Tuesday, September 8, 2009

နိုင်ငံတကာကစာအုပ်ဆိုင်များ
ရေးသူ- ဇေယျ

များမကြာမီက ဥရောပ အရှေ့ပိုင်း ရူမေနီယာနိုင်ငံမှ ရောက်လာသော 'ယနေ့ရူမေနီယာ' ခေါ် မဂ္ဂဇင်း တစောင်တွင် 'စာအုပ်များသည် မရှိလျှင် မဖြစ်သော အဆင့်အတန်းရှိ၏' ဟု ခေါင်းစည်းတပ်သော ဆောင်းပါးတစောင် ပါလာသည်။ ရေးသားသူမှာ မကြာမီက ရူမေနီယာနိုင်ငံသို့ အလည်အပတ်ရောက်ခဲ့သော သြစတြေးလျမှ စာရေးဆရာမကြီး ဓင့်ဖနာကူဆက် ဖြစ်သည်။ ဆောင်းပါးကို စသည်နှင့်တပြိုင်နက် ဆရာမကြီးက "ဘယ်နိုင်ငံကိုရောက်ရောက် ကျွန်မ ပထမဦးဆုံး ပြုလိုတာကတော့ စာအုပ်ဆိုင်တွေကို တယောက်တည်း လျှောက်ပြီး အေးအေးဆေးဆေး ကြည့်ချင်ပါတယ်။ တိုင်းပြည်တပြည်က ပြည်သူပြည်သားတွေ ဖတ်လေ့ရှိတဲ့ စာအုပ်တွေကို ကြည့်ခြင်းအားဖြင့်သာ မဟုတ်ဘဲ ပြည်သူပြည်သားတွေဟာ စာအုပ်ကို ဘယ်လိုသဘောထား တယ် ဆိုတာကိုလည်း ကြည့်ခြင်းအားဖြင့် ထိုတိုင်းပြည်အကြောင်းကို များစွာပဲ သိနားလည်နိုင်ပါတယ်။ ဘူခါရက်မြို့မှာ ဆိုလျှင် စာအုပ်များဟာ မရှိလျှင် မဖြစ်တဲ့ ပစ္စည်းအဆင့်အတန်း ရှိပါတယ်။ စာအုပ်ဆိုင်တွေမှာ နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ လှလှပပ ခန်းခန်းနားနားခင်းကျင်းပြသထားတဲ့အတွက် စာအုပ်ဝယ်ရခြင်းဟာ ပျော်စရာကြီး ဖြစ်ပါတယ်" ဟု အားပါးတရ ရေးသား ဖော်ပြလေသည်။


ကျွန်တော်တို့ ရောက်ခဲ့ဖူးသော တပါးနိုင်ငံများတွင်လည်း သြစတြေးလျ စာရေးဆရာမကြီး ဖော်ပြ သကဲ့သို့ပင် တွေ့ရပေသည်။ ၁၉၅၈ ခုနှစ်၊ ဥစဘက်ကီစတန်ပြည်နယ် တာ့ရှကင့်မြို့သို့ ရောက်စဉ်က အာရှအာဖရိက စာရေးဆရာညီလာခံ နေ့စဉ်အစည်းအဝေးများပြီး၍ အားလပ်ချိန်များတွင် စာအုပ်ဆိုင်များကို လှည့်လည်ကြည့်ရှုရာ နေ့တိုင်းပင် တာ့ရှကင့် မြို့သူမြို့သား ယောက်ျား၊ မိန်းမ၊ လူကြီးလူငယ် များစွာတို့သည် ရန်ကုန်မြို့ လေဟာပြင်ဈေး ညနေပိုင်း အစားအသောက်ဆိုင်များတွင် လူတွေ တိုးကြိတ်နေသကဲ့သို့ အားပါးတရ ၀ိုင်းအုံ ၀ယ်ယူနေကြသည်ကို မြင်တွေ့ရသည်။ စာအုပ်များမှာလည်း ဈေးနည်းသော ငါးမူးတကျပ်တန်များ မဟုတ်ချေ။ ငါးကျပ်၊ တဆယ်၊ တဆယ့်ငါးကျပ် မရှောင် ဖောဖောသီသီကြီး ၀ယ်ကြလေသည်။ တခုသောညနေတွင် စာအုပ်ဆိုင်တဆိုင်ကို ၀င်၍ကြည့်ရာ ကျွန်တော့်ရှေ့က အသက် ၅၀ခန့်ရှိ အမျိုးသမီးကြီး တယောက်စာအုပ် သုံးလေးအုပ် ၀ယ်ယူနေသည်ကို တွေ့ရလေသည်။
ထို့နောက် ကျွန်တော့်ကိုမြင်ရာ ၀မ်းသာအားရဖြင့် ဘာလူမျိုးလဲဟု မေးလေသည်။ မြန်မာလူမျိုးဖြစ် ပါသည်။ စာရေးဆရာ ညီလာခံကို တက်ရောက်နေပါသည်ဟု ပြန်ပြောရာ စာအုပ်စင်ပေါ်မှ အတော်ထူထဲလှပ သော စာအုပ်တအုပ်ကို ရွေး၍ ငွေခုနှစ်ကျပ်ဖြင့် ၀ယ်ယူကာ စာအုပ်ပထမနေရာအလွတ်တွင် ကမ္ဗည်းရေးပြီးလျှင် "ဒီစာအုပ်ဟာ အလီရှား-နာဗာယီရဲ့ ကဗျာပေါင်းချုပ် ဖြစ်ပါတယ်" ဟု ဆိုလျက် ကျွန်တော့်အား လက်ဆောင်ပေးလေသည်။ ကျွန်တော့်မှာ ကျေးဇူးလည်းတင် အံ့အားလည်းသင့်ဖြစ်လျက် လက်ခံလိုက်ရ လေသည်။ ထိုအချိန်၌ ကျွန်တော့်လက်တွင် မြန်မာနိုင်ငံမှ စာအုပ်တအုပ် ပါလာပါမူကား ကောင်းလေစွဟု တောင်းတမိသည်။ သို့သော် မပါလာသဖြင့် "ကျေးဇူး ကြီးလှပါတယ်ခင်ဗျ၊ ဒီစာအုပ်ကို အမြတ်တနိုး အမှတ်တရ မြန်မာပြည်သို့ ဆောင်ယူ၍ သိမ်းဆည်းပါမည်။ ကျွန်တော်ကလည်း လက်ဆောင် တုံ့ပြန်ပါရစေ။ ဒီစာအုပ်ဆိုင်ထဲက ကြိုက်ရာ စာတအုပ်ကို ပြပါ" ဟု ပြောရာ အမျိုးသမီးကြီးက အလွန်ဝမ်းသာစွာနှင့်ပင် "ကျေးဇူးတင်ပါတယ်၊ ကျွန်မလက်ဆောင်ကို ကြည်ဖြူစွာ လက်ခံခြင်းကိုပဲ ၀မ်းသာလှပါပြီ။ နောက်ထပ် ၀ယ်စရာ မလိုဘူး။ ဟောဒီ ၀ယ်ပြီးသား စာအုပ်နှစ်အုပ်မှာပဲ လက်မှတ်ရေးထိုးသွားပါ။ တအုပ်က ကျွန်မအတွက် ဖြစ်ပါတယ်။ တအုပ်က ကျွန်ရဲ့ သားအတွက် ဖြစ်ပါတယ်။ သူက သိပ္ပံကျောင်းမှာ ပညာသင်နေရပါတယ်။ မြန်မာပြည်က စာရေးဆရာတယောက်ရဲ့ လက်မှတ်ကို ရတယ်ဆိုရင် အင်မတန် ၀မ်းသာပါလိမ့်မယ်" ဟု ဆိုသဖြင့် စာအုပ်နှစ်အုပ်စလုံး၌ပင် ဆုတောင်းမိတ်ဆက်စာ တကြောင်းစီနှင့် လက်မှတ်ကို မြန်မာဘာသာ အင်္ဂလိပ်ဘာသာ တို့ဖြင့် ရေးသားပေးလိုက်ရပေသည်။
တာ့ရှကင့်မြို့မှ တဖန် ရုရှားပြည် မော်စကိုမြို့၊ လီနင်ဂရက်မြို့သို့ သွားရောက်ကြရာ ထိုမြို့များတွင်လည်း နည်းတူစွာပင် စာအုပ်ဆိုင်များ၌ လူစည်ကားလျက် ဖောဖောသီသီ ၀ယ်ယူနေကြသည်ကို တွေ့ရလေသည်။ ကိုယ်ပိုင် ၀ယ်ယူကြသည်နှင့် အားမရသေးဘဲ စာကြည့်တိုက် ပြတိုက်များတွင်လည်း ကြိတ်ကြိတ်တိုးပင် ဖြစ်ကြသည်။ ထိုမြို့များ၌ ကျွန်တော်တို့နှင့် တွေ့ရလေသမျှ ကျောင်းသား ကျောင်းသူ လူရွယ်လူလတ် ဟူသမျှတို့ကလည်း စာအုပ်များကိုပင် အမြတ်တနိုး လက်ဆောင်ပေးကြသည်။ သူတို့ လက်ထဲတွင်လည်း ၀တ္ထုစာအုပ်၊ ကဗျာစာအုပ်များကို အမြဲလိုလိုပင် တွေ့ရသည်။ ၎င်းတို့မှာ ကျောင်းစာအုပ်များ မဟုတ်။ စာဖတ်ရင့်ကျက်မှု၊ ဗဟုသုတမှု၊ ယဉ်ကျေးမှုများအတွက် အလွတ်ဖတ်ရှု လေ့လာသော စာအုပ်များ ဖြစ်လေသည်။ ရုရှပြည်သူ ပြည်သားများသည် ရုရှ ဆရာကြီးများရေးသားပြုစုသော ကဗျာ လင်္ကာ ကျမ်းဂန်စာပေများကို သာမက အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ စသော ကမ္ဘာ့စာပေမျိုးစုံကို ရုရှားဘာသာသို့ ပြန်ဆိုရေးသား၍ ပုံနှိပ်ထုတ်ဝေထားသော စာပေများကိုလည်း အများအပြား လေ့လာဖတ်ရှုလျက် ရှိကြသည်။
၁၉၉၅၉ ခုနှစ်၊ တရုတ်ပြည်သို့ ရောက်စဉ်ကလည်း ပီကင်း၊ ရှံဟဲ၊ ကန်တုန်၊ ဟန်ချော၊ တာ့တွန်၊ ခွန်မင် စသော မြို့များတွင် ထိုနည်းပင် တွေ့ရလေသည်။ ပီကင်းမြို့ ဆိုင်စဉ်ကန္နား အလွန်ပေါများသည့် ၀မ်ဖူကျင်းလမ်း တလျှောက်တွင် စာအုပ်ဆိုင်ကြီးများ ရှိသည်။ အချို့မှာ တရုတ်ဘာသာ စာအုပ်များဖြစ်၍ အချို့မှာ နိုင်ငံခြားစာပေ များဖြစ်သည်။ နိုင်ငံခြားစာပေရောင်းသော စာအုပ်ဆိုင်များတွင် အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်၊ အီတာလျံ၊ ရုရှား၊ ဂျာမန်စသော နိုင်ငံများမှဘာသာမျိုးစုံ စာအုပ်များတွင်လည်း ကဗျာလင်္ကာ၊ ၀တ္ထု၊ ရာဇ၀င်စသည်တို့နှင့် သိပ္ပံပညာ မျိုးစုံ ပါရှိသည်။ အချို့စာအုပ်များ၏ အဖိုးနှုန်းထားမှာ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်များထက်ပင် သက်သာလေသည်။ နံနက်တခေါက် ညနေတခေါက် ရောက်သွားရာ ဆိုင်တိုင်း၌ ၀ယ်ယူသူများ စည်ကားလျက်ရှိသည်ကို တွေ့ရလေသည်။ ထိုသို့ စည်ကားသည်မှာ တရုတ်ဘာသာ စာအုပ်ဆိုင်များတွင်သာ မဟုတ်ဘဲ၊ နိုင်ငံခြားဘာသာ စာအုပ်မျိုးစုံဆိုင်များတွင်လည်း စည်ကားလျက် ရှိလေသည်။
၁၉၅၃ ခုနှစ်၊ အင်္ဂလန်ပြည်သို့ ရောက်စဉ်ကလည်း ထိုနည်းပင် တွေ့ရလေသည်။ လန်ဒန်မြို့တွင်ဆိုလျှင် တမြို့လုံး စာအုပ်ဆိုင်နှင့် ကင်းသောလမ်း ဟူ၍ မရှိသလောက် ဖြစ်သည်။ မြို့၏ ဗဟိုချက်မဖြစ်သော ချယ်ရင်ကရော့စ်လမ်း၊ ဘောင်းလမ်း၊ အောက်စဖို့လမ်း၊ ဗြိတိသျှပြတိုက်ကြီးတ၀ိုက်ရှိ လမ်းကြီးလမ်းငယ်တို့မှာ စာအုပ်ဆိုင်ကြီးဆိုင်ငယ်များနှင့် ပြည့်ကြပ်နေသဖြင့် ထိုအရပ်များသို့ သွားရောက်လျှင် စာအုပ်မြို့ကြီးပေလောဟု ထင်ရလေသည်။ ဆိုင်တွင်းဆိုင်ပြင် ခင်းကျင်းပြသထားသည်မှာလည်း ကြည့်၍မဆုံးဖြစ်သည်။ ချယ်ရင်ကရော့စ် လမ်းရှိ ဖွိုင်းအမည်ရှိသော စာအုပ်ဆိုင်ကြီးမှာ ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သည်ဟု ဆိုကြသည်။ စာအုပ်ပေါင်း ၃ သန်း နှင့် ဌာနခွဲပေါင်း ၁၄ ဌာန ရှိသည်။ စာတအုပ်လျှင် ၂၅ ပြားတန်မှစ၍ တသိန်းတန်အထိ ရှိသည်။ ကျွန်တော်တို့ ရောက်သွားသည့် အချိန်တွင် ထိုဆိုင်ကြီးရှေ့ မျက်နှာစာ မှန်ခန်းအတွင်း၌ 'ရှိတ်စပီးယား-ဖိုလီယို' ခေါ် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ ရာကျော်က လန်ဒန်မြို့တွင် ပုံနှိပ်သော စာအုပ်ကြီးတအုပ်ကို ပြထားသည်။ တန်ဖိုးမှာ ပေါင်စတာလင် ၆၄၀၀ (မြန်မာငွေ ကျပ် ၈၆၀၀၀ ခန့်) ဖြစ်သည်။ ကမ္ဘာပေါ်တွင် တန်ဖိုးအများဆုံး စာအုပ်များတွင် အပါအ၀င် ဖြစ်သည်။ ထိုစာအုပ်ကြီးကို ပြထားသော မှန်ခန်းနှင့် မနီးမဝေးရှိ ဆိုင်အပြင်ဘက် ခုံတန်းများ၌ ပြထားသော စာအုပ်များတွင် ခြောက်ပဲနိတန်ဝတ္ထုစာအုပ်ကလေးကိုလည်း တွေ့ရသည်။ ထိုနှစ်အုပ်လုံးကိုပင် ၀ယ်ယူသူ ရှိသည်။ အတွင်းသို့ ၀င်သွားသောအခါလည်း တဌာနမျှကိုပင် တနေ့နှင့် ကြည့်၍ ပြီးနိုင်မည် မထင်ချေ။ တဆယ့်လေးဌာန တတိုက်လုံးကိုမူကား ၁၅ ရက်ခန့် ကြည့်မှ စုံလင်ပေလိမ့်မည်။
စာအုပ်ဆိုင် များပြားသလောက် ၀ယ်သူလည်း များပြားလှပေသည်။ နံနက်ပိုင်း စာအုပ်ဆိုင်တွင် ၀င်ရောက်ကြည့်ရှုသူ ပြိုးပြိုးပြောက်ပြောက်သာ ရှိသည်။ ကျွန်တော် ရောက်နေကျ ဆိုင်ကြီးတဆိုင်မူကား တယောက်မျှ မရှိ။ ရောင်းသူ တယောက်နှစ်ယောက်သာ ချောင်ထဲတွင် ကုတ်နေကြသည်ကို တွေ့ရလေသည်။ သို့သော် နေ့လည်ပိုင်းနှင့် ညနေပိုင်းများတွင်မူကား ဆိုင်တိုင်းတွင် တိုး၍မပေါက်နိုင်အောင် စည်ကားလှပေသည်။ အမှတ်မဲ့ကြည့်သော် ဘုရားပွဲတော်ကြီးများလားဟု အောက်မေ့ရသည်။ လန်ဒန်မြို့ပေါ်ရှိ အလုပ်သမားများနှင့် ကျောင်းသားများမှာ နေ့လည်ပိုင်း အချိန်တနာရီ အားလပ်ချိန်နှင့် ညနေပိုင်း အလုပ်ဖြုတ်ချိန်များတွင် စားရေးသောက်ရေးကို တဆယ့်ငါးမိနစ်လောက်နှင့် အလျင်အမြန်ပြီးစေ၍ ကျန်အချိန်ကို စာအုပ်ဆိုင်များတွင် ကုန်စေကြသည်။ ထို့ကြောင့် အဆိုပါ အချိန်များတွင် စာအုပ်ဆိုင်များ၌ တိုးကြိတ်နေကြခြင်း ဖြစ်သည်။ ကျွန်တော်မူကား ထိုလူထုကြီးကို တိုးမနိုင်သဖြင့် တပါးအချိန်များကို ရွေး၍ စာအုပ်ဆိုင်များသို့ သွားရလေသည်။
အောက်စဖို့မြို့သို့ ရောက်သွားပြန်သောအခါလည်း ထိုနည်းပင် တွေ့ရသည်။ ထိုမြို့သို့ရောက်သောအခါ ကျွန်တော်သည် စာအုပ်သစ်များကို အာရုံမပြုဘဲ စာအုပ်ဟောင်းများကို ရှာဖွေလိုသော ဆန္ဒရှိသဖြင့် တပါးဆိုင်များကို မ၀င်ဘဲ ဘရော့လမ်းရှိ ဘလက်ဝဲလ် စာအုပ်ဆိုင်သို့ သွားလေသည်။ ထိုဆိုင်မှာ ရှားပါးသော စာအုပ်များနှင့်အထူးအားဖြင့် ကမ္ဘာ့အရှေ့ပိုင်း အာရှတိုက်နှင့် သက်ဆိုင်သော ရှေးစာအုပ်များကို အများအပြား ရောင်းသည်။ စာအုပ်သစ်များလည်း ရောင်းသည်။ သို့သော် စာအုပ်မျိုးစုံ မဟုတ်ဘဲ အထက်တန်း အတတ်ပညာများနှင့် သက်ဆိုင်သော အဖိုးတန်စာအုပ်များကိုသာ ကန့်သတ်၍ ထားရှိသည်။
ထိုကြောင့် ထိုဆိုင်မှာ လူနည်းလိမ့်မည်ဟု ထင်မိရာ ဆိုင်တွင်းသို့ ၀င်သွားသောအခါ မူကား ကြိတ်ကြိတ်တိုး စည်ကားနေသည်ကို တွေ့ရလေသည်။ စာအုပ်ဟောင်းများရှိသော အထက်ထပ်များသို့ တက်သွားပြန်သောအခါလည်း စည်ကားလျက်ပင် ရှိသည်ကို တွေ့ရလေသည်။ စာအုပ်သစ်ဆိုင်များတွင် လူစည်ကားသည်မှာ သာမန်အားဖြင့်ဆိုသော် အံ့သြဖွယ် မဟုတ်သော်လည်း တအုပ်လျှင် ငွေငါးဆယ်၊ တရာမှ တထောင်နှစ်ထောင်အထိ ရှားရှားပါးပါး တန်ဖိုးထား၍ ရောင်းသော စာအုပ်အဟောင်းဆိုင်၌ လူစည်ကားနေ သည်မှာကား အံ့သြဖွယ်ရာသာ ဖြစ်နေပေသည်။

ဇေယျ
(၁၉၆၀ ခန့်က သွေးသာက်မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် 'ထမင်းတလုပ် စာတအုပ်' ဆောင်းပါးမှ ကောက် နှုတ်ဖော်ပြသည်။)
{စာပေလောက အရောင်းဆိုင် အမှတ် ၅ စတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် အခမဲ့ဝေငှသော စာစောင်ငယ်မှ ကူးယူ ဖော်ပြပါတယ်။}

No comments: