Tuesday, September 8, 2009

အဆိပ်လူးမြား
ရေးသူ- ညီပုလေး

သူများတွေ ပူရအိုက်ရတဲ့အထဲမှာ သူက ဖလန်နယ်အနီကွက်အင်္ကျီကို ၀တ်လို့။ အင်္ကျီက သစ်သစ် လွင်လွင်လည်း မဟုတ်ဘူး။ ကုပ်က အဖာရာနဲ့။ အရောင်ကလည်း လွင့်နေပြီ။ ဒီလိုအချိန် ဒီလိုကြီး ၀တ်စားထားလို့ သတိထားမိကြတဲ့ လူတွေက အံ့သြတကြီးနဲ့ လှည့်လှည့်ကြည့် သွားကြတယ်။ သူကတော့ ဘယ်သူ့ကိုမှ ဂရုမထားမိပါဘူး။ ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်မှာ ခြေလှမ်းကျဲကြီးနဲ့ ဆက်လျှောက် လာခဲ့တယ်။ လမ်းလျှောက်ရင်း ဘာကို တွေးမိတယ်မသိ၊ တယောက်တည်း မချိတင်ကဲ ပြုံးနေမိတယ်။
ဒီဖလန်နယ်အင်္ကျီအနီလေးကို သိပ်သဘောကျတဲ့လူ။ ပြီးတော့ ဒီအင်္ကျီလေးပေါ်မှာ သံယောဇဉ်လည်း ရှိတယ်။ သူ့ချစ်မိတ်ဆွေ ဦးမဲမောင်က ပေးခဲ့တဲ့ အင်္ကျီလေး။ ဦးမဲမောင်ကိုလည်း မြောင်းမြက တိုးတိုးထွန်းဆိုတဲ့ ပုသိမ်ကောလိပ်က ကျောင်းသားလေးက ပေးခဲ့တာ။ တိုးတိုးထွန်းနဲ့ သူနဲ့လည်း ညီရင်းအစ်ကိုလို ချစ်ကြ ခင်ကြတာလေ။




'ဟင်.... ကိုမိုးကြီး.... ကိုမိုးကြီး'
သူလန့်သွားတယ်။ နာမည်ရင်း မိုးလှိုင်လို့ မခေါ်ဘဲ အိမ်သားတွေ သိပ်ရင်းတဲ့ ဆွေမျိုးသူငယ်ချင်းတွေမှ ခေါ်ကြတဲ့ နာမည် မဟုတ်လား။ ပြီးတော့ အသံကလည်း အမျိုးသမီးတယောက်ရဲ့ အသံ။ သူလှည့်အကြည့် လိုက်မှာ ပြုံးပျော်နေတဲ့ မျက်နှာပြည့်ပြည့်လှလှတခု သူ့အနားရောက်နေပြီး အမျိုးသမီးက သူ့လက်မောင်းကို ၀မ်းသာအားရ ဖျစ်ညစ်လှုပ်ယမ်းနေတယ်။
'ဟဲ့ မိဦး.... သန္တာဦး' သူလည်း ရုတ်တရက် ပျော်သွားတယ်။ အံ့လည်းအံ့သြသွားမိတယ်။ အံ့သြတာမှ အတော်ကို အံ့သြသွားတာ။ သူတို့နှစ်ယောက် ပြန်ဆုံကြပုံကို ကြည့်ပြီးနံဘေးက မြင်ရတဲ့သူတွေကိုပါ အပျော်ကူးစက် သွားစေတယ်။ တော်ရုံတန်ရုံ စိတ်ညစ်နေတဲ့သူတွေတောင်မှ ဒီမြင်ကွင်းကို မြင်ရင် စိတ်ညစ်နေ တာတွေ ခဏမေ့သွားလောက်တယ်။
ဒေါ်သန္တာဦးက ဦးမိုးလှိုင်ရဲ့ လက်မောင်းကို ပိုင်စိုးပိုင်နင်း ခပ်ရဲရဲဆွဲခေါ်ရင်း ပါးစပ်ကလည်း '၀မ်းသာလိုက်တာ ကိုမိုးကြီးရယ်' ဆိုတာ ဘယ်နှစ်ခါ ရှိနေပြီလဲ မသိဘူး။
ဦးမိုးလှိုင်က ဒေါ်သန္တာဦးထက် အသက်သုံးနှစ်လောက် ကြီးတယ်။ အတန်းကတော့ တတန်းပဲ ကြီးတာ။ သန္တာဦး တက္ကသိုလ်လာတက်တော့ အဆောင်မရလို့ မိုးလှိုင်တို့အိမ်ကနေ ကျောင်းတက်ခဲ့ရတာ။ ဘာသာရပ် ချင်းတော့ မတူကြဘူး။ သူတို့ မိဘချင်းက စီးပွါးဖက်တွေလေ။ ဆွေမျိုးမိသားစု သစ်ပင်ကြီးရဲ့ ဟိုဘက်ကိုင်းအဖျား ဒီဖက်ကိုင်းဖျား ဆိုပါတော့။
သန္တာဦးက ကျောင်းတုန်းက အလှသရဖူ ဆောင်းကြသူတွေထဲမှာတော့ မပါရှာဘူး။ ဒါပေမယ့် ဆွဲဆောင်မှု ရှိတာကြောင့် ကျောင်းသားတွေ အတော် စိတ်ဝင်စားခံရ၊ မိတ်ဆွေဖြစ်ချင်သူတွေ များတဲ့သူ တယောက်။ မည်းနက် ရှည်လျားတဲ့ သူ့ဆံပင်တွေကြောင့်လို့ ပြောရုံနဲ့ မလုံလောက်ပေဘူး။ သာမန် မိန်းမသားတွေထက် နည်းနည်းပိုမြင့်တဲ့ သူ့အရပ်အမောင်းကြောင့်ရယ်၊ ထူထဲတဲ့ မျက်ခုံးတွေနဲ့ တည်ကြည်ရွှန်း လက်နေတဲ့ သူ့မျက်ဝန်းတွေကြောင့်လို့ ပြောရမှာပဲ။ တချို့က အိနြေ္ဒကြီးတာကြောင့်နဲ့ ၀င်းမွတ်တဲ့ အသားအရေ ကိုပါ ထည့်ချင်ကြလိမ့်ဦးမယ်။ အားလုံးတညီတညွတ်တည်း သဘောကျကြတာကတော့ သူ့ရဲ့ မထူမပါး နှုတ်ခမ်း ရဲရဲလေးပါ။
'ဘယ်နေ့က အပြင်ရောက်လာတာလဲဟင် ကိုမိုးကြီး'
ကျောင်းသားဘ၀ကို ပြန်ရောက်နေတဲ့ ဦးမိုးလှိုင်က အတွေးစတွေကို ပြန်ရုတ်သိမ်းလိုက်ရင်း 'ဒီနေ့ပဲဟ၊ နင် အရင်လိုပဲ မိဦး ဘာမှ မပြောင်းလဲဘူးပဲ။ မဆိုသလောက်တော့ ၀လာတယ်' လို့ ပြောပြီးမှ သူ့စကားထဲမှာ အမှားပါသွားသလားလို့ ပြန်စဉ်းစားနေရတယ်။
