Friday, February 12, 2010

ဟုတ်လွန်းလို့ ဟုတ်ဟုတ် ဟုတ်ဟုတ်တောင် မြည်သေး (စကားမာရသွန် ၅၁)
ရေးသူ- လူထုစိန်ဝင်း

ကျောင်းသား။ ။ နယူးစ်ဝခ်တွေ၊ တိုင်းမ်တွေကိုင်ပြီး ဘာတွေများ စဉ်းစားနေတာလဲ ဆရာရဲ့။
ဆရာ။ ။ ဇွန်လ ၁၈ ရက်နေ့ထုတ် စာအုပ်တွေထဲက စိတ်ဆင်းရဲစရာ သတင်းတွေ ဖတ်မိလို့ပါကွယ်။
ကျောင်းသား။ ။ ဘာသတင်းတွေများပါလိမ့် ခင်ဗျာ။
ဆရာ။ ။ ဂျပန်နိုင်ငံက ၆ နှစ်၊ ၇ နှစ်အရွယ် မူလတန်းကျောင်းသားကလေး ၈ ယောက် ဓားထိုးခံရပြီး သေဆုံးသွားကြရှာတဲ့ သတင်း ဖတ်မိလို့ပါ။ အတန်းထဲ စာသင်နေတဲ့ကလေးတွေကို လူတယောက်က အကြောင်းမဲ့ ၀င်ပြီး ဓားနဲ့ထိုးသတ်ပစ်လိုက်တာပါ။ တော်တော်ရက်စက်ကြမ်းကြုတ်တာပဲ။



ကျောင်းသူ။ ။ ၈ ယောက်တောင် သေဆုံးသွားကြသတဲ့လား။
ဆရာ။ ။ ဟုတ်တယ်။ မိန်းကလေး ၇ ယောက် နဲ့ ယောက်ျားလေး ၁ ယောက်ဖြစ်တယ်။ ဒုတိယတန်းက ၆ နှစ်၊ ၇ နှစ်၊ ၈နှစ်အရွယ် ကလေးတွေချည်းပဲ။
ကျောင်းသား။ ။ ဘာကြောင့် ဒါလောက်ရက်စက်ရတာလဲ ခင်ဗျ။
ဆရာ။ ။ ဘာအကြောင်းမှာကို ရှိတာမဟုတ်ဘူးကွယ့်။ 'စိတ်ရောဂါထလာလို့' လို့ ဆိုတာပဲ။
ကျောင်းသူ။ ။ သူက စိတ်ရောဂါသည်ပေါ့နော်။
ဆရာ။ ။ အသက် ၃၇ နှစ် ရှိတဲ့ 'ထခုမ' ဆိုတဲ့လူက အလုပ်အကိုင် မယ်မယ်ရရ မရှိတဲ့ ခြေသလုံးအိမ်တိုင် တယောက်တဲ့။ စိတ်ရောဂါအခံရှိလို့ စိတ်ငြိမ်ဆေးတွေ သောက်နေရတာတဲ့။ အဲဒီနေ့ကတော့ စိတ်ငြိမ်ဆေးတွေကို ပုံမှန်ထက် ၁၀ ဆ လောက် ပိုသောက်ပြီး၊ ၆ လက်မ သားလှီးဓားတချောင်း ယူပြီး ထွက်လာ ခဲ့တာတဲ့။ မူလတန်းကျောင်းကလေး ရှေ့ရောက်တော့ ကျောင်းထဲဝင်ပြီး အတန်းထဲ ထိုင်နေတဲ့ ကလေးတွေကို တယောက်ပြီးတယောက် ဓားနဲ့ လိုက်ထိုးတော့တာပဲတဲ့။ ကလေး ၈ ယောက် သေဆုံးသွားပြီး၊ ဆရာမ ၂ ယောက်နဲ့ တခြားကလေး ၁၃ ယောက် ဒဏ်ရာရသွားကြသတဲ့။
ကျောင်းသား။ ။ သူ့ကို ဖမ်းမိရဲ့လား ခင်ဗျ။
ဆရာ။ ။ ဆရာ၊ ဆရာမတွေက သူ့ကို ၀ိုင်းဖမ်းလို့ မိသွားပါတယ်။ ရဲဆီရောက်တော့ သူက လူ့ဘ၀ကို ငြီးငွေ့လွန်းလို့ပါတဲ့လေ။ သူ့ကိုသူ သတ်သေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် အထမမြောက်ခဲ့လို့ ခုတော့ ကြိုးပေးတာပဲ ခံချင်တော့တယ်တဲ့လေ။
