Wednesday, November 4, 2009

ပြည်ထောင်စုလမ်းသွယ်ကဆောင်းပါး
ရေးသူ- မောင်နု


ကိုလှဟာ နာမည်နှင့်လိုက်အောင် လှတဲ့လူတယောက် ဖြစ်တယ်။ လူက လှရတဲ့အထဲမှာ စိတ်ကလည်း လိုက်ပြီး သိမ်မွေ့ပြန်သေးတယ်။ သူ့ကို ကြည့်ရတာ လူကြီး၊ ကလေး၊ ယောက်ျား၊ မိန်းမ မရွေး အားနာနေသလို ဖြစ်နေတယ်။
မအမာကတော့ ကိုလှလို အချောစားထဲက မဟုတ်ဘူး။ စိတ်ဓာတ်မှာလည်း နာမည်နဲ့ လိုက်အောင် မာတယ်။ ပြောစရာ ဆိုစရာရှိရင် ပြောမယ်၊ ဆိုမယ်။ သူမှန်တယ်ထင်ရင် လျှော့မပေးဘူး။ ဘယ်လောက်ကြီးတဲ့ ပုဂ္ဂိုလ်ကိုပဲ ဖြစ်ဖြစ် သူမှန်တယ်ထင်တာကို ပြောချလိုက်တာပဲ။ အဲဒီသတ္တိဟာ သူ့မျက်နှာမှာ အမြဲတမ်းပေါ်နေတာ ကို တွေ့ရတယ်။




မအမာရဲ့ သတ္တိကိုပြောလို့ အဖြစ်အပျက်ကလေးတခုကို ပြေးပြီး သတိရမိတယ်။ တနေ့မှာ ကိုလှဟာ ကျွန်တော့်အိမ်ကို ဗြုန်းခနဲ ရောက်လာတယ်။ သူလာတဲ့ ကိစ္စကတော့ တခြားမဟုတ်ပါဘူး။ မအမာရဲ့ ပုံတူကို ပန်းပုဆရာကြီး ဦးဟန်တင်က ထုပေးတယ်။ မအမာနဲ့ အလွန်တူတဲ့အတွက် လူရင်းတယောက်အနေနဲ့ ကြည့်စေ ချင်လို့ ကျွန်တော့်ကို လာဖိတ်တာ ဖြစ်တယ်။ ကျွန်တော်ဟာ မအမာကို ညီမရင်းသဖွယ် ချစ်လည်း ချစ်ခင်တယ်။ အထင်လည်း ကြီးတယ်။ အဲဒါကြောင့် အဲဒီပုံကို သိပ်ကြည့်ချင်တယ်။ ဒါပေမယ့် ကျွန်တော်တက်ရမယ့် အစည်း အဝေးတခုနဲ့ အချိန်ချင်း ကိုက်နေတဲ့အတွက် မတက်နိုင်ခဲ့ဘူး။ ကိုလှမပြန်ခင် အခြားစကားတွေ ပြောပြီးမှ-
"ကိုလှရေ တူတယ်ဆိုတာ အမာနဲ့ တကယ်တူသလား၊ ကျွန်တော် မကြာခဏ ပြောနေတဲ့ သတ္တိဟာ သူ့ပုံတူရဲ့ မျက်နှာမှာ အထင်းသား ပေါ်မနေရင် ဘယ်သူပဲထုထု ကျွန်တော်က ပုံတူလို့ အသိအမှတ် မပြုဘူး"
"ကိုကြီးနု အဲဒီသတ္တိဟာ အထင်းသားပေါ်နေတယ်။ အဲဒါပြချင်လို့ ကိုကြီးနုကို ကျွန်တော် လာခေါ်တာ" လို့ ကိုလှက ဖြေတယ်။ နောက်မကြာခင် ကျွန်တော်မန္တလေးကို ရောက်သွားပြီး ပုံတူကို သွားကြည့်ဖြစ်အောင် ကြည့်တယ်။ ကျွန်တော်ပြောတဲ့ သတ္တိဟာ အထင်းသား ပေါ်နေတာကို တွေ့ရတဲ့အတွက် ကျွန်တော်ဝမ်းသာ တယ်။
ကိုလှနဲ့ မအမာ ဘယ်လိုတွေ့ကြတာလဲ။ ဒါကို လူတွေ အတော်များများ သိပြီးကုန်ကြပြီ ထင်ပါရဲ့။ ဒါပေမယ့် ဒီနေရာမှာတော့ ထပ်ပြောရဦးမှာပဲ။ ၁၉၃၆ ခုနှစ်မှာ တက္ကသိုလ်သမဂ္ဂအသင်းက ခေါင်းဆောင်တဲ့ တက္ကသိုလ်သပိတ် ပေါ်လာတယ်။ အဲဒီသပိတ်ထဲမှာ တနေ့သောအခါ ထင်ပေါ်ကျော်ကြားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ဖြစ်လာမယ့် ကျောင်းသားခေါင်းဆောင်တွေလည်း ပေါ်လာတယ်။ ကျောင်းသူခေါင်းဆောင်တွေ လည်း ပေါ်လာတယ်။ အဲဒီ ကျောင်းသူ ခေါင်းဆောင်တွေထဲမှာ မအမာလည်း ပါတယ်။
ညချမ်းအချိန် ရောက်တဲ့အခါ အဲဒီ ကျောင်းသူကျောင်းသားခေါင်းဆောင်တွေဟာ ရွှေတိဂုံစေတီတော်ရဲ့ ရင်ပြင်တော်ပေါ်က ရာဟုဒေါင့်မှာ တရားဟောကြတယ်။ အဲဒီတရားပွဲတွေဟာ တနေ့တခြား ကျော်ကြားလာတဲ့ အတွက် ကျောင်းသားတွေသာမက ရန်ကုန်မြို့သူမြို့သားတွေလည်း အတော်တက်ကြတယ်။
အဲဒီ တရားပွဲတွေမှာ မအမာကို အတော်လူကြိုက်များလာတယ်။ မိန်းမသားဆိုပြီး မအမာဟာ ပရိသတ်ကို မခို့တရို့ အမူအရာမျိုးနဲ့ ရင်ဆိုင်တာ မဟုတ်ဘူး။ သူ့ မျက်နှာထားမှ စပြီး၊ ကိုယ်လက်အမူအရာကို ကြည့်ရတာ အစ်မကြီးတယောက်က မောင်လေးတွေကို ဆုံးမနေသလိုပဲ။ ပရိသတ်ရှေ့မှာ စကားမပြောတတ်တဲ့ သူတွေဟာ ခရားက ရေလွှတ်သလို ပြောချင်တဲ့စကားကို စီကာပတ်ကုံး သယ်မသွားနိုင်ဘူး။ အခုပြောပြီးတဲ့ စကားတွေကို ၃၊ ၄ ကြိမ်လောက် အပ်ကြောင်းထပ်လေ့ရှိတယ်။ သင့်တော်တဲ့ စကားလုံးကို ရှာမတွေ့လို့ ပရိသတ်ရှေ့မှာ စကားလုံးကို ဟင် ဟာ နဲ့ လိုက်ရှာနေလေ့ ရှိတယ်။ နောက်ပြီးတော့ ပြောတဲ့စကားတွေကလည်း အစီအစဉ် မရှိဘူး။ အခုပဲ နဖူး အကြောင်းပြောပြီး ဗြုန်းခနဲ ဖနောင့်ကို ရောက်သွားတတ်တယ်။ ဖနောင့်ပြီး ဒူးဆစ်ကို ခုန်တက်၊ ဒူးဆစ်ကမှ ခြေမျက်စိကို ရောက်လိုရောက်နဲ့၊ တောင်ရောက် မြောက်ရောက်၊ ခုန်တက်လိုက်၊ ခုန်ဆင်းလိုက် ဖြစ်နေကြတယ်။ ဒီလို ဗလုံး ဗထွေး ဖြစ်နေတဲ့အတွက် သူတို့ ဘာပြောချင်တယ်ဆိုတာကို ပရိသတ်က နားမလည်ဘူး။
မအမာကတော့ ဒီလို မဟုတ်ဘူး။ ခရားရေလွှတ်သလို၊ သူပြောချင်တဲ့ စကားတွေကို တခုပြီးတခု အစီအစဉ်နဲ့ ပြောတတ်တယ်။ အဲဒါကြောင့် သူဘာပြောချင်တယ်ဆိုတာကို ပရိသတ် နားလည်တယ်။
ကိုလှဟာ အဲဒီ တရားပွဲတွေကို ညတိုင်းလာတယ်။ အစပထမမှာတော့ မအမာဟာ စကားပြောကောင်း တယ်လို့သာ ချီးမွမ်းတယ်။ နောက် တပွဲ နှစ်ပွဲ တက်ပြီးတော့ မအမာရဲ့ နေပုံထိုင်ပုံဟာ ဣနြေ္ဒရှိတယ်လို့ မှတ်ချက်ချတယ်။ နောက်နှစ်ပွဲ သုံးပွဲတက်ပြီးတော့ သူ့ကို အိမ်ထောင်ပြုရရင် ကောင်းမှာပဲလို့ မအမာပေါ်မှာ ကိုလှရဲ့ စိတ်ဝင်စားမှုဟာ အဆင့်အတန်းမြင့်လာတယ်။ လေးနက်လာတယ်။ နောက်ထပ် နှစ်ပွဲ သုံးပွဲလောက် ကျတော့ မြားနတ်မောင်ဟာ ဘယ်လိုများ အလစ်မှာ မြားနဲ့ ၀င်ပစ်သွားတယ် မပြောတတ်ဘူး။ မအမာကို လက်ထပ်မယ်လို့ ကိုလှ ဆုံးဖြတ်ချက်ချပြီး မအမာရဲ့ အဖေကြီးကို နားဖောက်တော့တာပါပဲ။
ကိုလှက ရန်ကုန်က၊ မအမာက မန္တလေးက။ လက်ထပ်ပြီး သျှောင်နောက်ဆံထုံးပါဆိုတဲ့ မူအရဆိုရင် မအမာဟာ ကိုလှနဲ့အတူ ရန်ကုန်မှာ နေရမယ်။ အခုတော့ ဒီမူအတိုင်း မဟုတ်ဘဲ ဆံထုံးနောက် သျှောင်ပါဆိုတဲ့ မူအရ ကိုလှဟာ မအမာနဲ့ အတူနေရအောင် မန္တလေးကို ပြောင်းသွားတယ်။ ရန်ကုန်က လူတော်လူကောင်း တယောက် ဆုံးရှုံးသွားပေမယ့် မန္တလေးက လူတော်လူကောင်းတယောက် အမြတ်ရလိုက်တဲ့အတွက် မန္တလေးသူ မန္တလေးသား၊ ရန်ကုန်သူ ရန်ကုန်သားမိတ်ဆွေ သင်္ဂဟများစွာဟာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြပါတယ်။
ဒီဆောင်းပါးကို ရေးနေတုန်း အဖြစ်အပျက်တခုကို ဗြုန်းခနဲ ပြေးပြီး သတိရမိတယ်။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်စက ဗမာ့ထွက်ရပ်ဂိုဏ်း အမည်နဲ့ နိုင်ငံရေးတပ်ပေါင်းစုတခု ပေါ်လာတာကို စာဖတ်ပရိသတ်တွေ မှတ်မိကြပါလိမ့်ဦးမယ်။ အဲဒီအဖွဲ့ထဲမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေက ဒေါက်တာဗမော် ခေါင်းဆောင်တဲ့ ဆင်းရဲသားပါတီနဲ့ ဒို့ဗမာအစည်းအရုံးတို့ ဖြစ်ကြပါတယ်။ အချို့ကတော့ အဖွဲ့အစည်း အနေနဲ့ မဟုတ်ဘူး။ ကရင်ခေါင်းဆောင် ဦးစောဖေသာ၊ ၂၁ ဦးခေါင်းဆောင် ၀တ်လုံတော်ရ ဦးထွန်းအောင်၊ ပဟိုရ်စည် ဦးဘဦး အစရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ တသီးပုဂ္ဂလအနေနဲ့ ပါကြတယ်။ အဲဒီ ဗမာ့ထွက်ရပ်ဂိုဏ်းထဲမှာ လူကြီးတွေက သခင်လူငယ်တွေကို ထောင့်မကျိုးဘူး၊ ဆက်ဆံရတာ ခက်ထန်တယ်လို့ ယူဆတယ်။ သခင် လူငယ်တွေကလည်း လေးလေးနက်နက်မရှိဘူးလို့ အထင်လွဲနေကြတယ်။
အဲဒီအထဲမှာ ရန်ကုန်ခရိုင် ဒို့ဗမာအစည်းအရုံးက လူတချို့ဟာ ဒေါက်တာဗမော်တို့ လူစုနဲ့ ပေါင်းတာကို မကြိုက်ဘူးလို့ အကြောင်းပြပြီး ဗမာ့ထွက်ရပ်ဂိုဏ်းကို ထောင်တိုက်နေကြတယ်။ အဲဒီအချိန်တုန်းက ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ဒို့ဗမာအစည်းအရုံးမှာ အာဏာရှင်ပဲ။ အဲဒါကြောင့် ဗမာ့ထွက်ရပ်ဂိုဏ်းကို မြားဦးလှည့်နေတဲ့ အဲဒီ ရန်ကုန်ခရိုင် ဒို့ဗမာအစည်းအရုံးက လူတစုရဲ့ ပယောဂတွေဟာ ဆရာကြီးသခင် ကိုယ်တော်မှိုင်းရဲ့ အနီးအပါးကို မကပ်နိုင်အောင်လည်း တဘက်က ကြည့်ရသေးတယ်။ တချိန်မှာဆိုရင် ဒီလို ပယောဂအမျိုးမျိုးတွေ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအနီးကို မကပ်နိုင်အောင် အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်းဟာ ဆရာကြီးနဲ့ နေ့စဉ်သွားပြီး တွေ့ရမည်ဟူ၍ပင် ဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ချက် ချခဲ့ရဖူးတယ်။
အဲဒါကြောင့် အဲဒီပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာ စွမ်းစွမ်းတမံ ကူညီဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်တယောက်ကို ကျွန်တော် လိုချင်တယ်။ ဒီလို အလိုရှိတဲ့အတွက် ဒို့ဗမာအစည်းအရုံးဌာနချုပ်မှာ အထွေထွေ အတွင်းရေးမှူး သခင်အောင်ဆန်း၊ တွဲဖက်အတွင်းရေးမှူး သခင်သန်းထွန်းတို့နဲ့ ကျွန်တော် ဆုံမိတဲ့အခါ ကျွန်တော်ကစပြီး အခုပြောတဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ကူညီဖြေရှင်းနိုင်မယ့် ပုဂ္ဂိုလ်တဦးကို ကျွန်တော် လိုချင်တယ်။ အဲဒီပုဂ္ဂိုလ်ကို ကျွန်တော်တွေ့ထားတယ်လို့ စကားလိုက်တယ်။
သခင်သန်းထွန်း - အဲဒီလူဟာ ဘယ်သူလဲ။
ကျွန်တော် - ခင်ဗျားရဲ့ သူငယ်ချင်းပဲ။
သခင်သန်းထွန်း - ဘယ်သူလဲ။
ကျွန်တော် - ကြီးပွါးရေးဦးလှ၊ ထွက်ရပ်ဂိုဏ်းထဲကို သူရောက်လာရင် အခုပြောခဲ့တဲ့ ပြဿနာတွေဟာ ဖြေရှင်းသွားမယ်လို့ ကျွန်တော်ထင်တယ်။
သခင်သန်းထွန်း - ကိုလှဟာ အင်မတန်တော်တဲ့ လူတယောက်ပဲ။ ကျွန်တော် ကောင်းကောင်းသိ ပါတယ်။ ဒါပေမယ့် သူ့ စိတ်နေ စိတ်ထားကြောင့် နိုင်ငံရေးထဲကို သူ ၀င်ချင်မှာ မဟုတ်ဘူး။ သိပ်ပြီး ရန်ဖြစ်ရတဲ့ နေရာမျိုးဆိုရင် သူ အင်မတန် ရှောင်တယ်။
ကျွန်တော် - ဒါပေမယ့် ဒီလို ကိစ္စမျိုးမှာ တဘက်သတ် ဆုံးဖြတ်ချက်ချတာထက် ကာယကံရှင်ကို မေးကြည့်ရရင် ပိုကောင်းမယ်ထင်တယ်။ ကျွန်တော်က အမာ့ကို မေးကြည့်မယ်။ ခင်ဗျားက ကိုလှကို တိုက်ရိုက်မေး....၊ မကောင်းဘူးလား။
သခင်သန်းထွန်း - ကိုလှက မြန်မာ့ယဉ်ကျေးမှုတို့၊ သမိုင်းတို့၊ မြန်မာစာပေတို့မှာ ပြောင်မြောက်တယ်။ သူပြောင်မြောက်တဲ့ဘ၀မှာပဲ သူ့ကို ထားလိုက်ပါ။ သူ့ကို သွားပြီး မနှောင့်ယှက်ပါနဲ့။ ကျွန်တော် လူတယောက် ပေးမယ်- လို့ သခင်သန်းထွန်းကပြောပြီး၊ အဲဒီလူ နာမည်ကို ပြောတယ်။ ကျွန်တော်ကလဲ အဲဒီလူကို မကြိုက်ဘူးလို့ ဖြေတယ်။
လူတော်လူကောင်းတယောက်ကို ရှာဖို့ ဆွေးနွေးချက်ဟာ ထစ် ထစ် ထစ် ဖြစ်နေတုန်း သခင်သန်းထွန်း က ဒီနေရာဟာ အရေးကြီးတဲ့နေရာ ဖြစ်တယ်။ ကိုလှက လုပ်ဖို့ သဘောတူရင် သူနဲ့ အင်မတန်တော်မယ့် နေရာပဲ။ ဒါပေမယ့် ရန်ဖြစ်ရမယ့် နေရာမျိုးဆိုရင် ဘယ်နည်းနဲ့မှ သူမလာပါဘူး။ သေချာတယ်လို့ ပြောပြီး၊ ဗမာ့ထွက်ရပ် ဂိုဏ်းက မန္တလေးကို သွားပြီး တရားဟောဖို့ စီစဉ်နေတယ်။ ဒို့ဗမာအစည်းအရုံးရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ သခင်စိုးနဲ့ သခင်နုတို့ လိုက်သွားနိုင်ရင် ကောင်းမယ်လို့ သခင်သန်းထွန်းက အကြံပေးလိုက်တာနဲ့ ဒီကိစ္စကို ရောက်သွားပြီး မူလဆွေးနွေးချက်ဟာ ပြတ်သွားတယ်။
သခင်စိုးဟာ စိတ်ကလည်း အင်မတန်ကြမ်းတယ်။ ရုပ်ရည်ရူပကာကလည်း ခပ်ကြမ်းကြမ်းပဲ။ သူ့မျက်နှာကို ကြည့်လိုက်ရင် မျက်လုံးတွေက စိတ်ဆိုးနေသလို ဖြစ်နေတာချည်းပဲ တွေ့ရတယ်။ သခင်စိုးနဲ့ သခင်နုကို ထွက်ရပ်ဂိုဏ်းနဲ့အတူ မန္တလေးလိုက်သွားဖို့ အထွေထွေနဲ့ တွဲဖက်အတွင်းရေးမှူးတို့က ခန့်လိုက်ပြီ ဆိုတဲ့ သတင်း ပေါ်လာတဲ့အခါ အမှုဆောင်လူကြီးတဦးက ဖြစ်ပါ့မလား။ သခင်နု- မန္တလေးမှာ သခင်စိုးနဲ့ ထွက်ရပ်ဂိုဏ်းလူကြီးတချို့ ထိုးလားကြိတ်လား လုပ်နေကြရင် ရှက်စရာကြီးလို့ ကျွန်တော်တို့ကို ရယ်စရာ ပြောလိုက်တယ်။ တခြားအမှုဆောင် လူကြီးတယောက်က ဒါဟာ ပူစရာ မဟုတ်ပါဘူး။ ထိုးကြကြိတ်ကြရင် ကျုပ်တို့ဘက်က နိုင်မှာပဲ။ သခင်စိုးက သိပ်လက်မြန်တယ်လို့ ကြားဝင်ပြောတယ်။
မန္တလေးကို ရောက်တဲ့အခါ သခင်စိုးဟာ ဗမာ့ထွက်ရပ်ဂိုဏ်းထဲမှာ လူကြိုက် တော်တော်များနေတာကို တွေ့ရတော့ ကျွန်တော် သိပ်ဝမ်းသာတယ်။ သခင်စိုးဟာ နိုင်ငံရေးကို အငြင်းအခုံမလုပ်ရဘူး။ မိတ်ဆွေဖြစ် ဆက်ဆံရမယ်ဆိုရင် ကလေးနဲ့ပဲ ဖြစ်ဖြစ်၊ လူကြီးနဲ့ပဲ ဖြစ်ဖြစ် အလွန်သိမ်မွေ့တယ်။ သူကိုယ်တိုင်ကလည်း ရယ်စရာ ပြောတတ်တယ်။ သူများပြောရင်လည်း အင်မတန် အရယ်သန်တယ်။ သူ့မှာ စိတ်နှစ်မျိုး ရှိတယ်။ ပျော့ရင် ဖယောင်း၊ မာပြီဆိုရင်တော့ သံချောင်းပဲ။ သူဟာ ဘယ်လို သံချောင်းဖြစ်တယ် ဆိုတာတော့ တိုင်းသိပြည်သိပါပဲ။ ဘယ်လို ဖယောင်းဖြစ်တယ်ဆိုတာ စကားစပ်မိလို့ နည်းနည်းလောက် ပြောရဦးမယ်။ သူဟာ တယောထိုးကောင်းတယ်။ သီချင်းကြီးတွေ အများကြီး ရတယ်။ အဆိုလည်းကောင်းတယ်။ သူဆိုတဲ့ သီချင်းကြီး တွေထဲမှာ 'မန်းတောင်လက်ျာ' ကို လူကြိုက် သိပ်များတယ်။ အင်းစိန်ထောင်ထဲမှာ ကျွန်တော်တို့ အတူနေကြ တုန်းက ညတိုင်း ၇ နာရီလောက်ဆိုရင် သခင်စိုးဟာ သီချင်းကြီးတွေကိုဆို တယောထိုးပြီး အခန်းရှည်ကြီးထဲမှာ အတူနေ ရဲဘော်တွေကို ဧည့်ခံလေ့ရှိတယ်။ သိပ်ပျော်စရာကြီးပဲ။
ပျော်စရာတွေကို ပြောပြီးလို့ စိတ်ထိခိုက်စရာတခုကို ပြောရဦးမယ်။ မပြောရရင် မပြီးဘူး။ ရောင်စုံသူပုန် တွေရဲ့ ရန်ဟာ အတော်ကလေး ငြိမ်သွားတဲ့နောက်၊ အချိန်တချိန်မှာ ကိုလှဟာ အတော်ဒုက္ခရောက်သွားရှာတယ်။ ဘယ်လိုဒုက္ခရောက်သွားတယ် ဆိုတာကိုတော့ မပြောချင်တော့ပါဘူး။ သိတဲ့လူတွေ အများကြီး ရှိပါတယ်။ အဲဒီလို ဒုက္ခရောက်ရတဲ့အတွက် တရားခံနံပါတ် ၂ ဟာ ဘယ်သူလဲဆိုတာ စပြီး ပြောပါတော့မယ်။ တရားခံနံပါတ် ၂ ဟာ ဘယ်သူလဲ။ ကျွန်တော်ပါပဲ။ တရားခံ နံပါတ် ၂ ဆိုတာ သူများကပေးတဲ့ အဆင့်အတန်း မဟုတ်ပါဘူး။ ကျွန်တော့်ဟာ ကျွန်တော် ပေးထားတဲ့ အဆင့်အတန်း ဖြစ်ပါတယ်။ သူများက ပေးရမယ်ဆိုရင် နံပါတ် ၁ ဖြစ်ချင် ဖြစ်နေမယ်။ နံပါတ် ၂ လို့ ကိုယ့်ဟာကို ပေးထားတာကတော့ တခြားမဟုတ်ပါဘူး။ ဒီအမှုဟာ ကျွန်တော်က စတဲ့ အမှု မဟုတ်ဘူး။ လူတစု ကျွန်တော့ဆီကိုလာပြီး ဒီကိစ္စ တိုင်ပင်ကြတဲ့အခါ "ကိုလှဟာ လူကောင်းပါ။ ဒီလိုမလုပ် ကြပါနဲ့ကွာ" လို့ ကျွန်တော် တားမယ်ဆိုရင် တားနိုင်တယ်။ ဒါပေမယ့် ကျွန်တော် တုံဏှိဘော လုပ်နေတယ်။ ဘာမှ မပြောဘူး။ ကိုလှဟာ ကျွန်တော်နဲ့ တခါမှ ခွန်းကြီးခွန်းငယ် စကားမများဖူးပါဘူး။ ကွယ်ရာမှာ သပုပ်လေလွင့် ပြောတယ်ဆိုတာလည်း တခါမှ မကြားဘူး။ ကျွန်တော် ပျက်စီးအောင် ဘာတွေ ဘာတွေ လုပ်တယ်ဆိုတာလည်း ကျွန်တော် မပြနိုင်ဘူး။ ကျွန်တော့်ကို အမြတ်တနိုး ထားပြီး ကိုလှဟာ ပေါင်းသင်းဆက်ဆံတယ် ဆိုတာကတော့ ကျွန်တော်လည်း ပြနိုင်တယ်၊ သူလည်းပြနိုင်တယ်၊ သူနဲ့ ကျွန်တော်နဲ့ သိတဲ့ မိတ်ဆွေသင်္ဂဟ အပေါင်းအသင်းတွေ လည်း ပြနိုင်တယ်။ အဲဒီလို ဖြစ်ရဲ့သားနဲ့ ဘာကြောင့် ကျွန်တော် တုံဏိဘောလုပ်နေလိုက်တယ်ဆိုတာ ကျွန်တော့်ဟာ ကျွန်တော် ပြန်တွေးလို့ မရဘူး။ အတော်ကြီး ထူးဆန်းတာပဲ။
နောက်အတော်ကလေးကြာတော့ ဒီဒုက္ခတွေက ကိုလှ လွတ်မြောက်သွားတယ်။ အဲဒီလို လွတ်မြောက် ပြီး မကြာခင်ဘဲ ကျွန်တော် မန္တလေးကို ရောက်သွားတယ်။ ရောက်ရောက်ချင်း ကျွန်တော်နဲ့ ခေတ္တလောက် တွေ့ပါရစေဆိုတဲ့ ကိုလှရဲ့ စာတစောင်ကို ကျွန်တော် ရတယ်။ အမှန်အတိုင်းပြောရရင် သူ့ကိုတွေ့ရမှာ ကျွန်တော် အင်မတန် မျက်နှာပူနေတယ်။ ဒါပေမယ့် တွေ့ဖို့ဆုံးဖြတ်ပြီး ကျွန်တော် ကိုလှနဲ့ တွေ့တယ်။ သူလာရင် "ကိုကြီးနု၊ ကျွန်တော့်ကို ဒုက္ခရောက်အောင် လုပ်တာ ကျွန်တော် ၀မ်းနည်းပါတယ်" ဆိုတဲ့ စကားမျိုးကို ပြောလိမ့်မယ်လို့ ကျွန်တော် တွက်ထားတယ်။ အဲဒီလို သူက ပြောတဲ့အခါ၊ "ကျွန်တော် အများကြီး ၀မ်းနည်းပါတယ် ကိုလှရေ" လို့ အစချီပြီး ကျွန်တော် ၀န်ချတောင်းပန်မယ်လို့ ကျွန်တော် စိတ်ကူးထားတယ်။ ဒါပေမယ့် ကိုလှဟာ ရောက်လာပြီး ပြန်သာသွားရော သူဒုက္ခရောက်တဲ့အကြောင်းနဲ့ ပါတ်သက်ပြီး ဘာတခွန်းမှ မပြောဘူး။ ကိုကြီးနု နေကောင်းလား၊ မမရီကော နေကောင်းရဲ့လား၊ ဘာဖြစ်လို့ လိုက်မလာသလဲ၊ မန္တလေးမှာ ကျွန်တော်လုပ်ပေးနိုင်တာရှိရင် ဘာမဆို ခိုင်းပါ။ ကျွန်တော် ဆောင်ရွက်ပေးပါရစေ အစရှိတဲ့ စကားတွေလောက်ကိုသာ ပြောပြီး ပြန်သွားတယ်။ သူ ဒုက္ခရောက်ခဲ့ရတဲ့ အကြောင်းကို တခွန်းတပါဒမှ ပြောမသွားဘူး။ ဒီအကြောင်းကို ကိုလှက ဘာမှ မပြောတဲ့ အတွက် ကျွန်တော်ကစပြီး ပြောရမှာတောင် သတ္တိကြောင်နေတယ်။
ကိုလှ ပြန်သွားတဲ့အခါ ကျွန်တော်တယောက်တည်း ထိုင်ရင်း "ကိုလှကို ငါသွားလုပ်မိတာ အင်မတန်မှား တယ်။ ကာလ၀ိဘတ် နောက်ပိုးတက်တယ်" ဆိုတာလို ဒီကိစ္စဟာ ဒီလိုနဲ့ ပြီးမှာ မဟုတ်ဘူး။ တနည်းနည်းနဲ့ ငါ ပြန်ခံရလိမ့်မယ်။ သံသရာဆိုတာ အင်မတန် ရှည်တယ်။ ဒီဘ၀မဟုတ်ရင် နောက်ဘ၀ တခုခုပေါ့ကွယ် ဆိုတာတွေကို ကျွန်တော်တွေးနေတယ်။ အဲဒီလိုတွေးရင်း ကျွန်တော်ဟာ ၀ဋ်ဆင်းရဲတွေရဲ့ ဘေးကို မြင်လာပြီး အကြောက်ကြီး သိပ်ကြောက်နေတယ်။ အခုလို ကြောက်ပြီး၊ နောက်တခါဆို ကိုလှနဲ့တွေ့ရင် ဒီကြွေးကို သူက တောင်းတောင်း၊ မတောင်းတောင်း ငါ အတင်းဆပ်ဆပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