'ကိုမိုးကြီးကတော့ နည်းနည်းပိန်သွားတယ်' ဒေါ်သန္တာဦးက သူ့စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောလိုက်တာပါ။ တကယ်တော့ သူတော်တော့်ကို ပန်ကျသွားတာပါ။ တော်ရုံခင်မင်တဲ့သူတွေ မမှတ်မိနိုင် လောက်အောင် ပိန်သွားတဲ့သူပေါ့။
'မန္တလေးကို ဘယ်နေ့လောက် ပြန်မှာလဲ'
သူက မဆိုင်းမတွဘဲ 'အခုဘူတာသွားမှာ၊ ရတဲ့ရထားနဲ့ ပြန်မှာ'
'တရက်လောက်တော့ နေသွားပါဦး ကိုမိုးကြီး၊ ပြန်ချင်လှပြီလား' ဒေါ်သန္တာဦး စကားပြော မှားသွားသလို ဖြစ်သွားတယ်။
'အိမ်နဲ့ဝေးနေတာ ဆယ်နှစ်ကျော်ခဲ့ပြီ မိဦးရဲ့၊ နင်ကိုယ်ချင်းမစာဘူး' ဒေါ်သန္တာဦးက ဇက်ကလေး အသာပုပြီး အိနြေ္ဒနဲ့ ရှက်နေရှာတယ်။ အဲဒီလို ရှက်နေလိုက်တာလဲ ငယ်ငယ်တုန်းကလိုပဲလို့ သူပြန်သတိရနေ တယ်။
'ရထားလက်မှတ်အတွက် ကျွန်မတာဝန်ထားလိုက်၊ အိမ်ကိုတော့ ခဏလိုက်ခဲ့ဦး၊ ကိုကိုစန်းနဲ့လည်း မိတ်ဆွေ ဖြစ်ရအောင်လို့'
ရထားလက်မှတ်ကိစ္စကတော့ ဦးမိုးလှိုင်အဖို့ နားဝင်ချိုပေမယ့် ကိုကိုစန်းနဲ့ မိတ်ဆွေဖြစ်ရအောင်လို့ ဆိုတာကြီးက သူ့စိတ်ထဲမှာ အနှောက်အယှက်လိုလို ဖြစ်နေတယ်။ ဦးမိုးလှိုင် ငြင်းဖို့ အတော်ခက်နေတယ်။
ဒါနဲ့ပဲ သူ သန္တာဦးရဲ့ ကားပေါ်မှာ ပါလာခဲ့တယ်။ ကားပေါ်တက်ခါနီး ကားတံခါးကို ဘယ်လိုဖွင့်ရမှန်း မသိတာနဲ့ ကျင့်ဝတ်သိတဲ့လူလိုလို ဘာလိုလို လုပ်နေရသေးတယ်။ ကားသမားလေးက အတွင်းက ဖွင့်ပေးမှ သူကားပေါ် ရောက်တော့တာပေါ့။
ကျောင်းမှာတုန်းက မိုးလှိုင်က သန္တာဦးဟာ သူ့နှမတ၀မ်းကွဲတော်တယ်လို့ ပြောထားလို့ သူ့ကို ယောက်ဖတ၀မ်းကွဲလို့ ခေါ်ကြတဲ့သူတွေ ရှိတယ်။ တနေ့ကျတော့ သန္တဦးဆီက အစ်ကိုတ၀မ်းကွဲမဟုတ်ပါဘူး၊ လေးငါးဝမ်းကွဲပါလို့ ဆိုတဲ့အသံ ထွက်လာတော့ မိုးလှိုင်နားမလည်တတ်တော့ဘူး။ အတွေးရခက်သွားတယ်။ ဒီကောင်မလေး ဘာလို့ ဒီလို ပြောတာပါလိမ့်လို့ စဉ်းစားစရာ ဖြစ်လာတယ်။
အဲဒီတုန်းက သန္တာဦးနဲ့ သိပ်ပြီး ရင်းနှီးခင်မင်ချင်ကြသူတွေထဲမှာ မြင်းခြံက မြင့်အောင်က အသည်းဆုံး။ မြင့်အောင်က ပညာသားပါပါရော၊ အသလွတ်ရော ချဉ်းကပ်တာပါပဲ။ မိုးလှိုင်အနေကတော့ ရုပ်ရည်ရော ပညာအရည်အချင်းပါ မြင့်အောင်ကို ဘာမှ ပြောစရာ မလိုပေမယ့် မြင့်အောင်ကို သန္တာဦးက တူးတူးခါးခါးပဲ။ ပြောစရာဆိုလို့ ယူတီစီဝတ်စုံကို မချွတ်တမ်းလိုလို ၀တ်ထားတာပဲ သူမြင်မိတယ်။ ဒိပြင် ချဉ်းကပ်ကြတဲ့လူတွေ ရှိပေမယ့် မြင့်အောင်လောက် မျက်နှာမပြောင်ရဲကြဘူး။ တကယ်တော့ အဲဒီအချိန်က မိုးလှိုင်ကလည်း သူ့ကိုယ်သူ ကောက်ရိုးပုံစောင့်များ ဖြစ်နေသလားလို့ ပြန်တွေးကြည့်မိတယ်။ သူကလည်း သူ့နှမလေးကို ဘယ်သူနဲ့မှ ရင်းနှီး ကျွမ်းဝင် မဖြစ်စေချင်ဘူး။ တွန့်တိုစိတ်ရှိတာတော့ ၀န်ခံရလိမ့်မယ်။ ပြီးတော့ သူတို့ အနေနီးခဲ့ကြတယ်လေ။ မိဦးရဲ့ နုပျို လှပမှုက အထွတ်အထိပ်ကာလတွေ မဟုတ်လား။
အခုတော့ သူက နှမတ၀မ်းကွဲတော်တယ်လို့ ပြောခဲ့ပေမယ့် မဟုတ်ပါဘူး၊ လေးငါးဝမ်းကွဲပါ ဆိုသူလေး က ဦးကိုကိုစန်းဆိုတဲ့ တချိန်က မြန်မာ့လက်ရွေးစင် ဘောသမားတယောက်ရဲ့ ဘ၀အဖော်မွန် ဖြစ်နေရှာတယ်။
သူက ကားပေါ်ထိုင်နေရင်း ရန်ကုန်မြို့ကို မျက်စိလည်နေတယ်။ မိဦး ငါတို့ ဘယ်မြို့နယ်ထဲ ရောက်နေတာ လဲ။ သူက ပြူးပြဲနေတဲ့ ရောင်စုံဆိုင်းဘုတ်တွေ တိုက်အမြင့်ကြီးတွေ ငေးရင်း မေးမိတယ်။ မီဦး ဒါက ဘာလမ်းလဲ၊ ဒါကရော မေးဖန်များလို့ ကားမောင်းတဲ့လူငယ်က နောက်ကြည့်မှန်ထဲကနေ သူ့ကို ဘယ်လိုလူလဲဟ ဆိုတဲ့ အကြည့် စူးစမ်းတဲ့အကြည့်နဲ့ လှမ်းကြည့်တယ်။
ကားပေါ်မှာပါတဲ့ ဂျာနယ်တွေထဲက တစောင်ကို ကောက်ဖတ်လိုက်တော့ ပတ်ဝန်းကျင်ကို သိပ်မကြည့်ဖြစ်တော့ဘူး။ ဂျာနယ်က တခါတလေ မျက်လုံးခွါမိမှ ပတ်ဝန်းကျင်ကို ခဏလှမ်းကြည့်လိုက်ပြီးတော့ မျက်လုံးက ဂျာနယ်ဆီ ပြန်ရောက်သွားပြန်တာပါပဲ။ စာတွေ ငတ်လွန်းလို့ သူများတကာ လွှင့်ပစ်ထားတဲ့ ဆေးလိပ်အတိုတွေ စုပြီး ဆေးချေးစော် အနံခံပြီး ဆေးလိပ်ဖင်စီခံတွေ ဖြေဖတ်ခဲ့ရတဲ့ သူပဲ။ အခုလို ဂျာနယ်တစောင်ကို ဟန်ကျပန်ကျ ဖတ်ရတော့ ကျန်ခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေကို သတိရမိတယ်။ ပြီးတော့ ဂျာနယ်ကလည်း အားကစား ဂျာနယ်တစောင်။ ကမ္ဘာ့ဖလားတုန်းက ခြေစွမ်းပြခဲ့တဲ့ ကမ္ဘာကျော်တိုက်စစ်မှူးတွေရဲ့ ဓာတ်ပုံတွေနဲ့ ဆောင်းပါး။ ကုက္ကိုင်းကလပ်က ကာယအလှမယ်ရွေးပွဲမှာ ဆုရတဲ့သူတွေ၊ မြန်မာ့လက်ရွေးစင် ဘောသမားတွေရဲ့ အားကြိုးမာန်တက် ယှဉ်ပြိုင်နေပုံတွေ။ ဂျာနယ်က လွန်ခဲ့တဲ့ တလလောက်က ဂျာနယ် အဟောင်းပေမယ့် သူ့အတွက်တော့ အဆင်ဆန်းတဲ့ လိုချင်စရာ လေဘေးတထည်လို ဖြစ်နေတယ်။
မျက်လုံးက မျက်မှန်တောင်းဆိုနေတဲ့ မျက်လုံးမို့ ဂျာနယ်ကို မျက်လုံးနဲ့ ခပ်ဝေးဝေး ထားဖတ်ရတယ်။ တောက်လျှာက်လည်း ကြာကြာမဖတ်နိုင်လို့ ခဏအနားလိုက်မှာ စက်ဘီးမစီးရ၊ စက်ဘီးပေါ်မှ ဆင်းတွန်းပါဆိုတဲ့ ဆိုင်းဘုတ်လေးကို တွေ့လိုက်တယ်။ ကားလေးက နိုင်လွန်ကတ္တရာလမ်းပေါ်မှာ ခြေသံလုံလုံနဲ့ ပြေးနေတယ်။
သူ့ စိတ်တွေက ဟိုဒီအနှံ့ ပြေးလွှားနေတယ်။ တွန့်လိမ်နေတဲ့ သတ္တုပန်းကန်ပြားပေါ်က စပါးလုံးနိုင်းချင်းနဲ့ ထမင်းနီကျန်ကျန်တွေကို မြင်ယောင်ပြီး သူအံတွေ တင်းတင်းကြိတ်မိရဲ့။ မြက်ခင်းပေါ် မနင်းရဆိုတဲ့ ဆိုင်းဘုတ်လေးကို သူလည်ပြန်ကြည့်လိုက်ဖို့ မလိုပဲ ကြည့်နေမိတယ်။ ကားစီးရင် မမူးတတ်ပေမယ့် ကားမစီးရတာ ကြာလို့ပဲလား၊ စိတ်ထဲမှာ ပင်ပန်းလေးလံ တင်းကြပ်နေလို့ပဲလားမသိ။ သူ့ခေါင်းတွေ မူးဝေနေတယ်။
ကားဆိုက်ဆိုက်ချင်း သူများဝတ်ပြီးသား အင်္ကျီအကျလေး ၀တ်ထားတဲ့ ကောင်မလေးတယောက်က ဒေါ်သန္တာဦးလက်ထဲက ဈေးဆွဲခြင်း ဆီးကြိုယူပြီး ပြေးသွားတယ်။
ဦးကိုကိုစန်းက ဈေးအပြန်နောက်ကျတဲ့ ဇနီးကို ဆင်ဝင်အောက်အထိ ထွက်ကြိုတယ်လေ။
'ကိုကိုစန်း ကိုမိုးကြီးလေ၊ ဒီနေ့ပဲ ထွက်လာတာ၊ ဈေးနားမှာ သန္တာနဲ့တွေ့လို့ ခေါ်လာတာ'
ဦးကိုကိုစန်းက သူ့ကို ဖော်ရွေတဲ့ အပြုံးနဲ့ ပြုံးပြနေတယ်။ သူကတော့ ဦးကိုကိုစန်းဆိုတဲ့လူကို တွေ့လိုက်ရကတည်းက စိတ်ပျက်သွားမိတယ်။
'လူကို အခုမှ မြင်ဖူးပေမယ့် နာမည်ကတော့ သန္တာက ခဏခဏ ပြောနေတာနဲ့ ကြားဖူးနေတာ ကြာပါပြီ' သူက ကမ်းလိုက်တဲ့လက်ကို ဆွဲပြီးနှုတ်ဆက်ရင်း 'တွေ့ရတာ ၀မ်းသာပါတယ်' လို့ ပြောရင်း ရေဆာသလိုလို ဖြစ်လာတယ်။
အညာသားတယောက်နဲ့ အကြေသားတယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။ အကြေသားလက် က အသားဖြူဖြူ၊ အညာသားလက်က ခပ်ညိုညို၊ ဒါတောင်နေရိပ်ထဲမှာ အကြာကြီး နေခဲ့ရတဲ့သူ။ အကြေသားရဲ့လက်က အေးစက်နေပြီး အညာသားရဲ့ လက်က ပူနွေးနေတယ်။ ဆယ်စုနှစ်တခုလောက် ဖြဲနေကျ သွားဖြဲလေး သူဖြဲလိုက်မိတယ်။
မျက်လုံးတွေကို ဦးမိုးလှိုင် သဘောမကျလှဘူး။ ဆင်မျက်လုံးနဲ့ တူသလိုလို မြေခွေးမျက်လုံးနဲ့ တူသလိုလို။ ဦးကိုကိုစန်းက သူထင်ထားတဲ့ ရုပ်ရည်နဲ့ တခြားစီ ဖြစ်နေတယ်။ သူ့ထက် အရပ်နည်းနည်း ပုသွားသလိုပဲ။ အရင် သတင်းစာတွေထဲမှာ နိုင်ငံခြားသွားပြီး ဘောကစားကြတဲ့ ဓာတ်ပုံတွေမှာ ဒိထက်ပိုပြီး မြင့်သလားလို့။ ပြီးတော့ ခန္ဓာကိုယ်မှာအဆီတွေ အသားပိုတွေနဲ့။
ဦးကိုကိုစန်းက ဦးမိုးလှိုင်ကို မိသားစုနဲ့ပဲ အေးအေးဆေးဆေးပဲ နေထိုင်သွားဖို့ ပြောမယ်လို့ပဲ။ တယောက်နဲ့တယောက် အကြည့်ချင်း ဆုံရင်း၊ ဟိုလူတွေရဲ့ မျက်လုံးတွေကို ကြည့်ပြီး သူပြောချင်တဲ့စကားက ထွက်မလာတော့ဘူး။ ဟိုလူရဲ့ မျက်လုံးတွေကလည်း သိမ်းငှက်တကောင်ရဲ့ မျက်လုံးလိုပါပဲလား။
ဧည့်ခန်းထဲမှာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ စတဲ့ နိုင်ငံတွေက အမှတ်တရ ပစ္စည်းလေးတွေ၊ ဘောလုံးအဖွဲ့ချုပ်တွေရဲ့ အထိမ်းအမှတ် အလံလေးတွေနဲ့ ဧည့်ခန်းက ဝေစည်နေတယ်။ မင်္ဂလာဦးတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံထဲမှာတော့ သတို့သား အစွမ်းကုန်ပြုံးထားပေမယ့် သတို့သမီးက မျက်နှာသေလေးနဲ့။ ပြီးတော့ တောင့်တောင့်ကြီး ရပ်နေရှာတယ်။
ဧည့်ခန်းဖိနပ်ချွတ်မှာ သူချွတ်ထားခဲ့တဲ့ ခြေချောင်းရာတွေ ထင်နေတဲ့ မြင်းကြယ်ဖိနပ်တရံ၊ ဦးကိုကိုစန်းရဲ့ ကတ္တီပါသည်းကြိုးနဲ့ ဖိနပ်တရံတို့က တရံနဲ့တရံ အံ့သြတကြီးနဲ့ ကြည့်နေကြတယ်။ မြင်းကြယ်ဖိနပ်ရဲ့ သည်းကြိုးက ကြွပ်ကြွပ်အိတ် ပလပ်စတစ်အိတ်တွေကို နန်းဆွဲပြီး သည်းကြိုးဖြစ်အောင် ထိုးထားတာမို့ ကတ္တီပါဖိနပ်အနက် လေးက မြင်းကြယ်ဖိနပ်ကို ကြည့်ပြီး ရွံနေတယ်။
သူကတော့ အားကစားစာစောင်တွေ တထပ်ကြီးကြားမှာ သူ့မျက်နှာကို မြှုပ်ထားလိုက်တယ်။ ဆောင်းပါးရှင် အသစ်တွေ၊ ကြော်ငြာဒီဇိုင်းအဆန်းတွေ၊ အမျိုးသမီးအားကစားကဏ္ဍအသစ်တွေ သူ့အတွက်တော့ အားလုံး အသစ်အဆန်းတွေချည်းပဲ။ လက်တိုလက်တောင်းခိုင်းတဲ့ ကလေးမလေးက သူ အမျိုးအမည် မခေါ်တတ် တဲ့ ဇီးဖျော်ရည်ရောင် အချိုရည်တခွက် လာချပေးသွားတယ်။
ဒေါ်သန္တာဦးက ပြောလိုက်လို့ ထင်ပါရဲ့။ သူ့ခင်ပွန်းက မီးရထားဌာနကို တယ်လီဖုံးဆက်နေသံ ကြားရတယ်။ ခဏကြာတော့ အဖြူရောင် ဖျော့ဖျော့ပေါ်မှာ အနီကွက်တွေ ဖော်ထားတဲ့ ခန်းဆီးကို ဖယ်ပီး ဦးကိုကိုစန်း ဧည့်ခန်းထဲ ၀င်လာတယ်။
'ရထားလက်မှတ်အတွက် ဘာမှမပူပါနဲ့၊ ကျွန်တော်ပြောထားပြီးပြီ' တဲ့။ မြန်မာလက်ရွေးစင်ဘောသင်း ဦးမော့လာနေတဲ့အကြောင်း ဆောင်းပါးကနေ မျက်နှာခွါပြီး သူဦးခေါင်းညိတ်ရင်း 'ဟန်ကျတာပေါ့' လို့ ပြန်ပြောလိုက်တယ်။
ဦးကိုကိုစန်းက ထရက်ဆု အစိမ်းရွှင်ကို သားသားနားနား ၀တ်ဆင်ထားတယ်။ စံချိန်ယူတဲ့ နာရီတလုံးကိုလည်ပင်းမှာ ပိုးကြိုးအနီလေးနဲ့ ဆွဲထားတယ်။
'ရေမိုးချိုးလိုက်ဦး၊ ညနေစာ စားပြီးမှကျွန်တော်တို့ ဘူတာ လိုက်ပို့ပေးမယ်။ လွတ်လွတ်လပ်လပ်သာနေ၊ ဘာမှ အားမနာနဲ့နော်။ ကျွန်တော့် ဘော့လုံးအသင်းကို ထရိန်နင် ပေးစရာ ရှိသေးတယ်'
သူကတော့ ထုံးစံအတိုင်း သွားဖြဲလေးနဲ့ ရယ်နေလိုက်တယ်။
'ပျင်းနေရင်လည်း ဘောကွင်းဘက် အညောင်းပြေ လျှောက်ခဲ့ပါဦးလား'
'ဟုတ်ကဲ့၊ ခင်ဗျားဇနီးက ဘာအစီအစဉ်တွေ ဆွဲထားလဲ မသိဘူး'
ဦးကိုကိုစန်းက ဗင်ကားလေးပေါ် အရောက်မှာ
'ကိုကိုစန်း စောစောပြန်ခဲ့နော်၊ ငါးဘတ်မွှေချက် ချက်ထားတယ်' လို့ လှမ်းအော်ပြောသံ ကြားလိုက်လို့ ဟိုလူက ကားပေါ်ကနေ လည်ပြန်ပြုံးပြရင်း ထွက်သွားတယ်။
ငါးဘတ်မွှေချက်ဆိုပါလား။ သူသိတ်ကြိုက်တဲ့ ဟင်းပဲ။ ဈေးခြင်းထဲမှာ ကြက်တကောင်တွေ့လိုက်ပါရဲ့နဲ့ မိဦးက သူကြိုက်တတ်တဲ့ ငါးဘတ်မွှေချက်ကို ချက်လိုက်လေသလား။ သူ ငါးဘတ်မွှေချက်ကြိုက်တာကို မိဦး မှတ်မိနေတာကိုပဲ အံ့သြရမလား။ ဒါမှမဟုတ် တိုက်ဆိုင်မှု တခုများလား။
ဂျာနယ်ကို ဖတ်နေရင်း သူ့ဆီ ခြောက်လတခါ ခုနှစ်လတခါ တကူးတကန့် လာလာတွေ့တဲ့ ဇနီးသည်ရဲ့ မျက်နှာလေးကို မြင်ယောင်နေရှာတယ်။ ပြီးတော့ ဘာလေးတွေ ထုခွဲလာမှန်း မသိနိုင်တဲ့ စားစရာလေးတွေ။ ငါးပိကြော်၊ ပဲကြော်၊ သရက်သီးဆီစိမ်၊ ထန်းလျက်တွေဟာ သမီးလေးရဲ့ နားဆွဲလေးလည်း ဖြစ်နိုင်တယ်။

xxxx xxxx xxxx xxxx

သူတို့နှစ်ယောက် စကားတပြောပြောနဲ့ ဘောလုံးကွင်းဘက်ကို လျှောက်လာကြတယ်။ ဒေါ်သန္တာဦးက ရေချိုးပြီး သနပ်ခါးရေကျဲလေး လူးထားတယ်။ စပို့ရှပ် အနက်ကလေးကို ၀တ်လို့၊ ကော်လာအနက်ပေါ်မှာ အဖြူနဲ့ အနီလိုင်းလေးက အနားသတ်ထားတယ်။ သူက မိဦး စပို့ရှပ်ဝတ်လေ့မရှိပဲ အခုမှ မြင်ရလို့ အံ့သြနေတယ်။ ထဘီက အဖြူများများ အပြာအရင့်ခက်တွေ ယှက်ထားတဲ့ ပါတိတ်ကို ဆင်ထားတယ်။ သူကတော့ မိဦးနဲ့တွေ့စ နေ့လည်ကအတိုင်းပဲ။ မျက်နှာမှာ အဆီတွေ ပိုပြန်နေတာပဲ ပြောစရာ ရှိရဲ့။
နှစ်မိနစ်လောက်ပဲ လျှောက်လိုက်ရတယ်။ သူတို့ ဘောလုံးကွင်းဆီ ရောက်သွားကြတယ်။ ကွင်းထဲမှာ ဘောသမားတွေ လေ့ကျင့်နေကြတယ်။ ဦးကိုကိုစန်းရဲ့အသံကို အဝေးကနေ ကြားနေရတယ်။ သူတို့ လာတာကို မြင်တော့ ဦးကိုကိုစန်းရဲ့အသံက ပိုကျယ်လာသလိုပဲ။ ဘောသမားတွေခမျာ ပိုပြီး လေ့ကျင့်ရရှာတယ်။ တခါတခါမှ လက်ထောက်နည်းပြဆရာရဲ့ အသံကို ကြားရရဲ့။
သူက ဘောကွင်းကို မြင်လိုက်ရကတည်းက လူငယ်လေး ပြန်ဖြစ်သွားတာ၊ မြို့မအသင်းမှာ ရခဲ့တဲ့ လက်ခုပ်သံတွေ၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးမှာ ကစားတုန်းက အော်ဟစ်အားပေးသံတွေ (ဆဲသံတွေ လည်းပါ)၊ တက္ကသိုလ်ဘောအသင်းရဲ့ အောင်မြင်မှုတွေ သူပြန်မြင်ယောင်နေတယ်။ လက်ဆွဲနှုတ်ခံခဲ့ရ၊ ပန်းစည်းတွေ၊ ပန်းကုံးတွေ၊ ဆုတံဆိပ်တွေ ဝေစည်နေတဲ့ အချိန်တွေပေါ့။
ဘောသမားနှစ်ယောက် လေ့ကျင့်ကြရင်း မတော်တဆ ခိုက်မိသွားလို့ လဲကျသွားတဲ့ ဆီကို ဦးကိုကိုစန်းနဲ့ သူ့လက်ထောက်တို့ အပြေးသွားကြည့်ကြတယ်။
သူတို့ကတော့ ပွဲကြည့်စင်ရဲ့ အရိပ်တနေရာက ရပ်ကြည့်နေကြတယ်။
သူက မန္တလေးမှာရှိတဲ့ ဘောကစားကွင်းဆိုရင် မကစားဖူးတဲ့ကွင်း မရှိသလောက်ပဲ။ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ မြစ်ငယ်၊ သာစည်၊ စဥ့်ကူး၊ သပိတ်ကျင်း၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မိတ္ထီလာ စတဲ့ မြေလတ်ပိုင်းက ကွင်းတွေလည်း မကျန်သလောက်ပဲ။
သူက ဘောသမားတွေကို ငေးရီကြည့်နေချိန်မှာ ဒေါ်သန္တာဦးက စိပ်ပုတီးလေးကိုစိပ်ရင်း ကွင်းဘက်ဆီ ကြည့်နေတယ်။ သူက မိဦးရဲ့ ပြောင်းလဲနေပုံတွေ စဉ်းစားရင်း နင်ဘာတွေ တတွတ်တွတ်ရွတ် နေတာတုန်းလို့ မေးမယ်လုပ်ပြီးမှ အာရုံပျက်သွားပါလိမ့်မယ်လို့ တွေးမိပြီး မမေးတော့ဘူး။
ဘောသမားတွေ ၀တ်စားပုံက သူတို့ခေတ်နဲ့ မတူကြတော့ဘူး။ ဘောင်းဘီပွပွတွေကို ဒူးဆစ်နားထိ ရှည်ရှည်ဝတ်ထားကြတယ်။ အင်္ကျီတွေက အရောင်ပိုစုံလာတယ်။ အင်္ကျီပေါ်မှာ စီးပွါးရေးကြော်ငြာကုမ္ပဏီ နာမည်တွေနဲ့။ ဘောကန်ဖိနပ် အမျိုးကောင်းတွေ စီးထားတယ်။
ဘောသမားတွေကို ကြည့်နေပေမယ့် သူ့ကို အတိတ်ဆီကို အတွေးက ပြန်ပြန်ခေါ်သွားတယ်။ နုပျိုတက်ကြွနေတဲ့ ဘောသမားလေးတွေကို အားကျစိတ်နဲ့ ကြည့်နေမိတယ်။ သူ့ကိုသူ ပြန်ကြည့်မိတော့ သူက အကျပိုင်း ရောက်နေပြီ။ သူ့မှာ ခွန်အားမရှိတော့ဘူး။
သူတို့ နည်းပြဆရာတွေက အားမလိုအားမရဖြစ်ပြီး လှမ်းအော်လိုက်သံနဲ့အတူ ဆဲသံပါ တပါတည်း ကြားလိုက်ရတယ်။ ဒေါ်သန္တာဦးလဲ ကြားလိုက်တယ်ထင်ရဲ့။ သူ့ကို အားနာဟန်မျက်လုံး တချက်ဝေ့ကြည့်လိုက် တယ်။ ဘောသမားတွေက တဖက်က ပစ်ပေးနေတဲ့ ဘောလုံးကို ခေါင်းတိုက်ကြဖို့ တန်းစီနေကြတာကို သူက ငါးပိစိမ်းကလေး တကော်အတွက် နေပူထဲမှ တန်းစီနေရတာကို ပြန်မြင်ယောင်နေတယ်။
ဘောသမားတွေ အကုန်လောက်နီးနီး သူဂျာနယ်တွေထဲမှာ တွေ့ခဲ့ဖူးသူချည်းပဲ။ နာမည်တွေကိုတော့ သူမမှတ်မိတော့ဘူး။ နာမည်တွေက သုံးလုံးမှည့်ကြတာ များတယ်မဟုတ်လား။
ဘောသမားတချို့ရဲ့ နာမည်ကိုရော လူကိုပါ ဒေါ်သန္တာဦးက သိနေတယ်။ ဟိုနံပါတ်ကိုးက ဘယ်သူ၊ နံပါတ်သုံးက ဘယ်ဝါ၊ နံပါတ်လေးက ဘယ်လို အလားအလာရှိတာ။ သူက တကယ့် ၀ါရင့် ပွဲကြည့်ပရိသတ် လေသံ။ ပင်တိုင်ဆောင်းပါးရှင် စတိုင်မျိုးနဲ့ သူ့ကို ပြောပြနေတယ်။ သူ့အဖို့ အံ့သြစရာချည်းပဲ။
သူကတော့ တချို့ ဘောသမားတွေကို သူနဲ့ တကြမ်းထဲ အတူ အိပ်ခဲ့တဲ့ နွားခိုးလေးတွေ၊ သာတီဒီလေးတွေ၊ ရေနံအပကလေးတွေနဲ့ တူသလိုလို ခံစားနေမိတယ်။
ဦးမိုးလှိုင် သေကောင်ပေါင်းလဲ နေမကောင်းတုန်းက ကိုယ်ဖိရင်ဖိ ပြုစုဖူးတဲ့ အောင်လံက အောင်မျိုးမြင့်နဲ့ ဂျာစီနီနဲ့ ကောင်လေးနဲ့ ရုပ်ချင်းသိပ်ဆင်ကြတယ်။ ညီအကိုဆိုရင် ယုံလောက်တယ်။
သူတို့နှစ်ယောက်အပြင် ဒိပြင်ခပ်လှမ်းလှမ်းမှာလည်းလေံနေကြပုံကို လာကြည့်ကြတဲ့ ပရိသတ်တွေ ရှိနေတယ်။ ၀င်သင့်ဝင်ထိုက်တဲ့ ဘောကို ဂိုးသမားက အစွမ်းပြကာကွယ်လိုက်တာကို တွေ့ပြီး သူ့ကိုယ်က တွန့်ကနဲ့ ဖြစ်သွားမိတယ်။
ဒေါ်သန္တာဦးကတောင် ပါးစပ်က ရွတ်နေတာ ရပ်သွားပြီး ဟာခနဲ အသံထွက်သွားမိတယ်။ ဦးကိုကိုစန်းက ဂုဏ်ယူတဲ့မျက်နှာနဲ့ သူတို့ဘက်လှည့်ပြီး ပြုံးပြလိုက်တယ်။ ခဏနေတော့ ခရာသံရှည် ပေါ်လာပြီး သူတို့ အနားရသွားကြတယ်။
သူ့လက်ထောက်ရော ဦးကိုကိုစန်းပါ သူတို့ ရှိရာကို လျှောက်လာကြတယ်။ မြက်ခင်းပေါ်မှာ ထိုင်ပြီး အနားယူနေကြတဲ့ ဘောသမားတွေအကြောင်းကို တယောက်ချင်း ဦးကိုကိုစန်းက ပြောပြနေတယ်။ လက်ရှိ မြန်မာ့လက်ရွေးစင်တွေ၊ လူငယ်လက်ရွေးစင်တွေနဲ့ လက်ရွေးစင်ဟောင်း ပူပူနွေးနွေးတွေက အများစုပဲ။ သွေးသစ်က သုံးယောက်လောက်ပဲ ပါတယ်။
လက်အိပ်လှလှကလေးစွပ်ထားတဲ့ ဂိုးသမားကိုတော့ ဦးကိုကိုစန်း စန်းအတင်ဆုံး။ ကျွန်တော်တို့ နိုင်ငံအတွက် ဂုဏ်အကြိမ်ကြိမ်ဆောင်ခဲ့တာပေါ့။ အသရေ ခဏခဏဆယ်ခဲ့တာ သူပဲတဲ့။ တနေရာဆီက နာရီသံချောင်း ခေါက်သံကြားရတယ်။ ဒေါ်သန္တာဦးက ငါးမတ်တင်းလို့ ပြောပေမယ့် သူက လေးနာရီ သုံးမောင်းလို့ ဘာသာပြန်မိသွားတယ်။
လက်ထောက်နည်းပြဆရာက အချိန်တိတိကျကျပဲ။ ခရာရှည်ကို မှုတ်လိုက်တယ်။ ဘောသမားတွေက မြင်ခင်းပေါ်က အထနှေးရင် နောက်ကျရင် လစာဖြတ်ခံရတော့မယ့် ပုံစံအတိုင်း။ ခရာသံကြားကြားချင်း အမြန်ထလိုက်ကြတယ်။ သူကတော့ ဒီအချိန်ဆိုရင် ကျန်ခဲ့တဲ့ သူ့မိတ်ဆွေတွေ ဘာလုပ်နေကြပါလိမ့်လို့ တွေးနေမိတယ်။
ဘောသမားတွေက ဘောအထိန်းအသိမ်း ကောင်းစေတဲ့ လေ့ကျင့်ခန်း လုပ်သူကလုပ်၊ တချို့ကလည်း ကန်ချက်မှန်အောင်လေ့ကျင့်ကြ၊ တချို့ကလည်း ခေါင်းတိုက်လေ့ကျင့်နေကြတယ်။ သူများတွေမှာ ဘောလုံး ရှာပါးချင် ရှားပါးပါးမယ်။ ဒီမှာတော့ ဘောလုံးတွေက အများကြီး။
ဒေါ်သန္တာဦးက ဦးမိုးလှိုင်တို့အိမ်ကနေ ကျောင်းတက်ခဲ့ပုံ၊ ဦးလေးတို့ ဒေါ်ဒေါ်တို့က သူ့ကို စောင့်ရှောက်ကြပုံတွေ၊ အိမ်မှာ ရေပြတ်တဲ့အခါ ကိုမိုးကြီး ရေစည်လှည်းသွားဆွဲပေးခဲ့ပုံတွေ ပြန်မြင်ယောင် နေတယ်။
ပြင်းထန်တဲ့ လေ့ကျင့်ခန်းအရှိန်ကို လျှော့ချလိုက်ပြီ။ ပေါ့ပါးတဲ့ လေ့ကျင့်မှုကလေးတွေကို နည်းပြတွေ ပြောင်းပြီး လေ့ကျင့်ခိုင်းလိုက်တယ်။
ဦးကိုကိုစန်းက သူတို့ကွင်းထဲထိ လာဖို့ လှမ်းခေါ်နေပါပကော။ သူနဲ့ ဒေါ်သန္တာဦးနဲ့ ကွင်းထဲကို တဖြည်းဖြည်း လျှောက်သွားကြတယ်။ တယောက်နဲ့တယောက် လေးငါးပေ အကွာလောက်ကပါ။
ဦးကိုကိုစန်းရဲ့ မျက်နှာမှာ တခုခုပြောဖို့ ရှိနေတယ်ဆိုတာ ဒေါ်သန္တာဦးက သတိထားမိတယ်။
'ကျွန်တော်တို့ နောက်အပတ်ထဲမှာ ထိုင်းကိုသွားပြီး ကစားကြဖို့ ရှိတယ်၊ ဒါကြောင့် ကောင်လေးတွေကို အထူးကြပ်မတ်ပေးနေရတာ' တဲ့။ ပြီးတော့ ဆက်ပြောသေးတယ်။
'ခင်ဗျားလည်း တချိန်က ဘောသမားတယောက်လို့ ကျွန်တော်ကြားဖူးတယ်။'
သူ အံ့လည်းအံ့သြတယ်။ ပြီးတော့ လူလည်း ထူပူသွားမိတယ်။ ဒီစကားကို သူ မမျှော်လင့်မိဘူး။
'တလုံးလောက် စမ်းပြီးတော့ ကန်ကြည့်ပါဦးလား' ဦးကိုကိုစန်းက ဖိတ်ခေါ်နေပြီ။ ဘယ်လိုသဘောနဲ့ ဒီလို ဖိတ်ခေးတာလဲ။
သူက ချက်ချင်းပဲ 'ကန်တာပေါ့ဗျာ' လို့ ပြန်ပြောလိုက်တယ်။
'သတိလည်း ထားဦးနော်၊ တော်တော်ကြာ ဒူးကြီး လိုက်ကောက်နေရဦးမယ်' ဦးကိုကိုစန်းက မျက်လုံးပိတ်မတတ် ရယ်ရင်း ခနဲ့လိုက်တယ်။ ပြောပြောဆိုဆို သူတို့သုံးယောက် ကွင်းထဲကဖြတ်ပြီး ဂိုးစည်းဆီကို လျှောက်သွားကြတယ်။
လက်ထောက်ဆရာရဲ့ ခရာသံကြောင့် လေ့ကျင့်နေတာတွေ အားလုံး ရပ်လိုက်ကြတယ်။ ဦးကိုကိုစန်းက ဘောလုံးကို ဂိုးစည်းနားမှာ မတည်ပဲ စက်ဝိုင်းခြမ်းရဲ့ အပြင်မှာ တည်ပေးထားတယ်။ ဘောလုံးတည်နေပုံက ချိုင့်ထဲ နည်းနည်းကျလိုက်သေးရဲ့။ သူက ဘောလုံးကို နေရာ ရွှေ့တည်ရကောင်းနိုးနိုး စဉ်းစားသေးတယ်။ ပြီးတော့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဟိုလူတည်ပေးထားတဲ့နေရာမှာဘဲ ရှိစေတော့။ သူမပြင်တော့ဘူး။
ကွင်းထဲမှာ ရှိကြတဲ့ ဘောသမားတွေရော ကွင်းပြင်က ပရိသတ်တွေပါ ဦးကိုကိုစန်းရဲ့ လုပ်ရပ်ကို စိတ်ဝင်စားကြတယ်။ ကန်မယ့်သူက လေးဆယ်ကျော် ငါးဆယ်ချဉ်းနေတဲ့ လူတယောက်၊ တည်ထားတဲ့ ဘောလုံးက ဂိုးတိုင်နဲ့ သာသာထိုးထိုး ဝေးတဲ့နေရာ။ ပြီးတော့ ဘောလုံးက ချိုင့်ခွက်ထဲမှာ မဆိုသလောက် ကျနေသေးတယ်။
ဦးမိုးလှိုင်က ပုဆိုးခါးတောင်းကျိုက်လိုက်တယ်။ အဲဒီလို ခါးတောင်းကျိုက်လိုက်ခါမှ ပြက်လုံးထုတ်လိုက် သလို ဖြစ်ပြီး ဒေါ်သန္တာဦးတောင်မှ သူ့ပါးစပ်ပိတ်ပြီး ကျိတ်ရယ်လိုက်မိသေးတယ်။ တချိန်က တုတ်တုတ်ခိုင်ခိုင်နဲ့ ကျစ်လစ်တဲ့ ပေါင်လုံးသားတွေက အခုတော့ သေးသေးလေး ဖြစ်နေပြီ။ ပြီးတော့ သန်းကြီးကိုက်ထားတဲ့ အနာရွတ်၊ အရေပြားရောဂါရဲ့ ကုတ်ခြစ်ရာတွေနဲ့။ လူရဲ့ပေါင်နဲ့ မတူဘူး။ ကျားသစ်ပေါင်နဲ့ တူနေတယ်။ တချိန်က ကြွက်သားမျှင်တွေ ဖုထစ်ခဲ့တဲ့ ခြေသလုံးကလည်း အခုတော့ ခြေသလုံးပါလို့ စာတန်းထိုးထားရတော့မလိုလို။
သူငယ်ငယ် ဘောကစားတုန်းက ယဉ်ယဉ်ကျေးကျေး ပါးပါးနပ်နပ် ရှောင်တိမ်းကစားခဲ့သူမို့ သူ့မှာ ဘာဒဏ်ရာဒဏ်ချက်မှ မရှိဘူး။ အခု သူ့ညို့သကျည်းမှာ သေရာပါမယ့် အနာရွတ်တွေက မြို့တမြို့ရဲ့ မြေပုံနဲ့ တူနေတယ်။ ကြီးတဲ့ဟာကကြီး သေးတဲ့ဟာက သေးနဲ့။ ခြေသလုံးရိုးနှစ်ချောင်းဟာ မီးရထားသံလမ်း တစုံလို ဖြစ်ခဲ့ဖူးတယ်။
ကွင်းထဲမှရှိတဲ့ လူတွေအားလုံး တိတ်ဆိတ်သွားလိုက်ကြတာ မြက်ခင်းပေါ် ငှက်တကောင် ဆင်းနား ရင်တောင် ခြေသံကြားလောက်ရဲ့။
မိဦးတို့ နေကြတဲ့ နယ်မြေထဲ ရောက်လာကတည်းက သူလိုက်လာတာ မှားပြီလို့ နောင်တရနေတယ်။ သူပြန်လို့ရရင် ချက်ချင်းပဲ ပြန်ချင်တယ်။ မလွှဲသာ မရှောင်သာလို့ ထိုင်ပြီး ဂျာနယ်တွေ ဖတ်ခဲ့ရတာ။ သူ့မှာ သိတ်တွေ့ချင်နေတဲ့ မိတ်ဆွေတွေ ရှိတယ်။
အဘဦးအုန်းမြင့်၊ ဆရာတော်ဦးဝါသ၀ပဏ္ဍိ၊ ဦးပဉ္ဇင်းဦးပညာဒီပ၊ ကိုမြင့်ဆန်းတို့ ကိုအောင်တို့ မောင်ဌေးအောင်တို့တတွေ။ သူတွေ့ချင်တဲ့ လူတွေ အများကြီး။
တည်ထားတဲ့ဘောကို ဘယ်ခြေနဲ့ကန်မှာလား၊ ညာခြေနဲ့ ကန်မှာလား။ ဂိုးသမားကြိုပြီး မရိပ်မိအောင် သူက ဘောလုံးရဲ့ တည့်တည့်နောက်က ရပ်နေလိုက်တယ်။ လေက သူနဲ့ မျက်နှာချင်းဆိုင်ဘက်ကနေ တသုန်သုန်တိုက်နေလို့ အင်္ကျီလက်ဖတ်တွေ တဖျပ်ဖျပ်လွင့်နေတယ်။
မိဦး စာမေးပွဲနောက်ဆုံးနေ့ကျရင် ငါ နင့်ကို အရေးကြီးတဲ့စကား ပြောစရာရှိတယ်လို့ သူပြောခဲ့တဲ့ တုန်းက မိဦးရဲ့ ပြုံးမြမြမျက်နှာလေး ပြန်မြင်ယောင်မိတယ်။ နားထဲမှာတော့ အိပ်ကောင်းခြင်းမအိပ်ရတဲ့ အာလုံးကောင်းပါတယ် ဆရာကြီးဆိုတဲ့ အသံဝါကြီး ကြားယောင်ပြန်တယ်။
သူက ပျဉ်းမနားပေါင်းလောင်းဖလား သွားကစားနေရာ ပြန်လာတော့ သူ့မိဘတွေ လာခေါ်လို့ မိဦးက ထီးချိုင့်ပြန်သွားပြီ။ အခုတော့ မိဦးနံဘေးမှာ အစိမ်းရွှင်ထရက်ဆုနဲ့ စံချိန်မှတ်နာရီနဲ့ ဦးကိုကိုစန်းက ရပ်လို့။
ဖလန်နယ်အင်္ကျီရဲ့ ဘယ်ဘက်လက်ဖတ်ကို ညာလက်နဲ့ လိပ်တင်ခေါက်ပြီး တံတောင်ဆစ်အထက်နားထိ ပင့်တင်နေတာကို ဂိုးသမားက မမှိတ်မသုန် ကြည့်နေတယ်။ အရင်တုန်းက ဘောလုံးနဲ့ ဂိုးတိုင်နဲ့ ဒီလောက် အကွာအဝေးကို စာမဖွဲ့ အားပါဘူး။ ဒိထက်ဝေးတဲ့ နေရာက နေတောင် ဂိုးဝင်အောင် ပြေးလွှားကန်သွင်းခဲ့ဖူးသူပဲ။
သူက ဂိုးသမားကို သေသေချာချာကြည့်လိုက်တယ်။ ဂိုးသမားက ဂိုးဘားရဲ့ အလည်ခေါင်မှာ တည့်တည့် ခြေကားပြီး ရပ်နေတယ်။ ပင်နယ်တီ အဆုံးအဖြတ်ကို အသက်စွန့် ကာကွယ်မယ့်ဟန်နဲ့။ ဂိုးသမား ရပ်နေတာ ဂိုးတိုင်သုံးတိုင်ကြားမှာ ပြည့်နေသလိုပဲ။
ဦးမိုးလှိုင်က လွင့်နေတဲ့ စိတ်တွေကို စုစည်းပေမယ့် မရဘူး။
ဒေါ်သန္တာဦးကတော့ လက်အုပ်လေးချီထားသလို မချီသလိုလို။ လက်ချောင်းတွေကို ပူးယှက်ပြီး ရင်ဘတ်မှာ ခပ်ဖွဖွ ကပ်ထားတုန်းပဲ။
ဘောကန်တော့မယ်ဆိုရင် ကြွက်သားတွေ အရွတ်တွေ အကြောတွေ မနာအောင် သွေးပူလေ့ကျင့်ခန်း လုပ်ရမယ်။ အကြောလျှော့ပြီးမှ ကန်ရမယ်ဆိုတာ ဦးမိုးလှိုင် သိပ်သိတာပေါ့။ အခုတော့ သွေးပူလေ့ကျင့်ခန်း မလုပ်ရပါဘဲနဲ့ သူ့သွေးတွေ ပူလာ ဆူလာတယ်။
ကျန်ခဲ့တဲ့ သူ့မိတ်ဆွေတွေရဲ့ မျက်နှာ၊ တောင့်တောင့်ကြီး မရယ်မပြုံး ရပ်နေတဲ့ ဧည့်ခန်းထဲက ဓာတ်ပုံ၊ ပေါင်နဲ့ ညို့သကျည်းက ဒဏ်ရာတွေ၊ သူ့ဇနီးရဲ့ မျက်နှာလေး ပြန်မြင်ယောင်လာတယ်။
ပရိသတ်က စက္ကန့်နဲ့အမျှ အာရုံပို စူးစိုက်ကြည့်လာကြတယ်။ ဇာတ်ထွတ်ကို ရောက်နေတဲ့ ရုပ်ရှင်ကား တကားပေါ့။
.... တွေအတွက် .... အတွက် ... အတွက် ခြေတလှမ်းလှမ်းလိုက်တိုင်း သူ့ပါးစပ်က .... အတွက်တခု ရွတ်ပြီး ဘောလုံးဆီ တဖြည်းဖြည်းလျှောက်သွားနေတဲ့ အဟာရချို့တဲ့နေတဲ့ လူပိန်ပိန်တယောက်။
... အတွက် ... အတွက် ဘောလုံးဆီ ဖြေးဖြေး လျှောက်သွားပြီး ကန်တော့မှ ခွန်အားကုန်သုံးပြီး ကန်လိုက်တယ်။ ကန်ပြီးတာတောင် သူက လက်သီးဆုပ်မဖြေဘူး။
ကျွမ်းကျင်လက်ဖြောင့်တဲ့ သေနတ်သမားက ခလုတ်ကို ဖြုတ်လိုက်ကတည်းက ပစ်မှတ်ကိုထိတာ သိလိုက်သလိုပဲ ဦးမိုးလှိုင်လည်း သိလိုက်တယ်။
ဂိုးသမားက ဦးမိုးလှိုင် ဖလန်နယ်အင်္ကျီ ဘယ်ဖက်လက်ဖတ်ကို ညာလက်နဲ့ လိပ်တင်တာကို ကြည့်ပြီး ဦးမိုးလှိုင် ညာခြေနဲ့ ကန်မယ်လို့ ထင်သွားတယ် ထင်ပါရဲ့။
ပရိသတ်တွေရော၊ ကွင်းထဲက ဘောသမားတွေရော၊ ဦးကိုကိုစန်း၊ ဒေါ်သန္တာဦးနဲ့ လက်ထောက်နည်းပြ ဆရာတွေကိုရော ရုပ်ရှင်ကင်မရာတွေ ဗွီဒီယိုကင်မရာတွေနဲ့ ရိုက်ထား မှတ်တမ်းတင်ထားပြီး အနှေးပြန်ပြကွက် တွေနဲ့ အရသာခံပြီး ကြည့်ဖို့ကောင်းတယ်။


ညီပုလေး။

2 comments:

Noe said...

How are you, U Nyein Chan(Sayar Nyi Pu Lay)? Thanks for your post!

Dr.Nay Oo (Burma) said...

မန္တလာက စာရေးဆရာ၊ ရေးတတ်လိုက်တာ။

အဓိပ္ပါယ်တွေ အများကြီးပါတယ်လို့ ခံစားလိုက်ရတယ်။ ကျေးဇူးတင်ပါတယ်၊ ဆရာညီပုလေးခင်ဗျား။ ဆက်ရေးနိုင်ပါစေ။