လွန်ခဲ့တဲ့ ၅၅ နှစ်က ဒီ စက်တင်ဘာထဲမှာ အမေရိကန်စစ်ဗိုလ်ချုပ်ကြီး မက်အာသာဟာ ကုလသမဂ္ဂ ဆိုင်းဘုတ် တပ်ဆင်ထားတဲ့ အမေရိကန် စစ်သားဦးရေ ၇၀၀၀၀ ကို ခေါင်းဆောင်ပြီး တောင်ကိုးရီးယားနိုင်ငံ အင်ချုံ ဆိပ်ကမ်းမြို့ကလေးထဲ ၀င်ရောက်လာခဲ့ပါတယ်။
အင်ချုံမြို့ကတဆင့် မက်အာသာရဲ့ တပ်တွေက တောင်ကိုးရီးယားနိုင်ငံ ပိုင်နက်ထဲကို ကီလိုမီတာ ၃၀၀ လောက်ထိ ၀င်ရောက်သိမ်းပိုက်ထားတဲ့ မြောက်ကိုးရီးယားတပ်များရဲ့ နောက်ပိုင်းကို ၀င်ရောက်တိုက်ခိုက်နိုင်ခဲ့ကြ ပါတယ်။ ရှေ့နောက်ညှပ်ပိတ် အ၀ိုင်းခံရတော့မယ့် အန္တရာယ်က လွတ်မြောက်အောင် မြောက်ကိုးရီးယား တပ်များကို ၂ ပတ်အတွင်း ဆုတ်ခွါသွားခဲ့ကြတယ်။ စစ်ကြီး ပြီးသွားတော့ အင်ချုံမြို့မှာ မက်အာသာရဲ့ ဧရာမ ရုပ်ထုကြီးတခု စိုက်ထူ ထားခဲ့ကြတယ်။ စစ်ပြီးခေတ် သမိုင်းစာအုပ်တွေထဲမှာလဲ ဗိုလ်ချုပ်ကြီး မက်အာသာကို ကယ်တင်ရှင်ကြီးအဖြစ် ရေးသားဂုဏ်ပြုခဲ့ကြပါတယ်။
၅၅ နှစ်ကြာ အပြီးမှာတော့ မက်အာသာ အင်ချုံကို ၀င်ရောက်လာတဲ့နေ့ကို ကြေကွဲဖွယ်ရာ နေ့ကြီး တနေ့အဖြစ် မျိုးဆက်သစ် ကိုးရီးယားလူငယ်တွေက ယူဆလာကြတယ်။ အဲဒိနေ့ အထိမ်းအမှတ်အဖြစ် ကိုးရီးယားလူငယ်တွေက မက်အာသာရဲ့ ရုပ်ထုကြီးရှေ့မှာ ဆန္ဒပြခဲ့ကြပြီး မက်အာသာရဲ့ ရုပ်ထုကြီးကို ဖယ်ရှားပစ်ဖို့ တောင်းဆိုခဲ့ကြတယ်။ သူတို့က မက်အာသာဟာ ကိုးရီးယားလူမျိုးတို့ရဲ့ ကယ်တင်ရှင်မဟုတ်ဘဲ အမေရိကန်တို့ရဲ့ စစ်ပွဲကြီးကို ကိုးရီးယားလူမျိုးများရဲ့ အသက်နဲ့ စတေးပြီး တိုက်ခိုက်ပေးခဲ့တဲ့ စစ်သွေးဆာနေသူ တဦးသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြတယ်။
"မက်အာသာဟာ ကိုးရီးယားနိုင်ငံကို ၂ ပိုင်းခွဲပစ်ခဲ့တဲ့သူ၊ ဒီလို ကွဲပြားနေမှုကြီးကို ထာဝရဖြစ်အောင် ဆောင်ရွက်ခဲ့သူဖြစ်တယ်"
ဆန္ဒပြသူများထဲက ခေါင်းဆောင်တဦးဖြစ်သူ ဟန်ဆင်ဆပ် ဆိုသူ လူငယ်က ပြောကြားခဲ့တဲ့ စကား ဖြစ်ပါတယ်။
ဒီလူငယ်ရဲ့ စကားဟာ ကိုးရီးယားစစ်ပွဲကြီး ပြီးဆုံးသွားတဲ့ နောက်မှ မွေးဖွားခဲ့ကြတဲ့ အသက် ၃၀၊ ၄၀ လူလတ်ပိုင်း အတော်များများရဲ့ စိတ်မှာ ကိန်းအောင်းနေတဲ့ အမြင်ဖြစ်ပါတယ်။ ဒီမိုကရေစီခေတ် ကိုးရီးယား လူငယ်တွေက ကိုးရီးယားစစ်ပွဲကြီးနဲ့ ကိုးရီးယားနှစ်ပိုင်း ကွဲသွားရမှုဟာ ဆိုဗီယက်နဲ့ အမေရိကန်တို့ရဲ့ စစ်အေးတိုက်ပွဲ နယ်ပယ်လုမှုကြီးရဲ့ ရလဒ်ဖြစ်တယ်လို့ သုံးသပ်လာကြပါတယ်။
ဒါတင်မက မြောက်ကိုးရီးယားနိုင်ငံကိုလည်း သမိုင်းစာအုပ်ဟောင်းတွေထဲကလို ကျူးကျော်ရေးသမား မိစ္ဆာကောင်တွေအဖြစ် မမြင်ကြတော့ဘဲ အမေရိကန်ရဲ့ ဗိုလ်ကျလွှမ်းမိုးမှုကို ရဲရဲဝံ့ဝံ့ အံတုခဲ့တဲ့ သူရဲကောင်းတွေ အဖြစ် မြင်လာတာတွေ အထိ ရှိလာပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက် ကတည်းက ကိုးရီးယားမှာ ဆစ်ဂမန်ရီးတို့လို၊ ပတ်ချုံဟီးတို့လို စစ်အာဏာရှင်တွေ နိဂုံးချုပ်သွားတာနဲ့အတူ သမိုင်းအမြင်သစ်တွေ ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။ ကိုးရီးယားတွေသာ မဟုတ်သေးပါဘူး။ အမေရိကန်လူမျိုး ပါမောက္ခ Burce Cumings က သူရေးခဲ့တဲ့ "The Origins of the Korean War" ဆိုတဲ့ စာအုပ်မှာ ကိုးရီးယားစစ်ပွဲကြီးရဲ့ လက်သည် တရားခံအစစ်ဟာ ဆိုဗီယက်နဲ့ အမေရိကန်တို့ ဖြစ်တယ်။ သူတို့က ကင်အီဆွန်းကို စစ်ပွဲကို စတိုက်အောင် ဆွပေးခဲ့ကြတာ ဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။
ဒီအယူအဆ ဒီသုံးသပ်ချက်ကို လက်ခံသဘောကျသူတွေ တော်တော်များများ ရှိခဲ့ပါတယ်။ တောင်ကိုးရီးယားသမတ Roh Moo Hyun ကိုယ်တိုင်က ကိုးရီးယားသမိုင်းသစ်ကို ပြန်ရေးကြဖို့ နှိုးဆော်တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
သမိုင်းပညာရှင်သစ်တွေကလည်း ကိုးရီးယားစစ်ပွဲကို သမိုင်းစာအုပ်ဟောင်းတွေထဲကလို ကောင်းမှုနဲ့ မကောင်းမှုတို့ရဲ့ တိုက်ပွဲအဖြစ် မမြင်ကြတော့ဘဲ ကိုးရီးယားလူမျိုး ညီနောင်ချင်း တိုက်ခိုက်ကြတဲ့ ကြေကွဲစရာ အဖြစ်ဆိုးကြီး တခုအနေနဲ့ သုံးသပ်လာခဲ့ကြပါတယ်။ သူတို့က မြောက်ကိုးရီးယားကို အဏုမြူဗုံးကြဲပြီး တိုက်ခိုက်ဖို့အထိ ကြံရွယ်ခဲ့တဲ့ မက်အာသာရဲ့ လုပ်ရပ်များကိုလည်း ရှုတ်ချခဲ့ကြပါတယ်။
"ကွန်မြူနစ်ဝါဒအပေါ်မှာ အနိုင်ယူဖို့အတွက် မက်အာသာဟာ ကိုးရီးယားလူမျိုးတွေရဲ့ အသက်ပေါင်း များစွာကို စတေးဖို့ ကြံရွယ်ခဲ့တယ်"
ဒီအမြင်ဟာ လူလတ်ပိုင်း ကိုးရီးယားနိုင်ငံရေး သုတေသီများနဲ့ သမိုင်းပညာရှင်များရဲ့ သုံးသပ်ချက်သစ် အမြင်သစ်များပဲ ဖြစ်ပါတယ်။ ဒီအမြင်ကို လူကြီးပိုင်း သက်ကြီးရွယ်အိုပိုင်းတွေက လက်မခံနိုင်ကြပါဘူး။ သူတို့က မက်အာသာရဲ့ ရုပ်တုကြီးကို ဖယ်ရှားမပစ်ဖို့ ကန့်ကွက်ကြပါတယ်။
သက်ကြီးရွယ်အိုတွေက မနှစ်မြို့နိုင် ဖြစ်ပေမယ့် အမြင်သစ် သမိုင်းသစ်တွေကတော့ ဖြည်းဖြည်းချင်း အင်အားပိုပိုပြီး ကောင်းလာနေပါတယ်။
ဒီနေ့ ရှေ့တန်းရောက်နေတဲ့ မြောက်ကိုးရီးယား နျူးကလီးယား လက်နက်ကိစ္စမှာလည်း အမေရိကန်က တင်းတင်းမာမာ ဆောက်ရွက်ချင်ပေမယ့် တောင်ကိုးရီးယားအစိုးရက သဘောမတူခဲ့ပါဘူး။ သူတို့က မြောက်ကိုးရီးယားဘက်ကို စားနပ်ရိက္ခာနဲ့ စွမ်းအင်အကူအညီများ ပေးဖို့ ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပါတယ်။ အခြေအနေ အရပ်ရပ်ကို ခြုံပြီးပြောမယ်ဆိုရင် ဒီမိုကရေစီခေတ် ကိုးရီးယားလူမျိုးတွေက သမိုင်းကို အသစ်ပြန် ရေးကြဖို့သာ ဆန္ဒရှိနေကြပြီး၊ ကိုးရီးယားလူမျိုးချင်း သွေးစည်းညီညွတ်ရေးကိုသာ လိုချင်နေကြပြီဆိုတာ သိသာထင်ရှားနေပြီလို့ ပြောနိုင်မှာ ဖြစ်ပါတယ်။ ။
လူထုစိန်ဝင်း
{လူထုစိန်ဝင်းရဲ့ ဆင်းရဲခြင်းထောင်ချောက်- အက်ဆေးများ စာအုပ်မှ ကူးယူတာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပါတဲ့ အက်ဆေးတွေဟာ ၀င်းဇော်၊ လူထုစိန်ဝင်း အမည်များနဲ့ Bi weekly eleven ဂျာနယ်မှာ ပါခဲ့တာတွေကို နှစ်ကာလများ စာအုပ်တိုက်က ၂၀၀၉ မေလမှာ ပထမအကြိမ် ထုတ်ဝေခဲ့ခြင်း ဖြစ်ပါတယ်။}
No comments:
Post a Comment