Wednesday, August 20, 2008

ဂျူးနှင့်အင်တာဗျူး {ပထမပိုင်း}
ရေးသူ- ဟိန်းလတ်


စာရေးဆရာမဂျူးဟာ ခုထိ (၁၉၈၉ ခုထိ) ၀တ္ထုတို (၂၁) ပုဒ်နဲ့ လုံးချင်း နှစ်ပုဒ်ပဲ ရေးခဲ့ပါ သေးတယ်။ အရေအတွက်အရ နည်းတယ်လို့ ပြောလို့ရချင်ရပေမဲ့ အရည်အချင်းကတော့ စာပေနယ်မှာ ပြောစမှတ်ပြုလောက်အောင် ဖြစ်ခဲ့တယ်။ ဖြစ်နေဆဲကိုတော့ ဘယ်သူမှ ငြင်းလို့မရနိုင်ပါဘူး။ ဆရာမဂျူးဟာ ရေနံချောင်းမှာနေသူမို့ ရန်ကုန်ကို တခါတရံကျမှသာ ရောက်တတ်ပါတယ်။ အခုတခေါက် ရောက်တုန်းရောက်ခိုက် စာဖတ်ပရိသတ်ကိုယ်စား သိချင်တာလေးတွေကို ကျွန်တော်မေးကြည့်မိပါတယ်။ တခြားတခြားသော စာနယ်ဇင်းတွေမှာ ပါတဲ့ ဂျူးအင်တာဗျူးတွေနဲ့ ခြားခြားနားနား မေးခွန်းတွေဖြစ်အောင်လည်း စီစဉ်ထားပါတယ်။


xxxx xxxx xxxx xxxx xxxx xxxx

ဟိန်းလတ်။ ။ ဆရာမအနေနဲ့ လုံးချင်းနှစ်အုပ် (၁၉၈၉ ခုထိ) ထွက်ပြီးပြီးနော်။ အဲဒီမှာ ဘာထူးခြားတာ တွေ့သလဲဆိုတော့ အဖုံးပန်းချီတွေဟာ သာမန်ပုံမျိုးမဟုတ်ဘဲ ပန်းချီဆရာ စိတ်ကြိုက် Abstract ပုံတွေနဲ့ ထုတ်တာတွေ့ရပါတယ်။ အဲဒါဟာ မြန်မာ စာနယ်ဇင်းလောကနဲ့ မျက်နှာဖုံးပန်းချီလောကကို တမျိုးဆန်းသစ်လိုက်တယ်လို့ ယူဆပါ တယ်။ နောက်ပြီး ဆရာမရဲ့ ၀တ္ထုတိုပေါင်းချုပ်စာအုပ်ထဲက အတွင်းပန်းချီလက်ရာကလည်း မော်ဒန်တွေ များပါတယ်။ အဲဒါ ဆရာမစိတ်ကြိုက် စီစဉ်တာလား၊ ထုတ်ဝေသူကလား။

ဂျူး။ ။ အမှတ်တရကို လုံးချင်းပြန်ထုတ်ဖို့ အင်ကြင်းမြိုင်ကစီစဉ်တော့ ထုတ်ဝေသူက ပန်းချီအတွက် ကိုမြင့်မောင်ကျော်ကို အပ်မယ်လို့ စိတ်ကူးရှိတဲ့အကြောင်း ပြောပါတယ်။ ကျွန်မ အနေနဲ့ ငြင်းစရာမရှိပါ။ ကျွန်မလိုချင်တာကတော့ သမရိုးကျ မျက်နှာဖုံးမျိုး မဟုတ်ပါ။ ဒါပေမဲ့ အဲဒါကို ပန်းချီဆရာနဲ့ ညှိယူမယ်လို့ ဆုံးဖြတ်လိုက်တယ်လေ။ ပန်းချီဆရာကို ပုံအပ်တော့ ကျွန်မက နည်းနည်းဇီဇာကြောင်တတ်၊ ဂျီးများတဲ့အကြောင်းဝန်ခံထားပြီးတော့ ကျွန်မအနေနဲ့ ရှုခင်းနောက်ခံထားတဲ့ လူတွေပုံမျိုး မလိုချင်ဘူးလို့ ပြောလိုက်ရပါတယ်။ တတ်နိုင်ရင် ဘာဒြပ်ထုမှမပါတဲ့ Abstract ပုံကိုပဲ လိုချင်ပါတယ်လို့ပြောတော့ ကိုမြင့်မောင်ကျော်က သူအတတ်နိုင်ဆုံး ကြိုးစားပါမယ်...... တဲ့။ သူမျက်နှာဖုံးရေးပြီးတော့ ကျွန်မကို ပြတယ်။ ရှေ့ဖုံးကို ကျွန်မ ပိုကြိုက်တယ်။ နောက်ဖုံးကလည်း Abstract မဟုတ်ပေမဲ့ မဆိုးပါဘူး။ ဒါနဲ့ပဲ သဘောတူလိုက်ပါတယ်။
နောက်... 'ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့' ကျတော့လည်း ကျွန်မလိုချင်တဲ့ မျက်နှာဖုံးမျိုး ဒီဇိုင်းမျိုးကို ပန်းချီဆရာက ရိပ်စားမိသွားလို့ ပြဿနာမရှိပါဘူး။ နည်းနည်း ပြဿနာဖြစ်တာက အတွင်းပန်းချီကိစ္စပဲ။ အတွင်းပန်းချီမှာ ပန်းချီဆရာ ၁၆ ယောက်ရဲ့ ပန်းချီ ၁၆ ပုံနဲ့ ထုတ်မယ်လို့ ထုတ်ဝေသူက ပြောတဲ့အချိန်မှာ ကျွန်မလိုသွားတာက ပန်းချီဆရာ ရွေးဘို့ကိစ္စ.....။ ပထမကတည်းက ကျွန်မသဘောကျတဲ့ ပန်းချီဆရာတွေ ပါဝင်အောင် ဦးစားပေး ပြောပြခဲ့ဖို့ ကောင်းပေမယ့် ဒီလောက်မြန်မြန်လုပ်ဖြစ်လိမ့်မယ် မထင်တော့ မပြောမိခဲ့ဘူး။ နောက်တခေါက် ကျွန်မရန်ကုန်ရောက်တဲ့အချိန်မှာ ပန်းချီ ၁၆ ပုံကို သူတို့ ရပြီးနေပြီ။ အများစုက modernised ဖြစ်ပါတယ်။ ကျေနပ်စရာပါပဲ။ ကိုဖေညွန့်ဝေနဲ့ ပိုပိုမပါ တဲ့အတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။

ဟိန်းလတ်။ ။ ဂျူးက ကဗျာလည်းရေးတဲ့အတွက် ကဗျာနဲ့ပါတ်သက်တာလေး တခုမေးချင်ပါတယ်။ ခုတလော ဂျင်းဘောင်းဘီဝတ်ကဗျာ ဘာညာနဲ့ ပွက်လောညံနေတယ်။ အချုပ်ကတော့ ကဗျာထဲမှာ အကွက်ဝင်ရင် အင်္ဂလိပ်စကားလုံး ကြားညှပ်သုံးသင့်၊ မသုံးသင့် ဆိုတာပါပဲ။ တချို့ကလည်း အမျိုးသားဟန်ပျက်တယ်ဆိုပြီး ငြင်းနေကြပါတယ်။ ဆရာမကော ဘယ်လိုမြင်ပါသလဲ။

ဂျူး။ ။ ကျွန်မအမြင်လား။ အင်္ဂလိပ်စကားလုံး တခုတလေ ညှပ်သုံးလိုက်လို့ ဒီကဗျာ အရောင်လက်လာမယ်ဆိုရင်တော့ သုံးသင့်တာပေါ့။ အင်္ဂလိပ်စကားလုံးတွေကို မလိုအပ်ပဲ ဇွတ်ကြီးညှပ်ထည့်ရေးတာမျိုးကျတော့ တမျိုးလေ။ ခေတ်ပေါ်ကဗျာအတွက် အင်္ဂလိပ်စကားလုံး သုံးမှ ဖြစ်မယ့်နေရာမှာ မြန်မာပီသဖို့ မြန်မာဝေါဟာရ အဓိပ္ပါယ်တွေ လိုက်ကြိုးစားယူဖို့ မလိုပါဘူး။ အကြောင်းအရာဟာ ဘယ်လိုချဉ်းကပ်မှ တောက်ပမယ့် အကြောင်းအရာလဲ၊ ခေတ်ပေါ်ရေးနည်းနဲ့ ရေးမှ တောက်ပမယ်ဆိုရင် ခေတ်ပေါ်ရေးနည်းကို သုံးသင့်တယ်။ မော်ဒန်ကဗျာတွေမှာ လုံးဝကာရန် အချိတ်အဆက်မမိတာမျိုး ရှားပါတယ်။ တလုံးတလေတော့ ချိတ်ဆွဲမိကြတာချည်းပဲ။ သူ့ရစ်သမ်နဲ့သူ ရွတ်လို့ တော်တော်အဆင်ပြေသားပဲ။ အမျိုးသားဟန် ပျောက်တယ်ဆိုတဲ့ စွတ်စွဲချက်မျိုးနဲ့ ကျွန်မတခါမှ မမြင်မိပါဘူး။ အဲဒီလိုပဲ ဆိုလိုချက် ထိမိဖို့ ဆိုရင် အင်္ဂလိပ်စကားလုံး တခုတလေ ညှပ်ပါသွားတာဟာ ပြဿနာမဖြစ်နိုင်ပါဘူး။

ဟိန်းလတ်။ ။ ဒီနေ့ မြန်မာဝတ္ထုတွေဟာ ကြည်အေးယိမ်းကနေတာပဲလို့ ဆိုသူက ဆိုကြတယ်။ တချို့ကလည်း ကြည်အေးနဲ့တူတာပဲ နာတယ်ထင်နေကြတယ်။ ဆရာမကိုလည်း ကြည်အေးနဲ့ ဆင်တယ်ပြောကြတယ်။ ကြည်အေးနဲ့ တူတယ်ဆိုရင်ကော ဆရာမ နာတယ်ထင် ပါသလား။

ဂျူး။ ။ မနာပါဘူး၊ စာရေးစ, ကလောင်သစ်တွေဟာ များသောအားဖြင့် ကိုယ်နှစ်သက်စွဲမက်တဲ့ စာရေးဆရာတွေရဲ့ လွှမ်းမိုးမှုဒဏ်ကို ခံကြရတာပဲ။ ကျွန်မကြည်အေးရဲ့ ၀တ္ထု၊ ကဗျာတော်တော်များများကို သဘောကျတယ်။ တခါတလေမှာ Style ချင်း တူသွား တာကို ကျွန်မကိုယ်တိုင်လည်း သတိထားလိုက်မိတယ်။ ဒီအမှားကြောင့် ကျွန်မသတိ လက်လွတ်ဖြစ်သွားတဲ့ ကိစ္စပဲ.....။ ဒါပေမဲ့ ကိုယ့်အမှားကို ကိုယ်သိတာပဲ၊ အခုနောက်ပိုင်း ကျွန်မရဲ့ ၀တ္ထုတွေမှာ ကြည်အေးရဲ့ Style နဲ့ လုံးဝကင်းရှင်းပြီး သီးသန့်ဖြစ်အောင် ကြိုးစားနေပါတယ်လို့ ပြောရင် ဆရာသဘောတူနိုင်ပါ့မလား။

ဟိန်းလတ်။ ။ တချို့ စာရေးဆရာတွေဟာ ၀တ္ထုတိုရေးရာမှာ တမင်တကာ လှုပ်အောင်၊ ပြဿနာပေါ်အောင်၊ ပွဲဆူအောင် ရေးကြတယ်လို့ ကြားရပါတယ်။ ဆရာမကော ဒီလိုလုပ်တတ်ပါသလား။

ဂျူး။ ။ ဟင့်အင်း....၊ ကျွန်မ အဲဒီလို မလုပ်တတ်ပါဘူး။ ဘယ်တော့မှလည်း မလုပ်ချင်ပါဘူး။

ဟိန်းလတ်။ ။ အခု မဂ္ဂဇင်းသစ်တွေ အပြိုင်အဆိုင်ထုတ်နေကြတာ ဆရာမလည်း အသိပဲ၊ အသစ်တိုင်းလိုလို ဆရာမဆီက စာမူတောင်းကြပါတယ်။ ဒါပေမဲ့ ဆရာမဆီက ဘယ်တော့မှ စာမူမရပါဘူးတဲ့။ ဆရာမက နာမည်ကြီး မဂ္ဂဇင်းတွေမှာပဲ တမင်ရွေးရေးတဲ့ သဘောလား။

ဂျူး။ ။ ဟာ..... အဲဒါ မဟုတ်ဘူး၊ မဟုတ်ပါဘူး။ ကျွန်မမှာ စာမူ သိပ်ကိုနည်းပါတယ်။ တောင်းထားတဲ့ မဂ္ဂဇင်းတွေက အများကြီးလေ။ ကျွန်မက အချိန်လည်း သိတ်မရဘူး။ ရေးအားလည်း သိတ်မကောင်းဘူး။ ဒီတော့ ကျွန်မရေးသမျှ စာမူတွေဟာ ဦးစားပေး အစီအစဉ် နဲ့ ရေးရတာပါ။ အရင်တောင်းတဲ့သူ အရင်ပို့ဖို့ပါပဲ။ မဂ္ဂဇင်းသစ်တွေက ဒီတနှစ်၊ နှစ်နှစ်မှာ သိတ်များလာတာကိုး။ ရှုမ၀မှာ ကျွန်မနောက်ဆုံးရေးခဲ့တာ ၁၉၈၈- ခုနှစ်၊ နှစ်ဦးပိုင်း ကာလပဲ။ ရှုမ၀မှာ နောက်ဆုံးရေးခဲ့တဲ့ ၀တ္ထုဟာ ၁၉၈၅ ခုနှစ်၊ ကြားထဲမှာ သုံးနှစ်ကြာမှ နောက်တပုဒ်ပို့နိုင် ခဲ့တယ်။ ချယ်ရီမဂ္ဂဇင်းဆိုလဲ ဒီလိုပဲ။ ၁၉၈၇ လောက်ကစပြီး စာမူတောင်းလာခဲ့တာ ၁၉၈၉ မှ တပုဒ်ပို့ဖြစ်ခဲ့ပါတယ်။ ကျွန်မကလည်း ဒီတနှစ် နှစ်နှစ်မှာ ၀တ္ထုတို အရေးကျဲတယ်။ ဒီတော့ နာမည်ကြီးမဂ္ဂဇင်းတွေမှ တမင်ရွေးပေးတယ်လို့ မထင်လိုက်ပါနဲ့နော်.....။ သူ့ ဆီရီရယ်လ် အတိုင်းပေးမှာပါ။ အင်းလေ.... ၊ နောက်လပိုင်းတွေအထိ ကျွန်မဆီက စာမူကို လိုချင်သေး တယ် ဆိုရင်ပေါ့။

ဟိန်းလတ်။ ။ စာပေဂျာနယ်မှာဆရာမက Surrealism ကို အလွန်စိတ်ဝင်စားတယ် လို့ ရေးဖူးပါတယ်။ ကျွန်တော် လေ့လာမိသလောက် Surrealism ဆိုတာ တွေ့မြင်နေကျ အကြောင်းအရာတခုကို သဘာဝကျမှု၊ ယုတ္တိတန်မှုတို့အပေါ် ပဓါနမထားဘဲ၊ ပစ္စက္ခလောကရဲ့ ဟိုမှာဘက်ကမ်းမှာရှိတဲ့ စိတ်ခံစားမှုကို ကွင်းကနဲ၊ ကွက်ကနဲ စွဲမှတ်သွားနိုင်အောင် အာရုံ ခံစားမှုပြုတဲ့ အနုပညာပုံသဏ္ဍာန်ပါပဲ။ သရုပ်မှန် မဟုတ်မှု (non realism) လို့ ပြောလဲ မမှန်ဘူး။ စိတ်ကူးယဉ်သက်သက် (Fantasy) ဆိုလဲ ဘောင်မ၀င်ဘူး။ တကယ်တော့ Surrealism ဟာ သရုပ်မှန်ထက်ပိုတဲ့ 'စူပါသရုပ်မှန်' လို့ ယူဆပါတယ်။ ဆရာမ အနေနဲ့ကော။

ဂျူး။ ။ ကျွန်မအနေနဲ့ ဆရာ့ယူဆချက်ကို သဘောတူပါတယ်။ အနုပညာတခု ဖန်တီးရာမှာ Sub-conscious mind လိုအပ်တယ်လို့ ဆရာလက်ခံတယ် မဟုတ်လား။ မသိစိတ်ရဲ့ ထင်ဟပ်မှုဟာ အနုပညာတခု ဖြစ်ပေါ်ဖန်တီးတဲ့ နေရာမှာ အစီအစဉ်ကျနမှု ရှိချင်မှ ရှိမယ်။ ဒါပေမယ့် မျက်စိနဲ့ သာမန်မြင်ရတဲ့ ပကတိအရာဝတ္ထုရဲ့ အထဲထိ ထွင်းဖောက်မြင်ဖို့က အရေးကြီးပါတယ်။ ဒါမှလဲ သူ့ရဲ့တကယ့် အနှစ်သာရကို ရလိမ့်မယ်လေ၊ မဟုတ်ဘူးလား။ အဲဒီ အချိန်မှာ ဆက်စပ်မှု သဘောတရားမပါရင်လဲ သိပ်အရေးမကြီးဘူးလို့ ထင်ပါတယ်။ အရေးကြီး တာက ကိုယ့်ခံစားမှုတခု၊ ယူဆချက်တခုကို ပရိသတ်ဆီ ထိထိမိမိနစ်ဝင်သွားအောင် ပို့ပေးဖို့ပဲ မဟုတ်လား။ တချို့ အကြောင်းအရာတွေကျတော့ Realism ထက် Surrealism နဲ့ ဖော်ပြတဲ့အခါ၊ အနုပညာအနေနဲ့ ပိုအားကောင်းလာပြီး၊ ပိုသရုပ်ပေါ်လွင်လာတာမျိုး ရှိပါတယ်။
ဒီတော့ ဆရာပြောသလို သရုပ်မှန်လွန်ဝါဒ (သို့) (Super realism) လို့ ဆိုရင်လည်း လွန်မယ်လို့ ကျွန်မ မထင်ပါဘူး။

ဟိန်းလတ်။ ။ စာရေးဆရာကြီးတဦး နာမည်နဲ့ထုတ်တဲ့ မဂ္ဂဇင်း တခု(သာရမဂ္ဂဇင်း) ထဲမှာ ဆရာမရဲ့ "သူမရဲ့မိုး" ၀တ္ထုကို ဆရာမရဲ့ ခွင့်ပြုချက်မရပဲ ထည့်ရိုက်တယ်လို့ ကြားရ ပါတယ်။ အဲဒါနဲ့ ပါတ်သက်လို့ မကန့်ကွက်ဘူးလား။ စာဖတ်ပရိသတ်ကို လှည့်စားသလို ဖြစ်တယ်လို့ မထင်ဘူးလား။

ဂျူး။ ။ ဟုတ်တယ်.....။ အတိအလင်းကန့်ကွက်ပစ်လိုက်ဖို့ ကောင်းတယ်နော်။ ကျွန်မရဲ့ စာဖတ်ပရိသတ်ကို လေးစားတဲ့ အနေနဲ့ ဖြစ်ဖြစ်လေ။ ဒါပေမယ့် ကျွန်မ မလုပ်ဖြစ်ခဲ့ ဘူး။ တရားစွဲပစ်မယ်လို့တော့ ကျွန်မ ခြိမ်းခြောက်မိသေးတယ်။ တာဝန်ခံစာတည်း စာရေးဆရာကြီး (မောင်သာရ)က ဘာပြောလဲ သိလား။
တရားစွဲလေ.....။ တရားစွဲရင် ငါ့မဂ္ဂဇင်း ရောင်းကောင်းမှာမို့ ကျေးဇူးတောင်တင်ရ ဦးမယ်။ လုပ်လိုက်ပေါ့...... တဲ့။
ဒါနဲ့ပဲ ကျွန်မကလည်း တော်ပြီ တရားမစွဲတော့ဘူးလို့ ပြောပြီး ကျေအေးလိုက်မိတယ်။ အဲဒီလို ငြိမ်နေလိုက်တဲ့အတွက် စာဖတ်ပရိသတ်ကို လိမ်တဲ့နေရာမှာ ကြံရာပါ ဖြစ်သွားရတော့တာပဲ။ အဲဒီအတွက် စာဖတ်ပရိသတ်ကို ကျွန်မတောင်းပန်ပါတယ်။

ဟိန်းလတ်။ ။ တဆက်တည်းမေးချင်တာက ဆရာမရဲ့ အမှတ်တရဇာတ်လမ်းမျိုးကို စာရေးဆရာတယောက် ၀တ္ထုထုတ်ခဲ့ပါတယ်။ အဲဒီကိစ္စကိုတော့ ဆရာမ ဘယ်လို တုံ့ပြန်ခဲ့ပါ သလဲ။

ဂျူး။ ။ အဲဒါလဲ ခုနက သဘောမျိုးပါပဲ။ အဲဒီစာရေးဆရာက ဆင်တူဇာတ်လမ်းတပုဒ် ရေးလိုက်တဲ့အတွက် ကျွန်မရဲ့ မူရင်းဝတ္ထုမှာ လုံးဝထိခိုက်မှုလဲ မရှိတော့၊ ကျွန်မရဲ့ ထုံးစံအတိုင်း ဘာမှမတုံ့ပြန်ခဲ့ပါဘူး။ နောက်ပြီး အဲဒီဝတ္ထုကြောင့် ကျွန်မနဲ့ စာဖတ်ပရိသတ်ကြားမှာ ဆက်သွယ်ထားတဲ့ကြိုးဟာ နည်းနည်းမှ မလျော့ရဲနိုင်ဘူးလို့ ယုံကြည်တော့၊ သတင်းစာထဲ ကနေ ဖြေရှင်းတာမျိုးလဲ မလုပ်ချင်ဘူး။

ဟိန်းလတ်။ ။ "သူမရဲ့မိုး" ၀တ္ထုဟာ ဆေးဘက်ဆိုင်ရာ စိတ်ပညာအလိုအရ ထင်ယောင်ထင်မှားဖြစ်မှု (Hallucination) ဖြစ်နေချိန်မှာ သိစိတ်မရှိတော့ဘဲ၊ မသိစိတ်က လူကို လွှမ်းမိုးတယ်ဆိုတဲ့ အချက်ကို အခြေခံရေးတယ် ပြောပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ ဆရာကြီး ဟပ်ဇလေတို့။ ကောလင်းဝီလဆင်တို့ဟာ Payote ဆိုတဲ့ ဆေးတမျိုးစားပြီးမှ စာရေးတာ အမြင်ဆန်း၊ အတွေးဆန်းတွေရတယ်လို့ သိရပါတယ်။ အဲဒါမျိုးနဲ့များ ဆရာမပြော တာနဲ့ ဆင်နေမလားလို့။

ဂျူး။ ။ ဟုတ်ကဲ့.... ဟပ်ဇလေရဲ့ Doors of Perception မှာလား မသိဘူး။ ကျွန်မ ဖတ်လိုက်ရဖူးပါတယ်။ ဆေးတမျိုးသုံးစွဲပြီး စာရေးရတာ လျှို့ဝှက်နက်နဲတဲ့ အတွေးတွေ ရလာတဲ့ သဘောမျိုး လက်တွေ့စမ်းသပ်ပြီး ရေးထားတယ်။ နောက်ပြီး အရောင်လွန်ကဲစွာ မြင်ယောင်ခံစားလာတယ်လို့ ရေးဖူးပါတယ်။ (ကျွန်မ မမှားဘူးဆိုရင် အ၀ါရောင်ထင်တယ်) အဲဒါဟာလည်း Hallucination တမျိုးပဲပေါ့။ ကျွန်မပြောချင်တာကလဲ ဒီသဘောမျိုး ခပ်ဆင် ဆင်ပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ ဆေးကြောင့်ဖြစ်ပေါ်တဲ့ အာရုံက သူ့အလိုအလျောက် ရတဲ့ အာရုံထက် ပိုပြီး အချိန်ကြာမယ်၊ ပိုပြီး တိကျမယ်။ နောက်ပြီး လိုအပ်တဲ့ အချိန်ကာလကိုလဲ ဆေးသုံးစွဲမှု ပမာဏနဲ့ အကြိမ်ပေါ်မှာ လိုသလို ဖန်တီးယူလို့ ရပါလိမ့်မယ်။ ကျွန်မရဲ့ ၀တ္ထုမှာ ရေးထားတာက သူ့အလိုအလျောက်ရတဲ့ Hallucination ပါ။ အချိန်ကာလအားဖြင့် ရောဂါရဲ့ ဒီဂရီပေါ်မှာ မူတည်ပြီး၊ တိုတောင်းချင် တိုတောင်းမယ်။ ကြာချင်လည်း ကြာနိုင်ပါတယ်။ သေချာတာတခုက အဲဒီဝတ္ထုရေးတဲ့ အချိန်မှာ ကျွန်မကိုယ်တိုင်တော့ Hallucination တကယ်မရခဲ့ပါဘူး။

ဟိန်းလတ်။ ။ "ကောင်းကင်မပါသောည" ၀တ္ထုရေးရာမှာ ဆရာမက စာရေးရာမှာ ဘာရည်ရွယ်ချက်မှ ရှိဖို့မလိုဘူးလို့ ပြောပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကဗျာတပုဒ်၊ ဆောင်းပါးတပုဒ် ဆရာမကို ဝေဖန်ထားပါတယ်။ ရှင်းပြပါဦး။

ဂျူး။ ။ ဘာရည်ရွယ်ချက်မှရှိဖို့ လိုဘူးလို့ ကျွန်မ မပြောပါဘူး။ ကျွန်မတဦးတည်း အတွက်တော့ အနုပညာလောက မြင့်မားတိုးတက်ဖို့ ဘာညာ၊ ဘာရည်ရွယ်ချက်မှ မရှိဘူး ဆိုတဲ့ သဘောပါပဲ။ ကျွန်မမှတ်မိသလောက်တော့ အဲဒီမှာ ရေးသားခဲ့သားပဲ။ ကျွန်မဟာ စာမရေးပဲ မနေနိုင်လို့ ရေးတာပါ။ ကျွန်မရဲ့ ဦးဏှောက်ကို အလိုလိုက်တဲ့ လက်ရဲ့ဖန်တီးမှု သက်သက်သာ ဖြစ်ပါတယ်လို့ ကျွန်မရေးခဲ့ပါတယ်။ ဒါ ကျွန်မရဲ့ ရိုးသားပွင့်လင်းစွာ ၀န်ခံမှုပါ။ ဒီ့အတွက် ကျွန်မဘက်က မှားယွင်းသွားပါသလား။ ကျွန်မရဲ့ စံကို ဘာပေတံနဲ့ တိုင်းချင်ပါ သလဲ။ ပေတံတမျိုးနဲ့ တိုင်းတဲ့အခါ ကျွန်မရဲ့ အဆင့်အတန်းက ဇီးရိုးမှာ ရှိချင်ရှိမယ်။ အဲဒီအတွက် ကျွန်မဟာ အနုပညာကောင်းတခု မဖန်တီးနိုင်ဘူးလို့ ကျွန်မရဲ့စာဖတ်ပရိသတ်က ယူဆလက်ခံလာတဲ့တနေ့မှာ ကျွန်မကို ဘယ်သူမှ တိုက်တွန်းဖို့ မလိုပဲ စာရေးခြင်းအလုပ်ကို ရပ်ပစ်လိုက်ပါမယ်။

ဟိန်းလတ်။ ။ ဆရာမရဲ့ ၀တ္ထုတွေထဲက ဇာတ်ကောင်အများစုဟာ အမျိုးသမီးတွေ ဘက်က ဘက်လိုက်မှုတွေ များတယ် ထင်ပါတယ်။ အဲဒါ ၀န်ခံသလား။

ဂျူး။ ။ ဒါကတော့ ကျွန်မအမျိုးသမီးပဲလေ......။ ဒါကို ၀န်ခံပါတယ်။

ဟိန်းလတ်။ ။ အမျိုးသားတွေအပေါ် အကောင်းမြင်ဝါဒ အမြင်ပိုနည်းတယ် ဆိုရင် ကော။

ဂျူး။ ။ အင်း..... အဲ့ဒါက ဟုတ်တယ်။ ဒါကိုလဲ ကျွန်မ ၀န်ခံရမှာပဲ ထင်ပါရဲ့။ ကျွန်မရေးတာက အမျိုးသမီး ဇာတ်ကောင်ကို 1st person အနေနဲ့ ထားတာမဟုတ်လား။ သူတို့ရဲ့ မပြေလည်မှုတွေ၊ ပဋိပက္ခတွေကို အားပြိုင်ဖော်ပြတဲ့အခါ ကျွန်မကပဲ ဘက်လိုက်မိ သလား မပြောတတ်ပါဘူး။ ဒါပေမယ့် ကျွန်မ အတတ်နိုင်ဆုံး သမာသမတ် ဖြစ်အောင် ကြိုးစားပါ့မယ်။

ဟိန်းလတ်။ ။ နောက်ပြီး ဆရာမရဲ့ ဇာတ်ကောင်တွေဟာ Family Life အပေါ် သိပ်စိတ်မ၀င်စားပုံ ပေါ်ပါတယ်။ Family Life ကို ယုံကြည်မှုကော ရှိရဲ့လား။

ဂျူး။ ။ အဲ့ဒီလို မဟုတ်ရပါဘူး။ အမှတ်တရမှာတောင် မဟုတ်ပါဘူး။ စုစုထွေးဟာ မောင့်ကို သိပ်လိုအပ်ခဲ့တာပေါ့။ မောင်နဲ့သူနဲ့ တည်ဆောက်မဲ့ Family Life ကို စိတ်ကူးယဉ် မျှော်မှန်းခဲ့တာပေါ့။ အခြေအနေမပေးလို့သာ ကွဲခဲ့ကြရတာ မဟုတ်လား။ အချို့ဝတ္ထုတိုတွေမှာ တော့ သိတ်စိတ်ဝင်စားပုံမပေါ်ဘူးဆိုတဲ့ ပုံစံဝင်နေတာ ငြင်းလို့မရတဲ့ အချက်ပဲဆိုတာ သိပါတယ်။ ဒါပေမဲ့ လူ့စိတ်ဆိုတာ သိပ်ပြီး တသမတ်တည်းဖြစ်ပေါ်နေတာမှ မဟုတ်ပဲ။ ကျွန်မပတ်ဝန်းကျင်မှာ ကျွန်မအားမရတဲ့ အိမ်ထောင်သည်တွေ ရှိသလို၊ သဘောကျပီတိဖြစ် ရတဲ့ အိမ်ထောင်သည်တွေလည်း ရှိပါတယ်။ ဒီတော့ ကျွန်မဟာ တခါတခါမှာ Family Life ဖန်တီးမှုအပေါ် ယုံကြည်မှုရှိတယ်။ တခါတခါ ယုံကြည်မှု မရှိဘူး။ အဲဒါ ဆရာ့ကို အမှန်အတိုင်း ၀န်ခံတာနော်။

ဟိန်းလတ်။ ။ ပြင်သစ်စာရေးဆရာကြီးဆာ့(တ်) နဲ့ ဆီမွန်ဒီဗောဗွားတို့ဟာ လက်မထပ်ပဲ အတူတူ (Living Together) နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီး သူတို့သေမှပဲ သေကွဲကွဲခဲ့ကြပါတယ်။ ဆရာမရဲ့ အမှတ်တရထဲက ဇာတ်ကောင်တွေကကော ဒီသဘောပဲ လား။

ဂျူး။ ။ ဟာ .... မဟုတ်ဘူး။ သူတို့က အဲဒီလောက် အချိန်မရခဲ့ပါဘူး။ ကျွန်မဆိုလိုတာက ဒီလိုလေ...။ ဆာ့တ်နဲ့ ဆီမွန်ဒီဗောဗွားတို့လို လိုက်လျောညီထွေတဲ့ အတူလက်တွဲဖော်အဖြစ် နေကြည့်ဖို့ စီစဉ်ရလောက်အောင် သူတို့အချင်းချင်း နားလည်မှု မရခဲ့ပါဘူး။ စုစုထွေးနဲ့မောင်က ဒုတိယနှစ် စာသင်နှစ်ကုန်ဆုံးတဲ့ အချိန်ကျမှ နှစ်ဦးသဘောတူ ချစ်သူတွေဘ၀ ရောက်ခဲ့တယ်။ ဒီတော့ သူတို့ရဲ့ ချစ်သူသက်တမ်းဟာ 3rd M B မှာ စခဲ့တယ်။ တနှစ်၊ နှစ်နှစ်၊ သုံးနှစ်.....၊ အဲဒီကာလရောက်တော့ သူတို့ကြားမှာ crack တခု ရှိလာပြီ။ အဲဒီ crack ဟာ သေးရာကနေ တဖြေးဖြေး ကြီးလာတယ်။ နောက်ဆုံး မောင်ရဲ့ သစ္စာ မခိုင်မြဲမှု၊ စုစုထွေးရဲ့ လွတ်လပ်ခွင့်ကို မြတ်နိုးမှု၊ မာနတရားကို တန်ဖိုးထားမှု အဲဒါတွေအပေါ်မှာ မူတည်ပြီး ကွဲခဲ့ကြရတယ်။
ဆာ့တ်တို့ကျတော့ အောင်မြင်တဲ့ဘ၀ကို ဖန်တီးနိုင်ခဲ့တာ ကံကောင်းလို့ပဲလား၊ တယောက်နဲ့တယောက် အပေးအယူမျှလို့ပဲလား မပြောတတ်ဘူး။ လက်ထပ်စာချုပ်မရှိပဲနဲ့ သေတဲ့အထိ မခွဲပဲ အတူနေကြတာ တော်တော်လေး အံ့သြစရာကောင်းတယ်.... နော်။ အဲဒီလိုပဲ စာချုပ်စာတမ်းနဲ့ ခိုင်မြဲအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရားဝင်လက်ထပ်ပြီး၊ မကြခင်မှာ ကွဲကြရတဲ့ ဇနီးမောင်နှံတွေကျတော့လည်း အံ့သြစရာမကောင်းဘူးလား။

ပထမပိုင်းပြီး။

၁၉၈၉ မဟေသီမဂ္ဂဇင်း။

1 comment:

Anonymous said...

Thank you so much for the post. I like her thinking and creation.