့်သာ 'ခင်မောင်ရင်' ဆိုခဲ့တဲ့ 'ရှေးကုသိုလ်' လို သီချင်းမျိုးတွေ လှလှပပ ထိထိမိမိ ပေါ်လာခဲ့တာပါ။
"ဆင်းရူပကာxxx မြင်ကတည်းက ဘ၀င်ထဲမှာတော့ကွယ်၊ အမြဲပင်စွဲကာ ခင်တွယ်xx ရှေးကုသိုလ် ပြုသမျှရယ် အခုဘ၀မှာကွယ် မြင်ရုံနဲ့ပင် ချစ်ကာသွားလို့ တကယ်ပင် မြတ်နိုးတယ်xxx"
အဲဒီလို ဆိုခဲ့တယ် မဟုတ်လား။
အချစ်ပမာဏနဲ့ အချိန်ကာလရော များနိုင်သလား။ သိပ်များနိုင်တာပေါ့။
ခင်မောင်ရင် ညည်းသလို ညည်းရရင် 'ခင်ရယ် နေ့ရော ညစဉ် ခင့်မျက်နှာကိုကွယ်xx ခင်မောင်ရင် တရေးရေးနဲ့ မြင်ယောင်မိသေးတယ်....' တဲ့။
တခုတော့ ရှိပါတယ်။ မြင်မြင်ချင်း ချစ်မိဖို့ သူ့မှာ ထူးခြားတဲ့ စွဲမက်စရာ တခုခုတော့ ရှိနေရပါလိမ့်မယ်။ အဲဒါဟာ သိပ်လှတဲ့ အလှတခု ဖြစ်ဖို့ မလိုပါဘူး။ ချစ်စဖွယ် ကောင်းရမယ်၊ သို့မဟုတ် ယောက်ျားဆိုရင်လည်း ဟန်လှလှ၊ စတိုင်ကျကျလေး ဖြစ်ဖို့ လိုတာပေါ့။ မြင်မြင်ချင်း ချစ်မိသွားစေဖို့ မျက်စိနဲ့ မြင်ရတဲ့ အဆင်းရူပကာ ပေါ်မှာ မူတည်တာကိုး။
သူ့ကို မြင်လိုက်ရတဲ့ တခဏမှာပဲ သူဟာ ကိုယ့်ဘ၀အတွက် လိုအပ်နေတဲ့ သူလို့ ချက်ချင်းနားလည် သွားရလောက်အောင် ချစ်မိသွားတတ်ပါတယ်။ သူကလည်း ကိုယ့်ကို အဲဒီလို သဘောထားလိုက်ရင်တော့ ကံကောင်းလိုက်တာ ဆိုဖွယ်ရာ မရှိတော့ဘူးပေါ့။ ဒါပေမယ့် လောကဆီက အဲဒီလောက်ကြီးတော့ မတောင်းဆိုလိုက်နဲ့လေ။ လောကဟာ ပုံမှန်အားဖြင့်တော့ တွန့်တိုတတ်တဲ့ သဘောရှိတယ်။ ကိုယ်ချစ်ရတဲ့ သူကို တွေ့သွားရတာကိုက တော်တော်တန်ဖိုးကြီးတဲ့ လက်ဆောင်တခု ကိုယ်ရလိုက်ပြီ မဟုတ်လား။
အဲဒီ အချိန်ကစပြီး အချစ်ရဲ့ အရသာကို ခံစားရတော့တာပါပဲ။ ကိုယ်တယောက်တည်းအတွက် သူက ဖန်ဆင်းပေးထားတဲ့ သီးသန့် အချစ်ဆိုပါတော့။ တဖက်သတ် အချစ်လို့လည်း ခေါ်နိုင်တယ်။ အုံ့ပုံးချစ်လို့လည်း ခေါ်ပါတယ်။

၂။ အုံ့ပုံးချစ်
အုံ့ပုံးချစ် ချစ်နေရတဲ့ အချိန်ဟာ ကိုယ့်ဘ၀အတွက် တိုးတက်ဖို့ အကြိုးစားဆုံး အချိန်ပဲ... လို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အုံ့ပုံးချစ်ကနေ နှစ်ကိုယ်တူ အချစ်အဖြစ် အဆင့်ဆင့် ပြောင်းလဲ တိုးတက်ဖို့ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ကြိုးစားရလို့ပါပဲ။
သူရဲ့ အကြင်နာပြုံးကလေး တချက်ရဖို့ ကိုယ်ဟာ လောကကြီးကို စိန်ခေါ်ရတဲ့ သူတယောက် ဖြစ်သွားပါပြီ။ အဲဒီအချိန်မှာ လောကဟာ ဆန်းကြယ်ဆုံး၊ လှပသာယာဆုံး၊ တန်ဖိုးလည်း အကြီးဆုံးပါပဲ။ ခံစားရတဲ့ အချစ်ကလည်း နက်နက်နဲနဲ အရှိဆုံးပါပဲ။
"အုံ့ပုံးချစ်နဲ့ တရက်လောက် ချစ်ရတာရယ်၊ လင်မယားချစ် တသက်လို့ မမှီပါတယ်" တဲ့။ အဲဒီ သီချင်းဟာ ပိုပို ကဲကဲ ဆိုထားတာ မဟုတ်ပါဘူး။ တကယ်ကို တမြေ့မြေ့လေး လွမ်းပြီး၊ တသိမ့်သိမ့်လေး ကြည်နူး မျှော်လင့်ရတဲ့ အချိန်ပါ။ Shel Silverstein ရဲ့ ကဗျာထဲကလို လမင်းကို ဖမ်းဖို့ ပိုက်ကွန်ရက်နေတဲ့ အချိန်တွေပါ။ အင်မတန် မျှော်လင့်လို့ကောင်း၊ အင်မတန် ကြည်နူးဖို့လည်း ကောင်းတဲ့ အချိန်ပေါ့။
ချစ်သူဖတ်တဲ့စာအုပ်ကို ကိုယ်လိုက်ကြိုက်ဖို့ ကြိုးစားတဲ့အချိန်၊ ချစ်သူကြိုက်တဲ့ ကော်ဖီမျိုးကို လိုက်ကြိုက်ဖို့ ကြိုးစားတဲ့အချိန်၊ ချစ်သူစိတ်ဝင်စားတဲ့ ဂီတ၊ ပန်းချီ၊ အနုပညာ စစရာရာကို လိုက်ပြီး အားကျတဲ့ အချိန်၊ ဒီအချိန်ဟာ ချစ်သူအတွက်ရယ်လို့ ရှာဖွေရင်း ကိုယ့်အတွက် လောကကြီးတခုလုံး ရလိုက်တဲ့ အချိန်ပါပဲ။
အဲဒီအချိန်ဟာ ချစ်သူကို ကိုယ်က အချစ်နိုင်ဆုံး အချိန်လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ချစ်သူကို ကိုယ်က မသိသေးတဲ့အချိန်၊ သိသယောင်ယောင်နဲ့ သိဖို့ လေ့လာနေတဲ့ အချိန်မဟုတ်လား။ ဒီအချိန်မှာ သူ့ရဲ့ အားနည်းချက်တွေ၊ မကောင်းကွက်တွေ၊ အဆိုးတွေကို ကိုယ်မသိနိုင်သေးပါဘူး။ ဒါကြောင့် အုံ့ပုံးချစ် အချိန်ဟာ ကိုယ့်ချစ်သူကို အပြစ်မမြင်နိုင်ဆုံး၊ အတွယ်တာဆုံး အချိန်တွေ ဖြစ်လာရတာပါ။ ချစ်သူနဲ့ ကိုယ်ကြားမှာ ခရီးကွာဝေးသေးတယ် မဟုတ်လား။ တော်တော်နီးကပ်နေခဲ့ရင်တောင် ကြားမှာ ဇာပ၀ါလေး ခြားထားလို့ ၀ိုးတ၀ါးသာ သိခွင့်ရတဲ့ အချိန်ပါ။ ဒါကြောင့် အုံ့ပုံးချစ်ကာလ ကြာရှည်ရင် အဲဒီလူဟာ ကံကောင်းလှတယ်.... လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
'ရေမြေတောတောင် သမုဒ္ဒရာခြားစေကွယ်xx အဆန်းမဟုတ်ပါ၊ ချစ်တာသာမှန်ရင် အနန္တစကြာဝဠာ ကွာပါစေကွယ်xx တအိပ်ရာတည်းလို့သာ ခင်ရယ် မဝေးဘူးထင်ပါတယ်'
အဲဒီအချိန်မှာ ကိုယ့်ချစ်သူ အနားမှာ တစုံတယောက် နီးကပ်စွာ ရှိနေခဲ့ရင် ချစ်သူက ကိုယ့်ကို ဂရုမစိုက်ပဲ တခြားသူကို ဂရုစိုက်တာမြင်ရရင်တော့ အချစ်ကြောင့် နာကျင်တဲ့ ဝေဒနာကို ခံစားဖူးသွားမှာပေါ့။

၃။ မနာလိုတဲ့အချစ် (Jealous love)
တစုံတယောက်ကိုမှ ကိုယ်ချစ်မိပြီဆိုရင် အုံ့ပုံးချစ်ပဲ ဖြစ်ဖြစ်၊ အပြန်အလှန် ချစ်ကြတဲ့ သမီးရည်းစား ချစ်ပဲဖြစ်ဖြစ်၊ မနာလိုချစ်ကိုတော့ ရင်ဆိုင်ကြုံတွေ့ရမယ့်သူ ချည်းပါပဲ။ ဘာကြောင့်လဲဆိုတော့ လောကကြီးမှာ သူနဲ့ ကိုယ်နှစ်ယောက်တည်း ရှိနေတာ မဟုတ်လို့ပဲ။
ကိုယ်က သူ့အပေါ်မှာ အချစ်စိတ်တွေ ယိုဖိတ်နေမိတဲ့အခါ ပြိုင်ဘက်မဟုတ်သူတွေကို ပြိုင်ဘက်လို့ သဘောထားမိလာတတ်ပါတယ်။ ကိုယ်တယောက်တည်းရန်လို၊ ကိုယ်တယောက်တည်းဝမ်းနည်း၊ ကိုယ် တယောက်တည်း စွပ်စွဲနေတတ်ပါတယ်။ မနာလိုချစ်ဟာ မိသားစုတခုတည်းက မောင်နှမသားချင်း အချင်းချင်း တောင် ကြုံတွေ့တတ်ရလေတော့ ဆန့်ကျင်ဘက်လိင် ချစ်သူနဲ့ ပတ်သက်တဲ့ မနာလိုချစ်ဟာ အံ့သြစရာ မရှိပါဘူး။
မနာလိုချစ်နဲ့ ပတ်သက်လို့ အလွန်ခေတ်စားခဲ့တဲ့ သီချင်းလေးတပုဒ်တောင် ရှိခဲ့ပါသေးတယ်။ သန်းနိုင် (ပလေးဘွိုင်)ရဲ့ 'ဆု' ဆိုတဲ့ သီချင်းပါ။ မူရင်းသီချင်းက Rita Coolidge ရဲ့ Jealous Guy တဲ့။
'စိတ်မဆိုးနဲ့နော်၊ ခွင့်လွှတ်ပါကွယ်၊ ကိုယ်ရိုင်းနေရင်၊ ကိုယ့်စိတ်က အရင်ဒီလို မဟုတ်ဘူးကွဲ့၊ မင်းနဲ့မှ ပြောင်းလဲကုန်ပြီ။ အားလုံးလည်း ငါမယုံနိုင်၊ မင်းလေးကို ဘယ်သူ့မှ မပေး မပေး မပေးနိုင်ဘူး။ မင်းလေးဟာ ငါ့အချစ်ပဲ မင်းလေးဟာ ငါ့အတွက်ပဲ လွန်တယ်လို့ မင်းထင်သလား'
အဲဒိလောက်ထိက မလွန်သေးပါဘူး။ မုန့်ကိုသာ ဝေစားနိုင်မယ် အချစ်ကို မဝေနိုင်ဘူးဆိုတဲ့ စိတ်ဟာ ချစ်သူတိုင်းမှာ ရှိဟန်တူပါရဲ့။ လေဘာတီ မမြရင်ကလည်း ဆိုခဲ့ဖူးပါတယ်။
"မျက်နှာများမှာများတော့ တွင်တွင်တွေးတွေးပူမိတာ ကိုယ်က လွဲရင် တကယ်ပဲ မသဒ္ဓါ၊ ရွှေမန်ကျည်း ဖြစ်ရင် ဆစ်ဆင့်စီ ဝေနိုင်စရာ လေဘာတီ ရင်ရင်အသည်းမှာ အမြဲပဲ စွဲတဲ့ သံမှိုပမာ ချစ်ရင်အကျိုး ချစ်မြတ်နှိုး သဒ္ဓါ ရှင်တခုတည်းဆိုမှာ"
တခုရှိတာက မနာလိုမှုရဲ့ လားရာဟာ အမှားဘက်ကို ယိမ်းတတ်တယ်။ အမှန်ကို ကြည်ကြည်လင်လင် မမြင်နိုင်လို့ ဒေါသနဲ့ ဆုံးဖြတ်တဲ့အခါ မှားတတ်ပါတယ်။ မနာလိုစိတ်နဲ့ ကျူးလွန်တဲ့ အမှားတွေဟာ လူတယောက်ကို သတ်မိတဲ့အထိ ကြီးကျယ်တတ်တာ ရာဇ၀င်မှာ သမိုင်းမှာ ဖတ်ဖူးတယ်။ ကြောက်စရာကြီးပါပဲ။ အဲဒီ မနာလိုသူကို ဘေးကနေ အဆင်းမှာ ဘီးတပ်ပေးမယ့် ကုန်းချောသူတယောက် ရှိနေခဲ့ရင်တော့ ပြီးပါလေရော။ လူသတ်မှုကို ကျူးလွန်နိုင်သူတွေဟာ ဘုရင်တွေ မိဖုရားတွေ ဖြစ်တတ်တာမို့ ကြောက်စရာကောင်းတဲ့ (မနာလိုမှုရဲ့) အကြီးကျယ်ဆုံး ပြစ်မှုတွေကို မြန်မာ့ရာဇ၀င် ကမ္ဘာ့ရာဇ၀င်တွေမှာ တွေ့ရလေ့ရှိတယ်။
မနာလိုမိလို့ ရတဲ့ သောကပဲဖြစ်ဖြစ်၊ သူ ကိုယ့်အပေါ် မကြင်နာလို့ ရလာတဲ့ သောကပဲ ဖြစ်ဖြစ် သောကနဲ့ ယှဉ်တဲ့ အချစ်ဟာ တော်တော်လေး ဖိစီးလေးလံတတ်ပါတယ်။ အချိုထဲက ပါလာတတ်တဲ့ ခါးရှရှ အရသာလေးတွေပေါ့။

၎။ သောကအချစ် (Anguish love)
ပူလောင်လှတဲ့ သောကချစ်တခုအကြောင်းကို တောင်ငူရာဇ၀င်မှာ ရာဇဓါတုကလျာက ပီပီပြင်ပြင်ကြီးကို ဖွဲ့နွဲ့ စပ်ဆိုသွားပါတယ်။
"ကလျာရေညီ၊ နန်းကေသီတို့၊ ဦးချီလက်စုံ၊ ရှိပဒုံဖြင့်၊ ခိုလှုံဖျဖျ၊ ခစားကြ၍၊ ဂီတသံအေး၊ ငြိမ့်လေးညှင်းသွဲ့၊ နန်းဟန်ဖွဲ့၍၊ ကနွဲ့ကလျ၊ ဖြေဖျော်ကြလည်း၊ သောကကိန်းအောင်း၊ ပူလက်ဟောင်းကြောင့်၊ ပျော်ကြောင်းမမြင်၊ ပူကြွေးတင်၍၊ မရွှင်လျက်နှင့်၊ ရွှင်ယောင်ကျင့်သည်၊ ခုဖြင့်ဖြေခက်သည်တကား။"
သူကလည်း သူပါပဲလေ။ ကိုယ့်ထက် ၁၇ နှစ်လောက်ငယ်တဲ့ ယောက်ျားကိုမှ ချစ်မိတာကိုး။ အချစ်မှာ အသက်ကွာခြားတာဟာ အရေးမကြီးပါဘူးဆိုတဲ့ စကားဟာ မမှန်ဘူးလို့ ထင်ပါတယ်။ အခု လောကမှာ တွေ့နေရတဲ့ အချစ်တွေဟာ အခြေအနေပေါ်မှာ မူတည်နေတဲ့ conditional love တွေ ဖြစ်နေတာ များပါတယ်။ အသက်ကြီးခြင်းဆိုတဲ့ အခြေအနေဟာ အချစ်ကို အချိန်ကြာတာနဲ့အမျှ လျော့သွားအောင်၊ နှေးသွားအောင်၊ အေးစက်သွားအောင်၊ စိတ်ကုန်သွားအောင် ပြူလုပ်ပေးနိုင်ပါတယ်။ အသက်ကွာခြားမှုဟာ အချစ်အတွက် အရေးမကြီးဘူးဆိုတဲ့ စကားဟာ တ၀က်ပဲ မှန်ပါတယ်။ တယောက်က တယောက်ကို ချစ်ဖို့အတွက် (အချစ်ဆိုတာ နူးညံ့တဲ့ သိမ်မွေ့တဲ့ အကြင်နာတခု၊ ရမ္မက်တခု ဖြစ်တာကြောင့်) အသက်ကွာခြားမှုဟာ တခါတခါ နည်းနည်းမှ အရေးမကြီးပါဘူး။ ဒါပေမယ့် အချစ်တည်မြဲဖို့၊ ခိုင်မာဖို့၊ အချိန်ကာလကို အန်တုနိုင်ဖို့ ကိစ္စမှာတော့ အသက်ကွာခြားမှုက တော်တော် စကားပြောပါတယ်။
အချစ်တခု ဖြစ်တည်ဖို့ လိုအပ်ချက် အနည်းနဲ့အများတော့ ရှိပါတယ်။
ရုပ်ရည် - သိပ်ချောဖို့ လှဖို့မလိုပေမယ့် နည်းနည်းတော့ ကြည့်ကောင်းဖို့ ရင်ခုန်ဖို့ လိုမှာပေါ့။
ပညာဥာဏ် - လိုမှာပေါ့။ ကိုယ့်ထက်မတော်ရင်တောင် ကိုယ့်နဲ့ အဆင့်အတန်းတူတဲ့ ပညာရှိဖို့ လိုပါတယ်။ ဒါမှလည်း အချစ်အကြောင်းမပြောပဲနဲ့ လောကအကြောင်းပြောကြတဲ့အခါ (ချစ်သူတိုင်းဟာ အချစ်အကြောင်း ပြောတဲ့အချိန်ထက် လောကအကြောင်း၊ ဘ၀အကြောင်း၊ အနည်းဆုံး ပတ်ဝန်းကျင်အကြောင်း ပြောတဲ့ အချိန်ကများပါတယ်) ချဉ်းကပ်ပုံတူမှပေါ့။ ယေဘူယျအားဖြင့် မိမိနဲ့ စိတ်ဝင်စားစရာ တူသူကိုသာ ချစ်မိကြလေ့ ရှိပေမယ့် တခုမဟုတ် တခုတော့ ကွဲလွဲကြတာပါပဲ။ ကွဲလွဲမှုများလေ ညှိနှိုင်းဖို့လို့လေ။ ညှိနှိုင်းရတာများလေ၊ များနေသူ ပိုနေသူဘက်က ပွန်းရ ပဲ့ရလေပါပဲ။ တခါတလေ ပွန်းပဲ့ရတာ မသိသာပေမယ့် ခဏခဏ ပွန်းပဲ့ရ လျော့ရတာတွေ များလာရင် တချိန်ချိန်မှာ အချစ်လျော့သွားတယ်။ စိတ်ကုန် သွားတတ် ပါတယ်။ ဒီတော့ အိမ်ထောင်ပြုမယ်ဆိုရင် ကိုယ့်ဘက်က ပွန်းပဲ့မယ့် အဖြစ်မျိုးကို မရွေးသင့်ဘူး။
ရုပ်ရည်ကလည်း မရှိ၊ ပညာဗဟုသုတကလည်း မရှိ၊ ဦးဏှောက်ကလည်း ခပ်တုံးတုံးဆိုရင် ဒီလိုလူကို ဘယ့်နှယ့်လုပ်ပြီး ချစ်စိတ်ဝင်နိုင်ပါတော့မလဲ။ ဘယ်လိုလူကများ သူ့ကို ချစ်လာနိုင်ပါ့မလဲ။
မထင်ပါနဲ့။ တချို့က အကြင်နာ ပိုတတ်တယ်။ အဲဒီ ခပ်တုံးတုံး လူကိုလည်း သနားချစ်နဲ့ ချစ်တဲ့သူ ရှိမှာပါ။
စောစောက ပြောတဲ့ သောကချစ်ကို အုံ့ပုံးချစ်မျိုးမှာသာမက နှစ်ဦးသဘောတူ အပြန်အလှန်ချစ်တဲ့ အချစ်မျိုးမှာတောင် ကြုံရတာပါပဲ။ စိတ်အခန့်မသင့်တဲ့အခါ သူက ကိုယ့်ကို ဥပေက္ခာပြုတယ်လို့ ထင်ရတဲ့ အခါမျိုးပေါ့။ အချစ်ဟာ လူကို တခဏချင်းမှာ အေးစေနွေးစေနိုင်၊ တခဏချင်းမှာ ပူလောင်စေနိုင်၊ တခဏချင်းမှာ ရဲဝံ့စေနိုင်၊ တခဏချင်းမှာ စိုးရိမ်ထိတ်လန့်စေနိုင်၊ အချစ်ဟာ သူ့နေရာနဲ့သူတော့ တော်တော်စွမ်းအင်ကြီးမား တယ်လို့ ပြောရမှာပေါ့။

အချစ်ရဲ့စွမ်းအင်
လူတယောက်ဟာ ကိုယ်ချစ်တဲ့သူအတွက်ဆိုရင် အသက်ကိုတောင် ထည့်မတွက်ပဲ ရဲဝံ့စွာ ဆုံးဖြတ်ပြုမူ လေ့ရှိတယ်လို့ ရာဇ၀င်တွေထဲမှာ တွေ့ဖူးဖတ်ဖူး ပါတယ်။
မိခင်တယောက်ရဲ့ သားသမီးအပေါ်မှာ ထားတဲ့ အချစ်စွမ်းအင်ကိုတော့ ခြွင်းချက်မရှိ လက်ခံနိုင်ပါ လိမ့်မယ်။ လက်မခံဘဲ နေလို့ မရလောက်အောင် ရှေ့မှာသာဓကတွေ အများကြီး ရှိခဲ့တာမဟုတ်လား။ ဖခင်က သားသမီးကို မိမိအသက်စွန့်ပြီး က်ာတင်တာတွေလည်း အများကြီး။
ဒါပေမယ့် ချစ်သူတယောက်က ချစ်သူတယောက်အတွက် အသက်ကို စွန့်ဝံ့ပါ့မလား။ တွေးစရာ ရှိပါတယ်။
စွန့်ဝံ့ပါလိမ့်မယ်။ စွန့်ဝံ့လောက်အောင် အချစ်စွမ်းအင်ကြီးမားတဲ့ အဖြစ်တွေ အများကြီးပါပဲ။ အသက်ကို စွန့်တယ်ဆိုတဲ့နေရာမှာ တဒင်္ဂ ဆုံးဖြတ်ချက်နဲ့ ပြုမူလိုက်တာမျိုးဆို ပိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်အလှည့်ကျ ရင် ဒါမျိုးလုပ်နိုင်ပါ့မလားလို့ မေးရင်တော့ လုံးဝမလုပ်နိုင်ဘူးလို့ ဖြေရပါလိမ့်မယ်။ ကိုယ့်အသက်ကို မစွန့်ဘဲ ကယ်တင်လို့ရတဲ့ နည်းလမ်းတွေကိုပဲ ရှာမှာပေါ့။ နည်းပညာတွေ သိပ်တိုးတက်နေတဲ့ ခေတ်ကြီးလေ။ ကဲ.. အဲဒီ နည်းပညာတွေက မကယ်နိုင်တော့ဘူးတဲ့ ကိုယ့်အသက်စွန့်မှ ရတော့မယ်တဲ့။ သွားမလား... ၀ံ့မလား။ အများစုသော လူတွေက သွားမှာ မဟုတ်ပါဘူး။ ချစ်သူကို ချစ်တဲ့၊ အချစ်ထက် ကိုယ့်ကိုယ်ကို ချစ်တဲ့ အချစ်က ပိုနေတတ်တာ သဘာဝပါပဲ။ ကိုယ်ကလည်း သူ့အတွက်မစွန့်နိုင်ဘူးဆိုရင် သူက ကိုယ့်အတွက် အသက်စွန့်တဲ့အထိ ချစ်ဖို့ဆိုတာကိုလည်း မမျှော်လင့်လိုက်လေနဲ့။
ဖြစ်နိုင်ခြေနည်းပါးတဲ့ အသက်စွန့်ခြင်းတွေ မပါကြေးဆိုရင် အချစ်ရဲ့ စွမ်းအင်ဟာ ကမ္ဘာကို စိုးမိုးထားရလောက်တဲ့အထိ အင်အားကြီးမားတာတော့ အသေအချာပါပဲ။ လူသားတွေရဲ့အသက် သက်တမ်းကို အချစ်ကဆွဲဆန့် ပေးထားနိုင်သလို တယောက်ကိုတယောက် ယုံကြည်ကိုးစားမှုကိုလည်း အချစ်က ပေးအပ်နိုင်တာကိုး။
ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားတခုကတော့ တီထွင်သူတွေ အားလုံးဟာ အချစ်အတွက် တီထွင်သွားခဲ့တာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။
လေယဉ်ပျံကို တီထွင်ခဲ့တဲ့ Wright ညီအကိုဟာ လေထဲမှာ ပျံသန်းရတဲ့ အရသာကို လိုချင်လို့ကိုပဲ တီထွင်ခဲ့တာ။ သောမတ်စ်အယ်ဒီဆင်ဟာလည်း အချစ်နဲ့ ဘာမှမဆိုင်ဘူး။ ချစ်သူတွေ ဆက်သွယ်ဖို့အတွက် ဆိုပြီး ဂရေဟမ်ဘဲလ်က တယ်လီဖုံးကို တီထွင်သွားခဲ့တာ မဟုတ်ဘူး။ အခု အသုံးပြုနေကြတဲ့ ဆက်သွယ်ရေး ဂြိုဟ်တုတွေကိုလည်း ကမ္ဘာ့တဘက်ခြမ်းမှာရှိတဲ့ ချစ်သူရဲ့ လှုပ်ရှားမှုကို မြင်ချင်တွေ့ချင်လို့ တီထွင်တည်ဆောက်ခဲ့ ကြတာ မဟုတ်ဘူး။
ဒီတော့ တခု စဉ်းစားစရာရှိလာတာက အချစ်ဟာ ကမ္ဘာလောကကြီးမှာ အရေးကြီးတယ်ဆိုပေမယ့် နေရာတိုင်မှာတော့ အရေးမကြီးနေဘူး။ လျှပ်စစ်စွမ်းအင်တွေ ရဖို့အတွက် အချစ်မလိုအပ်ဘူး။ ဘ၀အာမခံချက် ကောင်းတဲ့ အလုပ်တခုခုရဖို့အတွက် အချစ်မလိုအပ်ဘူး။ (ချွင်းချက်တချို့တလေတော့ ရှိနိုင်ပါတယ်။ ကိုယ့်ချစ်သူ ဟာ ကိုယ့်ကို အလုပ်ခန့်မယ့် ကုမ္ပဏီဥက္ကဌရဲ့ သမီးဖြစ်နေတဲ့အခါမျိုးပေါ့)
ဒါဖြင့် အချစ်ကို ဘာလို့ ရေးကြီးခွင်ကျယ် ဖွဲ့နွဲ့နေစရာလိုသလဲ။
လိုပါတယ်လေ။ အချစ်ဟာ လူတွေကို ယဉ်ကျေးသိမ်မွေ့အောင် ပြုပြင်ပေးနေတဲ့ စွမ်းအင်တခုပါ။ အချစ်ရဲ့ အသုံးဝင်ပုံတွေဟာ ရုပ်ဝတ္ထုပစ္စည်းအသုံးတွေလို ရုတ်တရက် မြင်သာထင်သာတာမျိုး မဟုတ်ပါဘူး။ အချစ်ရဲ့ စွမ်းအင်ဟာ အလွန်နက်နဲသိမ်မွေ့စွာ အရေးပါနေပါတယ်။ ဒါကြောင့်လည်း သုံးမိသူဟာ သုံးမှန်းမသိဖြစ်ရ၊ အကျိုးပြုခံရသူက ခံရမှန်း(ရရှိလိုက်မှန်း) မသိ ဖြစ်နေတတ်ပါတယ်။
လူဟာ အောင်မြင်မှုကိုလည်း မျှဝေဖြန့်ပေးချင်တယ်(ကြွားချင်တယ်)။ ဆုံးရှုံးမှုကိုလည်း မျှဝေဖြန့်ပေး ချင်တယ် (နှစ်သိမ့်ပေးမယ့်လူရှာတာ) ဒီလိုလူသားဟာ ဘယ်တော့မှ တဦးတည်း နေလို့ မရပါဘူး။ ဒါကြောင့်လည်း အချစ်ဟာ လူသားကို အဖော်ရှာပေးတဲ့ တာဝန်ကို ဆောင်ရွက်ရပါတယ်။