နောက်တကြိမ် ကျွန်တော် မန္တလေးရောက်တဲ့ အခါမှာလည်း ကိုလှ လာတွေ့တယ်။ သူ့မျက်နှာမှာကို ကြည့်ရတာ ဒေါသကို မျိုသိပ်ထားရတဲ့ သဏ္ဍာန်မျိုး ဆံခြည်ဆယ်စိတ်စိတ် တစိတ်တလေလောက်မှ မတွေ့ရဘူး။ သူ့ရဲ့ နဂိုကြည်လင်တဲ့ မျက်နှာထားနဲ့ "ကိုကြီးနုရေ မန္တလေးရဲ့ နွေရာသီဟာ အင်မတန်ကြမ်းတယ်။ ရေချိုးမမှားစေ နဲ့နော်။ မမရီကော မပါဘူးလား၊ မန္တလေးအစားအသောက်တွေက အင်မတန် ဆန်းကြယ်တယ်၊ သတိထားပါ ကိုကြီးနု" အစရှိတဲ့ စကားတွေပဲ ပြောပြီး ပြန်သွားတယ်။ သူက စ မပြောတဲ့အတွက် ကျွန်တော်ပြောမယ်လို့ စိတ်ကူးထားတာတွေကို တလုံးမှ မပြောလိုက်ရဘူး၊ သတ္တိကြောင်နေပြန်တယ်။
ကိုလှလာရင် ပြောဖို့ဆိုပြီး ကျွန်တော်က ဒီလို စိတ်ကူးထားတယ်။ "ကိုလှရေ ကိုလှ ဒုက္ခရောက်အောင် ကျွန်တော် လုပ်ခဲ့တဲ့ အပြစ်ဟာ မသေးပါဘူး။ အင်မတန် ကြီးမားပါတယ်။ ကျွန်တော်ဝမ်းနည်းပါတယ်။ ကျွန်တော်တောင်းပန်ပါတယ် အစရှိတဲ့ စကားတွေကို ပြောရုံမျှနဲ့ ကျေအေးနိုင်လောက်တဲ့ အပြစ် မဟုတ်ပါဘူး။ ကိုလှဟာ ကျွန်တော့်ထက်ကြီးရင် ကျွန်တော်က ကိုလှကို ထိုင်ပြီး ရှိခိုးတောင်းပန်ရမယ့် အဖြစ်မျိုး ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော် အနူးအညွတ် တောင်းပန်ပါရစေ။ အပြစ်တွေ ရှိသမျှ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပါ။ သံသရာကြီးဟာ အင်မတန် ရှည်လျားပါတယ်။ သိန်းနဲ့ သန်းနဲ့ ကုဋေနဲ့ချီပြီး များပြားလှတဲ့ ဘ၀ပေါင်းများစွာမှာလည်း အခုလိုပဲ ကိုလှအပေါ် ကျူးလွန်စော်ကားမိတဲ့ အပြစ်တွေ အမြောက်အပြား ကျွန်တော့်မှာ ရှိပါလိမ့်မယ်။ အဲဒီအပြစ်တွေကလည်း ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော့်ကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးပါ။ ဒီသံသရာကြီးတလျှောက်မှာ ကိုလှက ကျွန်တော့်အပေါ်မှာ ကျူးလွန်ခဲ့မိတဲ့ အပြစ်တွေ ရှိရင်လည်း ကျွန်တော်က ကိုလှကို ခွင့်လွှတ်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးပါတယ်။ ကိုလှဟာ မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေကို လျင်မြန်စွာ ရပြီး အိုနာသေကွဲ အစရှိတဲ့ သံသရာဝဋ်ဆင်းရဲတို့ရဲ့ ချုပ်ရာ ငြိမ်းရာ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ပါစေ" ဆိုတဲ့ စကားတွေကို ကိုလှနဲ့ နောက်တခါတွေ့ရင် ပြောဖို့ ဆိုပြီး ကျွန်တော်စိတ်ကူးထားပါတယ်။ ဒါပေမယ့် ကျွန်တော် သတ္တိကြောင်နေတဲ့အတွက် တခါမှ ပြောမထွက်ဖြစ်ဘူး။ ကြာလာတော့ ဒီစကားတွေကို ကျွန်တော် အလွတ်ရတဲ့အထိ ဖြစ်လာတယ်။
အဲဒီလိုနဲ့ အချိန်တွေ ကုန်လာလိုက်တာ ကိုလှ အနိစ္စမရောက်ခင် တလ နှစ်လ လောက်အလိုမှာ ထင်တယ်။ ကျွန်တော် မန္တလေးကို တခေါက်ရောက်သွားပြန်တယ်။ ကျွန်တော်ပြန်မယ့်နေ့မှာ ကျွန်တော့်ကို လိုက်ပို့ကြတဲ့ မိတ်ဆွေတွေကို နှုတ်ဆက်ရင်း မီးရထားဘူတာရုံရဲ့ ထောင့်တထောင့် ခပ်လှမ်းလှမ်းမှာ ကိုလှ ရပ်နေတာကို ဖျပ်ခနဲ ကျွန်တော် တွေ့လိုက်ရတယ်။ အဲဒီလို တွေ့ရတာနဲ့ တပြိုင်နက် ဒီကနေ့တော့ ဘာပဲဖြစ်ဖြစ် ကိုလှအကြွေးကို အတင်းဆပ်ရမယ်လို့ ဆုံးဖြတ်ပြီး ကိုလှဆီကို ကျွန်တော် ခပ်သုတ်သုတ် လျှောက်သွားတယ်။ အနားရောက်တာနဲ့ တပြိုင်နက် အထက်နားက ဖော်ပြခဲ့တဲ့ စကားတွေကို တလုံးပြီးတလုံး အထစ်အငေါ့မရှိပဲ ကိုလှရဲ့ အကြွေးတွေကို ကျွန်တော် အတင်းပြန်ဆပ်တာပဲ။ ကိုလှလည်း စခါစတော့ အံ့အားသင့်ပြီး ကျွန်တော့်ကို ကြည့်နေတယ်။ နောက်မှ သတိရပြီး၊ "ကျွန်တော် သင်ပုန်းချေပြီးပါပြီး ကိုကြီးနု၊ ဒါတွေကို ပြောမနေပါနဲ့ ကိုကြီးနု၊ ကျွန်တော်ခွင့်လွှတ်ပါတယ်။ ကျွန်တော် သည်းခံပါတယ်။ မပြောပါနဲ့တော့ ကိုကြီးနု" အစရှိတဲ့ ပြတ်တောင်း ပြတ်တောင်း ထွက်လာတဲ့ စကားပြတ်လေးတွေကို ပြောရင်း နောက်ကို တဖြည်းဖြည်း ဆုတ်သွားတယ်။ ကျွန်တော်ကလည်း စကားမဖြတ်ဘူး။ ကျွန်တော် စိတ်ကူးထားတဲ့ စကားတွေကို အတင်းလိုက်ပြောတာပဲ။ ကိုလှဟာ တဖြည်းဖြည်းနောက်ဆုတ်ရင်း မီးရထားဘူတာရဲ့ လူပြတ်တဲ့နေရာတခုက လူစည်တဲ့ နေရာတခုနားဆီ ရောက်သွားတယ်။ ကျွန်တော် ပြောနေတာ တ၀က်လောက်ရောက်တော့ ကျွန်တော့်နားက လူတယောက်က "ကိုကြီးနု မီးရထားထွက်တော့မယ်။ မီးရထားပေါ် မြန်မြန်တက်ပါ" လို့ အော်ပြီး သတိပေးတာကို ကြားရတဲ့အခါ သူ့ကို လှည့်မကြည့်ပဲ စိတ်တိုတိုနဲ့ "ထွက် ထွက်" လို့ လက်ရမ်းပြလိုက်တယ်။ ကျွန်တော်လည်း ပြောချင်တဲ့စကား ကို အားရပါးရ ပြောနေလိုက်တာ ပြောချင်သမျှကို ပြောပြီးမှပဲ ရပ်နိုင်တော့တယ်။ ပြောပြီးတာနဲ့ တပြိုင်နက် ကိုလှကို လက်ဆွဲနှုတ်ဆက်၊ တခြားမိတ်ဆွေတွေကို လက်ပြပြီး ထွက်စပြုနေတဲ့ မီးရထားအပေါ် ပြေးတက်သွား ပါတယ်။
မိတ်ဆွေကြီး ကိုလှဟာ မဂ်ဥာဏ် ဖိလ်ဥာဏ်တွေကို ကောင်းစွာ ထူးခြားစွာ ရရှိပြီး အို နာ သေ ကွဲ အစရှိသော သံသရာဝဋ်ဆင်းရဲတို့၏ ချုပ်ငြိမ်းရာ ကုန်ရာဖြစ်သော နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ပါစေ။


မောင်နု
၉- ၁- ၈၅။
[နှစ် ၉၀ ပြည့် လူထုဦးလှ၊ ပထမအကြိမ်၊ ၂၀၀၀ပြည့်၊ ဇွန်မှ ကူးယူဖော်ပြပါတယ်]

No comments: