Sunday, January 20, 2008

ငါမင်းကိုလွမ်းတယ် 'ဂျွန်'
ရေးသူ-ငြိမ်းအေးအိမ်

မန္တလေးကို ကျွန်တော် စရောက်ဖူးတာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကပါ။ 'ဂျွန်'လို့ခေါ်တဲ့ သူငယ်ချင်းနဲ့ အတူရောက်ခဲ့ဖူးတဲ့ အဲဒီတုန်းက မန္တလေးဟာ ခုလို ကွန်ကရစ်တောအုပ်ထဲမှာ ကြပ်ခဲကြီး အကျဉ်းကျမနေဘူးလို့ ထင်ပါတယ်။ သစ်သားအိမ်တွေ ခြံဝင်းတွေနဲ့ ၀ပ်ဝပ်ငြိမ်ငြိမ်လေး ရှိခဲ့ပါတယ်။ မြန်မာမြို့ပီလို့ မြန်မာရနံ့ကိုလည်း ခံစားရခဲ့ပါတယ်။ အဲဒီတုန်းက ၂၆ ဘီလမ်းနဲ့ ဘူတာကြီးနားတ၀ိုက်မှာ ကျွန်တော်တို့ အခြေချ တည်းခိုခဲ့ကြရ ဖူးသပေါ့။

၂၀၀၅ ကုန်ခါနီးမှာ မန္တလာမြို့ကို ၀င်ခလုပ် ထွက်ခလုပ်ရောက်တော့ 'ဂျွန်'ကို လွမ်းမိပါတယ်။ ဟိုတုန်းက နှောင်းခဲ့ရက်တွေကို တမ်းတမိပါတယ်။ ဒါ့ကြောင့် ဘူတာနဲ့ နီးရာမှာ တည်းခိုရင်း သူ့ကို လွမ်းစိတ် ဖြေခဲ့မိပါတယ်။


ကျွန်တော် တည်းတဲ့နေရာက ကြည့်ရင်ဘူတာကြီးက မေးတင်ထားတဲ့ (၇၈)လမ်းကို အလျားလိုက် ကြီး မြင်နေရပါတယ်။ သစ်လွင်ကျယ်ပြောနေတဲ့ လမ်း (၃၀)ကိုလည်း မြင်နေ၇ပါတယ်။ (၇၈)လမ်းဟာ နေ့နေ့ညည အသွားအလာမပြတ် စည်ကားလှုပ်ရှားလျက်ပါပဲ။ အရင်ကထက် ပိုလာတာက၊ တိုက်တာ တွေ၊ ကားတွေ၊ နီယွန်မီးတွေ လူတွေပဲ ဖြစ်ပါလိမ့်မယ်။

ကျွန်တော်အမြင်မှာတော့ မန္တလေးဟာ အသားပိုဖြူ လာတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် စီးပွါးရေး အချက်အချာကျတဲ့နေရာတွေ၊ မြို့လည်ခေါင်လို နေရာမျိုးတွေမှာပါ။ ဘယ်နိုင်ငံရောက်နေမှန်း မသိတဲ့ 'ဂျွန်' နဲ့ ပြန်ဆုံရင်၊ မန္တလေးဟာ တို့နှစ်ယောက် စရောက်ဖူးစဉ်တုန်းကထက် ပိုအသားဖြူလာတဲ့ အကြောင်း ပြန်ပြောင်း ပြောပြဖြစ်လိမ့်မယ် ထင်ပါတယ်။ သူကလည်း ကျွန်တော့်ကို '၀သုနြေ္ဒလက်ရေး' တို့ 'ဆယ်နှစ်မျက်နှာနာရီစင်' တို့အကြောင်းများ ပြန်ပြောလေဦးမလား မသိတော့။

အရင်က သံလမ်းတွေကို သူ့နံရိုးတွေအဖြစ် တပ်ဆင်ထားပြီး၊ မြေပြင်မှာ ပြားပြားဝပ်ကလေးပဲ နေထိုင်ခဲ့တဲ့ ဘူတာရုံကြီးဟာ ခုတော့ အစွမ်းကုန် အလှပြင်ထားတဲ့ အပျိုကြီးတယောက် ဧည့်သည် ဗိုလ်ပုံအလည်မှာ ထည်ထည်ခန့်ခန့်ကြီး ထိုင်နေတဲ့ပုံမျိုး ဖြစ်နေပါပြီ။

အောက်ဆုံးထပ်မှာ ရထားတွေကို ငုံခဲထား၊ ပထမထပ်မှာ ကားတွေရပ်နားဖို့၊ လက်မှတ်ဝယ်ဖို့၊ လူနားဖို့၊ ကျန်တဲ့အထပ်တွေမှာ ဘာဖို့ညာဖို့ စသဖြင့် သင့်တင့်အောင် စီစဉ်ပြင်ဆင် ထားပေမယ့်၊ ကျွန်တော့် စိတ်ထဲမှာ ဟိုတုန်းက မှုန်ကုပ်ကုပ် ပုံစံလေးကိုပဲ ပြန်လွမ်းနေမိသလိုလို။ အဲဒါမျိုးကို ပြောတာနေမှာ၊ အတိတ်ထဲက ပြန်မထွက်တတ်တဲ့ နောက်ပြန်ဆွဲ အဟောင်းသမား အတွေးဆိုတာ။

ကျွန်တော်ဟာ အတိတ်က မလွတ်မြောက်နိုင်သေးတဲ့ အစွဲဟောင်းတွေကို တယုတယ ပွေ့ပိုက်ပြီး အနာဂတ်ကို ကြည့်မျှော်တဲ့မျက်လုံးတွေနဲ့ ဘူတာတ၀ိုက်(ဟိုးတုန်းက ကျွန်တော်တို့ ယာယီကွန်းခိုတဲ့ နေရာ)ကို ကြည့်လိုက်မိပါတယ်။

မနက်ခင်းနေဟာ ဘူတာ အဆောက်အဦရဲ့ အပေါ်ပိုင်းကို စွန်းထင်းနေပါတယ်။ ရထားဆိုက်ဖို့ စောလွန်းသေးပေမယ့် ခရီးသည် ကြိုမယ့်ကားတွေကတော့ ဘူတာ မျက်နှာစာမှာ အစီအရီပါပဲ။ အပေါ်ထပ် ကားရပ်တဲ့ နေရာမှာတော့ လေးဘီးကားတွေသာ စီတန်းနေတတ်တာ တွေ့ရပါတယ်။ နေရာအမျိုးမျိုးက ရောက်လာသူတွေ၊ ဦးတည်ရာအရပ်ရပ်ကို ထွက်ခွါသွားမယ့်သူတွေနဲ့၊ ဒီဘူတာဟာ နှစ်ပေါင်းဘယ်လောက်တောင် ရှင်သန်နေထိုင်ခဲ့ပြီလဲ။ ဘူတာကြီးကတော့ အသစ်ဖြစ်ခဲ့ပြီ။ ခရီးသည် တွေလည်း အသစ်ပဲ ဖြစ်မှာပါ။ စစ်ကြိုခေတ်က ခရီးသည် တယောက်တလေကဖြင့် ဒီအချိန်မှာ ခရီးသွား မနေလောက်တော့ဘူး။ ခရီးသည်တွေ အသစ်သစ်ဖြစ်ခဲ့သလို သူတို့ရဲ့ဘ၀တွေဟာလည်း သစ်လွင်ပျော်ရွှင်တဲ့ အသစ်တွေ ဖြစ်ရင်ကောင်းမှာပဲလို့ တွေးမိတယ်။

ဟိုးတုန်းက ကျွန်တော်တို့ ရောက်ခဲ့တဲ့ ဘူတာမှုန်ကုပ်ကုပ်လေးမှာ ခရီးသည်တွေဟာ လက်က အထုတ်ကို ဆွဲလို့၊ ခေါင်းကအထုတ်ကို ရွက်လို့၊ ပခုံးက၀န်တွေ ထမ်းလို့ ဘူတာဆီ ၀င်ထွက် သွားလာနေတတ်ပါတယ်။ ခုလူတွေလည်း ဒီလိုပါပဲ။ အရင်က မရှိဘူးတဲ့ ကြွပ်ကြွပ်အိတ် ဆိုတာမျိုးနဲ့ ထုတ်ပိုး ဆွဲသယ်နေတာတခုပဲ သစ်ဆန်းလာသလားလို့ စဉ်းစားမိ ပြန်ပါတယ်။

ကျွန်တော်တို့ဆီမှာ ဟောင်းပေမယ့်လည်း ကောင်းနေဆဲပါဆိုတဲ့ အသုံးကို သိပ်သုံးတတ်ကြပါ တယ်။ တကယ်ပါ။ ဟောင်းသော်လည်း အကောင်းလုပ်သုံးနေရသေးတဲ့ ယာဉ်တွေကို အဲဒီဘူတာ နားတ၀ိုက်၊ နိုင်လွန်ကတ္တရာ လမ်းသစ်ကြီးတွေပေါ်မှာ အမြိန့်သား သွားသွားလာလာ လုပ်နေကြတာ တွေ့ရပြန်တယ်။

(ကျွန်တော်ကိုယ်တိုင် အစွဲမကျွတ်သေးတဲ့ တစ္ဆေတကောင်လို ဘူတာနားမှာပဲ နေထိုင်မိပြီး အခြားနေရာတွေ မရောက်ခဲ့လို့ အဲဒီနားမှာ တွေ့ကြောင်းပြောတာပါ။ အခြားနေရာမှာလည်း အသုံးပြုဆဲ သွားလာဆဲ ဖြစ်နိုင်ပါတယ်။ ရန်ကုန်မှာတောင် သုံးဘီးကားကလွဲရင် စစ်ကြိုခေတ်က ကားကြီးတွေ ပြေးတုန်းလွှားတုန်း၊ သန်တုန်းမြန်တုန်း၊ ငွေရှာတုန်းကိုး။)

ပီပါခွံ သံပြားတွေက ကားဘော်ဒီဖြစ်၊ အမြဲပြန်ပြန် ပြုတ်ထွက်တတ်လွန်းတဲ့ ဂီယာတံကို သစ်သား ခွထောက်လေးနဲပထောက်၊ ၀န်ပိုတင်နိုင်အောင် မတန်တဆ လေးသံပြားတွေပိုး၊ သူ့ကို ထုတ်လုပ် လိုက်တဲ့ စက်ရုံနဲ့ ပညာရှင်တွေ အနိစ္စသဘောကို ပြဆိုသွားပြီးသည့်တိုင်၊ သူကိုယ်တိုင် ရှင်သန်နေသေး တဲ့ အာဂသူရဲကောင်း မော်တော်ကားကြီးတွေ ပေါ်မှာ ကျွန်တော်တို့ မျိုးဆက်သစ်တွေက လိုက်ပါ စီးသွားနေကြ။ (အင်း လိုရာရောက်ဖို့က အဓိက ကျပါတယ်။ ဘယ်နည်းနဲ့ ရောက်ရောက်ပေါ့။ စိတ်က လေးတော့ ထားတတ်ဖို့ လိုပါမယ်)

အဲသလို ဟိုဟိုဒီဒီ တွေးနေတုန်း မနေ့က လမ်းမှာ တွေ့ခဲ့ရတဲ့ ဘူတာခရီးသည်ကို ပို့အပြီး နွမ်းလျလျ အိမ်ပြန်နေတဲ့ ဆိုက်ကားသမားကြီးကို သွားသတိရမိတယ်။ 'ဂျွန်' ရေ ဟိုတုန်းက ကိုယ်တို့ ဆိုက်ကား မစီးခဲ့ကြပေမယ့် ဆိုက်ကားသမားကြီးတွေရဲ့ မျက်နှာကို လိုက်လိုက် ကြည့်မိတတ်တာ မှတ်မိလား။ ခု ကိုယ်မြင်ခဲ့ရတဲ့ မျက်နှာဟာလည်း အဲဒီတုန်းက မင်းနဲ့ ကိုယ် မြင်ဖူးခဲ့တဲ့ မျက်နှာပါပဲကွာ။ လက်ထဲမှာ မီးငြိမ်းထားတဲ့ ဆေးပေါ့လိပ်တိုကလေး ညှပ်ထားတာကအစ အဲဒီအတိုင်းပါပဲ။ ပိန်မွဲမွဲ ညှိုးနွမ်းနွမ်း မျက်နှာတွေဟာ စစ်ကြိုခေတ် မော်တော်ကားတွေလိုပဲ အသက်ရှည်လွန်းလှတယ် သူငယ်ချင်း။ သူဆိုက်ကားနင်းနေတဲ့ လမ်းမကြီးကတော့ မင်းနဲ့ကိုယ် လျှောက်ခဲ့ဖူးတဲ့ ချိုင့်များများ ကျဉ်းမြောင်းမြောင်း လမ်း မဟုတ်တော့ဘူးပေါ့။

ဟိုးတချိန် မင်းနဲ့ကိုယ် ဘူတာမှာ လူစောင့်နေတုန်းက တွေ့ခဲ့ဖူးတဲ့ ခရီးသည်တွေလိုပဲ။ ဘုန်းကြီး တွေ၊ မိန်းမတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ အလွှာစုံက လူတွေ သွားမြဲ၊ လာမြဲ၊ တိုးဝှေ့မြဲ၊ အထုတ် အပိုးတွေ လက်မှာဆွဲလို့၊ လိုရာသွားလာနေကြမြဲပါ သူငယ်ချင်း။

ကွမ်းယာဆိုင်၊ လက်ဘက်ရည်ဆိုင်လေးတွေအပေါ် ကျုံးလေအေးလေး ဖြတ်တိုက်မြဲ အခြေအနေ ကို မြင်ရတော့ မင်းကို လွမ်းလိုက်တာ။

'ဂျွန်' ရေ မင်းရော ခုနှစ်အသစ်၊ လမ်းအသစ်တွေပေါ်မှာ လူအဟောင်း အခြေအနေ အဟောင်းကြီးနဲ့ ခရီးဆက်နေတုန်းပဲလား။ ကမ္ဘာ ဖြစ်မှုနဲ့အညီ ပြောင်းသင့်တာ အားလုံး ပြောင်းလဲခဲ့ပြီလား။ အိမ်ထောင် ရက်သား ကျပြီလား၊ ကျန်းမာပျော်ရွှင်စွာ ရှိရဲ့လား။

'ဂျွန်'

နှစ်တွေကြာလို့ မင်းမွေးနေ့ဟာ ဂျွန်လ (၁)ရက်လား၊ ဒီဇင်ဘာ (၃၁)လား၊ ငါ ဝေေ၀၀ါးဝါး ဖြစ်ခဲ့ပေမယ့် အခုရက်တွေအတောအတွင်းမှာ ဘာကြောင့်မှန်းမသိ ငါမင်းကို လွမ်းလိုက်တာ။

အချစ်နဲ့ အလွမ်းမှာတော့ ဟောင်းတယ် သစ်တယ်ရယ်လို့ ရှိမယ် မထင်ဘူးကွာ။

ငြိမ်းအေးအိမ်

၂၀၀၅၊ ဒီဇင်ဘာ (၃၁)။

[အခြေအနေ အကြောင်းတစုံတရာကြောင့် စာရေးသူထံမှ ခွင့်ပြုချက်မယူလိုက်ရပဲ မာယာပေါ် တင်လိုက်တာကို ခွင့်လွှတ်နားလည်ဖို့ တောင်းပန်ပါတယ်]

No comments: