ကျွန်တော် အင်းစိန်ထောင်ကို ရောက်တဲ့အကြောင်း အထက်တနေရာမှာ ရေးခဲ့ပါတယ်။ အဲဒီမှာ မန္တလေးထောင်တွင်းတိုက်ပွဲ ဖြစ်ပွါးပြီးကတည်းက ခွဲခွါသွားကြရတဲ့ ရဲဘော်တွေ တချို့ ပြန်ဆုံတွေ့ကြရ တော့ အားရ၀မ်းသာ နှုတ်ဆက်ကြ စကားတွေပြောလိုက်ကြနဲ့ပေါ့။ ဒါကို အာဏာပိုင်တွေက မလိုလား ပါဘူး။ ဆဲဆို ကြိမ်းမောင်းပါတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ အကျဉ်းသားတွေ ရွှင်ရွှင်ပြပြနဲ့ ရန်သူကို ဘာမထီအနေအထားနဲ့ စိတ်ဓါတ်မကျပဲ ကြံ့ခိုင်အောင် နေပြတာကို သူတို့ မျက်စိ စပါးမွေး စူးကြပါတယ်။ စိတ်ဓါတ်ကျ၊ ကျန်းမာရေးမကောင်း၊ သူတို့ဆီမှာ မဟုတ်က ဟုတ်က မျက်နှာလိုအားရ သတင်းပေး၊ ဒီလိုဟာမျိုးကို လိုလားတာပါ။ ဒီလိုပုဂ္ဂိုလ်တွေလဲ ရှိခဲ့တာကိုး။ ဒါပေမဲ့ အနည်းစုပါ။
အင်းစိန်ထောင်ကို ရောက်လာကြတဲ့ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသမားတွေဟာ နယ်စုံ၊ ထောင်စုံ ကပါ။ အထက်ဗမာပြည် မြစ်ကြီးနားထောင်၊ ဗန်းမော်ထောင်၊ ရွှေဘိုထောင်၊ မုံရွာထောင်၊ မြင်းခြံထောင်၊ မန္တလေးထောင်၊ သရက်ထောင် စသဖြင့် ထောင်အသီးသီးကပါ။
အင်းစိန်ထောင်မှာ သိတ်မကြာလိုက်ပါ၊ ရန်သူက သူတို့လိုချင်တဲ့ ပို့ချင်တဲ့ နိုင်ငံရေးသမားတွေ စုံလောက်ပြီလို့ထင်ပါတယ်။ ရက်ပေါင်း ၂၀ ကျော် ၂၅ ရက်လောက်ပဲ ကြာမှာပါ။ ကျွန်တော်တို့ မန္တလေးထောင်မှာနေစဉ်က ကိုကိုးကျွန်းကို ခြေလျင်ပို့မယ်လို့ တယောက်နဲ့တယောက် ပြောခဲ့ကြတာ ဟာ အခုတော့ တကယ်ပဲ ဆိုက်ရောက်လာပါတယ်။
၁၉၆၉ ခု၊ ဖေဖော်ဝါရီလ ၁၁ ရက်ည တော်လှန်ရေးကောင်စီက ရန်ကုန်ကျိုက္ကစံကွင်းမှာ ပြည်ထောင်စုပွဲတော် ခြိမ့်ခြိမ့်သဲ ကျင်းပနေတယ်။ ပြည်သူတွေကို ဒီပွဲလမ်းသဘင်နဲ့ လှည့်ဖျားပြီး ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို ကျွန်းပို့ဖို့ စီစဉ်တာပါ။ ရန်သူဟာ သူတို့ မဟုတ်တာလုပ်တာ ကို ပြည်သူတွေ သိမှာ သိတ်စိုးရိမ်ပါတယ်။ တနည်းပြောရရင် သိတ်ကြောက်ပါတယ်။ ဒါကြောင့် လူသိမခံရဲပါ။ ဖေဖော်ဝါရီလ ၁၁ ရက် ညနေထမင်းစားပြီး ၄ နာရီလောက်မှာ ကျွန်တော်တို့တတွေကို မိမိရှိ ပစ္စည်းအားလုံးကို သိမ်းပြုထားကြဖို့၊ လာခေါ်ရင် အဆင်သင့် ဖြစ်နေအောင် ကြိုတင်ပြောထား ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့လဲ ဘယ်ပို့မယ်ဆိုတာ မသိသလို သိသလိုတော့ စိတ်ထဲမှာ ဒွိဟဖြစ်နေကြပါတယ်။ လွှတ်တာတော့ မဖြစ်နိုင်ဘူး၊ တနေရာကို ပို့ဖို့ပဲ ဖြစ်မယ်၊ ပို့ရင်လဲ ကိုကိုးကျွန်း ပို့မှာက ပိုဖြစ်နိုင်တယ် စသဖြင့် ထင်ရာမြင်ရာ ပြောဆိုနေကြတယ်။ ထောင်ပြောင်းလာစဉ်က ကိုယ်စီကိုယ်စီ မိမိအ၀တ်အစားကလေးတွေကို သေသေချာချာ ထုပ်ပိုးပြင်ဆင်ကြရင်း ဆေးလိပ် သောက် သူသောက်၊ စကားဖောင်ဖွဲ့ပြောနေကြသူပြောနဲ့ပေါ့။ ဒီလိုနဲ့ ၉ နာရီ အခါတိုင်း အိပ်ချိန်ရောက် လဲ လာမခေါ်သေး၊ ၁၀ နာရီ ၁၁ နာရီရောက်လာလဲ လာမခေါ်သေးပါ။ ကျွန်တော်မှတ်မိတာတော့ ၁၂ နာရီ လောက်မှာ လာခေါ်တယ် ထင်ပါတယ်။ လာခေါ်တော့ နှစ်ယောက်စီ တန်းပြီး ထိုင်ခိုင်းပါတယ်။ မိမိပါလာတဲ့ အထုတ်ကိုယ်စီနဲ့ ထိုင်နေကြရတယ်။ ကျွန်တော့ စိတ်ထဲကတော့ မီးဘေး၊ လေဘေး၊ ရေဘေး ဒုက္ခသည်၊ စစ်ပြေးဒုက္ခသည် တွေလဲ ဒီလိုနေမှာပဲလို့ ခံစားရပါတယ်။ အမှန်တော့ ကျွန်တော်တို့ တတွေဟာ နိုင်ငံရေးဒုက္ခသည်တွေပါ။ ကျွန်တော်တို့ကို နှစ်ယောက်တတွဲ၊ တယောက် လက် တယောက်ကိုင်ခိုင်းပြီး၊ ကျန်လက်တဖက်က မိမိပါလာတဲ့ အ၀တ်ထုတ်ကို ဆွဲရပါတယ်။
ဒီလိုနဲ့ ထောင်ဗူးဝရောက်တော့ အပြင်မှာ မှန်လုံကား လေးငါးစီးလောက် ရပ်ထားတာ တွေ့ရတယ်။ ကားမှန်တွေကို အပြင်က မြင်မှာစိုးလို့လား၊ ဒါမှမဟုတ် အထဲက ကျွန်တော်တို့က အပြင်ကို ကြည့်ရင် မမြင်နိုင်အောင်လားတော့ မပြောတတ်ပါ။ ကားမောင်းတဲ့သူ ရှေ့က မှန်ကလွဲလို့ အားလုံးကို ထုံးသုတ်၊ တချို့ စာရွက်တွေနဲ့ ကပ်ထားတာ တွေ့ရတယ်။ ကျွန်တော်တို့အားလုံးလဲ ကားပေါ်ရောက်ရော ကားစထွက်ပါတယ်။ ရန်သူက မမြင်နိုင်အောင် ထုံးသုတ် စက္ကူကပ်ထားပေမဲ့ ကားမောင်းသမားရဲ့ ရှေ့မှန်ကနေ ကျွန်တော်တို့ လမ်းဘေးဝဲယာကို ကြည့်မိအောင် ကြည့်ကြပါတယ်။ လမ်းကွေ့တိုင်း၊ လမ်းဆုံတိုင်းမှာ လက်နက်အပြည့်အစုံနဲ့ စစ်သားတွေ ၄-၅ ယောက်တတွဲ စောင့်နေတာ တွေ့ရတယ်။
လမ်းသွားလမ်းလာ အချို့ကတော့ မြို့လယ်ခေါင်မှာ ဟိုနား ဒီနား တွေ့ရတယ်။ မြို့လယ်ခေါင်ကို ကားဖြတ်မောင်းတော့ လူသူ တဦးစ နှစ်ဦးစ ကြိုးကြား ကြိုးကြားတွေ့ရတာကလွဲလို့ ပကတိ တိတ်ဆိပ် ငြိမ်သက် နေတာတွေ့ရတယ်။ ဒါကို စဉ်းစားကြည့်ရင် ဒီကိစ္စဟာ လူမသိုသမသိ ခိုးကြောင်ခိုးဝှက် လုပ်ကြောင်းပေါ်လွင်ပါတယ်။ ကားပေါ်က နှစ်ယောက်တတွဲ ဆင်းတော့ ဘေးဘက်ဝဲယာမှာ စစ်သား တွေ နေရာယူထားပြီး လူသွားစရာ လမ်းကလေးနည်းနည်းပဲ ပေးထားပါတယ်။ ဆိပ်ကမ်းကတော့ ပန်းဆိုးတန်း ကျန်းမာရေးဆိပ်ကမ်း လို့ သိရတယ်။
ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို သင်္ဘောဝမ်းပိုက် (ကုန်ပစ္စည်းတွေ ထားတဲ့နေရာနဲ့ တူပါတယ်) မှာထားပါတယ်။ အပေါက်ဝမှာလဲ ဂျီ ၃- ဂျီ ၄ ဆိုတဲ့ သေနတ်တွေနဲ့ ချိန်ထားကြတယ်။ ကျွန်တော်တို့ကတော့ မတွေ့တာ ကြာတဲ့လူတွေ ပြန်တွေ့ကြရတော့ ၀မ်းသာကြတာပေါ့။ တယောက်ကို တယောက် နှုတ်ဆက်ကြ၊ စကားစမြည်ပြောကြ၊ အူလှိုက်သဲလှိုက် ပွေ့ဖက်နှုတ်ဆက်ကြနဲ့။ ဒီအထဲမှာ မသိ မမြင်ဘူးတဲ့ ရဲဘော်တွေလဲပါတယ်။ အရင်က ထောင်မှာ အတူတူနေရပြီး အကြောင်းအမျိုးမျိုး ကြောင့် ခွဲခွါနေခဲ့ကြရတဲ့ သူတွေ ပြန်တွေ့ကြတာလဲ ရှိပါတယ်။ အားလုံး (၂၃၃) ယောက် ဖြစ်ပါတယ်။
ဒီလို စကားစမြည်တွေ ပြောကြ နှုတ်ဆက်ကြနဲ့ ၀မ်းသာလိုက်ကြတာ ရန်သူ့ လက်ထဲမှာပါလား ဆိုတဲ့ အသိတောင် လွတ်သွားတယ်။ အသက်အရွယ်ကတော့ မျိုးစုံပဲ။ အသက် ၆၀ ကျော် ၇၀ တွေပါသလို၊ အသက်၁၄-၁၅ နှစ်အရွယ်လဲပါတယ်။ အင်းစိန်ထောင်က ပါလာတဲ့ ရဲဘော်လှဌေးဆိုရင် သူ့ဦးလေးကို ဖမ်းလို့ သူပါ ဖမ်းတဲ့အထဲ ပါလာတာ။ ထောင်ထဲရောက်တော့ ၁၀ နှစ်သားလောက်ပဲ ရှိအုန်းမယ်။
အင်းစိန်ထောင်က ဦးလေးဦးအုန်းမောင်(လေထီး)၊ ဆရာရာဂျန်၊ စာရေးဆရာများဖြစ်ကြတဲ့ ဆရာမြသန်းတင့်၊ ဆရာဗန်းမော်တင်အောင်၊ ကအစ သခင်ခင်အောင်၊ ကေတီဦးကျော်တင့်၊ ပမညတ ဗိုလ်တင့်တယ်၊ ဗိုလ်မျိုးထွတ် တို့တွေ့ရတယ်။ ကျွန်တော်တို့ကို ပို့တဲ့အထဲမှာ လက်ဝဲအယူအဆ ရှိသူတွေများတယ်။ ဘာမှ မယ်မယ်ရရ မရှိသူတွေလဲပါတယ်။ အဲဒါကတော့ မန္တလေး ၂၆ ဘီလမ်းမှာ ဆေးတိုက်ဖွင့်ထားတဲ့ ဒေါက်တာ ကူးမားဖြစ်တယ်။ သူလိုပုဂ္ဂိုလ်မျိုးက ၃-၄ ယောက်လောက် ပါတာပါ။
ဒီလိုနဲ့ သင်္ဘောပေါ်မှာ စကားကောင်းနေကြတုန်း ရုတ်တရက် စက်သေနတ်နဲ့ ပစ်လိုက်သလို အသံမျိုး ပေါ်ထွက်လာပါတော့တယ်။ စကားသံတွေဟာ ချက်ချင်းဆိုသလို ရပ်သွားပြီး၊ တချို့ ခေါင်းငုံ့ထားတဲ့သူ ငုံ့ထား၊ တချို့လဲ ပစ်လှဲလိုက်သူပစ်လှဲ၊ တချို့လဲ လှည့်ပတ်ပြီး မျောက်ခုံသလို ၃-၄ ပတ်ခုန်ပစ်၊ ဂျွမ်းထိုးပစ်တွေ ဖြစ်ကုန်တယ်။ ကျွန်တော်ထင်တာက ကျွန်တော်တို့ကို သင်္ဘောဝမ်းပိုက်ထဲ ထည့်ပြီး သေနတ်နဲ့ပစ်သတ်ပြီလို့ ထင်တာကိုး။ အတော်ကလေး ကြာတော့မှ တယောက်ကို တယောက်ကြည့်ပြီး ဘာမှ မဖြစ်ကြတော့မှ ဟာ ဒါ သင်္ဘောကျောက်ချထားလို့ ကျောက်တင်တဲ့ အသံပဲလို့ စဉ်းစားမိကြပါတယ်။ ကျွန်တော်တို့ကို ထားတဲ့အခန်းက သင်္ဘောဦးပိုင်းမှာဆိုတော့ ကျောက်သံကြိုးနဲ့ သင်္ဘောကိုယ်ထည်နဲ့ ပွတ်တိုက်တဲ့အသံက တကယ့်ကို စက်သေနတ်ပစ်သံနဲ့ တူပါတယ်။
သင်္ဘောကျောက်တင်ပြီး ဆိပ်ကမ်းက ထွက်ခွါတာ ၂ နာရီ ၃ နာရီလောက် ရှိမယ်လို့ ခန့်မှန်းမိ ပါတယ်။ အခန်းက ကျဉ်းကျဉ်း အလုံပိတ်ထားတော့ အသက်ရှူမ၀ပါ။ ခေါင်းပေါ် လေပေါက်ကလေးက လေလွှတ်ထားပေမဲ့ တချို့လဲ ပျက်လို့ လေကောင်းကောင်း မရကြပါ။ ပူအိုက်လာပါတယ်။ ကျွန်တော်တို့က အစောင့်တွေကို လေရအောင် လေပေါက်ဖွင့်ပေးဖို့ ပြောတာ မရပါ။ ဒီလိုနဲ့ ကျွန်တော်တို့ သင်္ဘောဟာ ထွက်လာလိုက်တာ တဖြေးဖြေးနဲ့ အမှောင်ကနေ အလင်းရောင်မြင်လာ ရပါပြီ။ ဒါလဲ သင်္ဘောကိုယ်ထည်မှာ ဖောက်ထားတဲ့ သံဇကာတပ်ထားတဲ့ အပေါက်ကနေ မြင်ရတာပါ။ ငါးဖမ်းလှေကလေးတွေလည်း ခပ်ဝေးဝေးမှာ အတော်များများ တွေ့ရပါတယ်။
အလင်းရောင်ဟာ တဖြေးတဖြးနဲ့ အားပိုကောင်းလာပါတယ်။ မြင်ရတဲ့ ရေပြင်ဟာလဲ လက်ဖက် ရည်ချိုရောင်။ အဲဒီကနေ နဲနဲ ဝေးသွားတော့ ရေရောင်ဟာ တမျိုးဖြစ်သွားပါတယ်။ ကြည်သလို၊ အပြာနုရောင်လိုလိုနဲ့ နောက်လုံးဝ ပြာသွားတယ်။ ငါးဖမ်းလှေကလေးတွေလဲ စောစောက အများကြီး တွေ့တာ တဖြေးဖြေး နဲနဲသွားပါတယ်။ ဒီတော့မှ စောစောက ပူလို့ အိုက်လို့၊ အသက်ရှူမ၀လို့ ဖွင်းခိုင်းတဲ့လေပေါက်တွေကို လာဖွင့်ပေးပါတယ်။ သူတို့ စိတ်ချရတဲ့ ပင်လယ်ထဲ ရောက်ပြီကိုး။ ကမ်းမမြင် လမ်းမမြင် နေရာပါ။
ကျွန်တော်တို့ကို ပို့တဲ့ သင်္ဘောက ရန်ကုန်နဲ့ ရခိုင်ဘက်ကို သွားတဲ့ ကမ်းရိုးတန်းသွား ပြည်တော် ညွန့် သင်္ဘောလို့ နောက်မှ သိရတယ်။ သင်္ဘောပေါ်မှာ ထမင်းကျွေးတယ်။ သင်္ဘောဟာ တနေကုန်ခုတ်တာပဲ။ တဖြေးဖြေး ဝေးသွားလေလေ၊ ပင်လယ်ရေပြင်ဟာ နက်ပြာလာလေလေပဲ။ ကျွန်တော်က ကုန်းသက်သက်ကလူဆိုတော့ ပင်လယ်ဆိုတာဝေးရော၊ မြစ်တောင် ကောင်းကောင်းမြင် ဖူးတာ မဟုတ်တော့ သင်္ဘောသာစီးရတာ ပင်လယ်ရေပြင်ကြီးကို ကြည့်ပြီး သိပ်ကြောက်တာပဲ။ မတော်တဆ သင်္ဘောသာ တခုခုဖြစ်ပြီး မှောက်လိုက်ရင်တော့ ဒုက္ခပဲ ဆိုတဲ့အတွေးက လွှမ်းမိုးနေပါ တယ်။ နေရတာကလဲ သင်္ဘောဝမ်းပိုက်ထဲမှာဆိုတော့ ဖြစ်လိုက်ရင် သေဖို့တလမ်းပဲ ရှိပါတော့တယ်။
ခန့်မှန်းခြေ ညနေ ၄နာရီ ၅ နာရီလောက်လို့ ထင်ပါတယ်။ ဟိုး ခပ်ဝေးဝေးမှာ ရေပြာပြာထဲက မဲမဲသဏ္ဍန် အတန်းကလေးတခုကို လှမ်းမြင်ရတယ်။ ပင်လယ်ကူးသင်္ဘောတွေလည်း မကြာမကြာ လှမ်းတွေ့ရတယ်။ ဆေးဖြူသုတ်ထားတော့ ပင်လယ်ပြင် ရေပြာပြာနဲ့ အရောင်မှာ ထင်ထင်ရှားရှားပေါ့။ တော်တော်ဝေးဝေးကရင်း လှမ်းမြင်ရပါတယ်။ ကျွန်တော်တို့ စီးလာတဲ့ သင်္ဘောဟာ တဖြေးဖြေးနဲ့ စောစောက လှမ်းမြင်ရတဲ့ မဲမဲသဏ္ဍန်ဆီကို ဦးတည်ခုတ်မောင်းနေတာ တွေ့ရပါတယ်။ ပင်လယ်ရေပြင် ပြာလဲ့လဲ့ပေါ်မှာ မြွေလိုအကောင်တွေ၊ ခပ်လှမ်းလှမ်းမှာ ငါးလိုလို မဲမဲကြီးတွေ၊ ၀ါးတွေ၊ သစ်လုံးတွေ မြောပါနေတာလဲ တွေ့ကြရပါတယ်။
စောစောက မဲမဲသဏ္ဍန်ကြီးဟာ ပိုပြီးထင်ရှားလာပါတယ်။ ဒါကတော့ ကျွန်တော်တို့ကိုပို့မဲ့ ကိုကိုးကျွန်းပါ။ ကျွန်းဟာ ရှည်မြောမြော သဏ္ဍာန်ပါ။ ကျွန်းခြေရင်းက သောင်ပြင်ဖွေးဖွေးကိုလဲ လှမ်းမြင်ရသလို အုန်းပင်တန်းရေးရေးကိုလဲမြင်ရ၊ အဆောက်အဦလို့ထင်ရတဲ့ အရာလေးများကိုလဲ မြင်ရပါတယ်။ အဲဒီနေ့မှာ ကျွန်တော်တို့ ကျွန်းပေါ်ကို ခြေမချရသေးပါဘူး။
ကျွန်းနဲ့ မလှမ်းမကမ်းမှာ သင်္ဘောကျောက်ချ ရပ်နားပါတယ်။ သင်္ဘောပေါ်မှာ အိပ်ကြရတယ်။ နောက်တနေ့ မနက် ၉ နာရီ ၁၀ နာရီ လောက်မှာ သင်္ဘေားနားကို ကမ်းတက်ရေယဉ်ကပ်လာပြီး တခေါက်ကို လူ ၃၀-၄၀ လောက်တင်ပြီး ကမ်းကိုပို့ပါတယ်။ ဒီမှာလဲ ကျွန်တော်တို့အတွက် ရီစရာတခု ဖြစ်ခဲ့ကြရပါတယ်။ နှစ်- လ- ရက်ပေါင်းများစွာ နံရံလေးဘက် ကာထားတဲ့ အခန်းကျဉ်းကလေးတွေ၊ အချုပ်ဆောင်တွေမှာ နေခဲ့ကြရတော့ အပြင်လောကနဲ့ ကင်းကွာခဲ့ကြရပါတယ်။ ရေယဉ်ဟာ သောင်ပြင်နဲ့ ၄-၅ လံအကွာမှာ ထိုးဆိုက်ပြီး လူတွေကို ဆင်းခိုင်းပါတယ်။ ရေထဲ ပေါင်လယ် ဒူးခေါင်းလောက်တော့ ဆင်းရတယ်။ အဲဒီတွင် ကျွန်တော်တို့ စီးလာကြတဲ့ ဂျပန်ဖိနပ်တွေ ရေထဲမှာ ခြေကကျွတ်ပြီး ပေါလောမြောပါတယ်။ ဒါကို တချို့ ရဲဘော်တွေ က မြင်ပြီး ဖိနပ်ရေပေါ်ပေါ်တယ်ဟ ဆိုပြီး အထူးအဆန်းလို ဖြစ်နေကြတာကို မှတ်မိနေပါသေးတယ်။
ကျွန်တော်တို့ ကျွန်းပေါ်ရောက်တော့ နှစ်ယောက်တတွဲစီထိုင်ခိုင်းပြီး ဒုဗိုလ်မှူးကြီးထွန်းရင်လော ဆိုသူက စကားပြောပါတယ်။ သူ့စကားက ခင်ဗျားတို့ ပြည်မမှာလို ဟိုဟာတောင်းမယ် ဒီဟာတောင်း မယ် မကြံနဲ့။ ခင်ဗျားတို့အတွက် အပြည့်အစုံ ပို့ထားပြီးသား ကိုယ်ထူကိုယ်ထစနစ်မို့လို့ ချက်ပြုတ်တာ ကိုတော့ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်ကြရမယ်။ ဒါကြောင့်မို့ ထားသလို ကောင်းကောင်းမွန်မွန် နေဖို့ ပအို့ဝ်သံဝဲ၀ဲနဲ့ မိန့်ခွန်းချွေပါတယ်။ ၁၅ မိနစ် မိနစ်၂၀ လောက် စကားပြောပြီးတော့ ထောင်ပိုင်ထောင်မှူး တွေကို အပ်ပါတယ်။ သူတို့က ဘေးက ၀ါဒါတွေ ခြံရံပြီး ကျွန်တော်တို့ နေရမဲ့ စခန်းကို ခေါ်သွားပါတယ်။
သုံးဖာလုံလောက်တော့ ဝေးမယ်ထင်ပါတယ်။ ကျွန်တော်တို့ နေရမဲ့ နေရာက စစ်တပ်အဆောက် အဦ ဘားတိုက်တွေပါ။ မျက်နှာချင်းဆိုင် ဘာတိုက် ၆ လုံးစီ၊ အားလုံး ၁၂ လုံးပါ။ ဘားတိုက်တခုကို လူ ၂၀ က ၃၀ အထိ ထားပါတယ်။ အလွတ် နှစ်လုံးလောက်ရှိပါတယ်။ နောက်ပြီး ထမင်းစားဆောင်နဲ့ တွဲလျက်ထမင်းချက်ဖိုနှစ်ခု ထားပေးပါတယ်။ အပြင်က သံဆူးကြိုးနှစ်ထပ်ကာထားတယ်။
ကျွန်းအနေအထားက တောင်မြောက်အရှည်ပြီး ကျွန်တော်တို့က ကျွန်းရဲတောင်ဘက်စွန်း အကျဉ်း ဆုံးနေရာမှာ နေရတယ်။ ပင်လယ်ပြင်ကို မျက်နှာမူထားပါတယ်။ ရေတက်ရင် အဆောက်အဦကို ကာထားတဲ့ သံဆူးကြိုးတိုင်တွေနားအထိ ရေရောက်တတ်ပါတယ်။ ရုတ်တရက်ကြည့်ရင် ပင်လယ် လှိုင်းလုံးကြီးတွေဟာ ကျွန်တော်တို့ နေတဲ့အဆောက်အဦကို ရိုက်ခတ်ဝါးမျိုသွားနိုင်သလိုပဲ။ ကမ်းစပ်က ကျောက်တုံးကြီးတွေဟာ တချို့ ယာတဲလောက်နီးနီး ကြီးပါတယ်။ ကျောက်တန်းကြီးတွေ။ ဒီကျောက်တန်းကြီးတွေကို လေမုန်တိုင်းထန်လို့ လှိုင်းလုံးကြီးတွေ ၀င်ရိုက်လိုက်ရင် ၀ါးတပြန်လောက် မြင့်တက်သွားတတ်ပါတယ်။ လှိုင်းရိုက်သံတွေကလဲ နေ့ရောညပါ တ၀ုန်းဝုန်းနဲ့ လှိုင်းကြီးရင်ကြီးသလို အသံကလဲ ကျယ်လောင်ပါတယ်။ တကယ်ကို စိတ်ချောက်ခြားစရာပါ။
ကျွန်တော်တို့ နေတဲ့ အဆောက်အဦရဲ့ ရှေ့တည့်တည့်မှာ စက်ပျက်ပြီး မီးလောင်သောင်တင်နေတဲ့ ကုန်တင်သင်္ဘောကြီးတစီးလဲ ရှိတယ်။ အလျားပေ ၉၀၀ လောက်ရှိမယ်ထင်ပါတယ်။ ပိုင်ရှင်ကတော့ ဂရိက အိုနာစစ်ခေါ်တဲ့ ကမ္ဘာကျော် သူဌေးကြီးရဲ့ သင်္ဘောလို့ ပြောပါတယ်။ ဒီသင်္ဘောကြီး ဒီနေရာမှာ ဘာဖြစ်လို့ သောင်တင်နေရတယ်၊ ဘာကုန်တွေ တင်ထားတယ်ဆိုတာ နောက်ကျတော့ သိရတာက ၁၉၆၇ ဗမာပြည်မှာ ဆန်ရှားတုန်းက ရခိုင်ကနေ ဆန်တွေတင်ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ စတဲ့ နိုင်ငံတွေကို ခုတ်မောင်းသွားရင်း ဒီကိုကိုးကျွန်းနားရောက်တော့ စက်ခန်းမီးလောင်လို့ ကမ်းကို ရသမျှ စက်အားနဲ့ အားကုန်မောင်းပြီး ကမ်းပေါ် လူလွတ်ထွက်ခဲ့ကြရတယ်လို့ သိရပါတယ်။
ရေတက်တဲ့အခါ ပင်လယ်ကမ်းနဲ့ သင်္ဘောပျက်ဟာ ကိုက် ၂၀၀ ကျော် ၃၀၀လောက်မှာရှိပြီး ရေကျသွားတဲ့အခါ ကိုက် ၁၀၀ လောက်သာ ရှိမယ် ထင်ပါတယ်။ အဲဒီအခါမှာ ရေကူးပြီး သင်္ဘောပေါ် တက်ကြည့်ရင် ရပါတယ်။ ကျွန်တော်တို့ရောက်စက သင်္ဘောရဲ့ ပဲ့ပိုင်းမှာ ကြိုးလှေခါးလေးတခု တပ်ထားတာ တွေ့ရတယ်။ ကျွန်တော်တို့အထဲက ရေကူးကျွမ်းကျင်တဲ့လူ ၃-၄ယောက်လောက် အဲဒီ ကြိုးလှေခါးကနေ တက်ကြတယ်။ နောက်တော့ ကျွန်းမှာရှိတဲ့ ရေတပ်က ကြိုးလှေခါးကို လာဖြုတ်သွားတယ်။ ကျွန်တော်တို့ကို မတက်စေချင်တဲ့ သဘောပေါ့။
ကျွန်တော်လည်း အဲဒီသင်္ဘောပျက်ပေါ် ရောက်ဖူးပါတယ်။ ရောက်သွားတာက ကိုယ့်အစွမ်းကြောင့် မဟုတ်ပါဘူး။ ရဲဘော်တွေရဲ့ ကူညီအားပေးမှုနဲ့ပါ။ ကျွန်တော်က ရေမှ မကူးတတ်ပဲကိုး။ ဒီတော့ ရဲဘော်တွေက သစ်တုံးတတုံးကိုကိုင်ပြီး မျှောလိုက်ခိုင်းတယ်။ သူတို့က ရှေ့က ရေကူးပြီး ခေါ်သွား တယ်။ ဒီလိုနဲ့ သင်္ဘောပေါ် ရောက်ဖူးသွားတာပါ။
ကျွန်တော်တို့ ကျွန်းပေါ်ကိုရောက်စက ဒုက္ခနဲ့ စတွေ့ပုံကလေး သတိရလို့ ပြောပါရစေ။ ဖြစ်ပုံက ဒီလိုပါ။ ကျွန်တော်တို့ သင်္ဘောပေါ်က ဆင်းပြီး နေရမယ့်နေရာကို နေ့လယ် ၁၀ နာရီ ၁၁ နာရီ လောက် ရောက်မယ်ထင်ပါတယ်။ အဆောင်ကလေးတွေ (ဘားတိုက်)မှာ သူ့နေရာ ကိုယ့်နေရာ သတ်မှတ်ပြီး ကိုယ်ပါလာတဲ့ ပစ္စည်းတွေ နေရာချ၊ နားတဲ့လူနားပေါ့။ ဒါပေမယ့် နေ့လည်ဝမ်းရေးက ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်စားသောက်ရမှာ။ ကျွန်တော်တို့ထဲမှာ ပါလာတဲ့ လူကြီးတွေက ချက်ချင်းစီစဉ်ကြပါတယ်။ ထမင်းချက်ဖို့ ထင်းရှာတဲ့လူကရှာ၊ ရေခပ်တဲ့လူခပ်။ တချို့လဲ ရိက္ခာဂိုဒေါင်မှာ ဆန် ဆီ ဆား ငပိ ကြက်သွန် လက်ဘက်ရည်ဖန် ချိုခြောက် စသဖြင့် သွားထုတ်ဖို့ ပြင်ဆင်တဲ့သူက ပြင်ဆင်၊ လိုက်ပြမဲ့ ထောင်ဝါဒါနဲ့ အတူ ရိက္ခာတိုက်လိုက်ကြနဲ့ပေါ့။ ဒီအထဲမှာ ကျွန်တော်လဲ ပါပါတယ်။ သွားထုတ်ရမဲ့ ဆန်က ကျွန်တော်တို့ နေတဲ့စခန်းနဲ့ ၃ ဖာလုံလောက် ဝေးမယ် ထင်ပါတယ်။
ဟိုရောက်လို့ ဂိုဒေါင်ဖွင့်လိုက်တော့ ထပ်ထားတဲ့ ဆန်အိပ်တွေပေါ်မှာ ဖုံမှုံ့လိုလို သဲတွေ လိုလိုနဲ့။ တချို့လဲ ပေါက်ကျလို့ သံမံတလင်းပေါ်မှာ ပျံ့ကျဲနဲ့၊ ကြည့်မကောင်းအောင်ပါပဲ။ ကျွန်တော်တို့လဲ ဆန်အိပ်တွေပေါ်က အမှုန်တွေကို လက်နဲ့ သပ်ချတော့ ဆန်တွေစားထားတဲ့ ပိုးချီးမှုန့်တွေ ဖြစ်နေတာ တွေ့ရတယ်။ အချိန်ကလဲ သိတ်မရှိတော့ ချက်ရအုန်းမယ်ဆိုရင် ဘိုက်က သိတ်မနေချင်ဘူး၊ တဂျုတ်ဂျုတ်နဲ့ မြည်နေ အော်နေပြီ။ ခပ်မြန်မြန်ပဲ ရဲဘော် ၃-၄ ယောက်နဲ့ ဆန်သယ်ကြတယ်။ ထမင်းချက်ဖိုရောက်တော့ သယ်လာတဲ့ဆန်ကို လူနှစ်ယောက် သုံးယောက် မရတဲ့ ဒန်အိုးထဲ သွန်ထည့်တော့ အား..လား...လား...။ ဆန်စားတဲ့ ဆင်နှမောင်းပါတဲ့ ပိုးမဲကလေးတွေဟာ ဆန်တ၀က် သူတို့တ၀က်ဆိုသလိုပဲ။ ဆန်ကလဲ အလုံးပျက်နေပါပြီ။ တခါရေဆေးလဲ ဒီပိုးတွေဟာ ကုန်တယ် မရှိဘူး။ နှစ်ခါ ဆေးလဲ မကုန်ဘူး။ ၄-၅ ထပ်ဆေးတာတောင် ဒီပိုးတွေဟာ ရှိမြဲ ရှိနေတုန်းပဲ။ ဒီလိုနဲ့ ပိုးနိုင်းချင်းနဲ့ ထမင်းချက်လိုက်ရပါတယ်။
ထမင်းတင်ပဲ အဆင်မပြေတာလားဆိုတော့ ကုလားပဲ ပြုတ်တဲ့နေရာမှာလဲ ဒီအတိုင်းပါပဲ။ ပိုးထွေးထွေးနဲ့ပါ။ ပိုဆိုးတာက မနူးတာပါ။ ရေဘယ်လောက်ထည့်ပြီး၊ မီးဘယ်လောက်ထိုးထိုး ပဲဟာ မပြုတ်ရသေးတဲ့ အတိုင်းပါဘဲ။ အချိန်ကြာလာတာနဲ့အမျှ ဘိုက်တွေလည်းဆာလာပြီး နာရီကြည့်တော့ နာရီပြန် တချက်ခွဲ နှစ်ချက်လောက် ရှိပြီလေ။ အဲဒီ နေ့လည်ကတော့ ထမင်းပိုးထွေးထွေး၊ ကုလားပဲ မနပ်၊ ငပိပုတ်ငြီဟောင်ဟောင်နဲ့ ၀မ်းဗိုက်ဖြည့်လိုက်ရပါတယ်။ ညနေစာအတွက်ကလဲ အချိန်က သိတ်မရှိတော့ ချက်ချင်းစီမံရပါတယ်။ ဆန်က ဒီဆန်၊ ပဲက ဒီပဲ၊ ငပိက ဒီဟာဘဲဆိုတော့ နဲနဲပါးပါး စားဖြစ်အောင် ထောင်အာဏာပိုင်တွေနဲ့ လူကြီးတွေ သွားတွေ့တယ်။ ရိက္ခာတွေ မကောင်းတော့တဲ့ အကြောင်း၊ ဒိထက်ကောင်းတဲ့ ရိက္ခာထုတ်ပေးဖို့အကြောင်း၊ ဒီအတိုင်းသာဆိုရင် ရောက်လာတဲ့လူတွေ သေဘို့သာရှိကြောင်း၊ ခင်ဗျားတို့ ရိက္ခာခင်ဗျာတို့ပဲ စားကြည့်ဖို့ ပြောဆိုကြတော့၊ အာဏာပိုင်တွေက သူတို့လဲ မတတ်နိုင်ကြောင်း၊ အထက်ကို တင်ပြမဲ့အကြောင်း၊ မရသေးခင်မှာ သည်းခံပြီး နေကြဖို့နဲ့ သူတို့ အတတ်နိုင်ဆုံး ကူညီမဲ့အကြောင်း။ ဒါကြောင့်မို့ လောလောဆယ် ဆန်အတွက် ဇကောတို့ ဇကာတို့ ရှာပေးမဲ့အကြောင်း၊ ပဲကိုတော့ သူတို့ရိက္ခာထဲက အတတ်နိုင်ဆုံး ထုတ်ပေးမဲ့အကြောင်း ပြောဆိုကြပါတယ်။
ထောင်အာဏာပိုင်တွေဟာ ပြည်မမှာလို မဟုတ်ပဲ၊ စကားပြောချိုပြီး မျက်နှာအမူအယာလဲ ချိုကြ တယ်။ ဒီလို နှုတ်အမူအယာ ချိုကြတာကတော့ အကြောင်းရှိပါတယ်။ ကျွန်တောတို့ဟာ နိုင်ငံရေးသမားတွေ၊ မဟုတ်ရင်မခံဘူး ဆိုတာ သူတို့ ထောင်အတွေ့အကြုံအရ သိထားကြပါတယ်။ သူတို့ အထက်က စစ်အာဏာရှင်တွေက တင်းရင် သူတို့လဲ လိုက်တင်းတယ်။ ဒါပေမဲ့ နေရာဒေသကို ကြည့်ပြီး ဆက်ဆံရတာလဲ ရှိပါတယ်။ အခုကျွန်တော်တို့ ရောက်နေတဲ့နေရာက အရပ်စကားနဲ့ ပြောရရင် သေမထူး နေမထူးတဲ့နေရာ၊ ပိုဆိုးတာက မိဝေးဖဝေး နောက်ဆုံး တိုင်းပြည်နဲ့ပါ ဝေးတဲ့နေရာ။ အားလုံးနဲ့ အဆက်ဖြတ်၊ ကိုယ်ထူကိုယ်ထစနစ်နဲ့ နိုင်ငံရေးသမားတွေကို နိုင်ငံရေးဦး ကျိုးအောင်ချိုးတဲ့ သဘောပါ။ ဒီလို စိတ်ထဲမှာ သူသူကိုယ်ကိုယ် ခံစားချက်တွေ ရှိကြတော့၊ ရန်သူအပေါ် မကျေနိုင်အောင် ဖြစ်ကြတယ်။ ဖိရင်ကြွမယ်၊ ထိရင်ချမယ် ဆိုတဲ့ စကားနဲ့ အညီပဲ။ စိတ်ဓါတ်တွေဟာ တက်ကြွ လှုပ်ရှားနေကြပါတယ်။
ထောင်ဝါဒါ(ထောင်စောင့်၊ ထောင်ပုလိပ်)တွေပြောတယ်၊ မထူးပါဘူးဗျာတဲ့-ခင်ဗျားတို့က ဘယ်နေ့ ဘယ်ရက် ပြန်ရမယ်ဆိုတာ မသိတာနဲ့၊ ကျွန်တော်တို့က အိမ်က သားမယားနဲ့ ခွဲခွါပြီး ဒီမှာ လာပြီး တနှစ်အမှုထမ်းပြီးမှ ပြန်ရမှာပါ။ ဒါပဲ ကွာပါတယ်။ ဒီကြားထဲ အိမ်က သားမယားနေထိုင်မကောင်းလို့ ရှိရင်လဲ သွားခွင့်မရှိဘူး။ ကျွန်တော်တို့ကို ဒီမရောက်ခင် တလ ကြိုတင်ပြီး သင်တန်းပေးတယ်။ လုံခြုံရေးအရလို့ ပြောတယ်။ ဘယ်ပို့မယ်ဆိုတာလဲ မသိရဘူး။ ဒီနေရာလို့သာ သိရင် ကျွန်တော်တို့ အလုပ်က ထွက်ပါတယ် စသဖြင့် ပြောဆိုကြပါတယ်။ သူတို့မျက်နှာမှာလဲ တကယ့်ကို ခံစားနေကြရတာ တွေ့ရတယ်။
အပိုင်း(၂) ပြီး။
No comments:
Post a Comment