Monday, October 4, 2010

တမ်းတလို့လွမ်းရပါတယ်.... (၄)
ရေးသူ- မောင်အေးခိုင်





တမ်းတလို့လွမ်းရပါတယ်... (၃) မှာ ချောင်းဦးမြို့နယ်မှာ စာမတတ်သူပပျောက်ရေး၊ အသုံးလုံး လုပ်အား ပေးတဲ့အကြောင်း အနည်းအပါး ထည့်ရေးပြီး အဆုံးသတ်ထားခဲ့တာ မာယ
ာပရိသတ်တဦးဖြစ်တဲ့ 'ကေ' က၊ 'ဘယ်သူပြိုင်လို့လှပါတော့နိုင်' ကို မျက်စိထဲ ပြန်မြင်လာလို့ ဆိုပြီး comment ပေးလာလို့ အားတက်သွားပြီး ဆက်ရေးချင်စိတ်တွေ ပေါက်လာတာနဲ့ ထပ်ရေးဖြစ်တာ။ 'ကေ' ကို ကျေးဇူးတင်ပါတယ်။ ၂၀၀၈ ဇူလိုင်လောက်က မာယာထဲမှာ "ပေါရီတို့ရဲ့ရွှေလှေရွာ (၁)၊ (၂)" ဆိုပြီး "မောင်ရေချမ်း" နံမည်နဲ့ ကျနော်ရေးခဲ့ဖူး ပါတယ်။ ခု ပြန်ရေးတော့ တချို့အကြောင်းအရာတွေက ထပ်ကောင်း ထပ်နေပါလိမ့်မယ်။ ဒိအတွက် ကြိုတင်ပြီး တောင်းပန်ပါရစေ။

ဒီအကြောင်းတွေက အမြဲလိုလို တမ်းတလို့ လွမ်းရတဲ့ အဖြစ်တွေများတော့ ဟိုးတုန်းက
ဆို ရေးစရာတွေ အများကြီး မှတ်မိသေးတယ်။ ခုတော့ မေ့တဲ့ ဟာလဲ မေ့ကုန်ပါပြီ။ နှစ်တွေက ၄၀ နားတောင် ရောက်လာပြီလေ။

ဒီ အသုံးလုံး အကြောင်းတွေက ကြုံခဲ့ဖူးသူ အချင်းချင်း ဆုံမိရင် လွမ်းစရာတသသ ပြန်လို့ ပြောဖြစ်ကြတယ်။ ဒါနဲ့ ပတ်သက်လို့ စကားဝိုင်းတခုမှာ ကိုယ်ပြောမိတဲ့ စကားလေးတခုတော့ ခုထိ အမှတ်ရနေတုန်း။ ကိုယ်တို့ အသုံးလုံးက ပြန်လာပြီးတော့ အတူသွားဖော်တွေနဲ့ မကြာခဏ စကားကြုံတိုင်း ဒီအကြောင်းကိုပဲ တသသ ပြောဖြစ်ကြတာကိုး။

တနေ့တော့ ကိုယ်တို့ စက်မှုတက္ကသိုလ
က 'နွေးအေး' လက်ဘက်ရည်ဆိုင်မှာ ကိုသန်းအောင် (မောရူးဆိုး)၊ ကိုကောင်းမြတ် (ကာတွန်း-နီ)၊ ကိုစိုးမြင့် နဲ့ ကိုယ်တို့ စကားဝိုင်းဖွဲ့နေကြတယ်။ တဖက်က ၀ိုင်းမှာ ကိုယ်တို့ ဆရာတွေ (နိုင်ငံခြားပြန်တွေ) စကားလက်ဆုံကျနေကြတယ်။ သူတို့ပြောတာတွေအားလုံး ကိုယ်တို့ဝိုင်းက အကုန်ကြားတယ်။ သူတို့ တက်ရောက်သင်ကြားခဲ့ရတဲ့ နိုင်ငံခြားက ကောလိပ်တွေ၊ တက္ကသိုလ်တွေရဲ့ ၀န်းကျင်က အလှအပနဲ့ ရာသီဥတုတွေအကြောင်း။ ခုချိန်ဆို ဘယ်လို လွမ်းစရာကောင်းတာ၊ ဘာ ညာပေါ့လေ...။

ကဗျာဆရာ မောရူးဆိုးက ဆရာေ
တွ စကားကို ကြားပြီး သူတို့ ပြောတာ ကြားရတာကိုက လွမ်းစရာလေး တွေနော်တဲ့။ ကျနော်က မောရူးဆိုးကို နှစ်သိမ့်ခဲ့ပါတယ်။ သူတို့လဲ သူတို့ ရောက်ဖူးတဲ့ အမေရိကကို သူတို့ လွမ်း၊ ကိုယ်တို့လဲ ကိုယ်တို့ ရောက်ဖူးတဲ့ ရွှေလှေတို့၊ တောကျောင်းတို့၊ ကြက်သွန်ဈေး တို့ကို လွမ်းကြတာပေါ့ဗျာ။ ကိုယ်သန်ရာ သန်ရာပေါ့လို့......။

အသုံးလုံးက ပြန်လာပြီး မကြာဘူး၊ ဗဟိုသတင်းစဉ်က အသုံးလုံးအကြောင်းတွေ ရုပ်ရှင်ရုံတွေမှာ သတင်းကားပြတာ။ ကိုယ့်မှာ ကြည့်ရင်း၊ ကြည့်ရင်း ရင်ထဲက လှိုက်လှိုက်လာပြီး မျက်ရည်တောင် ၀ဲလာတယ်။ နောက်တော့ 'မင်းကျော်' ရဲ့ 'ဘယ်သူပြိုင်လို့လှပါတော့နိုင်' ၀တ္ထုစာအုပ် ထွက်လာတယ်။ အဲဒီတုန်းက မင်းဘူး၊ မကွေးဘက် ကို ကျောင်းသားတွေနဲ့ လိုက်သွားပြီး၊ အပြန်မှာ ၀တ္ထုဖြစ်သွားတာ။ နောက် ရုပ်ရှင်အဖြစ်နဲ့ အကယ်ဒမီ ရသွားတ
ယ်။

ချောင်းဦးဆိုတာ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာရှိတဲ့ မြို့ကလေးတမြို့ဖြစ်ပြီး မန္တလေး-မုံရွာ ကားလမ်းဘေး မှာပါ။ အဲဒီမြို့နယ်ထဲမှာ ကျေးရွာတွေတော့ အများကြီးပဲ။ ကိုယ်တို့ လုပ်အားပေးတာက ကားလမ်းဘေးမကျဘူး။ ကားလမ်းမပေါက်ဘူး။ မန်းကျည်းဘုတ်-မန်ကျည်းခွ ဘက်က လှည့်သွားရင် လှည်းနဲ့ သွားလို့ရတယ်။ ရေလမ်းနဲ့ ပို သင့်တယ်။ ချင်းတွင်း မြစ်ကမ်းပေါ်က
ရွှေလှေရွာ။ ချောင်းဦးမြို့နယ်ရဲ့ အစွန်ဆုံးကျတဲ့ ရွာကလေးပါ။ အနောက်ဘက်ကမ်းက ယင်းမာပင်မြို့နယ်။ တောင်ဘက် ရောက်သွားရင် မြောင်မြို့နယ် ဖြစ်သွားပြီ။

မကြာသေးခင်က၊ ကိုလေးမြတ်က သြဂုတ်လထုတ် ပိတောက်ပွင့်သစ်ထဲမှာ 'ညိုမြတို့ရွာ' ဆိုပြီး အဲဒီ နယ်တလွှားကို ရေးတာ ဖတ်မိလိုက်တယ်။ ခုတခါ Face Book မှာ မအေးလဲ့ထွန်းက အညာဌာနီ လို့ ဓါတ်ပုံအက်ဆေးတခု တင်ပေးလိုက်တာ ကျနော့်မှာ ငိုချင်လျက် လက်တို့ ဆိုသလို ဖြစ်သွားတယ်။ မကေကို အ သုံးလုံး အကြောင်း ဆက်ရေးမယ် ကတိပေးပြီး တ၀က်တန်းလန်း ရပ်နေတာ ခု
အကြောင်းအရာ အချက် အလက်တွေက ရေးဖြစ်အောင် အတင်းတွန်းပို့နေတော့တယ်။

မအေးလဲ့ထွန်းက ကြိုက်တဲ့ပုံ ယူသုံးပါလို့ ခွင့်ပြုထားတော့ နောက်တခါရေးရင် သုံးမယ်လို့ စိတ်ထဲတေး ထားတာ။ ခုတကယ်ပဲ သုံးလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ် မအေးလဲ့ထွန်းခင်ဗျာ။ ဒေ
သအတိအကျ မတူပေတဲ့ အညာဒေသ ယေဘူယျ တူညီချက်တွေ ဖြစ်လို့ ကိုယ့်ဆောင်းပါး ဝေဆာသွားအောင်လို့ ဖြစ်ပါတယ်။

ကျနော်တို့ ရွာက နွေခါမှာ ချင်းတွင်းရေကျချိန်မို့ သဲသောင် ပြန့်ပြန့်ကြီးပေါ့။ ရေကို ခြေထောက်နဲ့ ထိဖို့အရေး သဲပူပူ သောင်ပြန့်ပြန့်ကို အတော် ဖြတ်ရတာ။ မော်တော်က ရွာမှာ ဆိုက်ရင် သူ ရပ်နိုင်သလောက်မှာ ရပ်ပြီး ကုန်းဘောင်ချပေးရင် ကုန်းဘောင်က ရေထဲမှာပဲ။ လူက ခြေသလုံးလောက်
ရေကို အတော်ဖြတ်လျှောက် မှ သဲပေါ်ရောက်တာ။ အောင်မလေး မိုးခါ ရေ၀င်ချိန် ဆိုရင်တော့ မော်တော်ပေါ်က လှမ်းရုံနဲ့ ရွာကမ်းကို နင်းလို့ရတယ်။

ချင်းတွင်းမြစ်ရေတိုးတဲ့အချိန်ဆို ရေ၀င်တတ်လို့ ကမ်းနိမ့်တဲ့ ရွာတွေမှာ တာဘောင် တာရိုးတွေ ကာဆီးထားရတယ်။ တရွာနဲ့တရွာ ရေ၀င်ချောင်းလေးတွေ ခြားနေတတ်တယ်။ ရေနည်းတဲ့ချောင်းဆို ဒူးဆစ်လောက်၊ ပေါင်လည်လောက်။ ရေများရင် ခါးလောက်ရှိမယ်။ လှည်းနဲ့သွားလို့ လှည်းပေါ်ထိုင်လိုက်သွားရင် လှည်းကြမ်းပြင်ကို ရေထိလို့ လှည်းပေါ်ထိုင်သူကို ရေစိုစေတယ်။ ကိုယ်တို့ကတော့ လုံချည်ရေမစို အောင် ချောင်းထဲကို ဖြတ်ကူးတတ်တယ်။

ရေတိုးချိန်မှာ အထက်ဖက်က ထင်းတုံးတွေ မျောလာတတ်တယ်။ တချို့ လှေနဲ့ ရေလယ်ကို ထွက်ပြီး ထင်းဆယ်ကြတာ သက်စွန့်ဆံဖ
ျားပါပဲ။ ရေစီးနဲ့အပြိုင် လှေကိုမျှောချပြီး ထိပ်မှာ ချိတ်လိုအကောက်ပါတဲ့ သစ်ပင်ကိုင်းရှည်ရှည်နဲ့ လှမ်းဆွဲပြီး လှေပေါ်ချိတ်တင်ရတယ်။ တခါတလေ ကံဆိုးလို့ ကိုယ်ဆွဲတဲ့ သစ်တုံးမှာ မြွေပါလာတဲ့အခါ ရေလယ်မှာ မြွေကိုက်လို့ သေသူတွေ မကြာခဏပဲ။

နေ၀င်ခါနီး ချင်းတွင်းမြစ် အနောက်ဘက်ကမ်းကို နေလုံးကြီး ငုပ်လျှိုးခါနီး တာဘောင်ပေါ်မှာ လမ်းလျှောက်တဲ့အခါ မြင်ရတဲ့အလှဟာ အင်မတန် ကြည်နူးစရာပါ။ ကြည်နူးစရာနဲ့အတူ တ၀မ်းတခါး ရုန်းကြရတာ။

ရွာ့အရှေ့ဘက်က ထန်းတောတွေများ လှည်းနဲ့အလာမှာ အဝေးက မြင်ရတဲ့ မြင်ကွင်းဟာ ရွာကို ပိတ်ကာထားတဲ့ ညို့မှောင်မှောင် ကန
့်လန့်ကာ ကြီးလို။ ရွာမှာ အများစုက ထန်းလုပ်ငန်းလုပ်တယ်၊ တချို့လည်း မြေပဲ၊ နှမ်း၊ ၀ါ စိုက်တယ်။ ထန်းကတော့ သူတို့ရဲ့ စပါယ်ရှယ်အလုပ်။ နွေညတွေမှာ ညဘက်ဆို တနေ့လုံးခံထားတဲ့ ထန်းရည်တွေ၊ အပင်က ချလာတဲ့ ထန်းရည်တွေကို ထန်းလျက်ချက်ကြတယ်။ ထန်းပင်တွေ စုစု စိပ်စိပ် တွေကြားက နည်းနည်း ကျဲတဲ့ မြေတလင်းပြောင်ပြောင်မှာ ထန်းလက်ခြောက်တွေကို မီးရှို့ပြီး အဲဒီမီးရောင်နဲ့ ထန်းလျက်ချက်ကြတာ။ ကျနော်တို့ စာသင်ပေးရတဲ့ ဆရာတွေထဲက ထန်းမိသားစုတွေ ကို သင်ပေးရသူဟာ အဲဒီ ထန်းလျက်ဖိုတွေအထိ သွားသင်ပေးရတယ်။

ကိုယ့်တပည့်တွေကတော့ ရွာထဲကပဲ။ သူတို့ပြန်လာရင် တန်းတော တတောလုံးက အကောင်းဆုံးအပင်၊ အကောင်းဆုံးထန်းရည်ကို ဆရာတွေအ
တွက် ယူလာကြတယ်။ တခါတော့ သူကြီးနဲ့ ကိုယ်နဲ့ နှစ်ယောက်ထဲ ထန်းရည်သွားချဖူးတယ်။ သူကြီးဆိုတာကလည်း ကိုယ့်အဖေအရွယ်လောက် ရှိတာ။ ထန်းရည်မူးတော့ သူကြီးကို ကိုယ်ကမေးဖူးတယ်။ သူက မဆလ အရံပါတီဝင်။ အရမ်းပါတီဝင်လား အရံပါတီဝင်လားသူကြီးလို့ ဆိုတော့ ၀န်ခံရှာပါတယ်။ အရမ်းပါတီဝင်ပါတဲ့။ အညမည (သူပြောသလို အညမညလို့ပဲ ဖတ်ပါ၊ အင်ညမျင်ညလို့ မဖတ်ပါနဲ့) ဆိုတာကြီးကို ချောင်းဦးမှာ သွားတက်ရတာတဲ့။

မနက်မိုးလင်း ကိုယ်မျက်နှာ သစ်နေတုန်
း သူကြီးက ရွာထဲက ထွက်လာတာ။ ကိုယ်တို့က ရွာပြင်က ကျောင်းမှာ တည်းတယ်။ သူကြီး ဘယ်တုန်းလို့ လှမ်းပြီး ပဋိသန္တာရစကား ဆိုလိုက်တာ ဆရာလေး လိုက်ခဲ့လေတဲ့။ ဆရာလေးကလဲ ဘာရမလဲ.. သူကြီးနဲ့ ကောက်ကောက်ပါသွားတာ။ ရွာကလူတွေ မြောင်းတူးကြတာကို သူကြီးက ခဏတဖြုတ် အာလူးသွားဖုတ်ပြီး ကိုယ့်ကို ဆရာလေး သွားရအောင်ဆိုပြီး ထန်းတောကို ခေါ်သွားတာ။ သူကြီးဆိုတော့လည်း ထန်းသမားက သူတက်နေတဲ့ အကောင်းဆုံးအပင်က ချပေးတယ်။ ကိုယ်နဲ့ သူကြီးကတော့ အပင်အောက်မှာတင် အိုးထဲမှာ အပေါ်တက်နေတဲ့ အမြှုပ်တွေကို ဖယ်ပြီး ခွက်မပါ ဘာမပါ အိုးလိုက်မော့ကြတာ။

သုံး လေး အိုး လောက် မော့ပြီးတော့ သားအဖအရွယ် အသက်ကြီးနဲ့ အသက်ငယ် နှစ်ယောက်သား လည်ပင်းဖက်ပြီး ရွာထဲကို ယိုင်ထိုး
ပြန်လာကြတယ်။ ရွာကလူတွေကတော့ ကြည့်နေကြတာပေါ့။ ငါတို့ဆရာလေးတော့ လုပ်ချလာပြန်ပြီ ဆိုတဲ့သဘော။ စရောက်တဲ့နေ့ကလည်း ဆရာလေး ရွာက ကျောင်းဆရာ ကိုကောင်းဟိန်နဲ့ ထန်းရည်မူးတာ (ပေါရီတို့ ရွှေလှေရွာ- မှာကြည့်) ရွာလေးတကျော်။

တခါတော့ ကျနော်တို့ ဘောလုံးချိန်းကန်ကြတယ်။ ကိုယ်တို့က ၉ ယောက်။ ယင်းမာပင်ဘက်က လူငယ်တွေက ၉ ယောက်။ ဟိုဘက်ကမ်းကတောင် တကူးတကန့် ချိန်းပြီး
လာကန်တာ။ လူငယ်ဆိုပေမယ့် ကိုယ့်ထက် ကြီးသူတွေချည်းပါပဲ။ ကိုယ်တို့ထဲမှာ အသေအချာ ဘောလုံးကို ဘောလုံးသမားလို အပီအပြင် ကန်တတ်တာ မန်းတက္ကသိုလ်က အောင်ကျော်ဝင်း။ ကျန်အများက ကိုယ်အပါအ၀င် အီးယောင်ဝါးတွေ။

ကိုယ့်တို့ကို အားပေးတာ ကိုယ့်စာသင်သား မိန်းမပရိသတ်တွေ။ ဆရာတွေကို အထင်တကြီးနဲ့ အားပေးတာ။ ၁၄ ဂိုး ၁ ဂိုးလား၊ ၁၆ ဂိုး ၁ဂိုး လား မသိဘူး၊ ကိုယ်တို့ ရှုံးသွားတယ်။ ဒါတေ
ာင် အဲဒီ ၁ ဂိုးက ကိုယ်သွင်းတာ။ ပထမ စစခြင်း ကိုယ့်နားရောက်လာတာကို မမျှော်လင့်ပဲ မျက်စိမှိတ် စွပ်ကန်လိုက်တာ အလစ်မှာ ဂိုးဝင်သွားတယ်။ နောက်တော့ ခွက်ခွက်လန်အောင် ရှုံ့းတာပါပဲ။ တက္ကသိုလ်ကျောင်းသားတွေ ရှုံးတဲ့ပွဲပေါ့။ ကြည့်ရတာ သူတို့ထဲမှာ မြို့နယ်အဆင့်လောက် ကန်တတ်တဲ့ အကောင်တွေလည်းပါပုံရတယ်။ နောက်ပြီး သူတို့က ဘောကန် ဖိနပ်တွေနဲ့။ ကိုယ်တို့ထဲမှာက အောင်ကျော်ဝင်းတယောက်ပဲ ဖိနပ်နဲ့။ ကျန်သူများက ခြေအလွတ် ကန်ရတာ။ လယ်ကွက်ထဲမှာ။ မရှုံးဘယ်ခံနိုင်မှာလဲ။

ကိုယ့်တပည့် မချစ်မေက ပြောတယ်။ ကိုယ့်ဆရာတွေ အခြေအနေ မဟန်လို့ ရှက်ရှက်နဲ့ မျက်နှာကို ခေါင်းပတ်တဲ့ ပုဆိုးစုပ် တဘက်ကလေးကို ကွယ်ပြီး၊ မပြီးခင်တ၀က်လောက်မှာ ထပြန်လာကြရတယ်တဲ့။ ကောင်းရော....။

ဘယ်လိုဖြစ်ဖြစ် ကိုယ်ကတော့ ရှုံးရှုံး နိုင်နိုင် အောင်ပွဲခံတာပါပဲ။ ရွာထဲကို ကိုယ်ပြန်လာတော့ မကျင်မြယောက်ျား ဦးဝက်ကြီးက သူ့အိမ်ရှေ့ ကွပ်ပြစ်ပေါ်ကနေ လှမ်းခေါ်တယ်။ ဆရာလေး ၀င်ပါအုန်း။ ကိုယ်ဝင်သွားတော့ ခွက်တခွက် လှမ်းကမ်းတယ်။ အမောပြေလေး......။ က
ွပ်ပြစ်ပေါ်မှာ ဘာအိုးမှ မတွေ့လို့ ကိုယ်က တခွက်ထဲလား သဘောမျိုးနဲ့ လှမ်းကြည့်တာကို သူက အထာပေါက်တယ်။ လူမြင်မကောင်းလို့ တင်မထားတာဆိုပြီး အိမ်ဘေးက အိုးကို လိုက်ပြတယ်။ ငါးဆယ်ဝင် ရေချိုးတဲ့ စဥ့်အိုးနဲ့ ထန်းရည်အပြည့်။

ကိုယ့်ကို မြင်တော့ အိမ်နီးနားချင်း ကိုယ့်ကိုခင်တဲ့ ဦးဝက်ကြီးမိတ်ဆွေတွေ အလျှိုလျှို ရောက်လာကြ တယ်။ တချို့လည်း ပန်းကန်ပြားလေးထဲ သရက်ချဉ်သုတ်လေး၊ ပဲခြမ်းကြော်သုတ်လေးတွေနဲ့။ သူတို့ ဆရာလေး ကျနော့်အတွက် ရှုံးပွဲခံ ဟာသ လာလုပ်ကြတာ။ မချစ်မေက လာဝင်နှောက်သေးတယ်။
တို့ဆရာနဲ့ ထိပြီး ၀င်သွားတဲ့ တဂိုးပဲ။ တို့ဆရာလည်း နောက်ထပ် ဘောလုံးနဲ့ ခြေထောက်နဲ့ မထိတော့ဘူး။ တကွင်းလုံး ဟိုပြေး ဒီပြေး လျှောက်ပြေးနေတာ သနားတောင် သနားလာတာတဲ့။ သူပြောတာ ဟုတ်မှာ....။

ဦးဝက်ကြီး နွားစာ
စင်းတာ ကိုယ်စမ်းကြည့်မယ်ဆိုပြီး ၀င်စမ်းဖူးတယ်။ မချစ်မေ လာအော်လို့ သူတို့ ကိုယ့်ကို ပေးမလုပ်တော့ဘူး။ လက်ပြတ်သွားမှာတဲ့။ သူ့ဟာက ခြေထောက်ကနင်း၊ လက်က ကောက်ရိုးကို ထိုးထည့်ရတာ။ လက်မှန်းမတည့်ရင် သူက ကြီးလိုက်သေးလိုက်ဖြစ်မှာ ဆိုတော့ ကိုယ်ကဂရုစိုက်နေရင်း ခြေကအနင်း လက်ကအရုပ်၊ ချိန်သားမကိုက်ရင် လက်ပါသွားမှာ။

တခါလည်း ဦးဝက်ကြီး ကောက်ရိုးသွားတိုက်တာ ကိုယ်လိုက်သွားတယ်။ အပြန်တော့ ကိုယ်မောင်းမယ် ဆိုပြီး လှည်းကို မောင်းချလာတာ။ ရွာမရောက်ခင် လမ်းကျယ်ကျယ်ဆိုတော့ ဘာမှမဖြစ်ဘူး။ ရွာထဲဝင်လို့ ရွာလယ်လမ်းက မောင်းချလာတော့မှ ဟိုခြံတိုင် ၀င်ချိတ်၊ ဒီခြံတိုင် ၀င်ငြိနဲ့ မြို့ပေါ်မှာဆို မော်တော်ပီကယ်နဲ့ ပြဿနာတက်မှာ။ တောမှာကတော့ ကိုယ်ကငြိလိုက် ဦးဝက်ကြီးက ဆင်းဖယ်လိုက်နဲ့။ အိမ်ရောက်လာတယ်။

ရွာမှာ ကိုယ့်ဘော်ဒါ၊ ကိုယ့်စာသင်သားတွေက မပေါရီ၊ မိရွှေ။ သူတို့က ကိုယ်နဲ့ သက်တူ ရွယ်တူ။ မချစ်မေ....၊ သူ့သား မောင်တင်အောင်က ကိုယ်နဲ့ ရွယ်တူ။ ဦးဝက်ကြီး မကျင်မြတို့ လင်မယား၊ ကြီးတော် ဒေါ်မြဟန်... ၊ ဒေါ်စောရွှေ..... ကျန်တာတွေတော့ မေ့ကုန်ပြီ။

မောင်အေးခိုင်။
၃ ရက်၊ အောက်တိုဘာ၊ ၂၀၁၀ခုနှစ်။

1 comment:

Anonymous said...

ကိုအေးဝင်းရေ
ခင်ဗျားရေးတဲ့ တမ်းတလို့ လွမ်းရပါတယ် လေးကိုဖတ်ရတော့ ဘာပဲပြောပြော ဟိုခေတ်ဟိုအခါက “အ”သုံးလုံးတို့ လုပ်အားပေးတို့ကို သတိရတယ်၊ခေတ်ကတော့ တပါတီစနစ်ပေါ့ဗျာ၊ ဒါပေမယ့် လူတွေရဲ့ကောင်းတဲ့စရိုက်လက္ခဏာလေးတွေ ကိုပြနေတယ်၊ကျနော်တို့ငယ်ငယ်က ရွှေသွေးတွေ တေဇတွေမှာလည်း ဦးဘကြည်တို့နဲ့ တခြားကာတွန်းဆရာတွေရဲ့ လုပ်အားပေး ကာတွန်းလေး တွေကို သတိရတယ်၊ ဆက်ရေးပါ။ စောင့်ဖတ်နေပါတယ်၊ တခါတလေတော့ အညာအကြောင်းလေးတွေပါရင် ပြန်ချင်လိုက်တာ