Monday, September 1, 2008

ဆရာစံနဲ့အိုင်စီအက်စ်နှစ်ဦးအမြင်
ရေးသူ- ဇော်ဝင်းကို

၁၉၃၀ပြည့်နှစ်မှာ ဆရာစံ တောင်သူလယ်သမားအရေးတော်ပုံကြီး ဖြစ်ပွါးပေါ်ပေါက်ခဲ့ တယ်။ ဒီအရေးတော်ပုံကြီးဟာ ဒီကနေ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအတွက် ဂုဏ်ယူဖွယ်၊ အားတက်ဖွယ် သမိုင်းဝင် တော်လှန်ရေးကြီးတခုအဖြစ် အငြင်းပွါးသူမရှိလောက် အောင် သတ်မှတ်ခံနေရပါပြီ။ ဒါပေမယ့် အဲဒီအရေးတော်ပုံကြီး ဖြစ်ပွါးနေဆဲနဲ့ ဖြစ်ပွါးပြီးနောက် နှစ်အနည်းငယ် အတွင်းကာလတုန်းကတော့ ဒီအရေးတော်ပုံကြီးကို ထောက်ခံသူ၊ အားပေးသူ၊ ဂုဏ်ပြုသူတွေသာမက၊ ကန့်ကွက်သူ၊ ရှုတ်ချသူ၊ ဝေဖန်သူ အမျိုးမျိုး ရှိခဲ့ကြတာပေါ့။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကတော့-
"ရဂုံ စံချစ်စရာတပည့်တွေမှာဖြင့်၊ ဥုံအရဟံ သစ္စာကတိတွေနှင့်၊ ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့"
လို့ အညွတ်အနူးနဲ့ အားတက်သရော ထောက်ခံခဲ့ပါတယ်။


တခြားတဖက်စွန်းမှာ ဗြိတိသျှကိုလိုနီ သမိုင်းဆရာကြီး ဟာဗေး (G.E.Harvey) ကတော့ "Superstition pure and simple....... spread by an ex-monk who claimed magical powers" (အယူသီးမှုသက်သက်ပါ....... သူကိုယ်သူ မှော်တန်ခိုးရှိတယ်လို့ ကြေငြာ တဲ့ ဘုန်းကြီးထွက်တယောက်က စလိုက်တာ) တဲ့။
ဒီလိုအမြင်တွေကြားမှာ စိတ်ဝင်စားစရာ သုံးသပ်ချက်တခုကို တင်ပြပါရစေ။ စိတ်ဝင်စားဖို့ ကောင်းတာက အဲဒီသုံးသပ်ချက်တွေကို ပြုစုခဲ့သူတွေဟာ အဲဒီအချိန်တုန်းက ဗြိတိသျှအစိုးရရဲ့ ထိပ်တန်းအရာရှိကြီးတွေလို့ သတ်မှတ်ထားခဲ့ရတဲ့ အိုင်စီအက်စ် (I.C.S) (Indian Civil Service) အရာရှိကြီးတွေ ဖြစ်လို့ပါပဲ။ ဒါတွင်မက သူတို့သုံးသပ်ချက်ရေးတဲ့ အချိန်ဟာလည်း ဆရာစံတောင်သူလယ်သမားအရေးတော်ပုံ ဖြစ်ဆဲနဲ့ဖြစ်ပြီးစ အချိန်တွေ ဖြစ်နေလို့ပါပဲ။
ပထမအမြင်က ဒီလိုပါ.................
သက္ကရာဇ် ၁၂၉၂ ခုနှစ်တုန်းက မြန်မာပြည်တွင် သူပုန်ခပ်ပြင်းပြင်းကလေး ထလိုက်၏။ ဆရာစံက ဥက္ကဌကြီး ဖြစ်လေသည်။ ဂဠုန်(က)၊ ဂဠုန်(ခ) တွေနှင့် နိုင်ငံဆူအောင် လုပ်လိုက်ပေ၏။ ဆရာစံကား ရှင်ဘုရင်ဖြစ်ချင်သူ တယောက်တည်း။ အလံတောင်တွင် နန်းတော်တွေဆောက်၊ စည်တော်တွေယွန်း၊ ဘိသိက်တွေသွန်းနှင့်နေ၏။
နောက်လိုက်ငယ်သားတို့အား ပီးဆေးတွေ ထိုးပေး၏။ ဂဠုန်ဆေးတွေကို ထိုးစေ၏။ ခမျာ တောသူတောင်သားတို့မှာ အဟုတ်ထင်မှတ်ပြီးလျင် အစိုးရကို ခုခံတိုက်ခိုက်ကြ လေသည်။
အစိုးရလည်း မနေနိုင် လှုပ်ရရှာ၏။ စစ်တပ်တွေနှင့် နှိမ်နင်းရ၏။ အကြင်ဂဠုန် ဆေးဆရာတွေ၊ လက်ဖွဲ့ဆရာတွေ၊ ထုံးမန်းဆရာတွေမှာ စက်အမြောက်၏ရှေ့တွင် ကားခနဲ ကားခနဲ နေကြရလေတော့သည်။ သြော်- ဆရာစံ သူ့ပယောဂတွေပေါ့။
များမကြာမီပင် အကြင်ဆရာစံသည် စက်တိုင်ထက်တွင် အသက်ကုန်ရရှာ၏။ အချို့က ဆရာစံ နတ်ပြည်ရောက်သည်ဟု အယူရှိကြ၏။ (သူပုန်တွေ) အချို့က ဆရာစံ အ၀ီစိရောက်ဟု အယူရှိကြ၏။ (သူပုန်ရန်သူတွေ)
နတ်ပြည်ရောက်လျှင် နတ်သားတွေကို သူပုန်ထရန် ခေါင်းဆောင်မည်ဖြစ်သောကြောင့် သိကြားမင်း အလုပ်များတော့မည်။ အ၀ီစိရောက်မည်ဆိုလျင်လည်း ငရဲသားတို့အား သူပုန်ထ ရန် ခေါင်းဆောင်မည် ဖြစ်သောကြောင့် ယမမင်း အလုပ်များတော့မည်။ ရောက်သည့်နေရာမှာ သူပုန်ထမည့် ဆရာစံ။
ဆရာစံ ဘ၀ပြောင်းပြီးနောက် သူပုန်သစ်ပင်ကြီး လဲတော့သည်။ သို့သော် သူပုန်အငွေ့ ကား ကျန်သေး၏။ တော်တော့ အငွေ့ မဟုတ်။ အင်မတန် အငွေ့ ဖြစ်လေသည်။
ဆရာစံ တပည့်တို့သည် သူပုန်ဘ၀မှ ဓားပြဘ၀သို့ ပြောင်းကြကုန်၏။ သူပုန်ဗိုလ်ဘ၀မှ ဓားပြဗိုလ်ဘ၀သို့ ကူးပြောင်းကြခြင်း ဖြစ်လေသည်။ ဇော်ဂျီများလို သူပုန်ထရာနယ်များ၊ ၎င်းနယ်များနှင့် နီးစပ်သောနယ်များတွင် ဓားပြတွေ ဓားပြဗိုလ်တွေ ထ၍ နေကြပြီ။ ရွာသူ ရွာသားတို့ မီးအိုးကြီးများကို ရွက်ထားရဘိသို့။ ညလည်း တထင့်ထင့်၊ နေ့လည်း တထင့်ထင့်၊ နေ့သေမလား၊ ညသေမလား၊ လူကြီးများကား ဆိုစရာမရှိ၊ ကိုယ့်အိမ်တွင် ကိုယ်မအိပ်ဝံ့။ လည်ပင်းတယားယားနှင့် နေကြရလေတော့သည်။ မိမိတို့၏ ကိုယ်နှင့်ဦးခေါင်း ဘယ်အခါ အိုးစားကွဲမည်လဲ ဟူသော ကမ္မဌာန်းကို စီးဖြန်းလျက် နေကြကုန်၏။ သြော်- ခေတ်ဆိုး....ခေတ်ဆိုး...။
ဒီရေးသားချက်မှာ ဆရာစံ သူပုန်ထရတဲ့အကြောင်းဟာ သူ ရှင်ဘုရင်ဖြစ်ချင်လို့ဆိုတဲ့ ကောက်ချက်မျိုး ပေးထားတယ်။ ပြီးတော့ နန်းတော်ဆောက်၊ ဘိသိက်သွန်း ပီးဆေးထိုး ဂဠုန်ဆေးထိုး စတဲ့ အယူသည်းအလုပ်တွေ လုပ်ပြီး နောက်လိုက်ငယ်သားကို စည်းရုံးတဲ့ အကြောင်း၊ ဂဠုန်တပ်သားတွေ စက်အမြောက်ရှေ့မှာ အစုလိုက် အပြုံလိုက် ကျဆုံးရတဲ့ အကြောင်းတွေကို သရော်တော်တော် လေသံနဲ့ လှောင်ထားသေးတယ်။ သူပုန် ကြောင့် ရွာသားပြည်သူတွေ ဒုက္ခရောက်တဲ့အကြောင်းလည်း မီးမောင်းထိုးပြထားပါတယ်။ ဆရာစံ သူပုန်နဲ့ မြန်မာပြည်သူတွေကို သွေးခွဲထားပါတယ်။ ဆရာစံသူပုန်ကြောင့် ဒုက္ခရောက် ခဲ့ရတာဟာ လက်တဆုပ်စာ ဗြိတိသျှအလိုတော်ရိတွေသာ ဖြစ်ကြောင်းသိကြပြီးတဲ့ ဒီကနေ့မှာ တော့ ဒီရေးသားချက်ကို အဲဒီအချိန်က အုပ်စိုးသူ နယ်ချဲ့ ဗြိတိသျှအစိုးရအတွက် ဘက်လိုက် ဖော်ပြချက်လို့ ရှင်းရှင်းလင်းလင်း သိမြင်ကြပါရဲ့။ ဒါပေမဲ့ အဲဒီအချိန်ကတော့ ဟာသလိုလို ရိသလိုလို ထေ့သလိုလိုနဲ့ လူထုမျက်စိထဲ သဲနဲ့ပက်လိုက်တဲ့ အရေးအသားပါပဲ။
ဒုတိယအမြင်ကတော့ အထက်က အမြင်နဲ့ အင်မတန်ခြားနားပါတယ်။ ဒီလို...........
ဤသူပုန်မှုမှာ လယ်သမားဆင်းရဲသားများ၏ သူပုန်မှုမျှသာ ဖြစ်သော်လည်း စီးပွါးရေး မဟုတ်ပေ။ တိုင်းရေးပြည်ရေး သူပုန်မှု ဖြစ်လေသည်။
ဆင်းရဲသားများ ပုန်ကန်ကြသည်။ အဘယ်ကြောင့်နည်း။ လူမျိုးခြားအစိုးရကို မကြိုက် မနှစ်သက်ကြောင်းကို အင်္ဂလိပ်အစိုးရကို မလိုလားပေ။
နှိပ်စက်ညှင်းပန်းသလော၊ မတရားပြုမူခြင်းကြောင့်လော မဟုတ်ပေ။ အင်္ဂလိပ်တို့၏ စနစ်သည် မြန်မာကို မငဲ့၊ အင်္ဂလိပ်ကိုသာ လုံးဝငဲ့သောကြောင့် ဖြစ်လေသည်။ ခေတ်ပညာ တတ်လူများကား မိမိတို့သည် သက္ကရာဇ်အနှစ် ၂၀၀၀ တွင်းတွင် ပေါက်ဖွားလာသူများ ဖြစ်သဖြင့် သူပုန်ထနည်းဖြင့် မရကြောင်းကို သိကြ၏။ ထို့ကြောင့် ပါလီမန်မှနေ၍ လွတ်လပ်ရေးကို တောင်းဆိုကြ၏။ တောင်သူလယ်သမား ဆင်းရဲသားများမှာကား ၎င်းတို့ သင်ကြားခဲ့ရသော ပညာရေးမှာ စာရေးစာဖတ် ဂဏန်းတွက်မျှသာဖြစ်၍ ခေတ်နှင့်လျော် အောင် မည်သို့ နေထိုင်ရမည်ကို မသိရှာကြသဖြင့် ဤပုန်ကန်ခြင်းဖြင့် ပြုကြခြင်း ဖြစ်လေ သည်။ သူတို့ စွမ်းအားရှိ သလောက်ကိုပင် ပြကြရရှာတော့သည်။
သူတို့၌ လက်နက်မရှိကြချေ။ ဓါးများနှင့် ပြည်တော်ဖြစ် သေနတ်အချို့သာ ရှိကြ၏။ သို့သော် လက်နက်ကား အရေးမကြီး။ အချိန်အခါသာ အရေးကြီးသည်။ ဗေဒင်ကိန်းခန်းအလို အားဖြင့် ယခုအချိန်သည် အင်္ဂလိပ်တို့ လက်မှ လွတ်ခွင့်လွတ်ထိုက်သော အချိန်ဖြစ်သည်။ အင်္ဂလိပ်အုပ်စိုးခြင်း ကုန်ဆုံး၍ မြန်မာတို့ ပြန်လည်စိုးစံရတော့မည် အချိန်ရောက်ပေပြီ။ သို့ဖြစ်၍ သူပုန်ထကာ မအောင်နိုင်စရာ မရှိ။
အောင်ကိန်းကြုံလျက်ရှိလေပြီ။
ဓါးနှင့်လူသည် သေနတ်နှင့်လူကို နိုင်နိုင်စရာ အကြောင်းမရှိ။ ဓါးကို အသုံးမချမီ သေနတ်က ကိစ္စပြီးအောင် စီမံနိုင်သည်ဖြစ်၍ သူတို့အကြံ မဟုတ်နိုင်သေးဟု တွေးတောဖွယ် ရှိ၏။ ထကြွမှုသည် အောင်မည်စစ်စစ်ဖြစ်ရကား သို့လော သို့လော တွေးတောဖွယ်မရှိ။ ထိုအခက်အခဲကို တနည်းနည်းဖြင့် အောင်မြင်ရန် အကြောင်းရှိသည်။
နည်းလမ်းကား အရှေ့နိုင်ငံများတွင် စိတ်ကို အလုပ်ပေးခြင်း အလုပ်လုပ်ခြင်း၌ များစွာ လေ့လာကြသည်။ သူတော်ကောင်း ကမ္မဌာန်းဆရာတို့သည် သမာဓိအောင်လျင် လူတဦး တယောက်ကို မဖျားမနာအောင် တတ်နိုင်သည်။ ထိုမျှမကသေး။ မသေအောင်ပင် တတ်နိုင်သည်။ သို့သော် ထိုကိစ္စမျိုး ပြီးနိုင်ရကား ဇော်ဂျီပထမံတို့ ထားခဲ့သော နည်းလမ်းဆေးဝါးများဖြင့် ပြီးနိုင်သည်။ ည ၁၁ နာရီမိနစ် ၅၀ တွင် ဂဠုန်ရာဇာကိုယ်တိုင် ထိုဆေးမျိုး တခွက်ကို သောက်၏။ ထို့နောက် ကိုယ်ကို ဆေးထိုး၏။ ( ) ဆိုတဲ့ အက္ခရာ တမျိုးတမည်ကို ကိုယ်တွင်ထိုးနှံသော် ထိုသူသည် အစွမ်းကောင်းလက်နက် အမျိုးမျိုးကို ပြီးစေနိုင်သည်။ အခြား လက်ဖွဲ့ မန္တရား၊ ထုံးမန်း၊ အင်းအိုင် စသည်တို့လည်း ရှိပေသေးသည်။ ဆေးဝါးများ၏ အကျိုးကား သေနတ်ပြီးချင်သည့် အဓိကရည်ရွယ်ချက် ဖြစ်လေသည်။
ဒီရေးသားချက်မှတော့ ဆရာစံ တောင်သူလယ်သမားအရေးတော်ပုံကြီး ဘာကြောင့် ဖြစ်ရတယ်ဆိုတာနဲ့ ပတ်သက်လို့ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်ဖြစ်ပါတယ်။ တောင်သူလယ်သမားတွေ ဘာကြောင့် လက်နက်စွဲကိုင်ရသလဲ ဆိုတာကိုလဲ (ကျွန်တော်တို့ တတွေ အခုမြင်နဲ့ လက်ခံသည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ) သင့်တင့်တဲ့ အကြောင်းပြ ချက်ကို ပေးထားတယ်။ ဒါတွင်မက အင်္ဂလိပ်တွေရဲ့ စက်အမြောက်တွေကို မြန်မာ တောင်သူ လယ်သမားတွေက ဓါးတွေ လှံတွေနဲ့ ဘာကြောင့်ဆန့်ကျင်ခဲ့ကြတယ်ဆိုတာကို ရှင်းပြသလို၊ အဲဒီလို အားမတန် အင်မမျှ ရင်ဆိုင်ခဲ့ရလို့ အင်းအိုင်ခလှဲ့ လက်ဖွဲ့ မန္တယားတွေကို စိတ်ပိုင်းဆိုင်ရာအနေနဲ့ အားကိုးအားထား ပြုခဲ့ရတာဖြစ်ကြောင်းလည်း ဆင်ခြင်ပေးထားပါ တယ်။
အင်မတန်ကွာခြားတဲ့၊ မီးနဲ့ ရေလို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ ရေးသားချက်နှစ်ခုပါ။ ပထမ ရေးသားချက်က ဒီနေ့အမြင်နဲ့ သုံးသပ်ရင်တော့ သမိုင်းမှာ ဂုဏ်ရောင်ပြောင်တဲ့ တောင်သူလယ်သမားလှုပ်ရှားမှုကြီးကို ပုံပျက်ပန်းပျက်ဖြစ်အောင် သရော်ရှုတ်ချထားတဲ့ နယ်ချဲ့ အလိုတော်ရိတွေရဲ့ လက်ရာမျိုးပေါ့။ ဒုတိယ လက်ရာကတော့ တော်လှန်ရေးတခုအပေါ်မှာ လက်တွေ့ဝင်ရောက်ဆင်နွှဲပြီး ကိုယ်တိုင်ဆောင်ရွက်သူ တော်လှန်ရေးသမား မဟုတ်ရင်တောင် စာနာထောက်ခံမှုရှိတဲ့ သမာသမတ်ကျသူ ဘက်တော်သားတယောက်ရဲ့ လက်ရာမျိုးလို့ သုံးသပ်နိုင်ပါတယ်။ အရေးအသားနှစ်ခုကို ယှဉ်ဖတ်လိုက်ရင် လူနှစ်ယောက် မျက်နှာချင်းဆိုင် ပြီး ဆရာစံအရေးတော်ပုံအကြောင်းကို ပြောနေကြ၊ တယောက်က ဆရာစံအရေးတော်ပုံကို ဝေဖန်တိုက်ခိုက်လို့ ကျန်တယောက်က အဲဒီအရေးတော်ပုံဘက်က ရပ်တည်ရှင်းပြနေတာနဲ့ တောင် တူနေပါသေးရဲ့။
လောကရဲ့ ကမောက်ကမဖြစ်မှုလို့ ပြောရမလား၊ ကံတရားရဲ့ သရော်ချက်လို့ ပြောရ မလား၊ မဆိုတတ်တော့ပါဘူး။ ဖြစ်ရလေတာက ဒီလက်ရာနှစ်ခုမှာ ပထမ (အဆိုးမြင်) လက်ရာဟာ မြန်မာလူမျိုး စစ်စစ်တယောက်ရဲ့ လက်ရာဖြစ်ပြီး၊ ဒုတိယ (အကောင်းမြင်) လက်ရာကတော့ မျက်နှာဖြူရင့်မကြီးတယောက်ရဲ့ လက်ရာ ဖြစ်နေတာပါပဲ။
ပထမစာသားတွေက အရေးပိုင်ဦးစိန်တင် "သိပ္ပံမောင်ဝ" ဆိုတဲ့ ကလောင်အမည်နဲ့ ရေးခဲ့တဲ့ "သူပုန်အငွေ့" ဆိုတဲ့ဆောင်းပါး (နောက်ပိုင်းမှာတော့ ခေတ်စမ်းလေ့လာရေး သုတေသီတွေက ၀တ္ထုဆောင်းပါးလို့ အမျိုးအစားသတ်မှတ်ကြတယ်) ထဲကပါ။ ဒုတိယ စာသားတွေကတော့ အရေးပိုင် မောရစ်ကော်လစ် (Maurice Collis) ရေးတဲ့ (Trials in Burma) ( 'မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ' အမည်နဲ့ လူထုဒေါ်အမာ မြန်မာပြန်) ထဲက ဖြစ်ပါတယ်။

(၂)

ခုလိုယှဉ်ပြလိုက်တာဟာ သိပ္ပံမောင်ဝကို တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ မြန်မာစာပေကို ကြီးမားတဲ့ အတိုင်းအတာနဲ့ အကျိုးပြုခဲ့တဲ့ စာရေးဆရာကြီးတယောက်အနေနဲ့ သိပ္ပံမောင်ဝကို ကျွန်တော် အသိအမှတ်ပြုပြီးသားပါ။ ကျွန်တော်ကြိုးစားကြည့်ချင်တာက ဗြိတိသျှပဋိညာဉ်ခံ အရာရှိကြီးနှစ်ယောက်ဖြစ်တဲ့ ဒီစာရေးဆရာကြီး နှစ်ယောက်ဟာ ဗြိတိသျှဆန့်ကျင်ရေး လှုပ်ရှားမှုကြီးတခုအပေါ်မှာ ဘာကြောင့် မတူကွဲပြားတဲ့ သဘောထားအမြင်တွေ ရှိထားရသလဲ။ ဒီလိုကွဲပြားရာမှာလဲ အံ့သြစရာ ရပ်တည်ချက် ပြောင်းပြန်သဘောထားတွေ ဘာလို့ ဖြစ်ခဲ့ရသလဲ အကြောင်းရင်းတွေကို တတ်နိုင်သလောက် စဉ်းစားကြည့်ချင်ပါတယ်
ကျွန်တော် စဉ်းစားမိသမျှတော့............

၁။ အိုင်စီအက်စ်ဆိုတဲ့ ဖြစ်တည်မှုအပေါ်မှာ သဘောထားချင်း ကွဲပြားမှုရှိလိမ့်မယ်။
အိုင်စီအက်စ် (I.C.S) ဆိုတာ Indian Civil Service (အိန္ဒိယမြို့ပြအုပ်ချုပ်ရေးဝန်ထမ်း) ရဲ့ အတိုကောက် စာလုံးပါ။ အင်္ဂလိပ်တွေ အာရှမှာ စတင်နယ်ချဲ့တော့ ကိုလိုနီတွေရဲ့ အုပ်ချုပ်ရေးကိုတာဝန်ယူမဲ့ ၀န်ထမ်းတွေ လိုလာတယ်။ ပထမကတော့ ဒီ ကိုလိုနီအုပ်ချုပ်ရေး (အထူးသဖြင့် အိန္ဒိယအုပ်ချုပ်ရေး) လုပ်ငန်းကို ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ (British East India Company) က တာဝန်ယူတယ်။ ၀ိတိုရိယဘုရင်မကြီးလက်ထက် အိန္ဒိယစစ်ဘာရီ ပုန်ကန်မှုကြီး (Indian Mutiny) ဖြစ်ပွါးပြီးနောက်မှ အိန္ဒိယကို ဗြိတိသျှအစိုးရက အပြီးအပြတ် လွှဲယူလိုက်တာပါ။ ဒီအခါ အစိုးရက ၀န်ထမ်းအဖွဲ့ (Service) တွေ ခွဲခန့်အုပ်ချုပ်ပါတယ်။ မြို့ပြအုပ်ချုပ်ရေးမှာ (Indian Civil Service) (I.C.S) ၊ သစ်တောဘက်မှာ (Indian Forest Service) (I.F.C) စသဖြင့်ပေါ့။ ဒီအထဲမှာ အရေးပါဆုံးက မြို့ပြဆိုင်ရာဝန်ထမ်း အိုင်စီအက်စ် တွေပေါ့။ အဲဒီပုဂ္ဂိုလ်တွေဟာ ဆားဗစ်ထဲရောက်ပြီဆိုရင် ဘုရင့်အစိုးရနဲ့ ပဋိညာဉ်စာချုပ် ချုပ်ကြရတယ်။ ဒါကြောင့်လဲ သူတို့ကို 'ပဋိညာဉ်ခံဝန်ထမ်း' လို့ ခေါ်ကြတာပေါ့။ အဲဒီ ပဋိညာဉ်မှာ ၀န်ထမ်းတွေဘက်က အလုပ်ကို ကျေပွန်အောင် လုပ်မယ့်အကြောင်း၊ သစ္စာစောင့်သိမဲ့အကြောင်း၊ အစိုးရလျှို့ဝှက်ချက်များကို မပေါက်ကြားအောင် စောင့်ထိန်းမယ့် အကြောင်းတွေပါတယ်။ အစိုးရဘက်ကတော့ အဲဒီဝန်ထမ်းကို သူ့တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်သမျှ အကြောင်းမဲ့ အလုပ်က ထုတ်မပစ်ဖို့၊ စုံစမ်းစစ်ဆေးမှုမရှိပဲ အပြစ်ပေးထုတ် ပစ်တာ မလုပ်ဖို့၊ တာဝန်ကျေပွန်စွာနဲ့ သက်တမ်းပြည့် အမှုထမ်းပြီးရင် အငြိမ်းစားလစာပေးဖို့ စတာတွေကို တာဝန်ယူ ကတိပြုထားတယ်။
အစပိုင်းမှာတော့ အင်္ဂလန်နိုင်ငံက လူတွေပဲ အမှုထမ်းကြတာပေါ့။ သူတို့အတွက်တော့ အိန္ဒိယဆိုတာ ရပ်ဝေးမြေခြား တောခေါင်ခေါင် အရပ်မျိုးဖြစ်မှာပါ။ ဒီတော့ အိန္ဒိယမြို့ပြအုပ်ချုပ် ရေးဝန်ထမ်းတွေအနေနဲ့ သွားရောက်အမှုထမ်းသူတွေဟာ အင်္ဂလန်နိုင်ငံမှာ အောင်မြင်ကျော် ကြားနိုင်တဲ့ အလားအလားရှိသူ အေလိတ်(Elite) တွေတော့ ဖြစ်နိုင်မယ် မထင်ဘူး။ တရွာမပြောင်း သူကောင်းမဖြစ် ဆိုတဲ့ထုံးကို နှလုံးမူရသူတွေသာ များပါလိမ့်မယ်။ ဝေးလံ ခေါင်းပါးဒေသကို စွန့်စားသွားလာပြီး အခွင့်အလမ်းရှာလိုသူတွေ၊ လက်ရှိနေထိုင်တဲ့ လူ့အဖွဲ့ အစည်းနဲ့ အံမ၀င်ခွင် မကျသူတွေ၊ အလားအလာရှိတဲ့ လုပ်ငန်းသစ်မျိုးကိုမှ ကြိုးစားကြည့်လို သူတွေ.... ဒီလိုလူမျိုးတွေနဲ့ ဒီဆားဗစ်ကြီးစခဲ့ရာမှ သဘာဝပါပဲ။
နောက်ဆုံးမှာတော့ 'လုပ်ငန်း' တခုအနေနဲ့ တည်တံ့လာလိမ့်မယ်။ ဒီအခါ နိုင်ငံရပ်ခြား က မဖွံ့ဖြိုးသေးတဲ့ လူမျိုးတွေကို စီမံခန့်ခွဲပေးရတာ စိတ်ဝင်စားသူတွေ၊ လူမှုပြုပြင်ရေးသမား တွေလဲ ပါလာနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်သူတို့ (အင်္ဂလန်နိုင်ငံသားတွေ) အတွက်ကတော့ 'အိုင်စီအက်စ်' ဆိုတာ ၀န်ထမ်းအလုပ်တခုထက် မပိုနိုင်ပါဘူး။ ဒီတော့ အိုင်စီအက်စ်များနဲ့ ဗြိတိသျှတော်ဝင် အစိုးရကြား ချုပ်ဆိုရတဲ့ 'ပဋိညာဉ်စာချုပ်' ဆိုတာကလဲ သူတို့အတွက်တော့ အလုပ်ရှင်နဲ့အလုပ်သမား ၀န်ထမ်းအကြားက စာချုပ်တခုထက် မပိုလောက်ပါဘူး။ လုပ်ငန်းခွင် စည်းကမ်းများကို လိုက်နာဖို့ အလုပ်သမားဘက်က ကတိပြုပြီး၊ အလုပ်ရှင်ဘက်ကလဲ ထိုက်သင့်သလို တာဝန်ယူမှုပေးတဲ့ ကတိပဋိညာဉ်စာချုပ်ပါပဲ။
နောက်ပိုင်းမှာ ဗြိတိသျှအစိုးရဟာ ဒေသခံတိုင်းရင်းသားတွေထဲက လက်သင့်ရာ လူတွေကို သူတို့ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ အသုံးချလာကြပါတယ်။ ကိုလိုနီ ဒေသခံ တိုင်းရင်းသားတွေထဲက သူတို့နဲ့ အလျဉ်းသင့်နိုင်မဲ့ လူတွေကို အခွင့်အရေးပေးပြီး တိုင်းရင်းသားအချင်းချင်း ပြန်လည်အုပ်ချုပ်စေခြင်းက ပိုသင့်လျော်ဆိုတာကို အတွေ့အကြုံ များအရ သိလာကြတယ်။
ဒါတောင် အစပိုင်းမှာ ကိုလိုနီ အရှင်သခင်တွေဟာ ခိုင်းကောင်းရုံ အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့် ပေးခဲ့တာပါ။ သူတို့ရဲ့အောက် အတော်ဝေးဝေးမှာပဲ ဒီဝန်ထမ်းတွေကို ထားခဲ့ကြတာ ပေါ့။ အိန္ဒိယမှာဆိုရင် (ပထမကမ္ဘာစစ်ကာလမှာ မြန်မာများလဲ ၀င်ရောက်အမှု ထမ်းခဲ့တဲ့) စစ်တပ်မှာ မျက်နှာဖြူအရာရှိတွေက ကက်ပတိန်၊ လက်ဖတင်နင် စတဲ့ ပုံမှန်ရာထူးနဲ့ တာဝန်ထမ်းကြပေမယ့် တိုင်းရင်းသားတွေကတော့ ဆူဘဒါ၊ ဂျမဒါ စတဲ့ (ပုံမှန်ထက် တဆင့်နိမ့်ပြီး တီထွင်ထားတဲ့) အရာရှိ ရာထူးမျိုးတွေနဲ့ အမှုထမ်းကြရတာပါ။ မြန်မာနိုင်ငံမှာလဲ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးချိန်ကစပြီး မြန်မာလူမျိုးအချို့ကို ပုလိပ် အင်စပက်တော်လို့၊ မြို့အုပ်လို ရာထူးမျိုးတွေမှာ ခန့်ထားခဲ့ပါတယ်။ ဒါပေမယ့် ဒိထက်မပို ခဲ့ပါဘူး။
နောက်ပိုင်းမှာတော့ တဆင့်တက်ပြီး တိုင်းရင်းသားထဲက ထူးချွန်သူအေလိတ်(Elite) တွေကို သူတို့ မျက်နှာဖြူတွေကိုသာ ခန့်လေ့ရှိတဲ့ ရာထူးမျိုးတွေမှာ စမ်းသပ်ခန့်ထားလာခဲ့ တယ်။ တိုင်းရင်းသားအေလိတ်တွေအတွက်လည်း ရတောင့်ရခဲ ရလိုက်တဲ့ အခွင့်အရေးကြီး ပေါ့။ အင်မတန် ကျေးဇူးတင်စရာ စောင်မကြည့်ရှုမှုကြီးပေပေါ့။ ပညာကို ထူးထူးချွန်ချွန် ကြိုးစား၊ စာမေးပွဲကို ပင်ပင်ပန်းပန်း ဖြေပြီးမှ ရလာတဲ့ အခွင့်ထူးကြီးဆိုတော့ အင်မတန်ပီတိ ဖြစ်စရာ အောင်မြင်မှုကြီးလဲ ဖြစ်ပါတယ်။
ဒါကြောင့် အိန္ဒိယနဲ့မြန်မာ အိုင်စီအက်စ်တွေအဖို့တော့ အိုင်စီအက်စ်ဆိုတာ 'မိုးကျရွှေကိုယ်' ဘ၀ပါပဲ။ အိုင်စီအက်စ်တွေနဲ့ အင်္ဂလိပ်အစိုးရအကြားက 'ပဋိညာဉ်ခံစာချုပ်' ဆိုတာကို သူတို့ အနေနဲ့ကတော့ သစ္စာတော်ခံစာတမ်းကြီးတခုလို သဘောထားကြမှာပါ။ ဆူဘတ်စ်ချန်ဒရာဘို့စ် ချွင်းချက်ပုဂ္ဂိုလ်မျိုးကလွဲရင် တိုင်းရင်းသားအိုင်စီအက်စ် ဆိုသူတွေဟာ ဘ၀အရကိုပဲ အင်္ဂလိပ်အစိုးရအပေါ် သစ္စာရှိရမယ်ဆိုတဲ့ အမြင်ကို ဗူးသွင်းသလို အသွင်းခံထား ရသူတွေ ဖြစ်ပါတယ်။

၂။ သူတို့ အသီးသီးအပေါ် အရေးတော်ပုံကြီးက ထိခတ်ခံရပုံခြင်း ကွာခြားမှုလဲ ရှိလိမ့်မယ်။
ဆရာစံအရေးတော်ပုံကြီး ပေါ်ပေါက်လာတဲ့အချိန်မှာ မောရစ်ကောလစ်ဟာ ဒီအရေး တော်ပုံကြီးကို ရင်ဆိုင်ရာ၊ နှိမ်နင်းရာ၊ နှိပ်ကွပ်ရာမှာ တိုက်ရိုက်ပတ်သက်တဲ့ အုပ်ချုပ်ရေးတို့၊ လုံခြုံရေးတို့၊ တရားစီရင်ရေးတို့ဆိုတဲ့ လုပ်ငန်းတာဝန်ပိုင်းမှာ မရှိတော့ပါဘူး။ ရန်ကုန်အရေးပိုင် ဘ၀နဲ့ ဒိစတြိတ်တရားသူကြီးတာဝန်ကို ထမ်းဆောင်ရင်း အင်္ဂလိပ်စစ်ဗိုလ်လေးတယောက်ကို ထောင်ချလိုက်မိတာကြောင့် ယစ်မျိုးမင်းကြီးအဖြစ် 'အထက်ကိုစာတင်' တာခံလိုက်ရတဲ့ အချိန်ပါ။ ဒါကြောင့် သူကြီးကအစ၊ မြို့အုပ်နယ်ပိုင်အလယ်၊ အရေးပိုင်ကော်မရှင်အဆုံး၊ အုပ်ချုပ်ရေးဘက်မှာ တာဝန်ယူရသူတွေ 'ဂဠုန်တစ္ဆေ' အခြောက်ခံနေရတဲ့အထဲမှာ သူမပါဘူး ပေါ့။ သည်တော့ ဆရာစံသူပုန်ကြောင့် သူ့အတွက် အိပ်ရေးပျက်စရာ မလိုဘူး။ ခြောက်ခြားခေါင်းခဲစရာ မရှိဘူး။ သူ့အသက်စည်းစိမ်ကိုလဲ တိုက်ရိုက်ထိခိုက်စရာ မတွေ့ရဘူး။ သူ့အတွက် ဆရာစံသူပုန်ဟာ အဝေးကနေ ခွဲခြမ်းစိတ်ဖြာလို့ အင်မတန်ကောင်းတဲ့ လှုပ်ရှားမှု ကြီးတခုပါ။ ဒါကြောင့် ဆရာစံသူပုန်ကို သူ့အနေနဲ့ စိတ်ဆိုးစရာ၊ စိတ်နာစရာ ဘာမှ မရှိပါဘူး။ သူကိုယ်တိုင်ကပဲ 'ကျွန်တော်က ယစ်မျိုးမင်းကြီးဖြစ်နေပြီ ဖြစ်သဖြင့် ဤကိစ္စသည် ကျွန်တော်နှင့် လုံးဝမသက်ဆိုင်တော့ရကား ပွဲကြည့်တယောက်အဖြစ် အေးဆေးစွာ စောင့်ကြည့်၍ နိုင်လေပြီ' လို့ ရေးခဲ့တာပဲ။ (ဒီအရေးအသားမှာ သူ့အပေါ် မကောင်းခဲ့တဲ့ 'ထိုစဉ်အခါတွင် ပြည်ပိုင်အစိုးရဖြစ်နေသော အိုင်စီအက်စ်ကြီးသုံးယောက်' မျောက်မီးခဲကိုင်မိ သလို ဖြစ်နေတာကို 'မှတ်ကရောဟ' ဆိုတဲ့စိတ်မျိုး တစုံတရာ ပါမပါတောင် ကျွန်တော် ယတိပြတ် မပြောရဲပါဘူး။)
ဒီအချိန်မှာ သိပ္ပံမောင်ဝကတော့ နယ်ပိုင်ဝန်ထောက် အိုင်စီအက်စ် ဦးစိန်တင်အဖြစ်နဲ့ ပုန်ကန်မှုရဲ့ ဂယက်ရိုက်ခတ်ရာ ဒေသတွေမှာ တာဝန်ထမ်းဆောင်နေရတာပါ။ သည်တော့ သူ့ဇာတ်ကောင်နယ်ပိုင်မောင်လူအေးဟာ ဆရာစံပုန်ကန်မှုကြီးကို ကောလစ်လို ပွဲကြည့် တယောက်အဖြစ် အေးဆေးစွာ စောင့်ကြည့်၍ မနေနိုင်မှာတော့ သေချာပါတယ်။ သူ့လက်အောက်က ကညင်ကောက် ရွာသူကြီးတောင် သူပုန်အသတ်ခံရပြီး၊ ကိုယ်တိုင်သတင်း သွားမေးခဲ့ရ၊ သူကြီးကတော် (ပဋာစာရီ) ကိုတွေ့ခဲ့ရသူ၊ သူကြီးရဲ့သား'နီတာရဲတလသားလေး' ကို မြင်ခဲ့ရတာကိုး။ သူ့နယ်ထဲက စစ်ကွင်းသူကြီး ဦးဖိုးမှီလဲ အသတ်ခံရသေးရဲ့။ သတ်တာမှ ခေါင်းဖြတ်သတ်သတဲ့။ သည်တော့ မောင်လူအေးခမျာ မနက်လင်းရင် ကိုယ့်ခေါင်းကိုယ်စမ်း ကြည့်ရမယ့် အခြေအနေမျိုးပေါ့။
သည်တော့ သိပ္ပံမောင်ဝအနေနဲ့ 'ဤသူပုန်နယ်တွေ ပတ်လည်ဝိုင်းလျက်နေသော နယ်ကို အုပ်ချုပ်ကာ နေရရှာ၏ အဘယ်မျှ စိတ်ညစ်စရာ ကောင်းပါသနည်း၊ နေ့လဲအငြိမ် မနေရ' လို့ (သူပုန်အငွေ့ဆောင်းပါးမှာလို) ညည်းမိတာ သဘာဝကျပါတယ်။
ဒါတွင်မက သူဟာ တောင်သူလယ်သမားသူပုန်တွေက 'ကုလားဖြူကျွန်တွေ' လို့ သတ်မှတ်ခံရတဲ့ အစားထဲက မဟုတ်လား။ ဒီတော့ ဆရာစံပုန်ကန်မှုကို ဆန့်ကျင်တိုက် ဖျက်ရေး၊ ဆရာစံပုန်ကန်မှုကို ချေမှုန်းရေးဟာ ဦးစိန်တင်အတွက်တော့ သူ့ရဲ့ အသက် အန္တရာယ်ကို ကာကွယ်ရေးလဲ မည်ပါတယ်။ သူ့ရဲ့ ဘ၀ရပ်တည်ရေးဆိုင်ရာ တာဝန်ကြီးလဲ မှန်ပါတယ်။
'ဟူနန်ပြည်နယ် လယ်သမားလှုပ်ရှားမှုအစီရင်ခံစာ' မှာ မော်ပြောခဲ့သလိုပါပဲ။ တော်လှန်ရေးဆိုတာ ဇာပန်းထိုးတာမဟုတ်၊ ပျော်ပွဲစားထွက်တာမဟုတ်၊ အဲဒီလို ညင်ညင် သာသာ ကြင်ကြင်နာနာ သိမ်သိမ်မွေ့မွေ့ ယဉ်ယဉ်ကျေးကျေး အေးအေးဆေးဆေး လုပ်နေနိုင်တာ မဟုတ်ပါဘူး။ ဒီလိုပဲ ဆရာစံတောင်သူလယ်သမား လှုပ်ရှားမှုကြီးဟာလဲ တော်လှန်ရေးတရပ်ဖြစ်လေတော့ ကြမ်းကြမ်းတမ်းတမ်းအဖြစ် တွေ့ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအကြမ်းပတမ်း အဖြစ်အပျက်တွေကို ဘေးက 'ပွဲကြည့်' တယောက်ရဲ့ ခံစားမှုနဲ့ ဒီအဖြစ်အပျက်တွေရဲ့ ပစ်မှတ်အဖြစ်ရောက်နေသူ တယောက်ရဲ့ ခံစားမှုဟာ တူနိုင်မယ် မဟုတ်ပါဘူး။

၃။ လူမျိုးနွယ်ကွာခြားမှုကလဲ သူတို့အသီးသီးအပေါ်မှာ သက်ရောက်မှု ရှိလိမ့်မယ်။
မောရစ်ကောလစ်က အင်္ဂလန်က လာတာဆိုပေမယ့် အိုင်းရစ်လူမျိုးလို့ သိရပါတယ်။ အိုင်းရစ်တွေဟာ သူတို့ကိုယ်သူတို့ အင်္ဂလိပ်လို့ သဘောမထားကြပါဘူး။ အထူးသဖြင့် ကောလစ်တို့မျိုးဆက်ဟာ အိစ်တာတော်လှန်ရေးကြီးက မွေးဖွားခဲ့တဲ့ ဆင်ဖိန်းမျိုးဆက် ဆိုတော့ အင်္ဂလိပ်တွေကို သူတို့အပေါ် မတရားအုပ်စိုးနေသူတွေလို့ သဘောထားမှာ သေချာပါတယ်။ တခါ မြန်မာလူမျိုးဆိုတာကလဲ (သူမြန်မာကို ဘယ်လောက်ချစ်တယ်လို့ ကျော်ကြားပေမယ့်) သူ့အတွက်တော့ တခြားလူမျိုးတမျိုးပါပဲ။ ဒါကြောင့် အင်္ဂလိပ်နဲ့ မြန်မာ တောင်သူလယ်သမားတွေရဲ့ ပဋိပက္ခမှာ သူဟာ နှစ်ဘက်စလုံးရဲ့ အားကောင်းချက်နဲ့ အားနည်းချက်တွေကို ဘက်မလိုက်ပဲ သုံးသပ်နိုင်ပါတယ်။ ဒါပေမယ့် ကောလစ်မှာလဲ အဂတိမကင်းတာလေးတွေ ရှိတယ်လို့ ကျွန်တော်တွေးမိတဲ့ အချက်တခုကို တင်ပြခွင့်ပြုပါ။
မောရစ်ကောလစ်ဟာ ဆရာစံသူပုန်တွေရဲ့ အားနည်းချွတ်ယွင်းချက်တွေကို နားလည်မှု ရှိတာတော့ မှန်ပါရဲ့၊ ဒါပေမယ့် နားလည်မှု 'လွန်' သွားသလိုတောင် ထင်ရပါတယ်။ တကယ်တော့ စက်သေနတ်နဲ့ ရန်သူကို ဓါးနဲ့ခံချတာဟာ မခံသာလွန်းလို့၊ တခြားနည်းလမ်းကို မရှိတော့လို့ (သို့မဟုတ် တခြားနည်းလမ်း ရှာမတွေ့နိုင်လောက်အောင် အခြေအနေက ဖြစ်နေလို့) ဆိုပြီး ရှေ့နေလိုက်ပေးတာက ဖြေသာပါသေးတယ်။ လယ်သမားသူပုန်တွေရဲ့ အင်းအိုင်ခလှဲ့ လက်ဖွဲ့မန္တရားတွေကို အားကိုးမှု လွန်ကဲတာကိုတော့ ထောက်ပြဝေဖန်သင့်တဲ့ ချွတ်ယွင်းချက်ပါ။ ဒါကို မှန်သယောင်ယောင် ကာကွယ်ပေးတာကတော့ ကောလစ်အနေနဲ့ တာဝန်မဲ့ရာ ကျပါတယ်။ မျက်နှာဖြူတွေအကြားမှာ 'မြန်မာချစ်သူ' အဖြစ်ထင်ရှားတဲ့ ကောလစ် ဟာ ဒီနေရာမှာတော့ ကလေးချစ်တယ်လို့ လူတွေထင်အောင် ကလေးမှားနေတာကို လစ်လျူ ရှုပြီး အလွန်အကျွံ မြှောက်ပင့်အလိုလိုက်တဲ့ အိမ်နီးချင်း 'သဘောကောင်းသူကြီး' ပုံစံပေါက် သွားပါတယ်။
ဦးစိန်တင်ကတော့ မြန်မာပါ။ မြန်မာကို သူချစ်မှာပေါ့။ ဒါပေမယ့် သူချစ်တဲ့ မြန်မာတွေ ခေတ်နောက်ကျတာတို့၊ အမြင်မကျယ်တာတို့၊ စည်းကမ်းမဲ့တာတို့ တွေ့ရင် သူက အင်မတန် ထောက်ပြ ဝေဖန်ချင်ပါတယ်။ သူရဲ့ 'မောင်သံချောင်း' ကလောင်နဲ့ 'ကြီးပွါးရေး' မှာရေးတဲ့ ပေးစာတွေမှာ ဒီအချက်ဟာ အတော်ထင်ရှားပါတယ်။ မြန်မာလူမျိုးတွေအပေါ် မြန်မာ တယောက်အနေနဲ့ စေတနာထားတာပါ။
ဒါပေမယ့် ဦးစိန်တင်ဟာ သာမန်မြန်မာလူထုနဲ့ အတော့်ကို အလှမ်းဝေးကွာတဲ့ ဘ၀အခြေအနေကို ရောက်လာတဲ့အခါမှာတော့ သူ့စေတနာတွေဟာ စေတနာလို့ မမြင် ရတော့ပဲ 'ဒီလူတွေ ငါ့လို စည်းကမ်းမရှိရ ကောင်းလား၊ ငါ့လို အမြင်မကျယ်ရ ကောင်းလား၊ ငါ့လို ခေတ်မမီရ ကောင်းလား' ဆိုပြီး အထက်စီးအနေအထားက ရှုမြင်သုံးသပ်နေသလို သူ့စာတွေမှာ တွေ့လာရပါတယ်။ 'မညှာမတာ စာနာသည်' ဆိုတဲ့ စကားလိုပေါ့။ သာမန်မြန်မာ လူထုရဲ့ အနေအထိုင်၊ အပြောအဆို၊ အတွေးအမြင်တွေမှာ ဘယ်လိုအကန့်အသတ်တွေ ကြောင့် သူဝေဖန်တဲ့ ချွတ်ယွင်းချက်တွေ ရှိရတယ်ဆိုတာ မစဉ်းစားနိုင်တော့ဘူး။ ဒါကြောင့် သိပ္ပံမောင်ဝရဲ့စာတွေမှာ 'ဂရုဏာဒေါသော' တွေဖြစ်လေ့ရှိတာပေါ့။ 'သူပုန့်အငွေ့' မှာတော့ ဂရုဏာဒေါသောတွေ လုံးဝပျောက်ပြီး 'ဒေါသော' တွေချည်း ဖြစ်သွားပါလေရော။
ဒါကြောင့်လဲ ဆရာစံ တောင်သူလယ်သမားအရေးတော်ပုံရဲ့ ချို့ယွင်းချက်ဖြစ်တဲ့ အယူသည်းအစွဲအလန်းတွေနဲ့ ပါတ်သက်လို့ ဝေဖန်ရာမှာ အိုင်စီအက်စ် ဦးစိန်တင်ရဲ့ အရေးတော်ပုံဆန့်ကျင်ရေး ရပ်တည်ချက်နဲ့ သိပ္ပံမောင်ဝရဲ့ စူးရှရှသရော်တော်တော် 'လေ' တို့ ပေါင်းလိုက်တဲ့အခါ တောင်သူလယ်သမားအရေးတော်ပုံကြီးကို စော်ကားမော်ကားအနိုင်ဆုံး တိုက်ခိုက်လိုက်တဲ့ 'သူပုန်အငွေ့' ထွက်လာပါတော့သည်။
ဒီလို တွေးကြည့်လိုက်ပြန်တော့ ဆရာစံ တောင်သူလယ်သမားအရေးတော်ပုံအပေါ် မောရစ်ကော်လစ်နဲ့သိပ္ပံမောင်ဝတို့ရဲ့ သုံးသပ်ချက် အရေးအသားတွေဟာ သူတို့နှစ်ယောက်ရဲ့ မတူကွဲပြားတဲ့ အခြေအနေတွေကနေ သဘာဝကျစွာ ပေါ်လာတာဖြစ်တယ်လို့ သုံးသပ်နိုင် ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မောရစ်ကောလစ်က 'မြန်မာပြည်တွင်စစ်ဆေးခဲ့သော အမှုအခင်း များ' ပါ အရေးအသားတွေနဲ့ ဒီကနေ့ စောဒကတက်သူ မရှိလောက်အောင် ဂုဏ်ရောင်ပြောင် တဲ့ ဆရာစံတောင်သူလယ်သမားအရေးတော်ပုံကြီးကို စာနာထောက်ခံသူအဖြစ် 'တင်' ကျန်ရစ် ခဲ့ပြီး၊ သိပံ္ပမောင်ဝကတော့ 'သူပုန့်အငွေ့' ပါအရေးအသားတွေနဲ့ ဆရာစံဆန့်ကျင်ရေးသမား ဗျူရိုကရက်ကြီးတယောက်အဖြစ် 'တွင်' ကျန်ရစ်ခဲ့ပါပြီ။

ဇော်ဝင်းကို
{ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၁၀၊ ဇန်န၀ါရီ ၂၀၀၇မှ ကူးယူဖော်ပြပါတယ်။}

1 comment:

Anonymous said...

Hi Ko Zaw Win Ko
I do admire your thoughts and your writing. Please keep going on, I bet you will be very famous writer soon.