Tuesday, September 21, 2010
ဦးညိုမြ (၂) နှစ်လည်တဲ့နေ့၊ အမရပူရတောင်လေးလုံးကျောင်း {၂၉-၉-၈၇}
လူထုဒေါ်အမာ- ဟောပြောချက်
{သတင်းစာဆရာ၊ စာရေးဆရာ ဦးညိုမြ ကွယ်လွန်ခြင်း ၂၅ နှစ်အမှတ်တရ}
ကိုညိုမြကို လွမ်းလို့ အထိမ်းအမှတ်ကလေး လုပ်တာ ဒီနှစ် ဒုတိယအကြိမ်ပါ။ ဒါ့ကြောင့် ဆရာတော် ကိုပညာကို တွေ့တဲ့အခါကျတော့ ဒေါ်ဒေါ်က မေးချင်တယ်။ ဆရာတော်ကိုပညာရဲ့ 'ကိုညိုမြက ခုထက်ထိ မပူးသေးဘူးလားလို့'။
ဘာပြုလို့တုန်းဆိုတော့ သူက နတ်ဖြစ်တယ်ဆိုတာကို သိပ်သဘောကျတာ၊ သူဖြစ်နိုင်ရင် သူကိုယ်တိုင် ဒီမှာ စာရေးဆရာနတ်ဖြစ်ပြီးတော့ နေချင်မှာ အမှန်ပဲ။ ကိုညိုမြက တောင်သမန်အင်းစောင်းမှာ ဝေါမှူးကြီးနတ်ကို နတ်ကွန်းဆောက်ပေးချင်တယ် ဆိုတာကိုလည်း ဆောက်ချင်တာပေါ့။ သူကိုယ်တိုင်လည်း ဒီနားနတ်ဖြစ်ချင် နေမှာပဲလို့ တပည့်တော် ထင်တယ်။
ဗိုလ်ချုပ်အောင်ဆန်းကို သူက ဘယ့်နှယ်ပြောတုန်းဆိုတော့ ဗိုလ်အောင်ဆန်း နတ်ဆိုတာ ဖြစ်ရမယ် ရှိရမယ်တဲ့။ မလုပ်ပါနဲ့ ကိုညိုမြရယ် အလကားနေမှ နတ်တွေက ရှုပ်လွန်းလို့ ရှိရတဲ့အထဲလို့ ကျွန်မက ပြောတော့၊ အဲ့ဒါ ဗမာ့နည်း၊ ဗမာ့ဟန်ပဲ ဗမာ့ပုံစံတဲ့။ သေလို့ရှိရင် နတ်ဖြစ်တယ်။ ဗမာတွေက ချစ်တယ်။ သူ့ကို အမြဲတမ်း အမှတ်ရတယ် တင်တယ် သတယ်တဲ့။ ဒါ ဗမာချစ်တဲ့ ပုံစံပဲတဲ့။ အဲဒီတော့ ဗိုလ်အောင်ဆန်း နတ်လည်း ရှိရမှာပေါ့တဲ့။ သူက အဲဒီလို ကျမကို ပြောသွားတာပါ။
အဲဒီတော့ ကိုညိုမြကလည်း သူလည်း နတ်ဖြစ်ချင်မှာပဲ စာရေးဆရာနတ်ဆိုပြီးတော့။ ဒါ့ကြောင့် ဦးဇင်းရယ် မပူးသေးဘူးလားလို့ ကျွန်မက မေးချင်တာ။ တကယ်လို့များ ပူးတယ်ဆိုရင် "ကိုယ့်ကို ကိုပညာက အမှတ်ရလို့ ဒီလို အခမ်းအနားလေး လုပ်နေတာ နှစ်ခါရှိပြီ။ ဒါပေမယ့် ကိုယ်ကြိုက်တဲ့ ဟာလေးတွေကတော့ မပါသေးဘူး" ဆိုပြီး နှုတ်ခမ်းကြီးစေ့ပြီးတော့ ပြောမှာ တပည့်တော်က ကြားယောင်နေမိတယ်။ ဘာတွေ ရှင်ကြိုက်တာတုန်းလို့ တကယ်လို့များ တပည့်တော်က ဆစ်မေးလိုက်ရင် "ယမကာတို့၊ ဆေးပေါ့လိပ်တို့၊ မြီးရှည်တို့ပေါ့" လို့ သူက ပြောမှာဘုရား။
တောင်သမန်မှာ ရေတွေက ဘောင်ဘင်ခတ်နေတာနော်။ သူ ဒီနားလာပြီးတော့ နှစ်တိုင်း အမြဲတမ်း ရက်တွေ အကြာကြီး နေနေတာ။ တနေ့က ဆရာတော် ရွှေကိုင်းသား ဈာပနကျင်းပတော့လည်း သူ့ကို သတိရလိုက်တာ။ သူရှိရင်တော့ လာမှာ။ နတ်ပွဲတွင်းကလည်း သိပ်ဝေးတော့တာ မဟုတ်ဘူး။ ဆရာတော့် ဈာပနပလည်း ၀ါဆို လပြည့်ကျော် (၈) ရက် ဆိုတော့ ခါတိုင်းထက် နည်းနည်း စောသွားလိုက်ရင် ပြီးတာပဲဆိုပြီးတော့ သူရောက်လာမှာ ဆိုပြီး တပည့်တော် မျက်စိထဲ သူ့ကို မြင်ယောင်လို့ နေတယ်။
ခုတခါ ဒီရောက်တော့ ဥတ္တရလွင်ပြင် ကိုသန်းဌေးက ကိုညိုမြ ငယ်ငယ်တုန်းက ရေးခဲ့တဲ့ ကဗျာလေးတွေ ကူးပြီးတော့ စာကူးစက်ကလေးနဲ့ လှည့်ပြီး ဝေပြန်တော့လည်း တပည့်တော်တို့ ကျောင်းတုန်းက အတူတူ နေခဲ့ထိုင်ခဲ့တာလေးတွေ ပြန်ပြီးတော့ သတိရနေတယ်။ ဒီကဗျာလေးထဲက ပထမဦးဆုံး ကဗျာလေး ဒေစီသို့ ဆိုတာက တကယ်ပါ၊ ကျောင်းသူမလေးတဦး ဒေစီဝှိုက်ဆိုတာ ရှိပါတယ်။ ကျွန်မတို့နဲ့ တတန်းတည်းပါ။ သူက မော်လမြိုင်က ကျောင်းသူလေးပါ။ သူ့အစ်ကိုတွေကလည်း တက္ကသိုလ်မှာ ရှိတာပဲ။ ဟာရှင်ဗွိုင်ဆိုတာ သူ့အစ်ကိုတယောက်ပါ။ သူတို့က မွတ်စလင်တွေပါ။ ဒေစီဝှိုက်က လှတယ်။ ချစ်စရာလေး။ ပြီးတော့ သူက စန္ဒယားတီးကောင်းတယ်။ ဘင်ဂျိုတီးကောင်းတယ်။ အတီးအမှုတ်မှာ အတော်လေး ကျွမ်းကျွမ်းကျင်ကျင်ရှိတယ်။
အဲဒါ ကျွန်မတို့ မြို့မကျောင်းကပွဲမှာ တက္ကသိုလ်က တီးဝိုင်းနဲ့ တပင်တိုင်အက အခန်းတခုထည့်တဲ့အခါ ကျတော့ ဒေစီက ဘင်ဂျိုတီးပါတယ်။ အဲဒီ ဒေစီကို ကိုညိုမြက ပိုးပါတယ်။ ပိုးပြီးလို့ သူ့အဆိုအရပေါ့လေ။ သပိတ်မှောက်တော့ သူနဲ့ ဒေစီနဲ့ ကွဲကြတယ်လို့ ပြောတယ်။ နောက်တော့ ဒေစီက အကောက်အခွန် မင်းကြီးကတော် ဖြစ်သွားပါတယ်။ နောက်တော့ ဗုဒ္ဓဘာသာ ဖြစ်သွားပါတယ်။ ယောက်ျားက ဗုဒ္ဓဘာသာကိုး။ သိပ်မကြာလှခင်ကမှ သေသွားရှာတယ်။ သူ ဒီအကြောင်းတွေ ရေးတော့ ငယ်ငယ်တုန်းက ကျွန်မတို့ အတူတူ နေခဲ့ထိုင်ခဲ့တာတွေ ပြန်ပြီးတော့ သတိရတယ်။ ဒေစီက သဘောကောင်းတယ် မဟုတ်လား။ ချစ်စရာလေး။ မျက်လုံးလေး သိပ်လှတဲ့ ကုလားမလေး။ အဲဒါကို ကိုညိုမြ ပိုးတာက ပြောင်ပိုးတာပါ။ ရတာ မရတာ အပထား ဘယ်သူ့ကို သူပိုးတယ် ဘယ်ဝါ့သူပိုးတယ်။ အဲဒီ ပိုးတဲ့အကြောင်း မောင်းတီးနေတာပဲ။ ဒါ သူ့ဝါသနာ။
နောက် ဒီထဲက ပါတဲ့ ငပိကြော်ဆိုတဲ့ ကဗျာထဲကလည်း ခြင်းကြားတို့၊ ပုပုဒွေးတို့၊ မိပုတို့ ဆိုတာတွေက သူနဲ့ မောင်နှမ တ၀မ်းကွဲတွေပါ။ ဟို ၀န်ထောက် ဦးဒွေးရဲ့ သမီးတွေ။ ခြင်းကြားဆိုတာက အမအကြီးဆုံး ပြီးတော့ ပုပုဒွေးဆိုတာက အပုကို ခေါ်တာ။ အပုက ကျွန်မတို့ ပါမောက္ခဆရာဦးမျိုးမင်းကတော်ပါ။ ကျောင်းနာမည်ကတော့ အပုလို့ပဲ ခေါ်ကြတယ်။
ပြီးတော့ ဦးဝန်ကတော် ဒေါ်ကြည်ကြည်၊ ဒီသူတို့ ညီအစ်မသုံးယောက်က အရင်းပါ။ ကိုညိုမြနဲ့ မောင်နှမ တ၀မ်းကွဲ တော်တာတွေလေ။
အဲဒီတော့ သူက အင်းလျားလာလို့ ရှိရင် နှမ၀မ်းကွဲတွေ၊ အစ်မ၀မ်းကွဲတွေကို ခလုတ်တိုက် ခြေထောက်နဲ့ ခတ်သွား ပြီးတော့ ပိုက်ဆံတောင်းတယ်။ ချေးတယ်တဲ့။ ပြန်မပေးဘူး။ သူကဒီလို လုပ်နေကျ။ မိပု ငါဘာမရှိဘူး၊ ညာမရှိဘူး၊ ဘာပေးဦး၊ ညာပေးဦး။ ဟိုက ကျောင်းပိတ်လို့ ပြန်လာရင်လည်း အဲဒီ ငပိကြော်တို့ ဘာတို့က သူက တခါတည်း ခွဲယူသွားတာပါ။ အဲဒါကို သူက ရည်ရွယ်ပြီးတော့ ကဗျာစပ်တာပါ။
ကျွန်မတို့နဲ့ သူနဲ့ အတူတူ နေခဲ့တဲ့ တခေတ်မှာ ကိုညိုမြ ဘယ်ကျောင်းသူနဲ့မှ မစွံပါဘူး။ သူပိုးတာတွေကတော့ ရေတွက်လို့ မကုန်ပါဘူး။ အင်းလျားကလည်း အများကြီးပဲ။ နေ့ကျောင်းသူတွေ ထဲကလည်း အများကြီးပဲ။ နို့ပေမယ်လို့ သူက အင်္ဂလိပ်စာတော်တာက လွဲလို့ အမျိုးသမီးတွေ စုံမက်လောက်စရာ သူ့မှာ ဘာမှ မရှိပါဘူး။ သူက ညစ်ပတ်တယ်။ စုတ်ပဲ့တယ်။ ပစ္စလက္ခတ် နေတတ်တယ်။ သူ့ကြည့်လိုက်ရင် ဘယ်တော့မဆို သန့်သန့်ရှင်းရှင်း ကြော့ကြော့ရော့ရော့ မိန်းကလေးတွေ စိတ်ဝင်စားဖို့ရာ အနေအထိုင် အမူအရာ ဘာမှ မရှိဘူး။ ဆေးပေါ့လိပ်ကြီး တဖွါးဖွါးနဲ့ ပြာတွေနဲ့ ဘာနဲ့ အဲဒီလို ရှုပ်တီးရှုပ်ပွတွေ ဒီလိုနေတာ။ အဲဒီတော့ ကျွန်မတို့ ရှိတဲ့ခေတ်တုန်းက ကျောင်းသူ ဘယ်သူကမှ သူ့ကို ပြန်ပြီးတော့ မကြိုက်ဘူး။ သူက ပိုးတာတွေကတော့ ခု ဒေစီတို့လို ဟာတွေကတော့ အများကြီး။ သူက ဒိတ်ဆိုတဲ့ ဟာတွေ အကုန်ပိုးတာပဲ။
ကျွန်မတို့ ကျောင်းကထွက်ပြီးတဲ့နောက်ကျတော့မှ ခင်သင်းနွယ်နဲ့ ရတာပါ။ အဲဒီကျတော့လည်း မယ်တက္ကသိုလ် ရတယ်ဆိုပြီး ကျွန်မတို့ဆီကို ကြွားပြီး အကြောင်းကြားတာပါ။ သူက မယ်တက္ကသိုလ်နဲ့ ရတယ်။ လှတာချောတာကို သူက ကြိုက်တာကိုး။ ကိုညိုမြက အဲဒီလိုပါ။ ကိုညိုမြ ငယ်ငယ်တုန်းက ဒီလိုဟာတွေ ကြိုက်ခဲ့ပေမယ်လို့ ကိုညိုမြ သတင်းစာ ပညာတော်သင်ကနေ ပြန်လာပြီးတော့ ဗမာပြည်မှာ အလုပ်ခွင်ထဲ ၀င်တဲ့အခါ ကျတော့ ကိုညိုမြက အဲဒီလို ချောတာတွေ၊ လှတာတွေ၊ ရေပေါ်ဆီတွေ နောက် သူ မလိုက်ရှာပါဘူး။ အခက်အခဲတွေနဲ့ ရင်ဆိုင်တယ်။ ရေနက်ထဲကို ဆင်းလျှောက်တယ်။ သူ့ သတင်းစာဆရာဘ၀ဟာ မဖြောင့်ဖြူး မသာယာပါဘူး။
ဟိုတုန်းက သူနဲ့ အာဏာရနေတဲ့ လူတွေနဲ့က ဖက်လှဲတကင်း အင်မတန် တရင်းတနှီး ရှိတဲ့ လူတွေချည်းပေါ့။ တယောက်မှ လူစိမ်းမပါပါဘူး။ အဲဒါတွေကို သူ ကြိုက်သလို သူ့အတွက် သူ့ကိုယ်ရေးကိုယ်တာ အတွက် သူ့သတင်းစာအတွက် အသုံးချပြီးတော့ ဟိုလူတွေအကြိုက် လိုက်ပြီးတော့ သူဆောင်နေမယ်လို့ ရှိရင် ကိုညိုမြဟာ သူဌေးတယောက်လည်း ဖြစ်ချင်ဖြစ်နေမှာပါ။ နည်းအမျိုးမျိုးနဲ့ စောင်မနိုင်ပါတယ် သူ့ကို ဟိုလူတွေက။ ရာထူးပေးလို့လည်း ၀န်ကြီးထိအောင် ဖြစ်နိုင်ပါတယ်။ ဒီလို မဟုတ်ရင်လည်း စီးပွါးရေးအရ အဘက်ဘက်က ပြေလည်အောင် ကူညီနိုင်ပါတယ်။ နို့ပေမယ့် ကိုညိုမြက ဒီလမ်းမျိုး မလိုက်ပါဘူး။ သူယုံကြည်တာ သူမှန်တယ်ထင်တာကိုပဲ ဘယ်အခါမဆို ပြောဆို ရေးသားပြီးတော့၊ ပေါက်ဆိန်ပေါက်ပွဲ ကျတော့လည်း သူ့တိုက်က ရှေ့က ခံခဲ့ရတာပဲ။ အဲ.... အာမခံတင်ဦး ဟယ်၊ ဘာဦးဟယ် ဆိုတော့လည်း သူ့ခမျာ အခြားအတိုက်အခံ သတင်းစာတွေနဲ့အတူ ပါရှာတာပါပဲ။ ကိုညိုမြဟာ သာယာတဲ့လမ်း၊ ပန်းခင်းတဲ့လမ်း၊ ဖြောင့်ဖြူးတဲ့လမ်းကို ဘယ်တော့မှ မရွေးပါဘူး။ အမှန်တရားလို့ သူယုံကြည်တဲ့ဘက်က တလျှောက်လုံး သွားပါတယ်။
ဒီတော့ သူငယ်ချင်းတယောက်အနေနဲ့ ရေးဘော်ရေးဘက်တယောက်အနေနဲ့ သူ့ကို စိတ်ထဲက လေးစားပါတယ်။ ဦးဇင်းက အခုလို အမှတ်တရပွဲလေး လုပ်တယ်ဆိုတော့လည်း ၀မ်းသာတယ်။ တခြား ဘယ်မှာမှ ဒီလိုပွဲ မရှိပါဘူး။ ကိုညိုမြပွဲ ဒီမန္တလေးမှာ ဒီနေရာမှာပဲ ရှိပါတယ်။
အဲဒါ... သြော် ဖြစ်သင့်ဖြစ်ထိုက်တာကို ဖြစ်အောင် လုပ်နေတာပဲ။ တို့ ၀မ်းသာစရာ ကောင်းတယ်။ ရေးဘော်တယောက် ကိုညိုမြတယောက်အတွက် ဒီလိုပဲ ရှိရမှာပဲ။ သူပြောသလို သူကြိုက်တဲ့ နည်းမျိုးနဲ့ ပသတာမျိုး တင်မြှောက်တာမျိုး မဟုတ်စေကာမူ စာရေးဆရာတွေအနေနဲ့ ရေးဘော်ရေးဘက်တွေ အနေနဲ့ တလေးတစား တမြတ်တနိုး ရှိတယ်ဆိုတာကို ဖော်ထုတ်နိုင်တဲ့အတွက် ၀မ်းသာဂုဏ်ယူပါတယ်။
ဆရာတော် ကိုပညာကိုလည်း ဒီအတွက် တပည့်တော်တို့က ထူးထူးလည်လည် ကျေးဇူးတင်ပါတယ် ဘုရား။ တတ်နိုင်သလောက် အရှင်ဘုရား ဒီခရီးကို ဆက်သွားပါ။ တပည့်တော်တို့လည်း တတ်နိုင်သလောက် ပါဝင်ပါရစေလို့ လျှောက်ပါတယ်။ ဒါပါပဲဘုရား။
လူထုဒေါ်အမာ။
[လူထုဒေါ်အမာ (၈၂)ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေတဲ့ "တောင်လေးလုံးမှ နတ်ကျွန်အထိ အမှတ်တရ မှာစကား" စာအုပ်မှ ကူးယူဖော်ပြပါတယ်။ ဒီစာအုပ်ကို ကြီးပွါးရေးစာအုပ်တိုက်မှ ၁၉၉၇ ခု၊ နိုဝင်ဘာလမှာ ပထမအကြိမ် ရိုက်နှိပ်တာ ဖြစ်ပါတယ်။]
Subscribe to:
Post Comments (Atom)
No comments:
Post a Comment