Sunday, January 6, 2008

ကိုကိုးကျွန်း
ရေးသူ- ရန်ကြီးအောင်

လေးတန်လေးဘက်၊ ရေပတ်လည်ဝိုင်း၊
ကျွန်းရိုင်းကလေး၊ ထွက်ပြေးစရာ၊
မရှိပါဘူး၊ ဘယ်မှာကြည့်ကြည့်၊
မြင်သည့်အရာ၊ ရေချည့်ပါပဲ၊
ဗမာပြည်မ၊ ဆိုတာကလဲ၊
မှုန်ပြပြတောင်၊ မြင်ယောင်နိုင်တာ၊
မဟုတ်ပါဘူး၊ မိုင်ပေါင်းရာကျော်ဝေးပါတယ်။



ဒါနဲ့တောင်မှ၊ စိတ်မချဘူး၊
သံဆူးကြိုးခတ်၊ နှစ်ထပ်ထပ်ရ၊
အားမရလို့၊ နေ့ညကင်းတွေချလိုက်သေး။

သဲပြင်ပေါ်မှာ၊ စိုက်ကြပျိုးကြ၊
ကိုယ်ထူကိုယ်ထ၊ စားသောက်ကြတဲ့၊
အာဂစေတနာပါပဲ။

ကိုယ့်ထင်းကိုယ်ခွေ၊ ကိုယ့်ရေကိုယ်ထမ်း၊
ကိုယ့်ဝမ်းကိုယ်ကျောင်း၊ မထောင်းတာလှ၊
ဆိုကြသော်လဲ၊ ပဲဟင်းရေကြဲ၊
ငပိနည်းနည်း၊ လက်သဲခွံလောက်၊
မလောက်မင၊ မ၀ရေစာ၊
ဆီမပါပျားမပါ၊ တခြားလဲဘာမှမပါတဲ့၊
အစာများနဲ့၊ အဟာရချို့ တဲ့၊
ကျန်းမာမဲ့ပြီး၊ ချည့်နဲ့နေသူတွေ၊
မြေကြီးပေါက်ကာ၊ လွှတိုက်ကာနဲ့၊
ဘယ်မှာသင့်တော်ပါမည်လဲ။

ဟိုမှာကြည့်စမ်း.....
မိုးကြီးထဲမှာ၊ ချွေးရဲသံရဲ
မီးရဲရဲနဲ့၊ မီးဆွဲမီးထုတ်၊
လုပ်နေလိုက်တာ၊ ပြည်ရွာ၏နား၊
ပြည်သားမျက်စိ၊ ပြည်၏ပါးစပ်၊
ဆိုတတ်ကြသည့်၊ အမှန်ကိုကြည့်၊
အရှိကိုရေး၊ သစ္စာလေးထား၊
မဖောက်ပြားသော၊ ပြည့်ရတနာ၊
သတင်းစာဆရာတယောက်လေ။ ။

ဖိုခွင်ထဲက၊ မိုးပြဲဒယ်ကြီး၊
ချွေးဒီးဒီးနဲ့၊ ကုန်းပြီးဂျိုးခြစ်နေသူက၊
ဘူမိဗေဒပညာရှင်တဲ့။ ။

သုံးဖာလုံမျှ၊ ရေတွင်းကနေ၊
ဖိုဝအရောက်၊ ကိုးခေါက်ဆယ်ခေါက်၊
ချွေးပေါက်ပေါက်နဲ့၊ ညွတ်ပဲ့ညွတ်ပဲ့၊
ရေထမ်းထည့်သူ၊ ဖြူဖြူသေးသေး၊
လူငယ်လေးက၊ ဆေးကောလိပ်ကကျောင်းတော်သား။ ။

တောင်ကုန်းထိပ်က၊ သစ်ပွပင်ကြီး၊
ခွတဲ့ပြီးတော့၊ ချွေးဒီးဒီးရွှဲ၊
လွှဆွဲနေသူ၊ ရှည်ရှည်လူက၊
အထက်တန်းပြကျောင်းဆရာ။ ။

ဆရာဝန်ကြီးက၊ ပင်လယ်စမှာ၊
ဗလာကိုယ်ထည်၊ လံကွတ်တီနဲ့၊
ထိုင်ချီထချီ၊ ဟိုသည်ရွှေ့ ကာ၊
ကျောက်ပိုးခွါလိုက်၊ ငကြွက်ရိုက်နဲ့၊
အားစိုက်ကြိုးပမ်းနေလျက်။ ။

ချဉ်ပေါင်ဝင်းထဲ၊ ပေါက်ပြားဆွဲပြီး၊
မြေကြီးပေါက်နေသူ၊ မျက်မှန်ထူထူ၊
ပုပုလူက၊ ကျော်ကြားလှတဲ့၊
စာရေးဆရာကြီးတယောက်ပေါ့။ ။

ရေလောင်းနေသူ၊ ပေါင်းသင်နေသူ၊
ကျန်လူတွေက၊ ဘ၀ထွေပြား၊
စစ်သားကျောင်းသား၊ အလုပ်သမားရုံးသမား၊
လူတန်းစားစုံ၊ အကုန်ပါပဲ၊
ကချင်ကရင်၊ တရုတ်ကုလား၊
လူမျိုးများလဲစုံပါတယ်၊
တိုင်းပြည်တပြည်လို့တောင်၊ ခေါ်နိုင်လောက်ပါတယ်။ ။

ညနေခင်းများ၊ ထမင်းစားရုံ၊
စုပြုံရောက်ပြီး၊ ဟိုကဒီက၊
ရှာဖွေရသော၊ ပရိုတိမ်းပေါတဲ့၊
စားမဲ့အစာတွေ၊ ဖုတ်ကြကင်ကြ၊
မီးမြှိုက်ကြနဲ့၊ သွားရေကျစရာကြီးပါလား။ ။

ဆားပဲပါတဲ့၊ ခရုပြုတ်ရေ၊
ဟင်းချိုရေလဲ၊ သောက်လို့ကောင်းတာပဲ။
ကျောက်ပိုးမီးဖုတ်၊ တထုတ်ထုတ်နဲ့၊
ကိုက်ဖဲ့မရ၊ မာကျောလှလဲ၊
ဝမ်းဝဘို့သာလိုရင်းပဲ။
ဝင်ကစွပ်မီးမြှိုက်၊ မွှေးလိုက်တာများ၊
မစားခင်က၊ သွားရေကျတယ်၊
ပြည်မကျန်ခဲ့၊ ချစ်တဲ့သူတောင်၊
ကျွေးချင်စိတ်တွေပေါ်လာသေး။ ။

ပုတ်သင်ညိုခြောက်၊ ပြာပူအောက်ဖုံး၊
အကြိုက်ဆုံးပဲ၊ ငရန့်ခြောက်နဲ့မလဲဘူး။ ။

ငကြွက်မီးဖုတ်လဲ၊ ပလုပ်ပလောင်း၊
စားလို့ကောင်းတာပဲ။
ငတ်နေကြတာပဲ၊ ဘာပဲစားစား၊
အသားဆိုရင်၊ ကောင်းတယ်ထင်မှာချည်းပါပဲ။ ။

အမေ့ရင်ခွင်က၊ နို့နံ့မစင်သေးတဲ့၊
ကျောင်းသားလေးတွေ......၊
မာကျူရီမီးရောင်အောက်မှာ၊ ကတ္တရာလမ်းမကြီးပေါ်မှာ၊
သွားကာလာကာ၊ စားကာသောက်ကာနေလာခဲ့သူတွေ......၊
ကလောင်ကိုင်ကာ၊ ဖောင်တိန်ကိုင်ကာနေလာခဲ့သူတွေ....၊
တခါမှမလုပ်ဖူးတာတွေလုပ်နေရလို့၊
ပင်ပမ်းကြတာလဲအမှန်ပါပဲ။ ။

လက်ဖ၀ါးတွေ၊ ပခုံးတွေပေါက်ပြဲပြီး၊
သွေးရဲသံရဲ၊ အသားမာစွဲကြတာလဲအမှန်ပါပဲ။
ငတ်စေပြတ်စေတော့ဆိုပို့လိုက်လို့၊
ငတ်ကြပြတ်ကြတာလဲအမှန်ပါပဲ။

ဒါတွေကြောင့်၊
စိတ်ဓါတ်ကျပြီး၊ နောင်တရမယ်ထင်သလား။
ဝေးပါသေးရဲ့ ၊
တေးတကြော်ကြော်၊ ကြွေးကြော်သံတွေတအော်အော်နဲ့၊
ပျော်နေကြပုံတွေကို၊
ငတ်ကြပြတ်ကြ၊ ပင်ပမ်းကြနဲ့၊
စိတ်ဓါတ်ကျမှာပဲ၊ ထင်တခွဲနဲ့၊
ပင်လယ်ထဲပို့လိုက်တဲ့၊ နေ၀င်းတို့များမြင်ရင်၊
ထိုင်တောင်ငိုမလားပဲ။ ။

ဘာဖြစ်သေးလဲ.......
တော်လှန်ရေးသမားတွေအဖို့တော့၊ ဘာမှမထူးပါဘူး၊
ပိုပိုဖိနှိပ်လေ၊ ပိုပိုမုန်းတီးပြတ်သားလာလေပေါ့။
သံကိုမီးတင်ပေးရင်၊ သံမဏိပဲဖြစ်လာမှာပေါ့။
နောက်ဆုံးတော့.......
ကွန်မြူနစ်ကို၊ အရင်းရှင်စနစ်ကမွေးထုတ်ပေးတယ်ဆိုတဲ့၊
အဆိုအမိန့်ဟာ၊
သိပ်မှန်ပါလားလို့ပဲ၊ ရေရွတ်မိတော့တယ်။ ။

ရန်ကြီးအောင်။
ဧပြီ ၃၀၊ ၁၉၆၉။
ကိုကိုးကျွန်းအကျဉ်းစခန်းရောက်စကာလ။

No comments: