Thursday, November 5, 2009

မင်္ဂလာသက် နှစ် (၆၀) ရှိပြီမို့
ရေးသူ- ဒေါ်အမာ


ကျွန်မမြေးကလေး ဘိုဘိုက နိုဝင်ဘာ (၁၃) ရက်နေ့ဟာ အဘွားတို့ မင်္ဂလာဆောင်တာ နှစ်ပေါင်း (၆၀) ပြည့်တာ အဘွားရဲ့၊ ဒီအကြောင်း ရေးပါဦးတဲ့။ ဟုတ်တာပေါ့ ကျွန်မနဲ့ ဦးလှတို့ ၁၉၃၉ ခု နိုဝင်ဘာ (၁၃) ရက်၊ ၁၃၀၁ ခု တန်ဆောင်မုန်းလဆန်း (၃)ရက်နေ့ ညမှာ မင်္ဂလာဆောင်ကြတာပဲဟာ၊ ခုဆိုရင် နှစ်ပေါင်း (၆၀) ရှိပြီပေါ့။ သူနဲ့ ကျွန်မ ကွဲကြရတာလည်း (၁၇) နှစ် ရှိပြီလေ။




ကျွန်မကို ကျွန်မမိဘဆီက တောင်းရတော့မယ်ဆိုတော့ ကျွန်မမိဘများက မန္တလေးက ဘိတ်အသင်း သား ဦးဖြိုးအောင်ရဲ့ သမီးနဲ့သမက်ဖြစ်လေတော့ သမီးမင်္ဂလာဆောင်ကို ငွေကုန်ကြေးကြခံပြီး အကြီးအကျယ် လုပ်စရာမလိုဘူးဆိုတဲ့ အဘိုးဦးဖြိုးအောင်တို့ ၀ါဒအတိုင်း အရပ်ထဲက လူကြီးမိဘနဲ့ နှစ်ဘက်ဆွေမျိုးကို ကန်တော့ပြီး လာတဲ့ဧည့်ကို ညမှာ မုန့်ကျွေးတာပေါ့။ ဖိတ်စာရိုက်ဖို့လည်း မလိုဘူးလို့ ကျွန်မမိဘက ပြောတာနဲ့ မိန်းမတောင်းစရာ ပိုက်ဆံ မရှိရှာတဲ့ ဦးလှက အကြိုက်ကြီးတွေ့ပြီး မန္တလေးကို သူ့ဆွေမျိုးနဲ့ သူ့ချစ်တဲ့ သူငယ်ချင်းတစု ခေါ်ပြီး လာကြတယ်။ သူ့ကို သိပ်ချစ်တဲ့ ဆန်းကဖီး ဦးလေးကြီး ဦးတင်ပွနဲ့ ဦးထွန်းရင် ညီအစ်ကိုက မင်္ဂလာဆောင်မှာ ကျွေးရအောင်လို့တဲ့၊ ပိုက်ဆံမယူဘဲ ဆန်းက ရေခဲမုန့်စည်တွေရယ်၊ ကိတ်မုန့် သေတ္တာတွေရယ်၊ ပန်းကန်ခွက်ယောက်တွေရယ်အပြင် ဆန်းကဖီးက ယူနီဖောင်းဝတ် အလုပ်သမားနှစ်ယောက် ကိုပါ မီးရထားနဲ့ ပို့လိုက်လို့ မင်္ဂလာဆောင်အချိန်မီ မီးရထားက ဆိုက်ရောက်လာကြတယ်။
ကျွန်မနေတာက ဘကြီးဦးရှင်နဲ့ အဒေါ် ဒေါ်သက်ရှည်တို့နဲ့အတူ ဂုန္တန်ဝင်းမှာ နေတာ။ ကျွန်မမိဘတွေက ရသာတန်း ၈၂ လမ်းနဲ့ ၃၁ လမ်းထောင့်က တိုက်မှာနေကြတာ။ အဲဒီတော့ မင်္ဂလာဆောင်ကို အမေအဖေ့တိုက် ၈၂ လမ်းနဲ့ ၃၁ လမ်းထောင့်မှာ ကျင်းပရပါတယ်။ ဦးလှဝယ်လာတဲ့ မင်္ဂလာခုတင်နဲ့ မင်္ဂလာခန်းဝင်ပစ္စည်းများကို တော့ မင်္ဂလာဆောင်တဲ့ အဲဒီ ရသာတန်းတိုက်မှာပဲ ခင်းကျင်းပြင်ဆင်ထားတယ်။ ကျွန်မတို့ကတော့ ကန်တော့ အပြီး အဒေါ့်အိမ်ပြန်ပြီး အိပ်မြဲတိုင်း အိပ်ကြတယ်။
ကျွန်မအဒေါ်က အမေ့ညီမ၊ ဘကြီးက အဖေ့အစ်ကို ညီအစ်ကို ညီအစ်မ လက်ဆက်ထားကြတာ။ အဒေါ်နဲ့ ဘကြီးက သားသမီးတယောက်မှ မွေးတာမဟုတ်ဘူး။ အဲဒီတော့ အဒေါ်တို့ ဘကြီးတို့က ကျွန်မတို့ မောင်နှမတွေထဲက ကျွန်မနဲ့ ကျွန်မမောင် အကြီး၊ 'မောင်လေး' ကို သူတို့နဲ့အတူ နေစေတာ၊ သူတို့သားသမီးလို ကျွန်မတို့က ငယ်ကတည်းက နေကြတာပါ။ အဲဒီဘကြီးက နေပြည်တော်ဂျာနယ်ကို ထုတ်ဝေခဲ့တဲ့ ဘကြီးပါ။ သူက ဦးလှနဲ့ အိမ်ထောင်ပြုချင်တာကို မကန့်ကွက်ပါဘူး။ ဒါပေမယ့် ဒီဘကြီးက မန္တလေးမှာ ကုလားဗမာ အဓိကရုဏ်း ဖြစ်နေတဲ့ကာလမှာ အနိစ္စရောက်ရှာပါတယ်။ မင်္ဂလာဆောင် မမီရှာပါဘူး။ ဒါကြောင့် မင်္ဂလာဆောင်ချိန်မှာ ကျွန်မအဒေါ်က မုဆိုးမ ဖြစ်နေရှာသူပါ။ အဲဒီတော့ ကျွန်မက အိမ်ထောင်ပြုပေမယ့် အမေအဖ့ဆီလည်း မနေနိုင်ပါဘူး ကိုယ့်ဘာသာလည်း သီးခြားမနေနိုင်ပါဘူး။ ဒီအဒေါ် မုဆိုးမကိုပဲ အဖော်လုပ်ပြီး ကျွန်မတို့ အတူနေကြတာပါ။ ဦးလှနဲ့ ကြီးပွါးရေးမဂ္ဂဇင်း မန္တလေးပြောင်းလာကြတဲ့ကိစ္စမှာ ဒီအဒေါ်မုဆိုးမကို ကျွန်မက မခွဲနိုင်၊ သူ့ချည်းမထားခဲ့နိုင်တာလည်း အကြောင်းခံတခု ဖြစ်ပါလိမ့်မယ်။ ကျွန်မအိမ်ထောင်ကျပေမယ့် အပျိုတုန်းက ကျွန်မလုပ်ပေးနေရတဲ့ အဖေတည်ထောင်ထားတဲ့ မြန်မာစက္ကူဆိုင်ကိုတော့ ကျွန်မက ဆက်ပြီး ရောင်းပေး အုပ်ချုပ်ပေးနေရမြဲပါ။ ဦးလှ မဂ္ဂဇင်းထဲ ကျွန်မအနေနဲ့ ၀င်ကူနိုင်တာ မဟုတ်ဘူး။ ဆောင်းပါးလေး၊ ၀တ္ထုလေး ၀င်ရေးပေးတာလောက်ပဲ လုပ်နိုင်တယ်။ ကျွန်မအလုပ်က ကုလားတွေ လက်ဝါးကြီး အုပ်ထားတဲ့ စက္ကူရောင်းဝယ်ရေး စီးပွါးရေးလုပ်ငန်းကို မြန်မာက ဖွင့်တဲ့ဆိုင်အဖြစ် ၀င်တိုးရတဲ့ အလုပ်ပါ။ မြန်မာပုံနှိပ်တိုက်ရှင် တွေက မြန်မာဆိုင် ကျွန်မဆီက ၀ယ်အောင် စည်းရုံးရ၊ ဆွဲယူရ၊ ကိုယ်က ဈေးသက်သာအောင် လုပ်မပေးနိုင်ရင်၊ ကုလားဆိုင်နဲ့ တန်းတူရောင်းနိုင်အောင် ကြိုးစားရပါတယ်။ ဒီအနေအထားတွေအားလုံး ကမ္ဘာစစ်ကြီး ဖြစ်လာလို့ မြို့ကြီးပျက်ပြီး အားလုံးတောဘက် ထွက်ပြေးရတော့မှ ပျက်ပြားသွားတာပါ။ ကျွန်မ အဒေါ်ဟာလည်း ကမ္ဘာစစ်ကြီး အတွင်းမှာပဲ သားအိမ်အလုံးဖြစ်တဲ့ ရောဂါနဲ့ ခွဲစိတ်ကုသမှုတွေ ခဲခဲယဉ်းယဉ်း ပြုလုပ်ကုသပေမယ့် မပျောက်ကင်း တော့ပဲ စစ်ပြီးခါနီး စစ်ပြေးရာ ကပိုင်မှာ သေဆုံးလို့ အဲဒီမှာပဲ မြှုပ်နှံသင်္ဂြီုဟ်ခဲ့ရပါတယ်။
ဦးလှနဲ့ကျွန်မ စစ်ကြီးပြီးတော့ ပြောင်းလဲကုန်တဲ့ တိုင်းပြည်အခြေအနေအရ လိုအပ်ရာက ၀င်ရောက် ထမ်းရွက်ကြတာ ၊ သူနဲ့ကျွန်မ (၄၃) နှစ် ကြာခဲ့တယ်။ ဒီ (၄၃)နှစ်ကို ပြန်စဉ်းစားတဲ့အခါ လျှောက်လှမ်းရတဲ့ ခရီးကြမ်းကတော့ ရေးလို့ရရင် စာအုပ်ကြီးတအုပ်ပေါ့။
ကျွန်မတို့ သမီးခင်ပွန်းဘ၀မှာတော့ သူဟာ ခင်ပွန်းကောင်းတယောက်လို့ပဲ ပြောရမှာပါ။ ကိုယ်ကျင့် တရားအနေနဲ့ အကောင်းဆုံး ထိန်းသိမ်းနေထိုင်သွားတယ်။ လူချင်းဆက်ဆံရေးအနေနဲ့ မတရားတဲ့ ဆက်ဆံပြုမူပုံ မျိုး တခုတလေမှ ပြုမူမသွားဘူး။ အဲဒါတွေကို စဉ်းစားမိရင် ဦးလှကို ကျေးဇူးတင်တယ်။ ပြီးတော့ လူငယ်တွေ လက်ထပ်ကြတယ်။ ဒေါ်ဒေါ် ဆုံးမစကားပြောပါ။ အမေ့ဆီက သြ၀ါဒကလေးများ ခံယူပါရစေ ဆိုတာမျိုး ပြောလာ တောင်းလာရင် ကျွန်မက-
ဦးလှနဲ့ (၄၃) နှစ် ပေါင်းသင်းခဲ့တယ်။ အိမ်ထောင်ကျစ သားဦးလေးတလသားမှာ လင်မယား စကားများရ ဖူးတယ်။ ဘာ့ကြောင့်ရယ်လို့တော့ မမှတ်မိတော့ဘူး။ အဲဒီနောက်တော့ သေတပန်သက်ဆုံး တို့လင်မယား ရန်မဖြစ်ဖူးဘူး။ အဲဒါ ဘာဖြစ်လို့လဲလို့ ပြန်စဉ်းစားကြည့်တော့ သူက ငါ့အပေါ်မှာ မတရားတဲ့ အပြုအမူ အပြောအဆို အကျင့်အကြံ ဘာမှ မလုပ်ခဲ့ဘူး၊ လုပ်မသွားဘူး။ ငါကလည်း သူ့အပေါ်ကို မတရားမပြောဘူး၊ မတရားမလုပ်ဘူး၊ မတရား မကြံစည်ဘူး။ အဲဒါကြောင့် ရန်မဖြစ်ရတာ နေမှာပဲ။ မင်းတို့ ဇနီးမောင်နှံလည်း အချင်းချင်း တရားသဖြင့်သာ ဆက်ဆံ ပြောဆို လုပ်ကိုင်ကြပါလို့ ကျွန်မက သြ၀ါဒပေးမိတယ်။
ပြီးတော့ ဦးလှနဲ့ ကျွန်မတို့ ပေါင်းသင်းဆက်ဆံရာမှာ သူ့ဆွေမျိုး၊ ငါ့ဆွေမျိုးကြောင့် ဘာဖြစ်ရတယ်လို့လဲ လုံးလုံးမရှိဘူး။ ကျွန်မတို့ မြန်မာအိမ်ထောင်တွေမှာ နှစ်ဖက်ဆွေမျိုးပြဿနာက အိမ်ထောင်ရေးထဲ ၀င်လာတာ တွေ ရှိတတ်ပါတယ်။ ကျွန်မတို့ အိမ်ထောင်သည်တွေက ကိုယ့်အားကိုယ်ကိုး ကိုယ့်ဘာသာ နေတာမျိုး မဟုတ်ဘဲကိုး။ အဲဒီတော့ လင်ဆွေမျိုး မယားဆွေမျိုးကလည်း လင်မယားကြားမှာ ပြဿနာ ဖြစ်ဖြစ်လာတတ် တယ်။ ကျွန်မတို့မှာတော့ အဲဒီပြဿနာမျိုး လုံးလုံးမရှိခဲ့ဘူး။
ရွှေဘို ဒေါ်မိမိကြီးက ဒီလဆန်းမှာ သူတို့ အိမ်ထောင်သက် (၅၅)နှစ်ပြည့်လို့တဲ့ သံဃာ (၁၀)ပါး ဆွမ်းကပ်၊ လှူဘွယ်ပစ္စည်းတွေ လှူဒါန်းပြီး မိတ်ဆွေတွေကို ဖိတ်ကြားကျွေးမွေးပါတယ်။ ကျွန်မက ၀မ်းသာလို့ မုဒိတာ လက်ဆောင်ဆိုပြီး ဖိတ်စာရိုက်ပေးလိုက်တယ်။ သူ့ယောက်ျား ဦးဖေတင်က ဦးလှနဲ့ လူပျိုကတည်းက သိကျွမ်းခင်မင်ကြတာလေ။ သူတို့မှာ ဦးဖေတင် အသက် (၉၀) နားနီး၊ ဒေါ်မိမိကြီး (၇၀)ကျာ်အထိ လင်စုံမယား ဖက် ပျော်ပျော်ရွှင်ရွှင် ရှိကြသေးတယ်။ ဆရာတက်တိုးတို့ မနုယဉ်တို့လည်း စုံစုံညီညီ ကျန်းမာနေတဲ့ အသက် (၈၀)ကျော်တွေ မဟုတ်လား။ ဆရာ ဦးဝန်တို့ အကြည်တို့လည်း စုံသေးတယ်။ ကုသိုလ်ကောင်းလိုက်တာလို့ သာဓုခေါ်ရတယ်။ ဒေါ်ခင်မျိုးချစ်တို့ လင်မယားကတော့ ၂၀၀၀ ပြည့်နှစ်ကို မကြုံကြိုက်လိုက်ရှာကြရတော့ဘူး။ အသက် (၈၀) ကျော်အထိတော့ ပေါင်းသင်းသွားရှာကြပါရဲ့။ လူ့ဘ၀နဲ့ လူ့သက်တမ်းကတော့ ဒီလိုပါပဲလေ။

ဒေါ်အမာ
၁၉၉၉ ခု၊ ဒီဇင်ဘာ။
[ကြီးပွါးရေးစာအုပ်တိုက်ထုတ် 'လူထုဒေါ်အမာရဲ့ ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည်သို့' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၀၁ နိုဝင်ဘာမှ ကူးယူဖော်ပြပါတယ်။]

No comments: