Monday, September 13, 2010
ညိုမြတို့ရွာ
ရေးသူ- ကိုလေးမြတ်
အနိမ့်-အမြင့်တဲ့။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲမှာ ရှိကြတဲ့ ရွာကလေးတွေရဲ့ အမည်ပါ။ ကျွန်တော်တို့ ဒေသက ရွာနာမည်ပြောရင် တရွာတည်း မပြောဘဲ ချုပ်စပ်က ရွာနဲ့ တွဲဖက်ပြီး ပြောတတ်လေ့ ရှိကြတယ်။ ဥပမာ။ အိုင်နီ- နိဗ္ဗာန်ဝ၊ ကြီးအုပ်- ဘန်စီ၊ ခတက္ကန်- တောင်မာတော၊ အောင်သာ- မြေနဲ၊ ကြာပိုင်- တောပု၊ ခင်မွန်- အောင်ချမ်းသာ စသည်ဖြင့်.....။ ကျွန်တော်တို့ကို ဘယ်ရွာကလဲလို့ မေးမြန်းလာလျှင် "မုံရွေး" ကလို့ ပြောလိုက်ရင် ပြီးပါရဲ့...။ ဒါပေမယ့် အဲဒီလို မဖြေတတ်ဘူး...။ "မုံရွေး-ကြေးမုံ... မုံရွေးက" လို့ ဖြေတတ်ကြတယ်။ ဒေသဓလေ့ တရပ်ပေါ့...။ ခုလည်း အနိမ့်-အမြင့် တဲ့။ အနိမ့်ရွာက သတ်သတ် (သီးခြား)၊ အမြင့်ရွာက သတ်သတ်။ တရွာနဲ့တရွာ နှစ်မိုင်ကျော်၊ သုံးမိုင်နီးပါးလောက် ဝေးကွာလိမ့်မယ် ထင်ပါရဲ့။ အဲဒီရွာ နှစ်ရွာကြားမှာလည်း ရွာကလေးနှစ်ရွာလောက် ရှိနေသေးတယ်။ ဒါပေမယ့်... အနိမ့်.... အမြင့် လို့ပဲ တွဲဖက် ခေါ်ဝေါ်ကြပါတယ်။...။ပဒေသရာဇ်ခေတ် ကာလတွေတုန်းကတော့.. ကုန်သွယ်မှုဟာ ရေလမ်းခရီးကိုသာ အားထားရလေတော့ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းမှာ ကပ်လျက် တည်ရှိနေတဲ့ အမြင့်ရွာဟာ စည်ပင် စည်ကားခဲ့ပေလိမ့်မယ်။ (ခုတော့.. ၀ါးဖောင်လေးတွေ၊ ထင်းလှေလေး တစီးတလေနဲ့ ပျင်းတိပျင်းတွဲ ခြောက်ကပ်လို့....)။ ကုန်းဘောင်ခေတ် နှောင်းပိုင်း မြို့စားတွေထဲမှာ ထင်ရှားခဲ့တဲ့ မင်းလက်ဝါးကြီး ဆိုတာ အဲဒီအမြင့်မြို့ကို အပိုင်စားရတဲ့ အမြင့် မြို့စားကြီးပေါ့။ ကိုလိုနီခေတ်ရောက်တော့ ကုန်သွယ်မှုဟာ ရေလမ်းထက် ကုန်းလမ်းခရီးကို အားထားလာ ကြတယ်။ အဲဒီမှာ.. မန္တလေးနဲ့ မုံရွာဆက်သွယ်တဲ့ ကားလမ်း၊ ရထားလမ်းက ချောင်းဦးဆယ်ရွာကို ဖြတ်သန်းသွား လေတော့ ချောင်းဦးဆယ်ရွာဟာ ချောင်းဦးမြို့နယ်အဖြစ် တိုးတက်စည်ကားလာတယ်။ အမြင့်မြို့ဟာ အမြင့်ရွာ အဖြစ် နိမ့်လျောကျဆင်းသွားတော့တယ်။
အမြင့်ရွာဟာ ပုဂံခေတ်ကတည်းက တည်ရှိလာခဲ့တဲ့ ရွာလို့ ဆိုပါတယ်။
မြိတ်၊ တနင်္သာရီတို့ဘက်က ထင်ရှားတဲ့ နေရာတွေဟာ များသောအားဖြင့် အလောင်းဘုရားနဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇ၀င်တွေ ဆက်နွှယ်နေတတ်တယ်။ ကျွန်တော်တို့ ဒေသမှာလည်း ကျန်စစ်သားနဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇ၀င်တွေ ဆက်နွှယ်နေတယ်။ ဆိုပါစို့။ မြင်းမူမြို့နယ် ရွှေယင်းမာရွာက ရွှေရင်နာဘုရား။ နှစ်စဉ် ဒေသနဲ့ ချီပြီး ဘုရားပွဲတော် ကျင်းပလေ့ရှိတဲ့ ထင်ရှားတဲ့ ဘုရားကြီးပေါ့။ အနော်ရထာမင်းက အရိန္ဒမာလှံနဲ့ ကျန်စစ်သားမင်းသားကို ထိုးသတ်လိုက်တာ လူမထိဘဲ နှောင်ကြိုးထိ ပြတ်သွားလေတော့ ကျန်စစ်သားက လှံကို ကောက်ယူပြီး ထွက်ပြေးလွတ်မြောက်သွားတယ်။ ရွှေယင်းမာရွာကို ရောက်ကရောဆိုပါတော့။
အဲဒီမှာ ရေကလည်း ဆာ။ ရေကလည်းရှားဆိုတော့ ၀လင်အောင် သောက်ရှာရဟန် မတူဘူး။ ဒါနဲ့.. ရင်နာလွန်းလို့ ရွှေရင်နာဘုရားရယ်လို့ ဘွဲ့တော်တွင်စေတာတဲ့လေ။ (ကျွန်တော်ရောက်ဖူးတဲ့ ၁၉၇၂ ခုနှစ် တ၀ိုက်ထိ ရွှေယင်းမာရွာမှာ ရေရှားပါသေးတယ်။ ခုတော့ ရေတွေ အလျှံပယ် ပေါနေပြီလို့ သတင်းကြား ရတယ်)။
ဒီနောက် ကျွန်တော်တို့ရွာ မုံရွေး-ကြေးမုံ အရှေ့ဘက် နွယ်ခွေတောင်တန်းက ရွှေမြင်တင်တောင် ရောက်လာသတဲ့။ အဲဒီမှာ အိပ်ပျော်သွားစဉ် စီးတော်မြင်းက ပျောက်သွားပါရောတဲ့။ အဲဒါနဲ့ တောင်ပေါ်ကနေ တက်ကြည့်တော့ ကုန်းတခုမှာ မြင်းက မြက်စားနေတာကို မြင်ပါသတဲ့။ ဒါနဲ့ .. မြင်းကို မြင်ရတဲ့တောင်မို့ ရွှေမြင်းမြင်တောင်တဲ့။ ကာလရွေ့လျောလာတော့ ရွှေမြင်တင်တောင် ဖြစ်လာသတဲ့။ မြင်းမြက်စားနေတဲ့ ကုန်းနေရာမှာ ရွာတည်ထားလို့ ကြည့်ကုန်းရွာတဲ့။ ကြည့်ကုန်းရွာက ခင်မွန်ရွာရဲ့ အနောက်ဘက် ၂ မိုင်ကွာလောက်မှာ တည်ရှိတယ်။ ရွှေမြင်တင်တောင်နဲ့ဆို ၅ မိုင်လောက် ကွာဝေးတယ်။
အဲဒီကနေ ကျန်စစ်သားက အမြင့်ရွာကို ရောက်သွားတယ်။ အဲ့ဒီအရပ်မှာ အရည်းကြီးရဲ့တူမ (ဓါတ်ဆီ-ဓါတ်ဆံ ပြက်လုံးထဲကလို ချောင်ထဲကိုက ဖြူနေလို့ ချောင်ဖြူတဲ့လား- မဟုတ်လားရှင့် ကြောင်ဖြူ) ဖြစ်တဲ့ ကြောင်ဖြူမင်းသမီးနဲ့ တွေ့ဆုံတယ်။ ပုဂံရာဇ၀င်မှာ ထင်ရှားတဲ့ နှစ်စဉ်နယ်ချီပြီး ဘုရားပွဲကျင်းပတဲ့ ရွှေတွင်းအောင်းစေတီကြီး ရှိတယ်။ ကျန်စစ်သား ပုန်းအောင်းတဲ့ နေရာမှာ တည်ထားတဲ့ တည်ထားလို့ ရွှေတွင်းအောင်းဘုရားလို့ ဘွဲ့တော် တွင်ပါသတဲ့။
ဘာပဲဖြစ်ဖြစ် အမြင့်ရွာမှာ ထူးခြားချက်က အဲဒီရွာမှာ တည်ရှိနေတဲ့ စေတီဟောင်း အများစုဟာ ပုဂံခေတ်အရည်းကြီးတွေ တည်ထားခဲ့တဲ့ စေတီတွေဖြစ်တယ်လို့ သမိုင်းပညာရှင်တွေရဲ့ ကောက်ချက်ချမှုပါပဲ။ အရည်းကြီးတွေဟာ အနော်ရထာမင်းရဲ့ ရန်ကို ကြောက်လို့ အမြင့်အရပ်မှာ လာရောက်ပုန်းအောင်းနေကြဖွယ် ရှိတယ်လို့ ဆိုကြပါတယ်။ ဒီတော့ အမြင့်ရွာဟာ ပုဂံခေတ်ကတည်းက တည်ရှိခဲ့တယ်ဆိုတာ ထင်ရှားသလောက် ပါပဲ.....။
ကျွန်တော်တို့ လက်လှမ်းမီတဲ့ သမိုင်းမှာတော့ အမြင့်ရွာ ဆိုတာ သခင်လေးမောင်နဲ့ ညိုမြတို့ရဲ့ ဇာတိချက်မြှုပ်တွေပါဘဲ။ သခင်လေးမောင်ဆိုတာ ပထစအစိုးရလက်ထက်မှာ အလုပ်သမားဝန်ကြီး ဖြစ်ခဲ့တဲ့ သူပါ။ နောက် အလုပ်သမားရေးရာတွေနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ၀န်ကြီးရာထူးက နှုတ်ထွက်လိုက်တယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကိုယ့်တာဝန်ကိုယ်သိပြီး ၀န်ကြီးရာထူးကနေ မိမိဆန္ဒအလျောက် နှုတ်ထွက်တဲ့ ၀န်ကြီးဆိုလို့ သခင်လေးမောင်တဦးပဲ ရှိပါတယ်။ သခင်လေးမောင်ဟာ အနုပဋိလောမ ရုပ်ဝါဒ(ဘာသာပြန်)၊ အလုပ်သမားလှုပ်ရှားမှုသမိုင်းစတဲ့ စာအုပ်တွေလည်း ရေးသားပြုစုခဲ့တယ်။
ညိုမြက အမြင့်ရွာသားတော့ မဟုတ်ပါဘူး။ အမြင့်ရွာရဲ့ တောင်ဘက် ဘောလုံးကွင်း ၂ ကွင်းစာလောက် အကွာမှာ တည်ရှိတဲ့ သောတာပန် ရွာသားပါ။ အိမ်ခြေ ၁၅ အိမ်လောက်သာ ရှိတယ် ထင်ပါရဲ့။ တကယ့် ရွာ မည်ကာမတ္တရွာကလေး။ ဒါပေမယ့် နှစ်စဉ် တပေါင်းလပြည့်နေ့တိုင်း ကျင်းပလေ့ရှိတဲ့ သောတာပန်နတ်ပွဲဟာ နယ်တရိုးမှာ ထင်ရှားလှတဲ့ ပွဲတော်တပွဲပါပဲ.....။
ဦးညိုမြဟာ နှစ်စဉ် အဲဒီ သောတာပန်နတ်ပွဲရောက်တိုင်း အရပ်ကို အလည်အပတ်ပြန်လေ့ရှိတယ်လို့ အဆိုရှိပါတယ်။ ဒါ့ကြောင့် တချို့က နတ်ကတော်ကြီးပါကွာလို့ စွပ်စွဲတတ်ကြတယ်။ ဟုတ်ဟန်မတူပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်နဲ့ နှိုင်းမိလို့ပါ။ ကျွန်တော်လည်း ကျွန်တော်တို့ရွာ နတ်ပွဲကို နှစ်စဉ်လိုလို ပြန်တတ်လေ့ ရှိပါတယ်။ နတ်က ဘာနတ်မှန်းတောင်မသိလို့ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ "ကိုကြီးကျော်တို့ပွဲ" ဆိုပြီး အက်ဆေးတပုဒ် ရေးသားလိုက်မိတယ်။ အဲဒီမှာ သူငယ်ချင်း မောင်ချိုက ဆဲပါလေရော...။ ကိုကြီးကျော် မဟုတ်ဘူးဟ ဘိုးတော်မြင်းဖြူရှင်နတ်ပွဲတဲ့။ ကျွန်တော့်အနေနဲ့ ဘာလို့ နတ်ပွဲကာလမှာ ရွေးချယ်ပြီး ရွာပြန် ရပါသလဲဆိုတော့ ဆွေမျိုးတွေ စုံလို့ပါပဲ။
နတ်ပွဲရောက်ရင် အရာတော်မြို့နယ် ဥသျှစ်ကျေးရွာက အဒေါ်နဲ့ အကို၊ နှစ်မတွေလည်း လာကြတယ်။ ဒီပဲယင်းမြို့နယ် တင်းတိမ်ရံရွာက အစ်မတွေ၊ တူမတွေလည်း လာကြတယ်။ မြောင်မြို့နယ်က မြောင်က ဦးကြီးတွေလည်း လာကြတယ်။ မန္တလေးက အစ်ကိုတွေလည်း လာကြတယ်။ ဒီတော့ ဆွေမျိုးတွေ စုံစုံညီညီကို တနေရာတည်း တပြိုင်တည်း တွေ့နိုင်တယ်လေ။ ဒါကြောင့် ရွာကို နတ်ပွဲကာလမှာ ရွေးချယ်ပြန်ဖြစ်နေခြင်းပါပဲ။ ဦးညိုမြလည်း ကျွန်တော့်လို ဖြစ်လိမ့်မယ်ထင်ပါရဲ့လို့ တွေးဆပြီး ဦးညိုမြ နတ်ကတော် ဟုတ်ဟန်မတူဘူးလို့ သုံးသပ်မိခြင်းပါပဲ..။
အဲဒီအမြင့်ရွာကို ကျွန်တော် နှစ်ခေါက်ရောက်ဖူးတယ်။ ၁၉၉၁ ခုက တခေါက်၊ ၂၀၀၁ ခုနှစ်က တခေါက်...။ ပထမအခေါက်က ကျွန်တော်တို့ ဂျာနယ်တွေ တခေတ်ပြန်လည်ဆန်းသစ်ချိန်မှာ သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ အိုးဝေဂျာနယ်ကို ပြန်လည်ထုတ်ဝေကြဖို့ ကြိုးပမ်းစဉ်ကာလကပါ။ အဲဒီမှာ ကျွန်တော်ကလည်း ရွာပြန်ဖို့ ကြုံကြိုက်နေလေတော့... ညိုမြတို့ရွာကို ကြုံကြိုက်လို့မဟုတ်ဘဲ တခုတ်တရ သွားရောက်လေ့လာဖို့ စီစဉ်ခဲ့မိတယ်။ ရွာရောက်တော့ သူငယ်ချင်းကဗျာဆရာ မောင်ဆေးရိုးက ဖိုးစန်းကို ခေါ်သွားရင် အဆင်ပြေနိုင်တယ် ပြောတာနဲ့ ချောင်းဦးမြို့က ဖိုးစန်းဆီ ရောက်သွားမိတယ်။
အရင်ကတော့ သွားရလာရ အဆင်မချောလှဘူး။ (ခုတော့.. အမြင့်ရွာကို ချောင်းဦးမြို့ကနေ မြေသားလမ်း တိုက်ရိုက်ဖောက်လုပ်ထားလို့ သွားရလာရ အဆင်ပြေသွားပါပြီ။) ချောင်းဦးမြို့ကနေ စက်ဘီးနဲ့ (ခုခါလို ဆိုင်ကယ်ကလည်း မပေါများဘူး) လူသွားလမ်းအတိုင်း နင်းသွားရတယ်။ လူသွားလမ်းဆိုတာကလည်း လယ်ကန်သင်းရိုးအတိုင်း ကွေ့တိကောက်တောက် သွားကြရတဲ့ လမ်းတွေပေါ့။ ပေတရာလမ်းသာ စက်ဘီးစီးတဲ့ ကျွန်တော့်အဖို့ လယ်ကန်သင်းရိုးပေါ် စက်ဘီးစီးရတာ အခက်အခဲ တခုပါပဲ။ ပြီးတော့ ချောင်းတချောင်းကို စက်ဘီးတွေ လှေပေါ်တင်ပြီး ကူးကြရသေးတယ်။ မုံရွာမြို့ကနေ အမြင့်ရွာထိ ဖောက်လုပ်ထားတဲ့ ချင်းတွင်းမြစ်ရေ တားဆီးထားတဲ့ တာရိုးကြီးပေါ်ရောက်မှ စက်ဘီးလမ်းက ချောမောသွားတယ်။
အမြင့်ရွာရောက်တော့.. ဖိုးစန်းရဲ့ သူငယ်ချင်းအိမ်မှာ တည်းကြတယ်။ အဲဒီ သူငယ်ချင်းရဲ့ ဖခင်က အိုးဝေဂျာနယ်မှာ ထဲထဲဝင်ဝင် လုပ်ကိုင်ခဲ့ပြီး ဦးညိုမြနဲ့ အနီးကပ် နေထိုင်ခဲ့သူ ဖြစ်လေတော့ ကျွန်တော့်အတွက် ရေကန်အသင့် ကြာအသင့် ဖြစ်သွားတယ်။ ပြီးတော့ စာပေ၀ါသနာရှင်တွေ ဖြစ်ကြတဲ့ ကိုဘသောင်း ကိုညွန့်သောင်းတို့နဲ့ တွေ့ဆုံရတာလည်း ဒုလ္လဘတခုပါပဲ။ သူတို့က... မုံရွာမြို့ကနေ လကျော်မဂ္ဂဇင်းတွေ စုပေါင်း ၀ယ်ပြီး လှည့်ပတ် ဖတ်ရှုနေကြတာလေ။
ကိုညွန့်သောင်းတို့ အိမ်ရှေ့ ဧရာမ မန်ကျည်းပင်ကြီးအောက် ၀ိုင်းဖွဲ့ထမင်းစားကြရင်း စာကြည့်တိုက် ဖြစ်ပေါ်ဖို့ အားတက်မာန်တက် စကားပြောခဲ့ကြတာ ခုချိန်ထိ သတိရနေမိပါသေး။ ဒုတိယအခေါက် ရောက်သွားတော့ အမြင့်ရွာမှာ "ညိုမြတို့ရွာ" ဆိုတဲ့ စာကြည့်တိုက် တည်ရှိနေလေပြီ။ ကိုဘသောင်း ကိုညွန့်သောင်း တို့ကိုလည်း တွေ့ခဲ့ရပါရဲ့။ သူတို့က သူတို့ရွာမှာ စာကြည့်တိုက်လေး ဖြစ်ပေါ်တည်ရှိလာပြီမို့ သေပျော်ပါပြီလို့တောင် ဆိုကြရှာတယ်။
ဖိုးစန်းရဲ့ သူငယ်ချင်းက ကျွန်တော်တို့ ရောက်သင့်ရောက်ထိုက်တဲ့ နေရာတွေအားလုံးကို လိုက်ပို့တယ်။ အနိမ့်ရွာကိုတောင် ရောက်ရှိလို့ သွားရပါသေးတယ်။ အနိမ့်ရွာဆိုတာက အာဇာနည် အရှင်ဦးဝိစာရရဲ့ ဇာတိရွာလေ။ (ရန်ကုန်မြို့တော်မှာ အထင်ကရလမ်းတခုဖြစ်တဲ့ ဦးဝိစာရလမ်းဆိုတာ အဲဒီ အာဇာနည် အရှင်ဦးဝိစာရကို ဂုဏ်ပြုတဲ့အနေနဲ့ မှည့်ခေါ်ထားတဲ့ လမ်းပေါ့။) အနိမ့်ရွာက အမြင့်ရွာလို မြစ်နဖူးရွာ မဟုတ်ဘူး။ ကုန်းတွင်းရွာဆိုတော့ ခြောက်သွေ့သွေ့ပါပဲ။ ဦးဝိစာရကျောက်တိုင်ကြီးက ရွာလည်မှာ ထီးထီးမားမား ရပ်တည်နေလိုက်တာ။ အနိမ့်ရွာလေး ကျက်သရေအပေါင်းနဲ့ ပြည့်စုံသွားတော့တာပဲ။ မမျှော်လင့်ဘဲ ဘုန်းတော်ကြီး ဦးပညိန္ဒနဲ့ တွေ့ဆုံနေလို့ အနိမ့်ရွာမှာ တနေ့ခိုခဲ့ကြပါသေးရဲ့။
သောတာပန်ရွာက ညိုမြတို့ရဲ့ အိမ်နေရာဝင်းကိုလည်း ရောက်ခဲ့သေးတယ်။ အိမ်ကြီးကတော့ မရှိတော့ဘူး။ ဖျက်ပြီး ကျေးလက်ဆေးခန်းကို လှူလိုက်ပြီလို့ ဆိုပါတယ်။ အောက်ခံပလ္လင်ခင်းကိုပဲ တွေ့ခဲ့ကြရတယ်။
ရန်ကုန်ပြန်ရောက်တော့ ညိုမြတို့ရွာဆိုတဲ့ ဆောင်းပါးရှည်ကြီးကို ရေးသားမိတယ်။ ဒါပေမယ့်... အိုးဝေဂျာနယ်က အကောင်အထည် ပေါ်မလာခဲ့ဘူး။ ဂျာနယ်ထုတ်ဖို့ အိုးဝေဂျာနယ်ဆိုတဲ့ စာလုံးကို ရှိခဲ့ဖူးပြီးသား မူအတိုင်းတင်လိုက်တယ်။ အဲဒီမှာ စာလုံးပေါ်က "ကနေတဲ့ဒေါင်း" ပုံလေးကို ဖြုတ်ခိုင်းတယ်။ ခွင့်မပြုဘူး။ အဲဒီမှာ... အစဉ်အလာကို ထိန်းသိမ်းမလား။ ပယ်ဖျက်မလားဆိုပြီး ဆွေးနွေးကြတယ်။ ပယ်ဖျက်သင့်တဲ့ အစဉ်အလာ ရှိသလို ထိန်းသိမ်းသင့်တဲ့ အစဉ်အလာတွေ ရှိပါတယ်။ မပယ်ဖျက်သင့်ဘူး။ ထိန်းသိမ်းသင့်တယ် ဆိုပြီး ဂျာနယ်ကို မထုတ်ဝေ ဖြစ်တော့တာပါ။
ဒုတိယအခေါက်ကတော့ အမြင့်ရွာ ညိုမြတို့ရွာ စာကြည့်တိုက်မှာ စာပေဟောပြောပွဲ ပြုလုပ်လို့ ကျွန်တော်က နယ်ခံအဖြစ် လိုက်သွားခဲ့တာပါ။ ညိုမြတို့ရွာ စာကြည့်တိုက်မှာ နှစ်စဉ်စာပေဟောပြောပွဲ ကျင်းပနေ တာတဲ့။ လက်လှမ်းမီရာ မန္တလေးမြို့က စာရေးဆရာတွေပဲပေါ့။ ရန်ကုန်မြို့က စာရေးဆရာတွေဆိုရင် စရိတ်စကနဲ့ လက်ဆောင်ပစ္စည်း (ဟိုစဉ်ကတော့ နယ်ထွက်ပစ္စည်းလေးတွေ ပေးကြတာပါ။ ခုခေတ်မှာတော့ ငွေနှစ်သောင်း၊ သုံးသောင်းကျပ် ပေးကြရတယ်လို့ ဆိုတယ်) ပေးရနဲ့ဆိုတော့ မနိုင်ကြရှာဘူးပေါ့လေ။ ခုတော့ အကြောင်းတိုက်ဆိုင်လို့ ရန်ကုန်က စာရေးဆရာတွေကို ခေါ်ဖြစ်ကြတာ။
အကြောင်းတိုက်ဆိုင်တာက.... ဒီလို။ ကျွန်တော်တို့ မုံရွေး-ကြေးမုံ အလင်းရောင် စာပေဗိမာန် စာကြည့်တိုက်က ၁၉၅၁ ခု နိုဝင်ဘာ ၂၇ ရက်မှာ တည်ထောင်ခဲ့တာဆိုတော့ ၂၀၀၁ ခု နိုဝင်ဘာ ၂၇ ရက်ဆို နှစ် ၅၀ တင်းတင်း ပြည့်ပါတယ်။ ရွှေရတုသဘင်ပွဲ ကျင်းပဖို့ ကျွန်တော်တို့ ၁၉၉၈ ခုလောက်ကနေ ကြိုးစားခဲ့ကြတာ။ စာရေးဆရာတွေလည်း တက်ရောက်စေချင်တယ်လေ။ အဲဒီမှာ ဒေါ်ဒေါ် (လူထုဒေါ်အမာ)ရဲ့ မွေးနေ့ပွဲက နိုဝင်ဘာ ၂၉ ရက်။ မွေးနေ့ပွဲမှာ ရန်ကုန်က စာရေးဆရာ၊ ကဗျာဆရာတွေနဲ့ အနယ်နယ် အရပ်ရပ်က စာရေးဆရာ၊ ကဗျာဆရာတွေ လာကြတယ် မဟုတ်လား။ အဲဒီတော့ ဘတ်စ်ကားတစီးနဲ့ စာရေးဆရာ၊ ကဗျာဆရာတွေကို ခေါ်မယ်။ ပြီးတော့ မန္တလေးမြို့ကို ပြန်ပို့ပေးမယ်။ အဲဒီစရိတ်လောက်တော့ ကျွန်တော်တို့ တတ်စွမ်းနိုင်တယ်ပေါ့။ အဲဒီမှာ စာရေးဆရာကြီးငယ်၊ ကဗျာဆရာ ကြီးငယ်တွေ အားတက်သရော လိုက်ပါလာကြလို့ ၀မ်းသာရပါတယ်။ ကျေးဇူးလည်း တင်နေမိတယ်......။
အမြင့်ရွာ ညိုမြတို့ရွာစာကြည့်တိုက်က တာဝန်ရှိကြတဲ့ သူတွေ ရောက်လာကြတယ်။ သူတို့ဆီ စာပေဟောပြောပွဲ ပြုလုပ်ဖို့ ကမ်းလှမ်းလာကြတာပါ။ အချိန်လည်း ပေးနိုင်၊ လိုက်ချင်စိတ်လည်း ပြင်းပြတဲ့ ကဗျာဆရာကြီး၊ စာရေးဆရာ ထက်မြက်၊ ကဗျာဆရာမ မအိ၊ လူငယ်ကဗျာဆရာတို့ လိုက်ပါလာကြတယ်။ ကျွန်တော်ကတော့ နယ်ခံလမ်းညွှန် အဖြစ်ပေါ့။ ပါပလေကာ အမိုးဖွင့်ကားလေးနဲ့ လာခေါ်တယ်။ ချောင်းဦးမြို့က ထွက်ပြီး အမြင့်ရွာရောက်သည်အထိ ဖုန်တလုံးလုံး အညာလမ်းပီသပါတယ်။ တော်ပါသေးရဲ့ လိုက်ပါလာကြသူ တွေက သူတို့ကိုသူတို့ ပြည်သူ့စာရေးဆရာ၊ ပြည်သူ့ကဗျာဆရာတွေ အဖြစ် ခံယူထားကြတဲ့ သူတွေမို့။
နယ်ခံတွေက ရွာမှာရှိတဲ့ စေတီ၊ ပုထိုးတွေကို လိုက်ပို့ကြတယ်။ ပြီးတော့ ညိုမြတို့ရွာ သောတာပန်ရွာလေးကို လိုက်ပို့ကြတယ်။ အဲဒီမှာ တမျှော်တခေါ်ကြီး ထန်းတောကြီးကို တွေ့ရ မြင်လိုက်ရတော့ အောက်သူအောက်သားတွေ ဖြစ်ကြတဲ့ ကဗျာဆရာမ မအိနဲ့ လူငယ်ကဗျာဆရာတို့ဟာ မင်တက်မိ အံ့သြကြလို့ပေါ့။ ဒါ့အပြင် ထန်းပင်တွေကြားမှာ ၀ိုင်းဝိုင်းစက်စက် ရွှေလမင်းကြီးကလည်း ထွန်းလင်းလို့လေ။ အောက်သူအောက်သားတွေ မပြောပါနဲ့ အညာသားဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင် အညာရဲ့ ည အလှရှုခင်းကို ဖွတ်မေ့ ပတတ်မေ့ဆိုတာလို ငေးမောမေ့နေမိတော့တယ်။
အပြန်ခရီးလမ်းမှာတော့ ကျွန်တော့်အနေနဲ့ ညိုမြတို့ရွာ စာကြည့်တိုက်အကြောင်းကို စဉ်းစားနေ မိတယ်။ စာကြည့်တိုက်က၊ ဆရာဝန်ဘွဲ့ရပြီး အလုပ်မရခင်စပ်ကြား ရွာကို ပြန်ရောက်လာတဲ့ ဆရာဝန်လေးက ငွေအား၊ လူအား စိုက်ထုတ်ပြီး အားလုံးဝိုင်းဝန်းကူညီကြလို့ ဖြစ်ထွန်းလာတာပါတဲ့။ ဆရာဝန်လေး ရှိစဉ်ကတော့ စာပေဟောပြောပွဲကျင်းပဖို့ မဲမတင်းရပေမယ့် အခု ဆရာဝန်လေးက အလုပ်တာဝန်ရှိရာ သွားရလေတော့ စာပေဟောပြောပွဲ ကျင်းပဖို့ အခက်အခဲ ဖြစ်လာရပါသတဲ့။ ဆရာဝန်လေးရဲ့ စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့ စာကြည့်တိုက်ကိုတော့ ရေရှည်တည်တံ့အောင် ကြိုးစားအားထုတ် သွားရမှာပါတဲ့လေ။
ဒီမှာ ကိုတာကို သွားပြီး သတိရမိသေးတယ်။ ကိုတာလည်း ဆရာဝန်ဘွဲ့ရပြီး အလုပ်မရခင် စပ်ကြား ရွာကို ပြန်ရောက်လာတယ်။ မုံရွေး-ကြေးမုံ ကျေးလက်ဗျောတည်ထောင်တယ်။ မောင်းထောင်ရွာသွားပြီး ကောက်စိုက်တေးတွေ စုဆောင်းကြ။ အရာတော်နယ်သွားပြီး ပေါင်းပေါက်တေးတွေ စုဆောင်းကြ။ မုံရွာကိုလေးခန့်ကို ဖိတ်မန္တကပြုပြီး ကျေးလက်တေးတွေ အသံသွင်းကြ။ တီးလုံးတိုက်ကြ။ နောက် မြန်မာ့အသံတည်ရှိရာ ရန်ကုန်မြို့တော်အထိတက်ရောက်ပြီး အသံသွင်းကြ။ ကျေးလက်ရဲ့ ဂီတသံတွေ တည်တံ့ပျံ့နှံ့ဖို့ ကြိုးစားရှာတဲ့ ကိုတာရဲ့ စေတနာပဲပေါ့။ ဒါပေမယ့်လည်း ကိုတာ ခန္တီးမှာ အလုပ်ရရှိလို့ ပြောင်းရွှေ့သွားတဲ့နောက် လူအား ငွေအား ၀ါယမ မစိုက်ထုတ်နိုင်လေတော့ မုံရွေး-ကြေးမုံ ကျေးလက်ဗျောဟာ ပြိုကွဲ သွားရတော့တယ်။
ကျွန်တော့်အနေနဲ့တော့ ဘယ်အရာမဆို ခေတ်ရဲ့တောင်းဆိုမှုအရ ဖြစ်ထွန်းပေါ်ပေါက်လာကြတဲ့ အရာတွေသာ ရေရှည်တည်တံ့မှု ရှိနိုင်တယ်လို့ သုံးသပ်မိတယ်။ ရှိသင့် ရှိအပ်တယ်ထင်လို့ တကိုယ်တော် ကြိုးစားအားထုတ်မှုတွေဟာ အဲဒီပုဂ္ဂိုလ် ရှိစဉ်သာ တည်တံ့နေပြီး အဲဒီပုဂ္ဂိုလ် မရှိတော့ရင် ပြိုလဲသွားတတ်ကြ တယ်လို့ သုံးသပ်မိပါတယ်။
အမြင့်ရွာက ညိုမြတို့ရွာ စာကြည့်တိုက်ဟာ ရှိသင့် ရှိအပ်တဲ့ အရာတခုပါပဲ။ စတင်တည်ထောင်သွားတဲ့ ဆရာဝန်လေး အလုပ်ရှိရာ ရောက်သွားပေမယ့် ညိုမြတို့ရွာ စာကြည့်တိုက်လေး ရွှေရတုပွဲ ဆင်နွှဲနိုင်ပါစေ။ စိန်၇တုပွဲတိုင် ချီတက်နိုင်ပါစေလို့သာ......။
ကိုလေးမြတ်။
[ပိတောက်ပွင်သစ်-စာပေအနုပညာ မဂ္ဂဇင်း၊ အမှတ် ၃၃၊ သြဂုတ်လ၊ ၂၀၁၀ မှ ကူးယူဖော်ပြပါတယ်။]
[မာယာမှာ တင်ပြဖူးတဲ့ မောင်မင်းရာ ရဲ့ ပေါရီတို့ ရွှေလှေရွာ ကိုလည်း ပြန်လည် ဖတ်စေချင်ပါတယ်။ ]
Subscribe to:
Post Comments (Atom)
No comments:
Post a Comment