Tuesday, June 1, 2010
ဂျက်လန်ဒန်၊ သူ့ဘ၀ သူ့စာပေ (ဒုတိယအကြိမ်-၂၀၀၁၊ ဇွန်လ)
ဒုတိယအကြိမ် ထုတ်ဝေသူ့အမှာ
စာပေသူရဲကောင်းတလူ
'လောက၌ ထာဝရ မိတ်ဆွေနှင့် ထာဝရ ရန်သူဟူ၍ မရှိ။
ထာဝရ အကျိုးစီးပွါးသာရှိသည်'
(ဗန်းမော်တင်အောင်၏ မြစ်ဧရာပေါ်ဝယ်...... မှ)
(၁)
လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ခန့်ဆီက
မဟာစကြာဝဠာထဲ တောင်ပံတဖျန်းဖျန်းခတ်လျက် ပျံဝဲသွားခဲ့လေသော
လင်းယုန်ကြီး .........
ထိုလင်းယုန်ကြီးသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည့်နောက် စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်၏ စာပေလောက အတိုင်းအတာအားဖြင့် 'ကြီးမြတ်ခြင်းဂုဏ်' နှင့် ထိုက်တန်သည်ဟု ကောင်းမြတ်သော မနသီနှင့် ကျွန်တော်တွေးဆ ဆင်ခြင်မိသည်။ ဤသည်မှာ ကျွန်တော် တဦးချင်း၏ တသီးပုဂ္ဂလ ခံစားဝိမြင် နားလည်ချက်မျှသာ ဖြစ်ပါသည်။
'ရိုးသားဖြောင့်မတ်ခြင်း (Simplicity) မရှိသောနေရာ၌ ကြီးမြတ်ခြင်းတရား (Greatness) သည် မရှိ' ဟု ကမ္ဘာကျော် ရုရှစာရေးဆရာကြီး လီယိုတော်စတွိုင်းက မြွက်ဆိုဖူးသည်။ ဆရာဗန်းမော်တင်အောင်သည် မိမိ၏ လူမှုအဖွဲ့အစည်းအတွင်း သူရောက်ရှိခဲ့သော အဆင့်နှင့် နေရာတိုင်း၌ လူပုဂ္ဂိုလ်ရေးရာအရလည်းကောင်း၊ စာပေရေးရာ အားဖြင့်လည်းကောင်း၊ ရိုးသားဖြောင့်မတ်ခြင်း အလှဂုဏ်နှင့် ကုံလုံပြည့်စုံသည် ဟူသောအချက်ကို 'အချိန်တည်းဟူသော သဲပွင့်ကလေးများပေါ်တွင် အမှတ်ထင်ထင် တင်ကျန်ရစ်သော သူ၏လက်ရာများ' က အခိုင်အမာ သက်သေထူပြလျက် ရှိသည်။
(၂)
ဆရာဗန်းမော်တင်အောင်အပါအ၀င် မြန်မာသမိုင်းပညာရှင်နှင့် သမိုင်းသုတေသီတွေ က မြန်မာ့လူမှုဖြစ်ပေါ်တိုးတက်ရေးနှင့် မြန်မာ့သမိုင်းအစဉ်ကို အဓိကအားဖြင့် သမိုင်းခေတ်ကြီး လေးခေတ် ဆစ်ပိုင်းခွဲခြား ပြကြပါသည်။
အနော်ရထာမင်း တည်ထောင်ခဲ့သော ပုဂံရွှေပြည်ကို ပထမမြန်မာနိုင်ငံ သမိုင်းခေတ်
တပင်ရွှေထီးနှင့် ဘုရင့်နောင်ကျော်ထင်နော်ရထာတို့ တည်ထောင်ခဲ့သော ဟံသာဝတီ ရွှေပြည်ကို ဒုတိယမြန်မာနိုင်ငံသမိုင်းခေတ်
အလောင်းမင်းတရား ဦးအောင်ဇေယျတည်ထောင်ခဲ့သော ကုန်းဘောင်ရွှေပြည်ကို တတိယမြန်မာသမိုင်းခေတ်နှင့်
လွတ်လပ်သော ပြည်ထောင်စုသမ္မတနိုင်ငံကို စတုတ္ထမြန်မာနိုင်ငံသမိုင်းခေတ် ဟူ၍ ဖြစ်သည်။
ကျွန်တော် စီးပွါးရေးတက္ကသိုလ်သို့ တက်ရောက်ခါစ .... ဆရာဗန်းမော်တင်အောင်၏ 'မြန်မာနိုင်ငံတော်သမိုင်း' နှင့် 'ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း' အမည်ရှိ သမိုင်းစစ်တမ်း ကျမ်းနှစ်စောင်အပြင် အခြားသောမြန်မာ့သမိုင်းပညာရှင်တွေ၏ ကျမ်းအစောင်စောင်ကိုလည်း အတော်အသင့် လေ့လာဖတ်ရှုခွင့် ရခဲ့ပါသည်။ ထိုမြန်မာ့သမိုင်းကျမ်းများ၌ လွတ်လပ်ရေးရပြီး နောက် ပြည်ထောင်စုမြန်မာနိုင်ငံကို စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်ဟူ၍ တင်စားခေါ်ဝေါ် သော အဆိုအမိန့်တရပ် ပါရှိပေရာ၊ ထိုအဆိုကို ကျွန်တော်လွန်စွာ နှစ်ခြိုက်သဘောကျမိ ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်ထဲမှာ မွေးဖွားရှင်သန်ပြီး၊ လူဖြစ်တည်နေမှု ကြုံဆုံခွင့်ရထားသူ တဦးပါကလားဟူသော အသိဖြင့် မိမိကိုယ်မိမိ ဂုဏ်ယူဝင့်ကြွားစိတ်၊ နိုးထတက်ကြွမှု လှိုင်းခတ်ခံစားရသောကြောင့်ပင် ဖြစ်ပါသည်။
မှန်ပါသည် ..... ကျွန်တော်တို့ ဖြတ်သန်းလျှောက်လှမ်းနေသည့် စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်သည် ကမ္ဘာ့စနစ်ကြီး အထွေထွေအရပ်ရပ် တိုးတက်ဖြစ်ထွန်းပြောင်းလဲမှုနှင့် ရင်ဘောင်တန်းလျက် အလွန်ထူးခြားတောက်ပသည့် သမိုင်းလက္ခဏာနှင့် ပြည့်စုံ၍ အနာဂတ်စက်မှု၊ အီလက်ထရွန်နစ်၊ ကွန်ပြူတာအဆင့်မြင့်နည်းပညာနှင့် တတ်သိပညာ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်အတူ အလျှံပယ်ကြွယ်ဝချမ်းသားသော လိုတ,ရ ခေတ်မီမြန်မာ့လူမှုအဖွဲ့ အစည်း ပေါ်ထွန်းဖြစ်တ်ာနေမည့် ပဉ္စမမြန်မာနိုင်ငံသမိုင်းခေတ်သစ်ဆီ ဦးတည်လှမ်းတက်ဖို့ ရေခံမြေခံကောင်း မြှော်လင့်ချက်ရောင်ခြည် သန်းဖြာလင်းလက်နေသည့် အခါသမယဟု ဆိုရကောင်းမည် ထင်ပါသည်။
(၃)
ပြင်သစ်ပြည် ခေတ်ဆန်းချိန်ကာလကို အင်္ဂလိပ်ကဗျာစာဆို သုခမိန်ကြီး ၀ဒ်စ၀သ် (Wordsworth) က ကဗျာတပုဒ်ရေးဖွဲ့ မွမ်းထုံပြခဲ့သည်။ ထိုကဗျာထဲမှာ ပွင့်သစ်စ နုပျိုငယ်ရွယ်သူ မျိုးဆက်သစ်တွေကို ရည်ညွှန်းထားသည့် စာပိုဒ်ကလေးတပိုဒ် ပါရှိပါသည်။ ကျွန်တော်ကား သာမန်စာဖတ်သူတဦးမျှသာဖြစ်ပြီး ကဗျာဖွဲ့နွဲ့တတ်သူ ကဗျာဆရာတဦး မဟုတ်လေ၍ မြန်မာပြန်ရန် မ၀ံ့စားပါ။ သို့ပါ၍ ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခဟောင်း ဆရာဦးတင်အုန်း (ယခုကွယ်လွန်) ပြန်ဆိုထားချက်ကို မူရင်းနှင့်တွဲ၍ စာဖတ်သူတွေ ခံစားနိုင်ရန် ဖော်ပြလိုက်ရပါသည်။
'Bliss was it in that dawn to be alive,
But to be young was very heaven!'
'ဟောင်းနွမ်းသောဘ၀အခြေမှ
သစ်လွင်သောဘ၀အခြေကို
ကူးပြောင်းတည်ဆောက်နေသော
ရောင်နီပျိုးဖျ တော်လှန်ရေးကာလနှင့်
ကြုံရဆုံရခြင်းသည် ကံထူးသည်။
စွမ်းအားသစ်သစ် ငယ်ရွယ်သူများဖြစ်မူ
အဟောဝတ သာလွန်၍ ကံထူးစွ'
(ပညာပဒေသာစာစောင်၊ အတွဲ ၅၊ အပိုင်း ၄၊ ၁၉၇၈)
ကောင်းပြီ..... စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်မှသည် အလျှံပယ်ကြွယ်ဝချမ်းသာသော လိုတ,ရ ခေတ်မီမြန်မာ့လူမှုအဖွဲ့အစည်း (Mordern Affluent Society of High-mass Consumption) ပေါ်ထွန်းဖြစ်တည်နေမည့် ပဉ္စမမြန်မာနိုင်ငံ သမိုင်းခေတ်သစ်ဆီ မြှော်လင့်ချက်ရောင်ခြည် သန်းဖြာလင်းလက်နေသည့် အခါကာလကောင်း......။
(၄)
အင်္ဂလိပ်စာပေ သုခမိန်ကြီး သောမဲ့စ်ကာလိုင်း (Thomas Carlyle) က သူ့ခေတ်သူ့အခါ၏ ကာလဒေသပယောဂ ရုပ်ဝတ္ထုအခြေအနေများကိုကြည့်၍ လူ့လောက၌ သူရဲကောင်း ၆ မျိုးရှိသည်ဟု သူရဲကောင်းတို့၏ ပုံရိပ်များကို မီးမောင်းထိုးပြဖူးသည်။ ထိုသူရဲကောင်း ၆ မျိုးအကြောင်းကို ဤနေရာ၌ ကျွန်တော် အကျယ်ဆွေးနွေးမည် မဟုတ်ပါ။ အမြွက်မျှ ဖော်ပြရုံသာ ရည်ရွယ်ပါသည်။
ပထမအမျိုးအစား သူရဲကောင်းမှာ မိုးကျရွှေကိုယ် သူရဲကောင်း (၀ါ) နတ်ဒေ၀တာ သူရဲကောင်း (Divinity Hero) ဖြစ်သည်။ ကမ္ဘာ့မြေထဲပင်လယ်ဒေသနှင့် ကမ္ဘာ့မြောက်ဘက် ခြမ်းရှိ စကင်းဒီနေးဗီးယန်းလူမျိုးတို့၏ ပဂန်းနစ်ဇင်း(Paganism) ထွန်းကားစဉ်က အိုဒင် (Odin) အမည်ရှိ သူရဲကောင်းမင်းတပါး ပေါ်ထွန်းခဲ့ဖူးသည်။ သူကား သတ္တိအလွန်ပြောင်သည်။ အရာရာအောင်နိုင်သည်။ ဆန္ဒရှိသမျှ လိုတ,ရသည်။ သူ့မှာ တိုင်ပင်ဖော်တိုင်ပင်ဖက် ဂုဏ်ရည်တူ မှူးကြီးမတ်ရာ ၁၂ ဦး ရှိသည်။ ထို့ကြောင့် ယင်းဒေသနေ လူအပေါင်းတို့က အိုဒင်ကို နတ်ဒေ၀တာသဖွယ် မိမိတို့၏ သူရဲကောင်းအဖြစ် သက်ဝင်ယုံကြည်ခဲ့ကြသည်။
ဒုတိယ သူရဲကောင်းမျိုးမှာ တမန်တော်သူရဲကောင်း (Prophet Hero) ဖြစ်သည်။ တမန်တော် သူရဲကောင်းအဖြစ် မူဆလင်ဘာသာဝင်တို့၏ အစ္စလမ်ဝါဒ (Islam) ကို ထူထောင် ဟောညွှန်ပြခဲ့သည့် မဟိုမက် (Mahomet) အား သောမဲ့စ်ကာလိုင်းက အဓိကညွှန်းဆိုသည်။
တတိယအမျိုးအစား သူရဲကောင်းကား ကဗျာစာဆို (၀ါ) ကဗျာသူရဲကောင်း (Poet Hero) ဖြစ်သည်။ ဒန်တီ(Dante) နှင့် ရှိက္ကစပီးယား (Shakspeare) တို့မှာ ကြီးကျယ်ထင်ရှားသော ကဗျာသူရဲကောင်းများဖြစ်သည်ဟု ကာလိုင်းက ထောက်ပြသည်။
စတုတ္ထသူရဲကောင်းမျိုးမှာ ဘုန်းတော်ကြီးသူရဲကောင်း (Priest Hero) ဖြစ်သည်။ ခေတ်ပြုပြင်ပြောင်းလဲရေးသမား မာတင်လူသာ(Nartin Luther) နှင့် နော့(ဆ်) (Knox) တို့နှစ်ဦးကို ကြီးကျယ်ထင်ရှားသော ဘုန်းတော်ကြီးသူရဲကောင်းများအဖြစ် ကာလိုင်းက ပုံရိပ်ထိုးပြသည်။
ပဉ္စမသူရဲကောင်းမျိုးကား စာရေးဆရာ(၀ါ) စာပေသူရဲကောင်း (Man-of-Letters Hero) ဖြစ်သည်။ ဂျွန်ဆင် (Johnson)၊ ရူးဆိုး (Rousseau)၊ ဘန်းစ် (Burns) နှင့် ဂိုးထေး (Goethe) တို့၏ ပုံရိပ်များကို ကြီးမြတ်ထင်ရှားသော စာပေသူရဲကောင်းတွေဟူ၍ ကာလိုင်းက မီးမောင်းထိုးပြသည်။
နောက်ဆုံး ဆဌမအမျိုးအစားသူရဲကောင်းမှာ မင်းစိုးရာဇာသူရဲကောင်း (King Hero) ဖြစ်သည်။ ကရွမ်းဝဲလ် (Cromwell) နှင့် နပိုလီယွန် (Napoleon) တို့သည် ခေတ်သစ် တော်လှန်ပြုပြင်ပြောင်းလဲရေးသမား မင်းစိုးရာဇာ သူရဲကောင်းကြီးများဖြစ်ကြသည်ဟု သောမဲ့စ်ကာလိုင်းက ညွှန်ပြသည်။
(၅)
သောမဲ့စ်ကာလိုင်း မီးမောင်းထိုးပြသော သူရဲကောင်းပုံရိပ် ၆ မျိုးအနက် စာရေးဆရာ (၀ါ) စာပေသူရဲကောင်း (Hero as a Man of Letters) မှာ ခေတ်သစ်လူသားနှင့် လူ့လောကအတွက် အရေးကြီးဆုံးသော ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်ဖြစ်သည်ဟု မှတ်သားရ၏။ ထို့ကြောင့် စာပေသူရဲကောင်း အယူအဆကို ကျွန်တော်လွန်စွာ စိတ်ဝင်စားမိပါသည်။
ဘယ်လို ပုဂ္ဂိုလ်မျိုးကို စာပေသူရဲကောင်းခေါ်သနည်း။ ကာလိုင်း၏ အလိုအားဖြင့် စာပေသူရဲကောင်း၌ ကြီးကျယ်မြင့်မြတ်သော နှလုံးဝိညာဉ် တခုရှိသည်။ ယင်းနှလုံးဝိညာဉ် သည် သူ့လူမျိုး၊ သူ့ယဉ်ကျေးမှုနှင့် သူ့လောက အသိုင်းအ၀ိုင်းအတွက်သာမဟုတ်၊ လူသားအားလုံးဆက်နွှယ်ပေါင်းဆုံရာ မနုဿဘုံကြီးအတွက်လည်း မယိမ်းမယိုင် ကျောက်စာ တိုင်ကြီးကဲ့သို့ တည်မြဲခိုင်ခံ့သော ဥပဓိရှိသည်။ ထာဝရ မပျက်မယွင်းသော 'ဂတိမြဲခြင်းဂုဏ်' နှင့် အကြွင်းမဲ့ ပြည့်စုံသည်။ ထို 'မြဲသောဂတိ' ကို အသက်သေဘေးအကြောင်းပြု၍ သော်လည်းကောင်း၊ စည်းစိမ်ဥစ္စာဟူသော အနုပ်ဝတ္ထုကြောင့်သော်လည်းကောင်း၊ စိုးစဉ်းမျှ မဖောက်ဖျက်၊ မပျက်ယွင်းစေသပြီ။ သူသည် လောကအတွက် အစဉ်သဖြင့် ဂုဏ်သိက္ခာ ရှိသောအလုပ်၊ ထာဝရကြီးမြတ်သော အလုပ်ကို လုပ်ကိုင်လျက်ရှိသည်။ ဤသို့ 'ဂတိမြဲခြင်းဝိညာဉ်၏အရှင်သခင်' ဖြစ်သောကြောင့် စာပေသူရဲကောင်းသည် လောက၏ မီးရှူးတန်ဆောင်.......၊ လောက၏ ပဲ့ကိုင်မှူး......။ သူလမ်းပြရာနောက်သို့ လောကတခုလုံး လိုက်ကြသည်။ သူ့သွန်သင်ချက်အတိုင်း တလောကလုံး လိုက်လုပ်ကြသည်။ သူနှင့် လူ့လောက အပြန်အလှန် ပြုမူဆက်ဆံရေးသည် လူ့လောက၏ ယေဘူယျအခြေအနေကြီး ထဲက အထူးခြားဆုံးနှင့် အရေးပါဆုံး အရာဖြစ်သည်။ သို့ဖြင့် တချိန်သောအခါ၌ ကြီးမြတ်သူ အဖြစ် ထင်ပေါ်ကျော်ကြားလာသည်။ သည်လိုဖြစ်လာအောင် သူ့မှာ နိုးထတက်ကြွသော ၀ိညာဉ် (inspired soul) ရှိသည်။ ထိုဝိညာဉ်သည် ဇစ်မြစ်ကောင်း (၀ါ)ရေခံမြေခံကောင်းရှိခြင်း (originality)၊ နှလုံးစိတ်ဝမ်း ဖြူစင်ဖြောင့်မတ်ခြင်း (sincerity)၊ ပါရမီညာဉ်ထက်သန်ခြင်း (genius) စသည့် စာပေသူရဲကောင်းအရည်အချင်းတွေနှင့် ထုံမွှမ်းနေတော့သည်။ ဤကား သောမဲ့စ်ကာလိုင်း ရေးဆွဲပြသော စာပေသူရဲကောင်း ပုံရိပ်ရှည်ကြီးထဲက လိုရင်မျှသာပါပဲ။
သို့လျှင်...... ရိုးသားဖြောင့်မတ်ခြင်းနှင့် ကြီးမြတ်ခြင်းဂုဏ် ကုံလုံထုံမွှမ်းနေသည့် စာပေသူရဲကောင်း.......။
(၆)
လူ့အသိ အလိမ္မာတရား ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ လူ့လောက၌ ပုဂ္ဂလိကပိုင် စနစ် ထွန်းကားလာ၍ လူတန်းစားတွေ အကွဲကွဲအပြားပြား ပေါ်ပေါက်လာပြီး ကတည်းက လူသည် ကမ္ဘာလောကကြီးအား အဓိကအမြင် နှစ်မျိုးဖြင့် ကြည့်မြင်လာခဲ့သည်။ ပထမအမြင် က စိတ်ဝါဒအမြင်၊ ဒုတိယက ရုပ်ဝါဒအမြင် ဖြစ်သည်။
လူသည် သာမန်လူမှုကိစ္စရေးရာများ၌ သိသာထင်ရှာခြင်း မရှိသော်လည်း အကျိုးစီးပွါး ပြဿနာများနှင့် နင်လားငါလား ထိပ်တိုက်ရင်ဆိုင်ရသည့်အခါမျိုး၌ကား ဖုံးကွယ်ဟန်ဆောင် ထားခြင်းငှာ မတတ်သာတော့ဘဲ ထိုဝါဒအမြင်နှစ်ရပ်အနက် အမြင်တရပ်ရပ်ဘက်မှ အခိုင်အမာ စည်းပြတ်ဘက်လိုက် ရပ်တည်သွားမြဲဖြစ်သည်။ ကျွန်တော်တို့သည် ဤတရား ကိုယ်သဘောကို မလွန်ဆန်နိုင်သောကြောင့် ကျွန်တော်တို့ နေထိုင်ရာ လူ့ကမ္ဘာကြီး၌ မရေမတွက်နိုင်အောင် များပြားလှသော ပြဿနာနှင့် ပဋိပက္ခပေါင်းများစွာတို့သည် လူ့အသိအလိမ္မာတရားနှင့် လူ့ယဉ်ကျေးမှု အထွတ်အထိပ်စံနှုန်းသို့ ရောက်ရှိနေပြီဆိုသည့် ကနေ့ ကမ္ဘာရွာခေတ် (Global Village) တိုင်အောင် မလွဲမရှောင်သာ ဖြစ်ပွါးပေါ်ပေါက်နေဆဲ ဖြစ်သည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေကြရသည်။
အကျိုးစီးပွါးဆိုင်ရာ ကမ္ဘာ့အမြင်ဝါဒနှစ်ရပ်၏ ပဋိပက္ခသည် ကမ္ဘာ့စာပေလောက အသိုင်းအ၀ိုင်းသို့လည်း ဂယက်ရိုက်ခတ်လာသည်။ ကမ္ဘာ့စာပေနယ် နှစ်ခြမ်းကွဲခဲ့သည်။ တခြမ်းက အရင်းရှင်လူတန်းစား အကျိုးပြုစာပေ၊ စိတ်ဝါဒဂိုဏ်းက ဦးဆောင်သည်။ နောက်တခြမ်းက ပြည်သူ့အကျိုးပြု ဆိုရှယ်လစ်သရုပ်မှန်စာပေ၊ ရုပ်ဝါဒဂိုဏ်းက ဦးဆောင်သည်။ ဤရပ်တည်ချက် ကွဲပြားခြားနာမှု ပဋိပက္ခသည် လူတို့၏ အကျိုးစီးပွါးချင်း၊ လူတန်းစားတို့၏ အကျိုးစီပွါးချင်း ဆန့်ကျင်ကွဲပြားနေသမျှ ကာလပတ်လုံး အသိမှတ်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကမ္ဘာအရှည် ဆက်လက်တည်ရှိနေပေမည်။
ရုပ်ဝါဒီနှင့် ဆိုရှယ်လစ်ဝါဒိတေါ ရှုမြင်ခဲ့သော ခေတ်ကြီးငါးခေတ် သမိုင်းအမြင်နှင့် အယူအဆသည် အရင်းရှင်ကော်ပိုရိတ်ယဉ်ကျေးမှု (Capitalist Corporate Culture) ၏ ရှေ့တန်းတိုက်စစ်မှူးတဦးဖြစ်သော ကမ္ဘာကျော် ထော့ဖလာ (Toffler) ၏ လှိုင်းကြီးသုံးလှိုင်း အောက်ဝယ် နစ်မျောပါသွားပြီဟု ရှေ့နေလိုက်သူက လိုက်သည်။ ငါးစိမ်းကို မြင်၍ ငါးကင်ကို ပစ်ကာ အလျှံပယ်ကြွယ်ဝမှု၏ ပုခက်တွင်း၌ မွေးဖွားကြီးပြင်းလာသူ (Son in the cradle of Affluency) ဖူကူးယာမာ (Fukuyama) က 'သမိုင်နိဂုံး' (End of History) ဟု ဟစ်ကြွေးလိုက်သည်။ 'ရုပ်ဝါဒသွားတော့၊ စိတ်ဝါဒလာလော့' ဆိုသည့် နိမိတ်ပြ အဓိပ္ပါယ်။ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦတခုဖြစ်သော State Empire Building ၏ ခေါင်ထွတ်ပေါ်ကနေ၍ ကမ္ဘာကြီးအား အပေါ်စီး ဒေါင်လိုက်ကြည့်မြင်ကာ မျက်မှောက်ခေတ် ကမ္ဘာကြီး၌ လူတန်းစားပဋိပက္ခနှင့် အကျိုးစီးပွါးပဋိပက္ခတွေ မရှိတော့ပြီ။ လူမျိုးချင်း ယဉ်ကျေးမှုပဋိပက္ခ (Clash of Civilations) အသေးအမွှား လက်ကျန်ရှင်းတမ်းလောက်သာ ရှိတော့သည်ဟု အိမ်ဖြူတော်၏ ကမ္ဘာလုံးဆိုင်ရာ မူဝါဒရေးရာမှူး ဆင်မြူအဲလ်ဟန်တင်တန် (Samuel Hantington) က ယုတ္တိဆင်ခြေထုတ်ပြသည်။ (ပီဒီကျော်စွာ၏ စီမံခန့်ခွဲရေးမှူး ကောင်း အရည်အချင်းစံနှုန်းများ စာအုပ်အမှာစာမှ.....)
ယင်းကြွေးကြော်ပြောဆိုချက်နှင့် ဆင်ခြေများသည် ပုဂ္ဂလိကပိုင်စနစ်နှင့် လူတန်းစား ကွဲပြားလာပြီးကတည်းက ကမ္ဘာကြီးအပေါ် ရှုမြင်လာခဲ့သည့် ၀ါဒအမြင်ကြီးနှစ်ရပ်၏ ပဋိပက္ခမှ ကမ္ဘာ့စာပေလောကအပေါ် ဂယက်ရိုက်ခတ် ထင်ဟပ်လာသော အကျိုးဆက်များဖြစ်သည်။ သူ့ဝါဒ သူ့လူတန်းစားနှင့် သူ့အကျိုးစီးပွါးကို စာပေမျက်နှာစာမှ အကျိုးပြုဖို့ ကြိုးပမ်းအားထုတ် ချက်မျှသာ ဖြစ်သည်။
စင်စစ် ဤကိစ္စမျိုးသည် အဆန်းတကြယ်တော့ကား မဟုတ်။ လူ့သမိုင်း၌ အကြိမ်အခါပေါင်း မြောက်များစွာ ဖြစ်ပေါ်ခဲ့ဖူးပြီ။
(၇)
ကမ္ဘာ့စာပေလောက၌ လွန်စွာကြီးကျယ်ထင်ရှားသည့် ဆိုရှယ်လစ်သရုပ်မှန်စာပေ ရှေ့တန်းတိုက်စစ်မှူးနှင့် စာပေတပ်မမှူးကြီးတွေ လေးငါးခြောက်ဦးခန့် ရှိမည်ဟု ကျွန်တော် ထင်သည်။ သည်ထက်ပို ရှိကောင်း ရှိမည်။ ကျွန်တော်မကျွမ်းနှံ့လို့သာ မသိတာ ဖြစ်ပေမည်။ ကျွန်တော်သိသလောက် ပြောရပါလျှင် တရုပ်ပြည်က လူရွှန်း၊ ရုရှပြည်က ဂေါ်ကီနှင့် ကဗျာအကျော်အမော် မာယာကော့စကီး၊ ဂျာမဏီပြည်က ဗာတော့ဗရက်၊ ချီလီပြည်က ကဗျာဆရာကြီး နီရူးဒါးနှင့် အမေရိကန်ပြည်က ဂျက်လန်ဒန်။ ပီးတော့ ..... ကိုယ့်အထွာနှင့် ကိုယ်ဆိုရသော် မြန်မာပြည်က ဗန်းမော်တင်အောင်။
ဂျက်လန်ဒန်နှင့် ဗန်းမော်တင်အောင်တို့မှာ အဓိကမဟာဗျူဟာ တူညီချက်တွေ ရှိသည်။ ကမ္ဘာ့အမြင် လောကအမြင်တူသည်။ မူဝါဒနှင့် လမ်းစဉ်တူသည်။ လူတန်းစား ရပ်တည်ချက်နှင့် အကျိုးပြုချက် တူသည်။ ရုပ်ဝါဒအမြင် ကိုင်စွဲတာခြင်း တူသည်။ ဆိုရှယ်လစ်သရုပ်မှန်စာပေ ယုံကြည်ခံယူချက်ချင်း တူသည်။ နှစ်ဦးစလုံး၌ 'နိုးထတက်ကြွ သော ၀ိညာဉ်၊ တည်ကြည်ခိုင်ခံ့သော ဥပဓိနှင့် ထာဝရတည်မြဲသောဂတိ' ကိုယ်စီ ရှိကြသည်။ ဤ၀ိညာဉ်၊ ဤဥပဓိ၊ ဤဂတိတို့ဖြင့် ကွယ်လွန်ချိန်ထိ မဆုတ်မနစ် စာရေးသားခဲ့ကြသည်။ သူ့လောက၊ သူ့ဝန်းကျင်၊ သူ့ပြည်သူနှင့် သူ့လူတန်းစားကို အကျိုးပြုခဲ့ကြသည်။ ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် မတွန့်ဆုတ်ခဲ့၊ မသွေဖီခဲ့၊ မယိမ်းယိုင် မတွေဝေခဲ့။ ရိုးသားဖြောင့်မတ်ခြင်းနှင့် ကြံ့ခိုင်မြဲမြံခြင်း အလျဉ်းရှိခဲ့သည်။ သူတို့နှစ်ဦး၏ စာပေလက်ရာများ (literary works) ကို ဖတ်ရှုလေ့လာကြည့်ပါက သည်ယုတ္တိတရားတွေကို ထင်ရှားစွာ တွေ့ရပါမည်။ ဤသည်ပင် ရိုးသားဖြောင့်မတ်ခြင်းနှင့် ကြီးမြတ်ခြင်းဂုဏ် ကုံလုံသည့် စာပေသူရဲကောင်း၏ အရည်အချင်း ပုံရိပ်တွေပဲ မဟုတ်လော။
သို့အတွက် ဂျက်လန်ဒန်ကို သူ့ပြည်သူတွေက ချစ်ခင်လေးစားကြသလို ဗန်းမော်တင်အောင်ကိုလည်း မြန်မာပြည်သူတွေက ချစ်ခင်လေးစားကြသည်။ ကြီးမြတ်သော အမျိုးသားစာပေ သူရဲကောင်းတွေအဖြစ် အသိအမှတ် ပြုကြသည်။
လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်ဟူ၍ မြန်မာ့သမိုင်းပညာရှင်တွေက သဘောတူ လက်ခံထားသော အဆိုအမိန့်ကို အထက်တနေရာမှ ကျွန်တော်တင်ပြ ခဲ့ပြီးပြီ။ သူ့ခေတ် သူ့အခါအလျောက် လူ့လောက၌ သူရဲကောင်း ၆ မျိုးရှိသည့်အနက် ရိုးသားဖြောင့်မတ်ခြင်းအစ ကြံ့ခိုင်မြဲမြံခြင်းအလယ် ကြီးမြတ်ခြင်းအဆုံးရှိသော အရည်အချင်းစံဝင် နှလုံသားဝိညာဉ်ရှင် စာရေးဆရာကို စာပေသူရဲကောင်း ခေါ်ထိုက်ကြောင်း အင်္ဂလိပ်စာပေသုခမိန်ကြီး သောမဲ့စ်ကာလိုင်း၏ အဆိုကိုလည်း ကျွန်တော်တစေ့တစောင်း ရေးပြခဲ့ပြီး ဖြစ်သည်။ ယင်းအဆိုနှစ်ရပ်ကို ပေါင်းစည်းညီညွတ်ခြင်း ပြုထားသော သမူဟ အဆိုတရပ် ဤနေရာ၌ ကျွန်တော် ရိုးသားပွင့်လင်းစွာ တင်သွင်းလိုသည်။ ထိုအဆိုသည်လည်း ကျွန်တော်တဦးချင်း၏ ပုဂ္ဂလိကခံစား သိနားလည်ချက် သက်သက်မျှသာဖြစ်သည်ဟူသော အချက်ကို သတိပြု မှတ်ယူစေချင်ပါသည်။ အဆိုမှာ ဤသို့........
"ဗန်းမော်တင်အောင်သည် စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်၏ စာပေသူရဲကောင်း တလူ........."
(၈)
ကျွန်တော်သည် ဘောဂဗေဒသမားတဦးဖြစ်သည့်အားလျော်စွာ အလုပ်တခုကို အကောင်အထည်မဖော်မီ ဦးစွာပထမ လုပ်ငန်းစဉ်တရပ် (Program) ရေးဆွဲလေ့ရှိပါသည်။ နည်းပညာဘာအားဖြင့် လုပ်ငန်းစီမံချက် (၀ါ) လုပ်ငန်းစီမံကိန်းရေးဆွဲခြင်း (Planning) ဟု ခေါ်ကြသည်။ စီးပွါးရေးဆန်ဆန် လုပ်ရသော ကိစ္စရပ်တိုင်း၌ ဤသို့ ပဏာမလုပ်ငန်းအစီအစဉ် (၀ါ) စီမံချက်တရပ် ရေးဆွဲရခြင်းမှာ မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။
ခုလည်း ..... စာအုပ်ထုတ်ဝေရေး အစီအစဉ်တရပ် ရေးဆွဲပြီးသည့်အခါ မိမိစာအုပ်တိုက် ထူထောင်မည်၊ သည်မူ၊ သည်စည်းကမ်း သည်ကျင့်ဝတ် သည်စနစ်တေါနှင့် လုပ်ကိုင်မည့်အကြောင်း နီးစပ်ရာမိတ်ဆွေ၊ သူငယ်ချင်းအပေါင်းအသင်း ရောင်းရင်းတွေကို ချပြပြီး၊ အကြံဥာဏ်တောင်းခံသည်။ မှတ်မှတ်ရရ ဆရာလေးဦးကို သီးခြားစီ တွေ့ဆုံခဲ့သည်။ ဆရာမောင်ပေါ်ထွန်း၊ ဆရာ မောင်မောင်ဇေယျ (ဒဿနပညာဆရာ ကိုမောင်မောင်)၊ သူငယ်ချင်း ကဗျာဆရာမောင်ညီညွတ် နှင့် ကဗျာဆရာ စာရေးဆရာ ညိုသစ်....
သည်ဆရာတွေမှာ လေ့လာဖြည့်ဆည်းထားသော ဘ၀ရပ်တည်ဘောင် (Frame of reference) တစုံတရာ အခိုင်အမာ ရှိနေကြသည်ဟု ကျွန်တော်ယုံကြည်သည်။
လူသည် သူ လေ့လာဖြည့်ဆည်းထားသော ရပ်တည်ဘောင် (Frame of reference) အရ လောကကို ကြည့်မြင်သည်။ ပတ်ဝန်းကျင်ကို ဝေဖန်သုံးသပ်သည်။ လူမှုရေးရာ ကိစ္စတွေကို အကဲဖြတ်သည်။ သူ၌ရှိသော ရပ်တည်ဘောင်ကောင်းရင် ကောင်းသလို၊ ညံ့ရင် ညံ့သလို .... မြင့်ရင် မြင့်သလို၊ နိမ့်ရင် နိမ့်သလို လောက၀န်းကျင်ပေါ် အကျိုးသက်ရောက် တတ်သည်။ ထို့ကြောင့် ကျွန်တော်တို့ နယ်ပယ်၌ ရပ်တည်ဘောင် အရေးကြီးသည်ဟု မြင်မိသည်။ သည်လို ရပ်တည်ဘောင် ခိုင်မာရင့်ကျက် မြင့်မားသူတွေက ကျွန်တော်ကို အကြံညာဉ်ကောင်းတွေ အားတက်သရော ပေးကြသည်။ ကျွန်တော် ၀မ်းသာမဆုံး ဖြစ်ခဲ့သည်။
နောက်တပါတ်၊ နောက်တနေ့ဝယ်...... လေထန်ကုန်းမှာ ပြန်ဆုံကြတော့ ညိုသစ်က 'ရော့... စာမူကောင်းတခု၊ ခင်ဗျားတိုက်က ထုတ်သင့်တယ်' ဟု ဆိုကာ စာအုပ်တအုပ် လှမ်းပေးသည်။ ကျွန်တော် ယူကြည့်လိုက်တော့ ဆရာဗန်းမော်တင်အောင် ရေးသည့် 'ဂျက်လန်ဒန် သူ့ဘ၀ သူ့စာပေ' စာအုပ်။ သူ (ညိုသစ်) ပထမအကြိမ် ထုတ်ဝေခဲ့သည်။ ကျွန်တော် ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
သို့နှင့် သည်စာအုပ်ကို ဒုတိယအကြိမ်ထုတ်ဝေဖို့ ကျွန်တော် အားထုတ်ခဲ့ရခြင်း ဖြစ်ပါသည်။
(၉)
အမှန်စင်စစ် ဂျက်လန်ဒန်နှင့် ဗန်းမော်တင်အောင်တို့မှာ စာပေဆင်ကြီးနှင့် စာပေဝေလငါးကြီး တွေချည်း။ ဤစာအုပ်သည်ကား ကမ္ဘာ့စာပေလောက က စာပေဆင်ကြီးနှင့် စာပေဝေလငါးကြီးဖြစ်သော ဂျက်လန်ဒန်၏ အတ္ထုပတ္တိပုံရိပ်ကို မြန်မာစာပေနယ်က စာပေဆင်ကြီးနှင့် စာပေဝေလငါးကြီးဖြစ်သူ ဗန်းမော်တင်အောင်က ရေးဖွဲ့ ခြယ်မှုန်းထားခြင်းဖြစ်သည်။ ဘာမဟုတ်သည့် ကျွန်တော်ကား.....။
ဆိုခဲ့သည့်အတိုင်း စာပေရေးရာနှင့် စပ်လျဉ်း၍ ကျွန်တော်သည် ဘာမျှမဟုတ်၊ သာမန် စာဖတ်ပရိသတ်မျှသာ ဖြစ်ပါသည်။ သို့အတွက် ကျွန်တော်ထမ်းဆောင်သင့်သော တာဝန်မှာ ဤရွေ့ ဤမျှသာဟု ဆိုရလျင် လုံလောက်မည် ထင်ပါသည်။
ပီဒီကျော်စွာ
မြင့်မြတ်သူစာအုပ်တိုက်
၉-၆-၉၉
Subscribe to:
Post Comments (Atom)
No comments:
Post a Comment