၁၉၆၂ ခု စစ်တပ်မှ တော်လှန်ရေးအစိုးရ အမည်နဲ့ တက်လာကတည်းက ၁၀ စုနှစ်တွေအတွင်းမှာ မေ့မရတဲ့ လူသိထင်ရှား သမိုင်းမှတ်တိုင်ကြီးများ၊ လူမသိ သူမသိ မှတ်တိုင်များ ပေါ်ပေါက်ခဲ့ပါတယ်။ ကျွန်တော် မှတ်မိသလောက် ဖော်ပြရမယ်ဆိုရင် ၁၉၆၂ခု ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံ။ ၁၉၆၅ ခု သံဃာ့အရေးအခင်း။ ၁၉၆၇ ခု ဆန်ပြသနာ၊ တရုတ်ဗမာအရေးအခင်း (မော်စီတုန်းတဆိပ် ပြသနာ)။ ၁၉၆၈ ခု ရခိုင်လေဘေး။ ဒါတွေက လူသိရှင်ကြား ထင်ထင်ပေါ်ပေါ် ဖြစ်ခဲ့တာတွေပါ။ လူမသိ သူမသိ သေးတဲ့ အရေးအခင်းတခုကတော့ ကျွန်တော်တို့ နိုင်ငံရေးသမားတွေကို စမ်းသပ်တဲ့ အနေနဲ့ ကိုကိုးကျွန်းကို ပို့တဲ့ အရေးအခင်းပါပဲ။ နှစ်ကတော့ ၁၉၆၉ ခုနှစ်ပါ။
နေ့ရက်ကိုတော့ အတိအကျ မမှတ်မိတော့ပါ။ ၁၉၆၉ခု နှစ်ဦးပိုင်းမှာ ကျွန်တော်တို့ နိုင်ငံရေးသမား (ထိမ်းသိမ်းပုဒ်မ) ၃၅ ယောက်ဟာ မန္တလေးအချုပ်ထောင်ကနေ စစ်အချုပ်ထောင်မှာ တညအိပ်ပြီး နောက်တနေ့ နံနက် ၄ နာရီလောက်မှာ ရထားတွဲပေါ် တက်ခဲ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးသမား တွေကို ဘယ်အချိန်၊ ဘယ်ကို ခေါ်သွားတယ်ဆိုတာ ပြည်သူတွေကို မသိစေချင်လို့ ရထားတွဲကို ဘယ်အချိန်ကရင်း နန်းတွင်းထဲ တွဲလာထိုးထားတယ် မသိပါ။ ရထားပေါ်မှာလဲ အရပ်ဝတ်အရပ်စားနဲ့ အရပ်စုံထောက်တွေ၊ စစ်ယူနီဖောင်းနဲ့ စစ်စုံထောက်တွေ စုစုပေါင်း ၁၅ ယောက်၊ အယောက် ၂၀ လောက် ရှိမယ်ထင်ပါတယ်။ တချို့ လူတွေများဆိုရင် ခြေလက်တွေ ဟိုရမ်းဒီရမ်းနဲ့ မျက်နှာတွေ အကြောဆွဲသလို ပါးရွဲ့လည်ရမ်း သွက်ချာပါဒ လိုက်သလို ဖြစ်နေတာတွေလဲ တွေ့မြင်ရပါတယ်။ ကျွန်တော် သတိပြုမိသမျှ ဒီလူတွေဟာ အပြင်လောကမှာ တိုက်ကြိုတိုက်ကြား၊ မြောင်းကြိုမြောင်းကြား အိတ်စုတ်တလုံး တုတ်တချောင်းနဲ့ အမှိုက်ပုံမှန်သမျှ လှန်လှောရှာပြီး ပလပ်စတစ်ကောက်နေကြတဲ့ သူတွေပါ။ ဒါပေမဲ့ သူတို့ကို တွေ့ရတာကတော့ ရထားပေါ်မှာပါ။
ကျွန်တော်တို့ကို စစ်အချုပ်ထောင်ကနေ ခေါ်သွားတာ ရိုးရိုးလေးနဲ့ ခေါ်သွားခံရတာ မဟုတ်ပါ။ နှစ်ယောက်တတွဲစီ လက်ထိပ်ခတ်၊ အလယ်ခေါင်က လက်မလုံးလောက် ကြိုးနဲ့ တွဲချီထားပြီး နွားကူးများ နွားမောင်းသလို မောင်းပြီး ခေါ်သွားတာပါ။ ရထားပေါ် ရောက်ပြီးမကြာပါ။ ရထားခေါင်းတွဲက လာဆက်လိုက်လို့ (ဂျိမ်း) ဆိုတဲ့ အသံ ကြားရပါတယ်။ ရထားဟာ ကျွန်တော်တို့တွဲကို မန္တလေး ဘူတာကြီးဆီ ခေါ်သွားပြီး တွဲရှည်ကြီးရဲ့ နောက်ဆုံးမှာ ဆက်ပေးလိုက်ပါတယ်။ ခန့်မှန်းခြေအားဖြင့် ကျွန်တော်တို့ကို အစောဆုံးရထားနဲ့ ရန်ကုန်ကို ပို့တယ်လို့ ထင်ပါတယ်။
ရထားပေါ်မှာပဲ ကျွန်တော်တို့ကို ထမင်းထုပ် တထုပ်စီပေးလို့ စားခဲ့ရပါတယ်။ ရကုန်ဘူတာကြီးထဲ ရောက်တော့ တော်တော်ကြီးမှောင်နေပါပြီ။ ဒါတောင်မှ ရထားတွဲပေါ်မှာ တနာရီဝက်လောက် နေရပါ သေးတယ်။ နောက်မှ အလုံပိတ် ဘတ်စ်ကားတစင်းနဲ့ ကျွန်တော်တို့ကို အင်းစိန်ထောင်ကို ပို့ပါတယ်။ ထောင်ဗူးဝမှာ စစ်ယူနီဖောင်းဝတ် လက်နက်ကိုယ်စီနဲ့ ဆီးကြိုနေတာ တွေ့ရပါတယ်။ အဲဒီမှာပဲ ဘယ်သူဘယ်ဝါ အဖအမည်၊ နေရပ်လိပ်စာ အပြည့်အစုံ ဘာမှုနဲ့ ရောက်တယ်ဆိုတာကအစ ကိုယ်ရေးရာဇ၀င် ယူပါတယ်။ မှတ်မိနေပါသေးတယ်။ ကျွန်တော်တို့ကို ကိုယ်ရေးရာဇ၀င် ရေးမှတ်နေတဲ့ သူဟာ ပခုံးပေါ်မှာ ဘားခေါ်တဲ့ အစင်း၃ချောင်းနဲ့ပါ။ ဘေးက စစ်သားတွေကလဲ ဗိုလ်ကြီးကို မှန်မှန်နဲ့ မြန်မြန်ပြော၊ အချိန်သိပ်မရှိဘူး ဘာဘူးညာဘူးနဲ့ ဟိန်းဟောက် ချိန်းချောက်ပြီးနေပါတယ်။ ကျွန်တော်တို့က မြန်မြန် ပြောချင်ပေမယ့်လည်း ရေးမှတ်ယူနေတဲ့ ဗိုလ်ကြီးဆိုသူဟာ မြန်မြန် လိုက်မရေးနိုင်ပါ။ စာလုံးတွေကလည်း မပီမသနဲ့ ပဲတီပင်ပေါက်လို မညီမညာ လိုက်ရေးနေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ စိတ်ထဲကတော့ မြန်မာစာမှ သွက်လက်ချက်ချာတောင် မရေးတတ်ပါ လားလို့ ထင်မိပါတယ်။
ကျွန်တော်တို့ ကိုယ်ရေးမှတ်တမ်း အကျဉ်းယူနေတာ နာရီဝက်လောက်တော့ ကြာမယ် ထင်ပါတယ်။ အဲဒီကနေ ကျွန်တော်တို့ကို စောင်အုပ်ပြီး အထဲကို ခေါ်သွားပါတယ်။ ခေါ်ပုံက လူတယောက်ကို စောင်အုပ်၊ ဘေးတဖက်တချက်ကနေ ဘယ်လက်တယောက်ကိုင်၊ ညာလက် တယောက်ကိုင်၊ ဒီနည်းနဲ့ ခေါ်သွားတာပါ။ ညကလဲမှောင်၊ စောင်ကလဲအုပ်လိုက်တော့ ဘာကိုမှ မမြင်ရတော့ပါ။ တော်တော်လှမ်းလှမ်း ကွက်လပ်ကို လျှောက်မိတော့ အပေါ်ကိုတက်လိုက်၊ လှေကားရှိတယ်၊ ဘယ်နှစ်ဆင့်ရှိတယ်ပေါ့။ နောက်အခန်းတခုလို့ ယူဆရတဲ့ နေရာတခုကို ခေါ်သွားတယ်။ ရှေ့မှာတန်း ရှိတယ် ခြေထောက်ကို မြှောက်လိုက်၊ ရှေ့နားသွား၊ အဲဒီလိုအမိန့်ပေးပြီး ထိုင် လို့ဆိုလိုက်တော့ ထိုင်ချလိုက်တယ်။ အုပ်လာတဲ့စောင်ကို ဖွင့်လိုက်တော့ ကျွန်တော့်ရှေ့မှာ ထမင်းပန်းကန်နဲ့ ဟင်းခွက် အချို့ တွေ့ရပါတယ်။ အလားတူ ကျွန်တော့်လိုပဲ ခေါ်လာတဲ့ ရဲဘော်တွေ ရောက်နေနှင့်တာ တွေ့ရပါတယ်။ အားလုံး ထမင်းပန်းကန်ရှေ့မှာ ငုတ်တုပ်ထိုင်နေကြတာ တွေ့ရတယ်။ ထမင်းတော့ မစားခိုင်းသေးပါ။ ကျန်ရှိနေသေးတဲ့ ရဲဘော်အချို့ မရောက်သေးလို့ စောင့်နေကြရပါတယ်။
ကျွန်တော်တို့ ရောက်နှင့်နေတဲ့ ရဲဘော်တွေက ထိုင်နေကြတုန်း ကျွန်တော်တို့လိုပဲ စောင်အုပ်ခေါ် လာတဲ့ ရဲဘော်တွေ ရောက်ရောက်လာပါတယ်။ အဲဒီထဲက ရဲဘော်တယောက်ကို ခေါ်လာတော့ အစောင့်တွေက ရှေ့မှာတန်းရှိတယ် တိုက်မိမယ် ခြေထောက်ကိုမြှောက်လို့ဆိုတော့ သူလဲ တန်းတိုက်မိမှာစိုးလို့ ခြေထောက်ကို တအားကုန်မြှောက်လိုက်ပါတယ်။ တကယ်တော့ တန်းက တခန်းနဲ့တခန်း ခြားထားတဲ့ ၄x၂ ပျဉ်ချောင်းလေးပါ။ ခေါ်လာတဲ့သူတွေက အမယ်လေးကွာ အဲဒီလောက် မြှောက်စရာ မလိုပါဘူးလို့ ပြောကြလို့ ရောက်နှင့်နေတဲ့ ကျွန်တော်တို့က အဲဒီလူရဲ့ အဖြစ်ကို ကြည့်ပြီး ရီကြတာပေါ့။ နေရာကို ရောက်လို့ ထိုင်ခိုင်းပြီး စောင်ဖွင့်လိုက်တော့ ကျွန်တော်တို့ ရဲဘော်ကိုမာဆင် ဖြစ်နေမှန်း သိရတယ်။
သူက မန္တလေးတက္ကသိုလ်ကပါ။ နာမယ်ကလဲ မာဆင်၊ ရုပ်ကြည့်တော့လဲ အသားက ခပ်မဲမဲနဲ့ ကျွန်တော်က မွတ်ဆလင်ထင်နေတာ၊ နောက် သူနဲ့ စကားပြောကြတော့မှ မွတ်ဆလင်မဟုတ်မှန်း သိရတယ်။ မြင်းခြံသား၊ သူ့မိဘတွေက မွေးတိုင်းမတင်လို့။ တင်အောင်လို့ မာလဲမာ ဆင်ကောင် လောက်လဲ ကိုယ်လုံးထွားကြိုင်းအောင် မာဆင်လို့ နာမည်ပေးတဲ့အကြောင်း သိရပါတယ်။
ကျွန်တော်တို့ အဲဒီညက စားရတဲ့ ထမင်းဟင်းကို မှတ်မိနေပါသေးတယ်။ ချဉ်ရည်ဟင်း၊ ငရုပ်သီးနဲ့ ငါးခြောက်ကြော်၊ ထမင်းက ဆန်လုံးရှည်ရှည်နဲ့ ငကျွဲဆန်ပါ။ မနက်ထဲကရင်း၊ နေခင်းရထားပေါ်မှာ (စာရေးသူရဲ့ လေသံ စာလုံးပေါင်းအတိုင်း) မ၀တ၀ ထမင်းထုပ်ကလေးပဲ စားရတော့ ထမင်းကလဲ ဆာဆာနဲ့ဆိုတော့ တော်တော့်ကို စားကောင်းပါတယ်။ ည ၁၀ နာရီကျော်ကျော်လောက် ရှိပြီ ထင်ပါတယ်။ အချိန်ကလဲ လွန်နေပြီ မဟုတ်လား။
ဒီလိုနဲ့ တဖွဲဖွဲ ရောက်လာလိုက်ကြတာ မသိတဲ့ရဲဘော်တွေရော၊ သိတဲ့ရဲဘော်တွေရော၊ ကြာလေ များလာလေဘဲ။ ဒီအထဲက ကျွန်တော်တို့ရဲ့ ရောင်းရင်း ရဲဘော်ကြီး အမရပူရက ဦးလေးဦးခင်မောင် ရောက်လာတယ်။ ပိန်ပိန်ပါးပါး မုတ်ဆိတ်မွေးကလဲ တထွာလောက်နီးပါးနဲ့၊ ကျွန်တော်တို့အထဲမှာ အသက် အကြီးဆုံး။ ဒါကြောင့်မို့ ကျွန်တော်တို့က ဘိုးတော်လို့ ခေါ်ကြတယ်။ မန္တလေးထောင်မှာ အတူနေ ကတည်းက ခွဲခွါသွားလိုက်ကြတာ၊ အခုမှ ပြန်တွေ့ရတော့ အားရ၀မ်းသာ မေးကြမြန်းကြ တာပေါ့။ ဒါကို အာဏာပိုင်တွေက အခုမှ မင်းတို့ ဟိုချီမင်းနဲ့တွေ့ကြလို့ သိတ်ဝမ်းမသာနေနဲ့၊ အိမ်မဟုတ်ဘူး၊ မအေရိုးတွေ၊ နှမရိုးတွေနဲ့ ဆဲဆိုတာ ခံရပါသေးတယ်။
၁၉၆၇ ခု ဆန်ရှားတဲ့နှစ်က အပြင်လောကမှာ ပြည်သူတွေ ဆန်ရှာမရလို့ အတော့်ကို ဒုက္ခရောက်ကြတယ်။ အလားတူစွာပဲ ကျွန်တော်တို့ မန္တလေးထောင်ထဲမှာလဲ အကျဉ်းသားတွေ ထမင်း၀၀ မစားကြရလို့၊ နောက်ပီး ကျန်းမာရေးနဲ့ ပါတ်သက်ပြီး ထိထိရောက်ရောက် ကုသခြင်း မခံရကြလို့ အကျဉ်းသားတွေထဲမှာ သေသူ အတော်များလာတယ်။ ထောင်တွင်းဆရာဝန်ကို မကျေနပ် တာလဲ ရှိတယ်။ ဆရာဝန်နာမည်က ဖေဇော်တဲ့။ လ နဲ့ ရက်ကိုတော့ အတိအကျ မမှတ်မိတော့ပါ။ ၇ လ ပိုင်း၊ ၈ လ ပိုင်းလောက် ဖြစ်မယ်ထင်ပါတယ်။ မန္တလေးထောင်တခုလုံး ဆူတာပါပဲ။ ကျွန်တော်တို့ နေရတဲ့ အဆောင်ကြီးက ထောင်ထဲမှာ အကြီးဆုံး။ အဆောင်ရှည်ကြီးမှာ ခန့်မှန်းခြေအာဖြင့် ကိုက်သုံးရာကျော် လေးရာလောက် ရှည်မယ်ထင်ပါတယ်။ အဆောက်အဦပုံစံက အထပ်နှစ်ထပ်ပါ။ ပြီးတော့ လေးကန့် ကန့်ထားပါတယ်။
ကျွန်တော်တို့ နိုင်ငံရေးသမားတွေကို အပေါ်ထပ်မှာထားပါတယ်။ တခန်းကို ၄၀ ကျော် ၅၀ နီးပါးရှိတယ်။ အောက်ခန်းလေးခန်းမှာတော့ ဒီကရီ ကျပြီးသား အကျဉ်းသားတွေ ထားတယ်။ တခန်းတခန်းကို ရာကျော်နေရတယ်လို့ သိရတယ်။ ကျွန်တော်တို့ နိုင်ငံရေးသမားတွေနဲ့ စကားပြောခြင်း၊ ပစ္စည်းပေးခြင်း လုံးဝမလုပ်ရပါ။ ကျွန်တော်တို့ နေတဲ့ အဆောင်ရှေ့မှာ ၁ တိုက်နဲ့ ၂ တိုက်ဆိုပြီး အခန်း ၁၀ခန်းပါ တိုက်နှစ်တိုက် ရှိပါတယ်။ တိုက်သမားတွေ နေထိုင်တဲ့ရှေ့က အုတ်နံရံအမြင့်ကြီး ကာထားတာမို့ သူတို့နဲ့ လုံးဝ တွေ့ဆုံစကားပြောနိုင်ခြင်း မရှိပါ။ ဒါပေမဲ့ အစောင့်တွေ အလစ်မှာ လက်ဟန်ခြေဟန်နဲ့ (သူတို့ ရေချိုး ဒါမှမဟုတ် မိလ္လာသိမ်း၊ ထမင်းကျွေးချိန်) ရတုန်းရခိုက်မှာ အုတ်နံရံပေါ်တက်ပြီး စကားပြောကြပါတယ်။ ကြာလာတော့လဲ ဘယ်တိုက်မှာ ဘယ်သူရှိတယ်ဆိုတာ သိလာရပါတယ်။ ရဲဘော်သံချောင်း၊ ရဲဘော်ဌေးလှ(ထောင်တွင်းကျဆုံး)၊ ရဲဘော်လေးမောင် (ကျွန်းမှာ ကျဆုံး)၊ ရဲဘော်ဘမူ၊ ရဲဘော်လှရွှေ အစရှိတဲ့ အရေးကြီးတဲ့ ခေါင်းဆောင်လို့ ယူဆတဲ့ ရဲဘော်တွေကို တိုက်ထဲမှာ ထားတာ သိရပါတယ်။
ကျွန်တော်တို့ နေတဲ့ အပေါ်ထပ် နံပါတ် ၁ ခန်းက သံဃာတော်တွေ ထားပါတယ်။ ၂ ၃ ၄ ခန်းက နိုင်ငံရေးသမားတွေ ထားတယ်။ ကျွန်တော်က နောက်ဆုံး အခန်း ၄ မှာနေရတယ်။ ကျွန်တော် နေရတဲ့အခန်းက ကျွန်တော်တို့လို လူငယ်တွေ နည်းပါတယ်။ မှတ်မိသမျှ ပျဉ်းမနားက ရဲဘော်စိုးမြင့် (နားလေးစိုးမြင့်) လို့လဲခေါ်တယ်။ သူက နားမကောင်းဘူး။ လူက အသားညိုညို ပုပု။ နောက် မန္တလေးတောင်ခြေ မြရတနာ ပုံနှိပ်စက်က ကိုချစ်ဦး၊ ကိုလှမြင့်၊ ကိုသိန်း၊ ပေါင်း ၇ ယောက် ၈ ယောက်ပဲ ရှိမယ်။ ကျန်လူအားလုံးက လူကြီးတွေချည်းပဲ။ အသက်အားဖြင့် ၆၀ ကျော် ၇၀ကျော်တွေပါ။ အသက် ၅၀ ကျော်ဆိုတာ အင်မတန် နည်းပါတယ်။ ကျွန်တော်မှတ်မိသမျှပြောရရင် ၀ါးတန်း ဦကျော်၊ မြစ်သား ဖဆပလ အမတ် ဦးဥာဏ်ဖေ၊ မင်းဘူး ဖဆပလအမတ် သခင်မောင်မောင်၊ အလုပ်သမားအစည်းအရုံးက ဦးညွန့်၊ ရေချို ဦးအေးမောင်၊ မေမြို့က သခင်အုံးဖေ၊ ဒုဗိုလ်မှူးကြီး ဘကြင်၊ နေရှင်နယ်ဦးဘသိန်း၊ ဦးပွကြီး၊ မန္တလေးက ဗိုလ်မှူးသန်းအောင်၊ ပိုက်ကျုံးသစ်စက်က ကိုတင်မောင်ညွန့် (ဒီပုဂ္ဂိုလ်ကတော့ အခန်းထဲမှာ သောက်ရေအိုးရေဖြည့်၊ တံပျက်လှည်း၊ လူမှုလုပ်ငန်း မပျက်သူ)၊ အလံနီနဲ့ ပါတ်သက်လို့ အဖမ်းခဲရတဲ့ ဦးညွန့်တင်၊ ရဲမင်းကြီးဟောင်းဦးမောင်မောင်၊ မစ္စတာ စမစ်၊ ဖဆပလအတွင်းဝန် သခင်မောင်မောင်လေး၊ စသူတို့ ဖြစ်ကြပါတယ်။ တခြားမမှတ်မိတော့တာ တွေ အများကြီးပါ။ ထောင်ထဲရောက်တော့ ကျွန်တော်ကလည်း မေမြို့ကဆိုတော့ သခင်အုံးဖေတို့က ဂရုတစိုက် ရှိကြတယ်။ ဘာမှ အားမငယ်ဘို့ အားပေးစကားပြောပြီး သူတို့မှာရှိတဲ့ မုံ့ပဲသရေစာတို့ကို ချကျွေးပါတယ်။ တတ်နိုင်သလောက် ကူညီကြပါတယ်။
ဒီလို ကူညီတာဟာ ကျွန်တော်တယောက်ထဲမှ မဟုတ်ပါဘူး။ လူသစ်ရောက်လာရင် ဘယ်မြို့ ဘယ်နယ်ကဖြစ်ဖြစ် ဆီးကြိုအားပေး၊ တတ်နိုင်သလောက်ကူညီ၊ ပြင်ပလောကအကြောင်း သတင်း မေးကြတာဟာ ကျွန်တော်တို့လို ထောင်ထဲရောက်နေတဲ့ အထိမ်းသိမ်းခံ၊ နိုင်ငံရေးသမားတွေရဲ့ အလုပ် ပါ။ အရင်ရောက်နှင့်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ၁၉၆၅ခု သံဃအရေးအခင်းမှာ တနိုင်ငံလုံးဖမ်းဆီးခံရတဲ့ အထဲက တချို့ပါ။ သူတို့ ရောက်ခါစက ဒုက္ခရောက်ကြလို့ မျက်ရည်တောင် ကျကြပုံကို ပြောပြကြပါ တယ်။ ဟုတ်မှာပါ။ ဒီလူတွေဟာ တချိန်က နိုင်ငံရေးနယ်မှာ ကြီးကြီးမားမားတွေ မဟုတ်လား။ အမတ်တွေ၊ ၀န်ကြီးတွေ၊ ၀န်ကလေးတွေ၊ မြို့မျက်နှာဖုံးတွေ မဟုတ်လား။ ရောက်စ သူတို့ ခံစားရတာနဲ့ ပါတ်သက်လို့ ရွှေမန်းတောင်သို့ သီချင်းအသွားကို စာသားထိုးပြီး စပ်ဆိုထားတာ ရှိခဲ့ပါတယ်။
ကျွန်တော်ဟာ အပြင်ဂါတ်အချုပ်မှာ တလနီးပါး နေခဲ့ရပါတယ်။ အဲဒီကနေ ထောင်ထဲပို့လိုက်တာ ပါ။ ထောင်ထဲရောက်တော့ စိတ်ထဲမှာ လွတ်သလောက်နီးပါး ဖြစ်သွားမိပါတယ်။ ဘာကြောင့်လဲဆို တော့ အပြင်အချုပ်မှာနေရတာ စိတ်ကျဉ်းကြပ်ပါတယ်။ အချုပ်ထဲမှာ အမှုနဲ့ပါတ်သက်လို့ ကြီးကြီး မားမား မရှိပါ။ အထူးသဖြင့် ညနေညနေ ရောက်လာရင်၊ ရပ်ကွက်ကနေ မူးပြီး ရန်ဖြစ်တာတို့၊ တယောက်နဲ့တယောက် စကားများပြီး ဓါးနဲ့ခုတ်လို့ ၀ိုင်းဖမ်းပြီး ပို့တာတို့၊ ခိုးမှု၊ လုယက်မှု လောက်သာ ရှိပါတယ်။ ကျွန်တော်ကတော့ အေးအေးသမား ဆူဆူပူပူသံ မကြားချင်တဲ့သူဆိုတော့ နေရတာ သိပ်မနိပ်ဘူးလေ။ ရဲတွေကလဲ ကျွန်တော့်ကို ကြောက်ကြတယ်။ ဘာပြုလဲဆိုတော့ ဖမ်းပြီးထည့်ထား တာက M.I.S စစ်စုံစမ်းထောက်လှမ်းရေးကကိုး။ ဒီလူကို ဘယ်သူနဲ့မှ တွေ့ခွင့်မပေးပါနဲ့၊ ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ပါစေနဲ့။ တခုခုဖြစ်ရင် ခင်ဗျားတို့တာဝန်ဘဲလို့ ပြောပြီးထားခဲ့တော့ ကျွန်တော့်ကို ဒိပြင်သူနဲ့စာရင် ကောင်းကောင်းမွန်မွန် ဆက်ဆံတာ တွေ့ရပါတယ်။
၁၉၆၇ ဆန်ရှားပြီး တပြည်လုံး ဒုက္ခရောက်ကြတော့ အဲဒီ ဂယက်ဟာ ထောင်ထဲမှာလဲ ရိုက်ခတ် လာပါတယ်။ အကျဉ်သားတွေ ထမင်း၀၀မစားရတဲ့ ဒုက္ခတွေ၊ ထောင်ထဲမှာ လူလိုသူလို မထားလို့ အဖျားအနာထူပြောလာတာတွေ၊ နာမကျန်းဖြစ်တဲ့ အကျဉ်းသားတွေကို ထိထိရောက်ရောက် ဆေးဝါးမကုသပေးတာတွေ၊ ထောင်ဆရာဝန်ပေါ့လျော့မှုကြောင့်မို့ အသေအပျောက် များပြားလာတာ တွေ၊ အဲဒီလို အထွေထွေ မကျေနပ်မှုတွေက ထောင်ဆူဖို့အတွက် အကြောင်းရင်းတွေ ဖန်တီးလာတာပါ။ နောက်ဆုံးကောက်ချက်ချလိုက်ရင် ထောင်အာဏာပိုင်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ၊ နှိပ်ကွပ်မှုတွေကြောင့်မို့ အရေးအခင်း ပေါ်လာရတာပါ။
ဒေါက်တာဖေဇော် အလိုမရှိ။ လူသတ်သမားဖေဇော် အလိုမရှိ။ ထမင်းပုံစံအပြည့်ရရေး ဒို့အရေး၊။ နာမကျန်းအကျဉ်းသားများ ကောင်းမွန်အောင် ကုသပေးရေး ဒို့အရေး စသဖြင့် ည ၇ နာရီလောက်မှာ အောက်ထပ်က အကျဉ်းသားတွေဆီက အော်သံ ကြားရပါတယ်။
အောက်ထပ်အခန်းတွေက တခန်းပြီးတခန်းဆိုသလို အော်လိုက်ကြတာ ကျွန်တော်တို့ အပေါ်ထပ် က နိုင်ငံရေးသမားတွေလဲ ထောက်ခံတဲ့အနေနဲ့ လိုက်ပြီးအော်ကြပါတယ်။ နောက်တနေ့မနက်လဲ ၆ နာရီ ၇ နာရီလောက်မှာ စပြီး အော်ကြပါတယ်။ ၆ နာရီ အခန်းတံခါးလာဖွင့်တော့၊ ၀ါဒါတွေဟာ ဖွင့်ပြီး ပျောက်ကုန်ပါတယ်။ အဲဒီလို ဘယ်နားမှာမှ အစောင့်တွေ မရှိတော့ ကျွန်တော်တို့ထဲက ရဲဘော်တချို့ တံခါးဖွင့်ပြီး အခန်းတွေ တခန်းပြီးတခန်းကူး၊ တိုက်တွေထဲ သွားတွေ့၊ ဆွေးနွေးချင်တဲ့ ရဲဘော်များနဲ့ ဆွေးနွေးတိုင်ပင်နဲ့၊ ထောင်ထဲ အတော်ကို လွတ်လပ်သွားတယ်။ ဘယ်နေရာမှာမှ အစောင့်ဆိုတာ မတွေ့ရပါဘူး။ အဲဒီနေ့က တနေ့လုံးလဲအော်ကြ ပြုကြတာ ပါဘဲ။ သူတို့ တောင်ယာဘုတ်တို့၊ လက်သမားတို့ စသဖြင့်ပေါ့ ဘာကိုမှ အလုပ်မခိုင်းဘူး။ ထောင်ကျ အကျဉ်းသားတွေလဲ စည်းစည်း လုံးလုံးနဲ့ပဲ တောင်းဆိုတိုက်ပွဲ ၀င်ကြပါတယ်။
(ကျွန်တော့စိတ်ထင်) သုံးလေးရက်လောက် ကြာမယ်ထင်ပါတယ်။ နောက်ဆုံးရက်ကြတော့ နံနက် ၆ နာရီထိုးပေမယ့် အခန်းလာမဖွင့်ပေးဘူး။ ၇ နာရီ ၈ နာရီလဲ လာမဖွင့်ဘူး။ ၉ နာရီလောက်မှာတော့ လက်နက်အပြည့်အစုံနဲ့ (တကယ့်ရန်သူနဲ့တိုက်မဲ့ပုံစံမျိုးနဲ့) အင်အားခန့်မှန်း သုံးရာမှငါးရာလောက် ထောင်ထဲဝင်လာပြီး၊ အဆောက်အဦးတွေကို လက်နက်တွေနဲ့ ချိန်ရွယ်လိုက်တယ်။ မရှေးမနှောင်းမှာပဲ မန္တလေးထောင်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးမောင်မြင့်ဟာ ထောင်ပိုင်ကြီး၊ ထောင်ပိုင်လေး ၀ါဒါ ခြံရံပြီး ကျွန်တော်တို့ အခန်းတွေဆီ ရောက်လာပါတယ်။
တခန်းဝင်တခန်းထွက်နဲ့ သူပြောပုံက မင်းတို့အော်ကြအုန်းလေ၊ မင်းတို့ လိုချင်တာပေးမလို့ ရောက် လာပြီ၊ ဘာညာနဲ့ ဆူပူ ကြိမ်းမောင်းပါတော့တယ်။ မင်းတို့ထဲက ခေါင်းဆောင် ဘယ်သူလဲ ပြော။ ဘယ်သူ စအော်တာလဲပြော။ အဲဒီလို တကယ့် စစ်တိုက်ထွက်တဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့နေတဲ့ နေရာတွေကို ၀ိုင်းထားပြီး ချိန်းခြောက် ဟိန်းဟောက် ပါတယ်။ အဲဒီလို တခန်းပြီးတခန်း ဟောက်လာ လိုက်တာ ကျွန်တော်တို့ အခန်းကိုရောက်လာပါတယ်။ ကျွန်တော်တို့ အခန်းက သူ့ထက်ကြီးတဲ့ လူကြီးတွေ ဆိုတော့ တမျိုးဖြစ်သွားတယ်။ အသံကတော့ မာလျက်ပဲ။
ထောင်တွင်းအရေးအခင်း ဖြစ်ပွါးပြီးနောက်၊ အဲဒီနောက်ဆုံးနေ့မှာပဲ အခန်းအသီးသီး၊ တိုက်ခန်း အသီးသီးက သူတို့ အမာခံခေါင်းဆောင်လို့ ယူဆတဲ့ သူတွေကို ခေါ်ထုတ်သွားပြီး နယ်ထောင်တွေဆီ ဖြန့်ခွဲလိုက်ပါတယ်။ ကျွန်တော်တို့ အဆောင်က အလုပ်သမားအစည်းရုံးက ကိုသန်းမြင့်၊ သခင်အုံးဖေ၊ ဗိုလ်မှူးသန်းအောင်၊ အခန်း ၃ က ဒေါက်တာညီညီ နဲ့ ကျန်အဆောင်တွေက ရဲဘော်တချို့ ဖြစ်ပါတယ်။ ကျန်တဲ့ ထိမ်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားတွေကိုလဲ ထောင်ကြီးချုပ်လို့ခေါ်တဲ့ အဆောက်အဦးတခုမှာ စုစည်းထားလိုက်ပါတယ်။ ဒီထဲမှာ သံဃာတော်တွေလည်း ပါတယ်။ ထောင်ကျတွေနဲ့ ခွဲထုတ်လိုက်တဲ့ သဘောပါပဲ။
ထောင်ကြီးချုပ်က နှစ်ထပ်ဆောင်ပါ။ ဘယ်အဆောက်အဦနဲ့မှ တွဲမထားတဲ့ သီးခြားဆောင်ပါ။ အုတ်နံရံ လေးဘက်ကာထားတယ်။ အတွင်းမှာ အတွင်းမှာ ဘော်လီဘောကစားဖို့နဲ့ ရေဒီယိုနားထောင် ဖို့ အခွင့်အရေး ပေးထားတယ်။ စာအုပ်စာတမ်းတချို့၊ သတင်းစာ အိမ်ကိုမှာပြီး ဖတ်ခွင့်ပေးတယ်။ ပေးတယ်ဆိုတာလဲ အများဆုံးစာအုပ်ကတော့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ စာအုပ်များပါတယ်။ ဒါတွေက ထောင်တွင်းတိုက်ပွဲရဲ့ ရလဒ်တွေပါ။
ဒီနေရာမှာ သတင်းစာနဲ့ပါတ်သက်လို့ ရေးစရာလေးတခု သတိရလို့ ရေးရအုန်းမယ်။ ကျွန်တော်တို့ အဆောင်ကြီးမှာ နေတုန်းကလဲ သတင်းစာ ဖတ်ရတယ်။ ဖတ်ရပုံက ကျွန်တော်တို့ကို အကောင်းပေးတာ မဟုတ်ဘူး။ အိမ်သာသုံးစက္ကူအဖြစ်နဲ့ သတင်းစာကို `ရှစ်စိပ်စိတ်ပြီး ပေးတာ။ ဒါကို ကျွန်တော်တို့က မသုံးသေးပဲ အားလုံးကို ပြန်စဉ်ပါတယ်။ ပြီးတော့ ဒေါင့်လေးတွေကို ထမင်းလုံးနဲ့ ကပ်ပြီး သတင်းစာ မူလအတိုင်းဖြစ်အောင် ဖန်တီးယူရပါတယ်။ သတင်းစာတွေက တပါတ် ၈ ရက်လောက် သတင်းစာတွေ ပါသလို တချိုဆိုရင် အစဉ်အတိုင်းမဟုတ်ပဲ ရောပြီး အခန်းတွေကို ပေးတာ။ ဒါကို ကျွန်တော်တို့က ဒို့အခန်းမှာတော့ ဘယ်နေ့ရက်စွဲနဲ့ အပိုင်းပြတ်တွေပါတယ်။ မင်းတို့အခန်းမှာ ဒီက အပိုင်းနဲ့တူတဲ့ သတင်းစာရွက်တွေ ရှိလား။ အဲဒီလိုမေးပြီး တောင်းပြီး သတင်းစာ ဖြစ်အောင် ဖတ်လို့ရအောင် လုပ်ရပါတယ်။
ကျွန်တော်တို့ ထောင်ထဲမှာ အသိချင်ဆုံးဆန္ဒက အပြင်လောကက သတင်းစကားတွေပါ။ ဒါကြောင့်မို့ သတင်းစာ ဒါမှမဟုတ် လောလောလတ်လတ် ရောက်လာတဲ့လူတွေဆီက အပြင်မှာ ဘာထူးသလဲ။ ဘာသတင်းများကြာသလဲ စသဖြင့်ပေါ့။ အပြင်လောကရဲ့ အခြေအနေကို သိပ်သိချင်ကြ ပါတယ်။ တကယ်တော့ ထောင်ဆိုတာ အပြင်လောကနဲ့ ခြားထားတဲ့ သီးခြားကမ္ဘာလေးတခုပါ။ မျက်စိပိတ်၊ နားပိတ်၊ စိတ်ဓါတ်ကျ ရောဂါရ။ နောက်ဆုံး ရုပ်ရောနာမ်ပါ ချွတ်ခြုံကျ၊ လူလုံးမလှအောင် နှိပ်စက်ညှင်းပမ်းတဲ့ နေရာတခုပါ။
ထောင်ကြီးချုပ်မှာ ကျွန်တော်တို့ ၁ နှစ်ခွဲနီးပါး နေခဲ့ရပြီးနောက်၊ အခုလို အင်းစိန်ကို ပို့လိုက်တာ ပါဘဲ။ ထောင်ထဲမှာ နေစဉ်တုန်းကရင်း၊ တနေ့မှာ လေဒီယိုထဲက သတင်းတပုဒ် ကြားလိုက်ရပါတယ်။ အဲဒါကတော့ ကိုကိုးကျွန်းနဲ့ ပါတ်သက်တဲ့ သတင်းပါ။ အလျား ၇ မိုင်၊ အနံ ၃ မိုင်ရှိတဲ့ ကျွန်းအကြောင်းပါ။ ရန်ကုန်မြို့ရဲ့ အမှတ် (၁၃)နယ်မြေအဖြစ် သတ်မှတ်လိုက်တဲ့အကြောင်း။ ကျွန်းမှာ ဘုန်းကြီးကျောင်းတကျောင်း၊ မူလတန်း စာသင်ကျောင်းတကျောင်း၊ ပပကဆိုင်၊ အုံးဆံကြိုးကျစ်စက်ရုံ၊ လေယဉ်ကွင်း စသဖြင့်ပေါ့ သတင်းထဲမှာ ကြားလိုက်ရပါတယ်။ ဒီသတင်းလဲကြားရော ကျွန်တော်တို့ ရဲဘော်တွေကြားမှာ အလိုလို သတိထားမိလိုက်တာက ဒါဒို့ နိုင်ငံရေးသမားတွေကို ကျွန်းပို့ဖို့ ဖြစ်နိုင်တယ်လို့ တွက်ကြပါတယ်။ ဘာကြောင်မို့ တွက်မိကြသလဲဆိုတော့ ရန်သူဟာ တခုခု မကောင်းတာ လုပ်တော့မယ်ဆိုရင် လက်ဦးဆုံးပြည်သူတွေကို လိမ်လည်လှည့်ဖြား လုပ်တတ်လို့ပါဘဲ။ လူကြားကောင်း သူကြားကောင်းအောင် အပေါ်ယံ သနပ်ခါလိမ်းပြရတာပါ။ ဒါကို ကျွန်တော်တို့ နိုင်ငံရေးသမားတွေက သူတို့ ဒီလိုရေးရင်၊ ပြောရင် ဆန့်ကျင်ဘက် အနေအထားရ တခုခုဖြစ်တော့မယ်၊ တခုခု ကြံနေပြီဆိုတာ နိုင်ငံရေးအရ သိနေကြပါပြီ။
ဒါကြောင့် ကျွန်တော်တို့ လူငယ်တွေ ဘော်လီဘောပုတ်ရင် မင်းတို့ ဒို့ကို နိုင်အောင်ပုတ်၊ မပုတ်နိုင်ရင် မင်းတို့ကို ကိုကိုးကျွန်းကို ခြေလျင်လျှောက်ခိုင်းမယ်လို့ နောက်ပြောင် ကျီစယ်ကြပါတယ်။
အပိုင်း(၁) ပြီး။
No comments:
Post a Comment