Tuesday, September 8, 2009

ရွာလွမ်းချင်း
ရေးသူ- မောင်စွမ်းရည်

ဘာပဲသောက်သောက်
သောက်တတ်မှ ကောင်းတာကလား၊
ထန်းရေသောက်တာတော့
ထန်းပင်အောက်မှာ အကောင်းဆုံးပဲ။




ထန်းပင်ရင်းက မြက်ခင်းပေါ်မှာ
ပဲကြီးလှော်ကြဲ၊
ဆေးလိပ်ကြိုက်ရင် ဆေးလိပ်ခဲ၊
ခြေဆင်းလဲလူ အပူအပင်မရှိ။

ပဲစိကို တစိစီကောက်
အလျားမှောက်ပြီး
သောက်တာကို
လက်ချော်ပြီး၊ ခွက်မကျော်ရင်
ပျော်ရှင်ဖွယ်အတိ၊ အလွန်စည်းစိမ်ရှိတာကလား။

မိုးဦးကျစ
ပုတတ်က တကောင်နှကောင်
ရအောင်အရင်ရှာရမယ်၊
ပုတတ်ကလေး နီကျင်ကျင်
နွယ်ကြိုးရှည်နဲ့ မငင်လေနဲ့
ခွေးမြင်ရင် ခုန်ဟပ်မယ်၊ ဖုန်ကပ်မယ်
ခါးပုံစမှာ အသာခွေထည့်ပါ
ရွာအခြေထန်းတဲကိုရောက်ရင်
ထန်းလျက်ဖိုမှာ ကင်
ကင်ပြီးတော့ထောင်း၊ ထောင်းပြီးတော့ကြော်။
ကြက်သွန်နီနဲ့၊ ကြက်သွန်မြိတ်နဲ့
ငရုတ်သီးပွ လေးစိတ်စိတ်
အိုးအဖုံးမပိတ်ဘဲ
မီးလေးမပူတပူမှာ
ဆီပူလေးတလှိမ့် နှစ်လှိမ့် လှိမ့်လိုက်ရင်
ကွယ်- ဆိမ့်လိုက်မယ့်ဖြစ်ခြင်း။

ပုတတ်လိုက်ရင်း
မပျင်းသေးလို့ အချိန်ရရင်
ဗိန်မတို့ရှားတောအစ
နဘူးချုံ ဆူးချုံဖွသွား

ပျားအုံလေးဘာလေးရှာပေါ့
ပျားလပို့မမက်နဲ့ ပျားသလက်ကိုညစ်
ပျားနို့ရည် ဖြူပျစ်ပျစ်နဲ့
ပြောင်းဖူးနုရည်အနှစ်ကို
နှမ်းဆီစစ်စစ်နဲ့ကြော်ရင်
တဲပေါ်က တိုက်ပေါ်ရောက်သလိုပဲ
သောက်တာကယစ်၊ စားတာကအစ်နဲ့
အယစ်တွေရှည်ပေရော့။

ထန်းသမားကြီးက ဦးခတဲ့၊
ဒူးကျအောင် ထိုးကွင်းဟာ
ကြောင်အဆင်း ကြောင်အတက်နဲ့
ထန်းတက်ရင် အရက်မသောက်
ထန်းရေလောက်လဲမမက်
ဆေးရွက်ကြီးပဲငုံတယ်
မြုံစိစိနဲ့ စကားမပြောဘူး
ဦးခက လူထူးပဲ။

ထူးပုံကိုကြုံလို့ပြောရဦးမယ်
တခါတုန်းကပေါ့
ထန်းတက်တာ ကိုယ်တုံးလုံးနဲ့
ထန်းတက်နေတုန်း မိုးမိရော
မိုးမိတော့ အအေးပတ်ရော
ထန်းတက်တာရပ်ပြီး ဖိနပ်မပါဘဲ
ရွာထဲကို အမြန်သုတ်ပြီး
ကျားဘမ်းပရုပ်ဆီ
အဖေ့ညီ ကျောင်းဆရာဆီမှာ
တောင်းပြီးမျိုသတဲ့။

ပရုပ်ဆီမရှိရင်၊ ဘုန်းကြီးဆီပြေး
ရေနံချေးတကလော်ကို
မျိုသော်ပျောက်၏- တဲ့။

ဆံပင်စုတ်ဖွား၊ တင်တုတ်ကားနဲ့
ထန်းသမားကတော်က၊ ရှင်ဂွက်ထော်တဲ့။
မနော်နွယ် နို့တွဲလောင်းနဲ့
ထန်းရေအိုးကို ခေါင်းမှာရွက်
ခါးထက်ခွင် ကလေးတကောင်။
ထန်းပလပ်နွားရုပ်ဆွဲ
နှပ်တွဲလဲ ဂျိုးတန်းလန်းနဲ့
ထန်းမျိုးဆက်သစ် ချစ်စရာလေးတွေက
တကောင်နှစ်ကောင်။

ရန်လုံ အောင်နက်
ကြွက်လိုက်ယုန်လိုက်
ရှဥ့်လိုက်ပွေးတူး
ခွေးဘီလူးက သုံးကောင်လေးကောင်။

"ကောင်လေးတွေဘာလိုသေးတုံး" တဲ့
တပြုံးပြုံး မေးလားမေးရဲ့
ထန်းရေဖိုးပေးလဲ မယူဖူးတဲ့
ငါလဲ တခါမှ မပေးဖူးပါဘူး။

တခါတခါ ယုန်သား
တခါတလေ လင်းမြွေသား
သူကြီးသား င၀က်စားဖို့တဲ့
မြွေသားကို အလျဉ်နဲ့နှပ်ပြီး
ချက်တတ်ရင် ကောင်းချက်တော့၊
မချက်တတ်ရင်ကော
မချက်တတ်ရင် အထူးမလုပ်နဲ့
နူးရုံသာပြုတ် အရေဆုတ်ပြီး
ညက်ရုံထောင်း
ဆီစိမ်းလေးလောင်း၊ ကြက်သွန်မြိတ်လေးလှီး
လှီးတာတောင်မစောင့်ချင်ရင်
အပင်လိုက်ကိုက်ပြီး၊ ထန်းရေနဲ့မြည်းလိုက်ရင်
ရွာသူကြီး ဘုရားတကာလဲ
အနားလာပြီး ရောတိရောယောင်နဲ့
ကောင်လေးတွေ ရန်မဖြစ်ကြနဲ့
ရန်ဖြစ်တာ မကောင်းဘူးတဲ့၊
ဒါ ပြောင်းဖူးကြော်လား
အင်း တော်တော်ကောင်းသားဟဲ့၊ ဘာဟဲ့ ညာဟဲ့
တစလောင်း တဖလားငှဲ့ပြီး
သူအာခေါင်ထဲ ထည့်သွားမှာပါပဲ။

သာနိုးတို့၊ မိုးသူတို့
လူပျိုသိုးတသိုက်
တို့ရွာကို လိုက်ပြီးလာတော့
တို့စရိုက် တို့ဘာသာ
မြို့သားတွေ လာပကောလို့
ထန်းတောမှာ ၀ါးကွပ်ပျစ်ကို
လျှော်အသစ်နဲ့ ကွပ်ထားသတဲ့။

သူတို့လဲမြို့ပြန်
နို့လှန်ပြီး ကလေးကိုတိုက်ရင်း
ကြိုက်ရာအမည် စဉ်းစားတော့
သူ့သားကို သာနိုးတဲ့၊ မိုးသူတဲ့
ဂုဏ်ယူပြီးပေးခဲ့တာ၊
ခုအခါ သာနိုးလဲထန်းတက်လို့
မိုးသူလဲ ထန်းတက်လို့
မျိုးဆက်သစ်လေးတွေလေ ဒူးတွေတောင် ချောင်ရော့ပေါ့။

လွန်ခဲ့တဲ့ နှစ်လေးဆယ်
ကုန်လွယ်လိုက်တာ
မနေ့တနေ့ကလိုသာ ထင်ဆဲ
အဲ ... အဲဒီတုန်းက ငါ့အဖေလည်း ရှိသေးတယ်လေ။

ဒီလိုပေါ့ကွာ၊ တခါတလေပေါ့တဲ့၊
သောက်တော့သောက်လေ၊ မမူးစေနဲ့
ငါ့အဖေက ငါ့ကောင်တွေကိုဆုံးမတယ်၊ ပြုံးပြတယ်။

ငါ့အဖေရှေ့မှာ ငါထန်းရေမသောက်ခဲ့ဘူး
ငါ့အဖေကွယ်ရာမှာတော့
ဆယ်ခါလောက်လား၊ ဆယ့်ငါးခါလောက်လား
မှောက်မှောက်မှားမှားနဲ့
ယောက်ဖငကြွားနဲ့ပေါ့
သောက်သောက်စားစား
နည်းနည်းပါးပါး လုပ်ဖူးရဲ့
သောက်တဲ့အခါ မမူးပါဘူး
မူးတဲ့အခါလည်း မရူးစေရပါဘူး
နတ်ရွာကအဖေ၊ ခွင့်လွှတ်ရှာပေလိမ့်မယ်။

ခုတော့ကွာ
ရွာမရောက်တာ အတော်ကြာပြီ
ဆယ်နှစ်တခါ ရောက်ကောင်းမှရောက်ပါမယ်။

ရွာကိုသွားရင်
မိဘမဲ့သား ၆၀ ကျော် အူကြောင်ကြားကို
သနားကြသတဲ့။

မနှစ်ကတခေါက်
ငါ့ရွာရောက်ခဲ့တယ်။
ရောက်ရင်ရောက်ချင်း
ထန်းတောတွင်းကို ဆင်းခဲ့တယ်။
ထန်းပင်အောက်မှာ
ထန်းရေကလေး တငုံလောက်
လေးငါးဆယ်ငုံလောက် သောက်ခဲ့မိတယ်။
ကွယ်- အဖေ့ကို လွမ်းလို့ပါ။

မောင်စွမ်းရည်။
၇၊ ၃၊ ၀၁

{ဗြူတီမဂ္ဂဇင်း၊ ၂၀၀၁ မေလမှ ကူးယူဖော်ပြပါတယ်။}


3 comments:

Smiles said...

အရမ်းကောင်းတာပဲ... မျက်စိထဲ ကွက်ကွက်ကွင်းကွင်းမြင်ယောင်ပြီး ရွာထဲ ထန်းတောထဲ တကယ်ရောက်သွားတယ်

ကြိုးကြာနီ said...

ဒီကဗျာကို အရင်က ဗြူတီ magazine မှာ ဖတ်ဖူးတယ်။ကြိုက်လွန်းလို့ ကူးထားတယ်။ ဒါပေမဲ့ ပျောက်သွားတယ်။လိုက်ရှာတာ အခုမှ တွေ့တယ်။ ကျေးဇူးတင်ပါတယ်။၇ွာကိုလွမ်းလို့ ဒီကဗျာကိုဖတ်တယ်။

ကောင်လေးတွေ ရန်မဖြစ်ကြနဲ့
ရန်ဖြစ်တာ မကောင်းဘူးတဲ့၊
ဒါ ပြောင်းဖူးကြော်လား
အင်း တော်တော်ကောင်းသားဟဲ့၊ ဘာဟဲ့ ညာဟဲ့
တစလောင်း တဖလားငှဲ့ပြီး
သူအာခေါင်ထဲ ထည့်သွားမှာပါပဲ။

ကြိုက်တယ်။နောက်ဆုံးအပိုဒ်က လူကို တစ်ခါတည်းလွမ်းဆွက်စေတယ်။

မနှစ်ကတခေါက်
ငါ့ရွာရောက်ခဲ့တယ်။
ရောက်ရင်ရောက်ချင်း
ထန်းတောတွင်းကို ဆင်းခဲ့တယ်။
ထန်းပင်အောက်မှာ
ထန်းရေကလေး တငုံလောက်
လေးငါးဆယ်ငုံလောက် သောက်ခဲ့မိတယ်။
ကွယ်- အဖေ့ကို လွမ်းလို့ပါ။

ဆရာမောင်စွမ်းရည် မြန်မာပြည်ကို မလွမ်းဘူးလားခင်ဗျာ့။မလွမ်းဘယ်သူနေတတ်မည်လို့ ဆရာပြောချင်လိမ့်မယ် ထင်ပါတယ်။

ကြိုးကြာနီ said...

ဒီကဗျာကို အရင်က ဗြူတီ magazine မှာ ဖတ်ဖူးတယ်။ကြိုက်လွန်းလို့ ကူးထားတယ်။ ဒါပေမဲ့ ပျောက်သွားတယ်။လိုက်ရှာတာ အခုမှ တွေ့တယ်။ ကျေးဇူးတင်ပါတယ်။၇ွာကိုလွမ်းလို့ ဒီကဗျာကိုဖတ်တယ်။

ကောင်လေးတွေ ရန်မဖြစ်ကြနဲ့
ရန်ဖြစ်တာ မကောင်းဘူးတဲ့၊
ဒါ ပြောင်းဖူးကြော်လား
အင်း တော်တော်ကောင်းသားဟဲ့၊ ဘာဟဲ့ ညာဟဲ့
တစလောင်း တဖလားငှဲ့ပြီး
သူအာခေါင်ထဲ ထည့်သွားမှာပါပဲ။

ကြိုက်တယ်။နောက်ဆုံးအပိုဒ်က လူကို တစ်ခါတည်းလွမ်းဆွက်စေတယ်။

မနှစ်ကတခေါက်
ငါ့ရွာရောက်ခဲ့တယ်။
ရောက်ရင်ရောက်ချင်း
ထန်းတောတွင်းကို ဆင်းခဲ့တယ်။
ထန်းပင်အောက်မှာ
ထန်းရေကလေး တငုံလောက်
လေးငါးဆယ်ငုံလောက် သောက်ခဲ့မိတယ်။
ကွယ်- အဖေ့ကို လွမ်းလို့ပါ။

ဆရာမောင်စွမ်းရည် မြန်မာပြည်ကို မလွမ်းဘူးလားခင်ဗျာ့။မလွမ်းဘယ်သူနေတတ်မည်လို့ ဆရာပြောချင်လိမ့်မယ် ထင်ပါတယ်။