Friday, December 26, 2008

မမေ့နိုင်တဲ့ ဆရာ့ပုံရိပ်
ရေးသူ- အေးဝင်း (လမင်းတရာ)

၁၉၉၉ ခုနှစ်ရဲ့ ကျနော်အလုပ်က ပြန်ရောက်တဲ့ တညနေအချိန်မှာ message တခု အိမ်ကို ရောက်နေတယ်။ ဦးဘဂျမ်း ဖုန်းခေါ်တယ်တဲ့။
ရုတ်တရက် ကျနော် အံ့သြသွားတယ်။ ကျနော့် အသိထဲမှာ ဒီနာမည်ဟာ ကဗျာဆရာ 'တင်မိုး' ပဲ။ သူပေးတဲ့ ဖုန်းနံပါတ်ရဲ့ area code ကို ကြည့်တော့ (၃၁၃) တဲ့။ ကျနော့်စိတ်ထဲ သူအမေရိက ရောက်နေပြီမှတ်ပြီး အတော်ပျော်သွားတယ်။ ချက်ချင်း ကျနော် ဖုံးခေါ်လိုက် တယ်။



သြော်.... သူ ဘယ်လ်ဂျီယမ်ကို ရောက်နေတာကိုး။ သူ့သမီးက ဒေါက်တာမိုးမိုးနှင်းတဲ့။ သမီးက ခေါ်လို့ သူထွက်လာခဲ့တာ အပြင်၊ တခြားသူရဲ့ အကြောင်းကိစ္စတွေနဲ့ အခြေအနေကို လည်း ရှင်းပြတယ်။ ကျနော်ကတော့ မြန်မာပြည် မပြန်နဲ့တော့၊ ပြန်ရင် ဖွတ်ကျားတွေ ဆရာ့ကို ဒုက္ခအကြီးအကျယ် ပေးလိမ့်မယ်လို့ အကြံပေးလိုက်တယ်။ တခြားသူတွေလည်း ကျနော့်လိုပဲ အကြံပေးကြတယ်နဲ့တူပါတယ်။ သူ မပြန်ဖြစ်တော့ဘူး။
အမေရိကကို ပထမဦးဆုံးအကြိမ် ဘယ်လ်ဂျီယံကနေ အလည်ရောက်လာတော့ သူတည်းတဲ့အိမ်မှာ သူ့ကို ကျနော် သွားခေါ်ပြီး ယူနီဗာဆယ်စတူဒီယိုကို ခေါ်သွားတယ်။
ဇွန်လ ၁၈ ရက်၊ သက္ကရာဇ် ၂၀၀၀။
အဓိက ကတော့ အချိန်ကြာကြာ၊ အေးအေးဆေးဆေး နှစ်ယောက်ထဲ စကားပြောဖို့ပါ။
နှစ်ယောက်သား ယူနီဗာဆယ် စတူဒီယိုထဲမှာ ဟိုဝင်ဒီထွက် လှည့်ပတ်ကြည့်ရှုရင်းက စကားတွေ ပြောဖြစ်ကြတယ်။ အကြောင်းအရာကတော့ မျိုးစုံပါပဲ။ ပြောရင်း ကျနော် ထိုင်းမှာနေတုန်းက စုထားတဲ့ ကဗျာတွေအကြောင်း ရောက်သွားတယ်။ အမျိုးသားနိုင်ငံရေး တပ်ပေါင်းစု(မနတ) က ထုတ်တဲ့ 'မတ်လ၏ ဂန္ထ၀င်ပန်းရိုင်းများ' ကဗျာ၊ ဒေါ်ခင်ကြည်ဈာပနမှာ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု (မနတ) က ဝေတဲ့ 'သံမဏိပန်းတဖူး၏ ဥယဉ်မှူးမိခင်' ကဗျာ၊ နောက်ပီး သူ့ကဗျာတွေ... 'အိမ်လည်ကြူးတဲ့သား' 'ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်း များ'.....။
အဲဒီမှာ အကြံတခု ကျနော့်ခေါင်းထဲ ရောက်လာတယ်။ သူအမေရိကကို ရောက်လာတဲ့ အထိမ်းအမှတ် လမင်းတရာက ကဗျာစာအုပ်ကလေးတအုပ် ထုတ်လိုက်ရရင် ကောင်းလေ မလား.....။ သူက ကောင်းသားပဲ လုပ်လေတဲ့။ သူလည်း သင့်တော်တာလေးတွေ ထပ်ဖြည့် ပေးမယ် ပြောတယ်။ သူ ထပ်ပေးတဲ့အထဲမှာ အကြိုက်ဆုံးက 'ဗုဒ္ဓနှင့်တွေ့ဆုံခြင်း' တဲ့။ ကျနော်တို့ နှစ်ယောက် ကဗျာစာအုပ်တအုပ် မွေးဖွားလိုက်ကြတယ်။ 'ဗုဒ္ဓနှင့်တွေ့ဆုံခြင်းနှင့် အခြားကဗျာများ' တဲ့။
မှတ်မှတ်ရရတခုက သူနဲ့ကျနော် ယူနီဗာဆယ်စတူဒီယိုထဲကအထွက် ဟောလီးဝုဒ် တောင်ကုန်းပေါ်ကနေ ကျနော်ကြိုတင်ယူလာတဲ့ ဖုံးကဒ်ကိုသုံးပြီး အများသုံးတယ်လီဖုံးကနေ တနေရာကို ကျနော် တယ်လီဖုံး ခေါ်တယ်။ ကျနော် ဘာမှ ပြောမနေပဲ သူ့လက်ထဲကို တယ်လီဖုံးခွက် ထည့်ပေးလိုက်တယ်။ ၀င်းပသွားတဲ့ သူ့မျက်နှာနဲ့အတူ၊ သူ့ဆီက အသံတခု ထွက်လာတယ်။

"ဟေ့ကောင်..... ဖိုးသံ... ငါ့လခွီးမှပဲကွာ......." တဲ့။

အဲဒီအကြောင်းကို ပြန်တွေးတိုင်း အင်မတန် ချစ်စရာကောင်းတဲ့ သူ့မျက်နှာကို အတိုင်းသား မြင်တုန်း။ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ ညီငယ်တယောက်ကို သူမမျှော်လင့်တဲ့ အချိန်၊ သူမမျှော်လင့်တဲ့နေရာမှာ ရုတ်တရက် သူ စကားပြောလိုက်ရတယ်လေ။ သူ့ရဲ့ တုန့်ပြန်လိုက်တဲ့ အသံကြီးက တကယ့်ကို ကျေနပ်အားရ ပီတိဖြစ်တဲ့အသံကြီး။ နားထောင်လိုက်ရုံနဲ့ သူဘယ်လောက် ရွှင်လန်းအားတက် သွားတယ်ဆိုတာ သိလိုက်တယ်။
သူ့အသံ၊ သူ့လေယူလေသိမ်း၊ သူ့ အသုံးအနှုန်းဟာ ဒီ လူအပေါ် သူ နွေးထွေးမှု၊ လေးနက်မှု၊ ဖြူစင်မှု၊ ရိုးသားမှု၊ ပွင့်လင်းမှုတွေ အတိုင်းသား ပေါ်လွင်ခဲ့တယ်။

အေးဝင်း (လမင်းတရာ)
ဆရာဆုံးတယ်လို့ ကြားကြားခြင်း ဒီအမှတ်တရစာကို ကောက်ရေးပြီး မိုးမခ အင်တာ နက် ရေဒီယိုကို ပို့လိုက်တာဖြစ်တယ်။

No comments: