Saturday, January 12, 2008

မော်ရဲ့ကဗျာအမြင်
ရေးသူ-မောင်စွမ်းရည်

--------တရုတ်ပြည်က နိုင်ငံရေးခေါင်းဆောင်ကြီး မော်စီတုန်းဟာ ကဗျာဆရာအဖြစ်လဲ ထင်ရှားတယ်။ သူနဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားကြီးတွေ၊ စစ်ဗိုလ်ချုပ်ကြီးတွေဟာလဲ တရုတ်တမျိုးသားလုံးရဲ့ အရေးတော်ပုံကြီးမို့ နိုင်ငံရေး၊ စစ်ရေးထဲ ပါဝင်လာရပေမယ့် မူလက စာပေသမားတွေ ဖြစ်ခဲ့ကြတယ်။ မာရှယ်ချင်ယီ၊ ယဲ့ကျင်ယင်း၊ တုန်ပီဝူး အစရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ အပန်းဖြေချိန်တွေမှာ ကဗျာရေး၊ ကဗျာဖတ် လုပ်လေ့ရှိကြတယ်။ ကဗျာတပုဒ် ရေးပြီးတိုင်း၊ အချင်းချင်း လဲလှယ်ဖတ်ရှု၊ မျှဝေခံစားလေ့ ရှိကြတာကိုလဲ တွေ့ရတယ်။ တခါတလေ ကဗျာကိစ္စတွေကို ဆွေးနွေးကြတယ်။ သူတို့ ဆွေးနွေးကြ တာတွေဟာ ကာရန်အကြောင်း၊ စပ်နည်းအကြောင်းလောက်သာ မဟုတ်ဘဲ မော်ဒန်ကဗျာသဘော တရားတွေပါ၊ ပါရှိနေတာ တွေ့ရတတ်တယ်။ ကဗျာသဘောတရားတွေကို အပေါ်ယံမျှသာ မဟုတ်ဘဲ နက်နက်ရှိုင်းရှိုင်း သိရှိဆွေးနွေးတတ်ကြတာမျိုးကို သူတို့စာတွေမှာ တွေ့ရတတ်ပါတယ်။ခု ကျွန်တော် ဖော်ပြမှာက 'မော်က ချင်ယီဆီကို ပေးတဲ့စာ' ဖြစ်ပါတယ်။ ဒီစာမှာ မော်က ချင်ယီရဲ့ ကဗျာတပုဒ်ကို ပြင်ပေးရင်း ကဗျာအကြောင်း စပ်မိစပ်ရာ ဝေဖန်ထားတာကို တွေ့နိုင်တယ်။ ကဗျာကောင်းရဲသဘော၊ နိမိတ်ပုံရဲ့သဘောတို့ကို အရိပ်အမြွက် ဆွေးနွေးထားတာ တွေ့ရပါမယ်။ အဲဒီစာကို ဖတ်ကြည့်ပါ။
ရဲဘော်ချင်ယီ
ခင်ဗျားက ကျုပ်ကို ခင်ဗျားရဲ့ ကဗျာတွေ အချောကိုင်ပေးဖို့ ခိုင်းလိုက်ပေမဲ့ ကျုပ်က ငါးလုံးစပ် "လူရှိ" ကဗျာကို ဘယ်လိုစပ်ရမယ်ဆိုတာ မလေ့ကျက်ခဲ့ဖူးတဲ့အပြင် ဒီပုံစံနဲ့လဲ တခါမှ ရေးသား ထုတ်ဝေခြင်း မလုပ်ခဲ့ဖူးဘူး။ ခင်ဗျားရဲ့ ကဗျာတွေဟာ ခွန်အားရှိပြီး ကျယ်ပြန့်တယ်။ ပုံစံအရ (၀ါ) မတြာ စနစ်အရ ကျုပ်သိသလောက်နဲ့သာ ပြောရမယ်ဆိုရင် သူတို့ဟာ "လူရှိ" မဟုတ်ဘူး။ အဲဒါ တင်းကျပ်တဲ့ အသံအနိမ့်မြင့်စနစ် ရှိလေတော့ အဲဒီ စနစ်နဲ့ မကိုက်တော့ရင် "လူရှိ" မဟုတ်ဘူးပေါ့။ ဒီကိစ္စမှာတော့ ကျုပ်တို့ နှစ်ယောက်စလုံးဟာ လက်သင်လေးတွေပဲ ရှိသေးတာကိုး။ ကျုပ်အနေနဲ့ ခုနှစ်လုံးစပ် "လူရှိ" နည်းနည်းပါးပါး တခါတလေဆိုသလို ရေးခဲဖူးပါရဲ့။ ဒါပေမဲ့ ကျုပ်တော့ တပုဒ်မှ ကျေနပ်လောက်အောင် မဖြစ်မြောက်ခဲ့ပါဘူး။ ခင်ဗျားက သမားရိုးကျ မဟုတ်တဲ့ ကဗျာတွေမှာ တော်သလို၊ ကျုပ်ကတော့ ပါဒ အလျား အမျိုးမျိုးလုပ်လို့ရတဲ့ "ဇု" ကဗျာစပ်နည်းအကြောင်းကို နည်းနည်းပါးပါး တီးမိခေါက်မိပါရဲ့။ ကျင်ယင်း (ယဲ့ကျင်ယင်း) ကတော့ ခုနှစ်လုံးစပ် "လူရှိ" စပ်နည်းမှာတော်ပြီး၊ ရဲဘော်ကြီးတုန် (တုန်ပိဝူး) ကတော့ ငါးလုံးစပ် "လူရှိ" မှာ တော်သဗျ။ ခင်ဗျား အဲဒီပုံစံ စပ်နည်းနဲ့ ရေးချင်ရင်တော့ သူတို့ဆီက အကြံဥာဏ် တောင်းပေတော့။

"အနောက်ဖက်ခရီး"

အနန္တဟင်းလင်းပြင်မှာ လေအလျင်ကိုစီးလို့
အနောက်ဖက်ဆီ၊ လီတသောင်းအသော့နှင်ခဲ့တယ်။
ဂဠုန်ကြီးသာ အတောင်ဖြန့်မထားရင်
ငှက်တွေသာ ကူးသန်းတဲ့ ဒီလဟာထဲမှာ
လူသားဟာ ဘယ်လို ကူးနိုင်မလဲ။
အောက်မှာ ပင်လယ်ဟာ စပျစ်ရည်ခွက်တသောင်းလောက်
စိမ်ရည်ဖောက်နေပြီ။
တောင်တွေကတော့ ကြက်သွန်ဥပြာသာဒ်တွေနဲ့
အမြင့်ကြီး မိုးမတ်နေလေရဲ့။
ကမ္ဘာမြေတရိုးမှာ လေနဲ့မိုးကြိုးလွှမ်းမိုးနေတဲ့အခါ
နေရာတကာ ငါတို့ဟာ မိတ်ကောင်းတွေ တွေ့ရပေတာ။
ကျုပ် ဒီကဗျာကို နည်းနည်းပါးပါး ပြင်လိုက်တယ်။ ဒါပေမဲ့ စိတ်ကြိုက်ဖြစ်လာဖို့ကတော့ ဝေးသေးရဲ့။ ဆက်ပြီးလုပ်ဖို့ ကျုပ် မ၀ံ့စားတော့ဘူးဗျို့။
တခြားကိစ္စတခုက ကဗျာဆိုတာ စကားပြေလို ရိုးရိုးစင်းစင်း ဆက်သွယ်ပေးတာ မဟုတ်ဘဲ စိတ်ကူးတွေကို သယ်ဆောင်ဖို့ရာအတွက် နိမိတ်ပုံတွေကို သုံးရတဲ့ ကိစ္စပဲ။
ဒါကြောင့် ကျုပ်တို့ဟာ " ပိ" (ဥပမာအင်္လကာနဲ့ရူပကအင်္လကာတွေ) နဲ့ "ရှင်း" ခေါ် (တွဲဖက်အနက်) တွေကို လက်လွှတ်လို့ မရဘူး။ ကျုပ်တို့ဟာ "တုဖူး" ရဲ့ "မြောက်ဖက်ခရီး" ကဗျာမှာလို "ဖု" နည်းနာ (သဘာဝု၀တ္တိ၊ တိုက်ရိုက်အဆို) ကို သုံးထားတာဟာ "ရိုးရိုးစင်းစင်းဝေါဟာရတွေနဲ့ဖော်ပြတာ" လို့ ဆိုနိုင်ပေမဲ့၊ ဒီမှာလဲ သူဟာ "ပိ" နဲ့ "ရှင်း" သုံးထားတာပါပဲ။ " ပိ-ဆိုတာ အရာဝတ္ထုတခုကို အခြားအရာ ၀တ္ထုတခုနဲ့ခိုင်းနှုင်းတာ" လို့ အဓိပ္ပါယ်ရပြီး "ရှင်း-ဆိုတာကတော့ တခြားတစုံတရာကို အရင်ပြောဆို လိုက်ပြီးမှ ကိုယ်ပြောလိုရာဘက်ကို သယ်ယူသွားတာ" လို့ အဓိပ္ပါယ်ရတယ်။ ဟန်ယု(၇၆၈-၈၂၄) ဟာ ကဗျာမှာ စကားပြေနည်းနာ သုံးခဲ့တယ်။ ဒါနဲ့ တချို့လူများက သူဟာ ကဗျာအကြောင်းကို လုံးဝမသိဘူးလို့ ပြောကြတယ်။ ဒီလိုပြောတာကတော့ လွန်လွန်းတာပေါ့နော်။ သူရဲ့ "ကျောက်ဆောင် များ" "ဟိန်ရှန်းတောင်" "ရှစ်လဆယ့်ငါးရက်နေ့မှာ၊ဒိုင်နယ်မှူးကျန်သို့" တို့လို ကဗျာမျိုးတွေဟာ တကယ့်ကို မဆိုးဘူး။ ဒီမှာ ကဗျာရေးရတယ်ဆိုတာ မလွယ်ဘူးဆိုတာ မြင်သာတယ်။ "စုန်ခေတ်" စာဆိုတွေဟာ စိတ်ကူးစိတ်သန်းတွေကို နိမိတ်ပုံတွေသုံးပြီး ဖော်ကျူးရတယ်ဆိုတာ နားမလည်ကြတဲ့ အပြင်၊ "တန်ခေတ်" ကဗျာအစဉ်အလာကိုလဲ ဥပက္ခာပြုခဲ့ကြတယ်။ ဒါကြောင့် သူတို့ ကဗျာတွေဟာ ရိုးရိုးစင်းစင်းကြီးတွေပဲ ဖြစ်နေတော့တာပေါ့။ ဒီ ရောက်တတ်ရာရာ မှတ်ချက်တွေဟာ ဂန္ထ၀င်ကဗျာတွေ ကိုပဲ ညွှန်းတာပါဗျာ။ ခေတ်ပေါ်ကဗျာကို ရေးဖို့ဆိုရင်တော့ လူတန်းစားတိုက်ပွဲနဲ့ ကုန်ထုတ်လုပ်မှုတိုက်ပွဲ ကို ထင်ဟပ်ဖော်ပြရာမှာ နိမိတ်ပုံတွေကတဆင့်၊ စိတ်ကူးစိတ်သန်းတွေ ဖော်ပြတဲ့နည်းကို ကျုပ်တို့ သုံးရမယ်။ ဒါပေမဲ့ နောက်ဆုံး ဆယ်စုနှစ် အနည်းငယ်အတွင်း တိုင်းရင်းဘာသာ(တရုတ်စကား)နဲ့ ရေးထားကြတဲ့ ကဗျာတွေဟာ မအောင်မြင်ကြဘူး။ ကောင်းမွန်တဲ့ လူထုရိုးရာတေး တချို့တော့ ရှိပါရဲ့။ အနာဂတ် လမ်းကြောင်းကတော့ လူထုရိုးရာတေးကနေ အဟာရယူ၊ လူထုရိုးရာ တေးပုံသဏ္ဍန်တွေကို ပြုပြင်ယူပြီး အများစု စာဖတ်ပရိသတ်ကို ဆွဲဆောင်နိုင်မယ့် ကဗျာအမျိုးအစားသစ်တခု ဖွံ့ဖြိုးတိုးတက် အောင် လုပ်တာဖြစ်လိမ့်မယ်လို့ ထင်ရတာပဲဗျာ။ စကားမစပ် လိယို (၇၁၁-၇၆၂) ဟာ "လူရှိ" ကဗျာ အရေးနည်းခဲ့တယ်နော်။ လိဟို (၇၉၀-၈၁၆) လဲပဲ ငါးလုံးစပ်"လူရှိ"စပ်နည်း အနည်းအကျဉ်းကလွဲရင် ခုနှစ်လုံးစပ်နည်းကို တခါမှ မရေးခဲ့ဖူးဘူးဗျနော်။ လိဟို ကို ကောင်းကောင်းဖတ်ထိုက်တယ်။ ခင်ဗျား စိတ်ဝင်စားရဲ့လား မသိဘူး။

ကျန်းမာရွှင်လန်းပါစေ

မော်စီတုံး
၁၉၆၂၊ ဇူလိုင် ၂၁။

အဲဒါ မော်ရဲ့ စာပဲ။
နိမိတ်ပုံသုံးခြင်း၊ ကဗျာမှာစကားပြေရဲ့ရေးဖွဲ့နည်းကိုအသုံးပြုခြင်း၊ လူထုရိုးရာ ကျေးလက်တေးကို လေ့လာခြင်း ဆိုတဲ့ အချက်တွေကို ဆွေးနွေးထားတာ သတိပြုစရာကောင်းတယ်။ ဒါဟာ မော်ရဲ့ ကဗျာအတွေ့အကြုံက ထွက်ပေါ်လာခဲ့တဲ့ သဘောတရားတွေပဲ။ သေသေချာချာ ပြန်စဉ်းစားရင် ခရစ္စတိုဖာကော့ဒ်ဝဲလ်၊ ဂျော့သော်မဆင် တို့ ဆွေးနွေးတင်ပြခဲ့တဲ့ ဆိုရှယ်လစ်စာပေ သဘောတရားတွေနဲ့ ထပ်တူပဲဆိုတာ တွေ့ရမယ်။ ၁၉၆၀ ခုနှစ်နဲ့ ၁၉၇၀ ခုနှစ်အတွင်းမှာ ကျွန်တော်တို့ ဆွေးနွေးခဲ့တာတွေဟာ ဒါတွေပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ကဗျာမော်ဒန် ဖြစ်ရေးအတွက် လမ်းရှာတဲ့အခါ အဲဒီစာတွေပဲ ဖတ်ရှုနှစ်သက်ခဲ့တာကိုး။

၁၉၆၈ ခု ဆရာမင်းသုဝဏ်ရဲ့ အိမ်မှာ ကဗျာ ၀ပ်ရှော့ တခုလုပ်ခဲ့တယ်။ အဲဒီဝပ်ရှော့က ဆွေးနွေး ချက်တွေကို မြဇင်၊ မောင်သာနိုး နဲ့ ညွန့်ကြူး တို့က စာပေလောကကို ပြန်လည်တင်ပြတယ်။ မော်ဒန်ကဗျာနဲ့ ပတ်သက်ပြီး နိမိတ်ပုံကို ရှေ့တန်းတင်လာကြပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် မော်၊ ဂျော့သော်မဆင် နဲ့ မင်းသုဝဏ်ကဗျာ ၀ပ်ရှော့ပေါင်းစပ်မိခြင်းဟာ မော်ဒန်ကဗျာ ရှေ့တလှမ်း တက်ရေးအတွက် တစုံတရာ အင်အားတခု ဖြစ်သွားခဲ့တယ်လို့ ပြန်လည်သုံးသပ်မိတာပါပဲ။ ဟုတ်ပါ ရဲ့လား။

မောင်စွမ်းရည်
၁၉၉၃ ဒီဇင်ဘာ။

No comments: