Tuesday, September 7, 2010

တွယ်ရာမဲ့ ရှင်သန်ကျန်ရစ်ကြသူများ
ရေးသူ- သန်းမြင့်အောင်




ပြောင်းလဲခြင်းများဖြင့် ထာဝရတည်မြဲနေသော လူမှုဘ၀ လူ့အဖွဲ့အစည်းကြားမှာ အနေကြာလာတာနဲ့ အမျှ ကျွန်မရဲ့ ခြေလှမ်းတွေက မှန်းဆလို့ မရသေးတဲ့ လမ်းသစ်တွေဆီ ဦးတည်နေချင်စိတ်ကို မနည်းဖိသိပ် ချိုးနှိမ်ရင်း ဘ၀အမောတွေကြားမှာ သက်ပြင်းကို အခါခါချနေရပေသည်။

ဒုလ္လဘတပါးဟု တင်စားရလေသော ရခဲလှသည့် လူ့ဘ၀တလျှောက်မှ လူသားတို့၏ အို၊ နာ၊ သေ၊ ၀ုဋ်ဒုက္ခသည်ကား ဘ၀၏ နောက်ဆုံးကာလများတွင် မည်သူမျှ ရှောင်လွှဲ၍ မရလေသော အကြောင်းတရားများ ပင်တည်း။


ထိုရှောင်လွှဲ၍ မရလေသော အကြောင်းတရားများနှင့် ရင်ဆိုင်နေကြသော သူတို့အတွက် ၎င်းတို့၏ ဘ၀တလျှောက်လုံး ကျင်လည်၊ ရှင်သန်၊ သာယာခဲ့သော မိသားစု ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတို့ ပျောက်ကွယ်ပျက်သုဉ်း၍ ပျော်ရှင်မှု မဲ့ခဲ့လေသော အထီးကျန်ဘ၀သို့ ရောက်ကြရလေသောအခါ ......

နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် (၇)နှစ်တာ ကာလအတွင်း ဆင်းရဲချမ်းသာ လူမျိုးဘာသာ အသက်အရွယ်မရွေး နာရေးကိစ္စများ လိုက်လံ သယ်ယူပို့ဆောင် ကုသိုလ်ယူခဲ့ကြသော ကျွန်မနှင့်တကွ လုပ်ဖော်ကိုင်ဖက် ပရဟိတ ညီအစ်ကို မောင်နှမ များအတွက် လူသားတယောက်၏ ဘ၀နိဂုံး အဆုံးသတ်ချိန်တွင် အကြောင်းတရား အမျိုးမျိုးနှင့် လူ့ဘ၀ထဲမှ ထွက်ခွါသွားကြသူပေါင်း များစွာကို တွေ့မြင်ခဲ့ကြရသလို၊ ကျန်ရစ်သူတို့၏ ဘ၀ရှင်သန်မှုများစွာကိုလည်း မျက်မြင်ကြုံတွေ့ခဲ့ရခြင်းမှ တဖန် ပဟေဠိပေါင်းများစွာနှင့်လည်း ရင်ဆိုင်ခဲ့ရပြန်သေး၏။

မိသားစုပေါင်း များစွာထဲက ထွက်ခွါနေကြသည့် တယောက်ချင်းသော ဘ၀ကူးကောင်းသည့် မကောင်းသည့် သူတွေ၏နောက်မှာ-

"ကျွန်မတို့ ဘယ်သူ့ကို အားကိုးရတော့မှာလဲ"
"သမီးတို့ကို ပစ်ထားခဲ့ပြီလား အမေရဲ့"
"ကျုပ်တို့ရဲ့ ဒုက္ခတွေကို ဘယ်သူလာကယ်တော့မှာလဲ ကျေးဇူးရှင်ကြီးရဲ့" စသည့် အသံပေါင်း များစွာက ဘ၀ကို ဆက်လက်ရုန်းကန် ရင်ဆိုင်နိုင်ရန်ကိုတော့ ဘယ်နည်းနှင့်မဆို အင်အားတစုံတရာကို ဆုပ်ကိုင်မိဖို့ ကြိုးစားနိုင်ကြဦးမည်ပင်။ တသက်တာ ချစ်မြတ်နိုးစွာ အတူတကွ နေထိုင်လာကြရသော မိသားစု၏ ပျော်ရွှင်မှု၊ သံယောဇဉ်၊ ကျေးဇူးတရားနှင့် ခိုင်မြဲသော မေတ္တာနှောင်ကြိုးကြားမှ ရုန်းထွက်သွားသူအတွက် ယူကြုံးမရသည့် သောကဗျာပါဒတွေကိုလည်း ကြားရသူတိုင်း စာနာ နားလည်နိုင်ကြပါသည်။

ကျွန်မအတွက် တကယ်တမ်း ရင်ထဲမှာ တမြေ့မြေ့ လောင်ကျွမ်းပြီး မေ့ပစ်၍ မရနိုင်သည့် ထွက်ခွါသွားကြသူတို့နှင့် ကျန်ရစ်ခဲ့ကြသူ အချို့၏ ဘ၀များသည်ကား....

အချိန်ကာလကို အတိအကျ ပြောမပြလိုပေမယ့် မကြာခဏ တွေ့ကြုံရသော အဖြစ်အပျက်များပင် ဖြစ်သည်။

ပထမဦးဆုံး ကျွန်မရင်ထဲကို ၀င်ရောက်ခဲ့ဖူးသည့် သက်ကြီးရွယ်အိုတဦးကား ရန်ကုန်မြို့ထဲမှ သူကိုယ်တိုင်ပင် အမေ့မေ့ အလျော့လျော့ ဖြစ်နေပြီ ဖြစ်သော သူပိုင်တိုက်ခန်းတခန်း၏ အတွင်းမှာ ဖြစ်သည်။ ၆ ပေ - ၉ ပေ ခန့် နောက်ဘက်ကျကျ မှောင်မိုက်နံစော်နေသော အခန်းကျဉ်းကလေးထဲတွင် သူ့ကို ကျွန်မ မကြာခဏ သွားရောက်တွေ့ဆုံခဲ့ရဖူးခြင်းကြောင့် ဖြစ်သည်။

တင်ပဆုံရိုး ကျိုးပြီး အောက်ပိုင်းချိနေသော ထိုအမေအိုသည် မိဘဘိုးဘွား အစဉ်အဆက် ဆွေမရှိ မျိုးမရှိ မောင်နှမနှစ်ယောက် ကိုယ်ပိုင်တိုက်ခန်းကလေးဖြင့် အဖော်ရအောင် ဆွေမျိုးနီးစပ်တော်သူ မွေးစားသားက အိမ်ထောင်ကျ၊ ကလေးဘုစုခရုနှင့် အဘိုးကြီး အဘွားကြီး မောင်နှမအတွက် အဖော်မရဘဲ အစ်ကိုကြီး (၇၈) နှစ်က ညီမ (၇၅) နှစ်အား မုန့်ထွက်ဝယ်ပေးပြီး ပြင်ကျွေးရသည့် အခြေအနေ ရောက်လာသည်။ တနေ့ ထိုအကိုကြီး ဆုံးသွားသောအခါ ညီမ အမယ်အိုအတွက် အခက်တွေ့ရသည်ကား အားကိုးစရာ ကောက်ရိုးတမျှင်ပင် လက်လှမ်း၍ မမီနိုင်လောက်အောင်ပင် သောက ရောက်ရတော့သည်။

မွေးစားသားအမည်နှင့် လွှဲပေးထားခဲ့သော တိုက်ခန်းကလေး၏ နောက်ဘက်ကျကျ အခန်းကလေးဆီသို့ သီးသန့် လွတ်လွတ်လပ်လပ် နေရအောင်ဟူသော အကြောင်းပြချက်ဖြင့် ရွှေ့ပြောင်းခံလိုက်ရပြီး နောက်တွင်မူ အဘွားအိုခမျာ လူသူအရိပ်အယောင်ကိုပင် မြင်တွေ့ရခွင့် နည်းပါး သွားရပြန်ပါသည်။

အကွက်မပေါ် နံစော်မာခေါက်နေသော ခန်းဆီးလိုက်ကာ၏ နောက်မှ မှောင်မိုက်မိုက်အခန်းကလေး ထဲတွင် ရေမိုးချိုးပေးမည့်သူ မရှိ၊ ဆံပင် ဖြီးသင်ပေးမည့်သူ မရှိ၊ ထမင်းစားချိန်တွင် ထမင်းနှင့်ဟင်းကို သူ့အတွက် သတ်မှတ်ပေးထားသော ပန်းကန်ထဲတွင် တခါပြင်စာကလေး ပုံ၍ လိုက်ကာအောက်မှ ထိုးသွင်းပေးလိုက်သည့် အတွက် ထမင်းကလေးတော့ဖြင့် ဟင်းကောင်းကောင်းနှင့် မဟုတ်တောင် ကျွေးဖော်ရ၍ ကျေးဇူးတင်ရပေသေး သည်။ သည်အဖွားအိုနှင့် အသိအကျွမ်းဖြစ်ခဲ့ဖူးသော စာပေနယ်မှ ကျွန်မ၏ အစ်မကြီးကဲ့သို့သော ဆရာမကြီး တယောက်ကြောင့် ထို ဒုက္ခိတ အဘွားအိုနှင့် ကျွန်မ ကာလအတန်ကြာ ဆက်သွယ် ပတ်သက်ခဲ့ရဖူးခြင်း ဖြစ်သည်။

"မမတို့ သွားလာဝင်ထွက်ရင် သူ့အိမ်က မိသားစုက မကြိုက်ချင်ဘူး ညီမရေ၊ သူတို့ သိက္ခာကျ တယ်လို့ ယူဆတယ် ထင်ပါရဲ့၊ အဘွားကြီးခမျာ ကလေးတယောက်လိုပဲ အပေါ့အလေး စွန့်ချင်ရင်လည်း လက်နှစ်ဖက်ကို အားပြုပြီး ဖင်ဒရွတ်ဆွဲနဲ့ လိုက်ကာကြားက ထွက်ပြီး မနီးမဝေးရှိ အိမ်သာလေးဆီ ရောက်အောင် သွားရတာ။ လမ်းမှာ ထွက်ကျလို့ ပေကျံရင်လည်း ငြိုငြင်ငေါက်ငမ်းခံရသေးတော့ အန္တရာယ်ကို မလွယ်နိုင်မှာစိုးလို့ သူ့ခမျာ အစားအသောက်တောင် သိပ်မစားရဲ ရှာပါဘူး။ အဲဒီအဘွားကြီးအတွက် မရှိမဖြစ် အရေးကြီးတာက ဖယောင်းတိုင်နဲ့ မီးခြစ်ပဲ။ မမက တလ တခါ ဖယောင်းတိုင် အသေးကလေးတွေရယ်၊ မီးခြစ်ရယ်နဲ့ အ၀တ်အစားတစုံ၊ ပြီးတော့ မုန့်ကလေးနည်းနည်း ဒါမှမဟုတ် သူစားချင်တာ စားရအောင် ပိုက်ဆံကို အကြွေကလေးတွေ အမ်းပြီး အဲဒီ အိမ်သားတွေ ငြိုငြင်နေတဲ့ ကြားကပဲ သွားသွားပို့ပေးနေရတယ်။ သူ့ အခန်းကလေးထဲမှာက နေ့ည မပြတ် ဖယောင်းတိုင် ထွန်းထားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြွက်တွင်းပေါက် နဲ့ ပြည့်နှက်ပြီး မြေကြီးတွေ အမှိုက်တွေ ပွစာကြဲနေတဲ့အတွက် အလင်းရောင်ကလေး နည်းနည်းမှ မရှိရင် မြေကြွက်တွေက လူကို လာလာ ကိုက်နေလို့ပဲ"။

