Wednesday, November 11, 2009

သူငယ်ဘ၀ ရှေးခါက
ရေးသူ- မင်းသုဝဏ်

ကျွန်ပ်၏ ဇာတိမှာ ယခုအခါ ရန်ကုန်တိုင်းဟုခေါ်သော ဟံသာဝတီစီရင်စု အရှေ့ဘက်ခြမ်း ပင်လယ် ဟိန်းသံကို ကြားရသည့် ကွမ်းခြံကုန်း ဖြစ်ပါသည်။ မွန်တို့ဒေသတွင် လယ်လုပ်ရန် အထက်အညာက ဆင်းလာကြသည့် အထက်သားများ စုဝေးနေထိုင်ရာ အရပ်တခု ဖြစ်ပါသည်။

တခါတုန်းက အဘိုးအိုတယောက် ကုန်းတခုပေါ်တွင် ကွမ်းစိုက်သည်ကို စွဲ၍ ဤ ကွမ်းခြံကုန်းအမည် ဖြစ်လာသည်ဟု ပါးစပ်ရာဇ၀င်ဆရာတို့က ပြောသည်ကို ကြားဖူးပါသည်။ ရေထ ရက်များတွင် ပင်လယ်ရေကြီး၍ ရေလွှမ်းသောအခါ ရေမစွတ်ပဲ ကျန်နေသော ကုန်းများတွင် ရွာတည်နေကြသဖြင့် မြန်မာလို 'ကုန်း' ပါသည့် လက်ခုပ်ကုန်းရွာ၊ ကညင်ကုန်းရွာ၊ ကွမ်းခြံကုန်းရွာ စသည်တို့ ဖြစ်ပေါ်လာပါသည်။ ယင်းတို့ မပေါ်သေးမီ ရှေးအထက်က မွန်လူမျိုးများသည်လည်း တော်ကူးရွာ၊ တော်ခရမ်းရွာ စသော ရွာများကို တည်ထောင်နေကြ ပါသည်။ 'တော်' ဆိုသော မွန်စကားလုံးမှာ မြန်မာလို 'ကုန်း' ကို ဆိုကြောင်း ကြားဖူးပါသည်။
အနီးအနားတွင် ကွမ်းခြံကုန်းဆိုသော ရွာတရွာ ရှိသဖြင့် ကျွန်ပ်၏ ဇာတိ ကွမ်းခြံကုန်းကို သီးခြားသဘော ပြု၍ တော်ပလွဲကွမ်းခြံကုန်းဟု ခေါ်ကြပါသည်။ တော်ပလွဲမှာ ကွမ်းခြံကုန်းရွာ၏ အနီး မရမ်းချောင်းကမ်းပါးပေါ်တွင် ရှိသော ရှေးဟောင်း မွန်ရွာတရွာ ဖြစ်ပါသည်။ မြန်မာလို ဥသျှစ်ကုန်း ဟု အဓိပ္ပါယ်ရှိကြောင်း သိခဲ့ရပါသည်။ အမှန်မှာ ကွမ်းခြံကုန်းရွာနှင့် တော်ပလွဲရွာ ဟူသော ရွာနှစ်ရွာမှာ အရှေ့အနောက် တန်းနေပုံ ရပါသည်။ ကွမ်းခြံကုန်းရွာ၏ သုဿန်သင်္ချီုင်းမှာ တိလောက မှန်ကူသွန်းဘုရားကြီးအနီးရှိ ဗောဓိပင် အနားတွင် ရှိပါသည်။ ကျွန်ပ်တို့ ငယ်စဉ်က ဤနေရာကို တူးရာတွင် ခေါင်းသေတ္တာ အဆွေးများကို တွေ့၍ လူကြီးသူမများက မှတ်ချက်ချသည်ကို ကြားဖူးလိုက်ပါသည်။
