"သစ်ရွက်ကလေးတွေ ချွေလို့ချွေလို့ ရေထဲပစ်ကာ ကစားလာပုံ၊ လှေနီထက်ပေါ် ဆက်လှော်၊ လှော်သွားကြ မြောက်တောင် ဟိုဒီစုန်၊ ရွှေတိဂုံ ဦးဆီမှန်းကာမှန်းကာ လှေထဲက သစ္စာဆုကိုခြုံ"
အင်းယားကန်ရေပြင်ဝယ် လှေစီးရင်း ပျော်နေကြသော ချစ်သူနှစ်ဦး၏ သွင်ပြင်ကို မြင်ယောင်လာရသည်။ သစ်ရွက်ကလေးတွေ ချွေပြီး ရေထဲပစ်ချကာ ဆော့ကစားနေကြပုံ၊ လှေကလေးကို ရွှေတိဂုံစေတီတော်မြတ်ရှိရာဆီသို့ ဦးတည်မှန်းဆ လှော်ခတ်ကြရင်း သစ္စာဆိုကြ၊ ဆုတောင်းကြပုံ။
အင်မတန်လှပသော ပန်းချီကားကလေး ဖြစ်သည်။ ပြီးတော့ ရှိပါသေးသည်။
"ရေစပ်မှာ ပုစဉ်းများ ပျံပြေးသွားတဲ့အလားအလာပုံ ငွေချပ်လွှာအင်းယားကန် နဘေးနားရဲ့ ကမ်းပါးမှာဆုံ၊ မေမြတ်ရတနာယမင်းစကားသံလေးများနဲ့ သနားစရာသာပုံ" နားထဲမှာ စွဲသွားသည့် နဘေထပ်အဖွဲ့ကလေးများ။ သံပြိုင်သီဆိုရသည့် အပိုဒ်ကလေးဖြစ်၍ မြူးကြွသွက်လက်သည်။
ကျွန်တော်တို့ ငယ်ငယ်က စွဲမက်ခဲ့ရသော သီချင်းကလေးဖြစ်သည်။ သီချင်းနာမည်က 'အင်းယားအမှာတော်ပုံ' ရေးသူက ဂီတစာဆိုကိုမြတ်လေး၊ သီဆိုသူက......
ကိုမြတ်လေး ကွယ်လွန်ခါနီး ကျွန်တော်နှင့် သိကျွမ်းခင်မင်ခွင့် ကြုံရသည်။ ကျွန်တော့်ဆီ စာပေကိစ္စတခုအတွက် ရောက်လာပြီး စကားပြောကြသည်။ သူ့ပြန်ခါနီးမှာ "ဆရာ့ အင်းယားအမှာတော်ပုံကို ကျွန်တော်တို့ သိတ်စွဲခဲ့တာပါ၊ ပြန်ဖော်ဖို့ အစီအစဉ် မရှိဘူးလားဆရာ" ဟု ကျွန်တော်က မေးသောအခါ "စန္ဒယားချစ်ဆွေ ပြန်ဆိုမှာပါ၊ မကြာခင် ကြားရပါလိမ့်မယ်" ဟု ပြောသွားသည်။
စန္ဒယားကိုချစ်ဆွေ ပြန်ဆိုဖြစ်သလား၊ မဆိုဖြစ်သလား မသိရပါ။ စန္ဒယားချစ်ဆွေ အသက် (၇၀)ပြည့် အထိမ်းအမှတ်အဖြစ် အနုပညာရှင်များ ဂုဏ်ပြုသီဆိုကြသော သီချင်းခွေ ထဲမှာ ပါလေမလားဟု မျှော်လင့်မိသော်လည်း မပါပါ။ ကိုမြတ်လေး ပြောခဲ့သည့်အတိုင်း အင်းယားအမှာတော်ပုံကို ကိုချစ်ဆွေ၏အသံဖြင့် ပြန်နားထောင်ချင်စိတ်က ပို၍ပို၍ ထက်သန် လာရပါသည်။
'အင်းယားအမှာတော်ပုံ' နှင့်အတူ ကိုချစ်ဆွေ သီချင်းအားလုံးကို ငယ်ငယ်ကတည်းက နှစ်သက် စွဲလန်းခဲ့ရပါသည်။
မှတ်မှတ်ရရ ကိုချစ်ဆွေဆိုသော အဆိုတော်၏ နာမည်ကို သူ၏ အစောဆုံး သီချင်းတပုဒ် ဖြစ်ဖွယ်ရှိသော သီချင်းနှင့်အတူ ပထမဆုံး ကြားဖူးသည့်အချိန်မှာ ၁၉၅၀ ကျော်ကာလ ဖြစ်သည်။ ထိုစဉ်က ကျွန်တော့်မှာ မနက်မိုးလင်း၍ ရေဒီယိုအစီအစဉ် ကြေညာသူက "သောတရှင်များကျန်းမာတော်မူကြပါစေရှင်" ဟု စတင်နှုတ်ခွန်းဆက်သည့် စကားကစပြီး ညပိုင်းအစီအစဉ်အပြီးမှာ "သောတရှင်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ တော်မူကြပါစေရှင်" ဟု နှုတ်ဆက်သော စကားအထိ ရေဒီယိုနားက မခွါတမ်း နေလေ့ရှိပါ သည်။ အထူးသဖြင့် ညပိုင်းအသံလွှင့်သော တူရိယာအဖွဲ့များ၏ သီချင်းသစ်များကို စိတ်ဝင်စား သည်။ 'ချိုတေးရှင်' တူရိယာအဖွဲ့ လာပြီဆိုလျှင် အဆိုတော်ကိုခင်လတ်၊ ကိုခင်လေး၊ ကိုခင်ထွေး၊ ကိုခင်မောင် ပြီးတော့ မတင်တင်တို့ သဇင်ကြူတို့၏ သီချင်းများကို သဘောကျ သည့်အတွက် မလွတ်စတမ်း နားထောင်သည်။ တညတွင် ကြားနေကျ မဟုတ်သော နာမည်တခုကို ကြားလိုက်ရသည်။ ကိုချစ်ဆွေ သီဆိုမဲ့သီချင်းကတော့ 'အပြုံးနိဒါန်းဆင့်' ဖြစ်ပါတယ်ရှင်တဲ့။ သီချင်းကို အာရုံစိုက်မိသည်နှင့် နဘေထပ် အဖွဲ့ကလေးများက နားထဲသို့ သာယာပြေပြစ်စွာ ၀င်လာပါတော့သည်။
'အသဲလွှာ ပထမအချပ်မှာ 'ပြုံး' လို့ ကမ္ဗည်းထိုးထား အမှာဆင့်ချင်၊ အမုန်းဆိုတီးတိုး စကားမရှာနှင့်ခင်၊ ချစ်ကမ္ဘာတံတားကြိုးအမြန်ဆက်လျှောက်မည်ခင်၊ အပြစ်အနာစကားမျိုး မဖန်နဲ့ ဖျောက်ဤတွင်'
ချစ်သူကို အမုန်းနိဂုံးချုပ်ပြီး အပြုံးနိဒါန်းဆင့်ဖို့ ချော့မော့သံကလေး ဖြစ်ပါသည်။ ထို သီချင်းဆိုချိန်က ကိုချစ်ဆွေမှာ အသက်နှစ်ဆယ်ဝန်းကျင်၊ ပျိုရွယ်သည့် ပျိုရွယ်သည့် အဆိုတော်ကလေး ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။ နောက်တခါ သတိပြုမိသည်ကတော့ 'စိတ်တိုင်းကျဖြစ်ရစေ့မယ်' သီချင်း။ နဘေထပ်အဖွဲ့ကလေးများက အလွန်လှသည်။ "အနာဂတ်ရဲ့ သောကပူဆွေးစရာသာကွယ်၊ လာရပ်လျက် သဘောကျ ကူဖေးမှာပါကယ်၊ အလွှာချပ်ရဲ့ ချောနှမကြူမွှေးမာလာရယ်" တဲ့။
သည့်နောက်မှာတော့ ကိုချစ်ဆွေ၏ သီချင်းတွေနှင့် ပို၍ပို၍ ရင်းနှီးလာရသည်။ ကြားဖူးစက ကိုချစ်ဆွေဟု ကြားရသော်လည်း နောက်ပိုင်းတွင် စန္ဒယားချစ်ဆွေဟု အမည်တွင် လာပါသည်။ ထင်ရှားသော သူ့သီချင်းတွေကို နှစ်ပုဒ်စီတွဲပြီး မှတ်မိနေသည်။
ပထမနှစ်ပုဒ်တွဲက "ချစ်ရေးခက်ခက်" နှင့် "ခက်ခက်ကိုမှလိုချင်တယ်" သောတရှင်လို ရာ အခန်းမှာ အတောင်းအများဆုံး သီချင်းများဖြစ်သည်။ အထူးသဖြင့် 'ခက်' 'ခက်' ဆိုသော အသံများကို အာခေါင်ထဲကထုတ်သော အသံဖြင့် ပီပီသသကြီး ဆိုလိုက်ပုံကို သဘောကျ သည်။ ထိုအချိန်က ကျွန်တော်တို့မှာ တက္ကသိုလ်ရောက်စ ဖြစ်သည်။ အမျိုးသမီးမိတ်ဆွေအချို့ ခင်ခက်ခက်တို့ ခက်ခက်ခိုင်တို့ နာမည်တွေ ပြောင်းကြသည်။ ခက်ခက်၏ အရှိန်အ၀ါက မသေးပါ။
နောက်နှစ်ပုဒ်တွဲက "ချစ်အားငယ်ရသူမယ်" နှင့် "ချစ်သူဝေးဝေးသွားပါနဲ့လား" ဖြစ်သည်။ "ကိုချစ်ဆွေရဲ့ အသံက ရင်ထဲကလာတဲ့ အသံဗျ၊ အသံဖြစ်တဲ့ဌာန်အရ ပြောရရင် တော့ ဥရဌာန်ဆိုတဲ့ ရင်ခေါင်းဌာန်ပေါ့ဗျာ" ဟု မြန်မာစာသမား မိတ်ဆွေတယောက်မှ မှတ်ချက် ချသည်ကို သတိရသေးသည်။ 'ချစ်အားငယ်ရသူမယ်' မှ ချစ်စကားမကျတကျ အလှအပတွေလည်း ရွေးပြီးပြောခဲ့တယ် ဆိုသော စာသားကလေးကို သဘောကျသလို 'ချစ်သူဝေးဝေးမသွားပါနဲ့လား' မှ 'သွားပါနဲ့လားကွယ်' ဆိုသော စာသားကလေးကို ဂီတအသံ မထည့်ပဲ ရင်ထဲကထွက်လာသော စကားပြောအသံကလေးအဖြစ် ပြောသွားသည်ကိုလည်း သဘောကျသည်။ "သာယာသောဤအကွေ့" တို့၊ "စိန်ပန်းပြာ" တို့လည်းပါတော့ တက္ကသိုလ် အငွေ့အသက် ရှူရှိုက်နေရသလို ခံစားရသည်။
ထိုစဉ်က ကျောင်းသားတွေ၏ ပွဲများမှာ ကိုချစ်ဆွေတို့အဖွဲ့ ရေပန်းစားသည်။ အတူနေ ကျောင်းသူတစု စိတ်အခန့်မသင့်ကြရာမှ အရေးကြုံလာသဖြင့် ပြန်တည့်သွားကြပုံကို ကိုချစ်ဆွေ၏ "မေတ္တာအသည်းကလေးများ" သီချင်းသရုပ်ဖော်အဖြစ် တင်ဆက်ကြသည်ကို သဘောကျသည်။ 'လွင်ဖွနားခိုဝဲ၊ သင်ပြထားသလိုပဲ၊ မေတ္တာအသည်းစကားတွေ ပြောကြရှာ သေးတယ်' ဆိုသောအဖွဲ့ကလေးက နှစ်သက်စရာကောင်းသည်။ 'လွင်ဖွနားခိုဝဲ' ဆိုသော အတွဲ အစပ်ကလေးက ဆန်းသစ်သည်။ 'ချစ်သူဝိဥာဉ်' ကို ကြားရတော့ ချစ်သူ၏ အုတ်ဂူနားမှာ ငိုကြွေးနေသူနှင့် အတူလိုက်ပြီး ကြေကွဲရသည်။ တညလုံး ပွဲကြည့်စဉ် မနက်အာရုံတက်ခါနီးမှာ ဝေေ၀စည်စည် ပေါ်ထွက်လာသော ကိုချစ်ဆွေ၏ စန္ဒယားလက်သံကြောင့် ပွဲခင်းထဲက ကျွန်တော်တို့တွေ နိုးနိုးကြားကြား လန်းဆန်းလာကြသည်ကို သတိရနေပါသေးသည်။
စုံတွဲသီချင်း နှစ်ပုဒ်တွဲကို အမှတ်တရ ဖြစ်ရပါသည်။ မြန်မာ့အသံနှစ်ပတ်လည် ပွဲတပွဲမှာ ဖျော်ဖြေသော အစီအစဉ်တွင် ကိုချစ်ဆွေနှင့်ထားတို့ စုံတွဲဆိုသည့် 'မုန်းဆက်ဆက်မရွယ်' သီချင်းကို ပထမနားထောင်ရသည်။ တိုက်ရိုက်ထုတ်လွှင့်သည်ဆို၍ ရေဒီယိုက အသံကို နားထောင်ရင်း မမြင်ရသည့် ရုပ်သွင်များကိုပင် မှန်းပြီး မြင်ယောင်မိသည်။ မောင်နှင့်မေတို့ တလှည့်စီ အပေးအယူ လုပ်သွားကြပုံကလေးက အလွန်လှသည်။ ရုပ်ရှင်သီချင်းအဖြစ် ဆိုသွားသော 'မုန်းစိတ်မရည်ရွယ်' ကို ဆက်ပြီး ကြားရသည်။
စန္ဒယားချစ်ဆွေမှာ အဆိုတော်တေးသံရှင်ဖြစ်သလို ဂီတစာဆိုလည်း ဖြစ်ကြောင်း သိလာရတော့ ပိုပြီး စိတ်ဝင်စားမိသည်။ တခါတွင် ရေဒီယိုမှ ဂီတစာဆိုတဦးအဖြစ် တွေ့ဆုံမေးမြန်းခန်းလုပ်သည်။ ကိုခင်မောင်လွင် သီဆိုထားသော 'သဇင်နှစ်ခက်ပြိုင်' သီချင်းကို ဘာရည်ရွယ်ချက်နဲ့ ရေးပါသလဲဟု မေးသူက မေးသောအခါ ရည်ရွယ်ချက် အထွေအထူး မရှိပါဘူး၊ သဇင်ပန်းနှစ်ခက်ပြိုင်နေတဲ့ အကြောင်းကို ရေးချင်လို့ ရေးလိုက်တာပဲ ဟု ကိုချစ်ဆွေက ပြန်ဖြေသည်။ 'ဟိုမှာလဲချစ်စရာတခိုင်' 'သည်မှာလဲမပစ်ပါနိုင်' ဖြစ်တာ သဇင်နှစ်ခက်ကြားတွင် ဝေခွဲမရ ဖြစ်နေပုံကို ဖွဲ့ထားခြင်း ဖြစ်ပါသည်။
ငယ်ငယ်က သဘောကျခဲ့သော 'နွဲ့လေး' ၏ 'ချစ်ရင်လဲပြုံးပါကွယ်'၊ ပျဉ်းမနားကိုမြင့်၏ 'ကြယ်ပွင့်ကလေးများမချစ်ဝံ့ပြီ' ကိုတင်လှိုင်၏ 'ချစ်သံသယစိတ်ဝင်မိတယ်' ထား၏ 'တနေ့တော့မောင်ပြန်လာမည်' တို့မှသည် ယခုထိ ကြားနေရသော ကိုမင်းနောင်၏ 'တကမ္ဘာခြားလဲချစ်နေမယ်' အထိ အားလုံး ကိုချစ်ဆွေ၏ လက်ရာများဖြစ်ကြောင်း ယခုမှ သတိပြုမိပါသည်။ ဆရာဇော်ဂျီ၏ ဗေဒါလမ်း ကဗျာစုမှ ကောင်းနိုးရာရာ ကဗျာပိုဒ်များကို ရွေးထုတ်ပြီး သံစဉ်ထည့်ထားသော 'ဗေဒါရဲ့ဗေဒါလမ်း' သီချင်းကို ခင်ညွန့်ရည်၏ အသံဖြင့် နားထောင်ရသည်။ ကဗျာအရသာကို ဂီတအရသာ ထပ်လောင်းပေးသည့်အတွက် တမူထူးခြား နေပါသည်။ ကိုချစ်ဆွေ၏ ဖန်တီးမှုဟု သိရပါသည်။
ရုပ်မြင်သံကြားက လွှင့်ထုတ်သော လက်ဆင့်ကမ်း တေးအစီအစဉ်မှာ ဖခင်ဖြစ်သူ စန္ဒယားချစ်ဆွေက သားဖြစ်သူ စန္ဒယားချစ်အောင်ဆွေကို စန္ဒယားအတီးပညာ လက်ဆင့်ကမ်း ပေးပုံကို နားထောင်ရတော့ ပီတိဖြစ်ရသည်။ အဖေတကျော့ သားတကျော့ တီးကွက်လှလှ ကလေးများ တီးသွားပုံမှာ အသက်ဝင်လှသည်။ ကိုချစ်ဆွေသည် သားကို ဂီတအမွေပေးသလို တပည့်များကိုလည်း အမွေပေးခဲ့ပေလိမ့်မည်ဟု တွေးမိပါသည်။
စန္ဒယားချစ်ဆွေမည်သော ဂီတပညာရှင်သည် ရာစုတ၀က်၊ နှစ်ပေါင်းငါးဆယ်ကျော် တိုင်တိုင် တေးဂီတဖြင့် လောကကို အလှဆင်ခဲ့သူ ဖြစ်သည်။ ပြောင်မြောက်သော တေးသီချင်း များကို သီဆို၍တမျိုး၊ ရေးဖွဲ့၍တမျိုး အလှဆင်ကာ သောတရှင်တို့၏ နှလုံးသားထဲသို့ ချိုမြိန်သော ဂီတအဟာရများ သွန်းလောင်းပေးခဲ့သည်။ သူပေးဝေသော တေးဂီတ အရသာကို ခံစားရင်း ချစ်စိတ်၊ သနားစိတ်၊ အံ့သြစိတ်၊ တက်ကြွစိတ်၊ ပျော်ရွှင်ကြည်နူးစိတ်၊ စသည့် မွန်မြတ်သန့်စင်သည့် စိတ်များနိုးကြားခဲ့ရသည်။
သူမရှိတော့ပြီ ဖြစ်သော်လည်း သူ့တေးများက လောကကို ဆက်လက်၍ အလှဆင် နေပါလိမ့်ဦးမည်။
မောင်ခင်မင် (ဓနုဖြူ)
{ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း အတွဲ(၂၄) အမှတ် (၆)၊ ၂၀၀၈ ခုနှစ် ဇွန်လထုတ်မှ ကူးယူ ဖော်ပြပါတယ်။}
No comments:
Post a Comment