ကျောင်းသူ။ ။ သူ လောကကြီးကို ငြီးငွေ့တာနဲ့ ဘာမဆိုင် ညာမဆိုင် အပြစ်မရှိတဲ့ ကလေးတွေကို လိုက်သတ်ရရောတဲ့လား။
ဆရာ။ ။ သူ့ကို သူဌေးဖြစ်အောင် လုပ်ဖို့၊ ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးတယောက် ဖြစ်အောင်လုပ်ဖို့ မိဘတွေက ဘယ်တုန်းကမှ တွန်းအားမပေးခဲ့ပါဘူးတဲ့။ သူ့ဟာသူ သိမ်ငယ်စိတ်တွေ ၀င်နေတာပါတဲ့။ သူ့အဖေက ပြောခဲ့တာလေ။
ကျောင်းသား။ ။ ဒီလိုဆိုတော့ သူ စိတ်ရောဂါဖြစ်လာတာ မိဘတွေရဲ့ တွန်းအားပေးလွန်းမှုကြောင့် မဟုတ်ဘူးပေါ့။
ဆရာ။ ။ တခြား ဘာအကြောင်းတွေ ရှိမှန်းတော့ မသိရသေးဘူပေါ့ကွယ်။ သူက အထက်တန်း မပြီးခင် ကျောင်းထွက်ပြီး စစ်တပ်ထဲ ၀င်သွားတယ်။ စစ်တပ်ထဲမှာ တနှစ်ခွဲလောက်ပဲနေပြီး၊ ကြုံရာကျပန်း လိုက်လုပ်နေတာတဲ့။ ထရပ်ကားလည်း မောင်းဖူးတယ်။ အလုပ်မျိုးစုံအောင် လုပ်ဖူးခဲ့တယ်တဲ့။
ကျောင်းသူ။ ။ ဟိုတခါလည်း ဘူတာရုံမှာ အဆိပ်ဓာတ်ငွေ့တွေ လွှတ်လိုက်လို့ လူတွေအများကြီး သေခဲ့ဖူးတာ ဂျပန်မှာပဲ မဟုတ်လားဆရာ။
ကျောင်းသား။ ။ ဟုတ်တယ်လေ။ ၁၉၉၅ ခုနှစ်က သြုံရှင်းရိကျို့ ဆိုတဲ့ အယူသည်း ဘာသာရေးဂိုဏ်းရဲ့ လက်ချက်နဲ့ လူ ၁၂ ယောက် သေခဲ့တာပေါ့။ အဲဒီအမှုက ခုတောင် အဆုံးမသတ်သေးဘူးထင်တယ်။
ကျောင်းသူ။ ။ နိပေါနိုင်ငံမှာ မိဘ၊ ညီအကို မောင်နှမ အားလုံး ၁၀ ယောက်တိတိ သေဆုံးခဲ့ရတဲ့ သတင်းတွေတောင် နောက်ဆက်တွဲ ဖတ်လို့ မဆုံးသေးဘူးနော်။ လောကကြီးတခုလုံး ဘာတွေများ ဖြစ်ကုန်ပါလိမ့် ဆရာရယ်။ စိတ်ရှုပ်စရာကြီး။
ကျောင်းသား။ ။ ဒီလို အရူးထတာတွေ၊ အကြမ်းဖက် လူသတ်တာတွေဟာ အမေရိကန်နိုင်ငံရဲ့ မူပိုင် ရောဂါဆိုးကြီးလို့ ထင်မှတ်ထားတာ။ ခုတော့ ကျွန်တော်တို့ အရှေ့တိုင်းနိုင်ငံတွေထိ ပျံ့နှံ့နေပါရောလား ဆရာရဲ့။ ဘာကြောင့် ခုလို တနေ့တခြား ဆိုးရွားလာနေရတာလဲ။
ဆရာ။ ။ အခြေခံ အကြောင်းတရားတွေကတော့ အများကြီးပေါ့ကွယ်။ အဓိက အချက်တခုကတော့ လူသားတွေအားလုံး၊ စိတ်မိုက် စိတ်ရိုင်းတွေ၊ စိတ်ကြမ်းတွေ သိပ်အားကြီးနေကြပြီဆိုတာ လက်တွေ့ပြသနေခြင်း ပဲ။
ကျောင်းသူ။ ။ ဟိုအရင်တခါ ဆရာပြောဖူးခဲ့တဲ့ manimal ဆိုတာလေ။ man နဲ့ animal နှစ်ခု ပေါင်းထားတာ။ အဲဒါမျိုး ဖြစ်ကုန်ပြီလို့ ဆိုရတော့မလား မသိဘူးနော်။
ဆရာ။ ။ လူသားအားလုံးတော့ မဖြစ်သေးပါဘူး။ ဒါပေမယ့် ရာခိုင်နှုန်းအားဖြင့်တော့ အတော်များ များဖြစ်တဲ့ လူသားများဟာ 'လူ' အဖြစ်က လျှောကျပြီး လူ့အောက်နိမ့်ကျတဲ့ subhuman ဘ၀ကို ရောက်ကုန် ကြပြီလို့တော့ ဆိုရမယ် ထင်ပါတယ်။
ကျောင်းသား။ ။ အဲဒါမျိုးတွေဟာ manimal ပဲ မဟုတ်ဘူးလားခင်ဗျာ။
ကျောင်းသူ။ ။ တိရစ္ဆာန်တွေထဲမှာတောင် ကိုယ့်အချင်းချင်း သတ်ဖြတ်စားသောက်မလုပ်တဲ့ တိရစ္ဆာန်တွေ ရှိပါသေးတယ်။ လူသားတွေရဲ့ မိတ်ဆွေလို့ ခေါ်ကြတဲ့ ပင်လယ်ထဲက လင်းပိုင်လို သတ္တ၀ါတွေ အများကြီး ရှိပါသေးတယ်။ စောစောက subhuman တွေကို manimal လို့ ခေါ်လိုက်ရင် လင်းပိုင်လို သတ္တ၀ါတွေကို အားနာစရာကြီးတောင် ဖြစ်နေတော့မှာပဲ။
ကျောင်းသား။ ။ လူသားတွေ ဘာကြောင့် ရိုင်းကုန်၊ ကြမ်းကုန်ကြတာလဲဆိုတာ ဆရာ့အမြင် သိပါရစေ ခင်ဗျာ။
ဆရာ။ ။ အကြောင်းတရားတွေကတော့ အများကြီးပေါ့ကွယ်။
ကျောင်းသူ။ ။ လက်နက်တွေရဲ့ စွမ်းအား သိပ်ကြီးမားလာလို့များလားဆရာ။
ဆရာ။ ။ တခါတည်းနဲ့ လူတွေအများကြီး သေကြရတာကတော့ လက်နက်တွေရဲ့ စွမ်းအားကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် လက်နက်က အဓိက မဟုတ်သေးဘူးကွဲ့။ သတ်ချင် ဖြတ်ချင်စိတ်တွေ သိပ်ကြီးမားနေတဲ့ လူကသာ အဓိကဖြစ်တယ်။
ကျောင်းသား။ ။ အဲဒီလူတွေ ဘာကြောင့် ဒါလောက် သတ်ချင်ဖြတ်ချင်စိတ်တွေ လွန်လွန်မင်းမင်း ဖြစ်ရတာလဲဆိုတာ စဉ်းစားရမှာပေါ့နော်။
ဆရာ။ ။ ဟုတ်ပါတယ်။
ကျောင်းသူ။ ။ ရက်ရက်စက်စက် သတ်ဖြတ်တဲ့ ရုပ်ရှင်တွေ၊ ရုပ်ပြတွေ သိတ်များနေလို့ များလား ဆရာ။ ကလေးသူငယ်တွေအတွက် ရိုက်ကူးထုတ်လုပ်တဲ့ ကာတွန်းဇာတ်လမ်းတွေမှာတောင် ရက်စက် ကြမ်းကြုတ်တာတွေ၊ မညှာမတာ အနိုင်ကျင့် ဗိုလ်ကျတာတွေ၊ ကလိန်ကကျစ်လုပ်ပြီး အနိုင်ယူတာတွေ တအားကို များတာပဲ။
ဆရာ။ ။ အင်း၊ မင်းပြောတာလည်း မှန်ပါတယ်။ နီပေါက ဖြစ်ပျက်တာတွေ ဖတ်ကြည့်တော့ အိမ်းရှေ့မင်းသားက တိုက်ပွဲဝင် ၀တ်စုံ ၀တ်ဆင်ပြီး စက်သေနတ်ကြီးတွေ နှစ်လက်၊ သုံးလက် လွယ်ပြီး ခန်းမထဲ ၀င်လာတယ်လို့ ဖတ်ရတယ်။ ဆရာ့ မျက်စိထဲမှာတော့ ချက်ချင်းပဲ ရန်ဘို နဲ့ အာနိုးကို ပြေးမြင်လိုက်မိတယ်လေ။
ကျောင်းသား။ ။ အဲဒီလိုဆို ရုပ်ရှင်တို့၊ စာပေတို့ စတဲ့ မီဒီယာတွေက အဓိက တရားခံတွေလို့ ဆိုရမှာလား ဆရာ။
ဆရာ။ ။ မီဒီယာတွေက အဓိက လက်သည် တရားခံ မဟုတ်ပါဘူး။ အဓိကအကျဆုံး တရားခံက 'ကြောင်ဖြူတာ မည်းတာ အရေးမကြီးဘူး။ ကြွက်မိဖို့သာ လိုရင်ပဲ' ဆိုတဲ့စနစ် ဖြစ်ပါတယ်။ ဒီစနစ်ကြောင့် ဘယ်နည်းနဲ့ရရ အမြတ်ရရင် ပြီးရောဆိုပြီး တရားတာ၊ မတရားတာ၊ လုပ်သင့်တာ၊ မလုပ်သင့်တာ၊ ဘာကိုမှ စဉ်းစားမနေကြတော့ပဲ 'ဘနဖူး သိုက်တူး' ဖြစ်ကုန်ကြတော့တာကိုး။
ကျောင်းသူ။ ။ အဲဒီ 'ကြောင်ဖြူကြောင်မဲ' အကြောင်းအရာ မကြာမကြာ ပြောတတ်တယ်နော်။ ဒီအယူအဆကို ဆရာ တော်တော် ရွံရှာမုန်းတီးပုံရတယ်။
ဆရာ။ ။ ဒီအယူအဆကြောင့် လူသားတွေ အကျင့်စာရိတ္တ ချွတ်ခြုံကျပြီး subhuman ဖြစ်ကုန် ရတာကိုးကွဲ့။ ယဉ်ကျေးတဲ့ လူရယ်လို့ ဖြစ်လာရင် လုပ်ချင်တာနဲ့ လုပ်သင့်တာကို ခွဲခြား စဉ်းစားရမှာပေါ့။ ကိုယ်ထင်ရာ လျှောက်လုပ်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ 'စာနာစိတ်' ရှိမှ လူယဉ်ကျေးလို့ ခေါ်နိုင်မှာပေါ့။
ကျောင်းသား။ ။ ချမ်းသာတဲ့ စက်မှုနိုင်ငံကြီးတွေမှာ စိတ်ရောဂါဖြစ်တဲ့လူတွေ သိတ်များတယ်လို့ ပြောကြပါတယ်။ အဲဒါကော ဘာဖြစ်လို့လဲ ခင်ဗျ။
ဆရာ။ ။ 'ကြောင်ဖြူ ကြောင်မဲ' စနစ်ကြောင့် လူတွေဟာ နိုင်ရာစား လုပ်ကြတာလေ။ ပြိုင်ဘက်ကို အနိုင်ရဖို့ ဘယ်လိုနည်းနဲ့ပဲ လုပ်ရလုပ်ရ တရားတာ မတရားတာ ကြည့်မနေကြတော့ဘူး။ အနိုင်ရဖို့သာ အဓိကပဲ။ သိက္ခာတရားတို့၊ ကျင့်ဝတ်နီတိတို့၊ သီလသမာဓိတို့ဆိုတာ လူနုံလူအတွေရဲ့ လက်သုံးစကားလို့တောင် ခေါ်ရမယ့် အခြေအနေ ဖြစ်နေပြီ။ အဲဒီလို အခြေအနေ အဲဒီလို စနစ်မျိုးအောက်မှာ လူတိုင်းလူတိုင်းဟာ လူတန်းစေ့နေနိုင်ဖို့ အရေး အမြဲတမ်း ကြောင့်ကြပူပန်နေကြရတယ်။ အလုပ်မရှိတော့လည်း အလုပ်ရဖို့ ပူနေရတယ်။ အလုပ်ရှိပြန် တော့လည်း ဒီအလုပ်ကလေး မြဲဖို့အတွက် ပူနေရတယ်။ ပြီးတော့ ရတာနဲ့ ကုန်တာ မျှတဖို့ အတွက်လည်း နေ့တိုင်း နေ့တိုင်း ပေသီးခေါက်ကြည့်နေရတယ်လေ။ ဒီတော့ လူတွေအတွက် သောကတွေ သိပ်ဖိစီးနေတော့ တာပေါ့။ သောကဖိစီမှုတွေ တအားများလာတဲ့အခါကျတော့ စိတ်ဝေဒနာတွေ စိတ်ဝေဒနာတွေ စွဲကပ်လာ ရတော့တာပဲလေ။ ဒါက သဘာဝပဲ။
ကျောင်းသား။ ။ လူတွေ ရက်စက်ကြမ်းကြုတ်တာ၊ ရိုင်းစိုင်းကုန်တာ၊ ဗြဟ္မစိုရ်တရားတွေ ဆိတ်သုဉ်းကုန်တာ 'ကြောင်ဖြူကြောင်မဲ' စနစ်ကြောင့်လို့ ချုပ်ပြီး ဆိုရတော့မှာပေါ့နော်။
ဆရာ။ ။ ဟုတ်ပါတယ်။ အဲဒါ အဓိက လက်သည်တရားခံပါပဲ။
ကျောင်းသူ။ ။ တလောတုန်းက မဂ္ဂဇင်းတအုပ်မှာ 'လူကြီးလူကောင်းစိတ်ဓာတ်ဆိုတာ မျိုးပြုန်းကွယ် ပျောက်လု မတတ်ရှိနေတဲ့ (exchange endangered species) ဖြစ်နေပြီ' လို့ ဆရာရေးတာ ဖတ်လိုက်မိပါတယ်။ ဒါကော 'ကြောင်ဖြူကြောင်မဲ' ကြောင့်ပဲလား ဆရာ။
ဆရာ။ ။ သိပ်ဟုတ်တာပေါ့။ လူ့လောကကြီးတခုလုံး အရုပ်ဆိုးအကျည်းတန်အောင် လုပ်နေတာ အဲဒီ 'ကြောင်ဖြူကြောင်မဲ' ၀ါဒပဲ။
ကျောင်းသား။ ။ ကမ္ဘာကြီး တနေ့တခြား ပူသထက်ပူလာတာ၊ ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်လာပြီး ကမ္ဘာကြီးတခုလုံး ရေအောက် ရောက်သွားမယ့် အန္တရာယ်ကြီး ရှိနေတာ စတာတွေလည်း 'ကြောင်ဖြူကြောင်မဲ' ကြောင့်ပဲပေါ့နော် ဆရာ။
ဆရာ။ ။ ဟုတ်လွန်းလို့ ဟုတ်ဟုတ် ဟုတ်ဟုတ်တောင် မြည်နေပါသေးတယ်ဗျာ။

လူထုစိန်ဝင်း။
{လူထုစိန်ဝင်းရဲ့ စကားမာရသွန်-၂ စာအုပ်၊ ၂၀၀၇ ခုနှစ် စက်တင်ဘာ၊ ပထမအကြိမ်မှ ကူးယူဖော်ပြ ပါတယ်။}

No comments: