သဘာဝ အန္တရာယ်ဆိုးကြီးတွေ ကျရောက်လာတဲ့အခါမျိုးမှာ ဘေးဒဏ်ခံဒေသက ဒုက္ခသည်များ အတွက် ကမ္ဘာတခုလုံးရှိ လူသားများက လူသားချင်း စာနာထောက်ထားပြီး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ကြတာ အားရစရာ ကောင်းလှပါတယ်။
"ဆူနာမီ" ရေဘေးကြီး ကျရောက်ခံ ဒေသတခုကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီခဲ့တဲ့ သြစတြးလျနိုင်ငံသူ အိန္ဒယနွယ်ဖွား အမျိုးသမီးဆရာဝန်တဦးက သူ့အတွေ့အကြုံကို ၂၀၀၅ ခု ဧပြီလထုတ် တိုင်းမဂ္ဂဇင်းကြီးထဲမှာ ဆောင်းပါးတပုဒ် ရေးသားဖော်ပြလိုက်တာကို ဖတ်လိုက်ရပါတယ်။
အိန္ဒိယနွယ်ဖွားဆရာဝန် Romjana Srivastava ဟာ ဆူနာမီရေဘေးကြီး ကျရောက်စဉ်က အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ မိဘဆွေမျိုးများထဲ အလည်အပတ် ရောက်ရှိနေခိုက် ဖြစ်တယ်။
မော်လ်ဒိုက်နိုင်ငံဟာ သန္တာကျောက်တန်းကြီးတွေရဲ့ အကာအကွယ်ပေးမှုကြောင့် ဆူနာမီလှိုင်းလုံးကြီး များဒဏ်က လွတ်ခဲ့တယ်။ လူပေါင်း ၁၀၈ ဦးသာ သေဆုံးခဲ့ရတယ်။ ဒါပေမယ့် ဆူနာမီနောက်ဆက်တွဲ ရေလွှမ်းမိုးမှု ဒဏ်ကိုတော့ နိုင်ငံတခုလုံး ခံကြရတယ်။
ဒေါက်တာ သီရိဝတ္တ၀ရောက်ရှိသွားတဲ့ ဘူရန်ဒီ ကျွန်းကလေးမှာ ဆူနာမီကြောင့် လူအသေအပျောက် မရှိခဲ့ပေမယ့် ရေလွှမ်းမိုးဒဏ်ကြောင့် တော်တော်ဒုက္ခရောက်ကြရတယ်။ တကျွန်းလုံး ရေလွှမ်းမိုးနေတာကြောင့် နေထိုင်စားသောက်ရေး အခက်အခဲ၊ သောက်ရေသုံးရေ ပြတ်လပ်မှု အခက်အခဲ၊ ရောဂါမျိုးစုံ ၀င်ရောက်လာမှု အခက်အခဲ စတဲ့ အခက်အခဲ မျိုးစုံ ကြုံတွေ့နေရတယ်။ မူလကတည်းက အင်မတန် ခေတ်နောက်ကျတဲ့ ကျွန်းကလေးဖြစ်တာကြောင့် အခြေခံ လူ့လိုအပ်ချက်များ ဘာမှမရှိ ဖြစ်ခဲ့တယ်။
ဆရာဝန်မလေး သီရိဝတ္တဟာ အဲဒီကျွန်းပေါ်ရောက်ရှိတဲ့ တဦးတည်းသော ဆရာဝန် ဖြစ်တယ်။ သူ့လိုပဲ အိန္ဒိယနွယ်ဖြစ်တဲ့ သူနာပြုဆရာမတဦးရဲ့ အကူအညီနဲ့ ဆေးကုသရေးဌာန ဖွင့်လှစ်လုပ်ဆောင်ခဲ့ရတယ်။ ဒေသခံ လုပ်အားပေး ၁၄ ဦးရဲ့ အကူအညီနဲ့ လူနာများကို စောင့်ရှောက်ကုသရတယ်။ ဘူရန်နီကျွန်းက လူဦးရေ ၁၅၀၀ အပြင် အနီးအပါး ကျွန်းများက လူနာတွေ နေ့စဉ် ရာနဲ့ချီ ရောက်ရှိလာကြတယ်။ ဘူရန်နီရှိ အိမ်တိုင်းမှာ လူပေါင်း လေးငါးဆယ်လောက် စုဝေးနေထိုင်ကြရတယ်။ တချို့ အိမ်ဆိုရင် လူပေါင်း ၉၀၊ ၁၀၀ လောက် နေကြရတယ်။ ဆူနာမီ ရေလှိုင်းကြီးထဲမှာ လူပေါင်း ၁၇ ဦး မျောပါ သေဆုံးခဲ့ရတဲ့ Vilufushi ကျွန်းကဆိုရင် တကျွန်းလုံးကို လာရောက် နေထိုင်ကြတယ်။
