(က)
(၁၉၇၄) က ကျွန်တော် ပုသိမ်ရောက်သွားသည်။ ပထမဦးဆုံးအကြိမ်။ ကျွန်တော် ပုသိမ်မရောက်ဘူး၍ သွားခြင်းပင်။ အဖော်များကတော့ ပါရဂူ၊ မင်းယုဝေ၊ တက္ကသိုလ်ဝင်းမွန်၊ တက္ကသိုလ်ဝင်းမွန်က ကျောင်းဆရာမြန်မာစာဌာနမှ လက်ထောက်ကထိက။ သူက ခေတ်သစ် မြန်မာကဗျာမိတ်ဆက်စာရေးသူ။ ပုသိမ်ကောလိပ်ကျောင်းအုပ်ကြီး ဦးခင်မောင်တင့်နှင့် သိသူ။ ပုသိမ်သွားညအိပ်ရေလမ်း ဗန္ဓက ခရီးကလည်း ရှတယမကာနံ့သင်း။ ဟင်းလျာကလည်း အရသာရှိ။ မှတ်မိနေသေးသည်။ ကျွန်တော်တို့ ရောက်ပြီး မကြာမီပင် တက္ကသိုလ်ဘုန်းနိုင်ရှိရာ ပုသိမ်ကောလိပ်သို့ သွားလည်ကြသည်။ သူနှင့် အဆင်သင့်တွေ့ရသည်။ ကျွန်တော် သူ့ကို ပထမဦးဆုံး တွေ့ဖူးခြင်း။ သူ့ဝတ္ထုတွေနှင့် ရင်းနှီးနေခဲ့သည်မှာ ကြာပါပြီ။ သူ၏ ကြော်ကြားသော ညီမလေးရယ်စိုးရိမ်မိတယ် ၀တ္ထုကို မှတ်မိနေသည်။ စစ်ပြီးခေတ် တက္ကသိုလ် အချစ်ဇာတ်လမ်း၊ ကျွန်တော်က ဘုန်းနိုင်ကို ပုသိမ်ကောလိပ် ကျောင်းအုပ်ကြီးအဖြစ်မမြင်၊ ဗန်းမော်တင်အောင်၏ "ဘုန်းမောင်တယောက်တည်းရယ်" ၀တ္ထုထဲမှ တယောရှင် ကိုဘုန်းနိုင်ကို မြင်နေသည်။ ကိုလံဘီယာတက္ကသိုလ်တွင် စိတ်ပညာ မဟာဝိဇ္ဇာတန်းအောင်သူ ဟူ၍လည်း မမြင်၊ သို့သော် ဗန်းမော်တင်အောင်၏ ဇာတ်လိုက်၊ ပညာရှင်၊ ပညာတတ်၊ ရုပ်ပုံလွှာက ကျွန်တော့်ကို လွှမ်းမိုးနေသည်။ ကိုဘုန်းနိုင်ကို ဗန်းမော်တင်အောင်၏ ဇာတ်လိုက်အဖြစ် ကျွန်တော်ခံစားနေမိသည်။
ကိုဘုန်းနိုင် တယောလေးနှင့် နွဲ့သည် မနွဲ့သည်ကိုတော့မသိ။ ကဗျာတော့ စပ်သည်။ ဗန်းမော်တင်အောင်၏ ဇာတ်လိုက်ကတော့ အနုပညာရှင် တယောဖြင့်နွဲ့သူ။ တက္ကသိုလ် ပညာတတ် ပါမောက္ခလည်း ဖြစ်သည်။
(ခ)
ဒုတိယကမ္ဘာစစ်ကြီးတွင် ကျွန်တော်ဖြတ်သန်းခဲ့သော မြန်မာ့သမိုင်းကို ပုဒ်မခြားလိုက် သည်။ စစ်ပြီးသောအခါ ကျွန်တော်တို့ တတွေလည်း လွတ်လပ်ရေးရသည်။ ယခင်က အင်္ဂလိပ်ဘုရင်ခံ၏ အိမ်တွင် ဖြူနီပြာ ယူနီယံဂျက်အလံ မရှိတော့။ သမ္မတအိမ်တော်တွင် ကြယ်ပွင့်ဖြူလေးများ မွှန်းပြောက်ထားသော အဖြူ၊ အပြာ၊ အနီ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အလံ။
လွတ်လပ်စ ဖွံ့ဖြိုးစပြုလာသည်။ စာပေတွင်လည်း ဖွံ့ဖြိုးစ ပြုလာသည်။ စစ်ပြီးစကတော့ တင့်တယ်၊ သန်းဆွေ စသော စာရေးဆရာများ၏ ၀တ္ထုများ စာဖတ်ပရိသတ်ကို ဖမ်းစားသည်။ သည့်နောက် (၁၉၅၀) ကကျော်သောအခါ ဗန်းမော်တင်အောင်၊ တက္ကသိုလ်ဘုန်းနိုင်၊ ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး စသော ၀တ္ထုရေးဆရာတို့၏ ၀တ္ထုများ တလက်လက်ပြိုးပြက်။
တက္ကသိုလ်ဘုန်းနိုင်၏ ညီမလေးရယ်စိုးရိမ်မိတယ် ၀တ္ထုမှာ လူငယ်များကြားတွင် ဆွဲဆောင်နိုင်သော ရသ၀တ္ထုအဖြစ် ထင်ရှားစ ပြုလာပေသည်။ ညီမလေးရယ်စိုးရိမ်မိတယ်တွင် တက္ကသိုလ်ဖာတ်လမ်း၊ အချစ်ဇာတ်လမ်း၊ ဇာတ်ကောင်များတွင် ထိုအခါက ရှိဆဲဖြစ်သော ဆိုရှယ်လစ် ကွန်မြူနစ်များ ပါဝင်သည်။ ယင်းသည်လည်း သမိုင်း၏ ပုံကားချပ်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် စစ်အေးဟူသော စကားရပ်ပေါ်ခဲ့သည်။ ယင်းစစ်အေးအရ အရင်းရှင် အုပ်စုနှင့် ဆိုရှယ်လစ်အုပ်စုတို့ သဘောတရားခြင်း ၀ါဒဖြန့်ချိရေး စစ်ပွဲ အဟုန်ပြင်းကာ လှုပ်ရှားလျက် ရှိသည်။ ဖဆပလအစိုးရကို ဆိုဗီယက်က လက်ယာဆိုရှယ်လစ်ဟု ခေါ်ဝေါ်၍ ဝေဖန်သည်ကို ဖတ်ရသည်။ ထိုအခါကတော့ ယနေ့ခေတ်နှင့်မတူ၊ လက်ဝဲလက်ယာဟူသော အသုံးအနှုန်းဖြင့် အင်အားစုများကို ခေါ်ဝေါ်တတ်ကြသည်။ ယနေ့တွင်တော့ လက်ဝဲလက်ယာ ဟူသော အသံများမကြားရတော့။ ထိုအခါက ကိုဘုန်းနိုင်သည် သူ၏ သမိုင်းအတွေ့အကြုံ၊ ကျောင်းသားဘ၀ အတွေ့အကြုံဖြစ်သော လူငယ်များ၏ ဇာတ်ကောင်များကို ခြယ်ရေးသည်။ သူမကြိုက်သော ဇာတ်ကောင်များတွင် လက်ဝဲသမားများ ပါသည်။ သူမကြိုက်သော၊ သူမခင်မင်သော လက်ဝဲသမားဇာတ်ကောင်များပါ၍ ကျွန်တော်မဖတ်ပဲ မနေ။ ဖတ်သည်။ သူ၏ ရသဖွဲ့နွဲ့မှုက ဆွဲဆောင်နိုင်သည်။ ကိစ္စမရှိ။ ၀တ္ထုဆိုသည်မှာ သူ့ခေတ်၊ သူ၏ ခေတ်ပြိုင်ခေတ်တွင် တကယ်ရှိသော ဇာတ်ကောင်များကို ဖွဲ့နွဲ့မြဲဖြစ်သည်။ ညီမလေးရယ် စိုးရိမ်မိတယ် ၀တ္ထုကို ရုပ်ရှင်လည်းရိုက်သည်။ ရုပ်ရှင်ကိုတော့ ကျွန်တော် သိတ်ကြိုက်လှသည် မဟုတ်။ ထို့နောက် သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင် ၀တ္ထုသည် ထင်ရှားလာသည်။ ထို (၁၉၆၀) ကျော်ကာလက လူကြိုက်များသော ၀တ္ထုတပုဒ်။ အုပ်ရေသောင်းကျော်သည်ဟု ကြားရသည်။ ထိုအခါ အုပ်ရေသောင်းကျော်သော စာဖတ်ပရိသတ်ရှိသူမှာ သူတယောက်ပင် ရှိမည်လားမသိ။ ထို့ကြောင့် ကျွန်တော်သူ့ကို စိတ်ဝင်စားသည်။ သို့သော် လူချင်းက မတွေ့ဘူး။ အခု ပုသိမ်ကျောင်းအုပ်ကြီးအဖြစ် တွေ့မြင်ရသည်။ သို့သော် ကျွန်တော်က သူ့ကို ဗန်းမော်တင်အောင်၏ ဇာတ်လိုက် ကိုဘုန်းနိုင်အဖြစ်သာ မြင်နေမိသည်။
ဗန်းမော်တင်အောင်သည် ၀တ္ထုရေးဆရာအဖြစ်သာမက နောင်အခါ အိန်းစတိန်း၏ နှိင်းယှဉ်မှုသဘောတရား အပါအ၀င် သိပ္ပံပညာရှင်များကို ရေးသားသူအဖြစ် ထင်ရှားလာခဲ့ သည်။ အစကတော့ ဗန်းမော်တင်အောင်၏ ၀တ္ထုများကို စိတ်ကူးယဉ်အဖြစ် ကျွန်တော် သတ်မှတ်ထားသည်။ ယခု သူ စိတ်ကူးသည့်အတိုင်ပင် ဒေါက်တာရေချမ်း အစရှိသော ပါမောက္ခများ၏ ပုံကားချပ်များကို ဖွဲ့သည်။ တက္ကသိုလ်ဘုန်းနိုင်သည် ဗန်းမော်တင်အောင် ဖွဲ့နွဲ့သော ဇာတ်လိုက်အတိုင်းပင် ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ပုံကားချပ်၊ စိတ်ကူးရုပ်ပုံမြင်နေရသည်။
ကိုဘုန်းနိုင်သည် သူ၏ ကလောင်အမည်ကို ဗန်းမော်တင်အောင်၏ ဘုန်းမောင်တ ယောက်ထဲရယ် ၀တ္ထုထဲမှယူကြောင်း တွေ့တိုင်းပြောသည်။ ကျေးဇူးသိသူဖြစ်သည်။ ရိုးသားစွာပင် ပြောသည်။ တချို့က မိမိမည့်သည့်ဝတ္ထုကို အတုခိုးသည်ကို ရေးလေ့မရှိကြ။ ကိုဘုန်းနိုင်ကတော့ အချစ်စိတ်ဖြင့် ရိုးသားစွာ ဖော်ထုတ်သည်ဟု ကျွန်တော်ခံစားမိသည်။ သူတင်ပြသော စာပေနှီးနှောဖလှယ်ပွဲ စာတမ်းတွင်လည်း ဤအတိုင်းပင် ဖော်ပြခဲ့သည်။ ကျွန်တော်၏ မေ၀တ္ထုကိုပင်လျှင် စာပေလောက၏ မှတ်တိုင်ထူသူဟု ရေးသည်ကို မှတ်မိနေ သည်။
(ဂ)
ကျွန်တော်သည် (၁၉၈၄) မှစ၍ မြို့တော်မှခွါကာ တောကျေးလက်သို့ ရောက်သွား သည်။ ကျွန်တော်က တောရိပ် တောင်ရိပ်ကို နေချင်သည်။ မြို့ပြ၏ မော်တော်ကားနှင့် ကတ္တရာလမ်းဖိတိုက်သံများနှင့် ဝေးရာသို့ သွားချင်သည်။ မှော်ဘီကလည်း ကျွန်တော် ကြိုက်သောနေရာ၊ ရေကန်၊ သစ်ပင်၊ ဘဲငန်းမျိုး၊ လရောင်၊ ပင်လယ်ကဗွီးပင်၊ ဒန့်ဒလွန်ပင်၊ မြက်ခင်းစိမ်းမြေတို့နှင့် ပွေ့ဖက်နေရသော တောကျေးလက်၊ စက်ရုံကျေးလက်ဖြစ်၍ ကျွန်တော် ကျေနပ်နေမိသည်။ ထိုအခါက ကျွန်တော်သည် မိမိကိုယ်ကိုမဲဇာပို့ခြင်း ကဗျာကို ရေးဖွဲ့ခဲ့သည်။ ကဗျာထဲတွင် မုန်းသူမရှိ၊ ချစ်သူသာရှိ၊ ရန်သူမရှိ၊ မိတ်ဆွေသာရှိယူသော အချစ်ခံစားမှုကို ရေးဖွဲ့သော ကဗျာစာလုံး။
ထို့နောက် ကျွန်တော် (၁၉၉၅) တွင် ရှမ်းရဌသို့ ရောက်သွားသည်။ ကလောသို့ ရောက်သွားသည်။ တူမနှင့် သွားနေသည်။ ကျွန်တော်ကြိုက်သော ထင်းရူးပင်ရနံ့သင်းသော၊ တောရိပ်တောင်ရိပ်နေရာ၊ ရှမ်းရဌ။ (၁၉၉၉) တွင် အောင်ပန်းသို့ ရောက်သွားသည်။ စာဆိုတော်ရက်တွင် စာရေးဆရာများ ကျွန်တော့်ထံ ၀င်လာတတ်သည်။ ထိုထဲတွင် တက္ကသိုလ်ဘုန်းနိုင်ပါသည်။ သည်အရင်ကလည်း ကျွန်တော်သူနှင့် ရန်ကုန်တွင် တွေ့တတ် သည်။ သန်လျင်သို့ မပြောင်းမီ ဦးဝိစာရလမ်းအနီးရှိ အိမ်တွင် ဆုံဖြစ်ကာ စာပေအကြောင်း နေ့ဝက်လောက် ပြောဖြစ်ကြသည်။ သူက စိမ်းသော သစ်ပင်အောက်မှာ ဆိုသော ကျွန်တော်၏ မေ၀တ္ထုထဲမှ စကားလုံးကို ယူ၍ ပြောသည်။ ကျွန်တော့်ကို နားလည်သူ၊ ခင်မင်သူဟု ခံစားခဲ့သည်။ ထို့နောက် အောင်ပန်းသို့ သူရောက်လာသည်။ စာဆိုတော်နေ့ ဟောပြောသူများနှင့်အတူ ထိုအခါက ခေတ်ပေါ်ကဗျာအကြောင်း ပြောဖြစ်သည်။ ခေတ်ပေါ် ကဗျာဆိုသော်လည်း ထိုအခါက မော်ဒန်ဟု အင်္ဂလိပ်လို ခေါ်နေသော ကဗျာအဖွဲ့အနွဲ့ အကြောင်းပြောဖြစ်သည်။ သူက ယင်းသို့ ကာရန်မပါသော စကားပြေကဗျာများကို အသိုင်း အ၀ိုင်းတခုက စိတ်ဝင်စားသည်ဟု ပြောသည်။ လူ့အသိုင်းအ၀ိုင်းဟူသော စကားကို အင်္ဂလိပ် ဘာသာဖြင့် coteric (အကြိုက်တူ လူနည်းစုအသိုင်းအ၀ိုင်း)
ကျွန်တော်သည် ရုပ်ရှင်တေးကဗျာတွင် လစဉ်ပါသော သူ၏ (ဂရိခေတ်ကစ၍ ကောက်ထားသော အနောက်နိုင်ငံ ကဗျာသမိုင်းကို မြန်မာကဗျာနှင့် နှိုင်းယှဉ်ဖော်ပြသော လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ) ဆောင်းပါးရှည်ကို ဖတ်သည်။ သူသည် တကယ်စာဖတ်ပြီး နားလည်သူ ဖြစ်သည်။ လူငယ်များ ဖတ်သင့်သော ဆောင်းပါးများ။
မျိုးဆက်ကွာဟနေသော လူငယ်များကို သူက ဖြည့်ပေးချင်သော အချစ်စိတ်ဖြင့် နှိုင်းယှဉ်ဖွဲ့ခြင်းဖြစ်သည်ဟု ခံစားမိသည်။ ကာရန်နှင့် ပါတ်သက်၍ ပြောသောအခါ ကျွန်တော်က ကဗျာမှာ ၀န်ဆောင်မှုတခုပဲဗျဟု ပြောတော့ ခေါင်းညိတ်သည်။ ၀န်ဆောင်မှု ဟူသော စကားလုံးကို သဘောကျသွားဟန်တူသည်။ ကာရန်သည် ကဗျာ၏ ၀န်ဆောင်မှု တရပ်။
မနှစ်က ကျွန်တော် ရန်ကုန်တွင် ရောက်နေစဉ် သန်လျင်သို့ သူနှင့် တွေ့ရအောင် သွားသည်။ ရုပ်ရှင်တေးကဗျာမှ တင်တင်ဦးက လိုက်ပို့ခြင်း ဖြစ်သည်။ သို့သော် မတွေ့။ မနက်ကပင် မော်လမြိုင်သို့ ပါသွားကြောင်း သူ့သမီးကပြော၍ လှည့်ပြန်ခဲ့ရသည်။ သို့သော် နတ်ရှင်နောင်၏ အုတ်ဂူသို့ ရောက်သွားသည်။ ပဒေသရာဇာ၏ အုတ်ဂူသို့ပင် ရောက်သွားသည်။
(ဃ)
တက္ကသိုလ်ဘုန်းနိုင်ကို ကျွန်တော်က အချစ်စိတ်ဓာတ် ကိန်းအောင်းနေခဲ့သူဟု ထင်နေခဲ့သည်။ သူနှင့် ကျွန်တော်သည် အရာရာတွင် ထပ်တူချင်မှ တူမည်။ ဒဿနဗေဒလည်း တူချင်မှ တူမည်။ သို့သော် သူ့အချစ်စိတ်ရှိသည်ကိုကား ကျွန်တော်က ကျေနပ်နေခဲ့သည်။ သူသည် တကယ်ပင် အနုပညာရှင်၊ ပါမောက္ခပညာရှင်၊ သူစွဲလမ်း ကိုယ်ပွါးလုပ်ချင်သော ဗန်းမော်တင်အောင်၏ ဇာတ်လိုက် ဘုန်းမောင်တယောက်ထဲရယ်မှ မင်းသား ကိုဘုန်းနိုင်၊ ပါမောက္ခကိုဘုန်းနိုင်။
ဒဂုန်တာရာ။
ဟန်သစ်မဂ္ဂဇင်း၊ မေလ၊ ၂၀၀၄။
1 comment:
တက္ကသိုလ်ဘုန်းနိုင်က ညီမလေးရယ်... ၀တ္ထုထဲမှာ မာက်စ်ဝါဒဟာ ပေါက်ပင်ဘာလို့ ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ်ဆိုပြီး ဝေဖန်သွားတယ်ဗျ။ ဒီစာအုပ်ရေးပြီးတော့ သူလဲ အမေရိက ပညာတော်သင်သွားရတာပဲလေ။
ကမ္ဘာကုန်ကျယ်သရွေ့... ထဲမှာတော့၊ တက္ကသိုလ် နိုင်ငံရေးဆိုတာ တောင်ပြုံးပွဲတဲ့ဗျာ။
ဦးအောင်သင်း ပြောသလို မြေပဲ အပုတ်စေ့ကြီးဝါးမိ သလိုပါပဲ။ အရေးအသားအဖွဲ့အနွဲ့တွေ ကောင်းမည်ကောင်းလျက်နဲ... မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကြီးဖြစ်တော့သည်လို့.. သီချင်းကအဆုံးသတ်သွားလို့... မြေပဲကလေးဟာ တထုတ်လုံးစာလာလိုက်တာ ကောင်းနေရာက ပြီးခါနီးမှ အပုတ်စိဝါးမိတာနဲ့ တထုတ်လုံး ပျက်ရော..ဆိုသလို။
Post a Comment