{ "နေ့သစ်" ဘလော့ဂ်စာမျက်နှာမှ ကာယကံရှင်များထံတွင် ခွင့်တောင်းပြီး၊ ကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ်။}
အချိန်က ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံအပြီး န၀တ(နအဖ) စစ်အုပ်စုကို လက်နက် ကိုင် ပြန်တိုက်မယ်ဆိုပြီး တက်ကြွတဲ့ လူငယ်များဟာ ဗမာပြည်ရဲ့ အရှေ့ဘက် လူမျိုးစု လက်နက်ကိုင်ဒေသတွေကို ရောက်ရှိနေချိန်ပါ။ စစ်အုပ်စု နအဖကိုလက်နက်ကိုင်ပြီး တိုက်ပစ်မယ်ဆိုတဲ့ စိတ်ကူးပုံဖေါ်မှု အမျိုးမျိုးနဲ့လေ။ ကျနော်ဆိုရင်လဲ နှစ်ပတ်လောက် သင်တန်းတက်ပြီး ကျနော်တို့နယ်ဘက်မှာ ပြန်ချမယ်လို့ စိတ်ကူးထားတာ။
ဒီလိုနဲ့ တောထဲမှာ စစ်သင်တန်းတွေ တက်ကြပါပြီ။ သင်တန်းပေးတဲ့ ဆရာတွေက အရေးတော်ပုံမှာ ပြည်သူလူထုဘက်က ရပ်တည်ခဲ့ကြတဲ့ မျိုးချစ်စစ်သည်တွေ ဖြစ်ပါတယ်။ တချို့ နေရာတွေမှာ လူမျိုးစုမဟာမိတ်တပ်ဖွဲ့တွေက စစ်သင်တန်းပေးပါတယ်။ သင်တန်းမှာ ၀တ်စရာ စစ်ယူနီဖေါင်းက မရှိသေးတော့ ဘောင်းဘီရှည် ၀တ်တဲ့သူက၀တ်၊ တချို့က ဘောကန် ဘောင်းဘီတို၊ ပုဆိုး၊ စကတ်၊ ထမီ အစုံပဲ ၀တ်ပြီး သင်တန်းတက်ကြတယ်။ စစ်သင်တန်းမှာ သေနတ်ကလည်း ကိုင်စရာမရှိတော့ ၀ါးရင်းတုတ်ကိုင်ကြတယ်။
သင်တန်းရိက္ခာတွေကတော့ မျှစ်နဲ့ငှက်ပျောအူစားရတဲ့နေ့က ခပ်များများပါ။ မြို့ပေါ် ကနေ တောထဲလာ အစားဆင်းရဲ၊ အနေဆင်းရဲကြပေမယ့် ကိုယ်လုပ်ချင်တာကို လုပ်နေရ တော့ ဒုက္ခဆင်းရဲတွေကို ရယ်စရာအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ ဒီလိုနဲ့ပဲ သင်တန်းတွေ ဆင်းခဲ့ကြ၊ တိုက်ပွဲတွေ ၀င်ခဲ့ကြတယ်။ ၁၉၉၀ ခုနှစ် ၀န်းကျင်လောက်မှာ အဘဦးအေးမြင့် တော်လှန်ရေးဒေသကို ရောက်လာတယ်။ အဘက ပြည်သူဘက်ကို ရပ်တည်ခဲ့တဲ့ မျိုးချစ်စစ် သားကောင်းတဦး ဖြစ်ပါတယ်။ နအဖ စစ်အုပ်စုမှာ အမှုထမ်းနေစဉ်တုန်းက ဗိုလ် သင်တန်းကျောင်းကိုတောင် ကိုင်လာခဲ့သူ ဖြစ်ပါတယ်။ စည်းစနစ်ကြီးပြီး တိကျတဲ့နေရာမှာ နာမည်ကြီးခဲ့ သူပါ။ အဘ တော်လှန်ရေးဒေသကို ရောက်ရောက်ချင်းပဲ ကေအန်ယူ ဗိုလ်သင်တန်းတွေကို စိတ်အားတက်ကြွစွာနဲ့ ကူညီသင်ကြားပေး ပါတယ်။ အဘရဲ့ သင်တန်း တွေ၊ တိုက်ပွဲဖေါ်နည်းတွေ၊ ခံစစ်ထိုင်နည်းတွေဟာ အဲဒီကာလမှာ အလွန်အသုံးဝင်ခဲ့တယ်။
စစ်ပညာ မကျွမ်းကျင်ပဲ တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တွေကို အထူးစိုးရိမ်ပါတယ်။ အဲဒီ စိုးရိမ်စိတ်နဲ့ပဲ ကျနော်တို့ကို အဘဦးစီးပြီး စစ်သင်တန်းတခု ပြုလုပ်ဖြစ်ခဲ့တယ်။ သင်တန်းတက်မယ့် သင်တန်းသားထဲက အဆင့်လိုက် သင်တန်းအကြပ်၊ အမှူးတွေခန့် သင်တန်းသားတပ်စုတွေဖွဲ့၊ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်တယ်။ အဘကတော့ သင်တန်းနည်းပြချုပ် လုပ်တယ်။ သင်တန်းမစခင် လေးငါးရက် အလိုလောက်က စပြီး ဆံပင်တွေ ညှပ်ထားရပါတယ်။ ဆံပင်ညှပ်ရတော့လဲ တော်လှန်ရေးဒေသရဲ့ တခုတည်း သော ဆံသဆိုင်မှာ အလကား ညှပ်ရတာပါ။ ဆံသဆရာတွေက ဗမာစကားကို သိပ်မပြောတတ်ကြပါဘူး။ ဆံပင်ညှပ်မယ့် သင်တန်းသားတွေက မြို့သားတွေလေ သိတယ် မဟုတ်လား။ ခုံပေါ်ထိုင်ပြီး ဆံသဆရာကို ဘာကေ၊ ညာကေ၊ ဘယ်မင်းသားကေပေါ့။ ဘေးက သိပ်မပြောင်နဲ့။ နောက်က နည်းနည်းရှည် ပေးပါ။ တောင်းဆိုတော့ တော်လှန်ရေး ဆံသဆိုင်က ဆရာကဆိုင်မှာ ချိတ်ထားတဲ့ မှန်တွေကို ဖြုတ်ပြီး သိမ်းလိုက်ပါတယ်။ ပြီးမှ စက်ကပ်ကြေးကို ယူပြီး တခေါင်းပြီး တခေါင်း အပီကြွေးလွှတ်လိုက်တယ်။ ညနေ သောင်ရင်းချောင်းမှာ ရေချိုး ဆင်းချိန် အားလုံးပြန်ဆုံတော့မှ တယောက်ခေါင်း တယောက်လက်ညှိုးထိုး ဟားကြရတယ်။
မနက် လေးနာရီခွဲမှာ ၀ီစီသံကို စကြားရပါတယ်။ ၀ီစီသံကြားတယ်ဆိုရင်ပဲ ကမန်းကတန်းထ အိပ်ယာသိမ်းပြီး တန်းစီတဲ့နေရာကို ရောက်အောင်သွားတန်းစီ၊ လူစုံမစုံ စစ်ဆေး ပြီးတာနဲ့ ကြံ့ခိုင်ရေးအတွက် ပီတီပြေးကြရပါတယ်။ ပီတီပြေးပြီး ဆန်ပြုတ်သောက်၊ ခဏနားပြီး စစ်ရေးပြ၀င်ရတယ်။ စစ်ရေးပြလုပ်ရာမှာလည်း အဘကိုယ်တိုင် ကြီးကြပ်ပြီး သင်ပေးပါတယ်။ လမ်းလျှောက်ပုံ၊ သတိအနေအထား ရပ်နေပုံကအစ ပုံစံ မကျကျအောင် ဆဲဆိုကြိမ်းမောင်း သင်ပါတယ်။ စစ်ရေးပြပြီးရင် နေ့လည်ထမင်းစားချိန် ဖြစ်ပါတယ်။ ထမင်းစားပြီး ခဏနားရတယ်။ ပြီးရင် စစ်နဲ့ပတ်သက်တဲ့ သဘောတရားတွေကို အဘကိုယ်တိုင် လက်ချာရိုက်တယ်။ သင်ပေးတာတွေကတော့ စုံလို့ပဲ။ စစ်သားကောင်း တယောက်ရဲ့ စိတ်ဓါတ်ကစပြီး လုံခြုံရေးကိစ္စ တိုက်စစ် နည်းဗျူဟာတွေ၊ မြေပုံဖတ်၊ လက်နက်ကြီးပစ်နည်းတွေအပြင် တခါတရံ တိုက်ပွဲပုံစံတွေပါ လက်တွေ့လုပ် ကြရတယ်။ ဒီသင်တန်းက တက်ခဲ့သမျှထဲမှာ အပင်ပန်း ဆုံးလို့ထင်တယ်။ မသိသေးတာတွေ သိခဲ့တာလဲ အများကြီးပဲ။ သင်တန်းကာလကို သုံးလသတ်မှတ်ထားတယ်။ သုံးလပြည့်လို့ သင်တန်းဆင်းပွဲ ကိုလည်း သေချာလုပ်မယ်ဆိုတာ သတင်းကြားထားတယ်။ အဘဦးအေးမြင့်ပေးတဲ့ သင်တန်းဆိုတော့ သင်တန်းဆင်းပွဲကိုလည်း သေသေချာချာ ခမ်းခမ်းနားနားလုပ်ချင်ကြတယ်။
သင်တန်းဆင်းရက် နီးတဲ့အခါကျတော့ အခမ်းအနားနေ့ကျရင် လုပ်ရမယ့် စစ်ရေးပြ တွေပါ ကြိုတင်လေ့ကျင့်မှုတွေပါ ထည့်လုပ်ပေးရတယ်။ အစီအစဉ် အကြမ်းပြင်းက သင်တန်း သား ရဲဘော်တွေက အခမ်းအနား လုပ်မယ့်ကွင်းထဲမှာ တန်းစီရပ်နေရမယ်။ တာဝန်ရှိ လူကြီးတွေက အမှာစကားတွေပြောမယ်။ တာဝန်ရှိလူကြီးက တပ်ကိုစစ်ဆေးမယ်။ နောက်ဆုံး တခုက သင်တန်းစစ်ကြောင်းက တာဝန်ရှိလူကြီးကို ချီတက် အလေးပြုမယ် ဒီလောက်ပဲ။
အစီအစဉ်တွေထဲက နောက်ဆုံး အစီအစဉ်ဖြစ်တဲ့ ချီတက်အလေးပြုတဲ့အခါမှာ စစ်ကြောင်းမှူးရဲ့ 'ချီတက်' ဆိုတဲ့ အမိန့်သံဆုံးတာနဲ့ အရေးကြီးပြီသီချင်းကို အသံချဲစက်က ကွက်တိ ဖွင့်ပေးရမယ်။ အရေးကြီးပြီသီချင်းရဲ့ အင်ထရို တီးလုံးအစမှာ… `တော်.. တီ.. တော်.. တော်….. တော်.. တော်.. တော်.. တူ´`ဒုန်း ဒုန်း ဒုန်း´ `ဒုန်း ဒုန်း ဒုန်း´အဲဒီ `ဒုန်း ဒုန်း ဒုန်း´ စတာနဲ့ စစ်ကြောင်းက စလျှောက်ရမှာ ဖြစ်တယ်။ ကျန်တဲ့အစီအစဉ်တွေက အိုကေ နေပြီ။ ချီတက်အလေးပြု အစီအစဉ်တခုပဲ ထစ်နေတာ။ သီချင်းဖွင့်ပေးမယ့် လူရယ် စစ်ကြောင်းရယ် အမိန့်ပေးသံရယ် ကွက်တိဖြစ်ဖို့ အတော် လေ့ကျင့်ယူလိုက်ရတယ်။ ရဲဘော်တွေအားလုံးလဲ အကောင်းဆုံးဖြစ်အောင် စိတ်ကိုဆန့်ပြီး လိုက်လုပ်ပေးကြတယ်။
အသံချဲ့စက်ဖွင့်ဖို့ တာဝန်ယူထားတဲ့ ရဲဘော်ကလဲ သူလုပ်ရမယ့်တာဝန်ကို အပီ လေ့ကျင့်တော့တာပေါ့။ သီချင်းတီးလုံးစတဲ့နေရာကို သေချာအောင် ခဏခဏပြန်ရစ်ပြီး ဖွင့်နားထောင်လိုက်။ 'တပ်ဖွဲ့…. ချီတက်' ဆိုတဲ့အမိန့်ပေးသံကို အော်ပြီး ကက်ဆက်ခလုပ်ကို နှိပ်ပြီး သီချင်းစဖွင့်လိုက်နဲ့ ကွက်တိဖြစ်အောင် အပြတ်လေ့ကျင့်နေတယ်။ ဒီပွဲမှာ သူက အခရာပဲ မဟုတ်လား။ အဲဒီ သီချင်းခွေကို ကက်ဆက်ထဲ အမြဲထည့်ပြီး လေ့ကျင့်နေရောပဲ။ အခွေ၊ ကက်ဆက်၊ ဓါတ်ခဲ အမြဲရယ်ဒီပြင်ထားတယ်။ သီချင်းဖွင့်ရမယ့်စက်က နားကြပ် ကက်ဆက်သေးလေးနဲ့ အသံချဲ့စက်ကို ဆက်သွယ်ပြီး ဖွင့်ရမှာဖြစ်တယ်။
အဲဒီရက်တွေက အသံချဲ့စက် တာဝန်ယူထားတဲ့ ရဲဘော်နားမှာ အိပ်တဲ့ရဲဘော်တွေ ကတော့ သင်တန်းဆင်းပွဲ မပြီးမချင်း အတော်လေး ခံစားနေရတယ်။ အမိန့်ပေးလိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ရစ်လိုက်၊ အမိန့်ပေးလိုက်၊ ပြန်စဖွင့်လိုက်နဲ့ ဘာကို နားထောင်လို့ ထောင်ရမှန်း မသိတော့ဘူးပေါ့ .`တပ်ဖွဲ့….ချီတက်´ `ကလစ်´`တော်…တီ…တော်…တော်´`ဒုန်း..ဒုန်း..ဒုန်း´`ဒုန်း..ဒုန်း..ဒုန်း´`ဂျောက်´`ကလစ်´`ရှလွတ်…ရှလွတ်…ရှလွတ်´တပ်ဖွဲ့….ချီတက် ´ … အဲဒီအသံတွေပဲ တနေကုန် ပတ်ချာလည်ပြီး ကြားနေရတာ … သင်တန်း ဆင်းပွဲ ချောချောမောမောနဲ့ အဆင်ပြေဖို့အတွက် လေ့ကျင့်နေတာဆိုတော့ ရဲဘော်တွေကလည်း သီးခံကြပါတယ်။
သင်တန်းဆင်းပွဲနေ့ မနက်စောစောမှာ အခမ်းအနား ပြင်ဆင်ရေး တာဝန်ရှိ ရဲဘော်တွေက အလုပ်တွေ ရှုပ်နေကြတယ်။ အချိန်ကလည်း စောသေးတော့ နှင်းတွေကလည်း ကျနေတုန်းပဲ။ အခမ်းအနားစဖို့ကလည်း အချိန်က လိုသေးတယ်။ သင်တန်းသားရဲဘော်တွေ တာဝန်ရှိသူတွေကတော့ စကားတပြောပြောနဲ့ ကွင်းဘက်ကို လျှောက်လာနေကြတယ်။ မဟာမိတ်ဧည့်သည်တွေလည်း တဖြည်းဖြည်း တွေ့လာရပါတယ်။ နေထွက်လာတယ်ဆိုရင်ပဲ နှင်းအကျလည်းကြဲသွားတယ်။ အခမ်းအနား ပြင်ဆင်ထားပုံက ခုမှ ပြတ်ပြတ် ထင်ထင် ပေါ်လာတယ်။ နောက်ခံမှာ ခွပ်ဒေါင်းအလံတော်တွေ စိုက်ထားတဲ့ စကားပြောစင်တခုရယ် ဘေးတဘက်တချက်မှာ… 'တော်လှန်ရေးသည် ငါတို့ကျောင်းငါတို့တက္ကသိုလ်´ `တိုက်ပွဲဝင် အလံတော်ကို အမြင့်မားဆုံးလွှင့်တင်ကြ' … ဆိုတဲ့ စာတန်းကြီးနှစ်ခုက နေရာယူထားတယ်။
အခမ်းအနားမှူးလုပ်သူရဲ့ အသံထွက်ပေါ်လာပါတယ် ... 'သင်တန်းဆင်းပွဲအခမ်း အနား စတင်တော့မှာ ဖြစ်တဲ့အတွက် နေရာယူပေးကြပါခင်ဗျာ' ဟု ကြေငြာလိုက်တယ် ဆိုရင်ပဲ စစ်ကြောင်းမှူးနဲ့ သင်တန်းသားတွေက တန်းစီဖို့ သတ်မှတ်ထားတဲ့နေရာ၊ စကားပြောဖို့ တာဝန်ရှိတဲ့ လူကြီးတွေကလည်း သတ်မှတ်ထားတဲ့နေရာတွေမှာ နေရာယူကြပါတယ်။ အခမ်းအနားမှူးက သင်တန်းဆင်းပွဲ အခမ်းအနား အစီအစဉ်ကို ကြေငြာသွားပါတယ်။ အစီအစဉ်ရ တိုက်ပွဲဝင်ခွပ်ဒေါင်း အလံတော်အား အလေးပြုခြင်း၊ ကျဆုံးသွားသော အာဇာနည်များအား အလေးပြုခြင်းတို့ကို ပြုလုပ်ပြီး အစီအစဉ်အတိုင်း တာဝန်ရှိလူကြီးများက အမှာစကားများ ကိုယ်စီ ပြောသွားကြပါတယ်။
ပထမ တာဝန်ရှိလူကြီးတဦး အမှာစကား ပြောသွားတဲ့အထဲမှာ မှတ်မိလိုက်တာတွေက နအဖ စစ်အုပ်စုကို လက်နက်ကိုင် တိုက်ပွဲနည်းဖြင့်သာ အောင်နိုင်မယ်ဖြစ်ကြောင်း၊ တော်လှန်စစ်မှာ စစ်ခရီးစဉ်ကြီးသုံးခုရှိကြောင်း၊ အဲဒီအဆင့်သုံးဆင့်ကို ဖြတ်သန်းရမှာ ဖြစ်ကြောင်း၊ ရဲဘော်တွေအနေနဲ့ စိတ်ဓါတ်မကျဖို့၊ သီးခံစိတ်ရှည်ဖို့တွေပြောပြီး ဆင်းသွား ပါတယ်။ အစီအစဉ်အရ တာဝန်ရှိတဲ့နောက်တဦး အမှာစကားတက် ပြောပါတယ်။ သူကတော့ သံတမန်ရေးတိုက်ပွဲ၊ လူ့အခွင့်အရေးတိုက်ပွဲ၊ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ၊ အဲဒီတိုက်ပွဲ နည်းနာတွေဟာလည်း ဗမာပြည်တော်လှန်ရေးမှာ လွန်စွာမှ အရေးပါပြီး ထိရောက်ကြောင်း ပြောပြီးဆင်းသွားပါတယ်။
စကားပြောဖို့ ကျန်နေသေးတဲ့ နောက်ထပ် တာဝန်ရှိသူတဦး ထပ်တက်လာပါတယ်။ သူကလည်း လက်နက် ကိုင်တိုက်ပွဲနည်းနာ၊ သံတမန်ရေးတိုက်ပွဲ၊ လူ့အခွင့်ရေးတိုက်ပွဲ၊ လူထုတိုက်ပွဲ၊ အဲဒီလိုတိုက်ပွဲနည်းလမ်းပေါင်းစုံနဲ့ ဆက်စပ်ပြီးလုပ်မှ အောင်မြင်မယ်ပြောပြီး ဆင်းသွားပါတယ်။
ကွင်းလယ်မှာ မတ်တတ်ရပ်ပြီး နာခံနေရတဲ့ ရဲဘော်တွေမှာ အဲဒီတာဝန်ရှိသူ သုံးဦးနဲ့ မတ်တတ်ရပ်ပြီး တိုက်ပွဲဝင်ရတာ သုံးနာရီလောက် ကြာသွားခဲ့ပြီမို့ ခြေထောက်တွေလဲ အတော်အီစိမ့် နေပါပြီ။ ဒါတောင် သူတို့ပြောတဲ့ တိုက်ပွဲနည်းနာတွေနဲ့ မပေါင်းစပ်ရသေးဘူး။ ရဲဘော်တွေခမျာ ငိုက်သလိုလို၊ မူးပြီး ပစ်လဲချင်သလိုလို ဖြစ်ကုန်ကြတယ်။ ပြောနေတာ တွေကိုလည်း သေသေချာချာ မကြားနိုင်တော့။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပစ်လဲမသွား အောင် ထိမ်းထားနိုင်ဖို့က အဓိကဖြစ်နေပါတယ်။ အစီအစဉ်အရ တပ်စစ်ဆေးမယ့် အချိန်ကို ရောက်လာပါတယ်။ စစ်ကြောင်းမှူးက အင်အားစာရင်း သတင်းပို့ပါတယ်။ တာဝန်ရှိသူတဦးက တပ်မှူးလေးယောက်ရံပြီး တန်းစီနေတဲ့ ရဲဘော်တွေနားလျှောက် လာပါတယ်။ အနားရောက် တော့ စစ်ကြောင်းထိပ်ကနေစပြီး ဇတ်တောက် ဇတ်တောက် လျှောက်နေတဲ့ တပ်မှူးလေးဦး ရံပြီး ရဲဘော်တွေကို တခါမှမမြင်ဘူးတဲ့ မျက်နှာမျိုးနဲ့ ကြည့်ပြီး တတန်းပြီး တတန်း စစ်ဆေး သွားတယ်။ တပ်စစ်ဆေးပြီး သူ့နေရာသူ ပြန်ရောက်တဲ့အချိန်မှာ ချီတက် အလေးပြု အစီအစဉ် အလှည့်ပါ။
'တပ်ဖွဲ့.... ရှေ့.... ကြည့်' ဆိုတဲ့ စစ်ကြောင်းမှူး အမိန့်ပေးသံ ထွက်ပေါ်လာပါတယ်။ ဒီအစီအစဉ်ပြီးရင် အခမ်းအနားပြီးဆုံးတော့မယ်ဆိုတော့ ရဲဘော်တွေလဲ နည်းနည်းလန်း လာတာပေါ့။ ခုအပိုင်းက ရဲဘော်တွေ အပိုင်းပဲ ကျန်တော့တယ်။ ဒီအစီအစဉ်က ရဲဘော်တွေရဲ့ အစွမ်းကိုပြရတော့မှာ ဖြစ်တဲ့အတွက် အပီအပြင် စစ်ကြောင်းလျှောက်ပြလိုက်မယ်ဟဲ့.... ဆိုပြီး စိတ်ကိုတင်းထားတာပေါ့။ အလေးပြုခံမယ့် ပုဂ္ဂိုလ်ကလည်း သူ့နေရာမှာအသင့်၊ သီချင်းဖွင့်ဖို့ တာဝန်ရှိတဲ့ရဲဘော်ကလည်း သူ့နေရာမှာ အသင့်အနေအထားတွေ့နေရတယ်။
'တပ်ဖွဲ့….. သတိ'
အမိန့်သံဆုံးတာနဲ့ ကွင်းတခုလုံးငြိမ်သက်သွားပါသည်။ စစ်ကြောင်းမှူးက အမိန့် ဆက်ပေးပါတယ်။
'တပ်ဖွဲ့ … သေ…. နတ်…. ထမ်း'
'ဗြောင်း´`ဗြောင်း'
ဆိုတဲ့ အသံဆုံးတာနဲ့ ရဲဘော်တွေရဲ့ ဘယ်ဘက်ပခုံးပေါ် သေနတ်တွေရောက်ပြီး သေနတ်ထမ်း အနေအထားဖြစ်သွားပါတယ်။ သေနတ်ထမ်းလှုပ်ရှားမှုမှာ ရဲဘော်တွေလက်မှာ ၀တ်ထားတဲ့ လက်အိပ်အဖြူတွေရဲ့ ရိပ်ကနဲရိပ်ကနဲ ဖြစ်သွားတာဟာ အလွန်ကြည့်ကောင်း တယ်။
'တပ်ဖွဲ့ … ညာ……. လှည့်´
သင်တန်းစစ်ကြောင်းဟာ သုံးယောက်တန်း ညာဘက်လှည့်ပြီး လမ်းလျှောက်ဖို့ အသင့်ဖြစ်နေပါတယ်။ စစ်ကြောင်းမှူးက စစ်ကြောင်းရဲ့ ထိပ်ကိုလျှောက်လာပြီး စစ်ကြောင်း ထိပ်မှာ နေရာယူပါတယ်။ သင်တန်းနည်းပြ တယောက်က စစ်ကြောင်းနောက်မှာ ပိတ်ပြီး နေရာယူတယ်။ အားလုံး အသင့်အနေအထား ရောက်တာနဲ့ စစ်ကြောင်းမှူးက ချီတက်ဖို့ အမိန့်ပေးမှာဖြစ်တယ်။ အမိန့်ပေးတာနဲ့ "အရေးကြီးပြီ" သီချင်းဘင်သံနဲ့ စထွက်မယ်။ အလေးပြုခံ ပုဂ္ဂိုလ်ရှေ့ရောက်ရင် အလေးပြုဖို့ အမိန့်ပေးမယ်။ အဲဒီအခါမှာ အလေးပြုခံ ပုဂ္ဂိုလ်ဘက်ကိုကြည့် သေနတ်ဒင်ပေါ် ညာလက်တင်၊ လမ်းဆက်လျှောက်၊ ပြီးရင် နေမြဲ အမိန့်ပေး၊ မူလ တန်းစီတဲ့ နေရာကို ပြန်ရောက်ရင်ပြီးပြီ။ ကျနော်တို့ ဆက်လုပ်ရမှာက ဒီလောက်ပဲ။
'တပ်ဖွဲ့… ချီ….. တက်'
အမိန့်ပေးသံဆုံးတာနဲ့ ရဲဘော်တွေဟာ "အရေးကြီးပြီ" အင်ထရိုတီးလုံးသံကို စောင့် နေပါတယ်။ အဲဒီအချိန်မှာ အသံချဲ့ စက်က ထွက်လာတဲ့အသံကို ကြားလိုက်ရတာကတော့ ….
'ပုစွန်ဆိတ်ကလေး ဘယ်လို ငယ်ငယ် ပင်လယ်ကူးတတ်တယ် …'
'ပုစွန်ဆိတ်ကလေး ဘယ်လိုငယ်ငယ် ပင်လယ်ကူးတတ်တယ် ….´
လျှောက်ဖို့ ခြေလှမ်းပြင်နေတဲ့ စစ်ကြောင်းက စစ်သွေးစစ်မာန်နဲ့ လျှောက်ရမယ့် အနေအထားကနေပြီး ပုစွန်ဆိတ်ခုန် ခုန်ရမလိုလို စည်းချက်အတိုင်း ဖင်လိမ်ပြီး လျှောက်ရ မလိုလို ဖြစ်ကုန်ကြတယ်။
ရဲဘော်တွေလဲ ရယ်ချင်ကြတာပေါ့။ ဒါပေမဲ့ ဘယ်သူကမှ မရယ်ရဲကြဘူး။ အားလုံး ပွစိပွစိနဲ့ အသံတွေ ထွက်လာတာပေါ့။ မျက်စိတွေအားလုံးကလည်း ကက်ဆက်ဖွင့်တဲ့ ရဲဘော်ဆီရောက်သွားတာပေါ့။ သူ့ ခမျာလည်း ချွေးတွေပြန်၊ ခေါင်းလဲအတော်ပူသွားပုံရတယ်။ "အရေးကြီးပြီ" သီချင်းခွေကို ဟိုလှန် ဒီနှိုက်နဲ့ ပြန်ရှာနေတယ်။ အခွေပြန်တွေ့တာနဲ့ စစ်ကြောင်း ကို စဆုံး အမိန့်ပြန်ပေးပြီးမှ အခမ်းအနား ပြီးဆုံးသွားတော့တယ်။
အဲဒီလို ကမောက်ကမ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ သင်တန်းအုပ်ကြီး အဘ ဦးအေးမြင့်ကတော့ ဆဲနည်းပေါင်းစုံတွေ လွှတ်တော့တာပေါ့။ အဘအနားကို ဘယ်သူမှ မကပ်ရဲကြတော့ဘူး။
အခမ်းအနားမှာ စစ်ကြောင်း ပုစွန်ဆိတ်ခုန်နည်းနဲ့ခုန်ပြီး လျှောက်ရမလို ဖြစ်သွားရခြင်း က ဒီလို.. ။
သင်တန်း ဆင်းပွဲမလုပ်ခင်ညက မနက်ဖြန်မှာ ဖွင့်ဖို့ အသင့်ပြင်ထားတဲ့ ကက်ဆက်ကို မေဆွိခရေဇီ ရဲဘော်တယောက်က ကက်ဆက်ကိုခိုးပြီး မေဆွိအခွေ ထည့်နားထောင်တယ်။ ပြီးတော့ အခွေကို မထုတ်ဘဲ ဒီအတိုင်းပြန်ထား လိုက်တယ်။ မနက်ရောက်တော့ ဓါတ်စက်ဖွင့် မယ့် ဆရာကလည်း ကက်ဆက် အထဲကအခွေဟာ သူအသင့် ပြင်ထားတဲ့အခွေပဲလို့ထင် နေတယ်။ ဒါနဲ့ အားလုံးအသင့် ဖြစ်နေတဲ့အချိန်မှာ လွှတ်ပေးလိုက်တာလေ…
'ကံကောင်းလို့ ပုစွန်ဆိတ်တွေ မဖြစ်ကုန်တယ်.....'
ခန့်အောင်
သြဂုတ်၊ ၁၆၊ ၂၀၀၈။
No comments:
Post a Comment