[မာယာ မဂ္ဂဇင်း အတွဲ၃ အမှတ် ၁၊ ၁၉၉၈ မတ်လတွင် ဖော်ပြပြီးစာမူကို အင်တာနက် စာဖတ်ပရိသတ်အတွက်ထပ်မံဖော်ပြလိုက်ပါတယ်။]
'တော်ပြီဟာ၊ စိန်ပြေးတမ်း မကစားကြစို့နဲ့၊ နေပူလာပြီဟာ'
သုသုရဲ့ အသံက အိမ်ရှေ့ကွက်လပ်မှာ စာစာညံနေတယ်။
'ဟုတ်တယ်၊ ဒိပြင်ဟာ ပြောင်းကစားရအောင်ဟယ်'
သူ့အစ်မ ဘာပြောပြော ပစ်ခတ် ထောက်ခံတတ်တာ အီးဘောသော ချိုချိုရဲ့ အကျင့်။
'ဒါဖြင့် ထုပ်တိုးတမ်း ကစားရအောင်'
မိတိုးကအကြံပေးတော့ သုသုက.....
'မကောင်းပါဘူးဟယ်.....၊ ဘွားဘွားက နေရိပ်ထဲတင် ကစားကြလို့ မှာထားတဲ့ဥစ္စာ'
'သုသုက ကျောင်းဖွင့်ရင် ဒုတိယတန်းတက်ရတော့မယ့်ကလေး။ သူတို့ထဲမှာ အသက်အကြီးဆုံး။
'ဒါဆိုရင် မုန့်ရောင်းတမ်း ကစားရအောင်၊ ဈေးရောင်းတမ်းလေ'
ဒီတခါ မိတိုးပေးတဲ့အကြံကို သူတို့လေးတွေ ခဏလေးနဲ့ စဉ်းစားဆုံးဖြတ် လိုက်ကြ တယ်။
'ဟေး...... ကောင်းတယ်ဟေး......'၊ 'ကစားကြမယ်ဟေး......'
ဆိုတဲ့ အသံတွေ စီကနဲ ညံသွားတယ်။
'လှေကားအောက်မှာ အိုးပုတ်တွေ ရှိတယ် မိတိုး သွားယူချေနော်'
'အို... မမသုလဲ လိုက်ခဲ့...'
'ဒါဆိုရင် ချိုချို လိုက်သွားနော်...'
'ဟင့်အင်း... မမသု ပါလိုက်ခဲ့'
ကလေးတွေ တယောက်နဲ့တယောက် တွက်ကပ်နေကြရင်း၊ နောက်ဆုံးတော့ အားလုံး အတူတူ သွားယူကြဖို့ သဘောတူလိုက်ကြတယ်။
'ဆူဇီလဲ ဆူဇီအိမ်ပြန်ပြီး အိုးပုတ်ကလေးတွေ ယူချေနော်'
ဆူဇီက သူ့အကျင့်အတိုင်း နှုတ်ခမ်းကလေးကို ရှေ့စူပြီး-
'ဟုတ်ကဲ့ မမသု' တဲ့။
မိတိုးနဲ့ ရွယ်တူ ဆူဇီက ခေါင်းတချက်ညိတ်ပြီး အိမ်ဘက်ကို ချာကနဲ ထွက်ပြေး သွားတယ်။ တိုနေတဲ့ ဂါဝန်အောက်က ဘောင်းဘီပြာကလေးက ခြေတလှမ်းလှမ်းတိုင်း လှစ်ကနဲ ပေါ်သွားတာပေါ့။
နေပူထဲ လျှောက်ပြေးပြီး ကစားကြတာ၊ အကြိုအကြား ၀င်ပြီး တူတူပုန်းတမ်းကစား ကြတာထက် အခုလို နေရိပ်ထဲမှာ ကစားကြတာကို ဘွားဘွားတင်က ပိုသဘောကျတယ်။ ဒါကြောင့် မြေးကလေးတွေကစားဖို့ ဗာဒံရွက်ကလေးတွေ၊ စက္ကူပန်းပွင့်ကလေးတွေ ခူးပေးတယ်။ ညတိုင်ကျ လင်းနို့တွေ ချီချီလာတဲ့ ဗာဒံသီးတွေလည်း စုထား၊ ကောက်ထား သိမ်းထားတဲ့နေရာက ထုတ်ပေးလိုက်တယ်။
xxxx xxxx xxxx xxxx
'အစ်မကြီးက ဘာရောင်းတာတုန်း'
'မုန့်တီ ခေါက်ဆွဲပါ'
သုသုက အိုးပုတ်ကလေးတွေ၊ ပလပ်စတစ်ခွက်ကလေးတွေ စီနေယင်း ပြန်ဖြေလိုက် တယ်။
'မုန့်တီက ဘာသားနဲ့လဲ အစ်မကြီး'
'ကြက်သားနဲ့ပါရှင့်'
'တိုးတိုးကို မုန့်တီ ခြောက်ပွဲပေးနော်၊ ဆီလဲ ရွှဲရွှဲ၊ ပဲမှုန့်လဲ မနည်းစေနဲ့နော်'
သုသုနဲ့ မိတိုးတို့ လူကြီးတွေရဲ့ လေသံအတိုင်း ပြောလိုက်ကြပြီး မျက်လုံးကလေးတွေ ပြူးပြီး တယောက်ကို တယောက်ကြည့်ပြီး ရယ်လိုက်ကြတယ်။ မိတိုးက လျှာကလေး တစ်လစ်နဲ့။
ကလေးတွေ ကစားတာကိုကြည့်ပြီး ဘွားဘွားတင်တောင် မုန့်တီစားချင်စိတ် ပေါက် လာတယ်။ ဆီတွေကရွှဲရွှဲ၊ ကြက်သားဖတ်တွေအပြည့်နဲ့ မုန့်တီပွဲတွေကို မြင်ယောင်နေမိတယ်။
သုသုကတော့ ဆီမီးခွက်ကလေးတွေ ပလပ်စတစ်ခွက်ကလေးတွေ ထဲက မြက်ပင်တွေ နှိုက်လိုက်၊ ရေနဲ့ ဖျော်ထားတဲ့ ပြာတွေကို ဇွန်းနဲ့ခပ်ပြီးဆမ်းလိုက်နဲ့ သူ့စိတ်ကူးနဲ့သူ မုန့်တီပြင် နေတယ်။
'ခြောက်ပွဲကို ဘယ်လောက်ပေးရမလဲ... အစ်မကြီး'
'ခြောက်ပွဲခြောက်ကျပ်ပါ'
'ပိုက်ဆံရှင့်'
မိတိုးက ခါးကြားထဲက ပိုက်ဆံထုတ်ဟန်ဆောင်ပြီး သုသုလက်ဝါးထဲ ထည့်လိုက်တယ်။ သုသုကလည်း လက်ဝါးလေးကို ဖြန့်ထားရာက အသာစုပြီး ပိုက်ဆံယူတဲ့ဟန်နဲ့။ တကယ်တော့ မိတိုး ပေးတဲ့အထဲကလည်း ဘာမှမပါဘူး။ သုသုလည်း ဘာမှ မရဘူး။ လက်ချည်းပေးပြီး လက်ချည်းယူလိုက်ကြတာ။
သူ သိပ်ကြိုက်တဲ့ မုန့်တီတပွဲ တကျပ်ဆိုပါလား။ ကြက်သားနဲ့တဲ့။ ကလေးတွေ ကစားနေကြတာကို မေ့ပြီး ဘွားဘွားရဲ့ လျှာစိုလာမိတယ်။
'မမသုရေ.... ချိုချိုတို့ ဆိုင်ဘက်လဲ လာခဲ့အုန်းနော်...'
'အီးချို.... ညည်းက ဘာရောင်းတာတုန်း'
'ချိုချိုက အအေးရောင်းတာလေ'
'ဟယ်.. ငါရေဆာနေတာနဲ့ အတော်ပဲ၊ ဘာတွေရသတုန်း'
'ဘိလပ်ရည်တို့၊ ဖွါလူဒါတို့ ရေခဲမုန့်တို့ အစုံပေါ့'
သုသုက ချိုချိုတို့ဆိုင်က တခွက်ကို ငါးမူးဆိုတဲ့ ဖွာလူဒါ သုံးခွက်ဆင့်သောက်နေချိန်မှာ ဆူဇီကလည်း မိတိုးဆိုင်က ဒံပေါက်ငါးထုပ် ထုပ်ခိုင်းပြီးပြီ။
'ကြက်သားက ရင်အုပ်ချည်း ထည့်ပေးတာနော်'
'ကောင်းတယ်...... ကောင်းတယ်၊ အိမ်က ကလေးတွေက ရင်အုပ်မှ ကြိုက်တာ'
ဆူဇီတို့ ကလည်း လူကြီးလေသံ၊ ဟန်ပန်အပြည့်နဲ့။ ဗာဒံရွက်ကို အထုပ်ကလေးတွေ ဖြစ်အောင်ထုပ်ပြီး ခြင်းတောင်းထဲ ထည့်ပေးယင်း......
'ဒံပေါက် ငါးထုပ်က ဘယ်လောက်ကျသလဲရှင့်'
လက်မှာ ပေနေတဲ့ ပြာမှုန့်တွေကို ဂါဝန်အောက်နားမှာ သုတ်ယင်း...
'ငါးကျပ်ပါ ဒေါ်ဆူဇီ'
'ရော့နော်'
မိတိုးနဲ့ဆူဇီတို့လည်း ပိုက်ဆံပေးယင်း လက်ချင်းပဲ ထိလိုက်ကြတယ်။ ဒီလိုထိပြီး ပေးပေမဲ့ ဆူဇီက မသွားသေးပဲ ရပ်နေတယ်။
'ဆူဇီကို ပိုက်ဆံပြန်အမ်းအုန်းလေ မမရဲ့'
'အော်.... ဟုတ်သားပဲ ခုနက ပေးလိုက်တာ ဘယ်လောက်တန်လဲ ဆူဇီ'
'အစိတ်တန်လေ မမ'
'ဒါဆိုရင် ဘယ်လောက်အမ်းရမှာလဲ မမရဲ့'
'ဟင့်အင်း... ဆူဇီ မသိဘူး'
မိတိုးရော ဆူဇီပါ နှစ်ယောက်စလုံးခေါင်းကလေးတွေ ဘွားဘွားတင်ဘက် ပြိုင်တူ ချာကနဲ လှည့်ကြည့်ကြတယ်။
ဘွားဘွားတင်က နှစ်ဆယ်အမ်းရမှာလို့ တွက်ပြတော့မှ မိတိုးက ဂျပ်ဘူးခွံကလေး အောက်ကိုလှန်ပြီး ပိုက်ဆံနှိုက်တဲ့ဟန်အတိုင်း ဆူဇီကို လှမ်းအမ်းလိုက်တယ်။ ဆူဇီနဲ့မိတိုးတို့ လက်ချင်း နောက်တခါပြန်ထိကြတာပေါ့။
'နောက်တော့.... အစိတ်တန်တွေဘာတွေ ပေးမနေနဲ့ဟယ်၊ ရှစ်ကျပ်ကျရင် ရှစ်ကျပ်တန်ပေး၊ ကိုးကျပ်ကျရင်ကိုးကျပ်တန်ပေးနော်'
'ဟုတ်ကဲ့မမ'
ဆူဇီက ပြောပြောဆိုဆိုနဲ့ ပခုံးကလေးတွန့်ပြလိုက်တယ်။
'ဒေါ်ဆူဇီရေ.. ရှင့်ဆိုင်မှာ ကြက်ဥရှိသလား'
'ရှိပါတယ်ရှင့်'
'တလုံးဘယ်လောက်လဲ'
'တလုံးငါးကျပ်ပါ'
'ဟာ.... ငါးကျပ်ဆိုရင်များတာပေါ့၊ နည်းနည်းလျှော့ပါအုံး'
'ဒါဆိုရင် ခြောက်ကျပ်နဲ့ ယူပါ'
ဘွားဘွားရော သုသုပါ ပြိုင်တူ ရယ်လိုက်ကြတယ်။ ကိုယ့်ဆိုင်နဲ့ကိုယ် အလုပ်ရှုပ်နေကြ တဲ့ မိတိုးတို့၊ အီးချိုတို့ကတော့ မကြားလိုက်ကြဘူး။
ဆူဇီက ဘာကို ရယ်ကြတယ်ဆိုတာ နားမလည်ပေမယ့် အခုလို ရယ်ကြတော့ နည်းနည်းတော့ ရှက်သွားပြီး၊ မျက်နှာကလေးလဲ ရဲသွားတယ်။
'ဟုတ်သေးပါဘူး၊ ဆူဇီရယ်၊ ငါးကျပ်နဲ့ ခြောက်ကျပ်ဆိုရင် ခြောက်ကျပ်က များတာပေါ့'
ဒီနှစ်မှ ကျောင်းနေမယ့် ဆူဇီကို သုသုက သင်ပေးနေတယ်။
'ဒါဆိုယင် ဘယ်လောက်ပြောရမလဲ၊ လေးကျပ်တို့ သုံးကျပ်တို့လား'
'ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ ဈေးများတာပေါ့'
ဘယ်လောက်ရောင်းရရင် ကောင်းမလဲ'
ဆူဇီက စဉ်းစားပေမယ့် ကြက်ဥတလုံးဈေးကို မပြေတတ်ဘူး။ နားထင်တလျှောက်စီး နေတဲ့ ချွေးစီးကြောင်းကို ဂါဝန်လက်ဖောင်းနဲ့ ပွတ်လိုက်တုန်းမှာ ဘွားဘွားတင်က သူရောင်းချင်တဲ့ဈေးကို ၀င်ပြောလိုက်တယ်။ ဒါကြောင့် ဆူဇီလည်း သံယောင်လိုက်ပြီး...
'ကြက်ဥတလုံးတမတ်ပါရှင့်'
ဂျပ်ဘူးလေးထဲက ဗာဒံသီးခြောက်တလုံးကို ကောက်ပေးလိုက်တယ်။ ဒီဗာဒံသီး ခြောက်တွေက ဆူဇီရဲ့ဆိုင်မှာ ကြက်ဥဖြစ်နေပေမဲ့ အီးချိုရဲ့ဆိုင်မှာ အုန်းသီးတွေပေါ့။
'ကြက်ဥက မလျှော့တော့ဘူးလား ဆူဇီရယ်'
'ဒီမနက်မှ အုတဲ့ ဥစ္စာတွေပါ၊ လတ်လတ်ဆတ်ဆတ်တွေ အစ်မရဲ့'
'ဆူဇီဆီမှာ ပဲဆီရော ရှိလား'
'ပဲဆီလဲရှိပါတယ်ရှင့်၊နှမ်းဆီလဲ ရှိပါတယ်ရှင့်'
'တပိဿာ ဘယ်လောက်လဲ'
'ပဲဆီက တပိဿာတဆယ်ပါ'
ကြက်ဥတလုံး လေးကျပ်ဆိုတုံးက လန့်သွားတဲ့ ဘွားဘွားတင်ရဲ့ မျက်နှာဟာ ပဲဆီတပိဿာတဆယ်ဆိုတော့မှ သွေးရောင် ပြန်သန်းလာတော့တယ်။
သုသုတို့ ချိုချိုတို့ဆီမှာ ဘွားဘွားတင်ရှိသလို ဆူဇီဆီမှာလည်း ဘွားဘွားတင်နှင့် အသက်ချင်းမတိမ်းမယိမ်း ဘွားဘွားမေရီဆိုတာ ရှိတယ်။ သုသုတို့ ဘွားဘွားတင်ထက် ဘွားဘွားမေရီက ဆံပင်ပိုဖြူတယ်။ နည်းနည်းလည်း ပိုဝတယ်။လမ်းလျှောက်ရင် ဖြည်းဖြည်းပဲ လျှောက်နိုင်တယ်။ ဘုရားကျောင်းတောင် မှန်မှန်သွားပြီး ၀တ်မပြုနိုင်ရှာဘူး။အခုလည်း ဘွားဘွားမေရီက ကစားနေတဲ့ ဆူဇီကို ထမင်းစားရအောင်လာခေါ်နေပြီ။ ဆူဇီက သူ့ဘွားဘွား လာနေတာ မြင်ပေမယ့် မသိချင်ဟန်ဆောင်ပြီး ဆက်ကစားနေတယ်။ ဘွားဘွားမေရီလည်း ဘွားဘွားတင် အနားရောက်လာရော-
'ရှင့်မြေး ဆူဇီက အဖြစ်ပဲ၊ ဈေးရောင်းတတ်တယ်၊ ဒီအထဲမှာ သူအငယ်ဆုံး၊ သူအသွက်ဆုံး'
'ဟုတ်တယ်၊ ဒေါ်တင်တင်ရေ- သူက ဒါမျိုး ၀ါသနာပါတာ'
ခဏနေယင် ထမင်းစာဖို့ အိမ်ပြန်ရတော့မှာ သိပေမဲ့ အချိန်ရသလောက် ဆူဇီက ဆက်ကစားနေတယ်။
'ဆူဇီရေ.... ဆန်ရော ကောင်းကောင်းရှိသလား'
'ရှိပါတယ် မမတိုး'
'ဘာဆန်တုန်း'
ဆူဇီ ပြန်မဖြေတတ်ပြန်ဘူး။ ထုံးစံအတိုင်း ဘွားဘွားတင်ကို မော့ကြည့်လိုက်တယ်။ နံဘေးက သူ့ဘွားဘွားကိုတော့ ပိုးစားနေတဲ့ သူ့သွားလေးတွေ ပေါ်အောင် ပြုံးပြပြီး မျက်နှာချိုသွေးလိုက်တယ်။ ပြီးတော့မှ ဘွားဘွားတင် သင်ပေးတဲ့အတိုင်း.....
'ပေါ်ဆန်းမွှေးတို့၊ ရွှေဘိုခွံနီတို့ အစုံရှိတာပေါ့'
'တပြီ ဘယ်ဈေးလဲဆူဇီ'
'တပြီသုံးကျပ်ပါ'
အဘွားကြီးနှစ်ယောက် တိုင်ပင်ထားသလို ပြိုင်တူရယ်လိုက်ကြတာ မျက်ရည်တွေကို ထွက်လို့။
'ဇမ္ဗူဒိတ် နိမိတ်သာဖြစ်လိုက်ပါတော့ ဒေါ်မေရီရယ်'
'ဟုတ်ပ...ဟုတ်ပ...၊ ကျွန်မလည်း ဒီလိုပဲ အောက်မေ့ပါတယ်'
'မုန့်တီ ကြက်သားနဲ့ တပွဲတကျပ်တဲ့၊ ဒံပေါက်လည်း တထုပ်တကျပ်တဲ့၊ ဆီလည်း တပိဿာ တဆယ်တဲ့'
'ကလေးပါးစပ်... ဟိုဘာတဲ့... နတ်ကပ်သတဲ့နော်'
'ဟုတ်တယ်၊ ကလေးစကား၊ သဘင်သည်စကား၊ အရူးစကား မှန်တတ်သတဲ့'
အဘွားကြီးနှစ်ယောက်က တပြုံးပြုံးနဲ့ သဘောကျနေတုန်း၊ ကလေးတွေက ရောင်းလိုက်ကြ၊ ၀ယ်လိုက်ကြနဲ့ ကစားရှိန် မပျက်ဘူး။ လက်, လက်ချင်းထိလိုက်ကြနဲ့။ ကလေးတွေကိုကြည့်နေယင်း ဘွားဘွားတင်က-
'အဲမယ်လေး ဘုရားဘုရား'
လို့ ဘုရားကို ကောက်ခါငင်ခါ တ, လိုက်တော့ ဒေါ်မေရီလည်း လန့်သွားတာပေါ့။
'ဒေါ်မေရီရယ် ကြည့်ပါအုံး၊ သုသုတို့ ဆူဇီတို့ ပိုက်ဆံလုပ်ကစားစရာတွေအတွက် ကြွေပန်းကန်ကွဲဝေးလို့ စက္ကူအတိုအစလေးတွေတောင် မရှိဘူးနော်'
ခုနက ရယ်နေတဲ့ ဒေါ်မေရီပါးစပ်ကလဲ
'မိုင်ဂေါ့ဒ်' တဲ့.....။
ညီပုလေး။
ဒဂုန်မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၁၉၈၇။
No comments:
Post a Comment