ကျွန်ပ်တို့ အရပ်တွင် ခလောက်ကိုးလုံး၊ တော်ကိုးလုံးရှိသည်ဟု လူကြီးသူမများ ပြောပါသည်။ ခလောက်ဆိုသော မွန်စကားလုံးကလည်း ကုန်းတမျိုးကို ဟောသည်ဟု ဆိုပါသည်။ ခလောက်တရာရွာမှာ ယနေ့တိုင် အထင်အရှား ရှိပါသည်။
တော်ပလွဲကွမ်းခြံကုန်းမှာ အထက်တွင်ဆိုခဲ့သည့်အတိုင်း ကျွန်ပ်၏ဇာတိ ဖြစ်ပါသည်။ ကျွန်ပ်တို့ ဘိုးဘွား မိဘများမှာ ကွမ်းခြံကုန်းမြို့၏ လူအနေကျဲသော တောင်ဘက်ကမ်းတွင် နေပါသည်။ လမ်းအရှေ့ဘက်ထိပ်တွင် စစ်တကောင်းကုလား ဒါဒါဆိုသူ၏ တံငါစခန်း ရှိပါသည်။ အနောက်ဘက်ထိပ်တွင် ဘာဘူလေး ဆိုသူ၏ တံငါစခန်း ရှိပါသည်။ သူတို့၏ အမည်မှန်ကို မသိပါ။ သူတို့သည် မြန်မာအမျိုးသမီးများနှင့် အိမ်ထောင်ပြုကြ၍ သူတို့၏ သားများမှာ ကျွန်ပ်၏ ကစားဖော် ကစားဖက်များ ဖြစ်ပါသည်။
ကျွန်ပ်ဖခင်ဘက်က အဘိုးမှာ မရမ်းရွာသား ဦးကြာဇံ ဖြစ်ပါသည်။ သူက လှေသူကြီး၊ စပါးပွဲစားပါ။ ကွမ်းခြံကုန်းတ၀ိုက်က စပါးများကို ၀ယ်၍ လှေနှင့်တင်ကာ ရန်ကုန်မြို့ ပွဲစားကြီး ဦးဘိုးသာ စသည်တို့ထံတွင် ရောင်းပါသည်။
အဘိုးဦးကြာဇံမှာ ဘွင်းဘွင်းတွေး၍ ဘွင်းဘွင်းပြောတတ်သူဟု ဆိုပါသည်။ တခါသော် ပွဲစားကြီးက ရွှေတိဂုံစေတီ ကုန်းတော်တွင် တန်ဆောင်းဆောက်ရန် စီစဉ်ပါသည်။ အဘိုးနှင့် လှေသားများက ကျွန်းတိုင်ကြီးများကို ထူပေးရပါမည်။ မနက်နေထွက်ပြီ။ မထူရသေး။ နေမြင့်ပြီ။ မထူရသေး။ နေပူလှပြီ မထူရသေး။ ထိုအခါ အဘိုးက ပွဲစားကြီးကို ထူချင်ကြောင်း ပြောရာ မြေခံကောင်းချိန် မရောက်သေး၍ မထူရသေးကြောင်း ပြောသဖြင့် အဘိုးက မြေကြီးကို တီခံတာပဲ။ ထူချင်တဲ့အခါ ထူတာပေါ့ ဟုဆိုလျက် ထူပေးလိုက်ကြောင်း ကြားဖူးပါသည်။
အဘိုးသည် စေတီတော်ကြီးကို အလွန်ကြည်ညိုပါသည်။ ရွှေဆည်းလည်း လှူဖူးပါသည်။ ရွှေပြားလှူဖူး ပါသည်။ သူ၏ နောက်ဆုံး မွေးသားငယ်ကို မောင်ရွှေပြား ဟူ၍ပင် ခေါ်ပါသည်။ ကျွန်ပ်နှင့် အရွယ်တူ ဖြစ်ပါသည်။ ကိုအောင်ချစ်ဟု အမည် ရှိပါသည်။
ဆည်းလည်းမှာ အနောက်တောင်ထောင့်တွင် ထိုးထွက်နေ၍ မိဘများ လက်ညှိုးထိုးပြသဖြင့် မြင်ဖူးပါသည်။ တခါက ထီးတော်ကို အသစ်လဲ၍ ဆည်းလည်းများကို မှန်တိုက်တွင် ပြထားစဉ် ဆည်းလည်းပေါ်ရှိ ကမ္ဗည်းစာကို ကျွန်ပ် ကူးယူထားပါသည်။
တောင်ဘက်ကမ်းတွင် အဘိုးစတင်နေထိုင်သောအခါ အရပ်က သုံးရန် သောက်ရေကန်တကန်ကို ရွာပြင်ဘက် ကွင်းတွင်ထဲတွင် တူးပါသည်။ ကျွန်ပ်တို့ မီသောအခါ ကန်ပေါင်တွင် ထန်းပင်များ ရှိနေသည်ကို မှတ်မိနေပါသည်။ ကွမ်းခြံကုန်းနှင့် တော်ခရမ်းရွာအကြား ပေတရာ လမ်းမပေါ်တွင်လည်း ရေကန်တူး၍ ဇရပ်ဆောက်ကာ ခရီးသွားများ အပန်းဖြေနားနေရန် လုပ်ခဲ့ပါသည်။ ဤနေရာတ၀ိုက်တွင် အဘိုးပိုင် လယ်မြေ နှစ်တုံးထွန်၊ သုံးတုံးထွန်လောက် ရှိသည်ဟု ဆိုပါသည်။
အဘိုး၏ ရာပါလှေကြီး ဆိုက်ကပ်ထားရာ ကွမ်းခြံကုန်းချောင်းအကြောင်းကို ပြောပါဦးမည်။ ဤချောင်း မှာ မြစ်ဝကျွန်းပေါ်အရပ်၏ ထုံးစံအတိုင်း ရေတက်ရေကျရှိသော ချောင်းဖြစ်ပါသည်။ ချောင်းနဘေးတွင် ငါးတန် ပိန်းတောများ၊ ခရာဆူးတောများ ရှိပါသည်။ ယင်းတောများကို ခို၍ မြွေစိမ်းမြီးခြောက်များက အပင်များတွင် နေပါသည်။ အဆိပ်ပြင်းသော ဂျပ်မြွေနှင့် အဆိပ်ကင်းသော ကနကုတ်တို့က ရေထဲတွင် နေကြပါသည်။ ဂျပ်မြွေမှာ အဆိပ်ရှိသော အစွယ်များ အပြင်ထွက်နေ၍ ယင်းအစွယ်များ ခြစ်မိလျှင် အဆိပ်တက်ကာ အိပ်ချင်လာပါသည်။ အိပ်သောအခါ မထတော့ပဲ သေပွဲဝင်တတ်သည်ဟု ပြောပါသည်။ ဂျပ်မြွေအဆိပ်သင့်သည်ဟု သိလျှင် ခရာမြစ်ကို ၀ါးစားပါက အဆိပ်ပြေသည်ဟု ဆိုပါသည်။
ချုံများထဲတွင် ရေကြက်များ၊ ကရကွက်များ နေပါသည်။ သူတို့ အော်သံကို ကြားနေရသော်လည်း သူတို့ကို မြင်ဖို့မှာ မလွယ်ပါ။ လှေနှင့် တက်နှင့် သွားခိုက်တွင်မူ ရေစပ်၌ အစာရှာနေသည်ကို မြင်ရနိုင်ပါသည်။ ငယ်စဉ်က ကျွန်ပ်တို့ ကစားဖော်များ ဘောက်တူနှင့် ရေစုန်ရေဆန်မျောကာ လိုက်ကြည့်၍ မြင်ဖူးပါသည်။
ချောင်းထဲတွင် ကျွန်ပ်တို့ မကြာခဏ ရေကူးကစားကြပါသည်။ ရေမကူးတတ်သေးလျှင် ဓနိဖောင်ကို စီး၍ ကူးပါသည်။ ကုန်းပေါ်တွင်မူ ကျွန်ပ်တို့ လူစုံလျှင် သစ်ပင်ရိပ်၌ ဒီထိုးတွတ်ထိုး ကစားကြပါသည်။ ဂေါ်လီပစ်ကစားကြပါသည်။ မျောက်ပန်းလှန် ကစားကြပါသည်။
မိုးစဲလေသောအခါတွင်မူ ရွာပြင်ထွက်၍ စက္ကူစွန် (လေတံခွန်) လွှတ်ကစားကြပါသည်။ သင်္ကြန်အတွင်း၌ ကား ရေကစားကြပါသည်။ ရိုးရိုးရေပက်ရုံမျှမက ၀ါးကိုလုပ်သော ပြွတ်နှင့် ရပ်ကွက်ထဲလှည့်ကာ ရေပက်ကြပါ သေးသည်။ သင်္ကြန်ထမင်းလည်း စားကြပါသည်။ သီတင်းကျွတ်ပွဲတော်တွင်မူ မီးထွန်းကြ၊ မီးပုံးလွှတ်ကြ၊ ပစ္စည်းဝှက် ကစားကြပါသည်။ တန်ဆောင်မုန်းလပြည့်တွင်မူ ဆွမ်းကြီးလောင်းပွဲ ကျင်းပ၍လူငယ်များက ကကြ ခုန်ကြ ယိမ်းပွဲလုပ်ကြပါသည်။ အထက်ပါအကြောင်းတို့ကို အနုစိတ် ရေးရပါမူ လက်အန်သေမည် ထင်ပါသည်။ ကျွန်ပ်တို့၏ ကျေးလက်တောရွာ ထုံးစံသည် အလွန်ကျယ်ပြောပါပေသည်။
အရွယ်ရောက်သောအခါ ကျွန်ပ်သည် လောကဓတ်ကျောင်းသို့ သွား၍ အတန်းစာ သင်ရပါသည်။ ကျောင်းပိတ်ရက်တွင် ဘုန်းကြီးကျောင်းသွား၍ ဘာသာရေးစာများကို နားထောင်ကျက်မှတ်ရပါသည်။ ဘောဒေ၀ပုတ္ထာ၊ အိုနတ်သား စသည်ဖြင့် ကျက်မှတ်ရင်း သာသနာရေးဘက်တွင် စိတ်ညွှတ်ခဲ့ရပါသည်။
သို့သော်လည်း ကစားဖော်များစုမိလျှင်မူ အကစားမပျက် အကွက်လည်အောင် ကစားကြပါသည်။ လူကြီးများ မျက်စိနောက်အောင် ဆော့ကြပါသည်။ နဖူးပြဲ ဒူးကွဲ၍ နနွင်းလိမ်းရသည်လည်း အကြိမ်ကြိမ်ပင်။ နေ၀င်မိုးချုပ်စ တစ္ဆေအပမီ၍ ခေါစာပစ်ရသည်လည်း ရှိပ်သည်။ ခေါစာလာစားသည့် ခွေးကို စောင့်ကြည့်ရ သည်မှာလည်း တမောပင်။
ဤကလေးဘ၀ ကျင်လည်ခဲ့ရသည့် အခြေအနေတို့သည် ကျွန်ပ်ကြီးလာသောအခါ မောင်ခွေးဖို့ ကဗျာများအတွက် အဟာရပေါင်းချုပ် ဖြစ်လာပါတော့သည်။

မင်းသုဝဏ်။
[စာအုပ်လောက မဂ္ဂဇင်း၊ အမှတ် ၁၃၊ ၂၀၀၄ ခုနှစ် ဇန်န၀ါရီ မှ ကူးယူဖော်ပြပါသည်။]

No comments: