Sunday, February 28, 2010

နောင်ရိုးတင်ဝင်း
ရေးသူ- မောင်အေးဝင်း



[ကိုတင်ဝင်းအကြောင်းကို ကျနော်ရေးတဲ့အတွက် မလိုလားသူ၊ မနှစ်သက်သူတို့ ရှိကောင်း ရှိမယ်။ ကျနော်ရေးတဲ့ အကြောင်းဟာ ကိုတင်ဝင်းနဲ့ အင်းစိန်ထောင်ထဲ အတူနေရစဉ်ကနေ ၁၉၈၉ ကျနော် ပြည်တွင်းက မထွက်ခင်အထိ ကျနော်သိတဲ့ ကိုတင်ဝင်း (ခ) ကိုအောင် (ခ) မာလာတင်ဝင်း သာဖြစ်ပါတယ်။ ရေးလို့ မကုန်မချင်း အခန်းဆက်ရေးဖို့ စဉ်းစားထားပါတယ်။]

၅ တိုက်၊ အခန်း ၁၃။

ကျနော် အဖမ်းခံရတဲ့ညက ဓနိတောရေတပ်၊ ထောက်လှမ်းရေး(၃) မှာ တည အိပ်ရတယ်။ နောက်တနေ့ မနက်မှ အင်းစိန်ထောင်ကို ပို့တယ်။
ရောက်ရောက်ချင်းပဲ အင်းစိန်ထောင်ထဲမှာ စခန်းချနေထိုင်နေကြတဲ့ ထောက်လှမ်းရေးတွေက ကျနော့်ကို စစ်ကြောရေး တန်းလုပ်တယ်။ ညနေရောက်မှ ထောင်ကလူတွေ လက်ထဲအပ်တာ။
ထောင်ကလူတွေကလဲ ကျနော့်ကို ဘယ်မှာထားရမယ်ဆိုတာ ကြိုတင်စီစဉ်ထားပုံမရဘူး။ ဧည့်သည်တွေ ၀င်လာမစဲတသဲသဲမို့ နေရာအခက်အခဲရှိတဲ့ Hotel လိုပဲ။ အခန်းရအောင်ကို တယ်လီဖုံးတွေနဲ့ မနည်း မေးမြန်းနေရတာ တော်တော်ကြာတယ်။ Hotel မှာ Check in ၀င်တာ အခန်းမအားသေးလို့ စောင့်နေရ သလိုပဲ။


(၆) တိုက်နားက ၀ါဒါတဲကလေးရှေ့မှာ စောင့်နေရတာပဲ နာရီဝက်လောက်ရှိမယ်။
နေရာရတော့မှ ချည်ကြမ်းလုံချည်အပြာရောင်ဝတ်ထားတဲ့ ဂင်တိုတိုလူတယောက်နဲ့ ရုပ်ရှင်မင်းသား ဇော်ခင်ဂိုက်နဲ့ လေတပ်ယူနီဖောင်းလို တက်ထရက် ဘောင်းဘီ၊ အင်္ကျီနဲ့ ၀ါဒါတယောက် ရောက်လာပြီး၊ လုံချည်ပြာက ကျနော့်ခေါင်းကို စောင်နဲ့ လာပြန်အုပ်တယ်။ သူတို့ ကျနော့်ကို စစ်ကြောရေးစခန်းက ခေါ်လာတုန်း ကလဲ စောင်နဲ့ အုပ်ပြီး ခေါ်လာတာ။ အခန်းစောင့်နေရတုန်း ခဏ စောင်လှပ်ထားပေးတာ။ နောက်မှ သိရတာ လုံချည်ပြာက အများက ဖထီးလို့ ခေါ်ကြတဲ့ လူသတ်မှုနဲ့ ထောင်တသက်တကျွန်းကျတဲ့သူ၊ ရှိုးကျကျ ၀ါဒါက ရေတပ်က ပြုတ်လာပြီး အကျဉ်းဦးစီးဌာနမှာ ၀ါဒါလာဖြစ်နေတဲ့ ၀ါဒါ ၀င်းကြည်။
စောင်အုပ်ပြီးခေါ်ခဲ့တာ စောင်ကို ဖွင့်လိုက်တော့ အခန်းကျဉ်းတခုရှေ့ ရောက်နေပြီ။ အဲဒီအခန်းမှာ ကျနော် နေရတယ်။ ၅တိုက်၊ အခန်း ၁၃ တဲ့။
အခန်းတံခါး ပိတ်လိုက်တော့ သံတိုင်တံခါး အပြင်ဘက်မှာ သောက်ရေအိုးတလုံးရှိမှန်း သတိထားမိ တယ်။ အခန်းရဲ့ လူနှစ်ရပ်စာမက မြင့်တဲ့ မျက်နှာကျက်မှာ ၁၅ ၀ပ်လောက်ရှိတဲ့ မှုန်ပျပျ မီးသီးတလုံး ထွန်းထားတယ်။ အိမ်သာအတွက် အသုံးပြုဖို့ ဂန်ဖလားဆိုတဲ့ စဥ့်ရည်သုတ် မြေအင်တုံတလုံး ထားပေးတယ်။ အခန်းပြင်မှာ သွပ်ပြားကာထားတဲ့ အခန်းတခုကို လှမ်းမြင်နေရတယ်။ အဲဒါ ရေချိုးခန်းတဲ့။ အံမယ်.... ရေ မီး အစုံပါလား။
ဒါကြောင့် ထင်ပါရဲ့၊ ထောက်လှမ်းရေးတွေက ဓာတ်ပုံရိုက်တော့ အိုးအိမ်ဦးစီးမှာ တိုက်ခန်းတွေ ဘာတွေ လျှောက်ထားသေးလား မေးတာကိုး။ ခုမှ သဘောပေါက်တယ်။

အခန်းပြောင်းရခြင်း။

ဒီလိုနဲ့ နေ့နဲ့ည၊ ညနဲ့နေ့ အခန်းကနေ ထုတ်လိုက် စစ်လိုက်၊ ပြန်သွင်းလိုက်နဲ့ ရက်နဲနဲ ကြာလာလို့ စစ်လို့ကုန်တော့ အခန်း ၁၃ ကနေ ၅တိုက်ရဲ့ အစွန်ဆုံး အခန်းဖြစ်တဲ့ အခန်း ၂၁ ကို ပြောင်းရတယ်။ အခန်း ၂၁ မှာ နဂိုက လူတယောက်ရှိပြီးသား။ ကျနော် ရောက်သွားတော့ နှစ်ယောက်ဖြစ်သွားတယ်။ အခန်းဖော်က ကျော်ဝင်း။ ကျနော်တို့ စက်မှုတက္ကသိုလ်ကပဲ။ စတုတ္ထနှစ်မြို့ပြက တရုတ်ကပြား ကျောင်းသားတယောက်ပဲ။
နောက်တနေ့မှာ ကျနော်တို့ အခန်းကို ဂျီတီအိုင်က ကျောင်းသား နှစ်ယောက် ထပ်ရောက်လာတယ်။ တညင် ကျောက်တန်းက ကြည်ရှိန် နဲ့ ပဲခူးက ၀င်းမြင့်။ အခန်းဖော်တွေအကြောင်းတော့ နောက်မှ ရေးတော့မယ်။ ခေါင်းစဉ်တပ်ထားတဲ့ ကိုယ်ရေးချင်တဲ့လိုရင်းကို အခန်း ၂၁ ကို ပြောင်းပြီးမှ ရောက်တာ။

ကျနော့်ဇာတ်လိုက် ကိုအောင်

ကျနော်တို့ နေရတဲ့ ၂၁ အခန်းနဲ့ တည့်တည့်မှာ ၅ တိုက်ထဲကို ၀င်တဲ့ အပေါက်ရှိတယ်။ တနေ့မှာ ဗြုန်းဆို တံခါးရုတ်တရက် ပွင့်လာပြီး စောင်နဲ့အုပ်ပြီး ဘေးက ၀ါဒါတွေ လုံချည်ပြာတွေ သုံးလေးယောက် ၀ိုင်းချုပ်ထားတဲ့ လူတယောက်ကို သွင်းလာတယ်။ စောင်နဲ့ အုပ်ခံရတဲ့လူကို လုံချည်တိုတို ၀တ်ထားတဲ့ ခါးအောက်ပိုင်းပဲ မြင်ရတယ်။ ခြေသလုံးဖြူဖြူက ခြေသလုံးမွှေးတွေပဲ မြင်ရတာ။ အရပ်က ရှည်ပုံရတယ်။ သူ့ကို ချုပ်ကိုင်ပြီး စောင်နဲ့အုပ်လာတဲ့ သူတွေလက်က အပေါ်ကို မြောက်နေတယ်။ သူတို့ ခေါ်လာပုံက လမ်းမှာ အတင်းရုန်းကန် လွတ်ထွက်မှာ ကြောက်လို့ ညှပ်ပူးညှပ်ပိတ် ဆွဲလာတဲ့ပုံမျိုး။ ကျနော်တို့ အခန်းနဲ့ ကပ်လျက်အခန်းမှာ သူ့ကို ထည့်တယ်။ အခန်းတခုနဲ့ တခုကြားမှာ အုတ်နံရံက ခြေနှစ်လှမ်းစာလောက် ရှည်ထွက်နေအောင် ကာထားတော့ လူကို အခန်းထဲသွင်းလိုက်တာ မမြင်လိုက်ဘူး။ အသံတော့ ခပ်အုပ်အုပ်ကြားတယ်။ မင်း ဒီမှာ ကောင်းကောင်းနေ တဲ့။
ဝါဒါတွေ ပြန်ထွက်သွားလို့မှ တအောင့်လောက်ပဲ ရှိအုန်းမယ်။ ခုနက သွင်းလာတဲ့ အခန်းဘက်ကနေ ကျနော်တို့ဘက် နံရံကို ထုပါလေရော။ ပါးစပ်ကလဲ မေးနေတယ်။
"ဟေ့- ဟိုဘက်မှာ ဘယ်သူတွေ ရှိလဲ" တဲ့။ မဖြေမချင်းကို ထုနေပါလေရော။
"မကြောက်ပါနဲ့-ဖြေပါကွ၊ ငါ့နာမည် တင်ဝင်း ပြည်ချစ်က..... မင်းတို့ ဘယ်ကလဲ"
ကျနော်တို့ လေးယောက်ကို ဒီလူ ခေါင်းစားနေပြီ။ အာဏာပိုင်တွေက ကျနော်တို့ကို ပြဿနာရှာဖို့ သူတို့ လူကို လာထည့်ပြီး အကြံအစည်နဲ့ လုပ်တာလား၊ အတုလား အစစ်လားပေါ့။ တခန်းနဲ့တခန်း မဆက်သွယ်ရ၊ စကားမပြောရဆိုတဲ့ ဥပဒေကြီးက တော်တော် တင်းကျပ်နေတဲ့အချိန်။ သော့သံကြားရင်ပဲ ဘယ်အခန်းကလဲ၊ ဘယ်သူ့ကိုလဲ၊ ဘာလုပ်ဖို့လဲ ဆိုတဲ့ လဲပေါင်းများစွာနဲ့ ဗျာများနေရတဲ့ အချိန်။
ကျနော်တို့ လေးယောက် အခန်းအတွင်း ဘက်ကို သွားပြီး တိုးတိုးတိတ်တိတ် တိုင်ပင်ရတယ်။ တံခါးပေါက်နားမှာ ပြောရင် ဒင်းကြားသွားမှာစိုးလို့။
ဖြေလိုက်မှ ဖြစ်မယ်။ ဒီလူက မဖြေမချင်း ထုနေမှာ။
"မင်းတို့ ဘယ်သူလဲဆိုတာ မဖြေချင်နေ၊ ဘယ်နှစ်ယောက်လဲပြော" တဲ့။ လုပ်လာပြန်ပြီ။ ကျနော်က ငါဖြေလိုက်မယ်လို့ အခန်းဖော်တွေကို အရိပ်အကဲပြလိုက်တော့ ကျော်ဝင်းက ကျနော့်ကို လက်တချောင်းထောင် ပြတယ်။ တယောက်ထဲ ဆိုတဲ့ သဘောပေါ့။
ကျနော်က တံခါးနားကို ပြန်သွားပြီး တယောက်လို့ ဖြေတယ်။
"ငါ့နံမည် တင်ဝင်း၊ ပြည်ချစ်တပ်မတော်က...... မင်းတို့ ငါ့ကို ခေါ်ရင် 'ကိုအောင်' လို့ ခေါ်...၊ မင်းတို့ တယောက်ဖြစ်ဖြစ် ဘယ်နှစ်ယောက်ဖြစ်ဖြစ် မင်းတို့ကို ငါခေါ်ရင် 'ကမာ' လို့ ခေါ်မယ်" တဲ့။
သူ့ဘက်က အမေးကို ကျနော်တို့ဘက်က ဖြေတဲ့၊ အဖြေကြားမှာ အချိန် ခြားခြားနေတော့ သူ သင်္ကာမကင်း ဖြစ်ပုံရတယ်။
နောက်တနေ့ မနက်လင်းတော့ အဖြေပေါ်တာပဲ။ အခန်းတွေ တခန်းချင်း မိလ္လာအချမှာ သူ့ဘက်ကို အရင်ရောက်တော့ တံခါးဖွင့်တာနဲ့ ဂန်ဖလားကို ချပြီး ကျနော်တို့ အခန်းဖက် ခုန်ပေါက်ပြီး ရောက်လာတယ်။ ဖထီးက မလုပ်နဲ့ တင်ဝင်း မလုပ်နဲ့လို့ ပြောရင်း လိုက်ဆွဲနေတဲ့ကြားက ကျနော်တို့ အခန်းရှေ့ရောက်လာပြီး-
"ဟား.. ဟား ငါသိပါတယ်၊ မင်းတို့ တယောက်ထဲ မဟုတ်ဘူးဆိုတာ..." ရီပြီးပြောပြီး ပြန်ထွက်ပြေး သွားတယ်။
သူ့ပုံက အရပ်မြင့်မြင့် နှုတ်ခမ်းမွှေး ပါးသိုင်းမွှေးနဲ့ အသားဖြူဖြူ ရုပ်ချောချော၊ ရုပ်ရှင်မင်းသား လင်းထင်တို့လို့ ပုံမျိုး။ ကျနော့်ရဲ့ မျက်စိထဲမှာ သူ အဲဒီလို ရီပြီး ထွက်သွားတဲ့ ပုံဟာ ခုထိ မြင်နေတုန်း။ စိတ်နှလုံးကောင်းမယ့် ဥပဓိရုပ်မျိုး။ လုပ်စရာရှိရင် သွေးအေးအေးနဲ့ သတ္တိရှိရှိ လုပ်မယ့်ပုံမျိုး။ သူက တင်ဝင်း၊ သူ့မိန်းမက မာလာ။ ဗမာပြည် တနံတလျား ဗုံးလျှောက်ခွဲနေရာက ဖမ်းမိသွားပြီး စစ်အစိုးရက သေဒဏ် ချထားတာ။
လုံချည်ပြာ ဖထီး ထွက်သွားပြီးတော့ သူပြောတယ်လေ။ ခုန ငါလုပ်တာမျိုး ဘယ်သူမှ လုပ်လို့မရဘူး။ ဖထီး လက်ချက်နဲ့ အရိုးတခြား အသားတခြား ဖြစ်သွားမှာတဲ့။ ဖထီးက ငါ့မို့လို့ ဘာမှ မလုပ်တာ။ ဖထီးက သူ့ ဇ, ကို ကြုံဖူးနေတော့ မလုပ်ရဲတာလဲ ပါမယ်၊ လေးစားတာလဲ ပါမယ်။
သူပြောတာ ဟုတ်တယ်ဆိုတာ နောက်ပိုင်း ပိုပိုပြီး သိလာရတယ်။ အာဏာပိုင်တွေကလဲ သူ့ကို ဖြုံကြတယ်။
အခြေခံဥပဒေကို ဆန္ဒခံယူပွဲလုပ်တော့ ပြည်လုံးကျွတ် ထောက်ခံတယ်ဆိုပြီး စစ်အစိုးရက ထောင်မှာ လွတ်ငြိမ်းချမ်းသာခွင့်တွေပေးတာ လင်မယားနှစ်ယောက်စလုံး သေဒဏ်ကနေ တသက်တကျွန်း ဖြစ်သွားတယ်။
သူ့ကို ကျနော် 'ကိုအောင်' လို့ပဲ ခေါ်ခဲ့တာ၊ အဲဒီနေ့ ဂန်ဖလားချတဲ့နေ့က စပြီး၊ ၁၉၈၉ တိုင်းပြည်က ကျနော် ထွက်မလာခင် အထိပဲ။
ခုတော့ သူဘယ်ရောက်သွားလဲ၊ ဘာဖြစ်သွားလဲ ကျနော်လဲ မသိတော့ဘူး။ သတင်းလဲ မကြားတော့ဘူး။

ဆက်ပါဦးမယ်။

{၂၊၂၈။၂၀၁၀ နောက်ဆက်တွဲ ပြင်ဆင်ဖြည့်စွက်ခြင်း။ ။ ၂၊၂၇၊၂၀၁၀ ညမှာ ပြည်တွင်းက ရဲဘော် တယောက်က ပြောပါတယ်။ ကိုတင်ဝင်းရဲ့ နောက်ပိုင်းဖြစ်ရပ်များနဲ့ သူ မြင်းခြံမှာ ကွယ်လွန်သွားပါပြီတဲ့။ ကိုယ်ရေးမှာ ကိုယ်ချစ်တဲ့ ၁၉၇၆-၁၉၈၉ အတွင်းက ကိုအောင်(ကိုတင်ဝင်း)နဲ့ မမာလာ ဖြစ်တဲ့အတွက် ရေးစရာ ရှိတာ ဆက်ရေးမှာမို့ ဒီဆောင်းပါးကို မာယာက ချပြီးမှ မာယာမှာ ပြန်တင်လိုက်ပါတယ်။ သည်းခံခွင့်လွှတ်ကြပါ။}



1 comment:

Nyo Htet Nyo said...

အမြဲစောင့်မျှော် ဖတ်ရှုလျက်ပါဆရာ။ ဖြစ်နိုင်ရင် သိပ်အချိန်မခြားဘဲ အခန်းဆက်လေးတွေကို ရေးပေးပါလို့ တောင်းဆိုချင်ပါတယ်….ကျန်းမာပါစေ