အချစ်ရဲ့ ခရီးဆုံး
ဆန့်ကျင်ဘက်လူ တယောက်နဲ့တယောက် (Opposite Sex) ချစ်ကြပြီဆိုရင် အဲဒီအချစ်မှာ လားရာရှိတယ်။ ခရီးဆုံးပန်းတိုင်ရှိတယ်။ ယေဘူယျအားဖြင့် အချစ်ရဲ့ ခရီးဆုံးပန်းတိုင်ဟာ လက်ထပ်ခြင်း ဖြစ်တတ်တယ်။ ချွင်းချက်အနေနဲ့ လက်ထပ်လို့ မဖြစ်တဲ့ ချစ်သူတွေ၊ လက်ထပ်ခြင်းကို မယုံကြည်တဲ့သူတွေ၊ မိသားစုဘ၀ပျော်ရွှင်မှုဆိုတာကို သံသယနဲ့ စောင့်ကြည့်ချင်တဲ့ လူထူးလူဆန်းတွေတော့ ရှိနိုင်တာပေါ့။
ဒါပေမယ့် ချစ်သူနှစ်ယောက် နက်နက်နဲနဲ ချစ်ကြပြီဆိုရင်တော့ တယောက်ကိုတယောက် မခွဲနိုင်လို့ လက်ထပ်ဖို့ကို ဦးတည်ကြလေ့ရှိတယ်။
နတ်သမီးပုံပြင်တွေထဲကလို အဲဒီအချိန်ကစပြီး သူတို့နှစ်ယောက် ပျော်ရွှင်စွာ နေထိုင်ပေါင်းဖက်သွား တော့ သတဲ့ကွယ်.... ဆိုတာမျိုးပေါ့။ လက်ထပ်ခြင်းကြောင့် ရရှိလာတဲ့ ဆင်းရဲဒုက္ခတွေ ဝေဒနာတွေကိုတော့ ပုံပြင်ထဲမှာ ဘယ်ထည့်ပေးလို့ ဖြစ်မလဲနော်။
နောက်တခု အချစ်ရဲ့ ခရီးဆုံးဟာ ကွဲကွာမှုပါ။
ချစ်သူတိုင်းဟာ ပျော်ရွှင်စွာ နေထိုင်ပေါင်းဖက်သွားကြတာမျိုး မဟုတ်ပါဘူး။ ခွဲခွါခြင်းဆိုတာ ချစ်သူတွေရဲ့ မရည်ရွယ်တဲ့၊ မလိုလားတဲ့ ခရီးဆုံးတခုဖြစ်တယ်။ (တချို့ကတော့ မပေါင်းနိုင်မှန်းသိလို့ ရင်နာစွာ ခွဲခွါပစ်လိုက်ကြရတာပါ)
စန္ဒရားကျော်ဇောလေးရဲ့ 'ချစ်၍ချစ်ခါလာသည်မှကွယ်' ဆိုတဲ့ သီချင်းထဲကလို ညည်းပြရရင်တော့ 'ခွဲခွါခြင်းဟူသည် ကိုယ်တို့နှစ်ဦးအတွက် ဘယ်သောအခါမှ မမျှော်လင့်ခဲ့သော ဝေါဟာရပါကွယ်' ..... ပေါ့။
ဒါပေမယ့် ခွဲခွါလိုက်ကြရတာပါပဲ။ တဦးက တဦးကို စိမ်းကားပြတ်တောက်စွာ ကွဲကွာလိုက်တာမျိုး ဆိုရင်တော့ ချန်ရစ်ခံရတဲ့ သူဟာ နာကျင်မှုဝေဒနာကို နင့်နင့်သည်းသည်း ခံစားရတတ်တယ်။ အသည်းကွဲရတယ်လို့.... သုံးနှုန်းကြပေမယ့် တကယ်တန်း နာကျင်ရတာက နှလုံးဆီကပါ။ ဒါပေမယ့် နှလုံးနာတယ်ဆိုတဲ့ စကားဟာ တခြားအဓိပ္ပါယ်တမျိုး သက်ရောက်တဲ့အတွက် အသည်းကွဲတယ်လို့ပဲ သုံးကြရတယ်။
စိတ်ခိုင်သူ စိတ်မာသူတွေက အံကြိတ်ပြီး ခံစားနိုင်ပေမယ့် မျက်ရည်တော့ ၀ဲမိကြမှာပဲပေါ့။ အဲလက်စ်သီချင်းလို အသည်းလေးကွဲတာ မျက်ရည်တွေနဲ့ပေါ့။

အသည်းကွဲဝေဒနာ (အလွမ်း)ကို ကုစားခြင်း
အချစ်ကို စသိလိုက်တဲ့ အချိန်မှာ ကိုယ်က သင်ကြားစရာ ပြင်ဆင်စရာမလိုဘဲ ဗြုန်းခနဲ ချစ်လိုက်ပြီးမှ သိလိုက်ရသလိုပဲ အသည်းကွဲတဲ့အခါမှာလည်း ဘယ်သူမှ ပြင်ဆင်ချိန် မရလိုက်ပါဘူး။ (ခြွင်းချက် အနည်းအပါးတော့ ရှိပါလိမ့်မယ်)။
အလွမ်းဆိုတာ ချစ်ခြင်းရဲ့ ဒုက္ခအပိုင်းမို့ နင့်သည်းစွာ ခံရဖို့ပဲပေါ့။ ဒေဒနာဆိုမှတော့ နာကျင်မှုဟာ ဆိုးဝါးစွာ ခါးသက်မှာပေါ့။ ဒါပေမယ့်လေ... အသည်းကွဲရတဲ့ ဝေဒနာဟာ ချိုမြိန်တဲ့ ဝေဒနာလည်း ရှိပါတယ်။ သစ္စာဖောက်ခံလိုက်ရတာ မဟုတ်ဘဲ ရှေ့ဆက်လို့ မရတော့လို့ နောက်ဆုတ်လိုက်ကြရတဲ့ ချစ်သူတွေရဲ့ ဝေဒနာဟာ ချိုမြိန်စွာနာကျင်တဲ့ ဝေဒနာပါ။
လူငယ်တော်တော်များများဟာ အသည်းကွဲရင် အရက်နဲ့ စိမ်တယ်လို့ ပြောလေ့ရှိတယ်။ အရက်ကို မူးအောင်သောက်ပြီး ဝေဒနာကို လမ်းလွှဲယူနည်းဖြစ်တယ်။ အဲဒီ ဆေးနည်းဟာ ကုသပုံ မမှန်ရင် ဘေးထွက်အာနိသင် ဆိုးကျိုးကြောင့် အရက်ကို စွဲတဲ့ ဝေဒနာသစ်တခုပါ ပိုလာတတ်တယ်လို့လည်း ကြားဖူးပါတယ်။ သုံးရင် သတိနဲ့ သုံးဖို့ လိုပါလိမ့်မယ်။
အနုပညာရှင်ဘ၀ကို ရွေးချယ်မယ့် သူတိုင်းအတွက်တော့ ဒီဝေဒနာဟာ တန်ဖိုးမဖြတ်နိုင်လောက်အောင် ကိုယ့်အတွက် အကျိုးရှိတဲ့ ဝေဒနာဖြစ်တယ်။ ကိုယ့် နာကျင်မှုကနေပြီး ခံစားမှုကို သူတပါးသိအောင် ခံစားရအောင် ပြန်ထုတ်ပေးဖို့ (အနုပညာကို) လက်တွေ့အသုံးချခွင့်၊ လေ့ကျင့်ခွင့် ရသွားလို့ပါပဲ။ ဒါ့ကြောင့်လည်း အနုပညာသမားတွေဟာ သူ့ဝေဒနာကို မကုစားတဲ့အပြင် ပုံကြီးတောင်ချဲ့ပြီး ခံစားကြပါသေးတယ်။ နည်းနည်း လေး ခံစားရတာကို များများခံစားရအောင် လုပ်တာ။ နာကျင်မှုကို ထပ်ကာထပ်ကာ စဉ်းစားပြီး နှလုံးသွင်းတာ။ (နာကျင်မှုလေးကို ကိုယ် ဘယ်လိုခံစားရတယ်ဆိုတာ မေ့မသွားအောင်လို့လေ)။ အနုပညာသမားအတွက်တော့ ခါးသီးတဲ့ အရသာဟာလည်း အနုပညာပစ္စည်းအဖြစ် ပြောင်းလဲသွား၊ချိုမြိန်တဲ့အရသာဟာလဲ အနုပညာပစ္စည်း အဖြစ် ပြောင်းလဲသွား၊ မုန်းတီးမှု၊ နာကြည်းမှု၊ ရယ်မောမှု ခံစားမှုတိုင်းဟာ အနုပညာပစ္စည်းတွေအဖြစ် ပြောင်းလဲသွားကြတာပါပဲ။ ဒါ့ကြောင့် အနုပညာသမားတွေဟာ ချစ်ရမှာလည်း မကြောက်ဘူး။ လွမ်းရမှာလည်း မကြောက်ဘူး။
ဒါဖြင့် အနုပညာကို စိတ်မ၀င်စားတဲ့ သာမန်လူအတွက်ကော......
သာမန်လူတွေလည်း အလွမ်းဝေဒနာကို မကြောက်သင့်ပါဘူး။ ဝေဒနာကို ကုစားတဲ့ နည်းတွေ ရှိသားပဲ။ ခရီးထွက်တာ၊ ပတ်ဝန်းကျင် အသစ်အဆန်းနဲ့ ထိတွေ့တာ၊ အလုပ်ထဲမှာ နစ်နေအောင် ကိုယ့်ကိုယ်ကို ခိုင်းတာ၊ အချိန်ရဲ့ ကုစားမှုကို ယုံကြည်စွာ ခံယူတာ။ Time heals all wounds. တဲ့။ ဟုတ်တယ်မဟုတ်လား။
အချစ်ကြောင့် ဘ၀ပျက်တယ်ဆိုတာ အချစ်ကို မသုံးတတ်သူတွေ အတွက်ပါ။ အချစ်ဟာ သတိရှိသူတွေ အတွက် ကြောက်စရာမကောင်းတဲ့အပြင် ရက်စက်ပြီး ရန်လိုတဲ့လောကထဲမှာ လုံခြုံစွာနေနိုင်ဖို့ အသုံးပြုစရာ ကရိယာလက်နက်တခုတောင် ဖြစ်နေပါသေးတယ်။ အချစ်ရှိမှ ရှင်သန်တာ။ အချစ်ဟာ လူကို ရှေ့ခြေလှမ်းတွေ အများကြီးလှမ်းဖြစ်အောင် တွန်းပို့တဲ့ တွန်းအားတခုဖြစ်တယ်။ အချစ် ပမာဏ သိပ်များတဲ့ အချိန်မှာ သတိနဲ့ ပြန်လျှော့လို့ ရပါတယ်။ ကိုယ့်ကိုယ်ကို တည်ဆောက်ဖို့ ခွန်အားဟာ ကိုယ့်ကိုယ်ထဲမှာ ရှိတာပါ။ ဒါပေမယ့် အဲဒီ ခွန်အားကို ထုတ်ယူနိုင်အောင် တွန်းပေးတဲ့ တွန်းအားတခုလိုတယ်။ အဲဒီ တွန်းအားဟာ အချစ်ပဲ။
ဒီတော့ အချစ်ဟာ မကောင်းတာ ဘာများရှိလို့လဲ။
လကို ဖမ်းဖို့ ပိုက်ကွန်ရက်နေရတဲ့ အချိန်လေးရဲ့ ကြည်နူးမိန်းမောမှုကို တခြား ဘယ်နေရာမျိုး ဘယ်အခါမျိုးမှာ ရနိုင်မှာတဲ့လဲ။ လကိုမိတော့လည်း အံမခန်း ပျော်စရာ ကြည်နူးစရာပေါ့။ လကိုမမိ ကြယ်ကိုမိတော့လည်း ကြယ်ကလေးဟာ ဘယ်လောက် ချစ်စရာ ကောင်းလိုက်သလဲ၊ ဘယ်လောက်ရင်ခုန်စရာ ကောင်းလိုက်သလဲ မဟုတ်ဘူးလား။ ကိုယ့်ကမ္ဘာကြီးတခုလုံး လှပသွားအောင် အဲဒီ ကြယ်ကလေးက အလင်းရောင် ပေးနိုင်တာပဲ။ ကြယ်ကလေးဟာ နူးညံ့လို့ သတိနဲ့ ကိုင်တွယ်ဖို့တော့ လိုမှာပေါ့။ ဒီတော့ လကိုပဲ မိမိ၊ ကြယ်ကိုပဲ မိမိ၊ အရေးမကြီးပါဘူး။ ပိုက်ကွန်လေး ရက်နေဖို့က အရေးကြီးပါတယ်။
ဒီတော့ ပိုက်ကွန်လေးတခု ရက်ကြရအောင်လား။

ဂျူး။
{ဗြူတီမဂ္ဂဇင်း၊ ၂၀၀၀ခုနှစ် နိုဝင်ဘာမှ ကူးယူဖော်ပြပါတယ်}

4 comments:

ရွှန်းမီ said...

ကျေးဇူးပါ

Naw said...

Thanks a million.
That's why I like Ju's novels very much.

အပြုံးပန်း said...

ကျေးဇူးတင်စွာနဲ့ ဆရာမ ဂျူးရဲ့စာတွေကို လင့်ခ်ချိတ်ထားလိုက်ပါတယ်။

စာဖတ်သူ said...

ရှယ်ခွင့်ပြုပါ။

လေးစားစွာဖြင့်

စာဖတ်သူ