Monday, June 7, 2010
မြန်မာတွေ ယဉ်ကျေးမှုနိမ့်ကျသေးတယ်တဲ့လား
ရေးသူ- လူထုစိန်ဝင်း
ရန်ကုန်မှာ ရွှေဆိုင်ဖွင့်ထားတဲ့ ကျောင်းသားတပည့်ဟောင်းတယောက် သီတင်းကျွတ်လပြည့်နေ့က ချောကလက်တဘူး၊ ရှပ်အင်္ကျီတထည်နဲ့ လာကန်တော့ပါတယ်။ သော့ချိတ်ကလေးတခု ပါတာကြောင့် စင်ကာပူက ပြန်လာတာလားလို့ မေးလိုက်တော့ သူ့ဇနီးနဲ့အတူ သွားလည်တာ တလကြာခဲ့တယ်လို့ ပြောပါတယ်။
ချီးမွမ်းခန်း ဖွင့်မဆုံး
'လေယဉ်ကွင်းထဲဆင်းဖို့ ၀ဲနေကတည်းက တအံ့တသြ ဖြစ်ရတော့တာပါပဲ။ တမြို့လုံး ၀င်းထိန်နေလိုက် တာများ လေယာဉ်ပေါ်ကနေ ကြော်ငြာဆိုင်းဘုတ်တွေကိုတောင် လှမ်းပြီးဖတ်လို့ရမလား ထင်ရတယ်ဗျ'
နိုင်ငံခြားခရီးကို ပထမဆုံးရောက်ဖူးသူတို့ ထုံးစံအတိုင်း သူက စင်ကပူသားတွေ စည်းကမ်းရှိပုံ၊ မြို့ကြီးသန့်ရှင်းပုံ၊ ကားတွေ၊ ရထားတွေ စီးရတာ ညက်ညောပုံ စတဲ့ချီးမွမ်းခန်းမျိုးစုံ ဖွင့်လို့ မမောနိုင်အောင် ရှိနေပါတယ်။ စကားပြောလို့ မောတော့မှ 'ဒီလို မြို့ကြီးသားပီသကြလို့ ဒီမိုကရေစီနဲ့ ထိုက်တန်တာကိုး' လို့ မှတ်ချက်ချလိုက်ပါတယ်။ သူက ဒီမှာတင် မရပ်သေးဘူး။ 'ကျွန်တော်တို့ ရန်ကုန်မြို့ကြီးကတော့....' လို့ ဆက်ပြောနေတာကြောင့် သူ့စကားကို ၀င်ဖြတ်ပြီး လမ်းကြောင်းလွှဲလိုက်ရပါတယ်။
နားကြားပြင်းကပ်တယ်
သူဆက်ပြောမယ့် စကားတွေကို သိနေလို့ စကားလမ်းကြောင်း လွှဲလိုက်တာပါ။ ဒီစကားမျိုးတွေကို 'ဖန်တရာတေအောင်' နားထောင်ခဲ့ဖူးပါပြီ။ နိုင်ငံခြားသွားပြီးတော့ အတွေ့အကြုံကို ဗဟုသုတဖြစ်အောင် ပြန်ပြောပြတာ ကောင်းပါတယ်။ ဒါပေမဲ့ ယှဉ်ယှဉ်ပြီး ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကိုပါ သရော်သလိုလို နှိမ့်ချစော်ကား ပြောတာတွေကိုတော့ သည်းမခံနိုင်ပါဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအကြောင်း ဘာမှ သိတာ မဟုတ်ပဲနဲ့ လူတတ်ကြီး လုပ်ပြီး စည်းကမ်းနားမလည်ဘူး၊ ယဉ်ကျေးမှု အဆင့်အတန်း နိမ့်ကျသေးတယ်၊ လူမျိုးက ဖျင်းရတဲ့အထဲ ပျင်းလိုက်သေးတယ်၊ ဒီမိုကရေစီနဲ့ မတန်သေးဘူး စတဲ့ စကားမျိုးတွေ 'ဟောင်ဖွာဟောင်ဖွာ' ပြောတာတွေကို နားကြားပြင်းကပ်လှတယ်။
ထွီခနဲ၊ ထွမ်ခနဲ
စင်ကာပူတို့၊ မလေးရှားတို့ တိုးတက်မှုအရှိန်အဟုန် ကြီးကြီးမားမားနဲ့ ကျားကလေးတွေ ဖြစ်လာတာ အားကျစရာပါ။ ဒါပေမဲ့ သိပ်စည်းကမ်းရှိလို့၊ သိပ်ယဉ်ကျေးလို့ တိုးတက်လာတာဆိုတဲ့ စကားကိုတော့ သဘောမတူပါဘူး။ မြို့သားတွေ စည်းကမ်းရှိလို့ မြို့ကြီး သန့်ရှင်းနေတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ တရုတ်လူမျိုးလောက် 'ထွီခနဲ၊ ထွမ်ခနဲ' တွေ့ကရာနေရာ တံတွေးထွေးတတ်တဲ့လူမျိုး ဘယ်မှာမှ မရှိပါဘူး။ လူအများ ၀ိုင်းထိုင်စားသောက်နေတဲ့ နေရာမှာလည်း 'ထွီ ထွမ်' လုပ်ကြတာပါပဲ။
အိမ်ဖော်တွေ နှိပ်စက်မှု
စင်ကာပူထီး၊ စင်ကာပူမတွေက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေက လာရောက် အလုပ်လုပ်ကိုင်တဲ့ အိမ်အကူ မိန်းကလေးတွေကို ရေနွေးပူနဲ့လောင်းတာ၊ မီးပူနဲ့ ကပ်တာ၊ အပ်နဲ့ဆွတာ၊ ထိုးကြိတ်နှိပ်စက်တာမျိုးတွေ နေ့စဉ်လို စထရိတ်တိုင်းသတင်းစာမှာ ဖတ်နေရပါတယ်။ ဒါမျိုးကို ယဉ်ကျေးတယ်လို့ ဘာကြောင့်များ သတ်မှတ်ကြတာလဲ။ အိမ်အကူတွေကို နှိပ်စက်လွန်းလို့ အင်ဒိုနီးရှားနဲ့ မလေးရှား အစိုးရချင်း မကြာခဏ စကားများနေကြတာတွေကော မကြားကြဘူးလား။ ယဉ်ကျေးမှုအဆင့်အတန်း နိမ့်သေးတယ်ဆိုတဲ့ မြန်မာပြည်မှာ ဒီပြဿနာ ရှိလောက်ပေမယ့် ဒီလောက်ကြီး ဆိုးရွားတဲ့ အခြေအနေထိ မရောက်သေးပါဘူး။
တရားဥပဒေစိုးမိုးမှုရှိလို့
သူတို့ လမ်းမကြီးတွေ အမှိုက်ကင်းစင်ပြီး သန့်ရှင်းနေတာက ဒဏ်ငွေနဲ့ ကြိမ်လုံး ကြောက်လို့ပါ။ ပုလိပ်ကလည်း လမ်းထောင့်တိုင်းမှာ စောင့်ကြည့်နေပြီး စည်းကမ်းဖောက်သူ ဘယ်သူဘယ်ဝါဖြစ်ဖြစ် တကယ်ဖမ်းပြီး တကယ်ရုံးတင်တာလေ။ ဥပဒေနဲ့ ပတ်သက်ရင် သိပ်တိကျတာ။ ပုလိပ်က တကယ်ရုံးတင်သလို တရားရုံးကလည်း တကယ်စစ်ပြီး၊ တကယ်အပြစ်ဒဏ်ချတာ။ ဒီတော့ ဘယ်သူ ဖောက်ဖျက်ရဲမှာလဲ။ ပုလိပ်က သူ့အလုပ်သူ တိတိကျကျ လုပ်သလို မြူနီစပယ်ကလည်း သူ့အလုပ်သူ လုပ်တယ်။ ဥပဒေစည်းကမ်း တိတိကျကျ ချမှတ်ထားသလို တိတိကျကျလည်း လုပ်ကြတော့ ဘယ်သူမှ ကိုယ့်အလုပ်မဟုတ်တာကို ၀င်မစွက်ရဲ့ကြဘူး။ အဓိကကတော့ တရားဥပဒေစိုးမိုးမှု (rule of law) ရှိနေလို့သာ ဖြစ်တယ်။
မမြင်ဖူး 'မူး'မြစ်ထင်
အခု ကျားကလေးတွေ ဖြစ်နေကြတဲ့ နိုင်ငံတွေဟာ ဟိုရှေးကဆို စားနပ်ရိက္ခာအပါအ၀င် လူသုံးကုန် ပစ္စည်း တော်တော်များများကို မြန်မာနိုင်ငံက ၀ယ်ယူသုံးကြရတာကို အခု 'မမြင်ဖူး မူးမြစ်ထင်' ဖြစ်နေကြသူတွေ သိစေချင်လိုက်တာ။ ရွှေကျီးနိုင်လွန်လို တက်ထရွန်နဲ့ ဒက်ကရွန်လို အ၀တ်အထည်တွေကို မြန်မာနိုင်ငံက ၀ယ်ကြရတာပါ။ ဗန္ဓုလစောင်ဆိုရင် အာရှတခွင်လုံး နာမည်ကြီးပါတယ်။ ဘားမားစတိတ်လို၊ ကပ္ပီတန်လို၊ ဂိုဖလိတ်လို စီးကရက်တွေဆို ဂျပန်တွေ သိပ်ကြိုက်ကြပါတယ်။ အာမီရမ်လို့ခေါ်တဲ့ ရမ်အရက်ဆိုရင် ရုရှားသံရုံးက လူတွေတောင် သူတို့ ဗော့ဒကာနဲ့ လဲသောက်ကြပါတယ်။
ကလင်တန်လိုလား၊ ရေဂန်လိုလား
မြို့ကြီးသား မပီသကြသေးလို့ ဒီမိုကရေစီနဲ့ မတန်သေးဘူးလို့ ပြောသူတွေကို တခု မေးချင်ပါတယ်။ မြို့ကြီးသား ပီသတယ်ဆိုတာ ဘယ်လိုဟာလဲဆိုတဲ့ မေးခွန်းပါ။ သမ္မတကလင်တန်က ကျောင်းသူလေး မော်နီကာကို ပြုမူလိုက်တဲ့ အပြုအမူမျိုးကို ခေါ်တာပါလား။ ကမ္ဘာတခုလုံးကိုတော့ အယာတိုလာခိုမေနီရဲ့ အီရန်နိုင်ငံကို လက်နက်တွေ မရောင်းဖို့ အော်ဟစ်တားဆီးနေပြီး သူကတော့ ခိုးကြောင်ခိုးဝှက်နဲ့ ခိုမေနီကို လက်နက်တင်သွင်းရောင်းချပြီး ရတဲ့ငွေအားလုံးကို အစိုးရဘတ်ဂျက်ထဲ တပြားမှ မထည့်ဘဲ နီကာရာဂွါနိုင်ငံက လက်ယာသူပုန်တွေကို ထောက်ပံ့ခဲ့တဲ့ ရေဂန်ရဲ့ အပြုအမူမျိုးကိုများ ခေါ်တာပါလား။ ရေဂန်ဟာ ဒီလို မလုပ်ခဲ့ပါဘူးလို့ လွှတ်တော်ကိုတောင် ဗြောင်လိမ်ခဲ့သေးတယ်လေ။ အဲဒီအပြုအမူတွေဟာ မြို့ကြီးသား ပီသမှုပါလား။ ဒီမိုကရေစီ ယဉ်ကျေးမှုပါလား။
အီလစ်အုပ်ချုပ်ရေး
ပြောရမယ်ဆိုရင် စင်ကာပူဆိုတာလည်း တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီအဆင့် မရောက်သေးပါဘူး။ Autocracy နဲ့ Meritocracy နှစ်ခု ပေါင်းစပ်ထားတဲ့ ရေပေါ်ဆီလူတန်းစား 'အီလစ်' တွေ အုပ်ချုပ်တဲ့ အစိုးရမျိုး ဖြစ်ပါတယ်။ ဒါဆို စင်ကာပူ ဘာကြောင့် ထိပ်တန်းရောက်နေသလဲ မေးရင် အထက်မှာ ပြောခဲ့တဲ့အတိုင်း ဥပဒေစိုးမိုးမှု (rule of law) အပြည့်အ၀ ရှိနေလို့ ဖြစ်တယ်လို့ပဲ ဖြေရပါလိမ့်မယ်။ တိုင်းပြည်လည်းကြီး၊ လူဦးရေလည်းများပြီး သယံဇာတတွေလည်း များတဲ့ ယိုးဒယားက လူဦးရေ ငါးသန်းတောင် ပြည့်အောင်မရှိရုံမက သဘာဝသယံဇာတဆိုလည်း ဘာမှမရှိတဲ့ စင်ကာပူကို ဘာကြောင့် မမီတာလဲဆိုတာ ကြည့်သင့်တယ်။ ယိုးဒယားနိုင်ငံမှာက ပိုက်ဆံပေးနိုင်ရင် ထောင်ထဲက လူကိုတောင် လူစားလဲနိုင်တယ်လို့ ဆိုကြတယ်လေ။ ငွေများ တရားနိုင်ရုံသာမက ၀န်ကြီးချုပ်တောင် လုပ်လို့ရတယ်ဆိုတာ 'သက်ဆင်' က လက်တွေ့ပြခဲ့တယ် မဟုတ်လား။
လူထုစိန်ဝင်း။
၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၁၁။
[လူထုစိန်ဝင်းရဲ့ 'ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်-(နိုင်ငံရေးအတွေးအမြင်ဆောင်းပါးများ)' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၁၀ ဇန်န၀ါရီမှ ကူးယူဖော်ပြပါတယ်]
Subscribe to:
Post Comments (Atom)
1 comment:
Of course you are right, Saya U Sein Win. Many Burmese morons think that Singapore is better in many ways than Burma. I stayed there for about four years. They provide electricity, better transportation and living standard because of higher taxation. 5o out of 100 of Singaporeans are hanky-pankies.
Post a Comment