ကမ္ဘာတခုလုံးရှိ စေတနာရှင်တွေထံက နေ့စဉ်ရောက်ရှိလာကြတဲ့ ဆေးပစ္စည်းကရိယာတွေဟာ ဆေးခန်း လေးထဲမှာ အပြွတ်အသိပ် ညပ်နေတယ်။ တဦးတည်းသော ဆရာဝန်နဲ့ လုပ်အားပေး ၂၀ ယောက်လည်း လက်မလည်အောင် အလုပ် ရှုပ်နေကြတယ်။ လူနာတဦးရောက်ရှိလာတာနဲ့ ပြင်ပလုပ်အားပေးများက မှတ်ပုံတင်ပြီး သူနာပြုထံ ပို့ရတယ်။ သူနာပြုဆီရောက်တော့ တခါထပ် မှတ်ပုံတင်ပြီး ဆရာဝန်ဆီ ပို့ရတယ်။ ဆရာဝန်ကလည်း စမ်းသပ်စစ်ဆေးပြီး ရောဂါကို မှတ်တမ်းတင် ရေးရတယ်။ လိုအပ်တဲ့ ဆေးဝါးများကို ရေးပြီး စာရင်းမှတ်ရတယ်။ ဆရာဝန်ရေးပေးလိုက်တဲ့ ဆေးစာအတိုင်း သူနာပြုဆရာမက ဆေးထုတ်ပေးပြီး စာရင်းစာအုပ်မှာ မှတ်သားရပြန်တယ်။ နောက်တခြား လုပ်အားပေးတွေက ဆေးဝင်ဆေးထွက်စာရင်း စာအုပ်မှာ ရေးသွင်း မှတ်သားရပြန်တယ်။ ဒါက ဆရာဝန် ဆရာမများအတွက် ပထမဆုံး စိတ်ညစ်စရာ ဒုက္ခ။
နောက်ဒုက္ခက လိုအပ်တဲ့ ဆေးဝါးကရိယာတွေ မရှိတဲ့ ကိစ္စ။ ဆေးခန်းတခုလုံး ခြေချစရာမရှိအောင် ပြည့်နှက်စုပုံနေတဲ့ ဆေးသေတ္တာတွေ အများစုဟာ ဖွင့်တောင် မဖွင့်ကြရဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားဘာသာ စကားမျိုးစုံနဲ့ ရေးသားထားတာတွေဆိုတော့ ဘာဆေးတွေမှန်း ဘယ်သူမှ မသိနိုင်ကြဘူး။ ဒီတော့ ဒီဆေးသေတ္တာတွေဟာ အသုံးမ၀င်တဲ့ ကတ်ပုံးတွေပဲ ဖြစ်နေတော့တယ်။
နောက်ပီး တချို့က မလိုအပ်တဲ့ စတီးရောင် တပြောင်ပြောင်နဲ့ စက်ကရိယာတွေ၊ သွေးချို ဆီးချိုတိုင်းတဲ့ စက်ကြီးတွေ မျိုးပေါ့။ လောလောဆယ် လိုအပ်တာက ပဋိဇီဝဆေးတွေ၊ ၀မ်းရောဂါကာကွယ်ဆေးတွေ၊ ထိခိုက်ကျိုးပဲ့ ဒဏ်ရာမျိုးစုံအတွက် လိုအပ်တဲ့ဆေးတွေ၊ ကလေးသူငယ်တွေအတွက် နို့မှုန့်နဲ့ လူကြီးများအတွက် အဟာရဖြစ်စေတဲ့ အစားအသောက်နဲ့ ဆေးဝါးတွေ ဖြစ်ကြတယ်။
တရက်မှာ အနီးအနားကျွန်း တကျွန်းက ကျန်းမာရေးလုပ်သားများက လူနာ ၁၅၀ လောက်ခေါ်ပြီး ရောက်လာတယ်။ အားလုံး ဆီးချို ဝေဒနာရှင်တွေ၊ တချို့ဆို ရောဂါဖြစ်တာ ၁၀ နှစ် ၁၅ နှစ် ကြာပြီဖြစ်လို့ မျက်စိတောင် ကွယ်နေကြပြီ။ ဒါမျိုးတွေက နောက်မှ ကုသ စောင့်ရှောက်ရမှာ မျိုးတွေ၊ ဒါပေမယ့် လူနာတွေ စိတ်ချမ်းသာအောင် စက်သစ်ကြီးတွေနဲ့ ဆီးချို သွေးချိုတိုင်းပြီး လေးငါးရက်စာ ဆေးဝါးတွေ ပေးလိုက်ရတယ်။ ဒီလောက်နဲ့ ဘာမှ မထူးပါဘူးဆိုတာ ဆရာဝန်အနေနဲ့ သိပေမယ့် လူနာတွေ စိတ်ချမ်းသာ သွားတာမြင်ရရင် ဆရာဝန်လဲ စိတ်ချမ်းသာတာပဲဆိုပြီး လုပ်ပေးလိုက်ရတာလို့ ဒေါက်တာသီရိဝတ္တ၀က ရေးသားထားပါတယ်။
ဆေးခန်းထဲမှာ ဆေးသေတ္တာတွေ အစုလိုက် အပြုံလိုက်ကြီး ပြည့်နှက်နေတယ်။ လူနာတွေမှာလည်း ရောဂါဘယမျိုးစုံ ကပ်ညိနေတယ်။ ကုသပေးမယ့် ဆရာဝန်နဲ့ ဆရာမလည်း အသင့်ရှိနေတယ်။ ဒါပေမယ့် ရောက်လာတဲ့ လူနာအတွက် လိုအပ်နေတဲ့ ဆေးဝါးပေးလိုက်နိုင်တယ် ဆိုတာမျိုးကျတော့ ရှားပါးဖြစ်ရပ်မျိုး ဖြစ်လို့နေတော့တယ်လို့လည်း သူက ဆိုထားပါတယ်။
နောက်ဆုံးကျတော့ လူသားတို့ရဲ့ ခန္ဓာကိုယ်မှာ အလိုအလျောက် ရောဂါပျေက်ကင်းစေနိုင်တဲ့ သဘာဝစွမ်းအားကြီးတခု အံ့သြဘွယ်ရာ ရှိနေပါလားဆိုတာ ကျွန်မ သိရှိမှတ်သားလိုက်ရပါတော့တယ်လို့လည်း သူက နိဂုံးချုပ် ဆက်လက်ရေးသားထားပါသေးတယ်။
အိန္ဒိယနွယ်ဖွား ဆရာဝန်မလေးရေးတဲ့ ဆောင်းပါးကို ဖတ်လိုက်ရတော့ ဟုတ်ပါပေ့။ မှန်ပါပေ့လို့ နှုတ်ကထွက်ပြီး ပြောမိတဲ့အထိ သဘောကျ နှစ်ခြိုက်မိပါတယ်။ ကမ္ဘာကြီး တခုလုံးမှာ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေ၊ စေတနာရှင်အဖွဲ့အစည်းတွေ ထောင်သောင်းမက ရှိနေကြပါတယ်။ အရေးပေါ်လာတဲ့အခါမျိုးမှာ နိုင်ငံအစိုးရများ၊ စေတနာရှင် အဖွဲ့အစည်းများက ထည့်ဝင်လှူဒါန်းကြတဲ့ ငွေကြေးရန်ပုံငွေ ဆိုတာလည်း အံ့မခန်းအောင်ကို ရရှိကြပါတယ်။ ဒါပေမယ့် ဘယ်လိုအခါမျိုးမှာမဆို ဒေါက်တာသိရိဝတ္တ၀ရဲ့ ဆောင်းပါးထဲက ရေးသားချက်အတိုင်း တကယ်လိုအပ်တဲ့ လူတွေအတွက် တကယ်လိုအပ်တဲ့ အကူအညီရမှုဆိုတာမျိုး ရှာပါးလှပါတယ်။ အများစုကတော့ မီးခတ်ကျောက်သုံးပြီး မီးမွှေးနေရသေးတဲ့ ကမ္ဘာဦးလူသား သာသာအဆင့်ရှိ ကျေးရွာတွေကို ဂက်စ်မီးဖိုတွေ လိုက်ဝေပေးနေသလို ဖြစ်နေတာမျိုးတွေချည်း ဖြစ်နေပါတယ်။
ဒီလို ပြသနာမျိုးတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတဲ့ ဆွေးနွေးပွဲကြီးမျိုးတွေကို ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုးကြီးက ဦးဆောင်ပြီး မကြာခဏ ကျင်းပပေးသင့်ပါတယ်။ ဒီပြသနာရဲ့ အဖြေကို မရှာနိုင်သရွေ့တော့ နိုင်ငံတကာ ကူညီထောက်ပံ့မှုဆိုတာတွေက အဟောသိကံ ဖြစ်နေကြဦးမှာသာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
၎-၅-၂၀၀၅ ထုတ် Time မဂ္ဂဇင်းက Ranaja Srivastava ရေးတဲ့ The Essential of Aid ဆောင်းပါးကို ကိုးကားပါတယ်။
{လူထုစိန်ဝင်းရဲ့ ဆင်းရဲခြင်းထောင်ချောက်- အက်ဆေးများ စာအုပ်မှ ကူးယူတာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပါတဲ့ အက်ဆေးတွေဟာ ၀င်းဇော်၊ လူထုစိန်ဝင်း အမည်များနဲ့ Bi weekly eleven ဂျာနယ်မှာ ပါခဲ့တာတွေကို နှစ်ကာလများ စာအုပ်တိုက်က ၂၀၀၉ မေလမှာ ပထမအကြိမ် ထုတ်ဝေခဲ့ခြင်း ဖြစ်ပါတယ်။}
No comments:
Post a Comment