-->

Friday, December 25, 2009

လူထုဦးလှ ရာပြည့် (၁၉၁၀-၂၀၁၀)


ဒီစာကို Select ပေးပြီးရေးပါ...

Summary

Rest of your post

အပြည့်အစုံ..သို့ ...>>>

Wednesday, December 23, 2009

မီဒီယာနဲ့ဂျင်ဒါ (ဒုတိယပိုင်း)
ရေးသူ- ဂျူး

ရှေးခေတ်က ယေဘူယျ မိန်းမတို့သည် စာမတတ်တာများသဖြင့် လက်ရေးကလည်း မလှဘူးဟု အဆိုရှိသည်။ မေရှင်၏ ပျို့မှာတမ်း သီချင်းတွင် မိန်းကလေးလက်ရေးသီရင် ခွင့်လွှတ်စေချင်ဟု ဖော်ပြထားသဖြင့် ကျွန်မ ကရုဏာ သက်မိရသည်။ သို့သော် ထိုအချိန်မျိုးမှာပင် ရှေးခေတ်က အမျိုးသမီးကဗျာဆရာမတွေထဲမှာ အလွန်နာမည်ကျော်ကြားသူတွေ ရှိခဲ့သည်။ ကျွန်မနှစ်သက်သဖြင့် ခဏခဏ ရွတ်မိသော ကဗျာတော်တော် များများသည် အမျိုးသမီးစာဆိုတော်တွေ၏ လက်ရာဖြစ်သည်။


တောင်ငူခေတ် စာပေအရေးအသား လက်ရာမဟုတ်သဖြင့် ဓါတုကလျာ ရေးတာမဟုတ်နိုင်ဘူးဟု စာပေပညာရှင်များ သံသယ ရှိကြရသော ကဗျာတပုဒ်ကို ကျွန်မ ယခုတိုင် ခဏခဏ ရွတ်ဆိုနေမိဆဲ ဖြစ်၏။ မဟာစေတီ အစချီသည့် ပိုဒ်စုံရတု ဖြစ်သည်။ ငယ်ငယ်ကတည်းက အလွမ်းကို နှစ်သက်သော ကျွန်မသည် ထိုကဗျာ၏ အချပိုဒ်ကို နှလုံးသားဖြင့် ခံစားနိုင်ခဲ့သည်။ ကလျာရွှေညီ၊ နန်းကေသီတို့၊ ဦးချီလက်စုံ၊ ရှိပဒုံဖြင့်၊ ခိုလှုံဖျဖျ၊ ခစားကြ၍၊ ဂီတသံအေး၊ ငြိမ့်လေးညင်းသွဲ့၊ နန်းဟန်ဖွဲ့လျက်၊ ကနွဲ့ကလျ၊ ဖြေဖျော်ကြလည်း၊ သောကကိန်းအောင်း၊ ပူလက်ဟောင်းကြောင့်၊ ပျော်ကြောင်းမမြင်၊ ပူကြွေးတင်လျက်၊ မရွှင်လျက်နှင့်၊ ရွှင်ယောင်ကျင့်သည်၊ ခုဖြင့်ဖြေခက်သည်တကား... တဲ့။ မိန်းမသား၏ အပူသောကကို ဖွင့်ထုတ်ဖော်ပြသည့် နေရာတွင် စကားလုံးတွေ ပြောင်မြောက်လှပါသည်။
နောက်ပြီး အိုင်ချင်းတွေကို ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် စာအုပ်တွေ ကျေးဇူးဖြင့် မြည်းစမ်းခွင့် ရရာမှ နှစ်သက်စွဲလမ်းစွာ ရှာဖွေ ဖတ်ရှုမိသည်။ တောင်တွင်းရှင်ငြိမ်းမယ်၏ ရေလိုခန်းခြောက်ပါစေသား ဆိုသည့် စာသားပါဝင်သည့် အိုင်ချင်းကို ၀တ္ထုတွေထဲမှာ ကိုးကားကြတာကို ခဏခဏဖတ်ရပြီး ဖတ်ရသည့်တိုင်လည်း ရင်မှာ နင့်ရသည်။ နောက်ပြီး ဘယ်သူရေးသည်ဟု ကျွန်မမမှတ်မိတော့သော ဘီလူးမောင့်ကြောင့်စောင့် တော့တယ် အိုင်ချင်းတခု ရှိသေးသည်။ ထိုအိုင်ချင်းများသည် ထိုခေတ်က မိန်းကလေးတို့၏ လူမှုဘ၀အခြေအနေ နှင့် စိတ်ခံစားမှုကို လေ့လာခွင့်ရသည်။
မီဒီယာဖန်တီးသူ အမျိုးသမီးများထဲတွင် ပြဇာတ်ရေးဆရာမတွေ၊ ဇာတ်ညွှန်းရေးဆရာမတွေ ရှိသော်လည်း အမျိုးသမီး မီဒီယာပညာရှင်တွေ နည်းပါးသည်။ ရှေးခေတ်က အီနောင်ဇာတ်တို့ ဒေ၀ကုမ္မာဇာတ်တို့ လိုမျိုး နာမည်ကျော်ကြားသော အမျိုးသမီးပြဇာတ်တွေ ယခုခေတ်မှာ ရှားပါးသည်။ ဇာတ်သဘင်တွင် အမျိုးသမီးများသည် စာပေမှာလောက် နေရာမရကြသည်ကို တွေ့ရသည်။ ယနေ့ခေတ်မှာတော့ ဇာတ်သဘင်နှင့် စင်တင်ပြဇာတ် ဖန်တီးဖို့မှာ အကန့်အသတ်တွေ ရှိနေသည်မို့ အမျိုးသမီးတို့သည် ရုပ်ရှင်ဘက်သို့ တဟုန်တိုး ၀င်ရောက်လာသည်ကို သတိထားမိသည်။ အမျိုးသမီး ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာမများ ထိုးဖောက်လာ နိုင်ကြသည်ကို တွေ့ရ၏။ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူ အမျိုးသမီးတွေ ရှိသည်။ သူတို့၏ ဇာတ်ကားများသည် ငွေကြေးအရ အောင်မြင်သည်ကို တွေ့ရသည်။
အမျိုးသမီးအဆိုတော်တွေကတော့ အရင်ခေတ်ကတည်းက အမျိုးသားတွေနှင့် တန်းတူအောင်မြင်ခဲ့ကြ သည်မှာ အထင်အရှား ဖြစ်သည်။ ကျွန်မမေမေ အလွန်နှစ်သက်သော မကြည်အောင်၊ မေရှင်၊ မအေးမိနှင့် လေဘာတီမမြရင်တို့သည် ဓာတ်ပြားခေတ်မှာ ထင်ရှားသည်။ နောက်ပိုင်းခေတ်မှာလည်း မေလှမြိုင်၊ ထို့နောက် တင်တင်မြ၊ မာမာအေး၊ ချိုပြုံး မှ ရီရီသန့်အထိ အမျိုးသားပရိသတ်က လေးလေးစားစား နှစ်သက်ကြသော အဆိုတော်တွေပေါ့။ အမျိုးသမီးတို့၏ အနုပညာဖန်တီးနိုင်စွမ်းမှာ အမျိုးသားတွေနှင့် တန်းတူလိုက်နိုင်ပါသည်။ သူတို့ ရင်တွင်းက လာသည့်အသံသည် ကျွန်မတို့လို အမျိုးသမီးပရိသတ်အတွက် ကိုယ်စားပြုဖွင့်ဟ ဖော်ပေး လိုက်သလို ရှိသည်။ သူတို့၏ သီချင်းသံကို နားထောင်နေမိချိန်မှာ သူတို့သည် ကျွန်မပဲ ဖြစ်သည်။ လေဘာတီမမြရင်၏ တနာရီတည်းချစ် သီချင်း၊ ရွှေပြည်စိုး သီချင်း၊ မေလှမြိုင် ပြန်လည်သီဆိုသည့် မြခြေကျင်းမငွေမြိုင်၏ မြိုင် သီချင်းတို့ကို ကျွန်မ အလွန်စွဲမက်သည်။ ထိုသီချင်းတွေကို အမျိုးသမီးတွေ သီဆိုဖို့ အမျိုးသမီး၏ခံစားချက်ကို ငှားယူခံစားပြီး ရေးဖွဲ့ပေးသော အမျိုးသားတေးရေး ပညာရှင်များကို လေးစားချီးကျူးမိ ပါသည်။ ရွှေပြည်အေး၏ ရွှေဖူးစာသီချင်းကို ကြည်ကြည်ဌေး၏မူဖြင့် ခဏခဏ သီဆိုညည်းမိတိုင်း ဆရာရွှေပြည်အေးကို လေးစားမိသည်။ ကျေးဇူးလည်း တင်မိသည်။ အမျိုးသမီးတယောက်၏ ချစ်ဝေဒနာကို သူမို့ ပီပြင်အောင် ရေးဖွဲ့တတ်လေခြင်း။ အမျိုးသမီး ဂီတစာဆိုတွေထဲမှာ မိုးဒေ၀ါသီချင်းကို ရေးသည့် ဒေါ်စောမြအေးကြည်မှာ တခေတ်မှာတယောက် ဆိုရမှာပါ။
အသံမှာတော့ အမျိုးသမီးတွေက ညာသံမှာ pitch အမြင့်စားကို ရသည်ဟု ဆိုသည်။ ယနေ့ခေတ်မှာ အောင်မြင်ကျော်ကြားနေသည့် အယ်လ်ဆိုင်းဇီတို့၊ ဖြူဖြူကျော်သိန်းတို့သည် အသံကို လိုသလို ကစားနိုင်သည်ကို တွေ့ရသည်။
မီဒီယာထဲတွင် ပုံဖော်ခြင်းခံရသည့် အမျိုးသမီးတို့၏ နေရာကို လေ့လာကြည့်ရသည်မှာ အလွန်စိတ်ဝင် စားစရာ ကောင်းသည်။ ပုံနှိပ်မီဒီယာတွင် သခင်ဘသောင်း၏ ပန်းသာမစာဥသည် ထိုခေတ်က ရိုး, အ, ပြီး အကာအကွယ်မဲ့သည့် အမျိုးသမီးတွေကို ကိုယ်စားပြုသည်။ မှီငြမ်းသည့် ၀တ္ထုဖြစ်သော်လည်း ပန်းသာမစာဥ သည် တကယ့် မြန်မာအမျိုးသမီးတွေ၏ ဘ၀ဖြစ်၏။ ဂျာနယ်ကျော်မမလေး၏ သူမ နှင့် ရင်နင့်အောင်မွှေးကတော့ ကျွန်မတို့ကို နှလုံးသား နူးညံ့မြင့်မြတ်ပြီး ပြတ်သားသော မိန်းမတွေကို သိမြင်အောင် ပုံဖော်ပေးနိုင်ခဲ့သည်။ ကြည်အေး၏ အမျိုးသမီးဇာတ်ကောင် အများစုကတော့ စိတ်အင်အားပြင်းထန်ပြီး တော်လှန်စိတ်ရှိသော မိန်းမတွေ ဖြစ်သည်။ တမ်းတတတ်သည်နှင့် နွမ်းလျအိမ်ပြန်ထဲက အမျိုးသမီး ဇာတ်ကောင်နှစ်ယောက်သည် ကွဲပြားသော်လည်း သူ့နေရာနှင့်သူ စွမ်းသည့် ဇာတ်ကောင်တွေ ဖြစ်သည်။
တက္ကသိုလ်ဘုန်းနိုင်၏ ဇာတ်ကောင်အမျိုးသမီးတွေက မြင့်မြတ်သည့် နှလုံးသားပိုင်ရှင်တွေ ဖြစ်သည်။ ၀သန်လေချိန်မှန်ကူးထဲက စစ္စတာမမိုးသူ၊ ချစ်သောဤကမ္ဘာထဲက ဒေါက်နှင်းမောင်၏ အစ်မ မလေးသန့်၊ သူတို့သည် လေးစားထိုက်သူများ ဖြစ်သည်။
မီဒီယာထဲမှာ ဖော်ပြခံရတာခြင်းအတူတူ ထိုခေတ်က အမျိုးသမီးတွေထက် ယနေ့ခေတ် အမျိုးသမီးတွေ နေရာပိုကောင်းလာသည်ကို မတွေ့ရပါ။ တော်တော်များများသည် မီးဖိုချောင်အိမ်ထောင် ထိမ်းသိမ်းမှုနှင့် ဖက်ရှင် အမျိုးအစားအတွက်ပဲ ပုံဖော်ခံရသည်။ အမျိုးသမီးတို့သည် အခုအချိန်မှာ မီးဖိုချောင်ကနေ လွတ်ပြီးဟု မပြောနိုင်။ အမျိုးသမီးတို့သည် ပြင်ပလောကတွင် ကျင်လည်နေကြရပြီ မှန်သော်လည်း မီးဖိုချောင်ကနေ လွတ်လာတာ မဟုတ်။ မီးဖိုချောင်နှင့် အပြင်ငွေရှာသည့်အလုပ် နှစ်မျိုးကို တပြိုင်တည်း လုပ်လာရခြင်းဖြစ်သည်။
ရုပ်မြင်သံကြား ကြော်ငြာတွေသည် ဇာတ်လမ်းဖွဲ့ထားတာ မဟုတ်ပဲ နေ့စဉ်လူမှုဘ၀ကို ထင်ဟပ်ပြ နေခြင်း ဖြစ်သဖြင့် အမျိုးသမီးတို့၏နေရာကို မကွယ်မ၀ှက် အရှိကို အရှိအတိုင်း ပြနေသော မီဒီယာတွေ ဖြစ်၏။ ကြော်ငြာထဲတွင် အမျိုးသမီးတို့သည် အ၀တ်လျှော်ဆပ်ပြာ ကြော်ငြာခြင်း၊ ပန်းကန်ဆေးဆပ်ပြာ ကြော်ငြာခြင်း တို့အတွက် အသုံးပြုခံရပြီး၊ အမျိုးသားတို့ကတော့ လုပ်ငန်းခွင်တွင် အလုပ်များနေသည့် ပုဂ္ဂိုလ်အများအဖြစ် တွေ့မြင်ရသည်။ ခေါက်ဆွဲထုပ်ကြော်ငြာ၊ ဆီကြော်ငြာ၊ ငရုတ်သီးမှုန့် ကြော်ငြာတို့တွင် အမျိုးသားသရုပ်ဆောင် တွေကို မသုံးဘဲ ဘာဖြစ်လို့ အမျိုးသမီး သရုပ်ဆောင်တွေ သုံးသလဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက မေးစရာမလို အောင် နားလည်ပြီးသား ကွဲပြားသည့် အခန်းကဏ္ဍတွေမို့ပါ။ မိန်းမသည် ချက်ပြုတ်ခြင်း၊ လျှော်ဖွတ်ခြင်းမှာ တာဝန်ယူနေကျ။ ပန်ကန်ဆေးသည့်ကြော်ငြာကို ခိုင်သင်းကြည်နှင့် မကြော်ငြာဘဲ ကျော်ရဲအောင်နှင့် ကြော်ငြာ ကြည့်ပါလား။ ပရိသတ် အိမ်ရှင်မတွေ ကိုယ်တိုင်က ရယ်မောကြလိမ့်မည်။ ပရိသတ် အမျိုးသမီးတွေ ကိုယ်တိုင်က 'ဒါ အူကြောင်ကြောင် ကိစ္စ' ဟု ဝေဖန်လိမ့်မည်။ အထာကျပြီးသား တာဝန်ခွဲဝေမှု အခန်းကဏ္ဍ မဟုတ်လား။ မီးဖိုချောင်မှာ တသမတ်တည်း နေရာယူနေရတာကို အမျိုးသမီးထုကိုယ်တိုင်က ကျေကျေနပ်နပ် လက်ခံထား သည်ပဲ။ ဒါကြောင့်လည်း မီဒီယာမှာ ဒီအတိုင်း တွေ့ရခြင်း ဖြစ်သည်။
ဗွီဒီယို၊ ရုပ်ရှင်ကားတွေထဲက အမျိုးသမီးတွေ၏ အခန်းကဏ္ဍကို ကြည့်ကြည့်လျှင် အလွန်စိတ်ဝင်စား စရာ ကောင်းပါသည်။ တီဗွီကြော်ငြာထဲက အမျိုးသမီးများနှင့် အမျိုးသား အခန်းကဏ္ဍကွဲပြားမှု၊ ဇာတ်လမ်းတွဲတွေထဲက အမျိုးသမီး အမျိုးသားအခန်းကဏ္ဍ ကွဲပြားမှု၊ သီချင်းတွေ ကဗျာတွေထဲမှ အမျိုးသမီး အမျိုးသားအခန်း ကဏ္ဍကွဲပြားမှုတို့သည် သတိထားကြည့်လျှင် ထင်ထင်ရှားရှား မြင်သာနေပါသည်။
မီဒယာတွေတွင် အမျိုးသမီးသည် အလှအပလည်း ဖြစ်သည်။ အမျိုးသမီးသည် မြင်သူကို စိတ်ကြည်နူးမှု သို့မဟုတ် စိတ်နှိုးဆွမှု ပေးစွမ်းသည့်အရာလည်း ဖြစ်သည်။ အမျိုးသမီးသည် ဦးဏှောက်အရည်အချင်းကို ဦးစားပေးသည့် အမျိုးအစား မဟုတ်။ ဖက်ရှင်အတွက် မျက်နှာချယ်သမှုဆိုင်ရာ အလှအပ ပစ္စည်းနှင့် ကရိယာတို့ အတွက် ကြော်ငြာပေးရသည့် အမျိုးအစားဖြစ်သည်။ လက်ဗ်တော့ ကွန်ပြူတာကို ကြော်ငြာလျှင်တောင် ကွန်ပြူတာကို သုံးစွဲနေသည့် ပုံရိပ်ထက် အလှပြသည့် ပုံရိပ်ကို တွေ့ရမည်။ တကယ်သုံးစွဲနေကြောင်း ကြော်ငြာလျှင်တော့ အမျိုးသားတွေကို သုံးပါလိမ့်မည်။ ကားကို ကြော်ငြာလျှင် ကားမောင်းသူမှာ အမျိုးသမီးတွေ မဟုတ်။ အမျိုးသားတွေ ဖြစ်သည်။ သို့သော် ကားကို အလှပြလိုလျှင်တော့ အမျိုးသမီး၏ အလှနှင့် ထပ်တူပြလိမ့်မည်။
တခါတခါတော့ မြန်မာ့ရုပ်မြင်သံကြားမှာ ပြသည့် ကြော်ငြာတခုတလေတွင် အမျိုးသမီးကို မြင်းပေါ်မှာ ထိုင်ပြတာ တွေ့ဖူးသည်။ ကားပေါ်မှာထိုင်လျက် ကော်ဖီမှာယူတာကို တွေ့ဖူးသည်။ သို့သော် ဆေးကြော်ငြာ အတွက် ကလေးကို ဆေးတိုက်သည့် ပြကွက်မျိုး၊ ကလေးနေမကောင်းလို့ ပြုစုသည့် ပြကွက်မျိုးတွင် အဖေထက် အမေကိုပဲ တွေ့ရတာ များသည်။ ထိုကြော်ငြာမျိုးတွင် ကလေးကို ပွေ့ချီထားသူသည် အမေမဟုတ်ပဲ အဖေဖြစ်နေ ခဲ့လျှင် တနည်းအားဖြင့် ရုပ်ရှင်မင်းသမီး မဟုတ်ဘဲ မင်းသားဖြစ်နေခဲ့လျှင် ကြည့်သူအတွက် နှာခေါင်းရှုံ့စရာ တောင် ဖြစ်သွားမလားမသိ။ ကလေးအမေက ဘယ်ရောက်နေလဲဟု ဝေဖန်စိတ်ဖြင့် ရေရွတ်မိကြမည်လား မသိ။ ကျွန်မတို့ မိန်းမတွေ၏ အခန်းကဏ္ဍက တကယ်ပဲ ပုံသေ ဖြစ်နေခဲ့ပါပြီ။ ဒါကို မီဒီယာတွင် ဖုံးဖိမရ တွေ့ရသည်။
မီဒီယာ၏ အစွမ်းသတ္တိမှာ အပြင်လောကကို ထင်ဟပ်ပြရုံပဲလား။ အခြေအနေကို မီးမောင်းထိုးပြရုံ လောက်ပဲလား။ နိုင်ငံတခု၏ အဆင့်အတန်းကို ယဉ်ကျေးမှုကို အလုပ်ခွဲခြားမှုကို ပြရုံပဲလား။ မဟုတ်နိုင်သေးပါ။ မီဒီယာသည် လောကပတ်ဝန်းကျင်ကို ပုံဖော်ဖို့လည်း အသုံးပြုနိုင်ပါသည်။ ပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲဖို့ မီဒီယာက တတ်စွမ်းပါလိမ့်မည်။ မီဒီယာ၏ အသုံးဝင်မှုသည် အကန့်အသတ်မရှိ။ မီဒီယာကို ဖန်တီးအမျိုးသမီး များသည် အမျိုးသားများထက် မကျော်လွန်လျှင်တောင် အမျိုးသားများနှင့် တန်းတူ လောကကို ပုံဖော်ဖို့ ပြောင်းလဲဖို့ တတ်စွမ်းနိုင်ကြပါသည်။
ရေချယ်ကာဆန် ဟူသည့် အမျိုးသမီး စာရေးဆရာမကြီး၏ တိတ်ဆိတ်သောစပရင်းရာသီ Silent Spring စာအုပ်သည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော လူ့အသက်ကို အန္တရာယ်ပြုသော ဒီဒီတီ ပိုးသတ်ဆေး၏ မကောင်းကျိုးတို့ကို ပီပြင်စွာ စနစ်တကျ ဖော်ထုတ်ပေးနိုင်ခဲ့သဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အခြားဖွံ့ဖြိုးသောနိုင်ငံတို့တွင် ထိုပိုးသတ်ဆေးအသုံးကို ဥပဒေဖြင့် တားမြစ်လိုက်သည်အထိ ဖြစ်ခဲ့သည်။
စာအုပ်တအုပ်သည် ရုပ်ရှင်ကားတကားသည် လူ့ပတ်ဝန်းကျင်ကို ကောင်းကျိုးအတွက် ပုံပြောင်းအောင် တွန်းအားပေးသည့်နေရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်၏။ နိုင်ငံတကာတွင် အမျိုးသမီးတို့၏ ဘ၀လူမှုရပ်တည်မှုတို့ကို ပြောင်းလဲဖို့ တွန်းအားပေးသည့်နေရာတွင် ဆီမွန်းဒီဘောဘွား၏ စာအုပ်နှင့်အတူ မာဂရက်မစ်ချယ်၏ စာအုပ်လည်း ပါသည်။
ယခုအခါ သူတို့ဆီတွင် အမျိုးသမီး ရဲအရာရှိတွေသည် အမျိုးသားတွေနှင့်အတူ လူဆိုးဖမ်းသည့် အလုပ်တွင် တန်းတူပါဝင်နေသည်။ ဘတ်စ်ကားမောင်းသူတွေ အမျိုးသမီးတွေ ဖြစ်သည်။ လေယာဉ်မောင်းသူ တွေ၊ လေထီးခုန်ဆင်းသူတွေ အမျိုးသမီးတွေ ပါလာသည်။ ဒါက အမျိုးသမီး အမျိုးသားဟူသည့် ဂျင်ဒါနှင့် မဆိုင်လှဘဲ ကိုယ်ခန္ဓာတည်ဆောက်ပုံနှင့် ကျန်းမာသန်စွမ်းမှုတို့ကသာ အဓိက ကျသင့်ပါသည်။ ဒါတွေကို ပြောင်းလဲဖို့ လိုအပ်သည်ဆိုလျှင် ထိုပြောင်းလဲမှုကို ဖြစ်ပေါ်အောင် မီဒီယာ၏တွန်းအားက အရေးပါသော နေရာမှာ ပါဝင်နေပါသည်။

ဂျူး။
[မြန်မာသစ်မဂ္ဂဇင်း၊ အမှတ် ၁၀၊ ဒီဇင်ဘာလ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။]

အပြည့်အစုံ..သို့ ...>>>

မီဒီယာနှင့်ဂျင်ဒါ
ရေးသူ- ဂျူး


အမျိုးသမီးနှင့်မီဒီယာဟူသော စကားလုံးတွဲကို စဉ်းစားတိုင်း ကျွန်မအာရုံတွင် ပေါ်လာသော ကြော်ငြာလေးတခု ရှိသည်။ အဲဒါက နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်သော မြန်မာ့ရုပ်မြင်သံကြား ကြော်ငြာတခု ဖြစ်သည်။ ပန်းကန်အိုးခွက်ဆေးသည့် ဆပ်ပြာရည်တခုကို ကြော်ငြာခြင်းဖြစ်သည်။ ခိုင်သင်းကြည်က ပန်းကန်ဆေးပြသည်။ ခိုင်သင်းကြည် လှပါသည်။ ချစ်စရာ လည်းကောင်းပါသည်။ ပန်းကန်ကို ထိုဆပ်ပြာရည်ဖြင့် ဆေးပြသည့်အခါ တောက်ပပြောင်လက်သွားသည်ကို ပြသည်။ ဘယ်လောက်တောင် စင်ကြယ်သွားသလဲဆိုလျှင် ပန်းကန်ကို မင်းသမီးက လက်ညှိုးလေးဖြင့် ထောက် ခြစ်ကြည့်သည့်အခါ ဂျရစ် ဂျရစ်ဟု မြည်သွားသည့် ခံစားချက်ကို ကြည့်သူတွေထံမှာ ရလိုက်သည်။ အားလုံးပဲ တောက်ပြောင်သွားတာပဲတဲ့။ ကြော်ငြာက ပြောစရာ မရှိ၊ အပိုအလိုမရှိပါ။ ဂီတနှင့် ပုံရိပ်တွေက အဆင်ပြေချောမွေ့ပါသည်။ သို့သော် ကျွန်မက အဲဒီကြော်ငြာကို ကြည့်မိတိုင်း ဂျင်ဒါ (Gender) ခွဲခြားမှုကြောင့် အလေ့အထ ထုံးစံဖြစ်နေရသည့် ကျွန်မတို့နိုင်ငံ၏ ခံယူချက်ကို သတိထားမိသည်။


ခိုင်သင်းကြည်က ဘာဖြစ်လို့ ကြော်ငြာရတာလဲ။ လွင်မိုး သို့မဟုတ် ခန့်စည်သူ သို့မဟုတ် ကျော်ရဲအောင် မင်းသားတယောက်ယောက်ကို မသုံးဘဲ ဘာဖြစ်လို့ မင်းသမီးလေးကို ပန်းကန်ဆေးခိုင်းတာလဲ။ ဘာကြောင့်လဲ ဆိုတော့ မီးဖိုချောင်ကိစ္စက မိန်းမတွေ၏ကိစ္စအဖြစ် အားလုံးက မေးခွန်းမရှိ၊ သံသယမရှိ လက်ခံထားကြလို့ပဲပေါ့။ ခိုင်သင်းကြည်နေရာတွင် ကျော်ရဲအောင်ကို ပန်းကန်ဆေးခိုင်းကြည့်ပါလား။ ပရိသတ်၏ အမြင်ကိုက ရယ်စရာကြီး ဖြစ်သွားမှာပေါ့။ ယောက်ျားတယောက် ပန်းကန်ဆေးတာ ဟင်းချက်တာဟာ ရယ်စရာဟု အမျိုးသမီးပရိသတ်တွေ ကိုယ်တိုင် ခံယူထားမှာ သေချာပါသည်။ ဒါက ဂျင်ဒါ (Gender) အရ အလုပ်အကိုင်နှင့် အနေအထားကို ခွဲခြားပစ်မိလိုက်ကြခြင်း ဖြစ်သည်။
ကျွန်မတို့ မြန်မာအမျိုးသမီးတွေကို မီဒီယာမှာ အထူးသဖြင့် အစုအဝေးမီဒီယာ (Mass media) မှာ ဘယ်လိုအသုံးပြုနေသလဲ။ ဘယ်လို သဘောထားအမြင်တွေဖြင့် ဖော်ပြခံရနေသလဲ။ အရင် ကျွန်မ အမြဲ သတိထား လေ့လာမိတတ်၏။ ယခုတော့ ကျွန်မ မြန်မာ့ရုပ်မြင်သံကြားကို သိပ်မကြည့်ဖြစ်တော့ပါ။ သိပ်မကြည့်ဆို လုံးဝမကြည့်ဖြစ်သလောက်ရှိတာ နှစ်နှစ်လောက် ရှိပြီ။ ပျက်အစဉ် ပြင်ခဏ ဆိုသော မြန်မာစကားပုံ တခုကို မလိုက်နာမိလို့ ဖြစ်သည်။ ပစ္စည်းတခု ပျက်နေတာကို ဒီအတိုင်းပဲ ကြည့်နေလျှင် အစဉ်အမြဲ ပျက်နေမည်။ ပြင်လိုက်လျှင် ခဏကလေးတဲ့။ မေမေ ခဏခဏ ရေရွတ်သော စကားပုံမို့ ကျွန်မနှင့် ရင်းနှီးနေခဲ့တာ ငယ်ငယ်တုန်းကတည်းကပါပဲ။ သို့သော် ကျွန်မ၏ ရုပ်မြင်သံကြားစက်ကို ယုန်နားရွက်အင်တင်နာ လေးဖြင့် လိုင်းဖမ်းမမိတာကိုတော့ အခုထိ ဘာမှ ထပ်မလှုပ်ရှားဘဲ ပျက်အစဉ် နေ နေခဲ့တာ နှစ်နှစ်လောက် ရှိပြီ ထင်သည်။ ထို့ကြောင့် ကျွန်မ ရုပ်မြင်သံကြား အစီအစဉ်တွေကိုလည်း မသိတော့ပါ။ အခုအခါ ကျွန်မ၏စက်သည် ရုပ်ရှင်ကြည့်ပိတ်ကား မှန်သားပြင်တခုထက် မပိုတော့တာ ကြာပါပြီ။
တလောတုန်းက ပြည်တွင်း အန်ဂျီအို(N.G.O) အဖွဲ့အစည်းတခုက ကျွန်မကို မီဒီယာနှင့်ဂျင်ဒါ (Media and Gender) အကြောင်း ပြောပြပေးပါဟု တောင်းဆိုလာသဖြင့် ကျွန်မလည်း ဂျင်ဒါကို အမြဲ သတိထားလှုပ်ရှား ဆောင်ရွက်တတ်သူဖြစ်လို့ လက်ခံလိုက်ပါသည်။ မီဒီယာတွင် ကျွန်မ သတိထားမိခဲ့သော အမျိုးသမီး အမျိုးသား မတူညီသည့် ခံယူချက်၊ မတူညီသည့် ဝေစု မတူညီသည့် ဆက်ဆံခံရမှု ဒါတွေကို ကျွန်မထည့်ပြော ရှင်းပြခဲ့ရတာ ဖြစ်သည်။ ကျွန်၏ ရုပ်မြင်သံကြားဗဟုသုတသည် နှစ်နှစ်လောက် ဒိတ်အောက်နေပြီ ဆိုပါစို့။ ခေတ်နှင့် မလျော်ညီဘူး ဖြစ်နိုင်သည်။ နှစ်နှစ်ဆိုသော ကာလသည် မြန်မာ Mass media အတွင်း အပြောင်းအလဲတွေ ဖြစ်ဖို့ လုံလောက်သော ကြာမြင့်မှုကာလ ဖြစ်နေခဲ့လျှင်ပေါ့။ သို့မဟုတ် နှစ်နှစ်ကာလသည် မြန်မာမီဒီယာကို ကြီးမားသည့် အပြောင်းအလဲ ဖြစ်စေအောင် သက်ရောက်မှု မပေးနိုင်သေးဘူးဆိုရလျှင် ပြောသူနှင့် နားထောင်သူ ဟန်ချက်ညီမှာပေါ့။ ယခုအခါ ထိုပြောပွဲမှ အကြောင်းအရာများကိုပင် ဆောင်းပါးအဖြစ် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ ခေတ်မီသော မီဒီယာသုံးစွဲသူတို့ အနေဖြင့်တော့ အချိန်ကာလကို နှစ်နှစ်လောက် နောက်ပြန်ဆုတ်ပြီး ဖတ်ရှုမှ အဆင်ပြေမည် ထင်ပါသည်။
ဂျင်ဒါနှင့် မီဒီယာအကြောင်း မပြောခင် ဂျင်ဒါ (Gender) ဆိုသော စကားလုံးကို အရင်ရှင်းပြဖို့ လိုပါလိမ့်မည်။

ဂျင်ဒါဆိုတာ ဘာလဲ။
မိန်းမ ယောက်ျား အမျိုးအစားခွဲခြားဖို့ လိင် (sex) ဆိုသော စကားလုံးကို သတ်မှတ်ထားသည်။ တနည်းအားဖြင့်တော့ ဂျင်ဒါဆိုသည်မှာလည်း လိင် ဆိုသည့် စကားလုံးနှင့် ဆင်တူပါပဲ။ သို့သော် အဓိပ္ပါယ်သက်ရောက်မှု နည်းနည်းကွဲသည်။ sex ဆိုသည့် လိင်တွင် မိန်းမ ယောက်ျားကို ဇီဝဗေဒနည်းဖြင့် ခွဲခြားသတ်မှတ်သည်။ သဘာဝအတိုင်း လိင်ကွဲပြားမှုဖြစ်သည်။ အမျိုးသမီးမှာ ပါသည့် လိင်အင်္ဂါနှင့် အမျိုးသားမှာပါသည့် လိင်အင်္ဂါမတူ။ ထို့ကြောင့် ဆောင်ရွက်မှုတွေကလည်း မတူ။ အမျိုးသမီးက ကိုယ်ဝန်ဆောင်မည်။ ကလေးမွေးမည်။ နို့တိုက်မည်။ အမျိုးသားက ကိုယ်ဝန်မဆောင်နိုင်။ ကလေးမမွေးနိုင်။ နို့မတိုက်နိုင်။ ဒါက သဘာဝ မွေးကတည်းက ခွဲခြားပေးလိုက်သည့် လိင်ကွဲပြားမှု။
ဂျင်ဒါကျတော့ အဲသည်လိုမဟုတ်။ အနေအထိုင်၊ အမူအကျင့်၊ ယုံကြည်မှု၊ တာဝန်ခွဲဝေမှု၊ လူမှုဝန်းကျင်၏ အခန်းကဏ္ဍ စသည် စသည်ဖြင့် တဖြည်းဖြည်း သတ်မှတ်ခွဲခြားခံရသော ကွဲပြားမှုကို ဂျင်ဒါဟု ခေါ်ခြင်းဖြစ်သည်။ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေး တို့နှင့် ဆက်နွှယ် တွန်းအားပေးခံရခြင်းကြောင့် ကွဲပြားသွားသော သတ်မှတ်မှုများ ဖြစ်သည်။
မိန်းမက ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးသည်။ ယောက်ျားကကိုယ်ဝန်မဆောင်၊ ကလေးမမွေး။ ဒါက လိင် (Sex) ဖြစ်သည်။ မိန်းမက မီးဖိုချောင်ထဲတွင် ချက်ပြုတ်သည်။ ယောက်ျားက အပြင်ထွက် စီးပွါးရှာသည်။ ဒါကျတော့ လိင်မဟုတ်တော့ဘဲ ဂျင်ဒါကြောင့် ကွဲပြားမှု ဖြစ်သွားသည်။ မိန်းကလေးတွေ သေစာ ရှင်စာ တတ်လျှင်တော်ပြီ။ ယောက်ျားလေးကတော့ ပညာတတ်မှ ဖြစ်မည်။ ဒါက လိင်ကွဲပြားမှု မဟုတ်တော့၊ ဂျင်ဒါ (Gender) ကွဲပြားမှု ဖြစ်သွားပြီ။ သဘာဝက ခွဲခြားပေးတာ မဟုတ်ဘဲ လူမှုရေးနယ်ပယ်၊ ဘာသာရေး နယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်တို့က ခွဲခြားပေးမှုကြောင့် အခန်းကဏ္ဍတွေ တာဝန်ယူမှုတွေ ကွဲပြားသွားရတာကို ဂျင်ဒါကြောင့် ခွဲခြားဆက်ဆံခံရခြင်းဟု သတ်မှတ်ပါသည်။
ကျွန်မတို့ မြန်မာနိုင်ငံတွင် ဂျင်ဒါခွဲခြားခြင်းကြောင့် အမျိုးသမီးတွေ နစ်နာတာက အနည်းအကျဉ်းသာ ဖြစ်သည်ဟု ဆိုနိုင်သည်။ တချို့ နိုင်ငံတွေမှာတော့ ဂျင်ဒါခွဲခြားခံရမှုကြောင့် အသက်ဆုံးရှုံးသည်အထိ နစ်နာရတာတွေ ရှိပါသည်။ ဥပမာ တရုတ်နိုင်ငံတွင် ဟိုအရင်ကတည်းက မိန်းကလေးကို နှိမ်ချပြီး ယောက်ျားလေးကို မြှောက်စားသဖြင့် မိန်းကလေးမွေးသည့် မိဘတွေ မျက်နှာငယ်ရတာ မိန်းကလေးတွေ မျက်နှာငယ်ရတာ။ ခြေထောက်ကို သေးကွေးပြီး လမ်းလျှောက်ဖို့ မဖြစ်နိုင်လောက်အောင် ချိုးဖဲ့စည်းနှောင် ထားတာတွေ ရှိခဲ့သည်။ ထို့ကြောင့် ထိုခေတ်ကတည်းက မိန်းကလေးမွေးလျှင် မလိုချင်သဖြင့် ကလေးတွေကို သတ်ပစ်ခဲ့ကြသည်။ အခုခေတ်လို မိသားစုတခုတွင် ကလေးတယောက်သာ ယူရမည်ဟူသည့် စည်းမျဉ်းဥပဒေ ထုတ်လိုက်သည့်အခါ တယောက်တည်းသော ကလေးကို ယောက်ျားလေးသာ ဖြစ်ချင်ကြသည်က တကြောင်း၊ နည်းပညာတိုးတက်လာသဖြင့် ကိုယ်ဝန်ကို အာလ်ထရာဆောင်း ခေါ် တီဗွီဓာတ်မှန် ရိုက်ကြည့်လို့ ရသည်မို့ တကြောင်း၊ သန္ဓေသားက မိန်းကလေးမှန်းသိလျှင် ကိုယ်ဝန်ကို ဖျက်ချပစ်ကြသည်။ အိန္ဒိယနိုင်ငံတွင်လည်း မိန်းကလေးရှင်တွေက ယောက်ျားလေးကို တင်တောင်းရသည့် ဒိုဝီ ထုံးစံရှိသည်မို့ မိန်းကလေးတွေ မျက်နှာငယ်ရသည်။ ကျွန်မသာဆိုလျှင် ပိုက်ဆံမရှိလို့တကြောင်း ထိုအစဉ်အလာကို ချိုးဖောက်လို၍တကြောင်း တင်မတောင်း အိမ်ထောင်မပြုဘဲ နေပစ်လိုက်မှာပေါ့ဟု ပေါ့ပေါ့တွေးလို့ မရနိုင်ပါ။ အိမ်ထောင်မကျဘဲ နေသည့် မိန်းကလေးတွေကို တခုခုချို့ယွင်းနေသည့် အမျိုးအစားအဖြစ် မတူမတန် ခွဲခြားဆက်ဆံခံရသည့်အခါ မိသားစုလည်း မျက်နှာငယ်ရမည်။ မိန်းကလေးလည်း မျက်နှာငယ်ရမည်။ တော်တော် အနေရကြပ်သော အခြေအနေ ဖြစ်ပါလိမ့်မည်။
မြန်မာနိုင်ငံမှာတော့ အဲသည်လောက် သိသာထင်ရှားသော ချိုးနှိမ်မှုတွေ မရှိပါ။
မီဒီယာအကြောင်း အနည်းငယ် လေ့လာကြည့်ကြပါမည်။

မီဒီယာ
မီဒီယာတွင် ပုံနှိပ်မီဒီယာ၊ လေလှိုင်းမီဒီယာ၊ အီလက်ထရွန်းနစ်မီဒီယာဟု အကြမ်းဖျဉ်း ခွဲခြား သတ်မှတ် နိုင်သည်။
ပုံနှိပ်မီဒီယာတွင် ရှေးခေတ် ကျောက်ကိုထွင်းသော ကျောက်စာများမှ ပေရွက်ပေါ်မှာ စာတင်သော ပေစာခေတ်တို့ကိုပါ ထည့်သွင်းမည်ဆိုပါက လေ့လာရတာ ပိုပြီး ကျယ်ပြန့်လာနိုင်ပါသည်။
လေလှိုင်းမီဒီယာတွင် ရေဒီယိုဖြင့် အသံလွှင့်သော သတင်းများ၊ သုတ ရသ အကြောင်းအရာများ ပါဝင်ပါသည်။
အီလက်ထရောနစ်မီဒီယာတွင် မတ်စ်မီဒီယာခေါ်သော တီဗွီရုပ်မြင်သံကြားမှ အစပြုပြီး ဗွီဒီယို၊ ဖလင်၊ ဒီဗွီဒီပြသမှု အားလုံးပါဝင်ပါသည်။
ယနေ့ခေတ်တွင် မြန်မာနိုင်ငံတွင် လေလှိုင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်နေပြီဟု ခေါ်နိုင်ပါသည်။ ရုပ်မြင် သံကြား ပေါ်ခါစက ရေဒီယိုလေလှိုင်းကို စွန့်ပယ်ကာ အသံပါမက ရုပ်ကိုပါ ရောင်စုံဖြင့်မြင်ရသော ရုပ်မြင်သံကြားကို ဖက်တွယ်ကြသည်။ ယခုအခါတွင်တော့ မြန်မာ့အသံဟုခေါ်သော အေအမ်လိုင်းပါမက ရန်ကုန် အက်ဖ်အမ်၊ မန္တလေးအက်ဖ်အမ် လိုင်းတို့ဖြင့်ပါ ပြည်သူလူထုကို ဆွဲဆောင်နိုင်နေပြီ။ လှိုင်းလတ် medium wave သာမက လှိုင်းတို short wave ဖြင့် တခြားနိုင်ငံက အသံလွှင့်ဌာနတို့ကို နားထောင်နိုင်သည်။ ထို့ကြောင့် လေလှိုင်းမီဒီယာသည်လည်း အရှိန်အဟုန်ဖြင့် ထိုးဖောက်လာနေပြီဟု ဆိုနိုင်ပါသည်။ ထိုအခါ ထိုမီဒီယာ၏ ကောင်းကျိုး ဆိုးကျိုးကို အလျင်အမြန် လက်ခံရသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်လျှင်လည်း ပြည်သူအတွင်း ပျံ့နှံ့အောင် ထိထိရောက်ရောက် တွန်းအားပေးနိုင်မည်။ ထို့ပြင် လေလှိုင်းမီဒီယာ ရေဒီယို ထုတ်လွှင့်မှုသည် တခြားမီဒီယာနှင့်စာလျှင် ကုန်ကျစရိတ် သက်သာသည်။ ထိရောက်သည်။
ကောင်းပါပြီ။ ကျွန်မတို့ မီဒီယာမှ ဘာတွေကို ရရှိနေပါသလဲ။
သတင်းအချက်အလက်များ(information) ကို ရသည်။ တဦးနှင့်တဦး ဆက်သွယ်မှု (communication) ကို ရသည်။ ဖြေဖျော်မှု (entertainment) ကို ရသည်။ ကြော်ငြာ (advertisement) စိတ်ကူးစိတ်သန်း (idea) တွေ ရသည်။ ယဉ်ကျေးမှု (culture) ကို ရသည်။ ထို့အပြင် ကျွန်မတို့ မိရိုးဖလာ လက်ခံမှုတွေမှ အပ ဖြစ်သော တခြားတန်ဖိုးများ (value) ကို ရသည်။ ရတာတွေကတော့ အများကြီးပါပဲ။ လိုချင်သည် ဖြစ်စေ မလိုချင်သည် ဖြစ်စေ မီဒီယာက ကျွန်မတို့ကို နေ့စဉ်နှင့်အမျှ ထိုအရာတွေကို ပေးဝေနေခဲ့သည်။
မီဒီယာက ကျွန်မတို့ကို ဘယ်လို အကျိုးဆောင်ပေးပါသလဲ။
Diversion မူလပင်ကိုယ်အနေအထားမှ ခွဲထွက်မှုကို ပေးသည်။ အလုပ်ကြောင့် စိတ်ညစ်ရတာတွေ မိမိရင်ဆိုင်နေရသော ပြဿနာတွေမှ ရှောင်ဖယ်ဖို့ မီဒီယာက ကျွန်မတို့ကို အသာလေး ဆွဲဆောင်သွားသည်။ စိတ်ထွက်ပေါက်ရသွားသည်။
Personal relationship ပုဂ္ဂိုလ်ရေး ဆက်နွှယ်မှုကို ပေးသည်။ တဦးတည်း မဟုတ်သော အဖော်ပြု ပေးမှုကို ရသည်။ သီချင်းတပုဒ်ကို နားထောင်လျှင် ရုပ်မြင်သံကြားမှ တခုခုကို မြင်တွေ့ရလျှင် သတင်းတပုဒ်ကို မြင်တွေ့ နားထောင်ရလျှင် မိမိတဦးတည်း မဟုတ်ဘဲ ဘေးမှာ အဖော်တယောက် ရှိနေသလို ပြည့်စုံစေသည်။ ထို့အပြင် မီဒီယာမှ ရရှိသော ရသ သုတ သတင်းအချက်အလက် တခုခုကို ကိုယ်တဦးတည်း ခံယူသည် မဟုတ်ဘဲ ကိုယ့်အပေါင်းအဖော်များအတွင်း ချပြ ဆွေးနွေးကြခြင်းဖြင့် မိမိ၏ ပေါင်းသင်းဆက်ဆံရေးကိုပါ တိုးပွါး စေသည်။
Personal identity ပုဂ္ဂိုလ်ရေး တည်ရှိမှုကို ပေးသည်။ မိမိဘေးက လူမှုရေးကမ္ဘာမှ ခွဲထွက်ပြီး မိမိကိုယ်တိုင်၏ တည်ရှိမှုကို သတိရစေသည်။ ဆင်ခြင်သုံးသပ်စေသည်။
Surveillence မျက်ခြေမပြတ် ခေတ်မီသည်ဟူသော ကိုယ့်ကိုယ်ကို ကျေနပ်စိတ်ကို ရသည်။ သတင်းများကို စောင့်ကြည့်ခြင်း၊ နားထောင်ခြင်း၊ နိုင်ငံနှင့် ကမ္ဘာ၏ အဖြစ်အပျက်များကို ကိုယ်တိုင်မြင်တွေ့ သိရှိနေသလို ခံစားရခြင်း စသည့် စိတ်ခံစားချက်များကို ပေးသည်။
ဒါဖြင့် အမျိုးသမီးနှင့် မီဒီယာ ဘယ်လိုဆက်နွှယ်ပါသလဲ။
ဂျင်ဒါနှင့်မီဒီယာ၏ ဆက်စပ်မှု အကျိုးဆက်ကို သိလိုလျှင် အမျိုးသမီးနှင့်မီဒီယာကို အရင်လေ့လာကြည့် ရမည် ဖြစ်ပါသည်။
၁။ မီဒီယာဖန်တီးသူ သို့မဟုတ် မီဒီယာဖြင့် အသက်မွေးသူ အမျိုးသမီးများ (media person women)
၂။ မီဒီယာ၏ ပရိသတ်အမျိုးသမီးများ (audience women)
၃။ မီဒီယာထဲတွင် အသုံးချခံရသော အမျိုးသမီးများ (women in media) ဟူ၍ သုံးပိုင်း ခွဲခြားကြည့် ပါမည်။

၁။ မီဒီယာဖန်တီးသူ
မီဒီယာဖန်တီးသူ မီဒီယာဖြင့် အသက်မွေးသူ အမျိုးသမီးများမှာ ကျောက်စာရေးထွင်းသည့် ပုဂံခေတ် ကတည်းက အထင်အရှား ရှိခဲ့သည်။ ပုဂံခေတ်တွင် အမျိုးသမီးများ ဘုရားတည်ခြင်း၊ ကျောင်းဆောက်လှူဒါန်း ခြင်း၊ ကျောက်စာရေးထိုးခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။ မိန်းမသူကြီးများ၊ မိန်းမသူကြွယ်များအနက် နာမည်ကျော် သော ကျောက်စာ နှစ်မျိုးရှိခဲ့ပါသည်။ သိင်္ဃသူ့ သမီးကျောက်စာနှင့် ဖွားစောကျောက်စာ ဖြစ်သည်။ သိင်္ဃသူ့သမီး ကျောက်စာက ငြိမ်းချမ်းသည်။ အလိုရမက်ကင်းသည်။ တရားရှိသည်။ နှလုံးသိမ်မွေ့သည်။ ဖတ်ရသူကို ကြည်လင် အေးချမ်းစေသည်။ အချင်းချင်း အညှိုးအတေး အမျက်မရှိ ချစ်ခြင်းမျက်စိဖြင့်သာ ကြည့်သောသူများ ဖြစ်ကြပါ စေတဲ့။ ဖွားစောကျောက်စာကျတော့ အတ္တတွေ ပြည့်နေသည်။ မာန်မာနတွေ ပြည့်နေသည်။ ဘာပဲဖြစ်ဖြစ် ထိုကျောက်စာရေးထိုးသူ မီဒီယာအမျိုးသမီးနှစ်ဦးသည် မတူညီသော ဦးတည်ချက်တွေဖြင့် မီဒီယာကို ဖန်တီးခဲ့ကြသည်။ ကျွန်မတို့ နောင်လာနောက်သားတွေ လေ့လာစရာ ဖြစ်သည်။
ပေစာခေတ်တွင် အနောက်နန်မးတော် မမြလေးနှင့် သူ့သမီး လှိုင်ထိပ်ခေါင်တင်တို့သည် ထင်ရှားသော မီဒီယာအမျိုးသမီးများ ဖြစ်ခဲ့ကြသည်။ မိဖုယားနှင့် အိမ်ရှေ့စံ မိဖုယားတို့ ဖြစ်စေကာမူ ကဗျာလင်္ကာ ပြဇာတ်ရေးဖွဲ့ဖို့ ဆန္ဒပြင်းပြသဖြင့် ရေးဖွဲ့ခဲ့ကြသည်။ ယနေ့ခေတ်အထိ ကျွန်မတို့ ထိုစာတွေကို လေ့လာဖတ်ရှု ခံစားနေဆဲ ဖြစ်သည်။ မြန်မာအမျိုးသမီးတွေကို စာရေးသူအဖြစ် ပုဂံခေတ်ကတည်းက လက်ခံခဲ့ကြတာမို့ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်မှာ လှိုင်ထိပ်ခေါင်တင်တို့ သားအမိကို မီဒီယာပါဆင် media person တွေအဖြစ် လက်ခံကြတာပေါ့။ မြန်မာနိုင်ငံတွင် အမျိုးသမီးအပေါ် ချိုးနှိမ်ခြင်း၊ တဆင့်နှိမ့်ထားခြင်း နည်းပါးသည့် ပြယုဂ်တခုပင် ဖြစ်သည်။
ထို့အတူ ကိုလိုနိခေတ်နှောင်းပိုင်းနှင့် ယနေ့ခေတ်တိုင်အောင် လူထုသတင်းစာမှ လူထုဒေါ်အမာသည် မြန်မာနိုင်ငံတွင် လေးစားထိုက်ဖွယ် ထင်ရှားသော အမျိုးသမီးမီဒီယာပြယုဂ်ဖြစ်သည်။ ကမ္ဘာက အသိအမှတ်ပြုရ လောက်အောင် မီဒီယာဖြင့် နိုင်ငံကို ပုံသွင်းသည့်နေရာတွင် ရှေ့ဆုံးက ပါဝင်ခဲ့သည်ဟု ဆိုရပါမည်။ ထို့နောက် အမျိုးသမီးစာရေးဆရာမသုံးဦးဖြစ်သည့် ခင်ဆွေဦး၊ ကလျာ(၀ိဇ္ဇာ-သိပ္ပံ)၊ မလေးလုံ တို့ တည်ထောင်သော စပယ်ဖြူမဂ္ဂဇင်း၊ ကလျာမဂ္ဂဇင်းနှင့် လုံမလေးမဂ္ဂဇင်းများ ပေါ်ပေါက်လာသည်။ အမျိုးသမီး မဂ္ဂဇင်းဆိုသော်လည်း ထိုသုံးမျိုးက ထူးခြားသည်။ ဖက်ရှင်အလှအပ၊ ချက်နည်းပြုတ်နည်း၊ ဇာထိုးပန်းထိုးတို့ကို ဦးစားပေးသည် မဟုတ်ဘဲ အတွေးအမြင်၊ နိုင်ငံတကာစာပေ အနုပညာနှင့် သုတရသတို့ကို ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်။ ထိုမဂ္ဂဇင်းတို့သည် အမျိုးသမီးပရိသတ်အတွက်ချည်းမဟုတ် ဂျင်ဒါ တိမ်းညွတ်မှု မရှိသော လွတ်လပ်သည့် စာပေအနုပညာကို ထည့်သွင်းထုတ်ဝေခြင်း ဖြစ်ပါသည်။ ယနေ့မှာတော့ ခေတ်ပေါ် ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် မီဒီယာအမျိုးသမီးများစွာ ပေါ်ထွက်လာနေသည်။ လေလှိုင်းမီဒီယာဖြစ်သော အက်ဖ်အမ်အစီအစဉ်တွေများစွာ ပေါ်ပေါက်လာသည်။ ရန်ကုန်စီးတီးအက်ဖ်အမ်၊ မန္တလေးစီးတီးအက်ဖ်အမ်၊ တောင်ကြီး ချယ်ရီ အက်ဖ်အမ် စသည် စသည်....။ သည်တော့ အမျိုးသမီးတွေ အပေါ်ထားသည့် သဘောထားကို လေ့လာစရာနေရာတွေ ပိုများလာပါ သည်။
ကျွန်မ တူတွေ တူမတွေ ငှားပြီးကြည့်နေသည့် မြန်မာကားတွေကို တခါတခါ အမှတ်မထင် ၀င်ကြည့်မိသည်။ ဒါရိုက်တာ ဘယ်သူမှန်း၊ ဇာတ်ညွှန်းဘယ်သူမှန်း မသိသော်လည်း ပြကွက်နှင့် အပြန်အလှန် စကားပြောခန်းများကို တွေ့ရုံဖြင့် ဒါက အမျိုးသားရေးသည့်ဝတ္ထုလား၊ အမျိုးသားဇာတ်ညွှန်ဆရာရေးသည့် ဇာတ်ညွှန်းလား ခန့်မှန်းကြည့်လို့ ရသည်။ တခါတခါ ကျွန်မက ကလေးတွေကို ၀င်ပြောမိသည်။ ကြည့်စမ်း။ ဒီလိုစကားမျိုး ဇာတ်ကောင်တွေကို ပြောခိုင်းတဲ့ ဇာတ်ညွှန်းဆရာဟာ ယောက်ျားပဲ ဖြစ်ရမယ်။ ဇာတ်ညွှန်းဘယ်သူ တဲ့လဲဟု မေးမိသည်။ တကယ်လည်း အဲဒါက မိန်းမရေးတာမဟုတ် မိန်းမရိုက်တာမဟုတ်။ ယောက်ျားတွေဟု တွေ့ရသည်။ တခါတလေ သူတို့ ဇာတ်ကားတွေထဲတွင် အမျိုးသမီးကို ပေးထားသည့်နေရာက အူကြောင်ကြောင် ပြောတိုင်းယုံသည့် ဦးဏှောက်ဥာဏ်သိပ်မထက်မြက်သည့် ရယ်စရာဖြစ်နေသည့် ဇာတ်ကောင်နေရာမျိုး ဖြစ်နေသည့်အခါ ကျွန်မ စိတ်အနှောင့်အယှက် ဖြစ်မိတတ်ပါသည်။
လွတ်လပ်သော မည်သည့်အနှောင်အဖွဲ့မှ ချည်နှောင်မထားသော အမျိုးသမီး မီဒီယာပါဆင်တွေကို စူးစမ်းလေ့လာကြည့်မည် ဆိုပါက မိန်းမစာရေးဆရာ၊ မိန်းမကဗျာဆရာ၊ မိန်းမဂျာနယ်လစ်၊ မိန်းမပြဇာတ်ရေး ဆရာ၊ မိန်းမရုပ်ရှင်ဒါရိုက်တာ၊ မိန်းမ အဆိုတော်နှင့်သီချင်းရေးပညာရှင် စသည်ဖြင့် အမျိုးအစား များစွာတွေ့ ရသည်။ သူတို့ဖန်တီးသော ရသ သုတ တို့သည် အမျိုးသား ဖန်တီးသည့် ရသ သုတ တို့နှင့် အနည်းငယ်တော့ ကွာခြားမည်။ သို့သော် ခွဲထွက်သော၊ အမျိုးစုံသော ဆောင်ရွက်မှုတို့ကို တွေ့ရသည်။ ဥပမာ ကဗျာဆရာမ မအိ၏ အသံအက်သွားသော ခေါင်းလောင်းလေး ကဗျာသည် မူလတန်းပြဆရာမတယောက်၏ ရင်မှ ဖြစ်ပေါ်သော ခံစားချက်ကို ရေးဖွဲ့ခြင်း ဖြစ်သည်။
ထိုနေရာတွင် ကျောင်းဆရာတယောက်ဆိုလျှင်ရော သည်ခံစားချက်အတိုင်း ထပ်တူထပ်မျှ ထွက်လာ မလား။ သံစူးပြီး မေးခိုင်ရောဂါပိုးဖြင့် သေဆုံးသွားသော ကျောင်းသားကလေး၏ဆရာသည် အသံအက်သွားသော ခေါင်းလောင်းကလေးကဗျာကို ဖန်တီးဖို့ စိတ်ကူးမိပါမလား။ ၀တ္ထုတပုဒ် ဖြစ်ချင်ဖြစ်သွားမည်။ စကားဝိုင်းမှာ ကြိတ်မနိုင်ခဲမရ ညည်းညူရေရွတ်မိကောင်း ရေရွတ်မိမည်။ အမျိုးမျိုး ဖြစ်နိုင်ပါသည်။ မီဒီယာထဲသို့ အမျိုးသမီးများ ၀င်ရောက်လာသည့်အခါ အမျိုးသမီးတို့၏ မူလက တိတ်ဆိတ်နေသော အသံတို့ကို ကိုယ်စားပြု ဖော်ထုတ်ပေး နိုင်၏။ ထို့ကြောင့် အလွန် အရေးကြီးသော ပြောင်းလဲမှုတို့ကို ဖြစ်ပေါ်စေပါသည်။


ဂျူး
ဒုတိယပိုင်း ဆက်လက်ဖော်ပြပါမည်။
[မြန်မာသစ်မဂ္ဂဇင်း၊ အမှတ် ၉၊ နိုဝင်ဘာလ၊ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။]


အပြည့်အစုံ..သို့ ...>>>

Sunday, December 20, 2009

တမ်းတလို့လွမ်းရပါတယ်.... (၃)
ရေးသူ- မောင်အေးခိုင်


"All Boys Can Do Everything For Girls" တဲ့။ စက်မှုတက္ကသိုလ်ရောက်လို့ ဘယ်ဆရာ၊ ဘယ်ဆရာမမှ Lecture မပေးရခင်မှာ အရင်ဆုံးရလိုက်တဲ့ သင်ခန်းစာတခုကတော့ အဲဒီ စာတန်းတိုကလေးပါပဲ။ ဘယ်မှာ ရလိုက်တာလဲ။ Lecture ခန်းတခု ဖြစ်တဲ့ 1/2-5 ဆိုတဲ့ Theater Room မှာ ဖြစ်ပါတယ်။ ကျနော်တို့ စက်မှုတက္ကသိုလ်ရဲ့ အဆောင် (၁) လို့ခေါ်တဲ့ ၃ ထပ် အဆောက်အဦကြီးမှာ စာသင်ခန်းမကြီး ၆ ခု ရှိတယ်။ ရှေ့မျက်နှာစာ အောက်ဆုံးထပ်ရဲ့ ထောင့်နှစ်ထောင့်မှာ ဘယ်ဘက်ထောင့်က စာကြည့်တိုက်၊ ညာဘက်ထောင့်က ကျောင်းအုပ်ချုပ်ရေးရုံး။ သူတို့ ခေါင်းပေါ် ဒုတိယထပ်နဲ့ တတိယထပ်မှာ စာသင်ခန်းမကြီး ၄ ခု၊ တတိယထပ် အတွင်းဘက်ထောင့်တွေမှာ ၂ ခု၊ အားလုံးပေါင်း ၆ ခု ရှိတယ်။



လူတွေ အများကြီးတက်ရတဲ့ Lecture တွေဆိုရင် အဲဒီလို Theater တွေမှာ တက်ရတယ်။ Theater တွေမှာ အပေါ်အောက် မြှင့်တင်ဆွဲချလို့ ရတဲ့ နှစ်ထပ် စာသင်ပုန်းကြီးတွေရှိတယ်။ ထိုင်ခုံတွေက လှေခါးထစ်လို တဆင့်စီမြင့်တက်သွားတာဖြစ်ပြီး ဘေးလက်ရန်းမပါတဲ့ သစ်သားခုံတန်းရှည်ကြီးတွေ။ ဘေးနှစ်ဖက် ဘယ်နဲ့ညာ မှာ လေးယောက်စာ ထိုင်လို့ရတဲ့ ခုံတန်း၊ အလယ်တန်းခုံတန်းက ၁၀- ယောက် ၁၅-ယောက်လောက် ထိုင်နိုင်တယ်။ ဘေးတန်းနဲ့ အလယ်တန်း နှစ်ခုအကြားမှာ နောက်ဆုံးတန်း (အပေါ်ဆုံးဆင့်) အထိ တက်နိုင်တဲ့ လူသွားလမ်း ရှိတယ်။ ဒီခန်းမကြီးတွေက အောက်ဆုံးဆင့်မှာ တံခါးပေါက်တခု၊ အပေါ်ဆုံးဆင့်မှာ တံခါးပေါက် တခု၊ တံခါး နှစ်ပေါက်ရှိတယ်။ တချို့ကျောင်းသားတွေဆို ဆရာက ကျောင်းခေါ်ချိန်စာရင်း ကောက်ပြီးတာနဲ့ ဆရာအလစ်မှာ နောက်ပေါက်က ထွက်ကြတယ်။
ခုံတန်းတွေမှာ ခုံနံပါတ် အသီးသီး ရေးမှတ်ထားတယ်။ အတန်းလိုက်ကို အောက်ဆုံးဆင့်ကနေ အပေါ်ဆုံးဆင့်အထိ ဘေးဘက်နံရံမှာ အင်္ဂလိပ် အက္ခရာ A B C D ကို ဆေးနဲ့ မြင်သာထင်သာ ခပ်ကြီးကြီး ရေးထားပြီး ထိုင်ခုံမှာတော့ 1 2 3 4 စသည်ဖြင့် ရေးထားတယ်။ ခုံနံပါတ် မှတ်တော့ A1, B1, A2, C4... စသဖြင့်မှတ်တာ။
ကျနော် ပြောခဲ့တဲ့ ပထမဆုံးရတဲ့ သင်ခန်းစာဆိုတာ နံရံပေါ်က A B C D အမှတ်အသားတွေမှာ တစုံတယောက်က မြေဖြူခဲနဲ့ ထင်ထင် ရှားရှားကြီး ဖြည့်စွက် ရေးထားတာ။ A ရဲ့ ဘေးမှာ ll, B ရဲ့ဘေးမှာ oys, C ရဲ့ဘေးမှာ an, Dရဲ့ ဘေးမှာ o, အဲဒီလို ဥဏ်စွမ်းပြ၊ လက်စွမ်းပြ ဖြည့်စွက်ရေးထားတာမို့ စာသင်ခန်းမကို ၀င်ဝင်ချင်း ဆရာ မလာခင် မှာ ဦးစွာရရှိလိုက်တဲ့ သင်ခန်းစာပါ။ All Boys Can Do Everything For Girls တဲ့။
တခြား နံရံစာတွေလဲ ရှိတာပေါ့။ ဒါပေမယ့် မှတ်မှတ်ရရနဲ့ အမှတ်ရနေသေးတာ ဒီတခုပါပဲ။ နံရံစာတွေ များသလောက် မတော်တရော်၊ ညစ်ညစ်ညမ်းညမ်းတွေရေးတာ၊ မရှိသလောက်ပါပဲ။ အလွန်ဆုံး ကိုယ်သဘောကျ တဲ့ မိန်းကလေးတွေကို ချောကြောင်း လှကြောင်း မှတ်ချက်ပေးတဲ့စာပဲ၊ ဒါတောင် လူနာမည် မပါပဲ ခုံနံပါတ်သာ ဖော်ပြထားတဲ့ A9 က လှတယ်။ C12 က ယဉ်တယ်။ ဒီလောက်ပဲ။ ဘယ် Section ဘယ် နှစ်ခုနှစ်တောင် မပါတော့ ဘယ်သူမှန်း မသိနိုင်ပါဘူး။ သူပြောတဲ့ ခုံနံပါတ်ဟာ ကိုယ့်အတန်းကများ ဖြစ်မလား ကြည့်တော့လဲ မဖြစ်နိုင်တဲ့ ငါးဖေါင်ရိုးတို့ စည်ပိုင်းတို့ ဖြစ်နေပြန်ရော။
ခုံနံပါတ်တွေနဲ့ ပါတ်သက်လို့ ကျနော်တို့ကို ပထမနှစ်နဲ့ ဒုတိယနှစ်မှာ ရူပဗေဒဘာသာရပ်သင်တဲ့ ရူပဗေဒဌာန၊ ဌာနမှူးဆရာဦးလွှမ်းမိုးကတော့ ခုံနံပါတ် မှတ်မိတဲ့နေရာမှာ အံ့သြလောက်တယ်။ သူ့အတန်း၊ သူ့ဘာသာဟာ ကျောင်းခေါ်ချိန်စာရင်း ယူတဲ့အရာမှာ အတိကျဆုံး၊ အတင်းကျပ်ဆုံး။ ကျနော် ကြည်ညိုလေးစားတဲ့ လူထူးလူဆန်း လူ့ဂွစာ ဆရာကြီး ဦးလွှမ်းမိုးအကြောင်းကို ဒီနေရာမှာ နဲနဲရေးမှ ဖြစ်မယ်။ သူက ကျနော်တို့ ပထမနှစ်မှာ ရူပဗေဒရဲ့ အခန်းကဏ္ဍတခုဖြစ်တဲ့ မက္ကင်းနစ်နှင့်ဒြပ်တို့၏ဂုဏ်သတ္တိ ဘာသာကို သင်တယ်။
ကျနော်တို့ဆီမှာ စာသင်တန်း တခုနဲ့ တခုအကြား ခေါင်းလောင်းနှစ်ချက်တီးတယ်။ တချက်က ပထမ စာသင်ချိန်ပြီးတဲ့ ခေါင်းလောင်း၊ နောက်တချက်က ဒုတိယ စာသင်ချိန် စတဲ့ခေါင်းလောင်း။ ဆရာက အဆောင် ၄ မှာ ရှိတဲ့ သူ့အခန်းကနေ သူ့ lecture ခန်း 1/2-5 ကို လျှောက်ရတဲ့ ခြေလှမ်း၊ ကြာတဲ့အချိန် အတိအကျ သိတယ်။ သူလျှောက်လာလို့ စာသင်ခန်းမနား ရောက်တာနဲ့ ဒုတိယခေါင်းလောင်း ထိုးတယ်။ ခေါင်းလောင်းသံဆုံးတာနဲ့ သူအခန်းထဲက စားပွဲရှေ့ရောက်တာ ကွက်တိပဲ။
သူ့ ဥပဒေက သူဝင်ပြီး သူ့နောက်က ၀င်လာသူကို နောက်ကျသူလို့ မှတ်တယ်။ နောက်ကျ နှစ်ခါဆိုရင် ပျက်ကွက်တခါ သူယူတယ်။ နောက်မှ ၀င်လာသူဟာ ဘယ်ခုံမှာ ထိုင်လဲ သူကြည့်ထားလိုက်ပြီး သူ့စာရွက်မှာ တို့ထားလိုက်တယ်။ ဆိုပါတော့ ခုံနံပါတ် G9 ဒီခုံနံပါတ်ဟာ သူ့စာရင်းမှာ မောင်ဘယ်သူ၊ မဘယ်သူ ဆိုတာ ရှိပြီးသား။ ဒီတော့ နောက်ကျတာ ဘယ်သူဘယ်ဝါ ဆိုတာ သူသိလိုက်ပြီ။
သူက အတိအလင်း ကျေညာထားတယ်။ ငါက လူနံမည်သာ မသိတာ၊ ခုံနံပါတ်နဲ့ လူမျက်နှာကို ကောင်းကောင်း မှတ်မိတယ်တဲ့။ လူစား လာထိုင်ပေးလို့ မရဘူး။ ခုံနံပါတ် ပြောင်းထိုင်လို့ မရဘူး။ မယုံရင် စမ်းကြည့်လို့ စိမ်ခေါ်တယ်။ တခါတော့ ကျနော့် သူငယ်ချင်းတွေ လုပ်ကြည့်တယ်။ သူတခါတည်း တန်းပြောတာပဲ။ "G9 နဲ့ G12 နေရာလဲထိုင်ထားတယ်" တဲ့။ အံ့ရော။ ကျောင်းခေါ်ချိန် စာရင်းကိုလဲ သူ ကောက်ချင်တဲ့ အချိန်မှာ ကောက်လိုက်တာ။ တခါတလေ ကျောင်းသားတွေတောင် မသိလိုက်ဖူး။ ခုံနံပါတ် လွတ်ကို သူ အမှတ်တမဲ့ ကြည့်ထားလိုက်ပြီး သူဖာသာသူ စာရင်းတို့လိုက်တယ်။ တခါတလေ စ ၀င်ခါစမှာ တခါ ကောက်ပြီး၊ စာသင်ချိန်ပြီးခါနီးမှာ နောက်တခါ ထပ်ကောက်ချင် ကောက်သေးတာ။ ဆရာဦးလွှမ်းမိုး မကြာခဏပြောတဲ့ ဂန္ထ၀င်စကားတခု ကိုယ်မှတ်မိနေတယ်။ ငါ "ဂနှိပ်ဇီးနှိုး" ပေးပစ်မှာနော်တဲ့။ သူပြောတာက ဂရိတ်ဇီးရိုး (grade zero) ပြောတာ။ ဆရာ့အသံက နှခေါင်းသံ ပါနေတော့ တယောသံလေးလို ထွက်သွားရှာတယ်။
သင်္ချာဌာနကတော့ လွတ်လပ်တယ်။ ဆရာက ၀င်လာတာနဲ့ ကျောင်းခေါ်ချိန် လက်မှတ်ထိုးစာရွက် နှစ်ရွက် သုံးရွက်ကို ရှေ့ဆုံးခုံတန်းမှာ ချပေးလိုက်တယ်။ လက်မှတ် လက်ဆင့်ကမ်း ထိုးသွားရုံပဲ။ တချို့ဆို ဆိုင်း(Sign)ဆရာ၊ ဆိုင်းဝိဇ္ဇာလို့တောင် ဘွဲ့ရတယ်။ တယောက်တည်း လက်မှတ်ပေါင်းများစွာ ထိုးတာ။ တခါတလေ မလာတဲ့လူတယောက်ထဲကို လက်မှတ်ထိုး စာရွက်နှစ်ခုမှာ နှစ်ယောက်ထိုး ဖြစ်နေလို့ မတူတဲ့ လက်မှတ်နှစ်ခု ဖြစ်နေရော။ နောက်တနေ့မှာ ဆရာက သိလျက်နဲ့ ငေါ့တော့တော့ ပြောသေး။ လက်မှတ်ထိုး စာရွက်တခုမှာ တခါထိုးရင် ရပါပြီတဲ့။ ကဲကုလ (calculus) သင်တဲ့ ကျနော်တို့အခေါ် ဦးဖိုးပါကြီး (ဆရာဦးကျော်မြင့်) ဆိုရင် နောက်တနေ့မှာ လက်မှတ်မထိုးလိုက်ရဘူးလို့ သွားပြောတာ၊ မင်းကို ထိုးပေးမယ့်သူ မရှိဘူးလားတဲ့။
အင်္ဂလိပ်စာဌာနကျတော့လဲ ဆရာမတွေချည်းပဲ။ ဌာနမှူးကလဲ ဆရာမပဲ။ ဒေါ်ရင်ရင်မြတဲ့။ ဗိုလ်ဆန်ဆန် အသားဖြူဖြူ အရပ်ထောင်ထောင်မောင်းမောင်း၊ ရုပ်ချောချော။ သဘောလဲ ကောင်းတယ်။ ဆရာဆိုလို့ ဦးမျိုးဟန် တယောက်တည်း။ ဦးမျိုးဟန်ရဲ့ ဇနီးကလဲ အင်္ဂလိပ်စာဌာနက ဆရာမပဲ။ ဆရာနဲ့ ကျောင်းသားတွေနဲ့ အရမ်းခင်၊ အရမ်းအဆင်ပြေတာ။
ကျနော့်ဆရာတွေအကြောင်းပြောရင် ကျနော့်အချစ်ဆုံးဆရာ ပန်းပဲဆရာကြီး ဦးချစ်အကြောင်းက ပါမှ ဖြစ်မှာ။ ကျနော်တို့ ပထမနှစ်မှာ အလုပ်ရုံလက်တွေ့ခန်း ပထမ နှစ်ဝက်တန်းမှာ ပန်းပဲထုရတယ်။ ကိုယ်က ပထမနှစ် နှစ်ခါနေရတော့ သူ့သင်တန်းမှာ 'မောင်တင့်တယ်' နှစ်ခါဖြစ်တယ်။ ကျနော်က ကျောင်းရောက်ခါစ ပထမနှစ်မှာ ဆံရှည်ဂုတ်ဝဲ။ သူကို ရဲဒင်း (ပေါက်ဆိန်) အသေးကလေးတလက် လုပ်ခိုင်းဖူးတယ်။ ကျနော့ကို သူက လမ်းသရဲလို့ ချစ်စနိုးခေါ်တယ်။ အဲဒီတုန်းက ဦးချစ်နဲ့ သူ့မိန်းမက ကျောင်းကင်တင်းမှာ မုန့်ဟင်းခါးဆိုင် ထွက်တယ်။ တပိုင်တနိုင်ပဲ လုပ်တာမို့ ဟင်းရည်အိုးတအိုးဟာ ကြာကြာမခံဘူး။ အကုန်မြန်တယ်။ သူဆိုင်က ပထမတော့ လက်ရာအသင့်အတင့်၊ ငှက်ပျောပင်ဖတ် များများ၊ ဈေးကလဲ ချိုတယ်။၊ နောက်မှ လက်ရာကလဲ ကောင်းလာတယ်။ ငါးဖတ်လဲ ပိုထည့်လာတယ်။ ဈေးကလဲ အများနဲ့ တန်းတူ ဖြစ်လာတယ်။ လူချစ်လူခင် ပေါတော့ လက်ရာကောင်းကောင်း မကောင်းကောင်း ကိုယ်တို့တော့ စားတာပဲ။ ယောက်ျားလေးတွေ အားပေးတာ များတော့ သူ့ဆိုင်ကို မိန်းကလေးတွေ မလာသလောက်ပဲ။
တခါတလေ ကျနော်က သူ့ကို ဦးချစ်တီးခေါ်ပြီး ထွက်ပြေးရင် နောက်ကနေ မရအရ လိုက်ထုတာ။ သူက ကလေးတွေနဲ့ တရုန်းရုန်း လိုက်တမ်းပြေးတမ်းလုပ်နေလို့ သူ့မိန်းမရဲ့ ငေါက်သံ မကြာခဏ ကြားရတယ်။ ဆရာချစ်ကတော်က "ကိုချစ် ရှင်နော် မကြီးမငယ်နဲ့" ဆိုတာ မကြာခဏ ကြားရတဲ့အသံ။ သူ့ဆိုင်ရဲ့ မြေဖြူခဲနဲ့ ရေးထားတဲ့ "ဦးချစ် မုန့်ဟင်းခါး" သင်ပုန်းကို အတန်းထဲက မြေဖြူခဲ ယူလာပြီး 'ချစ်' ဘေးမှာ 'တီး' ထပ်ဖြည့်ရေးရင် ကျနော့် လက်ချက်မှန်းသိတော့ ကျနော့ကို မြင်တာနဲ့ လိုက်ထုတော့တာ။ လူက မဲမဲ ၀၀ ဗိုက်ရွှဲရွှဲနဲ့ နဖူးမှာ ထုံးတို့ပေးလိုက်ရင် တကယ့် ချစ်တီးကုလားကြီးလိုပဲ။ မှိုင်းရာပြည့် အရေးအခင်းမှာ ကျနော် ထောင်ကျသွားတယ် ကြားလို့ မျက်ရည်ကျတာ စက်မှုတက္ကသိုလ်မှာ သုံးယောက်ရှိတယ်။ ဆရာဦးချစ်ရယ်၊ ကျနော် ထမင်းစားနေကျ ဆိုင်က အဒေါ်ကြီးရယ်၊ ဆေးလိပ်ရောင်းတဲ့ အမေကြီးရယ်။
ထမင်းဆိုင်က အဒေါ်ကြီးဆိုရင် ကျနော့ ထောင်ဝင်စာမှာ ကျနော် စားနေကျ ငါးသလောက်ပေါင်း အရိုးနူးလေး ထည့်ပေးချင်လို့တဲ့။ သူငယ်ချင်းတွေကို အတန်တန် ပြောတယ်။ ကျနော်ထောင်က ပြန်ထွက်လာ တော့ သူတို့ သုံးဦးစလုံးကို ကျနော်သွားတွေ့တယ်။ ဦးချစ်နဲ့ ထမင်းဆိုင်က အဒေါ်ကြီးကတော့ ကျောင်းက ကင်တင်းမှာ သွားတွေ့တာ။ မျက်ရည်လေးတွေ စမ်းစမ်း စမ်းစမ်းနဲ့။ ဆေးလိပ်ဆိုင်က အမေကြီးကိုတော့ ဆိုင်မထွက်နိုင်တော့လို့ သူနေတဲ့ ကမာရွတ်လိုင်းပေါက်က အိမ်ကလေးမှာ သွားကန်တော့ရတာ။ အမေကြီးဆေးလိပ်ဆိုင်မှာ တခါတလေ ကျနော် အတန်းအားရင်၊ အမေကြီး ဆေးလိပ်ရောင်းတဲ့ ဘေးမှာ အတူထိုင်ဖြစ်တယ်။ အမေကြီးက ပြောတယ် "သား...... အိမ်က မုံ့ဖိုးတွေ ဘာတွေ မပါလာရင်၊ ဒီတိုင်း မနေနဲ့.. ဟောဒီ အမေ့ ပိုက်ဆံပုံးထဲက လာယူပြီး ၀ယ်စားနော်..." တဲ့။
ကိုယ်တို့ စက်မှုတက္ကသိုလ်ရောက်တဲ့နှစ်၊ စက်မှုတက္ကသိုလ်ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲကြီးကို မမှတ်မိတော့ဘူး။ ဓါတုအင်ဂျင်နီယာက ကြိုတာကိုတော့ ခပ်ရေးရေး မှတ်မိတယ်။ ပါမောက္ခဦးခင်အောင်ကြည် မိတ်ဆက်မိန့်ခွန်း ပြောတယ်။ အကျွေးအမွေးက စက္ကူအိပ်ကလေးထဲမှာ လိမ္မော်သီးတလုံးနဲ့ စမူဆာ ထည့်ပြီး တယောက်တထုပ်စီ ဝေတယ် ထင်တာပဲ။
ကိုယ် စာမေးပွဲကျတဲ့ ဒုတိယနှစ် (ပထမနှစ်) မှာ စစ်ခေါင်းဆောင်ကြီး ဦးနေ၀င်းသမီး သီတာဝင်းက ဆေးတက္ကသိုလ် ဒုတိယနှစ်ကနေ အောင်ပြီး စက်မှုတက္ကသိုလ် ဓါတုအင်ဂျင်နီယာ တတိယနှစ်ကို ပြောင်းလာတယ်။ ထုံးစံ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် တခုကနေ တခုကို ပြောင်းခွင့်မရှိပေမယ့်၊ စစ်ခေါင်းဆောင်ကြီးသမီးဆိုတော့ အိမ်တော်မှာ စက်မှုတက္ကသိုလ်က ဆရာတွေကို ခေါ်သင်တယ်။ ဆေးတက္ကသိုလ် ပထမနှစ်နဲ့ ဒုတိယနှစ်မှာ မသင်ခဲ့ရတဲ့ စာတွေကို စက်မှုတက္ကသိုလ် တတိယနှစ်မှာ တဆက်တည်းလိုက်နိုင်သွားဖို့ ဆရာဦးလင်းတို့က စက်မှု ပုံဆွဲဘာသာရပ်တွေကို အခြေခံနားလည်အောင် သွားသင်ပေးရတာ။ ဒါတင်ဘယ်ကမလဲ သီတာဝင်းရည်းစား (အဲဒီတုန်းက ရည်းစား) ကိုထွန်းဦးက သူ့မေဂျာ လျှပ်စစ်ကနေ သူ့ရည်းစားရှိတဲ့ ဓါတုကို ပြောင်းတော့ တခြားလူတွေကိုပါ ပြောင်းခွင့်ပြုရတာနဲ့ ဓါတု အင်ဂျင်နီယာအတန်းကို တခြားမေဂျာက ခုံနံပါတ်ထိပ်ပိုင်းက လူတော်တွေ ပြောင်းလာကြတယ်။ အဲဒီနှစ်က ဓါတုမှာ လူတော်တွေ ပြုံတိုးနေကြတာ။
သူရောက်လာတော့ ဓါတုအင်ဂျင်နီယာအသင်းဟာ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ ဖြိုးေ၀၀င်း (သူ့ရဲ့ အမေတူ ဖအေကွဲ မောင်) တို့ရဲ့ လျှပ်စစ်ဂီတာ အဖွဲ့ကို စင်ပေါ်တင်တယ်။ ဒင်းတို့ တီးဝိုင်း အဖွဲနာမည်က CICADA ဆိုလား။ နံမည်တော့ အသေအချာ မမှတ်မိတော့ဘူး။ ဖြိုးေ၀၀င်းရယ်၊ သူရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ကိုကိုကျော် (ရဲမင်းကြီးတယောက်ရဲ့သား)၊ တင်ဦးသိန်း၊ မိုက်ကယ်လှ (ဗိုလ်ထွန်းလှ-တက္ကသိုလ်နေ၀င်း ရဲ့ သား)၊ ဖရက်ဒ် ချန်ထွန်း (ရှေ့နေဦးရဲထွန်း ညီ) တို့ ပါတယ်။ ဖရက်ဒ်ချန်ထွန်း က စက်မှုတက္ကသိုလ်က မဟုတ်ဘူး။ တခြားငနဲတွေ က ကိုယ်တို့ကျောင်းကဘဲ။ အဲဒိတုန်းက စက်မှုတက္ကသိုလ်မှာ အများစုက ဒီလို ဂီတတွေကို သရုပ်ပျက်တေးဂီတ လို့ပဲ မှတ်ယူထားတာမို့ တီးခတ်နေတဲ့ စင်ပေါ်ကို ငှက်ပျောခွံတွေ လိမ္မော်သီးခွံတွေနဲ့ ပစ်ပေါက်တာ ခံလိုက်ရ တယ်။ အနောက်တိုင်း သရုပ်ပျက်ဂီတကို ရှုံ့ချတဲ့ နံရံကပ် ကာတွန်းတွေ ကဗျာတွေ နောက်တနေ့မှာ ထွက်လာလို့ အာဏာပိုင်တွေက လိုက်ခွါပစ်ရတယ်။ တဆက်တည်း အဲဒီအပတ်မှာ အပတ်စဉ် ကြာသာပတေးနေ့မှာ ထွက်နေကျ စက်မှုသတင်းစဉ် စာစောင်လဲ မထွက်လိုက်ရဘူး။
နောက်တပတ်မှာ စစ်ဘုရင် သားတော်နဲ့ သမီးတော်ရဲ့ ပွဲကို အားကျမခံ လျှပ်စစ် အင်ဂျင်နီယာအသင်း က မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ စိန်ဗိုလ်တင့်ဆိုင်းဝိုင်းကို ငှားလာပြီး မှန်စီရွှေချဆိုင်းဝိုင်ကြီးနဲ့ မြိုင်မြိုင် ဆိုင်ဆိုင် အသုံးတော်ခံလိုက် ကြတယ်။ အာဏာပိုင်တွေကြားမှာ တော်တော် ဂယက်ရိုက်သွားတယ်။
တကယ်ပျော်တာ ကျနော်တို့ ကျောင်းရောက်တဲ့နှစ်က ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်ရဲ့ မောင်မယ်သစ်လွင်ကြိုဆို ပွဲပဲ။ ဘွဲ့နှင်းသဘင် ခန်းမမှာ လုပ်တာ။ အရမ်းစည်တာပဲ။ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် အနုပညာအသင်းက ဘိလပ်ပြန် မောင်သောင်းဖေ ပြဇာတ်ကတယ်။ ဆရာဦးဖိုးကျော်မြင့် (မြန်စာဂုဏ်ကျော်မြင့်)၊ ကိုမောင်မောင်ကြီး (ငြိမ်းကျော်) တို့၊ ကိုကျော်ညွန့် (မောင်မင်းယာ) တို့၊ ဦးဖိုးလှမြင့် (မောင်ပန်းမွှေး) တို့၊ ကိုလှဌေး(အညာတမာ)တို့ ပါတယ်လို့ မှတ်မိနေတယ်။
အဲဒီတုန်းက စက်မှုကနေ ၀ိဇ္ဖာသိပ္ပံကိုသွားရင် ဆင်ရေတွင်းမှတ်တိုင်မှာ ဆင်းပြီး ရိုးမရိပ်သာက ဖြတ်ပြီး ကမာရွတ်ပါတီယူနစ်ရုံး ဘေးကနေထွက်ရင်၊ စီပွါးရေးတက္ကသိုလ်ရှေ့ကို ရောက်တယ်။ စံရိပ်ငြိမ် မှတ်တိုင်မှာ ဆင်းရင် စံရိပ်ငြိမ်ရွာထဲက ဖြတ်၊ ဂျဒ်ဆင်စင်တာ ဘေးကထွက်ရင် မာလာဆောင်ကို ပေါက်တယ်။
ဂျဒ်ဆင် ဘုရားရှိခိုးကျောင်း နောက်ကနေ တက္ကသိုလ် အပန်းဖြေရိပ်သာ(RC) ထဲက ဖြတ်သွား။ အထဲမှာ အမြဲတမ်း အက တိုက်နေသံတွေ၊ ဆိုင်းသံဗုံသံတွေ၊ စန္ဒယားသံတွေက တနှစ်ပတ်လုံး ပြတ်တယ်မှ မရှိပဲ။ ကျောင်းဖွင့်ခါစ စနေနေ့တွေဆိုရင် ဘာသာရပ်ဆိုင်ရာတွေရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေ၊ တိုင်းရင်းသားအသင်းအဖွဲ့တွေရဲ့ မောင်မယ်သစ်လွင်ပွဲတွေ တခုမဟုတ် တခုက အပတ်တိုင်းရှိတယ်။ အားကစား ပြိုင်ပွဲတွေ၊ စာအုပ်ပြပွဲတွေ၊ ပန်းချီပြပွဲတွေလဲ အဲဒီမှာပဲ လုပ်ကြတယ်။ တခါတလေ ရှမ်းကျောင်းသူ ကျောင်းသား အသင်းက ရိုးရာအစားအစာ ရောင်းချပွဲတွေလဲ ရှိတယ်။
တက္ကသိုလ်ထဲက လက်ဘက်ရည်ဆိုင်တွေကတော့ ကိုယ် မထိုင်ဘူးတဲ့ဆိုင် မရှိသလောက်ပဲ။ အီကို ကင်တင်းဆိုရင် ဦးယမ်းဘီလူးဆိုင်မှာပဲ အထိုင်များတယ်။ ကိုယ့် အမျိုးသမီးက ဦးယမ်းဘီလူးဆိုင်က အအေးသောက်တယ်။ ကိုယ်ကတော့ အနားက ဆိုင်က လက်ဘက်ရည်ပဲ မှာသောက်တာ များတယ်။ မန္တလေးဆောင်ကင်တင်း၊ သိပ္ပံကင်တင်း၊ ဘီအိုစီကောလိပ်က ကင်တင်း၊ ဆေးတက္ကသိုလ် (၁) လိပ်ခုံးက ကင်တင်း၊ ရောက်တဲ့နေရာ လက်ဘက်ရည်ဆိုင် ထိုင်တာပဲ။ အသွားအလာ သိပ်မရှိတာ ပညာရေးတက္ကသိုလ်ပဲ။ အရောက်အပေါက် နည်းပါတယ်။ ငှက်ပျောပင်တွေကြားက ဦးချစ် လက်ဘက်ရည်ဆိုင် ကတော့ ထိုင်လို့ အကောင်းဆုံး။
အဲဒီတုန်းက ပထမနှစ်တွေအားလုံး မန္တလေးဆောင်မှာ တက်ကြရတယ်။ ကိုနေအုပ် (နေအုပ်စိန်ပေါလ်) က အင်္ဂလိပ်စာဌာနမှာ ကျူတာ။ ဆရာဦးဖိုးလှမြင့် (မောင်ပန်းမွှေး) က မြန်မာစာဌာနမှာ ကျူတာ။ သူက လူချင်းလဲခင်နေတော့ သူ့ အဟောအပြောကို နားထောင်ချင်တာနဲ့ သူစာသင်တဲ့ အတန်းမှာ မကြာခဏ သွားထိုင် ဖြစ်တယ်။ အဲဒီတုန်းက မောင်ပန်းမွှေးက အဆိုတော် The Beatles တွေလိုမျိုး ဆံပင်ပုံစံနဲ့။
၁၉၇၀ ခုနှစ် နွေကျောင်းပိတ်မှာ မိတ္ထီလာခရိုင် အသုံးလုံး။ မလိုက်ဖြစ်ခဲ့ဘူး။
၁၉၇၁ ခုနှစ်မှာ မုံရွာခရိုင်၊ မန္တလေးခရိုင်၊ မကွေးခရိုင်။ ကိုယ်က မုံရွာခရိုင်ကို လိုက်သွားတယ်။ မသွားခင် မှာ အသုံးလုံးကော်မတီက လူကြီးတွေ တရက်သင်တန်း လာပေးကြတယ်။ ရွာတွေရောက်ရင် ဘယ်လိုနေ ဘယ်လိုထိုင်၊ ဆောင်ရန် ရှောင်ရန်တွေပေါ့။
ရထားခ အသွားအပြန်စရိတ်ကို အစိုးရက တ၀က် ကိုယ်က တ၀က်ခံရတယ်။ ရထားခကို သွင်းပြီး၊ ဘယ်ခရိုင် ဘယ်မြို့နယ်သွားချင်တယ်ဆိုတာ စာရင်းပေးရတယ်။ မသွားခင် ကာကွယ်ဆေးတွေ ထိုးရတယ်။ ၀မ်းရောဂါတို့ ကျောက်ရောဂါတို့ ဖြစ်မှာပေါ့။ မမှတ်မိတော့ဘူး။ ကိုယ်ကတော့ မသွားခင် ရွာက ကြီးလေးကြီး (ကျောင်းထိုင်ဆရာတော်ကြီး၊ သူကြီး၊ ကျောင်းအုပ်ဆရာကြီး၊ ကာလသားကြီး) ကို စည်းရုံးဖို့၊ ဆရာတော်အတွက် လှူဖွယ်ပစ္စည်း နဲ့ လူပုဂ္ဂိုလ်တွေအတွက် စီးကရက်ကလေး၊ ဆေးဝါးလေး၊ ဘာလေး ၀ယ်သွားတယ်။ အသုံးလုံးကော်မတီက လူတွေက ကြီးလေးကြီးကို တည့်အောင်ပေါင်း၊ စည်းရုံး ဆိုတာကိုး။
ရန်ကုန်ဘူတာကြီးကနေ အထူးရထားနှစ်စင်း ထွက်တယ်။ တစင်းက မန္တလေးနဲ့ မုံရွာ၊ တစင်းက မကွေး။ မကွေးခရိုင်သွားတဲ့ အုပ်စုက ပထမတရက်၊ နောက်နေ့မှာ ကိုယ်တို့ မန္တလေးခရိုင် သွားမယ့်လူတွေ။ ဘူတာကြီး စင်္ကြန် (၃) မှာ အသုံးလုံးအထူးရထားတွဲကို တွဲထိုးပေးထားတယ်။ တက္ကသိုလ်/ ကောလိပ် အလိုက် စီးပွါးရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ တိမွေးကု၊ မော်လမြိုင်ကော်လိပ်... စသဖြင့် ကျောင်းသားဦးရေ အနည်းအများအလိုက် တွဲတွေမှာ မြေဖြူခဲနဲ့ ရေးပြီး စီစဉ်ထားပေးတာ။
ဝိဇ္ဇာသိပ္ပံက ၄ တွဲရဲ့ စတုတ္ထမြောက်တွဲက မီးမပါဘူး။ လူလည်တွေက စက်မှုကို ပေးထားတဲ့ အတွဲ တတွဲမှာ နေရာဝင်ယူနှင့်ပြီ။ (နောက်တော့မှ သိရတာ သူတို့ကို ခေါင်းဆောင်လာတဲ့ ဆရာက ကုလားဖန်ထိုးလိုက် တာ) ကိုယ်တို့ ဆရာဦးလင်းနဲ့ ကြို့ကုန်းက လာရတဲ့ ကျောင်းသူကျောင်းသားတွေက နောက်ကျရောက်လာတော့ စက်မှုက နှစ်တွဲဟာ ဆက်လျက် မဟုတ်ပဲ ကြားမှာ ၀/သ တတွဲ ၀င်ခံနေတယ်။ အသုံးလုံးကော်မတီတွေ မြေဖြူခဲနဲ့ လာရေးထားတဲ့ စက်မှုဆိုတဲ့တွဲမှာ ၀/သ တွေက အခန့်သား။ ကိုယ့်ဆရာတွေက ဘာမှမပြောပါဘူး။ စက်မှုတက္ကသိုလ် လုပ်အားပေးမှာ မိန်းကလေးက ၁၀ ယောက်ပဲ ပါတာ၊ မိန်းကလေးတွေ မီးလင်းတဲ့ တွဲမှာ စီး။ ကိုယ်တို့ကတော့ ၀/သ လို့ မြေဖြူခဲနဲ့ ရေးထားတဲ့ တွဲစုတ် မီးမှောင်မှောင်မှာပေါ့။
ရန်ကုန်ဘူတာကြီးက ညနေလောက်မှာ ရထားထွက်တယ်။ မန္တလေးကို မနက်အစောကြီး ရောက်သွားတယ်။ မန္တလေးဘူတာမှာ မန္တလေးဝိဇ္ဖာသိပံ္ပက စားပွဲခုံကြီးတွေ ခင်းပြီး မနက်စာ လက်ဘက်ရည်နဲ့ ဧည့်ခံတယ်။ ကိုယ်တို့ကတော့ မီးမလင်းတဲ့ ရထားတွဲမှာ မန္တလေးရမ်ကို သိမ်ကြီးဈေးက ၀ယ်လာတဲ့ ရွှေကြက် ပဲကြီးလှော်နဲ့ ခွက်လှည့် နှိပ်လာကြတာ မနက်လင်းတော့ ကောင်းကောင်းဆာနေပြီ။ မန်း ၀/သ က တည်ခင်းတဲ့ မနက်စာဟာ ပွဲကြီးပွဲကောင်းပေါ့။ ပြီးတော့ မေမြိုမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်သွားမဲ့သူတွေက အာရ်တီဘီ ကားကြီးတွေနဲ့ မန္တလေး ဘူတာကနေ တက်သွားကြတယ်။ ကိုယ်တို့ ချောင်းဦး၊ မုံရွာ၊ ဘုတလင်၊ အရာတော် သွားမယ့်လူတွေက ရထားခေါင်းတွဲ လာချိတ်ပြီး၊ စားပြီးသောက်ပြီးတော့ မုံရွာကို ခရီးဆက်တယ်။
ချောင်းဦးကို ရောက်တော့ အတော်ရီရတယ်။ ချောင်းဦးမှာ ဆင်းမယ့် ကျနော်တို့ကလဲ ဆင်းဖို့အတွက်၊ အထုတ်တွေ အပိုးတွေပြင်၊ ချောင်းဦးဘူတာမှာ ကြိုဖို့စောင့်နေတဲ့ အသုံးလုံး ကော်မတီကလဲ မီးရထားကြီး လာတာမြင်လို့ အိုးစည်ဒိုးပတ်တွေ တီးတုန်းမှာပဲ မီးရထားကြီးဟာ ချောင်းဦးဘူတာမှာ မရပ်ပဲ ကျော်ထွက်သွား တယ်။ ကိုယ်တို့ ရထားပေါ်ကနေ မြင်လိုက်ရတာကတော့ အိုးစည်ဒိုးပတ်သမားတွေဟာ တီးနေရင်း ပါးစပ်တွေ အဟောင်းသားပွင့်ပြီး တီးမှုတ်တာတွေ ရပ်ကုန်တယ်။ ဦးရွှေရိုးကနေသူကလဲ ကနေရာက ဆန့်ငင် ဆန့်ငင်နဲ့ ရပ်သွားတယ်။ ကျနော်တို့ကို အုပ်ချုပ်လာတဲ့ ဆရာဦးလင်းက ရထားရဲ့ အရေးပေါ်ကြိုးကို ဆွဲလိုက်တော့မှ မီးရထားဟာ တော်တော်ဝေးဝေးရောက်သွားပြီး ရပ်သွားတယ်။ ရထားရပ်တော့ ခေါင်းတွဲက ဂါတ်ဗိုလ် ဆင်းလာပြီး မေးတယ်။ ဘာဖြစ်တာလဲတဲ့။ သူကလဲ ဘတ်စ်ကားတွေလို ဆင်းသူမပါဘူးထင်ပြီး အိုးစည် ဒိုးပတ်သမားတွေ မြင်တာနဲ့ မောင်းပြေးပုံရတယ်။
နောက်တော့ မီးရထားကြီး နောက်ပြန် ဆုတ်ပေးတယ်။ ချောင်းဦးဘူတာက ကြိုဆိုသူတွေလဲ မီးရထား နောက်ပြန် ခုတ်လာတာမြင်မှ သူတို့ ဒိုးပတ်ဝိုင်းက ပြန်လှုပ်ရှားရပြန်တယ်။ ဘူတာကနေ အိပ်ယာလိပ်တွေ၊ အ၀တ်အိပ်တွေကို ကားပေါ် တင်ပြီး ကားက သယ်သွားပေးတယ်။ လူတွေက အိုးစည်ဒိုးတွေနောက်က ချောင်းဦး အ ထ က ကို လမ်းလျှောက်ကြရတယ်။ အဲဒီနေ့မှာ ချောင်းဦးက ကျွေးတဲ့ မနက်စာ၊ ညစာဟာ တော်တော်စား ကောင်းတာပဲ။ ဟင်းကတော့ ညမနက် အတူတူပဲ။ ၀က်သားတုံးက လက်သီးဆုပ် လောက်ကြီးတယ်။ ချက်ထားတာ နူးမြေ့နေတာပဲ။ ပဲတီပင်ပေါက် ချဉ်ဖတ်နဲ့ ငရုတ်သီးထောင်း၊ ဟာ့.... အတော်လိုက်ဖက်တာ။
နေ့ခင်းမှာ သွားရမယ့် ရွာတွေကို နေရာချတော့ ကိုယ်က မုံရွာရောက်နေတယ်။ ဆရာလင်းက ပြောထားတယ်၊ "ဟေ့ကောင်.. မင်းဘယ်မှ လျှောက်သွားမနေနဲ့နော်" တဲ့။ ကိုယ်ကလဲ ဆရာနဲ့ ရင်းပြီးသား ဆိုတော့ အလစ်မှာ 'ရန်အောင်မန်း' ကားတက်စီးပြီး မုံရွာက သူငယ်ချင်းတွေနဲ့ ဘီယာ သောက်နေလိုက်တာ ကိုယ်ပြန် ရောက်တော့ ရွာတွေ နေရာချပြီးနေပြီ။ ပြန်လာတော့ ဦးလင်းက မေးတယ်။ "မင်းဘယ်သွားနေလဲ.. ငါမင်းကို လိုက်ရှာနေတာ" ဒါနဲ့ ကျနော့်မှာ 'ရွှေလှေ' ဆိုတဲ့ ရွာကို ရတယ်။ အောင်ကျော်စိုးရယ်၊ ဇေလွမ်းရယ်၊ ကိုယ်ရယ်။
မနက်ရောက်လို့ တကယ်သွားမှ သိလိုက်ရတာ 'ရွှေလှေ'က ချောင်းဦးနဲ့ အဝေးဆုံး၊ ချင်းတွင်းမြစ်ကမ်း ပေါ်မှာ။ လာခေါ်တဲ့ ရွှေလှေက မူလတန်း ကျောင်းအုပ်ဆရာကြီးက မနက် လေးနာရီလောက်ကတည်းက လာလောနေပြီ။ နွားတွေ နေပူမယ်၊ မြန်မြန်လုပ်၊ မြန်မြန်လုပ်တဲ့။ ကမန်းကတန်း မျက်နှာသစ်ပြီး ထလိုက်သွားရတာ။ ရွှေလှေနဲ့ တတန်းထဲ ချင်းတွင်းကမ်းပါးမှာ သတင်းစာဆရာကြီးဦးညိုမြရဲ့ ဇာတိရွာ 'အမြင့်' ရှိတယ်။ သူ့တောင်ဘက်ကို ဆင်းလာရင် 'တောကျောင်း'၊ 'ရွှေလှေ' ပြီးတော့ 'အနိမ့်' ရွာတွေပဲ။ ဒီရွာတွေကတော့ ချောင်းဦးနယ်တလွှားမှာ ထန်းပင်တွေက များလိုက်ပါဘိ လို့ ဆိုရမလောက်။
ဝ/သ တွေကတော့ သိတဲ့အတိုင်း ချောင်းဦး-မုံရွာ ကားလမ်းဘေးက လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့ ရွာတွေမှာ နေရာယူလို့ပေါ့။ မှတ်မှတ်ရရ ယခု အာရ်ဖက်အေမှာ အလုပ် လုပ်နေတဲ့ မစမ်းစမ်းတင်တို့က ခင်မွန်ရွာမှာ ကျတယ်။ 'ခင်မွန်ရွာသူ မပိုးဖြူ' ဆိုတဲ့ (ဦး) တင်မိုး ကဗျာစာအုပ် ကြော်ငြာကို ပုဂံစာအုပ်တိုက်ထုတ် စာအုပ်တွေမှာ တွေ့တွေ့နေတော့ ဒီရွာကို သတိပြုမိခဲ့တာ။
ကျနော်မှတ်မိတာ ကျနော်တို့ စက်မှုတက္ကသိုလ်က ကျောင်းသားတွေကို အုပ်ချုပ်လာသူက ဆရာဦးလင်း၊ ၀ိဇ္ဇာသိပ္ပံက ကျောင်းသားတွေကို အုပ်ချုပ်လာသူက ဓါတုဗေဒဌာနက ဆရာဦးလှမြင့်။ ဘာဖြစ်လို့ မှတ်မိနေသလဲ ဆိုတော့ အသုံးလုံးပြီးလို့ အပြန်မှာလဲ အလာတုန်းက မီးရထားတွဲ အဖြစ်မျိုး ကြုံရပြန်တယ်။ ချောင်းဦး အသုံးလုံးကော်မတီက ကားတွေစီစဉ်ပြီး မန္တလေးကို ပြန်ပို့ပေးတယ်။ ကားစုံအောင် မရောက်ခင်မှာ စက်မှုတက္ကသိုလ်လို့ စက္ကူကပ်ထားတဲ့ ကားတစီးကို စက္ကူခွါပြီး ၀ိဇ္ဇာသိပ္ပံပြောင်းကပ်တယ်။ ကျောင်းသားက ဘယ်ခွါရဲမှာလဲ။ အုပ်ချုပ်လာသူ ဆရာပေါ့။ အဲဒီမှာ ဆရာနှစ်ယောက် ထိုးမယ်ကြိတ်မယ်ဖြစ်လို့ ကျောင်းသားတွေ ၀ိုင်းဖျင်ရတယ်။ တကယ်ချ ကြရင်တော့ ဆရာဦးလင်းက နိုင်မှာ။ သူက ကျောင်းက ဂျူဒိုအသင်းမှာ နည်းပြဆရာ။ ဂျူဒိုကောင်းကောင်း တတ်တယ်။

မောင်အေးခိုင်
၁၂/၂/၀၉။

အပြည့်အစုံ..သို့ ...>>>

Thursday, December 17, 2009

အိုမင်းရင့်ရော်တော့ အမေ့မေ့အလျော့လျော့နဲ့ပါ
ရေးသူ- လူထုဒေါ်အမာ


အမေ့ကို တနေ့က လူငယ်တဦးက အမေ ဒီအသက်ဒီအရွယ်ထိအောင် စာတွေ ရေးသားနေတာကို ကျွန်တော်ဖြင့် အားကျလိုက်တာ။ ကျွန်တော်ဖြင့် အမေ့လို ရေးနိုင်ချင်လိုက်တာလို့ ပြောတော့ အမေက သူ့စကားကြောင့် ၀မ်းသာရမလိုလို စိတ်ကြီးဝင်ရမလိုလို ဖြစ်မိသေးတယ်။
ဒါပေမယ့် အမေက စာကို မနေနိုင်သေးလို့သာ ရေးနေတာပါ။ စာက လူချင်းတူတူ၊ သူချင်းမျှမျှ ထိုက်ထိုက်တန်တန် စာမျိုး မထွက်တော့ပါဘူး။ အမေအသက်က ကြီးလှပြီ ဟုတ်လား။ အဲဒီတော့ မေ့တာ လျော့တာတွေက သိတ်များလာပြီပေါ့။
အမေ ဒီဇင်ဘာလထဲတုန်းက သေကောင်ပေါင်းလဲဖြစ်လို့ ဆေးရုံတက်ခဲ့ရတဲ့အခါ အမေ့အသက်ကို သေမင်းလက်က ၀ိုင်းလုရတယ်။ ဆရာဝန်ကြီးတွေကို အမေက ကျေးဇူးတင်စကား ရေးသားခဲ့တယ်။ အဲဒီအထဲမှာ အမေဆေးရုံပေါ်တုန်းက ချောင်းကလည်း ဆိုးနေလို့ ရင်ခေါင်းအထူးကုဆရာဝန်ကြီး ဦးဝင်းနိုင်လည်း ကုပေးရ ရှာတယ်။ ဒါကို အမေက သူ့နာမည်မေ့ထားခဲ့မိလို့ အမေ့မှာ စိတ်မကောင်းလိုက်တာ။ အားနာလိုက်ရတာ။



သူက တခြားဆရာဝန်ဆိုရင်လည်း တော်သေးရဲ့။ ခုတော့ အိမ်ချင်းကပ်နေတဲ့ ဆရာဝန်ဖြစ်ပြီး၊ သူ့သားလေးနှစ်ယောက်က အမေတို့အိမ်ကို မိုးလင်းတာနဲ့ လာကစားကြတာ။ သူ့ဇနီးကဆိုရင် (မန္တလေးသူ၊ မန္တလေးသားများ) ဆိုတဲ့ အမေရေးသားတဲ့ စာအုပ်ထဲမှာပါတဲ့ မိုက်သူကြီးဦးမောင်ကြီးရဲ့ မြေးပါ။ ကိုယ်နဲ့ ဒီလောက်နီးစပ် ရင်းနှီးနေတာ ဖြစ်ပေမယ့် သူ့ကို မေ့ထားခဲ့တယ်လေ။
အဲဒီတော့ အမေပြောချင်တာကတော့ ငါ့သားတို့ သမီးတို့ လုပ်ချင်တာရှိရင် ငယ်ရွယ်တုန်းမှာ ပြီးမြောက်အောင် လုပ်ကြ။ အသက်ကြီးလာပြီဆိုရင် ၆၀ ကျော်လောက်က စပြီး ဇရာက ဖိစီးလာတယ်။ ငြင်းမရလောက်အောင် သိသာလာတာတွေက ဆံပင် စဖြူလာတယ်။ မျက်စိမှုန်လာတာတွေ ဖြစ်လာတယ် မဟုတ်လား။ နို့ပေမယ့် ကိုယ်က ဆံပင်လေးဆိုးလို့ မျက်မှန်လေးတပ်လို့ ဇရာကို အံတုပါတယ်။ အဲဒီလို တုသာတုတယ် ဇရာကတော့ မှန်မှန်ကြီး ၀င်လာတာပါပဲ။
မျက်စိတို့ ဆံပင်တို့သာမက နားကပါ အကြားချို့တဲ့လာတယ်။ လူရဲ့ သတိ၊ အမှတ်အသားကလဲ နည်းနည်းချင်း လျော့ပါးပျက်စီးလာတယ်။ အဲဒီချို့ယွင်းချက်တွေဟာ ရပ်တယ်မရှိ၊ နားတယ်မရှိ ကိုယ့်ခန္ဓာ ကိုယ်ထဲ မှန်မှန်ကြီး ၀င်လာတာပါပဲ။
လူက လူအိုလူမင်း ဖြစ်လာတာနဲ့အမျှ လွှင့်မပစ်ရသေးတာကလွဲလို့ ဘာကမှ ဟုတ်တိပတ်တိ မကောင်းတော့ပါဘူး။ ဒါကြောင့် အမေက သားတို့ သမီးတို့ကို လုပ်စရာရှိတာ အရွယ်ကောင်းတုန်း အရွယ်ရှိတုန်း မအိုမင်းခင် လုပ်ကြဖို့ ပြောရတာပါ။
လူဆိုတာ စကားပီနားကြား လူတယောက်ရယ်လို့ ဖြစ်လာတယ်ဆိုရင် ပညာရှာတဲ့အရွယ်မှာ ပညာကို မရ အရရှာတယ်။ ပြီးတော့ ဒီလူ့လောကမှာ ငါကြီးလာရင် ငါဘာဖြစ်ချင်တယ်။ ငါဘာလုပ်ချင်တယ်ဆိုတဲ့ စိတ်ကူးရည်မှန်းချက် ရှိရမယ်။ အဲဒီအတိုင်းလည်း မဖြစ်မနေ ကြိုးစား လုပ်ရတယ်။
လုပ်တဲ့အခါမှာ အခက်အခဲတွေတော့ ရှိမှာပေါ့။ ဒါပေမယ့် ဒီအခက်အခဲတွေကို ရင်ဆိုင်ရတယ်။ ကျော်လွှားရတယ်။ တိုက်ပွဲဝင်ရတယ်။ ရှုံးတဲ့အခါလဲ ရှုံးတယ်။ ကိုယ်က နိုင်တဲ့အခါလဲ နိုင်တယ်။ နို့ပေမယ့် ဘ၀ဆိုတာ ဒါပဲ။ ကိုယ်သွားချင်တဲ့ဆီ ရောက်အောင် ဒီလို ဒရွတ်သီနဲ့ သွားရတာပါပဲ။
ဘ၀ဆိုတာ တိုက်ပွဲလို့ ကြီးတဲ့လူတွေက ပြောလေ့ရှိတယ်။ သိပ်ဟုတ်တာပေါ့။ အမေတို့များ အသက်က ကြီးလို့ ထင်ပါရဲ့။ တိုက်ပွဲပေါင်းလဲ မရေမတွက်နိုင်ခဲ့ဘူး။ ကိုယ်ရှုံးနိမ့်ခဲ့တာတွေလဲ အများကြီးမှ အများကြီးပါ။ အခုနေ ပြန်စဉ်းစားရင် မှတ်တမ်းတင်လို့တောင် ကုန်မယ်မထင်ဘူး။ အမေအ့ကို တချို့က ခေါင်းမာတယ်လို့ ဆိုတယ်။ ဟုတ်လေသလားလို့ မပြောတတ်ဘူး။ နို့ပေမယ့် ခေါင်းမမာရင် ဖတ်ကနဲ ဖတ်ကနဲ လန်ကျတဲ့အခါ ပြန်မထနိုင်ရင် လူတကာက နင်းချေသွားလို့ လူ့နင်းပြားဘ၀နဲ့ပဲ ရှိတော့မှာပေါ့။
ငါ့သားတို့ သမီးတို့ အမေ ပြောချင်တာက ဘ၀ကို ရင်ဆိုင်တဲ့အခါ အဲဒီ တိုက်ပွဲကိုလည်း မင်းတို့ တွေ့ကြ ကြုံကြမှာ အမှန်ပဲ။ တိုက်ပွဲမှာ ကိုယ်က ရှုံးရရင်၊ ရှုံးရလေခြင်း မအောက်မေ့ပါနဲ့။ ငါလိုလူတွေ အများကြီး ဒီလိုရှုံးရာက လူလဲထရတာပဲလို့ သိလိုက်ပါ။ ပြီးတော့ ဆက်လျှောက်ပါ။ အမေဖြင့် အသက်ရှည်လွန်းလို့ တိုက်ပွဲတွေက ပိုများသလား။ ငါက ခေါင်းမာလို့ပဲ ပိုခံရသလားလို့ အောက်မေ့မိပါရဲ့။ ဒါပေမယ့်လည်း အဲဒါလည်း မဟုတ်ပါဘူး။ အမေ့လောက် အသက်မကြီးပေမယ့် အမေ့ထက်ပိုများတဲ့ တိုက်ပွဲတွေကို ရင်ဆိုင်နေရ၊ ကျော်လွှားနေရတဲ့လူတွေ အများကြီး ရှိတာပါ။ ဒါဟာ လူ့ဘ၀ပါပဲ။ ဒါ့ကြောင့် အမေက နောက်ဆုံးစကားအနေနဲ့ လုပ်စရာရှိတာတွေကို သတ္တိနဲ့ပဲ လုပ်ကြ။ ကိုယ်ကရှုံးရင်လဲ ပြန်ထကြ၊ ငယ်တုန်းရွယ်တုန်း ကိုယ့်မှာ အားမာန် အပြည့်ရှိတုန်း လူ့ဘ၀ရဲ့ အခက်အခဲမှန်သမျှကို ရင်ဆိုင်ကြ၊ ကျော်လွှားကြပါ။ ဒါဟာ ဘာမှ မဆန်းပါဘူး။ လူတိုင်းလူတိုင်းဟာ တမျိုးမဟုတ်တမျိုး ကြုံတွေ့နေကြရတာချည်းပါပဲ။ အဲ.... အိုလာရင် လူစွမ်းလူစ ပိုပိုပြီး တုံးလာတယ်။ နောက်ဆုံးကျတော့ အားလုံးကို လက်မြှောက်လိုက်ရတဲ့ဘ၀ ရောက်လာလိမ့်မယ်။ ဒါ့ကြောင့် အချိန်အရွယ်ရှိတုန်း လုပ်စရာရှိတာတွေကို လုပ်ကြပေရော့လို့ အမေပြောလိုက်ပါရစေ။

ဒေါ်အမာ။
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၂၈၊ နိုဝင်ဘာ၊ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။]

အပြည့်အစုံ..သို့ ...>>>

သမိုင်းကောင်းတဲ့လူထု ပြည်သူချစ်တဲ့စာရေးဆရွာ
ရေးသူ- လူထုစိန်ဝင်း

"ဒီနှစ်နိုဝင်ဘာမှာ ဘာလုပ်ဦးမှာလဲ"
စက်တင်ဘာကုန်တာနဲ့ စာပေသမားတွေ မေးကြတဲ့ မေးခွန်းပါ။ လာသမျှလူတိုင်း မေးကြတာဖြစ်တယ်။ တောင်သမန်ကို လွမ်းရှာကြတာကိုး။
အမေလူထုဒေါ်အမာ အသက် ၇၀ ပြည့်တဲ့နေ့က စပြီး လူငယ်စာပေသမားတွေ စတင်လှုံ့ဆော်ကျင်းပ ခဲ့ကြတဲ့ တောင်သမန်အင်းစောင်းက မွေးနေ့အခမ်းအနားကို နှစ်ပေါင်းနှစ်ဆယ်ကျော် နှစ်စဉ်မပျက် တက်ခဲ့ကြတာ ဆိုတော့ လွမ်းသင့်တာပါ့လေ။ အမေမာက ဒါမျိုးတွေ မကြိုက်ပေမယ့် နိုင်ငံတနံတလျားက စာပေသမား လူငယ်လုံမငယ်တွေကို စုစုစည်းစည်းတွေ့ရတာကိုတော့ ကြည်နူးရှာတယ်။ ဒါ့ကြောင့် လူငယ်တွေ လုပ်ကြတာကို မတားမြစ်တော့ဘူး။ ဒီပွဲကို လူငယ်လေးတွေသာမက အမေ့ထက်တောင် နည်းနည်းပိုကြီးသေးတဲ့ ရန်ကုန် စာပေလောက စာအုပ်တိုက်ကြီးရဲ့ဖခင်ကြီး သခင်ခင်ညွန့်လို ပုဂ္ဂိုလ်မျိုးလည်း ကြိုးစားပြီး အရောက်လာလေ့ ရှိတယ်။ စာရေးဆရာတွေ စာနယ်ဇင်းသမားတွေသာမကဘူး၊ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ စတဲ့ ဒေသများက ကျောင်းသူ ကျောင်းသားအရွယ် ခပ်ငယ်ငယ်ကလေးတွေလည်း နှစ်စဉ်မပျက်မကွက် ရောက်လာကြတယ်။ ဆရာတော် သံဃာတော်များလည်း စကု၊ စလင်း၊ မင်းဘူးစတဲ့ ဒေသများက ရောက်လာကြတယ်။ ချင်းတောင်တန်းက သံဃာများလည်း နှစ်စဉ် လာလေ့ရှိတယ်။ နှစ်စဉ်နှစ်တိုင်း ရဟန်းရှင်လူ လေး၊ ငါး၊ ခြောက်ရာလောက် ရောက်ကြမြဲ ဖြစ်တယ်။
အမေက ပြည်သူချစ်သော စာရေးဆရာမကြီးတယောက် ဖြစ်တာကိုး။ အမေကလည်း ပြည်သူတွေကို ချစ်ပါတယ်။



အမေ့ဘ၀ တလျှောက်လုံးမှာ ခပ်ငယ်ငယ် ကောလိပ်ကျောင်းသူလေး ဘ၀ကတည်းကိုက ပြည်သူတွေနဲ့ တသားတည်းကျအောင် နေခဲ့တာပါ။ ကိုအောင်ဆန်းတို့၊ ကိုဘဟိန်းတို့နဲ့အတူ နယ်ချဲ့ဆန့်ကျင်ရေး သပိတ်တပ်ဦးမှာ ပါခဲ့တာပါ။ တချို့ ကျောင်းသားခေါင်းဆောင်တွေ သပိတ်လှန်ပြီး ကျောင်းပြန်ဝင်သွားကြပေမယ့် မန္တလေး မအမာကတော့ ရာသက်ပန်သပိတ်မှောက်ပြီး ကောလိပ်ကို ကျောခိုင်းခဲ့ပါတယ်။ အဲဒီနောက် သတင်းစာဆရာ မအမာ ဖြစ်လာတော့လည်း သူ့ကလောင်နဲ့ သူ့သတင်းစာဟာ တကယ့်ကို "ပြည်ကြီးပခုံး" "ပြည်ကြီးလက်ရုံး" ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုး နစ်နာထိခိုက်စေမယ့် ကိစ္စမှန်သမျှမှာ အမုန်းခံ၊ အညှိုးအတေးခံပြီးတော့ကို ရဲရဲဝံ့ဝံ့ ထောက်ပြဝေဖန် ရေးသားခဲ့ပါတယ်။ အဲဒါကြောင့်လည်း မန္တလေးကထုတ်တဲ့ စောင်ရေသိပ်များလှတာ မဟုတ်တဲ့ "လူထု" သတင်းစာရဲ့ သြဇာဟာ တနိုင်ငံလုံးအထိ ညောင်းခဲ့တာ ဖြစ်ပါတယ်။ ဒီလို သမိုင်းကောင်းခဲ့လို့လဲ လူထုသတင်းစာဟာ ပြည်သူများရဲ့ အားပေးထောက်ခံမှုကို ရခဲ့တာပါ။
သတင်းစာသမားဘ၀မှာ မုန်တိုင်းတွေကို ဘယ်လိုခါးစည်းပြီး ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ခဲ့ရသလဲဆိုတာ တနိုင်ငံလုံးက သိကြပါတယ်။ ဒါကြောင့်လဲ အခုလို "အမေ... အမေ" နဲ့ ချစ်နေကြတာပါ။ ချစ်ခင်လေးစားမှုဆိုတာ လုပ်ယူလို့ ရတာမျိုးမှ မဟုတ်တာ။ လူတွေရဲ့ ရင်ထဲက အလိုလို ဖြစ်လာကြတာလေ။
လူထုသတင်းစာကို စထုတ်တဲ့ (၁၉-၄-၄၆) နေ့ကနေ ရပ်ဆိုင်းသွားခဲ့ရတဲ့ (၇-၇-၆၇) နေ့အထိ တရက်မကျန် ပြန်လှန်ကြည့်ပြီးတော့ ဆိုခဲ့တဲ့ ပေတံနဲ့ တိုင်းကြည့်လိုက်မယ်ဆိုရင်....
၁၉၄၆- ၄၇- ၄၈ ကာလများ ရန်ကုန်မြို့ကြီး ဖက်ဆစ်ဂျပန်တို့ လက်အောက် ရှိနေဆဲကာလ မန္တလေးကို မဟာမိတ်တပ်တွေ သိမ်းပြီးပြီးချင်း ဦးလေးလှက ဆရာဦးကျော်ရင် (ပါမောက္ခချုပ်ဟောင်း-ကွယ်လွန်) နဲ့ လက်တွဲပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး ဖတပလ (ဖဆပလ) ဆိုင်းဘုတ်ကို တင်ခဲ့ပါတယ်။ ဦးလေးလှဟာ နောင်မှာ သူ့ကို ထောင်သွင်းအကျဉ်းချထားခဲ့တဲ့ ဖဆပလအဖွဲ့ကြီးကို စတင်တည်ထောင်ခဲ့သူလို့ ဆိုနိုင်ပါတယ်။ လူထုသတင်းစာဟာ ဖတပလ နဲ့အတူ လွတ်လပ်ရေးတိုက်ပွဲဝင် "ပြည်ကြီးလက်ရုံး" အဖြစ်ပါဝင်ခဲ့။
၁၉၄၉ ခု ဧပြီ ၂၄ ရက်..။ ဖဆပလ အစိုးရက သတင်းစာတိုက်ကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲခဲ့။
၁၉၄၉ ခု နိုဝင်ဘာ ၁ ရက် သတင်းစာ ပြန်လည်ထုတ်ခဲ့။ ၁၉၅၃ ခုမှ ၁၉၅၆ ခုအထိ လူထုဦးလေးလှအား ဖဆပလ အစိုးရက ပုဒ်မ (၅) ဖြင့် ရန်ကုန်ထောင်ကြီးမှာ ချုပ်နှောင်ထားခဲ့။ ၁၉၅၆ ခု မေလ (၁၀) ရက်မှ အောက်တိုဘာ (၁) ရက်အထိ လူထုသတင်းစာအယ်ဒီတာချုပ် ဆရာကြီးရွှေဥဒေါင်းအား ပုဒ်မ (၅) ဖြင့် ဖမ်းဆီး ထားခဲ့။
၁၂-၃-၁၉၅၉... သတင်းစာချိတ်ပိတ်ခံရ။
၁၀-၅-၁၉၆၀.... သတင်းစာပြန်ထွက်။
၇-၇-၁၉၆၇.... သတင်းစာရပ်စဲခံရ။
ဂျပန်ဖက်ဆစ်တို့ရဲ့ အဓမ္မ၀ါဒကို ပြည်သူတရပ်လုံးနှင့်အတူ တွန်းလှန်တိုက်ခိုက်ခဲ့ပေမယ့် အမေရိကန်က သူ့ရဲ့ အသစ်စက်စက် အနုမြူဗုံးလက်နက်ဆန်းကို အာရှတိုက်သား ဂျပန်လူမျိုးတွေအပေါ် စမ်းသပ်ဖောက်ခွဲခဲ့တဲ့ ရာဇ၀တ်မှုကြီးကို ဆန့်ကျင်ရှုတ်ချခဲ့ပါတယ်။
ကိုးရီးယားကျွန်းဆွယ်စစ်ပွဲကြီး ဖြစ်ပွါးလာတဲ့အခါလည်း အမေရိကန် နယ်ချဲ့လက်သစ်တွေက ကုလသမဂ္ဂအဖွဲ့ကို ခုတုံးလုပ်ပြီး ၀င်ရောက်စွက်ဖက် ချယ်လှယ်ခဲ့တာကို ဆန့်ကျင်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ကနေဒီ လုပ်ကြံသတ်ဖြတ်ခံရတော့ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှုကို ရှုတ်ချခဲ့ပါတယ်။
အမေရိကန်နယ်ချဲ့ရဲ့ လက်ပါးစေအဖြစ် နိုင်ငံကို နှစ်ခြမ်းခွဲပစ်ခဲ့တဲ့ ငိုဒင်ဇင်း၊ ငိုဒင်နု ညီနောင်ရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ခဲ့ပေမယ့် သူတို့ညီနောင်ကို စီအိုင်အေက အာဏာသိမ်းပိုက်ပုံဏ္ဍာန် ဖန်တီးပြီး သတ်ဖြတ်ပစ်ခဲ့တဲ့ အမေရိကန်နယ်ချဲ့သမားကို အပြင်းအထန် ရှုတ်ချကန့်ကွက်ခဲ့ပါတယ်။
နယ်ချဲ့အရင်းရှင်စနစ်ကြီးကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးဖက်က တလျှောက် လုံး ထောက်ခံအားပေးလာခဲ့ပေမယ့် အဲဒီ ဆိုဗီယက်ကိုယ်တိုင်က နယ်ချဲ့လမ်းစဉ်ကို လိုက်ပြီး "ဆိုရှယ်နယ်ချဲ့" ဘ၀ကို ကူးပြောင်းသွားတော့လည်း ပြတ်ပြတ်သားသား ဆန့်ကျင်ဝေဖန်ခဲ့ပါတယ်။
ဘာတစ္စတာ အာဏာရှင်ရဲ့ နယ်ချဲ့လက်ဝေခံ အစိုးရကို တော်လှန်ပုန်ကန်ပြီး ကျူးဘားနိုင်ငံသစ်ကို ထူထောင်ခဲ့တဲ့ ကတ်စ်ထရိုကို ချီးကျူးထောက်ခံခဲ့ပေမယ့် ကိုယ့်နိုင်ငံကို ဆိုဗီယက်ရဲ့ လက်ဝေခံ ရုပ်သေးရုပ် အဖြစ် အရောက်ခံခဲ့တဲ့ ကတ်စ်ထရိုကိုတော့ ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။
နယ်ချဲ့အမျိုးမျိုးရဲ့ လက်အောက်က လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဖရိကနဲ့ လက်တင် အမေရိကတိုက်က နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲဝင်တွေကို ထောက်ခံခဲ့ပေမယ့် လွတ်လပ်ရေးရပြီးနောက် ဖိနှိပ်ချုပ်ချယ်ရေးဝါဒကို ကျင့်သုံးလာကြသူတွေကိုတော့ ဆန့်ကျင်ဝေဖန်ခဲ့ပါတယ်။
ဗြိတိသျှနယ်ချဲ့သမားတွေရဲ့ လက်အောက်က လွတ်မြောက်ရေးအတွက် ရဲရဲတောက် တိုက်ပွဲဝင်ခဲ့တဲ့ အစ္စရေးနိုင်ငံသားတွေကိုယ်တိုင်က ပါလက်စတိုင်းလူမျိုးတွေရဲ့ နယ်မြေကိုအဓမ္မသိမ်းယူခဲ့ပြီး ပါလက်စတိုင်း လူမျိုးတွေကို နိုင်ငံမဲ့လူမျိုးတွေ ဖြစ်အောင် လုပ်ခဲ့တာကိုတော့ ဆန့်ကျင်ခဲ့ပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲဝင် အိန္ဒိယခေါင်းဆောင်ကြီးနေရူးကို ထောက်ခံခဲ့ပေမယ့် အိမ်နီးချင်း နိုင်ငံလေးတွေ ဖြစ်ကြတဲ့ နီပေါ၊ ဆစ်ကင်၊ ဘူတန်နဲ့ သီဟိုနိုင်ငံတို့အပေါ် ဗိုလ်ကျလွှမ်းမိုးချင်တဲ့ နေရူးကိုတော့ ဆန့်ကျင်ဝေဖန်ခဲ့ပါတယ်။
အာရှလွှမ်းမိုးရေး ရည်ရွယ်ချက်နဲ့ လက်သစ်ကိုလိုနီနယ်ချဲ့သမားက ဖွဲ့စည်းထူထောင်ခဲ့တဲ့ ဆီးတိုး၊ စင်တိုး စတဲ့အဖွဲ့တွေမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး ပြည်တွင်းမှာလည်း အဓမ္မ၀ါဒကို ကျင့်သုံးခဲ့တဲ့ မာရှယ် အယွတ်ခန်ရဲ့ ပါကစ္စတန်နိုင်ငံကို ရှုတ်ချခဲ့ပေမယ့် ကက်ရှ်မီးယားပြည်နယ်ကို အိန္ဒိယက သိမ်းပိုက်စိုးမိုးထားတဲ့ ကိစ္စမှာတော့ ပါကစ္စတန်နိုင်ငံဖက်က ထောက်ခံ ရပ်တည်ခဲ့ပါတယ်။
ကြားနေနိုင်ငံတခုဖြစ်တဲ့ လောနိုင်ငံရဲ့ ၀န်ကြီးချုပ် မင်းသားကြီး သုဝဏ္ဏဖူးမားကို စီအိုင်အေရဲ့ လက်သပ်မွေး စစ်ဗိုလ်တစုက ဖြုတ်ချ အာဏာသိမ်းခဲ့စဉ်က မင်းသားကြီးဖက်က ထောက်ခံအားပေးခဲ့ပေမယ့် အာဏာပြန်ရတဲ့အခါကျတော့ မင်းသားကြီးက သူ့ရဲ့ညီတော် မင်းသားကြီးသုဖာနုဝဏ်ရဲ့ ပသက်လောအဖွဲ့ကို ပြည်တွင်းစစ်ခင်းပြီး တိုက်ခိုက်ခဲ့တာကိုတော့ ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။
အဲဒီအချက်တွေဟာ စာမျက်နှာတွေက ပြောဖြစ်နေတဲ့ လူထုသတင်းစာရဲ့ သမိုင်းပေါ့။
"နေသောင်းထောင် အရောင်မညှိုးသလိုပ
ပြေကောင်းအောင် ဆောင်မကိုးရယ်လို့
ရွှေဒေါင်းတောင် ကလောင်တမျိုးရယ်နှင့်
တောင်ရိုးမှာ ဆရာကြဲမပေါ့လို့...."
ကြွေးကြော်ခဲ့တဲ့ ကျေးဇူးရှင်ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ရှေ့ဆောင်လမ်းညွှန်မှုအတိုင်း မဖောက် မပြန်၊ မသွေမဖယ် ချွေးနဲ့သွေးနဲ့ ရေးခဲ့ကြတဲ့ သမိုင်းပါ။
ဒီလို သမိုင်းကောင်းပြီး တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့အတွက် တိုင်းပြည်နဲ့လူမျိုးက ပြန်ချစ်တာပါ။ ကျွန်တော်တို့တတွေ ဒါကို ကောင်းကောင်းသတိထားသင့်တယ်။ စာရေးဆရာဆိုတာ ပြည်သူစာဖတ်ပရိသတ် အားပေးမှ ရပ်တည်ချင်တာ ဖြစ်တယ်။ ပြည်သူကို မချစ်တဲ့ မငဲ့ကွက်တဲ့ စာရေးဆရာမျိုးကို ဘယ်ပြည်သူက ချစ်မှာ အားပေးမှာလဲ။ အမေမာလို ပြည်သူချစ်တာက အမေမာက ပြည်သူကို ချစ်လို့ ဖြစ်တယ်။ ကျွန်တော်တို့တတွေလည်း ပြည်သူချစ်တာ အားပေးတာ ခံယူချင်ရင် အမေမာလိုပဲ တသက်လုံး ပြည်သူဘက်က ရပ်ရပါလိမ့်မယ် ဆိုတဲ့အကြောင်း နှိုးဆော်လိုက်ရပါတယ်။

လူထုစိန်ဝင်း
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၂၈၊ နိုဝင်ဘာ၊ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။]

အပြည့်အစုံ..သို့ ...>>>

Wednesday, December 16, 2009

သမိုင်းခေတ်ကြေးမုံပြင်ပေါ်က မဟာဗီယက်နမ်စစ်ပွဲနဲ့ အမေလူထုဒေါ်အမာ
ရေးသူ- နိုင်မြင့် (လူထုစာကြည့်တိုက်)


ကျွန်တော်တို့ရဲ့ သမိုင်းခေတ်မှာ ဗီယက်နမ်စစ်ပွဲဆိုတာ လူတိုင်းအတွက် သမိုင်းခေတ်ကြေးမုံပြင် ပေါ်ကနေ ထာဝစဉ် လွမ်းဆွတ်ထင်ဟပ်ပြနေမယ့် ၀မ်းနည်းကြေကွဲစရာ ဇာတ်လမ်းတပုဒ်ပဲ ဖြစ်ပါတယ်။
ဒီဖောက်ပြန်လွန်းတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ မဖြစ်ပွါးခင် ကမ္ဘာကြီးက ရယူပိုင်ဆိုင်ထားတဲ့ အခြေအနေ တွေကို လေ့လာကြည့်တဲ့အခါ နိုင်ငံပေါင်း ၃၀ ကျော် ပါဝင်ပြီး ၆ နှစ်ကြာ ဆင်နွှဲခဲ့ကြတဲ့ ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ ဒုတိယကမ္ဘာစစ်ကြီးဟာ ဂျပန်က ၁၉၄၅၊ သြဂုတ်လ ၁၄ ရက်နေ့မှာ ချွင်းချက်မရှိ လက်နက်ချကြောင်း ကြေညာလိုက်တဲ့အတွက် ပြီးဆုံးသွားခဲ့ပါတယ်။ ဒီချွင်းချက်မရှိ လက်နက်ချခြင်းရဲ့ ၀န်းကျင်မှာ ရှိတဲ့ ဖြစ်စဉ်တွေကို စေ့ငုကြည့်တဲ့အခါ သြဂုတ် ၆ ရက်နေ့မှာ 'ဟီရိုရှီးမား' ကို အမေရိကန်က အနုမြူဗုံးကျဲချတာ၊ သြဂုတ် ၈ ရက်နေ့မှာ ရုရှားက ဂျပန်ကို စစ်ကြေညာတိုက်တာ၊ သြဂုတ် ၉ ရက်နေ့မှာ 'နာဂါဆာကီ' ကို အမေရိကန်က အနုမြူဗုံးကျဲချတာ၊ သြဂုတ် ၁၁ ရက်နေ့မှာ တရုတ်က အထွေထွေ ထိုးစစ်စတင်ကြောင်း ကြေညာတာတွေကို တွေ့ရမှာ ဖြစ်ပြီး သြဂုတ်လ ၁၄ ရက်နေ့မှာ ဂျပန်က ချွင်းချက်မရှိ လက်နက်ချကြောင်း ရေဒီယိုမှာ ကြေညာတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။



ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ဒုတိယကမ္ဘာစစ်ပြီး အခြေအနေတွေဟာ စစ်အေးတိုက်ပွဲ၊ ကိုးရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ၊ ဘက်မလိုက်လှုပ်ရှားမှု၊ စစ်အုပ်စုများ ဖွဲ့စည်းခြင်းစတဲ့ စနစ်နှစ်ရပ် တိုက်ပွဲတွေအဖြစ် ယနေ့တိုင် ထင်ဟပ်ဖော်ပြနေတာ တွေ့ရမှာ ဖြစ်ပါတယ်။
သို့ပေမယ့် ၁၉၄၅ ခုနှစ်အတွင်းမှာ ကမ္ဘာစစ်ကြီးတခု ပြီးဆုံးသွားတာမျိုး ရှိသလို၊ 'ယော်လ်တာကွန်ဖရင့်'၊ 'မော်စကိုကွန်ဖရင့်'၊ 'ဆန်ဖရန်စစ္စကိုကွန်ဖရင့်'၊ 'ဒမ်ဘာတန်အုခ်ကွန်ဖရင့်' စတဲ့ ကွန်ဖရင့်တွေ ကျင်းပပြီး၊ ကမ္ဘာ့ကုလသမဂ္ဂကြီးကို ဖွဲ့စည်းနိုင်တာမျိုး၊ လုံခြုံရေးကောင်စီမှာ အသုံးပြုမယ့် 'ယော်လ်တာဖော်မြူလာ' လို့ ခေါ်တဲ့ 'ဗီတို' အာဏာမဲကို အကြံပြုတင်ပြပြီး သဘောတူဆုံးဖြတ်တာမျိုးတွေ ပြုလုပ်နိုင်ခဲ့တာလည်း ရှိပါတယ်။ သို့ပေမယ့် ကိုးရီးယားကျွန်းဆွယ်၊ အင်ဒိုချိုင်းနားကျွန်းဆွယ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ကိုလိုနီနယ်ချဲ့နိုင်ငံ ဟောင်းတွေက မိမိတို့ရဲ့ အပိုင်စား ကိုလိုနီနိုင်ငံတွေကို ပြန်လည်ရရှိရေးအတွက် ခြေသွက်တဲ့ လှုပ်ရှားမှုတွေကို လှုပ်ရှားလာကြသလို၊ ဒေသခံနိုင်ငံတွေရဲ့ အမျိုးသား လှုပ်ရှားမှုတွေကို တိုက်ပွဲသဏ္ဍန်အမျိုးမျိုးနဲ့ စတင်လှုပ်ရှား လာတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ ဗီယက်နမ်နိုင်ငံက ၁၉၄၅ သြဂုတ်လမှာ 'သြဂုတ်လတော်လှန်ရေး' ကို စတင်ဆင်နွှဲပြီး အင်ဒိုနီးရှားနိုင်ငံက လွတ်လပ်ရေး ကြေညာပါတယ်။ အဲဒီမှာ ဆူကာနိုက သမ္မတဖြစ်လာပါတယ်။ အင်ဒိုနီးရှား အမျိုးသားတပ်မတော်ကိုလည်း အဲဒီလမှာပဲ ဖွဲ့စည်းထူထောင်ပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့ရောက်တော့ ဗီယက်နမ်က လွတ်လပ်ရေးကြေညာပြီး ဟိုချီမင်းက သမ္မတ ဖြစ်လာပါတယ်။ ၁၉၄၆ ရောက်တော့ ပြင်သစ်က 'ကိုချင်' (Cochin) ဒေသမှာ ဘုရင်ဟောင်း ဘိုဒိုင်းကို ခေါင်းဆောင်ထားပြီး ရုပ်သေးအစိုးရတရပ် ဖွဲ့ပေးပါတယ်။ ၁၉၄၇ ရောက်တော့ အမေရိကန်က သူ့ရဲ့ အရှေ့ဖျားစစ်ဌာနချုပ်ကို ဖိလစ်ပိုင်နိုင်ငံမှာ ထူထောင်လိုက်ပါတယ်။ အဲဒီနှစ် ဧပြီမှာ မလေးရှားနိုင်ငံမှာရှိတဲ့ ဗြိတိသျှကိုလိုနီရုံးက မလေးရှားကွန်မြူနစ်ပါတီကို မတရားအသင်း ကြေညာပါတယ်။ အဲဒီနှစ် ဧပြီ ၁၂ရက်နေ့မှာ အမေရိကန်က ထရူမင်ဝါဒ (Truman Doctrine) ကို ကြေညာပါတယ်။ ဒါက ကွန်မြူနစ် အဖျက်လုပ်ငန်းတွေကို ထိုးနှက်တိုက်ခိုက်ရာမှာ ငွေကြေးအရ ဂရိနိုင်ငံနဲ့ တူရကီနိုင်ငံကို ကူညီဖို့အတွက် သမ္မတက ကွန်ဂရက်မှာ တင်ပြရာက ပေါ်လာတဲ့ ၀ါဒပါ။ ဒီကိစ္စမှာ အမေရိကန် ဒေါ်လာသန်း ၄၀၀ အကူအညီပေးဖို့ ကွန်ဂရက်က သဘောတူတာ တွေ့ပါတယ်။ တဖက်က ငွေအားကြေးအားတွေနဲ့ လှုပ်ရှားလာတော့ တဖက်က တုန့်ပြန်လှုပ်ရှားလာတဲ့အတွက် စစ်အေးတိုက်ပွဲကြီး ဖြစ်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
၁၉၄၈ မှာ မြန်မာနိုင်ငံနဲ့ သီဟို (သီရိလင်္ကာ) နိုင်ငံက လည်းကောင်း၊ ၁၉၄၉ မှာ တရုပ်နိုင်ငံက လည်းကောင်း၊ ၁၉၅၀ မှာ အိန္ဒိယနိုင်ငံက လည်းကောင်း အသီးသီး လွတ်လပ်ရေး ကြေညာနိုင်ခဲ့ကြပါတယ်။ အဲဒီနှစ် ဖေဖော်ဝါရီမှာ အမေရိကန်အစိုးရက ဘိုဒိုင်းရုပ်သေးအစိုးရကို တရားဝင်အသိအမှတ်ပြုကြောင်း ကြေညာပါတယ်။ ဇွန် ၂၇ ရောက်တော့ အမေရိကန် စစ်မစ်ရှင်အဖွဲ့ကို တောင်ဗီယက်နမ် ဆေးဂုံမြို့သို့ စေလွှတ်ပါတယ်။ ၁၉၅၂ နှစ်မှာ အိုက်ဆင်ဟောင်ဝါက အမေရိကန် သမ္မတ ဖြစ်လာပါတယ်။ ၁၉၅၄ ခုနှစ်မှာ ပြင်သစ်တို့ရဲ့ ဒိုင်ဗင်ဖူးခံတပ်ကို ဗီယက်နမ်က စတင်တိုက်ခိုက်ပါတယ်။ အဲဒီနှစ် ဧပြီ ၂၆ မှာ ဂျနီဗာ ကွန်ဖရင့် စတင်ပါတယ်။ ၎င်းနှစ် မေလ ၇ ရက်မှာ မြောက်ဗီယက်နမ်ရှိ ဒိုင်ဗင်ဖူးတိုက်ပွဲမှာ ပြင်သစ်တွေ အထိနာ နေတဲ့အတွက် အမေရိကန်က အနုမြူဗုံးသုံးဖို့ စဉ်းစားခဲ့သေးတာ တွေ့ရပါတယ်။ ဗီယက်နမ်နဲ့ ပြင်သစ်တို့ ဖြစ်ကြတဲ့ အင်ဒိုချိုင်းနား ပထမစစ်ပွဲ (၁၉၄၆- ၁၉၅၄) အတွက်ပြုလုပ်တဲ့ ဂျနီဗာကွန်ဖရင့်မှာ သဘော တူညီချက်အရ ၁၇ မျဉ်းပြိုင်မှာ တောင်-မြောက် နှစ်နိုင်ငံ ယာယီပိုင်းခြားထားရေးကို သဘောတူညီ လက်ခံလိုက်ကြပါတယ်။ ဗီယက်နမ်၊ လော နဲ့ ကမ္ဘောဒီယားတို့ရဲ့ လွတ်လပ်ရေးကို ကွန်ဖရင့်မှာ သဘောတူညီတဲ့အတွက် လွတ်လပ်သွားကြပါပြီ။ သို့ပေမယ့် အမေရိကန်က ကွန်ဖရင့်သဘောတူညီချက်ကို လက်မှတ်မထိုးဘဲ တောင်ဗီယက်နမ် ဆေးဂုံအစိုးရကို စစ်ရေးအကူအညီတွေ တိုက်ရိုက်ပေးသွားမယ်လို့ သမ္မတအိုက်စင်ဟောင်ဝါက ကြေညာပါတယ်။
၁၉၅၅ မှာ အာရှ၊ အာဖရိက လွတ်လပ်တဲ့ နိုင်ငံတွေက 'ဘန်ဒေါင်းညီလာခံ' ကို ကျင်းပပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူတွေကို ချမှတ်ကြပါတယ်။ နယ်ချဲ့စနစ်ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေက တပ်ပေါင်းစု သဏ္ဍာန်နဲ့ ရပ်ခံကြဖို့ ပြင်ဆင်ကြတဲ့ သဘောပါ။
၁၉၆၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှာ ကနေဒီက အမေရိကန် သမ္မတ ဖြစ်လာပါတယ်။ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ မှာ တောင်ဗီယက်နမ် အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို ထူထောင်ပါတယ်။
ကွန်မြူနစ် မြောက်ဗီယက်နမ်နဲ့ ကွန်မြူနစ်မဟုတ်တဲ့ တောင်ဗီယက်နမ်တို့ တိုက်ကြတဲ့ ဒုတိယ အင်ဒိုချိုင်းနားစစ်ပွဲ သို့မဟုတ် ဗီယက်နမ်စစ်ပွဲ (၁၉၅၆-၁၉၇၅) အတွင်းကို အမေရိကန်က စစ်ရေး၊ စီးပွါးရေး အကူအညီတွေ တိုးမြှင့်ပေးပြီး ၀င်လာပါတယ်။ ပထမပိုင်းမှာ စစ်အကြံပေးတွေ စေလွှတ်ပြီး နောက်ပိုင်းမှာ စစ်တပ်နဲ့ ၀င်တိုက်ပေးတာ။ လေယာဉ်နဲ့ ဗုံးကြဲပေးတာတွေ လုပ်လာပါတယ်။ ဗီယက်နမ်စစ်ပွဲကို ကမ္ဘာ့ပြည်သူတွေ၊ အမေရိကန်ပြည်သူတွေနဲ့ အမေရိကန်ကျောင်းသားတွေက တဖက်က အပြင်းအထန် ဆန္ဒပြ ကန့်ကွက်ကြပြီး ဗီယက်နမ်းပြည်သူတွေက အသေခံ တိုက်ပွဲဝင်တဲ့အတွက် ၁၉၇၃ ခုနှစ်မှာ အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းသွားပြီး ၁၉၇၅ မှာ ဆေးဂုံမြို့ကို မြောက်ဗီယက်နမ်တပ်တွေ သိမ်းပိုက်လိုက်တဲ့အတွက် အမေရိကန် သမ္မတ ၄ ဆက်ကြာ တိုက်ရတဲ့ စစ်ပွဲဟာ ပြီးဆုံးသွားပါတယ်။ ဒီစစ်ပွဲမှာ အမေရိကန်စစ်သား ၅ သိန်း ပါဝင်တိုက်ခိုက်ခဲ့တာ တွေ့ရမှာ ဖြစ်ပြီး၊ စစ်ပွဲပြီးတော့ စာရင်းကောက်ကြည့်တဲ့အခါ ဗီယက်နမ်ပြည်သူ ၃ သန်း သေကြေပျက်စီးပြီး အမေရိကန်စစ်သား ၅ သောင်း သေဆုံးကြောင်း သိရပါတယ်။ ဒါဟာ ဗီယက်နမ်မှာလည်း အမေရိကန်ရဲ့ 'ဟီရိုရှီးမား' နေ့တနေ့ ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
၁၉၆၂ မှာ လော စစ်မြေပြင်ကို ကိုယ်တိုင်သွားပြီး စာအုပ်တအုပ်ရေးခဲ့တဲ့ အမေရိကန် သတင်းစာ ဆရာမကြီး အင်နာလူဝီစထရောင်းက အမေရိကန်ရဲ့ အာရှရည်မှန်းချက်နဲ့ ပတ်သက်ပြီး ဤသို့ ရေးပါတယ်-
"ကိုးရီးယားစစ်ကို တိုက်ခြင်း။ ထိုင်ဝမ်ကို စစ်စခန်းလုပ်ခြင်း။ အင်ဒိုချိုင်းနားသို့ အမေရိကန်အမြန်ဆုံး ထွင်းဖောက်ဝင်ရောက်ခြင်းသည် တရုတ်ပြည်ကို စစ်ရေးဖြင့် ၀ိုင်းထား၍ တရုတ်ပြည်သစ်အား ချေမှုန်းပစ်ရေး အစီအစဉ်၏ တစိတ်တပိုင်းသာ ဖြစ်ပေသည်။ အမေရိကန်သည် တခြားအရှေ့တောင် အာရှနိုင်ငံတိုင်းသို့လည်း ထွင်းဖောက်ဝင်ရောက်ရန် ကြိုးစားလေသည်" ဟူ၍ ဖြစ်ပါတယ်။
ထိုနည်းတူစွာပဲ ၁၉၅၅ ခုနှစ်ရောက်တော့ အမေလူထုဒေါ်အမာက လူထုဂျာနယ်၊ အမှတ် ၁၈ မှာ ဆောင်းပါးတစောင် ရေးပါတယ်။ ဆောင်းပါးရဲ့ ခေါင်းစဉ်အမည်က 'ကျုပ်တို့အာရှ' ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာ ပါတဲ့ အမေမာရဲ့ ရေးသားချက်တချို့ကို ဖော်ပြရမယ်ဆိုရင်-
"ကျုပ်တို့၏ အာရှတိုက်ကြီးကို သနား ကရုဏာ သက်ရှာကြသည့် အမေရိကန် နယ်ချဲ့တို့၏ အသံမှာ နားဝင်ချိုလှပါသည်။ အမေရိကန်တွေသည် ကျုပ်တို့ အာရှတိုက်သားတွေကို တကယ်ချစ်ခင် ကြင်နာသူများ ဖြစ်ပါတယ်။ ကျုပ်တို့၏ 'လွတ်မြောက်ရေး' ကျုပ်တို့၏ 'ဒီမိုကရေစီရေး'၊ ကျုပ်တို့၏ 'ကြီးပွါးချမ်းသာရေး' များကို တကယ်ပင် လိုလားကြပါသည်။ သြော်... သာဓု၊ သာဓု၊ ကောင်းလေစွတကား၊ ကြောက်မက်ဖွယ်ကောင်း လှပေသော 'ကွန်မြူနစ် ဘေးဆိုး၊ ရန်ဆိုး၊ အန္တရာယ်ဆိုးကြီး' မှ လွတ်ကင်းစေချင် ကြသည်တကား။ သို့ကြောင့်လည်း အမေရိကန် ကျေးဇူးရှင် မိတ်ဆွေကြီးများက အရိုင်းအစိုင်း မသိနားမလည် ခေတ်မမှီရှာသည့် ကျောမွဲ အာရှတိုက်သားများကို ဗုံးမိုးရွာပေးလိုက်ပြီး သူတို့၏ ယဉ်ကျေးမှု အမျိုးမျိုးကို သင်ပြပေးရှာ ပေသည် တကား" ဟူ၍ ဖြစ်ပါတယ်။
ထိုအချိန် ကတည်းက အမေရိကန်ရဲ့ လုပ်ရပ်တွေကို ထေ့လုံးငေါ့လုံးတွေနဲ့ ဝေဖန်ရေးသားခဲ့ပြီး ၁၉၆၁ ခုနှစ် ရောက်တော့ လူထုသတင်းစာရဲ့ 'လှုပ်ရှားနေသော ကမ္ဘာ့ရေးရာများ' အခန်းမှာ အမေလူထုဒေါ်အမာဟာ အမေရိကန်ရဲ့ ဗီယက်နမ် စစ်ပွဲကို ဆက်လက်ဝေဖန် ထိုးနှက် ရေးသားခဲ့ပါတယ်။ ဒီအခန်းမှာ ၁၉၆၁ မှ ၁၉၆၇ ခုနှစ်အထိ ရေးသားခဲ့တဲ့ ဆောင်းပါးတွေထဲက အင်ဒိုချိုင်းနား ၃ နိုင်ငံနဲ့ ပတ်သက်တဲ့ ဆောင်းပါးတချို့ကို လက်လှမ်းမီ သလောက် စာရင်းပြုစု ဖော်ပြလိုက်ပါတယ်။
၁။ ဗီယက်နမ်မှာ မီးနီ ပြနေပြီ (၁၀၊ မေ၊ ၆၁)၊
၂။ ဗီယက်နမ်မီးကို မလောင်ခင်က တား (ရ၊ ဇွန်၊ ၆၁)၊
၃။ အရှေ့တောင်အာရှ တိုင်းရင်းသားများအတွက် စပါယ်ရှယ်လက်နက်ဆန်းများ (၂၂၊ သြဂုတ်၊ ၆၁)၊
၎။ တောင်ဗီယက်နမ်တွင် ၀င်တိုက်ရန် လမ်းရှာနေပြီ (၂၀၊ အောက်၊ ၆၁)။
၅။ အရှေ့တောင်အာရှ၌ အမေရိကန်က စစ်သစ်တရပ်ပြင်ပြီ (၇၊ အောက်၊ ၆၁)၊
၆။ တောင်ဗီယက်နမ်၌ ကျူးကျော်စွက်ဖက်နေသော အမေရိကန် (၂၁၊ အောက်၊ ၆၁)၊
၇။ အရှေ့တောင်အာရှ စစ်ပြင်မှုကြီးကို ဗမာက သတိပြုရမည် (၂၆၊ အောက်၊ ၆၁)၊
၈။ အာရှအရေး၌ ပို၍ စွက်ဖက်လာတဲ့ အမေရိကန် (၁၇၊ နို၊ ၆၁)၊
၉။ အရှေ့တောင်အာရှကို လောင်တိုက်သွင်းမည့် အမေရိကန်ကို ၀ိုင်းတားကြပါ (၂၄၊ နို၊ ၆၁)၊
၁၀။ ၇ နံပါတ် ရေတပ်၏ ခြိမ်းခြောက်မှု (၂၉၊ နို၊ ၆၁)၊
၁၁။ အရှေ့တောင်အာရှကို လောင်တိုက်သွင်းမည့် အမေရိကန် (၂၆၊ ဒီ၊ ၆၁)၊
၁၂။ လောပြည်သူ လည်ချောင်းသွေးနဲ့ ခြေဆေးတဲ့ အမေရိကန်နယ်ချဲ့သမား (၈၊ ဇန်၊ ၆၂)၊
၁၃။ လောပြည်၌ ပြည်တွင်းစစ်မီး ပြန်မွှေးလာပြန်ပြီ (၉၊ မေ၊ ၆၂)၊
၁၄။ လောထဲသို့ အမေရိကန်စစ်တပ်တွေ ၀င်ပြီ (၂၂၊ မေ၊ ၆၂)၊
၁၅။ လောပြည်သူတို့ ခါးတောင်းကျိုက်မဖြုတ်ကြနှင့်ဦး (၁၄၊ ဇွန်၊ ၆၂)၊
၁၆။ လော ဘာကြောင့် မင်းမဲ့တိုင်းပြည်ဖြစ်ရသနည်း (၂၀၊ ဧပြီ၊ ၆၂)၊
၁၇။ လော ကြားနေရေးကို တကယ်တမ်း အသိအမှတ်ပြုကြရမယ် (၂၃၊ ဇူ၊ ၆၂)၊
၁၈။ ကမ္ဘောဒီးယား ထောက်ခံချက်ကို ထောက်ခံရမည် (၃၁၊ သြ၊ ၆၂)၊
၁၉။ လောကငရဲနှင့်တူသော တောင်ဗီယက်နမ် (၆၊ ဇန်၊ ၆၃)၊
၂၀။ တောင်ဗီယက်နမ်တွင် အဆိပ်များ ကြဲဖြန့်မှုကြီး (၂၇၊ ဖေ၊ ၆၃)၊
၂၁။ တောင်ဗီယက်နမ်ပြည်သူတို့ ရှေ့သို့ တိုက်ပွဲဝင်ကြ (၆၊ စက်၊ ၆၃)၊
၂၂။ အရှေ့တောင်အာရှကား နယ်ချဲ့သမား၏ နေ၀င်ချိန်တည်း (၅၊ နို၊ ၆၃)၊
၂၃။ အရှေ့တောင်အာရှသို့ အမေရိကန်တပ်များ အလုံးအရင်းနဲ့ပို့ရေး လေ့ကျင့်ပြန်ဦးမယ်ဆိုခြင်း (၂၀၊ နို၊ ၆၃)၊
၂၄။ ကြားနေချင်ရှာသော ကမ္ဘောဒီးယား (၁၈၊ ဖေ၊ ၆၄)၊
၂၅။ တောင်ဗီယက်နမ်သို့ အမေရိကန်တပ်များ ပေးပို့ခြင်းကို ပြင်းထန်စွာ ရှုံ့ချကြပါ (၂၉၊ ဇူ၊ ၆၄)၊
၂၆။ ပိုဆိုးလာသော တောင်ဗီယက်နမ်အခြေအနေ (၁၅၊ စက်၊ ၆၄)၊
၂၇။ ဗီယက်နမ်အာဇာနည်ကလေး ငုယင်ဗန်ထရိုင်းအား အလေးပြုပါ၏ (၁၇၊ အောက်၊ ၆၄)၊
၂၈။ တောင်ဗီယက်နမ် အမျိုးသားရေးလွတ်မြောက်ရေးတပ်ဦး (၂၀၊ ဒီ၊ ၆၄)...... စသည်တို့ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ ဗီယက်နမ်စစ်ကို ဆန့်ကျင်တဲ့ ဆောင်းပါးတွေထဲက အမေလူထုဒေါ်အမာရဲ့ ရေးသားချက်တချို့ကို ထပ်မံကောက်နှုတ် ဖော်ပြရမယ်ဆိုရင်-
'တောင်ဗီယက်နမ်၌ ၁၉၆၀ ခုနှစ် ဇန်န၀ါရီမှ ၁၀ လ အတွင်း ပြည်တွင်းစစ်ကြောင့် လူ ၂ သောင်း သေကျေပျက်စီးသည်ဟု သိရသည်။ သူပုန်ဘက်မှ ၁၂၅၈၉ ယောက် ကျဆုံးပြီး၊ အစိုးရဘက်မှ ၆၂၅၇ ယောက် သေဆုံးသည်။ ဒါ့ကြောင့် အမေရိကန်စွက်ဖက်မှုကို ဗမာပြည်သူအပါအ၀င် ပြည်သူတကာလည်း ၀ိုင်းဝန်း ကန့်ကွက်ကြရမည်'
'အမေရိကန် ၇ နံပါတ်ရေတပ်က အရှေ့တောင်အာရှကို ခြိမ်းခြောက်မှုမှာ ရွံ့ရှာစက်ဆုပ်ဖွယ်ကောင်း၍ ပြင်းထန်စွာ ရှုံ့ချလိုက်သည်'
'အမေရိကန်နယ်ချဲ့သမား၏ သွေးငတ်မှုကို အာရှပြည်သူတွေက ဘယ်တော့မှ ခွင့်မလွှတ်ဟုဆိုလျှင် အာရှပြည်သူတွေ၏ အဆိုးမဟုတ်ပေ'
'ကမ္ဘောဒီယားသည် ကွန်မြူနစ်များ၏ ခြေကုပ်စခန်းဖြစ်နေသောကြောင့် ဟူ၍ စွပ်စွဲသည့် ယိုးဒယား၏ စွပ်စွဲချက်မှာ အလကားစကားဖြစ်၍ ၂ပြားမတန်သည့် ဆင်ခြေဖြစ်သည်'
'ဗီယက်နမ်မျိုးချစ် ပျောက်ကြားတပ်သားများတွင် အမျိုးသမီးများ ပါဝင်လျက်ရှိသည် ဆိုခြင်းမှာ တော်လှန်ရေး သရဖူစိန်ပွင့်များနှယ် အလွန်တင့်တယ်ပါပေသည်'
အထက်ပါ အရေးအသားတွေနဲ့ ဗီယက်နမ်စစ်ပွဲကာလတလျှောက် နံနက်မိုးသောက် အလင်းရောက် တိုင်း အမေရိကန်နယ်ချဲ့သမားနဲ့ လူတန်းစားတိုက်ပွဲ ဆင်နွှဲခဲ့ရတဲ့ အမေလူထုဒေါ်အမာဟာ ကျွန်တော်တို့ရဲ့ သမိုင်း ခေတ်တလျှောက် နေ့ရက်တွေနဲ့အတူ လိုက်ပါလာသူမဟုတ်။ နေ့ရက်တွေနဲ့အတူ ချီတက်တိုက်ပွဲဝင်ခဲ့သူ နိုင်ငံတကာဝါဒီ ဗမာ့မိုးသောက်ကြယ်တပွင့် ဖြစ်ပါတယ်။ ပြီးတော့ အမေလူထုဒေါ်အမာဟာ စိတ်ကူးယဉ် မဟုတ်တဲ့၊ အချောင်သမားမဟုတ်တဲ့၊ ပြုပြင်ရေးမဟုတ်တဲ့၊ ခေါင်းဆောင်မှုရှိတဲ့၊ လွတ်လပ်မှုနဲ့ ဗဟိုချုပ်ကိုင်မှုရှိတဲ့၊ ဒီမိုကရေစီကို ယုံကြည်တဲ့၊ လူတန်းစားတိုက်ပွဲ သဘောတရားကို လက်ခံတဲ့၊ အနုပဋိလောမ ကမ္ဘာအမြင်ရှိတဲ့၊ ပစ္စည်းမဲ့ နိုင်ငံတကာတာဝန်ကို ထမ်းဆောင်တဲ့ ကျွန်တော်တို့ ခေတ်ရဲ့ စာရေးဆရာ၊ သတင်းစာဆရာ၊ အနုပညာရှင် အရာအထောင်ထဲမှာတော့ စံနမူနာ ကြယ်တပွင့် ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
ဒါကြောင့် အမေမာ လျှောက်လှမ်းခဲ့တဲ့ နယ်ချဲ့ဆန့်ကျင်ရေးလမ်းကြောင်းအတိုင်း ကျွန်တော်တို့တတွေ လျှောက်လှမ်းရင်း နီရူဒါရဲ့ 'သစ်ခုတ်သမား နိုးကြားလော့' ဆိုတဲ့ ကဗျာထဲက အပိုဒ်တပိုဒ်နဲ့ အမေ့လမ်းစဉ်ကို ဂုဏ်ပြုလိုက်ပါတယ် အမေ......။
'အို..... အမေရိကတိုက်၊ သန့်စင်တဲ့ နယ်နမိတ်ကို ဖျက်ဆီးဖို့
သင့်အိမ်သည်တွေကို လက်နက်တပ်ဆင် ပေးရင်
ငါတို့ချစ်တဲ့ ဂီတနဲ့ စနစ်ကျမှုကို အုပ်စိုးဖို့
ရှိကာဂိုက သားသတ်သမားကို လွှတ်ပေးခဲ့ရင်
ငါတို့ဟာ လေနဲ့ ကျောက်တုံးတွေထဲက ထလာပြီး
သင့်ကို ကိုက်ဖြတ်ပစ်မယ်...။ ။'

ရည်ညွှန်း။
၁။ လူထုဂျာနယ်များ၊ လူထုသတင်းစာများ၊
၂။ South East Asia in International relation by M. Jankover. Prague. IOJ. 1982
၃။ A Dictionary of Politics by Elliott and Summerskill, London, Penguin, 1961.
၎။ 'သစ်ခုတ်သမား နိုးကြားလော့' ရေးသူ နီရူဒါ၊ ဘာသာပြန်သူ မြသန်းတင့်၊ ရန်ကုန်၊ စိတ်ကူးချိုချို၊ ၂၀၀၃။
၅။ 'ငွေနှင့်လက်နက်' ရေးသူ အန်နာလူဝီစတရောင်း၊ ဘာသာပြန်သူ လူထုဒေါ်အမာ၊ မန္တလေးကြီးပွါးရေး ပုံနှိပ်တိုက်၊ ၁၉၆၃။


နိုင်မြင့် (လူထုစာကြည့်တိုက်)
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၂၈၊ နိုဝင်ဘာ၊ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။]




အပြည့်အစုံ..သို့ ...>>>

မြင့်မိုရ်တောင်လေးခမျာ တောင်ပူစာလေးဖြစ်သွားရှာ
ရေးသူ- ညီပုလေး

အင်းစိန်ဆိုတာ မန္တလေးမြို့နဲ့ အဝေးကြီး၊ သရက်ထောင်ဆိုတာကလည်း မနီးလေတော့ ထောင်ဝင်စာ မမျှော်ကောင်းတဲ့အထဲမှာ ကျွန်တော်လည်း ပါတယ်။ ကျန်ရစ်သူ မိသားစုခမျာ စိတ်ပန်း လူပန်း ငွေပန်းရှိကြ ရှာမယ်လေ။ သူတို့လည်း အစကတော့ ကြိုးစားလာကြပါရဲ့။ နောက်တော့ အကြောင်းအမျိုးမျိုးကြောင့် တဖြည်းဖြည်း အလာ ကျဲကျဲသွားကြတယ်။ ဒါဟာ သိပ်ကို သရုပ်မှန်တဲ့ သရုပ်မှန်ဝတ္ထုတပုဒ်ပဲ။
မိသားစုဝင်တွေ နေကောင်းရဲ့လားလို့ ကြိုးစားပြုံးပြရင်း ကျွန်တော်က မေးမယ်။ ၀င်းဝင်းကလည်း ကြိုးစားပြုံးပြရင်း နေကောင်းကြတယ်လို့ ဖြေမယ်။



ဦးလေးတွေ၊ အဒေါ်တွေ နှစ်ဖက်ဆွေမျိုး အသိုင်းအ၀ိုင်းတွေရဲ့ သာကြောင်းမာကြောင်း ဖြေမယ်။
တခါတလေလည်း ကျွန်တော်ဖြစ်ဖြစ်၊ ၀င်းဝင်းဖြစ်ဖြစ် မ၀ဘဲ ပိန်နေပေမယ့် ၀လာတယ်နော်လို့ မုသားစကားလှလှလေး ဆိုမိတဲ့အခါလည်း ရှိမယ်။ အိမ်က တကူးတကန့် ယူလာတဲ့ ပစ္စည်းတွေ၊ မိတ်ဆွေတွေက အားပေးကူညီလိုက်တဲ့ စားစရာတွေ ခြင်းထဲက ထုတ်ယူပြီးချိန်မှာ ထောင်ဝင်စာ တွေ့ချိန်ဟာ စေ့သွားပါလေရော။ နောက်တခါလာရင် ယူလာသင့်တဲ့ ပစ္စည်းတွေကို မှာလိုက်မိတဲ့အခါလည်းရှိ၊ စိတ်လှုပ်ရှားပြီး မမှာလိုက်တာတွေ လည်း ရှိတတ်တယ်။
ထောင်ဝင်စာတွေ့ချိန် ၁၅ မိနစ်ဟာ ခပ်သွက်သွက် လူငယ်တယောက်ရဲ့ လက်ဖျစ်တကွက်အတွက် ဘတ်စ်ကားအမျိုးမျိုး ကြုံရာ ကြုံသလိုစီးနင်းကြရ၊ ညအိပ်ညနေ ခရီးတွေကို ဖြတ်သန်းခဲ့ရတဲ့အပြင် အိမ်မှု တာဝန်တွေ၊ ဆိုင်အရောင်းအ၀ယ်တွေ ထားပစ်ခဲ့ကြရတာကလား။
နောက်ပိုင်းမှာ ကျွန်တော်ဟာ ထောင်ဝင်စာလာရင် လာတယ်လို့ မှတ်ဆိုတဲ့ အုပ်စုထဲ ရောက်မှန်းမသိ ရောက်သွားတော့တယ်။

xxxxxx xxxxx
တနေ့.....
ထောင်ဝင်စာ လာတတ်တဲ့ရက်တွေ တော်တော် ကျော်လွန်တဲ့တနေ့။ ထောင်ဝန်ထမ်းတယောက်က လာခေါ်တယ်။ ဒီ ၀န်ထမ်း ထောင်ဝင်စာတာဝန်ကျတဲ့ ၀န်ထမ်းလည်း မဟုတ်ပါဘူး။ ဘာများပါလိမ့်။ စိုးထိတ်မှု တွေ တသီတတန်းကြီးနဲ့ လိုက်လာခဲ့ရတယ်။
ခါတိုင်း ထောင်ဝင်စာ တွေ့နေကျ သံဆန်ခါနှစ်ထပ်ခြားထားတဲ့ (ဗဟိုကင်းရဲ့ အောက်ဖက်က) အခန်း လေးကို ကျော်လာခဲ့ပြီ။ အလွန်ခက်ခဲတဲ့ ပဟေဠိတပုဒ်ထက် အစဉ်းစား ကြပ်နေတယ်လေ။
ထောင်ပိုင်ကြီးရုံခန်းထဲကို ၀င်ရမယ်တဲ့။ ကာထားတဲ့ ခန်းဆီးအလှပ်မှာ မိသားစုတွေ စုံစုံလင်လင်ကြီး မမျှော်လင့်ဘဲ တွေ့လိုက်ရတယ်။ ဇနီးသည် ၀င်းဝင်း၊ သမီးကြီး လင်းလင်းမွန်၊ သားအောင်ဘာလေ၊ သမီးထွေး ရွှေပြည်စိုး အစ်မကြီး ပြီးတော့ အမေပါ ပါလာပါတကား။
ကိုယ့်ကိုကိုယ် ထောင်ဆယ်နှစ် ကျခံထားတဲ့ ဒေါင်ဒေါင်မြည် ယောက်ျားရင့်မကြီး စိတ်ဓါတ်ခိုင်မာလှပြီ ထင်နေတာ။ သက်ရွယ်ကြီးရင့်ပြီး မတွေ့ရတာ ကြာပြီဖြစ်တဲ့ မာတာအမေ့ကို တွေ့လိုက်ရတဲ့အခါ စိတ်တွေ နည်းနည်းတော့ တုန်လှုပ်ခါရမ်းသွားတယ်လေ။ နည်းနည်းတောင်မကပါဘူး။
အိမ်က ထောင်ဝင်စာလာရင်ပြောမယ်လို့ အချိန်ရတိုင်း စိတ်ကူးတည်ဆောက်ထားတဲ့ အလွမ်းရဲတိုက် ဟာ အမေ့ကို မြင်လိုက်တာနဲ့ တစစီ ပြိုကျသွားပါလေရော့လား။ အားလုံးကို ကြိုးစားပြုံးပြရင်း စကားတွေ ရှာမရ ဖြစ်နေတယ်။ ပြောချင်တဲ့ စကားတွေကို ၀မ်းသာဝမ်းနည်း လှိုင်းလုံးတွေက ဖုံးလွှမ်းသွားတယ်လေ။ ၀မ်းသာမှု လှိုင်းလုံးတွေ သူကပိုမြင့်တယ်။ ငါကပိုမြင့်တယ်နဲ့ ရင်ထဲမှာ အားပြိုင်နေလိုက်ကြတာ ၀မ်းနည်းမှု လှိုင်းလုံးကြီး ကျွန်တော့် တကိုယ်လုံး ၀ါးမျိုပစ်တော့မယ်လို့....။
သြော်... အမေနဲ့ မတွေ့ရတာ နှစ်ကာလတွေ ကြာခဲ့ပြီကော။ အမေ့ရင်ထဲမှာကော ဘယ်လိုနေရှာမှာ ပါလိမ့်။

xxxx xxxx

သမီးကြီးနဲ့ သမီးထွေးတို့ မော်တော်ကားမူးတတ်၊ စက်လှေမူးတတ်ကြလို့ သူတို့ခမျာ မျက်နှာလေးတွေ သိပ်မရွှင်ကြဘူး။ သူတို့ရဲ့ ဖခင်ဟာ ထောင်ပုံစံ အင်္ကျီအဖြူ၊ ပုဆိုးအဖြူ၊ ဆံပင်တိုနံ့နံ့နဲ့။ တော်တော် အကြည့်ရဆိုးတဲ့ ဖိုးသူတော်ရုပ် ပေါက်နေပါလိမ့်မယ်။
သားအောင်ဘာလေကတော့ ထောင်ပိုင်ကြီးရဲ့ ရုံးခန်းဆိုတာလည်း ဂရုမစိုက်၊ အနားမှာရော ခပ်လှမ်းလှမ်းမှာရော ရှိကြတဲ့ ထောင်အရာရှိ အကြပ်အရာခံတွေကိုလည်း ဖုတ်လေတဲ့ ငပိ ရှိတယ်လို့ မထင်။ ကလေးပီပီ ဆော့လိုက် ကစားလိုက်၊ မုန့်စားလိုက်နဲ့၊ အောင်ဘာလေရဲ့ စိတ်ဓာတ်ကို ချီးကျူးမိတယ်။
ကျွန်တော် သူတော်စင်လို ၀တ်စားနေခဲ့တဲ့ ကာလတွေမှာ အမေက တနှစ်ကို တကြိမ်၊ တချို့နှစ်တွေမှာ နှစ်ကြိမ်လောက်တော့ ကြိုးစားလာရှာတယ်။ အမေက သူ့သားလက်ကျန်လေးကို လာအားပေးနှစ်သိမ့်တာ ဖြစ်မယ်။ ဒီအတွက် အမေတို့ကို ကျေးဇူးတင်တယ်။
အမေ ကျွန်တော့်ဆီ လာတွေ့ခဲ့ဖူးသမျှမှာ ထောင်ပိုင်ကြီးရုံးခန်း ထောင်ပိုင်ကြီးရှေ့မှာ တွေ့ကြရတဲ့ အကြိမ်ဟာ မှတ်မှတ်ရရ ရှိလှတယ်။ အဲဒီနေ့က စကားစမြည် ပြောကြရင်း အမေက သူ့ခန္ဓာကိုယ်လေး သေးသေး လေးနဲ့ ထောင်ပိုင်ကြီး မမြင်အောင်ကွယ်ပြီး ပခုံးမှာ လွယ်ထားတဲ့ အိတ်ထဲကနေ စာအုပ်တအုပ် ကျွန်တော် မြင်သာအောင် အသာထုတ်ပြတယ်။ ကျွန်တော်နဲ့ အမေတို့ ထိုင်နေကြတာ ကိုးပေ ဆယ်ပေလောက်ပဲ ဝေးမှာပေါ့။
အခုလို အမေလုပ်ကိုင်နေတာကို ကြည့်ပြီး အစ်မကြီးနဲ့ ၀င်းဝင်းတို့က စိုးရိမ်ပူပန်ပြီး မျက်စိမျက်နှာ မကောင်းကြဘူး။
အမေကတော့ အဲ့ဒီအချိန်မှာ သူ့သားလက်ကျန်လေးကလွဲလို့ ဘယ်သူမှ အလေးမမူ၊ အမှုမထားတာ ဖြစ်နိုင်သလို၊ ကျွန်တော်ခံစားနေရတာတွေ အားလုံး ထပ်တူထပ်မျှ ခံစားနားလည်နိုင်ဆုံးပုဂ္ဂိုလ်ဟာ ဒီအခန်းထဲမှာ အမေတယောက်တည်းပဲ ဖြစ်လိမ့်မယ်။
စာပေဆိုင်ရာ စာအုပ်တအုပ်ပါလား။
စာအုပ်ကို မြင်လိုက်တာနဲ့ တပြိုင်နက် ကျွန်တော့်မျက်နှာမှာ အံ့သြမှုတွေနဲ့အတူ ၀မ်းသာမှု ပုံရိပ်တွေ လွှမ်းသွားမယ်ထင်ရဲ့။ မိုင်ပေါင်းရာချီပြီး ဝေးတဲ့ အမေ့အိမ်ကို ချက်ချင်း ပြန်ရောက်သွားသလိုပဲ။
ပေါက်ပြားတွေ ဂေါ်ပြားတွေကိုင်တဲ့ နှစ်ကိုးကိုးနှစ်စီ ငြိမ်းချမ်းမဟုတ်တော့ဘဲ ကလောင်ကိုင်တဲ့ ညီပုလေး တမဟုတ်ချင်း ပြန်ဖြစ်သွားတယ်။ မိခင်တယောက်ရဲ့ မေတ္တာစွမ်းအားဟာ လူတယောက်ကို အပြောင်းလဲကြီး ပြောင်းလဲစေပါကလား။
ဟို အရင်တခေါက် ဇနီးသည် ၀င်းဝင်းလာတုန်းက ကျွန်တော်ရေးခဲ့တဲ့ 'စပါးကြီးမြွေ' ဆိုတဲ့ ၀တ္ထုတပုဒ်ကို ဆရာမကြီး ဒေါ်ခင်ခင်ချောရဲ့ တပည့်မတယောက် အင်္ဂလိပ်ဘာသာကို ပြန်ဆိုတယ်လို့ ပြောသွားတာကို ပြန်အမှတ်ရမိတယ်။
အနုပညာစိတ်ပိုင်းဆိုင်ရာမှာ အားအင်ကုန်ခမ်းနွမ်းချည့်ပြီး ကိုယ့်ကိုကိုယ် စာရေးသူတယောက်လို့ မေ့မျောနေသူတယောက်ကို အမေက အသက်ပြန်ရှင်လာအောင် ပြုစုလိုက်တာလေလား။

xxxx xxxxx

နှစ်တွေ ကြာခဲ့ပေါ့.......။
အိမ်ပြန်ရောက်လို့ စာရေးစာပွဲ ထိုင်လိုက်တိုင်း ဒီအဖြစ်အပျက်နဲ့အတူ အမေ့ကျေးဇူးကို အောက်မေ့သတိရမိတယ်။
အမေကွယ်လွန်သွားခဲ့ပြီ.... ဒါပေမယ့် သတိရနေဆဲပါ။
အမေ့ကျေးဇူးတွေ အများကြီးထဲက ကျေးဇူးတခုကို မှတ်တမ်းပြုတာမျှသာ ဖြစ်ပါတယ်။

ညီပုလေး။
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၂၈၊ နိုဝင်ဘာ၊ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။]


အပြည့်အစုံ..သို့ ...>>>

Friday, December 11, 2009

အမျိုးသားနိုင်ငံရေးသမားဘ၀ ဦးလှ (ဒုတိယပိုင်း)
ရေးသူ- ညွန့်အောင် (ရေစကြို)

(၄)
ဖဆပလ အထက်မြန်မာပြည်အဖွဲ့ချုပ် ဖွဲ့စည်းအောင်မြင်ပြီးရုံနဲ့ ဦးလှတို့ ကျွန်တော်တို့ တာဝန်က မပြီးသေးပါဘူး။ မြို့ရွာဒေသအားလုံး တောကြိုအုံကြား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဖဆပလ အလံတော်အောက်မှာ တညီတညွတ်တည်း ဖွဲ့ဖွဲ့စည်းစည်းရှိနေအောင် နေရာအနှံ့ လှည့်လည်စည်းရုံးဖို့ လုပ်ငန်းတာဝန်တွေ ရှိနေပါသေးတယ်။ ဒီတာဝန်ကို အကောင်အထည်ဖော်ဖို့ ဦးလှနဲ့တကွ လူကြီးတွေရော ကျွန်တော်တို့ လူငယ်တွေပါ နေ့မနား ညမနား အလုပ်လုပ်ခဲ့ကြရတယ်။



ဒီတုန်းက အလုပ်လုပ်ခဲ့ကြပုံများကို စဉ်းစားရင်းနဲ့ ကျွန်တော်ရဲ့ လူငယ်ပီပီ စိတ်လှုပ်ရှားလွယ်ပုံနဲ့ ဦးလှရဲ့ သည်းခံတတ်ပြီး ဘယ်ကိစ္စမဆို ထစ်ခနဲရှိ သူတပါးအပြစ်ကိုသာ မမြင်တတ်ဘဲ ကိုယ့်ချို့ယွင်းချက် အားနည်းချက်ကို မြင်တတ် သိတတ်ပုံ အဖြစ်ကလေးကို သတိရမိတယ်။ အဲဒါက စစ်ကြီးမပြီးခင် မန္တလေးမြို့မှာ ပထမဆုံး ကပြခဲ့တဲ့ ရွှေမန်းသဘင်ပွဲ ပထမညမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးပါ။ အဲဒီအကြောင်း မိုးဂျာနယ် ၉၇ ခုနှစ် ဖေဖော်ဝါရီလထုတ်မှာ ကျွန်တော် ရေးခဲ့ဖူးပါတယ်။ ဖြစ်ပုံက ရွှေမန်းရဲ့ အော်ပရာကကွက် နောက်ဆုံးစခန်းသိမ်းမှာ မင်းသမီးလေးတွေကို ဖျတ်ခနဲဆို ယူနီယံဂျက်အလံ (အင်္ဂလိပ်နိုင်ငံတော်အလံ) လေးတွေကျလာပြီး ဖုံးသွားတဲ့ ပြကကွက်နဲ့ စခန်းသိမ်းခဲ့တဲ့ အဖြစ်ပါ။ ကျွန်တော်ကတော့ ယူနီယံဂျက်အလံတွေ မြင်လိုက်ရတာနဲ့ ရှူးကနဲ ဒေါသထွက် စိတ်လှုပ်ရှားသွားပြီး အော်ကျယ်ဟစ်တီး ပါးစပ်က ရေတော့ ရွတ်တော့တာပါဘဲ။ ကျွန်တော်ရဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ အပြုအမူကို ဦးလှက အိနြေ္ဒမပျက် "ကျနော်နဲ့ ကိုညွန့်အောင်တို့က မနက်အစောကြီး လုပ်စရာရှိနေလို့ နှစ်ပါးသွားတဲ့အထိ မကြည့်နိုင်တော့ဘူး။ ပြန်ပါဦးမယ်" လို့ ကျန်တဲ့ အမှုဆောင် လူကြီးများကို နှုတ်ဆက်ရင်း ကျွန်တော်ကို ပွဲကြည့်စင်ကနေ အပြင်ဘက်ကို ပ ထုတ်လာခဲ့တယ်။ အပြန်လမ်း မြင်းလှည်းပေါ်ရောက်တော့မှ "ကိုညွန့်အောင်ရေ ကျွန်တော်တို့ အများကြီး လိုသေးတာပဲ။ တကယ်ဆို ပွဲမပြခင်ကတည်းက ကိုတင်မောင် (ရွှေမန်း)- ကျွန်တော်တို့ ဖဆပလအဖွဲ့ကို ကြိုပြီး ဖိတ်ထားခဲ့တာပဲ။ ကျွန်တော်တို့က ကြိုမြင်ပြီး ရှင်းပြဆွေးနွေးထားသင့်တာပေါ့။ ကိစ္စမရှိပါဘူး။ ကိုတင်မောင်က သဘောကောင်းပါတယ်။ နက်ဖြန် သွားဆွေးနွေးကြတာပေါ့လို့ ပြောပါတယ်။ တကယ်လည်း နောက်တနေ့ သွားဆွေးနွေးကြတော့ ပြေလည်သွားတာပါပဲ" ဦးလှရဲ့ ဒီအကျင့် (အရည်အချင်း) ဟာ အလွန်ကောင်းလို့ အလွန် နမူနာယူသင့်တဲ့ အကျင့်ပါ။ လူတိုင်းမပြောနဲ့ တော်ရုံခေါင်းဆောင်ဆိုတဲ့ လူတွေတောင် ဒီအရည်အချင်းမျိုး မရှိတတ်ပါဘူး။
နောက်တမျိုး ရှိသေးတယ်။ ဦးလှတို့ ကျွန်တော်တို့ ရပ်ကွက်ကျေးရွာတွေအထိ ဖဆပလတွေ ဖွဲ့စည်းရေးနဲ့ အလုပ်ရှုပ်နေချိန်မှာပဲ အလုပ်ရှင် အလုပ်သမား ပဋိပက္ခအသွင်ဆောင်တဲ့ ပြသနာတခု ပေါ်လာတယ်။ ပြသနာက နဂါးဆေးပေါ့လိပ်ရုံ အလုပ်သမားတွေက ပိုင်ရှင်ကို ဆေးလိပ်လိပ်ခ တိုးပေးဖို့ တောင်းဆိုရာက မပြေလည်းဘဲ တင်းမာလာတဲ့ကိစ္စပါ။ ဒေါ်ဦးက ဖဆပလ အဖွဲ့မပေါ်ခင် စပြီးစည်းရုံးကြစဉ် ကတည်းက ဖဆပလကိုရော၊ ကွန်မြူနစ်ပါတီကိုပါ အဘက်ဘက်က ထောက်ခံ အားပေးနေသူ ဖြစ်တယ်။ ပြီးတော့ နဂါးဆေးလိပ်ခုံ အလုပ်သမားသမဂ္ဂ စပြီးဖွဲ့တော့လည်း ပိုင်ရှင် ဒေါ်ဦးကိုတိုင် လိုလိုလားလား အားပေးခွင့်ပြုခဲ့ တာပါ။ ဒီကြားထဲက ပြသနာပေါ်တာဆိုတော့ ဒါဟာ ကွန်မြူနစ်ပါတီက မြှောက်ပေးလို့ ဖြစ်ရတာလို့ စွပ်စွဲပြီး တင်းတင်းမာမာ ဆက်ဆံတော့တာပေါ့။
ဒီကြားထဲ မျက်နှာပူပြီး အနေရခက်တာက ကျွန်တော်ပဲ။ ကျွန်တော်က ဖဆပလမှာ အချိန်ပြည့် တာဝန်ယူနေရတော့ မိုးလင်းတာနဲ့ ၈၄ လမ်းရောက်၊ အချိန်တန်တော့ ဦးလှတို့ တိုက်မှာပဲ ထမင်းစားဆိုတော့ ဒေါ်ဦးတို့နဲ့ နေ့စဉ် မြင်တွေ့နေရတယ်။ အားလုံးသိတဲ့အတိုင်း ဒေါ်ဦးက ဦးလှဇနီး ဒေါ်အမာရဲ့ အစ်မကြီး။ ဒေါ်အမာတို့ မိဘဆွေမျိုး တအုံလုံးက ဖဆပလ အားပေးသူများ ဖြစ်ကြတော့ ၀င်လိုက်ထွက်လိုက် ခင်မင်နေကြ တာကိုး။ ခါတိုင်းလို နှုတ်ဆက်ရအခက်၊ မျက်နှာလွှဲရမှာ အခက်နဲ့ပေါ့။ ဒီတော့ ဒီကိစ္စ ကျွန်တော့်ရင်ထဲ ဘ၀င်မကျနိုင်ဘဲ ဦးလှရှေ့မှာ တညည်းညည်းတညူညူ လုပ်နေတော့ အစက ဘာတခွန်းမှ မပြောခဲ့ပေမယ့် အဲဒီနေ့ကတော့ "အင်း ကိုညွန့်အောင်လည်း ဒီကိစ္စ သခွပ်ပင်က မီးတကျည်ကျည် ဆိုတာလို ဖြစ်နေပြီ ထင်တယ်" လို့ ခပ်ညည်းညည်းလေး မှတ်ချက်ပြုလိုက်ပါတယ်။ အဓိပ္ပါယ်က အလွန်အရေးကြီးတဲ့ ကိစ္စအတွက် ကြံစည်စိတ်ကူး ပြောဆိုနေတုန်းမှာ ဘာမဟုတ်တဲ့ သာမန်ကိစ္စကလေးနဲ့ ဘေးကလာပြီး ပူညံပူညံ အနှောင့်အယှက် လာမပေးပါနဲ့ ဆိုတဲ့ သဘောပဲ။ အဲဒီမှာ ဇဝေဇ၀ါနဲ့ မရှင်းမရှင်း ဖြစ်နေတဲ့ ကျွန်တော်ခေါင်းထဲ ဥာဏ်အလင်းရောင်လေးပွင့်ပြီး အမြင်မှန် ၀င်လာခဲ့တယ်။ ဘုံရန်သူ နယ်ချဲ့သမားကို ရင်ဆိုင်ဖို့ တမျိုးသားလုံး ညီညွတ်အောင် လုံးပန်းနေရတဲ့အချိန်မျိုးမှာ ဘာမှ အရေးမကြီးတဲ့ အချင်ချင်း ကိစ္စကလေးအတွက်ကြောင့် အမျိုးသားညီညွတ်ရေးကို အနှောင့်အယှက်မလုပ်နဲ့ ဆိုတဲ့ သဘောပဲ။ နောက်ဆုံးမှာ အလုပ်ရှင် အလုပ်သမား ပဋိပက္ခကိစ္စကို နှစ်ဖက်စလုံး ကျေနပ်အောင် အနူးအညွတ် စေ့စပ်ဆွေးနွေးလိုက်တော့ အားလုံး ပြေလည် ပြီးပြတ်သွားတာပါပဲ။
ဒီကိစ္စမှာလည်း ဦးလှရဲ့ အမျိုးသားရေး ဦးတည်ချက်ကို သတိမချွတ်အောင် ထိန်းနိုင် ထိန်းတတ်တဲ့ အရည်အချင်းပဲ။ အလွန်လေးစားထိုက်ပါတယ်။ နောက်တခုက သူတပါးအပေါ် ငါသိ ငါတတ် ဆရာမလုပ်တတ်တဲ့ အကျင့်ဖြစ်တယ်။ ပညာရှိများလို တီးမှ မြည်တယ်။ မတီးဘဲ မမြည်ဘူး။ မြည်တယ်ဆိုတာတောင် ငါမြည်လိုက်တဲ့ အသံက တဘက်မှာ အကျိုးသက်ရောက်မလား ဆိုးကျိုးသက်ရောက်မလားဆိုတာ ချင့်ချိန်ပြီးမှ မြည်တယ်။ တီးတိုင်း မြည်လေ့မရှိဘူး။ ယခု နဂါးဆေးလိပ်ခုံ ပြသနာမှာလည်း စကတည်းက သိပေမယ့် ကျွန်တော်တို့ကို ဆရာမလုပ်ဘူး။ ဒီလို မဖြစ်သင့်ဘူး၊ ဒီလိုဖြစ်သင့်တယ်၊ အကြံလည်း မပေးဘူး။ ပေးပြန်ရင်လည်း မကောင်းတဲ့ အကြောင်းက ရှိနေတယ်။ အလုပ်ရှင် နဂါးဒေါ်ဦးဆိုတာ ဦးလှရဲ့ဇနီး ဒေါ်အမာရဲ့ အစ်မအရင်းဆိုတော့ သူ့မရီး ဖြစ်နေတာကိုး။ သူပြောလိုက်လို့ မတော် သူ့မရီးဘက်က ၀င်စွက်တယ်ဆိုတာမျိုး အမြင်လွဲလိုက်ရင် အကျိုးမဖြစ်ဘဲ အပြစ်ဖြစ်မှာလည်း သတိရှိပုံရတယ်။ ပြောပြန်တော့လည်း စကားပုံလေးနဲ့ သိမ်သိမ်မွေ့မွေ့ပဲ ထိရောက်အောင် ပြောတတ်တယ်။
အမျိုးသားရေးဦးတည်ချက်ကို မမေ့ဘူး။ မျက်ခြည်ပြတ် မခံဘူးဆိုလို့ အမျိုးသားညီညွတ်ရေးကို အားဖြစ်စေမယ့် အကြောင်းအချက်မှန်သမျှ မလွတ်တမ်း အသုံးချတတ်ပုံကိုလည်း ကျွန်တော် သတိရမိသေး တယ်။ အဲဒါက မန္တလေးနန်းတွင်းမှာ စခန်းချထားတဲ့ ဗြိတိသျှစစ်တပ် (၁၃၆) တပ်ဖွဲ့က တပ်ကြပ်ကြီး ( A.Mackenzee) အေ- မက္ကင်ဇီ ဆိုသူတယောက် ကျွန်တော်တို့ ကွန်မြူနစ်ပါတီရဲ့ ဘုံရိပ်သာအဖြစ် ခိုလှုံနေတဲ့ မဟာဝေယံဘုံသာကျောင်းတိုက်ကို ရောက်လာတယ်။ သူဟာ ဗြိတိသျှကွန်မြူနစ်ပါတီက ပါတီဝင်တဦး ဖြစ်ကြောင်း၊ ယခု တပါတ်အတွင်းမှာ စစ်တပ်က သူအားရက်ရကြောင်း၊ သူ့အားလပ်ရက်များမှာ ဒီက မြန်မာကွန်မြူနစ်ပါတီဝင်များနဲ့ တွေ့ဆုံပြီး သဘောတရားရေးရာများ ဆွေးနွေးလိုကြောင်း ပြောလာပါတယ်။ ကျွန်တော်တို့က သဘောတူလို့ နောက်နေ့နံနက်ကစပြီး နေ့စဉ် နံနက် ၇ နာရီကစပြီး နံနက်စာစားချိန်ထိ ဆွေးနွေးတယ်။ နံနက်စာကို ကျွန်တော်တို့နဲ့ အတူစားတယ်။ စားပြီး ပြန်တယ်။ အမှန်က ဆွေးနွေးတယ် ဆိုတာထက် သင်တန်းပေးတဲ့ သဘောလိုပါပဲ။ ဆွေးနွေးတဲ့ အကြောင်းအရာက 'အရင်းရှင်စနစ်၏ အမြင့်ဆုံးအဆင့် နယ်ချဲ့စနစ် ( Imperialism the Highest Stage of Capitalism)' ဆိုတဲ့ လီနင်ရေးတဲ့ စာအုပ်ကို သူယူလာပြီး အသေးစိတ်တော့မဟုတ်ပါဘူး၊ အခန်းအလိုက် အကျဉ်းရုံးပြီး သူက ရှင်းပြတာပါ။ ဒါကို တက်ရောက်တဲ့ ရဲဘော်၊ ရဲဘော်မတွေ (၁၀ ယောက်လောက်) က အင်္ဂလိပ်လို မတတ်တော့ ကိုဌေး (ဗကပ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် ရဲဘော်ဌေး၊ တောတွင်းသေဆုံး) နဲ့ ကျွန်တော်က တလှည့်စီ စကားပြန် လုပ်ကြရပါတယ်။
ဒီဆွေးနွေးပွဲကြောင့် တပတ်လောက် ကျွန်တော် ဖဆပလရုံးကို နံနက်ပိုင်း လာနိုင်မှာ မဟုတ်ကြောင်း ဦးလှကို သွားပြီးပြောတော့ ဒီကိစ္စ သူစိတ်ဝင်စားတယ်။ သူလာပြီး ကြည့်ချင် လေ့လာချင်တယ်လို့ပြောပြီး နောက်နေ့ကျတော့ ၉နာရီလောက်မှာ ဦးလှရောက်လာပြီး ဘေးကနေ ထိုင်နားထောင်ပါတယ်။ ဒီဆွေးနွေးပွဲက ထူးဆန်းတော့ ဝေယံဘုံသာကျောင်းတိုက် ဆရာတော် ဦးကလျာဏ (ရဟန်းပျိုအဖွဲ့ချုပ် ဒုဥက္ကဌ) ကလည်း နေ့တိုင်းလို ဘေးနားမှာ ကြိမ်ကုလားထိုင်ကြီးတလုံးနဲ့ ထိုင်ပြီး ဆွေးနွေးပွဲ ပြီးတဲ့အထိ နားထောင်လေ့ရှိတယ်။ ဆွေးနွေးပွဲသင်တန်းပြီးတော့ ဦးလှနဲ့ ရဲဘော်မက္ကင်းဇီတို့ကို ကျွန်တော်တို့က မိတ်ဆက်ပေးပါတယ်။ သူတို့ နှစ်ယောက်ပြောကြတာ အဓိကအားဖြင့် ရဲဘော်မက္ကင်းဇီ ကွန်မြူနစ်ပါတီဝင် ဖြစ်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။ စစ်ထဲဝင်တာ ဘယ်လောက်ကြာပြီလဲကစပြီး အင်္ဂလိပ်လူထုအခြေအနေ၊ ဗြိတိသျှကွန်မြူနစ်ပါတီရဲ့ မြန်မာပြည် ပေါ် သဘောထား စတာတွေပါပဲ။ ရဲဘော်မက္ကင်ဇီကလည်း အင်္ဂလန်အပါအ၀င် ဥရောပမှာ ပြည်သူတွေ နိုင်ငံရေးနိုးကြားလာပုံ၊ ဖောက်ပြန်ရေးသမားတွေ တဖြေးဖြေးသြဇာကျဆင်းလာမယ့် လက္ခဏာနဲ့ ဗြိတိသျှပါတီ ကတော့ ကိုလိုနီများကို လက်လွှတ်လော့။ မြန်မာပြည်ကို လက်လွှတ်လော့ဆိုတဲ့ သဘောထားဖြစ်ကြောင်း ပြောကြတယ်။
အဲဒီဆွေးနွေးပွဲကို လာကြည့်ပြီးတဲ့နောက်ပိုင်း ဦးလှအတွက် လူထုစစ်သဘောတရားနဲ့ လုံးဝ လွတ်လပ်ရေးအတွက် အမျိုးသားစည်းရုံးညီညွတ်ရေး တိုးပြီး ခိုင်မာလာအောင် တည်ဆောက်ရာမှာ လူထုကို ဟောစရာ၊ ပြောစရာ အားတက်ဖွယ်ရာ အချက်အလက်အသစ်တွေက အများကြီး တိုးလာတယ်။ ဖဆပလ အဖွဲ့ချုပ် အမှုဆောင်လူကြီးများကိုလည်း ကျွန်တော်တို့ရဲ့ လုံးဝလွတ်လပ်ရေးတိုက်ပွဲမှာ မိမိတို့ချည်းမဟုတ်ဘဲ ကမ္ဘာ့လူထုကြီးရဲ့ နိုးကြားတက်ကြွတဲ့ အထောက်အကူကို ရရှိမှာဖြစ်ကြောင်း အထူးသဖြင့် အင်္ဂလန် အင်္ဂလိပ် လူထုကြီးအတွင်းမှာပင် ကိုလိုနီစနစ် ဆန့်ကျင်တဲ့ အသိတွေ ပိုမိုကျယ်ပြန့်လာနေပြီး အင်္ဂလိပ်ကိုလိုနီဝါဒီ ဖောက်ပြန်ရေးသမားတွေ သြဇာကျဆင်းနေပြီဖြစ်ကြောင်း အားပါးတရ ရှင်းပြတဲ့အပြင် ရပ်ကွက်လူထု တရားပွဲ တွေမှာလည်း ပိုပြီး စုံစုံလင်လင် အားတက်သရော ရှင်းလင်းဟောပြောလေ့ရှိပါတယ်။
ဦးလှရဲ့ အဲဒီဟောပြောချက်တွေ မှန်ကန်ကြောင်း ခိုင်မာစေတဲ့ လက်တွေ့သာဓကအဖြစ် အင်္ဂလန်နိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ ဖောက်ပြန်တဲ့ ကိုလိုနီဝါဒသမား မစ္စတာချာချီ ခေါင်းဆောင်တဲ့ ကွန်ဆာဗေးတစ်ပါတီ ရှုံးနိမ့်သွားပြီး မစ္စတာကလီမင့်အက်တလီ ခေါင်းဆောင်တဲ့ အလုပ်သမားပါတီ (လေဘာပါတီ) က အနိုင်ရရှိသွား ပြီ ဆိုတဲ့ သတင်းပါပဲ။ အမှုဆောင်လူကြီးတွေရော လူထုအတွင်းမှာပါ လေဘာပါတီ အနိုင်ရလို့ အင်္ဂလန်မှာ အလုပ်သမားအစိုးရ တက်လာပြီဆိုတဲ့ သတင်းဟာ ဧရာမ ၀မ်းသာစရာ သတင်းကောင်းတခု ဖြစ်ပါတယ်။ ဒါပေမယ့် လူထုကြီးရဲ့ ညီညွတ်မှုအင်အားကို မလျှော့ဖို့အပြင် တိုးပြီး စည်းလုံးညီညွတ်ဖို့၊ ဖဆပလအဖွဲ့ကြီးရဲ့ ခေါင်းဆောင်မှုနောက်မှာ သတိလျင်လျင်နဲ့ တက်တက်ကြွကြွ ရှိနေကြဖို့ ရှေးကထက် ပိုပြီး လိုအပ်ကြောင်း၊ အင်္ဂလန် အလုပ်သမားအစိုးရ တက်လာတာဟာ မြန်မာ့ လုံးဝလွတ်လပ်ရေးအတွက် အထောက်အပံ့ အလားအလာကောင်း တိုးလာခြင်းသာ ဖြစ်ကြောင်းကိုလည်း ဖိပြီး ဟောကြ ပြောကြရပါသေးတယ်။ ဒီစဉ်တုန်းက မန္တလေးမြို့ပေါ်နဲ့ အနီးနားတ၀ိုက်မှာ တနေရာမဟုတ် တနေရာမှာ ညစဉ် ဖဆပလတရားပွဲတွေ ခြိမ့်ခြိမ့်သဲနေခဲ့ တာကို အမှတ်ရမိပါသေးတယ်။
တရားပွဲတွေလို့ ဆိုလိုက်ပြန်တော့ အဲဒီတရားပွဲတွေကို အကြောင်းပြုပြီး ဦးလှကို ဂုဏ်ပြုမှတ်တမ်း တင်ချင်တဲ့ အရေးကြီးတဲ့ အချက်တခု ခေါင်းထဲ ပေါ်လာခဲ့ပြန်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း အဲဒီခေတ်တုန်းက တရားပွဲတွေဆိုတာ အသံချဲ့စက် မသုံးနိုင်ကြသေးတော့ ဇာတ်ပွဲ လူပျက်တွေ (လူရွှင်တော်တွေ) ပြောသလို ကျုပ်မော်တော်ကားက လူမိုက်သလောက်ပြေးတယ်ဗျ ဆိုတဲ့အတိုင်း အားကုန်ကုန်းအော်ပြီး အော်နိုင် ဟစ်နိုင်ကာမှ ပရိသတ် တထောင်နှစ်ထောင်ကို ထိန်းနိုင်တယ်။ ဒါတောင် ပရိသတ်က ငြိမ်ပါဦးမှ။ ဦးလှက ကျွန်တော်တို့လို လက်သီးလက်မောင်းတန်းပြီး အသားကုန် အော်ဟစ် ဟောပြောတတ်တဲ့ အလေ့မရှိဘူး။ ပုံတိုပတ်စလေးတွေ တမျိုးမဟုတ် တမျိုးပြောပြီး ခပ်ရွှင်ရွှင် ခပ်အေးအေးပဲ ဟောတတ်တယ်။ ဒီတော့ ကျွန်တော်တို့တတွေ တရားပွဲတပွဲပြီးလို့ အိမ်ပြန်ရောက်ရင် လူကို ပက်လက်လန်အောင် နုန်းနေတတ်တယ်။ ဒါတွေကို ကြည့်ပြီး ဟိုး စောစောပိုင်းကတည်းက ကိုညွန့်အောင်ရေ အခုနေမှာ သတင်းစာဂျာနယ်ရှိဖို့ သိပ်လိုတယ်ဗျ။ နှုတ်တရာ စာတလုံးဆိုသလို သတင်းစာဂျာနယ်က ချောင်ကြိုချောင်ကြားထိ ရောက်နိုင်တယ် စသဖြင့် မကြာခဏ တတွတ်တွတ် ပြောတတ်တယ်။
တနေ့မှာ တနေ့ဆိုတာ မှတ်မှတ်ရရ အိန္ဒိယက ဖဆပလဖွင့်ပွဲအမီ ရောက်လာကြတဲ့ ကိုကျော်ရင် (ပါမောက္ခချုပ် ကွယ်လွန်) တို့ ကိုလှသောင်းတို့ လေထီးအဖွဲ့ အောက်မြန်မာပြည်ဘက် ခရီးမဆက်ခင် တညနေပိုင်းမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုကျော်ရင်တို့ ဦးလှတိုက်ရောက်တဲ့အခါ ကဆုန် နယုန် နွေရာသီမို့ တိုက်ရှေ့လမ်းဘေးမှာပဲ တန်းလျားတွေ စပွဲတွေနဲ့ ထိုင်ကြရတယ်။ အဲဒီမှာ ဦးလှက သူ သတင်းစာထုတ်ဖို့ စိုင်းပြင်းနေကြောင်း၊ စက္ကူ ပုံနှိပ်မင် အခြေအနေကြည့်ပြီး ပထမ ဂျာနယ်စ ထုတ်မယ်။ စက္ကူနဲ့မင် စိတ်ချရရင် သတင်းစာ တိုးထုတ်မယ်။ ဂျာနယ်နာမည် ဘယ်လိုပေးရမလဲ။ The People တလုံးတည်း 'လူထု' ဆိုပြီး ပေးရင်ကောင်းမလားလို့ သူ စိတ်ကူးမိကြောင်း အဲဒါ ထိုင်ပြီး အကြံပေးကြပါဦးလို့ ပြောလာပါတယ်။
အဲဒီမှာ ကျွန်တော်တို့ ၀ိုင်းပြီး လူထုအသံ၊ လူထုအောင်လံ၊ လူထုလမ်းညွှန် စသဖြင့် ကောင်းနိုးရာရာ တွဲပြီး ရေရွတ်ကြည့်ကြပါသေးတယ်။ နောက်ဆုံးမှာ လူထု ဆိုတဲ့စကားတလုံးတည်းက အကောင်းဆုံးပဲ။ ဖတ်၇တဲ့လူထုက ကြိုက်သလို ဖြည့်ပြီး အဓိပ္ပါယ်ဖော်နိုင်တယ်။ ပြီးတော့ 'ထု' ဆိုတဲ့ စကားလုံးက ထုထည်ကြီးမားမှု၊ ခိုင်မာမှု၊ ကြီးမားမှုကို ဖော်ပြရာရောက်တယ်ဆိုပြီး လူထုဆိုတာပဲ အားလုံးသဘောကြိုက် ညီကြပါတယ်။ ( People ဆိုတာကို ခုခေတ်မှာလို ပြည်သူလို့ မသုံးကြပါဘူး။ တရားပွဲတွေမှာလည်း ယခုလို လုပ်သားပြည်သူများခင်ဗျာ၊ မိဘပြည်သူများခင်ဗျာလို့ သုံးလေ့မရှိပါဘူး။ လူထုကြီးခင်ဗျာ၊ လူထုကြီးက ဆုံးဖြတ်ပေးကြပါခင်ဗျာ စသဖြင့် အာလုတ်သံပြုပြီး ပြောကြ ဟောကြပါတယ်။) အဲဒီတုန်းက စကားဝိုင်းမှာ ရယ်စရာ အဖြစ်ကလေးကိုတောင် မှတ်မိနေပါသေးတယ်။ ကျွန်တော်က လူထုစကားလုံးကို နှစ်သက်ပြီး တက်ကြွထက်သန်တဲ့ သဘောနဲ့ 'ထု' ဆိုတာကို ထဆင်ထူးနဲ့ မထုချင်ဘူး။ ဒဒွေးနဲ့ 'ဒု' လိုက်ရင် ပိုကောင်းမယ်လို့ ပြောလိုက်တော့ အားလုံးက ၀ိုင်းပြီး ကြံကြံဖန်ဖန် ကိုညွန့်အောင်ရာ ရေးတော့အမှန် ဖတ်တော့အသံတဲ့။ ထဆင်ထူးကို ဘယ်လိုဖတ်ဖတ် 'ဒု' ဆိုတဲ့ အသံပဲ ထွက်တာပါဆိုပြီး ရယ်ကြ ပျော်ကြရပါသေးတယ်။ မကြာပါဘူး။ လူထုဂျာနယ် စပြီးထွက်ပါတယ်။ ကျွန်တော်တို့တောင် လိုအပ်ချက်ကိုလည်းသိ၊ အားလည်းကျလို့ ကိုအောင်သူ (တိုင်းပို့ဆက်မန်နေဂျာ- ငြိမ်း) နဲ့ ကျွန်တော် အယ်ဒီတာလုပ်ပြီး ကြယ်နီဂျာနယ် ထုတ်ခဲ့ကြသေးတယ်။ အဲဒီတုန်းက စာနယ်ဇင်းတစောင် ရပ်တည်စွဲမြဲသွားနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အစစ ရှားပါးတဲ့ခေတ်မို့ ဂျာနယ်တစောင် ပုံနှိပ်ပြီးဖြစ်အောင်လုပ်ရတာ မလွယ်သလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ဖြန့်ချိရတာလည်း မလွယ်ဘူး။ တပတ်ထုတ်တဲ့ ဂျာနယ်ဖိုး နှစ်ပတ် သုံးပတ်နဲ့ အရင်းပြန်ရပြီး လည်ပတ်နိုင်ဖို့ ခက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကြယ်နီဟာ တစောင်တည်းသာ ထုတ်နိုင်ပြီး ရပ်သွားခဲ့တယ်။ ဒါပေမယ့် ဦးလှရဲ့ လူထုဂျာနယ်က ရပ်မသွားတဲ့အပြင် သတင်းစာအဆင့်ထိတောင် တိုးမြှင့်ထုတ်ဝေနိုင်ခဲ့တယ်။ ဒီအချိန် ဒီကာလတွေမှာ ဦးလှနဲ့ ကျွန်တော်ဆိုတာ စားအတူ သွားအတူ တတွဲတွဲ လုပ်ခဲ့ကြတာ နေထွက်နေ၀င်လို့ ပြောရုံနဲ့တင် မလုံလောက်ဘူး။ နေ့ရောညပါလို့ ပြောမှ စကားက နီးစပ်မှာပါ။ ဦးလှဟာ စိတ်ရောကိုယ်ပါ စုံလုံးနှစ်ပြီး လုပ်ခဲ့တာ ကျွန်တော်အသိဆုံးပဲ။ Full devotion ပဲ။ လူထုဂျာနယ်၊ လူထုသတင်းစာ ထုတ်ရတာကိုက ဖဆပလရဲ့ အလုပ်ဖြစ်နေတယ်။ အမျိုးရေးလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြိုးပမ်းတာပဲ ဖြစ်နေတယ်။
ဒါတွေကို တွေးမိပြီး ဦးလှကို သူ ထုတ်ဝေသည့် လူထုသတင်းစာကို အစွဲပြုပြီး လူထုဦးလှဟု အများက သိကြသည်ဆိုတဲ့ အပြောအဆို အရေးအသားမျိုးတွေနဲ့ ကျွန်တော့်စိတ်ထဲမှာ သိပ်ပြီးဘ၀င်မကျခဲ့လှဘူး။ ပေါ့ဟာဟာလို ခံစားနေမိတယ်။ တကယ်တော့ သူတို့ပြောကြ ရေးကြတာကို မှားတယ်လို့ မဆိုလိုပါဘူး။ မပြည့်စုံတာပါ။ အမှန်ပြောရင် ဦးလှ ဆိုတဲ့ နာမည်ရဲ့ရှေ့က လူထုဆိုတဲ့ ၀ိသေသနပုဒ်ဟာ အမျိုးသားရေး လိုအပ်ချက်ကို ဖြည့်ဆည်းရာမှာ အရိုးသားဆုံး၊ အနိုးကြားဆုံးနဲ့ အကြိုးစားဆုံး လုံးပန်း အကောင်အထည်ဖော်ခဲ့ လို့ အမျိုးသား လုံးဝလွတ်မြောက်ရေး တိုက်ပွဲကြီးက ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ အမျိုးသားဂုဏ်ထူး ဆောင် ဘွဲ့တံဆိပ်ကြီး ဖြစ်တယ်လို့ ပြောမှ ရေးမှ ပြည့်စုံမှန်ကန်ပြီး လျော်ကန်သင့်မြတ်လိမ့်မယ်လို့ ကျွန်တော် သိမြင်ယုံကြည်နေမိပါတယ်။

(၅)
ဧပြီလကစပြီး လေးငါးလလောက် အမျိုးသားညီညွတ်ရေးအတွက် ကိုယ်ရောစိတ်ပါနှစ်ပြီး မနေမနား ကြိုးစားလုံးပန်းနေကြခိုက်မှာ ၀မ်းမြောက်စရာ အကောင်းဆုံး ကြားလိုက်ရတဲ့ သတင်းကတော့ သြဂုတ်လလယ် လောက်မှာ ဂျပန်က မဟာမိတ်တပ်များ ရှေ့မှောက်မှာ ချွင်းချက်မရှိ လက်နက်ချလိုက်လို့ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီ ဆိုတဲ့ သတင်းဖြစ်တယ်။ သုံးနှစ်လုံးလုံး စားမဖြောင့် သွားမဖြောင့် အိပ်မဖြောင့် နေမဖြောင့် ကျီးလန့်စာစား နေကြရတဲ့ဘ၀က လွတ်ပေါ့ဟဲ့၊ ကျွတ်ပေါ့ဟဲ့လို့ ခံစားလိုက်ကြရတဲ့အသိဟာ ဘယ့်ကလောက် လွတ်လပ်ပေါ့ပါးပြီး ၀မ်းသာစရာ ကောင်းမယ်ဆိုတာ အကျယ်ပြောစရာတောင် မလိုပါဘူး။ တချိန်တည်းမှာ သက်စွန့်ဆံဖျား ပုခုံးပေါ်ထမ်းထားကြရတဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးလည်း တပါတည်း အောင်မြင်ပြီးစီး သွားတာမို့ ပျော်စရာတို့ရဲ့ အထွတ်အထိပ်ကို ရောက်သွားခဲ့ကြတာပါပဲ။
ယခုလို ပျော်စရာတွေ့ကြုံခဲ့ပြီးလို့ မကြာခင်မှာပဲ နောက်ထပ်ပျော်စရာ စိတ်အားတက်စရာ ကြုံလာရတာ ကတော့ ကျွန်တော်တို့ မျှော်လင့်မထားပဲ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ ဦးကျော်ငြိမ်းနဲ့ ပျော်ဘွယ်ဦးမြတို့ လေးယောက် ဗြုန်းစားကြီး မန္တလေးကို ရောက်လာကြခြင်းပဲ ဖြစ်ပါတယ်။ ဦးလှကတော့ ဗိုလ်ချုပ်တို့ ရောက်တာနဲ့ဟန်ကျတာပဲဗျို့၊ မန္တလေးမှာ ဗိုလ်ချုပ်တို့ တရားပွဲတခုလောက် လုပ်လိုက်ရရင် သိပ်ကောင်းမယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူမျှော်လင့်သလို တရားပွဲ မလုပ်နိုင်ပါဘူး။ ဗိုလ်ချုပ်တို့က လူသိရှင်ကြား တိုင်းခန်းလှည့်လည်လာတာမျိုး မဟုတ်ပါဘူး။ အဓိကကိစ္စက မန္တလေးမှာရှိတဲ့ ဖဆပလ အမှုဆောင်လူကြီးများနဲ့တွေ့ပြီး အရေးကြီးကိစ္စဆွေးနွေးဖို့နဲ့ သွားရင်းလာရင်းနဲ့ ရန်ကုန်-မန္တလေးလမ်းတလျှောက် ဖဆပလလူထုအခြေအနေကို လေ့လာဖို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရန်ကုန်က မန္တလေးကို မော်တော်ကားနဲ့ တမြို့ဝင် တမြို့ထွက် ထွက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်တို့ လေးယောက်စလုံး ဆရာကြီး ဦးရာဇတ်တိုက်မှာပဲ တည်းကြတယ်။ နောက်နေ့မနက်ကျတော့ ဆရာကြီးတိုက်မှာပဲ ကျွန်တော်တို့ ဖဆပလ အထက်မြန်မာပြည် အဖွဲ့ချုပ် အမှုဆောင်များအားလုံးနဲ့ တွေ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲ အစအဆုံး ဗိုလ်ချုပ်ကပဲ တာဝန်ယူပြီး ပြောဆိုဆွေးနွေးပါတယ်။
စစချင်း ဗိုလ်ချုပ်က မန္တလေးမြို့နဲ့ အထက်ပိုင်းမြန်မာပြည် ဂျပန်အောက်က လွတ်လပ်ခြင်း၊ အထက်မြန်မာပြည်ကို ကိုယ်စားပြုပြီး ဖဆပလ အထက်မြန်မာနိုင်ငံအဖွဲ့ချုပ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်း ဖော်ထုတ်နိုင်ခဲ့ကြတဲ့အတွက် အလွန်ဝမ်းသာအားရ ကျေနပ်မိကြောင်း၊ အချိန်ရလျင်ရချင်း ရန်ကုန်မှာ ဖဆပလဗဟိုအဖွဲ့ချုပ်ကို ဖွဲ့စည်းကြရာမှာ ရန်ကုန်မြို့နှင့် အနီးတ၀ိုက်သာ အဆက်အသွယ်ရပြီး ဖွဲ့စည်းခဲ့ကြရတဲ့ အတွက် ဗဟိုဦးစီးအဖွဲ့ဝင် ၃၆ ဦးနဲ့ အမြန်ဖွဲ့စည်