Monday, June 7, 2010

ဝေဒနာက ဖတ်ကြားခြင်း
ရေးသူ- နေသွေးနီ




ငါ့အစ်ကို။
ငါ့မှာ နေရောင်ပြင်းပြင်းတွေ ၀ိုင်းရံထိုးဟပ်ခြင်း ခံနေရတဲ့အခါ အစ်ကိုဟာ အရိပ်တခု ဖြစ်နေခဲ့တယ်။
ငါ့မှာ မိုးပေါက်အလုံးကြီးကြီးတွေ ထိခိုက်ရိုက်ပုတ်ခြင်း ခံနေရတဲ့အခါ အစ်ကိုဟာ စလူရွက်လေး ဖြစ်နေခဲ့တယ်။
ငါ့မှာ ဆောင်းနှင်းခဲတွေ အဆုပ်လိုက်၊ အဆုပ်လိုက် တအားပစ်ပေါက်ခြင်း ခံနေရပြီး ရိုးတွင်းချဉ်ဆီတွေ အအေးပတ်နေရတဲ့အခါ အစ်ကိုဟာ မီးဖိုကလေး ဖြစ်နေခဲ့တယ်။
ငါ့ကို ကူညီခြင်း၊ ရိုင်းပင်းခြင်း၊ နှစ်သက်ခြင်း၊ ခင်မင်ခြင်း၊ ပွင့်လင်းခြင်း၊ ဖြောင့်စင်းခြင်း၊ အကောင်းဆုံး အဖြူရောင်ကို ပေးစွမ်းသူ ငါ့အစ်ကို...။
ငါ့ကို မသနားတော့ဘူးနော်။ မြေအပြင်ပေါ်မှာ ကျူတိုင်တချောင်းလို ၀ီခေါ်အောင် ရပ်နေရတော့မယ့် ငါ့ဘ၀ကို အစ်ကို မစဉ်းစားခဲ့ဘူးနော်။
အစ်ကိုရယ်... တို့အစ်ကိုရယ်......။

မျက်နှာလွှဲသွားခဲ့တယ်။ ဘယ်တော့မှ မကြည့်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကြီး ယတိပြတ် လုပ်ဆောင်ပြီး ငါ့အစ်ကို ကျောခိုင်းသွားတယ်။ အေးမြခြင်း၊ အစ်ကိုအတွက်တော့လေ ငြိမ်းချမ်းခြင်းရှိတဲ့ မြေ၀ပ်ကျင်းကလေးထဲ အစ်ကို သွားအိပ်တော့တယ်။
မေ့ပါ၊ ပစ်ပါ၊ ပျောက်ပါ။

++++++++++++++++++++++++++++++++++++++++++++++++++++

ငါ့မှာ ရိုးသားခြင်းတခု ရှိနေတာ အစ်ကိုပေါ့။
ငါ့မှာ ပွင့်လင်းခြင်းတခု ရခဲ့တာ အစ်ကိုပေါ့။
ငါ့မှာ ဖြောင့်စင်းခြင်းတခု ရခဲ့တာ အစ်ကိုပေါ့။
ငါ့မှာ အနုပညာသီလ၊ အနုပညာဓမ္မ၊ အနုပညာသမာဓိ၊ အနုပညာကမ္မဌာန်း ပွါးများရခြင်းဟာ အစ်ကိုပေါ့။
မေတ္တာအစစ်၊ တုပခြင်းကင်းတဲ့ အဖြူတကာ့ အဖြူရောင်ကို ငါ မြဲမြဲဝတ်ဆင်နိုင်ခဲ့ခြင်းဟာ အစ်ကို ပေးခဲ့လို့ပါပဲ။
ဒီမယ် အစ်ကို။
ကမ္ဘာလောကထဲမှာ ရှင်ခြင်းဘ၀တုန်းက ကိုယ့်အကျိုးစီးပွါး၊ ကိုယ့်အကောင်းချည်း ရရေးပိုင်ရေးအတွက် အစ်ကို မလုပ်ခဲ့ဘူး။ ဖုန်မှုန့်တမှုန့်လောက် အတ္တအကျိုးစီးပွါးကို အိတ်ကပ်ထဲ မထည့်ခဲ့ဘူး။ လူရှေ့မှာ သူတော်စင်၊ လူကွယ်ရာ အယုတ်တကာ အယုတ်ဆုံးသော အကျင့်ကို လျှိ့ဝှက်သိပ်သည်းစွာ ပြုကျင့်ခြင်းကို ကာမကဲ့သို့ တပ်မက်သောလူနဲ့ အစ်ကိုဟာ မြေကြီးနဲ့မိုးလို ဖြစ်ခဲ့ပါတယ်။

အစ်ကို့အနား ဗေဒကျမ်း ဗုံးပေါလအော ဒဿနအမြင်တွေ၊ အမြင်တရားကို စစ်ထုတ်ပေးတဲ့ ပန်းပုရုပ်တွေ အစ်ကို ပြန်ဆေးသုတ်ပြီး ကိုယ်ကျိုးရှာခဲ့ရင် အစ်ကို အသက်လည်းရှည်မယ်၊ အရောင်လည်း ပြောင်မယ်။ ပြိုးပြိုးပြက်ပြက် လက်မယ်။ မလုပ်ဘူး။ တကယ်ဆို ကမ္ဘာမှာ ထည်ဝါတဲ့ အဆိုအမိန့်၊ အဟောအပြောကောင်းတဲ့ ပညာရှင်များရဲ့ ရုပ်ပုံကို ထုစား၊ ခွဲစားရင် ငါ့အစ်ကို အသက်တရာတောင် ရှည်မလား မသိ။ အများအကြိုက် ဝေါဟာရတွေ အပြွတ်လိုက် အခိုင်လိုက် သုံးပြတတ်ရဲ့။ ဒါပေမယ့် ငါ့အစ်ကိုက တယ်ရိုး၊ တယ်အ။ ခေတ်သုံးစကား လှိုင်လှိုင်မပြောတော့ ငါ့အစ်ကိုရဲ့ ဒုက္ခဟာ တောင်ပုံရာပုံ ဖြစ်ခဲ့ရခြင်းပေါ့။

အင်းလေ.... သဗ္ဗေသတ္တာ ကမ္မသကာ။ ဒါပေါ့.... ဒါပေါ့။

+++++++++++++++++++++++++++++++++++++

ငါ့အစ်ကိုရဲ့ ရိုးသားမှုဟာ တောင်ကြားနေ လယ်သမားနဲ့ တယ်တူ။

ယုံပါတယ်။ အရင်က ငါ့အစ်ကိုနဲ့ငါ ဘယ်တော့မှ မျက်နှာချင်းပြုံးလို့ မဖြစ်လိုက် ဖြစ်လိုက်။ ငါ့အစ်ကိုက ရေဆေးချမြဲ။ ပြီး... ငါ့ကို သည်းခံခြင်း အပွေ့အဖက်တွေနဲ့ ငါ့ရင်ထဲက ဒေါသနဂါးမောက်ကို လက်နဲ့ ပွတ်သပ်ချော့မြဲ။ ဒါပေါ့။ ငါ့ အစ်ကိုဟာ ယောဂီတဦးနဲ့ သိပ်တူလို့။ တချို့က အစ်ကိုရေ ကြက်ဥအကာတွေ၊ အစ်ကိုက အနှစ်... အနှစ်။

ငါ သိခဲ့တယ်။ တနှစ်ကျော်ကပေါ့။
ငါနဲ့ အစ်ကိုနဲ့ တွေ့တိုင်း ငါ့အစ်ကိုက ငါ့ဖို့တဲ့ ဒဿနအမြင် စာအုပ်ကလေး တအုပ်နှစ်အုပ်။ ဘယ်သူမှ လက်ဖျားနဲ့ အတို့မခံဘဲ ပေးတယ်။

'ညီငယ် မလာတော့ တခါတခါ အားငယ်ရတယ်'
'ညီငယ်က စကားပြောရင် တုံးခနဲ တိခနဲ ပြောတာတွေ မြင်နေ ကြားနေရရင် အားရှိတယ်'
'ဟုတ်ပါပြီဗျာ၊ ညီငယ်က ဆေးလိပ်မသောက်နဲ့ဆို မသောက်ပါဘူး'
'အေးလေ... ငယ်စဉ်က ငါလည်း မှားတာပါ။ ခုတော့ ညီငယ်ငါ့ကို အတုံးလိုက် အတစ်လိုက် ပိဿလေးနဲ့ ဘေးပစ်သလို ပြောတာတွေ နားထောင်ရတော့ လောကမှာ ဘာလုပ်လုပ် မေတ္တာရယ်၊ ဖြူစင်ခြင်းရယ်၊ ရာခိုင်နှုန်း အပြည့်ရှိအောင် လုပ်သွားမယ်။ ဒါ လူဖြစ်ရကျိုး အမြတ်ပဲ ထင်တယ်'
'ညီငယ်နဲ့ လူတိုင်းနဲ့ မတည့်တာဟာ ညီငယ်ကို ငါ့လို နားမလည်ကြဘူး။ ညီငယ်ကလည်း ခက်တယ်။ ဟန်ဆောင်နေတာမျိုးဆို ချက်ချင်း ကောက်ကာငင်ကာ ပြောတော့ မခံနိုင်ဘူး'
'ပြေးကြည့်မှ ညီငယ်ရေ.... လူနည်းနည်းလေး ရှိတယ်။ တချို့လည်း ခွဲသွားကြ၊ ခွါသွားကြ၊ တချိုလည်း ဟန်ဆက်မဆောင်နိုင်ကြတော့ဘူး။ ညီငယ်အမြဲ လာလာတွေ့နေတော့ စိတ်ထဲ ၀မ်းသာရတယ်။ အားဆေး တခုပေါ့'

ငါ့အစ်ကိုရဲ့ အသံချိုချိုဟာ ငါ့နားထဲမှာ စမ်းရေလို အေးစိမ့် စီးဝင်လာမြဲ။ ငါ့အစ်ကိုက ငါ့ကို ကြည့်နေ၊ ပြုံးနေတာ ကြာပွင့်တပွင့်နဲ့ တူတယ်။

ငါက ရင်ထဲက အကောက်အလိမ်တွေ၊ စိတ်တီကောင်တွေ မထားတတ်ဘူး။ ငါ့ ရင်ထဲမှာ မြွေဟောက်က အမြဲခွေနေတတ်တယ်။ မီးခဲတွေကလည်း အမြဲ ရှိနေတတ်တယ်။ ငါ့မျက်စိက ငါ့အနားမှာ။ သတ္တ၀ါဝေနေယျကို ချွတ်ဖို့ပြောပြီး မိန်းမအတွက်၊ အက္ခရာတွေ၊ ကားချပ်လှလှတွေ တကုပ်ကုပ် ရေးဆွဲပြီး လက်သိပ်ထိုး လျှိ့ဝှက်ရွှေခဲ၊ မြေကြီးထဲက ထွက်တဲ့ အရောင်လက်တဲ့ ခဲလုံးတွေ ကျွန်းသေတ္တာထဲ စုနေတဲ့ လူတွေနဲ့ ချက်ချင်းတွေ့။ ငါက သူ့ကို မစင်လို ခွေးသေတကောင်လို ရွံ့မုန်းသွားတတ်တယ်။

အဲဒီလူကို ငါက စစ်ထိုးတယ်။ မုန်းတယ်။
ငါက ဟန်ရော၊ မာန်ရော၊ အသံရော၊ ရုပ်အလှုပ်အရှားရော၊ အပြုအမူအားလုံးဟာ ပြင်းထန်ပြီး ဘီလူးတကောင် ဖြစ်နေတတ်တယ်။
ငါ့အစ်ကိုက လူတွေမှာ အသံအမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ မျက်နှာအမျိုးမျိုးတွေ။ သူ့မှာလည်း တခါတလေ အညစ်အကြေးတွေ တင်နေမှာပေါ့တဲ့။ သည်းခံခြင်း ပရိတ်ကို ရွတ်နေဖို့ ငါ့ကို ပြောတယ်၊ နားချတယ်။ အင်း..... ငါ့အစ်ကိုကတော့ ဘယ်သူနဲ့ မဆို သစ်တပင်လို ငြိမ်ပြီး နေတတ်တဲ့ လူကိုး။
ငါ့ကို အမှားတွေ၊ အတ္တတွေ၊ ဒေါသလှံဒိုင်းတွေ လွှင့်ပစ်ဖို့ ငါ့ကို တရားချရဲ့။ ပထမ၊ ဒုတိယ၊ တတိယ။
ငါ့ နားနဲ့ နာခဲ့ပါတယ်။ ခေါင်းနဲ့ နာခဲ့ပါတယ်။
သြော်.... ခု ငါ့ကို ဘယ်မှာ နားချမှာလဲ အစ်ကို။ ဘယ်သူက ငါ့အနားမှာ ငါ့ရဲ့ရိုးဖြောင့်ခြင်း၊ ပွင်းလင်းခြင်း၊ စိတ်ထန်းခေါက်ဖာ မှောက်ပြခြင်းကို သည်းခံ စောင့်ကြည့်နေမှာလဲ ဟင်.....။
ငါ့ကို မသနားဘူး။ အစ်ကို ပစ်သွားတော့တယ်။

++++++++++++++++++++++++++++++

ငါ့ အစ်ကိုကြောင့် ငါ ကျန်းမာခဲ့ရတာပါ။
ငါ့အစ်ကိုကြောင့် ငါ မြေကြီး ကြည့်တတ်တာပါ။
ငါ့အစ်ကိုကြောင့် ငါမြင်ရတဲ့ မျက်စိနှစ်ကွင်း အလင်းရခဲ့တာပါ။
အစ်ကိုက တယ် ခရီးသွားတတ်တယ်။
ငါက အလင်းရပေမယ့် အစ်ကိုနဲ့ မလိုက်ချင်တာတွေ အပုံကြီး။ အစ်ကိုက အဟိံသ တရားကို ရှုတယ်။ ၀ိမုတ္တိကို မရမနေ ရှာတယ်။ ဝေဿန္တရာမင်းကြီး နှလုံးကို ဆင်မြန်းတယ်။ ၀ိဓူရရဲ့ အသည်းကို ဆင်မြန်းတယ်။ လောကကို သုံးကြိမ်သုံးခါ သတ္တ၀ါများ ကျန်းမာခြင်း၊ ချမ်းသာခြင်း စိတ်များ လွှတ်ပေးဖို့ တောင်းဆိုတယ်။

ဓားကိုင်သူကော၊ ပန်းကိုင်သူကော၊ လေးကင်းပြသူကော၊ ဘယ်သူမဆို လောကကောင်းခြင်း၊ စိမ်းလန်းခြင်း၊ နုပျိုခြင်း အကျိုးပြု လုပ်ရပ်တွေ ဆောင်ရွက်ဖို့ လက်ကမ်းခေါ်တယ်။
ပြီးတော့ ငါ့အစ်ကိုက ဖန်တီးတတ်တဲ့ တီထွင်တတ်တဲ့ အတတ်ပညာတွေနဲ့ အက္ခရာပန်းကုံးတွေ သီကုံးပြီး လူတိုင်း လူတိုင်းလည်မှာ ဆင်မြန်းပေးတယ်။ နေကို ကြည့်တတ်သော၊ လ ကိုကြည့်တတ်သော၊ မြေကို ရှုတတ်သော အမြင်များ ရစေရန် ဆင်မြန်းပေးခြင်းပေပဲ။
အဲဒီပန်းကုံးတွေဟာ ဓနအတွက် အစ်ကို လိုက်မရောင်းဘူး။ အစ်ကို့ အရပ်မြင့်ဖို့အတွက် အစ်ကို လိုက်မရောင်းဘူး။ အစ်ကို့ အိမ်ကလေး ၀င်းဝင်းဝါ၀ါ အရောင်တောက်ဖို့အတွက် အစ်ကို မရောင်းဘူး။ အစ်ကို ဧည့်ခန်းဆောင်ထဲ ရသာစုံ နတ်သုဒ္ဓါမျိုး စားစရာတွေ ရောက်လာဖို့အတွက် အစ်ကို လည်မရောင်းဘူး။
အဲဒီ သီလ၊ အဲဒီ ကျင့်စဉ်၊ အဲဒီ တရားဟာ အစ်ကို့မှာ စိပ်ပုတီးတကုံးပါပဲ။
ငါက ဒီအကြောင်းတရားတွေ မြင်ပြီး တစတစ ခင်မင်ခြင်း စိတ်ကလေး လှုပ်ခါမိခဲ့ရတာပဲပေါ့။

+++++++++++++++++++++++++++++++++++++

နေပူထဲက သူလိုငါလို အများတွေလို လူတွေအတွက် အစ်ကိုက စလူရွက်တွေ လိုက်ဝေငှချင်ပါရဲ့။ အင်း... လူသားတဦးရဲ့ ပုခုံးပေါ်မှာ ကျွဲပေါက်လို ပခုံးထနေတာ မြင်ရင် ငါ့အစ်ကို သက်ပြင်းကြီး ချလိုက်ပြန်တယ်။ လူသားတယောက်ရဲ့ ၀မ်းဗိုက်မှာ ဟောက်ပက်ကြီး၊ ၀ဖောင်းမနေရင် အစ်ကိုက သစ်ဥသစ်ဖုတွေ ပေးလိုက်ချင်တယ်။ မိခင်မြတ်တဦးရဲ့ နို့ချို ခန်းခြောက်နေတာမြင်ရင် ငိုနေတဲ့ကလေးကို ပွေ့ပြီး အစ်ကို ချော့လိုက်ချင်တယ်။

မြို့ပြဈေးတခု။ အင်ကြင်းတောက ချေ သမင် ဒရယ်တွေလို လူတွေ ပြေးလွှားနေတာ မြင်နေရင် ဒုက္ခခံစားရခြင်း၊ ၀ဋ်ဆင်းရဲဖြစ်ခြင်းမျိုး ထင်ပြီး အစ်ကိုက မေတ္တာသုတ် ရွတ်ဖတ်တော့တယ်။ ဒုက္ခ၊ ၀ဋ်၊ ၀မ်းနည်းခြင်း၊ ကြေကွဲခြင်း၊ နာကျည်းခြင်း၊ ဆွေးမြေ့ခြင်း အရာအားလုံး ကပ်ဆိုက်ခြင်း ခံရတဲ့ ဤလူ့ဘုံ ဘီးထဲက လူတွေအားလုံး ပခုံးပေါ်တင်ပြီး အစ်ကိုက နိဗ္ဗာန်ကလေးတခုရှိရာ ခေါ်သွားဖို့ ကြိုးစားတယ်။

ဗုဒ္ဓတရားကဲ့သို့ အေးမြခြင်း၊ ဖြူစင်ခြင်း၊ မြင့်မြတ်ခြင်းတရားကို ပွါးစီးဖို့ အစ်ကို အားထုတ်ခြင်းမျိုးလား။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆီဆုံဟာ မရပ်ဘူး။
အဲဒီ ဆီဆုံကြီးလည်အောင် ရုန်းနေရတဲ့ လူတွေ အကျွတ်တရားရအောင် ငါ့အစ်ကို တရားကို ရှုတော့တယ်။ ဒဿနတွေ ပွါးတော့တယ်။

လူဟာ ကောင်းကင်လို လွတ်လပ်ခြင်း၊
အာရုဏ်ဦးလို တောက်ပခြင်း၊
လေလို သန့်ရှင်းခြင်း၊
မြေကဲ့သို့ သည်းခံခြင်း၊
နေရောင်ကဲ့သို့ တောက်ပခြင်း၊
နေကဲ့သို့ လှခြင်း၊
လကဲ့သို့ အေးမြခြင်း
ခံစားထိုက်သော ခံစားမှု အားလုံးရလေမှ မနုဿတ္တ၊ လူဖြစ်ရခြင်းသည် မြတ်ပေတယ်လို့ အဆိုအမိန့်တခု ငါ့ကို ပေးတယ်။
အဲဒီ တရား တစိတ်လောက်ရတော့ မေတ္တာရေအိုးထဲထည့်ပြီး စကြာဝဠာအနှံ့ သူ လိုက်ဝေငှမတဲ့။
အစ်ကိုက ငါ့ခေါ်တယ်။ ငါက ခေါင်းခါတယ်။ လည်ခါတယ်။

လူတိုင်းဟာ ၀မ်းစာကျည် ဆောက်ကြတယ်။ မယားရယ်၊ သားရယ်၊ သမီးရယ်၊ မီးဖိုချောင်ထဲ ပျော်ပျော်ပါးပါး ဟင်းလျာစုံ လက်ဆုံစားဖို့ သံပတ်စက်ရုပ် ဖြစ်ကြရတယ်။ နေရဲ့ ပူခြင်း၊ မိုးရဲ့ ချမ်းခြင်း၊ မီးရဲ့ ဟပ်ခြင်း၊ ဒေါသရဲ့ လှိုင်းသံ၊ မာန်ဖီခြင်း ဂယက်သံ၊ သည်းခံခြင်းအရောင်၊ ရက်စက်ခြင်း အပြုတွေကြားမှာ လူဟာ တောင်ဘက်ရောက်လိုက်၊ မြောက်ဘက်ရောက်လိုက်၊ လိမ့်လိမ့်နေတယ်။

ငါ့အစ်ကိုက ဒီ ဒုက္ခဘုံ၊ သင်္ခါရဘုံ၊ သံသရာဝဲကြီးထဲ နှစ်လိုက်ပေါ်လိုက် လူတွေ ကြည့်ပြီး တခါတည်း လူတွေဟာ သစ်ပင်စိမ်းလေးတွေ ဖြစ်နေရင်ကောင်းမယ်။ နိဗ္ဗာန်ခရီးသွားတွေ ဖြစ်နေရင် ကောင်းမယ်။ တရောင်တည်း အဆင်မျိုး ၀တ်နိုင်ကြရင် ကောင်းမယ်။
ငါ့ အစ်ကိုက စိတ်ကူးဥာဏ် ကျယ်ပေ့။
ဒီဘ၀ တခါဆုံကြတဲ့အခါ သူက အများအတွက်၊ သူ့ဒဿနတွေ ဖြန့်ဝေငှမယ်တဲ့၊ သူ့ကိုယ်ဟာ သူ့အတွက်ထက် အများအသုံးချရုပ် ဖြစ်ရမယ်တဲ့။ အဲဒီ ကတည်းက ငါ့ အစ်ကိုဟာ သူ့တရား သူကျင့်ပြီး သူ့ဓမ္မ သူရွတ်တယ်။
ကိုယ်ဟာ ကြုံလှီသွားတယ်။ ရုပ်ဟာ အိုမင်းရင့်ရော်သွားတယ်။
မျက်နှာဟာ သစ်ရွက်ခြောက် ဖြစ်သွားတယ်။ ခန္ဓာဟာ အရွက်မရှိတဲ့ အပင် ဖြစ်သွားတယ်။ အသံဟာ တိမ်သွားတယ်။
သာဓု...... သာဓု..........။

+++++++++++++++++++++++++++++++++++++

ဒါပေမယ့် ငါ့နဲ့တွေ့တိုင်း ငါ့အစ်ကိုဟာ စံပယ်ပန်း၊ ကြာပန်း၊ လပြည့်ည၊ သောကြာကြယ်။ အရုဏ်ဦး။
မာန၊ ဒေါသ၊ လောဘ၊ မောဟတွေ ခ၀ါချပြီးတဲ့ ငါ့အစ်ကိုဟာ မိုးသောက်တခုလို လှနေတော့တယ်။
ငါ့ကို သူက တရား စီးဖြန်းခိုင်းတယ်။ သူ့ဓမ္မရွတ်ခိုင်းတယ်။
ငါလို အတ္တ ကြီးမားတဲ့ သတ္တ၀ါဟာ သူ့ဓမ္မကို နားက ကြားရပေမယ့် အသံထွက် ရွတ်မရဘူး။ သူ့ခရီးစဉ်အတိုင်း ငါမလိုက်နိုင်ဘူး။ ဒါပေမယ့် ငါ့အစ်ကိုက ကိစ္စမရှိတဲ့။ လူမှာ လူကို ချစ်တတ်ခြင်းတရားရလျှင် တော်ပြီ။
ငါ့အစ်ကို အကျင့်၊ ငါ့အစ်ကိုတရား၊ ငါ့အစ်ကို သီလမျိုး ငါက မကျင့်နိုင်။ အ၀ိဇ္ဇာ တဏှာတုံးကြီး ဖြစ်နေတဲ့ ငါ။ မောဟအင်္ကျီကို နေ့စဉ် ၀တ်ထားတဲ့ ငါ။

ငါ့ အစ်ကိုက ပွင့်လင်းမှု၊ ဖြောင့်စင်းမှု ရှိတာလည်း သီလလို ဖြူစင်ခြင်းပါတဲ့။
မြေကို မညာခြင်း၊ '၃၁' ဘုံသားတွေကို ချစ်ခြင်း၊ တရားကို နှလုံးထဲ ထည့်ခြင်း၊ မေတ္တာကို ပေးကမ်းခြင်း၊ ကိုယ့်အတတ်ပညာနဲ့ ကိုယ့်အရောင်ထွက်အောင်မလုပ်ခြင်း၊ လောကလှပစေခြင်း၊ စိမ်းလန်းစေခြင်းအတွက် ပြုချင်တဲ့ စိတ်ရှိတဲ့ စိတ်ကလေးနဲ့ အသက်ရှင်နေရင် လူဖြူတယောက်ပေပဲတဲ့။

ငါလူဖြူ ဖြစ်နိုင်သလား။
တရားရတဲ့အစ်ကို၊ ဖြူစင်တဲ့ အစ်ကို။ အေးငြိမ်းတဲ့ အစ်ကို။
ငါ့အစ်ကိုရဲ့ သီလ၊ ဓမ္မ၊ ကျင့်စဉ်၊ ဖြူစင်မှုမျိုးတွေ ငါ့ကိုယ်မှာ မြဲဖို့ ငါနည်းနာတွေ ရှာဖွေဆဲမှာ ငါ့အစ်ကို လက်တွဲဖြုတ်ပြီး ခရီးရှည် ထွက်သွားတယ်။ ပျောက်သွားတယ်။ မေ့ထားခဲ့တယ်။
ငါ့အစ်ကို လေထဲ ရောက်သွားတယ်။ မြေထဲမှာ အိပ်ပျော်သွားတယ်။
ငါ့အစ်ကို ငါနဲ့ မျက်နှာချင်းဆိုင်ပြီး လောဘငြိမ်းခြင်း အကျိုးပြုလုပ်ငန်းတရား ပွါးစီးဖို့ ကူညီဆဲမှာ ဘယ်တော့မှ မပြန်လာတော့တဲ့ ခရီးအဆုံးတခုဆီ ရက်ရှည်လများ ထွက်သွားတော့တယ်။

ငါ့အစ်ကိုရဲ့ သည်းခံမှုမျိုး၊ ကျိုးနွံမှုမျိုး ငါ့ရှေ့မှာ ဘယ်သူ အစစ် ပြနိုင်မလဲ။ အတုတွေ ငါမမြင်ချင်ဘူး။ အယောင်ဆောင်တွေ ငါ့ဆီ မလာစေချင်ဘူး။ ငါ့အစ်ကိုရဲ့ ရိုးသားခြင်း၊ ဖြူဖြောင့်ခြင်း၊ စိတ်တည်ခြင်း၊ တည်ငြိမ်ခြင်း၊ သည်းခံခြင်း၊ ကူညီခြင်းမျိုးတွေ ငါ့ရှေ့ အတုတွေ လာလာလုပ်ပြရင် ငါ ငိုရာက ရယ်မိမှာပါ အစ်ကို။

အစ်ကို ခရီးအဆုံး ထွက်သွားတဲ့နေ့က ငါတယောက်တည်းပါပဲ။ အထီးတည်းပါပဲ။
ငါ့ဝမ်းနည်းမှုဟာ ငလျင်လေးကြိမ် ရင်ထဲလှုပ်တယ်။
ကြေကွဲရမှု မိုးဟာ လေးကြိမ်ခြိမ်းတယ်။
ပူဆွေးရမှု မုန်တိုင်းဟာ ငါ့ရင်ထဲ မွှေနှောက်တိုက်ခတ်သွားတယ်။
ငါ နောက်ဆုံး ငါ့ အစ်ကို ကောင်းရာခရီးရောက်ဖို့ ဆုတောင်းဝတ်ပြုခြင်းကို ငါ နှစ်နှစ်ခြိုက်ခြိုက် ရွတ်ဖတ်နေစဉ်မှာ ငါ့ အစ်ကိုကို ချစ်တဲ့၊ သနားတဲ့၊ ခင်မင်တဲ့၊ စွဲလန်းတဲ့ မျက်ရည်တွေဟာ နှလုံးသားမှာ လျှံတက်လာတယ်။ မျက်လုံးအိမ်ထဲမှာ ပြည့်တက်လာတယ်။ ချုပ်တည်းတဲ့စိတ် ရှင်းတဲ့ပ၀ါနဲ့ ငါရှင်းပါရဲ့။ မျက်ရည်တွေဟာ ဒီရေအလားပါပဲ ငါ့အစ်ကို။

ငါ့အစ်ကို မရှိတော့ဘူး။ သွားပြီ။ ပြန်မလာတော့ဘူး။
ငါ ဘယ်သူနဲ့ ပြုံးရမလဲ။ ငါ ဘယ်သူနဲ့ သီလစောင့်ရမလဲ။
ငါ ဘယ်သူနဲ့ ဓမ္မရှာရမလဲ။ ငါ ဘယ်သူနဲ့ တရားကျင့်ရမလဲ။
ငါ ဖြေပါ့မယ်။ ငါ ဖြေပါ့မယ်။
သွားပါ။ သွားပါ။
အစ်ကို မရှိတော့ ပေမယ့် ငါ့အစ်ကို အနားမှာ ရှိနေတယ်လို့ ငါယူဆမယ်။
သင့်ရိုးသားမှုတွေ ငါ့ရင်ထဲ ထည့်ထားမယ်။
သင့်ဖြောင့်စင်းမှုတွေ နှလုံးထဲ ၀ှက်ထားမယ်။
သင့်ကိုယ်ကျိုးစွန့်မှုတွေ ငါမြတ်နိုးမယ်။
သင့်အနုပညာသီလ အကျင့်တွေ ငါကျင့်နေမယ်။
ငါ့အစ်ကိုဟာ ငါ့မျက်စိထဲ၊ ငါ့နှလုံးထဲ၊ ငါ့ရင်ထဲ၊ ငါ့အသည်းထဲ၊ ငါ့စိတ်ထဲ၊ ငါ့မေတ္တာထဲ၊ ငါ့တရားထဲ၊ ငါ့ဓမ္မထဲ အမြဲရှိနေဖို့ ငါ အာရုံယူမယ်။ သမာဓိကို ပွါးမယ်။

ငါ..... သည်ကောင်းမှု ဓမ္မတရား၊ သမာဓိပွါးပြီး ကမ္မဌာန်းထိုင်ခြင်းဟာ လောကကို ချစ်ရာ၊ လူသတ္တ၀ါများကို ကြင်နာရာ၊ အနုပညာ သီလတရားထိန်းရာ ရောက်မှာပဲ။ ဒါဆို ငါ လူဖြစ်ပါပြီ အစ်ကို။ ငါ ပျော်ပါပြီ။ ၀မ်းသာပါပြီ။ ငါ့မျက်လုံး မြင်ရက်က မြင်ပါပြီ။
ငါ့နား ကြားရက်က ကြားပါပြီ။
ငါ့အစ်ကို။
ငါမှားမိသမျှ၊ လွန်မိသမျှ၊ မိုက်မိသမျှ၊ ဆိုးမိသမျှ ခွင့်လွှတ်သည်းခံနိုင်စွမ်းအားကောင်းသော ငါ့အစ်ကို။
ခရီးအဆုံးမှာ ကောင်းသောရောက်ခြင်း ရောက်ပါစေ။
ငါ့အစ်ကို သီလ၊ တရား၊ ဓမ္မများ ငါ့ဦးခေါင်းထဲ ကိန်းအောင်းပါစေ။ ငါ မေတ္တာတရားကို ပွါးမယ်။ သီလကို ရှာနေတော့မယ်။
လူ့အမြင်၊ လူ့အကြည့်၊ လူ့အသိများ ပေးစွမ်းနိုင်ခဲ့သော ငါ့အစ်ကို။
ငါလူမိုက် ပြစ်မှားမိသမျှ ငါ့လက် ကြာပဒုံမြှောက်ကာ ငါကန်တော့လိုက်ပါတယ်။ ငါ သီလလုံပါ့မယ်။ ငါတရားလုံပါ့မယ် ငါ့အစ်ကို။
ငါ့မှာ တယောက်တည်းပါ။ ငါပဲ ရှိတော့တယ်။ ။

နေသွေးနီ။
[ဗန်းမော်တင်အောင်ဋီကာစာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၀၀ ခုနှစ် အောက်တိုဘာမှ ကူးယူဖော်ပြပါတယ်။]

No comments: