Sunday, February 7, 2010
စာမတတ်တဲ့ အမေရိက
ရေးသူ- လူထုစိန်ဝင်း
လူငယ်က စာတရွက် ကျွန်တော့်ကို ထိုးပေးလိုက်တယ်။ မျက်နှာတခုကို မော့ကြည့်ရင်း မျက်စိတွေကို မှေးထားတယ်။
"ဒီမှာ ကိုယ့်လူ၊ ဒါဘယ်နေရာမှာဆိုတာ ပြောပြနိုင်သလား"
ကျွန်တော် ကိုယ်တိုင်က ဒက်ထရိုက်မှာ ဧည့်သည်။ ဒါပေမယ့်လို့ ရေးထားတဲ့ လိပ်စာကို တချက်လှမ်း ကြည့်လိုက်ရုံနဲ့ သူမေးတဲ့နေရာကို သိလိုက်ပါပြီ။ ကျွန်တော်က ၁၅ ပေလောက်သာကွာတဲ့ လမ်းအမည် ဆိုင်းဘုတ်ကို ညွှန်ပြပြီး "ဟိုမှာလေ ဆိုင်းဘုတ်ကို မမြင်ဘူးလား" လို့ ပြောလိုက်ပါတယ်။
သူက ကျွန်တော့်ကို မလုံမလဲ ကြည့်ပြီး စာရွက်ကို ဆွဲယူကာ ထွက်သွားပါတော့တယ်။ ဒီတော့မှ ကျွန်တော်က အကြောင်းအရင်းကို သိလိုက်ရတယ်။ ကျွန်တော့်လို လူစိမ်းတယောက်ကို မေးလိုက်ရတာက ဆိုင်းဘုတ်ကို သူမမြင်လို့ မဟုတ်ဘူး။ ဆိုင်းဘုတ်ကို သူမဖတ်တတ်တာ။
သူတယောက်တည်း မဟုတ်ပါဘူး။ ဒက်ထရွိုက်ဆိုတဲ့ လူမည်းအများစု နေကြတဲ့ ဒီမျြို့က လူတွေရဲ့ ၄၇ ရာခိုင်နှုန်း၊ လူကြီးနှစ်ယောက်မှာ တယောက်နီးပါးဆိုပါတော့။ အလုပ်ဖြစ်အောင် စာတတ်မြောက်ခြင်း မရှိကြဘူး ဆိုတာ အံ့သြစရာ သိရပါတယ်။ (နှိုင်းယဉ်ချက်အနေနဲ့ ပြောရရင် ဗီယက်နမ်လူမျိုးများရဲ့ ၆ ဒဿမ ၇ ရာခိုင်နှုန်း၊ ကရိုအေးရှားလူမျိုးများရဲ့ ၁ ဒဿမ ၇ ရာခိုင်နှုန်းဟာ အလုပ်ဖြစ်အောင် စာတတ်မြောက်ခြင်း မရှိကြပါဘူး)။ အလုပ်ဖြစ်အောင် စာမတတ်ဘူးဆိုတာက နိစ္စဓူဝ ထမင်းစားရေသောက် ကိစ္စလေးတွေ အတွက်တောင် ရေးတတ်၊ ဖတ်တတ်၊ တွက်တတ်ချက်တတ် မရှိဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ လုပ်စားကိုင်စားလောက်အောင် ကွန်ပြူတာကျွမ်းကျင်မှုတို့ ဘာတို့လည်း မရှိပါဘူး။ အလုပ်လျှောက်လွှာပုံစံ ဖြည့်တာ၊ လမ်းညွှန်ဆိုင်းဘုတ်တွေ ဖတ်တာ၊ ရွေးကောက်ပွဲ မဲထည့်ဖို့ မဲပြားပေါ်က စာဖတ်တာ၊ သတင်းစာဖတ်တာ၊ ဘတ်စ်စကားခရီးစဉ်ဖတ်တာ၊ ကုန်ပစ္စည်းတံဆိပ်ဖတ်တာ၊ စာရွက်ပေါ်က လိပ်စာဖတ်တာ စတဲ့ ဟာတွေ ဘာတခုမှလည်း လုပ်နိုင်စွမ်း မရှိပါဘူး။
ကမ္ဘာပေါ်က အချမ်းသာဆုံးနိုင်ငံကြီးရဲ့ လူဦးရေ ၂၃ ရာခိုင်နှုန်း၊ ယောက်ျား မိန်းမ စုစုပေါင်း ၄၄ သန်းလောက်ဟာ ပြောခဲ့တဲ့ အရာတွေကို မလုပ်နိုင်ကြပါဘူး။ တကယ်ပြောရရင်တော့ အခြေအနေဟာ ခုပြောခဲ့တဲ့ ကိန်းဂဏန်းတွေ ညွှန်ပြနေတာထက်တောင် ပိုဆိုးပါသေးတယ်။ နောက်ထပ် အမေရိကန်လူမျိုး သန်း ၅၀ လောက်ဟာ ရှစ်တန်းအဆင့်ထက်ပိုပြီး စာမတတ်ကြပါဘူး။ ဒါကို အကျယ်ချဲ့ပြီး ရှင်းအောင် ပြောရမယ်ဆိုရင် ပိုးဟပ်သတ် ဆေးဗူးပေါ်က အညွှန်းကို ဖတ်တတ်ဖို့ရာ ကိုးတန်းအဆင့်လောက် စာဖတ်နိုင်ဖို့ လိုပါတယ်။ အမြတ်ခွန်ပုံစံ ဖြည့်တတ်ဖို့ဆိုရင် ၁၀ တန်းလောက်တော့ အနည်းဆုံး တတ်ထားမှ ဖြစ်ပါတယ်။ အသက်အာမခံ ပုံစံတွေကို နားလည်ဖို့ဆိုရင် ၁၂ တန်းလောက်အထိ တတ်ထားမှ ဖြစ်ပါတယ်။ ချုပ်လိုက်ရင်တော့ အမေရိကန်လူမျိုး အရွယ်ရောက်ပြီး လူကြီးများရဲ့ ကြောက်ခမန်းလိလိ ရာခိုင်နှုန်းဟာ ဒီနေ့ခေတ် လူ့အဖွဲ့အစည်း အတွက် လုံလောက်တဲ့ အရည်အချင်း မရှိကြဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ စာမတတ်သူတွေ ရှိနေတယ်ဆိုတာ နိုင်ငံခြားသားတွေ သိကြရင် အံ့သြတုန်လှုပ် သွားကြမှာပါပဲ။ ပိုပြီး စိတ်ဘ၀င်မကျ ဖြစ်စရာက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စာမတတ်မြောက်မှု ဆိုတာက ကျေးလက်ဒေသ ပြဿနာဖြစ်ပေမယ့် အမေရိကန်နိုင်ငံမှာတော့ ဆင်းရဲသားတွေ၊ လူမှုဖူလှုံရေး ထောက်ပံ့ကြေး ကို မှီခိုအားထားနေရသူတွေ အများစု နေထိုင်ကြတဲ့ အတွင်းပိုင်းဒေသ မြို့ကြီးပြကြီးတွေ ဖြစ်နေတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ကျွန်တော် ဒက်ထရွိုက်ကို ရောက်နေတဲ့အကြောင်းရင်းက အမေရိကန်မြို့ပြ ပြဿနာ ဆိုင်ရာ ညီလာခံတခုမှာ ဟောပြောဖို့ ဖြစ်ပါတယ်။ လေကောင်းလေသန့် ရှူဖို့နဲ့ လက်ကိုင်ဖုံးပြောဖို့ ညီလာခံခန်းမ အပြင်ဘက်လမ်းပေါ် ထွက်လိုက်တော့ ပထမဆုံးတွေ့လိုက်ရတဲ့ လူငယ်တယောက်ဆီကတင် ပြဿနာရဲ့ အတိမ်အနက်ကို နဖူးတွေ့ ဒူးတွေ့ သိလိုက်ရပါတယ်။
ဒက်ထရိုက်မြို့က အသက် ၁၆ နှစ်နဲ့ ၆၀ ကြား လူဦးရေရဲ့ ထက်ဝက်နီးပါးဟာ အလုပ်လက်မဲ့ ဖြစ်နေကြပြီး အလုပ်လိုက်ရှာတာမျိုးလည်း လုပ်မနေကြဘူးလို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလူတွေ အများစုဟာ အလုပ်ရနိုင်လောက်အောင် လိုအပ်တဲ့ပညာအရည်အချင်းဆိုတာ မပြောနဲ့တော့၊ အလုပ်လုပ်ဖို့ သင်တန်းလေးဘာလေး တက်ရောက်နိုင်ရုံ အရည်အချင်းတောင်မှ မရှိကြလို့ ဖြစ်တယ်ဆိုတာ မှန်းဆ ရနိုင်ပါတယ်။
လမ်းပေါ်မှာ ကျွန်တော်တွေ့ရတဲ့ ကယ်ဗင်ဆိုတဲ့ လူငယ်က လူမှုဝန်ထမ်းတဦး ဖြစ်ပါတယ်။ သူက စာမတတ်မြောက်မှုနဲ့ အလုပ်လက်မဲ့ ပြဿနာဟာ ဒွန်တွဲနေတဲ့ ပြဿနာ ဖြစ်တယ်။ အလုပ်ဖြစ်ရုံတောင် စာမတတ်သူများရဲ့ ၇၀ ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့ ဒါမှမဟုတ် အချိန်ပိုင်း အလုပ်ကလေးတွေလောက်သာ ရှိနေကြသူများ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ အလုပ်လက်ရှိသူများရဲ့ ဘ၀ကလည်း ခက်ခဲကြမ်းတမ်း လှတယ်လို့ ဆိုပါတယ်။ စာမတတ်သူများဟာ တနှစ်မှာ ၄၄ ပတ် အလုပ်ရှိနေကြပါတယ်။ အထက်တန်း အောင်လက်မှတ် မရှိသူများရဲ့ ၀င်ငွေဟာ ကောလိပ်ဘွဲ့လက်မှတ် ရှိသူများရဲ့ ၀င်ငွေ လေးပုံတပုံသာ ရှိပါတယ်။ ဒါတင်မက အလုပ်ကိုလည်း ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်စွမ်း မရှိကြပါဘူး။ ပညာချို့တဲ့မှုကြောင့် အလုပ်ခွင်မှာ ပေါ်ပေါက်လာတဲ့ ဆုံးရှုံးနစ်နာမှုများဟာ နှစ်စဉ် ဒေါ်လာ ဘီလျံပေါင်း များစွာရှိပါတယ်။
အခြေအနေပိုပြီး ဆိုးစေတာက ပညာအဆင့်အတန်းက ကွန်ပြူတာခေတ်ကြောင့် ကမ္ဘာတခုလုံးမှာ တနေ့တခြား မြင့်သထက် မြင့်တက်လာနေခြင်း ဖြစ်ပါတယ်။
ဒီခေတ်ရဲ့ သရုပ်ပြကြွေးကြော်သံက 'သတင်း' ဒါပေမယ့် အီလက်ထရောနစ်နည်းနဲ့ ဖြစ်ဖြစ်၊ တခြားနည်းနဲ့ဖြစ်ဖြစ် ရရှိတဲ့ 'သတင်း'ကို ဖတ်နိုင်စွမ်းမရှိသူများအဖို့တော့ ဒီခေတ်ရဲ့ အပြင်ဘက်မှ ကျန်ရစ်နေလိမ့်မယ်။ ဆင်းရဲချမ်းသာ သတ်မှတ်ခြင်းကို အင်တာနက်ဆက်သွယ်မှုနဲ့ ပြောနေကြတဲ့ ဒီကမ္ဘာကြီးမှာ ငတ်မွတ်ခေါင်းပါးခြင်း နယ်နမိတ်မျဉ်းကြောင်းဟာ စွမ်းအားမြှင့် ဒစ်ဂျစ်တယ်မျဉ်းကြောင်းကို ခလုတ်တိုက်ပြီး လဲကျသွားပါလိမ့်မယ်။ ကွန်ပြူတာခေတ်ရဲ့ အရေးပါဆုံးက ကီးဘုတ်ဖြစ်တယ်။
လူ့စွမ်းအား ဆုံးရှုံးမှုဘက်က ကြည့်ပြန်ရင်လည်း စိတ်မချမ်းမြေ့စရာ ကြီးပါပဲ။ ရာဇ၀တ်မှုတွေကိုပဲ ကြည့်ပေါ့။ ကလေးတရားရုံးကို ရောက်လာတဲ့ သူများရဲ့ ၆၀ ရာနှုန်းဟာ စာမတတ်ကြသူများ ဖြစ်ကြပါတယ်။ လူကြီးထောင်သား ၁၀ ယောက်မှာ ခုနှစ်ယောက်ဟာလည်း ပညာအရည်အချင်း နိမ့်ကျသူများ ဖြစ်ကြပါတယ်။ လောလောဆယ်ရှိနေတဲ့ ထောင်သားဦးရေ နှစ်သန်းမှာ စာမတတ်သူတွေက အများဆုံး ဖြစ်ကြပါတယ်။
ဒက်ထရွိုက်မှာ ကျွန်တော့်ကို လိပ်စာမေးရဲတဲ့ လူငယ်အဖို့ သူတသက်လုံး သူတပါးကို မေးနေရဦးမှာ ပါပဲ။ သူ့ထက်ပိုပြီး စာတတ်တဲ့ သူများက အနိုင်ကျင့်တာ၊ အမြတ်ထုတ်တာကို ခံနေရဦးမှာပါပဲ။
ဒါဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး၊ အင်အားအကြီးမားဆုံး ဒီမိုကရေစီ နိုင်ငံကြီးမှာ ဖြစ်နေတာနော်။ ဒီနိုင်ငံကြီးရဲ့ နိုင်ငံသူနိုင်ငံသားတွေက ကမ္ဘာကြီးတခုလုံးကို အကျိုးသက်ရောက်စေတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နေကြတာ၊ ဒါမှမဟုတ် လက်ခံနေကြတာတဲ့လေ။
ကျွန်တော်က လူငယ်နောက်ကို ပြေးလိုက်သွားရင်း မီးပွိုင့်မှာ မီတော့ သူ့လက်ထဲက စာရွက်ကို ဆွဲယူလိုက်ပါသည်။
"ကဲလာ ကျုပ်ဖတ်ပြမယ်"
ကျွန်တော်က အသံထွက် ဖတ်ပြရင်း စာလုံးကြီးကြီးတွေနဲ့ ဆိုင်းဘုတ်ချိတ်ထားတဲ့ မလှမ်းမကမ်းက အဆောက်အအုံကြီးတခုကို လက်ညှိုးထိုးပြလိုက်ပါတယ်။
"ဟိုတိုက်ကြီး ဖြစ်လိမ့်မယ်" လို့လည်း ပြောလိုက်ပါတယ်။ သူက ကျွန်တော့်ကို ကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်။ ကျွန်တော့်အိတ်ထဲမှာ သက်ကြီးစာတတ်မြောက်ရေး လက်ကမ်းကြော်ငြာ စာရွက်တရွက်လောက် ပါလာရင် ကောင်းမှာပဲလို့ တောင့်တမိပါတယ်။ ဒါလည်း အပိုပါပဲ။ ဒီစာရွက်ကို သူဖတ်နိုင်မှာမှ မဟုတ်တာ။
"ကျေးဇူးပဲ ကိုယ့်လူ"
ဝမ်းသာလို့ လင်းလက်နေတဲ့ မျက်လုံးတွေနဲ့ သူက ပြောလိုက်ပါတယ်။ နောက်တော့ ယုတ်စွအဆုံး ဒီတကြိမ်လေး ဖြစ်စေဦးတော့ လမ်းမှန်အတိုင်း ဆက်လျှောက် သွားပါလေတော့တယ်။
လူထုစိန်ဝင်း
[Ref: Letter from American; Shashi Tharror, Newsweek. 30-9-2002]
{လူထုစိန်ဝင်းရဲ့ ဆင်းရဲခြင်းထောင်ချောက်- အက်ဆေးများ စာအုပ်မှ ကူးယူတာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပါတဲ့ အက်ဆေးတွေဟာ ၀င်းဇော်၊ လူထုစိန်ဝင်း အမည်များနဲ့ Bi weekly eleven ဂျာနယ်မှာ ပါခဲ့တာတွေကို နှစ်ကာလများ စာအုပ်တိုက်က ၂၀၀၉ မေလမှာ ပထမအကြိမ် ထုတ်ဝေခဲ့ခြင်း ဖြစ်ပါတယ်။}
Subscribe to:
Post Comments (Atom)
No comments:
Post a Comment