Friday, November 13, 2009
တမ်းတလို့လွမ်းရပါတယ်....
ရေးသူ- မောင်အေးခိုင်
ဆယ်စုနှစ် လေးခုမျှ ကြာခဲ့ပြီ။ အတွေးပုံရိပ်ထဲမှာ တချို့က တပိုင်းတစပဲ ပေါ်တော့တယ်။ မှိန်ပျောက်ကွယ်လုလုတွေ မနည်းလှဘူး။ တချို့က မလင်းတလင်း၊ မမှိန့်တမှိန်၊ တချို့ကား ခုချိန်ထိ လင်းလက် နေဆဲ.......။
ကိုယ်တို့ရောက်ခါစ၊ ဒီဒေသမှာ စွယ်တော်ရိပ်လို့ ပြောရအောင်လဲ စွယ်တော်ပင်တွေက လူတရပ်စာ သာသာတွေနဲ့ အပင်ပေါက်တွေပဲ ရှိသေးတယ်။ အခက်အလက်တွေ ဝေေ၀စည်စည် မဖြစ်သေးဘူး။ ဒါပေမယ့် ကိုယ်နေခဲ့တဲ့ ခွန်နစ်နှစ်တာ ကာလအတွင်းမှာ စိုစိုပြေပြေ ဖြစ်လာလိုက်တာ ကိုယ်တို့ကို အဲဒီကျောင်းက တွန်းထုတ်လိုက်ချိန်မှာ အပီအပြင် စွယ်တော်ရိပ်လို့ အမည်နာမ ကောင်းကောင်းတပ်လို့ ရနေပြီ။
မမြင့်ခိုင်က ၀တ္ထုတပုဒ်ထဲမှာ ဦးလူပေါ မုခ်ဝနားက စက်မှုတက္ကသိုလ်ဆိုတဲ့ ဆိုင်းဘုတ်ကလည်း ခြုံနွယ် ပိတ်ပေါင်းအကြားမှာ ဖုံးတ၀က်၊ ပေါ်တ၀က်နဲ့လို့ (စာပေစိစစ်ရေးဖြတ်ခြင်းခံရ) ရေးတယ်။ ကိုယ့်ထက် ငါးနှစ်စော ရောက်တဲ့ အစ်မကြီး ရေးသလိုပဲ ကိုယ်တို့ရောက်တော့ ဒီဆိုင်းဘုတ်ဟာ ဒီအတိုင်း။ တနှစ်တခါ တက်လာတဲ့ ခြုံနွယ်တွေကို မရှင်းလို့နဲ့ တူပါတယ်။
ကိုယ်တို့ခေတ် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ပုံက ဆယ်တန်းစာမေးပွဲရဲ့ စုစုပေါင်းရမှတ်နဲ့ ရွေးတယ်။ ကိုယ် တက္ကသိုလ်ဝင်ခွင့်လျှောက်တဲ့အတိုင်း ကိုယ် ပထမဦးစားပေး ရွေးချယ်တဲ့ စက်မှုတက္ကသိုလ်၊ ဓါတုအင်ဂျင်နီယာ ပထမနှစ်အတန်းမှာ ခုံနံပါတ် ၂၇ နဲ့ တက်ခွင့်ရတယ်။ အမှတ်ပေါင်းနဲ့ ရွေးချယ်တဲ့စနစ်က ကိုယ်တို့နှစ်က စတာ။ စက်မှုတက္ကသိုလ်က တနှစ်မှာ ကျောင်းသူကျောင်းသား ၅၅၀ လက်ခံတယ်။ ဓါတုအင်ဂျင်နီယာနဲ့ ချည်မျှင်နဲ့ အထည်အင်ဂျင်နီယာဌာနက တနှစ်ကို အယောက် ၅၀ စီပဲ လက်ခံတယ်။ ပိသုကာဌာန၊ ရေနံနဲ့သတ္တုတူးဖော်ရေး၊ သတ္တုဗေဒဌာန တို့က ဒိထက်နည်းတယ်။ များများလက်ခံတာ စက်မှုရယ်၊ လျှပ်စစ်ရယ်၊ မြို့ပြ အင်ဂျင်နီယာဌာနပဲ။ ဒီတော့ ပထမနှစ်မှာ တန်းခွဲလေးခု ခွဲထားတဲ့ အနက် လူနည်းစုတွေ ပေါင်းထားတဲ့အတန်းက တန်းခွဲတခု၊ ကျန်တဲ့ အများစုတွေက သပ်သပ်တန်းခွဲ တခုစီ။ စက်မှုအင်ဂျင်နီယာ အဓိကဘာသာ သုံးခုခွဲထားတယ်။ အထွေထွေ၊ မော်တော်ယဉ်၊ လယ်ယာ။ လျှပ်စစ်အင်ဂျင်နီယာကတော့ နှစ်ခု၊ အီလက်ထရောနစ် နဲ့ ပါဝါ။
ပထမနှစ်မှာ မြန်မာစာသင်ရတယ်။ မြန်မာစာဆရာက မြန်မာစာဌာန၊ ဌာနမှူး ဆရာဦးတိမ်ကြည်။ ကိုယ် ပထမနှစ် စာမေးပွဲကျလို့ ဒုတိယအကြိမ်ပြန်တက်တော့ မြန်မာစာဆရာက အခု အီလွီနိုက်တက္ကသိုလ်မှာ ပါမောက္ခလုပ်နေတဲ့ ဆရာဦးစောထွန်း(ကလောင်နာမည်-စောလူ)။
ပထမနှစ်မှာ သင်ရတဲ့ ဘာသာရပ်တွေက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ၂ ဘာသာ (သင်္ချာ ၁၀၁၊ သင်္ချာ ၁၀၂)၊ ရူပဗေဒ ၂ ဘာသာ(ဆရာဦးလွှမ်းမိုးက တဘာသာ၊ ဆရာမ ဒေါ်မေသန်းနွယ်က တဘာသာ)၊ ဓါတုဗေဒ၊ အခြေခံစက်မှုပုံဆွဲ (Mechanical Drawing)။ နောက်ပြီး တပတ်တခါ workshop ဆိုပြီး ပန်းပဲထုတာနဲ့၊ အခြေခံ လက်သမား လုပ်ရတယ်။ ကိုယ်ကတော့ အဲဒီ လက်တွေ့တွေနဲ့ အလုပ်မဖြစ်ပါဘူး။ အပူပေးပြီး ထုရတဲ့သံလုံး မီးဖိုထဲမှာ ရဲနေတဲ့ မီးသွေးတွေနဲ့ ရောသွားလို့ ရှာမရတော့ပဲ သံလုံးနှစ်လုံး ဆုံးသွားတယ်။ ဗလကလဲ လက်မောင်း ပုလွေရိုးဆိုတော့ incharge လုပ်တဲ့ ပန်းပဲဆရာ ဦးချစ် ကူညီထုပေးမှ ပြီးသွားတယ်။ လက်သမားလဲ ဒီလိုပဲ။ စရွေးကိုက်ရတာ၊ ဆောက်နဲ့ထွင်းတာ လက်အရှိန်များလို့ ကွဲသွားလိုက်၊ ရွေပေါ်ထိုးတာ တဖက်ထူ တဖက်ပါးကို ညှိရင်းညှိရင်း လက်လွန်သွားလို့ သစ်သားက ပါးသွားပြီး အသစ် ခဏခဏ ပြန်ယူနေရတာနဲ့ သူများတွေ ပြီးတာတောင် ကိုယ်မပြီးလို့ မုံရွာက ကျော်သန်းဆိုတဲ့ သူငယ်ချင်းက လုပ်ပေးရတယ်။
ပထမနှစ်တက်ခါစက ကိုယ်တို့အိမ်က မဂိုလမ်း(ယခု-ရွှေဘုံသာလမ်း) မှာ။ မနက်ဆိုရင် သိမ်ကြီးဈေးနား ကနေ နံပါတ် (၈) ဟီးနိုးကားကို ပြားသုံးဆယ်ပေးစီးပြီး၊ ကျောင်းတက်ရတယ်။ ပြည်လမ်းက ရန်ကုန်ထောင် အဆောက်အဦးကြီးက မဖျက်ရသေးဘူး။ နံပါတ် (၈) ဘတ်စ်ကားဟာ လမ်းမတော်ဆေးကျောင်းဘက်က ပတ်သွားရတယ်။ ပြည်လမ်းမပေါ်မှာ ခြင်္သေ့ရုပ်ကြီးနှစ်ရုပ်ရံထားတဲ့ ဗိုလ်ရှုခံအဆောက်အဦလဲ ရှိသေးတယ်။ အ၀ိုင်းကြီး တွေကလဲ မြေနီကုန်းအ၀ိုင်း၊ ဟံသာဝတီအ၀ိုင်း၊ ကမာရွတ်အ၀ိုင်းတွေ ရှိသေးတယ်။
တချို့ကျောင်းသားတွေ မီးရထားနဲ့ ကျောင်းတက်ကြရတယ်။ ဘီပီအိုင်ဘူတာမှာ ဆင်းရတယ်။ မီးရထားက လပေးလက်မှတ် လုပ်ထားရင် ဘတ်စ်ကားထက် သက်သာတယ်။ တခါတလေ ကိုယ်တို့ အောင်ဆန်းကွင်းမှာ ဘောလုံးပွဲကြည့်ချင်ရင် ညနေ ကျောင်းအပြန် ဘီပီအိုင်ဘူတာကနေ ရန်ကုန်ဘူတာကြီးကို ရထားစီးသွားကြပြီး၊ ပြား ၃၀ ပေးရတဲ့ တောင်ဘက်တန်း ပွဲကြည့်စင်က ကြည့်ကြတယ်။
ပထမနှစ်ကျောင်းသူ ကျောင်းသားတွေမှာ ပုံဆွဲဘာသာရပ်မှာ သုံးတဲ့ တီစကွဲ (T- Square) ဆိုတဲ့ ပေတံကြီးကလဲ တမှောင့်။ အတော်ကို ကိုးလို့ကန့်လန့် နိုင်တယ်။ ဘတ်စ်ကား ကြပ်တဲ့အခါ ပြဿနာ။ ဟိုလူ့ ထိုးမိ၊ ဒီလူ့ ချိတ်မိနဲ့။ ဒုတိယနှစ်လောက် ရောက်ရင်တော့ ကိုယ့်အတန်းဖော်တွေကလဲ သမိုင်းဝင်းထဲ အဆောင်တွေကနေ ကျောင်းထဲက အဆောင်တွေကို ရောက်လာပြီ ဆိုတော့ သူတို့တွေ အခန်းမှာ ထားကြတယ်။ ကိုယ်ကတော့ တနှစ်ပတ်လုံးအတွက် လက်ဘက်ရည်ဆိုင်မှာ အပ်ထားလိုက်တယ်။
ကျောင်းရောက်ရင် ကြို့ကုန်း ဘီပီအိုင်မှတ်တိုင်မှာ ဆင်း၊ အုတ်တံတိုင်းကို လူတကိုယ်စာဖောက်ထားတဲ့ အပေါက်ကနေ ကျောင်းထဲကို ၀င်ကြရတယ်။ ကျောင်းတက်ဖို့ လာတဲ့သူတွေဟာ ဘယ်သူမှ ဦးလူပေါ မုခ်က မ၀င်ကြဘူး။ အဆောင်တွေဆီသွားမှ အဲဒီက ၀င်တာ။ ဒါတောင် အေဆောင်၊ ဘီဆောင်၊ ဂျီဟော၊ မြသီရိဆောင် တို့ကို သွားချင်ရင် ဘီပီအိုင်မှတ်တိုင် ဘေးပေါက်ကပဲ ၀င်ကြတယ်။
မိုးတွင်းမိုးများတဲ့ အချိန်ဆို ကားမှတ်တိုင်ကနေ ကျောင်းအဆာက်အဦ(၁)ကြီးဆီ ရောက်အောင်သွားဖို့ အတော်ခက်တယ်။ ၀င်ပေါက်က လူတကိုယ်စာ လောက်ကျယ်တယ်။ ကိုယ်တို့ မရောက်ခင်ကဆို ဒီအပေါက်မှာ တယောက်ဝင်/ထွက် ရင် တခါလည်တဲ့ ဒလက်က တပ်ထားသေးတာ။
လူသွားလမ်းမှာ အုတ်နီခဲ၊ ကွန်ကရိပြား အကျိုးတွေကို ခြေကြောင်းလမ်း ခြေတလှမ်းစာမှာ တခု ချခင်းထားတော့ ရှေ့လူလှမ်းတဲ့ ခြေလှမ်းအတိုင်း နောက်လူက စောင့်နင်းရတယ်။ မိုးထဲလေထဲမှာ ရှေ့လူက မလှမ်းရဲ လှမ်းရဲ တုန်တုန်ချိချိ လုပ်နေလို့ စောင့်ရတာ စိတ်မရှည်ရင် ရေထဲက ဆင်းလျှောက်။ တခါတလေ ရေက ခြေမျက်စိဖုံးတယ်။ ရေစီးလဲ သန်တဲ့အခါ သန်တယ်။ မိုးများရင် ဖိနပ်ကိုချွတ် လက်ကကိုင်ထားမှ။ မကိုင်ထားရင် မတော်တဆ ရာဘာဖိနပ်က ရေစီးနဲ့ အတူမျောသွားလို့၊ ဖိနပ်နောက်က အပြေး လိုက်ရတာ ခဏခဏ။ ပျော်စရာတော့ အကောင်းသား။ မိုးရွာရင် ကျောင်းထဲကရေတွေက အဲဒီ လူတကိုယ်စာ အပေါက်ကနေ လူတွေလိုပဲ အပြင်ကို တိုးထွက်တာ။
ကားမှတ်တိုင်မှာ လုပ်ထားတဲ့ ကားစောင့်တဲ့ တဲက ဓနိမိုး ခနော်ခနဲ့။ မိုးက ပက်သေး။ ရုရှတွေ လက်ဆောင်ပေးတုန်းက ဒီဘတ်စ်ကားစောင့် တဲကို မေ့သွားပုံရတယ်။ ကျောင်းဆင်းချိန် လူများရင် တဲကလေးက မဆန့်ဘူး။ စက်မှုတက္ကသိုလ် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသား အများတကာ့အများစုဟာ ဘတ်စ်ကားပဲ စီးကြတယ်။ နောက်ပြီး အဆောင်နေ ကျောင်းသူကျောင်းသား၊ နယ်ကလာတက်သူတွေက အများစု။ ကားမှတ်တိုင်မှာ မတ်တပ်ရပ်စရာ ကျဉ်းရတဲ့အထဲ တခါတလေ နွားချေးပုံလဲ ရှောင်ရသေးတယ်။
ပါမောက္ခချုပ်က ဦးရုံးမို၊ မော်ကွန်းထိန်းက ဦးလှ။ ဦးရုံးမိုပင်စင်ယူသွားတော့ မြို့ပြဌာနက ဒေါက်တာအောင်ကြီး ပါမောက္ခချုပ်ဖြစ်လာတယ်။ မော်ကွန်းထိန်းဦးလှ ထွက်သွားတော့ ဦးသက်လွင် (ကလောင်နာမည်-မောင်ငွေလှိုင်း) ရောက်လာတယ်။ ကိုယ်တို့ ဓါတုအင်ဂျင်နီယာဌာန၊ ဌာနမှူးက ပါမောက္ခ ဦးခင်အောင်ကြည်။ မြို့ပြအင်ဂျင်နီယာဌာနက ဒေါက်တာအောင်ကြီးက ပါမောက္ခချုပ်ဖြစ်သွားတော့ ဦးမင်းဝန် ဌာနမှူးဖြစ်လာတယ်။
ရုရှက ဆောက်ပေးတဲ့ ကျောင်းကြီးကလေ မိုးယိုတဲ့နေရာယို၊ မိုးသဲရင် မိုးပက်လို့ ကျောင်းထဲက အမိုးအောက် စင်္ကြန်မှာတောင် ထီးနဲ့ သွားရတယ်။ အလွန်ပျော်စရာ ကောင်းတာပေါ့။ လူတိုင်းပျော် ကြတယ်။ ရေညှိတွေက ချောပြီး ချော်လဲတာလည်း တဘိုင်းဘိုင်းပဲ။ LCR ဆိုတဲ့ အမျိုးသမီး နားနေဆောင်တောင် မိုးသည်းရင် အတွင်းဘက် နံရံနား တိုးကပ်နေမှ။
သမိုင်းကျောင်းဆောင်ဝင်းထဲက သဇင်၊ အင်ကြင်း စတဲ့ အမျိုးသမီးဆောင်တွေက ဆောက်ပြီးခါစ။ ကိုယ်တို့ ကျောင်းစတက်တဲ့ ၁၉၆၉မှာ ကျောင်းသူတွေ အဲဒီမှာ မနေရသေးဘူး။ အရှေ့တောင်အာရှ ကျွန်းဆွယ်ပွဲ အတွက် အားကစားရွာ လုပ်ထားလို့ အားကစားသမားတွေ နေကြတယ်။ ကျောင်းထဲမှာရှိတဲ့ ဂျီဟော၊ မြသီရိအဆောင်က တတိယနှစ်နဲ့ အထက် ကျောင်းသူတွေ နေကြတယ်။
ပထမနှစ် ကျောင်းသူတွေ က မနော်ဟရီလမ်းက အိမ်အိုကြီးကို အဆောင်လုပ်ထားတဲ့ မနော်ဟရီ အဆောင်မှာ နေရတယ်။ မြို့မ မိန်းကလေးကျောင်း (အထက ၃ ဒဂုံ)က ဘော်ဒါဆောင်မှာလဲ စီးပွါးရေးတက္ကသိုလ်က ကျောင်းသူတွေနဲ့အတူ တချို့ နေရတယ်။ သူတို့လည်း ကျောင်းလာရင် နေ့ကျောင်းသူတွေ လိုပဲ ထမင်းဗူး ထည့်လာကြတယ်။ အဆောင်ဖယ်ရီ က မနက် ကျောင်းတက် ချိန် တချိန်၊ နေ့လည် ကျောင်းဆင်း ချိန် တချိန်၊ ညနေ ကျောင်းဆင်းချိန်တွေမှာ ကြိုပို့ လုပ်ပေးတယ်။
ယောက်ျားလေးဆောင်တွေလဲ ဒီလိုပဲ။ ဖယ်ရီတွေ ရှိတယ်။ ဖယ်ရီချိန် မဟုတ်ရင်၊ သမိုင်းဘုရားလမ်း မှတ်တိုင်မှာ ဆင်းပြီး စဥ့်ငူဆောင်အထိ တမျှော်တခေါ် လျှောက်ရတာ။ အုံးတောတို့ ဒူးယားတို့က တော်သေး တယ်။ အုတ်ကျင်း ဘာတာ မှတ်တိုင်မှာဆင်း၊ ဘာတာတိုက်တွေ ဘေးကဖြတ်၊ အုတ်တံတိုင်းကို အသာကျော်ရင် အုံးတောဆောင်ဘေးကို ပေါက်တာပဲ။ အုတ်တံတိုင်းက လူတရပ်စာတောင် မမြင့်ပါဘူး။ ဘယ်သူက လုပ်ပေးထားလဲတော့ မပြောတတ်ဘူး၊ အုတ်တံတိုင်း ပေါ်ကနေ ကျော်ခွ တက် ဆင်း နိုင်တဲ့ လှေခါးကလေးနဲ့။ လှေခါးက ဆင်းလိုက်ရင် ဘာတာဘက်ခြမ်းမှာ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ လဖက်သုတ်ဆိုင်၊ ဆံပင်ညှပ်ဆိုင် ကုန်စုံဆိုင်စတဲ့ ဈေးတန်းရှိတယ်။ ကျောင်းသားထဲက တယောက် အဲဒီဘာတာဈေးတန်း ကလေးမှာ ထမင်းစားရင်း ထမင်းဆိုင် ပိုင်ရှင် သမက်တွေ ဘာတွေ ဖြစ်သွားပြီး နေ့စဉ်စားတဲ့ ထမင်းဘိုးတောင် ပေးစရာမလိုဘူး ဖြစ်သွားတယ်။ မမလေး ထမီဘိုးလောက်ပဲ ဆက်သရတာ ပေါ့လေ။
ကျောင်းထဲမှာ ယောက်ျားလေးဆောင်က A-F ၆ ဆောင်၊ မိန်းကလေး အဆောင်ကြီး တဆောင်က G။ (မစန္ဒာက ဂျီဟောသူလို့ ရေးသေးတယ်) ကျောင်းထဲက C Block စီဆောင် အောက်ထပ်မှာ ကျောင်းစာအုပ်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ နားနေ စာဖတ်ခန်းတို့ ရှိတယ်။ အဲဒီအခန်းက ရေဒီယိုကလဲ တနေ့လုံး ဖွင့်ထားတော့ နေ့လည်နေ့ခင်း ရေဒီယိုက သီချင်းသံကလေး တလွင်လွင်နဲ့ ကျောင်းသားတွေကလည်း အများအားဖြင့် ကျောင်းတက်နေချိန်ဆိုတော့ လူသူရှင်းရှင်းမှာ ရေဒီယိုသံက တလွင်လွင်နဲ့။ လွမ်းစရာလေး။
အော်.... မိုးတသဲသဲ၊ နွားချေးနံ့ တသင်းသင်း၊ အာရ်အိုင်တီမှာ ကျောင်းတက်ရလို့မှ ပျော်ခါစရှိသေး၊ နှစ်လလောက်မှာ ကျွန်းဆွယ်အရေးအခင်းဖြစ်လို့ စစ်အစိုးရက တက္ကသိုလ်နဲ့ ကောလိပ်တွေကို ပိတ်လိုက် ပါတယ်။
ဆက်ပါဦးမည်။
၁၁၊ ၁၂၊ ၂၀၀၉။
Subscribe to:
Post Comments (Atom)
1 comment:
Pls carry on
Post a Comment