Tuesday, November 24, 2009

အစိမ်းရင့်ရင့်စွယ်တော်ရွက်တွေ
ရေးသူ- မောရူးဆိုး

ခန်းမကြီးနှင့် လက်ရန်းအကြား ကျယ်ဝန်းသော စင်္ကြန်လမ်းတလျှောက် စားပွဲလွတ်များ ချထားသည်ကို သတိထားမိသော်လည်း ဘာအတွက်ဟု မသိခဲ့။ နယ်မှဖြစ်၍ ရန်ကုန်က တက္ကသိုလ်ဝင်တန်း အောင်လာသူများ နှင့်စာလျှင် မ၀ံ့မရဲ စိတ်အနည်းငယ် ဖြစ်ရသည်။ ရင်ခုန်တက်ကြွမှုလျက် စိတ်စောမှုက ရန်ကုန်စက်မှုတက္ကသိုလ် အဓိက ပင်မအဆောက်အဦး(၁) ရှိ စက်မှုခန်းမကြီးထဲသို့ ရောက်ရှိရန် သွက်လက်မှုကို ဖြစ်စေသည်။ ခန်းမစင်မြင့် နောက်ခံမှ "ရန်ကုန်စက်မှုတက္ကသိုလ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား" စာတန်းကို ဖတ်ပြီး၊ စိတ်လှုပ်ရှားရသည်၌ ဂုဏ်ယူမှု စွက်နေသည်ကို မိမိကိုယ်မိမိ သတိထားမိသည်။ ကြိုးစားခဲ့ရသည်များအတွက် အတိတ်တွေးစဉ် အကန့်ငယ်များ၌ ရှိခဲ့သည့် ရည်ရွယ်ချက်ကို သက်ပြင်းဖော့ဖြင့် စိတ်ကို အေးမြစေရသည်။ ခန်းမထဲရောက် သစ်လွင်တို့၏ မျက်နှာများ၌ မျှော်လင့်ချက်နှင့် နုပျိုမှု၊ အားအင်နှင့်အလှ၊ ဖျတ်လတ်မှုနှင့်ဣနြေ္ဒ တို့ကို သတိထားအားဖြစ်ရသည်။


တက္ကသိုလ်ကျောင်းသားအဖြစ် ပထမဆုံးတက်ရသည့် ပို့ချစာသင်ခန်းကြီးထဲသို့ စာသင်နှစ်၊ ဘာသာရပ် အလိုက် ထုတ်ပြန်ထားသော အချိန်ဇယားပါ အခန်းနံပါတ်အရ စ၀င်လိုက်သည်နှင့်ပင် အထက်တန်းကျောင်းသား ဘ၀နှင့် ကွာသွားသည်ကို ကြီးစွာသတိပြုမိခဲ့ရသည်။ အခန်းကျယ်ကြီးထဲမှာ စာပို့ချသည့်ဆရာအတွက် နံရံကပ် အပေါ်အောက် ပင့်တင်ဆွဲချပြု၍ ရသော နှစ်ထပ်အနက်ရောင် သင်ပုန်းကျယ်နှင့် စင်မြင့်ငယ်။ ကျောင်းသူ ကျောင်သားများ၏ ထိုင်ခုံတွေက အတန်းလိုက် အဆင့်ဆင့် မြင့်တက်သွားသည်။ ထိုင်ခုံတန်း အဆင့်ဆင့်တွေ အလိုက် ဘေးနှစ်ဘက် အခန်းနံရံတွေမှာ အတန်းနှင့် တည့်တည့်အလိုက် အင်္ဂလိပ်စာလုံး အက္ခရာကြီးများ ရေးထိုးထားသည်။ သက်ဆိုင်ရာတန်းအလိုက် အင်္ဂလိပ်အက္ခရာညွှန်းသော ကျောမှီနေရာ နံပါတ်လွတ်နေလျှင် ထိုနေရာမှာ ထိုင်ရသည့်သူ ပျက်ကွက်သည်။ အဓိကဘာသာရပ်အလိုက် ကိုယ်ပိုင်ခုံနံပါတ် (Roll No) အတွက် ထိုင်ခုံနေရာ (Sitting Plan) နံပါတ်ကို ပို့ချသူ ဆရာက နှစ်စကတည်းက ထုတ်ပြန်ပေးသည်။ ကျောင်းတက် ရာနှုန်း ၇၅% အနည်းဆုံးရှိမှ စာမေးပွဲဖြေခွင့်ရှိ၍ အတန်းတက်မှု မတက်မှုသည် အရေးပါသည်။ အားလုံးအတွက် အပူဒဏ်လျော့စေသည့် လေရဟတ်များကလည်း ပို့ချစာသင်ခန်း၏ မျက်နှာကျက်မှာ အရေအတွက် အသင့်အတင့်။ ဆရာနှင့်တပည့် အခေါ်အဝေါ်ကပင် ခြားနားသွားသည်။ 'မင်း' နှင့် 'ငါ' အစား 'ခင်ဗျား' 'ကျွန်တော်'။ အထက်တန်းကျောင်းမှာက အတန်းပိုင်ဆရာ သို့မဟုတ် ဆရာမက တဦးချင်းနံမည်ခေါ်ပြီး ကျောင်းသား ကျောင်းသူက ရှိမရှိ ဖြေကြားရပြီး ကျောင်းတက်မတက် အရင်ကောက်ယူသည်။ ပို့ချစာသင်ခန်းထဲမှာမူ နံမည်အခေါ်မခံရ၍ မိမိကို ဆရာက သိပါ့မလားဟူသော ကြောင့်ကြစိတ်နှင့်အတူ တက္ကသိုလ်ကျောင်းသား ဟူသော ဖြစ်တည်ခြင်းက တန်ဘိုးနှင့်မြင့်မားမှု၊ လွတ်လပ်မှုနှင့် ခိုင်မာမှု အပါအ၀င် ရင့်ကျက်မှုစသည့် စံတို့သည် ဘ၀ကဲ့သို့ပင် အဆင့်ဆင့်ဟု ထင်မိလာခဲ့ရသေးသည်။
သစ်လွင်ကြိုဆိုပွဲ အခန်းအနားစပြီး ပါမောက္ခချုပ်၊ မော်ကွန်းထိန်း နှင့် ဘာသာရပ်အလိုက် အင်ဂျင်နီယာ ဌာနအသီးသီးတို့မှ ပါမောက္ခများ၊ ဌာနမှူးများက နှုတ်ခွန်းဆက် ကြိုဆို အားပေး တိုက်တွန်းစကားများ အသီးသီး ပြောကြားကြသည်မှာ ကျယ်ဝန်းလှသည့် ပညာနယ်ကြီးထဲသို့ ရုတ်ချည်းရောက်သွားရသည့်နှယ် လှုပ်ရှားခံစား ရသည်။ လူလားမြောက်သည်ဆိုသည့် သဘောကို နားလည်စ ပြုလာရသည်။ အစဉ်အလာအရ ဒုတိယနှစ်အစ ဆဌမနှစ်အဆုံး နှစ်ကြီးကျောင်းသားကျောင်းသူများက မောင်မယ်သစ်လွင်များကို ခန်းမအပြင်ဘက်မှနေ၍ လာရောက် ကြည့်ရှုအားပေး အကဲဖြတ်ဆုံးဖြတ် မှတ်တမ်းတင် ကြိုဆိုကြသည်မှာလည်း အပျော်နှင့်အပြုံးတို့ စည်စည်ကားကား ရှိလှသည်။ သစ်လွင်ကျောင်းသူဦးရေက သစ်လွင်ကျောင်းသားဦးရေနှင့်စာလျှင် နည်းသည်မှာ သိသာသော်လည်း သစ်လွင်ဘုရင်မ (Fresher Queen) တီးတိုးအုန်းကျွတ် ရွေးချယ်မှုကလည်း ခန်းမအပြင်မှာ မပျက်မကွက်။ နှစ်ကြီးသမားများ၏ တခြားရည်ရွယ်ချက်တခုကိုတော့ နောက်မှ သိရသည်။ အခန်းအနားအပြီး သစ်လွင်တို့အခန်းမှအထွက် တည်ခင်းကျွေးမွေးသော စားပွဲပေါ်မှ စမူဆာ အစရှိသော မုန့်များကို တိုးဝှေ့ဝင် ရောက် စားသုံးပျော်ရွှင်ကြဖို့ပင် ဖြစ်သည်။
အခန်းအနားအပြီး အများနည်းတူ ထွက်လာခဲ့သော်လည်း စမူဆာများကို မမှီလိုက်တော့။ ပြုံးမိသည်။ သို့သော် အလိုလိုပျော်သည်။ မုန့်တွေအားလုံး စားပွဲတွေပေါ်က ကုန်သွားသည့်တိုင် ထွက်လာသူများ ရှိနေဆဲ။ မေးထူးခေါ်ပြော နှုတ်ဆက်နောက်ပြောင် စည်ကားသည်မှာ ပွဲဦးထွက် လှိုက်လှဲမှုကို ခံစားရသည်။ အပြင်ရောက် စားပွဲနှစ်ခုကြားမှ တိုးထွက်ပြီး တဖက်လှည့်ငေးလျက် လက်ရန်းသို့ အသွား တယောက်နှင့် ၀င်တိုက်မိသည်။ လှည့်အကြည့်မှာပင် ရေမွှေးနံ့သင်းသင်းကို အရင်ရလိုက်သည်။ ပြီးတော့မှ မိတ်ကပ်ချယ်သည့်အလှကို သတိထားလိုက်မိသည်။ "ဆောရီး" ဟု မိမိမပြောတတ်သေး။
"ကန်တော့နော်.... ကန်တော့.... ကန်တော့"။ သူမက ပြုံးသည်။
"တို့ကတော့ ကြားဖူးနားဝ ရှိထားတော့ စမူဆာတွေ ရထားတယ်လေ... စားပါဦးလား... ရော့... ရော့.."
"အင်း... အဲ... ဟုတ်ကဲ့..."
လက်ထဲသို့ စမူဆာနှစ်ခု ရောက်လာသည်။ ကြောင်တက်တက်နှင့် နည်းနည်း ရှက်ရွံ့သလို ဖြစ်သေးသည်။ သူမ၏ သွက်လက်ပွင့်လင်းမှုကို သိလိုက်သော်လည်း အသိအမှတ်ပြု ရင်းနှီးပြံးဖြစ်အောင် ကြိုးစားပြုံးနှုတ်ဆက်ရသည်။ သူမကပင် စကားဆက်သည်။
"တို့က.... ခယ်မီကယ်လ်ကပါ.... သစ်လွင်ပါပဲ... အဆောင်လည်းရတယ်... သူငယ်ချင်းဖြစ်ကြ တာပေါ့..."
ထို့နောက် မိမိသည် "သြသာ"၊ သူမသည် "မျိုးလဲ့သာ" ဖြစ်ပြီး၊ နာမည်နောက်ဆုံးအလုံးချင်း တိုက်ဆိုင် တူညီနေခြင်းကိုက နှစ်လိုဖွယ် ဖြစ်သွားရသည်။ မိမိတို့၏ နေရပ်၊ အဆောင်လိပ်စာတွေ အပြန်အလှန် အသိပေးကြရင်း မမျှော်လင့်ဘဲ ရင်းနှီးခင်မင်သွားကြရသည်။ စကားလုံးတွေသည် သန့်စင် ၀င်းလက်နေသည်။ တည်ကြည်သော်လည်း သူမ၏မာန တစွန်းတစ သိခွင့်ရသည်။

****** ***** ***** *****
နယ်ကပင်ဖြစ်သော်လည်း မိမိထက်ပို၍ ခေတ်မီသည်။ မိန်းကလေးပင် ဖြစ်ငြားလည်း မ၀ံ့မရဲစိတ် နည်းသည်။ အဆင်အခြင် ကင်းမဲ့သည်တော့ မဟုတ်။ ပညာရပ်ကို လိုလားလေးစားသည်ကတော့ တူသည်။ ဖြူစင်ခြင်းနှင့် သန့်စင်ပွင့်လင်းခြင်းတို့ အလိုက်သင့် ရှိစေခြင်းကို နှစ်ဦးစလုံး နှစ်သက်သည်။ စာသင်ချိန်ကြား အားလပ်ချိန်ခြင်းတူ၍ သို့မဟုတ် ဓါတ်ခွဲခန်း၊ လက်တွေ့ခန်း၊ အလုပ်ရုံခန်း၊ အင်ဂျင်နီယာပုံဆွဲခန်းတို့မှ စောပြီး၍ အချိန်ရလျှင် မကြာမကြာ အတူတကွ ဆုံဖြစ် ဆိုင်ထိုင်ဖြစ်ကြသည်။ မိမိက လက်ဘက်ရည် ကြိုက်သည်။ သူမက ကော်ဖီကျကျကြိုက်သည်။ စက်မှုခန်းမကြီးထဲမှာ စနေနေ့ ညတွေမှာ ပြတတ်သော ရုပ်ရှင်များကို ရံဖန်ရံခါ ကြည့်ဖြစ်ကြသည်။ နှစ်စဉ် သို့မဟုတ် အလျဉ်းသင့်သလို ထိုစက်မှုခန်းမကြီးထဲမှာ ကျင်းပသော စာပေဟောပြော ပွဲ၊ ဆုနှင်းသဘင်ပွဲ၊ ကာတွန်းဟောပြောပွဲ၊ အသုံးလုံးလှုပ်ရှားမှုပြပွဲ၊ ပန်းချီပြပွဲ၊ အာစရိယပူဇော်ပွဲ၊ အလေးမပြိုင်ပွဲ၊ ခြင်းခတ်ပွဲ၊ ကထိန်သင်္ဃန်းကပ်လှူပူဇော်ပွဲများကို နှစ်ယောက်သား ပျက်ကွက်သည် မရှိ။ တက္ကသိုလ်ဝင်းအတွင်း ကျင်းပသည့် အားကစားပြိုင်ပွဲ၊ ထမနဲထိုးပွဲ စသည်များကိုလည်း ကြုံသလို တက်ရောက်အားပေးကြသည်။ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများမှာလည်း လက်လှမ်းမီသလို သွားရောက်အားပေးရသည်။ E နှင့် F အဆောင်နားက ကံ့ကော်ပင်တန်းတွေမှာ အပွင့်တွေ လှိုင်လှိုင်ဝေနေလျှင် မိမိက ငေးမောနှစ်ခြိုက်ရသော်လည်း သူမက ပန်းကြိုက်သူ၊ ပန်းပန်တတ်သူ မဟုတ်၍ တခါမှ ခူးဆွတ်မပေးခဲ့။ တယောက်ကိုတယောက်၊ ရင်ထဲမြင် အောင်၊ ရင်ထဲသိအောင်၊ ရင်ထဲထိအောင်ကိုတော့ ကြိုးစားနေမိကြသည်။ သို့ဖြင့် ပိုမြင် ပိုသိလာသည်နှင့်အမျှ ပိုစာနာလာရသည်။ ပိုနားလည်လာရသည်။
တက္ကသိုလ်၌ ပန်းတို့ပွင့်၏။ ငှက်တို့ တေးဆို၏။ ရာသီဥတုတို့ တန်ဆာဆင်၏။ သီချင်းနှင့် လေပြေတို့သည် အားလုံးအပေါ်၌ တိုးဝှေ့လွင့်ပျံသည်။ 'နွေးအေး' ဆိုင်သည် လည်းကောင်း၊ စွယ်တော်ပင်များ သည် လည်းကောင်း၊ ချစ်သူတို့လျှောက်သောလမ်းကလေး၊ အာရ်အိုင်တီအင်းလျား၊ ဂျီဟောရှေ့ဘောလုံးကွင်း၊ တင်းနစ်ကွင်းနှင့်ဆေးခန်း၊ အလေးမရုံ၊ အားကစားရုံနှင့်အားကစားကွင်း၊ ရေမပြည့် ရေကူးကန်၊ အ၀င်ပေါက် ဦးလူပေါခုံးနှင့် မနီးမဝေး စာအုပ်ဆိုင်၊ ရန်ကုန်စက်မှုတက္ကသိုလ် မုခ်ဦးတိုင်ကြီးများ၏ မျက်နှာစာရှေ့ရှိ ဗဟိုချည်း ပုဏ္ဍရိပ်ပင်တန်းတို့၏ အလည်မှ အလှရေကန်ဝိုင်းနှင့် ခပ်လှမ်းလှမ်း ကျောင်းသားဆောင်များရှေ့ လေးထောင့်ထု ကမ္ဗည်းထိုး အထိမ်းအမှတ် ကျောက်တိုင်သည်လည်းကောင်း၊ အမှတ်သညာများအဖြစ် မက်မောဖွယ်ရာ ဖြစ်နေသည်။
ဒုတိယစာသင်နှစ် ပထမနှစ်ဝက်မှာပင် မိမိ "သြသာ" နှင့် သူမ "မျိုးလဲ့သာ" တို့ ချစ်သူများ ဖြစ်ခဲ့ကြသည်။ အဲဒီကတည်းက အဓိကအင်ဂျင်နီယာဘာသာရပ်ချင်း မတူသော်လည်း အချစ်ချင်းတော့ တူကြသည်ဟု ထင်ခဲ့သည်။ စာသင်နှစ် တနှစ်ပြီးတိုင်း ရရှိခဲ့သောအောင်မှတ်အဆင့်ပေါ် မူတည်၍ နောင်စာသင်နှစ်အတွက် ခုံနံပါတ် (Roll No) အသစ်ထွက်သည်။ ဒုတိယနှစ်အပြီး မိမိခုံနံပါတ် ဆယ်ခုလောက်ကျသွားသည်ကို အဓိက ဘာသာရပ်တူ သူငယ်ချင်းများက နောက်ခဲ့ကြသေးသည်။
"စက္ကင်န်းရီးယားပဲ ရှိသေး သြဘာတို့ ရည်းစားထားတော့ ရိုးလ်နံပါတ်က ကျတော့မှာပေါ့.... ရပိတာ မဖြစ်တာ ကံကောင်း... အမေရေ အမေ့သား ဖြစ်ပုံကို လာကြည့်လှည့်ပါဦး..."
မည်သို့ပင်ဆိုစေ မိမိရော သူမပါ နှစ်စဉ်မှန်မှန် အောင်မြင်ကြသည်။ အကြောင်းကြောင်းကြောင့် ကျန်နေခဲ့သူတွေလည်း ရှိသည်။ "တက္ကသိုလ်မှာ နှစ်ပိုပျော်ရတာပေါ့... မင်းတို့က တက္ကသိုလ်ကို ငါတို့ထက် ပိုချစ်တာကိုး" ဟု ကျီစယ်ရသည်။ သို့သော် အားလည်း ပေးရသည်။ ဖေးမရသည်။ မိမိတို့ နှစ်ဦးသား၏ အချစ်သည် နှစ်ကြာလာသည်နှင့်အမျှ ပို၍ ရင့်သန်လာရသည်။ မျှော်လင့်ချက်တို့ အတိုင်းအဆ ကြီးမားရသည်။ ရည်မှန်းတာတွေအတွက် စိတ်ကူးကောင်းတို့ ပိုရှင်သန်ရသည်။ လက်မြဲမြဲတွဲရမည့် အနာဂတ်အတွက် နှစ်ယောက်သား လက်ရှိအခြေအနေမှ မြင့်မြတ်သည့် အားအင်တွေ ဖေးမဖြစ်စေရမည်။ အယူအဆနှင့် အတွေးအခေါ်သည် 'သြဘာ' နှင့် 'မျိုးလဲ့သာ' တို့အကြား ခြားနားသွားသည် မရှိခဲ့။ သို့နှင့် နောက်ဆုံးစာသင်နှစ် ခြောက်နှစ်မြောက်ကို ရောက်လာခဲ့ရသည်။
ဆဌမနှစ် နောက်ဆုံးစာမေးပွဲကြီး မတိုင်မီ နှစ်ပါတ်လည် မိတ်ဆုံညစာစားပွဲကြီးကို ရန်ကုန်စက်မှု တက္ကသိုလ် ထမင်းစားဆောင်ကြီးမှာ ကျင်းပသည်။ အစဉ်အလာအတိုင်းပင် ပဒေသာကပွဲ ပါဝင်သည်။ အဆို၊ အက၊ ပြဇာတ်၊ ကွက်စိပ်၊ အငြိမ့် စုံလင်ပြီး တရက်မက စက်မှုခန်းမကြီးမှာ ကျင်းပသည်။ မိမိတို့ အတူတူ ကြည့်ကြဖို့ ချိန်းဆို စီစဉ်ထားသည်။ ကံကြမ္မာသည် ရုတ်တရက်နှင့် အံ့ဖွယ်ရာ မယုံကြည်နိုင်လောက်အောင် ပြောင်းလဲတတ်သည်။ နယ်မြို့ငယ်ကလေးမှ မိမိ၏ ဖခင်ဖြစ်သူသည် နှလုံးရောဂါတမျိုး ရုတ်တရက် ဖိစီးမှုကြောင့်ရန်ကုန် ဆေးရုံကြီးသို့ အရေးတကြီး ခွဲစိတ်ကုသနိုင်ဖို့ လာတက်ရသည်။ စာမေးပွဲနီးချိန်လည်းဖြစ်၊ အားချင်းလည်းဖြစ်မို့ မိမိကို ကြိုအကြောင်းမကြားဖို့ မဖြစ်နိုင်ခဲ့။ ဖခင်ကြီး ဆေးရုံပေါ်ရောက်ပြီးသည့်နေ့ နှစ်လည်ညစာပွဲမစမီ မွန်းလွဲပိုင်းမှာ မိမိ၏ညီငယ် အဖော်တယောက်နှင့် အဆောင်ကို ရောက်လာသည်။ အကျိုးအကြောင်းသိရပြီ။ ချစ်သူ 'မျိုးလဲ့သာ' ကို ဘာတခုမှ မပြောနိုင်ခဲ့။ ဘယ်လိုမှ အသိမပေးနိုင်ခဲ့။ ဆေးရုံကြီးသို့ ပြေးခဲ့ရသည်။ တက္ကသိုလ်သက် နောက်ဆုံးပျော်ရွှင် မြတ်နိုး မမေ့နိုင်ဖွယ်ရာ ညစာစားပွဲတက်ဖို့၊ ပဒေသာကပွဲကို အတူကြည့်ကြဖို့ ကတိက၀တ်သည် လည်းကောင်း၊ လူကိုယ်တိုင်သည် လည်းကောင်း၊ ချစ်သူ 'မျိုးလဲ့သာ' အပေါ် မိမိဖက်က အရင်ဆုံး တခုတည်းအဖြစ် ပျက်ကွက်ခဲ့ရသည်။ ထိုည၌ပင် ဖခင်ကြီးကို စွန့်လွှတ်ခဲ့ရသည်။

********** ********** **********
ညနေပိုင်း ရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်တော် မြောက်ဖက် သောကြာထောင့်မှာ ခွက်ငယ်ဖြင့် သက်စေ့ ဘုရားရေသပ္ပာယ်ပြီး လက်အုပ်ချီလျက် နောက်အလှည့်မှာ ရုတ်တရက်လို ဖြစ်သွားသည်ကြောင့် နောက်က လူကို တိုက်မိသည်။ မိမိတိုက်တော့မည်ကို သိသကဲ့သို့ ထိုသူက မိမိကို ကြည့်နေသည်။ တောင်းပန်တိုးလျှိုးကြည့်ဖြင့် သူ့ကို နှုတ်ဖြင့် တောင်းပန်ဖို့ ပြင်ဆဲ
"ဟို... ဟို... ဦးသြသာလားခင်ဗျာ"
"ဟင်... ကျွန်တော်မှတ်မိပြီ.. အံ့သြစရာပဲ... ခင်ဗျားက ကျောက်မဲက ကိုဝင်းတင်ကျော်မဟုတ်လား..."
တောင့်တင်းကြွယ်ဝသော မိသားစု အသိုင်းအ၀ိုင်းက ကိုဝင်းတင်ကျော်သည် တက္ကသိုလ် ပြီးကတည်းက နိုင်ငံခြားသို့ ထွက်ခွါသွားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီး အခုမှ ဆုံတွေ့ဖြစ်ရသည်။ နှစ်ယောက်သား ရင်ပြင်တော်တနေရာမှာ လွတ်လပ်စွာ ထိုင်ပြီး စကားတွေ ပြောဖြစ်ကြသည်။ အထူးသဖြင့် လွမ်းမောဖွယ် တက္ကသိုလ်အကြောင်း။
"ခင်ဗျားတို့ကို သိပ်အားကျမိခဲ့တယ်... တက္ကသိုလ်တလျှောက်လုံး ခင်ဗျားတို့ နှစ်ယောက် လက်တွဲခဲ့ကြ တာ... ပေါင်းကြရမယ်ပဲ ထင်တာပေါ့... နောက်တော့လည်း.. မမျိုးလဲ့သာ ခမ်းခမ်းနားနား မင်္ဂလာဆောင်ပြီး အိမ်ထောင်ပြုသွားတာကို ကျွန်တော် အဝေးက ကြားလိုက်ရပါတယ်.. နေပါဦး... ခင်ဗျားတို့ ဘယ်လို ဖြစ်ခဲ့ကြလို့လဲ... ဘာမှားခဲ့လို့လဲ... ဘာပျက်ကွက်ခဲ့လို့လဲ.. ခင်ဗျားဖက်က သစ္စာများ ဖောက်ခဲ့မိလို့လားဗျာ ..."
မိမိတွေးဆမိသည်။ အကြောင်းအားလုံး၊ အဖြစ်အပျက်အားလုံးသည် သည်အတိုင်း ရှိနေသေးသည်။ လျော့မသွားသေး။ ပျောက်မသွားသေးဟု ရင်ထဲက သိနေသည်။ ၀မ်းနည်းကြေကွဲစိတ်ကို သိသိသာသာ ထိန်းချုပ်ရင်း ကိုဝင်းတင်ကျော်ကို ပြန်ပြောဖြစ်ရသည်။
"ကိုဝင်းတင်ကျော်ရယ်.... မှားတာတို့ ပျက်ကွက်တာတို့ကို ထားလိုက်ပါတော့ဗျာ... ခင်ဗျားနဲ့ကျွန်တော် တို့ပဲ မဆုံဖြစ် မတွေ့ဖြစ်ခဲ့ကြတာ အခုဆို နှစ်ပေါင်း သုံးဆယ်ကျော်ပြီနော်... အင်း... အခုထက်ထိ ကျွန်တော် အိမ်ထောင် မပြုသေးပါဘူး... တကိုယ်တည်းပါ... ကိုဝင်းတင်ကျော်..."
ဘာကြောင့်မှန်းမသိ။ သည်အကြောင်းနှင့် ပါတ်သက်၍ သည့်ထက်ပို၍ ကိုဝင်းတင်ကျော်ကို စကားဆက်မဆိုမိ။ စကားလမ်းကြောင်းပြောင်းဖို့ ရုတ်ချည်းမပေါ်လာသေး။ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ အမွှေးတိုင်နံ့၊ ပန်းနံ့၊ ဖယောင်းတိုင်ညှော်နံ့များကို သိသိသာသာ ရရှိလိုက်၏။ မိုးချုပ်သွားပြီ။


မောရူးဆိုး
['အလွမ်းတက္ကသိုလ် ပန်းတက္ကသိုလ်' တက္ကသိုလ်နောက်ခံဝတ္ထု တိုစုစည်းမှု (၆၀) ပုဒ် စုစည်းမှု စာအုပ် ပထမအကြိမ်၊ ဒီဇင်ဘာ၊ ၂၀၀၇ မှ ကူးယူဖော်ပြပါတယ်။]

မောရူးဆိုး ကိုယ်ရေးအတ္ထုပ္ပတ္တိ အကျဉ်း။
မောရူးဆိုး (၁၉၄၉- )
မောရူးဆိုးကို ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင်၊ မြောင်းမြမြို့၌ အဖ ဦးအောင်တင်နှင့် အမိ ဒေါ်ငွေဟန်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးသန်းအောင် ဖြစ်သည်။ ငယ်စဉ်က A.B.M ကျောင်း (မြောင်းမြ)၊ အထက မင်းလှ (သာယာဝတီ)၊ အထက ၂/၃ (မုံရွာ) တို့တွင် အခြေခံ ပညာဆည်းပူးခဲ့ပြီး၊ ၁၉၆၇-၆၈ ပညာသင်နှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ၁၉၇၂-၇၃ ပညာသင်နှစ်တွင် B.E.(Mechanical) ဘွဲ့ရရှိခဲ့သည်။
ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ စာညွန့်စာတမ်း၊ ဘာသာပြန်ဝတ္ထုများ ရေးသားခဲ့၊ ရေးသားဆဲ ဖြစ်ပါသည်။ Myanmar Oil and Gas Enterprise တွင် Executive Engineer (A) (Drilling)အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။ တက္ကသိုလ်နေ့ရက်များနှင့် ပါတ်သက်၍ "မွေးနေ့တိုင်း မွေးနေ့တိုင်းကို မမေ့နိုင်ဘဲ အမှတ်ရနေသလို တက္ကသိုလ်နေ့ရက်များကို မွေးနေ့ကဲ့သို့ မေ့၍မရ မေ့၍မဖြစ်နိုင်အောင် အမြဲအမှတ်ရလျက် ရှိသည်" ဟု ဆရာမောရူးဆိုးက အမှတ်တရ စကားဆိုပါသည်။

No comments: