Wednesday, November 11, 2009
ကြီးပွါးရေး လူထုဦးလှ
ရေးသူ- မောင်ထင်
အမျိုးသားရေး နိုးကြားမှုသည် ရန်ကုန် ယူနီဗာစီတီအက်ဥပဒေကို မြန်မာတနိုင်ငံလုံး အများစု ကောလိပ် ကျောင်းသား၊ အထက်တန်းကျောင်းသား၊ အလယ်တန်းကျောင်းသား (အချို့ဒေသတွင်) မူလတန်းကျောင်းသား များပင် ပါဝင်သော ကျောင်းသားပရိသတ်တို့က တခဲနက် သပိတ်မှောက်ကြသည့် ၁၉၂၀ ပြည့်နှစ် ပညာရေး အရေးတော်ပုံတရပ်မှ စတင်ပေါ်ပေါက်သည်။ ထိုပညာရေးကိစ္စမှ အစပြု၍ တနိုင်ငံလုံးတွင် လွတ်လပ်ရေးကို ဦးတည်သော နိုင်ငံရေး ကြိုးပမ်းမှုကြီးတရပ် ထွန်းကားလာသည်။ ထို့ကြောင့် သမိုင်းဆရာတို့က ထိုအမျိုးသားရေး ဆိုင်ရာ ဥဿဟကြီးကို တနိုင်ငံလုံး၏ အမျိုးသားရေး ကြိုးပမ်းမှုဟူ၍ အသိအမှတ် ပြုကြသည်။
ထိုခေတ်ဦးတွင် ကျွန်တော်တို့ လူပျိုပေါက်အရွယ်သို့ ရောက်လာကြသည်။ ယခုခေတ်၌မူ လူပျိုပေါက် အပျိုပေါက်တို့ကို မျိုးချစ်စိတ်ဓာတ်ဖြင့် အင်္ဂလိပ်ဝေါဟာရကို မှီး၍ ဆယ်ကျော်သက်ဟု ခေါ်ကြသည်။ ဆယ်ကျော်သက် ဆိုသည်မှာ တဆယ်ကို ကျော်သလား၊ နှစ်ဆယ်ကို ကျော်သလား၊ ငါးဆယ်၊ ခြောက်ဆယ်၊ ခုနှစ်ဆယ်ကို ကျော်သလား အတိအကျ မသိပါ။ အားလုံးရောကျော် ဖြစ်နေ၍ အသက်တရာ မပြည့်သေးလျှင် ဆယ်ကျော်သက်ဟူ၍ မှတ်ယူရန် ရှိပါသည်။
သို့သော် ထိုစကားများမှာ ဦးလှနှင့် ဘာမျှမဆိုင်ပါ။ မည်သူနှင့်ဆိုင်သည်ဟုလည်း ပြောရန်မရှိပါ။ စာရေးရာ၌ စာလုံးရေများအောင် သက်သက်မဲ့ ကလောင်ရှည်ခြင်း ဖြစ်ပါသည်။ အမှန်ပြောချင်သော စကားမှာ ထိုအရွယ်တွင် ကျွန်တော်တို့လို လူငယ်များသည် အမျိုးသားရေးကို ဆောင်ရွက်လိုသော စိတ်များ ထိုးထိုး ထောင်ထောင်နှင့် ရင်ထဲမှ ငေါထွက်လာသည်ကို ရေးလို၍ ဖြစ်ပါသည်။
ဦးလှသည် အတွင်းဝန်ရုံးမှာ စာရေးကြီးအလုပ်ကို လုပ်နေသော ဦးသိန်းဆိုသူနှင့် မိတ်ဆွေ ဖြစ်သည်။ ဦးသိန်းသည် ရန်ကုန်မြို့တွင် အလွန်ထင်ရှားသော ခရစ်ယန်သာသနာပြုကျောင်း၌ ငယ်စဉ်က ပညာသင်ယူခဲ့ သဖြင့် အင်္ဂလိပ်လို အရေးအပြော နှစ်ရပ်စလုံး၌ ကျွမ်းကျင်သူ ဖြစ်သည့်အပြင် အလုပ်လုပ်ရာ၌ တိကျမှန်ကန် သော ဓလေ့ရှိခြင်းကြောင့် အတွင်းဝန်ရုံး၌ ကျော်ကြားသည်။ ဦးလှကား ရန်ကုန်မြို့တွင် နာမည်ကြီးသော အစိုးရ အထက်တန်းကျောင်း၌ စတင် ပညာသင်ယူခဲ့လေရာ အင်္ဂလိပ် - မြန်မာစာ အရေးအသား သင့်တင့်ကောင်းမွန် သည့်အပြင် ကျောင်းသားတို့ ၀ါသနာအလျောက် ဆောင်ရွက်တတ်သော စည်းကမ်းနည်းလမ်း လုပ်ငန်းများကို ကျွမ်းကျင်သည်ဟု ထင်ရှားသည်။
ထိုသူနှစ်ယောက်သည် ပူးတွဲ ပူးတွဲနှင့် ကျွန်တော်တို့၏ မြို့မတိုင်းရင်သား အထက်တန်းကျောင်းသို့ မှန်မှန်လာကြသည်။ အစိုးရကျောင်းသားနှင့် "နေရှင်နယ်" (တိုင်းရင်းသား) ကျောင်းသားများသည် ဆန့်ကျင်ဘက် ဟု အများက ယူဆကြသည်။ သို့သော် အမှန်မှာ ကျွန်တော်တို့ ကျောင်းသားများသည် ဘယ်ကျောင်းက ထွက်ထွက် ကျောင်းသားမှန်လျှင် လည်ပင်းဖက်ပြီး ပေါင်းသင်းတတ်ကြသည်မှာ ယေဘူယျဖြစ်သည်။ အစိုးရ ကျောင်းသားများသည် အများအားဖြင့် အင်္ဂလိပ်ဘာသာရပ်၌ "တော်" ကြပါသည်။ ကျွန်တော်တို့ မြို့မတိုင်းရင်းသား ကျောင်းသားတို့က မြန်မာစာတွင် ရတုကို စပ်ဆိုနိုင်သည်အထိ "တော်" ကြပါသည်။ "တော်" သူ ကျောင်းသားချင်း ပေါင်းသင်းကြပုံမှာ ညီအစ်ကိုကဲ့သို့ ဖြစ်ပါသည်။ သို့သော် ဦးသိန်းနှင့် ဦးလှတို့ ကျွန်တော်တို့ ကျောင်းသို့ ရောက်လာပုံမှာ အလွန်ထူးပါသည်။ ထိုသူနှစ်ယောက်က လူထုများအရှေ့မှာ အင်္ဂလိပ်စကားပြော သည်ဖြစ်စေ၊ မြန်မာစကား ပြောသည်ဖြစ်စေ ရဲရဲဝံ့ဝံ့ ဌာန်ကရိုဏ်းကျကျ ပြောတတ်အောင် ကျောင်းသားဘ၀မှစ၍ လူထုရှေ့တွင် စကားပြောနည်းကို လေ့ကျင့်သင့်ကြောင်း၊ ငယ်စဉ်ကစ၍ ဤကဲ့သို့ လေ့ကျင့်ရလာလျှင် ပေါင်းသင်း ဆက်ဆံရေး၌ ကောင်းမွန်၍ စီးပွါးရေးလုပ်လုပ်၊ အစိုးရအမှုထမ်းလုပ်လုပ်၊ နိုင်ငံရေး လုပ်လုပ် ဘာကိုပဲလုပ်လုပ် အောင်မြင်မှု ရနိုင်ကြောင်း၊ ထိုကြောင့် ကျောင်း၌ စကားအခြေအတင်ပြောသော အသင်းများကို တည်ထောင်သင့် ကြောင်း၊ အပြောအဆို ကျွမ်းကျင်သောအခါ တဆင့်တက်၍ ကျေးရွာပြုပြင်ရေး အပါအ၀င် လူမှုရေးလုပ်ငန်းများ ကို စနစ်တကျ ဆောင်ရွက်သင့်ကြောင်း၊ ကျေးလက်ကို စနစ်တကျ ထူထောင်နိုင်ပါမှ ကျွန်တော်တို့ လိုချင်သော ကိုယ်ပိုင်အုပ်ချုပ်ရေးကို နိုင်နင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နှစ်ကိုယ်ကြား ဟောပြောကြပါသည်။ နှစ်ကိုယ်ကြား ဆိုသည်မှာ ပထမစည်းရုံး စတွင် လူငယ်လေးငါးယောက်ခန့် စည်းရုံးရမည်ဖြစ်ရာ နှစ်ဦးနှစ်ဘက် ဟိုဘက်သည်ဘက် သဘောပေါက်အောင် ပြောတတ်ဖို့ အရေးကြီးသောကြောင့် နှစ်ကိုယ်ကြားစနစ်နှင့် စတင် ဆောင်ရွက်ရမည်ဟု ဦးသိန်းက ဟောပါသည်။
မြို့မတိုင်းရင်းသားကျောင်းမှာ စကားအခြေအတင်ပြောသော အသင်းရှိပြီး ဖြစ်၍ ကျေးလက်ပြုပြင်ရေး လုပ်ငန်းကို ဦးသိန်းနှင့် ဦးလှတို့က အာရုံစိုက်၍ တီထွင်ဆောင်ရွက်ပေးရန်သာ လိုသည်။ ဤကဲ့သို့ ဦးသိန်းက ဦးဆောင်၍ ဦးလှက ဆော်သြပေးလျှင် လုပ်ငန်းထွန်းကားလာလိမ့်မည်ဟု မြို့မကျောင်းသားကြီးများက ပြောကြား သည်။ မကြာမီ စာပေးစာယူစနစ်ဖြင့် မိတ်ဆွေဖွဲ့သော ကလပ်ဟု ပေါ်ပေါက်လာသည်။ မြို့မတိုင်းရင်းသားကျောင်း သည် ရန်ကုန်မြို့ အစိုးရ အထက်တန်းကျောင်းနှင့် မိတ်ဆွေ ဖြစ်လာရုံမက အခြားအိန္ဒိယတိုင်းရင်းသားများ ထူထောင်သော ကျောင်းများနှင့်ပါ ရင်းနှီးလာကြသည်။ အသင်းသားများ စုစည်းမိကြသောအခါ လူငယ်များသည် ကလပ်ကို တိုးချဲ့လာကြသောကြောင့် ယခု ဗိုလ်ချုပ်ဈေးကြီး၏ အခန်းတခုကို ငှားရမ်းပြီးလျှင် မူလကလပ်ကို ဖျက်သိမ်း၍ လူငယ်များ ကြီးပွါးရေးအသင်းကို တည်ထောင်ကြသည်။ ထိုအသင်း၏ အာဘော်ကို လူအများ နား လည်အောင် မဂ္ဂဇင်းတစောင်ကို ထုတ်ဝေရန် အသင်းကြီးက ဆုံးဖြတ်ရာ ဦးလှက မဂ္ဂဇင်းထုတ်ဝေရေးကို တာဝန်ယူသည်။
ဦးသိန်းသည် လူငယ်များကြီးပွါးရေးအသင်း၏ ဖခင်ဟု ဆိုလောက်သည်။ ထို့ကြောင့်လည်း သူ့ကို ကြီးပွါးရေးဦးသိန်းဟု အများက ခေါ်ဝေါ်ကြသည်။ ကြီးပွါးရေးမဂ္ဂဇင်းကို ထုတ်ဝေလိုက်သောအခါ ဦးလှကိုလည်း ကြီးပွါးရေးလူငယ်ပရိသတ်တို့က "ကြီးပွါးရေးဦးလှ" ဟူသော "ဘွဲ့" ကို ချီးမြှင့်သည်။
ကြီးပွါးရေးမဂ္ဂဇင်း ထွက်လာသောအခါ ကျွန်တော်သည် မူလအသင်းသားတဦး အဖြစ်ဖြင့် ထိုမဂ္ဂဇင်းတွင် ဆောင်းပါးနှင့် ကဗျာများ စသည်တို့ကို ရေးသားခဲ့သည်။ နောင်သောအခါ မြို့အုပ်အဖြစ်ဖြင့် အနယ်နယ် အရပ်ရပ်သို့ လှည့်လည်အမှုထမ်းစဉ်၊ မင်းမှုထမ်းဘ၀၏ သဘောနှင့် သရုပ်ကို ဖော်သော အဓိပ္ပါယ်ဖြင့် ရယ်ဖွယ်များကို ရေးသားခဲ့သည်။ များစွာသော စာဖတ်ပရိသတ်သည် ကျွန်တော်ရည်ရွယ်သလို ရယ်ကြပါ၏။ သို့သော် တချို့က သူ့ကို စောင်းမြောင်းရေးသည်ဟု မှတ်ယူကြသည်။ ထိုစဉ်က ကျွန်တော် စာရေးဆရာပေါက်စ သည် စာရေးခြင်း၌ အကင်းမပါးပါ။ မခံချင်တတ်သော မြေတိုင်းစာရေးကလည်း ကျွန်တော့ကို ရန်တွေ့ပါသည်။ သို့သော် ကံကောင်းထောက်မသဖြင့် မြို့အုပ်မင်းသည်လည်း ကဗျာမစပ်ရတော့ပါ။ ဒုတိယကမ္ဘယစစ် ဖြစ်သောအခါ ပါးလ်ဟာဗာ ဗုံးကြဲသောနေ့တွင် ခွင့်ရက်ရှည်ရသဖြင့် တောင်ကုပ်မှ ကိုယ့်မြို့ကိုယ့်ရွာသို့ မိုင် ၁၁၀ ခြေကျင်လျှောက်ပြီးမှ သင်္ဘောစီး၍ ပြန်ခဲ့ပါသည်။
ကျွန်တော် ဗရုတ်သုက္ခဖြစ်နေတုန်း ထိုအခါက အိမ်ထောင်ကျပြီး ဖြစ်သော ကြီးပွါးရေး ဦးလှသည် ချစ်ဇနီး ဒေါ်အမာနှင့်အတူ မန္တလေးမှာ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းကို လုပ်ပါသည်။ ကျွန်တော်တို့ ငယ်သူငယ်ချင်း နှစ်ယောက် ရုတ်တရက် မဆုံမိပါ။ ကျွန်တော်ကား မြန်မာနိုင်ငံ လွတ်လပ်ရေးရသကဲ့သို့ မိမိလည်း လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ပြီး၊ ရန်ကုန်သတင်းစာ၌ အယ်ဒီတာအဖြစ် ထမ်းရွက်နေစဉ်၊ လူထုဦးလှ ဆိုသူတယောက် ရန်ကုန်ထောင်ကြီးထဲ ရောက်နေသည် ဆိုသောကြောင့် သတင်းစာဆရာအသင်းက တာဝန်ပေးသဖြင့် ထိုပုဂ္ဂိုလ်ထံ သွားရောက် တွေ့ဆုံရပါသည်။
စိတ်ထဲမှာ မှတ်ထားသမျှကို နှစ်ပေါင်း ၅၀ ကြာမှ ပြန်၍တွေးနေရသဖြင့် အသေးစိတ်အချက်အလက် မှားချင်မှားမည်။ ကျွန်တော်ကိုယ်တိုင်ကလည်း ထိုစဉ်က မှားခဲ့၏။ ကျွန်တော်က ဦးလှ ထောင်ထဲရောက်နေ သောကြောင့် စိတ်ညှိုးငယ်နေလိမ့်မည်ဟု မှားမှားယွင်းယွင်း ထင်မြင်ခဲ့၏။ ဦးလှနှင့် တွေ့သောအခါ လား.. လား... ကိုယ်တော်ချောက ဘောလုံးကို ရင်ဝယ်ပိုက်၍ သူ့အဖော် ဘောသမားများနှင့်အတူ ကျွန်တော့ကို ရယ်ဖြဲဖြဲနှင့် နှုတ်ဆက်ပါသည်။ သူက ယခုကဲ့သို့ ဘောလုံးနှင့် အချိန်ဖြုန်းခွင့် ရသောကြောင့် ကျန်းမာရွှင်လန်းလျက် ရှိကြောင်း ပြောပြသောအခါ ကျွန်တော်လည်း အလွန်ဝမ်းသာသွားပါသည်။ သို့သော် "ဒီလို တခါပဲ ၀မ်းသာပါ ရစေ" ဟု စိတ်တွင် အောက်မေ့ပါသည်။
ထိုခေတ်က မန္တလေးမှာ ထုတ်ဝေသော လူထုသတင်းစာကို မြန်မာလူထုက လေးစားပါသည်။ တချို့က ကွန်မြူနစ်ဆန်သည်ဟု ပြောကြသော်လည်း အမှန်မှာ ဦးလှသည် ဟိုဘက် သည်ဘက် လိုက်တတ်သူ မဟုတ်ပါ။ ထို့ကြောင့် ကျွန်တော်တို့ ရန်ကုန်မှာ ထုတ်ဝေသော သတင်းစာများသည် မန္တလေးအာဘော်ကို နားလည်လိုလျှင် လူထုကို ဖတ်ကြရပါသည်။ တစတစနှင့် လူထု သတင်းကြီးလာသောအခါ "ကြီးပွါးရေး" ဘွဲ့ အလိုလို ပျောက်ပြီးလျင်၊ "လူထု" ဟူသောဘွဲ့သည် အလိုလို ရောက်လာသဖြင့် "လူထုဦးလှ" ဟု တွင်လာပြန်သည်။ ဤသည်ကို အကြောင်းပြု၍ ယခု ကျွန်တော်က ဦးလှအတွက် နှစ်ပတ်လည် ဂုဏ်ပြုသော အခမ်းအနားတွင် "ကြီးပွါးရေး လူထုဦးလှ" အကြောင်း စာတမ်းရေးသား ပေးပို့ လိုက်ပါသည်။
ယခုအခါ ကျွန်တော်တို့ အဖိုးအို အဖွားအိုများသည် ငယ်စဉ်ကလို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပါ။ သို့သော် ဇရာပိုင်းမှာ ရှိနေသော်လည်း ဦးလှ ဒေါ်အမာတို့ကို အမြဲသတိရပါသည်။ ကျွန်တော်၏ ဒုတိယသားဖြစ်သူ အင်ဂျင်နီယာသည် မကြာခဏ မန္တလေးကို သွားရပါသည်။ သူသွားတိုင်း ကျွန်တော်က စကား တခွန်း နှစ်ခွန်းမှာ လိုက်သည်။ ဒေါ်အမာကလည်း ကျွန်တော့်ထံ စကား တခွန်း နှစ်ခွန်း လက်ဆောင်ပါးလေ့ရှိသည်။ မာကြောင်း သာကြောင်း အကြောင်းကြားသည့်သဘော ဖြစ်သည်။ ဒေါ်အမာသည် ဦးလှနှင့်အတူ "လူထု" ကို ပျိုးထောင်ခဲ့သူဖြစ်ခြင်းကြောင့် "လူထုဒေါ်အမာ" ဟူသော "ဘွဲ့" သည် အလိုအလျောက် ဖြစ်ထွန်းလျက် ရှိပါသည်။ ဤတခေါက် ကျွန်တော့်သား မန္တလေးမှ ပြန်လာသောအခါ လူထုဒေါ်အမာသည် သူ့သား အိမ်ပြန်ရောက်ပြီ ဖြစ်၍ အလွန်ဝမ်းသာလျက် ရှိပါသည်ဟု ၀မ်းပန်းတသာ သတင်းပေးပါသည်။ ကျွန်တော်သည် အလွန်ဝမ်းမြောက် ရပါသည်။ စကားစပ်မိသောကြောင့် "လူထုဒေါ်အမာသည် သားသမီးများနှင့်အတူ အမြဲ သိုက်သိုက်ဝန်းဝန်း ၀မ်းမြောက်ဝမ်းသာ ရှိပါစေသတည်း" ဟု ဆုတောင်းလိုက်ပါသည်။ ကောင်းသောအကြံ၊ ကောင်းသောစကား၊ ကောင်းသောအလုပ်တို့သည် အထမြောက် အောင်မြင်ပါစေ။
မောင်ထင်
၈- ၆- ၉၉
[ကြီးပွါးရေးတိုက်ထုတ် 'နှစ် ၉၀ ပြည့် လူထုဦးလှ' ပထမနှိပ်ခြင်း၊ ၂၀၀၀ ပြည့် ဇွန်မှ ကူးယူဖော်ပြပါ တယ်။]
Subscribe to:
Post Comments (Atom)
1 comment:
Please, keep doing what you've been doing. We really appreciate it. Thanks a lot...
Post a Comment