Tuesday, November 24, 2009

စာပေဟောပြောပွဲ
ရေးသူ- မောင်အေးဝင်း

ဒီနေ့ ကိုယ်နေတဲ့ မြို့ကလေးမှာ စာပေဟောပြောပွဲ လုပ်ပါတယ်။ အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာပါ။ စာပေဟောပြောပွဲ မနားထောင်ရတာ အနှစ် ၃၀ လောက် ရှိရောပေါ့။ အဆိုအက အနုပညာ ၀ါသနာပါသူများဟာ ဆိုင်းသံဗုံသံကြားရင် လက်လှုပ်ခြေလှုပ် ဖြစ်ချင်လာတယ်။ မဆို မက ရရင်တောင် အနည်းဆုံး ပေါင်ကို လက်ကလေးနဲ့ ပုပ်ပြီး စည်းဝါးလိုက် နေမိတတ်ကြတာ။
ကိုယ်က စာပေ၀ါသနာအိုး။ စာပေ ဟောပြောပွဲဆိုတဲ့ အသံကြားမိရင် ရင်ထဲမှာ လှုပ်ရှားမှု တခု ဖြစ်လာသလိုလို။ အမေရိကမှာ ဗမာပြည်က စာရေးဆရာတွေ ဟောပြောတဲ့ စာပေဟောပြောပွဲ ဆိုတာလဲ ကဗျာဆရာကြီး ဦးတင်မိုး ရောက်လာပြီးမှ သူ့ရဲ့ တိုက်တွန်းလှုံ့ဆော်မှုကြောင့် စာပေဟောပြောပွဲ မျက်စိနား ပွင့်လာတယ် ထင်တာပဲ။ (ဒိအရင်က ရှိခဲ့ဖူးရင် ကျနော့ရဲ့ အမှတ်မှားမှုကို ထောက်ပြပေးကြပါဗျာ)။



ဗမာစာရေးဆရာတွေ စာတမ်းဖတ်တာတွေတော့ ရှိခဲ့ဖူးပါတယ်။ ကိုယ်ကြုံဖူးတာက Getty Museum ရဲ့ ဖိတ်ကြားမှုနဲ့ စာရေးဆရာမ 'ဂျူး' လာတုန်းက Villa Aurora မှာလုပ်တဲ့ စာတမ်း ဖတ်ပွဲပါ။ ဒါလဲ ဗမာလို ဟော၊ ဗမာလို ပြောပြီး ဗမာပရိသတ်တွေ နားထောင်တဲ့ ပွဲတော့ မဟုတ်ပါ။ ခန်းမငယ်လေးတခုစာ ပရိသတ်တွေ လာနားထောင်တဲ့ စာတမ်းဖတ်ပွဲလေးပေါ့လေ။
ဒီတခါ ဟောပြောပွဲက အယ်လ်အေအော်ဂနိုက်ဆာက စည်းရုံးလှုံ့ဆော်ပြီး ကမကထ လုပ်တဲ့ပွဲပါ။ ဂီတအနုပညာရှင်ကြီး ဒေါ်မာမာအေး၊ ကဗျာဆရာ 'အောင်ဝေး'၊ ကဗျာဆရာမ၊ ၀တ္ထုရေးဆရာမ 'မေငြိမ်း' (ကလောင်နာမည်မှာ ဦး၊ ဒေါ် မတပ်တာ ခွင့်လွှတ်ပါဗျာ) တို့ ပွဲဖြစ်ပါတယ်။
အရင်တုန်းကလဲ ကိုယ်တို့ မြို့ကို စာရေးဆရာတွေ လာဘူးတယ်။ 'အောင်ဗလ'၊ '၀င်းဖေ'၊ 'မောင်သာရ'၊ 'စောလူ'၊ 'မောင်သစ်ဆင်း' 'တင်မောင်သန်း'တို့ ဟောပြောကြတယ်။ အိမ်ခံ ကဗျာဆရာကြီး 'တင်မိုး' လဲ ပါတာပေါ့။ အမေရိကမှာ ဗမာ့ပွဲလမ်းသဘင်လုပ်တာ များသောအားဖြင့် အများသူငါ အလုပ်နား၊ အလုပ်အားတဲ့ တနင်္ဂနွေနေ့မှာပါ။ ကံဆိုးသူ ကျနော်မောင်ရှင်က တနင်္ဂနွေမှာ အလုပ်လုပ်ရပြီး သောကြာနေ့၊ စနေနေ့ နားတာမို့ တခါမှ မဆုံလိုက်ရပါ။ ဟောပြောပွဲတွေမှာ ရှေ့နားက ထိုင်ပြီး လက်ခုပ်နာနာ မတီးရတာ ကြာပါပေါ့။
ပြည်တွင်းမှာ စစ်အစိုးရရဲ့ အောက်မှာ ပညာသားပါပါ အနှောင့်အသွား မလွတ်တာတွေကို နားထောင်ပြီး၊ ပီတိ ဖြစ်ခဲ့ရတာ။ ဒါတွေကို ရှေ့ခေတ်ဟောင်း အောက်မေ့ဘွယ် မှတ်မိသမျှ ရေးပြချင်ပါတယ်။
ထောင်ကထွက်လာပြီး ၇၈ ခုနှစ် ကနေ၊ ၈၉ ခုနှစ် ပြည်တွင်းက ထွက်ပြေးလာရတဲ့အထိ ၁၀ နှစ်တာ အတွင်း စာပေဟောပြောပွဲ တခါပဲ နားထောင်ရပါတယ်။ သူငယ်ချင်း ပုတီးကုန်းစိန်ဝင်းက ရင်ခုန်စရာကောင်းတဲ့ သူရဲ့ ပွဲကို လာနားထောင်ပေးပါ။ စင်ပေါ်ကနေ ကျနော်တို့ မျက်နှာတွေ မြင်နေရင် သူ အားတက်နေမယ်ဆိုလို့။ ဟုတ်တယ်လေ ဒီ စက်မှုမှာ အရင့်အရင်တွေက သူတို့နဲ့ ကိုယ်နဲ့ စင်အောက်ကနေ လက်ခုတ်အတူ တီးခဲ့တာ။ ဒီတချီမှာ သူက စင်ပေါ်က ဖြစ်တော့ ရင်ခုန်သံ မြန်နေမှာ။ အဲဒီမှာ သူက သူ့ရဲ့ 'အရိန္ဒမာသိပါစေ' ကဗျာကို ရွတ်သွားတယ်။ နောက် အဲဒီ ကဗျာကို အခြေခံတဲ့ လုံးချင်းတပုဒ် ထွက်လာတယ်။
ထောင်ထဲမ၀င်ခင် တလအလိုမှာ နားထောင်ရတဲ့ပွဲက မှတ်မှတ်ရရပါပဲ။ ကိုယ်တို့ ဓါတုအင်ဂျင်နီယာ အသင်းက လုပ်တဲ့ စာပေဟောပြောပွဲ။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ 'မင်းကျော်'၊ 'သခင်မြသန်း' တို့ပွဲ။ ဆရာသခင်မြသန်း ဟောသွားတဲ့အထဲမှာ စကားတလုံးဟာ မှိုင်းရာပြည့်ပွဲ ဖြစ်လို့ ကျောင်းမပိတ်ခင် အချိန်အထိ ကျောင်းသားတွေ ပါးစပ်ဖျားမှာ ရေပန်းစား ကျန်ရစ်ခဲ့တယ်။ "...ရုတ်.. ရုတ်၊ ရုတ်.. ရုတ်မလုပ်နဲ့၊ ရုတ်.. ရုတ် ရုတ်.. ရုတ် လုပ်ရင်၊ ဂုတ် ဂုတ်၊ ဂုတ် ဂုတ် ဖြစ်သွားမယ်...."
စာပေဟောပြောပွဲတွေကို တက္ကသိုလ်မှာ အများဆုံးနားထောင်ရတာ။ အထူးသဖြင့် စက်မှုတက္ကသိုလ် မှာ။ လက်ခုပ်တွေ နာနာတီးရတာ ရှိသလို၊ တ၀ါးဝါး ရီနေရတာလဲ ရှိတယ်။ ပျင်းစရာ ကောင်းတာလဲ ရှိပါတယ်။ စနေနေ့ဆိုရင် ကျနော်တို့ စက်မှုတက္ကသိုလ်မှာ ဟောပြောပွဲတွေ လုပ်လေ့လုပ်ထရှိတယ်။ စက်မှုအင်ဂျင်နီယာ အသင်း၊ လျှပ်စစ် အင်ဂျင်နီယာအသင်း၊ မြို့ပြအင်ဂျင်နီယာအသင်း၊ စက်မှုတက္ကသိုလ် အနုပညာအသင်း။ အသင်းကြီးတွေက တသင်းနဲ့ တသင်း အပြိုင်အဆိုင်။ ဖိတ်ကြားတယ်။ စာရေးဆရာတွေကလဲ တနှစ်အတွင်းမှာ မထပ်အောင် စီစဉ်ကြတာ။
ဆရာအောင်ဗလ ပြောတဲ့အခေါက်တုန်းကဆို လက်ခုပ်တီးရလွန်းလို့ အိမ်ပြန်ရောက်တော့ လက်ဖ၀ါး တွေ ကြိမ်းစပ်ပြီး နာနေတယ်။ ကျောင်းသားတွေရဲ့ လက်ခုတ်သံဟာ ပြောနေရင်း ပြောနေရင်းမှာ ဆရာ့စကား တွေကို ပြောင်မြောက်သထက် ပြောင်မြောက်လာစေလား အောက်မေ့ရတယ်။ နောက်ဆုံးမှာ ဆရာပြောသွားတာ စာပေလွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့်နဲ့ ပါးစပ်က အော်နေလို့ မရဘူး။ လွတ်လပ်ခွင့်ဆိုတာ ကိုယ်တိုင် တိုက်ယူမှ ရတာတဲ့။ ဆရာက သူ့ကိုယ်သူ သတင်းစာသမား၊ သတင်းထောက်တယောက် အနေမျိုး ပြောသွားတာ။ သတင်းထောက်တွေဟာ အများတကာထက် အရင်ဦး သိရ၊ ကြားရ၊ မြင်ရတာချည်းပဲတဲ့။ ဖော်ကာဖရင်းရှစ် လေယဉ်ပျံတွေကို အစိုးရက ၀ယ်တော့ ခရီးစဉ် မပြေးဆွဲခင်၊ သတင်းထောက်တွေကို အကျွေးအမွေးတွေနဲ့ ဧည့်ခံပြီး လေယာဉ်ပျံကို အရင် စီးစေခဲ့တာတဲ့။ ဒါပေမယ့် တလောတုန်းက နိုင်ငံခြားက တင်သွင်းလာတဲ့ အသုဘတင် ယာဉ်ကြီးကိုတော့ စစ်ဗိုလ်ကြီးတယောက် အရင်စီးသွားတယ်တဲ့။ ရုပ်ရှင်မင်းသမီး ခင်သန်းနုက ရုပ်ရှင်တကားရိုက်ဖို့ အတွက် ကန်တော့ပွဲပေးတာကို သွားစားပြီး ပြန်လာတော့၊ အရေပြားရောဂါသည်တွေ ကလေးတွေကို ဖမ်းပြီး သူတောင်းစားလုပ်ခိုင်းတယ်လို့ လူတွေကြားမှာ ကောလဟလ ဖြစ်နေတာကို သတင်းစာက ဖြေရှင်းပေးဖို့ သတင်းစာတိုက်ရှေ့မှာ အုံနဲ့ ကျင်းနဲ့ အရေပြားရောဂါသည်တွေ လာစောင့်နေတာကိုလဲ ခံလိုက်ရကြောင်း။ တောင်သူလယ်သမားဆွေးနွေးပွဲ တခုမှာ အဖွင့်မိန့်ခွန်း ချွေဖို့ ဗိုလ်မှူးကြီးတဦးဟာ စင်မြင့်ပေါ် တက်လာသတဲ့။ ဂိုက်နဲ့ ဆိုက်နဲ့ အိတ်ထဲက စာကြည့်မျက်မှန်ကို ထုတ်၊ ယူလာတဲ့ စာရွက်ကို ဖြန့်ပြီး မိန့်ခွန်းချွေတော့ 'သဘာပတိကြီးခင်ဗျာ.. သဘာပတိကြီးခင်ဗျာ.. ဟာ ... ငါလိုးမသား နှစ်ခါထပ် ရိုက်ထားတယ်' လို့ စပီကာကနေ အပီအသကြီး ပေါ်ထွက်လာတယ်။ သူကတော့ အဲဒီလို အပြောသမားမျိုး မဟုတ်ရပါဘူးဆိုပြီး ဟာသလုပ်သွားတာ။ အမှတ်ရနေတယ် ဆရာရေ.......။
နောက်တယောက်က 'ဒေါင်းနွယ်ဆွေ'။ စင်မြင့်ပေါ်မှာ သတ္တုရေနွေးကြမ်းခရားထဲ အရက်ဖြူထည့်ပြီး၊ ရေနွေးကြမ်းပန်းကန်နဲ့ တခွက်ချလိုက် ဟောလိုက် လုပ်တာ သူတယောက်တည်း ၃ နာရီလောက်ကြာသွားတယ်။ ဒါတောင် ပွဲစီစဉ်သူတွေက နောက်ဟောမယ့် ဆရာတွေလည်း ရှိပါသေးတယ် ဆိုပြီး တားလို့။ အပြီးသတ်မှာ နောက်တခါ သူတယောက်ထဲ ဖိတ်၊ ငါးနာရီ ခြောက်နာရီ မနားတမ်း ဟောနိုင်တယ်တဲ့။ အဖွင့် မိန့်ခွန်းကို မှတ်မိ နေပါတယ်။ စကားပြောခွက်ရှေ့ကို ရောက်ရောက်ချင်း ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးလို့ တစာစာအော်နေပြီး ဗီယက်နမ်စစ်မြေပြင်မှာ အပြစ်မဲ့ ပြည်သူတွေကို မီးလောင်တိုက်သွင်းနေတဲ့ အမေရိကန် အစိုးရတဲ့။ ၀ါးရုံပင်ကြား မှာ၊ ၀ါးမြစ်စားပြီး၊ ၀က်လိုသေမယ်ဆိုတဲ့ စိုးကြီး၊ ခုတော့ ၀ီစကီသောက်၊ ၀က်ဂွန်စီးပြီး၊ ၀န်ကြီးရာထူး လိုချင်နေပြီ တဲ့။ ဒီစကားတွေနဲ့ ဖွင့်တော့၊ လက်ခုတ်သံတွေက ၀က်ဝက်ကွဲပေါ့။
နောက်တယောက်က 'အီကြာကွေး'။ 'အာရဒါးနား' ကုလားရုပ်ရှင်ထဲက ကျပ်လိယာ... အိုး... ကျပ်လိယာ သီချင်းကို ဆိုပြီး စင်ပေါ်တက်လာတယ်။ စာပေအနှစ်သာရ ဘာတခုမှ မပါတဲ့ ချက်အောက် ပြက်လုံးတွေနဲ့ ပရိသတ်ကို ပွဲကျစေပြီး အကြာကြီး ဟောသွားတာ။ သူ ကျပ်လိယာ သီချင်း ဆိုပြီး တက်လာရတာကလဲ သူ့ရှေ့က ဟောတဲ့ 'ယုဝတီခင်စိန်လှိုင်' က သူရေးခဲ့တဲ့ တိုင်းရင်းသား ၀တ္ထုတွေအကြောင်း ပြောတာ၊ ၀တ္ထုတပုဒ်အကြောင်း ပြောပြီးတိုင်း အဲဒီ တိုင်းရင်းသားသီချင်းကို တပုဒ်စီဆိုပြတာ၊ ၀တ္ထု လေးငါးခြောက်ပုဒ်မှာ သီချင်း လေးငါး ခြောက်ပုဒ် ဆိုသွားတယ်။ ဒါကို 'ဆရာကြီးကွေး' က အားကျမခံ ငါလဲဆိုမှပဲလို့ ကြွေးကြော်ပြီး ကုလားသီချင်းတွေ ဆိုသွားတာ။
တခါတလေ ကိုယ့် စက်မှုတက္ကသိုလ်မှာတင် အားမရလို့ ၀ိဇ္ဇာသိပ္ပံ၊ စီးပွါးရေးတက္ကသိုလ်၊ ပညာရေး တက္ကသိုလ် တို့မှာတောင် သွားနားထောင်သေးတာ။ 'မောင်သာရ' ဟောတုန်းက သူ့ကို လူမမြင်ရဘူး။ စပွဲတလုံး ပေါ်ထောင်ထားတဲ့ ဆောင်းဘောက်ကြီးကို ကြည့်နားထောင်ရတာ။ အမရဆောင်နောက်က တခန်းနဲ့တခန်း ကျူထရံကာ ခြားထားတဲ့ ကျူတိုရီရယ် အခန်းတွေမှာလုပ်တယ်။ ဘယ်နှစ်ခန်းလဲတော့ မမှတ်မိဘူး။ အခန်းတိုင်းက ထိုင်စရာခုံတွေမှာ ကျောင်းသူကျောင်းသားတွေ အပြည့်။ 'မောင်သာရ' ကတော့ တခန်းခန်းကနေ ပြောနေပုံရတယ်။ သူရေးတဲ့ 'မောင်သိန်းလွင်ရဲ့ မစန်းစန်းဝင့်' ကနေ 'အသနက်မအောင်လံကြီးထူ' အထိ၊ ၀တ္ထုတွေအကြောင်း ပြောသွားတာ။ (အသနက်မအောင်လံကြီးထူ (၁၉၇၁) စာအုပ်က သူပြောနေတဲ့အချိန်မှာ နောက်ဆုံးထွက်ထားတာ)။ သူဟောတာ နိုင်ငံရေးအကြောင်း မပါဘူး၊ ရယ်စရာမပါဘူး၊ သူ့စာတွေပဲ ပြောသွား တယ်။ ဒါပေမယ့် နားထောင်လို့ ကောင်းလိုက်တာမှာ တချက်မှ မပျင်းရဘူး။ 'မောင်သာရ' ရေးစက စာတွေက ရှေးစာတွေထဲက အနုအလှတွေကို ကူးထည့် တန်ဆာဆင်ထားတာ၊ လူငယ်တွေအပေါ် ဘယ်လောက်လွှမ်းမိုး သက်ရောက်ခဲ့သလဲဆိုရင် မောင်သာရရဲ့ ညီမရည်းစားစာ အပေးခံရတာ သူ့ရဲ့ 'အသည်းညွန့်မှာ ကွန့်မြူးတဲ့ လိပ်ပြာ' စာအုပ်ထဲကတဲ့။
ကျနော်တို့မှာ ၀င်ကြေးမပေးရတဲ့ ဟောပြောပွဲတွေ မကဘူး။ မောင်သာရ ဦးဆောင်စီစဉ်တဲ့ ၀င်ကြေး ၃ ကျပ် ပေးရတဲ့ ၀ိုင်အမ်စီအေမှာ လုပ်တဲ့ပွဲလဲ အပတ်တိုင်းလိုလို သွားနားထောင်ဖြစ်တယ်။ စီစဉ်သူကတော့ လေဘေးရံပုံငွေ အတွက်လို့ ပြောတာပဲ။ ကိုယ်ချစ်တဲ့ စာရေးဆရာကော၊ ကိုယ်မုန်းတဲ့ စာရေးဆရာကော ၃ ကျပ် အကုန်ခံပြီး နားထောင်ခဲ့ရတာ။ 'အထောက်တော်လှအောင်' ဆို သူဘာတွေ ပြောမလဲ သိချင်လို့၊ မုန်းပေမယ့် ၃ကျပ် အရင်းအနှီး ပေးခဲ့ရတယ်။ ဒါတောင် အဲဒီက ဆွေးနွေးချက်တွေကို အသံသွင်းထားတဲ့ တိတ်ခွေကနေ ကူးပြီး စာအုပ်ထုတ်တာကိုလဲ ၀ယ်သိမ်းရသေးတာ။
ကိုယ်ငယ်ငယ်က ပန်းဘဲတန်းမြို့နယ်၊ မဂိုလမ်းမှာ နေတာ။ ကိုယ့်အိမ်နားက ဟိုခေတ်အခေါ် ငါးဦးကော်မတီလား ဘာလား အခေါ်အဝေါ်ကို သိတ်တော့ မမှတ်မိတော့ဘူး။ ရပ်ကွက်လူကြီး ဆိုပါတော့။ သူက စာရေးဆရာ ရွှေတည်လျောင်။ မဂိုလမ်းအလယ်လမ်းမှာက စာရေးဆရာ 'ကြူမွှေး' နေတယ်။ တလမ်းနဲ့ တလမ်းက အပြိုင်။ ဘာလုပ်လုပ် အပြိုင်။ စာပေ ဟောပြောပွဲဆိုလဲ တလမ်းက လုပ်တာနဲ့ တလမ်းကလဲ အားကျမခံ လိုက်လုပ်တာ။ ဘယ်သူတွေ လာဟောသလဲတော့ မမှတ်မိတော့ဘူး။ 'ကြူမွှေး' က စာရေးတာသာ ရီရတာ၊ အဟောအပြော မကောင်းရှာဘူး။
မှတ်မိတာက ၂၈ လမ်းလား၊ ၂၇ လမ်းလားမသိဘူး။ စာပေဟောပြောပွဲလုပ်တယ်။ လာပြောတဲ့အထဲမှာ မှတ်မိနေတာ 'မြတ်လေး'။ သူပြောတဲ့အထဲမှာ လူငယ်လေးတွေ တီးတာမှုတ်တာ တော်ချင်သားနဲ့ အဖွဲ့နာမည်ပေး ထားတာ အမေရိကန်က ဖာခေါင်းသာသာလောက်ရှိတဲ့လူ ထုတ်တဲ့ မဂ္ဂဇင်းနာမည်၊ 'ပလေးဘွိုင်' တဲ့။ ဟုတ်ပ။ အဲဒီတုန်းက ပလေးဘွိုင် ပေါ်စ။ သူကတော့ ရုပ်ရှင်ထဲကအတိုင်း ပခုံးကလေးတွန့်၊ မျက်စကလေး ချီပေါ့။
နားထောင်ယုံမက တခါတော့ ဟောပြောပွဲ ခရီးထွက်တာ အပျော်လိုက်သွားဖူးတယ်။ ဆရာကြီး 'တင့်ဆန်း'၊ 'မြင့်မောင်မောင်'၊ 'မောင်သိန်းဆိုင်'၊ 'လွင်စန်းယဉ်' တို့နဲ့ ပုသိန်ခရိုင်၊ ငပုတောနဲ့ ပြင်ခရိုင် ကို လိုက်သွားဖူးတယ်။ ခုတော့ ဒီဆရာတွေ မရှိကြတော့ဘူး။ နောက်ဆုံး ကွယ်လွန်သွားတာ 'လွင်စန်းယဉ်'။ လမ်းတလျှောက် ယမကာတွေ အလျှံပယ်ပေါ့။ ဆရာဦးတင့်ဆန်းက 'ဒီကောင်တွေနဲ့ လိုက်ရတာကွာ အရက်ကို သောက်ရတယ် မှမရှိဘဲ။ ဖြေနေရတာနဲ့ မဆုံးတော့ဘူးတဲ့.....'။ ဦးတင့်ဆန်းနဲ့ မောင်သိန်းဆိုင်က သားအဖ။
အခု ကိုယ်တို့နေတဲ့ LA မှာ စာပေဟောပြောပွဲ လာလုပ်တော့ အလုပ်မအားလို့ ဟောပြောတဲ့ နေ့မှာ သွားရောက် မနားထောင်လိုက်ရပေမယ့် စာရေးဆရာတွေနဲ့ တရက်ခွဲလောက် ပြောကြဆိုကြ ရယ်ကြမောကြတာ၊ နောက်တနေ့ ကိုယ့်အလုပ်ထဲ ပြန်ရောက်တာတောင် လိပ်ပြာက သူတို့ဆီ ကျန်ခဲ့လို့ မနည်း ကိုယ့်လိပ်ပြာကိုယ် ပြန်ခေါ်လိုက် ရတယ်။

မောင်အေးဝင်း။
၁၁၊ ၂၂၊ ၀၉။ (LA စာပေဟောပြောပွဲနေ့)


1 comment:

Anonymous said...

I miss those days too.