Friday, June 4, 2010
ပြောင်းပြန် ပြန်ကြည့်နေတဲ့မှန်
ရေးသူ- မောရူးဆိုး
အပေါ်က ထွက်ကျလာတဲ့ မိုးဥတုမှာ အတိတ်က အမှတ်အသားပြုခဲ့တဲ့ အချစ်ဇာတ်လမ်းတခု ပျံထွက်ပြေးသွားတယ်။ အမှန်တော့ ကျွန်တော်က နှုတ်ဆက်လိုက်တာပါ။ သူမကတော့ ထုံးစံအတိုင်း အတိုင်းအတာတခုကိုသာ ကိုင်ဆုပ်ထားပြီး မီးလျှံသီချင်းကို ဆိုတာ။ ပြောတော့ ပြောကြပါရဲ့။ "ကျန်းမာရေး ကောင်းရဲ့လား" တဲ့။
လူတိုင်းကို ကျွန်တော်က အချိန်တိုင်း ဂေါက်သီးရိုက်ပြရမှာလား။ အနံ့သိပ်မကောင်းလှတဲ့ အတွင်းကျကျ ကလီစာတွေ လမ်းလျှောက်ထွက်သွားပြန်ပြီ။ နေပါဦး၊ မေးပါရစေ။
"ခင်ဗျားတို့ ဘာကို အလိုရှိတာလဲ။ ဘာကို လဲလှယ်မှာလဲ။ ဘာကို ၀ယ်မှာလဲ။ ဘာကို ပြန်ပေးမှာလဲ။ ဘာကို ရင်းနှီးမြှုပ်နှံမှာလဲ။ မိနစ်တွေကို စခန်းသိမ်းလိုက်ရင် ပြီးသွားရော မဟုတ်လား။ ဘက်အပ်ထဲမှာ ဘာထည့်ဦးမလို့လဲ။ ဒီမှာ ကိုယ့်လူ။"
"ဟိုမှာတွေ့လား။ မဟောသဓာက ပြုံးနေတယ်ဗျ" တနုံ့နုံ့နဲ့ စဉ်းစားခဲ့တဲ့ အရာတွေဟာ ဒြပ်မှုန်တွေ လိုလားမသိ။ ဒါပေမယ့် ဒြပ်မှုန်တွေလို ပျက်စီးကျန်ခဲ့တယ်။ ပြီးတော့လည်း ဘာမှ မဟုတ်သလို။ ငြိမ်ငြိမ်ကလေး လွင့်မျောနေလို့ အခွင့်မရှိဘူးလား။ သိပ်သဘာဝကျတဲ့ သဘာဝတရားထဲမှာ သဘာဝမကျတာဆိုလို့ သဘာဝကျတာပဲ ရှိတယ်။ မှတ်မိပြီလား။
"ခန္ဓာငါးပါးကို ပြင်းပြစွာ စွဲလမ်းခြင်းသည် ဥပါဒါန်ဖြစ်၏။ ယင်းဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာငါးပါးသည် ဥပါဒါနိယမည်၏" (ဗုဒ္ဓဒေသနာတော် ဝေါဟာရအဘိဓာန်၊ စာမျက်နှာ ၁၇၅)
မေတ္တာတွေ ပူလောင်နေကြ၏။ တောင်းပန်ပါရစေ။ ပုံတွေ ပြောမပြကြပါနဲ့တော့။ ပန်းရနံ့တွေလည်း အရောင်မခြယ်ပါနဲ့တော့။ တိမ်မျှင်တွေလည်း သင်းမပျံ့ပါနဲ့တော့။ လေညှင်းလေးတွေလည်း ပွင့်လန်းမပြပါနဲ့ တော့။ ဟုတ်ကဲ့။ တောင်းပန်ပါရစေ။ ဦးခေါင်းကို ခဏခဏ ညိတ်ပါ။ လက်နှစ်ဖက်ကို ခဏခဏ ငြိမ်ငြိမ်နေပါ။ ကိုယ်ကာယကို ခဏခဏလှမ်းပါ။ အသိစိတ်ကို ခဏခဏ ဘေးမှာ ချထားပါ။ တခုတော့ ရှိတယ်။ ဘယ်သူ့ကိုမှ တီးတိုးစကားပြောဖို့ ခွင့်မပြုပါပဲ ချစ်သူ့စကားကို ရင်မှာသိမ်းဆည်းထားပြီး မုန်းသူ့စကားများကို ပြောဖို့ ကြိုးစားကြည့်ရအောင်လား။ စကားပြောတတ်ခါစလို စကားပြောကြည့်ရအောင်လား။
ကျွန်တော်က "ကျွန်ပ်၏ ဒီဇင်ဘာ" ကို ဣတ္ထိလိင်ကို နှစ်သစ်ကူးလက်ဆောင် ပေးဖူးသည်။ ကြည့်။ ရင်ခေါင်းထဲမှာ အောင့်နေကြတဲ့ အချိုးကျ ပန်းသီးတလုံး စိတ်ကူးနဲ့ ညှော်ရနံ့ခပ်သန့်သန့် လက်သုတ်ပ၀ါတထည် အလိုရှိလိုက်ပါတယ်။
သောကြာနေ့များထဲမှာ ခုနှစ်တန်းက မော်ကွန်းတင် အမျိုးသားစိတ်။ အင်အားကြီး ယဉ်ကျေးမှု။ ခွင့် (လျှို့ဝှက်) ဒဿန။ ကြောက်ရွံ့တာ၊ ပူပန်တာ စိတ်မချမှုကြောင့်ပါ။ အေးအေးဆေးဆေး မျက်နှာမာများ ထမင်းစားကောင်းကြစေ။ ဆောင်းငွေ့ငွေ့ ဘယ်နှစ်ခါ ပြုံးစစ အလှကြားမိပါစ။
သြော်.... ကိလေသာရယ်။ ရယ်မော နာကျည်းသေး။ ကဗျာ။ ကဗျာ။ ဒါဟာ ရှင်းပြဖွယ်ရာလား။ နှုတ်ခမ်းကို ချုပ်သိမ်း၍ အလုံးစုံ တိတ်ဆိပ် လျောင်းစက်၍ သေရည်၌ မျှော်မောလိုက်တဲ့အခါ ထိပ်တန်းကျသော ကလောင်တံများက စေ့စေ့ကြည့်လျက် ဒဏ်ရာတွေက မကျက်သေး၍ ကိုယ်ရေးရာဇ၀င်များ အားလုံးကို ဒီလိုပဲ သင်္ဘေဆေးမလို၊ ရေဆေး၊ ဆီဆေး မလိုတော့ချေ။
သိရပါပြီ။ သိလိုက်ရပါပြီ။ သိခဲ့ပါပြီ။ ကျမ်းကိုးတွေနဲ့ ဝေဒနာများကို ပလုတ်ကျင်း သန့်ရှင်း။ ညှင်းညံ့ညံဓာတ်ပုံ။ အိပ်မပျော်ခဲ့တဲ့ စာတန်းပြီးတဲ့နောက်။ နေရောင် သောင်းကျော်တန် ဖိနပ်ရဲ့ ကော်ဖီခွက်ထဲက သီးသန့် အချစ်နှစ်များစွာ ကြာလို့ ကျွန်ပ်၏ ခြေလှမ်းများရဲ့ ကြံ့ခိုင်ရေးလို လျော့ရိလျော့ရဲ။
အမာရေ။ အမာရေ။ အေးစက်နေပြီလားကွယ်။ ကျက်သရေ ကင်းမဲ့လှတဲ့ အသံ။ သီချင်းရဲ့ လော်လီခြင်းမှာ နက်နက်နစ်မြှုပ်ပြီး ထုတ်တန်းမှာ ဆွဲထားတဲ့ သစ်သီးခြောက်လို ကံတရားရဲ့ အပေါ်မှာ မျက်နှာငယ်စွာ။ စကားလုံး စာရွက် ဘာသာဗေဒရဲ့ ၀င်္ကပါ။ ဒါနဲ့ပဲ ကြေကွဲစရာလေးတွေ ဖြစ်ကုန်ပြီ။ သေချာတယ်နော်။ အဆင့်မြင့် စိတ်လျှော့ပြီး တ၀က်တပျက်မှာ ရှာဖွေဖြစ်သည်။ ပေတံတချပ်ပေါ်က ထိုင်ခုံမှာ သံယောဇဉ်ကို ရှာဖွေ တွေ့ရှိခဲ့ရ၏။ မငိုချင်ခဲ့ရပါဘူးဗျာ။
ပင်လယ်ဆိုတာ ပူပြင်းလွန်းလှတဲ့ ကလေးငယ်။ ဆိတ်ငြိမ်တဲ့ ဂူတွေထဲကို တွားသွားရွေ့တော့ မိခင်မြေရဲ့ အရိပ်ကျ ကမ်းပါးတွေကို ပွတ်တိုက်သွားတာပေါ့။ သက်ပြင်းချဖို့ တီးတိုးပြောဖို့ အဲ ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့။ ။ (အမည်မသိရှေးစာဆို)
သူကလေးရဲ့ အင်္ကျီကလေးကို အားနာမိတယ်။ လေးနာရီ ထိုးခဲ့ပါပြီ။ ၄ နာရီ ထိုးခဲ့ပါပြီ။ မျက်နှာရဲ့ အရိပ်များဟာ အမှတ်ရခြင်း ၀တ္ထုပဲ ဖြစ်သင့်တယ်။ အသည်းနှလုံးကို ဘာသာမပြန်ကြပါစို့။ သော့မပိတ်ခင် အသင် အသက်ဝအောင် ရှူပါ။ ပုံပြမျဉ်းကို ဖတ်ပါ။ သမားတော်ကို ကျေးဇူးတင်ပါ။ လှုပ်ကြဟေ့လို့ ခွေးခြင်္သေ့က အော်တယ်။ နေခဲ့ပါရစေတဲ့။ ယုန်ကလေးက ပြောရှာတယ်။ မနေ့က လေးတင်ပဲ ပြောခဲ့ပြီးပြီတဲ့။ သြော် အနာဂတ်မှာ နေရပ်လိပ်စာ လိုသေးတယ်ဆိုရင် အိမ်နံပါတ်တော့ မမှားစေနဲ့တော့။ အသားများများ စားပြီး ရေချိုးနိုင်အောင် ရည်ရွယ်ပါ။ ယတြာမရှိပါ။ ငေးကြည့်နေရသေးတယ်။ အံ့လောက်ဖွယ် လက်ခုပ်သံများ။ မြင်နေကျ တောအုပ်မဟုတ်။ အလျားလိုက် တိမ်းစောင်းသွားတဲ့ ၀န်ရိုးပေါ်မှာ ကိုယ့်ကိုယ်ကို ခိုင်ခံ့လုံခြုံဖို့ ဦးစွာပထမ သတ်ပုံကို ပြင်ဆင်ထားပါ။ နာရီရဲ့ အသံကို မြင်တယ်။ ခပ်စောစောက နှင်းရော။ ဘယ်သူမသိ ရှိပါ့မလဲလေ။ ဒီလိုပဲ လူကြားထဲ ထားရစ်ခဲ့တာ။ အခုတော့လည်း မမြင်ချင်ယောင်။ မမှတ်မိတော့ယောင်ဆောင်ပြီး သကာလ အသက်ရဲ့ အချိန်ကာလကို မသိကျိုးကျွံဟန်လုပ်ပြီး သည်လိုမိတ်ဆွေ နောက်ထပ်တဦးနဲ့ပဲ စကားရော ဖောရော ပြုနေတာကို ကျွန်တော်မသိဘဲ ရှိပါ့မလားလေ။ ကျေးဇူးတင်ပါတယ်။ သင်ပေးခဲ့တဲ့ အကြောင်းအရာတွေလေ။ ဟန်မလုပ်တဲ့ အချိန်တွေ ကျန်ပါသေးတယ်။ အဲဒီကျရင်တော့ မော့ကြည့်ရအောင်နော်။ ခုနလိုပဲပေါ့။ ခင်ဝမ်းကတော့ 'လမ်းရဲ့သယ်ဆောင်ရာ ဟို အဝေးကို၊ အဝေးကို လွမ်းတတ်ရင်လည်း လမ်းကပဲ လွမ်းတော့မယ်' တဲ့။ သီချင်းလုပ်ဆိုတယ်။ ကိုယ့်လူကရော။ မြဲမြဲကိုင်ထားနော်။ အရှိန်ပြင်းတယ်။ အတင်းပြောတဲ့ ဘာသာရပ်ကို မသိခဲ့ရိုး အမှန်ပါ။ ၀န်ခံပါတယ်။ ရဲရဲသာ လက်ခံပါ။ အနောက်ဘက်က သို့မဟုတ် အရှေ့ဘက်က တောင်ကုန်းလို မို့မို့ကလေး တခုမှာ ယာတဲကလေး တခုရှိပါတယ်။ ယာတဲကလေးရဲ့ နဘေးမှာ မိုးမခပင် တပင်ရှိပါတယ်။ ပတ်ပတ်လည်မှာ စိမ်းလန်းတဲ့ မြက်ခင်းအပါအ၀င် စိုက်ခင်းတွေလည်း ရှိပါတယ်။ မော်တော်ကား သို့မဟုတ် မော်တော်ဆိုင်ကယ် ရှိ၊ မရှိ မသေချာ။ ယာတဲကလေးထဲမှာ အသံဖမ်းစက် သို့မဟုတ် ကွန်ပြူတာ ရှိ၊ မရှိ သေချာ။ အိပ်ပျော်နေတဲ့ သို့မဟုတ် အလုပ်လုပ်နေတဲ့ လူပုဂ္ဂိုလ်တဦးဦး ရှိ မရှိ မသေချာ။ သခင်နားကပ်သလို ကပ်နေတဲ့ ခွေးကလေးတကောင် သို့မဟုတ် ကြောင်ကလေးတကောင် ရှိ၊ မရှိ မသေချာ။ ပြောချင်တာကတော့ အဲဒါတွေ အားလုံးရဲ့ အပေါ်မှာ ကျယ်ပြန့်သော မိုးကောင်းကင်ကြီး ရှိနေတယ် ဆိုတာပဲ။
ဤ ကမ္ဘာမြေကြီးက ကျွန်တော့်အပေါ်မှာ ခွင့်လွှတ်စေချင်ပါတယ်။ ကျွန်တော်က ဤကမ္ဘာမြေကြီး အပေါ်မှာ ခွင့်လွှတ်လိုက်ပါတယ်။
အိပ်မက်ကလေးသာ ပေးပါ။
မောရူးဆိုး
[မြန်မာသစ်ရသစုံမဂ္ဂဇင်း၊ အမှတ် ၁၄၊ ဇွန်လ၊ ၂၀၁၀ မှ ကူးယူဖော်ပြပါတယ်။]
Subscribe to:
Post Comments (Atom)
No comments:
Post a Comment