Friday, September 25, 2009

ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်
ရေးသူ-လူထုစိန်ဝင်း

မိတ်ဆွေတယောက် အီးမေလ်နဲ့ပို့လိုက်တဲ့ မာယာဖတ်ဖို့ဆောင်းပါးကို မာယာက ကြိုက်လို့ စာဖတ်ပရိသတ်အတွက် ကူးယူဖော်ပြပေးပါတယ်။ မူရင်းဘလော့ဂါာဆရာများကို မသိရပေမယ့် ကျေးဇူးတင်ကြောင်း မှတ်တမ်းပြုပါတယ်။
( ၂၀၁၀ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ပြည်တွင်း၊ ပြည်ပမှာ ဒီမိုကရေစီ အကြောင်း၊ ရွေးကောက်ပွဲ အကြောင်း ပိုရေး၊ ပိုဆွေးနွေး လာပါတယ်။ ၈၈ မှာ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းဖို့ ကြိုးစားခဲ့တဲ့ အချိန်ကစပြီး ဒီမိုကရေစီ လှုပ်ရှားမှုတွေ ပေါ်ခဲ့ ပါတယ်။ ပြည်တွင်း၊ ပြည်ပမှာ ဒီမိုကရေစီ အရေးအတွက် လှုပ်ရှားသူများ ပေါ်ခဲ့ပါတယ်။ အစိုးရဘက်ကလည်း သူတို့လည်း ဒီမိုကရေစီ အကောင်အထည် ဖော်ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။ ဆရာ လူထုစိန်ဝင်း ကတော့ ဒီမိုကရေစီ ပြောတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ ဆိုတာ ၉၆ပါးရောဂါ ပျောက်တဲ့ဆေး မဟုတ်ဘူး၊ ဒီမိုကရေစီဆိုတိုင်း ကောင်းတာ မဟုတ်ဘူး။ ဆရာ့အဆို ဗြဟ္မပါလ နိုင်ငံတော်ကြီးဆီ အရောက်လှမ်းဖို့ လုပ်ရာမှာ ဒီမိုကရေစီ အပြင် တစ်ခြား နည်းတွေလည်း ရှိသေးတယ်လို့ ပြောလာပါပြီ။ အဲဒီ အယူအဆအပေါ် ဆင်ခြင်နိုင်ဖို့ ဒီအပတ်ထုတ် Weekly Eleven ဂျာနယ်က ဆောင်းပါးကို တင်ပြ ပေးလိုက်ပါတယ်။ )
ဒီမိုကရေစီဆိုတဲ့ စကားကို ဘေးကင်းရန်ကွာ ပြောခွင့်ရတဲ့ အချိန်ကစပြီး လူတိုင်း ပါးစပ်ဖျားမှာ သီးနေကြရုံ သာမက၊ စာနယ်ဇင်း စာမျက်နှာတွေမှာပါ အဆက်မပြတ် ဖတ်နေရပါတယ်၊ ဒါ အင်မတန် ၀မ်းသာစရာ ကောင်းတဲ့ ကိစ္စ ဖြစ်တယ်။




မစားရ၀ခမန်း
ဒီမိုကရေစီ အကြောင်း ၀မ်းသာအားရ ပြောကြ ရေးကြရင်းနဲ့ အရှိန်လွန်ပြီး ဒီမိုကရေစီ ဆိုတာ 'မဟာသြသဓ' နတ်ဆေးကြီး သဖွယ် ရောဂါအားလုံးကို ကုစားနိုင်တယ်၊ ဒီမိုကရေစီ နိုင်ငံဆိုတာ အရာအားလုံး ပြီးပြည့်စုံတဲ့ 'ရွှေပြည်တော်ကြီး' ဖြစ်တယ်၊ ဒီမိုကရေစီမှ တစ်ပါး အခြားမရှိပြီ ဆိုတဲ့ ပြောဆို ရေးသားချက်တွေ ကိုလည်း အများကြီး တွေ့နေ ရပါတယ်၊ ဒီမိုကရေစီ ဆိုတာ ကိုယ်တွေ့ မကြုံဘူးသူ များက 'မစားရ ဝခမန်း' ပြောဆို ရေးသားချက် တွေကို အဟုတ်ကြီး ထင်ပြီး နောင် နဖူးတွေ့ ဒူးတွေ့ ရတဲ့ အခါကျမှ ထင်တာနဲ့ မြင်တာ 'ပါစင်အောင်' လွဲနေတာတွေ တွေ့ရရင် အကြီးအကျယ် စိတ်ပျက် သွားနိုင် ပါတယ်။ ဒါ ဆိုရင်လည်း မကောင်းပါဘူး။ 'နောက် လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ' တဲ့ အတွက် ဒိုင်းဝန်ကို ပြန်လွမ်းတာမျိုး ဖြစ်သွား ပါလိမ့်မယ်၊ ဒါကြောင့် ပြောဆို ရေသားချက်တွေ ဆင်ခြင်သင့်ကြ ပါတယ်။
မကောင်းမှုတွေ ဘယ်ကစ
ဒီမိုကရေစီ ဆိုတာ မဟာသြသဓ နတ်ဆေးကြီး ဖြစ်တယ်ဆိုရင် ဒီနေ့ အနောက် ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ မြင်တွေ့နေရတဲ့ လူမှုရေး ဖောက်ပြန် ပျက်စီးမှုတွေ၊ ရက်စက် ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ၊ နိုင်ငံရဲ့ ထိပ်တန်း ခေါင်းဆောင်ကြီးတွေကြား အကျင့်ပျက်မှုတွေ၊ အလုပ်လက်မဲ့ ဖြစ်မှုတွေ၊ နေစရာ မရှိလို့ လမ်းဘေး အိပ်ရတဲ့ သူတွေ ဘယ် ရှိနေတော့မှာလဲ၊ အခုတော့ လူ့လောကရဲ့ မကောင်းမှု မှန်သမျ အဲဒီ ဒီမိုကရေစီ နိုင်ငံကြီးတွေက စခဲ့တာလို့တောင် ပြောရမယ် ထင်ပါတယ်။ ကမ္ဘာမှာ မူးယစ်ဆေးဝါး ပြဿနာကြီး ပေါ်ပေါက်လာအောင်လည်း ဒီမိုကရေစီ နိုင်ငံကြီး ဆိုတဲ့ အမေရိကန်က စလိုက်တာပါ။ ဗီယက်နမ် စစ်မြေပြင်မှာ စိတ်ကြွဆေးပြားတွေ တီထွင် ထုတ်လုပ်ပြီး ဖြန့်ဝေပေးရာက အရှေ့တောင် အာရှမှာ မူးယစ်ဆေးဝါး ဈေးကွက်ကြီး ပေါ်ထွန်း လာခဲ့တာ ဖြစ်ပါတယ်၊
ကောင်းဘွိုင် ယဉ်ကျေးမှုအစ
အီရတ်က ဆက်ဒမ်ဟူစိန် ဆိုတာလည်း ပနားမားက နောရီအေးဂါး (Noriega) လိုပဲ အမေရိကန် စီအိုင်အေက မွေးထုတ် ပေးခဲ့တာ ဖြစ်တယ်။ အာဖဂန်နစ္စတန်က တာလီဘန်တွေ လည်း စီအိုင်အေက မွေးထုတ်ပေးခဲ့ တာပါပဲ။ သေနတ်အားကိုးနဲ့ အကြမ်းဖက် လူသတ်တဲ့ လုပ်ရပ်မှန်သမျ အမေရိ ကန်ရဲ့ ကောင်းဘွိုင်ယဉ်ကျေးမှုကစခဲ့ တာချည့်ပါ။ ရမ်ဘိုလို အာနိုးလို ရုပ်ရှင်ကား တွေကိုပဲ ကြည့်ပါ။ ဒါကြောင့် ဒီမိုကရေစီဆိုတိုင်း နတ်ဆေးကြီး မဟုတ်သလို ဒီမိုကရေစီ နိုင်ငံ ဖြစ်တိုင်း သာယာ ရွှေပြည် နိုင်ငံကြီး မဟုတ်ဘူး ဆိုတာ သိထားဖို့ လိုပါတယ်။
လူသားများရဲ့ မျှော်လင့်ချက်
တကယ် ဒီမိုကရေစီ ဆိုတာ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင် မဟုတ်ပါဘူး။ ပန်းတိုင်ကို သွားတဲ့ နည်းလမ်းတွေ ထဲက နည်းလမ်းတစ်ခုသာ ဖြစ်တယ်။ လူသားများ မျှော်လင့်ချက် ပန်းတိုင်က စစ်ပွဲကြီးတွေ မရှိ ပကတိ ငြိမ်းချမ်း သာယာတဲ့၊ အားကြီးသူက အားငယ်သူကို အနိုင်ကျင့်မှုတွေ ကင်းစင်ပြီး ဗြဟ္မစိုရ် တရားတွေ ထွန်းကားတဲ့၊ ချမ်းသာသူတွေက ဆင်းရဲသူတွေ အပေါ် ခေါင်းပုံဖြတ်ပြီး သွေးစုပ် ခြယ်လှယ်မှု ကင်းတဲ့၊ အဓမ္မ ၀ါဒ မှန်သမျှ ချုပ်ငြိမ်းချမ်းပြီး ဓမ္မတရား ထွန်းကားတဲ့၊ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို လူသားတိုင်း အညီအမျှ ခံစားခွင့်ရရှိ ပြီး၊ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိတဲ့၊ သဘာဝ တရားက လူသားတိုင်း အတွက် ဖန်တီးပေးထားတဲ့ အခွင့်အရေး မှန်သမျှကို လူသားတိုင်း အယုတ်အလတ် အမြတ်မရွေး လွတ်လပ်စွာ ရရှိခံစားနိုင်တဲ့ လူသားတိုင်းရဲ့ အမွန်အမြတ် ထားကြတဲ့ လူ့တန်ဖိုးများကို လူသားတိုင်း စောင့်စည်း ရိုသေ ထိန်းသိမ်းတဲ့ လူ့ အဖွဲ့အစည်းမျိုးမှာ နေထိုင်နိုင်ရေး ဆိုတာပဲ ဖြစ်တယ်။
ပြုတ်အောင်လုပ်လို့ ဘောနပ်စ်ရ
အခု ဖြစ်နေတာ ကတော့ စတော့ ဈေးကွက်နဲ့ ဘဏ်လုပ်ငန်းကြီးတွေ ပြိုလဲသွားလို့ ကုမ္ပဏီတွေ စက်ရုံတွေ ပိတ်ကုန်ကြရပြီး၊ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကြ၊ အိမ်တွေပေါ်က နှင်ချခံရလို့ လမ်းဘေးအိပ်ရ ဖြစ်နေကြတဲ့ အချိန်မှာ အစိုးရဆီက ငွေကြေး ထောက်ပံ့မှု ရဖို့ လွှတ်တော်မှာ လာရောက်တင်ပြ တောင်းဆိုတဲ့ ဘဏ် လုပ်ငန်းရှင်တွေ ကတော့ ကိုယ်ပိုင် ဂျက်လေယာဉ်ကြီးတွေ စီးပြီး လွှတ်တော်ကို ရောက်လာ ကြတယ်လေ။ ဒါတင် မကသေးပါဘူး။ အစိုးရဆီက ထောက်ပံ့ ကြေးလည်း ရရော၊ အဲဒီ ဘဏ်ကြီးတွေရဲ့ စီအီးအိုတွေက သူတို့အတွက် ဘောနပ်စ် ဆိုပြီး တစ်ယောက် တစ်ယောက်ကို ဒေါ်လာ သန်းပေါင်း ၁၅၀ စီ ၂၀၀ စီ ထုတ်ယူ လိုက်ကြ တယ်လေ။ ဘဏ်ကြီး ပြုတ်သွားအောင် လုပ်တဲ့အတွက် အပိုဆု ချီးမြှင့်တယ် ဆိုတာမျိုး ကြားဖူးကြရဲ့ လား။ အဲဒါ ဒီမိုကရေစီ နိုင်ငံဆိုတဲ့ အမေရိကန် နိုင်ငံကြီးမှာ ဖြစ်ခဲ့တာပါ။
ဒေါ်လာ ၆ သိန်းတန်ခွေး
စက်တင်ဘာ ၁၄ ရက်ထုတ် မြန်မာ့အလင်း(အင်္ဂလိပ်) သတင်းစာ ထဲမှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ခု ပြောပါရစေဦး၊ တရုတ်ပြည် ရှန်စီး ပြည်နယ် စီအန်းလေဆိပ်ကို သန်းကြွယ် သူဌေးမ '၀မ်' ဆိုတဲ့ အမျိုးသမီးတစ်ဦး တိဘက်မတ်စတစ်မျိုး ခွေးတစ်ကောင် ၀ယ်ပြီး ရောက်လာတာကို ပြိုင်ကားနှစ်စီး ရှေ့ဆောင်တဲ့ မာစီးဒီး ကားနက်ကြီး ၃၀ နဲ့ လာကြိုဆိုကြ ပါတယ်တဲ့။ အဲဒီ သူဌေးမက တိဘက်လူမျိုးတွေ နေထိုင်ကြတဲ့ တရုတ်ပြည် မြောက်ပိုင်း 'ကျင်ဟိုင်း' ပြည်နယ် ကိုသွားပြီး ရှားပါးမျိုး ဖြစ်တဲ့ အဲဒီခွေးနက်ကို ခက်ခက်ခဲခဲ ရှာဖွေပြီး ယွမ်ငွေ လေးသန်း(ဒေါ်လာ ၆၀၀,၀၀၀)နဲ့ ၀ယ်ခဲ့တာပါ။ 'ရွှေကို တန်ဖိုး သတ်မှတ်လို့ ရတယ်၊ ဒီ တိဘက်မတ်စတစ်ခွေးမှာ တန်ဖိုး အကန့်အသတ် မရှိဘူး'လို့ သူဌေးမက ဆိုပါတယ်။ သူလို ခွေးချစ်သူတွေက ခွေးကြိုဆိုရေး ကော်မတီဖွဲ့ပြီး ရှားပါး တိဘက်ခွေးနက်ကို မာစီဒီး ကားကြီး ၃၀နဲ့ လာကြိုကြတာပါတဲ့။
ဒီမိုကရေစီအနှစ်သာရလား
အားလုံးသိကြတဲ့ အတိုင်းပဲ ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်တဲ့ တရုတ် နိုင်ငံကြီး ဆင်းရဲတွင်းက လွတ်အောင် မနည်းကြီး ရုန်းထွက်လာရတာ ဘာမျှ မကြာသေးပါဘူး။ ဒါတောင် လူဦးရေ အများစုကြီးဟာ လယ်ယာ လုပ်ငန်းကို မှီခိုနေရတဲ့ ဆင်းရဲသား လယ်သမား ဘ၀မှာ ရှိနေပါသေးတယ်။ ဒီလို အခြေအနေမှာ သူဌေးမ '၀မ်' လို သူကတော့ ခွေးတစ်ကောင်ကို ဒေါ်လာ ၆ သိန်း အကုန်ခံ ၀ယ်ရုံမက ခွေးကြိုဆိုရေး ကော်မတီဖွဲ့ပြီး မာစီဒီးကားနက်ကြီး ၃၀ နဲ့ ကြိုဆိုခိုင်းတယ်ဆိုတာမျိုးကို ဒီမိုကရေစီရဲ့ အနှစ်သာရလို့ ဘယ်လို ပြောနိုင်မှာပါလဲ။ ဒါ ဒီမိုကရေစီပဲလို့ ပြောရင်လည်း ဘယ်လိုမှ လက်မခံနိုင် ပါဘူး။
ဗြဟ္မပါလနိုင်ငံတော်
လူသားအားလုံးရဲ့ မျှော်လင့်ချက် ပန်းတိုင်က မတရားမှု ဒုစရိုက်တွေ၊ ရက်စက် ကြမ်းကြုတ်မှုတွေ၊ လူသတ် စစ်ပွဲတွေ လုံးဝကင်းစင်တဲ့ 'ဗြဟ္မပါလ နိုင်ငံတော်ကြီး' ဆီအရောက်လှမ်းဖို့ သာဖြစ်တယ်။ အဲဒီ နိုင်ငံတော်ကြီးဆီ သွားဖို့ စနစ် အမျိုးမျိုးနဲ့ နည်းလမ်း အသွယ်သွယ် ရှိတယ်။ ဒီမိုကရေစီ ဆိုတာက အဲဒီ နည်းလမ်းတွေ ထဲက တစ်ခုသာ ဖြစ်တယ်။ သူ့အပြင် တခြား နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်းက ကိုယ့်လမ်းနဲ့ကိုယ် သွားနေကြတာပဲ၊ ဘယ်သူမှ ရောက်ကြသေးတာ မဟုတ်တော့ ဘယ်လမ်းက မှန်တယ်၊ ကောင်းတယ် ဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။
လမ်းတွေမှအများကြီး
ဒါကိုပဲ ဒီမိုကရေစီမှတစ်ပါး အခြား မရှိလို့ ကြွေးကြော်နေတာ ကတော့ ကောင်းဘွိုင် သမ္မတနှစ်ဦး ဖြစ်တဲ့ ရော်နယ်ရေဂန်နဲ့ ဂျော့ဘုရှ်တို့ရဲ့ လေသံနဲ့ တစ်ထပ်တည်း တူနေတယ်လို့ ထင်ပါတယ်။ အမေရိကန် လုပ်တာဆို အလွန်ကောင်း၊ သိပ်ကောင်း၊ အလွန့်အလွန် ကောင်းဆိုပြီး မျက်စိမှိတ်အောင်ရင်း 'ကျေးဇူးဆပ်စာပေ'တွေ အရေးကောင်း နေသူတွေကို ပြောလိုက် ချင်ပါတယ်။ ဒီမိုကရေစီအပြင် အခြားနည်းလမ်း တွေအများကြီး ရှိနေပါတယ်။ ဒီမိုကရေစီ ဆိုတာက လူသားများရဲ့ ပန်းတိုင် ရည်မှန်းချက် ပန်းတိုင် မဟုတ်ပါဘူး။ နောက်ဆုံးပန်းတိုင်က 'ဗြဟ္မပါလ နိုင်ငံတော် ကြီးဆီ အရောက်လှမ်းဖို့သာ ဖြစ်ပါ တယ်'။
လူထုစိန်ဝင်

1 comment:

cho said...

thanks saya,Pls explain more to public.