အို ဖြစ်မှ ဖြစ်ရလေနော်၊ ကျွန်မရင်ထဲ ကျင်ခနဲ ဖြစ်သွားခဲ့သည့် ထိုခံစားချက်က ခုချိန်ထိ မပြေနိုင်သေးပါ။

"ချေးညှော်အထပ်ထပ်နဲ့ ဖြစ်သလိုနေရတဲ့ သူ့အတွက် တလတကြိမ် ပို့ပေးတဲ့ တပတ်ရစ် ၀တ်စုံတစုံက တလလုံးအတွက် တခါသုံး ပစ္စည်းပေါ့။ မုန့်ဖိုးပေးရင် အိမ်က ကလေးတွေက မုန့်ဝယ်ပေးတယ်။ ဒါပေမယ့် မုန့်ဝယ်မဲ့ ပိုက်ဆံရော၊ သူတို့ကို မုန့်ဝယ်ခ ပေးရတဲ့ ပိုက်ဆံပါ အတိအကျ ပေးလိုက်မှ၊ နို့မဟုတ်လို့ ပြန်အမ်းရမယ့် ငွေစက္ကူ ပေးလိုက်လို့ကတော့ ဘယ်တော့မှ ပြန်မရဘူး ဆိုပဲ။ ကိုယ့်မလဲ ခေါ်ထားစရာ နေရာက မရှိ၊ သူနဲ့ အတူနေသူတွေကလည်း လူမှုရေးအသိနဲ့ စေတနာ ခေါင်းပါးတော့ အရင်တုန်းက သူ့ကို မြင်ဖူး သိခဲ့ဖူးတဲ့ လူအချို့ အဲဒီ ပတ်ဝန်းကျင်မှာ ရှိနေသေးရင်တောင် ဒီတိုက်ခန်းကလေးရဲ့ နောက်ဘက် အမှောင်ထဲမှာ ဒုက္ခိတ အမေအိုကြီးတယောက် ရှိနေသေးတယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ကြတော့ဘူး။ သူ့ကို မေ့ကုန်ကြရောပေါ့လို့ သတိရတဲ့အခါ ပြောလေ့ရှိတယ်"

နောက်ဆုံးတော့ ထိုအစ်မပေးသော အလုပ်တာဝန်ကို ကျွန်မ လိုလိုလားလားပင် လွှဲယူလက်ခံလိုက်ပြီး အလိုမကျသော မှုန်ကုပ်ကုပ် မျက်နှာတွေကြားမှာ တလတကြိမ် မျက်နှာပြောင်တိုက်ကာ ကျွန်မ ထိုအဘွားအိုထံ သွားရပါတော့သည်။

ချေးအထပ်ထပ်နှင့် ဂျပ်ခဲ လိန်ကျစ်နေသော ဆံပင်များ၊ နံစော်ပေပွနေသော အ၀တ်အစားများနှင့် ပိန်လှီလှီချိနဲ့နဲ့ ခန္ဓာကိုယ်ပိုင်ရှင်၏ အရောင်မှိန်မွဲနေသော မျက်ဝန်းများကိုတော့ ကျွန်မ ဘယ်အချိန်အခါတွင်မှ မေ့ပျောက်နိုင်လိမ့်မည် မထင်မိပါ။

ကျွန်မနှင့် အခါများစွာ တွေ့ပြီးသောတနေ့တွင် ထိုအဘွားအိုမှာ လူ့လောကကြီးထဲမှ ထွက်ခွါခွင့် ရသွား ရှာလေသည်။ ထိုအခါ ကျွန်မသည် သံယောဇဉ်ကြိုးတမျှင် ကြားမှပင် ၀မ်းပမ်းတသာ ရေရွတ်လိုက်မိသည်မှာ-

"၀ဋ်ကျွတ်သွားပြီပေါ့ အဘွားရယ်" ဟုသာ.....။

xxxxxxxxxxxxxxx xxxxxxxxxx xxxxxxxxxx

ဒေါ်ကျော့မြိုင်
အသက် (၅၅) နှစ်

အမည်က "ကျော့" ပေမယ့် လူကတော့ဖြင့် ကျော့ကျော့မော့မော့ ကလေးထဲက မဟုတ်တာ သေချာပါသည်။ ထိုဈာပနကိစ္စကို သင်္ဂြီုဟ်ပေးရန် သွားရောက်သယ်ဆောင်ရသော ကျွန်မတို့ ပင်လျှင် စိတ်မော လူမောနှင့် ဇောချွေး ဖြိုင်ဖြိုင်ကျခဲ့ရသည့်အဖြစ်၊ သူတို့ ဆက်သွယ် အကြောင်းကြားထားသော လမ်းညွှန်အတိုင်း မြို့သစ်ကလေးတခု၏ အစွန်အဖျားသို့ ရောက်သည့်တိုင်အောင် ချိန်းဆိုထားသော နာရေးရှင်နှင့် အတန်ကြာ လွဲချော်နေခဲ့ရာမှ တွေ့ကြပြန်သော အခါတွင်လည်း ထိုနေရာထက် ပိုဝေးပြီး ကားဝင်၍ မရနိုင်သော လမ်းရှည်ရှည် ကျဉ်းကျဉ်းကလေးထဲမှာမို့ ခေါင်းအလွတ်ကို သယ်ကာ ခြေလျှင်လျှောက်ခဲ့ရသော ခရီးကလည်း မနီးလှပါ။

နေ့ချင်း သဂြိုဟ်ပေးရန် အကြောင်းကြားထားသော နာရေးအိမ်သို့ ရောက်သောအခါတွင်မူ လူရိပ်လူယောင်က ရှားပါးလှချေသည်။ ကျွန်မနှင့်အတူပါသော ယာဉ်မောင်းနှင့် ယာဉ်မောင်းနောက်လိုက် မောင်လေးနှစ်ယောက်က ဒေါ်ကျော့မြိုင်၏ ရုပ်ကလပ်အား ဂရုတစိုက် အောက်ခံကပ်ထဲသို့ ထည့်ပြီး အပေါ်မှ အလူမီနီယမ် ခေါင်းဖုံးဖြင့် အုပ်လိုက်ပြီးသောအခါတွင်တော့ ကားဆီရောက်အောင် သယ်ယူဖို့ရန် ကျွန်မ အကူအညီတောင်းရတော့သည်။

"ယောက်ျားလေး သုံးလေးယောက်လောက်တော့ ကျွန်မတို့ကို ကူညီပါဦး၊ လမ်းထိပ်ရောက်တဲ့အထိ ကျွန်မတို့ချည်း မနိုင်လို့ပါ"
"ယောက်ျားဆိုလို့ မြင်တဲ့အတိုင်းပဲ ဟိုမှာထိုင်နေတဲ့ မျက်မမြင် အဘိုးကြီး တယောက်ရယ်၊ ဟောဒီ ကလေးနှစ်ယောက်ရယ်၊ ကျွန်တော်ရယ်ပဲ ရှိတာ၊ ဒီအိမ်က သားအဖ နှစ်ယောက်ထဲ နေတာ။ သူတို့က အိမ်နီးချင်းတွေ လာဝိုင်းကူနေကြတာ၊ ဟိုမှာထိုင်နေတဲ့ အဒေါ်ရဲ့ အဖေပေါ့"
ဆယ့်ငါးနှစ်သာသာ ကလေးနှစ်ယောက်ကို ညွှန်ပြရင်း ပြောလိုက်သည့် စောစောက ကျွန်မတို့ကို လာကြိုသည့် လူရွယ်၏ စကားကြောင့်-

"ဒါဆို နာရေးရှင်က ဘယ်သူလဲ၊ ရှင်မဟုတ်ဘူးလား။ ကျွန်မတို့ အသင်းကို စာရင်းပေးထားတဲ့ မိသားစုဝင် နာမည်က ရှင့်နာမည်ဆို"
"ဟုတ်ပါတယ်၊ ကျွန်တော်က ခုဆုံးသွားတဲ့ အဒေါ်ရဲ့ ယောက်ျားဘက်က တော်တဲ့ တူပါ။ ကျွန်တော့် ဦးလေးက ပြီးခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက ဆုံးသွားတာမို့ အဒေါ်နဲ့ မျက်စိမမြင်တဲ့ အဘိုးဆီကို တခါတခါလာကြည့်ရင်းနဲ့ အဒေါ်ဆုံးတာနဲ့ ကြုံလို့ပါ။ ကျွန်တော်က စက်မှုဇုံက တွင်ခုံမှာ အလုပ်လုပ်ပြီး အလုပ်ရှင်နဲ့ နေရတာပါ"
သူ့စကားကြောင့် ကျွန်မ စိတ်မကောင်း ဖြစ်သွားသည်။

"သြော် ဟုတ်လား.... တော်သေးတာပေါ့ကွာ၊ မင်းရောက်လာလို့၊ ကဲ ကဲ သယ်ကြရအောင်။ ရှိတဲ့လူနဲ့ပဲ ဖြစ်အောင် သယ်ကြတာပေါ့။ ဒီလမ်းထဲကို ကားမှ ၀င်လို့မရဘဲ။ သားလေးတို့လည်း ၀ိုင်းကူပေးနော်"
ပြောပြောဆိုဆိုနှင့် ကျွန်မတို့ လှုပ်ရှားစပြုချိန်တွင် အနားမှ အသက် ငါးဆယ်ကျော် အမျိုးသမီးကြီး တယောက်က-

"ခဏ... ခဏလေးပါ ဆရာမရယ်၊ တခုလောက် ပြောပါရစေ"
"ဟုတ်ကဲ့ ပြောပါ"
သူက တခုခုကို ချိန်ဆနေသလို အနည်းငယ် တုံ့ဆိုင်းနေပြီးမှ....
"ဒီ ဒီ အဘကိုပါ ခေါ်သွားလို့ မရဘူးလားဟင်" တဲ့။
"ရပါတယ်၊ အဘက သူ့သမီး အသုဘကို လိုက်ပို့ချင်မှာပေါ့၊ ကျွန်မတို့ ကားက နောက်ခန်းမှာ မိသားစုနှစ်ဦး လိုက်ခွင့် ရှိပါတယ်" ဟု ကျွန်မဆိုတော့
"အသုဘပို့ဖို့ မဟုတ်ပါဘူး၊ သူ့သမီး မရှိရင် အဘကို ဘယ်သူမှ ရှာဖွေကျွေးမွေး ပြုစုမယ့်လူ မရှိပါဘူး၊ ဒီကောင်လေးကလည်း သူ့ဟာသူတောင်မှ အနိုင်နိုင်ရယ်၊ ကျွန်မတို့မှာလည်း ကိုယ့်မိသားစုနဲ့ ကိုယ်မို့ လာလည်း ကြည့်မပေးနိုင်၊ ကျွေးဖို့လည်း မတတ်နိုင်လို့ တခါတည်းသာ ခေါ်သွားပေးပါလား ဆရာမရယ်"
"ရှင် ကျွန်မက ဘယ်ကို ခေါ်သွားပေးရမှာလဲ"
"တနေရာရာကိုပေါ့၊ ဘယ်နေရာပဲ ဖြစ်ဖြစ်ပါ၊ သူ့ကို ကြည့်မယ့်လူမရှိလို့ ကူညီပါနော်"
"ဟုတ်ပါတယ် ဆရာမရယ်၊ ကျွန်တော်လည်း တောင်းပန်ပါတယ်၊ အဒေါ်ရှိတုန်းကဆို အဘကို ထမင်းကအစ ခွံ့ကျွေးရတာပါ၊ အခုဆို အဒေါ်က ချက်ချင်းကြီး ကောက်ခါငင်ခါ ဆုံးသွားတော့ အဘအတွက် ကျွန်တော်တို့ ဘာလုပ်ရမှန်းကို မသိတော့ဘူး။ မျက်စိ မမြင်တဲ့အပြင်၊ နားကပါ မကြားတော့ သနားစရာပါ"

ဘုရားရေ...... ဒုက္ခပါပဲ။

ကျွန်မတို့ ပြောနေကြတာတွေကို ဘာမှ မမြင်ရ မကြားရဘဲ မျက်နှာငယ်လေးဖြင့် ထိုင်နေသော အဘိုးအိုကို တလှည့်၊ သနားကြင်နာခြင်းမှလွဲ၍ ဘာမှ မပေးနိုင်သော ပုဂ္ဂိုလ်များကို တလှည့်ကြည့်ကာ သက်ပြင်းကိုသာ အခါခါ ချနေရုံမှ တပါး ကျွန်မကရော ဘာများတတ်နိုင်ပါလိမ့် ဦးမည်နည်း။

xxxxxxxxxx xxxxxxxxxx xxxxxxxxxx


နောက်တကြိမ် ကျွန်မ ကြုံတွေ့ရသည့် နေရာကား တောင်ဒဂုံ ( ) ရပ်ကွက်မှ ဖြစ်ပြီး လူနေ ထူထပ်သော်လည်း စီးပွါးရေး နိမ့်ကျသော အခြေခံလူတန်းစား အသိုင်းအ၀ိုင်းထဲမှာ ဖြစ်ပါသည်။

အသက် ၄၀ ခန့် ခေတ်ပေါ်ရောဂါတခုဖြင့် ကွယ်လွန်သွားသော လူတယောက်၏ ဘေးတွင် ဇနီးနှင့် သားသမီး နှစ်ယောက် တရှုံ့ရှုံ့ ငိုကြွေးနေကြသော မြင်ကွင်းထက် ကျွန်မက ခပ်လှမ်းလှမ်းမှာ သင်ဖျူးဖျာ အဟောင်းကလေး တချပ်ပေါ်တွင် ယင်ကောင်အချို့ ၀ိုင်းအုံ နားနေကြသော အသက် (၇၀)ခန့် တတိယအရွယ် ဝေဒနာသည်တဦးကို ပို၍ ငြိတွယ်နေမိသည်။

ကွယ်လွန်သူ၏ ရုပ်ကလပ်ကို သယ်ယူမသွားခင် ဇနီးနှင့် သားသမီးများအတွက် ရနိုင်သလောက်အချိန် ပေးရင်း နာရေး ပို့ဆောင်မည့် သူများအကြားမှ စကားသံတွေကို ကျွန်မ မကြားချင်ပဲနှင့် ကြားနေရပြန်သည်။

"တကယ်တော့ ဘယ်သူမပြု မိမိမှုပဲလို့ ပြောလို့ ရပေမယ့် ဖြစ်လာတော့ သားမယား သားသမီးတွေပါ မျက်နှာငယ်ရတာပဲ မဟုတ်လားကွ"
"ကလေးက သနားပါတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖတဆိုး ဖြစ်ရရှာတယ်"
"မိုက်လိုက်တဲ့ လူကွာ"
ကျွန်မ အဲသည်လို ပြောနေကြသူတွေကို ရင်ထဲကနေ- "ရှင်တို့ အဲဒီလို ဝေဖန်အပြစ်တင်နေကြမယ့် အစား နားလည်စာနာပြီး ကူညီဖေးမ ပေးကြဖို့ မစဉ်းစားမိကြတော့ဘူးလား၊ လူတဖက်သားကို ပါးစပ်အရသာခံပြီး သနားတဲ့ မျက်လုံးတွေနဲ့ ၀ိုင်းကြည့်နေကြမယ့်အစား၊ ရှင်တို့ရဲ့ ကြင်နာတဲ့ နှလုံးသား၊ နွေးထွေးတဲ့ လက်ဖ၀ါးတွေနဲ့ တွဲထူပြီး အဲဒီ လူမမယ်ကလေးတွေရဲ့ နှလုံးသားထဲကို သံမဏိ စိတ်ဓါတ်တွေ သွင်းမပေးနိုင်ကြဘူးလား" ဟု တုံ့ပြန်ပြောဆိုနေလိုက်မိသည်။ မကြာခင် အချိန်မှာပဲ နာရေးလာပို့သူတယောက်က ကျွန်မကို လာနှုတ်ဆက် သည်။ ယခင်က သိဟောင်းကျွမ်းဟောင်းတယောက် ဖြစ်နေ၍ ကျွန်မ၏ အတွေးအာရုံက ထိုသူတွေထံမှ သူ့ဆီသို့ မြားဦးလှည့်လိုက်မိသည်။

"ဆရာမနဲ့ မတွေ့တာ ကြာပြီနော်၊ ကျွန်တော်လည်း တာမွေက ပြောင်းလာပြီးကတည်းက ဒီမှာ ဆိုင်ကလေး ဖွင့်ထားတော့ အပြင် သိပ်မထွက်ဖြစ်တော့ဘူး။ အခုလိုမျိုး နာရေးကိစ္စတွေ ဘာတွေ ရှိမှပဲ မဖြစ်မနေ ထွက်ရတာ" ဟူသော အလ္လပ သလ္လာပတွေ ပြောဆိုအပြီးမှာ စောစောကတည်းက ကျွန်မ သတိပြုနေမိသော ဝေဒနာသည် အမေကြီးထံညွှန်၍-
"အဲဒါက ဆုံးသွားတဲ့ ကို... ရဲ့ အမေပေါ့။ ကိုယ်တခြမ်း လေဖြတ်ပြီး အိပ်ရာထဲ လဲနေတာ ကြာပြီ။ အခု သူ့သားကလည်း ဆုံးပြီဆိုတော့ ချွေးမနဲ့ ကလေးတွေက ကောင်မလေး မိဘများ ရှိရာ အရပ်ကို ပြန်မယ်လို့ ပြောနေကြတယ်။ ငှားနေကြတဲ့ ဒီအိမ်ကလေးကိုလည်း ပြန်အပ်ရတော့မှာ။ ခက်နေတာက ဒီ လေ ရောဂါသည်ကြီးပဲ။ သေလည်းမသေ၊ ကောင်းလည်းမကောင်းတော့ သူ့ကို ဘယ်နားသွားထားရမှန်း မသိကြဘူး ဖြစ်နေတယ်။ အဲဒါ ဆရာမများ နည်းနည်းပါးပါး မကူညီနိုင်ဘူးလား။ သူ့ခမျာ အခြား သားထောက်သမီးခံကလည်း မရှိတော့လို့ပါ ဖြစ်နိုင်ရင် ကူညီပါဦး"

ဟုတ်ကဲ့ ကျွန်မ ကူညီချင်ပါတယ်.....
ဒါပေမယ့်.......

သန်းမြင့်အောင်
( ၂၀၀၉၊ ဇွန်လ၊ ကလျာမဂ္ဂဇင်း)

No comments: