Monday, December 29, 2008

ပြည်ပြေး
ရေးသူ-တင်မိုး


ငါ့ယာခင်းရဲ့
နှင်းစက်မြက်ဖျား၊ ပေါင်းပင်ကြားမှာ
ထွန်သွားကလေးနဲ့ ထွန်ချင်တယ်။



မြေသားရဲရဲ၊ ပဲနှမ်းကြဲလို့
ကန်မြဲဇဂျမ်းမှာ ပျော်ချင်တယ်။

ချိုးကူသံကြား၊ ငှက်ခါးတွန်သံ
စာကလေးပျံတဲ့
သာလာယံမှာ အိပ်ချင်တယ်။

နေ့လယ်နေ့ခင်း၊ ကျော်လျားခင်းကာ
ထမင်းလုံးစီ၊ တရေးမှီပြီး
လက်ဖက်ရည်ဝိုင်း၊ သင်္ဂြိုဟ်ဝိုင်းမှာ
မိုင်းခိုင်းပိဋကတ်၊ စာတတ်လယ်တီ
တောမှီသစ်ချ၊ ပဏ္ဍိတတို့
ကျမ်းစတိုထွာ၊ ငြင်းစရာကို
ရွတ်ကာရွတ်ကာ၊ ဟန်ပါပါနဲ့
အဘိဓမ္မာပွဲမှာ နွှဲချင်တယ်။

ညနေချိုတော့
ဆရာအိုရဲ့၊ ဘင်ဂျိုအတော
တယောဗုံသံ၊ ညဥ့်ဦးယံထိ
နာခံကြည်နူး၊ စိတ်ရွှင်မြူးပြီး
ဘုရားဖူးချိန်၊ စိတ်ကိုငြိမ်တော့
ပိန်ဖောင်းမှတ်လို့ အိပ်ချင်တယ်။

မနက်လင်းတော့
ထမင်းကြမ်းခဲ၊ လွေးမြဲအစာ
လွေးပြီးခါမှ
နွားပြာတရှဉ်း၊ ထွန်တစင်းနဲ့
ယာခင်းယာထွန် သွားချင်တယ်။

ယခုအခါ၊ ငါ့ရွာနဲ့ဝေး
ပြည်ပြေးတိုင်းခြား၊ ငါရောက်သွားပေါ့
ဘာများတတ်နိုင်မှာလဲကွယ်။

တင်မိုး
၀၁၊ ၀၃၊ ၂၀၀၀

2 comments:

အိမ်လွမ်းသူ said...

ဆရာ့ရဲ့ ကဗျာလေးက ရင်ထဲကိုထိမိလွန်းလှလို့ ကျွန်မရွာကို လွမ်းမိသွားပါတယ်....။ ဒီလိုကဗျာမျိုးလေးတွေ ဖတ်ခွင့်ရလို့ မာယာကို အရမ်းကျေးဇူးတင်ပါတယ်ရှင်...

khin said...

ယခုအခါ၊ ငါ့ရွာနဲ့ဝေး
ပြည်ပြေးတိုင်းခြား၊ ငါရောက်သွားပေါ့
ဘာများတတ်နိုင်မှာလဲကွယ်။တဲ့ဆရာက
ဖတ်ပြီးတော့
လွမ်းရင်းမောသွားပါတယ်ရှင်။