ဘယ်သူတွေလဲ
၃ ဆောင်ကို အထူးဘ၀တုန်းမှာ အခန်းတွေနံပါတ်မှတ်တာ အပေါ်ခန်းတွေက စ,တယ်။ အပေါ် လေးခန်းကို ၁၊ ၂၊ ၃၊ ၄၊ အောက်လေးခန်းကို ၅၊ ၆ (ကိုယ်တို့အခန်း)၊ ၇၊ ၈။
(၁) နဲ့ (၂) ကို သုံးထပ်သားပြားနဲ့ အခန်းကန့်ပြီး တခန်းကို သုံးခန်း (က) (ခ) (ဂ) ပိုင်းထားတယ်။ ၁(က) က အဆောင်မှူးလှရွှေ နားနေခန်း၊ ဘိုးတော်တင်ဦး ဘုရားခန်း။ ကျန်တဲ့ အခန်းတွေမှာ အထူးထောင်ကျတွေ နေကြတယ်။
အဲဒီ အခန်းကျဉ်း(သီးသန့်ခန်း)တွေမှာ ကိုယ်မှတ်မိသလောက် ဆိုရှယ်လစ်ဝန်ကြီး ဦးကျော်ငြိမ်းသား နှစ်ယောက်- ဒေါက်တာထွန်းကျော်ငြိမ်းနဲ့ ဘိုဘိုကျော်ငြိမ်း၊ လူသတ်မှုနဲ့ ထောင်ကျတဲ့ ပထစ အမတ်ဟောင်း ဦးထွန်းမြင့်ကြူ၊ ဒေါက်တာဘမော်သမက် ရှေ့နေဦးရဲထွန်း၊ စိုးရင် (ရင်ဖွင့်သံနိဒါန်း-ခေါင်းဆောင်) (ဆေး-၁)၊ ကိုတင်မောင်ဦး (ယခု ပန်းချီဆရာ၊ မန္တလေး တင်မောင်ဦး)၊ ကိုစံမင်း (ယခု-ပန်းချီဆရာ)၊ ကိုမိုးမြင့် (မှိုင်းရာပြည့်-ဆေး-၁)၊ ကျော်ဝင်း (ရင်ဖွင့်သံနိဒါန်း- စက်မှု တက္ကသိုလ်)၊ ကိုတင်မြတ် (ရင်ဖွင့်သံနိဒါန်း-စက်မှုတက္ကသိုလ်)၊ သိန်းအောင် (ခ) ရာကျော်၊ စောအင်ဒရူး (ဦးသန့်အရေးအခင်း)၊ ကိုအောင်ကြင် (မီးမောင်း-တပ်မတော်မှတ်တမ်းရုံး)၊ ထွန်းသိန်း (ဦးသန့် အရေးအခင်း)၊ မောင်မောင်အေး (ပီဒီပီ)၊ ကိုတင်လှ (စီးပွါးရေးတက္ကသိုလ်)၊ ဒလ ဦးထွန်းစိန်။
အခန်းကျဉ်းတွေထဲက တခန်းဟာ ကျနော်နဲ့ ကိုဌေးဝင်း(ဘွန်း-ယခုဂျာမဏီ) အဆောင်ကို ရောက်လို့ တပါတ်-၁၀ရက် လောက်ပဲ ရှိဦးမယ်၊ ပြဿနာတခုဖြစ်ပြီး တခန်းလုံး တိုက်ထဲ ရောက်သွားတယ်။ အဲဒီအခန်းထဲမှာ ကျနော် မှတ်မိသလောက်- ကိုသန်းမြင့်(မောင်မောင်သာမြတ်-ကွယ်လွန်)၊ မြတ်ကိုကို (ဆဒတ်) (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ တူ)၊ ကိုငြိမ်းဝင်း (John) (အရှေ့လေ-ကဗျာစာအုပ်)၊ ထွန်းအောင်ရွှေ (စက်မှုတက္ကသိုလ်)၊ ......
အခါကြီးရက်ကြီးများ
ကျနော်တို့မှာ ပျော်စရာရွှင်စရာ အခါကြီးရက်ကြီးများရှိသလို၊ နိုင်ငံရေးအရ အထိမ်းအမှတ်နေ့ အခါကြီး ရက်ကြီးတွေလဲ ရှိတယ်။ အဲဒီလို နေ့တွေရောက်ရင်၊ အဆောင်တွေမှာ၊ တိုက်တွေမှာ ကိုယ့်အုပ်စုနဲ့ ကိုယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်၊ သင့်တော်သလို အထိမ်းအမှတ်ပွဲလေး လုပ်ကြတာပါပဲ။ နိုင်ငံရေး အထိမ်းအမှတ်နေ့တွေကို တိုးတက်တဲ့ အင်အားစုတွေနဲ့ အဲဒီအင်အားစုတွေအပေါ် တိမ်းညွှတ်တဲ့ အဖြူရောင်ကျောင်းသားတွေကသာ ကျင်းပလေ့ရှိကြတယ်။ အာဏာပိုင်တွေနဲ့ ပြဿနာ ဘာညာ မဖြစ်ချင်၊ ကင်းကင်းနေချင်တဲ့ အဖြူရောင်တွေကလဲ ဒီနိုင်ငံရေးပွဲတွေမှာ မပါတ်သက်ပေမယ့် မနှောက်ယှက်ပါဘူး။
၇ ရက် ဂျူလိုင်ဆိုရင် မနက်မှာ အင်တာနေရှင်နယ်သီချင်းဆိုမယ်၊ အလေးပြုမယ်။ ပြီးတော့ တနေ့လုံး တိတ်တိတ်ဆိတ်ဆိတ် နေကြမယ်။ ဒါပေမယ့် သင်္ကြန်ဆိုရင်တော့ ကဲကြတယ်။
အစ္စလမ်ဘာသာဝင်တွေရဲ့ အစ်နေ့ဆိုရင် အမဲသား ကောင်းကောင်းစားရတယ်။ ဒါပေမယ့် တိုက်သစ်မှာနေတုန်း လွတ်လပ်ရေးနေ့နဲ့ ကြုံတာ ဘဲဥပြုတ် တယောက်တလုံး ရတယ်။ လုံးတီးထမင်းမှာ အရည်လေးလဲ ဆမ်းစားလို့ရအောင်၊ အကြံအဖန် ချဉ်ရည်ဟင်းအဖြစ် ပြန်ချက် လိုက်ပြီး ကိုယ့်အစုနဲ့ကိုယ် လွတ်လပ်ရေး ညစာစားပွဲ ကျင်းပလိုက်ကြတယ်။ ယဉ်ကျေးမှု ကဇာတ်တွေ၊ မြန်မာ့အသံ ခေတ်ပေါ်တေးဂီတတွေ၊ အဆိုကျော်တွေတော့ မပါဘူးပေါ့လေ။ တကယ်လဲ လွတ်လပ် တာမှ မဟုတ်ပဲ။ ဘဲဥပဲ ရမှာပေါ့။
အကြံအဖန်ကုလား
အဆောင်နေတုန်း အစ္စလမ်တွေရဲ့ အစ်နေ့တနေ့မှာ အဆောင်က အစ္စလမ်ဘာသာဝင်တွေ စာရင်းပေးရင် ဒန်ပေါက်ရမယ်ဆိုလို့ ကျနော်တို့ ထမင်းစားအုပ်ထဲက ကုလားပိုလို့ခေါ်တဲ့ လှဦးကို တွန်းလွှတ်ပြီး စာရင်းသွားပေးခိုင်းတာ ဒန်ပေါက်တွေ ရလာတယ်။ တကယ်တော့ လှဦးက ကုလားမဟုတ်သလို မွတ်စလင်လဲ မဟုတ်ဘူး။ ဒိထက်ဆိုးတာက လှဦးတို့အိမ်၊ လှဦးတို့ မိသားစု စီးပွါးရေးက ဒေါပုံ ၀ါဆိုပိုင်းမှာ ၀က်ဆီဖတ် လုပ်ငန်း အကြီးအကျယ်လုပ်တယ်။ ထောင်ဝင်စာတိုင်းမှာ သူ့အိမ်က ၀က်ဆီဖတ်ကို အခန်းထဲကလူတွေ တခုတ်တရကို စောင့်စားကြရတာ။ သူ့တို့အိမ်က ၀က်ဆီဖတ်ကလဲ ရန်ကုန်မှာ ကိုယ်စားဖူးတဲ့ ၀က်ဆီဖတ်ထဲမှာ အကောင်းဆုံး။ သူ့လောက်ကောင်းတာ တခါမှ မစားဖူးဘူး။
တကယ့် မွတ်ဆလင်အစစ်ဖြစ်တဲ့ ရဲမြင့်သိန်း(ပီဒီပီ)ကို မွတ်ဆလင် မဟုတ်ဖူး၊ မယုံဘူးဆိုလို့ ဘုရားတွေဘာတွေ ရှိခိုးပြရသေးတယ်။ ရဲမြင့်သိန်းဆိုတာ ဟာဂျီမဒေါ်သိန်းတင်ရဲ့တူအရင်း။
ဝမ်းကိုက်စေတဲ့ ကိုက်လန်ရွက်
ထောင်တောင်ယာက သီးနှံတွေဟာ အရမ်းထွား၊ အရမ်းသန်တာပဲ။ သန်မှာပေါ့၊ အကျဉ်းသား တွေရဲ့ စွန့်ပစ်ပစ္စည်းကို မြေသြဇာအဖြစ်သုံးတာကိုး။ ကျနော်တို့တတွေ အသီးအနှံပေါချိန်ဆို ဟင်းရွက်ဟင်းသီးတွေ အရမ်းစားရတာ။ ဆေးလိပ်နဲ့ ၀ယ်တာလဲ ရှိတယ်။ လုံချည်ပြာတွေ ယူလာ ပေးတာလည်း ရှိတယ်။ အဆောင်မှူးလှရွှေ လက်ဆောင်ပေးတာလဲ ရှိတယ်။ စားလို့မကုန်လို့ ပိုတာတွေကို ချဉ်ဖတ်စိမ်ရတယ်။
ကိုက်လန်ရွက်တွေက အကြီးစားကြီးတွေ။ နှစ်ရွက်လောက်စပ်လိုက်ရင် အိပ်ယာခင်းတောင် လုပ်လို့ရလား မပြောတတ်ဘူး။ လှဦးအိမ်က ရတဲ့ ၀က်ဆီဖတ်နဲ့ကြော်၊ ချဉ်ရည်ဟင်းတွေချက်၊ ချဉ်ဖတ်တွေ စိမ်လိုက်ကြတာ ချီးသေးတွေ လောင်းပြီး မြေသြဇာ လုပ်ထားတဲ့အရွက်တွေက ဆေးတာ မစင်လို့ ဖြစ်မယ်။ ၀မ်းကိုက်ရောဂါပိုးတွေရပြီး ၀မ်းတွေကိုက်ကုန်ကြရော။
ကိုယ်တို့ အုပ်စုကလဲ ကိုယ်စီကိုယ်စီ အပြင်ကနေ ဆေးပေါင်းစုံ ထိုးဆေးကအစ ဆေးထိုးအပ် ကအစ သွင်းထားလို့ တော်သေးတာ။ ထောင်ကဆေးနဲ့သာဆို အကုန် ဂန့်ကုန်ပြီ။
အစွမ်းထက်တဲ့ ဂျင်းထညက်
မိုးတွင်းတခုမှာ လူတွေ အတော်များများ အအေးမိ ဖျားနာကြတယ်။ တုပ်ကွေးဖြစ်ကြတယ်။ ထောင်ဆေးရုံမှာ ဆေးမရှိဘူး။ ထောင်ဆေးရုံက ကိုဒါနင်ဆိုတာ ၀ါကျင့်ကျင့်အရောင်၊ ဆေးပြားမျက်နှာ ပြင်က ချောမွေ့မွေ့ မဟုတ်ဘူး။ ဗြုတ်ထနေတာ။ ဒီ ကိုဒါနင်တမျိုးထဲကိုပဲ ဆေးမှူးတွေ ရေလဲ သုံးတယ်။ အာဏာပိုင်တွေ ဥာဏ်တထွာတမိုက်နဲ့ ကြံဖန်ပြီး တိုက်တာ ဂျင်းထညက်ပြုတ်ရည်။
သစ်သားစည်ကြီးထဲ အငွေ့တထောင်းထောင်းနဲ့ ဂျင်းနဲ့ ထညက်ရောပြုတ်ထားတာ ထည့်ပြီး လုံချည်ပြာတွေထမ်းလာတယ်။ ဆေးမှူး ဦးမင်းစိန် (ကျနော်တို့က ကာနယ်မင်းစိန်လို့ ခေါ်တယ်) ကိုယ်တိုင် အခန်းတိုင်းမှာ လိုက်တိုက်တယ်။ တခြားအခန်းတွေတော့ မပြောတတ်ဘူး။ ကိုယ်တို့ အခန်းကတော့ သိတ်မသောက်ကြဘူး။ သူ့ဟာက အမြင်အားဖြင့်မှ မကောင်းတာ။ သစ်သားစည်က မဲညစ်ညစ်၊ ထညက်ကလဲ မဲပုတ်ပုတ်။ ထညက်ဝယ်တုန်းက ပါလာတဲ့ အင်ဖက်အစတွေ၊ နှီးကြိုး တုတ်စတွေကလဲ သင်္ဘောပျက်က အတိုအစတွေလို သစ်သားစည်ထဲ ပေါလောမျောလို့။ ကိုသိန်းလွင် (ဆေး ၂) တို့ ၀ိုင်းလောင်တာနဲ့ ကာနယ်မင်းစိန်လဲ ပြေးရော။
ကာနယ်မင်းစိန်
အထူးတွေအတွက် ဆေးမှူးတွေ ရှိတဲ့အနက် ဦးမင်းစိန်ဆိုတာ အရမ်းရီရတယ်။ အသက်ရော၊ လုပ်သက်ရော အကြီးဆုံး၊ ကျောင်းသားတွေနဲ့တော့ တရုန်းရုန်းပဲ။ သူ့ရာထူးက ဆေးမှူးဆိုတော့ ပြင်ပလောက, က ဆရာဝန်ကြီးကာနယ်မင်းစိန်နဲ့ နာမည်တူတာနဲ့ သူကို ကာနယ်မင်းစိန်လို့ နာမည်ပေးလိုက်တာ မြောက်ကြွမြောက်ကြွကို ဖြစ်လို့။
တခါတလေ သကလပ်ဦးထုတ်အပြားကလေးကို တစောင်းဆောင်းပြီး၊ နေကာမျက်မှန်နဲ့၊ သူ့လက်စွဲ နွားရိုက်ကြိမ်ကို ဂျိုင်းကြားညှပ်လို့။ ဘာယာတန်းက ၀င်လာရင်၊ ကိုသိန်းလွင်တို့က အလေးပြုဆိုပြီး အသံပေးလိုက်တယ်။ သူကလဲ အင်္ဂလိပ်စစ်ဗိုလ်တွေ တပ်စစ်ဆေးသလို ဘောက်ဆတ်ဘောက်ဆတ်နဲ့ လျှောက်ပြီး ဘာယာတန်းကနေ အလေးပြန်ပြုသွားတာ။
ကျနော်တို့ တိုက်သစ်မှာတုန်းက ဖျားနာသူ လာစစ်တယ်။ တိုက်သစ်ဆိုတာက တံခါးနှစ်ထပ်။ အပြင်က သစ်သားတံခါး။ အတွင်းက သံတံခါး။ ကာနယ်မင်းစိန်က အခန်းထဲဝင်လာတာ မဟုတ်ပဲ သစ်သားတံခါး အပြင်ကနေ လူကိုမမြင်ရပဲ "ဒီအခန်းမှာ ဖျားတဲ့သူ ရှိလားဟေ့" တဲ့။ ရှိတယ်ဆိုရင် အထဲကနေ သူ့ကို နာမည်အော်ပြောလိုက်။ ညနေမှာ လူနာမည်နဲ့ ကိုယ်အပူချိန်တွဲရေးထားတဲ့ ဆေးထုပ်ကလေးတွေ ရောက်လာတယ်။ အဖျားမတိုင်းပဲ သူ့အလိုလို ကိုယ်အပူချိန် ရမ်းရေးလိုက်တာ။ တကယ်တော့ တချို့က ဖျားလို့ မဟုတ်ဘူး။ ဆံဖြူ၊ နွားနို့စား ရချင်လို့။
အဆောင်မှာလဲ ဒီလိုပဲ။ သူက ဘာယာတန်းကနေ၊ ၀င်လာတာနဲ့ "ဘာလိုချင်လဲ ပြော " က စတယ်။ ကျောင်းသားတွေက ဆံဖြူစား၊ နွားနို့စား ရချင်လို့ ဖျားဖျား မဖျားဖျား စာရင်းဝိုင်းပေးကြတယ်။ ကျနော်တို့ အထဲမှာ ဆေးတက္ကသိုလ် (၂) က ကိုသိန်းလွင် (အာနီ) ရယ်၊ ယခု စိတ်တိုင်းကျ လက်ဘက်ရည် ကိုအေးကြည်တို့နဲ့ အတည့်ဆုံး။ နောက်ဆုံးနှစ် ဆေးကျောင်းသားတွေဆိုတော့ ကာနယ်မင်းစိန်က လေးလဲ လေးစားတယ်။ တခါတလေ ကိုသိန်းလွင်တို့နဲ့ စကားစမြည် လာပြောလေ့ ရှိတယ်။ ဆေးကျောင်းသားတွေက၊ သူ့ကို အားကိုးတကြီး မေးလိုက်ပြီဆိုရင် သူ့မှာ ဘ၀င်တွေ မြင့်ကုန်ရော။
ကိုသိန်းလွင်က သူကို သွားမေးတယ်။ "အဘ လူတကိုယ်မှာ သွေးဟာ ဘယ်လောက်သား လောက် ရှိမယ်ထင်သလဲ" ။ ကာနယ်မင်းစိန် မြောက်သွားတယ်။ မုတ်ဆိပ်မရှိတဲ့ မေးစေ့ကို လက်ကလေးနဲ့ပွပ်၊ ခေါင်းကလေးကို မော့ပြီး၊ စဉ်းစဉ်းစားစားနဲ့ ဖြေချလိုက်တယ်။ "လက်ဘက်ရည် အကြမ်းပန်းကန်လုံး သုံးလုံးစာလောက်တော့ ရှိမယ်ကွ" တဲ့။
အဘကျော်လို့ ကျနော်တို့ ခေါ်တဲ့ ဒုအဆောင်မှူး ဦးကျော်ရင်ကျတော့ တမျိုး။ အဆောင်မှာ ကျောင်းသားစရင်းကို မကြာခဏ အလုပ်မရှိအလုပ်ရှာ ကောက်လေ့ရှိတယ်။ အမည်ရယ်၊ ကျောင်းရယ်၊ အဓိကဘာသာရယ်။ ကျောင်းသားတယောက်က အဓိကဘာသာ ရူပဗေဒလို့ ပြောတော့ တအံ့တသြနဲ့ လှမ်းကြည့်လိုက်ပြီး အထင်ကြီးတဲ့ မျက်နှာပေးနဲ့ တခု ပြန်မေးလိုက်တယ်။ "ရူပဗေဒ ဆိုတော့ မင်းက လူကဲခတ် တော်တော်ကောင်းမှာပေါ့နော်" တဲ့။
ထောင်မှူးဦးဗိုနီ ဆိုတာ လုပ်သားကောလိပ်ကနေ မြန်မာစာ အဓိကနဲ့အောင်ပြီး ထောင်မှူးလာ လုပ်တာ။ လူက ခပ်ထူထူ၊ ခပ်အေးအေး၊ ခပ်ရိုးရိုး။
ကျနော်က ထောင်ဝင်စာက ပြန်တော့ ဦးဗိုနီနဲ့ အဘကျော်က အဆောင်ရုံးခန်းမှာ ထိုင်နေ တယ်။ ဦးဗိုနီက ကျနော့ကို တခုလှမ်းပြောတယ်။ ဘာလဲတော့ မမှတ်မိတော့ဘူး။ ကျနော်က သူ့ကို ပြန်ရိလိုက်တာကို အားလုံးက သဘောပေါက်လို့ ရီကြတယ်။ ဦးဘိုနီက ထူတော့ သဘောမပေါက်ဘူး။ သူ့ဘေးက ဦးကျော်ရင်ကို ပြန်မေးတယ်။ ဦးကျော်က "ဆရာနီ.... သွားမစမ်းနဲ့ သူတို့က ကိုမျိုးတင့်တွေ....." ။ ဗိုနီကလဲ အူပါတယ်ဆိုကာမှ အ, ပြနေပြန်ပြီ ဆိုတာမျိုး။ ကိုမျိုးတင့် ဆိုတာ ဘာလဲတဲ့။ ဦးကျော်က တခွန်းပဲ ပြန်ပြောတယ်...။ "ဆရာနီက ဂျင်နရယ်ကောလိပ် တယ်နည်းတာကိုး" တဲ့။ ဦးကျော်ပြောတဲ့ ကိုမျိုးတင့်ဆိုတာ ကွန်မြူနစ်၊ ဂျင်နရယ်ကောလိပ် ဆိုတာ general knowledge ။
ဦးသူငယ်ဆိုတဲ့ ၀ါဒါကျတော့ သူ့လက်မှတ်တောင် သူမထိုးတတ်ဘူး။ ကြက်ခြေပဲ ခတ်တာ။ သူ့ကို ကျနော်က မေးတယ်။ "အဘရယ် ဘာလို့ အဘတို့ကို ၀ါတာ (၀ါဒါ) လို့ ခေါ်တာလဲ" ။ "၀ါတာတာ အ၀တ်တွေ ၀တ်ရလို့ ၀ါတာလို့ ခေါ်တာနေမှပေါ့" တဲ့။
ဆက်ရေးပါအုန်းမယ်။
Tuesday, April 7, 2009
Monday, April 6, 2009
ယနေ့ခေတ်နဲ့ လူငယ်
ရေးသူ- လူထုဒေါ်အမာ
ယနေ့လူငယ်တွေ ၀တ်စား ဆင်ပြင်ပုံ၊ ပြောဆိုနေထိုင်ပုံ၊ လူငယ်တွေ တွေးတော ကြံဆပုံ စသဖြင့် လူငယ်များရဲ့ အပြုအမူ၊ အနေအထိုင်တွေနဲ့ လူကြီးတွေ နေခဲ့ထိုင်ခဲ့၊ ပြုခဲ့ မူခဲ့ တာတွေနဲ့ မတူကွာဟမှုတွေက ကြီးလိုက်တာလို့ မအောင့်အီးနိုင်တဲ့အခါ အမေက ပြောဆို ညည်းညူမိတယ်။ ဒီလို ပြောမိတဲ့အခါ ဒါအဆန်းမဟုတ်ပါဘူး အမေရယ်၊ ခေတ်ချင်း ကွာဟမှု ရှိနေတာကိုး။ ခေတ်လူငယ်တွေနဲ့ လူကြီးတွေနဲ့ဟာ ကွာဟရမှာပေါ့။ အမေ အဲဒါတွေကို အပြစ်ပြောလို့လည်း မရဘူး။ ပြုပြင်ချင်လို့လည်း မဖြစ်ဘူး။ ဒါ သူတို့ခေတ် အမေရဲ့လို့ အမေ့ကို လူငယ်တယောက်က ပြောပါတယ်။
အမေဟာ ခေတ်ရေစီကြောင်းကို ဘ၀င်မကျဖြစ်နေတဲ့ အဘွားကြီးတယောက်ဆိုပြီး အဲဒီလူငယ်က အမေ့ကို သနားနေသလားတော့ မသိဘူး။
ဟုတ်ပါတယ်။ အမေတို့ ငယ်ငယ်တုန်းကလည်း လူကြီးတွေက အမေတို့ အနေအထိုင်တွေ အပေါ်မှာ ဒီလိုပဲ ဘ၀င်မကျတာတွေ မကြိုက်မနှစ်သက်တာတွေ ရှိခဲ့တာပါပဲ။ ရှိခဲ့လို့လည်း အမေတို့ကို ဝေဖန်လို့တမျိုး၊ အကျိုးသင့် အကြောင်းသင့် ရှင်းပြလို့တမျိုး လုပ်ကြတာကို အမေတို့ ခံခဲ့ကြရတာပါပဲ။ ဒါဟာ ခေတ်ကာလရဲ့ ကွာဟမှုကြောင့် ဖြစ်ရတယ်လို့ အမေလက်ခံပါတယ်။
နို့ပေမယ့်-
အမေတို့ ခေတ်တုန်းက လူကြီးနဲ့လူငယ်၊ မိဘနဲ့သားသမီး၊ သက်ကြီးရွယ်အိုနဲ့ ပျိုရွယ်သူတွေရဲ့ ဆက်ဆံရေးဟာ အခုထက်ပိုပြီး နီးကပ်သလား၊ ထိစပ်မှု များသလား၊ ပိုမိုနွေးထွေးမှု ရှိသလား၊ တဘက်က တဘက်ကို လေးစားမှု ပိုကြီးသလားလို့ အောက်မေ့ တွေးတောမိတယ်။
ဟိုတုန်းက အိမ်ထောင်တခုအတွက် အိမ်သားတယောက် နှစ်ယောက်က ရှာဖွေကျွေး မွေးရင် လုံလောက်တော့ အိမ်သားတွေ အချင်းချင်း အတူနေကြ၊ တွေ့ဆုံကြရတဲ့ အချိန်တွေက အများကြီး ရှိခဲ့တယ်။ ခုခေတ်မှာတော့ စားဝတ်နေရေးက ကျပ်တည်းတော့ အိမ်ထောင်တခုမှာ အိမ်သားရှိသမျှ (ရနိုင်ရင်) အားလုံးထွက်ပြီး အလုပ်လုပ်ကြရတယ်။ လုပ်ရတဲ့ အလုပ်က နေ့အလုပ်၊ ညအလုပ်၊ သန်းခေါင်တိုင်တဲ့အလုပ် စသဖြင့် ရရာကို လုပ်ကြရတယ်။ ဒါကြောင့် အိမ်သားချင်း တွေ့ဆုံကြရတဲ့ အချိန်က အလွန်ကို နည်းလာတယ်။ အကန့်အသတ်နဲ့သာ ရှိလာတယ်။
အမေတို့ဆိုရင် အမေနဲ့ သမီးတွေနဲ့ အတူနေ၊ အတူအိပ်၊ အတူစားပါပဲ။ ဒါပေမယ့် သူတို့မှာ သူတို့အလုပ်တွေက များလေတော့ အမေက သူတို့ကို စကားပြောချင်လို့လည်း ပြောချိန်မရ၊ ရပြန်တော့လည်း ပြောချင်တဲ့အကြောင်းအရာက စိတ်ထဲမရှိတော့တဲ့အချိန်၊ ဒါကြောင့် တယောက်ကိုတယောက် မြင်တော့မြင်ရပါရဲ့၊ စကားစမြည် ပြောနေကြရ၊ အေးအေးဆေးဆေး မိသားစုတွေ အတူနေကြရတဲ့အချိန်က မရှိတော့သလောက်ပဲ။ တအိမ်တည်း နေရပေမယ့် စိမ်းနေလိုက်ကြတာ။ မအားကြလို့လေ။
အဲဒီလို မိသားစုတောင်မှ အေးအေးဆေးဆေး ပွန်းပွန်းတီးတီး နေချိန်တွေ မရှိတော့သလောက် ဖြစ်လာတဲ့အခါ မိဘနဲ့ သားသမီးရဲ့ ဆက်ဆံရေးမှာလည်း ရှေးကလို ရင်းနှီးပွန်းတီးမှုကြောင့် လူ့ယဉ်ကျေးမှု လက်ဆင့်ကမ်းတဲ့ သဘောတွေ နည်ပါး ဆုတ်ယုတ်လာတယ်လို့ အမေထင်တယ်လေ။
လူငယ်တွေနဲ့ လူကြီးတွေရဲ့ မျိုးဆက် တဆက်ကတဆက်ကို အဲဒီလို ယဉ်ကျေးမှု လက်ဆင့်ကမ်းမှု၊ စီးဆင်းလာမှု၊ တဘက်က လျော့ပါးဆုတ်ယုတ်လာတနဲ့အမျှ လူငယ်တွေက တဘက်ကလည်း မျိုးခြားတိုင်းတပါး ယဉ်ကျေးမှုတွေကို ဗွီဒီယို၊ ရုပ်မြင်သံကြားတွေ၊ တေးသီချင်းတွေ၊ ရုပ်ရှင်တွေနဲ့ တခြားမီဒီယာတွေကနေပြီး အတိုင်းမသိ ထိတွေ့ ယဉ်ပါးကြ ပြန်တယ်။ အတုခိုးကြပြန်တယ်။ လူငယ်တွေက အဲဒါကို သူတို့ခေတ်လို့ဆိုပြီး လက်ခံနေ ကြပြန်တယ်။
ဒါကြောင့် လူကြီးတွေနဲ့ အလှမ်းဝေးနေတဲ့ အပြုအမူတွေ၊ အကျင့်အကြံတွေဟာ လူငယ်တွေရဲ့ အကြားအမြင် အတွေ့အကြုံတွေထဲမှာ ရောက်ချင်တိုင်း ရောက်နေကြတော့ တာပေါ့။
ဥပမာဆိုပါတော့ အမေတို့ လူကြီးတွေရဲ့ စိတ်ထဲမှာ သာယာကြည်နူး ချမ်းမြေ့ပြီး ပျော်ရွှင်လာတဲ့အခါ သာယာတဲ့စိတ်က စေ့ဆော်လို့ တေးသီချင်းများ သီကြည့်မိတယ်လို့ အောက်မေ့ခဲ့တယ်။ ခုတော့ အော်ကြီးဟစ်ကျယ် ငေါက်ငမ်း ခုန်ပေါက်ပြီး ဆူဆူပူပူ ဒေါနဲ့မောနဲ့ သီဆိုတာဟာ တေးသံပဲလို့ လူငယ်တွေက သဘောကျနေကြတယ်။
ယောက်ျားလေးတွေက သနပ်ခါး လိမ်းကြတယ်။ ဆံပင်အရှည်ထားကြတယ်။ နားဆွဲ၊ လက်ကောက်၊ ဘယက်တန်ဆာ ဆင်ယင်ကြတယ်။ မိန်းကလေးတွေကဆံပင်ကိုဖြတ်၊ ဘောင်းဘီကိုဝတ်၊ အဖေ့ရှပ်အင်္ကျီကြီးမျိုးကို ၀တ်ပြီး အလှဆင်နေကြတယ်။ အဲဒါတွေက ဘာဖြစ်လို့ ပြောင်းတိပြောင်းပြန် ဖြစ်ကုန်ရတာလဲလို့ တွေးတဲ့အခါ အမေတို့ခေတ်တုန်းက လူငယ်တွေ တွေးခေါ်မြော်မြင်ပုံနဲ့ ခုခေတ်လူငယ်တွေ တွေးခေါ်မြော်မြင်ပုံချင်း ခြားနားလို့ပဲ ဖြစ်မယ်ထင်တာပဲ။
ဘ၀ဒဿနလို့ ခေါ်ကြတဲ့ လူဘ၀ကို မြင်ပုံနဲ့ ပတ်သက်ပြီး အမေတို့ ငယ်ငယ်ကတော့ နိုင်ငံက သူ့ကျွန်ဘ၀မှာ ဟုတ်လား၊ အဲဒီတော့ တို့တမျိုးသားလုံးရဲ့ ရည်မှန်းချက် ပန်းတိုင်က သူ့ကျွန်အဖြစ်က လွတ်ကြရေးပဲဆိုတာ စာနယ်ဇင်းတွေကလဲ တဖွဖွရေးနေကြတာ၊ အသင်းအဖွဲ့တွေကလည်း တယယ ပြောနေကြတာ၊ နေရှင်နယ်ကျောင်းလို ကျောင်းတွေက လည်း ကျောင်းသားတွေကို နေ့တိုင်းဟောပြောနေတာ ဖြစ်တဲ့အခါ လူငယ်၊ မိန်းကလေးတွေ စိတ်ထဲမှာလဲ တိုင်းပြည်အတွက် သားကောင်းသမီးကောင်း ဖြစ်ချင်တဲ့စိတ်က သိတ်ပေါ်တယ်။ အလိုတော်ရိတို့၊ ငို့ဘသမားတို့၊ အချောင်သမားတို့၊ စားဖားတို့ ဆိုတာ လူငယ်တွေ ရွံမုန်းစက်ဆုပ်တဲ့ အသံတွေပေါ့။
အဲဒီလို တိုင်းပြည်အတွက် အဖိုးတန်တဲ့ သားကောင်းသမီးကောင်းလေးတွေ ဖြစ်ကြရအောင် ပထမ မျိုးချစ်စိတ် ရှိရမယ်။ ဒုတိယ ပညာရှာရမယ်။ တတိယ ကိုယ်လက်ကြံ့ခိုင်ရမယ် ဆိုတာမျိုးတွေလည်း တဘက်က ရေးသားဟောပြော လှုံ့ဆော်နေပြီး၊ အလေးမအသင်းတွေ၊ ခြေလျင်အသင်းတွေ စတဲ့ ယောက်ျားကောင်း၊ မိန်းမကောင်း တယောက် ဖြစ်ပေါ်ရေးအတွက် အလုပ်စခန်းတွေကလည်း ရှိနေတယ်။
ဒါကြောင့် ယောက်ျားလေးဆိုရင် ကျားကျားလျားလျားနဲ့ သန်မာထွားကျိုင်းမှ တိုင်းပြည်နဲ့ လူမျိုးက အားကိုးရမယ့် သားကောင်းတယောက် ဖြစ်လာဖို့ လူငယ်တိုင်းက မျှော်မှန်းသလို လုံမငယ်တိုင်းကလည်း ဖြစ်စေချင်ကြတယ်။ ဒါကြောင့် ယောက်ျားလေးက သနပ်ခါးလိမ်းတယ်ဆိုရင် လူ့အဖွဲ့အစည်းက လက်မခံနိုင်ဘူး။ ၀ိုင်းပြီးသရော်မှာ ရှုတ်ချမှာပဲ။ လူဆိုတာ အဖွဲ့အစည်းနဲ့ နေရတာ မဟုတ်လား။ ပတ်ဝန်းကျင်က လက်မခံတာကို မလုပ်ဝံ့ပါဘူး။
ခုခေတ်မှာတော့ လူငယ်တွေရဲ့ ပတ်ဝန်းကျင်က မင်းပိုက်ဆံရအောင် ဘယ်နည်းနဲ့ဖြစ် ဖြစ် ရှာ၊ မရှာနိုင်ရင် ဖွတ်ပဲလို့ ရှုတ်ချတယ်။ ရတယ်ဆိုရင် သုံးပါ၊ ဖြုန်းပါ၊ အရက်သောက်၊ ဘိန်းရှူ လုပ်ချင်ရာ လုပ်ပါ။ ရှာနိုင်ရင် အားလုံးတင့်တယ် တယ်လို့ ကြွေးကြော်ကြ၊ အောက်မေ့ကြတယ်။ ပြီးတော့မှ အချင်းချင်းမှာ ငါက ဘယ်သူ၊ ငါက ဘယ်ဝါလို့ ထင်ပေါ်ကျော်ကြားလာအောင် အမျိုးစုံ သူများထက်ထူးအောင် ၀တ်စားဆင်ပြင်တာ၊ ကင်းမြီးကောက်ထောင်ပြတာမျိုး၊ အုန်းပင်စိုက်နေတာမျိုး၊ တစုံတရာ သူများနဲ့ မတူတာမျိုး လုပ်ပြပြီး ငါဆိုတဲ့ အတ္တကို ရှေ့ရောက်အောင် ဆွဲခေါ်ဖို့ ကြိုးစားကြတယ်။
လူငယ်လေးတွေ ၀တ်စားဆင်ပြင်မှုတွေမှာ တောလုပ်တောင်လုပ် လုပ်နေကြတာ အဲဒီလို ငါလို့ ထင်ပေါ်ချင်မှုနဲ့ လုပ်ပြနေကြတာပဲ။ သူတို့မှာ မှန်ကန် မွန်မြတ်တဲ့ ဘ၀ဒဿန မရှိဘူး။ ရှိအောင်လည်း ဘယ်ရပ်ကွက်ကမှ ထိထိရောက်ရောက် လုပ်မပေးနိုင်ဘူးလို့ အမေထင်တယ်။
ခေတ်ပဲ အမေရဲ့ ခေတ်ပဲဆိုပြီး ခေတ်ရေစီးကြောင်းကြီး စီးချင်ရာ စီးနေတဲ့အထဲ လူငယ်တွေ မျောချင်ရာ မျောပါနေတာကို အမေတို့ လူကြီးမိဘ ဆရာသမားတွေက ကြည့်မနေသင့်ဘူး။ ခေတ်ရေစီးကို စီးသင့်တဲ့ဘက် စီးလာဆင်းလာအောင် ရေလမ်းသွယ် ဖောက် ပေးသင့်တယ်။ ဒါမှ ကိုယ်လိုရာ ဒီခေတ်ရေစီးကြီး စီးလာမှာပေါ့လို့ အမေက ပြောချင်တယ်။
အမေနဲ့ သဘောတူကြလား။
[ကလျာမဂ္ဂဇင်း၊ အမှတ် ၁၃၂၊ ၁၉၉၆ ဖေဖော်ဝါရီ]
{၁၉၉၇ သြဂုတ်၊ လူထုတိုက်ထုတ် လူထုဒေါ်အမာရဲ့ အမေ့ရှေးစကား စာအုပ်မှ ကူးယူဖော်ပြပါတယ်။}

Saturday, April 4, 2009
နံမည်ဖခင်ဦးကြည်အောင်
ရေးသူ- လမင်းတရာ
ကဗျာဆရာကြည်အောင် နှလုံးရောဂါနဲ့ မန္တလေးဆေးရုံကြီးမှာ မတ်လ (၂၇) ရက်နေ့ က ဆုံးသွားတယ်လို့၊ အန်ကယ်စွမ်း (မောင်စွမ်းရည်)က ဖုံးဆက်လာတော့၊ ကျနော်အလွန်ဘဲ ကြေကွဲဝမ်းနည်းရပါတယ်။
ကျနော့်ရဲ့ မွေးဖခင်က ဦးစောလွင် (တက္ကသိုလ်မောင်စောလွင်) ဖြစ်ပြီး၊ ကျနော့်နံမည်ရဲ့ မွေးဖခင်ကတော့ ကဗျာဆရာကြီး ဦးကြည်အောင်လို့ ဆိုနိုင်ပါတယ်။
၁၉၆၃ ခုနှစ်မှာ ကဗျာဆရာ ဦးကြည်အောင်ဟာ သူ့ရဲ့ 'လမင်းတရာ ကဗျာများ' စာအုပ်နဲ့ အမျိုးသားစာပေဆု ရရှိခဲ့ပါတယ်။ အဲဒီတုန်းက လူထုတိုက်မှာ ဖေဖေက အယ်ဒီတာ လုပ်နေပါတယ်။ ကျနော့်ဖေဖေက သူ့ရဲ့ ရဲဘော်ရဲဘက် မိတ်ဆွေရင်းညီအကိုပမာ ချစ်ခင်တဲ့ ဦးကြည်အောင်အတွက် ၀မ်းသာဂုဏ်ယူတဲ့ အနေနဲ့ရော အမှတ်တရလေး ဖြစ်စေချင်တဲ့ အတွက်ရော အဲဒီနှစ်မှာ မွေးတဲ့ ကျနော့်ကို 'လမင်းတရာ' ဆိုတဲ့ ကဗျာနံမည်လေးကို ကင်ပွန်းတပ် ပေးခဲ့ပါတယ်။ ဒါကြောင့် ကဗျာဆရာဦးကြည်အောင်ဟာ ကျနော့်ရဲ့ နံမည်ဖခင်ဆိုရင် မမှားပါဘူး။
လေးလေးဦးကြည်အောင်ဟာ အင်းဝမှာမွေး အင်းဝသား ဖြစ်ပြီး၊ တသက်လုံး အင်းဝမှာ ပဲ နေထိုင်သွားသူပါ။ လူပျိုကြီးဘ၀နဲ့ ကဗျာတွေရေးပြီး၊ မိခင်ရဲ့ ကျေးဇူးကို အထူးသိတတ်သူ ဖြစ်တဲ့အလျောက်၊ မိခင်နဲ့ တောက်လျောက်အတူတကွ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ စိတ်ရင်းလည်း အလွန်ဖြောင့်မှန်ရိုးသားပြီး ရောင့်ရဲတဲ့ဘ၀မှာ ကဗျာတွေနဲ့ မွေ့ပျော်ခဲ့သူ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် မှန်ကန်တဲ့ ခံယူချက်နဲ့ 'အမေကမွေး၊ ထောင်ကကျွေး နေရေးမခက်ပါ' ဆိုတဲ့ ဆောင်ပုဒ် လက်ကိုင်ထားပြီး သူရဲ့ငယ်ဘ၀ကို ဖြတ်သန်းခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို မြတ်နိုးလိုလားတဲ့ သူ့ရဲ့ပုံရိပ်ကို 'လမင်းတရာ' ကဗျာမှာ အထင်အရှား မြင်နိုင်ပါတယ်။
လေးလေးဦးကြည်အောင်ဟာ လည်ကတုံးအင်္ကျီနဲ့ ဖျင်ကြမ်းတိုက်ပုံကို အမြဲဝတ်လေ့ ရှိပြီး၊ ပုဆိုးတိုတိုနဲ့ လွယ်အိပ်လေးတလုံးလွယ်ပြီး သူ့ရဲဘော်ရဲဘက်တွေရှိတဲ့ မန္တလေးကို သူနေတဲ့ အင်းဝမြို့ကနေ ဒုဌ၀တီမြစ်ကို ဇက်နဲ့ ကူးပြီး (အခုတော့ တံတားရှိသွားပြီ) ကုန်းတတန်၊ ရေတတန် လာတတ်သူပါ။ သူလာရင် လူထုတိုက်ကိုလည်း အမြဲဝင်လေ့ရှိပြီး၊ ကျနော်တို့ အိမ်ကိုလည်း ၀င်လာလေ့ ရှိပါတယ်။
ဖေဖေဟာ မိတ်ဆွေအပေါင်းအသင်း အလွန်ခင်မင်တတ်တဲ့သူ ဖြစ်တဲ့အလျောက် ဖေဖေ ရှိစဉ်တုန်းက အိမ်မှာ မကြာခဏ ရဲဘော်မိတ်ဆွေတွေ ဆုံတွေ့ပွဲလေးတွေ လုပ်လေ့ ရှိပါတယ်။ စာပေအကြောင်း၊ နိုင်ငံရေးအကြောင်းတွေ ဆွေးနွေးကြတယ်။ တခါတလေ လေးလေးဦးကြည်အောင်နဲ့ ဦးသာနိုးတို့က ကဗျာတွေကို အားနဲ့မာန်နဲ့ ရွတ်ဆိုပြလေ့ရှိတာတွေ အခုပြန်မြင်ယောင်ပြီး ကျနော် ၀မ်းနည်းမိပါတယ်.......။
နောက်ဒီ 'လမင်းတရာ' ဆိုတဲ့ ကဗျာနာမည်နဲ့ ပါတ်သက်ပြီး သတိရတာလေးတခုက မန္တလေး ရှမ်းပွဲရပ်က ကျနော်တို့ နေတဲ့ အိမ်နဲ့ မလှမ်းမကမ်းမှာ လမင်းတရာ အငြိမ့်အိမ်လည်း ရှိပါတယ်။ အငြိမ့်ထောင်တဲ့ စာရေးဆရာ မောင်မြတ်မှိုင်းနဲ့ ခေါင်းဆောင်မင်းသမီး ပန်တျာ ဌေးဌေးမြင့်တို့ ဇနီးမောင်နှံက လေးလေးကြည်အောင်ရဲ့ ကဗျာနာမည်ကလေးကို နှစ်သက် သဘောကျပြီး လေးလေးကြည်အောင်ထံမှာ ခွင့်တောင်းပြီး သူတို့ အငြိမ့်ကို ဒီနာမည်ပေးခဲ့ တယ်လို့ သိရပါတယ်။ မင်းသမီး ဌေးဌေးမြင့် ဆိုလေ့ရှိတဲ့ အငြိမ့် ခေါင်းစီးသီချင်းထဲက 'အမိမြေကမ္ဘာအေးမြဘို့..... လမင်းတရာရှင့်.....' ဆိုတဲ့၊ သီချင်းစာသားချိုချိုကိုလည်း ကျနော် ကြားယောင်မိပါတယ်။
ကျနော့်အမေရိကရောက်တော့ လမင်းတရာ စာပေဆက်ဆံရေး ဆိုတဲ့အမည်နဲ့ စာပေလုပ်ငန်းတွေကို တစိုက်မတ်မတ်ဆောင်ရွက်နေတဲ့ ခင်မင်စရာ စာရေးဆရာ ကိုအေးဝင်းနဲ့လည်း ဒီနံမည်လေးကို အကြောင်းပြုပြီး ရင်းနှီးခဲ့ရပါတယ်။
ကျနော်တို့ မိသားစုမှာလည်း ကျနော့်နောက်မှာ ထပ်မွေးလာတဲ့ ကျနော့်ညီတွေကို ဖေဖေက ကျနော့်ကို စပြီး ကင်ပွန်းတပ်ခဲ့တဲ့ ဒီကဗျာနာမည်လေးကို အကြောင်းပြုပြီး 'ကြယ်မင်းတထောင်'၊ 'နေမင်းတသောင်း'၊ 'မိုးမင်းတသိန်း' ရယ်လို့၊ ဆင့်ပွါးပြီး ပေးခဲ့ပြန်ပါ တယ်။
ခုတော့ ဖေဖေလည်း မရှိတော့ပါဘူး။ လေးလေးကြည်အောင်လည်း မရှိတော့ဘူး။ ဒါပေမယ့် လေးလေးဦးကြည်အောင်ရဲ့ ဒီကဗျာနာမည်ကလေးကရော ဒီနာမည်နဲ့ ပါတ်သက် ဆင့်ပွါးတာတွေရော နေရာအနှံ့အပြားမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေကြပါတယ်။ လေးလေး ကြည်အောင် ထွန်းလင်းခဲ့တဲ့ 'လမင်းတရာ' ကမ္ဘာအနှံ့မှာ အသွင်အမျိုးမျိုးနဲ့ သာနေသလို၊ လေးလေးကို ချစ်တဲ့ ကျနော်တို့တတွေအားလုံးရဲ့ ရင်ထဲမှာလည်း လေးလေးရဲ့ ကဗျာလမင်း၊ စာ, လမင်းတွေ တရာမက ထာဝရသာလျက်ပါလို့....... ကျနော့်ကို ဒီနံမည်လေး ပေးခဲ့ကြတဲ့ ဖေဖေနဲ့ လေးလေးကြည်အောင်ကို ဂါရ၀ ပြုပါတယ်။
လေးလေးဦးကြည်အောင်.... ဆုံးရှုံးမှုအတွက် ကြေကွဲမဆုံးပါ...
လေးလေး ငြိမ်းချမ်းပါစေ........
လမင်းတရာ။
ဧပြီ ၄ရက်၊ ၂၀၀၉။

ကဗျာတပ်မှူး ကြည်အောင် နဲ့........
ရေးသူ- တက္ကသိုလ်မောင်စောလွင်

ကဗျာတပ်မှူးကြည်အောင်နဲ့ 'မိခင်မာရသွန်'
{ဤစာသည် 'ကြည်အောင်၏ မိခင်မာရသွန်' ပဌမနှိပ်ခြင်း၊ ၁၉၈၅ ခု၊ ဖေဖော်ဝါရီလ၊ တွင်၊ ဖော်ပြသော တက္ကသိုလ်မောင်စောလွင်၏ အမှာစာ ဖြစ်ပါသည်။ ၂၀၀၉ မတ်လ၊ ၂၇ တွင် ကွယ်လွန်သွားရှာသော ကဗျာဆရာကြည်အောင် (ဦးကြည်လင်) အတွက်၊ ကြေကွဲဝမ်းနည်း ခြင်း နှင့်အတူ ဆရာကြည်အောင်ကို လေးစားဂုဏ်ပြုသောအားဖြင့် မာယာမှာ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။}
ကြည်အောင်-သာနိုး
တင်မိုး-စွမ်းရည်
ကိုလေး (အင်းဝဂုဏ်ရည်)
တို့ဟာ ကဗျာစာပေ တပ်ဦးက တပ်မှူးတွေ ဖြစ်တယ်လို့ ရဲရဲကြီး ဆိုလိုက်ပါတယ်။ ဘာလို့ ဒီလိုဆိုနိုင်သလဲလို့ မေးယင်....
သူတို့ကဗျာတွေကို လေ့လာလိုက်ပါ၊ သူတို့နဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းကြည့်တဲ့အခါ အဖြေထွက်လာနိုင်ပါတယ်။
သူတို့ကဗျာကို လေ့လာလိုက်ယင် သူတို့ရဲ့ စေတနာဟာ အများပြည်သူတွေ အပေါ်မှာ ထက်ထက်သန်သန်ထားပြီး ရေးဖွဲ့ကြတယ်ဆိုတဲ့အချက်ဟာ ပေါ်လွင်ထင်ရှားလာပါတယ်။ မှန်ကန်တဲ့ရပ်တည်ချက် ရှိတာတွေ တွေ့ရပါမယ်။ ဒီနေရာမှာ တခြားသူတွေရဲ့ ရုပ်ပုံလွှာကို စာဖွဲ့ဖို့ မလိုသေးပေမယ့် ကြည်အောင် အကြောင်းကိုတော့ ရေးဖွဲ့ရပါလိမ့်မယ်။
ကြည်အောင်ဟာ ဘယ်လိုလူလဲ။
ကြည်အောင်ဟာ ပကတိ ရိုးသားဖြူစင်သူ၊ စိတ်ကောင်းနှလုံးကောင်း ရှိသူ၊ ရဲရင့်တဲ့ အတွေးအခေါ်ကို ကိုင်စွဲထားတဲ့ ကဗျာဆရာတဦးအဖြစ် တွေ့ရပါတယ်။
သူက အင်းဝသား၊ ခရစ်သက္ကရာဇ် ၁၉၃၇ - ခု ဖေဖော်ဝါရီလ ၂၇ ရက်မှာ မွေးတယ်။ အဖေက ဦးစိန်ညွန့်၊ အမေက ဒေါ်ထွေး၊ ကြည်အောင် အမည်ရင်းက ကြည်လင်။
၁၉၅၆ -ခုနှစ် မန္တလေးတက္ကသိုလ်ရောက်ပြီး၊ စာပေလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်၊ ကဗျာနဲ့ ဆောင်းပါးတွေကို မဂ္ဂဇင်းတွေ၊ နံရံကပ်စာစောင်တွေ၊ လူထုသတင်းစာ၊ ငွေတာရီ၊ ရှုမ၀ စတဲ့ မဂ္ဂဇင်းတွေမှာ ရေးခဲ့တယ်။
လမင်းတရာကဗျာများ စာအုပ်နဲ့ နိုင်ငံလုံးဆိုင်ရာ အမျိုးသားစာပေ ကဗျာပေါင်းချုပ် ပထမဆု ရခဲ့တယ်။
သူ့အဖို့ ဘယ်နေရာ ဘယ်ဌာနမှာဘဲ ရောက်နေ ရောက်နေ၊ ကဗျာစာပေနဲ့ မွေ့လျော်ပြီး ကဗျာတွေကို အဆက်မပြတ် သီဖွဲ့နေသူ ဖြစ်တယ်။
"ဒုဌ၀တီ သောင်ခြေဦး
ကဗျာဖူး
စိတ်ကူးပန်းတွေ ပွင့်ဖူးတယ်"
ပြည်သူတွေအတွက် တေးသစ်ဆိုဖို့ အမြဲကြိုးစားနေသူ ဖြစ်တယ်။
"ပြည်သူတွေကို ချစ်တဲ့စိတ်၊ နယ်ချဲ့ ကို မုန်းတဲ့စိတ်"
စွဲစွဲမြဲမြဲ ခံယူနိုင်ဖို့ဟာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်တဲ့ ခံယူချက် ဖြစ်ပါတယ်။
ဒီလို ခံယူချက်မျိုးတွေကို အမြဲရှင်သန်နေအောင် ကဗျာဆရာကြည်အောင်က ကြိုးစား ပါတယ်။ နယ်ချဲ့သမားတွေကို သူ ဘယ်တော့မှ မညှာဖူး။
"တောတောင်ခရီး- ဖြတ်လို့ကျော်
တိုက်ပွဲသံကခေါ်
ငါတို့ရဲဘော် ခင်ဦးသား
ဓါးလှံစိန်ပြောင်း ကိုင်ဆောင်ထား။
ရခိုင်မြောက်ဖျား ပန်းဝါမြေ၊
နယ်ချဲ့သမားတွေ။
တိုက်ဟေ့တအား- တို့ထိုးခုတ်၊
ဒင်းတို့ ခေါင်းကိုဖြုတ်"
သူ့ကဗျာတွေထဲမှာ နယ်ချဲ့ သမားကို အပြတ်ချေမှုန်းပါတယ်၊ နယ်ချဲ့စနစ်ကို ရှုတ်ချပါတယ်၊ မြန်မာ့သမိုင်းမှာ ဘယ်လိုဘယ်နည်းနဲ့ နယ်ချဲ့ကို တိုက်ထုတ်ပုံတွေ ရေးချယ်စီကုံးပါတယ်။
ကြည်အောင်ဟာ ရှေးမင်းနေပြည် အင်းဝသားပေမယ့် သူ့ခေတ် အင်းဝကတော့ ကျေးလက် အခြေအနေအဆင့်မှာ ဖြစ်ပါတယ်။ သူဟာ တောသားပါလို့ ပြောယင်လဲ ရပါတယ်။ ကျေးလက်ဓလေ့ ထုံးစံတွေကို သူခြုံငုံမိပါတယ်။ တရင်းတနှီး ပွေ့ဖက်ခဲ့သူ ဖြစ်ပါတယ်။ ဒီတော့ သူ့ကဗျာတွေမှာ မြို့ပြခေတ် အငွေ့အသက်ကင်းပြီး ကျေးလက်နံ့ ထုံသင်းနေတာ တွေ့နိုင်ပါ တယ်။
"နွားစားတဲ၊ ထန်းရွက်ကျဲအုပ်မိုး၊
တိုင်ထန်းသား၊ ရှားပိုးထိုး၊
လေမိုးလုံ တဲတလုံး
ဆောက်ဦးပေါ့ မောင်ကြီးရယ်တော့"
ကဗျာဆရာဟာ လူ့အလွှာအသီးသီးရဲ့ ဘ၀အခြေကိုလဲ သူ့ရှုဒေါင့်တနေရာက သေသေချာချာ ရေးဖွဲ့သီကုံးခဲ့သူပါ။ ကိုတံငါရေလုပ်သား၊ တောအပျိုမလေး၊ ကျွဲသမား၊ ဖောင်သမား၊ ယွန်းထည် အလုပ်သမား၊ နွားမွေးသူများ၊ ကြက်သမား၊ သံဖြူဆရာနဲ့ နို့ကုန်သည်၊ သက်ကြီးရွယ်အို ဘိုးဘွားများ၊ နွားကျောင်းသား၊ ရွှေဘိုကျေးက မေပျိုကလေး၊ စတာတွေဟာ သူကိုယ်တိုင် ထိတွေ့ခံစားရတဲ့ နေရာဌာန ကျေးလက်အသီးသီးက ကဗျာအသီးအပွင့်တွေ ဖြစ်ပါတယ်။
နောက်တချက်ကတော့ ကြည်အောင်ဟာ အမေကို မြတ်နိုးရမှန်းသိသူ၊ အမေကို ကျိုးနွံရိုသေကိုင်းရှိုင်းသူ၊ မိခင်မေတ္တာ အတိမ်အနက်ကို သိသူအဖြစ် ဂုဏ်ယူရမှာ ဖြစ်ပါတယ်။
သမိုင်းခေတ်ဦး ပကတူးအစက စပြီး အမေကို ဂုဏ်ပြုခဲ့ကြ၊ ကိုးကွယ်ခဲ့ကြ၊ မြတ်နိုးခဲ့ကြ ပါတယ်။ ကြည်အောင်ကလဲ သူ အပတ်တကုတ် ကြိုးပမ်းအားထုတ်ထားတဲ့ ကဗျာတွေနဲ့ အမေကို ရည်ညွှန်းပူဇြော်ပီး "မိခင်မာရသွန်" အမည်နဲ့ ကဗျာစာအုပ် ထုတ်ဝေတာဟာ သင့်မြတ်တယ်လို့ ဆိုရပါမယ်။
အသက် ၇၂ နှစ်အရွယ် အမေရဲ့ မွေးနေ့ကို မမေ့တဲ့ကြည်အောင်.....။
သူ့ အတ္တရုပ်ပုံလွှာပုံကြမ်းမှာတော့.....
အမေကမွေး
ပေးတဲ့နာမည်
ကြည်လင်
တက္ကသိုလ်-မောင်စောလွင်
၂၇၊ အောက်တိုဘာ ၁၉၈၃
Thursday, April 2, 2009
နိဗ္ဗာန်ဈေး
ရေးသူ- ကြည်အောင်
လာခဲ့ပါ့ကိုရင်ရယ်၊
တန်ဆောင်တိုင်နိဗ္ဗာန်ဈေး
ခေါ်ကျွေးဘူးကွယ်။
မုံ့လုံးကချိုတယ်၊
လာမယ်နော်ဟုတ်လား။
မလေးခင်ခေါ်စကား
ချိုမြလှသား။
ကလေးတို့ စားကြကွယ်၊
ရွာဘုံလှူ နိဗ္ဗာန်ဈေးမို့
လွေးလိုက်ကြတယ်။
လေးခင်က မုံ့ညက်နယ်၊
ဆယ်ပါဟ မိလှမျိုး။
ရေနွေးဆူမုံ့လုံးပွက်အောင်
မီးဆက်ကာထိုး။
ရွာလယ်ရပ်အဖွားသီ၊
ပတီးကိုင်တရားဖက်
သက်ရာကျော်ပြီ။
ရေပေါ်မုံ့ချိုဆိမ့်အီ၊
ခွေးနီရေ သွားပို့စမ်း။
လျှာရသာ တမျိုးထူးအောင်
ဖြူးလိုက်ပါနှမ်း။
မင်းသားဟန်လူညိုနွဲ့
လေးခင်ရဲ့ကိုရင်ညို၊
တန်ဆောင်တိုင် လပြည့်ဝန်းနှယ်
ရွှန်းမြလို့ချို။
ဝါးပလွေတို၊ လေချိုကတေး၊
ကျော်ထွေးငယ် အဖော်မွန်က
ခွန်နှစ်သံ ငါးပေါက်တွဲလို့
ဟဲလိုက်တယ်လေး။
နိဗ္ဗာန်ဈေး ရွာဘုံလှူ၊
စေတနာမွှေးပျံ့သင်း
စိတ်ရင်းကြည်ဖြူ။
သွားကြစို့ အတူတူ၊
ကိုယ့်လူလဲလိုက်ခဲ့။
ကျော်ထွေးငယ်အစားပုပ်က
လိုက်ချင်ပေါင် တွန့်ဆုတ်ဆုတ်နဲ့
ဟန်လုပ်သတဲ့။
လေးခင်ကဆီးလို့ကြို၊
အပျိုကြီး မဂေါက်တေးက
မေးငေါ့သကို။
ချစ်သူများ မနာလို၊
အပျိုကြီးစိတ်ထား။
ကလေးငယ်အချိုကြိုက်ယင်လဲ
ရိုက်တတ်တယ်လား။
စားလိုက်အုံး ကိုရင်ညို၊
စေတနာပီတိဖုံးလို့
မုံ့လုံးကချို။
လေးခင်ပျို၊
ပိုလိုက်သည့် ချစ်လောကွတ်။
ပန်ဆင်သူ ဆွတ်ချွေခူးဖို့
ကြာဖူးကညွတ်။
တရှူးရှူး တရှဲရှဲ
မျက်ရည်ရွှဲပြုံးမလို၊
မုံ့လုံးချို ငရုတ်စပ်နဲ့
နှပ်ကြပြီကို။
လူဟန်နွဲ့ကိုရင်ညို၊
စိတ်မတိုပြုံးနိုင်သား။
ချစ်ဦးပျိုသူ့ခင်လေးက
တွေးလို့သနား။
အပျိုကြီး မဂေါက်တေး
ဆေးပေါ့လိပ် ပြုံးလို့ရှူ၊
ကိုရင်ညို ငရုတ်စပ်တော့
ကျေနပ်သည့်မူ။
မဂေါက်တေး ကြိုက်မဲ့သူ၊
ဤဇမ္ဗူအရှားသား။
ယစ်ထုပ်မောင် ထန်းတောစားနဲ့
ညားလိမ့်မယ်လား။
လူထုသတင်းစာ၊ ၁၉၆၁ ခု။
{ကြည်အောင်-လမင်းတရာကဗျာများ၊ ပထမနှိပ်ခြင်း၊ ၁၉၆၃ ခု၊ နိုဝင်ဘာ မှ ကူးယူဖော်ပြပါတယ်။}

မခေါ်တမ်း ကစားခြင်း
ရေးသူ- ကြည်အောင်
တမင်စိမ်းပြီပေါ့....
မကြင်လို့ တိမ်းချင်လဲတိမ်းပါ
ယိမ်းသလို ရှောင်သလိုနဲ့
ဟန်ဆောင်ကာမျက်မာန်တင်း
မြင်ပြင်းကပ်ဟန်တူရဲ့
ငြူစူစူခင့်နှုတ်ခမ်းက
ပန်းနှင်းဆီ မုန်းယောင်သန်း
မခေါ်တမ်း ကစားရအောင်လေ။
နောင်တော့မှ...
မောင်တော့သတိထား
ဟိုသွားဒီလာနဲ့
ကဗျာဆရာ လူတေကြီး
ဆံမဖီးမသင်နဲ့
မုတ်ဆိတ်မျှင် သူ မရိတ်
ဆေးလိပ်တို တဖွာဖွာပေါ့
ယောင်ချာချာမနေပါနဲ့
ခင်ကလေ... မောင့်ကိုမုန်းပါဘု
ရှက်ပြုံးကာ လာမချော့လှာနှင့်
မောင့်မှာလေ... တအားလျော့ပြီ
ခုတော့ တေပေ။
မောင်ရယ်.... လိမ်လိမ်မာမာနဲ့
ခင်ပြောတာ နားထောင်စမ်းပါ
ဒီကလဲသူ့ကိုလွမ်းရတာဘဲ
မခေါ်တမ်းကစားပွဲကို
ရပ်စဲကြစို့လေ....
မျက်ရေနဲ့ ခင့်စကား။
ချစ်သူကပြောတော့...
လွမ်းမောသူ ဟန်မဆောင်နိုင်ဘု
ဆေးလိပ်တောင် ဖြတ်ပစ်မယ်
အချစ်မကြိုက်ယင် မောင်မသောက်ပါ
နောက်တော့သာ... မခေါ်ချင်သလိုနဲ့
ခင်... တမင် ငြိုငြင်တိမ်းပြီး
စိမ်းနဲ့ သိလား။
၁၉၆၃ ခု။

Sunday, March 29, 2009
လမင်းတရာသာလိမ့်မည်
ရေးသူ- လူထုဒေါ်အမာ
{ဤစာသည် 'ကြည်အောင်၏ လမင်းတရာကဗျာများ' ပဌမနှိပ်ခြင်း၊ ၁၉၆၃ ခု၊ နိုဝင်ဘာ၊ တွင်၊ ဖော်ပြသော လူထုဒေါ်အမာ၏ အမှာစာ ဖြစ်ပါသည်။ ၂၀၀၉ မတ်လ၊ ၂၇ တွင် ကွယ်လွန်သွားရှာသော ကဗျာဆရာကြည်အောင် (ဦးကြည်လင်) အတွက်၊ ကြေကွဲဝမ်းနည်း ခြင်း နှင့်အတူ ဆရာကြည်အောင်ကို လေးစားဂုဏ်ပြုသောအားဖြင့် အမေမာ၏ 'လမင်းတရာ သာလိမ့်မည်' ကို မာယာမှာ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။}
ကဗျာစာအုပ်ကလေးတွေ လုံးချင်းအဖြစ်နှင့် ဟော.....တအုပ်၊ ဟော......တအုပ် ထွက်လာသည်မှာ စစ်ပြီးခေတ်မြန်မာစာပေ၏ ကဗျာကဏ္ဍမှ တိုးတက်မှုတရပ် ဖြစ်ပေသည်။
ကဗျာစာအုပ်ကလေးများသည် အချို့လည်း နှစ်လိုဘွယ်ကောင်းသည်။ အချို့လည်း ရွက်ကြမ်းရေကြိုမျှ ရှိသည်။ အချို့လည်း အဆင့်အတန်း မမြင့်လှ။ သို့သော် အဆင့်မြင့်သည့် ကဗျာစာအုပ်သည် ကျန်ရစ်မည်ဖြစ်ပြီး၊ အဆင့်မမြင့်သည့် ကဗျာများသည် ကာလကြာသည့် အခါ တိမ်မြုပ်သွားပေလိမ့်မည်။ ဤသည်မှာ ဓမ္မတာဖြစ်သည်။ အဆင့်မြင့်သည့် ကဗျာများမူ ဤကဗျာများကိုပင် အသစ်ကို လက်ခံသည့် ငယ်ရွယ်သူတို့က ရွတ်ဖတ်ကြလိမ့်မည်။ ကျက်မှတ်ကြလိမ့်မည်။ ဤကဗျာတို့ကို အခြေပြု၍ ဤကဗျာတို့ထက် ကောင်းနိုးရာရာ အသစ်သော ကဗျာတို့ကို အနာဂတ်တွင် ရေးစပ်ကြပေလိမ့်မည်။
သက္ကရာဇ် ၁၉၃၀ နှင့် ၄၀ အကြားတွင် ရန်ကုန်တက္ကသိုလ် မြန်မာစာပေ ဥယျာဉ်ကြီး အတွင်းမှ ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်သန့်စင်၊ မောင်သုတ၊ ကုသ၊ သိပ္ပံမောင်ဝ စသော ခေတ်စမ်းစာပေ၊ ခေတ်စမ်းကဗျာဆရာများ ပွင့်ဖူးခဲ့သည်။ ထိုအပွင့်အဖူးတို့က ကျသည့်မျိုးဖြင့် လူ့တဆက်အကွာ ၁၉၅၀ ခုနှစ်နှင့် ၁၉၆၀ ခုနှစ်အကြားတွင် မန္တလေးတက္ကသိုလ် မြန်မာစာပေ ဥယျာဉ်အတွင်းမှလည်း တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ မောင်သိင်္ဂါ စသော ခေတ်စမ်း ကဗျာသမားကလေးများ ပွင့်ဖူးလာကြသည်။
ဤလူငယ်ကလေးများသည် ဇော်ဂျီ၊ မင်းသုဝဏ်တို့က ပေးသည့် ဖွဲ့ဟန်ကို ကိုင်စွဲလာ ကြသော်လည်း ဇော်ဂျီတို့ မင်းသုဝဏ်တို့ထက် သူတို့ကပို၍ တွေးရဲလာကြသည်။ သူတို့ အတွေးအခေါ်နှင့် သူတို့ အဘိဓမ္မာသည် သူတို့ဆရာများထက် တိုးတက်လာကြလေသည်။
ဤသို့ဖြစ်ရခြင်းမှာ ခေတ်၏ ခြားနားခြင်းကြောင့် ဖြစ်သည်။ ခေတ်စမ်းကဗျာပေါ်စခေတ် က မြန်မာနိုင်ငံတွင် နဂါးနီစာအုပ်တိုက်မပေါ်သေး။ ထို့ကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကို လေးစားမြတ်နိုး၍ ဆရာကြီး၏ နိုင်ငံရေးသြဇာညောင်းသော ဇော်ဂျီနှင့် မင်းသုဝဏ်တို့က "အို... မြန်မာတို့" ဟူသော ကဗျာမျိုး၊ "သပြေညို" ကဗျာမျိုးကိုသာ ရေးကြသည်။
မြန်မာနိုင်ငံတွင် ကွန်မြူနစ်ပါတီ စတင်တည်ထောင်သည်မှာ ၁၉၄၁ ခုနှစ်ကမှ ဖြစ်သည်။ ထို့ကြောင့် ခေတ်စမ်းကဗျာခေတ်တွင် တိုးတက်သော အတွေးအခေါ်သစ်များက မြန်မာလူငယ် ပညာတတ်တို့ ဦးခေါင်းတွင်းသို့ ချဉ်းနင်းဝင်ရောက်မှုက နည်းပါးပေသေးသည်။ ဇော်ဂျီ၏ ၁၉၃၅ ခုနှစ်က အိုးဝေမဂ္ဂဇင်းပါ ကဗျာတပုဒ်မှာ.....
'အိုမြန်မာတို့' အမည်ဖြင့်.....
"ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့ပြေ၊ တို့ရွာပြေကား
စေတီဘုရား၊ များလည်းများ၏။
များပါလေလဲ.....
တမွဲမွဲနှင့်၊ ဆင်းရဲစိတ်မှာ
ကာလကြာလျှင်....
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်....
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင်ရှိလိမ့်တကား။
ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့ပြေ၊ တို့ရွာပြေကား
ရေချိုးသောက်ရန်၊ မြစ်ကြီးကန်နှင့်
သီးနှံစပါး၊ များလည်းများ၏
များပါလေလဲ
တမွဲမွဲနှင့်၊ ဆင်းရဲစိတ်မှာ
ကာလကြာလျင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်လိမ့်တကား။
ထလော့မြန်မာ၊ မြန်မာထလော့
အားမပြော့နှင့်
မလျှော့လုံ့လ၊ ဥာဏ်ရောင်ပြ၍
၀၀စားရန်၊ ဆွမ်းတင်ရန်ဟု
ကြံပါကုန်ကြ၊ ကြံကုန်ကြလော့
သူကအစ၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဥာဏ်များမြောင်နှင့်
စွမ်းဆောင်နိုင်စေ၊ စွမ်းကြစေလော့
ဤပြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤစာစကား၊ ဘယ်သူ့စကားလဲ
ထားလော့တာဝန်၊ ပြွန်လော့လုပ်ငန်း
ဥာဏ်ရွှင်လန်း၍
တ၀မ်းတစိတ်ညီစေတကား"။
ဟူ၍ ရေးစပ်ခဲ့သည်။
မင်းသုဝဏ်က ၁၉၃၈ ခုနှစ်၌ သပြေညို အမည်ဖြင့်
"သူ့ခေါင်းမှာတဲ့သပြေညို
ငါ့ခေါင်းမှာတဲ့သပြေညို
တို့ပြေမှာတို့မေကမ်းပါတဲ့
သပြေညိုရွှေဘိုပန်းဟာက
လန်းလျက်ပါကို။
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုကအသွေး။
လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။"
ဟူ၍ ရေးစပ်ထားပေသည်။
ထိုကာလမှ အနှစ် ၂၀ ကြာ၍ လူ့တဆက်သို့အကူး စစ်ပြီးခေတ်တွင်ကား လွတ်လပ် ရေးမျှနှင့် ပြည်သူက မတင်းတိမ်တော့၊ ဆိုရှယ်လစ်ဗမာနိုင်ငံ ထူထောင်ရေးအထိ တောင်းဆိုလာသည်။ နယ်ချဲ့ပဒေသရာဇ် ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး၊ ငြိမ်းချမ်းရေး လှိုင်းတံပိုးကြီးက ဗမာပြည်တနံတလျားလုံး ကြီးမားစွာ ရိုက်ခတ်၍ နေသည်။ ဤလှိုင်းတံပိုး ကြားတွင် လူဖြစ်လာသည့် လူငယ်များအနက် မန္တလေးတက္ကသိုလ်မှ ဖူးပွင့်လာသည့် တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည် ဟူသော ကဗျာဆရာလူငယ် ၃ ဦးသည်၊ သူများထက် ရဲရဲတွေးပြီး ရဲရဲရေးလာကြသည်။
ကဗျာတပုဒ်ဟူ၍ ဖြစ်ပေါ်လာရာ၌ (၁) စာဆိုသူ ဖြတ်သန်း ကြီးပြင်းလာခဲ့ရသည့် ဘ၀ခရီးတာ၊ (၂) စာဆိုသူ ခံယူသည့် ဘ၀အဘိဓမ္မာနှင့် ဦးတည် ရည်မှန်းချက်၊ သို့မဟုတ် ဘ၀နှင့် ပတ်သက်သော သူ့ယုံကြည်ချက်၊ (၃) စာဆိုသူ လက်လှမ်းမှီသည့် အသိအမြင် ဗဟုသုတနှင့် ဝေါဟာရတို့ အပေါ်တွင် အခြေခံလျက် ကဗျာသည် ပေါက်ဖွားသည့် သဘော ရှိပါသည်။
ထို့ကြောင့်လည်း တဆရာတည်းသင်ကြ၊ တကျောင်းတည်း ထွက်လင့်ကစား တယောက်နှင့်တယောက် မတူညီသော ကဗျာများကို သီကုံးနိုင်ကြခြင်း ဖြစ်ပါလိမ့်မည်။
မောင်ကြည်အောင်သည် တိုးတက်သော အဘိဓမ္မာကို လက်ခံပုံရ၍ တနေ့သောအခါ လူနှင့်လူချင်း သွေးစုတ်မှုကင်းသော လောကသို့ ဦးတည်ရည်မှန်းဟန် ရှိသည်။ ထို့ပြင် သူ့အနေနှင့် သူဖြတ်သန်းခဲ့ရသည့် ဘ၀ခရီးသည် ပန်းခင်းလမ်းချည်း ဟုတ်ဟန်မတူ။ မြွေတံတား၊ ကျားခလုတ်၊ သစ်ငုတ်သင်ဖြူး၊ ဆူးမွေ့ရာချည့် မဟုတ်လင့်ကစား အများစုသော ပညာတတ် လူတန်းစားတို့ ဖြတ်သန်းကြီးပြင်းခဲ့ရသလို သာတောင့်သာယာများက များလှဟန် မရှိ။ ဤခံယူချက်၊ ဤအတွေ့အကြုံများဖြင့် သူသည် ဤကဗျာကလေးများကို ရေးစပ်ထားပုံရ သည်။ ဖော်ပြပါ ခုနှစ်သက္ကရာဇ်တို့ကို ထောက်ခြင်းအားဖြင့် သူ့ကဗျာ သက်တမ်းသည် ဘာမျှလည်း မကြာလှသေး၊ ၇ နှစ်မျှသာ ရှိပေသေးသည်။
မောင်ကြည်အောင်က အနုပညာသည် အနုပညာအတွက် သက်သက်ဆိုသည်ကို လက်မခံ၊ အလှသည် အလှသက်သက်ပင်ဖြစ်သည် ဆိုလျှင် ထိုအလှ၌ ဘာတန်းဘိုးရှိသနည်း ဟု သူက အောက်မေ့ပုံ ရသည်။ အလှသည် အကျိုးရှိသော အလှ၊ လူကို အကျိုးပြုသော၊ ကျေးဇူးပြုသော အလှဖြစ်ရမည်ဟုလည်း ကိုင်ဆွဲထားဟန် ရှိသည်။ သူက သူ့ကဗျာကို လှရုံအတွက်၊ သို့မဟုတ် ကာရန်ပြေရုံအတွက် နားဝင်ပီယံ သက်သက်ဖြင့် မဖွဲ့။ သူ့ကဗျာသည် တိုလိုက တိုပေမည်၊ ရှည်လိုက ရှည်ပေမည်။ သို့သော် ထို အတိုအရှည်တို့၌ သူယုံကြည်ချက် တကွက်ပါလေသည်ချည်း တွေ့ရသည်။ သူသည် အကြောင်းအရာမရှိဘဲ စာစီကုံးသူမျိုး မဟုတ်။ သူ့တွင် တစုံတခုသော ပြောစရာ၊ တစုံတခုသော ခံစားချက်၊ တစုံတခုသော အမြင် ရှိလေသည်။ ထိုအရာကို သူက ကာရန်ရှာ၍ ကဗျာဖွဲ့ထားသည်။
စာရေးသည်ဖြစ်စေ၊ ကဗျာဖွဲ့သည်ဖြစ်စေ၊ တေးစပ်သည်ဖြစ်စေ မိမိတွင် ပြောစရာရှိမှ ရေးဖွဲ့စပ်သင့်ပါသည်။ ဘာဟူ၍ မည်မည်ရရ ပြောရန်မရှိ၊ မိမိက ဘာယုံကြည်သည်၊ ဘာကိုဦးတည်သည်ဟူ၍ မိမိကိုယ်နှိုက်က မပြတ်သားဘဲ စာရေးခြင်း၊ ကဗျာဖွဲ့ခြင်း၊ တေးသီခြင်း ပြုလျင် ပြောင်မြောက်သော စာ ကဗျာ တေးများ ထွက်နိုင်ဘို့ မရှိပါ။ နှင်အား မောင်းအားမပါသော စာငုတ်တုတ်များသာ ထွက်ပါလိမ့်မည်။
မောင်ကြည်အောင်သည် သူ့ရင်ထဲ၌ သူပြောချင်သည်ကလေးများ၊ သူခံစားရချက် ကလေးများ ခိုလိုးခုလု ရှိပုံရသည်။ ယင်း ခိုးလိုးခုလုကလေးများ ရင်တွင်း၌ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာသည့်အခါ သူက ကဗျာဖွဲ့သည်။ ကာရန် ရှာသည်။ ဥပမာ သူ့ ကဗျာတပုဒ်ဖြစ်သော မုဆိုးကြီး၊ သူတော်စင်၊ နွားကျောင်းသူ ကဗျာ၌ သူတွေးမိသည့် အချက်တချက်ကို ကဗျာဖတ် သူသို့ သူက လက်ဆင့်ကမ်းလေသည်။
လက်တွင် မြွေဆေးနှင့်မိန်းမပျိုကို မြို့သူ အဆင်အပြင်နှင့် မြင်တွေ့လာသောအခါ တောမှ မြို့တက်၍ ပျက်ရသူ လုံမငယ်ကို သူက သနားသည်။ လူ့ဒုက္ခိတ ပိုးတုံးလုံးမကို ပွဲပြ၍ စားရသည့် ဤလောကကိုလည်း ရက်စက်ပါပေ့ဟု သူက ရင်နာသည်။ အရူးမ သားပိုက်ကောင် ဘ၀ ရောက်အောင် ပို့ရက်ကြသည်တကားဟုလည်း သူက စက်ဆုပ်သည်။ ထီလက်မှတ် သုံးစောင်မှ အတိတ်ကို ဖတ်ယင်း ယနေ့ လူနေမှု စနစ်ကား ဘ၀လုံခြုံမှုဟူ၍ ဘာကမှ မရှိပါတကားဟုလည်း သူက လူမှုရေး စီးပွါးရေး သံဝေဂဖြစ်သည်။ သူသည် ဘုရားပွဲကို လည်မည်၊ ဆွမ်းတော်တင်ပွဲတွေကို မြင်မည်၊ သစ်သီးစင်မှ စားချင်စဖွယ်တို့ကို စားချင်ရှာသူ မ၀မလှသော လူတန်းစားကို ကြည့်၍သနားလေသည်။ သူဌေးကြီးအိမ်က ခွေးသမင်နှင့် သူဌေးကြီး၏ ထမင်းချက်တို့ကိုလည်း သူက ဖြစ်ရလေခြင်းဟု အောက်မေ့တတ်လေသည်။ အရင်းရှင်လူ့ဘောင်၏ အပ်ချစရာမရှိ ပြည့်နေသော ထိုအနာအဆာများကို ကြည်အောင်က ကာရန်ကလေးများ ရှာပြီး ကဗျာတို ကဗျာရှည်ကလေးများနှင့် ဖော်လှစ်သည်။
ကြည်အောင်သည် တဖက်က အရင်းရှင်လူနေမှုစနစ်ကြောင့် ကမောက်ကမ လူ့လောက ဖြစ်နေပုံများကို သတိထားမိသည်နှင့်အတူ မြန်မာ့ရိုးရာ ချစ်စဖွယ်ဓလေ့ကလေး များကိုလည်း အငးဝသားတဦးအနေနှင့် ဖက်ပွေ့၍ထားလေသည်။
ကြည်အောင်၏ လာလာလေလိုက်ခဲ့တော့ ကဗျာကို ဖတ်ရသည်မှာ သူနှင့်အတူ တောအပျိုကို မိန်းမခိုးလိုက်ရသကဲ့သို့ ခံစားရသဖြင့် ပျော်စရာကောင်းလှသည်။ ကြည်အောင်၏ နိဗ္ဗာန်ဈေးမှာကား လင်မရနိုင်သည့် အပျိုကြီးမကို သူ့ဇာတ်လိုက်နှင့်အတူ ရောလျက် မျက်စောင်းထိုးမိလိမ့်မည်။
ထို့အပြင် စလေဆရာကြီး ဦးပုည၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ မြို့မငြိမ်းတို့ကို မြတ်နိုးနှစ်ခြိုက်သောအားဖြင့် ကြည်အောင်က ဤပုဂ္ဂိုလ်များအပေါ် သူ့လေးစားမှုကို ကဗျာနှင့် ဂုဏ်ပြု ဖော်ထုတ်ထားလေသည်။
ကြည်အောင်၏ ကဗျာများတွင် စစ်ဆန့်ကျင်ရေး၊ ညူကလီးယားလက်နက် ပိတ်ပင်ရေး နှင့် ပြည်တွင်းစစ်၏ ဒဏ်ရာ ဒဏ်ချက်များကို ဖော်ထုတ်သည့် ကဗျာအပုဒ်ပေါင်း အတော်များများ ပါသည်။ ဒုတိယကမ္ဘာစစ်ကြီး၏ မီးလျှံတွင်းဝယ်၊ ရူးသွပ်သွားသော အမေရိကန်လေသူရဲ၊ မမွေးခဲ့သော ကလေးငယ်၊ မပြီးသေးသောစစ်၊ ငြိမ်းချမ်းရေးသို့ စသည့် ကဗျာများသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို တမ်းတ စပ်ဆိုသည့် ကဗျာတွေ ဖြစ်သည်။
စင်စစ် သူ့ကဗျာစာအုပ်ငယ်သည်၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ကလောင် ကဲ့သို့ သူ့ကလောင်ကို နှင်နိုင်ပါစေကြောင်းအတွက် ကလောင်သွေးသည့် စာအုပ်ငယ် ဖြစ်သည်ဟုပင် ဆိုချင်သည်။
သူက ဤကမ္ဘာ၌ နယ်ချဲ့စနစ်၊ လူနှင့်လူချင်း ခေါင်းပုံဖြတ်စနစ် မရှိမှ စစ်ဘေးစစ် ရန်ကင်း၍ ဤကမ္ဘာ ငြိမ်းချမ်းသာယာမည်၊ ကမ္ဘာငြိမ်းချမ်းသာယာမှ မြစ်ချောင်းအင်းအိုင် အသီးသီး၌ လမင်းတရာသာနိုင်မည်၊ လမင်းတရာ သာနိုင်ပါမှ ကဗျာဆရာတို့ ချမ်းမြေ့ရွှင်လန်းစွာ ကဗျာသီကုံးနိုင်ပေလိမ့်မည်ဟု ဆိုလိုသည်။ ထို့ကြောင့် သူ့ကဗျာစုကို လည်း လမင်းတရာသာစေကြောင်းအတွက် နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ်ရေးနှင့် ငြိမ်းချမ်းဆီသို့ ဦးတည်ပြီး သူခံယူသော အဘိဓမ္မာ၊ သူပွေ့ပိုက်သော ယုံကြည်ချက်များကို သူဖြတ်သန်းခဲ့သည့် ခရီးကြမ်းတို့မှ အတွေ့အကြုံများနှင့် အင်းဝအညာသား၏ ဝေါဟာရဘဏ်မှ ကာရန်ရှာလျက် ဤကဗျာစုကို မွေးထုတ်ခြင်း ဖြစ်တန်ရာသည်။
ကြည်အောင် မျှော်မှန်းသည့် လမင်းတရာ သာသည့်ခေတ်ကား ဝေးကွားလှတော့မည် မဟုတ်။
ကြည်အောင်ဖွဲ့ဆိုသည့် ဗီယက်နမ်ပြည်သူများ ကဗျာတွင် ပါသကဲ့သို့ တရားသောစစ် နှင့် မတရားသောစစ်ကို ခွဲခြားလျက် တရားသော စစ်ပွဲများ ဆင်နွှဲကြသူတွေမှာ အာရှတွင်သာမက အာဖရိကနှင့် လက်တင်အမေရိက တိုက်ကြီးတွင်လည်း အများအပြားပင် ရှိနေလေပြီ။ နိုင်ငံတကာရှိ ဤ ပြည်သူတကာ၏ မရပ်မနား လှုပ်ရှားရုန်းကန်မှု၊ ဗမာပြည်သူ၏မရပ်မနား လှုပ်ရှားရုန်းကန်မှု များကြောင့် မဝေးကွာလှတော့သည့် အနာဂတ် ကာလ၌ လမင်းတရာသာနိုင်တော့မည် ဧကန်ဖြစ်ပါ သတည်း။
အမာ။
အချစ်
ရေးသူ- ကြည်အောင်
အဖိုးအိုလျှင်.....
ညောင်ညိုရိပ်အောက်၊ ပုဆိန်မြှောက်ကာ
ထင်းပေါက်ခွဲပြီး၊ ချွေးဖြာစီး၏။
အဖွားအိုက....
ရေချိုတခွက်၊ လက်လှမ်းဆက်သည်
အော်.... သက်ရွယ်ခါးကုန်း၊ သွားကြွေပြုန်းလည်း
ချစ်တုန်းခင်တုန်းပါတကား။
ငွေတာရီမဂ္ဂဇင်း ၁၉၆၃
{ကြည်အောင်-လမင်းတရာကဗျာများ၊ ပဌမနှိပ်ခြင်း၊ ၁၉၆၃ ခု၊ မှ ကူးယူဖော်ပြပါတယ်။}

Friday, March 27, 2009
လမင်းတရာ
ရေးသူ- ကြည်အောင်
လမင်းတရာ၊ ညအခါဝယ်
ကမ္ဘာအနှံ့ သာလျက်ပါ။
တရုတ်ပြည်မှ.....
ရေကြည်ရစ်ဖြာ၊ မြစ်သဲဝါ၀ယ်
ညခါလမင်း၊ ရေသောက်ဆင်း၏။
ဆိုဗီယက်မှ.....
မြစ်မစိမ်းပြာ၊ ဗော်လဂါဝယ်
ညခါလမင်း၊ ရေချိုးဆင်း၏။
တိုင်းအီဂျစ်၏.....
နိုင်းမြစ်ရေပြင်၊ လမင်းရှင်သည်
ပျော်ရွှင်ကခုန်၊ လှိုင်းရေစုန်နှင့်။
မစ္စစ္စပီ၊ မြစ်နဒီဝယ်.....
သိင်္ဂီရွှေနှိုင်း၊ လမင်းဝိုင်းသည်
ရေလှိုင်းယက်ကြား၊ ပြေးကစားလျက်။
အိန္ဒိယ၏.....
မြစ်မဂင်္ဂါ၊ ရေကြည်ပြာဝယ်
ညခါလ,ရိပ်၊ လျောင်းပျော်အိပ်လျက်။
ပြည်မြန်မာ၏.....
ဧရာဝတီ၊ ရေပြာကြည်ဝယ်
ပီပီရွှန်းရွှန်း၊ လပြည့်ဝန်းသည်
ပေါ်ထွန်းကြည်လင်၊ ရွှေရိပ်ထင်လျက်
ရေပြင်လှိုင်းယက်၊ တလက်လက်။
လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်အစဉ်ပါတကား။
သို့တစေလည်း.....
သူ့ရေမြေပေါ်၊ စစ်ကျူးကျော်သော်
ရွှေလှော်အဆင်း၊ ဖိုးလမင်းသည်
မြစ်တွင်းငုပ်လျှိုးသွားတကား။
မြစ်မရေတွင်း၊ စစ်ကျော်နင်းလျင်
လမင်းမှုန်ရီ၊ သွေးစွန်းနီကာ
ပီပီမလင်းနိုင်ရှာပေ။
ကမ္ဘာမြေပေါ်.....
ကျူးကျော်စစ်ခင်း၊ နယ်ချဲ့နင်းက
လမင်းတရာ မသာနိုင်။
လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်ထိန်ကြည်၊ ငြိမ်းအံ့ရည်၍
တိုင်းပြည်ကိုကျူး၊ နယ်ချဲ့ရူးကို
တပ်ဦးဖွင့်ကာ တော်လှန်သည်။
နယ်ချဲ့ကင်းမှ.....
လမင်းလည်းသာ၊ ကမ္ဘာလည်းအေး
တေးလည်းအနှံ့၊ ပန်းသင်းပျံ့လိမ့်
နိုင်ငံ့ပြည်သူ နိုးကြားသည်။
နယ်ချဲ့ကင်း၍.....
လမင်းတရာ၊ သာသောခါဝယ်
ကမ္ဘာငြိမ်းချမ်း လာလိမ့်တကား။ ။
ကြည်အောင်
၁၉၆၃
ကမ္ဘာအနှံ့ သာလျက်ပါ။
တရုတ်ပြည်မှ.....
ရေကြည်ရစ်ဖြာ၊ မြစ်သဲဝါ၀ယ်
ညခါလမင်း၊ ရေသောက်ဆင်း၏။
ဆိုဗီယက်မှ.....
မြစ်မစိမ်းပြာ၊ ဗော်လဂါဝယ်
ညခါလမင်း၊ ရေချိုးဆင်း၏။
တိုင်းအီဂျစ်၏.....
နိုင်းမြစ်ရေပြင်၊ လမင်းရှင်သည်
ပျော်ရွှင်ကခုန်၊ လှိုင်းရေစုန်နှင့်။
မစ္စစ္စပီ၊ မြစ်နဒီဝယ်.....
သိင်္ဂီရွှေနှိုင်း၊ လမင်းဝိုင်းသည်
ရေလှိုင်းယက်ကြား၊ ပြေးကစားလျက်။
အိန္ဒိယ၏.....
မြစ်မဂင်္ဂါ၊ ရေကြည်ပြာဝယ်
ညခါလ,ရိပ်၊ လျောင်းပျော်အိပ်လျက်။
ပြည်မြန်မာ၏.....
ဧရာဝတီ၊ ရေပြာကြည်ဝယ်
ပီပီရွှန်းရွှန်း၊ လပြည့်ဝန်းသည်
ပေါ်ထွန်းကြည်လင်၊ ရွှေရိပ်ထင်လျက်
ရေပြင်လှိုင်းယက်၊ တလက်လက်။
လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်အစဉ်ပါတကား။
သို့တစေလည်း.....
သူ့ရေမြေပေါ်၊ စစ်ကျူးကျော်သော်
ရွှေလှော်အဆင်း၊ ဖိုးလမင်းသည်
မြစ်တွင်းငုပ်လျှိုးသွားတကား။
မြစ်မရေတွင်း၊ စစ်ကျော်နင်းလျင်
လမင်းမှုန်ရီ၊ သွေးစွန်းနီကာ
ပီပီမလင်းနိုင်ရှာပေ။
ကမ္ဘာမြေပေါ်.....
ကျူးကျော်စစ်ခင်း၊ နယ်ချဲ့နင်းက
လမင်းတရာ မသာနိုင်။
လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်ထိန်ကြည်၊ ငြိမ်းအံ့ရည်၍
တိုင်းပြည်ကိုကျူး၊ နယ်ချဲ့ရူးကို
တပ်ဦးဖွင့်ကာ တော်လှန်သည်။
နယ်ချဲ့ကင်းမှ.....
လမင်းလည်းသာ၊ ကမ္ဘာလည်းအေး
တေးလည်းအနှံ့၊ ပန်းသင်းပျံ့လိမ့်
နိုင်ငံ့ပြည်သူ နိုးကြားသည်။
နယ်ချဲ့ကင်း၍.....
လမင်းတရာ၊ သာသောခါဝယ်
ကမ္ဘာငြိမ်းချမ်း လာလိမ့်တကား။ ။
ကြည်အောင်
၁၉၆၃
Monday, March 23, 2009
မင်းသားကို ဆုံးမပုံ
ရေးသူ- ဒီးဒုတ်ဦးဘချို
ကျွန်ပ်သည် ဤကဲ့သို့ ဗဟန်းကောလိပ်၌ ဆရာလွန်းနှင့် အတူတူ အလုပ်လုပ်နေစဉ်၊ တနေ့သောအခါ မြန်မာမင်းတို့၏ အနွယ်အဆက် မင်းသမီးတပါးက မိမိ၏ လင်တော်မောင် မင်းသားသည် အစိုးရ၏ ထောက်ပံ့သော လခရိက္ခာတော်ကို အပျော်အပါးတို့ လိုက်စား၍ ဖြုန်းတီးပစ်သဖြင့် အမျိုးမျိုး ဒုက္ခရောက်ရကြောင်းနှင့် လင်သည်မင်းသားကို ဆိုဆုံးမပါမည့် အကြောင်း ဆရာလွန်းကို တောင်းပန်လေသည်။
တနေ့သောအခါ ကျွန်ပ်၏အိမ် လက်ဘက်ရည်ကြမ်းဝိုင်း၌ ဆရာလွန်းနှင့် အဆိုပါ မင်းသားတို့ ဆုံမိကြရာ၊ ဆရာလွန်းသည် တရားနည်းလမ်း အမျိုးမျိုးပြ၍ ဆုံးမလေသည်။ မင်းသားလည်း ဆရာလွန်းအား အမျိုးမျိုးသော ဆင်ခြေဆင်လက်တို့ဖြင့် ပြန်၍ ရယ်ရယ် မောမော စောဒကတက်နေရာ၊ နောက်ဆုံး၌ ဆရာလွန်းက "လူရင့်မကြီးက (ဒီး) ခေါ်ရာ လိုက်နေရင် ဘယ်နေရာကျမလဲ ကိုယ်တော်ကြီးရဲ့၊ အဲဒီစကားတလုံးကိုသာ မြဲမြဲမှတ်ထား...." ဟု ပြောလိုက်လေသည်။ မင်းသားလည်း ဆင်ခြေကပ်၍ မတက်နိုင်တော့ချေ။
ဤစကားတခွန်းကို ကျွန်ပ်သည် အသည်းနှလုံးတွင် ထွင်းထားဘိသကဲ့သို့ စွဲမြဲမှတ် သားထားရုံမျှမက အရွေလိုက်သော စရိုက်ဝါသနာရှိသည့် မိတ်ဆွေများအား၎င်း၊ တပည့်များ အား၎င်း၊ ဤစကားကို လေးလေးနက်နက် ဖောက်သည်ချခဲ့လေသည်။
ဤစကားတခွန်းသည် နားဝင်ပင် ကြမ်းသော်လည်း ယောက်ျားမှန်သမျှတို့အား များစွာ သတိသံဝေဂ ဖြစ်စေသော ဆင်ရိုင်းကို ကွပ်ကဲစိုးအုပ်သော ချွန်းနှင့်တူသော စကားဖြစ် လေသည်။ ဤစကားတခွန်းကို မြန်မာအမျိုးသား ယောက်ျားမှန်သမျှတို့အား ယခုကျွန်ပ်သည် မေတ္တာလက်ဆောင်အဖြစ်ဖြင့်လည်း ကမ်းလှမ်းလိုက်ပါ၏။
ဒီးဒုတ်ဦးဘချို
{သိန်းဖေမြင့်ရေး သခင်ကိုယ်တော်မှိုင်း-ဦးလွန်းအတ္ထုပ္ပတ္တိ တတိယနှိပ်ခြင်း၊ ၁၉၆၄ ခု၊ စက်တင်ဘာ၊ စာအုပ်မှ ကူးယူဖော်ပြပါတယ်။}

ဆရာလွန်းကိုစ၍ ကြည်ညိုခြင်း
ရေးသူ- ဒီးဒုတ်ဦးဘချို
ကျွန်ပ်သည် မြန်မာစာပေတို့ကို ၀ါသနာထုံသည့်အလျောက်၊ ကဗျာင်္လကာမှုတို့ကို ၀ါစုက္ကဌပြုခဲ့ရာ၊ မစ္စတာမောင်မှိုင်း အမည်ဖြင့် သူရိယသတင်းစာတွင် ရေးသားသော ဆောင်းပါးအဖြာဖြာ၊ မှာတော်ပုံကျမ်း၊ ဗိုလ်ဋီကာဆောင်းပါးစသော စာပေတို့သည်၊ ကျွန်တော် ၏ ကဗျာမှုတွင် ဆရာသဘွယ်ဖြစ်၍၊ မစ္စတာမောင်မှိုင်းဟူသော ပုဂ္ဂိုလ်ကို မမြင်ဘူး မတွေ့ဘူးသော်လည်း၊ ထိုအမည်ကိုပင် ထာဝစဉ်ကြည်ညိုကာ၊ ရေးထားသမျှ စာပေကို အလေးဂရု အထူးပြုခဲ့ပါသည်။ ဆရာလွန်း ရေးသားစီရင်သော ကဗျာသာရတ္ထသဂြိုဟ်ကျမ်း သည် ကျွန်ပ်အား ကဗျာပညာ၏ ဘဏ်တိုက်ကြီးကို ဖွင့်လှစ်ပေးသောစာအုပ်ကြီး ဖြစ်ပေ တော့၏။ ထိုစဉ်အခါ ကျွန်ပ်မှာ ဟင်္သတမြို့တွင် နေထိုင်ခိုက် ဖြစ်၏။
တနေ့သောအခါ သူရိယသတင်းစာတွင် ပါရှိသော မစ္စတာမောင်မှိုင်း၏ ဆောင်းပါး တစောင်တွင် မဟာကဗျာလေးချိုးတပုဒ်မှာ အအုပ်အခံ ကာရံချွတ်ချော်တိမ်းပါးနေရာ၊ ထိုချွတ်ချော်မှုကို ညွှန်ပြသော ဆောင်းပါးတစောင် တပည့်မကေသာဝတီ ကေလာသ ဟူသော အမည်ဖြင့် သူရိယသို့ ရေးသားပေးပို့လိုက်၏။
မကြာမီ ပမာဒ လေခဖြစ်၍ ထိုကဗျာ၌ ကာရန်တိမ်းပါးသွားခြင်းကို ၀န်ခံပြီးနောက် ဤသို့ညွှန်ပြခြင်းအတွက် အထူးကျေးဇူးတင်ကြောင်းကို လေးချိုးတပုဒ်ရေးသား၍၊ ကာရန် ပြင်ဆင်ချက်နှင့်တကွ၊ သူရိယမစ္စတာမောင်မှိုင်း ဆောင်းပါးခဏ်းတွင် ဖြေကြားထားသည်ကို တွေ့ရှိရသော ကျွန်ပ်မှာ မိမိမမြင်ဘူးသော ဆရာ၏အပေါ်၌ ကြည်ညိုရင်းထက် ဆထက် ထမ်းပိုးတိုး၍ ကြည်ညိုလာလေသည်။
ရှေးခေတ်ကို အလေးဂရုပြုခြင်း
မြန်မာပြည်၌ ပထမသပိတ်မှောက်ကိစ္စကြီး ဖြစ်ပေါ်ခဲ့ပြီးနောက်၊ နေရှင်နယ်ကောလိပ် ကျောင်းကြီးကို တည်ထောင်ကြသောအခါ ကျွန်ပ်သည် အစိုးရအမှုထမ်းမှ ထွက်ခဲ့၍ အဆိုပါ နေရှင်နယ်ကောလိပ်ကြီးတွင် မြန်မာစာပို့ဆရာအဖြစ် အမှုထမ်းရန် ရောက်ရှိလာသောအခါ ဆရာလွန်းကို ပထမအကြိမ် မြင်ဘူးရလေသည်။ ဆရာလွန်းမှာ မြန်မာဘာသာ "ပရော်ဖက်ဆာ" ရာထူးဖြင့် ထိုအခါ ထမ်းရွက်လျက် ရှိလေသည်။ ကျွန်ပ်ရောက်ရှိသောအခါ မြန်မာစာပေနှင့် ကဗျာကို၊ ကျွန်ပ်အား လုံးဝတာဝန်လွှဲပေးလျက်၊ ဆရာလွန်းမှာကား မြန်မာရာဇ၀င်ကို အထူးတလည် ပိုင်နိုင်စွာ တပည့်တို့အား သင်ကြား ပြသလေသည်။ ဆရာလွန်းသည် ရှေးအခါက စာသင်ကျောင်းတွင် ဆရာလုပ်ခဲ့ဘူးသူလည်း မဟုတ်။ ဆရာဖြစ် စာမေးပွဲများကို ၀င်ရောက်ဖြေဆို အောင်မြင်ခဲ့ဘူးသူလည်း မဟုတ်ပါလျက်၊ ရာဇ၀င်ကို သင်ကြားပြသရာ၌ တပည့်တို့ ဥဏ်အမြင်ကျယ်စေရန်၊ မှန်နန်းရာဇ၀င်ကို၊ ဦးကုလားရာဇ၀င်၊ တွင်းသင်းရာဇ၀င်၊ မုံရွေးရာဇ၀င်၊ သစ်ဆိမ့်ရာဇ၀င် အစရှိသော ရာဇ၀င် အစောင်စောင်တို့ဖြင့် နှိုင်းယှဉ်ပြသောအခါ၊ ၀ိနိစ္ဆယချမှတ်ပုံ၊ ရာဇ၀င်ပါ စကားတလုံး၊ အတ္ထုပ္ပတ္တိတခု၏ အခြေအမြစ်တို့ကို၊ ကျောက်စာများ၊ သံပိုင်းသမိုင်း ဧချင်း မော်ကွန်း၊ ရာဇ၀င် သံပေါက် သာချင်းတို့ဖြင့် ညှိနှိုင်းရှာဖွေ၍ ပြသပုံ အစရှိသည်တို့ကို တွေ့မြင်ရသော ကျွန်ပ်မှာ အဘယ်မှာ မအံ့သြ မချီးမွမ်းဘဲ နေနိုင်တော့မည်နည်း။
ဤသို့ ပြသရာ၌၊ အင်္ဂလိပ်ရာဇ၀င်ဆရာတို့ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မြန်မာရာဇ၀င်မျှလောက်ကိုသာ သင်ခဲ့ဘူးသော တပည့်အချို့တို့သည်၊ တနေ့သောအခါ ဆရာလွန်းအား "ဆရာက ရှေးခေတ်အကြောင်း အလွန်ချီးကျူးပြီး၊ ရှေးမင်းများ၊ ရှေးမှူးမတ်များ ကောင်းကြောင်း လိမ္မာကြောင်းလောက်ကိုသာ ပြောသည်။ ရှေးခေတ်ဟောင်း ကို အောက်မေ့ဘွယ်ကြီးတရပ်ဖြစ်အောင် ဆရာအမြဲ ပြောသည်။ ကျွန်တော်တို့ စိတ်ထဲကဖြင့် မြန်မာဘုရင်တွေ မယားဒါလောက်များများ ယူတာကိုဘဲ၊ မနှစ်မြို့နိုင်၊ မယားတွေနှင့် အပျော်အပါး အားကြီးနေတာနှင့်ဘဲ တိုင်းပြည် ပျက်စီးကုန်တာဘဲလို့ ထင်မိတယ်....." ဟု စောဒက တက်ကြပါသည်။
ထိုအခါ ဆရာလွန်းက "ရှေးက မြန်မာဘုရင်တို့ မယားများများယူတာက ခုကာလ မင်းတို့ လက်ထက် ၀တ်လုံကောင်း၊ ဘုရားလူကြီး လူကောင်း အစရှိတဲ့ ဂုဏ်သရေရှိလို့ အခေါ်ခံတဲ့ကာလ လူကြီးလူကောင်းများ တော်သလင်းခွေးလို အရွေလိုက်တဲ့သဘောနဲ့၊ မယားများများ ယူထားတာ မဟုတ်ဘူးကွဲ့။ ဟိုရှေးခေတ်အခါက၊ ဒို့ဗမာပြည်မှာ ဧရာဝတီ မြစ်ကြောင်း ကလွဲလို့ လမ်းပမ်းမရှိ၊ စာတိုက်တို့ ကြေးနန်းတို့ မရှိသေး။ အဲသလို ခေတ်အခါမှာ တိုင်းပြည်အုပ်ချုပ်ရတာ မလွယ်ဘူးကွဲ့။ ဘုရင်ခံတဦးဦး နယ်စားပယ်စားတဦးက ပုန်ကန်တယ် ဆိုပါတော့၊ ခုကာလလိုဖြင့် ချက်ချင်း သံကြိုးနဲ့ သတင်းရ၊ မော်တော်ကား၊ မီးရထားနဲ့ စစ်တပ်လွှတ်ပြီး နှိမ်နင်းနိုင်မယ် မဟုတ်လား။ ရှေးကတော့ ပုန်ကန်တဲ့သတင်းကို ခြေလျင်တော်လွှတ်ပြီး၊ လမ်းမရှိတဲ့ ကုန်းကြောင်းခရီးနဲ့ သတင်းပို့ရမယ်။ ဒီတော့ (၁၀) ရက်လဲကြာမယ်၊ တလလဲ ကြာချင်ကြာမယ်။ အဲသလို ကြာနေတော့ မီးလောင်စကို မငြိမ်းသတ်နိုင်ဘဲ၊ မီးအားကောင်းမှ ငြိမ်းသတ်ရမယ်ဆိုတော့ မခက်ပါလား။ အဲဒါကြောင့် မီးကို မလောင်ခင်က တားရအောင် မယားများများယူရသကွဲ့။ ဥပမာအားဖြင့် ယိုးဒယားသွားတိုက်လို့ နိုင်ပါပြီဆိုပါတော့၊ ယိုးဒယားပြည် ဘုရင်ခံ ခန့်အပ်ပြီး ပြန်လာခဲ့ပါလျှင် တောအထပ်ထပ် တောင်အထပ်ထပ် ဖြတ်ကျော်ပြီး၊ တလ နှစ်လ သွားရတဲ့ ခရီးဖြစ်တော့ တပ်မတော်ကြီး နေပြည်တော်ကို ပြန်မဆိုက်ခင်၊ ယိုးဒယားမှာ ပုန်ကန်ပြီး မြန်မာဘုရင်ခံနှင့် မြန်မာတပ်သား တစု သတ်ပစ်လိုက်မှာပေါ့ကွ။ ဒီသတင်းကိုလဲ တလ နှစ်လကြာမှ ကြားရမယ်မဟုတ်လား။ ဒါကြောင့် ယိုးဒယားပြည်ကို အလိုတော်ပြည့်လျင် ဘုရင့်သမီးတော်ကို ဆက်စေတော့၊ သမီးရှင်ကလည်း ငါ့သမီး ဘုရင်ကတော်ပေလို့ ကြေနပ်စရာရှိတယ်၊ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်မယ်ဆိုလျှင်လည်း သမီးတော်ကို သတ်ပစ်မှာ စိုးရတယ်။ ဒါကြောင့် ပုန်မကန်ဝံ့ဘူး...။ အဲဒါတွေအပြင် ကိုယ့်တိုင်းပြည်ထဲမှာပင် တန်ခိုးကြီးတဲ့ ရမည်းသင်းစား သီလ၀တို့လို ဘုရင်ခံမျိုးကျတော့ ရှင်ဘုရင်ကတော် နှမပေးပြီး၊ ချော့ထားသေးသကွဲ့။ တချို့ စော်ဘွားများကိုလဲ အမြိတ်အစွန်းများနဲ့ လက်ထပ်ပေးထားရသကွဲ့၊ အသွားအလာ အင်မတန် ခဲယဉ်းတဲ့ ရှေးခေတ်မှာ ရှင်ဘုရင်က သူများနှမ၊ သူများသမီးကို ယူလဲယူရသကွဲ့၊ သူက ပြန်ပြီးလဲ ပေးရသကွဲ့။ အဲဒါတွေဟာ ယူချင်လို့ ယူရတာ မမှတ်နဲ့၊ မယူမဖြစ်လို့ ယူရတာ၊ ရာဇပရိယာယ်များလို့ မှတ်ရမယ်၊ ဒါမှ တိုင်းပြည် ငြိမ်ဝပ်ပိပြားတယ်။ ခုကာလမှာတောင် ဥရောပတိုက်မှာ ရှင်ဘုရင်တွေ ကြည့်စမ်း၊ လူမျိုးချင်းမတူဘဲ အင်္ဂလိပ်ဝိတိုရိယ ဘုရင်မကြီးက ဂျာမန်မင်းသားကို ယူတယ်၊ သူ့သားတော် ဧဒွပ်က ဒိန်းမတ်မင်းသမီး ယူတယ်။ အမျိုးမတူပဲ သူ့နှမငါယူ၊ ငါ့နှမသူ့ပေး လုပ်နေကြတာ၊ မင်းတို့က ကြိုက်လို့များ ယူကြတယ် ထင်ကြသလား။ ရှင်ဘုရင်တို့ မင်းညီမင်းသား မင်းသမီးတို့ ဖြစ်လာရင် မယားယူရေး လင်ယူရေးမှာ မင်းတို့လောက်မှ နေရာမကျဘူးကွ။ တိုင်းရေးပြည်ရေးကြည့်ပြီး မဟာမိတ်ဖွဲ့ဘို့ ယူကြရတာ၊ သူ့ခေတ်နဲ့သူ တော်အောင် ကြည့်လုပ်ရတာကွ... " ဟု ဆရာလွန်းက ပြန်၍ ဖြေကြားလေရာ၊ တပည့်တို့မှ တစုံတရာ စောဒက မတက်နိုင်ကြတော့ဘဲ ဟုတ်မှန်ကြောင်း ၀န်ခံကြရလျက်၊ ရှေးမြန်မာမင်းတို့အပေါ်၌ အထင်အမြင်သေးခဲ့သော စိတ်ထားများကို ပယ်ရှားရလေတော့ သည်။

Sunday, March 22, 2009
လွတ်မြောက်ရေး-ပြောက်ကျားခုခံမှုကားတချပ်
ရေးသူ- ဒဂုန်တာရာ
ခရေပင်ရိပ်
အရှင်လှုပ်ရှား၊ နေပြောက်ကျားဝယ်
မှုန်ဝါးထိုးဆင်၊ တွင်းပေါက်ဝင်က
သစ်ပင်ကိုင်းရွက်၊ တွဲလောင်းခက်သည်
မြေကွက်ဝင်္ကပါတည်း။ ။
ထိုနေရာဝယ်
ဇရာလိပ်တွန့်၊ ပါးပျဉ်းလွန့်နှင့်
စန့်စန့်မနေ၊ အမြစ်ခွေသည်
ဤမြေချာမင်း၊ ပင်ခြေရင်းရှိ
မြေတွင်းပေါက်ဝ၊ ကြွက်တကောင်သည်
အမှောင်ရိပ်သို့ ထွက်လေလျင်း။ ။
သစ်ခွကြားမှ
ဘွားကနဲထွက်၊ ကျီးပြာငှက်လည်း
ကိုင်းခက်ကိုလှုပ်၊ တောင်ပံသုတ်၍
ချောင်းကုပ်နေဟန်၊ ကြွက်မဲထံသို့
လျင်မြန်ထိုးချ၊ နှုတ်သီးဟလျက်
အ....အ....အော်ကာ တိုက်ခိုက်၏။ ။
ရှောင်တခင်လျင်
မြေတွင်းအောင်းကြွက်၊ ယာဉ်ပျံငှက်နှင့်
ကျသက်ခုန်ကြွ၊ လူးလိမ့်ကြလျက်
အ...အ..သံမြည်၊ ညံစည်စည်တည့်
နိုင်မည်ရှုံးခင်း၊ သတ်ပုတ်ခြင်းသည်
ရုန်းရင်းဆန်ခတ် ၀င်းဝင်းလက်။ ။
ပြင်းပြင်းထန်ပြီ
တပြန်စီလိမ့်၊ နပန်းလှိမ့်၍
သိမ့်သိမ့်ဘယ်ညာ၊ လူးလွန့်ကာလျင်
ကြွက်မှာပူးကပ်၊ မြောင်းရေစပ်သို့
လှည့်သတ်ပြောက်ကြား၊ တွန်းလှန်ငြားက
စွမ်းအား မနိုင့်တနိုင်ဖြင့်။ ။
နောက်ဆုံးတိုက်ပွဲ
ဆင်နွှဲမာန်ပြင်း၊ စစ်တလင်းဝယ်
တင်းတင်းအဟုန်၊ ကိုက်ခဲကုန်ပြီ
မုန်တိုင်းသေနင်္ဂဗျူဟာ။ ။
ဤတိုက်ပွဲတွင်
မဲမဲလှုပ်လှုပ်၊ သားချင်းမြုပ်လျက်
ဖြဲဆုတ်သွေးချင်း၊ လိမ်းကပ်ဆင်းကြ
မြှင်းမြှင်းထိုးဆွဲ၊ ကျီးပြာမဲကို
ပြန်ခဲကြွက်က၊ လှိမ့်လှိမ့်ချသော်
မြောင်းဝထိပ်စွန်း၊ ခုခံတွန်းယင်း
ကျီးကန်းရေသို့ကျလေ၏။ ။
ကြည့်နေစဉ်ပင်
နုံးအင်ပန်းလျ၊ ရွေ့ရွေ့ထ၍
ကင်းပလွတ်မြောက်၊ နဲ့နဲ့လျှောက်လျက်
ပေါက်ဝသူ့တွင်း၊ သက်ကာဆင်းသည်
ကြွက်မင်း ပြန်လည် မြေသို့အောင်းသတည်း။
ဒဂုန်တာရာ
သမာဓိသတင်းစာ၊ ၁၉၄၈။
{ဒဂုန်တာရာရဲ့ 'အလင်္ကာ' စာအုပ်၊ ၁၉၆၂ နိုဝင်ဘာ၊ ပထမနှိုပ်ခြင်းက ကူးယူဖော်ပြပါတယ်။}

သွေးစည်းညီညွတ်ကြ၊ သွေးမကွဲကြနဲ့........
ရေးသူ- ထက်မြက်
သွေးစည်းညီညွတ်ကြ၊ သွေးမကွဲကြနဲ့
ချစ်ခင်ရင်းနှီးကြ၊ အမုန်းမပွါးကြနဲ့..........
နာရီဝက်ခန့်သာ ကားမောင်းရသည်။ ဆရာနတ်နွယ်အိမ်သို့ ကျွန်တော်တို့ ရောက်လာ ကြလေသည်။ ရောက်နှင့်သူများလည်း ရောက်နေကြပြီ။ ဆရာချိန်(ပဲခူး)တို့ပင် စောစောစီးစီး ရောက်နေသည်။ ဆရာနတ်နွယ်တို့ ဇနီးမောင်နှံအပြင် ဆရာဌေးမောင်လည်း ရှိသည်။ ဆရာနတ်နွယ်အိမ်မှာ ယခင်က နှစ်ထပ်အိမ် မဟုတ်တော့ပါ။ နွယ်နီ ၃ လမ်းထိပ် လမ်းထောင့်က ခြံဝင်းလေးနှင့် တထပ်အိမ်လေး ဖြစ်သည်။
အိမ်ဝင်းထဲ ကျွန်တော်တို့ ၀င်လိုက်ချိန်တွင် ဆရာက ထိုင်နေပါသည်။ ဆရာ့မျက်နှာမှာ အမ်းနေသည်ဟု ကျွန်တော်ထင်သည်။ စကားပြောရာတွင် အားယူပြောရသည်။ နည်းနည်းဝါး သည်။ ဆရာ့နားမှာ ယခင်ကထက် ဆိုးနေသည်။ နားနားကပ်ပြီး ကျယ်ကျယ်အော်ပြောမှ ကြားရသည်။ ဆရာနတ်နွယ် အသက် ၇၇ နှစ် ပြည့်ပါပြီ။ အယ်ဒီတာဘ၀၊ စာရေးဆရာဘ၀ နှင့် ဆယ်စုနှစ် ၅ ခုခန့် ဖြတ်သန်းလာခဲ့သည်။ စာပေဘ၀ဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုပြီး စာရေးဆရာဘ၀ဖြင့် ရပ်တည်ခဲ့သည်။ စာပေသည် ပြည်သူကို အကျိုးပြုရမည်ဟူသော ယုံကြည်မှုဖြင့် ပြည်သူ့ဘက်မှနေ စိုက်လိုက်မတ်တတ် ရပ်တည်ခဲ့သူ ဖြစ်သည်။ တကွေ့တော့ တွေ့ကြဦးမည် ၀တ္ထုမှာ သူ၏ အကောင်းဆုံးစာအုပ်ဖြစ်သည်ဟု တချို့က သတ်မှတ်ပြီး၊ တချို့က မြန်မာပြည်မြောက်ပိုင်းသည် အကောင်းဆုံးဖြစ်သည်ဟု သတ်မှတ်ကြ၏။ ဆရာသည် လူထုသတင်းစာ၊ စုံထောက်မဂ္ဂဇင်း၊ မိုးဝေမဂ္ဂဇင်း၊ နွယ်နီမဂ္ဂဇင်းတို့တွင် လုပ်ကိုင်ခဲ့သည်။ ထူးချွန်အောင်မြင်သော အယ်ဒီတာ တဦးအဖြစ် စုံထောက်မဂ္ဂဇင်း၊ မိုးဝေမဂ္ဂဇင်းနှင့် နွယ်နီမဂ္ဂဇင်းတို့ကို ဂုဏ်သိက္ခာရှိစွာ စာပေစင်ပေါ် တင်ပေးခဲ့ပါသည်။
မနက် ၁၀ နာရီကျော်သည်နှင့် မဂ္ဂဇင်းများ၊ ဂျာနယ်များမှ အယ်ဒီတာများ၊ စာရေးဆရာများ၊ ကဗျာဆရာများ တဖွဲဖွဲ ရောက်လာကြ၏။ 'ကိုစိမ်းနီရော ' ဟု မေးကြည့်ရာ ဆရာဒဂုန်တာရာကို ၀င်ခေါ်နေသည်ဟု ပြောကြသည်။ ကျွန်တော်တို့လည်း ဆရာတာရာ အလာကို လည်တဆန့်ဆန့်ဖြင့် မျှော်နေပါသည်။ ဆရာနတ်ကလည်း မျှော်ပါသည်။ စင်စစ်အားဖြင့် ဆရာနတ်နွယ်နှင့် ဆရာဒဂုန်တာရာတို့ မဆုံခဲ့သည်မှာ နှစ်ပေါင်း ၃၆ နှစ်ခန့် ရှိပြီဟု ကျွန်တော်ထင်ပါသည်။ ဆရာတာရာက အောင်ပန်းတွေနေပြီး ဆရာနတ်က ရန်ကုန်တွင် နေသည့်အတွက်လည်း ဆုံတွေ့ဘို့ မကြုံကြိုက်သည်လည်း ဖြစ်နိုင်ပါသည်။ ဆုံတွေ့အောင် [ကျွန်တော်တို့၊ မောင်စိမ်းနီတို့၊ ကိုခါး(ကွမ်းခြံကုန်း)တို့လို ဖန်တီးသူများ] ကြိုးစားပေးသူများ မရှိခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။
တကယ်တော့ ဆရာတာရာနှင့် ဆရာနတ်နွယ်တို့အဖို့ မဆုံနိုင်စရာ၊ မတွေ့နိုင်စရာ၊ စကားမပြောနိုင်စရာ ဘာအကြောင်းမှ ခိုင်ခိုင်မာမာမရှိပေ။ တချို့ စာပေသဘောထား မတူညီမှုများ ရှိနိုင်ပါသည်။ သို့သော် အခြေခံ စာပေအယူဝါဒမှာ ကွဲပြားသည်ဟု ကျွန်တော်မထင်ပါ။ ဆရာတာရာနှင့်လည်း ကျွန်တော် ပြောဆို ဆွေးနွေးဖူးသည်။ ဆရာ နတ်နွယ်နှင့်လည်း ဆွေးနွေးခဲ့ဖူးသည်။ အယူအဆ အတူတူဖြစ်သည်။
၁၉၇၂ ခုနှစ်က ကျွန်တော်တို့ ရဲဘော်တစု ပြည်သူ့ကြယ်ဂျာနယ် ထုတ်ဝေခဲ့စဉ်က ဆရာနတ်နွယ်က 'အိပ်မက်တွင်တွေ့ဆုံခြင်း' အခန်း အမြဲရေးသည်။ ဆရာတာရာက ဗညားသီဟ 'စာပေစစ်တမ်း' နှင့် မောင်စိမ်းမြနာမည်ဖြင့် စာပေဆောင်းပါး အမြဲရေးပါသည်။ ထိုစဉ်က တို့ထိရေးရင်း လူငယ်ကဗျာဆရာတချို့ မိုးဝေတွင် ရေး၊ မရေး သဘောထား ကွဲခဲ့ကြသည်။ ကျွန်တော်က မိုးဝေတွင် မရေးရေး သဘောထားကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ အဓိကဦးတည်ချက်ကို ဆုပ်ကိုင်ကြ ဆိုသော ဆောင်းပါးတပုဒ်ကို ပြည်သူ့ကြယ်တွင် ကျွန်တော် ရေးခဲ့ပါသည်။ စာပေသမားများ စည်းလုံးညီညွတ်ကြဖို့ လှုံ့ဆော်ခြင်း ဖြစ်သည်။ ကျွန်တော်တို့သည် တနွယ်ထဲမှ အသီးများ ဖြစ်သည်။ တပင်ထဲမှ အရွက်များဖြစ်သည်။ ဦးတည်ချက်တူ၊ အယူဆတူသူများ ဘာကြောင့် ဘာကြောင့် မစည်းလုံးနိုင်သနည်း။ ဘာကြောင့် လက်မတွဲနိုင်သနည်း။ ဘာကြောင့်စကားမပြောနိုင်ရသနည်းဟု ကျွန်တော်ရေးခဲ့ ပါသည်။
၁၉၉၈ ဆရာမြသန်းတင့် ကွယ်လွန်စဉ်က ထိန်ပင်သင်္ချိုင်း ဆရာမြဈာပနတွင် ဆရာနတ်နွယ်နှင့် ဆရာဒဂုန်တာရာတို့ ဆုံခဲ့သည်ကို ကျွန်တော်တွေ့ခဲ့ပါသည်။ ဆရာမြ အလောင်းကို နောက်ဆုံးနှုတ်ဆက်ရင်း၊ ဆရာတော်ဦးပညာ၊ ဆရာဒဂုန်တာရာ၊ ဆရာ နတ်နွယ်နှင့် ကျွန်တော်တို့ စကားပြောခဲ့ကြပါသည်။
xxxx xxxxx xxxx xxxxx
မနက် ၁၀ နာရီခွဲခန့်တွင် ဆရာဒဂုန်တာရာ ရောက်လာပါသည်။ ဆရာနတ်နွယ်က ကားပေါ်က တွဲဆင်းလာသော ဆရာတာရာကို လက်ကို ဆုပ်ကိုင်ရင်း ကြိုဆိုပါသည်။ အလွန်ကြည်နူးစရာကောင်းသော မြင်ကွင်း၊ ပြန်လည်ဆုံဆည်းကြသော ဆရာ ၂ ဦး၏ Reunion ကို လူငယ်စာပေသမားများက ၀မ်းသာကြည်နူးစွာ ဓာတ်ပုံများ ရိုက်ကြသည်။ ပီတိဖြစ်ကြလေသည်။ ထိုအချိန်တွင် ဆရာမ ဒေါ်ခင်ဆွေဦးလည်း ရောက်လာပါသည်။ ဆရာတို့အားလုံး စားပွဲတွင်ထိုင်၍ စားသောက်ပြီးသည်နှင့်-
"ကြွရောက်လာတဲ့ မိတ်ဆွေစာပေသမားများ ခင်ဗျား၊ ဒီနေ့ဟာ ဆရာနတ်နွယ်ရဲ့ ၇၇ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ဒီလိုနေ့မှာ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ အယ်ဒီတာတွေ အားလုံးစည်းစည်းလုံးလုံးနဲ့ ဆုံစည်းကြစဉ်မှာ ဆရာဒဂုန်တာရာလည်း ရောက်ရှိလာတဲ့အတွက် ကျွန်တော်တို့ အားလုံး ၀မ်းမြောက်ကြည်နူးရပါတယ်။ ဒါကြောင့် ဆရာတို့က ကျွန်တော်တို့ လူငယ်စာပေသမားတွေကို သြ၀ါဒပေးဖို့ မေတ္တာရပ်ခံပါတယ်" ဟု ကျွန်တော်က ဆရာတို့ကို ပန်ကြားလိုက်ပါသည်။ ပထမဆုံး ဆရာဒဂုန်တာရာက ဆရာနတ်နွယ်၏ ၇၇ နှစ်မြောက် မွေးနေ့ကို တက်ရောက်ရသည့်အတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်း၊ ဆရာနတ်နွယ် ကျန်းမာစေဖို့လည်း ဆုတောင်းပါကြောင်း၊ ပြည်သူ့အကျိုး စာပေလောကအကျိုးအတွက် စာပေများ ဆက်လက်ရေးသားဖို့ ဆန္ဒပြုပါကြောင်း ဦးစွာပြောဆိုပြီးနောက်-
ဒီနေ့မှာလည်း ကျွန်တော်ပြောနေကျ ကျွန်တော်လက်ခံယုံကြည်တဲ့ ကျွန်တော့် သဘောထားကိုပဲ ပြောချင်ပါတယ်။ ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တာဟာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာဖြစ်တယ် ဆိုတာပါပဲ။ ငြိမ်းချမ်းရေးရရှိဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးအတွက်၊ ညီညွတ်ရေး ရှိရပါလိမ့်မယ်။ ညီညွတ်ရေးရရှိဖို့ လွတ်လပ်မှု ရှိရပါမယ်။ ပြည်သူအားလုံးတန်းတူ အခွင့်အရေးရှိမယ့် လွတ်လပ်မှုရမှ ညီညွတ်ရေးရမှာ ဖြစ်ပါတယ်-
ဟု ဆရာဒဂုန်တာရာက စာပေသမားအားလုံးကို သြ၀ါဒပေးပြီးသည့်အခါ၊ ဆရာနတ်နွယ်ကလည်း သူ၏ ၇၇ နှစ်မွေးနေ့သို့ စာပေသမားများ တက်ရောက်လာသည့် အတွက် ၀မ်းမြောက်ကြောင်း၊ ဆရာဒဂုန်တာရာနှင့်အတူယခုကဲ့သို့ စာပေသမား စုံစုံညီညီ လာရောက်ကြသည့်အတွက်လည်း ၀မ်းမြောက်ပါကြောင်း၊ နောက်ထပ် ရင်းနှီးခင်မင်သည့် စာပေသမားများလည်း လာရောက်ကြမည် ဖြစ်ကြောင်း၊ ဆရာဒဂုန်တာရာ၏ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး သဘောထားအတိုင်း အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိစေလိုသော ဆန္ဒရှိပါကြောင်း ပြောကြားသွားခဲ့သည်။
ဆရာမ ဒေါ်ခင်ဆွေဦးကလည်း ဆရာနတ်နွယ်နှင့် သူမတို့မှာ အသက်တူကြောင်း၊ လပိုင်းပင် ကွာလိမ့်မည်ထင်ကြောင်း၊ ယခု မွေးနေ့သို့ လာရောက်ရသည့်အတွက် ၀မ်းမြောက် ဂုဏ်ယူကြောင်း၊ ဆရာနတ်နွယ်အနေဖြင့် ကျန်းမာစွာ စာပေအကျိုးကို ဆက်လက်ထမ်းဆောင် သွားနိုင်ပါစေဟု ဆုတောင်းကြောင်း၊ ဆရာဒဂုန်တာရာ၏ ရန်သူမရှိ၊ မိတ်ဆွေသာရှိသော ငြိမ်းချမ်းရေး အယူအဆကို လက်ခံယုံကြည်ကြောင်းလည်း ဆရာမက ပြောကြားသွားခဲ့ လေသည်။
ကျွန်တော်တို့ အနေနှင့် စာပေသမားအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် မဖိတ်နိုင်ခဲ့ပါ။ မဂ္ဂဇင်း၊ ဂျာနယ်များကိုလည်း စုံစေ့အောင် အကြောင်းမကြားနိုင်ခဲ့ပါ။ ဆရာနတ်နွယ်ကလည်း ရင်းနှီးခင်မင်သူများကိုသာ သူ့မွေးနေ့ကို ဖိတ်နိုင်ခဲ့ပါသည်။ သို့သော် ထိုနေ့က လူတော်တော် စုံပါသည်။ ဆရာနတ်နွယ်၏ ယခင်မွေးနေ့များသို့ ကျွန်တော် မတက်ရောက်ခဲ့ဖူးပါ။ ယခု လောက် လူများသည်ဟုလည်း မကြားခဲ့ဖူးပါ။ ယခု ၇၇ နှစ် မွေးနေ့တွင်ကား မဂ္ဂဇင်း၊ ဂျာနယ်များ၊ လူငယ်စာရေးဆရာများ၊ ကဗျာဆရာများ တက်ရောက်လာကြပါသည်။
ဆရာ့အိမ်ရှေ့ခြံဝင်းလေးထဲရှိ စားပွဲကုလားထိုင်များ အားလုံး လူပြည့်ပါသည်။ ဆရာ့ အိမ်ထဲတွင်လည်း လူပြည့်ပါသည်။ အိမ်တွင်း နှင့် ခြံဝင်းအတွင်း ထိုင်စရာမရှိတော့သဖြင့် လမ်းပေါ်တွင် ထွက်ရပ်နေကြရပါသည်။
ဆရာဒဂုန်တာရာက ယခုနှစ်တွင် အသက် ၉၀ ရှိပါပြီ။ ထိုအသက်အရွယ်မှာ လူ့သက်တမ်း၏ အမြင့်ဆုံးအရွယ် ရောက်နေပြီ ဖြစ်သည်။ ဆရာသည် မျက်စိမကောင်း တော့ပါ။ သို့သော် ကျန်းမာရွှင်လန်းနေဆဲ ဖြစ်သည်။ ဆရာနတ်နွယ်မှာ ဆရာတာရာထက် ၁၃ နှစ် ငယ်သော်လည်း ကျန်းမာရေးမကောင်းလှပါ။ ဆရာနတ် ကျန်းမာရေးကို အားမရပါ။ သို့သော် ဆရာက သတိကောင်းပါသည်။ သူ့မိတ်ဆွေ စာပေသမားအားလုံးကို မှတ်မိပါသည်။ သူ့မွေးနေ့ကို ဂုဏ်ပြုလာသူ အားလုံးကိုလည်း လိုက်လံကြိုဆိုနှုတ်ဆက်ပါသည်။ ဆရာ ဒဂုန်တာရာနှင့် ဆရာနတ်နွယ်တို့ နှစ်ယောက် ယှဉ်တွဲစကားပြောနေသည့် မြင်ကွင်းကို ကျွန်တော့်မျက်စိထဲတွင် မပျောက်တော့ပါ။ တွေ့ဆုံစကားပြောလိုက်သည့် ရင်းနှီးချစ်ခင်မှု၊ ညီညွတ်ပေါင်းစည်းမှုကိုလည်း ကျွန်တော်မမေ့တော့ပါ။
မှတ်သားစရာ၊ အလေးအနက်ထားစရာ၊ နည်းယူဖွယ်ရာ၊ ဆုံတွေ့မှုကို စာပေသမား အားလုံးက အမှတ်ရနေပါသည်။ ငြိမ်းချမ်းမှ ညီညွတ်မည်။ ညီညွတ်မှ ငြိမ်းချမ်းပေမည်။ ညီညွတ်မှ လွတ်လပ်မည်ဆိုသော ဒဂုန်တာရာ၏ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ လွတ်လပ်ရေး၊ တန်းတူအခွင့်အရေးရရှိရေး တရားမှာ ကျွန်တော့်နားထဲ စွဲနေပါသည်။ ပထမမျိုးဆက်၊ ဒုတိယမျိုးဆက်၊ တတိယမျိုးဆက်စသော မျိုးဆက်အားလုံး စည်းလုံးညီညွတ်ကြဖို့ စာပေအကျိုး၊ နိုင်ငံအကျိုး သယ်ပိုးနိုင်ဖို့ ကြိုးပမ်းအားထုတ်သွားကြရမည်။ ဆရာနတ်နွယ်၏ မွေးနေ့မှ စာပေသမားများ၏ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး ပြယုဂ်သည် ကျွန်တော်တို့ အားလုံး အတွက် နိမိတ်လက္ခဏာဖြစ်နေသည်ဟု ခံစားမိပါတော့သည်။
ထက်မြက်။
{အလင်းတန်းဂျာနယ်၊ ၉၊ ဖေဖော်ဝါရီ ၂၀၀၉။}

Saturday, March 21, 2009
ဒဂုန်တာရာနှင့် ၇၇ ပြည့် နတ်နွယ်

နွယ်နီမဂ္ဂဇင်း တည်ထောင်သူ စာရေးဆရာနတ်နွယ်၏ အသက် ၇၇ နှစ်ပြည့်မွေးနေ့ အမှတ်တရပွဲကို ရန်ကုန်မြို့၊ မြောက်ဥက္ကလာ၊ နွယ်နီ ၃ လမ်း၊ နေအ်မ်၌ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျင်းပရာ မဂ္ဂဇင်းအသီးသီးမှ အယ်ဒီတာများ၊ စာရေးဆရာများ၊ ကဗျာဆရာများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။ မွေးနေ့ပွဲမှာ အထူးဖိတ်ကြားထားသည့် စာရေးဆရာကြီး ဒဂုန်တာရာလည်း တက်ရောက်ခဲ့ပါသည်။
အလားတူ စံပယ်ဖြူမဂ္ဂဇင်း တည်ထောင်သူ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးလည်း တက်ရောက်ခဲ့ပါသည်။
အခမ်းအနားမှာ ဆရာဒဂုန်တာရာမှ အမှာစကား ပြောကြားရာမှာ မိမိမှာ ရန်သူမရှိ၊ မိတ်ဆွေသာ ရှိကြောင်း၊ နိုင်ငံရေး လုပ်သည်မှာ ရန်သူကို မိတ်ဆွေဖြစ်အောင် ပြုလုပ်ခြင်းဖြစ်ကြောင်း။
ဆရာနတ်နွယ်က စာရေးဆရာများ စုံညီစွာတွေ့ရတဲ့အတွက် ၀မ်းမြောက်ကြောင်း ပြောကြားသွားခဲ့ပါသည်။
စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးက ဤမွေးနေ့ပွဲတွင် ဆရာနတ်နွယ်နှင့်အတူ ဆရာဒဂုန်တာရာကိုပါ အတူယှဉ်တွဲတွေ့ရသဖြင့် အထူးပင် ၀မ်းမြောက်ရပါကြောင်း ပြောကြား သွားပါသည်။ ဆရာနတ်နွယ်မှာ မိုးဝေမဂ္ဂဇင်းကို ၁၉၇၀ ၀န်းကျင်ကာလများက ဦးစီးဦးဆောင်ခဲ့ သူတဦးဖြစ်ပြီး ခေတ်ပေါ်ကာရန်မဲ့ ကဗျာများကို မိုးဝေမဂ္ဂဇင်းတွင် ဖော်ပြခဲ့ခြင်းဖြင့် မြန်မာနိုင်ငံတွင် ကဗျာပုံသဏ္ဍာန်တခု ပြောင်းလဲစေခဲ့ပြီး မိုးဝေကှာများကို မြန်မာစာပေသမိုင်း တွင် တင်ရစ်စေခဲ့သူ တဦးဖြစ်ပါသည်။ ဆရာမှာ ဇနီး၊ သား၊ မြေး ဆယ်ဦးနှင့်အတူ မြောက်ဥက္ကလာ၊ နွယ်နီ ၃ လမ်းတွင် နေထိုင်လျက် ရှိပြီး ယခုအခါ ကျန်းမာရေး အနည်းငယ်ချို့ယွင်လျက်ရှိသဖြင့် နေအိမ်မှာပင် အနားယူလျက် ရှိပါသည်။
အလင်းတန်းဂျာနယ်၊ ၉ ဖေဖော်ဝါရီ၊ ၂၀၀၉ မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
Rest of your post

Sunday, March 15, 2009
မတ်လ တော်လှန်ရေး
ရေးသူ- ဒဂုန်တာရာ
မိုးကုပ်ကုပ်ဝယ်
အို- ရုတ်တရက်၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ၊ ဟ ဟ လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်အဟုန်၊ နီမြန်းကုန်သည်
အာရုဏ်ပေါ်စ ၀ိုးတ၀ါး။
မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ်၊ ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း၊ မနီးမဝေး
ချောင်းရိုးဘေးမှ၊ ဖြေးဖြေးညှင်းညှင်း
လှေတစင်းထက်၊ တောတွင်းသားပျို
ဖျဉ်လက်တိုနှင့်၊ ကိုယ်ကိုဝပ်၍
စိုက်စိုက်ရွေ့သည်၊ ခြောက်သွေ့မြက်ထုံး
ကောက်ရိုးဖုံးလျက်၊ ကွယ်ပုန်းဝှက်လာ
ယူကာလက်ထောက်၊ အလျားမှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ်။
အမှောင်ရိပ်ဝယ်
မှေးမှိတ်ငြိမ်သက်၊ ချောင်းကွေ့ထက်တွင်
အုပ်ရှက်ထွေးရော၊ သင်ပေါင်းတော၏
နောက်ကျောစေးပျစ်၊ သောင်ရေစစ်မှ
ဖက်ဆစ်ကင်းစောင့် စစ်စခန်း။
ချောင်းကိုကွေ့သော်
တွေ့လျှင်တွေ့ချင်း၊ မြေငူရင်းသို့
ချဉ်းကပ်လှော်ကာ၊ နီး၍လာလျှင်
အသာရုတ်ချင်း၊ တိတ်ဆိတ်မင်းကို
ဖြိုခွင်းပြင်းထန်၊ သေနတ်သံသည်
မြစ်ယံ ပဲ့တင် ထပ်သတည်း။
ငွေလရောင်လျှင်
အမှောင်ညရိပ်၊ သေးသေးစိပ်သား
မိုးထိပ်တိမ်မော်၊ ငြိမ့်ငြိမ့်ပေါ်သည်
စန္ဒော်ပြုံးလှည့်၊ ငုံ့ကာကြည့်ရှင့်
ထွန်းသည့်ညဥ့်ခါ၊ ထိန်ထိန်သာသော်
ကျယ်စွဝန်းလျား၊ လယ်ကွင်းနားမှ
တောဖျားညို့အုပ်၊ မှိတ်တုတ်တုတ်လျှင်
ယိမ်းလှုပ်ပြကာ၊ မီးအိမ်ဝါနှင့်
အာကာပြာမှိုင်း၊ တွဲလွဲဆိုင်း၍
ဖြူဝိုင်းစက်စက်၊ ဆင်းလာသက်မှ
လက်လက်ရောင်ထင်၊ ကျသွင်သွင်သည်
လေယာဉ်ပေါ်မှ စစ်ရိက္ခာ။
ရွာတရွာကား
မှိုင်းပြာမဲညို့၊ မီးရှို့လောင်ကျွမ်း
တင်းဝင်ရမ်းကြောင့်၊ ပရမ်းပတာ
ထွက်ပြေးရှာရ၊ လဟာသွေ့သွေ့
ခိုးငွေ့ဝေေ၀၊ မီးလောင်မြေမှ
နွမ်းခွေပျောင်းယဲ့၊ ညင်းလေဖွဲ့က
သဲ့သဲ့ခွေးဟောင်သံတကား။
ခရေပွင့်လျှင်
ကြွေရင့်ဝါ၀ါ၊ မြေ၌မှာလျှင်
ရောကာပေါင်းရှက်၊ ဟောင်းသစ်ရွက်နှင့်
တ၀က်မောင်းနီ၊ ဝေ့လည်လည်ကို
လေချီသုတ်ဖြူး၊ နီဝါကူးသည်
နွေဦးပေါက်မို့ ရော်ရွက်ကြွေ။
ရင့်ကြွေညောင်းသည်
ရွက်ဟောင်းစွန့်ပစ်၊ ဘ၀သစ်သို့
သနစ်ပြောင်းမည်၊ ဖူးသစ်မီသည်
အနီထဲမှကြယ်ဖြူပွင့်။
ဒဂုန်တာရာ
{တာရာမဂ္ဂဇင်း၊ ၁၉၄၇}
[ဒဂုန်တာရာ၏ဒဂုန်တာရာ နှင့် သူ၏ကဗျာ၊ စာအုပ် ဒုတိယနှိပ်ခြင်း၊ ၁၉၆၇ မှ ကူးယူဖော်ပြပါတယ်။]

Wednesday, March 4, 2009
ဦးချစ်မောင်
ရေးသူ- သခင်သန်းမြိုင် (ပြည်သူ့အာဏာ-အယ်ဒီတာ)

(၁)
စကားစပ်မိ၍၊ သတင်းစာ-ဂျာနယ်ဆရာများအကြောင်း ပြောမိကြလျှင် ဦးချစ်မောင် သည် ပရိဿတ်အလယ်သို့ ၀င်လာတတ်ပေသည်။
လက်ဦးဆုံး တကယ်တန်း ဦးချစ်မောင်ကို သိအောင် ထောင်ထဲတွင် မိတ်ဆက်ပေး ခဲ့သူ မှာ သခင်တင်ဖေဖြစ်သည်။
လွန်ခဲ့သော ၇- နှစ်ခန့်က ဖြစ်လေသည်။
အပြင်လူ့လောကနှင့် အဆက်ပြတ်နေသော အချိန်ပေတည်း။
ကျဉ်းမြောင်းလှသော ထောင်နံရံအတွင်း၌ သခင်တင်ဖေနှင့် ကျွန်တော်တို့ စကားလက်ဆုံ ကျတိုင်းလိုပင်၊ သခင်တင်ဖေသည် သူသိသော ဦးချစ်မောင်အကြောင်းကို ပြောပြတတ်လေသည်။
သခင်တင်ဖေက ပုံစံဆေးလိပ်ကို ဖွာနေရာမှ ပြုံးပြီး ဦးချစ်မောင်နှင့် စာရေးဆရာများ အခန်းတခုတွင်စုပြီး နေခဲ့ပုံကို ခလေးများအား ပုံဝတ္ထုပြောပြသကဲ့သို့ ဇာတ်ကြောင်းပြန် လေ့ရှိလေသည်။
ကျွန်တော်က ပုံစံဆေးလိပ် လိပ်ရန်၊ ဆေးပြင်းလိပ်တလိပ်ကို မုတ်ဆိပ်ရိတ်သည့်ဓါးဖြင့် ပါးပါး ပါးပါးလှီးနေရာမှ နားထောင်နေလေသည်။
(၂)
အဲဒီတုန်းက- သိပ်ပျော်ဒါဘဲဗျာ၊ အကုန်စာရေးဆရာတွေချည့် စုနေကြတာကိုး။
တခါဟာ- နယ်ကဧည့်သည်တယောက် လာပြီးတည်းသွားတယ်။ ဧည့်သည်က သူပြန်တဲ့အခါမှာ ကျန်နေတဲ့လူတွေ သောက်ချင်ရင် သောက်ရအောင်ဆိုပြီး၊ ၀မ်းနှုတ်ဆေး ပုလင်းတလုံး ထားပစ်ခဲ့တယ်။ အဲဒီပုလင်းမှာလဲ စက္ကူကပ်ပြီး ၀မ်းနှုတ်ဆေးဆိုပြီး စာရေးထား တယ်။
ဒါပေမယ့် ဘယ်သူ လက်ကမြင်းတယ် မပြောတတ်ဘူး၊ နောက်တနေ့ကျတော့၊ "၀မ်းနှုတ်ဆေးမဟုတ်" ဆိုပြီး ဖြစ်နေပါရော။
ဒါတွင်မကသေးဘူး၊ တယောက်က "အဆိပ်" လို့ ထပ်ပြီး ရေးပစ်ခဲ့ပြန်ရော။ စာရေးဆရာတွေချည်း စုနေတော့ တယောက်ပြီးတယောက် လက်စွမ်းပြကြဒါပေါ့။
နောက်တခါ အဆိပ်နောက်ကဆက်ပြီး "ဟူ၍မဆိုလို" လို့ တယောက်က ရေးသွားတာ ပေါ့။
အဲဒီတော့ "၀မ်းနှုတ်ဆေးမဟုတ်၊ အဆိပ်ဟူ၍မဆိုလို" ဆိုပြီး စာကရှုပ်လာရော။
ဒါနဲ့- မရပ်သေးဘူး၊ နောက်တယောက်က ၀င်ဖြည့်လိုက်သေးတယ်။
"သို့သော်" တဲ့။
တခါ နောက်တယောက်က ဆက်လိုက်သေးတယ်။
"မသောက်ရ"
အဲဒါတောင်မဆုံးသေးဘူး။
နောက်ဆုံးမှာ "ဟုမမှတ်သင့်ပေ" လို့ ဆက်လိုက်သေးတယ်။
"၀မ်းနှုတ်ဆေးမဟုတ်၊ အဆိပ် ဟူ၍မဆိုလို၊ သို့သော်၊ မသောက်ရ ဟုမမှတ်သင့်ပေ"
အဲဒါနဲ့ဘဲ ၀မ်းနှုတ်ဆေးပုလင်းကို ဘယ်သူမှ မသောက်ဝံ့တော့ဘဲ၊ တခါတည်း လွှင့်ပစ်လိုက်ရတယ်။
ကိုချစ်မောင်နဲ့ စာရေးဆရာတွေ စုနေကြတုန်းကပေါ့။
ကျွန်တော်က ပြုံးလိုက်လေသည်။
(၃)
တခါဟာ- ကိုချစ်မောင် ဘူတာရုံကို သွားပြီး လူကြိုတာကိုး။ ရထားဆိုက်လာတဲ့အခါ၊ ရပ်ပြီး ဟိုကြည့်သည့်ကြည့် ကြည့်နေတုန်း၊ အမျိုးသမီးတဦးက၊ ရထားပြတင်းပေါက်က ခေါင်းပြူထွက်တဲ့ပြီး၊ ကူလီ- ကူလီ လို့ ခေါ်နေတာကိုး။
ကိုချစ်မောင်ကလဲ- လုံချည်တိုတို ခုံဖိနပ်နဲ့ စွပ်ပြဲအင်္ကျီကို ၀တ်လို့။
ကူလီ- ကူလီလို့ ခေါ်သံကြားတော့- ကိုချစ်မောင်က ဘေးပတ်လည်ကို ကြည့်သတဲ့။
ကူလီလဲ တယောက်မှ မတွေ့ဘူး။
နောက်တော့မှ ကူလီခေါ်သူကို ကြည့်လိုက်တော့၊ သူ့ကို ခေါ်နေကြောင်း သိရတယ်တဲ့။
ကိုချစ်မောင်ကလဲ ခေါ်တဲ့ဆီကို လျှောက်သွားတာပေါ့။
ကူလီခေါ်တဲ့ အမျိုးသမီးက ကိုချစ်မောင်လဲ အနားကိုရောက်လာရော၊ ၀မ်းသာအားရနဲ့ "ဒီလို ဒို့ဗမာ အမျိုးသားတွေ အခုလို ကူလီအလုပ်ကို ၀င်လုပ်လာတာ တွေ့ရတော့ ၀မ်းသာစရာဘဲ၊ ကျမက ဗမာအမျိုးသား အချင်းချင်းမှ ငှားချင်တာ" လို့ ပြောပြောဆိုဆိုဘဲ သားရေသေတ္တာတလုံးကို လှမ်းပေးလိုက်တယ်တဲ့။
အဲဒီအချိန်တုန်းက ဗမာပြည်မှာ အမျိုးသားစိတ်တွေ တက်ကြွနေတဲ့ အချိန်ပေါ့။ အမျိုးသမီးမှာ မျိုးချစ်စိတ်တွေ တက်ကြွနေတာကို မဖျက်ဆီးချင်တာနဲ့ဘဲ၊ ကိုချစ်မောင်က သေတ္တာကြီးကို ယူပြီ ထမ်းလိုက်ရောတဲ့။
သေတ္တာကိုထမ်းပြီး အမျိုးသမီးနောက်က လိုက်သွားတဲ့အခါမယ်၊ အမျိုးသမီးက သူ့ကို ကြည့်ပြီး ပြောသေးသတဲ့။
အမယ်လေး- ဒို့ဗမာတွေကတော့၊ ကူလီလုပ်နေတာတောင်မှ၊ မျက်မှန်ကြီး တပ်လို့။
အဲဒီတော့ ကိုချစ်မောင်က၊ ကျွန်တော် မွေးကတည်းက မျက်စိမွဲလို့ တပ်တာပါ၊ ဟန်ထုတ်ချင်လို့ မဟုတ်ပါဘူးလို့ ပြန်ပြောလိုက်တယ်တဲ့။
ဒါနဲ့ သရေသေတ္တာကို ထမ်းပြီးလိုက်ပို့လိုက်တာ၊ အမျိုးသမီးနေတဲ့တိုက်ရောက်သွားလို့၊ ပေးတဲ့ ကူလီခကို ယူပြီး ပြန်ဆင်းလာတဲ့အခါ၊ ခုံဖိနပ်ကြီးနဲ့ဆိုတော့ ချော်ပီး ဒလိမ့်ကောက် ကွေး ကျသွားပါလေရော။
အဲဒီဒင်- ကူလီအဖြစ် ငှားလာတဲ့ အမျိုးသမီးက၊ ကဗျာကရာ ဆင်းပြီးလာသတဲ့။
ကိုချစ်မောင် မျက်မှန်လဲ ကွဲသွားတာပေါ့။
အမယ်လေး- ဆင်းရဲရတဲ့အထဲ ဖြစ်မှ ဖြစ်ရလေ၊ မျက်မှန်က ဘယ်လောက်တန် သလဲလို့ အမျိုးသမီးက ဂရုဏာနဲ့ မေးသတဲ့။
အစိပ်လောက်တန်ပါတယ်ခင်ဗျာ။
ဒါနဲ့ သူ့ကို မျက်မှန်ဘိုး ထုတ်ပေးလိုက်တယ်တဲ့။
ကျွန်တော်သည် ဦးချစ်မောင်၏ စိတ်သဘောထားကို တွေးကြည့်နေမိသည်။
(၄)
သို့နှင့်ပင်- မမြင်ဘူး မတွေ့ဘူးဘဲ ဦးချစ်မောင်ကို စွဲလန်းလျက် ရှိသည်။
ကျွန်တော် အင်းစိန်ထောင်မှ လွတ်သောအခါ- ရန်ကုန် ရေကျော်မှ ဂျာနယ်ကျော် အလုပ်တိုက်သို့ ၀င်မိတော့သည်။ သိဟောင်းကျွမ်းဟောင်းတယောက် အိမ်တွင် ၀င်ရဘိ သကဲ့သို့ပင် စိတ်ထဲ၌ ဖြစ်နေသည်။
ဦးချစ်မောင်ကို မတွေ့၊ ဘယ်သွားနေသည် မသိ။ သို့နှင့်ပင် တဂျောင်းဂျောင်းနှင့် ရိုက်နေသော ဂျာနယ်ကျော် ပုံနှိပ်စက်ကြီးကိုသာ ငေးကြည့်ပြီး ထွက်ခဲ့ရသည်။
ထိုမှ နဂါးနီ အလုပ်တိုက်သို့ သွားပြီး နဂါးနီအယ်ဒီတာ ဦးထွန်းရွှေနှင့်သာ တွေ့ရတော့သည်။ ထောင်တွင်းမှ သခင်စိုး၏ မှာကြားချက်အရ သွားရခြင်းပင် ဖြစ်၏။ သခင်စိုး ရေးသော "လူ့လောကဖြစ်စဉ်" ဆိုသော စာအုပ်ကြီးကို ရိုက်နှိပ်ရေးကိစ္စပင် ဖြစ်သည်။
အဲဒီစာအုပ်ဘဲဗျဟု ဦးထွန်းရွှေက "လူ့လောကဖြစ်စဉ်" စာတွဲကြီးကို လှမ်း၍ ပေးလိုက်သည်။ ကျွန်တော်က ယူ၍ ကြည့်သည်။ အလွန်ပင် ကြီးကျယ်သည့် ကျမ်းကြီး တစောင်ပင် ဖြစ်သည်။
အဲဒါကို ပိုက်ဆံမရှိတာနဲ့ မရိုက်နိုင်သေးဘူးဗျာဟု ဦးထွန်းရွှေက ညည်းလေသည်။
ကျွန်တော်က ဘာမျှပြန်မပြော၊ ပုံမနှိပ်ရသေးသော စာအုပ်ကို အားပါးတရ သုတ်ခြေတင်ပြီး ဒုန်းစိုင်း၍ ဖတ်နေမိသည်။ ဦးဦးဖျားဖျား ပုံမနှိပ်ရသေးသည့် စာမူကို ဘတ်ရသည့် ကုသိုလ်ကံသည် နှယ်နှယ်ရရမဟုတ်။ ဧရာမ ကုသိုလ်ကံပင် ဖြစ်လေသည်။
ကျွန်တော် စာအုပ်ကြီးကို ဖတ်၍ ပြီးသောအခါ၊ ဦးထွန်းရွှေကို မတွေ့ရတော့။ ဘယ်အချိန်က ဘယ်ကို ထွက်သွားသည်မသိ။ ထိုအချိန်မှစ၍ နောက်ကိုလည်း ဘယ်နံရော အခါမျှ မတွေ့ရတော့။
ဦးချစ်မောင်ကိုမူကား ဂျပန်ခေတ်ရောက်တော့မှ တွေ့ရသည်။ ဤခေတ်မတိုင်မီအတွင်း မတွေ့ခြင်းသည် ချက်ချင်းလိုပင် ပြန်၍ ထောင်နန်းစံရသောကြောင့်တည်း။
(၅)
ဂျပန်ပန်ခေတ်တွင်၊ ကျွန်တော် ရန်ကုန်သို့ လာရောက်နေထိုင်သည်။ ထို့နောက် ဦးချစ်မောင်နှင့် ခင်မင်ရင်းနှီးသူတယောက် ဖြစ်လာသည်။
ဦးချစ်မောင်နှင့် စကားလက်ဆုံကျတိုင်း ကျွန်တော်မသိမှီခဲ့သော ရှည်ဝေးလှသည့် အတိတ်ကာလမှ အဖြစ်အပျက်ကလေးများကိုဖောက်သည်ချလေ့ရှိသည်။ နိုင်ငံတွင် စတင် ကျော်ကြားခဲ့သော စာရေးဆရာကြီးများအကြောင်းကို အထူးသဖြင့် ပြောသည်။
ဇေယျကြီးက စာရေးရာမှာ အတော်ကောင်းတာကိုး- ဆရာလွန်းကြီး (သခင်ကိုယ်တော်မှိုင်း)က သဘောကျတာနဲ့ သူ့သမီးနဲ့ ပေးစားလိုက်ရော ဟူသည်ကအစ ပီမိုးနင်းကြီးကို စက်ဘီးတိုက်သည်အထိ အားလုံးပြောနေတတ်သည်။
များသောအားဖြင့် ကျွန်တော်နှင့် ဦးချစ်မောင်သည် ဆိုက်ကားစီး၍ လည်ပတ်တတ်ကြ သည်။ ဦးချစ်မောင်က ရှေ့မှ ထိုင်၍ ကျွန်တော်က နောက်မှ ထိုင်တတ်သည်။ထို့နောက် ဗဟန်းမှ လက်ဘက်ရည်ဆိုင်များတွင် ကျက်စားကြလေသည်။
အသိများနှင့်တွေ့တိုင်း၊ ဦးချစ်မောင်က အတင်းခေါ်ပြီး လက်ဘက်ရည်တိုက်သည်။ သူရော ကျွန်တော်ပါ လက်ဘက်ရည်ကို သောက်ပြီးသော်လည်း၊ အသိနှင့်အတူ ထပ်သောက်ကြသည်။ သည်လိုနှင့် အသိနှင့်တွေ့တိုင်း- မရေတွက်နိုင်အောင် လက်ဘက်ရည် သောက်ကြသည်။ ဦးချစ်မောင်မှာ အတော်ပင် လက်ဘက်ရည်သောက်နိုင်ပါပေသည်။ ကျွန်တော်လည်း ခေသူမဟုတ်၊ လက်ဘက်ရည်ဆိုသည်မှာ ရေပင်ဖြစ်သည်။ အကြိမ်ကြိမ် ဘယ်နှစ်ခွက်ပင် သောက်ရစေကာမူ သောက်နိုင်ကြသူများ ဖြစ်ကြသည်။ အင်မတိ အင်မတန် ဘက်ညီပါပေသည်။ ဤသို့ လက်ဘက်ရည်သောက်လိုက် မုန့်စားလိုက်နှင့် နံနက်စာ မစားရသည်က များလေသည်။
အချိန်ကုန်တော့မှပင် အိမ်သို့ ပြန်ကြလေသည်။
မှတ်မှတ်ရရ တခါက ဆိုက်ကားဖြင့် အိမ်သို့ ပြန်ကြရာ၊ ဘာစိတ်ကူးနှင့်မသိ၊ ဦးချစ်မောင်က "ဗမာပြည်မှာ သိကြားမင်းဆိုရင် ရီစရာလို့ဘဲ အောက်မေ့အောင် ပြောင်လှောင်ရေးတာ ဘယ်သူလဲ" ကျွန်တော်အား မေးသည်။
ကျွန်တော်က ဇ၀နပေါ့ဟု ပြန်ပြီးပြောလိုက်သည်။
ဦးချစ်မောင်က ဘာမှ မပြောတော့၊ ဘာကြောင့် မေးသည်ကိုလည်း ကျွန်တော်မသိ။
(၆)
တခါက- ဗမာစာတော်အောင် ဘယ်လိုလုပ်ရမလဲဟု ကျွန်တော်က မေးသည်။
ဗမာစာတော်ချင်ရင်- မဃဒေ၀ကို ဘတ်၊ မဃဒေ၀ ဟာ ဗမာစာပေမှာ အကြွယ်ဝဆုံးဘဲ၊ ဟု သူက ပြန်ပြောလေသည်။
သို့နှင့် ကျွန်တော် မဃဒေ၀ကို ပြီးဆုံးအောင် ဘတ်ဘူးတော့သည်။ ဘတ်ရုံသာ ဘတ်ခြင်းဖြစ်သည်။ ဦးချစ်မောင်လိုတော့ သေချာစွာ မှတ်ခြင်းများ မရှိခဲ့။ ဦးချစ်မောင်မှာ မဃဒေ၀အတွင်းမှ စာညွန့်ကလေးများကို အာဂုံဆောင်ထား၍ တခါတခါတွင် အလျဉ်းသင့် လျှင် ရွတ်၍ ပြတတ်သည်။
ဤမျှ ဦးချစ်မောင်ထံသို့ ကျွန်တော်ချဉ်းကပ်ခဲ့သည့် အကြောင်းရင်း တခုမှာ သတင်းစာ ဂျာနယ်လုပ်ငန်းကို ၀ါသနာပါသောကြောင့်လည်း ဖြစ်လေသည်။
သတင်းစာ ဂျာနယ်ဆရာလုပ်တယ်ဆိုရင်- ကဗျာကိုလဲ ခေါက်မိရတယ်- ဟု ဦးချစ်မောင်က ပြောသည်။
ကျွန်တော့်ကို - သတင်းစာဆရာတဦး ဖြစ်လာစေချင်သူမှာ ဦးချစ်မောင်ပင် ဖြစ်သည်။
ကျွန်တော့်အား ကဗျာစပ်နည်းများကို သင်ကြားပေးသည်။ ဦးပုည ပြဇာတ်များလည်း အဘတ်ခိုင်းသည်။ ဦးတိုးရေးသည့် ရာမရကန်ကို သူအတော်နှစ်သက်သည်။
ဤသို့ စာပေနှင့် ပါတ်သက်၍ ဦးချစ်မောင်ထံမှ ဗဟုဿုတ ဆီးပူးခြင်း ပြုခဲ့သော်လည်း၊ နိုင်ငံရေး ယူဆချက်များနှင့် ပါတ်သက်၍ ဘာမျှမမေးပါ။ မေးလည်း မမေးချင်၊ နိုင်ငံရေးနှင့် ပါတ်သက်၍မူကား ကျွန်တော်နှင့် သဘောချင်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မည်။ ဤသို့ဖြစ်၍ စာပေနှင့် ပါတ်သက်၍သာလျှင် မေးမြန်းခြင်း၊ ဆွေးနွေးခြင်း ပြုခဲ့သည်။
(၇)
ဂျပန်တွေ ၀င်လာလို့ တောကို ပြောင်းပြီးနေတာ တနှစ်လောက်ကြာတယ်။ အဲဒီ တနှစ်အတွင်းမှာ စာအုပ်ပေါင်းတထောင်ကျော် ဘတ်ပြီးခဲ့တယ်ဟု ဦးချစ်မောင်က ကျွန်တော့အား ပြောပြခဲ့လေသည်။ ဦးချစ်မောင် စာဘတ်များကြောင်းကိုမူ ကျွန်တော် သိပါသည်။ သို့သော် တနှစ်အတွင်း စာအုပ်ပေါင်း တထောင်ကျော် ဘတ်ပြီးသည် ဆိုခြင်းကိုမူ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပေသည်။
မည်သို့ပင်ဆိုစေကာမူ- ဦးချစ်မောင်သည် ဗဟုသုတ ဟင်းလေးအိုးကြီးဖြစ်ကြောင်း၊ သူ့စာကို ဘတ်ဘူးသူတိုင်း၊ သူ့ကို တွေ့ဘူး သိဘူးသူတိုင်း ၀န်ခံရလေသည်။
ထို့ကြောင့်ပင် သတင်းစာ ဂျာနယ်ဆရာတို့၏ အကြောင်းကို ပြောကြတိုင်း၊ စကား လက်ဆုံကျတိုင်း၊ ဦးချစ်မောင်သည် ပရိသတ်လည်သို့ ၀င်၍ ၀င်၍ လာတတ်ပေသည်။
သန်းမြိုင်
{တာရာမဂ္ဂဇင်း၊ အတွဲ၁၊ အမှတ်၅ (၁၉၄၆?) မှ ကူးယူဖော်ပြပါတယ်။}
မြစ်လယ်မှာချစ်လှယ်တုန်းက
ရေးသူ- ကြည်အေး

မြစ်ရေပြင်လှေလူးလို့
ချစ်ဦးမယ်နဲ့မောင်
ပန်းခူးရအောင်။
လမင်းကလှောင်- ကြယ်ပြောင်ကပြုံး
ညဥ့်ဦးကဗျာတည်တဲ့
ငှက်ပလီခြုံနွယ်ရိပ်မှာ
တိတ်တိတ်ကွယ်ပုံး။ ။
လေအေးကခုန်ပျံ
ကြင်ဦးရင်မှာမှီလို့
ဆိုတေးဂီမြစ်တရိုးမှာ
စိုးတဲ့အသံ။
လှပသည့်ကာရံ၊ ပန်းမာလ်မှာနား
လ၀န်းတိမ်မှာကွယ်တော့
မြစ်လယ်မှုန်ဝါး။ ။
လ၀န်းတိမ်မှာကွယ်
မြစ်ယံလယ်မှုန်တ၀ါးမှာ
ရှက်အားကကြွယ်။
တက်ရေးဆန်းကြယ်၊ ကမ်းစွယ်ရိပ်အကွေ့
ကြက်သီးတလှိုင်လှိုင်ပ
မယ့်သက်ပိုင်ချိုနှလုံးရယ်
ပြုံးတထေ့ထေ့။ ။
ကမ်းဆီကိုဝိုက်ကွေ့လို့
တရွေရွေ့စိုက်စိုက်လာ
တက်ပန်းကဖွာ။
ရွာဦးမှာစေတီမြတ်မြင့်မား
ဗျာဒိတ်တလွင်လွင်မို့
လည်ယှက်တင်ပျော်ပုံသစ်ရအောင်
ချစ်သက်သေထား။ ။
ကြည်အေး
{တာရာမဂ္ဂဇင်း၊ အတွဲ၁၊ အမှတ်၅၊ (၁၉၄၆?) မှ ကူးယူဖော်ပြပါတယ်}

Tuesday, March 3, 2009
မန္တလေး အနှစ်၁၅၀
ရေးသူ-ယာတောကသာဗြော
မန္တလေး အနှစ်၁၅၀
၂ဝဝ၉ ခုနှစ်၊ မတ်လ ၅ ရက်။
ကိုဟိုဒင်းရေ-
အုတ်ကျစ်ကျော်အေး မန္တလေး၊ အင်ကြင်းကြာအုံ ရတနာပုံ ဆိုတဲ့အတိုင်း မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်မှာ မင်းတုန်းမင်း တည်ခဲ့တဲ့ မန္တလေးမြို့ကြီးဟာ မကြာမီ လပိုင်း အတွင်းမှာပဲ အသက်၁၅ဝ ပြည့်တော့မယ်။ ဒီအကြောင်းကို ပြန်စဉ်းစားမယ် လုပ်လိုက်တာနဲ့ပဲ ခေါင်းထဲမှာ မန်းတောင်လက်ျာ ယိုးဒယား လိုဟာကအစ မြို့မဆရာငြိမ်းရဲ့ 'နန်းမြို့တော်' သီချင်း၊ ဆရာလင်းခေးလုလင်ရဲ့ 'မန်းရတနာပုံနေပြည်' သီချင်း စတဲ့ သီချင်းသံတွေကို ကြားယောင် လာပြီး မန်းရာပြည့်ပွဲတော်ကြီးကိုလည်း ပြန်သတိရလာမိတယ်ဗျာ။ ဟုတ်တယ်၊ ရတနာပုံ မန္တလေးမြို့ကို တည်တာ အနှစ်တရာ တင်းတင်းပြည့်တဲ့ အထိမ်းအမှတ်ပွဲတော်ကြီးကို ပြောတာပါ။
တကယ်တော့ ၁၉၅၉ ခုနှစ် ဆိုတာဟာ အိမ်စောင့်အစိုးရလို့ခေါ်တဲ့ ဗမာပြည်ရဲ့ ပထမဆုံး စစ်အစိုးရလက်ထက်ပဲ ဖြစ်ပါတယ်။ ပထစအစိုးရ တက်လာမယ့်ရွေးကောက်ပွဲကို မကျင်းပရသေးပါဘူး။ ကျနော် မှတ်မိသလောက်ဆိုရင် မန္တလေးအနှစ်တရာပြည့်ကို အစောဆုံး စိတ်ဝင်စား၊ ဖော်ထုတ်သူဟာ ရွှေကိုင်းသားလို့ ကလောင်နာမည်ယူထားတဲ့ ဆရာတော် ဦးသောဘိတပဲဗျ။ သူက အစောကြီးကတည်းက ဒီကာလကို ကြိုတွက်ပြီး မန္တလေးဆိုတဲ့ စာအုပ်ကြီးတအုပ်ကိုလည်းပြုစု၊ လူထုသတင်းစာကနေလည်း လှုံ့ဆော်နေတာ။ အဲဒီတုန်းက ဆရာကြီးဦးသန်းထွန်းတို့၊ ဦးကျော်ရင်တို့ မန္တလေးကိုမရောက်ကြသေးဘူး။ ဆရာတော်က ဒီလို တင်လိုက်တော့ ရှိနေတဲ့ ဆရာကြီး ရွှေပြည်ဦးဘတင်တို့လို မြန်မာပညာရှိကြီးတွေကလည်း ပါဝင်ကြ၊ တက္ကသိုလ်မြန်မာစာဌာနလိုဟာက သိုင်းဝိုင်းကြနဲ့ အဲဒီခေတ် အဲဒီအခါက ဗမာပြည်မှာ အကြီးကျယ်ဆုံးလို့ ဆိုရမယ့် မန်းရာပြည့်ပွဲတော်ဆိုတာကြီး ဖြစ်ပေါ်လာခဲ့ တာပဲဗျ။ မန္တလေးတောင်ခြေမှာ၊ အဲဒီတုန်းက ဘာမှအသုံးမပြုတဲ့၊ အခု တိရစ္ဆာန်ဥယာဉ် လုပ်ထားတဲ့ ကွက်လပ်ကြီးမှာ ခွန်နှစ်ရက်၊ ခွန်နှစ်လီ ကျင်းပတာ။ ဒိအယင်ကတော့ ဒီကွင်းကြီးထဲမှာ ရသေ့ကြီး ဦးခန္တီရဲ့ဈာပနပဲ ကျင်းပဖူးတယ်။
ဒီပွဲတော်ကြီး ကျင်းပတယ်ဆိုတော့ မန္တလေးသားတွေအဖို့ ဂုဏ်ယူမဆုံး၊ မော်မဆုံးပေါ့ဗျာ။ အဲဒီတုန်းက မန္တလေးမှာ အာဏာပိုင်ဖြစ်နေတဲ့ နမခ ခေါ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတော့ ထုံးစံအတိုင်း မြင်းဝန်မင်းဘုရားတည်၊ မြင်းသား များကောင်းမှု ဆိုတာမျိုး နှမ်းဖြူးတာပေါ့ဗျာ။ ဖွင့်ပွဲမှာ တိုင်းမှူးက ဖွင့်လှစ်တယ် ထင်ပါရဲ့။ တကယ်လုပ်ကြတာ၊ ပင်ပမ်းကြတာကတော့ မြို့လူကြီးတွေနဲ့ မြို့လူထုတွေပါ။ ဘာပဲပြောပြော သူတို့ ပင်ပမ်းရကျိုး နပ်တယ်လို့ ဆိုရမယ်ထင်ပါရဲ့၊ ပွဲကြီး ပြီးသွားတော့ အားလုံးပဲ ကျေနပ် အားရ ဖြစ်သွားကြတယ်။ နောင် နှစ်ပေါင်းများစွာပဲ ဒီအကြောင်းကိုမန္တလေးသားတွေက မြိန်ရေယှက်ရေ ပြောလေ့ရှိကြတယ်။ သူတို့က လူတယောက်ရဲ့ အသက်အကြောင်းပြောရင် သူက မန်းရာပြည့်ကျင်းပတဲ့ နှစ်မှာမွေးတာ၊ မန်းရာပြည့်ပြီး နောက်တနှစ်မှာ မွေးတာ စသဖြင့် ညွှန်းတတ်ကြတယ်။ ဒါ့အပြင် လူနာမည်တောင် ရာပြည့်လို့ မှည့်သူတွေ မနည်းဘူး။
အော်- မန္တလေးဆိုတာကလည်း ဗမာပြည်သမိုင်းနဲ့ ဗမာပြည်သားတွေရဲ့ စိတ်ထဲမှာ သူ့ထူးခြားချက်နဲ့ သူရှိနေတာကိုးဗျ။ မြန်မာမှုရဲ့မြို့တော်၊ မြန်မာ့ယဉ်ကျေးမှုရဲ့ အချက်အခြာ၊ ဗမာပြည် ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိကရ မြို့ကြီး စတဲ့ ဂုဏ်ပုဒ်တွေကို လူတွေက ပေါ့ပေါ့ဆဆ ချီးမြှင့်ထားကြတာမှ မဟုတ်တာကလား။ ဗမာတနိုင်ငံလုံး သူ့ကျွန်ဘဝရောက်ပြီး မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှုတွေ အခြိမ်းခြောက်ခံရချိန်မှာ ဒီနေရာကနေ တောင့်တောင့် တင်းခံပြီး "သူ့ကျွန်မခံ၊ မျိုးမာန်မချ၊ မကျသူ့အောက်" ဆိုသလို အမျိုးသား အလံကို လွှင့်ထူခဲ့တဲ့မြို့၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုရေး၊ ဘယ်ဖက်ကဖြစ်ဖြစ် ဂုဏ်ယူစရာတွေနဲ့ ပြည့်လျှမ်းနေတဲ့ မြို့ကြီးပါဗျာ။
အင်္ဂလိပ် ကိုလိုနီသမားတွေက ဗမာနိုင်ငံရဲ့ မြို့တော်ကို ရန်ကုန်ကို ပြောင်းပစ် လိုက်တဲ့ နောက်မှာ မန္တလေးဟာ သူမို့လို့ ဒီလို သူ့ဂုဏ်သူ့ဒြပ်နဲ့ နေနိုင်တယ်လို့ ပြောရလောက်အောင် အိနြေ္ဒအပြည့်၊ တည်ကြည်ဂုဏ်ရှိစွာ ရပ်တည်ခဲ့ပါတယ်။ ရန်ကုန်မြို့ကြီး ဟာ အရှေ့တောင်အာရှရဲ့ နံပါတ်တစ်မြို့တော်လို့ ဆိုရမလောက် တိုက်တွေတာတွေ၊ ဥယျာဉ်တွေ ပန်းခြံတွေ၊ လေယာဉ်ကွင်းတွေ ပင်လယ်ဆိပ်ကမ်းတွေနဲ့ ကြီးကျယ်လာခဲ့ပေမဲ့ မန္တလေးကတော့ မန္တလေးပဲလို့ ဆိုရလောက်အောင် တသီးတခြား၊ ထူးထူးခြားခြား တည်ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း နန်းတော်ရှေ့ဆရာတင်က သူ့ရဲ့ ရွှေမိုးညို သီချင်းထဲမှာ "ရန်ကုန်မှာ မပြတ်နေပါတယ်၊ နတ်ပြည်ကြီးလို့ပဲ ဆိုကြပါစို့၊ သို့ပေမဲ့ ကိုယ့်မြို့ကိုယ်တော့၊ လွမ်းသေးတယ် ရိုးရိုးပဲဗျို" လို့ရေးခဲ့တာဖြစ်ပါတယ်။
အခုတော့ ဒီ မြို့ကြီး အနှစ်၁၅ဝပြည့်တဲ့ အထိမ်းအမှတ်ကို နအဖစစ်ဗိုလ်များက ပေယျာလကံ ပြုထားကြလေရဲ့ ကိုဟိုဒင်းရေ့။ ဒီ လူတွေဟာ အတိတ်နဲ့ သူတို့နဲ့ ဘာမှမဆိုင်၊ ရှေ့ကလူတွေပြုစု ထူထောင်ခဲ့တာတွေကို တန်ဖိုးမထား၊ သူတို့ကိုယ်သူတို့ တသီးတခြား သမိုင်းတရပ် ထူထောင်နိုင်မယ်လို့ ယူဆနေကြလေသလား မသိပါဘူး။ သူတို့ရဲ့ "နေပြည်တော်" ကလွဲပြီး တခြား ဘယ်မြို့ဘယ်ရွာမှ ဂုဏ်မပြုထိုက်၊ စာမဖွဲ့ထိုက်လို့ ယူဆနေကြဟန် တူပါရဲ့ဗျာ။ သူတို့အနေနဲ့ (ကြပ်ပြေးလို) မြို့တော်တခုကို တည်ဆောက် လိုက်တယ် ဆိုတာနဲ့ အဲဒီ မြို့တော်မှာ ဂုဏ်တွေဒြပ်တွေ သူ့အလိုလို ရှိသွားရောလို့ ထင်မှတ် နေကြသလား မသိပါဘူး။ မဟုတ်ပါဘူးဗျာ။ မြို့ဆိုတာလည်း လူတွေလိုပဲ သမိုင်းကိုဖြတ်သန်း၊ စမ်းသပ်ခံပြီးမှ ဂုဏ်တက်ကြ၊ ဂုဏ်တည်တံ့ရတာ ဖြစ်ပါတယ်။ ဗမာပြည်မှာ မင်းနေပြည် ဖြစ်ခဲ့ဖူးတဲ့ မြို့တွေမနည်းပါဘူး။ ဒါပေမဲ့ သူတို့က မန္တလေးလို အနီးဆုံးခေတ် နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးနဲ့ ဆက်စပ်မိသွားတာမျိုး မဖြစ်ခဲ့ကြဘူးလေ။ ရှေးခေတ်တုန်းက ပဒေသရာဇ်မင်းတပါးဟာ မင်းနေပြည်ကို ပြောင်းတယ်ဆိုရင် နေပြည်တော်အဟောင်းကနေ သူ့ကို ခြားနားမှာစိုးလို့ အဲဒီမြို့ကို ဖျက်ထားခဲ့လေ့ရှိကြတယ်။ မန္တလေးကျတော့ အဲဒီလို မဟုတ်ဘူး။ နန်းတော်၊ နန်းမြို့ရိုးစတာတွေက လူတွေကို ကိုယ့်ထီးကိုယ့်နန်း နေခဲ့တဲ့ ဘဝတွေ မမေ့ဖို့ အင်္ဂလိပ်လက်အောက်မှာ သတိပေးနေသလို ထီးထီးမားမား ကျန်နေခဲ့တာ။ ဒီလို တည်ရှိနေတာတွေက ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို လူကို "သြော်- မန်းအပျက်တွင်ဖြင့်၊ ကြငှန်းမက်လိုက်ရပုံက၊ ပုခန်းထွက်တဲ့ပြီး၊ အကြမ်းဖက်ရော့မဟဲ့လို့၊ ငမ်းငမ်းတက် သရေယို အောင်၊ နန်းဆက်အမွေကိုလဲ မှန်းမိတဲ့ပြင်" ရေးစေခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ နအဖအစိုးရ လုပ်နေတာနဲ့ပဲ နောင်တချိန်ကျတော့ ဗမာပြည်သားတွေရဲ့ သညာထဲမှာ သူတို့ရဲ့ ကြပ်ပြေးမြို့တော်ဟာ ဗမာပြည်သားတွေကို သတ်ဖြတ်ညှင်းဆဲဖို့ အမိန့်တွေ ထုတ်ပြန်ခဲ့တဲ့ မြို့တမြို့လို့စွဲမှတ်သွားမယ့် အလားအလာတွေ တွေ့နေရတယ်။ ဒါမှမဟုတ်လည်း အကောင်းဖက်က ပြန်စဉ်းစားရင် နအဖစစ်အုပ်စုကို နောက်ဆုံးချေမှုံးနိုင်တဲ့ နေရာလို့ ကမ္ဗည်းတင်နိုင်တဲ့ မြို့များဖြစ်မလားပေါ့။ ဒါနဲ့ပတ်သက်လို့ ကျနော့် ခေါင်းထဲမှာ ဝင်နေတဲ့ မေးခွန်းတခုက 'ဒီနေ့ကာလမှာ ကိုယ့်ကိုယ်ကို နေပြည်တော် (ကြပ်ပြေး)သား' လို့ လက်မထောင် ဂုဏ်ယူတဲ့လူရယ်လို့ ရှိမှရှိရဲ့လားဆိုတာပဲ။ တခြားမြို့သားတွေကတော့ ကိုယ့်ကိုယ်ကို ဘယ်မြို့သားလို့ ဂုဏ်ယူလေ့ ရှိကြတယ် မဟုတ်လားဗျ။
အာဏာရှိတဲ့ လူတွေအနေနဲ့ မြို့တော်ဆိုတာကို ထင်သလို ဟိုရွှေ့ ဒီပြောင်း လုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ သူတို့ အဲဒီလို ရွှေ့လေရာမှာ အဲဒီမြို့ရဲ့ ဝိဉာဉ်ကိုတော့ တပါတည်း သယ်မသွားနိုင်ပါဘူး။ မြို့တော်ကို ရန်ကုန်ကနေ ကြပ်ပြေးဆီ ပြောင်းသွားပေမယ့် ရန်ကုန် မြို့ကြီးရဲ့ ဂုဏ်သိက္ခာ၊ ဗမာပြည်သားတွေရဲ့ ရန်ကုန်အပေါ် သံယောဇဉ်နဲ့ အလေးထားမှု၊ ဒီ မြို့ကြီးအတွက် ဂုဏ်ယူမှု စတာ တွေဟာ ဟောဒီ ရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့ သူ့ခြေရင်းမှာ ကျန်ခဲ့ပါတယ်။ ဗမာပြည်သားတွေ အဖို့တော့ ရန်ကုန်ဟာ ရန်ကုန်ပါပဲ။ တကယ့်ကို မဟာရန်ကုန် ဖြစ်ပါတယ်။
အလားတူပဲ၊ မန္တလေးဟာလည်း မန္တလေးပါပဲဗျာ။ မန္တလေးသားတွေ မြို့ပြင်ရောက်၊ တပြည်သားတွေ ပြည်တွင်းရောက်၊ ဘယ်လိုပဲ ကပြောင်းကပြန်တွေ ဖြစ်ဖြစ် စိန်ဗေဒါ၊ မြို့မငြိမ်း၊ လေဘာတီမမြရင် စသူတွေရဲ့ ရင်ထဲအသဲထဲက မန္တလေးမြို့ကြီးဆိုတဲ့ အဖြစ်ကိုတော့ ဘယ်လိုမှမပြောင်း လဲနိုင်ပါဘူး။ ရာစုနှစ်တခုနဲ့ တဝက်တိတိ ဗမာပြည်သားတွေရဲ့ ချစ်သဲ ဖြစ်နေခဲ့တဲ့ မန္တလေးဟာ နောင်မှာလည်း ချစ်သဲဖြစ်နေအုန်းမှာ သေချာပါတယ်။
စောင့်ကြည့်ပါ မိတ်ဆွေကြီးရယ်။ ဘာမှမဝေးတဲ့ တချိန်ကျရင် မန္တလေးသား တွေဟာ ပြည်တော်ဝင် သီချင်းကို မြိုင်မြိုင်ဆိုတီးကြပြီး သူတို့မြို့ကို သူတို့ စိတ်ကြိုက် တည်ဆောက်ကြအုန်းမှာပါ။
ဘယာဘေး ကွာဝေးကြပါစေ။
ယာတောကသာဗြော
အဝေးကပေးစာတစောင်

Monday, March 2, 2009
ပျက်ယွင်းခဲ့ရတဲ့ ကတိစကားတခု
ရေးသူ- အောင်မြိုင်
မင်းမှာသစ္စာ လူမှာကတိဆိုတဲ့စကားကို ငယ်စဉ်ကတည်းက ကြားသိမှတ်သားခဲ့ ရတယ်။ အသက်အရွယ်နဲ့ ယှဉ်ကြည့်ရင် ကျွန်တော်ကြားသိခဲ့ရတဲ့ ဒီစကားဟာ ကျွန်တော့်သိစိတ်၊ ကျွန်တော့်နှလုံးမှာ သံမှိုနဲ့ စွဲထားသလို ရှိနေခဲ့တာ နှစ်ပေါင်း (၆၀) တိုင်ခဲ့ပြီ။ ကျွန်တော်ရဲ့ တဦးချင်းခံစားချက်အရ ဒီစကားဟာ ကျွန်တော့်အတွက် ရာသက်ပန် သိစိတ်အနွေးထည်ကြီးတထည်လိုတောင် ဖြစ်နေခဲ့ပြီ။ ဟုတ်တယ်။ ကိုယ်ပေးထားတဲ့ ကတိစကားအတိုင်း တဖက်သားကို အသိရှိရှိ၊ စေတနာပါပါနဲ့ ကူညီဆောင်ရွက်ပေးပြီးတဲ့ အခါတိုင်း ရင်နဲ့အပြည့် ကျေနပ်ရတယ်။ ပီတိဖြစ်ရတယ်။ ကိုယ်ရောစိတ်ပါ၊ နှလုံးအိမ်ပါမကျန် ကျေနပ်ပီတိတွေနဲ့ အနွေးထည်ကြီးလို့ တင်စားအသိအမှတ်ပြုရခြင်း ဖြစ်ပါတယ်။ အနွေးထည်ဆိုတာကလည်း လိုအပ်ချက်နဲ့ တိုက်ဆိုင်မှ ထုတ်သုံး၊ ထုတ်ဝတ်ရတယ် မဟုတ်လား။
ကျွန်တော်ဟာ ကတိစကားကို နေရာတိုင်း၊ လူတိုင်းကို မပေးဘူး။ ကိုယ်ဆောင်ရွက် မပေးနိုင်တဲ့ ကိစ္စကိုလည်း လုပ်ပေးမယ်လို့ ကတိမပေးဘူး။ ပေးပြီးလို့ ကိုယ့်ဘက်က အဲဒီကတိအတိုင်း မလိုက်နိုင်ရင် အတော့်ကို မျက်နှာပျက်စရာ ကောင်းတယ်။ အဲဒီလို မျက်နှာပျက်စရာကောင်းတဲ့ အဖြစ်တခုကို ကျွန်တော့်ဘ၀မှာ တကြိမ်ကြုံခဲ့ရတယ်။ တကြိမ်ဆို ဆိုသလောက်ပါပဲ။ မျက်နှာပျက်ရတယ်ဆိုတာထက် ပိုပြီး အတော့်ကို စိတ်မကောင်း ဖြစ်နေရတာ ခုထိ။ ကျွန်တော့် အသက်နဲ့ခန္ဓာ ချုပ်ငြိမ်းမဲ့ နောက်ဆုံးထွက်သက်တိုင်အောင် တသသ စိတ်မကောင်းဖြစ်ရမယ့် ခံစားချက်ဟာ ကျွန်တော့်ရင်ထဲမှာ တောက်လျှောက် ပါရှိနေတော့မှာ အမှန်ပါပဲ။
(၂)
နိုဝင်ဘာလဆန်းပိုင်း ရက်တရက်မှာ ပိတောက်ပွင့်သစ်မဂ္ဂဇင်းတိုက်ကို ကျွန်တော် ရောက်ခဲ့တယ်။ သူငယ်ချင်းနှစ်ယောက်က ပိတောက်ပွင့်သစ်ကနေ စောင့်နေမယ်လို့ ဖုန်းဆက်လို့ သူတို့ကို သွားတွေ့ရင်း ရောက်တာပါ။ ပိတောက်ပွင့်သစ်တိုက်မှာ ကျွန်တော့် သူငယ်ချင်း ၂ ယောက်အပါအ၀င် ဂီတပညာရှင်တဦးနဲ့ ပိတောက်ပွင့်သစ်အယ်ဒီတာချုပ် ကိုစိမ်းနီတို့ စကားလက်ဆုံ ကျနေကြတယ်။ ကျွန်တော်လည်း သူတို့စကားဝိုင်းထဲကို စီးမျော သွားခဲ့တယ်။ ပိတောက်ပွင့်သစ်မဂ္ဂဇင်းအကြောင်း ရောက်သွားတဲ့အခါ "ရှေ့လမှာ ဆရာမြသန်းတင့် အမှတ်တရထုတ်မယ်၊ ခင်ဗျားလည်း ရေးပေးပါ" လို့ ကိုစိမ်းနီက ပြောလာ တယ်။ ကျွန်တော်ကလည်း ရေးပေးမယ်လို့ ဆိုလိုက်တယ်။
ကျွန်တော်တတ်နိုင်တာဖြစ်လို့ ကတိပေးလိုက်တာ ဖြစ်တယ်။ ဆက်ပြီးထွေရာလေးပါး ပြောဆိုရင်း ကျွန်တော့်သူငယ်ချင်းနှစ်ယောက်က ကျွန်တော့်ကို လက်ဘက်ရည် တိုက်ခိုင်းတယ်။ အဲဒါမှ ဒုက္ခ။ ကျွန်တော် မြို့ထဲ အလုပ်လာတဲ့အခါ ကျွန်တော့်ဇနီးက ကျွန်တော့်အတွက် လမ်းစရိတ် (၁၀၀၀ိ/-) ခွင့်ပြုတယ်။ ဒါက ကျွန်တော့်အတွက် မိသားစု ၀င်ငွေထဲက တနေ့တာ ခွင့်ပြုစရိတ်။ ကျွန်တော်က လှိုင်သာယာမှာနေတော့ အသွားအပြန် ကားခက ငါးရာ၊ ခြောက်ရာရှိတယ်။ ကျွန်တော်နဲ့တွေ့တိုင်း ကျွန်တော့်သူငယ်ချင်းတွေက အကုန်ကျခံ ကျွေးမွေးခဲ့တာကလည်း အကြိမ်ပေါင်း မနည်းမနောပါပဲ။ ဒီတခါတော့ ကျွန်တော်ကပြန်ပြီး တလှည့်ဧည့်ခံချင်နေတယ်။ ဘယ်လို လုပ်ရပါ့မလဲ။ ကျွန်တော်ချက်ချင်း အကြံထုတ်လိုက်တယ်။
"ကိုစိမ်းနီ၊ ကျွန်တော့်ဆောင်းပါးအတွက် စာမူခ ကြိုထုတ်ပေးဗျာ။ သူတို့ကို လက်ဘက်ရည် တိုက်မလို့"
"ဟိုက်.... ဆောင်းပါးက ဘယ်ဆီနေမှန်း မသိသေးဘဲ စာမူခ ကြိုထုတ်နေတဲ့လူ ဟုတ်တော့ ဟုတ်နေပြီဗျို့...."
အားလုံးက ၀ိုင်းရယ်ကြတယ်။ အရယ်အမောတွေထဲမှာ ကျွန်တော်တို့ အချင်းချင်းသာ သိတဲ့ သံယောဇဉ်ရွေးမျဉ်တွေ ယက်ဖောက်နေတယ်။ ကိုစိမ်းနီက ပြောပြောဆိုဆို စာမူခကြိုထုတ်ပေးလို့ အဆင်ပြေသွားတယ်။ အဲဒီအချိန်က ရေးပေးရမယ့် စာမူအတွက် ကျွန်တော့်ခေါင်းမှာ စဉ်းစားထားတာ မရှိသေးဘူး။ တိုက်တိုက်ဆိုင်ဆိုင် နောက် နှစ်ပတ်လောက် ကြာတဲ့အခါ ကျွန်တော်တို့ မိသားစုအတွင်းမှာ ရင်ကျိုးရတဲ့ အဖြစ်ကြုံခဲ့ရလို့ ပိတောက်ပွင့်သစ်အတွက် စာမူကိစ္စ ကျွန်တော့်ခေါင်းထဲကနေ ပျောက်ချင်းမလှ ပျောက်သွားခဲ့ ရပြန်တယ်။ ကျွန်တော့်မိသားစု ကမ္ဘာလေးအတွင်း တောက်လောင်တဲ့ မီးငြိမ်းအေးသွားတဲ့ အခါမှ ဒီစာမူကိစ္စ ခေါင်းထဲ ပြန်ပေါ်လာတယ်။ ဒီဆောင်းပါးဟာ ကိုစိမ်းနီကို ပေးထားခဲ့တဲ့ ကတိစကားအတွက် ဆောင်းပါး။ ဒီနေရာမှာ ကိုယ့်ကိုယ်ကိုဖော် မသူတော်တပါး လုပ်ပြချင်ပါတယ်။ ကျွန်တော်ဘ၀မှာ ပေးခဲ့တဲ့ ကတိအတိုင်း လုပ်ပေးခဲ့ဖူးတာတွေ အနတဂ္ဂမ ရှိခဲ့ဖူးပါတယ်။ လုပ်ငန်းခွင်က ပင်စင်ပေးလိုက်ပြီးပေမယ့် ပင်စင်လစာ ငါးနှစ်ခြောက်နှစ် လောက်ထိ မရသေးဘဲ ရှိနေတဲ့ တာချီလိတ်က ကျန်းမာရေးဝန်ထမ်းတယောက်နဲ့ ကျိုင်းတုံက ကျောင်းဆရာတယောက်ကို ပင်စင်လစာငွေတွေ အစုလိုက် အပြုံလိုက် တပုံတခေါင်းကြီး ပြန်ရသွားအောင် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်က ကျွန်တော်ကူညီခဲ့ဖူးတယ်။ မဆလလက်ထက် လက်သင့်ရာ နီးစပ်ရာ ချထားနေထိုင်ခွင့်ပြုခဲ့တဲ့ (LBG အခန်း) နိုင်ငံခြားသားပြန် အိမ်ခန်းကို ပိုင်ရှင်ဖြစ်သူ ကျွန်တော့်မိတ်ဆွေလက်ထံ ပြန်ရောက်အောင် အဲဒီအနှစ်နှစ်ဆယ်ကျော်လောက်ကပဲ ကူညီဆောင်ရွက် ပေးခဲ့ဖူးသေးတယ်။ ကျွန်တော်က ပြောပြီးရင် လုပ်တယ်လို့ ဆိုချင်တာပါ။ အခုလည်း ကိုစိမ်းနီကို ပေးထားတဲ့ ကတိစကားကို ဒီဆောင်းပါးနဲ့ တည်လိုက်ပါတယ်။ ဒါပေမယ့်.......
(၃)
ဒီ ဒါပေမယ့်က ကျွန်တော့်အတွက် စိတ်မကောင်းဖြစ်နေရတဲ့ ဒါပေမယ့်။ အထက်မှာ ဖော်ပြခဲ့သလို ကျွန်တော်ကတိပျက်ခဲ့ဖူးတယ်။ ကတိပျက်ခဲ့ရလို့ ကျွန်တော့်နှလုံသား၊ ကျွန်တော့်သိစိတ်မှာ သွေးမတိတ်တဲ့ ဒဏ်ရာတခုလို ဖြစ်နေခဲ့တယ်။ တွေးမိတိုင်းလည်း စိတ်မကောင်းချင်း ဖြစ်ပြီး ၀မ်းနည်းသလို ခံစားနေရတယ်။ ဒီလိုပါ။
၁၉၈၅ ခုနှစ် ဆောင်းဦးရက်တရက် နံနက်ပိုင်းမှာ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း တယောက် ဆရာဦးမြသန်းတင့်အိမ်ကို ရောက်တယ်။ အဲဒီကာလမှာ ဆရာတို့ မိသားစုက ဆောက်ပြီးစတိုက်အိမ်ပေါ်ကို မတက်သေးဘူး။ တိုက်ရဲ့ ခြေရင်းလား ခေါင်းရင်းလား မမှတ်မိတော့တဲ့ ပျဉ်ထောင်အိမ်အဟောင်းလေးမှာဘဲ နေကြတယ်။ အဲဒီကို ကျွန်တော် ယခင်က သုံးခေါက်လောက်ရောက်ဖူးခဲ့လို့ မှတ်မိနေတယ်။ အိမ်ပေါ်ရောက်သွားတဲ့အခါ ဆရာကတော်နဲ့ တန်းတွေ့တယ်။ "ဆရာဦးမြသန်းတင့်နဲ့ တွေ့ချင်လို့ပါ။ ကျွန်တော့်နာမည် အောင်ခင်ပါ" လို့ ဆရာကတော့်ကို ကျွန်တော်ပြောလိုက်တယ်။
"အော် မင်းတို့ဆရာက ဟိုဘက်အိမ်မှာ စာရေးနေတယ်ကွဲ့။ သွားတော့ပြောပေးမယ်"
"ဟုတ်ကဲ့"
ဟုတ်ကဲ့ လို့သာ ပြောလိုက်ရတယ်။ ကျွန်တော်တို့ အလွန်အားနာသွားတယ်။ ဆရာက မနက်တိုင်း လမ်းလျှောက်အပြန်မှာ စာရေးလေ့ရှိတယ် ဆိုတာကို ကျွန်တော်သိထားရက်နဲ့၊ အဲဒါကို သတိမေ့လျော့ပြီး လာခဲ့မိနေပြီ။ ဆရာကတော့်ကို တားဖို့ အချိန်မမှီတော့။ ကျွန်တော်တို့လည်း အားနာနာနဲ့ ထိုင်စောင့်နေခဲ့တယ်။ ပထမဆုံး ဆရာ့ရဲ့ ကိုင်းအနက်မျက်မှန်က အလင်းပြန်ချက် တခု ၀င့်ကနဲ ရောက်လာတယ်။ နောက်တော့၊ 'ကိုအောင်ခင်တို့ပါလား၊ မရောက်လာတာကြာပြီပဲ' လို့ နှုတ်ဆက်လိုက်တဲ့ ဆရာ့အသံ ခပ်ရှရှ၊ ပြီးမှ ကျွန်တော်တို့ အနီးရှိ ခုံတလုံးမှာ ဆရာဝင်ထိုင်တယ်။ ဆရာနဲ့ ကျွန်တော်တို့ တနာရီကျော်လောက် စကားပြောဖြစ်တယ်။ စကားပြောဖြစ်တယ် ဆိုတာကလည်း ဆရာပြောသမျှ နီးနီးကို ကျွန်တော်တို့ တလေးတစား နားထောင်ခဲ့တာကို ပြောတာပါ။ ကျွန်တော်တို့ ပြန်ခါနီးမှာ ဆရာက ကျွန်တော့်ကို မေးတယ်။
"ခင်ဗျား အခု ဘာလုပ်နေလဲ၊ ရုံးမှာ လုပ်သေးလား"
"အလုပ်ထွက်လိုက်တာ ကြာပြီဆရာ၊ ကျွန်တော် အခု ကျိုင်းတုံ၊ တာချီလိတ်ဘက် သွားပြီး နယ်ခြားကုန်ကူးနေတယ်။ အဲဒီကကုန်တွေ ရန်ကုန်ကို သယ်ပြီး ရောင်းတယ်"
"ဘာနဲ့သွားပြီး၊ ဘာနဲ့ ပြန်လဲ"
"တခါတလေ လေယာဉ်နဲ့၊ တခါတလေ ယာဉ်တန်းနဲ့"
ဆရာ စိတ်ဝင်စားသွားတယ်။ ဒီလို ကုန်ကူးပြီး ဘ၀ ၀မ်းကြောင်းတာရဲ့ ဇစ်မြစ်နဲ့ အခင်းအကျင်းကို စာရေးဆရာတယောက်အနေနဲ့ စိတ်ဝင်စား၊ ခံစားရလို့လည်း 'ဓါးတောင်' နဲ့ 'မာယာဘုံ' ၀တ္ထုတွေကို ဆရာရေးခဲ့တာ မဟုတ်လား။ 'ဓါးတောင်' မှာက စက်လှေနဲ့ လှုပ်ရှားတဲ့ မှောင်ခိုလမ်းကြောင်း။ 'မာယာဘုံ' ကျတော့ ကလေး-တမူး မှောင်ခိုလမ်း။ ကျွန်တော်သွားနေ တာက တာချီလိတ်-ကျိုင်းတုံ မှောင်ခို လမ်းကြော။ ဒီလမ်းကြောကို ဆရာ စိတ်ကူးဝတ္ထု အတွက် ဆရာစိတ်ဝင်စားတာ ဖြစ်မယ်။
"ကျွန်တော် ခင်ဗျားနဲ့လိုက်ပြီး ကုန်ကြမ်းရှာချင်တယ်၊ လေယာဉ်နဲ့တော့ မလိုက်ချင်ဘူး၊ ယာဉ်တန်းနဲ့သွားမယ်။ အသွားအပြန် အခေါက်ကျရင်....ပြော"
"ဟုတ်ကဲ့၊ ကျွန်တော်ပြောမယ်ဆရာ..."
ကျွန်တော်က ဆရာရေးမယ့် "တာချီလိတ်-ကျိုင်းတုံမှောင်ခိုလမ်းကြော ဗဟိုပြုဝတ္ထု" ကို ဖတ်ချင်တာနဲ့ ချက်ချင်းပဲ ဟုတ်ကဲ့ လုပ်မိခဲ့တယ်။ နောက်တခုက 'လိုက်ခဲ့တော့မြနန္ဒာ' ရေးတုန်းက ကျိုင်းတုံအကြောင်းကို သိတဲ့လူဆီ မေးပြီး ရေးခဲ့တာလို့ ကျွန်တော့်ကို ပြောပြဖူးထားတာ ရှိတယ်။ ဆရာသာ ဒီဘက်လမ်းကြောကို လက်တွေ့ လိုက်ခဲ့ရင် "လိုက်ခဲ့တော့မြနန္ဒာ" "ဓားတောင်" နဲ့ "မာယာဘုံ" ထက် ပိုကောင်းတဲ့ ၀တ္ထုကောင်းကောင်း တပုဒ် ထွက်လေမလားဆိုတဲ့ အတွေးကြောင့်လည်း 'ဟုတ်ကဲ့' မိတာ ဖြစ်တယ်။
ဆရာ့အိမ်က ပြန်လာပြီးနောက်ပိုင်းကျမှ ပြန်စဉ်းစားမိတဲ့အခါ ဆရာ့အသက်အရွယ်၊ ဆရာ့ကျန်းမာရေးနဲ့ ဒီလမ်းကြောင်း။ ဖြစ်မှ ဖြစ်ပါ့မလား။ ခရီးကလည်း ဝေးလွန်းတယ်။ ကားလမ်းက တောထဲတောင်ထဲ၊ တောင်တက်တောင်ဆင်းလမ်း။ လမ်းကြောတလျှောက်က လည်း ရှစ်ဆယ်ရာနှုန်းလောက်မကောင်း။ တချို့နေရာမှာ ကားပေါ်ကဆင်းပြီး လမ်းလျှောက် ရတယ်။ တခါတလေ လူသူမနီးတဲ့ တောကြီးမျက်မဲနေရာမှာ သုံးညလောက် အိပ်ရတယ်။ လုံခြုံမှုကလည်း မရှိသလောက်။ အေးကလည်းအေး။ ငှက်ဖျားကလည်း ရင်ဝနားကပ်နေတဲ့ ဒေသ။ ဘုရား... ဘုရား။ ဆရာ့ကို ဒီခရီးခေါ်သွားလို့ တော်ပါ့မလား။ ဆရာ့အတွက် စိုးရိမ်စိတ်နဲ့ တွေးပူမိခဲ့တယ်။
ဒီလိုနဲ့၊ ဆရာနဲ့ ပြန်မဆုံဖြစ်တာ နှစ်နဲ့ချီပြီး ကြာသွားခဲ့တယ်။ အဲဒီကာလအတွင်း ဘ၀ကြမ္မာအလှည့်အပြောင်းက ကျွန်တော်အပေါ်ကို စနေဂြိုဟ်ဆိုး ကျရောက်လိုက်တာ ၁၉၈၉ ခုနှစ် ကနေ ၂၀၀၅ ခုနှစ် အလယ်ပိုင်း အထိပါပဲ။ ၁၉၉၇ ခုနှစ်အတွင်းမှာ ဆရာဆုံးသွားတာကို ကျွန်တော် ကြားခဲ့ရသေးတယ်။ တာချီလိတ်-ကျိုင်းတုံ မှောင်ခိုလမ်းကြောပေါ်က လုပ်စားကိုင် စားရတဲ့ ပြည်သူတွေရဲ့ ဘ၀ကို ၀တ္ထုအနုပညာနဲ့ သရုပ်ဖော်ချယ်မှုန်းပြချင်ခဲ့တဲ့ ဆရာ့ကို တချိန်စောပြီး ခေါ်သွားခဲ့တဲ့ သဘာဝမိခင်ရဲ့ လက်တွင်းကနေ ကျွန်တော် ပြန်လုယူချင်တဲ့ စိတ်တွေ ပေါက်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ကလည်း လျှို့ ၀ှက်မှောင်ခိုလမ်းခရီးမှာ မတ်စောက်စောက် တောင်လေးလုံးဆယ်ကြား ပိတ်မိနေခဲ့တယ်။
ဆရာ့ကို ပေးခဲ့မိတဲ့ကတိ တကယ်ပင် ရေစုံမျော ပျက်ယွင်းသွားခဲ့ရတယ်။ အဲဒီကိစ္စအတွက် အပြစ်တခုလို ကျွန်တော်ခံစားနေရတယ်။ ဘာပြုလို့လဲဆိုတော့ ဆရာ့ဝတ္ထုဆိုရင် တရှိုက်မတ်မတ် ဖတ်ချင်ကြတဲ့ စာဖတ်ပရိသတ် အထောင်အသောင်း ရှိတယ်မဟုတ်လား။ ငံပြာရည်တပုလင်း၊ ငါးပိတပိဿာ၊ ဆန်တပြည် မြို့နယ်ကျော်သယ် လာတဲ့ မရှိဆင်းရဲသားအပေါ် မှောင်ခိုလို့ သတ်မှတ်ခဲ့တဲ့ စောင်ကို ဖော်ကြူးမယ့် သရုပ်ဖော်ဝတ္ထုတပုဒ် ဆုံးရှုံးခဲ့ရတယ် မဟုတ်လား။
အောင်မြိုင်။
{ပိတောက်ပွင့်သစ်၊ အမှတ် ၂၂၊ ဇန်န၀ါရီ။ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။}

Sunday, March 1, 2009
ခွပ်ဒေါင်းသို့ပန်ကြားချက်
ရေးသူ-တင်မိုး
(၁)
မင်းသားကြီး မလုပ်ရရင်
ပတ်မကြီး ထိုးဖောက်မယ်ဆိုတဲ့
ညစ်ကျယ်ကျယ် လူစားတွေ
တို့ပြည်မှာ အများသားကလား
ဟိုနားမှာတွေ့ သည်နားမှာတွေ့
ဟိုကွေ့မှာကြုံ သည်ကွေ့မှာကြုံ
တပုံတပင်ကြီးပါကလား၊
ခေါင်းဆောင်က တရာနှစ်ရာ
ငယ်သားက တယောက်နှစ်ယောက်
မျက်စိနောက်စရာ ပါလားနော်။
(၂)
ကိုယ်ကသာ ဘာမှမဟုတ်
လူတွင်ကျယ် လုပ်ချင်တယ်
ပုပ်လိုက်တဲ့ စိတ်ဓာတ်
စုတ်ပြတ်လိုက်ပါဘိ။
ပါးစပ်နဲ့ အလုပ်လုပ်
ခွတုပ်တဲ့ လူမျိုး
လက်ညှိုးတချောင်းနဲ့ လူရာဝင်
သူသာလျှင် အရေးပါသတဲ့
ပညာကလဲ မရှိ
အသိအမြင်ကလဲ ကျဉ်းမြောင်း
စိတ်ကောင်းကလဲ မမွေး
ကလေးစိတ် မိန်းမစိတ်
အတိတ်လဲ မဝေဖန်
ပစ္စုပ္ပန်လဲ မသုံးသပ်
အနာဂတ်လဲ မတွေးရှု
အရေးတခုရယ်လို့ သဘောမထား
တောသားအချင်းချင်း
ကျောပြားကို နင်းချင်တယ်
ရိုင်းပင်းမယ်လိုတော့ စိတ်မကူး
လက်ဦးအောင် ဖျာခင်း
အာဏာပြင်းလှချည့်
ရာဇာမင်းဂုဏ်နဲ့ မတန်
နုံနဲ့ ဟန်ပေါက်လိုက်ပုံက
သဘောက်မသား
လူရမ်းကားတွေ ပါလားဟေ့။
(၃)
သမိုင်းစာမျက်နှာကို
အိမ်သာသုံးစက္ကူသဖွယ်
အသုံးပြုခဲ့ကြတယ်။
လိုရာကိုဆွဲသုံး
အမဲတုံးခွေးဆွဲသလိုပေါ့လေ
ရေလဲနဲ့ သုံးခဲ့တယ်။
ဗလောင်းဗလဲစကား
အပြောင်းအလဲက များသနဲ့
ချောင်းထဲကငါး ရေကူးမြန်သလို
မမှန်မကန်တွေကို
မြန်မြန်ဆန်ဆန် ပြောကြတယ်
ကြားသူတိုင်း ရှုပ်ထွေးပြီး
အလိုလေးတ, ရအောင်
ပါးစပ်က ကျည်ဆံထွက်
ထွီထွမ်ခွက် ပက်လက်မျောစရာ
စကားနာ စကားလိမ်
စကားသိမ် စကားဖျင်း
စကားတင်း စကားယုတ်
စကားပုပ် စကားလှည့်
စကားရွဲ့ စကားစောင်း
အကြောင်းအမျိုးမျိုးပြပြီး
မတိမကျ ပြောခဲ့ကြတယ်
ပြောသူ မရှက်
ကြားသူ ရှက်ရပါကလား။
(၄)
ဒီမိုး ဒီမြေ ဒီလူတွေနဲ့
ဒီအခြေ စခန်းသွားရင်
လမ်းမှားတွေရောက်
ဂျောက်ပေါက်တွေ တိုးမှာသေချာတယ်။
တန်ရာတန်ရာ မလုပ်ရင်
ရွာနာတယ်ဆိုတဲ့ ဆောင်ပုဒ်အရှိသား
အဟုတ်ကိုဘဲ ရွာနာခဲ့ပြီ။
မြန်မာပြည် သည်ပုံမျိုးနဲ့ဆိုရင်
အမျိုးပျောက်ရလိမ့်မယ်။
သူခိုးက လူ လူဟစ်
မချစ်သူက မေတ္တာစကားဆိုတော့
ဘယ်လိုမှ မကောင်းနိုင်
ခွပ်ဒေါင်းရေ...... ကယ်ပါအုံးလို့
ပြည်လုံးကျွတ် အော်ချင်လှပြီ
မကောင်း အညစ်တွေကို
ပြောင်းပစ်မှ နေရာကျပြီး
ပြည်ရွာလှလိမ့်မယ်။
(၅)
အို..... ခွပ်ဒေါင်း
လွတ်ကြောင်းအတွက်
ခွပ်လက်ပြင် ခွပ်လက်သွေးကာ
အရေးတော်ပုံ အောင်စေလော့
အရေးတော်ပုံ အောင်စေလော့
အရေးတော်ပုံ အောင်စေလော့။ ။
{"တင်မိုး ရဲ့ ဗုဒ္ဓနှင့်တွေ့ဆုံခြင်း နှင့် အခြားကဗျာများ" ပဌမနှိပ်ခြင်း၊ လမင်းတရာစာပေ၊၂၀၀၀။ မှ ကူးယူဖော်ပြပါတယ်။}
Subscribe to:
Posts (Atom)