Friday, December 12, 2008

အဝေးကပေးစာတစောင်
ရေးသူ- ယာတောကသာဗျော


ကိုဟိုဒင်းရေ-
၂ဝဝ၈ ခုနှစ်၊ ဒီဇင်ဘာ ၇ရက်။
၂ဝဝ၈ ခုနှစ် ကုန်ကာနီး လာတာနဲ့အမျှ ဗမာပြည်သာမက နိုင်ငံပေါင်းစုံ၊ ဘာသာ အယူဝါဒပေါင်းစုံတို့နဲ့ သက်ဆိုင်တဲ့ အခါကြီးရက်ကြီးတွေ တခုပြီးတခု ဆက်နေတာ သတိ ထားမိတယ်ဗျာ။ အခုအခါဟာ ဗမာပြည်မှာ စာဆိုတော်လ မဟုတ်လားဗျာ။ ခင်ဗျား မှတ်မိတယ် မဟုတ်လား။ နဂို ဂျပန်ခေတ်၏ စာဆိုတော်နေ့ သတ်မှတ်ကြတုန်းကတော့ နတ္တော်လဆန်း (၁)ရက်နေ့ကိုသာပဲ စာဆိုတော်နေ့ရယ်လို့ သတ်မှတ်ခဲ့တာ၊ နောက်ကျ တော့ စာပေသမားတွေကို မြင်ဖူးချင်၊ သူတို့ ဟောပြောတာတွေကိုကြားချင်လို့ မြို့တကာ နယ်တကာက ဖိတ်တာတွေများလွန်းလာပြီး တနေ့တရက်ထဲနဲ့ မဖြစ်နိုင်တာနဲ့ စာဆိုတော် လလို့ သတ်မှတ်ပြီး တလလုံး လှုပ်ရှားကြတာလေဗျာ။ စာပေသမားတွေဟာ သူတို့ ပြောချင်တာတွေကို ပြဇာတ်တွေ၊ ဟောပြောပွဲတွေလုပ်ပြီး တင်ဆက်ကြ၊ ဟောပြောကြ၊ ပြည်သူလူထုဆီက အသံတွေကို ကိုယ့်နားနဲ့ကိုယ် ဆတ်ဆတ်နားထောင်ကြ၊ အင်မတန် ကျက်သရေမင်္ဂလာရှိတဲ့ အစဉ်အလာတွေပဗျာ။ အခုတော့ နဝတ-နအဖတို့ရဲ့ ဒီမိုကရေစီ အောက်မှာ စာဆိုတော်ပွဲဆိုတာ ဟိုအရင်လို ခြိမ့်ခြိမ့်သဲ မကျင်းပနိုင်ယုံမက ပြိုးပြိုး ပြောက်ပြောက်သာ မသေကောင်းမပျောက်ကောင်း ကျန်တော့တယ်။ ဒါ့အပြင် ဟောပြောရ သူတွေခမျာလည်း "ဓား ဂုတ်ပေါ်မှာဝဲ" ဆိုတဲ့ ငိုချင်းကို ဆိုပြီး ပြောသလို လုပ်နေရတာ။ ဒါ့အပြင် နားထောင်သူတွေကလည်း ကိုယ့်ဘေးကထိုင်နေသူကို ထောက်လှမ်းရေးလားလို့ လှည့်လှည့် ကြည့်နေရသေးတယ်။


ထားပါတော့။ ကျနော် ဒီတခါရေးချင်တာက ဒါအဓိကမဟုတ်ပါဘူး။ ကျနော် ပြောချင်တာက ဒီလိုစာပေသမားများရဲ့ အခါကြီးရက်ကြီးမှာ စာပေသမား၊ မီဒီယာသမား၊ ဘလော့ဂါသမားတွေ မကြားစဖူးထောင်ဒဏ်တွေနဲ့ ထောင်ချခံနေကြရတဲ့အဖြစ်ကိုပါ။ အီးမေးလ်တစောင် ထောင်၁၅နှစ်တဲ့၊ တရားဥပဒေကိုပြက်ရယ်ပြု၊ ဒီမိုကရေစီကို စော်ကား၊ ခေတ်သစ် နည်းပညာအပေါ် အာဃာတတွေ ဖော်ပြနေကြတာ၊ သူတို့ ဘယ်လို လိပ်ပြာ လုံကြပါလိမ့်လို့သာ ကျနော်တော့ မေးလိုက်ချင်တော့တာပဲ။
ဒီရက်ကျော်တော့ ရောက်လာတာက အစ္စလမ်ဘာသာဝင်တွေရဲ့ ဘက္ကရီ အစ်ပွဲတော်ဗျ။ အစ်ကြီးလို့ အလွယ်ခေါ်ကြတဲ့ဟာလေဗျာ။ ဒီနေ့ ဒီရက်မှာ အစ္စလမ် ဘာသာဝင်တွေက လူမျိုးမရွေး၊ ဘာသာမရွေး၊ မိတ်ဆွေတွေ၊ အိမ်နီးနားချင်းတွေကို အမဲသား တွေပေးကြ၊ ဆမ်မိုင်တွေဝေကြ၊ ကုသိုလ်ပြုကြ၊ ပြီးရင် ညနေစောင်းကျရင် ဝတ်ကောင်းစားလှနဲ့ လက်ဆောင်တွေ လက်ဆွဲပြီး တအိမ်သားလုံး ထွက်လည်ကြ၊ ကျနော်ဖြင့် မြင်-မြင်ယောင်သေးတော့ဗျာ။ အဲဒီလို "သူတကာကန်တော့ပွဲတွေနဲ့ ရွာထဲမှာ လူယောင်ပြ" ကြချိန်မှာ ၈၈မျိုးဆက် ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီအတွက် ပြောဆို၊ တောင်းဆိုသူတွေဟာ မှောင်မိုက်တဲ့တိုက်ခန်းတွေထဲမှာ ဆွေကွဲမျိုးကွဲ၊ ဘယ်လိုနေကြရှာ မလဲ-နော်ဗျာ။ ထောင်ကျဖူးတဲ့ ကျနော်ကတော့ ကောင်းကောင်း ကိုယ်ချင်းစာမိတယ်ဗျာ။
အစ်ပွဲတော်လွန်ရင် ရောက်လာမှာက နာတာလူးပွဲတော်ပေါ့။ ခရစ္စမတ်ပွဲတော် ဆိုတာ အကြင်နာ၊ သဒ္ဒါတွေကိုကိုယ်စားပြုတဲ့၊ ဖော်ပြတဲ့ ပွဲပါ။ မိသားစုအတွင်း နွေးထွေးမှု၊ ချစ်ခင်ကြင်နာမှုတွေ ဖော်ပြကြ၊ လက်ဆောင်တွေပေးကြ၊ အင်မတန်သိမ်မွေ့တဲ့ ရက်မြတ် ပါပဲ။ နာတာလူးပွဲအကြို ညမှာ မိသားစုအတူတူ ခရစ္စမတ် ညစာစားကြတာကရော၊ ဘယ့်ကလောက် နွေးထွေးပြီး ကြည်နူးစရာကောင်း လိုက်လဲဗျာ။ ဒါပေမဲ့ အကြင်နာ သဒ္ဒါဆိုတာ ချို(ဂျို)နဲ့လားလို့ မေးရမယ့် နအဖ စစ်ဗိုလ်ချုပ်တွေကတော့ နိုင်ငံရေး အကျဉ်းသားတွေအပေါ် စာနာမှုတံခါးကိုပိတ်၊ ထောင်တံခါးတွေကိုဖွင့်လို့ ဝေးလံသီခေါင်၊ ချမ်းအေးခိုက်တုံတဲ့ နေရာတွေဆီကို ဒလေဟောပို့ပစ်ကြတယ်။ မိသားစုတွင်း မေတ္တာမျှဝေမှု၊ စည်းလုံးညီညွတ်မှုကို သင်္ကေတပြတဲ့ ရက်မြတ်ကာလမှာ ဒီစစ် အာဏာရှင်တွေဟာ တိုင်းပြည်အတွင်းမှာ ဆယ်စုနှစ်နဲ့ချီတဲ့ သွေးကွဲမှုနဲ့ ရန်ညှိုးတွေ ဖန်တီးနေကြတယ်။ နာတာလူးပွဲတော်လို ကာလမှာ မဲဇာထက်အများကြီးပိုဝေး၊ ပိုအေးတဲ့ အရပ်တွေကို ပို့ပစ်ကြတယ်။ တကယ်တော့ အပို့ခံရသူတွေလည်း ဒီလိုအခါမှာ "ရွှေလည်ဆွဲချင်ရှာလိမ့်ပေမပေါ့ဗျာ။" ဒါကို နအဖက သံခြေချင်းတွေ ဆွဲပေးနေကြတယ် လေ။
ဇန်နဝါရီလ တတိယအပါတ်ကို ရောက်ရင်တော့ တရုတ်နှစ်သစ်ကူးရောက်ပြီ။ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတပုံနီးပါးရှိတဲ့ လူတွေရဲ့ အမွန်မြတ်ဆုံး ရိုးရာပွဲတော်ပေါ့။ သူတို့ တရုတ်တွေဟာ ဒီနေ့ဒီရက်ကို ရောက်ပတဲ့ဆိုရင် ရောက်ရာအရပ်ကနေ ကိုယ့်အိမ် ကိုယ်ပြန် ကြရတယ်။ ပြီးရင် အိမ်သားတွေစုပြီး ထမင်းအတူစားကြတယ်။ ဒါဟာအဓိကပဲ။ အခေါ်အဝေါ်ကိုက မိသားစုစုစည်းတဲ့ပွဲတဲ့။ ဒါကြောင့် အဲဒီ ထမင်းစားပွဲ မစမီ ပသ သင့်တာတွေ ပသ ရသေးတယ်။ ပြီးတော့မှ "သားမြေးငယ်မာချာ ဘယ်ညာထွေး တော့သည်၊ အလုပ်ကယ် ဧရာ ငုံ့ကာလွေးတော့သည်" ဆိုသလို အပြတ်တွယ်ကြတာပဲဗျို့။ အဲ- နောက်တနေ့ရောက်တော့ ဒီနေ့ဒီရက်အတွက် တမင် တင်ကြိုဝယ်ထားတဲ့ အဝတ် အစားအသစ်တွေ ဝတ်ပြီး လည်စရာ ပတ်စရာ နေရာတွေကို သွားလည်ကြတယ်။ တချို့များဆိုရင် အဖိုးအဖွားကနေ မြေးအထိ မျိုးဆက်သုံးခု၊ ကျောပိုးတန်သူကိုပိုး၊ လက်တွဲတန်သူကို လက်တွဲပြီး တောက်တောက်ပြောင်ပြောင် အဝတ်အစားတွေ၊ အရယ်အပြုံးအတွေနဲ့ လမ်းပေါ်ထွက်လာကြတာ၊ တယ်လဲ မင်္ဂလာရှိသကိုးဗျ။ ကလေးတွေ လက်ထဲမှာလည်း စားစရာမျိုးစုံ၊ ပူပေါင်း-ရဟတ်လို ကစားစရာမျိုးစုံနဲ့။ ကျနော်လို အိမ်နဲ့ နှစ်ရှည်လများ ကွဲနေရသူအဖို့ တကယ့်ကိုအားကျစရာ၊ အိမ်လွမ်းစရာကြီးပေါ့ဗျာ။ ဒါပေမဲ့ အသေအချာ ပြန်စဉ်းစားလိုက်တော့ ကိုယ်ကမှ အဲဒီလို လည်ပတ်၊ ပျော်ပါးနေတဲ့လူတွေကို မြင်နေရသေးတယ်၊ အကျဉ်းကျနေတဲ့ သူတို့တတွေဖြင့် နေ့စဉ်နဲ့အမျှ မျက်နှာပုပ်ကြီးတွေနဲ့ ဆဲရေး ငေါက်ငမ်းသံတွေကိုပဲ မြင်နေ၊ ကြားနေကြရမှာ။ သူတို့အတွက် နှစ်သစ် မကူးသေးတာကတော့ အမှန်ပဲဗျာ။
ပြန်ချုပ်ပြောရရင် အထက်မှာရေးခဲ့သလို လူမျိုးပေါင်းစုံ၊ ဘာသာဝင် ပေါင်းစုံတို့ မေတ္တာတွေ၊ မုဒိတာတွေ ပွားများကြတဲ့ မင်္ဂလာ အချိန်ကာလတွေမှာ နအဖကြောင့် ဗမာပြည်သားတွေဟာ အမျက်တွေပွားရ၊ အံကြိတ်ရ၊ လက်သီးဆုပ်ရတွေ ဖြစ်ကုန်ကြရတယ်။ ထမင်းစားရင် ထမင်းလုပ်မျိုမကျ၊ မျက်ရည်ကျရတာတွေ ဖြစ်ကြ ရတယ်။ ဒီလို အိမ်ထောင်တွေကိုတောင် ခွဲပစ်နေတဲ့အစိုးရတရပ်ဟာ အမျိုးသား စည်းလုံးရေး၊ လူမျိုးပေါင်းစုံ သွေးစည်းချစ်ကြည်ရေး စတာတွေကို ဘယ်လိုလုပ်ဆောင် နိုင်ပါ့မလဲ။
ကျနော်တို့ ပြည်သူလူထုတွေကတော့ ဒီလိုနေ့တွေရက်တွေ၊ အခါတော် မင်္ဂလာတွေ ရောက်တိုင်း ထောင်ထဲရောက်နေတဲ့ ဒီပုဂ္ဂိုလ်တွေကို ကိုယ့်အရင်းအချာတွေသဖွယ် သတိရလွမ်းဆွတ်ပြီး သူတို့အတွက် တိုက်ပွဲဝင်ဖို့ သန္နိဋ္ဌာန်တွေချနေမိကြမှာပဲ။ ခရစ္စမတ်တေးတွေ ဆိုရမယ့်အစား "ကမ္ဘာမကြေဘူး" သီချင်းဆိုနေရတာ ကောင်းတော့ မကောင်းဘူးပေါ့ဗျာ။ ဘာတတ်နိုင်မလဲ။

ဘယာဘေး ကွာဝေးကြပါစေ။
ယာတောကသာဗြော

No comments: