အပြင်လေဟာ ရင်ထဲက နာကျင်မှုတွေ၊ ခေါင်းထဲက တစ္ဆေဆိုးတွေကို ကဲ့ယူမှုတ်ထုတ်ပေးလိုက်သလိုပဲ။ လွတ်လပ်မြေပြင်ကို လှမ်းလိုက်တဲ့ ပထမဦးဆုံးခြေလှမ်းဟာ စမ်းဝါး စမ်းဝါးနဲ့၊ ရှက်သွေးဖြန်းနေချေသေးတယ်။ အတွင်းနဲ့အပ ကောင်းကင်ချင်းကို မတူကြတာ။ နှင်းခြုံထားတဲ့ နိုဝင်ဘာရဲ့ သတ်သတ်မှတ်မှတ် နံနက်ခင်း၊ ရှေ့ရေးအတွက် စီးချင်းအသစ် ထပ်တိုးချဲ့ရဦးတော့မယ့် သောကပျိုးခင်း။
ဟိုနားတကွက်၊ သည်နားတကွက်နဲ့ လူတွေက ခေါင်းတမော့မော့၊ လည်တဆန့်ဆန့်နဲ့ ငါ့လို အလားတူ လူတွေကို မျှော်လင့်တကြီး စောင့်နေကြပုံပေါ်တယ်။ တချို့က ရွှင်ရွှင်ပြပြ၊ တချို့ကတော့ ပြိုကျလာတော့မယ့် ငိုချင်းကို အချိန်ဆွဲဆန့်ထားကြပုံပါပဲ။ ဒါပေမယ့်လည်းလေ ရှင်လိင်ပြန်တဲ့နေ့ကလည်း ပျော်တယ်ရယ်လို့ မရှိခဲ့ပါဘူး။ ခုလဲပဲ စိတ်တွေ ထိုင်းမှိုင်းလေးလံပြီး သောကကို ပြောင်းပြန်လှန် ၀တ်ရသလိုမျိုး ခံစားနေရတယ်။ လူအုပ်ကြားထဲကနေ တိုးထွက်လိုက်တော့ နှစ်ပေါင်းအတန်ကြာ ကတည်းက ရင်းနှီးနေခဲ့ပြီးသော ထမီအဆင် တခုကို တွေ့လိုက်ရတယ်။ နွမ်းဆုတ် ဟောင်းအိုနေလှပေါ့။ ထမီဝတ်ထားတဲ့ မိန်းမကြီးကို စေ့စေ့ကြည့်မိ တော့မှ........
'ဟဲ့.... သား... သား... အထွန်းမဟုတ်လား'
ဖိစီးမှုတွေ မကြော်ငြာပဲနဲ့ကို ပြုတ်ကျသွားတယ်။ မျက်လုံးတွေကလည်း ပြာဝေသွားကြတယ်။
'ဟာ.... အမေ၊ သားပေါ့.... အထွန်းပဲပေါ့'
အမေဟာ ကျွန်တော့်ရင်ခွင်ထဲမှာ ပျော့ခွေသွားပြီး ၀မ်းသာအားရ ငိုနေတော့တယ်။ သားအမိနှစ်ယောက် ရင်ချင်းထိယှက်နေပါလျက်နဲ့ ဘယ်စကားကို ဘယ်လို စရမလဲဆိုတာကို မသိနိုင်လောက်အောင်ကို ဖြစ်ကုန်ကြ တယ်။ ငိုပစ်လိုက် အမေရာ...၊ ငိုပစ်လိုက်စမ်းပါ။ ဘ၀တလျှောက်လုံးလည်း ငိုခဲ့ပြီးပြီ။ နောက်ထပ် ခြေလှမ်း အသစ်တွေကိုလည်း မျက်ရည်တွေ ဆမ်းချင် ဆမ်းပေးနေရဦးမှာ။ ရှိုက်သံတွေဟာ ဂယက်ထတတ်သလား။ ဆွဲငင်ညှို့အား ရှိလေရော့သလား။ စာနာမှုတွေနဲ့ ၀ိုင်းကြည့်နေကြသူတွေရဲ့ မျက်လုံးအိမ်တွေထဲမှာလည်း ထောက်ထားစာနာမှုတွေက ပြည့်ဝပျော်ရည်ပြင် ဖြစ်လာပြီး အိုင်စို့နေကြလေရဲ့။
အမေနဲ့ သားကြားက နှစ်ပေါင်းများစွာ အလုယက်ခံလိုက်ရတဲ့ အထိအတွေ့တွေ၊ စကားလုံးတွေကို သည်တခါတော့ အဆုံးအရှုံး မခံနိုင်တော့ဆိုတဲ့ မာန်နဲ့ အမေ့ရဲ့ လက်ချောင်းအိုအိုကလေးတွေက ကျွန်တော်ရဲ့ လက်မောင်းတွေကို တင်းတင်းဆုပ်ထားကြတယ်။ အမေရာ သိက္ခာရှိတဲ့ ခရီးကို အဖိုးစားနား ကြီးကြီးမားမား ပေးရတဲ့ ရထားနဲ့ သွားခဲ့တာပါ။ ဒါပေမယ့် အမေ့ရင်ထဲမှာ မမေးရက်တဲ့၊ မမေးအပ်တဲ့ မေးခွန်းတွေ ပွက်ပွက်ဆူ နေလိမ့်မယ်ဆိုတာ သားခန့်မှန်းမိပါတယ်။ ခုတော့ လက်ဆုပ်လက်ကိုင် မပြနိုင်သေးဘူးပေါ့လေ။ တနေ့တော့ပေါ့ အမေရာ၊ တနေ့ပေါ့.....။
ရုတ်တရက် အပြုစား ခံလိုက်ရသလို ဖြစ်သွားတယ်။ လေမုန်တိုင်း တိုက်လာသလို အသံကြီး ပေးပြီး၊ ကားအကြီးကြီးတွေက စုန်ချည် ဆန်ချည်နဲ့။ တချို့ ကားကြီးတွေပေါ်မှာ သေတ္တာအကြီးကြီးတွေ တင်ထားကြ တယ်။ လူတွေ ပါသွားတဲ့ ကားကြီးတွေကလည်း မြင့်မြင့်ရှည်ရှည်ကြီးတွေ။ ဟိုတုန်းက သည်လို မဟုတ်ပါဘူး။ ဘယ်သူက ဘာအတွက်နဲ့ သည်လမ်းမကြီးကို အလိုက်မသိပဲ သည်မှာ လာချထားပါလိမ့်။
'သား... ဘေးကပ်၊ ဘေားကိုကပ်။ ဘာမှ အစိုးမရဘူး သား..'
ပလက်ဖောင်းပေါ်မှာလည်း ရှားပါးပစ္စည်း တခုခု ရောင်းပေးနေလို့၊ လူတွေ တန်းစီနေကြသလိုပဲ။ အရှေ့ကို ဆက်လျှောက်ပြီး၊ မျှော်ချင်တဲ့ နေရာကိုမျှော်၊ လူတွေချည်းပဲ။ တဆင်တည်း ဖြစ်နေတာက အားလုံးဟာ မျက်နှာပေါ်မှ ပိုပြီး ထူလာတဲ့ အရေးအကြောင်းတွေနဲ့ သုတ်သီးသုတ်ပြာ ရွေ့လျားနေကြခြင်းပါပဲ။ ငယ်ငယ်တုန်း ဆီကလည်း မုန့်လင်မယားဒယ်လို လမ်းတွေပေါ်မှာ အလားတူ မျက်နှာတွေပေါ်က အရေခွံတွေနဲ့ ပြေး၊ ရုန်းနေရတဲ့ ခြေထောက်တွေ။ ခု အရွယ်ထောက်ပြီး အနွမ်းကမ္ဘာတခုဆီက ပြန်လာတော့လည်း တထေရာတည်း။
'သား.... အပြောင်းအလဲတွေကြားမှာ ကြောင်နေပြီ ထင်တယ်။ မီးသွေးနဲ့ပဲ ချက်ချက်၊ ထင်းနဲ့ပဲ တည်တည်၊ လျှပ်စစ်မီးနဲ့ပဲ ချက်ချက် ထမင်းက ထမင်းပါပဲ သား....'
အံ့အားသင့်မှုတွေနဲ့ လည်ပင်းလိမ်သွားမတတ်၊ အရပ်မျက်နှာအားလုံးကို ကြည့်လိုက်။ ခြေတလှမ်းကို ခေါင်းနှစ်ငြိမ့် သုံးငြိမ့် လုပ်နေရတော့ သည်သားအမိနှစ်ယောက်ကြောင့် လူ ကြော ပိတ်ဆို့ထားသလို ဖြစ်နေတယ်။ သတိပြန်ပြန် ၀င်လာတိုင်း အများသူငါ သွားနေတဲ့ အရှိန်နဲ့ လိုက်ပါနိုင်ဘို့ ထပ်ထပ်ပြီးတော့ကို သတိပေးနေရတယ်။ သူတို့ကို မောင်းနှင်နေတဲ့ သောကနဲ့၊ ကိုယ်ပိုက်ထွေးထားခဲ့တဲ့ ဖိစီးမှု ကြောင်းတူ သံကွဲတော့ ဖြစ်နေ မလားပဲ။ တဖြေးဖြေးနဲ့ စမ်းပြီး စစ်ပြီး မျှော်ကြည့် ရဦးမှာပေါ့လေ။
'သား... သည်နေရာကို မှတ်မိသေးလား...'
မျှော်စင်ကြီးတခုကို စိုက်ထိုးထားသလိုမျိုး၊ လှပါပေ့။ တိုက်ကြီးက၊ အထပ် အထပ်တွေနဲ့။
'နင့် အရီး မအေးတို့ အိမ်လေ။ အိမ်ရှေ့မှာ ရေချမ်းစင်ကလေးနဲ့၊ သူမနက်တိုင်းရောင်းတဲ့ ပဲပြုတ်နဲ့ ကောက်ညှင်းပေါင်းဆိုင်ကလေး၊ အဲသည့် ရှေ့လမ်းနဲ့ ကပ်လျက်၊ ပိတောက်ပင် အကြီးကြီး ရှိတယ်လေ'
'အော်...'
ခြေတွေတိုသထက် တိုလာတဲ့ အချိန်မှာ 'ဒါက အစက ဈေးကလေးလေ။ ခုတော့ သူဌေးဘယ်သူဆို လား သူပိုင်တဲ့ ကုန်တိုက်ကြီးတွေ ဖြစ်သွားပြီ'
'ဟုတ်လား'
ဘေးဘီမှာ ငယ်စဉ်က အိပ်မက်တွေ၊ ကျန်ခဲ့တဲ့ လျော့တိလျော့ရဲ ထည်ဝါမှုတွေ တတန်းကြီးပါဘဲ။ အဆောက်အဦးတွေကလည်း ဆိုင်းဘုတ်တွေကို ခြုံပြီး အိပ်နေကြပုံရတယ်။ ဘာဆိုင်တော့လို့လဲ လိုချင်တာ အားလုံး မဟုတ်တောင်မှ ကုန်ကျစရိတ်အားလုံးကို တံတွေးတချက် ထွေးစရာလောက် ဖြုန်းသုံးနိုင်ရင် ဆန္ဒပြည့်လုခမန်း ရနိုင်ပြီ။ ရွေးချယ်စရာတွေက အများကြီး။
'တတ်နိုင်မယ်ဆိုရင်တော့ နေလို့ အကောင်းသား..... သား ရဲ့.... '
တိမ်တွေကတော့ တနေ့ကို အဆင်လေးငါးထည် ပြောင်းလဲပြီး ၀တ်နေဆဲ ဆိုပေမယ့်၊ တိမ်တော့ မည်နေဆဲပဲ။ ကောင်းကင်ကြီးလဲ စိတ်သဘောထား တခုတည်းနဲ့ အပြောင်းအလဲမရှိ၊ တသမတ်တည်း မာလို့ ချာလို့။
အဖိုးတန် လမ်းမကြီးတွေပေါ် လျှောက်ယင်း၊ အလျင်မီအောင် နိစ္စဓူဝ ပြေးပွဲ ပြိုင်ပွဲ ၀င်နွှဲနေကြရတဲ့ သူတွေအကြားမှ လျှောက်ယင်း၊ လမ်းမကြီးတွေပေါ် ငိုက်ကျလာလုမတတ်၊ တိုက်ကြီးတွေကို မော့ကြည့်ရင်။ ဆိုင်းဘုတ်တွေကို ယဉ်ပါးအောင်လုပ်ရင်း ကိုယ့်ချက် ဘယ်မှာမြှပ်ထားခဲ့တယ် ဆိုတာကို ခပ်ရေးရေးလေး မှန်းဆလို့ ရလာပြီ။
'အမေ့ အိမ်သွားကြမယ်လေ။ ခု ဘယ်လို ခေါ်ပြီး ပြဦးမလို့လဲ'
လမ်းအချိုးလေးမှာပဲ
'ရောက်တော့မှာပါ သားရယ်'
အနံ့အသက်တွေ ပြောင်းတော့ ပြောင်းသွားသလိုပဲ။ မမြင်ဘူးခဲ့တဲ့ အပင်ကလေးတွေကလဲ ကြိုးတို့ ကြဲတဲ တန်းစီလို့။ မြန်မာတော့ မဆန်လှဘူးပေါ့လေ။
'သားအဖေက သားကို အမျှော်ကြီး မျှော်နေခဲ့တာ သားရဲ့။ သားတို့ သားအဖ ပြန်ဆုံစည်းစေချင် လိုက်တာ။ ဖြေစရာ တရားတခုစီတော့ ကိုယ်စီ ရှိကြမှာပေါ့လေ'
အမေ့လေသံက တိုးတက်ချက်၊ ၀ဲတချက်၊ အဖေ့ခန္ဓာ နွမ်းနွမ်းကြီးလဲ ဆိုက်ကားပေါ်မှာပဲ ရှိနေဆဲပဲလား။ အဖေက မုံ့ပြားသလက်တို့၊ မုံ့စိမ်းပေါင်းတို၊ မုံ့ဆီကြော်တို့ကို အသေအလဲ ခုံမင်တာ။ ရှိရော ရှိကြသေးရဲ့လား။ အဖေ့ရဲ့ ရေနွေးကရား အိုးထဲမှာလဲ ဘယ်လို လက်ဘက်ခြောက် အမျိုးအစားတွေများ ကိန်းဝပ်နေကြပြီလဲ မသိ။ ပျက်ယွင်းနေတဲ့ မြေပုံနိမ့်နိမ့်လေးတွေကြားက ဟိုကွေ့ သည်ဘက် ဖြတ်လျှောက်လိုက်နဲ့၊ လက်နဲ့ မသေမသပ် ပုံဖော်ထားပုံရတဲ့ မြေပုံလေးတခုရဲ့ ရှေ့ကိုရောက်တော့၊ အမေက ရုတ်တရက် ရပ်လိုက်ပြီး ဆတ်ခနဲ ထိုင်ချလိုက်တယ်။ သိုလှောင်ထားတဲ့ မျက်ရည်တွေရယ်၊ ငိုသံ ယှက်နှောထားတဲ့ စကားလုံးတွေရယ်၊ တပြိုင်နက် တည်း တစ်တစ်ဆို့ဆို့၊ ဖြစ်ညှစ်ပြီး ထွက်လာကြပြီး
'သား... အဖေသည်မှာ၊ ငြိမ်းငြိမ်းချမ်းချမ်း ခေါင်းချနေလိုက်ပြီ သားရဲ့....'
မျှော်လင့်တွက်ဆထားပြီး ဖြစ်ပေမယ်လို့ ရှိုက်သံအက်အက် တစ နှစ်စက စည်းကျိုးလာတယ်။ ခုမှ အသက်ကို ၀အောင်ရှူဘို့ အားခဲရုံ ရှိသေးတယ်။ သက်ပြင်းတွေကိုပဲ အလှည့်ပေးနေပြန်ရတော့တယ်။ ပြီးခဲ့ပြီပဲလေ။ ကြေကွဲမှုတွေကို ချောင်းတချက် ဟန့်လိုက်ပြီး ထွေးထုတ်ပစ်လိုက်ရတယ်။ ကတိုက်ကရိုက် ၀မ်းနည်းပြီးတော့ပဲ သားအမိနှစ်ယောက် ကိုယ့်ဘာသာ ဖြေသိမ့်လိုက်ကြရတယ်ပေါ့။
'အမေ... အိမ်ပြန်ကြစို့နော်..'
အမေက ဒယီးဒယိုင်ထပြီး ရှေ့ကနေ ခြေလှမ်းတွေကို ဆွဲငင်အားတခုကနေ လွတ်အောင် ရုန်းထွက်နေရ ပြီကော။ တလှမ်းချင်း တလှမ်းချင်။ ဇရပ်လေးတခုရောက်တော့ အမေက ရှေ့ကနေ တက်သွားတယ်။ အပေါ်ရောက်တော့ ဒေါင့်တခုမှာ စိတ်ကို ဒုန်းဒုန်းချလိုက်သလို ထိုင်ချလိုက်တယ်။ ဘေးဘီမှာ ထင်းခိုးဝနေတဲ့ အိုးကလေး နှစ်လုံး။ ဖာထေးရာတွေ ဆက်လုမတတ် ဖြစ်နေတဲ့ လုံချည်အဟောင်းလေးတွေ၊ နှုတ်ခမ်းပဲ့နေတဲ့ ပန်းကန်သုံးချပ်၊ ညစ်ပေနေတဲ့ ဇွန်းတချောင်း။ အမေက ဖျာအစုတ်ကလေးတချပ်ကို ကမန်းကတန်း ဖုံခါပြီး ချပေးရှာတယ်။
'ဒီမှာထိုင် သား...'
'အမေ မောနေလို့လား၊ အိမ်ပြန်စို့လေ အမေရဲ့..'
အမေက ခေါင်းတငြိမ့်ငြိမ့်နဲ့ လျော့တိလျော့ရဲ မချိတင်ကဲ ပြုံးနေတော့တယ်။
'သား ကြီးပြင်းခဲ့တဲ့ အိမ်ကို ပြောတာလား.. သားကိစ္စဖြစ် ကတည်းက တတိတိနဲ့ ပါး ပါး လိုက်လာတာ။ သားအဖေလဲ စိတ်အကျကြီး ကျသွားပြီးအိမ်လဲ ပျက်ခဲ့ပေါ့ သားရယ်။ သားအဖေကို လှမ်းမြင်နေရတဲ့ သည်နေရာ ကလေးကနေ သားကို အလွမ်းပြေ စောင့်စားရင်း အမေနဲ့ ထိုက်တန်တဲ့ ကျောတချစာကလေးကို ရွေးချယ်ခဲ့ရ တာပဲ သား...'
ဖွဲ့ဆိုမ၀ံ့တဲ့ နာကျင်မှုတွေ၊ အံ့အားသင့်မှု သမုဒ္ဒရာတခုစာလောက်နဲ့ အချိန်အကြာကြီး ဆွံ့အသွားခဲ့ မိတယ် ငြင်းပယ်မရတာကိုတော့ ပကတိအတိုင်း လက်ခံရတော့ မှာဘဲပေါ့လေ။ တမျှော်စာလောက် အဝေးဆီက ဆောက်လက်စ တန်းလန်း တိုက်တာကြီးတွေ၊ သွားလာမစဲ အဖိုးတန်ကားကြီးတွေ၊ နှလုံးခြောက်ချားစရာ သီချင်းသံတွေရဲ့ ဆူညံသံ မျိုးစုံက အရောင်းလိုက်နေကြဆဲပဲကိုး။ လူမှုစီးကြောင်း၊ ပူမှုအက်ကြောင်းတွေရဲ့ အပြင်ဘက်က ပွဲလန့်သံတွေ အနံ့ခံပြီး ဖျာလာရောင်းနေကြသူတွေလိုပဲ။ သည် တန်ရာတန်ရာ နေရာမှာပဲ ငြိမ်းအေးရချေတော့မှာပဲ။ ဆက်ပြီးတွေးတောရမယ့် ညတွေက ရှေ့မှာ အသင်္ချေ။
ကတုန်ကယင်ဖြစ်နေတဲ့ အမေ့ရဲ့ နွေးထွေးပြီး ကြမ်းရှနေတဲ့လက်က ကျွန်တော့ပါးလေးကို ငယ်ငယ်တုန်း က လိုပဲ တယုတယပွတ်ပြီး.....
'ဒါလဲ အိမ်ပါပဲ.... သားရယ်'
ခွန်းခ
No comments:
Post a Comment