Wednesday, May 13, 2009
အရှက် နဲ့ တန်ဖိုး
ရေးသူ- လူထုစိန်ဝင်း
"... ဆဒ္ဒန်ဆင်မင်း၊ မှာရင်းစကား အကြောင်းများကို မထားမချန်၊ စေ့စုံစွာ ပြန်သည်တွင်၊ ဗိမာန်နန်းဖွား၊ သုဘဒ္ဒါမိဖုရားလည်း၊ စကားရှေ့နောက်၊ ပြန်လှန်ကာထောက် လတ်သော်၊ နောက်နောက်ကျိကျိ နှလုံးတော်ရှိလှ၍၊ မဏိချယ်စီ၊ သိင်္ဂီရိုးညှောက်၊ အံ့လောက် ဆန်းပြား၊ ရွှေယပ်မားဖြင့်၊ သနားစိတ်ဝင်၊ ခံယူတင်ပြီးလျှင်၊ ရင်ခွင်တော်၌၊ စွယ်တော်ကို ပိုက်ပြန်၍၊ တစိုက်စိုက်ရှုရင်းပင်၊ ပြုမိသည့် ဖြစ်ထွေ၊ လင်သေသည့်အကြောင်း၊ ဘ၀ဟောင်း က၊ ငယ်ပေါင်းပီပီ၊ လည်ချင်းမှီ၍၊ နာရဏီခိုင်၊ အင်ကြင်းမြိုင်နှင့်၊ မြစိုင်ပညောင်၊ ရွှေကူချောင်မှာ၊ ဆွေမောင်နှင့်မယ်၊ ကျီစယ်သမှု၊ ပန်းခိုင်လု၍၊ ကယုကယင်၊ ချစ်တုံ့တင် လျက်၊ ကျင်ကျင်လည်လည်၊ ပျော်ဖူးခဲ့သည်များကို၊ ကြံစည်စေ့စေ့၊ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်၊ ပူစကိုငင်မိလျင်၊ ပူပင်လယ်ရေ၊ လှိုင်းဗောင်ဗင်ဝေသောကြောင့်၊ မဖြေနိုင် မဆည်နိုင်၊ သည်းစိုင်လောင်ခြစ်၊ ကျမျက်ရည် ချောင်းဖြစ်အောင်၊ အော်ဟစ်၍ငိုဆဲတွင်၊ နဂိုရ် ဖောက်လဲ၊ ဗာရာမင့် လည်ဆွဲသည်၊ ရင်ကွဲနာနှင့် နတ်ရွာစံတော်မူလေ၏"
စူဠသုဘဒ္ဒါမိဖုရား ဆဒ္ဒန်ဆင်မင်းရဲ့ ဆင်စွယ်ကြီးကို ပိုက်ပြီး ယူကြုံးမရနဲ့ အပူလုံးကြွကာ သေပွဲဝင်ရပုံကို စာဆိုကြီး ဦးပုည ရေးဖွဲ့ခဲ့တာပါ။ သူ ရေးဖွဲ့ပုံက ကောင်းလွန်း လေတော့၊ စောစောပိုင်းက "မုဆိုးတပိုင်း မိန်းမရိုင်းကြီး" ရယ်လို့ အမုန်းသည်းစရာကောင်းခဲ့တဲ့ သုဘဒ္ဒါဟာ နောက်ဆုံးကျတော့ သနားစရာအဖြစ် မြင်ကြရပါတော့မယ်။
တကယ်တော့လည်း စူဠသုဘဒ္ဒါဟာ သနားစရာကောင်းပါတယ်။ အချစ်ကြီး ချစ်တတ် လွန်းလို့ အမုန်းသည်းပြီး အငြိုးကြီးခဲ့ရရှာတာပါ။ ဒီလိုအငြိုးကြီးခဲ့ရတဲ့အဖြစ်ကိုလည်း ဦးပုည ဟာ-
"........ထိုအခါ စူဠသုဘဒ္ဒါမိဖုရား၏ ကိုယ်ထက်၌ သစ်ခြောက်သစ်ခက်၊ ပရွက်ပဆုပ်၊ ခါချဉ်ထုပ်တို့သည် လှုပ်တိုင်း ကြွေလာကုန်၏။ မဟာသုဘဒ္ဒါ မိဖုရား၏ အပေါ်၌ကား ပုံကြီးနံလျား ရွှေမျက်ပါးကို၊ တပြားစီလွှာ၍၊ လေညာကလွှင့်သကဲ့သို့၊ ပန်းပွင့်ပန်းငုံ၊ ပန်းဝတ်မှုန်တို့သည် စုပုံကြွေကျ လာလေသတည်း။ ထိုအခြင်းအရာကို စူဠသုဘဒ္ဒါ မိဖုရားမြင်လျှင်၊ ဤဆင်မင်းကား ချစ်ခြင်းမညီ၊ မဟေသီခံ၊ ညာရံဘဒ္ဒါ၊ သူ့သည်းချာ၌၊ မေတ္တာလုံးလုံးသက်ခဲ့ပြီ။ ငါ့ကို မခင်မကြင်ရုံမျှမကပါလေ၊ အသရေပျက် သစ်ခက်သစ်ခြောက်၊ ပိုးလောက်ခြွေချ၊ အရှက်ရအောင်၊ ငါ့အားသူနှိပ်စက်ခဲ့ပြီ။ သို့စင်ညစ်ကျု၊ မတော်မှုကို၊ ပြုနှင့်စေကာ၊ အနိစ္စာဝယ်၊ နိဗ္ဗာန်သာအမြဲ၊ သံသရာမှာ ဤခန္ဓာမြဲမည်လော၊ အားခဲ၍ ကြိုးစားလျှင်၊ ဆင်မင်းသားမောင်နှံတို့၊ ခံနိုင်မည် မဟုတ်ဟု၊ မျက်ကြုတ်ကဲမိုး ရှက်အားကိုးနှင့်၊ ရန်ငြိုးဖွဲ့မိမှားသတည်း" လို့ ရေးဖွဲ့ ပြထားပါသေးတယ်။
စူဠသုဘဒ္ဒါဟာ အချစ်ကြီးသလောက် အရှက်လည်း ကြီးတတ်ပါတယ်။ အဲဒီ 'ရှက်စိတ်' ကြောင့် သူ ရင်ကွဲနာ ကျခဲ့ရပါတယ်။ အဲဒီ 'ရှက်စိတ်' ကြောင့် ဆဒ္ဒါန်ဆင်မင်းကို သူ သေစေခဲ့ပါတယ်။ အဲဒီ 'ရှက်စိတ်' ကြောင့် သူသေခဲ့ရပါတယ်။
"အရှက်" ကြောင့် လူတွေ မိုက်မှားခဲ့ကြပါတယ်။ "အရှက်" ကြောင့် လူတွေ သေခဲ့ကြရပါတယ်။ "အရှက်" ကြောင့် လူတွေ "ယဉ်ကျေး" ခဲ့ကြရပါတယ်။ "အရှက်" ကြောင့် လူတွေ "လိမ္မာ" ခဲ့ကြပါတယ်။ "အရှက်" ကြောင့် လူနဲ့ တိရစ္ဆာန် ခြားနားခဲ့ကြပါတယ်။ "အရှက်" ကြောင့် လူတွေ "အ၀တ်" ၀တ်လာခဲ့ကြပါတယ်။ အဲဒီလို "ကိုယ်ရုံအ၀တ်" ၀တ်ဆင်လာခဲ့တဲ့ အချိန်ကစပြီး လူသားတွေကို "ယဉ်ကျေးတဲ့သတ္တ၀ါ" လို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပါတယ်။
အရှက် ဆိုတဲ့ "ဟီရိသြတပ္ပ" တရားဟာ လူသားတိုင်းအတွက် အရေးကြီးဆုံးအရာ ဖြစ်ပါတယ်။ လူ့တန်ဖိုးကို အဲဒီလူရဲ့ "ရှက်စိတ်" နဲ့ တိုင်းတာလို့ ရပါတယ်။ အရှက်ဆိုတဲ့ အရာ နှစ်မျိုးနှစ်စား ရှိပါတယ်။ သူတပါးကို ရှက်တတ်ခြင်းနှင့် ကိုယ့်ကိုယ့်ကို ရှက်တတ်ခြင်းပါ။ ကိုယ့်ကိုယ်ကို "ကိုယ့်လိပ်ပြာကိုယ်" ရှက်တတ်တဲ့ သူဟာ တန်ဖိုးရှိတဲ့လူ ဖြစ်ပါတယ်။ "ကိုယ့်လိပ်ပြာကိုယ်" မရှက်တတ်တဲ့သူ၊ ရှက်ရကောင်းမှန်းကို မသိတဲ့သူဟာ၊ "လူ" လို့ ခေါ်ဖို့တောင် မထိုက်တန်တဲ့သူ ဖြစ်ပါတယ်။
"အရှက်" ကြောင့် စူဠသုဘဒ္ဒါ မိုက်မှားခဲ့ရတဲ့ သာဓကရှိသလို၊ တဖက်ကလည်း "အရှက်" ကြောင့် မိုက်မှားခဲ့ရတဲ့ ဘ၀က လွတ်မြောက်ပြီး လူကောင်းလူမွန် ဖြစ်ခဲ့ရတဲ့ သာဓကလည်း ရှိပါတယ်။ အဲဒါကတော့ "ဥပက" ရဟန်းကြီးရဲ့ သာဓကပါ။
ဥပကဟာ "အရှက်" ကြောင့် မွန်မြတ်တဲ့ ရဟန်းဘ၀ကို ရောက်ရှိသွားခဲ့ရတာပါ။ မဆာဝါဟာ ဖခင်မုဆိုးကြီးရဲ့ စကားကို မလွန်ဆန်နိုင်တာကြောင့် တက္ကဒွန်းကြီး ဥပကကို ယူခဲ့ရပေမယ့် နည်းနည်းလေးမှ မေတ္တာရှိခဲ့ပုံ မရပါဘူး။ နေ့ရှိသရွေ့ ငြူစူစောင်းမြောင်း လို့ချည်းသာ နေခဲ့ပါတယ်။ စကားတွေနဲ့ ဥပကကို နေ့တိုင်း နှိပ်စက်ကလူ ပြုနေခဲ့ပါတယ်။ နောက်ဆုံးကျတော့ တက္ကဒွန်းအိုကြီး ဥပကဟာ သူ့ကိုယ်သူ ရှက်လာပြီး သူမက်မောလှတဲ့ မဆာဝါအပျိုချောကို ပစ်ပြီး ဗုဒ္ဓရှေ့မှောက်အရောက်သွားကာ ရဟန်းဘောင်ကို ကူးပြောင်း သွားခဲ့ပါတော့တယ်။
ဥပကကြီး ရှက်သွားလောက်အောင် ဖြစ်စေခဲ့တဲ့ မယ်ဆာဝါရဲ့ အငြူအစောင်းကလေး ကို စလေဆရာဦးပုညက ဒီလို ရေးပြခဲ့ပါတယ်။
"ကြိုးလေးမြွှာကြိမ်ပုခက်ကယ်နှင့်၊ စက်ပါရော့ သားညိုရွှေတောင် စက်ပါရော့မောင်။
စက်အောင်လို့ လွှဲပါတယ်ကို၊ သားမောင်ငယ် ပုခက်ထဲက စွဲကျင့်လို့ငို။
မင်းဖေအို မောင်လူထွက်လိုဘဲ၊ အားတက်သလား၊ သားမောင်ရွှေသွယ်၊ မင်းကျင့်ဆိုး လှတယ်။
မကျယ်ပါနှင့် သည်းချာရွှေရိုး၊ မင်းဖအေ ရဟန်းကျိုး၊
ရဟန်းကျိုးပီပီ၊ ကျောင်းဆောင်ထဲမှာ၊ ပျော်လဲ မပျော်လို၊
လူလူလိုလို ရှိပါပဲနှင့်၊ လူထဲကို လာပြန်ချင်တယ်၊
ဘိုးလူထွက်ကယ်။
မင်းမွေးမေငါက ဆဲယင်လ၊ မင်းဖေအိုမောင်ခပြဲမှာတဲ့၊
မုန်းနိုင်ဘဲ ကျွဲရေလိုနှယ်၊ ဒုံးခံတော့တယ်။
မင်းမွေးမေ သည်လူထွက်ကိုတဲ့၊ ခါခါလေ စေနာပျက်ပါလို့၊
အသက်ကယ် သေပါစေလို့၊ တောင်းတဲ့ဆုကို။
မသေလိုပါနိုင်ဘဲနှင့်၊ သည်မွေးမောင်တေတေး၊ ကြွင်းပြန်ရစ်သေး။
ဧလည်းယင်ယင်ဧ။
ရွှေစင်ရင်သွေး၊ မယ့်သားလေး၊ ဧလည်းယင်ယင်ဧ"
မယ်ဆာဝါက သူ့သားကို ပုခက်လွှဲရင်း၊ ပြောင်လှောင်ထေ့ငေါ့ပုံကို ရေးပြထားတာပါ။ နေ့ရှိသရွေ့ မထိခလုပ် ထိခလုပ်နဲ့ နှိပ်စက်ကလူ ပြုပါများတော့ "ဒုံးပေကပ်သပ်" ငုံ့ခံနေတဲ့ ဥပကကြီး ရှက်လာပါတယ်။ "ရှက်စိတ်" ကြောင့် သူနှုတ်လှန်ပြန်ထိုးပါတယ်။ နောက်ဆုံးကျ သူ ဆာဝါကို စွန့်သွားပါတယ်။ အဲဒီလို သူက စွန့်သွားတာတောင် ဆာဝါက ပြက်ရယ်ပြုလိုက်ပါ သေးတယ်။
"သည်နှယ် ဥပက၊ စကားလှန်၍၊ ပြန်ကာဟလျှင်၊ ဆာဝါ့ဖြစ်ခြင်း၊ ဆက်ရက်ခုန်နင်း တဲ့၍၊ ချဉ်းလာကပ်တိုး၊ သူ့ထဘီသွင်၊ နီကျင်ကျင်ကို၊ ခတင်ထိုး၍၊ ကိုယ်းယိုးကားယား၊ ကိုက်၍စားမည့်နှယ်၊ သွားပါ့မနှေး၊ ပြေးပါလေမြန်စွာ၊ လင်မဆာပါဘူး၊ သွားရာ၌တွင်၊ ဆင်ထိုးထိုး ကျားဆွဲဆွဲ၊ မြွေခဲခဲ ၀က်ပက်ပက်၊ မြေအက်၍မျိုမျို၊ သေလိုသေ၊ ရှင်လိုရှင်၊ မမြင်ချင့် အဆုံး၊ မုန်းလိုက်အုန်းမည်၊ အစအဆုံး ပဌမ၊ ဟိုအရင်ကမှ၊ မိဖနှစ်ပါး၊ ဆိုဖန်များလို့၊ အားနာပါးနာ၊ ကြိုက်ရပါတယ်၊ စိတ်ပါလှဘူး၊ ၀မ်းမြူးရွှင်ပျ၊ ညောင်ရေလောင်းလို့၊ တောင်းလိုက်ပါမည်၊ ယခုကြွ ဖိုးလူလေ၊ မောင်ကျောင်းနေ"
တက္ကဒွန်းလူထွက်ကြီးဟာ မယ်ဆာဝါရဲ့စကားကို နားနဲ့ ဆတ်ဆတ် ကြားလိုက်ရတဲ့ အခါမှာ၊ အရှက်ကြီး ရှက်သွားခဲ့ပုံ ရပါတယ်။ ဘာမပြော ညာမပြောနဲ့ ဖြုတ်ချည်းထတဲ့ပြီး ဘုရားရှိရာသို့ အရောက်သွားပါတော့တယ်။
ဥပကရဲ့ အဖြစ်ဟာ "ရှက်စိတ်" ကြောင့် ကောင်းရာမွန်ရာကို ရောက်သွားရတဲ့ သာဓကပါ။ စူဠသုဘဒ္ဒါကတော့ "ရှက်စိတ်" ကြောင့် ကြေကွဲစရာ အဖြစ်ဆိုးကို ကြုံတွေ့ခဲ့ရ တာပါ။ ဒီသာဓက နှစ်ခုစလုံးဟာ "အရှက်နဲ့လူလုပ်တယ်" ဆိုတဲ့စကားလေးကို ထင်ရှားအောင် ဥဒဟရုဏ် ဆောင်ပြခဲ့ပါတယ်။
ကိုလိုနီနယ်ပယ်သစ်တွေ ချဲ့ထွင်ကြတဲ့ နယ်ချဲ့စနစ်ကြီးရဲ့ အစဦးပိုင်းကာလတွေမှာ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ဒပ်ခ်ျ စတဲ့နိုင်ငံကြီးတွေဟာ စားကျက်နယ်မြေတွေ လုကြရင်း တဦးနဲ့တဦး အပြိုင်အဆိုင် စစ်ပွဲကြီးတွေ တိုက်ခိုက်ကြပါတယ်။ လှေသင်္ဘောကြီးတွေနဲ့ တိုက်ခိုက်ကြတဲ့ စစ်ပွဲကြီးတွေမှာ သင်္ဘောတွေ အမြောက်ကျည်ဆံ ထိမှန်ပြီး နစ်မြုပ်တော့မယ်ဆိုရင်၊ သင်္ဘောသားတွေကို သင်္ဘောက ထွက်ခွါခွင့် ပေးခဲ့ပေမယ့်၊ သင်္ဘောရဲ့ ကပ္ပတိန်တွေကတော့ သူ့သင်္ဘောကို စွန့်ခွါထွက်ပြေးလေ့ မရှိပါဘူး။ ခန့်ခန့်ညားညား ၀တ်စုံပြည့် ၀တ်စားဆင်ယင်ပြီး သင်္ဘောနဲ့အတူ နစ်မြုပ်အသေခံသွားတာဟာ ရေတပ်ရဲ့ အစဉ်အလာကြီးတခုအဖြစ် တည်ရှိနေခဲ့ပါတယ်။ မိမိရဲ့ သင်္ဘောကို စွန့်ခွါထွက်ပြေး သူအဖြစ် အကဲ့ရဲ့ခံရမယ့် အရှက်တကွဲအဖြစ်ကြီးကို ရင်ဆိုင်ရမှာထက် အသက်ကိုသာ အသေခံသွားမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ အသက်ကို စွန့်သွားကြတာ ဖြစ်ပါတယ်။ အရှက်ကို အသက်နဲ့ လဲသွားတာပါ။
ကမ္ဘာ့သမိုင်းမှာ အထင်ရှားအကျော်ကြားဆုံး ရေကြောင်းဗိုလ်ချုပ်ကြီးဖြစ်တဲ့ "နယ်လ်ဆင်" ဆိုရင် သူ့သင်္ဘောကို အဆမတန် အင်အားကြီးမားတဲ့ ရန်သူရေတပ် သင်္ဘောတွေက ၀ိုင်းဝန်းတိုက်ခိုက်တာကို ခံနေရတဲ့အတွက် သူ့အထက်က ရေကြောင်း ဗိုလ်ချုပ်မှူးကြီးက သင်္ဘောကို ဆုတ်ခွါလာခဲ့ဖို့ အချက်ပြအမိန့်ပေးတာကိုတောင်မှ မမြင်ချင်ယောင်ဆောင်ပြီး၊ ဆက်လက်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရပါတယ်။ စစ်ရှုံးလို့ ထွက်ပြေးရ တယ်ဆိုတဲ့ နာမည်ကို ခံရမှာထက် အသက်သာ အသေခံမယ်ဆိုပြီး အရှက်ကို အသက်နဲ့ လဲသွားခဲ့တာပါ။ သူ့အကြောင်းကို မြန်မာစွယ်စုံကျမ်းမှာ ဒီလို ရေးသား ဖော်ပြထားခဲ့ပါတယ်။
[နယ်လဆင်, ဟိုရေးရှိုး (ခရစ် ၁၇၅၈-၁၈၀၅)။ ။ ဟိုရေးရှိုးနယ်လဆင်သည် အင်္ဂလိပ်လူမျိုး ရေကြောင်းဗိုလ်ချုပ်မှူးဖြစ်၍၊ ဗြိတိသျှ ရေကြောင်းတိုက်ပွဲသမိုင်း၌ အထင်ရှား ဆုံးသော ပုဂ္ဂိုလ်တဦးဖြစ်၏။ ယင်းသည် ထရာဖဲလဂါတွင် ပြင်သစ်နှင့် စပိန်တပ်တို့ကို တိုက်ခိုက်အောင်မြင်၍ နပိုလီယန်ကို အနိုင်ယူလိုက်ရာ၊ ဤအောင်မြင်မှုသည် အင်္ဂလန်ပြည်၏ သမိုင်းတွင် အကြီးဆုံးသော အောင်မြင်မှုဖြစ်၏။ (နပိုလီယန်ဘုရင်များ။ ထရာဖဲလဂါတိုက်ပွဲ- ရှု။) နယ်လဆင်သည် ၁၇၅၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် နောဖို့ခရိုင် ဗာနမ်သော့ရွာတွင် ဖွားမြင်၍ သင်းအုပ်ဆရာတဦး၏ သားဖြစ်သည်။ ငယ်စဉ်က အလွန် ချူချာသော သူတယောက် ဖြစ်သော်လည်း ပင်လယ်ခရီးထွက်ရန် အလွန်ဝါသနာပါသည်။ ထို့ကြောင့် ၁၂ နှစ်သား အရွယ်တွင် အကြောင်းမသင့်သဖြင့် ကျောင်းမှထွက်ခဲ့ရသောအခါ ဘုရင့်ရေတပ်မတော်တွင် ရေတပ်ဗိုလ်ကလေးအဖြစ်ဖြင့် အမှုထမ်းပြီးနောက်၊ ဖောက်ကလန် ကျွန်းသို့ သွားသော သင်္ဘောတွင် ပဌမဦးစွာ လိုက်ပါသွားခဲ့လေသည်။ ထိုသင်္ဘောကို သူ၏ ဦးလေးဖြစ်သူ ဗိုလ်မှူးကြီး ဆပ်ကလင်းက ကြီးမှူးရာ၊ ဦးလေး၏ သွန်သင်မှုကြောင့် တကြောင်း၊ နဂိုကပင် ရေကြောင်းဖက်တွင် ၀ါသနာထုံလှသဖြင့် တကြောင်း၊ ရဲရင့်၍ စွမ်းရည်သတ္တိနှင့် ပြည့်စုံသောကြောင့်တကြောင့်၊ နယ်လဆင်သည် ၂၁ နှစ်အရွယ်တွင် အလတ်စား တိုက်သင်္ဘေတစင်း၌ ဗိုလ်မှူးကြီး ဖြစ်လာခဲ့၏။ ထိုအခါမှစ၍ နယ်လဆင်သည် ရက်စက်စွာ အပြစ်ဒဏ်ပေးမှုများကို ပယ်ဖျက်ကာ၊ ဥပဒေများကို ပြုပြင် ပြောင်းလဲခဲ့၏။ သင်္ဘောသားများကို အထူးဂရုစိုက်တတ်သည့်အပြင်၊ ရဲရင့်စွန့်စားသူများကိုလည်း ရာထူးတိုး မြှင့်ပေးလေ့ ရှိ၏။ အသက်ပင်ငယ်သော်လည်း တကယ်ပင် စွမ်းဆောင်နိုင်သော ဗိုလ်မှူးကြီး ဖြစ်လေသည်။ နယ်လဆင်ကား သူရသတ္တိရှိ၏။ တည်ကြည်၏။ မှုခင်းတို့ကို ဆုံးဖြတ်နိုင်၏။
၁၇၉၃ ခုနှစ်၌ အက်ဂါမံနွန် ခေါ် စစ်သင်္ဘောကို အုပ်ချုပ်ရပြီးလျှင် မြေထဲပင်လယ် ရေတပ်၌ ပါဝင်ရလေသည်။ ထိုအခါမှစ၍ ပင်လယ်မှ ပြန်ရသည်ဟူ၍ မရှိဘဲ၊ (၁၇၉၃ ခုနှစ်မှ ၁၈၀၀ ပြည့်နှစ်အထိ) ၇ နှစ်တိုင်တိုင် ပင်လယ်၌ အမှုထမ်းရသည်။ သို့ဖြင့် ၁၇၉၄ ခုနှစ်တွင် ကောစီကား ပင်လယ်ကမ်းရိုးတန်းရှိ ကာလဗီမြို့ကို သိမ်းယူသည့် တိုက်ပွဲ၌၊ လက်ျာဖက်မျက်လုံးတွင် ဒဏ်ရာရရှိရာမှ မျက်လုံးကွယ်သွားလေသည်။
ထို့နောက် ၁၇၉၇ ခုနှစ်တွင် စိန်ဗင့်ဆင့် တိုက်ပွဲ၌ သူ၏ ရဲစွမ်းသတ္တိသည် ချီးကျူးလောက်အောင်ပင် ဖြစ်၏။ ထိုတိုက်ပွဲတွင် စစ်ဗိုလ်ချုပ်ကြီး ဆာဂျွန် ဂျားဗစ်နှင့်အတူ စပိန်နှင့် ပြင်သစ်တို့ ပူးပေါင်းဖွဲစည်းထားသော ရေတပ်ကို နှိမ်နင်း အောင်မြင်သောအခါ၊ သူကောင်းပြုခြင်း ခံရလေသည်။ များမကြာမီ ကနေရီကျွန်းစုရှိ ဆန်တာခရု ခံတပ်ကို တိုက်ခိုက်ရာ၌ အနာတရ ဒဏ်ရာရရှိပြီးလျှင်၊ လက်ျာဖက်လက်ကို တတောင်ဆစ်မှ ဖြတ်ပစ်ရပြန်လေသည်။ နယ်လဆင်သည် အင်္ဂလန်သို့ ပြန်သွားပြီးလျှင်၊ အချိန်အတန်ကြာ ဝေဒနာကို ကုသပြီးနောက်၊ စစ်မြေပြင်သို့ ပြန်လည်ရောက်ရှိလာပြန်သည်။
ထိုအချိန်၌ နပိုလီယန်သည် ကုန်းဖက် စစ်ပွဲတို့၌ အောင်မြင်ပြီး၍၊ အင်္ဂလန်ကို ရေတပ်ဖြင့် တိုက်ခိုက်လို၏။ ထိုအတွင်းနယ်လဆင်သည် တူလွန်မြို့ရှိ ပြင်သစ်ရေတပ်ကို စောင့်၍ကြည့်ဆဲ၊ ပြင်သစ်ရေတပ်သည် လေမုန်တိုင်း ထနေစဉ် လွတ်မြောက်သွားသဖြင့်၊ နယ်လဆင်သည် ထိုရေတပ်နောက်သို့ ထပ်ကြပ်လိုက်သွားကာ တိုက်ခိုက်လေ၏။ နယ်လဆင်သည် ရေတပ်ကို နှစ်စုခွဲ၍ တိုက်ခိုက်ရာ ၁၇၉၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် အပြီးတိုင် အောင်မြင်လေသည်။ ဤတိုက်ပွဲကြီးကို နိုင်းမြစ်တိုက်ပွဲကြီးဟူ၍ ဗြိတိသျှသမိုင်းတွင် မှတ်တမ်းတင်ကြသည်။ ထိုတိုက်ပွဲတွင် အရေးမလှသည်နှင့် နပိုလီယန်သည် အီဂျစ်ကို တိုက်ခိုက်ရန် အကြံကို လက်လျှော့လျက် သင်္ဘေငယ်တစင်းဖြင့် မြေထဲပင်လယ်ကို ဖြတ်၍ ပြန်ခဲ့ရလေသည်။ နယ်လဆင်၏ အောင်မြင်မှုသည် ကမ္ဘာတ၀ှမ်းလုံးသို့ ပျံ့နှံ့သွား၏။ နယ်လဆင်သည် ဗဲရွန်ခေါ် သူကောင်းဘွဲ့ဖြင့် မှူးမတ်ငယ်အဆင့်အတန်းသို့ ခန့်အပ်ချီးမြှင့် ခံရသည်သာမက ဆုငွေလည်း မြောက်မြားစွာ ရရှိလေသည်။
၁၈၀၁ ခုနှစ်တွင် နယ်လဆင်သည် ရေကြောင်းဗိုလ်ချုပ်ကြီးရာထူးကို ရရှိခဲ့ပြီးနောက်၊ အင်္ဂလန်သည် ဗောလတစ်ကမ်းခြေနိုင်ငံများနှင့် စစ်ဖြစ်ပြန်ရာ၊ ရေတပ်ဗိုလ်ချုပ်မှူးပါကာ၏ ရေတပ်ကြီးတွင် ပါဝင်လိုက်ပါပြီးလျှင် ဒိန်းမတ်နိုင်ငံသို့ ချီတက်သွားပြန်၏။
ပြင်သစ်ဘုရင် နပိုလီယန်သည် နောက်တကြိမ် အင်္ဂလန်ပြည်ကို စီးနင်းရန် ကြံစည်ပြန် ရာ၊ ၁၈၀၃ ခုနှစ်၌ နယ်လဆင်သည် အနားယူနေရာမှ ရေကြောင်းဗိုလ်ချုပ်ကြီး အဖြစ်ဖြင့် မြေထဲပင်လယ် သင်္ဘောတပ်ကို ဦးစီး၍ တိုက်ပွဲဝင်ခဲ့ပြန်သည်။ ဦးစွာ၌ ကိုပင်ဟားဂင်းမြို့အနီး တွင် ဒိန်းလူမျိုးတို့၏ ရေတပ်ကို အောင်မြင်သည်။ ဤတိုက်ပွဲ ဖြစ်နေစဉ် ရေကြောင်း ဗိုလ်ချုပ်မှူး၏ သင်္ဘောမှ ပြန်၍ဆုတ်ရန် အချက်ပြသော အလံလွှင့်တင်သည်ကိုပင် နယ်လဆင်သည် မမြင်သော မျက်စိဖြင့် မှန်ပြောင်းနှင့်ကြည့်၍ အချက်ပေးခေါ်သည်ကို မမြင်လေဟန်ဆောင်လျက် ဆက်လက်တိုက်ရာ ရှုံးတော့မည့် အခြေမှ တခါတည်း အနိုင်ရခဲ့ လေသည်။ ဤအောင်မြင်မှုကြောင့်လည်း ဗိုင်းကောင့်ခေါ် သူကောင်းဘွဲ့ထူးဖြင့် မှူးမတ်လတ် အဖြစ် တိုးမြှင့်ချီးကျူးခြင်း ခံရပြန်လေသည်။
တခါက နယ်လဆင်သည် သူ၏ အလံတင် သင်္ဘော 'ဗစ်ထရီ' ကို စီးနင်း၍ တူလွန်မြို့နှင့် ခပ်လှမ်းလှမ်းတွင် စောင့်ဆိုင်းနေရာ ပြင်သစ် သင်္ဘောတပ် ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်ရသောအခါ မိမိ၏ ရေတပ်ဖြင့် ထပ်ကြပ်မကွာ အနောက် အိန္ဒိယကျွန်းစုသို့ ရောက်အောင်လိုက်ပြီးမှ ပြန်၍ လှည့်လာခဲ့၏။ ထို့နောက် ရန်သူတပ်ကို ဆုံမိအောင် ၂ နှစ်တောင်မှ စောင့်ဆိုင်းခဲ့ရပြီးနောက်၊ ၁၈၈၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် စပိန်နိုင်ငံကမ်းခြေ ထရာဖဲလဂါအငူတွင် ရေကြောင်းတိုက်ပွဲကို စတင် တိုက်ခိုက်ရ လေသည်။ ထိုတိုက်ပွဲတွင် နယ်လဆင်သည် 'အင်္ဂလန်ပြည်သည် လူတိုင်းအား မိမိတာဝန်ဝတ္တရားကို ဆောင်ရွက်လိမ့်မည်ဟု မြှော်လင့်သည်' ဟူသော အဓိက ဆောင်ပုဒ်ကို ဖော်ပြသည့် အလံကို မိမိ၏ အလံတင်သင်္ဘောတွင် လွှင့်ထူကာ ၂၇ စင်းမျှသာ ရှိသော အင်္ဂလိပ်သင်္ဘောများဖြင့် စပိန်နှင့် ပြင်သစ်တို့ ပူးပေါင်းထားသည့် ရေတပ်ကြီးကို မဆုတ်မနစ် တိုက်ခိုက်လေသည်။ ဤတိုက်ပွဲတွင် နယ်လဆင်သည် မိမိကိုယ်တိုင် စီးနင်းသည့် 'ဗစ်ထရီ' ခေါ် အလံတင်သင်္ဘောကို ဘေးဥပါဒ်အများဆုံးနေရာတွင် ချထား၍ တိုက်ခိုက်လေရာ၊ တိုက်ပွဲပြင်းထန်လာချိန်တွင် နယ်လဆင်သည် ကုန်းပတ်အမြင့်ပေါ်၌ လျှောက်ရင်း အမိန့်ပေးနေစဉ်၊ ရန်သူ့ဖက်မှ ကျည်ဆံသင့်၍ ကျလေ၏။ ကျည်ဆံသည် နယ်လဆင်၏ ကျောရိုးတွင် မြုပ်ဝင်လျက်ရှိသဖြင့် နယ်လဆင်အား ဘေးကင်းရာ သင်္ဘေ၀မ်းသို့ ယူသွားရလေ၏။ နောက်ဆုံးတွင် အင်္ဂလိပ်တပ်က နိုင်ကြောင်းကို သိရပြီးမှ ရရှိသော ဒဏ်ရာဖြင့် ကွယ်လွန်လေသည်။ "ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကြောင့် ကျွန်ပ်၏တာဝန် ၀တ္တရားများကို ကျေပြွန်စွာ ဆောင်ရွက်ပြီးပါပြီ" ဟူသော နယ်လဆင် သေအံ့ဆဲဆဲတွင် ပြောခဲ့သော စကားသည် သမိုင်း၌ ဥဒါန်းတွင်ရစ်၏။]
အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄နာရီခွဲခန့်အချိန်တွင် နယ်လဆင်သည် ရန်သူရေတပ်ကို အပြီးသပ် အောင်မြင်၍ အင်္ဂလန်နိုင်ငံသူ နိုင်ငံသားများသည်လည်း ထိုစစ်ပွဲ နိုင်သည့် သတင်းကောင်းနှင့်တကွ ရေကြောင်းဗိုလ်ချုပ်မှူး နယ်လဆင် တိုက်ပွဲတွင် ကျဆုံးရရှာပြီ ဟူသော ၀မ်းနည်းဖွယ် သတင်းကိုပါ တပါတည်း ကြားကြရလေသည်။ သူ၏ ရုပ်အလောင်းကို ၁၈၀၆ ခုနှစ် ဇန်န၀ါရီလ ၉ ရက်တွင် လန်ဒန်မြို့ စိန့်ပေါဘုရားရှိခိုးကျောင်းကြီး အတွင်း၌ မြှုပ်နှံထား၏။ ထို့အပြင် အထိမ်းအမှတ်အဖြင့် ပေ ၁၇၀ ကျော်မြင့်သော နယ်လဆင် ကျောက်တိုင်ကြီးကို တည်ဆောက်ထားခြင်းဖြင့် အာဇာနည်ရေကြောင်း ဗိုလ်ချုပ်မှူး၏ ကျေးဇူးကို ဂုဏ်ပြု ချီးကျူးထားလေသည်။
"အရှက်နဲ့ လူလုပ်တယ်" ဆိုတဲ့ စကားကို စူဠသုဘဒ္ဒါတို့ခေတ်၊ ဥပကတက္ကဒွန်းကြီးတို့ ခေတ်က ပြောခဲ့ကြသလို ခုခေတ်မှာလည်း ပြောနေကြတာပါ။
"ဟေ့ တို့က အရှက်နဲ့ လူလုပ်တာ၊ အရှက်ကို အသက်ထက် ပိုတန်ဘိုးထားတယ်"
ဆိုတာမျိုး လူတိုင်းလိုလို တကြိမ်တခါတော့ ပြောဖူးကြတာချည်းပါပဲ။ ဒါပေမယ့် 'အရှက်' ဆိုတာ ဘာလဲလို့ မေးကြည့်လိုက်ရင်တော့၊ တယောက်တမျိုး၊ေ၀၀ါးထွေပြားတဲ့ အဖြေတွေသာ ထွက်လာမှာ ဖြစ်ပါတယ်။ တိကျရေရာတဲ့ အဖြေတခုရဖို့ မလွယ်တော့လောက် အောင်ကို 'အရှက်' ဆိုတာ၊ အလှမ်းကွာဝေးသထက် ကွာဝေးလာနေတဲ့ အရာတခု ဖြစ်နေပါတော့တယ်။
ဒီလို အလှမ်းဝေးလာခဲ့ရတာက "အရှက်" ဆိုတာရဲ့ "တန်ဖိုး" သတ်မှတ်ချက်တွေ ပြောင်းလဲ သွားခဲ့ရတဲ့အတွက် ဖြစ်ပါတယ်။ ဘာမှ မကြာသေးတဲ့ မနေ့တနေ့ကတွင် ရှက်စရာလို့ ယူဆထားတဲ့ အရာတခုဟာ ကနေ့ သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတခုလောက် အဖြစ်သာ သဘောထားတာမျိုးတွေ အများကြီး ဖြစ်နေပါပြီ။ "အရှက်" နဲ့ "တန်ဖိုး" တွေ ပြောင်းလဲသွားတာနဲ့အမျှ၊ လူ့အဖွဲ့ အစည်းလည်း ပြောင်းလဲသွားရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် လူ့အဖွဲ့အစည်းရဲ့ "နေပျော်မှု" "မနေပျော်မှု" ဟာ "အရှက်" နဲ့ "တန်ဖိုး" အပေါ်မှာ အဓိက မူတည်နေကြောင်း ရေးသားလိုက်ရပါတယ်။
လူထုစိန်ဝင်း။
{လူထုစိန်ဝင်း ရဲ့ အရှက်နဲ့တန်ဖိုး စာအုပ်၊ ပထမနှိပ်ခြင်း၊ ၁၉၉၉ ဖေဖော်ဝါရီမှ ကူးယူ ဖော်ပြပါတယ်။}
လူဝတ်ကြောင်တို့၏ အကျင့်တရား
ဘာသာပြန်- ပါရဂူ
[နိဒါန်း- ဤစာအုပ်၌ ဗုဒ္ဓ၏ဖြစ်စဉ် သို့မဟုတ် ဗုဒ္ဓ၀င်၏ အမျိုးမျိုးအထွေထွေသော အစိတ်အပိုင်းများနှင့် ပတ်သက်သော အကြောင်းအရာများကို ရေးသားဖော်ပြထားသည်။ ဆောင်းပါးစာတမ်းများမှာ သာသနာ ၂၅၀၀-ပြည့်နှစ် အထိမ်းအမှတ်အတွက် စာစောင် အသီးသီးတွင် ရေးသားထားသော ဆောင်းပါးများ ဖြစ်ပေသည်။ ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်နှင့် ဗုဒ္ဓ၏တရားများကို အကျယ်တ၀င့်သိလိုသူများသည် "ဗုဒ္ဓစရိယာ"၊ "ဒီဃနိကာယ်"၊ "မဇ္ဈိမနိကာယ်"၊ "၀ိနယပိဋက"၊ "ဗုဒ္ဓဒဿန (ဗုဒ္ဓအမြင်)" စသော ကျွန်ပ်ရေးသားထားသော ဘာသာပြန်ဆိုထားသော စာအုပ်များကို ကြည့်ရှုလေ့လာသင့်ပေသည်။
ရာဟုလာသံကိစဏာယန
မဆူရီ။ ၁၃-၈-၅၆]
{ရာဟုလာသံကိစ္စည်း ရဲ့ 'မဟာမာန၀ဗုဒ္ဓ' စာအုပ်ကို ပါရဂူက 'မဟာလူသားဗုဒ္ဓ' အမည်ဖြင့်၊ ဘာသာပြန်ဆိုတာ ဖြစ်ပါတယ်။}
၇။ လူဝတ်ကြောင်တို့၏အကျင့်တရား
ရဟန်းသံဃာများအကြောင်းနှင့် ရာဂကင်းကွာမှု အကျင့်တရား အကြောင်းများကို ကြားရသည်ဖြစ်၍ ဗုဒ္ဓ၏ တရားဓမ္မသည် လူ့ဘောင်ကို ခွါရှောင်လိုသူများအတွက် သက်သက်သာလျှင် ဖြစ်၏ဟု အထင်ရှိကြသည်။ အမှန်မှာ ထိုသို့ မဟုတ်ပေ။ ဗုဒ္ဓသက်တော် ထင်ရှား ရှိစဉ်က ဗုဒ္ဓ၏ လူဝတ်ကြောင်တပည့်တပန်း အရေအတွက်၏ အပုံတရာပုံတပုံပင် ဘိက္ခုနှင့် ဘိက္ခုနီတို့၏ အရေအတွက် မရှိခဲ့ပေ။ နောင်သောအခါလည်း မရှိခဲ့ပေ။ ဗုဒ္ဓဟောကြားသော တရားအဆုံးအမ၏ အနှစ်သာရကို ဂါထာတပုဒ်တည်းဖြင့် ပြထားသည်။
သဗ္ဗပါပဿ အကရဏံ
ကုသလဿုပ သမ္ပဒါ။
သစိတ္တပရိယော ဒါပနံ
ဧတံ ဗုဒ္ဓါနသာသနံ။
[အားလုံးသော မကောင်းမှုကို မပြုလုပ်ခြင်း၊ ကုသိုလ်ကောင်းမှုကို ပွါးများအားထုတ် ခြင်း၊ မိမိစိတ်နှလုံးကို ဖြူစင်စေခြင်း၊ ဤကား ဗုဒ္ဓ၏ အဆုံးအမ ဖြစ်လေသည်။]
ယင်းအဆုံးအမသည် လူဝတ်ကြောင်နှင့် ရဟန်း၊ အားလုံးအတွက် တညီတညွတ် တည်း ဖြစ်သော အဆုံးအမ ဖြစ်လေသည်။ တခုတော့ရှိသည်။ ဘိက္ခုနှင့် ဘိက္ခုနီ (ရဟန်းနှင့် ရဟန်းမ) တို့အတွက် လိုက်နာကျင့်သုံးရန် စည်းမျဉ်းဥပဒေကို ပေါင်းပြီး '၀ိနယပိဋက' အဖြစ်ဖြင့် သတ်မှတ်ထားသည့်နည်းတူ လူဝတ်ကြောင်များအတွက်မူ တသီးတခြား ဥပဒေစည်းမျဉ်းတို့ကို တပေါင်းတစည်းတည်း သတ်မှတ်ထားခြင်းမူကား မရှိပေ။ တိပိတဋက၌ 'သိင်္ဂါလောဝါဒသုတ်' အမည်ဖြင့်ရှိသော အဆုံးအမ ဥပဒေသများသည် လူဝတ်ကြောင်တို့၏ ၀ိနည်းစည်းကမ်း ဖြစ်လေသည်။ ထိုဝိနည်းစည်းကမ်းကို ထိုခေတ် လူ့လောက လူ့အဖွဲ့အစည်းကို စံပြအဖြစ်ပြု လုပ်ရန် ကြိုးပမ်းအားထုတ်ချက်ဟု ဆိုနိုင်ပေသည်။
မိမိတို့၏ သားသမီးများ အဖတ်မတင်သော မိဘများသည် မိမိတို့၏ သားသမီးများအား မကောင်းသည့် နာမည်တခုခုကို မှည့်ထားတတ်ကြသည်။ ယင်းသို့ မှည့်ထားခြင်းအားဖြင့် ယမမင်း (သေမင်း) ၏ တမန်များသည် ထို ကလေကချေ ကလေးသူငယ်များအား အမှုမဲ့ အမှတ်မဲ့နေသည်ဟု အယူရှိကြသည်။ ငခွေး ၀က်မ စသည့် အမည်များမှာ ထိုကဲ့သို့ သဘောရှိသော အမည်များ ဖြစ်ကြသည်။ ဗုဒ္ဓ၏ လက်ထက်တော်အခါကလည်း ထိုကဲ့သို့သော ထိုကဲ့သို့သော အမည်နာမများကို မှည့်လေ့မှည့်ထ ရှိလေသည်။ သူဌေးတဦးသည် မိမိသားအား အသက်ရှည်စေရန်အတွက် သိင်္ဂါလ (တောခွေး) ဟု အမည်ပေးထားလေ၏။ သိင်္ဂါလအား ဗုဒ္ဓတရားဟောကြားသည့် စိတ်ဝင်စားဖွယ် အဖြစ်အပျက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
အခါတပါး၌ ဘုရားရှင်သည် ရာဇဂြိုဟ်ရှိ ရှဥ့်နက်တို့ကို အစာကျွေးရာဖြစ်သော ဝေဠုဝန်တော၌ သီတင်းသုံးနေတော်မူ၏။
ထိုအချိန်၌ သိင်္ဂါလအမည်ရှိသော သူကြွယ်သားသည် မနက်ဝေလီဝေလင်း အချိန်ကပင် ထ၍ ရာဇဂြိုဟ်မြို့ပြင်သို့ ထွက်ပြီးလျှင် စိုစွတ်သောအ၀တ်၊ စိုစွတ်သော ဆံပင်ဖြင့် လက်အုပ်ချီလျက်၊ အရှေ့အရပ်မျက်နှာ၊ တောင်အရပ်မျက်နှာ၊ အနောက်အရပ်မျက်နှာ၊ မြောက်အရပ်မျက်နှာ၊ အောက်အရပ်မျက်နှာ၊ အထက်အရပ်မျက်နှာ အမျိုးမျိုး အပြားပြားသော အရပ်မျက်နှာတို့ကို ရှိခိုးလေသည်။
ထိုအချိန်၌ ဘုရားရှင်သည် နံနက်ခင်းအချိန် သင်္ဃန်းကို ၀တ်ရုံလျက် သပိတ် သင်္ဃန်းကို ဆောင်ယူခဲ့ပြီးလျှင် ရာဇဂြိုဟ်မြို့အတွင်းသို့ ဆွမ်းအလို့ငှာ ၀င်တော်မူလေ၏။ ဘုရားရှင်သည် အရပ်မျက်နှာအမျိုးမျိုးကို ရှိခိုးနေသော သူကြွယ်သား သိင်္ဂါလအား တွေ့ရ၍ မိန့်တော်မူလေ၏။
"သူကြွယ်သား၊ နံနက်စောစောထပြီး သင် ဘာကို ရှိခိုးနေသနည်း....."
"အရှင်ဘုရား၊ တပည့်တော်၏ဖခင်သည် သေခါနီးကာလ၌ တပည့်တော်အား 'ချစ်သား အရပ်မျက်နှာမှားကို ရှိခိုးလော့' ဟု မှာခဲ့ပါ၏။ သို့ဖြစ်၍ မြတ်စွာဘုရား၊ တပည့်တော်သည် ဖခင်၏ စကားကို အလေးအမြတ်ပြုလျက်၊ မြတ်နိုးလျက်၊ ပူဇော်လျက် စောစောကပင် ထကာ ရှိခိုးနေခြင်း ဖြစ်ပါသည်"
"သူကြွယ်သား၊ မြတ်သောသူ (အရိယ) တို့၏ တရားဓမ္မ၌ ထိုကဲ့သို့ အရပ်များနှာ ခြောက်ပါးကို ရှိခိုးသည်ဟု မရှိပေ"
"အရှင်ဘုရား၊ ထိုသို့ မရှိခိုးအပ်လျင် မြတ်သောသူတို့၏ တရားဓမ္မ၌ အရပ်မျက်နှာ ခြောက်ပါးကို ဘယ်ကဲ့သို့ ရှိခိုးအပ်ပါသနည်း။ မြတ်သောသူတို့၏ တရားဓမ္မ၌ အရပ်မျက်နှာ များကို ရှိခိုးပုံရှိခိုးနည်းကို တပည့်တော်အား ဟောပြောတော်မူပါလော့...."
ဗုဒ္ဓသည် သိင်္ဂါလအား ဟောပြလေသည်။
အကြင်သူသည် သေရည် သောက်ဖော်သောက်ဖက်ဖြစ်၏။ မျက်မှောက်၌ ချစ်ခင်သူ မိတ်ဆွေ ဖြစ်၏။ ထိုသူသည် မိတ်ဆွေ မမည်ပေ။
အကြင်သူသည် အကြောင်းကိစ္စကြုံလာသော် (အရေးကိစ္စပေါ်လာသော) အဖော်သဟဲ ဖြစ်၏။ ထိုသူသည် မိတ်ဆွေ ဖြစ်၏။
နေမြင့်အောင် အိပ်ခြင်းသည်လည်းကောင်း၊ သူတပါး မယားကို ကျူးလွန်ခြင်းသည် လည်းကောင်း၊ ရန်စပွါးများခြင်းသည် လည်းကောင်း၊ အကျိုးမဲ့ပြုခြင်း သည်လည်းကောင်း၊ မကောင်းသော အပေါင်းအဖော်ရှိသူ သည်လည်းကောင်း၊ အလွန်တရာ ကပ်စေးနှဲခြင်း သည် လည်းကောင်း၊ ယင်းခြောက်ပါးသည် လူကို ပျက်စီးစေတတ်၏။
မကောင်းသောအဆွေခင်ပွန်း ရှိသူသည် လည်းကောင်း၊ မကောင်းသော အကျင့်၌ မွေ့လျော်သောသူသည် လည်းကောင်း၊ ဤလောကမှလည်းကောင်း၊ တမလွန်လောကမှ လည်းကောင်း၊ နှစ်ပါးသောလောကမှ ပျက်စီးလျှောကျတတ်ပေ၏။
လောင်းကစားခြင်းသည် လည်းကောင်း၊ မိန်းမလိုက်စားခြင်းသည် လည်းကောင်း၊ သေရည်သေရက် သောက်စားခြင်းသည် လည်းကောင်း၊ ကခြင်း သီဆိုခြင်းသည် လည်းကောင်း၊ နေ့အခါ အိပ်ခြင်းသည် လည်းကောင်း၊ အခါမဲ့၌ ခရီးသွားခြင်းသည် လည်းကောင်း၊ မကောင်းသူတို့အား အဆွေခင်ပွန်းဖွဲ့ခြင်းသည် လည်းကောင်း၊ အလွန်တရာ ကပ်စေးနှဲခြင်းသည် လည်းကောင်း၊ ယင်းခြောက်ပါးသည် လူကို ပျက်စီးစေတတ်၏။
အကြင်သူတို့သည် ကြွေအံလောင်းကစားခြင်းကို ပြုကြ၏။ သေရည်သေရက်ကို သောက်၏။ သူတပါး သားမယားတို့အား ပြစ်မှားကျူးလွန်ကြ၏။ သူယုတ်မာတို့အား မှီဝဲဆည်းကပ်၏။ ပညာရှိတို့အား မမှီဝဲမဆည်းကပ်။ ထိုသူတို့သည် လဆုတ်ပက္ခ လမင်းထက် ဆုတ်ယုတ်ပေ၏။
အကြင်သူသည် သေသောက်ကျူး၏။ ပစ္စည်းမရှိ ဆင်းရဲ၏။ မေ့မေ့လျော့လျာ့နေ၏။ ထိုသူသည် ရေ၌ရှိသော လှေကဲ့သို့ ကြွေးထဲတွင် နစ်မြုပ်သွားရ၏။ ထိုသူသည် လျင်မြန်စွာ မိမိကိုယ်ကို ဆင်းရဲပင်ပန်းအောင် လုပ်နေ၏။
နေ့၌ အိပ်လေ့ရှိသော၊ ည၌ထလေ့မရှိသော၊ အခါခပ်သိမ်း မူးယစ်နေသော ကာမဂုဏ် လိုက်စားသူသည် အိမ်ထောင်ဦးစီး မပြုလုပ်နိုင်ပေ။
အေးလွန်းသည်ဟု လည်းကောင်း၊ ပူလွန်းသည်ဟု လည်းကောင်း၊ မိုးချုပ်လွန်းသည်ဟု လည်းကောင်း၊ အကြောင်းပြသူသည် ဥစ္စာပစ္စည်း လက်မဲ့ဖြစ်ရတတ်၏။ အကြင်သူသည် အလုပ်ကို လုပ်ရာ၌ အအေးအပူကို မြက်ထက်ပိုပြီး အမှုမထား။ ထိုသူသည် ချမ်းသာသုခ လက်မလွတ်ရပေ။
သူတပါးပစ္စည်း ယူတတ်သော မိတ်ဆွေသည်လည်းကောင်း၊ အပြောသာရှိပြီး လက်မပါသော မိတ်ဆွေသည် လည်းကောင်း၊ အကြိုက်လိုက်ပြီးပြောသော မိတ်ဆွေသည် လည်းကောင်း၊ သေရည်သေရက် သောက်ဖော်သောက်ဖက် မိတ်ဆွေသည် လည်းကောင်း၊ ယင်းလေးဦးတို့သည် မိတ်ဆွေစစ် မဟုတ်ကုန်။ ယင်းအချက်ကို သိရှိပြီးလျှင် ပညာရှိသော ယောက်ျားသည် အန္တရာယ်ရှိသော လမ်းခရီးကဲ့သို့ ၎င်းတို့အား အဝေးက ရှောင်ကြဉ်သင့် လေသည်။
သိင်္ဂါလသည် ဖခင်ပြောကြား မှာထားချက်အရ အရပ်မျက်နှာခြောက်ပါးကို ရှိခိုးသည့်အကျင့်ကို ကျင့်ကြံပြုလုပ်သည်။ ဗုဒ္ဓသည် သိင်္ဂါလအား ရှိခိုးပူဇော်ရသည့် အရပ်မျက်နှာသစ် ခြောက်ပါးကို ဟောပြောတော်မူသည်။ ၎င်းတို့အနက် (၁) အရှေ့အရပ် မျက်နှာသည် အမိအဖ ဖြစ်ကုန်၏။ (၂) တောင်အရပ်မျက်နှာသည် ဆရာသမား ဖြစ်ကုန်၏။ (၃) အနောက်မျက်နှာသည် သားနှင့်မယား ဖြစ်ကုန်၏။ (၄) မြောက်အရပ်မျက်နှာ သည် အဆွေခင်ပွန်းတို့ ဖြစ်ကုန်၏။ (၅) အောက်အရပ်မျက်နှာသည် ကျေးကျွန်နှင့် အလုပ်သမားတို့ ဖြစ်ကုန်၏။ (၆) အထက်အရပ်မျက်နှာသည် သမဏဗြဟ္မာဏတို့ ဖြစ်ကုန်၏။
၁။ ယင်း အရပ်မျက်နှာခြောက်ပါးကို ရှိခိုးဝတ်ပြုမှုတည်းဟူသော အသွင်ဖြင့် လူလူချင်း ဘယ်လိုဝတ္တရားများ ထားရှိအပ်သည် ဆိုသည်ကို ဗုဒ္ဓက ညွှန်ပြတော်မူသည်။ မိဘအား အဘယ်ကြောင့် လုပ်ကျွေးပြုစုအပ်သနည်း ဆိုလျှင်၊ မိဘတို့သည် ငါ့အား မွေးမြူစောင့်ရှောက် ကြ၏။ ထို့ကြောင့် ငါသည် သူတို့အား မွေးမြူစောင့်ရှောက်အပ်၏။ သူတို့သည် ငါ့အမှုကိစ္စကို ပြုလုပ်ပေး၏။ ထို့ကြောင့် သူတို့၏ အမှုကိစ္စကို ငါပြုလုပ်ပေးအပ်၏။ သူတို့သည် အမျိုး အနွယ်ကို တည်တံ့အောင် လုပ်ကြကုန်၏။ ထို့ကြောင့် ငါသည် အမျိုးအနွယ်ကို တည်တံ့အောင် လုပ်အံ့၏။ သူတို့သည် ငါ့အား အမွေပေး၏။ ထို့ကြောင့် ငါသည် အမွေခံထိုက်အောင် ပြုလုပ်အပ်၏။
ဤကဲ့သို့ ငါးပါးသာ နည်းလမ်းဖြင့် ပြုစုလုပ်ကျွေးအပ်သည့် မိဖတို့သည် သားသမီး အပေါ်၌ ငါးပါးသော နည်းလမ်းဖြင့် စောင့်ရှောက်ကြကုန်၏။ (၁) မကောင်းမှုမှ တားမြစ်၏။ (၂) ကောင်းမှု၌ စိတ်ဝင်စားစေ၏။ (၃) အတတ်ပညာကို သင်ကြားပေး၏။ (၄) သင့်လျော်သော မိန်းမနှင့် ထိမ်းမြားပေး၏။ (၅) သင့်လျော်လျောက်ပတ်သော အချိန်၌ အမွေဥစ္စာကို အပ်နှင်း၏။ သူကြွယ်သား၊ ယင်း ငါးမျိုးတို့ကြောင့် သားသမီးတို့က မိဖတည်းဟူသော အရှေ့မျက်နှာကို ၀တ်ပြုအပ်ပေ၏။ ယင်းကဲ့သို့ ပြုလုပ်လျှင် ထိုအရှေ့အရပ်သည် လုံခြုံ၏။ ငြိမ်းချမ်း၏။ ဘေးကင်း၏။
၂။ နေရာမှထပြီး ခရီးဦးကြိုပြုခြင်း၊ ဆည်းကပ်ခစားခြင်း၊ စကားကိုနာယူခြင်း၊ အတတ် ပညာကို ရိုသေစွာ သင်ကြားလေ့ကျင့်ခြင်းများဖြင့် ဆရာသမားများအား လုပ်ကျွေးပြုစု အပ်ပေ၏။
၃။ မယားအား ပြုစုလုပ်ကျွေးနည်းများကာ မြတ်နိုးခြင်း၊ မထီမဲ့မြင် မပြုခြင်း၊ သူတပါး သားမယားကို မပစ်မှားခြင်း၊ ပစ္စည်းဥစ္စာကို လွှဲအပ်ခြင်း၊ အ၀တ်တန်ဆာကို ပေးခြင်းတို့ဖြစ် ကြ၏။ ယင်းသို့ ပြုလုပ်လျှင် မယားသည် အိမ်မှုကိစ္စကို ကောင်းစွာ ကြည့်ရှု၏။ အစေခံများလည်း ပိပိရိရိ နေကြကုန်၏။ မယားကိုယ်တိုင်ကလည်း လော်လည်ဖောက်ပြားခြင်း ရှိမည်မဟုတ်ပေ။ စုဆောင်းသိုမှီးထားသော ပစ္စည်းဥစ္စာကို စောင့်ရှောက်၏။ အားလုံးသော အလုပ်ကိစ္စတို့၌ ပျင်းရိငြီးငွေ့ခြင်း မရှိ။
၎။ မိတ်ဆွေများအား ပြုစုလုပ်ကျွေးနည်းကား ပေးကမ်းစွန့်ကြဲခြင်း၊ ချစ်ဖွယ်သော စကားကို ဆိုခြင်း၊ အလုပ်ကိစ္စတွင် ကူညီဆောင်ရွက်ပေးခြင်း၊ မိမိနှင့် တန်းတူဆက်ဆံခြင်း၊ ယုံကြည်စိတ်ချအောင် ပြုလုပ်ခြင်းများ ဖြစ်ကြကုန်၏။ ယင်းသို့ ပြုလုပ်လျှင် ထိုမိတ်ဆွေသည် ကြည့်ရှုစောင့်ရှောက်၏။ သတိမေ့လျော့နေသည့်အခါ၌ ဥစ္စာပစ္စည်းကို မဆုံးအောင် လုပ်ပေး ၏။ ဘေးအန္တရာယ်ပေါ်လာသည့်အခါ၌ အကူအညီပေး၏။ ဒုက္ခရောက်သည့်အခါ၌ စွန့်ပစ် မသွားပေ။ ဤကဲ့သို့ မိတ်ဆွေမျိုးရှိသော ယောက်ျားများအား လူတို့သည် မြတ်နိုးပူဇော်ကြ ကုန်၏။
၅။ ထိုခေတ်အခါက ကျွန်ပ်တို့နိုင်ငံမှ လူထုများစွာသော အစိတ်အပိုင်းမှာ ကျေးကျွန်နှင့် အလုပ်သမားများ ဖြစ်ကြ၏။ များစွာသော ယောက်ျားနှင့် မိန်းမများမှာ ကျွန်၊ ကျွန်မများအဖြစ်နှင့် ပစ္စည်းတစုံတရာကဲ့သို့ အရောင်းအ၀ယ် ပြုလုပ်ခြင်း ခံကြရ၏။ ယခုခေတ်တွင် ကျေးကျွန်စနစ်ကို လူတို့သည် နှာခေါင်းရှုံ့ကြသည်။ သို့ရာတွင် နှစ်ပေါင်းတရာ ကျော် မတိုင်မီကလေးကပင် ကျွန်ပ်တို့ဒေသ၌ ကျေးကျွန်စနစ်သည် အထင်အရှား ရှိခဲ့ပေသည်။ နှစ်ပေါင်း ထောင်ကျော်ကမူ ကျေးကျွန်စနစ်အသွင်သည် ထို့ထက်ပင် ဆိုးဝါးပေလိမ့်မည် ဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ တူညီမျှတမှုကို ဖြန့်ဖြူးဟောကြား တော်မူသော ဗုဒ္ဓနှင့် ဗုဒ္ဓ၏တပည့်တပန်း ရဟန်းတို့သည် ကျေးကျွန်များ၊ ကျေးကျွန်ဘ၀မှ လွတ်မြောက်မှုကို အမှန်ပင် အာရုံစူးစိုက်ခဲ့လေသည်။ သို့ရာတွင် လူပေါင်းများစွာတို့၏ ကုဋေကုဋာ စည်းစိမ်များမှာ ကျေးကျွန်များထားခြင်းနှင့် ဆက်နွှယ်နေ၏။ ကျေးကျွန်စနစ်ကို ကိုင်လှုပ်လိုက်လျှင် ကြောက်မက်ဖွယ် ဂယက်ထလာပေလိမ့်မည်။ ဘုရင်ဗိမ္ဗိသာရသည် ကျွန်တယောက် ရဟန်းပြုသွားသောအခါ ယင်းအန္တရာယ်ကို ဗုဒ္ဓအား လျှောက်ထားပြောပြ လေသည်။ ထိုအခါ ဗုဒ္ဓက ကျေးကျွန်အဖြစ်က မလွတ်သေးသူအား သံဃာဘောင်သို့ မသွတ်သွင်းရန် တားမြစ်ပိတ်ပင်တော်မူလိုက်၏။ ဗုဒ္ဓသည် ကျေးကျွန်စနစ်ကို မဖယ်ရှားနိုင်ခဲ့ ပေ။ သို့ရာတွင် ကျေးကျွန်တို့အား ကောင်းမွန်စွာ ဆက်ဆံသင့်ကြောင်းကိုမူ ညွှန်ကြားတော်မူ လေသည်။
သူကြွယ်သား၊ ငါးပါးသော နည်းလမ်းဖြင့် အရှင်သခင်သည် ကျေးကျွန်အလုပ်သမား တည်းဟူသော အောက်အရပ်မျာက်နှာကို ပြုစုအပ်ပေသည်။ (၁) စွမ်းအားရှိသလောက် သာလျင် အလုပ်ကို ခိုင်းစေခြင်းဖြင့်လည်းကောင်း၊ (၂) ထမင်းရိက္ခာကို ပေးခြင်းဖြင့်လည်း ကောင်း၊ (၃) မကျန်းမာသူအား ပြုစုခြင်းလည်းကောင်း၊ (၄) ကောင်းသော အရသာရှိသည့် အရာဝတ္ထုများကို ပေးခြင်းဖြင့်လည်းကောင်း၊ (၅) အခါ အားလျော်စွာ အားလပ်ခွင့်ပေးခြင်း ဖြင့်လည်းကောင်း၊ ဤ ငါးမျိုးဖြင့်...... ပြုစုအပ်သည်ရှိသော် ကျေးကျွန်အလုပ်သမားတို့သည် ငါးပါးသော နည်းလမ်းဖြင့် အရှင်သခင်အား စောင့်ရှောက်ကြကုန်၏။ (၁) အရှင်သခင်ထက် အရင် အိပ်ရာမှ ထကြကုန်၏။ (၂) အရှင်သခင်အိပ်ပြီးမှ အိပ်ကြကုန်။ (၃) ပေးသည်ကိုသာ ယူကြကုန်၏။ (၄) အလုပ်ကိစ္စများကို ကောင်းမွန်စွာ ပြုလုပ်ကြကုန်၏။ (၅) အရှင်သခင်၏ ဂုဏ်သတင်းကို ဖြန့်ဖြူးကြကုန်၏။
စွမ်းအားရှိသလောက် အလုပ်ကို ခိုင်းစေခြင်း၊ အစာရိက္ခာကို ပေးကမ်းခြင်း၊ မကျန်းမာသောအခါ၌ ပြုစုခြင်း၊ အခါအားလျော်စွာ အားလပ်ခွင့်ပေးခြင်း၊ အရသာရှိသော အစားအစာများကို ပေးကမ်းခြင်း၊ ယင်းအပြုအမူများသည် ကျေးကျွန်များအပေါ်၌ ကြီးစွာသော ထောက်ထားငဲ့ညှာခြင်း၊ အကျိုးပြုခြင်းပေတည်း။ ဗုဒ္ဓ၏၀ါဒသည် ကျေးကျွန်ဘ၀၏ ရက်စက် ကြမ်းကြုတ်မှုကို အတော်ခပ်များများ ယုတ်လျော့အားပျော့စေသည်မှာကား ယုံမှားဖွယ် မရှိပေ။
၆။ သမဏဗြဟ္မဏ (ရဟန်း-ပညာရှိ) တို့အား ပြုစုနည်းကို ဗုဒ္ဓက ဤသို့ ညွှန်ပြထား သည်။ ကိုယ်၊ နှုတ်၊ နှလုံးဖြင့် မေတ္တာနှင့် ယှဉ်သောအပြုအမူကို ပြုလုပ်ခြင်း၊ အလှူခံများအတွက် တံခါးကို ဖွင့်ထားခြင်း၊ စားသောက်ဖွယ်တို့ကို ပေးကမ်းလှူဒါန်းခြင်းများ သည် သမဏ ဗြာဟ္မဏတို့အား ပြုစုခြင်း ဖြစ်ပေသည်။
ဗုဒ္ဓသည် လူဝတ်ကြောင်များအတွက် ယင်း တာဝန်ဝတ္တရားထူးများကို ဟောပြောတော် မူလေသည်။
[ 'ရာဟုလာသံကိစ္စည်း' ရဲ့ 'မဟာမာန၀ဗုဒ္ဓ' ကို 'ပါရဂူ' ဘာသာပြန်တဲ့ 'မဟာလူသားဗုဒ္ဓ' စာအုပ်၊ ပဉ္စမအကြိမ် ပုံနှိပ်ခြင်း၊ ၂၀၀၃ က ကူးယူဖော်ပြပါတယ်။]

Friday, May 8, 2009
မွန်ပုံပြင်-မုန့်စားချင်တဲ့သမက်
ရေးသူ- လူထုဦးလှ
မွန်အမျိုးသားများမှာ နတ်ကို ယုံကြည်သူများ၊ မိရိုးဖလာ နတ်ကိုးကွယ်သူများ ရှေးက အင်မတန် များတယ်။ အကြောင်းတခု ဖြစ်လာရင် နတ်ဖမ်းစားတယ်၊ နတ်ပြုစားတယ်၊ နတ်ကို ပသ, တင်မြှောက်ရင် ကျရောက်တဲ့ အန္တရာယ်က ပျောက်ကင်းတယ်။ အဲဒီလို အယူအဆ တွေနဲ့ နစ်မွန်းနေပြီး တခါတလေ နတ်ကိစ္စနဲ့ပါတ်သက်လို့ ကသိကအောက် ဖြစ်ရတဲ့ ကိစ္စများလည်း ရှိတယ်။
အဲဒီကိစ္စမျိုးနဲ့ပါတ်သက်လို့ ပုံပြင်တွေ သာဓကတွေ အများကြီးရှိတဲ့အထဲက အကြောင်းတခုကတော့-
ရှေးက သုဝဏ္ဏဘူမိ သထုံခရိုင်မှာ ပေါင်ရွာလို့ခေါ်တဲ့ ရွာကြီးတရွာ ရှိတယ်။ ဒီရွာကနေ ပြီး ပင်လယ်ဘက်ကို ကြည့်လိုက်ရင် မျက်စိတဆုံး ကျယ်ပြန့်တဲ့ ကွင်းပြင်ကြီး ရှိတယ်။ မြေလွတ်မြေရိုင်းတွေက ပေါတယ်။ လုပ်ကိုင်စားလို့လည်း ကောင်းတယ်။ ဒါကြောင့် တခြားရွာက လူတွေဟာ ပေါင်ရွာကို ပြောင်းလာပြီး ဒီကွင်းပြင်ကြီးမှာ လယ်ယာတည်ကာ လုပ်ကိုင် စားသောက်နေကြတာလည်း ရှိတယ်။
ဒီလို လယ်လုပ်ဖို့ မြေရိုင်းတွေ ပေါများတဲ့ အချိန်မှာ ၀ါးဂရုရွာဘက်က ပြောင်းလာတဲ့ အိမ်ထောင် တအိမ်ထောင်ဟာ ပေါင်ရွာမှာ အခြေတကျ လယ်လုပ်နေကြတယ်။ ဒီလိုနေရင်းနဲ့ အဲဒီ အိမ်ထောင်က သားတယောက်ဟာ ရွာခံပေါင်ရွာက အမျိုးသမီးတယောက်နဲ့ အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျတယ်ဆိုရင်ပဲ ဒီလူဟာ ယောက္ခမအိမ်မှာ လိုက်ပြီး နေရတယ်။ ယောက္ခမရဲ့ လယ်ကိုပဲ လုပ်ရတယ်။ လူက အလုပ်ကလည်းကောင်း၊ ၀ိရိယကလည်း ရှိတော့ ယောက္ခမက အင်မတန် ချစ်တယ်။
ဒီလူ အိမ်ထောင်ကျလို့ ယောက္ခမအိမ် စရောက်တဲ့နှစ်မှာပဲ လယ်ထဲကို ဆင်းတယ်။ သူဟာ ဒီရွာရောက်လာတာ မကြာသေးတော့ ရပ်ဓလေ့ ရွာဓလေ့ကို သိပ်မသိသေးဘူး။
လယ်ထဲမှာ မနားမနေလုပ်ရင်း မိုးဦးကျလို့ လယ်ထွန်၊ ကောက်စိုက်၊ ပေါင်းသင်၊ သမန်းလိုက်၊ နွားစာရိတ်၊ နွားထင်းရှာနဲ့ ၀ါခေါင်လပြည့်နေ့ကို ရောက်လာတယ်။
သူဟာ လယ်လုပ်နေတဲ့ တချိန်လုံးမှာ မနက်မိုးလင်းတာနဲ့ လယ်ထဲဆင်းခဲ့ပြီး မိုးချုပ်ခါနီးမှ အိမ်ကို ပြန်တယ်။ မနက်စာကိုတော့ ဇနီးဖြစ်သူက လယ်ထဲဆင်းပို့တယ်။ ညစာကိုသာ အိမ်ပြန်စားတယ်။ လယ်ထဲမှ ကျွဲနွားအတွက်ပါ တဲထိုးထားတော့ လယ်က တဲမှာ အိပ်တဲ့အခါလည်း အိပ်တယ်။ ဒီလိုအိပ်တဲ့အခါ တဲမှာပဲ ချက်စားတယ်။ အလုပ်များချိန်ဆိုရင် ညဘက်ကို အိမ်မပြန်တော့ဘဲ လယ်ထဲက တဲမှာဘဲ အိပ်တာက များတယ်။ ၀ါဆိုဝါခေါင်လမှာ တော့ ရေစောင့်ရတဲ့ကိစ္စ၊ နွားထိန်းရတဲ့ ကိစ္စတွေကြောင့် လယ်ထဲက တဲမှာပဲ အိပ်လေ့ရှိတယ်။
ဒီလို နေ့မအား ညမအား အလုပ်လုပ်နေရင်းက ၀ါခေါင်လပြည့်နေ့ရောက်လာတော့ 'ဒီကနေ့ဟာ ကျောင်းကန်ဘုရား သွားတဲ့နေပဲ၊ ငါတော့ မအားလို့ မသွားနိုင်ဘူး။ ရွာက ရွှေအိုးမျှောပွဲ လုပ်ကြမှာ ဘယ်ကလောက် စည်မလဲတော့ မသိဘူး။ ညနေစောင်းမှ ရွာပြန်ပြီး ရွှေအိုးမျှောပွဲမှာ လုပ်ကြတဲ့ မုန့်ကို အ၀စားမယ်' လို့ တွက်ထားတယ်။
မွန်တို့ဒေသက တချို့ရွာတွေမှာ ၀ါခေါင်လပြည့်နေ့ကို ရွှေအိုးမျှောပွဲနေ့ရယ်လို့ အလှူပေးတဲ့နေ့ ရှိပါတယ်။ လုပ်ကြပုံက ခြင်းကြားကြီးကို အိုးကြီးသဏ္ဍာန်ရက်၊ ပိတ်ဖြူကို နနွင်းဆိုးပြီး ပတ်တယ်။ ရွှေအိုးကြီးနဲ့တူအောင် အ၀ါရောင် နနွင်းဆိုးတာပဲ။ ပြီးတော့ အတီးအမှုတ် အကအခုန်တွေနဲ့ ဆွမ်းတော်ကြီးခံလှည့်သလို ရပ်ထဲရွာထဲမှ ရွှေအိုးကြီးကို လှည့်ကြတယ်။ တချို့ ရွှေအိုးကျတော့ တခြားရွာများကိုတောင် ကူးပြီးလှည့်ကြတယ်။ ဒီအခါ ရွာသူရွာသားတွေက အိမ်ရှေ့ရောက်လာတဲ့ ရွှေအိုးကြီးထဲကို ခြံထွက်အသီးအနှံတွေ ထည့်ကြတယ်။ မုန့်တွေ ပဲတွေကိုလည်း ထည့်ကြတယ်၊ လှူကြတယ်။
ညနေစောင်းတော့ ဒီရွှေအိုးကြီးကို ဘုန်းတော်ကြီးကျောင်း ယူသွားပြီး ဘုရားစင်ရှေ့မှာ (နောက်တနေ့ မနက် အရုဏ်တက်မှာ ကပ်ဖို့) ချထားလိုက်တယ်။ အဲဒီညမှာတော့ တရွာလုံး ပျော်ကြရွှင်ကြနဲ့ စည်စည်ကားကား ရွှေအိုးလှူပွဲ ကျင်းပကြတယ်။ မနက်လင်းတော့မှ ရွှေအိုးကြီးကို ရေစက်ချလှူတယ်။ ပြီးတော့ အိမ်တွေအိမ်တွေ၊ အိမ်တိုင်းအိမ်တိုင်းကလည်း ညကလုပ်ထားတဲ့ မုံ့မျိုးစုံကို မြေရွက်အိုးမှာထည့်၊ တံခွန် ကုက္ကား မုလေးပွါးတွေနဲ့ လှလှပပပြင်ဆင်ပြီး လပြည့်မနက် အရုဏ်တက်မှာ မြစ်ထဲကို မျှောကြတယ်။ ရှင်ဥပဂုတ်ကို ပူဇော်တဲ့ သဘောမျိုးပဲ။ ဒါပေမယ့် ၀ါခေါင်လပြည့်နေ့ကို ရွှေအိုးလှူပွဲနေ့လိုပဲ ခေါ်ကြတယ်။
တချို့က ရွှေအိုးလှူပွဲဆိုတာ သုဇာတာအမျိုးသမီးက မြတ်စွာဘုရားသခင်ထံ ဃနာနို့ဆွမ်းကို ရွှေခွက်နဲ့တကွ လှူပြီးတဲ့နောက် မြတ်စွာဘုရားသခင်က အဲဒီရွှေခွက်ကို မြစ်ထဲ မျှောလိုက်တဲ့ အထိမ်းအမှတ်ပွဲလို့လည်း ဆိုကြတယ်။
ဒါနဲ့ လယ်သမားသမက်ဟာ ဒီကနေ့တော့ ၀ါခေါင်လပြည့်နေ့ပဲ။ ရွှေအိုးလှူပွဲတော့ ရွာမှာ လုပ်ကြလိမ့်မယ်။ မုန့်တွေ ပဲတွေ အလျှံပယ် လုပ်ကြမှာပဲ။ ရွာတက်ပြီး တ၀စားမယ်လို့ အားခဲပြီး နေမ၀င့်တ၀င်အချိန်မှာ လယ်ထဲက ရွာကို တက်ခဲ့တယ်။
အိမ်ရောက်လို့ လှေကားပေါ် တက်မိတာနဲ့ သူ့ဇနီးကို 'ကဲဟေ့ ငါမုန့်စားချင်လို့ တက်လာတာ။ ဘယ်မလဲမုန့်၊ ငါ့ကို မုန့်ကျွေးစမ်းပါ' လို့ လှမ်းပြောလိုက်တယ်။
ဒီတင် ဇနီးဖြစ်သူက ပြူးတူးပျာတာဖြစ်ပြီး၊ ဘာမှ ပြန်မပြောတော့ဘဲ မီးဖိုထဲရှိတဲ့ သူ့အမေဆီ ၀င်သွားကာ 'အမေ၊ အမေ့သမက် မောကြီးပန်းကြီးနဲ့ ဘာဖြစ်လာသလဲမသိဘူး။ ကွင်းကတက်လာပြီး မုန့်စားမယ်၊ မုန်းစားချင်တယ်နဲ့ မုန့်တောင်းစားနေတယ်' လို့ ကမန်းကတန်း ပြောလိုက်တယ်။
သမီးက ဒီလိုပြောလိုက်တော့ အမေဖြစ်သူကလည်း လန့်သွားတယ်။ 'ဘယ့်နှယ် ဒီအချိန်မှာ ကွင်းကနေ မုန့်စားဖို့ ပြန်လာရတာလဲ၊ အပမှီလာတယ်ထင်တယ်။ နေဦး၊ နင်လည်း တခြားခဏရှောင်နေ၊ ငါ သူ့အမေကို သွားပြီး အကြောင်းကြားလိုက်မယ်။ ပြီးတော့ နတ်ကတော်ဆီကိုပါ ၀င်ခဲ့မယ်' လို့ ပြောပြီး နောက်ဖေးလှေကားက ဆင်းသွားတယ်။
သမီးကလည်း မယောင်မလည်လုပ်ပြီး ရှောင်သွားတယ်။
ဒီလူဟာ အိမ်ပေါ်ရောက်တော့ ယောက္ခမရော သူ့ဇနီးရော မမြင်တာနဲ့ ဘယ်များသွား ကုန်ကြပါလိမ့်လို့ မတွေးတတ်အောင် ဖြစ်ပြီး အိမ်ဦးမှာပဲ ထိုင်နေလိုက်တယ်။
ယောက္ခမဖြစါသူဟာ (သူနဲ့ ခမည်းခမက်တော်တဲ့) သမက်ရဲ့အမေ့အိမ်ကို ပြေးသွားပြီး 'ရှင့်သား လယ်ထဲက ဘာဖြစ်လာသလဲ မသိဘူး။ အိမ်ရောက်တာနဲ့ မုန့်စားမယ်၊ မုန်းစားချင် တယ်လို့ အချိန်အခါမဟုတ် မုန့်တောင်းနေတယ်။ အပမှီလာသလား မဆိုနိုင်ဘူး။ အိမ်ကို တဆိတ်ပြေးကြည့်လိုက်ပါဦး၊ ကျွန်မ နတ်ကတော်ဆီ သွားလိုက်ဦးမယ်' လို့ ကတိုက်ကရိုက် ပြောပြီး နတ်ကတော်အိမ်ကို ထွက်သွားတယ်။
ဒီတင် အမေဖြစ်တဲ့သူက စိတ်ပူပြီး သူ့သားဆီကို အပြေးအလွှား လိုက်လာတယ်။ အိမ်ရောက်လို့ သူ့သားထိုင်နေတာကို တွေ့တော့ အကျိုးအကြောင်းမေးတယ်။ ဒီတော့ သားက 'ဒီကနေ့ ၀ါခေါင်လပြည့်နေ့ ရွှေအိုးမျှောပွဲနေ့မှာ မုန့်လုပ်ကြမယ်ထင်ပြီး မုန့်စားချင်တာနဲ့ ကွင်းက တက်လာခဲ့တာပဲ' လို့ ရှင်းပြတယ်။
အဲဒီလို ပြောလိုက်တော့မှ သူ့အမေဟာ ဘ၀င်ကျသွားပြီး 'ငါ့သား၊ ဒီလိုဆိုရင် ကွင်းထဲကို အခု ပြန်ဆင်းပေတော့။ ဒီအရပ်မှာ ရွှေအိုးမျှောပွဲ လုပ်တဲ့ ဓလေ့ မရှိဘူး၊ တို့ အရပ်နဲ့ မတူဘူး။ တို့ရပ်တို့ ရွာမှာဆိုရင် ၀ါခေါင်လပြည့်နေ့ ရွှေအိုးမျှောပွဲမှာ မုန့်တွေလုပ်ပြီး၊ လှူကြ၊ ဝေကြ၊ စားကြနဲ့ ပျော်စရာ ဖြစ်တာ။ ဒီမှာ ဒီဓလေ့ မရှိတော့ ငါ့သားလယ်ထဲက တက်လာပြီး မုန့်စားချင်တယ်လို့ ဆိုတာနဲ့ သူတို့က ငါ့သားကို အပမှီလာသလား၊ တစ္ဆေပူးလာသလားလို့ ထင်ပြီး အခု နတ်ကတော်ဆီ မေးရအောင် သွားနေလေရဲ့။ တော်တော်ကြာလို့ နတ်ကတော်ရောက်လာရင် ဘာလုပ်ညာလုပ်နဲ့ ငါ့သား ဒုက္ခဖြစ်နေဦးမယ်။ လယ်ထဲကို အခုပဲ ဆင်းတော့' လို့ သူ့သားကို လယ်ထဲ ပြန် အဆင်းခိုင်းလိုက်တယ်။
သားကလည်း အမေပြောတဲ့အတိုင်း ချက်ချင်းပဲ လယ်ထဲကို ဆင်းသွားတယ်။ သူ လယ်ထဲ ဆင်းသွားလို့ မကြာခင်ပဲ သူ့ ယောက္ခမနဲ့ နတ်ကတော် ရောက်လာတယ်။ ပြီးတော့ ယောက္ခမဖြစ်တဲ့သူက သူ့သမက်ကို မမြင်တာနဲ့ ဘယ်ထွက်သွားလဲလို့ မေးတယ်။
ဒီတော့ သားရှင် မိခင်က 'မုန့် မရှိရင်လည်း မစားတော့ပါဘူးလို့ ပြောပြီး ခုပဲ လယ်ထဲ ပြန်ဆင်းသွားတယ်' လို့ အဆင်ပြေမယ် ထင်သလို ပြောလိုက်တယ်။
ဒီလိုပြောလိုက်ပေမယ့် ယောက္ခမဖြစ်သူက မကျေနပ်ဘူး။ သူ့သမက်မှ အန္တရာယ် ကင်း မကင်း နတ်ပူးကြည့်ဖို့ နတ်ကတော်ကို ခိုင်းတယ်။ နတ်ကတော်ကလည်း နတ်ပူးပြီး 'လယ်နတ် အရှင်ကြီးက မုန့်စားချင်လို့ လိုက်လာတာ၊ အခု စိတ်ဆိုးပြီး ပြန်သွားတယ်။ စိတ်ပြေအောင် မုန့်ဖြူ မုန့်နီနဲ့ ပသရမယ်' လို့ ပြောတယ်။
ဒီစကား ကြားတာနဲ့ ယောက္ခမဖြစ်သူဟာ သမီးကို ခေါ်ကာ ချက်ချင်း မုန့်ဖြူ မုန့်နီ လုပ်ပြီး လယ်နတ် အရှင်ကြီးကို ပသ ပူဇော်လိုက်တယ်။ ဒီလို လယ်စောင့်အရှင်ကြီးကို ပသ ပူဇော်ပြီးတာနဲ့ အဲဒီမုန့်တွေကို သမက်ရှိရာ လယ်ထဲကို ချက်ချင်းပို့လိုက်တယ်။ ဒါကြောင့် ၀ါခေါင်လပြည့်နေ့ ညနေမှာ မုန့်စားချင်နေတဲ့ သမက်ဟာ သူ စားချင်တဲ့ မုန့်မျိုး မဟုတ်ပေမယ့် နတ်တင်တဲ့မုန့်ကိုတော့ စားလိုက်ရတယ်။
လူထုဦးလှ။
[လူထုဦးလှ ရဲ့ မွန်ပုံပြင်များ၊ ပဉ္စမတွဲ၊ ၁၉၉၉ စက်တင်ဘာ၊ ပထမနှိပ်ခြင်းမှ ကူးယူ ဖော်ပြပါတယ်။]

Wednesday, May 6, 2009
အင်္ဂလိပ်စကားပြောတတ်ချင်သူများအတွက်
ရေးသူ- လူထုစိန်ဝင်း
"ကျွန်တော့်သမီးက အင်္ဂလိပ်စာအဓိကနဲ့တော့ ဘွဲ့ရပြီးပါပြီ။ ဒါပေမယ့် စကားလည်း မပြောနိုင်၊ သတင်းစာတွေ မဂ္ဂဇင်းတွေလည်း မဖတ်နိုင်ပါဘူး။ သံရုံးတွေကဖွင့်တဲ့ သင်တန်း တွေလည်း တက်နေတာပဲ။ ဒါပေမယ့် ထင်သလောက် တိုးတက်မလာဘူး၊ အဲဒါဘာဖြစ်လို့လဲ"
အနှစ် (၂၀) လုံးလုံး စကားပြောသင်တန်းဆရာလုပ်လာတဲ့ ကာလတလျှောက်မှာ ဒီစကားမျိုး နေ့တိုင်းကြားခဲ့ရပါတယ်။ သင်တန်းလာတက်ကြတဲ့ လူအားလုံးလိုလိုလည်း ဒီအတိုင်းပါပဲ။ အင်္ဂလိပ်စာသင်တဲ့ ဆရာမတော့ လုပ်နေပါရဲ့။ အင်္ဂလိပ်စကားတော့ မပြောတတ်။ အင်္ဂလိပ်စာအုပ်တွေတော့ မဖတ်တတ်ပါဘူး။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ တော့ ဖြစ်လာပါရဲ့။ နိုင်ငံခြားသားတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့အခါကျတော့ ပြောတတ်ဖို့ ဆိုတတ်ဖို့ ဆိုတာထား။ သူပြောတာကိုတောင်မှ သေသေချာချာနားလည် သဘောပေါက်နိုင် စွမ်း မရှိကြပါဘူး။
မကြိုးစားကြလို့လား ဆိုတော့လည်း မဟုတ်ပါဘူး။ ဒီခေတ် ကလေးတွေလောက် တပင်တပန်း ကြိုးစားအားထုတ်ကြတာမျိုး တွေ့တောင်မတွေ့ဖူးပါဘူး။ ကိုယ့်ခေတ်၊ သူတို့မိဘ တွေ ခေတ်တုန်းကလည်း သူတို့လို သင်တန်းတကာ ကျူရှင်တကာလည်း တက်ရတာမျိုး မရှိခဲ့ပါဘူး။ သူတို့ခမျာတွေကျတော့ တနေ့ ကျူရှင်တွေနဲ့သာ အချိန်ကုန်နေကြရရှာတာပါ။ အိမ်ဆိုတာ အိပ်ဖို့နေရာကလေးတခုလောက်သာ သူတို့အတွက် အဓိပ္ပါယ် ရှိပါတော့တယ်။ စားတာလည်း ကျူရှင်တခုနဲ့တခုကြား အားတဲ့အချိန်တိုလေးမှာ ထမင်းဗူးဖွင့်ပြီး ၀မ်းဗိုက်ပြည့် ပြီးရောဆိုတဲ့ သဘောနဲ့ ကတိုက်ကရိုက် စားကြရရှာတာပါ။ မြန်မာကလေးတွေရဲ့ ပင်ကိုယ် ဥာဏ်ရည်ဥာဏ်သွေးကလည်း မညံ့ပါဘူး။ ထုံထုံထိုင်းထိုင်း အစားထဲက မဟုတ်ကြပါဘူး။ ဒါတောင်မှ ဘာဖြစ်လို့ ဒီခေတ်ကလေးတွေ အင်္ဂလိပ်ဘာသာစကား အပြောအဆို၊ အရေးအဖတ်မှာ မစွမ်းကြတာလဲဆိုတာကို လေ့လာသုံးသပ်ကြည့်ဖို့ကောင်းပါတယ်။
နှစ်ပေါင်း (၂၀)ကျော် အင်္ဂလိပ်စကားပြောသင်တန်းလေး ဖွင့်ပြီး သင်ကြားလာတဲ့ အတွေ့အကြုံအရ သုံးသပ်ကြည့်မိတာကတော့ သူတို့ သင်ယူပုံ သင်ယူနည်း မှားနေတယ် လို့ ထင်ပါတယ်။ ဒီနေ့ကလေးတွေက ဆရာနဲ့ ကျူရှင်ကို သိပ်အားထားလွန်းပါတယ်။ ကိုယ်တိုင် အားထုတ်လုပ်ကိုင်မှု အပိုင်းက အားနည်းပါတယ်။ ကျောင်းနဲ့ ကျူရှင်တွေမှာသာ အချိန်ကုန် နေလေတော့ ကိုယ်တိုင်အားထုတ်လုပ်ကိုင်ဖို့ အချိန်ရယ်လို့ သိပ်များများစားစား မကျန်တော့ ပါဘူး။
ပညာတရပ်ကို တတ်မြောက်ကျွမ်းကျင်ဖို့ရာမှာ ဆရာသင်တာနဲ့တင် မပြီးပါဘူး။ ကိုယ်တိုင် အလေ့အကျင့်လုပ်ဖို့ လိုပါတယ်။ စက်ချုပ်တာ၊ ဆံပင်ညှပ်တာလို ကိစ္စမျိုးတောင် များများလေ့ကျင့်မှ လက်ရာကောင်းလာတာမျိုး မဟုတ်လား။ ကိုယ့်သင်တန်းမှာ (၁၀) တန်းအဆင့်ကို အနိမ့်ဆုံးထားပြီး လက်ခံတာကြောင့် မြန်မာပြည်က (၁၀) တန်းအဆင့် ကလေးများဟာ အလုပ်ခွင်မှာ အသုံးချရုံလောက် အင်္ဂလိပ်စာအခြေခံကိုတော့ လုံလောက်အောင် သင်ယူခဲ့ကြပြီးဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ လုပ်ငန်းခွင်အသုံးချရုံ သက်သက်ဆိုရင် သူတို့ သင်ယူခဲ့ရတဲ့ သဒ္ဒါအခြေခံနဲ့တင် လုံလောက်ပါတယ်။ ထပ်ပြီး အချိန်ဖြုန်း သင်ယူနေဖို့ မလိုတော့ပါဘူး။ (၁၀) တန်းသင် သဒ္ဒါလောက်နဲ့ နေ့စဉ်သတင်းစာတို့ မဂ္ဂဇင်းတို့ ဖတ်လို့ရပါတယ်။
မပြောတတ်ဘူး၊ မရေးတတ်ဘူး၊ မဖတ်တတ်ဘူးလို့ ညည်းတွားနေသူတွေကို ဘယ်လောက်များများ ပြောခဲ့၊ ရေးခဲ့၊ ဖတ်ခဲ့ဖူးလဲလို့ မေးခွန်းထုတ်ကြည့်ပါ။ တကယ်တမ်း ကျတော့ ဘယ်သူမှ ပြောဖို့၊ ဖတ်ဖို့၊ ရေးဖို့ အလေ့အကျင့် လုံလုံလောက်လောက် မလုပ်ကြဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ မပြောဘဲနဲ့ ဘယ်လိုလုပ် ပြောတတ်မှာလဲ။ မရေး မဖတ်ဘဲနဲ့လည်း ဘယ်လိုလုပ် ရေးတတ် ဖတ်တတ်မှာလဲ။
တကယ်က (၁၀) တန်း အခြေခံလောက် ရှိထားပြီဆိုရင် စာဖတ်တတ်အောင်၊ ရေးတတ်အောင် ကျူရှင် ထပ်တက်ဖို့ မလိုပါဘူး။ ကိုယ့်ဟာကိုယ် အိမ်မှာနေရင်း အဖတ်ကျင့် အရေးကျင့်နေရင် ရပါတယ်။ ကိုယ်နားလည်နိုင်တဲ့ အရေးအသားမျိုးနဲ့ ရေးထားတဲ့ ကျောင်းသားဖတ် ပုံပြင်စာအုပ်တွေ၊ ၀တ္ထုစာအုပ်တွေ အများကြီး ရှိပါတယ်။ သံရုံးစာကြည့်တိုက်တွေမှာ စာလုံးရေ (၁၅၀၀- ၂၀၀၀) လောက်နဲ့ရေးထားတဲ့ စာအုပ်မျိုးက စပြီး စာလုံးရေ သုံးလေးငါးထောင်နဲ့အထိ အဆင့်လိုက် ရေးသားတဲ့ စာအုပ်တွေ အများကြီး ရှိပါတယ်။ ဂန္တ၀င် စာကြီး ပေကြီးတွေကို ကျောင်းသားလေးတွေ ဖတ်နိုင်အောင်၊ သူတို့ အရွယ်အသီးသီးနဲ့ လိုက်တဲ့ ဝေါဟာရလောက်နဲ့ ရေးသားပေးထားကြပါတယ်။ ဒီစာအုပ်မျိုး တွေ ဖတ်သားရပြီဆိုရင် မူရင်းဝတ္ထုစာအုပ်ကြီးတွေ ဖတ်တဲ့အခါ သိပ်အခက်အခဲ မဖြစ်တော့ ဘူးပေါ့။ ဇာတ်လမ်း သဘောက နားလည်ပြီဆိုတော့ အင်္ဂလိပ်စာ အရေးအသားနဲ့ စကားလုံး ဝေါဟာရတွေကို စဉ်းစားဖို့ လွယ်ကူသွားပြီ ဖြစ်ပါတယ်။ အဲဒါကြောင့် သင်တန်းသားများကို စာဖတ်နိုင်သလောက် များများကြီးဖတ်ပေးကြဖို့ အမြဲအကြံပေးပါတယ်။ အင်္ဂလိပ်စာကို ဖတ်ပြီး အသေအချာ နားလည်ပြီဆိုရင် ပြန်ရေးဖို့ မခက်လှတော့ပါဘူး။
စာရေးလေ့ကျင့်ဖို့လည်း "How to Write" စာအုပ်မျိုးတွေ ဖတ်ပြီး ကျက်မှတ်နေဖို့ မလိုပါဘူး။ ကိုယ်တနေ့တာ လုပ်ခဲ့သမျှတွေကို အင်္ဂလိပ်လို ဒိုင်ယာရီရေးတဲ့ အကျင့်လေး လုပ်ထားရင် ပြီးတာပါပဲ။ စာကို အင်္ဂလိပ်လို စရေးခါစမှာတော့ ကိုယ်ပြောချင်တာကို လိုက်ရေးဖို့ အခက်တွေ့မှာပါ။ ဒါပေမယ့် မရှက်မကြောက် ကိုယ်ရေးတတ်သလိုသာ ဆက်ပြီး ရေးဖြစ်အောင် ရေးပါ။ ဒိုင်ယာရီဆိုတာ တခြားသူ ဖတ်တာမှ မဟုတ်ပဲ။ ကိုယ့်ဟာကိုယ် ဖတ်တာဆိုတော့ မှားလည်း ရှက်စရာ မရှိဘူး မဟုတ်လား။ တလ ကိုးသီတင်း နေ့စဉ်မပျက် ရေးပြီးပြီဆိုရင် ရေးစက အခက်အခဲ ဖြစ်နေတာလေးတွေကို အလွယ်တကူနဲ့ ရေးချနိုင်တာကို တွေ့ရပါလိမ့်မယ်။ ဒိုင်ယာရီရေးလို့ အတော်လေးသွက်လာပြီဆိုရင် အက်ဆေးလေးတွေ ရေးကြည့်ပါ။ မကြောက်ပါနဲ့။ အင်္ဂလိပ်စကားပြောတဲ့ အင်္ဂလိပ်လူမျိုး၊ အမေရိကန်လူမျိုးတွေ ထဲမှာလည်း ကိုယ့်လောက်တောင် အင်္ဂလိပ်စာ မဖတ်တတ်၊ မရေးတတ်သူတွေ ရှိနေပါလား ဆိုတာကို အမြဲခေါင်းထဲမှာ ထည့်ထားပါ။ ဒီနေ့ကမ္ဘာမှာ ထိပ်တန်းရောက်နေတဲ့ ဂျပန်လူမျိုး အများစုဟာ မြန်မာတွေလောက် အင်္ဂလိပ်စကား၊ အင်္ဂလိပ်စာ မတတ်ကြပါဘူး။ မပြောတတ် ဘူး။ မပြောတတ်ဘူးဆိုတဲ့ မြန်မာတွေ နိုင်ငံခြားရောက်သွားတဲ့ အခါမျိုးမှာ ကိုယ်လိုချင်တာ လုပ်ချင်တာကို တဖက်သား နားလည်လောက်အောင်တော့ ပြောတတ်ပါတယ်။ ဂျပန်တွေ မပြောတတ်ဘူးဆိုရင် တကယ်ကို ဘာဆိုဘာမှ မပြောတတ်တာပါ။ အဲဒီလို မပြောတတ် ပေမယ့် ဂျပန်တွေကို လူတကာက တလေးတစား ဆက်ဆံနေကြရတာ မဟုတ်လား။
စာရေး စာဖတ်တတ်ဖို့ ကျူရှင်တက်စရာ မလိုပါဘူး။ ကိုယ့်ဟာကိုယ် များများဖတ်ကျင့် လုပ်လို့ ရပါတယ်။ အင်္ဂလိပ်စကားပြောဖို့ကျတော့ အဖော်များများ လိုပါတယ်။ တယာက်တည်း စာအုပ်ဖတ်ပြီး အလွတ်ကျက်ရုံနဲ့ မပြောတတ်ပါဘူး။ သိပ်တတ်ချင်လွန်းလို့ တယောက်တည်း ဆရာကို အိမ်ခေါ်သင်လည်း မပြောတတ်ပါဘူး။ စာအုပ်ထဲမှာပါတဲ့ အပြန်အလှန် စကားပြော ခန်းတွေကြည့်ပြီး ဆရာတလှည့် ကိုယ်တလှည့် ပြောနေရုံနဲ့ မရပါဘူး။ အဲဒီလိုလုပ်လို့ ပြောနည်းကိုသာ သိနိုင်ပါတယ်။ အသံထွက်မှန်အောင်သာ ဆရာက ပြင်ပေးနိုင်ပါတယ်။ ရောက်တတ်ရာရာ အကြောင်းအရာတွေကို နှုတ်သွက်အာသွက် ပြောထွက်လာအောင်တော့ ဆရာက မတတ်နိုင်ပါဘူး။ ဒီလိုဖြစ်အောင် ပြောဖက် အဖော်များများရှိဖို့ လိုပါတယ်။ အဖော်များတော့ တယောက်တပေါက်နဲ့ ရောက်တတ်ရာရာတွေ ပြောဖြစ်ကြပါတယ်။ အားလုံးက မတတ်သေးလို့ တတ်အောင် လေ့ကျင့်နေကြသူတွေချည်းဆိုတော့ ရှက်ရွံ့နေစရာ လည်း မလိုဘူးလေ။ ကိုယ့်ထက် အားနည်းသူက သူပြောချင်တာ မပြောတတ်လို့၊ ဝေါဟာရမသိလို့ မေးရင် ကိုယ်က ရှင်းပြပေးနိုင်သလို၊ ကိုယ့်ထက် အားသာသူနဲ့ တွေ့တော့လည်း ကိုယ်ကမေးနိုင်တာပေါ့။ မေးတာပဲ ဖြစ်ဖြစ်၊ ဖြေတာပဲ ဖြစ်ဖြစ် ကိုယ့်ပါးစပ်က စကားတွေ ပြောနေရတယ် မဟုတ်လား။ တခုတော့ ရှိပါတယ်။ စကားဝိုင်းမှာ မြန်မာလို လုံးဝမပြောရဆိုတဲ့ စည်းကမ်းတော့ ချထားဖို့ လိုပါတယ်။ အင်္ဂလိပ်စကားပြောကျင့်တယ်ဆိုပြီး မြန်မာလိုတွေ ပြောနေလို့ အလကားပဲ ဖြစ်မှာပေါ့။
နှုတ်သွက်လျှာသွက် ဖြစ်ဖို့သာ အဖော်များများ လိုတာပါ။ ကျန်တာတွေက ကိုယ့်ဟာ ကိုယ် အလေ့အကျင့် လုပ်လို့ ရပါတယ်။ နားလေ့ကျင့်တာလည်း အိမ်မှာ ရုပ်ရှင်ကားတွေ ကြည့်ရင်း၊ သီချင်းတွေ ဖွင့်နားထောင်ရင်း လုပ်လို့ရပါတယ်။ အင်္ဂလိပ်စကားပြောအခွေတွေ ဈေးကြီးကြီးပေးဝယ်ပြီး၊ နားထောင်ဖို့ မလိုပါဘူး။ ဒီအခွေတွေ နားထောင်ရတာ ကြာတော့ ငြီးငွေ့ပြီး နားမထောင်ချင်တော့ပါဘူး။ သီချင်းခွေဆိုတော့ အကြိမ်ရာထောင် နားထောင်လည်း ငြီးငွေ့တယ် မရှိဘူးလေ။ သီချင်းလိုက်ဆိုတာဟာ အသံထွက်မှန်ဖို့ လေ့ကျင့်ရာလည်း ရောက် ပါတယ်။
ပညာဆိုတာ ယူတတ်ရင် ရုပ်ရှင်ကလည်း ရပါတယ်။ သီချင်းကလည်း ရပါတယ်။ ဆေးညွှန်းစာရွက် ဖတ်ရင်လည်း ယူလို့ရပါတယ်။ (၁၀) တန်းအခြေခံလောက် သင်ယူထားပြီး သူတယောက်ဟာ အင်္ဂလိပ်စကားကို အလုပ်ဖြစ်ရုံလောက်သာ လိုအပ်တာဖြစ်ရင် ကျူရှင်တွေ ကျောင်းတွေ ထပ်တက်နေစရာ မလိုပါဘူးဆိုတာ ထပ်ပြီးပြောချင်ပါတယ်။ အလုပ်ဖြစ်ရုံ လောက်မဟုတ်ဘဲ အင်္ဂလိပ်စကား အင်္ဂလိပ်စာကို အဓိကထားပြီး လုပ်ရတဲ့ အလုပ်မျိုးဆိုရင် သာ ထပ်ပြီး သင်ယူဖို့ လိုပါတယ်။
ပညာဆိုတာ ဘယ်ပညာမဆို သင်ယူလို့ ကုန်သွားပြီ မရှိပါဘူး။ အသက်ထက်ဆုံး သင်နေဖို့ လိုအပ်တာချည်း ဖြစ်ပါတယ်။ ဒါပေမယ့် သင်ယူတယ် ဆိုတာမှာ ကျူရှင်တက်မှ ကျောင်းတက်မှ ဖြစ်တာ မဟုတ်ပါလားဆိုတာ အမြဲသတိ ပြုသင့်ပါတယ်။ ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရပါတယ်။ ကျူရှင်တွေ ဘယ်လောက်တက်တက်၊ ဆရာတွေ ဘယ်လောက် သင်သင်၊ ကိုယ်တိုင် အလေ့အကျင့် မလုပ်လို့ကတော့ ဘယ်တော့မှ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်မလာနိုင်ဘူးဆိုတာလည်း အမြဲသတိပြုသင့်ပါတယ်။
နောက်ဆုံး နိဂုံးချုပ် ပြောလိုက်ချင်တာကတော့-
အင်္ဂလိပ်စာ ဖတ်တတ်ချင်ရင် အင်္ဂလိပ်စာ များများဖတ်။
အင်္ဂလိပ်စာ ရေးတတ်ချင်ရင် အင်္ဂလိပ်စာ များများရေး။
အင်္ဂလိပ်စကားပြောတတ်ချင်ရင် အင်္ဂလိပ်စကား များများပြော။
ဒီနည်း (၃) နည်းကလွဲပြီး တခြားနည်းလမ်း မရှိဘူးဆိုတာပဲ ဖြစ်ပါတယ်။
လူထုစိန်ဝင်း။
{မဟေသီမဂ္ဂဇင်း၊ အမှတ်(၈) ၂၀၀၃ ခုနှစ်။}
[လူထုစိန်ဝင်းရဲ့ ပိတောက်မြေက မဟေသီနဲ့ရွှေအမြုတေ စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၄ ခုနှစ်၊ စက်တင်ဘာ၊ မှ ကူးယူဖော်ပြပါတယ်။]

Tuesday, May 5, 2009
ခွပ်လိုက်ကြစို့သူငယ်ချင်း- ချက်လက်ဖက်ရည်လာပြီ
ရေးသူ-အီကြာကွေး
[မမျှော်လင့်ဘဲ မိုးဝေမဂ္ဂဇင်း၊ လ ၂၀၀ ပြည့်အထူးကို ကောက်လှန်လိုက်တာ၊ ဆရာကြီးကွေး ဆောင်းပါးလေး ပြန်ဖတ်မိတာ၊ စိတ်တွေက ဟိုး အနှစ်နှစ်ဆယ်ကျော် ပြန်ရောက်သွားတယ်။
တလောတုန်းက ပြည်တွင်းက သူငယ်ချင်းတယောက်နဲ့ စကားစပ်မိလို့ ဗမာပြည်မှာ လက်ဖက်ရည်တခွက် ဘယ်လောက်လဲ မေးကြည့်လိုက်တာ တခွက် ကျပ် ၃၀၀ တဲ့။ အား..ပါး..။
ခု လက်ဖက်ရည်တခွက်ဖိုးက တို့ RIT မှာ ကျောင်းတက်တဲ့ ၁၉၇၀ လောက်က လက်ဖက်ရည်ဆိုင်တဆိုင် သားသားနားနား တည်လို့ရပါလား- လို့ပြောလိုက်မိတယ်။ အဲဒီတုန်းက လက်ဖက်ရည် တခွက်မှ ပြား သုံးဆယ်။
ကိုယ်ထောင်ကထွက်ပြီး၊ ၆နှစ်အကြာ၊ မိုးဝေ လ ၂၀၀ ပြည့်ကာလ (၁၉၈၄) မှာတောင်၊ ဆရာကြီးကွေး ဆောင်းပါးအလိုအရ တကျပ်၊ ငါးမတ်ပဲ ရှိသေးတယ်။ ခု ကျပ် ၃၀၀ တဲ့။ အဆပေါင်း ၃၀၀ လောက်မြင့်သွားပြီ။
ကွေးကြီးကို အမှတ်ရပြီး... ဒီဆောင်းပါးကို မာယာက ပြန်လည် ဆန်းသစ်ပါတယ်။
အယ်ဒီတာ-မာယာမဂ္ဂဇင်း။]
'လက်ဖက်ရည် အဖန်သောက်ရင်လ၊
ကျက်သရေ အမြန်ရောက်ပါလိမ့်၊
ကြံသလောက် ပြီးတဲ့ရေ'
ကြံသလောက် ပြီး မပြီးကား အမှန်မသိ။ ကျက်သရေ အမြန်ရောက် မရောက်လည်း မသေချာ။ လက်ဖက်ရည်အဖန်ခေါ် ရေနွေးကြမ်းကို များများ သောက်လျင် ရေအိမ်သို့ အခေါက်ခေါက် ပြေးရမည်ကိုကား သေချာစွာ သိသည်။
လက်ဖက်ရည်ကို ပေါ့ပေါ့မထင်နှင့်။ ဟိုးရှေးယခင်ခါက လက်ဖက်ရည် သောက်သင့် မသောက်သင့် ပြဿနာနှင့် ပတ်သက်၍ ကဗျာတိုက်ပွဲတွေ၊ ဘာတွေပင် ဖြစ်ခဲ့ဖူးသည်။ သောက်သင့်သည့်ဘက်မှ....
"လက်ဖက်ရည်သောက်ရမှ နောက်သမျှ အေးမယ်။ ခြောက်န၀ ဘေးမတွယ်အောင် ဆေးသဖွယ် မှတ်သုံး"
ဟု လက်ဖက်ရည်ကို ဂုဏ်တင်လိုက်သောအခါ မသောက်သင့်ဘက်မှ...
"လက်ဖက်ရည် သောက်လှလို့၊ ယောက္ခမဆဲဆို၊ ခြောက်န၀ ကဲပိုတယ်။ သဲဖိုလို့ပိန်ချုံး"
ပက်ပက်စက်စက် နစ်နစ်နာနာ လက်ဖက်ရည်ကို သိက္ခာချ ပစ်လိုက်သည်။ ဤတွင် နှစ်ဖက် ဖျန်ဖြေရေးသမားက နင်တော်နင်တန် ပန်းကန်ကွဲဟု ရန်ပွဲကြားသို့ ၀င်လာသည်။
"လက်ဖက်ရည်ဒွိဟမှာ၊ အနိဌ-ဣဌာ၊ မမိကြ ဒိထာကို၊ သိသာရုံဖော်ခွင့်၊ ဘေးနှစ်ဝလျှောက် မြွက်စာကို၊ ကောက်ချက်ရှာ ညွှန်းပြပေသင့်"
မည်သို့ပင်ဖြစ်စေ၊ လက်ဖက်ရည် ကဗျာတိုက်ပွဲမှာ အရှုံးအနိုင်မရှိ သရေပွဲဖြင့် ပြီးသွားသည်။ ဟိုဘက် ဒီဘက် ချွတ်လား တက်ကြသေးသော်လည်း ဖျန်ဖြေသူများက ထပ်ဖျန်ဖြေ၍ သရေမှ ထပ်ဆင့်သရေ ဖြစ်သွားလေသည်။
အထက်ပဝေ ရှေးအခါက၊ လက်ဖက်ရည်ရေးရာတွင် အပြီးသတ် အဆုံးအဖြတ် မပေးနိုင်ခဲ့ပေ။ သောက်သင့်သလား၊ မသောက်သင့်ဘူးလား၊ ပြတ်ပြတ်သားသား မဖြစ်ခဲ့။ ယနေ့အချိန်တွင် လက်ဖက်ရည်ဆိုင်များ တိုးပွါးလာခြင်း၊ ဆိုင်တိုင်းတွင် ကြက်ပျံမကျ၊ ငှက်ပျံမကျ စည်ကားနေခြင်းတို့ကို ထောက်ချင့်လျင်၊ သောက်သင့်သည်အဆိုကို လူတွေ လက်ခံပုံရသည်ဟု ယူဆရပေတော့မည်။
"၀မ်းတီး တူးကော် ၀မ်းတီး ချိုပေါ့ကျမယ်"
"တူးတီး ချိုဆိမ့်"
မည်သည့်ဆိုင် ၀င်သွားသွား ထိုအသံများ ကြားရမြဲ။ လက်ဖက်ရည်ဆိုင်စကား၊ လက်ဖက်ရည်ဆိုင် ဘာသာဗေဒကို ဂုရုကွေး လေ့လာမိတာ ကြာပြီ။ စားပွဲထိုး လူငယ်များမှာ ပြေးဟယ်၊ လွှားဟယ်၊ ခုံသုတ်ဟယ်၊ ရေနွေးချဟယ်နှင့် ဒလက်လည်အောင် လှုပ်ရှားနေရ သည်။ အလုပ်များနေရသည်။ သူတို့ စကားရှည်ရှည် မပြောနိုင်။ ပြောချိန်မရ။ ပြောခွင့်မသာ။ အခြေအနေအရ ဖျော်သမားနားလည်အောင် စကားတို သုံးရသည်။ ဤမှ စတင်၍ ၀မ်းတီး တူးကော်တို့၊ တူးတီး သရီးကော်တို့ အတိုကောက်အသုံးအနှုန်းတွေ ပေါ်ပေါက်လာရသည်။ လက်ဖက်ရည်ကို အတိုကောက် တီး၊ ကော်ဖီကို အတိုကောက် ကော်၊ နံပြားကို အတိုကောက် နံ။ သူတို့ အတိုကောက် လုပ်လို့ မရသေးတာ တခုပဲ ရှိသည်။ အီကြာကွေး။ အီကြာကွေးကိုကား သူတို့ အတိုကောက် ခေါ်၍ မရရှိသေး။ အချို့ဆိုင်များက (ကြာကွေး) ဟု စမ်းသပ်ကြည့်ဘူးသေး သော်လည်း ဘာတွေကြာ၍ ဘာတွေကွေးမှန်း မရှင်းလင်းသဖြင့် (အီကြာကွေး) ပဲ ပြန်ခေါ် နေရသည်။
"၀မ်းတီး နံ ထော ၀မ်း"
ဝမ်းတီးကို သိပြီးဖြစ်၍ ထားတော့။ နံ ထော ၀မ်းက ဘာပါလိမ့်။ သူတို့အလိုအရ ဒီလိုဆိုပဲ။ နံ က နံပြား။ ထော က ထောပတ်သုတ်။ ၀မ်းက တချပ်။ နံထောဝမ်း မှာ နံပြားထောပတ်သုတ် တချပ်ဖြစ်သည်။ နံပြား ယိုသုတ်တချပ် ဆိုလျှင် သူတို့အခေါ်အရ (နံ ယို ၀မ်း) သို့မဟုတ် (၀မ်း နံ ယို)။ ဂုရုကွေး နံပြားယိုသုတ် မစားတာ ကြာပြီ။ (၀မ်း နံ ယို) ကို အခြားအဓိပ္ပါယ်တမျိုး တွေးမိသဖြင့် အန်ချင်သောကြောင့် ဖြစ်သည်။
ဂုရုကွေး လက်ဖက်ရည်နှင့် ရင်းနှီးခဲ့တာ ကြာပါပြီ။ ဓနုဖြူတွင် နေစဉ် ဟိုရှေးယခင် ကလေးဘ၀ ကတည်းက ဖြစ်သည်။
ထိုစဉ် ကတည်းက သောက်ခဲ့သည်မှာ ယခု အသက်နှစ်ထောင် ဂုရုကွေးဖြစ်လာသည် အထိ သောက်တုန်း သောက်ဆဲ သောက်မြဲပင်။
"ဂုရုကွေး လာဗျို့ ထိုင်"
လက်ဖက်ရည် ဆိုင်ထဲမှ အပေါင်းအသင်းများက လှမ်းခေါ်ကြသည်။ ဂုရုကွေး ခုံလွတ် တလုံးတွင် ၀င်ထိုင်လိုက်သည်။
"လက်ဖက်ရည်လား ကော်ဖီလား"
"လက်ဖက်ရည် ပေါ့ ချို ဆိမ့်"
"ကိုယ်ဟာကိုယ်မှာ ကိုယ်သောက်တာ ကိုယ်ရှင်း"
"ဟေ... ဘယ်လိုလဲကွ။ မင်းတို့ တိုက်မယ်မှတ်လို့ ငါဝင်လာတာ"
"မတိုက်နိုင်တော့ဘူး ဂုရုကွေး။ ကိုယ်သောက်တာကိုယ်ရှင်း၊ ဖောရိန်းစစ်စတန်ပဲ။ သည်ဝိုင်းတ၀ိုင်းလုံး တကာမရှိဘူး။ ကိုယ့်တာဝန်ကိုယ်ယူပဲ"
"အေး... ဒီလိုပဲ ဖြစ်ရတော့မှာပေါ့ကွာ၊ ၀မ်းတီး ချို ဆိမ့်ဟေ့။ မုံ့မချနဲ့ ရေနွေးချ"
လက်ဖက်ရည် မိတ်ဆွေ အတော်များများ ဖောရိန်းစစ်စတန်ခေါ် ကိုယ်သောက်တာ ကိုယ်ရှင်းစနစ် ကျင့်သုံးနေကြသည်ကို တွေ့ရသည်။ မှန်သည်။ တ၀ိုင်းလုံး တကာခံရမည်ဆို တော့ နည်းတဲ့ ပိုက်ဆံမှ မဟုတ်တာ။
မသောက်ရ မနေနိုင်လို့သာ ၀င်သောက်ရတာ အိတ်ကပ်ထဲမှာ၊ ကိုယ့်တယောက်စာပဲ ပါတယ်။ မိတ်ဆွေနဲ့ ဆုံနေရင် မခေါ်အခက် ခေါ်အခက်။ ဒီတော့ မမြင်ဟန် ဆောင်နေလိုက်တာ အကောင်းဆုံးပါပဲ၊ ဒါတောင် အလိုက်ကန်းဆိုး မသိသူတွေက လာလာနှုတ်ဆက်ကြသေး။ လက်ဖက်ရည် တိုက်ခိုင်းကြသေးတယ်။
လက်ဖက်ရည်ချိုး မိတ်ဆွေတယောက်က ချူသံပါအောင် ညည်းပြသွားသည်။ သူ့ဘက်ကကြည့်သော် သူပြောတာ ဟုတ်ပါသည်။ သူ့မှာ ဘာအလုပ်မှ ဟုတ်တိပတ်တိမရှိ၍ ၀င်ငွေမမှန်။ သူတပါးအား လက်ဖက်ရည်တိုက်ကျွေးခြင်း ဒဏ်ကို သူဘယ်လို ခံနိုင်မည်နည်း။
ဂုရုကွေး အကြံတခုရသဖြင့် ခြံထဲမှ သင်္ဘောမယ်ဇလီရွက်၊ ဒန့်သလွန်ရွက်များ ခူးသည်။ ကတ်ကြေးဖြင့် အမျှင်မျှင်ဖြစ်အောင် ကိုက်ဖြတ်ကာ နေခြောက်လှန်းသည်။ ဗန်းကြီးက တဗန်း အပြည့်ပင်။ ထိုဗန်းကြီးကို ကျီးမထိုးရန်၊ ခွေးမနင်းရန် တုတ်တချောင်းကိုင်၍ အနားမှ ထိုင်စောင့်သည်။
"ဟေ့ လူကြီး ဘာရွက်တွေ လှန်းနေတာလဲ။ ဆေးဖော်မလို့လား"
ဟာကြူလီငပျော့ ရောက်လာပြီး ဂုရုကွေးကို နောက်သည်။ ဒီကောင့်အလုပ်က ဒါပဲ။ ဂုရုကွေးလုပ်သမျှ ကောင်းကောင်းဆိုးဆိုး လိုက်နောက်ဖို့ပဲ။
"ဘာရွက်ဖြစ်ဖြစ်ပေါ့ကွာ။ မပြီးခင် ငပျော့မမြင်စေနဲ့တဲ့။ ပြီးတော့ သိမှာပေါ့။ မင်းအား တယ် မဟုတ်လား။ ဈေးထဲသွားပြီး မုန့်လုပ်ထန်းလျက် နှစ်ဆယ်သားလောက် ၀ယ်ပေးစမ်း ကွာ"
နေ လေးငါးရက် ကောင်းကောင်းမိလိုက်သဖြင့် အရွက်များ ချောက်လုနီးနီး ဖြစ်နေ သည်။ လုံးလုံး မချောက်လည်း အကြောင်းမဟုတ်။ ဒယ်အိုးထဲထည့်၊ မီးဖိုပေါ်တင်၍ အိုးကင်းပူတိုက်လိုက်သော် လုံးလုံးချောက်သွားမည်။ ထန်းလျက်ဝယ်ပေးသော ငပျော့ကို ည ဆက်ဆက် ကြွခဲ့ရန်နှင့် ဆိုက်ကားမာစတာ စာကလေးပါ ခေါ်ခဲ့ရန် မှာလိုက်ရသည်။
"သောက်ကြစမ်း ငါ့လူတို့၊ အားရပါးရ ကြိုက်သလောက် သောက်စမ်း၊ ကုန်ယင် ထပ်ရမယ်"
ဂုရုကွေး တိုက်ကျွေးသော ၀ါဖန့်ဖန့် အရည်များကို စာကလေးနှင့် ငပျော့တို့ မရဲတရဲ သောက်ကြသည်။ ဂုရုကွေးကား ရဲရဲရင့်ရင့်ပင် တခွက်ပြီးတခွက် ခွက်ဆင့်နှက်နေသည်။
"ဘယ့်နှယ်လဲဟေ့ အရသာ"
"တမျိုးကြီးပဲဗျာ။ မီးခိုးစော်နံတယ်။ ချို ခါး စပ်ကြီး၊ ခင်ဗျားဟာ ဘာရည်တွေလဲ"
"မသေမချင်း မှတ်ထား အဲဒါ ချက် လက်ဖက်ရည်လို့ ခေါ်တယ်။ ၀ိဇ္ဇာနည်းကျ ဂုရုကွေးကိုယ်တိုင် ဖျော်စပ်ထားတဲ့ ချက်လက်ဖက်ရည်။ ချက်အရက်တို့၊ ချက်နို့ဆီတို့ကို မခံချင်လို့ ချက် လက်ဖက်ရည်ကို တီထွင်လိုက်တာ။ လက်ဖက်ခြောက်အဖြစ် သင်္ဘေမယ်ဇလီ ရွက်နဲ့ ဒန့်ဒလွန်ရွက်ကို အခြောက်လှန်းပြီး ခတ်ထားတယ်။ မဲဇလီရွက်က လေနိုင်တယ်။ ၀မ်းမှန်တယ်။ ဒန့်ဒလွန်ရွက်က သွေးတိုးကျတယ်။ ထန်းလျက်က ရင်ချောင်တယ်"
"ခင်ဗျား ငပေါပဲ ဂုရုကွေး၊ အလုပ်အကြီးအကိုင်ကြီး လုပ်ပြီး အပင်ပန်းခံနေတယ် ဆိုင်သွားသောက်လိုက် ပြီးတဲ့ဥစ္စာ"
"မင်း ဘာသိလို့လဲ ငပျော့။ လက်ဖက်ရည်ဆိုင်တွေက လက်ဖက်ရည်တခွက်ကို ငါးမတ်၊ တကျပ်ခွဲ ရောင်းနေကြတယ်။ သူတို့ပေးမဲ့အစား ကိုယ်ဟာကိုယ် ချက်လက်ဖက်ရည် ဖျော်ပြီး သောက်နေတာ။ ငါ့ ချက်လက်ဖက်ရည်ကို လူကြိုက်များလာယင် တခွက်ပြားသုံး ဆယ်နဲ့ တနေ့ခွက်သုံးသိန်းရောင်းပြီး တိုက်ဆောက်မယ်ဟေ့ သွတ်..သွတ်..သွတ်...သွတ်"
အီကြာကွေး။
လ ၂၀၀ ပြည့် မိုးဝေမဂ္ဂဇင်း၊ ၁၉၈၄ စက်တင်ဘာ။
Friday, May 1, 2009
ပီမိုးနင်း
ရေးသူ- သိန်းဖေ
(၁)
စာရေးဆရာ ပီမိုးနင်း၏ အကြောင်းကို ရေးရမည်ကြံလျှင်ပင်၊ ကျွန်တော့်စိတ်သည် ရွှံ့ညွံထဲမှ ပေါက်လာသော ကြာပင်တွင် ထွားထွားဝေေ၀ ပွင့်နေသည့် ကြာပွင့်တွင်းသို့ ပြေးဝင် နားနေလေသည်။။
အကြောင်းမူကား- ပီမိုးနင်းသည် မထင်ရှားသော တောရွာတရွာ၊ မထင်ရှားသော အမျိုး၌ မွေးဘွား၍၊ မြန်မာပြည်ကို လွှမ်းကာကျော်ကြားလျက်ရှိသည်။ သောက်စားမူးယစ် ညစ်ညစ်ပေပေ အမြဲနေရာမှ၊ အမျိုးသားအကျိုးဆောင်ရွက်သော မူရင်းဓာတ်သည် အစဉ်ပေါ် နေလျက်ရှိသည်။ သိမ်ဖြင်းသေးနုပ်သော အပြစ်ကလေးများကြားမှ ထိုအပြစ်များကို ပြည်ဖုံးကားချလိုက်သော၊ ဗမာပြည်လွတ်လပ်စေလိုသော စေတနာနှင့် နိုင်ငံခြားသားတို့ ချုပ်ချယ်မှုကို မခံနိုင်သော သခင်စိတ်သည်၊ ရွှင်လန်းမွှေကြိုင်စွာ ပွင့်လျက်ရှိသည်။ ညစ်ညစ်ပတ်ပတ် ရေးလိုက်သော စာများကို အုပ်ကာ၊ တကယ့်စာရေးဆရာ စွမ်းရည်များသည် ပေါ်လွင်လျက်ရှိသည်။ စာပေါ့စာပြောင်များတွင် အမြစ်စိုက်ကာ၊ နက်နဲသော၊ အကြံဥာဏ် စူးရှသော လောကအမြင်သည် သန်စွမ်းစွာ ပေါက်ရောက်လျက် ရှိသည်။
သို့ကြောင့်လည်း ပီမိုးနင်း သေသောအခါ၌၊ ကျွန်တော်သာ အသုဘရှုစကားဆိုရလျှင် "ကျွန်တော့်စိတ်သည် ရွှံ့ညွံထဲမှ ပေါက်လာသော ကြာပင်တွင် ထွားထွားဝေေ၀ ပွင့်နေသည့် ကြာပန်းတွင်းသို့ ပြေးဝင်နားနေပါသည်ဟု" ပြောရန် ရည်ရွယ်ထားပေသည်။
(၂)
ဆရာပီမိုးနင်း၏ ရုပ်ရည်မှာ လွန်စွာထိုင်းမှိုင်း လေးကန်လေသည်။ အသားအရည် စိုနေပြီး အတော်ပင် ၀သည်။ သူသည် ကတုံးဗိုကေကလေးနှင့် ဖြစ်လေ၏။ အက်ႌလက္တို ေကာ္လန္ကေလး၀တ္ထား၍ အေပၚအက်ႌမပါ။ ရခိုင်လုံချည် အနီနှင့်အစိမ်းကွက်ကို ၀တ်ဆင် ထားလေသည်။ လက်တအုပ်ခန့်ရှိ အပြားရှိသော ခါးပတ်စိမ်းကြီးမှာ သူ၏ တုတ်ခိုင်သော ခါးတွင် ရေစည်သံပတ်ကြီးကဲ့သို့ ထင်ရှားစွာ ပေါ်လျက်ရှိပေသည်။ သည်တုန်းက သူ့ရုပ်ကို ခုထက်ထိမမေ့သေး။ ထိုအခါက သူ့ကို ဘယ်က တရုပ်ကပြားကြီးပါလိမ့်ဟုသာ အံ့သြ တွေးတောမိခဲ့သည်။
ပဲရော့ဦးဆန်နီက 'ဒါ-ဆရာပီမိုးနင်းဘဲ' ဟု ကျွန်တော်နှင့် သူကို မိတ်ဆက်လိုက်တော့ မှ၊ ငယ်ငယ်တုန်းက ခိုးကာ ပုန်းကာစွဲခဲ့ရသော သဲမြညှာ-ဆရာကြီး ဖြစ်ကြောင်း သိရလေတော့ သည်။
ဆရာပီမိုးနင်းကား မျက်နှာကို မမော့ဘဲ၊ မျက်မှန်အောက်မှ မျက်ခွံနှင့်သူငယ်အိမ်ကို မြှင့်ပြီး ကျွန်တော့်အား ကြည့်၏။ နောက်.... ဟဲ-ဟဲ-ဟဲ ဟု ပြုံးရယ်ကာ၊ ကျွန်တော့်အား အသိအမှတ်ပြု၏။ နောက်သူသည် စာကိုပင် ဆက်ရေးနေလေသည်။
ဦးဆန်နီ၏ စားပွဲပေါ်ရှိ ကြေးဆင်းရုပ်များ၏ ၀င်းပြောင်သော အရောင်သည်သော်၎င်း၊ ကျွန်တော်တို့တတွေ ထိုင်နေကြသော ကုလားထိုင်အရောင်များသည်၎င်း၊ အခန်းကျောက်မှန် များ၏ အရောင်သည်၎င်း၊ ဆရာပီမိုးနင်းကို မဟပ်၊ သူသည် အမြင်အားဖြင့် မတောက်ပြောင် ဆုံးသော လူတယောက်ဖြစ်သည်။
(၃)
ကျွန်တော်သည် ပီမိုးနင်းကို ရင်းနှီးစွာ မဆည်းကပ်ဘူးသော်လည်း၊ မောင်ဂိုမာရီလမ်း တွင် တခန်းခြား ကပ်နေဘူးသဖြင့် သူ့နေပုံထိုင်ပုံကို အကဲခတ်ခွင့် ရလေသည်။
ဆရာသည် ကျွန်တော်တို့ အခန်းရှေ့ အစုံသုတ်ဆိုင်၌ ခဏခဏ ထိုင်စားလေ့ရှိသည်။ တခါတရံ ထမင်းစားချိန်တွင် အစုံသုတ်စား၍ တခါတရံ ညဆိုင်သိမ်းခါနီးမှ စားလေ့ရှိသည်။ အိမ်တွင်ချက်ပြုတ်သော ထမင်းဟင်းကို မယ်မယ်ရရမစားဘဲ တရုပ်ဆိုင်က အစိမ်းကြော်နှင့် ထမင်းများကို ၀ယ်စားလေ့ရှိသည်။
တခါ သူ့အိမ်ခန်းသို့ ရောက်သွားသောအခါ ရင်လောက်မြင့်သော စင်ကလေးပေါ်တွင် ထမင်းပန်းကန်ကို ထားကာ မတ်တတ်ရပ်၍ တူကြီးနှင့် ထမင်းစားနေသည်ကို တွေ့ရလေ သည်။ ထမင်းကို တလုပ်သွပ်စားလိုက် လမ်းလျှောက်လိုက်၊ လမ်းလျှောက်ရင်း ၀ါးမျိုလိုက်ဖြင့် စည်းစိမ်အကြီးဆုံးကို ခံနေလေသည်။
သူ့အခန်းကား မှောင်နေလေ၏။ ဖုံအမှိုက်တို့ဖြင့် ညစ်ပေနေ၏။ ဧည့်ခန်းတွင် မိန်းမအင်္ကျီ၊ ယောက်ျားလုံချည်အင်္ကျီများမှာ ပုံလျက် ပုံလျက်ထားရာ ရှုပ်နေလေ၏။ အိမ်ရှေ့မှ ဓာတ်ရထား မောင်းသွားသောအခါ၊ ငလျင်လှုပ်သကဲ့သို့ အိမ်မှာ တုံသွား၏။ ဓာတ်ရထားဆူသံ မစဲမှီ ဘတ်စ်ကားပြေးသံမှာ ဆင့်တက်လာ၏။
ထိုအခါက ကျွန်တော်သည် ဆရာပီမိုးနင်း၏ ၀တ္ထုတခုတွင်ပါသော ဇင်းကျိုက်တောင် အနီးရှိ ဥယျာဉ်အိမ်ကလေးတခုကို ပြေးမြင်မိလေသည်။ ထိုအိမ်ကလေးသည် ညိုမှိုင်းသော တောင်တန်းကို မြှော်ကြည့်နေသည်။ အိမ်ရှင်မကား အသားဖြူဖြူ ၀၀ ရုပ်ချော မအံဆိုသူ မိန်းမတဦးဖြစ်သည်။ သူကား လင်နှင့် ဖြစ်သည်။ အခြားလူပျိုကလေးတယောက်နှင့် ချစ်ကြိုက် ကြသည်။ "အင်း ဒီနေရာကနေပြီး ဒီလိုဝတ္ထု တွေးနိုင်တာ အံ့ပါရဲ့" ဟု ထိုစဉ်က ကျွန်တော် ချီးကျူးမိသည်။ "၀တ္ထုရေးဆရာတွေဟာ ငရဲကနေပြီး နတ်ပြည်အကြောင်း ရေးနိုင်ကြတာဘဲ ထင်ပါရဲ့" ဟု တွေးနေဆဲ၊ သူ့မိန်းမ အပြင်ထွက်လာလေသည်။ သူ့မိန်းမ (ထိုစဉ်က မြဲနေသောမိန်းမ) ကား အသက်လည်း အတော်ကြီးပြီး ပိန်လည်းပိန်လှ၏။ လက်ကလေးများ မှာ ကျီးချေထောက်ကလေးများကဲ့သို့ (သဲမြညှာမှ မှတ်မိသောဥပမာ) အရိုးချည်း ဖြစ်နေလေ သည်။
"အဲဒါသိပြီ ဆရာကတော်ကို ကြည့်အားမရတိုင်း မအံလို ဇာတ်လိုက်မင်းသမီးတွေ ရေးထည့်နေတာ" ဟု ကျွန်တော်လဲ ယူဆမိတော့သည်။
တနေ့သော် ပီမိုးနင်းနှင့် သူ့ဇနီး လန်ခြားစီးပြီး- ဘုရားသွားတူတူ ကျောင်းသွားတူတူ ၀ါဒဖြင့် ပျော်ပါးစွာ ပြန်လာသည်ကို ကျွန်တော် အခန်းရှေ့ ကပြင်ကလေးမှ မြင်လိုက်ရလေ သည်။ သူတို့ အိမ်ပေါ်တက်သွား၍ မကြာမှီ အသက်ငယ်ငယ်၀၀၊ ဖြူဖြူမိန်းမတယောက်သည် အောက်ကနေ၍- "ဆရာကျော်-ဆရာကျော်" ဟု ခေါ်လေသည်။ ပီမိုးနင်းကို အများက ဆရာကျော်ဟုသာ ခေါ်ကြသည်။
မကြာမှီ- ဆရာကြီးသည် ခါးပတ်စိမ်းကြီး ပတ်လျက် ဆင်းလာလေသည်.... ထိုမိန်းမနှင့် ရယ်ကာပြောဆိုပြီး လန်ခြားနှင့် ထွက်သွားကြလေသည်။
ကျွန်တော်သည်လည်း အတွင်းသို့ဝင်ကာ စာဘတ်၍နေသည်။ ထိုအခါက ကျွန်တ်ာမှာ စာရေးဆရာအဖြစ်ကို နမောတသဆို၍ တောင်းခံဆဲ ဖြစ်လေသည်။ ထိုအခန်း၌ပင် ရေးသော စာတို့မှာ စာရေးဆရာတယောက်နှင့် တူသည် မတူသည်ကို မသိသော်လည်း- နေရ ထိုင်ရသည်မှာကား စာရေးဆရာတယောက်နှင့် တူလေသည်။
များစွာ ဆင်းရဲ၍ များစွာ အလုပ်လုပ်၏။ များစွာကား ပျော်၏။
ညကိုးနာရီတိုင်သောအခါ တဘက်ခန်းက ဆူသံပူသံကို ကြားရလေသည်။
"မလာနဲ့- ရှင့်မယားငယ်တွေနဲ့ ရှင်နေချီ"
"ဟေ့ကောင်မ, တိတ်- သိတ်စကားမများနဲ့"
"မတော်ဘူး အသေကောင်ကြီးရဲ့ မတော်ဘူး- တဏှာရူးကြီးရဲ့ မတော်ဘူး- သွား မလာနဲ့"
ယောက်ျားသံမှာ ဆရာပီမိုးနင်းအသံဖြစ်သောကြောင့် ကျွန်တော်သည် ထသွား၏။ သူတို့ဘက်ဆီသို့ လှမ်းကြည့်နေ၏။ ဆရာ့အသံက မူမမှန် မူးသံကြီး ပေါ်လျက်နေ၏။
"မယားငယ်၊ စောက်ကမြင်းမတွေနဲ့ သွားနေပါ သွား.... ဖါတွေနဲ့သာ ရှင်နဲ့ တော်တယ်"
"ကဲဗျာ" ခွပ်ခွပ် နှင့် အသံကြားရ၏။ ဆရာကြီးသည် ဗြုံးဒိုင်းနှင့် ဆောင့်အောင့်ကာ ဆင်းလာလေ၏။ နောက်လန်ခြားပေါ်တက်၏။
အိမ်ပေါ်က မိန်းမကား ငိုလျက် နောက်က ရန်ထောင်လိုက်၏။
"ဂျောင်း- ဂျောင်း" ဟု လန်ခြားကို နှင်ကာ ဆရာသည် ထွက်သွားလေ၏။ သူ့မိန်းမထိပ်တွင် သွေးရွှဲ၍ ကျန်ရစ်ခဲ့လေ၏။
ပီမိုးနင်းသည် ဂျာနယ်တိုက်တတိုက်သို့ သွားပြီး ရက်များစွာနေ၏။ ထိုတိုက်တွင်ပင် ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလိုအိပ်ကာ စာမှန်မှန် ရေးနေလေသည်။
(၄)
ဤသို့ ရှုပ်ထွေးသော အိမ်တွင်းရေး ကိုယ်ရေးအဖြစ်မှနေ၍ (၀ါ) ညွန်တွင်းမှနေ၍ ရှင်းပေ လင်းပေဆိုသော စာများကို ရေးထုတ်လျက် နေသည်မှာ ပီမိုးနင်းအတွက် အဆန်းအသစ် မဟုတ်ပေ။
အခြားအခြားဘက်၌ ပီမိုးနင်းကို ချီးမွမ်း မချီးမွမ်း ချင်နေ၊ ဗမာစာကို ရှင်းအောင် ရေးရာ၌ကား လူတိုင်းချီးမွမ်းရမည်။ နက်နဲသော စိတ်ပညာကို လူအများနားလည်အောင် ပြတ်ပြတ်သားသား ရေးနိုင်သူကား သူတယောက်လောက်သာ ရှိသေးသည်။ စီးပွါးရေး၊ ပညာရေး၊ တိုင်းရေးပြည်ရေး ဘာကိုပင် ရေးရေး ရှင်းလင်းနားဝင် လွယ်လှပေသည်။ ၀တ္ထုအရေး၌ကား ကွက်ကွက်ကွင်းကွင်း မျက်စိတွင် လင်းကနဲ ထင်းကနဲ မြင်လောက်အောင် ရေးသားနိုင်သည်ကိုကား အထူးဆိုဘို့ မလိုချေ။ သူ၏ ရှင်းထင်းပြတ်သားသော စာသည် ချိုသာ ညီညွတ်သော အသွားဖြင့် လှပကောင်းမွန်သော အဓိပ္ပါယ်များကို အမြဲဆောင်နေ လေသည်။
သူသည် သူ့အိမ်တွင် ဘာဖြစ်ဖြစ်။ သူ့ကိုယ်ရေး ဘယ်လိုနေနေ။ ဂရုမစိုက်။ စာကို ရေးဘို့သာ ဂရုစိုက်၏။
ပထမဆုံး တွေ့စဉ်က စာရေးဆရာနာမည်ကြီးကို အခန်းတွင်းမှ စင်မြင့်ပေါ်တွင် ဆွဲတင်ချင်သော ၀ါသနာအတိုင်း-
"ဆရာ ကျွန်တော်တို့ ယူနီဗာစီတီကို တရားဟောကြွပါဆရာ" ဟု ဘိတ်ခေါ်လေသည်။
"ဆရာတို့က အရေးသမား သက်သက်၊ အပြောမရဘူး။ ပြောလဲ မပြောတတ်ဘူး၊ ကျင့်ရင် လုပ်ရင်တော့ ဖြစ်ရမပေါ့ကွယ်" ဟု သူရေးနေကြ "ဖြစ်ရမယ်" ဟူသော အာဘော်နှင့် မဆန့်ကျင်ဘဲ ဖြေလေရာ
"ဒါဖြင့် ကျင့်ပြောပါအုံး ဆရာ" ဟု တဘန် ဘိတ်ပြန်သည်။
"အဲဒီဘက်က ၀င်မစွက်ပါရစေနဲ့- တူမောင်ရာ"
ဆရာသည် သူ့ အဆင်ခြင်ဖြင့်သူ ဥာဏ်အလင်းပေါက်သည် အတိုင်း၊ လမ်းမ တဲ့တဲ့ ခရီး အမြဲ သွားလျက်ရှိလေသည်။ သို့ကြောင့်လည်း လွန်ခဲ့သော အနှစ် ၂၀ မျှအတွင်း ဗမာစာကို အများဆုံးရေးသားသူ သုံးယောက်တွင် (လယ်တီပဏ္ဍိတဦးမောင်ကြီး၊ သခင် ကိုယ်တော်မှိုင်း၊ ပီမိုးနင်း) တယောက် အပါအ၀င် ဖြစ်လေသည်။
(၅)
ထိုနေ့ကား တိုးတက်ရေးမဂ္ဂဇင်း ဦးစိန်က ရန်ကုန်မြို့ပြင်ဘက် ခြံတခြံတွင် စာရေးဆရာ များကို ထမင်းကျွေးသော နေ့ဖြစ်သည်။
ဆရာဘီ၊ ဆရာစိမ်း စသော ရှေးဆရာကြီးများလည်းပါသည်။ တက်ထွန်း၊ သိပ္ပံကျော်ထင် စသော ၀တ္ထုရေးဆရာလေးများလည်း ရောက်ကြသည်။ ကျွန်တော်သည် ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း) နှင့် ပီမိုးနင်းတို့အနီးတွင် ထိုင်လျက် ရှိလေသည်။
ထမင်းစားပြီးကြ၍ သစ်ပင်ရိပ်များတွင် ကုလားထိုင်များနှင့် ၀ိုင်းဖွဲ့ကာ ထိုင်နေကြခြင်း ဖြစ်လေသည်။ ငှက်ပျောရွက်ကြီးများကား အသာအယာတိုက်လျက်ရှိသော လေတွင် လှုပ်နေသည်။ စီးရိုးမှ ပေါက်နေသော ဒန့်သလွန်ပင်မှ ပေါက်နေသော အပွင့်များသည် ကျွေကျလျက် ရှိသည်။
ဆရာပီမိုးနင်းကား ယခုတကြိမ် အပေါ်အင်္ကျီနှင့် ဖြစ်၏။ ကတုံးကို ပြောင်အောင်ရိတ် ထားပြီး၊ ပုဝါနီကို ရစ်ထားလေသည်။ သူကား ခါတိုင်းထက် ၀၏။ မျက်နှာမှာလည်း နီနေ၏။
ကျွန်တော်တို့သည် စာဖတ်သူ ဗမာပြည်၌ပေါဘို့ ကောင်းအောင်လုပ်ရန်၊ စာအုပ် ကောင်းများ ပေါ်လာရန် စဉ်းစား ဆွေးနွေးနေလေသည်။ စဉ်းစားရာမှ ၀တ္ထုအကြောင်းကို ရောက်သွားကြသည်။ ထိုလူစုတွင် ရှေးပညာရှိကြီး အချို့က ၀တ္ထုကို ကလေးကလားဟု ထိပါးလိုက်ရာ၊ ကျွန်တော်က ကန့်ကွက်ပြီး၊ ၀တ္ထုဂုဏ်ကို ချီးကြူးလေသည်။ နောက်
"ကျွန်တော်သဘောရတာဖြင့် မြတ်စွာဘုရားဟာ ၀တ္ထုရေးဆရာ အဖြစ်နဲ့လည်း လောကအကျိုးကို အများကြီး ဆောင်ခဲ့တယ်ထင်တယ်" ဆက်လိုက်ပြန်သည်။
"ဟုတ်တာပေါ့- ငါးရာ့ငါးဆယ်တွေဟာ ဘုရားက ဘုရားအတိတ်ဘ၀ အဖြစ်အပျက် တွေဆိုပြီး ဟောတာ မဟုတ်ပါဘူး။ ဘ၀အဆက်ဆက်က ဘုရားအတ္ထုပ္ပတ္တိတွေလည်း ဟုတ်မယ်မထင်ပါဘူး။ ၀တ္ထုတွေနဲ့ လိုရင်းဆွဲဟောတော်မူခဲ့တာ ထင်ပါရဲ့" ဟု ရဲဝံ့စွာ ပြောလိုက်လေတော့၏။
"ဟုတ်တယ် နောက်မှ လူတွေက- ဘုရားရဲ့ အတိတ် ဘ၀က အတ္ထုပ္ပတ္တိတွေလို့ ပြောကြတာပါ" ဆရာပီမိုးနင်းသည် စိတ်ပါလက်ပါ ပြောပြလေသည်။
သို့ဖြင့် ဆွေးနွေးညင်းခုံကြရာ ခပ်အေးအေးဖြစ်သွားလျက် တယောက်တန်း နှစ်တန်း သား စကားပြောဆိုနေကြလေ၏။ ထိုအခါ ဆရာလွန်းက ကွမ်းစားရင်း ပီမိုးနင်းကို ကြည့်ပြီး-
"ကိုယ့်လူမလဲ- အရက်ဆီတွေလား၊ အမွဲဆီတွေလား တက်နေလို့ ထင်ပါရဲ့ ၀လိုက်တာ ဖီးလို့၊ တနေ့တခြား တိုးဝနေပါပကော" ဟု ပြောလိုက်၏။ ပီမိုးနင်းသည် အရက်ဆီဟု ဆိုသည်ကိုကား ဘာမှ မပြောဘဲ အမွဲဆီဟု ပြောသည်ကိုကား ပြန်ချေ၏။
"မွဲတာတော့ မပြောနဲ့ဆရာ-လူများတွေ ဘယ်လိုလုပ်ချမ်းသာကြပမလဲဆိုတာ အချိန်ရှိတိုင်း စဉ်းစား၊ စဉ်းစားရတိုင်း ရေးနေလို့ ကိုယ်တိုင် ချမ်းသာအောင် လုပ်ဘို့ စဉ်းစားချိန်လဲ မရှိဘူး၊ လုပ်ချိန်လဲ မရှိဘူး" ဟု ပီမိုးနင်းက ဖြေရာ သခင်ကိုယ်တော်မှိုင်းက ကွမ်းသွေးထွေးပြီး ရယ်နေလေ၏။ သူ့ကိုယ်သူလည်း တွေးမိဟန် ရှိ၏။
(၆)
ပီမိုးနင်းသည် သည်ဝါဒကို ဘယ်အခါမျှ မစွန့်ခဲ့။ သူသည် တိုင်းပြည်ကို လိမ်လည်လှည့် ဖျားသောစာ ဘယ်သောအခါမျှ မရေးခဲ့။ ဗြိတိသျှအင်ပီရီယယ်လစ်အစိုးရကို ဘယ်တုံးအခါ ကမျှ မချီးကျူးခဲ့။ နိုင်ငံခြားသားများ ဗမာတမျိုးလုံးကို သွေးစုတ်နေသည်၊ နိုင်ရာစားလုပ်နေ သည်ကို ဘယ်အခါကမျှ မထောက်ခံခဲ့။ တလလျှင် အယ်ဒီတာဘ၀ ၃၅၀ိ ကျော်ရစဉ်ကလည်း အမျိုးသားဘက်မှ ရေးခဲ့သည်။ တလ သုံးလေးဆယ် ၀င်တုန်းလည်း တိုင်းပြည်ဘက်က ပါခဲ့သည်။ ဗန္ဓုလတုန်းကလည်း တိုင်းပြည်အကျိုးသာ ရေးသည်။ မြန်မာ့အလင်း လေဗွေကြီး အဖြစ်ဖြင့် ရေးစဉ်ကလည်း တိုင်းပြည်ဘက်ကသာ ရေးမြဲရေးသည်။ သူနေရာတွေ အများကြီးပြောင်း၏။ သူ့နံမည်တွေ အမျိုးမျိုး လဲ၏။ သူ့နေရေးထိုင်ရေး အကြပ်အချောင် အဆင့်ဆင့် ကူး၏။ သူ့စိတ် သူ့အာဘော် သူ့ဝါဒကား မပြောင်း။
ပီမိုးနင်းသည်ကား တကဲ့လူရိုးကြီးဖြစ်၏။ သူတော်ကောင်းကြီး ဖြစ်တော့၏။
သူသောက်သည်။ သူသောက်သဖြင့် သူ့ဝါဒ မပျက်။ သူသောက်သဖြင့် သူ့တာဝန် မတိမ်း။ သူသောက်သဖြင့် တိုင်းပြည်အကျိုးမယုတ်။ သူသောက်၊ သူပျော် သူထင်သလိုနေ သဖြင့် သူ့မှာ အကျိုးယုတ်ချင်ယုတ်မည်။ သူ့မှာ အကုသိုလ်တွေ ပွါးချင်ပွါးမည်။ သို့သော် အများအကျိုး- တိုင်းပြည်အကျိုးကိုသာ ရှေ့ရှုသူမှန်သမျှသည် ကိုယ်ရေးကိုယ်တာကို ဂရုမစိုက်အား၊ တာဝန်မထားနိုင်။
သို့ကြောင့် ကျွန်တော်ဆိုပြန်သည်။ ပီမိုးနင်းကား- တကဲ့ သူတော်ကောင်းကြီးပင်။
(၇)
ဆရာပီမိုးနင်းသည် မဖုံးမကွယ်၊ သူပျော်သလိုနေပြီး၊ ပင်ရင်းရည်ရွယ်ချက်ကြီးကိုသာ ဖြည့်ဆီးနေသည်ကို ထောက်သဖြင့်၎င်း၊ သူ့အရေးအသားများကို ကြည့်သဖြင့်၎င်း၊ ပုလင်းကို ထောင်၍ မိန်းမတွေကြားထဲ ပျော်နေပါးနေသော်လည်း လူရိုးဖြစ်နိုင်သေးသည်ကို သူယုံကြည်ဟန် ရှိလေသည်။
တခါသော် ကျွန်တော်နှင့် ခင်မင်ရင်းနှီးသူ မိတ်ဆွေတဦးက ကျွန်တော်အား သွေးကြီးသည်၊ မာနကြီးသည်ဟု အပြစ်တင်လေရာ၊ ထိုမိတ်ဆွေ၏ ထင်မြင်ချက်ကို ကျွန်တော် လေးစားသည်ဖြစ်၍ ကျွန်တော့်ကိုယ် ကျွန်တော် ရှင်းတမ်းရေး၍ ပီမိုးနင်းထံသို့ ဆုံးဖြတ်ချက် တောင်းလေသည်။ ဆရာက ပထမ စာနှစ်စောင် ဗမာလိုရေး၍ ကျန်တစောင်ကို အင်္ဂလိပ်လို ရေးလေသည်။
"So long as one's conscience is clear there is nothing to worry about." "ကိုယ်ကောင်း-ဂေါင်းဘယ်မှမရွေ့" ဟုသဘောထားပြီး ဘာမှဂရုမစိုက်ဘဲ နေပါဟု စာအစဆုံး တွင် အကြံပေးလေသည်။ သူ့အကြံအတိုင်း သူလည်း လိုက်နာဟန် ရှိလေသည်။
အဆုံးတွင် " As honest man must not pretend to be a rogue or thief, he must proclaim to the world that he is honest and then become an example for others." "ရိုးသားသူတယောက်သည် လူယုတ်မာလို၎င်း၊ သူခိုးလို၎င်း၊ အရောင်မဆောင်ရာ။ သူရိုးကြောင်းကမ္ဘာကို ကြေညာပြီး အများ၏ စံတခု ဖြစ်ပါစေ" ဟု ဆိုလေသည်။
ပီမိုးနင်း၏ အဘယ်ရိုးသားမှုသည် နားမလည်သူတို့ အစွဲကြီးလှသော တကိုယ်ရေနှင့်သာ သက်ဆိုင်သည့် အဖြစ်ကလေးများတွင် နစ်မြုတ်နေသဖြင့် ကျွန်တော် ယခု ဖော်ပေသည်။ ဆရာပီမိုးနင်းကိုယ်တိုင်က ထင်ထင်ရှားရှား ဘွင့်မပြောသဖြင့် ကျွန်တော်- ဆရာပီမိုးနင်းသည် စံယူလောက်သော လူရိုးကြီး ဖြစ်သည်ကို ကြွေးကြော်ပြီးသည်၏ အဆုံး၌လည်း ကျွန်တော်စိတ်သည် ရွှံ့ညွန်ထဲမှ ပေါက်လာသော ကြာပင်တွင် ထွားထွားဝေေ၀ ပွင့်နေသည့် ကြာပွင့်တွင်းသို့ ပြေးဝင်နားနေလျှက်ပင် ရှိလေသည်။
သိန်းဖေ။
{ဤဆောင်းပါးမှာ၊ တက္ကသိုလ်သမဂ္ဂအသင်း၏ ကြွေးကြော်သံ အိုးဝေမဂ္ဂဇင်း (အတွဲ ၇၊ ၁၉၃၈ ခုနှစ်ထုတ်) တွင် ထည့်သွင်းပုံနှိပ်ခဲ့သော ကွယ်လွန်သူ ၀တ္ထုရေးဆရာကြီး ပီမိုးနင်း၏ ရုပ်ပုံလွှာတချပ်ဖြစ်သည်။ ရေးသူမှာ ယခု ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်တဦးဖြစ် သော- တက်ဘုန်းကြီးကိုသိန်းဖေ ဖြစ်ပေသည်။
ထိုအခါက ကိုသိန်းဖေ၏ စာပေသည် ဂန္ဓလောကတွင် လှိုင်းဂယက်များ ထကြွစေခဲ့ သည်။ ကိုသိန်းဖေသည် လူမှုဆက်ဆံရေးနှင့် ပါတ်သက်သော ပြုပြင်ရေး ၀တ္ထုကြီးများကို ရေးခဲ့သည်။
သူ၏ 'တက်ဘုန်းကြီး' နှင့် 'တက်ခေတ်နတ်ဆိုး' သည် ဗမာစာပေလောကတွင် တော်လှန်ရေး လှိုင်းဂယက်ဖြစ်သည်။ သူနေသောခေတ်က လူမှုဆက်ဆံရေးတွင် စွန်းပေ လျက်ရှိသော အပြစ်အနာအဆာတို့ကို ရဲရင့်စွာ ၀တ္ထုနှင့် သရုပ်ဖော်သည်။
တက်ခေတ်နတ်ဆိုးဝတ္ထုသည် ဤလူ့ဘောင်ဝယ် သားစဉ်မြေးဆက် အညွန့်ချိုးလျက် ရှိကုန်သော ကာလသားရောဂါ၏ အန္တရာယ်ကို သတိပေးကာ၊ ထိုအန္တရာယ်ကြီးမှ ကာကွယ်ရန် နှင့် ပြုပြင်ရေးတရားများကို ဟောပြောပြထားပေသည်။ တာရာမဂ္ဂဇင်း၊ အယ်ဒီတာ။}
[တာရာမဂ္ဂဇင်း၊ အတွဲ၁၊ အမှတ် ၃၊ မှ ကူးယူဖော်ပြပါတယ်။]

Wednesday, April 29, 2009
ဘ၀ခရီး
ရေးသူ- ဘဟိန်း
ဘမြင့်သည် လက်တွင်ကိုင်ထားသော စုတ်တံကလေးကို ဆွဲလက်စ ပန်းချီကား ကလေးပေါ်မှ နောက်သို့ ရုပ်လိုက်ကာ နံဘေးစာပွဲရှိ ရေဖလ်ခွက်တွင် နှစ်လိုက်လေ၏။
တပေပတ်လည်ခန့်ရှိသော ပန်းချီကားကလေးပေါ်တွင် အချိန်အတန်ကြာ စူးစိုက်ထားရ သော မျက်လုံးများမှာ ထိုင်းမှိုင်း ညောင်းညာလာသကဲ့သို့ ရုတ်တရက် ပြာဝေ၍သွားသဖြင့် ဘမြင့်သည် သုံးချောင်းထောက် ခုံကလေးပေါ်တွင် ထိုင်ချသော မိမိကိုယ်ကို ဆွဲဆန့် လိုက်လေ၏။ သူ၏ မျက်လုံးများမှာလည်း ပန်းချီကားပေါ်မှ ကျော်ဖြတ်ကာ ခပ်လှမ်းလှမ်းရှိ လေတဟူးဟူးတိုက်ဝင်နေသော နောက်ဖေးပြူတင်းပေါက်ဆီသို့ ရောက်သွားလေ၏။
၎င်းနောက် လေတိုးသဖြင့် ငှက်အတောင်ပံ ခတ်သကဲ့သို့ နံရံတွင် တဖြတ်ဖြတ် လူးလွန့်လှုပ်ရှားနေသော ပြက္ခဒိန်ကို လှမ်းကြည့်မိရာမှ အိမ်ရှေ့ခန်းကြမ်းပြင်တွင် ပြူတင်းပေါက်ကို ခေါင်းပြုကာ တစောင်းကလေး အိပ်ပျော်နေသော သူငယ်ချင်းသိန်းလွင်ကို သမင်လည်ပြန် ကြည့်မိလေ၏။
ပြူတင်းပေါက်မှ လွင့်ကျနေသော ပြာနှမ်းနှမ်းအလင်းရောင်တွင် သိန်းလွင်၏ အထက်ပိုင်း မျက်နှာတခြမ်းမှာ ပေါ်လွင်နေလေ၏။ ကာလအတန်ကြာကစ၍ နေ့ဆက်ရက် ဆက် ကိုယ်စိတ်နွမ်းနယ် လာခဲ့ရသဖြင့် နဂိုရုပ်အနည်းပျက်ကာ အသားမှာ ၀ါစပ်စပ် ဖြစ်နေလေ၏။ ညိုမဲ၍ အနည်းငယ်ခွက်နေသည် ထင်ရသော မျက်လုံးအိမ်များပေါ်တွင် ရှည်လျားခြောက်သွေ့နေသော ရှေ့ဆံစကလေးများ ၀ဲနေကြလေ၏။
ဘမြင့်မှာ သိန်းလွင်ဘက်ကို ငေးမောစူးစိုက်မိယင်းက မိမိသူငယ်ချင်းအတွက် စိတ်မကောင်း ဖြစ်လာမိသည့်အတွက် ပန်းချီကားဘက်သို့ ပြန်လှည့်လိုက်ကာ အလုပ်ဆက်လုပ်ရန် ဖလ်ခွက်တွင် တပိုင်းနစ်နေသောစုတ်တံကို ပြန်ကိုင်လိုက်လေ၏။
သို့ရာတွင် အိပ်ရာဘက်ဆီမှ သိန်းလွင်၏ လူးလွန့်လှုပ်ရှားသံများကို ကြားရသဖြင့် စုတ်တံကို အသာချထားယင်း ကြည့်လိုက်ရာ အိပ်ရာပေါ်တွင် ခြေဆင်းထိုင်ယင်း လုံချည်ကို ပြင်ဝတ်နေသော သိန်းလွင်ကို တွေ့ရလေ၏။
"နိုးပလား...." ဟု ဘမြင့်သည် သိန်းလွင်အား ခပ်ပြုံးပြုံးကြည့်ယင်း နှုတ်ဆက်လိုက် လေ၏။
သိန်းလွင်သည် မျက်လုံးနှစ်လုံးကို လက်ဖမိုးနှစ်ဘက်နှင့် ပွတ်သပ်နေရာမှ ဘမြင့်ကို မော့၍ကြည့်လိုက်လေ၏။
"နေလို့ကောင်းရဲ့ မဟုတ်လား" ဟု ဘမြင့်က ဆက်လက်မေးလိုက်သဖြင့် သိန်းလွင် သည် လက်နှစ်ဘက် ယှက်ထားသည်ကို မြှောက်လိုက်ကာ ကိုယ်ကိုဆန့်လိုက်ယင်းက "နေကောင်းပါတယ်ကွာ၊ အပုံကြီး သက်သာလာတယ်၊ မနေ့ကနဲ့တောင်မတူဘူး၊ အားအတော် ပြည့်လာတယ်" ဟု ပြန်ဖြေလိုက်လေ၏။
ဘမြင့်မှာ မိမိသူငယ်ချင်း နေကောင်းထိုင်သာ ရှိသည်ကို စိတ်တွင် အတော်အားရ မိလေ၏။
"အေးကွာ- နက်ဖန်မနက်ဆို ရှင်းရှင်းပျောက်ရောပေါ့၊ တခုခက်တာက မင်းက သိတ်အားငယ်တတ်တာကိုးကွ၊ အခုမင်းနေမကောင်းရတာလဲ ဘာမှမဟုတ်ဘူး၊ စိတ်မကေင်း တာက စတာဘဲ၊ စိတ်ထောင်းတော့ ကိုယ်ကျေ ဆိုတာလိုပေါ့၊ စိတ်ညစ်စရာတွေကို မေ့ပြီး ပျော်သလိုနေပေါ့၊ အလုပ်ပြုတ်တယ်ဆိုတဲ့ ဒဏ်ဟာလဲ မင်းတယောက်ထဲမှ ကွက်ခံရတာမှ မဟုတ်ဘဲ၊ ဒီအလုပ်ပြုယင်- ဟိုအလုပ်ရမယ်ဆိုတဲ့ စိတ်ထားမှပေါ့၊ မသေသရွေ့ နေရမဲ့ရက်တွေမှာ အမြဲစိတ်ညစ်ရေမယ်လို့လဲ ဘယ်သူမှ မပြောနိုင်ဘူး၊ အကွက်ကောင်းနင်းမိ ရင် တချက်ပေါ့ကွ၊ မဟုတ်လား၊ နောက်ပြီး ငါလဲတဖွဖွ ပြောခဲံတယ်၊ ငါ့ကို အားမနာနဲ့၊ ငါရှိရင် မင်းရှိတာဘဲလို့၊ မင်းဒုက္ခရောက်နေတဲ့အခါ ငါစောင့်ရှောက်ဘို့ အခွင့်ရတာကိုဘဲ ၀မ်းသာလို့ မဆုံးဘူး၊ ရှိလို့လဲ ရှိသမျှကို ပျော်ပျော်ကလေးသုံး၊ မရှိတော့လဲ မရှိတဲ့အလိုက် ပျော်ပျော်ကလေး ငတ်ကြပေါ့ကွ ဟုတ်လား" ဟု ဘမြင့်က ပြုံးရင်းရယ်ရင်း လေရှည်ကြီး တသီတတန်း ပြောနေသည့်အတွက် သိန်းလွင်မှာ စိတ်ထဲတွင် သက်သာသလို ရှိရင်းက ပြုံး၍ လာရလေ၏။
ထိုနောက် မေ့၍ မဖြစ်နိုင်လောက်အောင် ခံလာခဲ့ရသော မိမိ၏ နောက်အဖြစ်အပျက် များကို ကွက်ခနဲ ပြန်လည်သတိရမိရာတွင် မျက်နှာမှာ မသိမသာ ညှိုးကျသွားလေ၏။
"သူငယ်ချင်းရာ- ငါလဲ ယောက်က်ျားရင့်မကြီးဆိုပြီး စိတ်ကိုတော့ အတော်တင်း တာဘဲ၊ ဒါပေမယ့် တသက်လုံးအတွက် တခုထဲ အားခဲထားတဲ့ အလုပ်ကလေးကလဲ ပြုတ်ပြန်၊ အလုပ်ပြုတ်လို့မှ မကြာသေးခင် တောမှာ တကောင်ကြွက်ဖြစ်နေတဲ့ အမေအိုကြီး ဆုံးတယ်လို့ သတင်းကြားရပြန်ဆိုတော့ ငါကြိုးစားပြီး တင်းခဲ့သမျှ စိတ်တွေဟာ ရေဖြစ်ကုန်တော့တာဘဲ၊ ကိုယ့်အမေတယောက်လုံး ဆုံးတော့မှ သွားပြီးသင်္ဂြိုစရာ စရိတ်မှ မရှိလို့၊ အရပ်က ၀ိုင်းပြီး သင်္ဂြိုလ်လိုက်ရတယ်ဆိုတော့ ငါ့တသက်မှာ မေ့ပျောက်နိုင်ပါ့အုန်းမလား သူငယ်ချင်းရာ" ဟု သိန်းလွင်သည် နောက်ဘေးပြတင်းပေါက်ဘက်ဆီသို့ ခပ်ငေးငေးကြည့်ကာ ပြောရင်းက လည်းချောင်းတွင် တစ်ဆို့ဆို့ကြီး ဖြစ်လာပြီးလျှင် မျက်လုံးအိမ်များတွင်လည်း မျက်ရည်ဖြင့် ရည်ဝေ့၍ လာ၏။
"ဟော.... ပြောရင်း ဆိုရင်း လုပ်ပြန်ပြီကွာ.... စိတ်တင်းပါဆိုမှ....." ဘမြင့်မှာ သိန်းလွင်အတွက် မိမိပါ ရော၍ စိတ်မကောင်းမိတော့သဖြင့် ညည်းညည်းညူညူ ပြောလိုက်မှ သိန်းလွင်မှာ သတိပြန်ထားပြီး မျက်နှာကို ပြုံးရွှင်လာအောင် ချက်ချင်းပြောင်းပစ်လိုက်ကာ......
"ကဲပါကွာ... သတိလစ်သွားလို့ပါ၊ နောက်ကို ဘယ်တော့မှ စိတ်ညစ်စရာတွေကို မတွေးတော့ပါဘူး...." ဟု မိမိ သူငယ်ချင်း စိတ်ကြည်လာအောင် ဟန်လုပ်ပြောယင်းက စကားကို အဆက်ပြတ်သွားအောင် လှီးလွှဲလိုသဖြင့် "ဒါထက် မနေ့က ၀တ္ထုမျက်နှာဖုံးကား အတွက် ဆွဲပြီးပလား...." ဟု ဘမြင့်အား လှမ်းမေးလိုက်၏။
"ငွေရပေါက်အတွက်ကတော့ ဘာလက်မနှေးမလဲကွ၊ ပြီးလို့ အခုသွားပို့မလို့ဟာ မင်းနိုးအောင် စောင့်နေရလို့၊ အနည်းဆုံး တဆယ်လောက်တော့ ပွမယ်....." ဟု ပြောပြောဆိုဆို မတ်တပ် ထလိုက်ကာ နံရံတွင်ချိတ်ထားသော အပေါ်အင်္ကျီကို လှမ်းဖြုတ်နေသဖြင့်....
"ဟေ့... သွားလို့ ဖြစ်ပါ့မလား... မနေ့ကဘဲ သိမ်ကြီးဈေးမှာ ဘုန်းကြီးတွေနဲ့ စစ်ပုလိပ်တွေ ရိုက်ကြသတဲ့... ကနေ့လဲ ကုလား ဗမာ ရိုက်ပွဲ ဖြစ်မလိုလို သတင်းပြေးနေတယ်၊ ကြည့်လုပ်ပါမောင်ရာ....." ဟု သိန်းလွင်က သတိပေးသလို ပြောလိုက်သဖြင့်...
"အံမာကွာ.. ဒါလောက်တော့ အပျော့ပေါ့၊ ပိုက်ဆံရဘို့ဆိုရင် ကုလားရိုက်မှာမပြောနဲ့၊ သေမင်းပြေ လိုက်ရတောင် မကြောက်တော့ဘူး" ဟုပြောရင်း ဘမြင့်သည် အပေါ်အင်္ကျီကို ၀တ်မြဲ ၀တ်နေလေ၏။
ထို့နောက် သိန်းလွင်ဘက်သို့ လှည့်လိုက်ကာ "ဒါထက် မင်း တမနက်လုံး ဘာမှ မစားရသေးဘူး၊ ဆာနေမှာဘဲ တခုခု စားလိုက်ပါအုန်းလား"
"နေပါစေကွာ ငါမဆာပါဘူး၊ ရင်ခံနေတယ်။ မင်းပြန်လာမှ စားတာပေါ့"
"အေး ဒါဖြင့် ငါ ငွေရရချင်း ပြန်ခဲ့မယ် ဟုတ်လား" ဟုပြောပြောဆိုဆို လှေခါးမှ ဆင်းသွားလေ၏။
သိန်းလွင်မှာ တမနက်လုံး ဘာမှ မစားရသေးသဖြင့် ဆာလောင်နေပြီ ဖြစ်သော်လည်း ယမန်နေ့ည ညစာစားပြီးကတည်းက ဘမြင့်တွင် ခြူးတပြားမျှ မကျန်တော့သည်ကို သိပြီး ဖြစ်သဖြင့် ဘမြင့်အား စိတ်မကောင်း မဖြစ်စေလိုသဖြင့် မုသားသုံးလိုက်ခြင်း ဖြစ်လေ၏။
xxxxx xxxxx xxxxx xxxxx
သိန်းလွင်သည် နောက်ဘေးသို့ ထွက်ခဲ့ကာ ရေတိုင်ကီတွင် မျက်နှာသစ်လေ၏။ ထိုနောက် အ၀တ်တန်းမှ မျက်နှာသုတ်ပုဝါကို လှမ်းယူ၍ မျက်နှာကို ပွတ်တိုက်နေစဉ်မှာပင် "မင်းတမနက်လုံး ဘာမျှမစားရသေးပါကလား" ဟူသော ဘမြင့်၏ စကားများမှာ နားတွင်းသို့ ပြန်လည်၍ ဝေ့တက်လာကြပြီးလျှင် မိမိဘာမှ မစားရသေးဟူသော အသိဥာဏ်ကို ဦးဏှောက်တွင်းသို့ သွင်းလိုက်လေ၏။ ထိုအသိဥာဏ်ကြောင့်ပင် အလိုက်ကန်းဆိုး မသိသော ဘိုက်မှာ ဆာသလိုလို ဖြစ်လာရာ ထိုဆာသလိုလို ဖြစ်သောဘိုက်ကြောင့်ပင် ဘာမျှမစားရသေးဟူသော အသိဥာဏ်မှာ ပိုမိုစူးရှစွာ ဦးဏှောက်ကို အလုပ်ပေးနေလေ၏။
လူမမာ နလံထတို့ ဓလေ့အတိုင်း တခါဆာမိလျှင် ဘိုက်ထဲသို့ အစာမရောက်သေးသမျှ ငတ်ကြီးကျမတတ် အတောမသတ်နိုင်အောင် ဆာတတ်လေ့ရှိရာ သိန်းလွင်အတွက်မှာလည်း ဘိုက်ထဲသို့ အစာတခုခု မသွတ်ရသမျှ ဖင်အငြိမ်နေနိုင်တော့မည် မဟုတ်သည်ကို သိသည့်အတိုင်း အိမ်တွင်း အကြိုးအကြားမကျန် စားစရာ အစအနကို ရှာဖွေရလေတော့၏။
သို့ရာတွင် ဘမြင့်နှင့် သိန်းလွင်တို့မှာ တကိုယ်ရေတကာယ ယောက်ျားတွေချည်း ဖြစ်ကြသည့်အလျှောက် အိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်စားသောက်ရသည့် တာဝန် ဒုက္ခများကို မရှာကြဘဲ အလျဉ်းသင့်သလို တွေ့ရာ လမ်းဘေး ထမင်းဆိုင်ကလေးများတွင် နံနက်ညစာတို့အတွက် ကိစ္စငြိမ်း စားသောက်လေ့ရှိကြရာ ထမင်းချိုးဟင်းကျန် သွားရှာဘို့ အတွက် ထမင်းအိုး၊ စလောင်း၊ ပန်းကန်ခွက်ယောက်ပင် တချပ်တလေမျှ မရှိပေ။
လှေခါး ဆယ့်ငါးထစ်ခန့် ဆင်းလိုက်လျှင် အစားအသောက်တွေ တဗြုံတခေါင်းကြီး ပြည့်နှက်နေသော အောက်ထပ်ရှိ ကုလားဟော်တယ်ဆိုင်သို့ ရောက်သွားနိုင်သော်လည်း ပိုက်ဆံဆိုက မူး၍ရှူစရာ မရှိသော သိန်းလွင်အတွက် ကုလားဆိုင်ရှိ ပလာတာ၊ ဒန်ပေါက်၊ ပေါင်မုန့်စသော အဆီ အအိမ့် မြိန်စရာအစာတို့မှာ နီးလျက်နှင့် ဝေး၍ နေကြလေ၏။
စားစရာ အစအနမရှိမှန်း သိလျက်နှင့် မိမိကို ဒုက္ခပေးနေသော ဘိုက်ကို တပတ်ရိုက်သလို ချောင်ကြိုချောင်ကြားမကျန် ရှာဖွေခဲ့ရသော သိန်းလွင်မှာ ဤနည်းနှင့် မကိုက်တော့သည်ကို သိလာသည့်အတိုင်း ပိုက်ဆံမလိုသော အခြားနည်းလမ်းများကို ရှာဖွေရလေတော့၏။
ထိုကြောင့် ပဌမဦးဆုံး ရေအိုးစင်သို့ သွားကာ ရေကို အားပါးတရ သောက်လေ၏။ ထို့နောက် ဆာသည်ဟူသော အသိဥာဏ်ကို ဦးဏှောက်တွင်းမှ နှင်ထုတ်ကာ အခြားလုပ်ငန်းများတွင် စိတ်ကို အလုပ်ပေးထားမည်ဟု တွေးမိကာ အိမ်ရှေ့သို့ ထွက်ခဲ့ပြီးလျှင် ဘမြင့်ထိုင်သွားသော သုံးချောင်းထောက် ခုံကလေးပေါ်တွင် ထိုင်ချလိုက်ယင်းက ဘမြင့် တပိုင်းတစ ဆွဲထားသော ပန်းချီကားကလေးကို ကြည့်နေလေ၏။
ပန်းချီကားကလေးကို ကြည့်ယင်းက သူ၏စိတ်တို့သည် အခန်းထဲတွင် ဝှေ့ယမ်း ပြေးလွှားနေကြသော လေညှင်းကလေးများနှင့်အတူ လွင့်ပါးသွားကြပြီးလျှင် ထူထပ်သော နှစ်အပိုင်းအခြား တိမ်တိုက်တို့ကို ဖောက်ထွင်းကာ အဖြစ်အပျက်ဟောင်းများဆီသို့ ပြေးလွှားသွားလေကြ၏။
မိမိ လုပ်ကိုင်နေသော ကုန်တိုက်ကြီး အလုပ် လျော့ပါးရေး လက်နက်ကြောင့် မိမိတသက်လုံး မျှော်လင့်အားထားနေသော ထမင်းအိုး ကွဲခဲ့ပုံ၊ လောကကြီးအလယ်တွင် အမေသားဆိုစလောက် နှစ်ဦးတည်း အားအကိုးဆုံး ရှိရာမှ မိမိ ဒုက္ခတွင်း ကျနေစဉ် မိခင်က သေမင်းနောက်သို့ လိုက်သွားပုံ၊ ၎င်းနောက် အချစ်ဆုံးသူငယ်ချင်းဘမြင့်က ကယ်ဆယ်ထားပုံ တို့မှာ သိန်းလွင်၏မနောဓာတ်တွင် ပုလဲ ပုတီးစေ့များကဲ့သို့ တသီတတန်းကြီး ပေါ်ပေါက်ထင်မြင် လာလေ၏။
သောင်မမြင် ကမ်းမမြင် ပင်လယ်အတွင်း၌ မျောပါနေစဉ် ကတ္တူလှေငယ်တစင်းက ကယ်ယူခြင်းခံရသဖြင့် အတိုင်းမသိသော ၀မ်းမြောက်ခြင်းဖြင့် ၀မ်းမြောက်မိသော်လည်း ထိုကတ္တူလှေငယ်ပင်လျှင် ပင်လယ်လှိုင်းတံပိုးတို့အောက် မရောက်အောင် အတော်ကြီး ကြိုးစားနေရသည်ကို တွေ့ရသောအခါ ဒုက္ခအတွင်းမှ ရှင်းရှင်းလွတ်မြောက်ခြင်း မရှိသေးသဖြင့် စိတ်ကို ဒုံးဒုံးချ ၀မ်းမမြောက်နိုင်သေးသကဲ့သို့ မိမိကိုယ်ကို ကယ်ဆယ်လိုက်သော ဘမြင့်ပင်လျှင် နေ့ဘို့ညစာ အလျင်မီအောင် မနည်းကြီး ကြိုးစားနေရသည်ကို တွေ့ရသောအခါ စိတ်အေးရသင့်သလောက် မအေးရနိုင် သည့်အပြင်မိမိကြောင့် အပိုတက်လာရသော ဘမြင့် အတွက် သနားအားနာ ဖြစ်၍နေလေ၏။
ထိုအတွင်း စောစောက ပျောက်သလိုရှိနေသော ဆာသည့်အသိဥာဏ်မှာ ရုတ်ချည်းဆို သလို ဦးဏှောက်အတွင်းသို့ ပြန်လည် ခုန်ဝင်လာသည်နှင့် တပြိုင်နက် တမနက်လုံး အစာမစားရသေးသဖြင့် အစာလိုသည်ဟု နို့တစ်ပေးလိုက်သကဲ့သို့ ရင်တွင်းမှလည်း အူတကြုတ်ကြုတ် ဖြစ်လာပြီး လည်ချောင်းတွင် ပူလာသဖြင့် မိမိအတွေးတို့ကို ဖြတ်လိုက်ရကာ ရေအိုးစင် ရှီရာသို့ တဖန်သုတ်ခြေတင်ခဲ့ ရပြန်လေ၏။
ရေတကျိုက်ကျိုက် အားရပါးရ သောက်နေစဉ်မှာပင် လမ်းထိပ်ဘက်ဆီမှ ဆူညံပြေးလွှားသံ၊ ကုလားများ၏ ဟစ်အော်သံများကို မပီမသ သဲကနဲ သဲကနဲ ကြားလိုက်ရသဖြင့် အကြောင်းကို သိလိုဇောဖြင့် အိမ်ရှေ့ပြူတင်းပေါက်ဆီသို့ အပြေးအလွှား လာနေစဉ်ပင် ကလေးများ၏ ငယ်သံပါအောင် အော်လိုက်ကြသော အသံများ အကြားတွင် သေနတ် သုံးလေးချက်မျှ စဉ်တိုက် ပစ်ခတ်သံတို့ကို အတိုင်းသား ကြားရလေ၏။
ပြူတင်းပေါက်မှ ကြည့်လိုက်သည့်အခါတွင်ကား လမ်းထိပ်ဘက်တွင် ကမ္ဘာပျက် သကဲ့သို့ လူတွေ ပြေးလွှားနေကြပုံ၊ တုတ်ဓါးများကို ကိုင်ထားကြသော ကုလားမြန်မာများ ရိုက်နှက်ထိုးခုတ်နေကြပုံတို့မှာ စစ်ပွဲကလေးကျင်းပနေသကဲ့သို့ မှတ်ထင်ရလေ၏။
သိန်းလွင်သည် လမ်းဘက်သို့ ကြည့်နေရင်းက ဘမြင့်ကို သတိရမိသောအခါ ငယ်ထိပ်သွေးရောက်သွားသလို မျက်စိများ ပြာသွားလေ၏။
"ဘမြင့်... ဘမြင့်.... ဘယ့်နှယ်များ ဖြစ်မလဲ" ဟု ပါးစပ်က တဖြစ်တောက်တောက် ရေရွတ်ရင်း၊ အငြိမ်မနေနိုင်သကဲ့သို့ အိမ်ထဲသို့ ၀င်လိုက် ပြူတင်းပေါက်သို့ ထွက်လိုက်နှင့် စိတ်ဒုက္ခရောက်၍ နေလေ၏။
ထိုအတွင်း အိမ်အောက်ထပ်မှ ထိခိုက်ကွဲရှသံများ၊ ရိုက်နှက်သံများ၊ ကုလားများ၏ အော်ဟစ်သံများကို ကြားရသဖြင့် ပြူတင်းပေါက်မှနေ၍ ငုံ့ကြည့်လိုက်ရာ ဗမာလူရွယ် ၂၀ ခန့် ကုလားဟော်တယ်ကို ရိုက်နှက်ဖျက်ဆီးနေကြသည်ကို မြင်ရသဖြင့် ပဌမသော် အံ့အားသင့်သွားလေ၏။
၎င်းနောက် ဘာစိတ်ဘာလက် ပေါက်လာသည်မသိ၊ လုံချည်ကို ခါးတောင်းကျိုက် လိုက်ပြီးလျှင် လှေကားမှ တဒုံးဒုံး အပြေးဆင်းသွားလေ။
ခဏမျှကြာလျှင် သိန်းလွင်သည် အ၀တ်နှင့် ထုပ်ထားသော ပေါင်မုံ့ထုပ်ကြီးကို ထမ်းကာ ဆိုင်ပေါက်ဝမှ အထွက် ကုလားစစ်ပုလိပ်များကို တင်ဆောင်လာသော အာအီးတီကားကြီး ဆိုင်ရှေ့တွင် ထိုရပ်လိုက်သည်ကို မြင်လိုက်ရလေ၏။ ရုတ်တရက်ဆိုသော် မျက်စိများမှာ ပြာကနဲ ဖြစ်သွားကာ သတိလစ်သလို ရပ်နေမိပြီးမှ ချက်ချင်း ပြန်သတိရသကဲ့သို့ လှေကားသို့ လေးထစ်မျှ မနင်းလိုက်ရသေးမီ စူးရှသော သေနတ်သံကို ကြားလိုက်ရသည့် အဆုံးတွင် လှေကားရင်း၌ ခွေခွေကလေး လဲကျနေသော သိန်းလွင်ကို တွေ့ရလေ၏။
xxxxx xxxxx xxxxx xxxxx
လူသေများကို ထားရာ ခန်းမကြီး ဖြစ်လေ၏။ မာကျောတောက်ပြောင်သော ကျောက်ကြမ်းပြင်ပေါ်တွင် လူနှစ်ယောက်လျှောက်လာကြသော ခြေသံများမှာ ကြောက်မက် ဘွယ် ကောင်းလောက်အောင် ဆိတ်ငြိမ်နေသော ခန်းမကြီးတွင် အတိုင်းသား ကြားရလေ၏။
ထိုခြေသံနှစ်ခုသည် အခန်းမကြီးကို အလည်မှ ဖြတ်လာကြပြီး အနောက်တောင် ထောင့်ရှိ ခုတင်တခုအနီးသို့ ရောက်သောအခါ ရပ်တန့်သွားကြလေ၏။
ဆရာမသည် ခုတင်ခေါင်းရင်းဘက်သို့ လျှောက်သွားကာ လူသေဖုံးထားသော အ၀တ်ကို လှပ်လိုက်ပြီး ခြေရင်းတွင်ရပ်နေသော ဘမြင့်ကို ကြည့်လိုက်၏။ ဘမြင့်က ခေါင်းငြိမ့်ပြ လိုက်သောအခါ ဆရာမသည် အနီးရှိ တံခါးတခုမှ လှည့်ထွက်သွားလေ၏။
ဘမြင့်သည် အသက်မရှိသကဲ့သို့ မလှုပ်မယှက် ရပ်ကာ သိန်းလွင်၏ အလောင်းကို မျက်တောင်မခတ်သော မျက်လုံးများဖြင့် ငေးကြည့်နေလေ၏။
အ၀တ်များဖြင့် ရစ်ပတ်ထားသော သိန်းလွင်မှာ မည်သည့်အခါကမျှ ဒုက္ခအပေါင်းနှင့် မဆက်ဆံခဲ့ရဘူးသကဲ့သို့ တည်ငြိမ်အေးချမ်းသော မျက်နှာနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ သည်ဟု ထင်ရလေ၏။
"ဖြစ်မှဖြစ်ရလေ သိန်းလွင်ရာ....." ဟူသော စကားများမှာ ထိခိုက်ကြေကွဲလှသော ဘမြင့်၏ အသဲနှလုံးကြားမှ လွန့်တက်လာကြကာ ပါးစပ်မှ ညင်သာ ဖြေးလေးစွာ ထွက်သွားကြလေ၏။
ဘမြင့်မျက်လုံးအိမ်မှ ပူနွေးသော မျက်ရည်များမှာလည်း ပါးပြင်ပေါ်မှ လိမ့်စီးကျလာ ကြကာ အ၀တ်ဖြူဖုံးထားသော သိန်းလွင်၏ ခြေထောက်များပေါ်သို့ ကျဆင်း၍ နေကြလေ၏။
ထိုအတွင်း လုံချည်ပန်းရောင်ကို ဆင်တူဝတ်ထားကြသော ဆရာမကလေး လေးယောက် ပေါ်ပေါက်လာကာ သိန်းလွင်၏ မျက်နှာကို ပြန်ဖုံးလိုက်ပြီး ခုတင်ကလေးကို တွန်းယူသွားကြလေ၏။
ဘမြင့်သည် မျက်ရည်ပြည့်လဖမ်းသော မျက်လုံးများဖြင့် ဆရာမကလေးများ တွန်းသွားကြသော ခုတင်ကလေး ထောင်ချိုးတခုတွင် ပျောက်ကွယ်သွားသည်ကို နောက်ဆုံး ကြည့်ခြင်းမျိုးဖြင့် မျှော၍ ကြည့်နေလိုက်လေသတည်း။
ဘဟိန်း
{၁၉၃၈- ခု ဒီဇင်ဘာလထုတ် ဒဂုန်မဂ္ဂဇင်း}
စာပေမွေ့သူ ဘဟိန်း
အထက်ပါ 'ဘ၀ခရီး' ၀တ္ထုတိုကလေးမှာ ကွယ်လွန်သူ ကွန်မြူနစ်ပါတီခေါင်းဆောင် ကိုဘဟိန်း ရေးခဲ့သော စာပေများအနက် တခု ဖြစ်ပေသည်။
ကိုဘဟိန်း၏အမည်ကို ၁၉၃၆ ခု၊ ကျောင်းသားသပိတ်ကတည်းက ကြားဘူးကြပေ လိမ့်မည်။ သူသည် အထက်မြန်မာပြည် ကျောင်းသားသပိတ်ခေါင်းဆောင် ဖြစ်ခဲ့သည်။ ပဌမဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကြီး စတင်တည်ထောင်သူ တဦးလည်း ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသောအခါ တက္ကသိုလ်သမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတို့တွင် အတွင်းရေးမှူး၊ ဥက္ကဌ စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ကြွေးကြော်သံဖြစ်သော မျိုးညွန့်မဂ္ဂဇင်း အယ်ဒီတာချုပ်လည်း လုပ်ခဲ့သည်။
သူသည် 'ဓနရှင်လောက' စသော ကွန်မြူနစ်ဝါဒအခြေခံ စာအုပ်များအပြင် ရံဖန်ရံခါလည်း ၀တ္ထုတိုများ ရေးသားလေ့ရှိသည်။
အယ်ဒီတာ
တာရာမဂ္ဂဇင်း။
[တာရာမဂ္ဂဇင်း အတွဲ၃၊ အမှတ်၂၀ မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။]

Tuesday, April 28, 2009
ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း
ရေးသူ-မောင်အေးဝင်း
ဗမာပြည်မှာတုန်းက၊ စာအုပ်ထုတ်ဝေရေးတွေလုပ်၊ အရှုံးတွေပေါ်၊ ကြွေးတွေတင် (မိဘဆွေမျိုးတွေအပေါ်မှာ)။ ခု အမေရိကရောက်တော့ ပထမဆုံးရတာက လေယာဉ် လက်မှတ် ကြွေးဆပ်ဖို့ စာအုပ်ကလေး။ USCC ရဲ့ အပြောလေးက သူတို့ဌာနမှာလဲ ပိုက်ဆံ များများ စားစားမရှိပါဘူး၊ နောက်မှာ ကိုယ့်လိုပဲ ဒီကိုလာဖို့ တန်းစီစောင့်နေသူတွေကို သနား သောအားဖြင့် အလုပ်အကိုင်ရခဲ့ရင် တလကို အနည်းဆုံး ၁၂ ဒေါ်လာလောက်တော့ သွင်းသွားပါတဲ့။ ကိုယ်လဲ ပထမနှစ်လ ဒေါ်လာ ၅၀ စီသွင်းပြီး၊ တတိယလ ကျန်တဲ့ငွေ အပြေသွင်းလိုက်တယ်။
ရန်ကုန်မှာ ပန်းဘဲတန်းရဲက မိတ်ဆွေတဦး မကြာမကြာပြောဘူးတယ်။ သူက ကီလီ ရဲရိပ်သာမှာ နေတာ။ သူ့ဆရာ ဗိုလ်မှူးကြီးက ရဲချုပ်ဖြစ်တော့ သူက အသွင်ပြောင်း ရဲအုပ်ဖြစ်ပြီး စီးပွါးရေးအချက်အချာကျတဲ့ ပန်းဘဲတန်းလို နေရာမှာ တာဝန်လာကျတယ်။ ပင်ကိုယ် စိတ်ဓါတ်ကကောင်းတော့ အကြံအဖန်မလုပ်ဖူး၊ အကြွေးတွေက ပတ်လည်ဝိုင်းလို့။ သူနေတဲ့ ကီလီရဲရိပ်သာက အိမ်မှာ သူ့နဲ့လိုက်ပြီး မကြာမကြာ အရက်သောက်ဖြစ်ကြတယ်။ ကိုယ်ရောက် သွားရင် သူတို့ ရဲရိပ်သာနားတ၀ိုက်က ဘီအီးရောင်းတဲ့ အိမ်ကို ပုလင်းကလေး နှစ်လုံးနဲ့ ပိုက်ဆံပေးပြီး လူလွှတ် အရက်ဝယ်ခိုင်းတယ်။ ပါးစပ်ကလဲ ပြောသေးတယ်။ ကိုအေးဝင်း- နိုင်ငံတော်တောင် ကြွေးတွေပတ်လည်ဝိုင်းနေတာ ထွန်းငွေတယောက် ကြွေး တင်တာ ဘာမှုစရာလဲတဲ့။
ကိုယ်ရောက်ရောက်ချင်းညမှာ ပထဆုံးရောက်လာသူက မော်ကြီး။ ၇၆-၇၈ အင်းစိန် တောရမှာ အတူစံဖက်။ သူ့ဇနီးက စာရေးဆရာမ မာလုစံ၊ စာရေးကောင်းတယ်။ အမေရိကရောက်ပြီး သူ့ဝတ္ထုတွေ မတွေ့ရတော့ဘူး။ မရေးဖြစ်တော့ဘူးထင်ပါရဲ့။ နှမြောစရာ။ ထိုင်းမှာ စောဖိုးကြူးရယ်၊ ကိုဌေးဝင်းရယ်၊ ကိုယ်ရယ် ချို့ချို့တဲ့တဲ့ နေနေရတဲ့အချိန်၊ ငှက်ကြီးလို့ အမည်တွင်တဲ့ တင်မောင်ဌေးကလဲ ကိုယ်တို့ဆီ မကြာမကြာ ဖွတ်လာတက်တဲ့အချိန်၊ မော်ကြီးက အမေရိက ကနေ သူ့ ရဲဘော်ရဲဘက် လေးယောက်ကို ငွေကြေးထောက်ပံ့ ရှာတယ်။ ခုလဲ ညတွင်းချင်း ရောက်ချလာတယ်။
ကိုယ်နေရတဲ့ မြို့ကလေးက Inglewood တဲ့။ အိမ်ဝင်းထဲမှာ တထပ်အိမ်နှစ်လုံးတွဲ၊ နှစ်အိမ်ပါတယ်။ တအိမ်မှာ အိမ်ရှင်မျက်နှာဖြူ အဖိုးကြီးအဖွားကြီးနေတယ်။ သူ့နဲ့ကပ်လျက်မှာ ကိုယ့်အဖေရဲ့ မိတ်ဆွေ ပါကစ္စတန်ကုလား တယောက်နေတယ်။ မျက်နှာချင်းဆိုင်မှာ၊ တအိမ်က ကလေးလေးတယောက်နဲ့ အိမ်ရှင်အဖိုးကြီးမြေးမ လင်မယားနေတယ်။ သူ့နဲ့ကပ် လျက်က ကိုယ့်ညီမ နေတယ်။ ကိုယ်လာမယ်ဆိုလို့ အိမ်ရှင်အဖိုးကြီးက သူ့ခြံထဲက ပစ္စည်းတွေထားတဲ့ ကားဂိုဒေါင်ခန်းကို လူနေရအောင် ရေချိုးခန်း၊ အိမ်သာ တပ်ဆင်ပေးပြီး တလဒေါ်လာတရာနဲ့ ကိုယ့်ကိုငှားတယ်။ ဆွဲဆန့်ရင် ကုတင်ဖြစ်တဲ့၊ စပရင်ကျိုးနေလို့ အလည်ခေါင်မှာ ချိုင့်နေတဲ့၊ အသွေးအရောင် မပေါ်သော ဆိုဖာခုတင်တလုံးပေးထားတယ်။ အိမ်ရဲ့ သစ်သားနံရံတွေက ပိုးစားနေပြီဖြစ်တော့ အိမ်ထဲကနေ အပြင်အလင်းဖက်ကို ကြည့်ရင် တကယ်ပဲ ကြယ်မြင်လမြင်။
ညီမက အမေ နေမကောင်းလို့ ဗမာပြည်ပြန်သွားတော့ ကိုယ်က ကိုယ့်ဂိုဒေါင်အိမ် ကလေးကို ခဏစွန့်ခွါပြီး သူ့အခန်းမှာ အိမ်စောင့်ရင်း ခဏတဖြုတ် ကောင်းကောင်းမွန်မွန် နေလိုက်ရတယ်။ သူက မှာသွားတယ်၊ ရပ်ကွက်က လူမဲတွေချည်းပဲ၊ ဟိုဟိုသည်သည် လျှောက်မသွားနဲ့တဲ့။ ရောက်ခါစ တောသားကို ချိမ်းခြောက်သွားတာ။
ကိုယ်ကလဲ ရောက်ခါစ သုံးလေးရက်တော့ ဘယ်မှမသွားပဲ၊ စားလိုက်သောက်လိုက်၊ အိပ်လိုက်နေလိုက်တယ်။ အင်မတန် ပျင်းစရာကောင်းတာပဲ။ တပါတ်လောက်ကြာတော့ ထွက်စရာ လမ်းက ပေါ်လာတယ်လေ။ ပေါင်မုံ့ကုန်နေပြီ။ မနက်အိပ်ယာနိုးရင် စားဖို့မရှိဘူး။ ဒီမှာက ထိုင်းမှာလို အိပ်ယာကထရင် အိမ်ပြင်ထွက်လိုက်တာနဲ့ စားစရာဆိုင်မတွေ့ဘူး။။ ကိုယ့်ပြေကိုယ့်ရွာလို အိမ်ရှေ့က ဖြတ်သွားတဲ့ ဈေးသည်လဲ ခေါ်ဝယ်စားလို့မရ။ ဒီတော့ အိမ်နားက 7-11 ကို စွန့်စွန့်စားစား လမ်းလျှောက်သွားလိုက်တယ်။
7-11 ထဲမှာ ပေါင်မုံ့ယူပြီး ငွေပေးမလို့ တန်းစီနေတုန်း၊ ငွေပေးတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ဆိုင်ထဲက ပစ္စည်းတွေကို စာရင်းမှတ်နေတဲ့ အမျိုးသမီးတယောက်ကို တွေ့လိုက်တယ်။ ကိုယ် သိဖူးတဲ့ တယောက်နဲ့ အရမ်းတူလွန်းလို့ အနားကပ်သွားပြီး ဗမာပြည်ကလားလို့ ကိုယ်က သူကို မေးလိုက်မိတယ်။ သူ့ရဲ့ အံ့သြသွားတဲ့ အကြည့်ဟာ ကိုယ့်အဖို့ သေချာသွားတာမို့ ကျော်ဝင်းအမျိုးသမီး မဟုတ်လားလို့ ထပ်မေးလိုက်တယ်။ သူ့မျက်နှာဟာ အံ့သြပြုံးရွှင် ၀င်းလက်သွားရာက ဟာ- စာအုပ်ဆိုင်က ဦးလေးကြီး မဟုတ်လားတဲ့။ ကိုကျော်ဝင်းအိမ်မှာရှိတယ်၊ သူသိရင် အရမ်းဝမ်းသာမှာပဲ ဆိုပြီး ဖုံးနံပါတ်လဲ ရေးပေး၊ ခုခေါ်လိုက်လို့လဲပြောပြီး၊ စကားတွေလဲ အတော်များများ ပြောလိုက်ကြတယ်။
အိမ်ပြန်ရောက်ရောက်ချင်း ဖုံးခေါ်လိုက်တာ၊ ခုချက်ချင်း လာခဲ့မယ်ဆိုပြီး ငါးမိနစ် တောင် မကြာလိုက်ဘူး၊ ကိုကျော်ဝင်း ရောက်ချလာတယ်။ သူကလဲ ကိုယ်နေတဲ့ အိမ်နဲ့ မလှမ်းမကမ်းမှာပဲ နေတာကိုး။ Inglewood မြင်းပြိုင်ကွင်းနားမှာ။
ရန်ကုန်မှာတုန်းက ကိုယ့်စာအုပ်အငှားဆိုင်နဲ့ နှစ်ခန်းကျော်မှာ သူတို့ ပိုင်တဲ့ အခန်းရှိတယ်။ အခန်းငယ်တွေကန့်ပြီး လက္ခဏာဆရာ၊ သွားဆေးခန်း၊ ဗမာဆေးဆိုင်တွေကို ငှားစားတယ်။ သူက အခန်းမျက်နှာစာမှာ မှန်ဘီဒိုကလေးတလုံးချပြီး ဗွီဒီယိုခွေငှားတယ်။
ကိုယ်က သူ့ဆီ ဗွီဒီယိုငှား၊ သူတို့ လင်မယားက ကိုယ့်ဆီမှာ ၀တ္ထုစာအုပ်တွေ၊ သိုင်းဝတ္ထုတွေ ငှားဖတ်တယ်။ မမျှော်လင့်ပဲ ရန်ကုန်မှာတုန်းက အိမ်နီးချင်းတိုက်ချင်းကပ်လျက် ဟာ၊ အမေရိကမှာ တရပ်ကွက်ထဲ လာဆုံနေပြန်ရော။
သူက ဖုံးနံပါတ်တခု ထုတ်ပေးပြန်တယ်။ ဒီဖုံးကို ဆက်လိုက်၊ ခင်ဗျား အသံကြားရင် သူတို့ အံ့သြ၀မ်းသာသွားကြမယ် ပြောတယ်။ ကိုယ်တို့ ငယ်ငယ်တုန်းက အာရှမှာ နံမည်ကြီး၊ မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကိုကိုကြီးနဲ့ သူ့ဇနီး မဘေဘီ။ သူတို့မိသားစုကလဲ ကိုယ့်အဖေအမေ၊ အဖိုးအဖွားတွေနဲ့ ဆွေမျိုးတွေလို နေလာခဲ့ကြတာ။ စကားပြောရတာကိုက ပျော်စရာကြီး။
နောက်တနေ့မှာ မမဘေဘီ ပုဇွန်ထုပ်ကြီးတွေနဲ့ ဒန်ပေါက်ချက်ပြီး ရောက်ချလာတယ်။
ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းလေးဆိုတာ ဒါပဲဖြစ်မှာ။ ကိုယ်သဘောပေါက်တာက ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်းပါ။
မောင်အေးဝင်း။
အင်္ဂါနေ့၊ ၂၈ ဧပြီ၊ ၂၀၀၉။

ပထမနေ့၊ ပထမအစာ၊ ပထမဆုံးရုံးလုပ်ငန်းနဲ့ ပထမဆုံးအကြွေးစာအုပ်
ရေးသူ-မောင်အေးဝင်း
ဒုက္ခသည်တွေကို ကူညီတဲ့ အဖွဲ့အစည်းတခုက လေယဉ်လက်မှတ် စိုက်ထုတ်ကူညီ လိုက်လို့ အမေရိကကို North West Air Line စီးပြီး ကိုယ်ရောက်လာခဲ့တယ်။ ပိုက်ဆံကတော့ အိတ်ထဲမှာ ထိုင်းပိုက်ဆံ ၁၁ ဘတ်ပဲ ပါတယ်။ ဒုံမောင်းကို လာရတဲ့ တက္ကစီခ၊ မနက် အစောကြီး အိပ်ရာကထပြီး (တကယ်တော့ တညလုံးမအိပ်ပဲ) လေဆိပ်ကို လိုက်ပို့ကြတဲ့ စောဖိုးကြူး၊ ကိုဌေးဝင်းတို့နဲ့ နှုတ်ဆက်မနက်စာ အိတ်သွန်ဖာမှောက် စားလိုက်ကြတာ၊ အိတ်ထဲ ၁၁ ဘတ်ပဲ ကျန်တယ်။
လာကြိုမယ့် ညီမနှစ်ယောက်နဲ့ လေဆိပ်မှာ မတော်တဆ လွဲနေရင်၊ ငါ ဘာလုပ်မလဲ။ တယ်လီဖုံးဆက်ဖို့လဲ အမေရိကန်ပိုက်ဆံ အိတ်ထဲ မပါဘူး။ အိတ်ထဲပါတဲ့ ထိုင်းပိုက်ဆံ ၁၁ ဘတ်ကို ဘယ်သူက အမေရိကန်ပိုက်ဆံ လဲပေးမှာလဲ။ လဲလို့ရဦးတော့ အဲဒီတုန်းက တဒေါ်လာကို ဘတ် အစိတ်။ အမေရိကန်ပိုက်ဆံ ပြား ၅၀ တောင်မရဘူး။ ပူပန်စိတ်တွေ၊ ကြောက်စိတ်တွေ တပြုံတခေါင်းနဲ့ အမေရိကကို ကိုယ်ခြေချခဲ့တယ်။
ကိုယ်စီးလာတဲ့ လေယာဉ်မှာ ကိုယ့်လို ဒုက္ခသည် အယောက် ၅၀ ကျော်လောက်ပါ လာတာ ဗမာဆိုလို့ ဆေးကျောင်းသူ မိန်းကလေးတယောက်ရယ် ကိုယ်ရယ်။ အဲဒီ မိန်းကလေးကလဲ ၀ါရှင်တန်ဒီစီကို ဆက်သွားရမှာမို့ လေယာဉ်ပြောင်းစီးဖို့ ထွက်သွားပြီ။ လော့စ်အိန်ဂျယ်လိစ် လေယာဉ်ကွင်း လူဝင်မှုကြည့်ကြပ်ရေးအခန်းကြီးထဲ လာအို-ဗီယက်နမ် ဒုက္ခသည်တွေနဲ့ ကိုယ်ပဲ။ ကိုယ့်မှာက အ၀တ်အစား လေး-ငါးစုံရယ်၊ ပစ္စည်းတိုလီမုတ်စတွေ ပါတဲ့ လက်ဆွဲသရေသေတ္တာငယ်တလုံးပဲ။ လေယာဉ်မှာ ပစ္စည်းခ ပေါင်ပို ပေးရမှာကြောက်ပြီး ပိုင်ဆိုင်တွေ အတော်များများကို ထိုင်းမှာချန်ထားခဲ့ရတယ်။ လာအို-ဗီယက်နမ်ဒုက္ခသည်တွေ မှာတော့ မိသားစုအလိုက် ရွှေ့ပြောင်းကြတာဆိုတော့ မိသားစု တစုတစုကို သယ်ကြတဲ့ များလိုက်တဲ့ ပစ္စည်းတွေ။
လေဆိပ် လ၀က အရာရှိကလဲ ဒုက္ခသည်တွေရဲ့ စာရွက်စာတမ်းတွေကို ရေးနေသားနေလုပ်နေ လိုက်တာ စိမ်ပြေနပြေပဲ။ တနာရီလဲ မပြီး၊ နှစ်နာရီလဲ မပြီး။ ကိုယ်ကတော့ လာကြိုတဲ့သူတွေ ကိုယ့်ကို မတွေ့လို့၊ ဒီလေယာဉ်မှာ မပါဘူးထင်ပြီး ပြန်သွားမှာပဲ စိတ်ပူနေပြီ။
တော်ပါသေးရဲ့။ သူတို့ကလဲ ကိုယ်ထွက်မလာမချင်း ဇွဲနဲ့ စောင့်နေကြတယ်။
လေယာဉ်ပျံပေါ်မှာ ကြွေးတာတွေကို မစားနိုင်လို့ တလမ်းလုံး ဘာမှ စားမလာခဲ့ရဘူး။ ဘန်ကောက်ကနေ ဂျပန်နိုင်ငံ နရိတ အထိ၊ ဘီယာနှစ်ဗူးနဲ့ ၀ီစကီ ၄ ပက်။ နရိတ က လော့စ်အိန်ဂျယ်လိစ်အရောက် ဘီယာနှစ်ဗူး၊ ၀ီစကီ ၄ ပက်။ စုစုပေါင်း ဘီယာလေးဗူး၊ ၀ီစကီ ရှစ်ပက်ကို အမြီးမယ်မယ်ရရ မရှိပဲ၊ ဆယ့်လေးငါးနာရီခရီးကို အိပ်လိုက် သောက်လိုက် လုပ်လာတာ။ ၀မ်းထဲမှာ ဆာလောင်မှုက ကမ်းကုန်နေပြီ။ ဗိုက်ထဲမှာ ဗွိုင်လာအိုးကြီးတအိုးလို ပူလောင်ဆူပွက်နေပြီ။
ညီမနှစ်ယောက်အနက် အတူနေမယ့် ညီမက ညနေမှတွေ့မယ်၊ အလုပ်ပြန်သွားရအုန်းမယ် ပြောပြီး၊ လေဆိပ်မှာပဲ နှုတ်ဆက်ပြီး၊ သူ့အလုပ်ကို ပြန်သွားတယ်။ သူ့အထက်အကြီး ညီမက ခွင့်တရက်ယူထားမို့ သူ့နဲ့ လုပ်စရာရှိတာတွေ လျှောက်လုပ်ရမယ်။
အမေရိကမြေကို ရောက်ရောက်ချင်း စားရတာ၊ ကိုယ်နေရမဲ့ အိမ်နားမှာရောင်းတဲ့ တရုတ်စားသောက်ဆိုင် ကလေးက ကော်ပြန့်ကြော်။ ကိုယ်က ကားပေါ်က စောင့်နေတယ်၊ ညီမက ပြေးဆင်းသွားပြီး စက္ကူအိပ်ကလေးနဲ့ ထည့်ဝယ်လာ တာ ကော်ပြန့်ကြော် နှစ်လိပ်။ ဒါအဆာပြေစားထား။ သွားစရာ၊ လုပ်စရာတွေ ရှိတယ်လို့ ပြောတယ်။
ကိုယ်လဲ ငတ်ငတ်နဲ့ ကော်ပြန့်ကြော်ပူပူကြီးကို အငမ်းမရ စားလိုက်တာ၊ လျှာလောင်သွားရော။ အေးတဲ့အထိ မစောင့်နိုင်လို့ ကားပေါ်မှာတင် ကော်ပြန့်ကြော်ကို ပါးစပ်ကမှုတ်ရင်း စားလာခဲ့တာ။ ဒီကော်ပြန့်ကြော်က တသက်မှာ စားသမျှ ကော်ပြန့်ကြော်ထဲ အကောင်းဆုံးလို့တောင် ထင်ရတယ်။
ပြီးတော့ အိမ်မှာ ပစ္စည်းအထုတ်အပိုးတွေ ၀င်ထားပြီး၊ အိမ်နားက social security ရုံးကို social security လက်မှတ်လုပ်ဖို့ သွားကြတယ်။ ညီမက ကိုယ့်ကို ကြိုဖို့ အလုပ်က ခွင့်တရက်ယူရတာ၊ နောက်တနေ့ ခွင့်ထပ်မယူရအောင် တနေ့ထဲ လုပ်စရာရှိတာတွေ အကုန် တခါထဲ လုပ်လိုက်မလို့တဲ့။
လေဆိပ် လူဝင်မှုကြည့်ကြပ်က ပေးလိုက်တဲ့ စာရွက်စာတမ်းတွေနဲ့ social security လုပ်လို့ရတယ်။ ဒါပေမယ့် ရုံးက ထုတ်ပေးလိုက်တဲ့ ယာယီ social security စာရွက်ကို ကြည့်လိုက်တော့ နံမည်က ရှေ့နောက်အစီအစဉ်လွဲ နေတယ်။ 'အေးဝင်း' ဖြစ်ရမယ့်အစား '၀င်းအေး' ဖြစ်နေတယ်။ အဲဒီရုံးက လူတွေကို ပြောပြတော့ လူဝင်မှုကြည့်ကြပ်က ပေးလိုက်တဲ့ စာရွက်ပေါ်ကအတိုင်း လုပ်တာ။ ပြင်ချင်ရင် လူဝင်မှုကြည့်ကြပ်က ပြင်ပေးမှ သူတို့ ပြင်လို့ရမှာတဲ့။
ဟုတ်တယ်။ ကြည့်လိုက်တော့ လေဆိပ်က အရာရှိက ဒီလိုပဲ ရေးလိုက်တာ။ ထိုင်းမှာ ပုံစံစာရွက်တွေ မှန်သမျှ first name အရင်လာတယ်။ ပြီးမှ last name။ ဒီတော့ ထိုင်းတွေက ကိုယ့်နာမည်ကို ရာဘာတဆိပ်လုပ်ထားပြီး အေးဝင်းတွေချည်း နှိပ်ပစ်တာ။ အမေရိကန်ပုံစံ စာရွက်တခုမှာ last name အရင်လာပြီး၊ first name နောက်မှ လာတာကို ကိုရွှေထိုင်းတွေက မကြည့်ပဲ ထုံးစံအတိုင်း တဒုံးဒုံးနဲ့ နာမည်တဆိပ်တုံးကို ထုလိုက်ပုံရတယ်။ အဲဒီစာရွက်ကလဲ စာရွက်တွေ အားလုံးရဲ့ အပေါ်ဆုံးက တင်ရတဲ့ စာရွက်ဖြစ်နေတော့၊ လေဆိပ်ကလဲ ဒါကိုပဲ ကြည့်ပြီး social security ရုံးကို ပေးရမယ့် စာရွက်မှာ ရေးလိုက်တာကိုး။
ကိုယ်က ဒါကို ပြင်ချင်တော့ လော့စ်အိန်ဂျယ်လိစ်မြို့ထဲက လ၀ကရုံးကို ပြေးရပြန်ရော။ ဟိုရောက်တော့ လောလောဆယ်တော့ ဒီအတိုင်းအတည်ပဲ။ ပြင်လို့မရတော့ဘူး။ ငါးနှစ်ပြည့်လို့ နိုင်ငံသားလျှောက်လွှာတင်တော့မှ ပြင်လိုက်တဲ့။ ခုဒီအတိုင်းပဲသွား- ရပါတယ်လို့ ပြောလိုက်တယ်။ တနေ့ထဲ ကိစ္စပြီးချင်တာနဲ့ အိမ်နားက ပထမသွားခဲ့တဲ့ social security ရုံးကို ပြန်လာပြီး ဒီအတိုင်းပဲ '၀င်းအေး' နဲ့ ကိစ္စပြီးသွားတယ်။
ညီမနဲ့အတူ co-sponsor လုပ်တဲ့ လော့စ်အိန်ဂျယ်လိစ် ၉ လမ်းက USCC ရုံးမှာလဲ ရောက်ပြီဖြစ်ကြောင်း၊ မြို့ထဲရောက်တုန်း ၀င်ပြီးအကြောင်း ကြားရသေးတယ်။ သူတို့က ကိုယ် အမေရိကရောက်ရင် အကြောင်းကြားပါလို့ sponsor အတူတွဲလုပ်တဲ့ညီမကို မှာထားလို့။ သူတို့ရုံးက ဖြတ်ပိုင်းစာရွက်လို ဖြဲလို့ရတဲ့ စာအုပ်ကလေး တအုပ်ရယ်၊ စာရွက်စာတမ်းတွေရယ်၊ ပေးလိုက်တယ်။ စာရွက်စာတမ်းတွေထဲမှာ သူတို့ စိုက်ပေးထားတဲ့ လေယာဉ်လက်မှတ်ခ ဒေါ်လာ ခြောက်ရာကျော်ကို အလုပ်အကိုင် အဆင်ပြေတဲ့အခါ တလ နည်းနည်း ဖဲ့ဆပ်ဖို့လဲ ရေးထားတယ်။ ဖြတ်ပိုင်းစာအုပ်လေးက ကြွေးစာရင်းဖြတ် ပိုင်းကလေး။ အကြွေးဆပ်တိုင်း ကိုယ့်ပေးသွင်းငွေကို ရေးပြီး သူ့ဆီတရွက်ပို့၊ ကိုယ့်မှာလက်ခံတရွက်သိမ်း ထားဖို့။
ဒါက အမေရိကရဲ့ ပထမနေ့၊ ပထမဆုံးစားတဲ့ လျှာလောင်သွားတဲ့ ကော်ပြန့်ကြော်၊ ပထမဆုံး ဟိုပြေးဒီပြေး ပြေးရတဲ့ ရုံးကိစ္စ၊ ပထမဆုံးရတဲ့ အကြွေးစာရင်းစာအုပ် ပါပဲ။
မောင်အေးဝင်း။
တနင်းဂနွေ၊ ဧပြီ ၂၆၊ ၂၀၀၉။

Monday, April 13, 2009
စာအုပ်တန်း
ရေးသူ-မြသန်းတင့်
ကျွန်တော်သည် ခပ်လှမ်းလှမ်းမှ ရပ်၍ စာအုပ်တန်းကို ငေးကြည့်နေမိလေသည်။ ငယ်ငယ်တုန်းကတော့ စာအုပ်တန်းမှန်သမျှကို ရောက်သည်။ မြက်ပင်ကို ဆိတ်ဝါးသလို စာအုပ်တွေကို တအုပ်ပြီးတအုပ် ကောက်လှန်ပြီး မြည်းစမ်းကြည့်သည်။ ဘာရယ်လို့ မဟုတ်။ ရှေ့နားက စာကို ကောက်ဖတ်လိုက်၊ အလယ်နားလောက်ကို ကောက်လှန်လိုက်၊ အမြီးပိုင်းကို ကျော်ကြည့်လိုက်၊ စိတ်မ၀င်စားလျှင် ထိုစာအုပ်ကို ချပြီး နောက်တအုပ်ကို ကောက်လှန် ပြန်သည်။ သည်လိုဖြင့် စာအုပ်တန်းတလျှောက်တွင် တဆိုင်ပြီးတဆိုင် စာအုပ်ပုံတွေကြား ထဲတွင် တအုပ်ပြီးတအုပ် ကောက်မြည်းကြည့်သွားသည်။ ဆိတ်တကောင် လျှောက်သွားပြီး မြက်ပင်ကလေးတဆုပ်ကို တဖြုတ်ဖြုတ်ကောက်ဝါးလိုက်၊ တဖန် တနေရာသို့ လျှောက်သွားပြီး မြက်တဆုပ်ကို ကောက်ဝါးလိုက်ဖြင့် မြက်ခင်းကျယ်ကြီးတခုလုံး နေရာအနှံ့လျှောက်သွားနေ သော်လည်း စား၍မ၀နိုင်သလို စာအုပ်တောထဲတွင် ကျွန်တော်လျှာက်သွားခဲ့သည်။ စာအုပ်တန်းသို့ ရောက်တိုင်း ကျွန်တော်သည် မြက်ခင်းပြင်ကျယ်ကြီးတွင် ဆိတ်မြက်စားသလို မ၀နိုင်၊ မတင်းတိမ်နိုင်ဘဲ စာအုပ်တွေ့သမျှ ကောက်မြည်းကြည့်သည်။ မကြိုက်လျှင် နောက်တအုပ်ကို ကောက်မြည်းသည်။ ကြိုက်လျှင် ၀ယ်လာခဲ့သည်။
ငယ်ငယ်တုန်းကတော့ အချိန်လည်း ရသည်။ မျက်စိအမြင်အားလည်း ကောင်းသေးသည်။ ယခုတော့ ငယ်ငယ်တုန်းကလို စာအုပ်တွေ့သမျှကို မ၀ါးနိုင်တော့ပြီ။ စာအုပ်တန်းကိုရောက်လျှင် စာအုပ်တွေ့သမျှကို လှန်ချိန်မရတော့။ မျက်စိအားကလည်း နည်းလာပြီ။ စာအုပ်ဆိုင်တန်းများတွင် ခင်းထားသော ရောင်စုံပြိုးပြက်နေသည့် စာအုပ်များကို သာ မြင်ရသည်။ သို့ရာတွင် ခပ်လှမ်းလှမ်းက စာအုပ်များကိုမူ ခေါင်းစဉ်များကို ဖတ်၍ မသဲကွဲတော့။ စာအုပ်တိုင်း စာအုပ်တိုင်းကို ကပ်ကြည့်နေ၍လည်း မဖြစ်။ ဆိုင်ရှင့်မျက်နှာကို လည်း ကြည့်ရသေးသည်။ စာအုပ်မြင်သမျှအား ကောက်ကိုင်နေသည်ကို ကြိုက်ပုံမရ။ ထို့ကြောင့် စာအုပ်တန်းရောက်လျှင် ကျွန်တော်သည် ငယ်ငယ်တုန်းကလို စာအုပ်များကို တအုပ်ပြီး တအုပ် မမြည်းနိုင်တော့။ အဝေးမှ လှမ်းကြည့်ရုံသာ တတ်နိုင်တော့သည်။ သို့ရာတွင် ခေါင်းစဉ်တွေကို သဲကွဲခြင်း မရှိ။
ကျွန်တော်တို့ ငယ်ငယ်တုန်းက စာအုပ်တန်းသည် သည်လောက်လည်း စာအုပ်အမျိုး အမည် မစုံ။ သည်လောက်လည်း အရေအတွက်မများ။ ထိုစဉ်က စာအုပ်ဆိုင်ကြီးဆို၍ ဆူးလေဘုရားလမ်းက စမတ်အင်မူကာဒမ်၊ ပန်းဆိုးတန်းက စီးတီးဘွတ်ကလပ်၊ ကုန်သည်လမ်းက သည်အက်ဂျူကေရှင်းနယ် ဘွတ်စတောနှင့် စပတ်လမ်း(ဗိုလ်အောင်ကျော် လမ်း) က စတင်းဒတ်လစ်ထရေးချားဟောက်စ် လောက်ပဲရှိသည်။ ထိုဆိုင်ကြီးများက စာအုပ်သစ်တွေကို တင်ကြသည်။ သို့ရာတွင် စာအုပ်သစ်တိုင်းကို ကျွန်တော်မ၀ယ်နိုင်။ တခါက ကျွန်တော်သည် ဆမ္မားဆက်မွန်၏ စာအုပ်ကို မ၀ယ်နိုင်သဖြင့် စမတ်အင်မူကာဒမ်သို့ နေ့စဉ် သွား၍ဖတ်သည်။ နောက်တော့ အစောင့်ကုလားကသိ၍ စာအုပ်ကို သိမ်းထားလိုက် သဖြင့် မဖတ်ရတော့။ ထိုစာအုပ်ကိုမေးတော့ ၀ယ်သွားပြီ မရှိတော့ဟု ပြောလိုက်သည်။ အမှန်ကတော့ မ၀ယ်သေး။ ကျွန်တော့်ရှေ့မှာပင် လူတယောက် ထိုစာအုပ်ကို လာဝယ်ရာ စပွဲအံဆွဲထဲတွင် သိမ်းထားရာမှ ထုတ်ရောင်းလိုက်သည်ကို မြင်ရသည်။
နောက်တော့ စမတ်အင်မူကာဒမ်၏မြေးက ကျွန်တော့်အား ကျောင်းသားမှန်း သိသွားကာ မ၀ယ်နိုင်သည့်တိုင် စာအုပ်လာဖတ်မှန်းသိလျှင် ကြည်ကြည်ဖြူဖြူ ခွင့်ပြုသည်။ သူ့တပည့် ကုလားများအားလည်း ကျွန်တော်စာအုပ်လာဖတ်လျှင် ဖတ်ခွင့်ပေးလိုက်ပါဟု ပြောထားသည်။
"တို့ဆိုင်က တို့အဖိုးတွေ လက်ထက်ကတည်းက ဖွင့်လာတဲ့ဆိုင်။ မြန်မာပြည်ကို အင်္ဂလိပ်သိမ်းပိုက်ပြီးကတည်းက ဖွင့်တာ။ တို့အဖိုးက စာအုပ်ဝါသနာပါတယ်။ ဒါကြောင့်မို့ ဒီစာအုပ်ဆိုင်ကို ဖွင့်ထားတာ။ မင်းတို့ ကျောင်းသားတွေ ဖတ်ချင်တဲ့ စာအုပ်ရှိရင်လဲ ပြောကြ၊ ငါမှာပေးမယ်၊ ပိုက်ဆံမရှိရင်လဲ ငါ့ဆိုင်မှာ လာဖတ်နိုင်တယ်" ဟု ခွင့်ပေးသည်။ နောင်တွင် သူနှင့်ကျွန်တော်သည် ခင်မင်ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာခဲ့ကြလေသည်။
သူသည် တခါတခါတွင် ကျွန်တော်လိုချင်သော စာအုပ်ကို သူ့နိုင်ငံခြားငွေထဲမှ ထုတ်၍ မှာပေးတတ်သည်။ မှာလိုက်လျှင် ဘယ်လောက်မှ မကြာ။ တပတ်အတွင်း စာအုပ်ရောက်လာ သည်။ မှတ်မှတ်ရရ အင်္ဂလိပ်စာရေးဆရာ ရာဖောက်စ်ရေးသည့် '၀တ္ထုနှင့်ပြည်သူ' ဆိုသော စာအုပ်ကို သူမှာပေးသဖြင့် ကျွန်တော်ဖတ်ရခြင်း ဖြစ်သည်။ တခြားစာအုပ်တွေလည်း အများကြီး။
ကျွန်တော်သည် ထိုစာအုပ်ဆိုင်ကို ဘယ်မျှ စွဲလန်းနေသည်ဆိုလျှင် ထိုစာအုပ်ဆိုင် (ဆူးလေဘုရားလမ်း ဆေးနှင့်ဆေးပစ္စည်းဆိုင်နေရာကလေး) ကို ယခုတိုင် အိပ်မက်ထဲတွင် မကြာခဏ မြင်မက်တတ်ပါသည်။
ပန်းဆိုးတန်းရှိ စီးတီးဘွတ်ကလပ်မှာ သူ့ထက်အခင်းအကျင်း ကျယ်ပြီး သူ့ထက်စာအုပ် ပိုစုံသည်။ သူ့ဆိုင်မှာ ကျောင်းသုံးစာအုပ်ပါ ရောင်းသဖြင့် ပိုပြီး စုံခြင်းဖြစ်သည်။ အပြင်စာအုပ် မှာမူ စမတ်အင်မူကာဒမ်လောက် စုံလင်ခြင်းမရှိ။ ကုန်သည်လမ်းရှိ သည်အက်ဂျူကေးရှင်းနယ် ဘွတ်စတောနှင့် ဗိုလ်အောင်ကျော်လမ်းရှိ စတင်းဒတ်လစ်ထရေးချားဟောက်စ်တို့မှာ စွယ်စုံ ကျမ်းကြီးများ၊ ဘာသာသာရပ်ဆိုင်ရာ စာအုပ်ကြီးများကို ရောင်းလေ့ရှိကြသည်။
စာအုပ်ဆိုင်ကြီးများ အနီးသို့ မကပ်နိုင်သည့်အခါတွင် ကျွန်တော်သည် လမ်းဘေး စာအုပ်တန်းသို့ လျှောက်သွားနေတတ်သည်။ ဆူးလေဘုရားလမ်း၊ မောင်ဂိုမာရီလမ်း (ဗိုလ်ချုပ်လမ်း) တလျှောက်မှာ စာအုပ်ဟောင်းရောင်းသည့် ဆိုင်ကလေးတွေ အများကြီး ရှိသည်။ အချို့လည်း ဆိုင်ခန်းကလေးတွေနှင့် ရောင်းကြသည်။ အချို့ကလည်း ပလက်ဖောင်း ပေါ်တွင် ဗန်းကလေးခင်းပြီး ရောင်းကြသည်။ သို့ရာတွင် ယခုခေတ်စာအုပ်တန်းလို တစုတဝေးတည်းမဟုတ်။ ဟိုနားတွင်တဆိုင်၊ သည်နားတွင်တဆိုင်၊ ပျောက်တိပြောက်ကျား။ ရေကျော်တ၀ိုက်တွင် နည်းနည်းပါးပါးရှိသည်။ ထိုမှလွန်လျှင် ဗိုလ်အောင်ကျော်လမ်းထောင့်နား တ၀ိုက်တွင် နှစ်ဆိုင်သုံးဆိုင်။ ထိုမှလွန်လျှင် ပန်းဆိုးနားတွင် သုံးလေးဆိုင်၊ မဟာဗန္ဓုလ ပန်းခြံလမ်းတွင် လေးငါးဆိုင်၊ ထို့နောက် ကွန်တီနင်တယ်အောက်မှာ ခပ်စိတ်စိတ် တွေ့လာရသည်။ အနောက်ဘက်သို့ လျှောက်လာလျှင် မောင်ထော်လေးလမ်း ထောင့်နားတွင် နည်းနည်းပါးပါး၊ ရွှေဘုံသာလမ်းနားတွင် နည်းနည်းပါးပါး။
ညနေတိုင်း စာအုပ်တန်းသို့ ကျွန်တော်ရောက်သွားလျှင် နဖူးပြောင်ပြောင်၊ ကတုံး ဆံတောက်ပါးပါး၊ မျက်လုံးပြူးပြူး၊ အသားညိုညို ခပ်ဖိုင့်ဖိုင့်၊ အရပ်ပြတ်ပြတ် လူကြီးတယောက်ကို ကျွန်တော်အမြဲလိုလို တွေ့ရတတ်သည်။ ထီးကောက်ကြီးတချောင်းကို လက်မောင်းတွင် ချိတ်ထားပြီး စာအုပ်တအုပ်၊ နှစ်အုပ်ကို လက်တွင်အမြဲ ကိုင်ထားတတ်သည်။ ဆေးပြင်းလိပ်ကြီးကလည်း ဘယ်တော့မှ ချွတ်သည်မရှိ။ အမြဲခဲထားတတ်လေသည်။
သူသည် ကျွန်တော့်ကိုတွေ့လျှင် အမြဲပြုံး၍ နှုတ်ဆက်တတ်သည်။ တခါတလေတွင် ကွန်တီနင်တယ်အောက်က စာအုပ်ဆိုင်တွေ ရှေ့မှာ တွေ့တတ်သည်။ ရွှေဘုံသာလမ်းဒေါင့်က ဆိုင်လေးတဆိုင်တွင် တွေ့တတ်သည်။ တခါသော် ကျွန်တော်သည် ဗိုလ်ချုပ်လမ်းနှင့် ၂၇ လမ်းထောင့်က စာအုပ်ဆိုင်ကလေးတဆိုင်တွင် ထိုင်၍ စာအုပ်တအုပ်ကို ကြည့်နေသည်။ စာအုပ်က လက်တ၀ါးသာသာမျှ ရှိသည့် စာအုပ်ကလေး။ အောက်စဖို့ တက္ကသိုလ် စာအုပ်တိုက်မှ ထုတ်သည့် အက်ဒွင်အာနိုး၏ 'အာရှတိုက်၏ အလင်းရောင်' ဆိုသည့် စာအုပ်။
စာအုပ်ဆိုင်ကလေးမှာ ကုလားကြီးတယောက် ရောင်းနေသည့် စာအုပ်ဆိုင် ဖြစ်သည်။ ပလက်ဖောင်းပေါ်တွင် အ၀တ်ကလေးခင်း၍ စာအုပ်ကလေး ဆယ့်လေးငါးအုပ်ကို ရောင်းနေသည့် ဆိုင်ကလေးဖြစ်သည်။ ကျွန်တော်က အာနိုး၏ စာအုပ်ကို ဟိုလှန်သည်လှန် လုပ်နေသည်။ ဗုဒ္ဓ၏ ဖြစ်တော်စဉ်ကို ကဗျာဖြင့်ဖွဲ့ထားသည့် စာအုပ်ဖြစ်သည်။
ထိုစဉ် 'ကိုရင်လေး ဘာစာအုပ်တွေများ ဖတ်နေသလဲ' ဟု မေးလိုက်သဖြင့် လှည့်ကြည့်လိုက်သောအခါတွင် ဆေးပြင်းလိပ်ကို အမြဲခဲထားတတ်သည့် ထိုလူကြီး ဖြစ်နေသည်။
ကျွန်တော်က စာအုပ်အမည်ကို ပြောလိုက်သောအခါတွင် ထိုလူကြီးသည် အနားသို့ ကပ်လာကာ ဆေးပြင်းလိပ်ကို ပါးစပ်မှ ချွတ်လိုက်ပြီး လေသံကလေးဖြင့် 'ဒီစာအုပ်က သိတ်ကောင်းတဲ့စာအုပ် ကိုရင်လေးရ။ နိမိတ်ကြီးလေးပါးကို မြင်ပြီး တောထွက်တော်မူတဲ့ ညကျတော့... ယသော်ဓရာ၊ ယခု ငါသွားသော ခရီးသည် ခရီးတကာတို့အနက် အဝေးဆုံးခရီး ဖြစ်၏... လို့ဆိုပြီး ယသော်ဓရာကို နှုတ်ဆက်တဲ့အခန်းဟာ ဖတ်ရင်း ကြက်သီးမွေးညင်း ထလောက်တယ်' ဟုဆိုကာ အာနိုး၏ ကဗျာထဲမှ စာသားများကို ရွတ်ပြနေသည်။
ထိုလူကြီးသည် လေအေးကလေးဖြင့် အမျှင်မပြတ် ပြောနေသည်။ နားထောင်လို့ ကောင်းသည်။ ဟာသပါသည်။ တောမတ်စ်ဂရေး၏ တမ်းချင်းများအကြောင်း၊ ဘော့စ၀ဲနှင့် ဂျွန်ဆင်တို့အကြောင်း၊ အော်လီဗာဂိုးလ်စမစ်အကြောင်း၊ ဓားပိန်ယိမ်းဆရာ ဦးမောင်ကြီးနှင့် တောင်လုံးပြန် ဆရာခတို့၏ ပြဇာတ်အကြောင်း၊ ပီမိုးနင်းအကြောင်း။
ထိုလူကြီးမှာ အခြားသူ မဟုတ်ပါ။ ဆရာကြီး ဇေယျဖြစ်သည်။ ကျွန်တော်သည် 'မြတ်လေးရွှေဓါးဗိုလ်' ၀တ္ထုများမှအစ ရှေးအင်္ဂလိပ်ခေတ် 'ရွှေပြည်တော်' သတင်းစားထဲတွင် ပါသည့် ဇေယျ၏ ၀တ္ထုတိုကလေးများနှင့် 'ယင်းတိုက်နုချိန်' စသည့် ၀တ္ထုတိုကလေး များအလယ်၊ စာပေဆောင်းပါးများနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများအဆုံး အားလုံး လောက် ဖတ်ခဲ့ဖူးပါသည်။ တခါတွင် ကျွန်တော်သည် ရန်ကုန်မြို့က စာအုပ်ဟောင်းရောင်း သည့် လမ်းဘေးစာအုပ်ဆိုင်ကလေးများအကြောင်း ရေးထားသည့် ဆောင်းပါးတိုကလေး တစောင်ကို ဖတ်မိပါသည်။
သူ့ဆောင်းပါးကလေးကို ဖတ်မိသည့်အခါတွင်မှ ရန်ကုန်မြို့တွင် လမ်းဘေးစာအုပ် ဟောင်းဆိုင်ကလေးများ ပေါ်လာသည့်ကိစ္စတွင် ဇေယျ၏ ကျေးဇူးမကင်းကြောင်းကို ကျွန်တော် ပြန်စဉ်းစားမိပါသည်။ ဇေယျက စာအုပ်ရောင်းသည့် ကုလားများအား ပဲခူးကလပ်၊ ဂျင်မခါနာကလပ်၊ မေရိုးမေရင်းကလပ်၊ ကန်တော်ကြီးဘုတ်ကလပ် စသည့် မျက်နှာဖြူကလပ် များနှင့် မျက်နှာဖြူအိမ်များတွင် အင်္ဂလိပ်စာနယ်ဇင်းများကို ဖတ်ပြီးလျှင် လွှင့်ပစ်ထားတတ် ကြောင်း၊ ယင်းတို့ကို နောက်ဖေးတန်းလျားမှ ထမင်းချက်များ၊ ဘဏ္ဍာစိုးများနှင့်ပေါင်းပြီး ထိုစာအုပ်များကို ယူ၍ ရောင်းသင့်ကြောင်းဖြင့် အကြံပေးဖူးသည်။ ဤသို့ဖြင့် ရန်ကုန်မြို့တွင် လမ်းဘေးစာအုပ် အဟောင်းဆိုင်ကလေးများ ပေါ်လာခြင်းဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ ဇေယျသည် စာအုပ်ချစ်သူတဦး ဖြစ်သည်။ နောင်ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးဝန် ဖြစ်လာသည့်အခါတွင်လည်း ဇေယျသည် ထီးကောက်ကို လက်မောင်းတွင် ချိတ်ပြီး၊ စာအုပ်တန်းကို လမ်းသလားမြဲ ဖြစ်ပါသည်။ ဒူးနာပြီး ကောင်းစွာလမ်းမလျှောက်နိုင်တော့မှပင် ရပ်တော့သည်။
စာအုပ်တန်းသို့ ရောက်သွားခြင်းသည် ဘုရားပွဲလူအုပ်ကြီး တအုပ်ထဲသို့ ရောက်သွား သည်နှင့် တူသည်ဟု ကျွန်တော်ထင်ပါသည်။ ညစ်ပတ်နံစော်နေသော လူများ၊ ပျော်ရွှင်နေ သော လူများ၊ အလစ်သုတ်ရန် စောင့်ဆိုင်းနေသော လူများ၊ မုန်းစရာကောင်းသော လူများ၊ အဖိုးတန်သောလူများ၊ တန်ဖိုးမရှိသောလူများ စသဖြင့် ဘုရားပွဲတခုတွင် လူမျိုးစုံတွေ့ နိုင်သကဲ့သို့ စာအုပ်တန်းတခုတွင် အဖိုးတန်သော စာအုပ်များ၊ အဖိုးမတန်သော စာအုပ်များ၊ စိတ်ညစ်ညူးဖွယ် စာအုပ်များ၊ ကြည်နူးစရာကောင်းသော စာအုပ်များ၊ အသုံးဝင်သော စာအုပ်များ၊ အသုံးမ၀င်သော စာအုပ်များ၊ ကိုယ်လိုချင်သော စာအုပ်များ စသဖြင့် အမျိုးစုံကို တွေ့နိုင်ပါသည်။
အင်္ဂလိပ်စာရေးဆရာ ဂရေဟမ်ဂရင်းက 'စာအုပ်ဈေး' ဆိုသော သူ၏ ရသစာတမ်း တစောင်၌ 'စာအုပ်ဈေးသည် အသုံးဝင်သော အချက်အလက် အတိုအထွာများကို ကောက်ယူစုဆောင်းနိုင်သည့် နေရာဖြစ်သည်။ ဥပမာအားဖြင့်- စာအုပ်တန်း၌ 'ပတ်ဝန်းကျင်' သန့်ရှင်းရေး စာအုပ်ထုတ်ဝေရေးကုမ္ပဏီမှ ထုတ်ဝေသော 'ရေမြောင်းများသန့်ရှင်းနည်းစာအုပ်'၊ 'တောနယ်သို့ သွားရောက်သူများအတွက် နတ်ဗေဒင်မေးနည်း' 'ရေအောက် ကြေးနန်းကြိုး ဆက်သွယ်ခြင်းပညာ'၊ 'ရှီကာဂိုရဲဘက်တို့ တွေ့ရသောပြဿနာများ' စသည့်စာအုပ်များဖြစ် သည်ဟု ရေးခဲ့ဖူးပါသည်။
မှန်ပါသည်။ စာအုပ်တန်းတွင် ကျွန်တော်တို့ လိုချင်သော စာအုပ်များကိုလည်း ရနိုင်၍ ကျွန်တော်တို့ လုံးဝစိတ်ဝင်စားခြင်း မရှိသော သစ်တန်တွက်နည်း၊ ဆေးမြီးတိုကုထုံးကျမ်း၊ ဆပ်ပြာချက်နည်း၊ နှင်းဆီကိုင်းဆက် စိုက်ပျိုးနည်း စသည့် စာအုပ်များကိုလည်း တွေ့ရတတ်ပါ သည်။
သို့ရာတွင် ကျွန်တော်တို့ စိတ်မ၀င်စားသော စာအုပ်ပုံများထဲတွင် တခါတရံ ကျွန်တော်တို့ ကလေးဘ၀ကို ပြန်၍လွမ်းစေသည့် စာအုပ်များကိုလည်း တွေ့ရတတ်ပါသည်။
တလောက ကျွန်တော်သည် စာအုပ်အဟောင်းဆိုင်တဆိုင် ရှေ့တွင် ထိုင်ရင်း ကျွန်တော်ဖတ်ချင်နေသည့် စာအုပ်သုံးလေးအုပ်ကို တွေ့သဖြင့် ၀မ်းသာသွားကာ ဈေးမဆစ်ဘဲ ၀ယ်လာခဲ့ပါသည်။ ထိုစာအုပ်များမှာ ကျွန်တော်တို့ ငယ်ငယ်က ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းနှင့် စတုတ္ထတန်းတို့တွင် သင်သည့် ဒေါင်းတံဆိပ်မြန်မာဖတ်စာများနှင့် ဦးဖေမောင်တင်၏ မူလတန်း မြန်မာဖတ်စာသစ်စာအုပ်များ ဖြစ်ပါသည်။
စာအုပ်တန်းသို့ သွားရသည်မှာ ကလေးဘ၀ကို ပြန်သွားရသကဲ့သို့ ပျော်စရာ၊ လွမ်းစရာ ကောင်းပါသည်။
ယခု ကျွန်တော့်မျက်စိ အားနည်းလာသည့်အတွက် စာအုပ်တန်းကို မှန်မှန်မသွားနိုင် တော့ပြီ။ ကျွန်တော်သည် စာအုပ်တန်းကို အဝေးမှသာ ငေးကြည့်နေမိလေသည်။
မြသန်းတင့်။
[၁၉၈၉၊ စက်တင်ဘာ၊ ပွင့်စွယ်တော်မဂ္ဂဇင်း။]
{မြသန်းတင့်-လမင်းကိုထရံပေါက်မှကြည့်ခြင်း၊ ပထမနှိပ်ခြင်း၊ နိုဝင်ဘာ၊ ၂၀၀၀ မှ ကူးယူဖော်ပြပါတယ်။}
Wednesday, April 8, 2009
ချန်ရှား
ဘာသာပြန်သူ-မောင်စွမ်းရည်

ချန်ရှား
ဘာသာပြန်သူ-မောင်စွမ်းရည်
[မော်စီတုန်း ရဲ့ ချန်ရှား(ကျင်ယွမ်ချွင်တေးသွား) (၁၉၂၅) ကို မောင်စွမ်းရည်က ဘာသာပြန်ပါတယ်။]
ချမ်းစီးလှစွာ၊ ဆောင်းဦးခါတွင်၊ ငါတယောက်သာ
လိမ္မော်ကျွန်း၏၊ အစွန်းတနေရာ၊ ရပ်နေပါ၏။
ဆီယန်မြစ်မှာ၊ စီးနေပါသည်၊ မြောက်ရပ်ဆီသို့။
ငါမြင်ရသည်၊ ရဲရဲနီသော၊ တောင်နီတထောင်
ထိုတောင်တွေ၏၊ နီရဲဘိသော၊ သစ်တောများဖြင့်
အရောင်နီရင့်၊ ချယ်သည်နှင့်။
သလင်းကြည်စင်၊ ရေပြာပြင်ပေါ်
လှေတရာလျှင်၊ ပြိုင်ပွဲဝင်လျက်။
လင်းယုန်ငှက်တို့၊ ခွဲတက်လေတွင်၊ ခရီးနှင်ကာ
ငါးတို့မှာကား၊ ရေပြာကြည်နက်၊ ကူးလူးလျက်။
အေးခဲလုပင်၊ မိုးကောင်းကင်အောက်၊ တသန်းလောက်မှ
သတ္တ၀ါတစု၊ လွတ်လပ်မှုတွက်၊ ဖက်ပြိုင်တိုက်ပွဲ၊ ဆင်နွှဲနေလျက်၊
ရှုခင်းကျယ်၌၊ ငေးစိုက်စဉ်းစား၊ သောကပွါးကာ
ငါမေးပါ၏၊ ဆုံးစမထင်၊ ဤမြေပြင်မှာ
ဘယ်အရှင်များ၊ လူသားကြမ္မာ၊ ဆုံးဖြတ်ပါသလဲ
ယခင်ကသော်၊ ဤကျွန်းပေါ်ဝယ်
ဖော်များစွာနှင့်၊ ငါရောက်ဖူး၏။
ခုနှစ်လတွေ၊ ရှုပ်ထွေးနေလဲ
သဲကွဲစွာပင်၊ မြင်ယောင်သေးသည်။
ကျောင်းနေဖက်တွေ၊ တို့တတွေမှာ၊ လူငယ်တွေပ၊
ဘ၀ပန်းက၊ အစွမ်းကုန်ဖွင့်၊ ပွင့်ဆဲခါ-
ကျောင်းသားစိတ်ဓါတ်၊ ဖြတ်လတ်တက်ကြွ၊ ပြည့်ဝဆဲခါ-
ရဲရင့်ဝံ့စား၊ ဟန့်တားဟူသမျှ၊ ဘေးဖယ်ချခဲ့။
ငါတို့တောင်တွေ၊ ဒို့မြစ်တွေဖက်၊ လက်ညှိုးညွှန်ကာ-
ပြည်သူတို့အား၊ တို့စကားဖြင့်၊ မီးထိုးမြှင့်ရင်း
မင်းစိုးရာဇာ၊ အာဏာရှင်ကို၊ မစင်လောက်ပင်
ထီမထင်ခဲ့။
မှတ်မိသေးစ
စွန့်စွန့်စားစား၊ မြစ်လယ်သွားပြီး၊
တို့များတတွေ၊ ရေကိုပုတ်ကြ
လှိုင်းတွေထသော်၊ ထသောလှိုင်းတွေ
ဒုန်းလှေတွေကို၊ ဘယ်လိုဟန့်တား၊ ဆုတ်ဆိုင်းသွားကြောင်း၊
အားလုံးပြန်တွေး၊ မှတ်မိသေးစ။
မှတ်စု။ ။ ချန်ယွန်ရွှန်း ဆိုတာ တေးသွားအလိုက်ရဲ့ အမည်။ တိုက်ရိုက် အဓိပ္ပါယ်ကတော့ "ရှန်ဥယျာဉ်စမ်း"။ ဟန်မင်းဆက် (၂၀၆ ဘီစီ-အေဒီ ၂၂၀) နောက်ပိုင်း၊ ရှင်ဆွေ မင်းသမီးရဲ့ ဥယျာဉ်ကို အစွဲပြုအမည်ပေးထားတာ။ ကဗျာတပုဒ်ကို ဇူပုံသဏ္ဍာန်နဲ့ ရေးစပ်ထားတယ်ဆိုရင် ဘယ်တေးသွားအလိုက်နဲ့အညီ စပ်ထားတယ်ဆိုတာ ဖော်ပြရလေ့ ရှိတယ်။ ရှေးဟောင်း ရိုးရာ ကဗျာပုံစံတခုနဲ့ အညီ စပ်တယ်ဆိုတဲ့ သဘောလောက်ပါ။ တေးသွားအမည်က ကဗျာမှာ အထူးအနက်အဓိပ္ပါယ်မဆောင်။ "နှင်း" ကဗျာမှာလဲ ဒီပုံစံပဲ သုံးထားတယ်။
ချန်ရှားမြို့ဟာ ဆီယန်မြစ်အရှေ့ဘက်ကမ်းပေါ်မှာ တည်ရှိတယ်။ ဆီယန်မြစ်ဟာ မြောက်ဖက်ကို စီးသွားပြီး တုံ့ယိန်ရေကန်ထဲ ၀င်တယ်။ လိမ္မော်ကျွန်းက မြို့အနောက်ဖက်မှာ။ အနောက်ဖက်ရဲ့ အနောက်ဖက်မှာတော့ တောင်စဉ်တောတန်း။
မော်ဟာ ၁၉၁၃ နဲ့ ၁၉၁၈ ကြားမှာ၊ ချန်ရှားမြို့ရှိ ဟူနန် ပထမဆရာအတတ်သင်ကျောင်း မှာ သင်ကြားနေတယ်။ အဲဒီတုန်းက သူဟာ သူ့ကျောင်းနေဖက်တွေနဲ့ အတူ လိမ္မော်ကျွန်းကို သွားလည်လေ့ရှိတယ်။ တခါတလေ အဲဒီမှာ သူတို့ ရေကူးလေ့ရှိကြတယ်။
၁၉၁၇ ခု။ မော်ဟာ ပြည်သူ့အဖွဲ့သစ်ကို စည်းရုံးခဲ့ပြီး၊ ၁၉၁၈ ဧပြီ ၁၈ မှာ စနစ်ကျကျ တည်ထောင်ခဲ့တယ်။ အဖွဲ့ဝင်တွေဟာ မော်ရေးဆွဲတဲ့ အဓိဌာန်စာတမ်းကို အတည်ပြုလက်ခံ ခဲ့တယ်။ အဲဒီ အဓိဌာန်ပြုချက်မှာ မြင့်မြတ်တဲ့ ရည်ရွယ်ချက်တွေ ထားကြမယ်။ အမျိုးသားရေး အတွက် လုပ်ဆောင်ကြမယ်ဆိုတဲ့ အချက်တွေ ပါတယ်။ မေ ၄ ရက် အရေးတော်ပုံကြီးပြီးတော့ အဖွဲ့ဝင် ၇၀ နဲ့ ၈၀ ကြားလောက်ထိ တိုးတက်လာခဲ့တယ်။
မော်နဲ့ လူငယ်တစုဟာ လက်ရှိနိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးကြတယ်။ တိုးတက်တာကိုထောက်ခံ၊ ဆုတ်ယုတ်တာကို တိုက်ခိုက်တဲ့ ဆောင်ပါးတွေ ရေးကြတယ်။ ဥပမာ ပြရရင် ၁၉၁၅ စက်တင်ဘာလမှာ ယွမ်စစ်ခိုင်ဟာ သူ့ကိုယ်သူ အင်ပိုင်ယာ အရှင်ဧကရာဇ်ဖြစ်အောင် လုံးပန်းနေဆဲကာလမှာ ဟူနန်ကို ထိန်းချုပ်နေတဲ့ စစ်ဘုရင်တွေ က ယွမ် ကို ထောက်ခံနေကြပြီး၊ ယွမ် ကို ဆန့်ကျင်နေသူဟူသမျှကို ပိတ်ပင်ခဲ့တယ်။ ဒါပေမယ့် မော်ဟာ စာစောင်လေးတခု ရေးထုတ်ပြီး ဘုရင်ဧကရာဇ်စနစ် ပြန်လည်ဖော်ထုတ်ခြင်းကို ဆန့်ကျင်ခဲ့တယ်။ အဲဒီစာစောင်လေးဟာ အတော်အသင့် သြဇာသက်ရောက်ခဲ့တယ်။ ၁၉၁၉ မှာ စစ်ဘုရင် ချန်ချင်းယောင်ကို ဟူနန်က မောင်းထုတ်ရေး လူထုလှုပ်ရှားမှုမှာ သူ ခေါင်းဆောင်ခဲ့တယ်။ အဲဒီတုန်းက မော်ဟာ ပထမဆရာအတတ်သင်ကျောင်း၊ ကျောင်းသား များအနေနဲ့လုပ်တဲ့ စစ်ဘုရင်ဆန့်ကျင်တိုက်ခိုက်ရေး မျိုးချစ်လှုပ်ရှားမှုတိုင်းကို ခေါင်းဆောင်သူ၊ အဓိက စည်းရုံးသူ ဖြစ်ခဲ့တယ်။
မော် ကျောင်းသားဘ၀တုန်းက ဟူနန် နယ်သူနယ်သားတွေနဲ့ ပထမဆရာအတတ်သင် ကျောင်းသားတွေပါ မြောက်ပိုင်း စစ်ဘုရင်တွေ လက်အောက်မှာ ဘယ်လို ဒုက္ခတွေ ခံစားကြရတယ်ဆိုတာ ကောင်းကောင်းသိကြတယ်။ ဟူနန်ပြည်နယ်ကို စစ်ဘုရင်ကြီး သုံးယောက်ဟာ တလှည့်စီ အုပ်စိုးကြတယ်။ ဖိနှိပ်ချုပ်ချယ်မှုတွေ အများကြီး လုပ်ခဲ့တယ်။ မော်နဲ့ သူ့သူငယ်ချင်းတွေ အနေနဲ့ စစ်ဘုရင်ကြီးတွေကို အလွန်ဘဲ ခါးခါးသီးသီး ဖြစ်ခဲ့ကြတယ်။
( "ပီကင်းမူတွေမှာ ဒီကဗျာရေးတဲ့နှစ်ကို ၁၉၂၅ လို့ အစဉ်တစိုက် ဖော်ပြလာခဲ့ကြတယ်။ ဂျရုန်းချန်း ကတော့ ဒါမဟုတ်နိုင်။ အဲဒီနှစ် ဆောင်းဦးရာသီမှာ မော်ဟာ ချန်းရှားကို မရောက်လို့- တည်းဖြတ်ထားပြီး သူ့ အောက်စဖို့ မူမှာ ၁၉၂၆ လို့ သက္ကရာဇ်ထိုးထားတယ်။" ဘာသာပြန်သူ)
CHANGSHA
--to the tune of Chin Yuan Chun
1925
Alone I stand in the autumn cold
On the tip of Orange Island,
The Hsiang flowing northward;
I see a thousand hills crimsoned through
By their serried woods deep-dyed,
And a hundred barges vying
Over crystal blue waters.
Eagles cleave the air,
Fish glide in the limpid deep;
Under freezing skies a million creatures contend in freedom.
Brooding over this immensity,
I ask, on this boundless land
Who rules over man's destiny?
I was here with a throng of companions,
Vivid yet those crowded months and years.
Young we were, schoolmates,
At life's full flowering;
Filled with student enthusiasm
Boldly we cast all restraints aside.
Pointing to our mountains and rivers,
Setting people afire with our words,
We counted the mighty no more than muck.
Remember still
How, venturing midstream, we struck the waters
And waves stayed the speeding boats?
Tuesday, April 7, 2009
အောက် (၂) ခန်း
ရေးသူ-မောင်အေးဝင်း
ဒီအဆောင် ဒီအခန်းကို အတိအကျ ပြန်ရောက်လာတာပဲ။ အစစ အရာရာ မိုးနဲ့မြေလို အကွာကြီးကွာပြီး အပြောင်းကြီးပြောင်း သွားပါ ရောလား။ သူနဲ့ ကင်းကွာရတာ လ, မကြာ လိုက်ဘူး။
ဘာလို့ ပြောင်းရတာလဲကိုတော့ မရေးချင်တော့ပါဘူး။ ဒါပေမဲ့ ဒီအပြောင်းအလဲမှာ အသစ်တွေ့ရတဲ့ လူတွေအထဲက သံယောဇဉ်တွယ်သူတွေ အကြောင်းတော့ နည်းနည်းရေး လိုက်ဦးမယ်။
ပြန်ရောက်လာတော့ သူ့ကို ၃ ဆောင်၊ အောက် (၂) လို့ ခေါ်နေကြပြီ။ နဂိုက ၃ ဆောင်၊ (၆) ခန်း လေ။ ထွက်သွားတုန်းက အခန်းကျယ်ကြီးထဲမှာ ခုတင် အလုံး (၃၀) လောက်နဲ့ လူက ၁၅ ယောက်လောက် ကျန်ရစ်ခဲ့တာ။ ပြန်ရောက်လာတော့ ခုတင်တွေလဲ တခုမှ မရှိတော့ဘူး။ လူတရာကျော်လောက် သံမံတလင်းပေါ်မှာ နှစ်ယောက်တတွဲ တန်းစီပြီး ပုံစံထိုင်လို့။
ဟိုတုန်း ကတော့ ကိုယ်တို့အခန်းမှာ ဗိုလ်မရှိဘူး။ အားလုံး သူလိုကိုယ်လို အတူတူချည်းပဲ။ ခုတော့ အုပ်ချုပ်တဲ့ လူနဲ့ဘာနဲ့။ အခန်းလူကြီးတဲ့။ တယောက်က ကိုလှိုင်ကြူ၊ တယောက်က ချီး-မြင့်သိန်းတဲ့။ နှစ်ယောက် စလုံးကတော့ ထောင်ဒဏ် နှစ်ရှည်ကျ ထားတဲ့ သေမထူး၊ နေမထူးဆိုတဲ့ တကဲ့သေရဲ သတ်ရဲတွေ။ ဒါ့ကြောင့်လဲ အာဏာပိုင်တွေက အသေအချာရွေးပြီး လွှတ်လိုက်တာနေမှာ။
ကိုယ့်အတွက် အိပ်စရာ ကျောတခင်းစာ ချပေးတဲ့ နေရာက မိလ္လာချောင်နား။ အာဏာပိုင်တွေရဲ့ ယုတ်မာညစ်ပတ်တာကတော့ ပြောမနေနဲ့။ သူတို့က ကိုမျိုးတင့် (ကွန်မြူနစ်) ဆို အသေကြောက်၊ အသေမုန်း။ ဒါကြောင့် စစ်ခွေးတိုက်က ခေါ်လာပြီး အခန်းထဲ ထည့်တော့ မိလ္လာချောင်မှာ သိပ်ဖို့ အခန်းလူကြီးကို အသေအချာမှာတာ။ ဒီအခန်းကို သုံးယောက်သွင်းတာ ဟန်ရှင်ဝင်း (ယခု-ရှေ့နေ) နဲ့ ထွန်းသန်း (ဆေးတက္ကသိုလ် ၂၊ မော်လမြိုင်) တို့ကို အခန်းရဲ့ ခါးလည်လောက်မှာ နေရာပေးပြီး ကိုယ့်ကိုမှ မိလ္လာချောင်နားပို့ထားတာ။
အခန်းလူကြီး လှိုင်ကြူက တိုးတိုး တောင်းပန်ရှာပါတယ်။ ၃ -၄ ရက်တော့ သည်းခံ လိုက်ပါ။ သူတို့က ထားခိုင်းလို့ပါ။ ပြန်ရွှေ့ပေးပါမယ်တဲ့။ တကယ်လဲ ၃ -၄ ရက်နေတော့၊ အောင်ကိုကို (ပညာရေးတက္ကသိုလ်) နဲ့ ဘေးချင်းကပ်၊ ခေါင်းရင်းဘက်ကို ပြောင်းပေးတယ်။
အခန်းကို စရောက်ကတည်းက အသစ်ရောက်လာတဲ့ ရာထောင်အရေအတွက်ကို ကိုယ်တို့ လူစုတွေနဲ့ စကားမပြောဖို့၊ အရောမ၀င်ဖို့ ကျေညာချိမ်းခြောက်ထားတာ။ ပြောရင် သေပြီသာ မှတ်တဲ့။ ပြောပေမဲ့ မသေတဲ့ လူတွေလဲ ရှိတယ်။ အဲဒီလူတွေကို ပြောပြမယ်။
ကိုယ့်အိပ်ရာဘေးမှာ ကျတဲ့လူကတော့ ဒီစည်းကမ်းကိုမှုပုံ မပေါ်ဘူး။ သူ့ဘေး ရောက် လာတာနဲ့ ဒူးယားဆေးလိပ် ထုတ်တည်ပြီး မိတ်ဆွေဖွဲ့တော့တာ။ သူက အခန်းလူကြီးတွေ ကို မမှုတာကလဲ အကြောင်းရှိတယ်။ နောက်မှ သိရတာ၊ အခန်းလူကြီးတွေက သူ့အစားတွေကို မှီခိုစားသောက်နေရတာကိုး။ သူက အထူးဖိုရဲ့ ဖိုခေါင်း။ အထူးဖိုဆိုတာ ထောင်ထဲမှာ အထူးစပါယ်ရှယ် ကိုယ့်အိမ်ကိုယ့်ယာလို နေရတဲ့ အလံနီပါတီက သခင်စိုးတို့၊ လော်စစ်ဟန်တို့၊ မဆလပါတီဗဟိုက ထောင်ချခံ ထားရတဲ့ လူတွေ စားဖို့ ချက်ပေးရတဲ့ ဖို။ အာဏာပိုင်တွေ အကြီးအကဲတွေ စားဖို့ သောက်ဖို့ လုပ်ပေးရတဲ့ ဖိုရဲ့ အကြီးအကဲ။ အရေးကြီးရင် ကြီးသလို သူ့ကို အဆောင်ပိတ်ပြီးတာတောင် ဖွင့်ပြီး လာခေါ်ရတာ။ သူများ အဆောင်ပိတ်ပြီးတာတောင် ပြန်မလာသေးရင် အခန်းလူကြီးတွေ သွားရည်တမြားမြားနဲ့ စောင့်နေကြပြီ။ ပြန်သယ်ဆရာကြီး ပြန်လာရင် သယ်လာမယ့် အထူးဖိုက စားဖွယ် ထမင်း၊ ဟင်းကို ညလည်စားဖို့ စောင့်နေပြီ။
သူ့ဘေးမှာနေရာချတော့ ကိုယ့်ကို သူက စမေးတယ်။ မင်းဘယ်မှာနေလဲတဲ့။ မဂိုလမ်းမှာ လို့ပြောတော့ သူက ၀မ်းသာအားရ ငါက ၂၇ လမ်းမှာနေတာ။ ပန်းဘဲတန်း သားတွေ လာတွေ့နေပြီတဲ့။ နေရာကို ပြောကြတော့ 'ဟ... မင်းအကိုက ငါတို့မိသားစုဆရာဝန် ပဲ၊ ဖျားရင်နာရင် သူ့ဆီပဲ သွားရတာ'
သူ့နာမည် ကိုတင်ဝင်း။ မျက်မှန်တင်ဝင်းလို့ ခေါ်ကြတယ်။ အပြင်မှာတုန်းက ကိုယ်ပိုင် မျက်မှန်ဆိုင်နဲ့ မျက်မှန်အရောင်းအ၀ယ် လုပ်တာ။ တချိန်မှာ အစိုးရရဲ့ မျက်မှန်ဆိုင်ကြီးက မျက်မှန်တွေကို တာဝန်ရှိသူတွေက မှောင်ခိုရောင်းထုတ်တယ်။ အဲဒီလူတွေကို စ-သုံးလုံးက ဖမ်းတော့ အပြင်က မျက်မှန်ဆိုင်တွေမက,ဘူး၊ မျက်စိစမ်းတဲ့ လူတွေပါ အဖမ်းခံရတာ။
မဆလ၊ တခေတ်မှာတော့ ကောင်းရောင်းကောင်းဝယ် ကိုယ့်စီးပွါးရေး ကိုယ်လုပ် ပေမယ့် ဥပဒေက သူတို့လက်ထဲမှာ ဖြစ်ချင်သလို ဖြစ်နေတယ်။ အထူးခုံရုံး ဆိုတာကလဲ ရှေ့နေနဲ့ ဘာနဲ့ လျှောက်လဲခွင့်မရှိဘူး။ အသင့်ရိုက်လာတဲ့ စာရွက်ပေါ်က စီရင်ချက်ကို စစ်ဗိုလ်ကြီးတွေက ဖတ်ပြလိုက်တာ။ ထောင်ထဲရောက်တော့ မျက်မှန်ပညာရှင်တွေ၊ တတ်ကျွမ်းသူတွေကို ထောင်ထဲက မျက်မှန်အလုပ်ရုံမှာ ပြန်ခိုင်းတယ်။
ကိုတင်ဝင်းက ည ည ဆို ဖိုထဲက ပြန်လာရင် ပုံးတလုံးနဲ့ သူကိုယ်တိုင် စပါယ်ရှယ် နှပ်ထားတဲ့ လက်ဘက်ရည်ကြမ်း တပုံး အမြဲယူလာတယ်။ သူ့ လက်ဘက်ရည်ကြမ်းက အခန်းလူကြီး လှိုင်ကြူ အသည်းစွဲ။ ဘိန်းစားကြိုက် ခါးခါးကျကျ။ တပုံးမကုန်မချင်းကို ခွက်နဲ့ တခွက်ပြီး တခွက် လာတောင်းနေရော။ လက်ဘက်ရည်ကြမ်းထည့်တဲ့ ပုံးက နဂို ဘာပုံးလဲဆိုတာ ဘယ်လိုမှ မသိနိုင်တော့တဲ့ သံပုံး။ ပုံးအပြင်က ထင်းမီးကြောင့် မှိုင်းစွဲ၊ မဲတူး နေသလို၊ အတွင်းကလဲ လက်ဘက်ဆီဂျိုးတက်လို့ မဲပြောင်နေပြီ။
မှတ်မှတ်ရရ တနေ့မှာ ကိုတင်ဝင်းက သူ့ဖို ထဲကနေ ၀က်နံရိုးဟင်းဆီပြန် ခွက်ကြီးနဲ့ တခွက် ယူလာတယ်။ တကယ်တော့ သူက မွတ်စလင်၊ ၀က်သားစားတာမဟုတ်ဘူး၊ ကျနော်နဲ့ တင်မောင်ဌေး (ငှက်ကြီး- ယခု အမေရိက) စားဖို့တဲ့။ လှိုင်ကြူတို့အတွက်တောင် မပါဘူး။ မောင်ဌေးနဲ့ သူက တနယ်ထဲသား၊ မောင်ဌေးက ကွမ်းခြံကုန်း၊ သူက တော်ခရမ်း။
နောက်တယောက်က ဘီးစိပ် လို့ အခေါ်ခံရတဲ့ ဦးအောင်ဌေး။ အဲဒီအချိန်မှာ ကျနော်က လှိုင်ကြူတို့ ပြောင်းပေးလို့ ခေါင်းရင်းဘက် ရောက်နေပြီ။ မအိပ်ခင်မှာ ကိုတင်ဝင်း လက်ဘက်ရည်နဲ့ လှိုင်ကြူရယ်၊ ချီး-မြင့်သိန်းရယ်၊ ကိုတင်ဝင်းရယ်၊ ကျနော်ရယ်ကတ၀ိုင်း။ ကပ်လျက်မှာ ဗလကြီးတင်မြတ်တို့က တ၀ိုင်း စကားဝိုင်းဖွဲ့ လေတွေ ဖောနေကြတယ်။ ဗလကြီးတင်မြတ်တို့ဝိုင်းမှာ လူတယောက်က မေးနေသံ ကျနော်ကြားလိုက်တယ်။ ငါ့မိတ်ဆွေ ရဲ့ သမက်တယောက် ကျောင်းသားထဲကပဲ၊ ထောင်ထဲမှာရှိတယ်ကြားလို့ ငါရှာ နေတာ။ သူ့နာမည် အေးဝင်းတဲ့။ စက်မှုတက္ကသိုလ်ကလို့ပြောတယ်။ တင်မြတ်ကြီးက ပြောလိုက်တယ်။ အဲဒါ ခင်ဗျားနောက်မှာ ထိုင်နေတဲ့ အကောင်ပဲတဲ့။ ဘီးစိပ်က သူရှာနေတဲ့ ကျနော့်ကို တွေ့လို့ ၀မ်းသာသွားတယ်။
ဘီးစိပ်ဟာ ထောင်စာတိုက်မှာလုပ်တယ်။ တထောင်လုံးကို ဟိုစပ်စပ် ဒီစပ်စပ်နဲ့ လျှောက်သွားနေတာ။ အခန်းလူကြီးလဲ သူဂရုမစိုက်ဘူး။ ဘာယာလဲ သူမမှုဘူး။ သူနဲ့ကျနော် တွေ့ပြီးသွားတော့ မနက်ဆို ထောင်ဖွင့်တာနဲ့ ဖိုထဲကို သူရောက်သွားပြီ။ သူပြန်လာရင် ကိုတင်ဝင်းတို့ ဖိုက ထမင်းကြော်ကို ချိုင့်ကလေးနဲ့ တချိုင့် ဆွဲလာတယ်။ သူနဲ့ ကျနော်နဲ့ မနက်စာ စားကြတယ်။ ပီးမှ သူ့အလုပ်ရှိရာကို သူသွားတယ်။ ကျနော်တို့ လွတ်မယ့် မနက်မှာ တောင်၊ သူက ချိုင့်ပုံးဆွဲပြီး ထမင်းကြော်ယူဖို့ အထွက်၊ ထမင်းကြော် မပါပဲ အမောတကောနဲ့ ပြန်ပြေးလာတယ်။ ဖိုကြီးကို သူအသွားမှာ မိန်းဂျေးမှာ ထောင်မှူးကြီးတွေ၊ ထောင်ပိုင်ကြီး တွေတင်မကဘူး၊ အပြင်က အပွင့်ကြီးကြီးတွေလဲ ပါတယ်။ ရှုပ်ရှက်ခတ်နေတာပဲတဲ့။ တခုခုတော့ တခုခုပဲ ဆိုပြီးလာပြောတယ်။ အဲဒါပြောပြီးမှ ထမင်းကြော်ကို ပြန်သွားယူတာ။ ထမင်းကြော်စားပြီး သူထွက်သွားပြီး၊ ထူးရင်လာပြောမယ်လို့ ပြောသွားတယ်။
ကိုလှဌေး (အညာတမာ)တို့ လွတ်တော့လဲ သူ အဲဒီအဆောင်ကို ရောက်သွားတယ်။ လွတ်သွားတဲ့ လူတွေဆီက ဘာယူထားရမလဲ သူသွားကြည့်တာတဲ့။ အညာတမာကို သူပြောတယ်၊ ဟေ့ကောင်- အေးဝင်း မွေ့ယာက ပါးပါးလေး၊ မင်းမွေ့ယာကြီး အေးဝင်းကို ပေးခဲ့လိုက်ဆိုပြီး သူဆွဲလာခဲ့တယ်။
ဘီးစိပ်အမှုလဲ မဆလမှုပဲ။ မိတ္ထီလာ ဘီးအီးတပ်ထဲက စစ်မော်တော်ကား အပျက် တွေကို လေလံပစ်တာ။ ဘီးစိပ်က လေလံပစ်ကားတွေကို ပြင်ပြီး ပြန်ရောင်းတဲ့သူ။ ဟိုလူတွေက ဘီးစိပ်ဆီက ပိုက်ဆံယူပြီး လေလံကို ဘီးစိပ်တို့ ရအောင်လုပ်ပေးတာ။ အဲဒါနဲ့ ထောင်ကျရော။
ဘီးစိတ်ပြောနေကျ စကားတခု၊ ခုထိမှတ်မိပီး သုံးနေရတာ ရှိတယ်။ ကျနော်က ထောင်ဝင်စာလာတဲ့နေ့ဆို အိမ်ကထည့်ပေးလိုက်တာတွေ ဟိုလူ့ထုတ်ကျွေး၊ ဒီလူ့ထုတ်ကျွေး၊ ဟိုလူလာတောင်းရင် ပေး၊ ဒီလူလာတောင်းရင် ပေးနဲ့ လုပ်တတ်တော့ အဲဒါကို သူကြည့်လို့ မရဘူး။ အထုတ်ကို လာပိတ်တယ်၊ ပါးစပ်ကလဲ ပြောသေးတယ် "မင်း ကတို့ဆိပ် မှို့အိပ် ဖွင့်နေတာ" တဲ့။
အပြင်ရောက်ပြီးမှ ဘီးစိပ်နဲ့ စားသောက်ဆိုင်တွေမှာ ၃- ၄ ခါ ဆုံသေးတယ်။ သူက ကိုယ့်ကို တွေ့ရင် သူဝိုင်းက ထလာပြီး နှုတ်ဆက်စကား လာပြောတဲ့အပြင် ငွေရှင်းတဲ့ ကောင်တာမှာလဲ သူသွားပြောလိုက်တယ်။ ကျနော့်ဝိုင်းကို သူပေးမယ်၊ ကျနော့်ဆီက မယူဖို့။ သူနဲ့ဆုံတိုင်း သူဒီလိုချည်းပဲ၊ ကိုယ်မပေးရတော့ဘူး။ ခုတော့ ဘီးစိပ်လည်း ဆုံးရှာပါပြီ။
မောင်အေးဝင်း။
ဧပြီ၊ ၂၀၀၉။

Subscribe to:
Posts (Atom)