Thursday, August 28, 2008

ဂျူးနှင့်အင်တာဗျူး {ဒုတိယပိုင်း}
ရေးသူ- ဟိန်းလတ်


ဟိန်းလတ်။ ။ အနုပညာဆိုတာ တန်ဘိုး မဖြစ်စကောင်းပါဘူး။ ဒါပေမဲ့ မေးပါရစေ။ ဆရာမအနေနဲ့ စာပေရေးသားမှုကြောင့် ရတဲ့ဥာဏ်ပူဇော်ခဟာ ဒီနေ့ခေတ်မှာ ထိုက်ထိုက် တန်တန် ရတယ်ထင်ပါသလား။

ဂျူး။ ။ ဥာဏ်ပူဇော်ခဆိုတဲ့နေရာမှာ ၀တ္ထုတိုကို ပြောတာလား၊ လုံးချင်းဝတ္ထုကို ပြောတာလား။

ဟိန်းလတ်။ ။ လုံးချင်းပေါ့။

ဂျူး။ ။ ဟာ.... အဲဒါဆိုရင်တော့ ဆရာ့မေးခွန်းက ကျွန်မနဲ့ ထုတ်ဝေသူကို ရန်တိုက် ပေးလိုက်တာပဲ။ ဒါပေမဲ့ ကျွန်မ အမှန်အတိုင်းဖြေပါ့မယ်။
ကျွန်မလုံးချင်း သုံးအုပ်စီစဉ်ပြီးပြီ။ 'အမှတ်တရ၊ ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့၊ ကြာတော့သည်လည်းမောင့်စကား' နောက်နှစ်အုပ်ကထားပါတော့၊ ကျွန်မတောင်းတဲ့ ပမာဏ အတိုင်း ပေးတာပါ။ 'အမှတ်တရ' ကျတော့..... အုပ်ရေ စုစုပေါင်းနဲ့တွက်ရင် ကျွန်မရတဲ့ငွေက နည်းများနည်းသလားလို့ တွက်မိတယ်။ ဒါပေမဲ့ အဲဒါကလည်း ကျွန်မရဲ့ အားနာတတ်တဲ့ အားနည်းချက်ကြောင့်ပါ....။ ဒါတွေ အရှည်မပြောတော့ဘူးနော်...။ ပြီးလဲပြီးသွားခဲ့ပြီ၊ သိပ်အ ရေးပါတဲ့အချက်တွေလည်း မဟုတ်ပါဘူး။



ဟိန်းလတ်။ ။ တချို့ စူပါစာရေးဆရာတွေက သူ့ဝတ္ထုကို မဂ္ဂဇင်းထဲမှာ ဖော်ပြရင် ဘယ်ပန်းချီဆရာနဲ့မှ၊ အော့ဖ်ဆက်ဘယ်နှစ်ရောင်နဲ့မှ၊ ငွေဘယ်လောက်ကြိုပေးမှ စသဖြင့် ပြောတတ်ကြတယ်။ အဲဒါတွေကို ဆရာမ ဘယ်လိုသဘောရသလဲ။

ဂျူး။ ။ ကျွန်မဆိုရင်တော့ အဲဒီလိုမလုပ်ဘူး။ စဉ်းစားကြည့်လေ....။ ဒါအယ်ဒီတာရဲ့ လုပ်ပိုင်ခွင့်ကို ၀င်စွက်ဖက်တာ မဟုတ်ဘူးလား။ ၀တ္ထုသရုပ်ဖော်ပုံဟာ ၀တ္ထုကို အရောင်ကြွ တက်လာစေတာတော့ ကျွန်မ၀န်ခံတယ်။ ဒါပေမဲ့ အယ်ဒီတာတွေဟာ သင့်တော်မဲ့ ပန်းချီဆရာ ကို သူ့ပညာနဲ့ ရွေးနိုင်စွမ်းရှိပါလိမ့်မယ်။ ဒါသူတို့ တာဝန်ပဲ။ ကျွန်မတို့ တာဝန်က ကိုယ့်စာကို ကိုယ် စိတ်တိုင်းကျဖို့ပဲ မဟုတ်ဘူးလား။ ငွေကိစ္စကိုတော့ ကျွန်မ မပြောလိုပါဘူး။ စာရေးဆရာတဦးစီမှာ သူ့ Problem နဲ့သူ ရှိမှာပဲလေ။

ဟိန်းလတ်။ ။ ဆရာမက ဆရာဝန်ဆိုတော့ တချိန်ချိန်မှာ ၀န်ထမ်းဖြစ်တော့မှာပဲ၊ ဆရာကြီးတဦးက ပြောဖူးတယ်လေ။ နုနုရည်(အင်းဝ)ဟာ အမှုထမ်းမလုပ်ပဲ၊ စာပဲဖိရေးလို့ ထူးချွန်လာတာ၊ ဘာညာ။ မောင်စိန်ဝင်း(ပုတီးကုန်း)လဲ အလုပ်က ထွက်ရင် ပိုကောင်းမယ်၊ ဘာညာ။ ခုဆို မောင်စိန်ဝင်းလဲ အလုပ်က ထွက်ခဲ့ပြီ ကြားတယ်။ ဆရာမကော ၀န်ထမ်းမလုပ်ပဲ စာချည်းသက်သက်ရေးမလား။ ဒီအယူအဆကို လက်ခံပါ့မလား။

ဂျူး။ ။ တခြားဝန်ထမ်းတွေအတွက်တော့ မပြောတတ်ဘူး၊ ဆရာဝန်တယောက် အနေနဲ့တော့ သူ့ရဲ့လွတ်လပ်မှုဟာ ၀န်ထမ်းဖြစ်မှု မဖြစ်မှုပေါ်မှာ မူတည်မနေဘူး။ သာမန် အားဖြင့် ဆရာဝန်ဖြစ်လာရင် သူ့မှာ လူနာဆိုတာ ရှိလာတယ်။ လူနာကို စမ်းသပ်ကုသတာဟာ သူတို့ရဲ့ ပညာပဲဖြစ်တယ်။ ကိုယ့်ပညာကိုယ် အရောင်တင်ဖို့အတွက်၊ စီးပွါးရေးအတွက် စသည်ဖြင့်ပေါ့လေ။ အားလုံးလိုလို ကိုယ်ပိုင်ဆေးခန်း ထားကြတာပဲ။ အားလပ်တဲ့အချိန်မှာ စာရေးတယ်။ သာမန်သဘောပေါ့။ ၀န်ထမ်းဖြစ်သွားရင် အဲဒီဆရာဝန်ဟာ မနက် ၉ နာရီက ညနေ ၄ နာရီအထိ ဆေးရုံမှာ သေချာပေါက် နေရမယ်။ ညနေတာဝန်ရှိရင် ညနေတာဝန် ယူရမယ်။ ညတာဝန်ရှိရင် ညတာဝန် ယူရမယ်။ ကိုယ်ပိုင်ဆေးခန်းမှာကော လွတ်လပ်မယ် ထင်သလား။ မထင်နဲ့ဆရာ။ အနည်းဆုံး ကျွန်မအတွက်တော့ မဟုတ်ဘူး။ ကျွန်မဆိုရင် ကိုယ်ပိုင်ဆေးခန်းဟာ အိမ်နဲ့ တဆက်ထဲပဲ၊ ကျွန်မဆိုင်းဘုတ်ရေးထားတယ်။ နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီအထိ။ ညနေ ၆ နာရီမှ ည ၈ နာရီအထိလို့ ဒါပေမဲ့ လူနာဆိုတာ ဝေဒနာသည်ပဲ၊ သူတို့ ဝေဒနာ ခံစားရတဲ့အချိန် လာမှာပဲ။ ညသန်းခေါင်လည်း လာနှိုးတတ်တာပဲ။ မနက် ၄နာရီလည်း လာနှိုးတတ်တာပဲ။ ကိုယ်ရှိနေလျက်နဲ့ ရှိနေတာကို သိလျက်နဲ့ အချိန်တိကျဖို့ တွက်ကပ်နေလို့ ဘယ်ဖြစ်မလဲ...... နော်။
နေ့လည် ထမင်းစာချိန်မှာလဲ အသည်းအသန် လူနာလာလို့ ထမင်းကို ရပ်ထားလိုက်ရ တာတွေ ရှိတာပဲ၊ ဒီတော့ ဘာထူးမှာလဲ။ ၀န်ထမ်းဖြစ်လဲ ဒီလောက်အတိုင်းအတာပဲ။ မဖြစ်လဲ ဒီလောက်အတိုင်းအတာပဲ။ တခြားဝန်ထမ်းတွေကျတော့ ရုံးချိန် ပြီးဆုံးသွားတဲ့ အချိန်မှာ လွတ်လပ်ခွင့် အပြည့်အ၀ရှိတယ်။ ပိုပြီး လွတ်လွတ်လပ်လပ် ဖန်တီးရေးသားနိုင်အောင် ၀န်ထမ်းဘ၀ကို စွန့်လွှတ်တယ်ဆိုတာ ဖြစ်နိုင်တာပါပဲ။

ဟိန်းလတ်။ ။ ရင်ခုန်သံ အမှတ်တစ်မှာ ဂျူးဘာသာဗေဒ ဆိုပြီး ဖတ်ရတယ်။ ရှေ့လ ဆက်ဖတ်ပါဆိုပြီး ခုတော့ မတွေ့ရတော့ဘူး။ ဂျူးဘာသာဗေဒကို ဆရာမအနေနဲ့ ကိုယ်တိုင် ရှင်းပြရင် ကောင်းပါမယ်။

ဂျူး။ ။ ကျွန်မက ဒီကိစ္စမှာ ဘာမှမသိလိုက်တဲ့ အပြင်လူသက်သက်ပါ။ ကျွန်မသိရ သလောက်တော့ တင်ထုတ်စာစောင်တခုအတွက် အယ်ဒီတာနှစ်ဦးက ဆရာကြီး ဒဂုန်တာရာဆီ သွားချဉ်းကပ်တယ်လို့ ပြောတာပဲ။ အဲဒီမှာ ဆရာကြီးကလဲ အတတ်နိုင်ဆုံး ကြိုးစားပြီး ဖြေပေးတယ်။ ဒါပေမဲ့ အဲဒီစာစောင် မထွက်ဖြစ်ဘူး။ တနှစ်လောက်ကြာမှ ရင်ခုန်သံမဂ္ဂဇင်းမှာ ပါလာတယ်တဲ့။ ရှေ့လဆက်ရန်ဆိုပေမဲ့ နောက်လ မပါလာဘူး။ စဉ်းစားကြည့်ရသလောက်တော့ ဆရာကြီးဆီက သူတို့ ဒီလောက်ပဲ ရခဲ့လို့လား မသိပါဘူး။

ဟိန်းလတ်။ ။ ဂျူးဘာသာဗေဒ ဆိုတာရော ဘယ်သူပေးလိုက်တဲ့ နာမည်လဲ ဆရာမသိလား။

ဂျူး။ ။ ဆရာကြီးပေးတဲ့ နာမည်တော့ မဟုတ်ဘူးတဲ့၊ ဖြစ်နိုင်တာကတော့ ဆရာကြီးက တချိန်တုန်းက မှိုင်းဗေဒဆိုပြီး တခါရေးဘူးတော့ အယ်ဒီတာတွေကလည်း ဆရာကြီးရဲ့ စကားအသုံးနဲ့ ဆင်တူအောင် ဂျူးဘာသာဗေဒလို့ ရေးလိုက်တာနဲ့တူတယ်။

ဟိန်းလတ်။ ။ 'အမှတ်တရ' ၀တ္ထုထဲက ဇာတ်ဝင်ခန်းမှာပါတဲ့ အိမ်ကလေးကို မန္တလေးက လူတွေက သွား,သွားရှာကြတယ်လို့ ကြားရပါတယ်။ ဟုတ်ပါသလား။

ဂျူး။ ။ ဟုတ်ကဲ့၊ ကျွန်မကြားပါတယ်။

ဟိန်းလတ်။ ။ ရှားလော့ဟုမ်းရဲ့အိမ်ကို အင်္ဂလန်မှာ လူတွေရှာသလို ဖြစ်မှာပေါ့။

ဂျူး။ ။ အံမယ် ရှားလော့ဟုမ်းရဲ့ အိမ်ကို သူတို့ တွေ့, မတွေ့တော့ မသိဘူး။ ကျွန်မ ၀တ္ထုထဲက အိမ်ကလေးကိုတော့ သူတို့ တွေ့သတဲ့။ ကျွန်မ သတင်း ပြန်ကြားရပါတယ်။

ဟိန်းလတ်။ ။ အခု ၀တ္ထုသစ်မှာတော့ အဲဒီလို အမှတ်တရဖြစ်စရာ အိမ်တွေဘာတွေ တွေ့ပါသေးသလား။

ဂျူး။ ။ ကျွန်မထုံးစံအရ မြို့၊ လမ်း၊ နာမည်တွေကို အပြင်လောကအတိုင်း ရေးတတ်ပါ တယ်။ အိမ်နံပါတ် ဘာညာ မပါပါဘူး။ အခုဝတ္ထုမှာလည်း အဲဒီလို ခပ်ဆန်ဆန်ပါဘဲ။ တိုက်ခန်းလေးတခုပေါ့။

ဟိန်းလတ်။ ။ 'ကြာတော့သည်လည်းမောင့်စကား' ၀တ္ထုသစ် ထွက်တော့မယ်လို့ သတင်းစာထဲမှာ ကြော်ငြာပါတာ တွေ့ရပါတယ်။ အဲဒီဝတ္ထုနဲ့ ပါတ်သက်လို့ ကြောငြာတဲ့ သဘောမျိုးမဟုတ်ပဲ ၀တ္ထုဖြစ်ပေါ်လာပုံလေး နည်းနည်းလောက် ပြောပြပါလား။

ဂျူး။ ။ အဲဒီဝတ္ထုက ဖန်တီးရာမှာ ကျွန်မငယ်စဉ်နဲ့ အရွယ်ရောက်ခါစ ဘ၀တလျှောက်လုံးမှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဆန္ဒ၊ ကြိုးစားမှု၊ အောင်မြင်မှု၊ ဆုံးရှုံးမှုတွေအပေါ်မှာ အခြေခံပြီး ရေးထားပါတယ်။ အစစအရာရာ အတတ်နိုင်ဆုံး အပြင်လောကနဲ့ သရုပ်တူ အချက်အလက်မှန်တွေ အပေါ်ကနေ တဆင့်ပွါးယူတယ်။ လိုနေတာတွေ ဖြည့်တယ်။ အစီအစဉ်ကျမှုရဲ့ အပြင်ဘက်မှာ ရှိတယ်လို့ ထင်တာတွေ ဖြုတ်ချတယ်။ ဒီလောက်ဆို ရပြီလား ဆရာ။

ဟိန်းလတ်။ ။ ၀ါရင့်စာပေ ဝေဖန်ရေးဆရာကြီးတဦးက "မြင်ကွင်းကျယ်" ထဲက ဇာတ်ကောင်ဟာ စိတ်ကစဥ့်ကလျား ရောဂါသည်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ကတော့ ၀က်ရူးပြန်ရောဂါသည်လို့ ထင်ပါတယ်။ ကျွန်တော့်အထင်မှန်ရဲ့လား။

ဂျူး။ ။ ဟုတ်ကဲ့၊ ကျွန်မရေးတာကတော့ ၀က်ရူးပြန်ရောဂါသည် ကောင်မလေး အကြောင်းပါ။ သူကပြောတော့ စိတ်ကစဥ့်ကလျားရောဂါသည်လို့ ပြောတယ်ထင်ပါတယ်။ ကျွန်မတော်တော် စိတ်ဓါတ်ကျသွားပါတယ်။ ကျွန်မတတ်နိုင်သမျှတော့ လုပ်ခဲ့တာပါ။ ၀က်ရူးပြန်ရောဂါသည် တယောက်ရဲ့ ရောဂါလက္ခဏာ ခဏစားမှု အဆင့်ဆင့်ကို တတ်နိုင်သမျှ ရေးခဲ့တာပါ။ ရောဂါမဖြစ်ခင် ကြိုတင်သိမှုခေါ်မလား (Auraဆိုတာမျိုးလေ) အဲဒီမှာ လူနာဟာ အနံ့အသက်ရတာတို့၊ ရေအလွန်ငတ်တာတို့၊ စိတ်မသိုးမသန့် ဖြစ်တာတို့ ကြုံတွေ့ရလေ့ရှိ ပါတယ်။ အဲဒီအတိုင်းလည်း ကျွန်မရေးခဲ့တယ်။ နောက်ဆုံး သာမန်စာဖတ်ပရိသတ် မသိမှာ စိုးလို့ စာကြောင်းတကြောင်း ထပ်ဖြည့်ခဲ့ပါသေးတယ်။ ကောင်မလေးရဲ့ တံခါးပေါက်အထက်မှာ ကောင်မလေးရဲ့ လက်ရေးနဲ့ ရေးပြီး ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ပေါ့၊ '၀က်ရူးပြန်ရောဂါရှိသူ မ၀င်ရ' လို့ ရေးထားတာပါ။ အဲဒါကိုမှ မသိဘူး ဆိုရင်တော့..... ကျွန်မသရုပ်ဖော်ညံ့လို့ပဲ ဖြစ်ပါလိမ့်မယ်။

ဟိန်းလတ်။ ။ 'အမှတ်တရ' ကို ရုပ်ရှင်လား၊ ဗွီဒီယိုလား မသိဘူး ရိုက်မယ်လို့ သတင်းသိုးသိုးသန့်သန့် ကြားတယ်။ အဲဒါကရော...။

ဂျူး။ ။ ဗွီဒီယိုရိုက်ချင်တယ်လို့ ကမ်းလှမ်းသူ ရှိပါတယ်။ ဇာတ်ညွှန်းခွဲပြီးသား ကျွန်မကို လာပြမယ်။ ကျွန်မသဘောကျရင် ရိုက်ပါမယ်လို့ ပြောပါတယ်။ သိတ်တော့ မသေချာသေးပါဘူး။

ဟိန်းလတ်။ ။ ဆရာမ အင်တာဗျူးတခုမှာ ပြောဖူးပါတယ်။ စာရေးဆရာ နိုင်ဝင်းဆွေရဲ့ 'နွေတည' နဲ့ 'ရေဆန်လမ်း' ကို အကြိုက်ဆုံးလို့......

ဂျူး။ ။ ဟုတ်ကဲ့..... ပြောခဲ့ဖူးပါတယ်။

ဟိန်းလတ်။ ။ တကယ်တော့ နိုင်ဝင်းဆွေရဲ့ 'နွေတည' ဟာ (Romantic) ၀တ္ထု ပါ။ အနုပညာအား အင်မတန်ကောင်းတဲ့ ၀တ္ထုရယ်လို့ စာဖတ်ပရိသတ် တော်တော်များများက လည်း လက်ခံနှစ်သက်ကြပါတယ်။ ဒါပေမဲ့ နိုင်ဝင်းဆွေကိုယ်တိုင်က 'မဟူရာမေတ္တာ' တို့ 'နွေတည' တို့ကို သူနုစဉ်တုန်းက ရေးခဲ့တာပါ။ နောက်ပိုင်းမှာ ဒါမျိုးတွေ သဘောမကျလို့ 'ရေဆန်လမ်း' တို့၊ 'ဘ၀စာမျက်နှာ' တို့လို ဘ၀သရုပ်ဖော်တွေကို လိုင်းပြောင်းရေးခဲ့ပါတယ်လို့ ၀န်ခံခဲ့ပါတယ်။ ဒီတော့..... ဆရာမက နိုင်ဝင်းဆွေရဲ့ 'နွေတည' ရော၊ 'ရေဆန်လမ်း' ပါ ကြိုက်တယ်ဆိုတာဟာ မတူညီတဲ့ သဘောတရားနှစ်ခုစီ ရောဖြစ်နေသလား လို့ပါ။ အဲဒီ သဘောလေး နည်းနည်းရှင်းပြစေချင်ပါတယ်။

ဂျူး။ ။ ဟုတ်ကဲ့.... ဒီအကြောင်းကို ကျွန်မကလည်း အကျယ်တ၀င့် ပြောချင်နေတာ နဲ့ အတော်ပါပဲ။ နိုင်ဝင်းဆွေရဲ့ အနုပညာမှာ အပိုင်းနှစ်ပိုင်းကွဲနေတယ်။ နိုင်ဝင်းဆွေဟာ ရိုမန်တစ်ဝတ္ထုတွေအဖြစ် 'မြစပါယ်ရုံ' တို့ 'နိုးတ၀က်အိပ်မက်' တို့ နောက်ပြီး 'မဟူရာမေတ္တာ'.... 'နွေတည' တို့ကို ရေးခဲ့ပါတယ်။ နောက်ပိုင်းကျတော့ ၁၉၇၀ နောက်ပိုင်းထင်ပါရဲ့ ....။ 'မသိန်းရှင်ဆီပို့ပေးပါ' ၀တ္ထုနဲ့ သူ့ရဲ့ လူတန်းစားရပ်တည်မှုကို ခိုင်ခံ့စေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မက 'နွေတည' ရဲ့ စာရေးဆရာအဖြစ် နိုင်ဝင်းဆွေကို စိတ်ဝင်စားတုန်းပါပဲ။ မသိန်းရှင် ၀တ္ထုဟာ စာပေလောကမှာ ဂယက်ရိုက်ခတ်ခဲ့ပေမယ့် ကျွန်မအဲဒီဝတ္ထုကို မကြိုက်ခဲ့ပါဘူး။ ၁၉၇၃ ခုနှစ်မှာ 'ဘ၀စာမျက်နှာများ' ဆိုတဲ့ စာအုပ်ထွက်လာတယ်။ အဲဒါ လုံးချင်းဝတ္ထု မဟုတ်ပါဘူး။ မိုးဝေမဂ္ဂဇင်းထဲမှာ ရေးတဲ့ ဆောင်ပါးသဘောမျိုး ၀တ္ထုတိုကလေးတွေ ရောထည့်ပြီး ပုံနှိပ်ထားတဲ့ စာအုပ်ပါ။ အဲဒီစာအုပ်ထဲက ကျွန်မစိတ်ကို အထိခိုက်ဆုံးဝတ္ထုက 'ဆန်းစစ်ခြင်း' ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့ 'ဘ၀စာမျက်နှာများ- ၆' ပါပဲ။ အဲဒီထဲမှာ သူက ၀က်ရူးပြန်ရောဂါစွဲကပ်နေတဲ့ ညီမလေးအကြောင်းကို အဓိကထားရေးတယ်။ အဲဒီ ညီမလေးအပေါ် သူ့ရဲ့ ကြင်နာသနားမှု၊ ဒေါသထွက်မှု၊ စိတ်မထိန်းနိုင်လွန်းလို့ ရိုက်ပုတ်ပစ်လိုက် ပြီးတော့ မြင်တွေ့ရတဲ့ ဒုက္ခိတညီမရဲ့ ၀မ်းနည်းအားငယ်ခြင်းအပေါ်မှာ ကိုယ့်ကိုယ်ကို ယူကျုံးမရဖြစ်မှု၊ အဲဒါတွေကို အနုပညာမြောက်စွာ ရေးသားခဲ့တယ်။ လူတန်းစေ့ လူနဲ့တူအောင် မနေရတဲ့ သူ့ညီမလေးကို ဘာမဟုတ်တဲ့ အကြောင်းလေးကြောင့် ၀ါးလုံးနဲ့တောင် ရိုက်ပစ်ခဲ့မိ တာဟာ သူ့စိတ်ထဲမှာ တစ္ဆေခြောက်သလို စွဲကျန်ရစ်ခဲ့တော့တာပဲ...။ ကျွန်မ အဲဒီဝတ္ထုကို ဖတ်ပြီး နိုင်ဝင်းဆွေနေရာမှာ မျှဝေခံစားလိုက်မိပါတယ်။
အဲဒီ 'ဘ၀စာမျက်နှာများ' ကို ရီယယ်လစ်ဇမ်အဖြစ် မုဒိတာနဲ့ ချီးကျူးမိပြီးမှ 'ရေဆန်လမ်း' ကို ဖတ်ရပါတယ်။ 'ရေဆန်လမ်း' ကို ဖတ်တော့ ပထမအကြိမ်မှာ ကျွန်မ မကြိုက်ပါဘူး။ ၀ါဒရေးရာတွေ အယူအဆ တွေ ရှုပ်ထွေးလွန်းတော့ ကျွန်မအာရုံမစူးစိုက် နိုင်ခဲ့ဘူး။ ကျွန်မအာရုံထဲ စွဲသွားတဲ့ အဖြစ်တခုပဲ ရှိတယ်။ ဒါကတော့ 'ရေဆန်လမ်း' ထဲက 1st Person မဟုတ်တဲ့ ဇာတ်ကောင်ချစ်သန်းရဲ့ နေရာ၊ လေးတိုင်စင်တဲလေးပဲ။ ချစ်သန်းက သုံးထပ်တိုက်ရဲ့ အမိုးဖျားပေါ်မှ ဆောက်ထားတဲ့ တဲကလေးမှာ နေတာပါ။ အဲဒီမှာ ကျွန်မသွားသတိရတာက ဂျမန်ဝတ္ထုတိုတပုဒ်ပဲ။ ၀တ္ထုနာမည်က Above the Rooftops တဲ့။ ရေးတဲ့သူနာမည်တော့ မမှတ်မိတော့ဘူး။ အဲဒီထဲမှာလဲ ဇာတ်လိုက်က လေးထပ်တိုက်ကြီးရဲ့ ခေါင်မိုးပေါ်က အိမ်ကြီးမှာ အခန်းငှားနေတာကိုး။ အဲဒီဇာတ်ကွက်ကို ကျွန်မ စွဲနေခဲ့တယ်။ ဒါနဲ့ သုံးလေးနှစ်ကြာတော့ 'ရေဆန်လမ်း' နောက်တကြိမ်ပြန်ဖတ်ပါတယ်။
နိုင်ဝင်းဆွေဟာ Realism ကို စိတ်ထဲ အသွေးအသားထဲက တကယ်ယုံကြည်လို့ ရွေးချယ်တဲ့ စာရေးဆရာဖြစ်တယ်။ ဒါပေမဲ့ သူလိုချင်တဲ့ Realism ဟာ သရုပ်ဖော်ခြင်း သက်သက်မဟုတ်ဘူး။ သရုပ်ဖော်ဝါဒရဲ့ အနှစ်သာရကို လိုချင်တာ၊ တော်လှန်တဲ့ အနှစ်သာရကို လိုချင်တာ၊ Realism ကို တိုးတက်တဲ့စာပေအဖြစ် ချီးကျူးဝေဖန်သူတွေကိုလဲ အနှစ်သာရကိုပဲ ချီးကျူးစေချင်တယ်။ သရုပ်ဖော်ခြင်းအတတ်ကို ချီးကျူးစေချင်တာ မဟုတ်ဘူး။ ၀တ္ထုရဲ့တနေရာမှာ သူက Realism ရဲ့ ရုပ်ဝတ္ထုဦးစားပေးမှုကို စက်ယန္တယားရုပ်ဝါဒ ဘက် ဆန်သွားတယ်လို့ သူက မြင်သွားတယ်။ ဒီလိုပဲ..... စိတ်ပိုင်းဆိုင်ရာ ဦးစားပေးမှုကို ကျပြန်တော့ စိတ်ဝါဒ တက္ကဗေဒဆန်တယ်လို့ မြင်သွားတယ်။ စာရေးသူကိုယ်တိုင် ဝေခွဲမရ ဖြစ်ခဲ့ရတာကို ရေးပြထားတယ်။ ဒါပေမဲ့ ၀တ္ထုရဲ့ နောက်ပိုင်းကျတော့ သူဟာ ရုပ်ဝါဒအမြင်ကို လက်ခံသွားတယ်လို့ ကျွန်မထင်တယ်။ အဲဒီမှာ ကျွန်မနဲ့ စာရေးဆရာနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားတယ်။ အယူအဆနှစ်ခု ဆန့်ကျင်သွားတာပါပဲ။ သူက ပုဂ္ဂလိက၀ါဒကို အရင်းရှင်ဝါဒ အဖြစ် တိုက်ဖျက်ဖို့ ကြိုးစားနေတယ်။ အနုပညာတခုကို မှန်ကန်တဲ့ လူတန်းစားရပ်တည်ချက်နဲ့ ဖန်တီးသင့်ကြောင်း နှိုးဆော်တယ်။ ကျွန်မက ပုဂ္ဂလိက၀ါဒ၊ အာရုံခံစားခြင်း...... ဒါတွေကို ယုံကြည်သူဖြစ်တယ်။ လွတ်လပ်စွာ ဖန်တီးဖို့ စိတ်ကူးရှိသူဖြစ်တယ်။ သူက စာပေဟာ နိုင်ငံရေးကို နာခံရမယ်လို့ ဆိုတယ်။ ကျွန်မကတော့ စာရေးဆရာတယောက်အဖို့ နိုင်ငံရေး ၀ါဒထက် လူသားအားလုံးရဲ့ အရေးကိစ္စက ပိုပြီး အရေးပါတယ်လို့ မြင်တယ်။ ဒီလိုယူဆချက် တွေ ကွဲလွဲသွားပေမဲ့ နိုင်ဝင်းဆွေရဲ့ ဖန်တီးစွမ်းအား၊ သရုပ်ဖော်စွမ်းအား၊ ယုံကြည်မှုစွမ်းအားကို ကျွန်မလေးစားပါတယ်။ 'ရေဆန်လမ်း' ကို ကျွန်မကြိုက်တာက သူရဲ့ အနုပညာဆိုင်ရာ ပြတ်သားတဲ့အတွေးအခေါ် ရဲရင့်မှုနဲ့ ချစ်သန်းတို့ မောင်နှမအပေါ် အတွင်းသဏ္ဍာန်ကျကျ ဖွဲ့နွဲ့နိုင်မှုကိုပဲ.....။
အဲဒီဝတ္ထုထဲမှာ ကျွန်မ မကြိုက်တဲ့အချက် တော်တော်များများလည်း ရှိတယ်။ ဘာတွေလဲဆိုတော့...... ခေတ်ပေါ်ဝါဒတွေ၊ နည်းစနစ်တွေမှန်သမျှကို ၀ါးလုံးရှည်နဲ့ သိမ်းရမ်း သရော်သွားတာတွေပေါ့။ ဥပမာ.. ခေတ်ပေါ်ပန်းချီဆရာတယောက်က သူ့ပန်းချီကားကို နာမည်မပေးဘူး။ နာမည်ပေးလိုက်ခြင်းဖြင့် အနုပညာရဲ့ အာရုံခံစားမှုကို ချုပ်ကိုင်လိုက်တာပဲ။ ခံစားချက်ကို ဘောင်ခတ်လိုက်တာလို့ ....... ပြောဖူးတယ်တဲ့။ အဲဒီမှာ စာရေးသူက ဘယ်လို တွေးသလဲဆိုတော့ အင်း နောက်ဆိုရင် ပန်းချီကားပေါ်မှာ စုတ်ချက်နဲ့တို့တာကိုတောင် အာရုံခံစားမှု အနှောက်အယှက်ဖြစ်တယ်ဆိုပြီး ဘာမှ မရေးဆွဲပဲ ကင်းဗတ်စချည်း ပြနေဦး မလား..... ဆိုတဲ့ အတွေးပဲ။ ဒါဟာသရော်တာပဲ။ ဒါတွေကို ကျွန်မ မကြိုက်ဘူး။ ဒါပေမဲ့ စောစောက ပြောခဲ့သလိုပဲ။ သရုပ်မှန်စာပေရဲ့ အဖွင့်နိဒါန်းအဖြစ် 'ရေဆန်လမ်း' ကို ကျွန်မ နှစ်သက်တယ်။ အယူအဆ ၀ါဒတရပ်ကို ဆုပ်ကိုင်လိုက်နာဖို့ ကျွန်မကြိုက်တာ မဟုတ်ဘူး။ သူ့ အယူအဆတွေကိုလဲ သဘောမတူပါဘူး။ ဒါပေမဲ့ 'နိုင်ဝင်းဆွေ' ကို 'အိုယန်ဟိုက်တေးသံ' အထိ ကျွန်မ ဖတ်ခဲ့တယ်။ အဲဒီစာအုပ်ကိုလဲ တရုတ်ပြည်ရဲ့ ၀ါဒကို လေ့လာဖို့ ဖတ်ဖြစ်တာပါ။ လိုက်နာဖို့ မဟုတ်ပါဘူး။
'နွေတည' ကတော့ ရှင်းတယ်။ သူ့ရဲ့ Creative Power အားပြင်းမှုကို ချီးကျူးပြီး လေးစားနှစ်သက်တယ်။ အဲဒီ ၀တ္ထုဟာ Romantic realism လို့ ပြောရင် မှားမလား.....။ ဘာပဲ ဖြစ်ဖြစ်ပေါ့လေ စာရေးဆရာ နိုင်ဝင်းဆွေရဲ့ စာတွေ အားလုံးထဲက ရွေးရရင်တော့ အကြိုက်ဆုံးဝတ္ထုဟာ 'နွေတည' ပါပဲ။ ဒီလောက်ဆိုရင် ၀ိရောဓိဖြစ်သွားရခြင်းအကြောင်း ရှင်းလောက်ပြီထင်ပါရဲ့..... ။

ဟိန်းလတ်။ ။ ဆရာမက ဆာ့တ်၊ ကမူး တို့ရဲ့ ၀တ္ထုတွေဖတ်တယ်။ ခံစားနိုင်တယ်လို့ ပြောခဲ့ဖူးပါတယ်.... ကပ်ဖ်ကာ တို့၊ ဖြစ်တည်မှုအဓိက၀ါဒသစ် (New-existentialism) ကို တည်ထောင်ခဲ့တဲ့ ကောလင်းဝီလဆင်တို့ကိုရော သဘောကျပါသလား။

ဂျူး။ ။ ဟုတ်ကဲ့၊ တယောက်စီကို လေ့လာကြည့်ဖူးပါတယ်။ ပထမဆုံး ကပ်ဖကာအကြောင်း ပြောရအောင်နော်....။ ကပ်ဖကာဟာ အံ့သြစရာ တော်တော်ကောင်း တယ်။ သူ့ရဲ့ 'တရားခွင်' ဆိုတဲ့ ၀တ္ထုမှာ ဇာတ်ဆောင် ဂျိုးဇက်ကေ ဟာ သူ့ရဲ့ (၃၁)နှစ်မြောက် မွေးနေ့အကြိုညမှာ ဓားထိုးစီရင်မှုကြောင့် သေဆုံးသွားတယ်။ ကပ်ဖ်ကာ သေဆုံးသွားတာလဲ သူ့ရဲ့ (၄၁)နှစ်မြောက် မွေးနေ့မတိုင်ခင် တလတိတိမှာ သေသွားတာပဲ။
ကပ်ဖကာကို သဘောကျသလားမေးတော့ .... သဘောကျတယ်လို့ ဖြေချင်ပါတယ်။ သူဟာ Surrealist တယောက်ပဲ။ ဒါ...... ကျွန်မအမြင်ပြောတာနော်။ သူ့ဝတ္ထုတွေဟာ စိတ်ကူးသက်သက် ဒဏ္ဍာရီတွေလိုပဲ။ ဒါပေမဲ့ အချက်အလက်တွေက ခိုင်မာတယ်။ အနာဂတ်မှာ ထပ်တူကျလောက်အောင် စိတ်ကူးထင်မြင်ချက်တွေက မှန်ကန်တိကျပါတယ်။ ဒါကိုပဲ ၀တ္ထုဖွဲ့တဲ့အခါ သင်္ကေတတွေနဲ့ ဖုံးကွယ်ပြီး အိပ်မက်ဆန်ဆန် ဖွဲ့လေ့ရှိပါတယ်။ သူဟာ ဇီယွန်ဝါဒီတယောက် ဖြစ်လုဆဲဆဲကနေ ချက်ချင်းပြောင်းလဲသွားတယ်လို့ ဆိုကြတယ်။ ကပ်ဖကာအကြောင်းပြောရင် အမြဲထည့်ပြောလေ့ ရှိကြတဲ့ သူ့စကားတခုရှိတယ်။ သူပြောတဲ့ စကားက.........
ကျွန်တော့်မှာ အောင်မြင်တဲ့ဘ၀တခုအတွက် လိုအပ်တဲ့အရည်အချင်းတွေ ဘာမှ မရှိဘူး။ ကျွန်တော့်မှာ ရှိတာတွေက လူသားအားနည်းချက်တွေထဲက ကျွန်တော့်ဝေစုပါပဲ။ မုချရရမဲ့ တန်ဘိုးတွေထဲက ဘာဝေစုမှ ကျွန်တော်မရခဲ့ပါဘူး။ ကျွန်တော် ရထားတာတွေက ကျွန်တော့်ကိုယ်ပိုင် အချိန်ကာလထဲက ငြင်းဆိုမှုတွေ အားလုံးသာဖြစ်တယ်။ သူက အဲဒီလို ပြောခဲ့တာ ကပ်ဖကာကို လေ့လာတဲ့အခါ ကျွန်မတို့ဟာ သီးသန့်ဖြစ်တဲ့ လူအဖြစ်ကို တွေ့ရပါတယ်။ သူ့ကို ဖြစ်တည်မှုပဓာန၀ါဒီလို့ ယူဆရင် ရလိမ့်မယ်လို့ ထင်တယ်။
ခက်တာက ကပ်ဖကာဟာ နားလည်ရခက်တယ်။ သူနဲ့ပတ်သက်တဲ့ အခုအမြင်တွေ ဟာ တကယ်ရှိမှု၊ ဖြစ်တည်မှုတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ချင်လဲ ဖြစ်နိုင်ပါတယ်။ ဒါက ကျွန်မ နားလည်ခံစားမိသလောက် ပြောရတာကိုး။
ကောလင်းဝီလဆင်နဲ့ ပတ်သက်လို့တော့ ကျွန်မစတင် လေ့လာဆဲပဲ ဆိုပါတော့။ သူ့စာအုပ်ဆိုလို့ တအုပ်ပဲ ဖတ်ဖူးပါတယ်။ အနာဂတ်ရဲ့ ဒဿနပညာလို့ ဆိုထားတဲ့ Beyond the Outsider စာအုပ်ပါ။ အဲဒီအရင်က သူစာအုပ် ငါးအုပ်ရေးခဲ့တယ်တဲ့။ ဒီစာအုပ်က သူ့ရဲ့ ခြောက်အုပ်မြောက် Outsider Series လို့ ပြောပါတယ်။ သူ့ ဆိုလိုချက်တွေက သတ္တိကောင်းပြီး ပြင်းထန်တယ်။ သူက ပြောတယ်လေ..... အဓိပ္ပါယ်မရှိမှု (Meaninglessness) ဆိုတဲ့ ပြဿနာဟာ လူ့လောကဆီကို ဒဿနတခု သယ်ဆောင်လာ ခဲ့တယ်။ အဲဒီဒဿနကတော့ 'ဖြစ်တည်မှုပဓာန၀ါဒ' ပဲတဲ့။ ဒါပေမဲ့ ဘယ်လို စိတ်သက်သာ မှုမျိုးကိုမှ မပေးစွမ်းနိုင်တဲ့ ဒီဖြစ်တည်မှုပဓာန၀ါဒဟာ ရောဂါတခုကို နာမည်တပ်တဲ့နေရာမှာ တိကျသေချာမှု ပေးနိုင်သလောက်ပဲ ဒါထက်မပိုဘူးလို့ ပြောတယ်။ သူဆိုလိုတာက ဒါဟာ ရောဂါကုထုံးနည်း မဟုတ်ဘူးပေါ့။
ဆာ့တ်နဲ့ ဟိုက်ဒက်ဂါတို့ရဲ့ အနက်အဓိပ္ပါယ် မပေးစွမ်းနိုင်တဲ့ ဆောင်းပါးတွေနေရာမှာ အစားထိုးနိုင်ဖို့အတွက် New-Existentialism ကို ဖန်တီးဖို့ အားထုတ်ခဲ့ပါတယ်လို့ သူက ၀န်ခံထားတယ်။ သူက သုည၀ါဒ (Nihilism) ရဲ့ ရှေ့နောက် မညီညွတ်မှုတွေကိုလည်း ထောက်ပြခဲ့တယ်။ ဖြစ်တည်မှုပဓါန၀ါဒီအားလုံးဟာ တူညီတဲ့ အချက်တခုကနေ စကြတယ်။ လူ့နေရာ ဒေသထဲမှာ စွဲမြဲစွာတည်ရှိနေတဲ့ ငြီးငွေ့မမွေ့လျော်မှု၊ အဓိပ္ပါယ်မဲ့မှု၊ လွတ်လပ်ခြင်းကို မခံယူနိုင်စွမ်းမှု၊ နောက်ပြီး လူ့ရဲ့ ရုတ်တရက် ထင်ဟပ်မြင်လိုက်ရတဲ့ အဓိပ္ပါယ်ရှိမှု စသဖြင့်ပေါ့လေ.....။ အဲဒါတွေကနေ အတွေးစကြတယ်။ ရုတ်တရက် ထင်ဟပ်မြင်လိုက်ရတဲ့ အဓိပ္ပါယ်ရှိမှုကတော့ ရှားပါးလွန်းလို့ ဒဿနပညာမှာ သူ့တန်ဖိုးကို မရရှိသလောက် ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒီနေရာမှာ သူက မျက်မမြင်တယောက်အဖြစ်နဲ့ နှိုင်းပြထားတယ်။ မျက်မမြင်ဟာ တယောက်နဲ့တယောက် ဆန့်ကျင်တိုက်ခိုက်နေတဲ့ အကြံပေးနှစ်ယောက်အပေါ် အားထားနေရတယ် ဆိုပါတော့။ တယောက်ရဲ့ အကြံဥာဏ်က ရဲ့ရင့်တယ်၊ စိတ်လှုပ်ရှားဖို့ကောင်းတယ်၊ ကံမကောင်း အကြောင်းမလှစွာ သူဟာတနှစ်မှာ တရက်ထဲပဲ ပေါ်လာလေ့ရှိတယ်။ နောက်တယောက်က ထုံထိုင်းတယ်။ သတိဝိရယရှိတယ်၊ သူ့ရဲ့အကြံဥာဏ်ဟာ အဆိုးမြင်ဝါဒအပေါ်မှာ အခြေခံတယ်၊ ဒီတယောက်ကိုကျတော့ တွန်းလှန်ဖို့ ခဲယဉ်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ တနှစ်ရဲ့ ကျန်တဲ့ ၃၆၄ ရက်လုံးမှာ ပေါ်လာနေလို့ပဲ။ ဒီတော့ ဒီလူရဲ့ ဖြစ်တည်မှုအပေါ် ခန့်မှန်းတတ်ခြင်းအပေါ်မှာ မူတည်နေတယ်လို့ သူပြောတယ်။ အဲဒါကမှ မူလအစစ်အမှန် ဖြစ်မှုပါပဲတဲ့။ ဘယ်ဒဿနဗေဒနဲ့ ဆိုင်တဲ့ ဖြေရှင်းချက်မဆို ဒီအခြေခံကို ရည်ညွှန်းပြီး စမ်းသပ်ကြည့်ရမယ်တဲ့......။
လူရဲ့ Situation ကို သူ ဥပမာ တခုနဲ့ပြတယ်။ လူဆိုတာ ငါးကန်လို ကန်အမျိုးအစားတခုရဲ့ ဟိုးအောက်ခြေမှာ ရှိနေတယ်တဲ့။ အဲဒီငါးကန်ကြီးရဲ့ ဖန်သားက မှုန်ဝါးနောက်ကျိတယ်။ တွန့်ကောက်ပြီး ယိုင်ရွဲ့နေတယ်လို့ ဆိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်တခုကနေ လူကို တခဏအတွင်းမှာ ငါးကန်ရဲ့ အထက်ကြည်လင်တဲ့ နေရာကို ရောက်အောင် တွန်းပို့ပေးလိုက်တယ်။ အဲဒီမှာ သူဟာ အစစ်အမှန်ဖြစ်မှုကို အတိုင်းအဆမရှိ ထူးခြားကွဲပြားမှုအဖြစ် မြင်တွေ့လိုက်ရတယ်။ ခဏပဲ...... အဲဒီကနေ လွတ်မြောက်ဖို့ လူဟာ ကြိုးစားတော့တယ်။ အဲဒီမှာ ပြဿနာက ယိုင်နဲ့ ကွေ့ကောက်နေတဲ့ ကြားခံနယ်ပဲ။ ဖြစ်တည်မှုပဓါန၀ါဒီတွေဟာ ဒီပြဿနာကို သိမြင်ခဲ့ကြတယ်.....။ ဒါပေမဲ့ ပြဿနာတခုကို သိမြင်ခြင်းဟာ ဖြေရှင်းခြင်း မဟုတ်ဘူးတဲ့။ ဟတ်စယ်ရဲ့ ဖီနိုမီနိုလိုဂျီနည်းက ပထမဆင့် ဖြေရှင်းဖို့ ကြိုးစားတယ်။ ဖီနိုမီနိုလိုဂျီနည်းဆိုတာ ဘယ်အရာကိုမဆို ရှုဒေါင့်အသစ်က ကြည့်မြင်တဲ့ နည်းပါ။ ဟတ်စယ်က ငါးကန်ရဲ့ ကြားခံ Medium ကိုဖြတ်ပြီး ပြင်ပလောကရဲ့ အစစ်အမှန်ကို သိမြင်ဖို့ အလုပ်လုပ်ခဲ့တယ်လို့ ကောလင်းဝီလဆင်ကမြင်တယ်။ ဆာ့တ်နဲ့ ဟိုက်ဒက်ဂါတို့ကတော့ ဒီပြဿနာရဲ့ နောက်တဆင့်နဲ့ ပါတ်သက်တယ်လို့ သူတို့ကို သူတို့ ယူဆထားဟန်ရှိတယ်။ ဒီကြားခံနယ်ကို ဘယ်လိုဖယ်ထုတ် ရှင်းလင်းရမယ်ဆိုတာပေါ့။ ဆာ့တ်ရဲ့ သိစိတ်နဲ့ ရည်ရွယ်မှုသီအိုရီဟာ လှုပ်လှုပ်ရှားရှား နိုင်လွန်းတယ်လို့ သူက ဝေဖန်ထားတယ်။ သူက ဟတ်စယ်ရဲ့ Phenomenological existentialism ကိုတော့ သဘောတူပုံရတယ်။
ကျွန်မတို့က ကမူးရဲ့ L'Etranger ကို ဒဿနအမြင်နည်းနည်း ၀တ္ထုအမြင်များများနဲ့ ဖတ်တယ်။ ကောလင်းဝီလဆင်ကိုတော့-
လုပ်ပြီး ဖတ်တယ်။ အဲဒီဝတ္ထုမှာ ကမူးရဲ့ စကြာဝဠာကြီးဟာ ရန်လိုပြီး ဆိုးဆိုးရွားရွား ယုတ္တိကင်းမဲ့ကြောင်း ပြထားတယ်။ အဲဒီ ပြသကွက်ဟာ သနားဖွယ်ရာ အမှားပဲလို့ သူက ဝေဖန်တယ်လေ။ existentialism ကို အားမရတဲ့ လူတိုင်းဟာ ကောလင်းဝီလဆင်ကို သဘောကျမှာပဲ။ ကျွန်မ အနေကလဲ existentialism ရဲ့ အားနည်းချက်တွေကို ထောက်ပြတဲ့ ကောလင်းဝီလဆင်ကို သဘောကျစရာမရှိပါဘူး။

ဟိန်းလတ်။ ။ မြန်မာစာရေးဆရာ တော်တော်များများက ဖြစ်တည်မှုအဓိက၀ါဒ ဆိုရင် အတော် ခေါင်းရှောင်ချင်ကြတယ်။ သူတို့ကို အိတ်ဇစ်တွေလို့ ပြောမှာကို သိပ်ကြောက်ပုံ ရတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဟော့ဒီဝါဒနဲ့ ပတ်သက်တဲ့ ဆောင်ပါးတော်တော်များများ ကို၁၉၇၀ ကတည်းက စပြီး မဂ္ဂဇင်းတော်တော်များများမှာ ထုံ့ပိုင်းထုံ့ပိုင်း ရေးဖူးတယ်။
ဝါသနာပါလို့ ဖတ်လည်း အတော်ဖတ်ခဲ့ဖူးပါတယ်။ ဆရာမကပါ ဒီဝါဒကို စိတ်ဝင်စား တယ်ဆိုတာ သိရလို့ ၀မ်းသာပါတယ်။ အဲဒီဝါဒနဲ့ ပါတ်သက်လို့ ဆရာမအမြင်လေးများ သိရရင် အတော်ကို တန်ဖိုးရှိပါမယ်။ ဆရာမရဲ့ စာဖတ်ပရိသတ်တွေကလည်း သိချင်စိတ်ရှိကြမယ် ထင်ပါတယ်။

ဂျူး။ ။ ကျွန်မကတော့ မိုက်မဲတယ်ပဲပြောပြာ၊ ဖြစ်တည်မှုအဓိက၀ါဒကို ခေါင်းမရှောင်ချင်ပါဘူး။ ဆွေးနွေးရမယ်ဆိုရင် ဆွေးနွေးဖို့ အဆင်သင့်ပါပဲ။ ကျွန်မကို အိပ်ဇစ်လို့ပြောခံရမှာကိုလဲ စိုးရိမ်စရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ existentialist မဟုတ်တာ အသိသာကြီး ဖြစ်နေလို့ပါပဲ။ ဒီဝါဒကို စိတ်ဝင်စားတာက ကမူးနဲ့ဆာ့တ်ရဲ့ ၀တ္ထုတွေကြောင့်ပါ။ စိတ်ဝင်စားမှုဟာ ယုံကြည်သက်ဝင်မှုနဲ့ မတူဘူးနော်.....ဆရာ၊ ဆရာသဘောတူရဲ့လား....။
ဒီဝါဒနဲ့ ပတ်သက်လို့ ကျွန်မအမြင်ကို ပြောရမယ်ဆိုရင် သူတို့ရဲ့ အကြွင်းမဲ့ လွတ်လပ်ခြင်းဆိုတာကို ကျွန်မ မခံစားနိုင်ဘူး။ ဆာ့တ်က ဆိုထားတယ်။ လူတယောက်ဟာ အကြွင်းမဲ့ လွတ်လပ်တယ်၊ ကြောက်စရာကောင်းလောက်အောင် လွတ်လပ်တယ်လို့ ဆိုပါ တယ်။ လွတ်လပ်ခြင်းကြောင့်ပဲ လူတွေဟာ ကိုယ့်တာဝန်ကိုယ်သိရမယ် ဆိုတဲ့အချက်ကိုတော့ သဘောတူပါတယ်။ ဒါပေမဲ့ အဲဒီတာဝန် ရှိနေတဲ့အတွက် လူမှာ ကိုယ်ကျင့်တရား နှုန်းစံမရှိဘူးဆိုတာ ကျတော့ နည်းနည်းပြင်းပြသွားပြီ။ သူတို့ ခရစ်ယန်ဘာသာမှာ ပညတ်ချက် တွေ ရှိမှာပါ။ ကျွန်မတို့ ဗုဒ္ဓဘာသာမှာလဲ သီလစောင့်ထိန်းမှုဆိုတာ ရှိပါတယ်။ လူတယောက်ဟာ နှစ်သက်ရာကို ရွေးချယ်နိုင်စွမ်းရှိတယ် မှန်ပါတယ်။ ဒါပေမဲ့ အဲဒီရွေးချယ်မှု ကြောင့် တစုံတဦးသို့မဟုတ် အဲဒီလူ့အဖွဲ့အစည်းကို အနှောက်အယှက်ဖြစ်ပေါ်လာတဲ့အခါ သူဘာလုပ်ရမလဲ၊ နောက်ဆုတ်ရမှာပေါ့။ ကိုယ်ရွေးချယ်မှုမှားယွင်းလို့ ကိုယ်ခံရတာထက် သူများမဆီမဆိုင် နှောက်ယှက်ခံရမှာကို မစိုးရိမ်သင့်ဘူးလား။ personalty နဲ့ အတူတွဲပြီး society ဆိုတာ ရှိပါတယ်။ သူတို့ အနေနဲ့ကတော့ လူတဦးချင်းရဲ့ အကြွင်းမဲ့ လွတ်လပ်ခွင့်ကို သာ စဉ်းစားတဲ့အတွက် လူ့အဖွဲ့အစည်းဆိုတာကို မစဉ်းစားတဲ့ သဘောပေါ့။ ကျွန်မအနေနဲ့ ကတော့ လူဟာ ကိုယ့်ဘ၀ပေးအခြေအနေအရပဲ လွတ်လပ်မှုရှိသင့်တယ်လို့ ထင်ပါတယ်။ လူ့ရဲ့လွတ်လပ်ခွင်မှာ limit ရှိနေတယ်။ အဲဒီ limit ဟာ ပတ်ဝန်းကျင်ပဲ၊ အမှန်က လူဆိုတာ တဦးချင်း သီးသန့်နေမလို့မှ မရတာ....။ ဆာ့တ်ဟာ လူရဲ့ကိုယ်ကျင့်တရားကိုလဲ မေ့ထားခဲ့တယ်။ ကျွန်မအမြင်ကတော့ လူဟာ လူဖြစ်နေတဲ့အတွက် ကိုယ်ကျင့်တရားဆိုတာ လဲ ရှိနေရမှာပဲ။
'ဖြစ်တည်မှုပဓါန၀ါဒသမားတွေဟာ လူကို ဗဟိုပြုပြီး တွေးခေါ်တာကြောင့် သူတို့ဟာ တခြားဒဿနတွေထက် လောလောတယ်မှာ အရေးသာနေခဲ့တာ ငြင်းမရပါဘူး'
ဖြစ်တည်မှုဟာ အနှစ်သာရထက် ပဓာနကျတယ်ဆိုတဲ့ အချက်တခုကတော့ သဘော ကျစရာ ကောင်းပါတယ်။ လူ့ဘ၀(ဒါမှမဟုတ်) အတ္တဘ၀ဟာ လူနဲ့ဆိုင်တဲ့ ဂုဏ်ရည်ဂုဏ်သွေး တွေ မရှိမီကတည်းက ရှိနှင့်တယ်။ အဲဒီနောက်မှ ဂုဏ်ရည်ဂုဏ်သွေးတွေ အနှစ်သာရ ဖြစ်လာတယ်။ ဒါလက်ခံစရာပဲ... မဟုတ်ဖူးလား ဆရာ...။ ဥပမာ စာရေးဆရာဆိုတဲ့ အနှစ်သာရ... အဲဒါဟာ မွေးကတည်းက သူ့မှာ ပါလာတာ မဟုတ်ပါဘူး။ သူပြုမူတဲ့ အပြုအမူတွေရဲ့ နောက်မှာမှ ဖြစ်လာတာပါ။ လူသားတဦးချင်းရဲ့ အနှစ်သာရ၊ အရည်အချင်းတွေဟာ အဲဒီလူသား ဖြစ်တည်ပြီးမှ သူတို့က ပြုမူလိုက်တဲ့ အပြုအမူပေါ်ကနေ ဖြစ်လာတာပါ။ ဒါဟာ ကျွန်မတို့ ဗုဒ္ဓဘာသာနဲ့လဲ ကိုက်ညီတယ်လို့ ထင်ပါတယ်။
ခြုံကြည့်လိုက်ရင် ဖြစ်တည်မှုပဓာန၀ါဒဟာ လေ့လာဖို့ကောင်းတဲ့ စိတ်ဝင်စားစရာ ဘာသာတခုလို့ ကျွန်မမြင်ပါတယ်။

ဟိန်းလတ်။ ။ နိုင်ငံခြားအသံလွှင့်ဌာနတခု(ဘီဘီစီ)နဲ့ ဆရာမ အင်တာဗျူးလုပ်တာ ကြားဖူးပါတယ်။ အဲဒီမှာ မေးမြန်းသူက ဆရာမရဲ့ 'အမှတ်တရ' ၀တ္ထုကိုတောင် မဖတ်ဖူးပဲ မေးပါတယ်.... လို့ ၀န်ခံပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အင်တာဗျူးလုပ်တော့မယ် ဆိုရင် အဲဒီစာရေးဆရာရဲ့ စာကို အကုန်လောက်နီးနီး အသေးစိတ်ဖတ်ပြီးမှ မေးတာ သဘာဝကျတယ်ထင်ပါတယ်။ ဆရာမရဲ့ အယူအဆကကော.....

ဂျူး။ ။ ဒါကတော့ ရှင်းနေတာပဲဆရာရယ်..... ကျွန်မအနေနဲ့လည်း အဲဒီအဖြစ် အပျက်ကို ခုထိ မမေ့နိုင်သေးပါဘူး။ ကျွန်မအယူအဆကတော့ အင်တာဗျူးတခု လုပ်တော့ မယ်ဆိုရင် မေးတဲ့လူဟာ အမေးခံရတဲ့လူနဲ့ပတ်သက်လို့ တော်တော်များများ လေ့လာပြီး ဖြစ်ရမယ်။ ဒါမှလဲ လိုချင်တဲ့အကွက် မိမိရရ ထောက်မေးနိုင်မှာပေါ့။
အဲဒီတုန်းက ကျွန်မ မန္တလေးမှာ ရှိနေတယ်။ သူတို့အဖွဲ့ မန္တလေးကိုအရောက်၊ ကျွန်မက မန္တလေးက ပြန်ခါနီးဆဲဆဲပဲ။ ကျွန်မတည်းခိုတာ ရွှေမန်းဆောင်ပါ။ ပြန်မဲ့နေ့က ညနေလေးနာရီ ကားထွက်မှာ.....။ အဆောင်ကို လက်ဆွဲအိတ်ပြန်သယ်ဖို့ မြို့ထဲကနေ ညနေ ၃ နာရီမှ ကျွန်မပြန်ရောက်တယ်။ အဲဒီနေ့ တနေ့လုံး ကျွန်မဆီ တယ်လီဖုံးနဲ့ သုံးကြိမ်ဆက်သွယ်ပြီးပြီလို့ ဆိုပါတယ်။ ကျွန်မ အတန်တန်ငြင်းပါတယ်....။ အချိန်မရလို့ပါ.... ဆိုတဲ့ အကြောင်းပြချက်နဲ့ ပေါ့။ ဒါပေမဲ့ သူက ၁၅ မိနစ်လောက်ပဲ စကားပြောခွင့်ပေးပါ။ အဆောင်ကနေ မန္တလေးဟိုတယ်ကိုလာဖို့ အငှားကားလွှတ်ပေးလိုက်ပါမယ်တဲ့။ အဲဒီမှာ ကျွန်မအားနာပြီး ကတိုက်ကရိုက်ပဲ သွားတွေ့ခဲ့ပါတယ်။ စကားပြောကြည့်တဲ့အခါမှ ကျွန်မကို နာမည်သာ ကြားဖူးပြီး ဘာဝတ္ထုမှ မဖတ်ဖူးကြောင်း သိရတော့တာပါပဲ။ ဒါပေမဲ့ ဒီကိစ္စက ဘယ်လိုမှ မတတ်နိုင်တော့ဘူးလေ....။ သူလဲ မြန်မာနိုင်ငံရောက်ခိုက် စာရေးဆရာစုံစုံလင်လင် မေးချင် တယ် ထင်ပါရဲ့.... လို့ပဲ ဖြေသိမ့်လိုက်ရတော့တာပေါ့။ အဲဒီတခါပဲ ကြုံဖူးတာပါ။ ကျန်တဲ့ အင်တာဗျူးကိစ္စတွေကျတော့ မေးသူတွေက ကျွန်မစာကို သေသေချာချာ ဖတ်ပြီးမှ မေးကြတာပါ။

ဟိန်းလတ်။ ။ နောက်ဆုံးတခုပဲ မေးပါရစေတော့၊ ဆရာမ အင်တာဗျူး တော်တော် များများ ကြုံခဲ့ပြီးပါပြီ။ ကျွန်တော့် အင်တာဗျူးအပါအ၀င် အင်တာဗျူးတွေမှာ ဆရာမ မကျေနပ်စရာ စိတ်ကသိကအောက် ဖြစ်စရာတွေ ရှိနေခဲ့ပါသလား။ ပုဂ္ဂိုလ်ရေးတွေကအစ မဖြချင် မဖြေနိုင်တာတွေ ရှိပါသလား။ နိုင်ငံခြားတွေမှာတော့ အင်တာဗျူးအဖြေတတ်လို့ ဟုန်းကနဲ နာမည်ကျော်သွားတာရှိသလို၊ အဖြေမတတ်လို့ ရှိစုမဲ့စု နာမည်လေးပါ ကျသွားတာတွေ သက်သေအများကြီး ရှိပါတယ်။ လိုရင်လိုသလို မြှောက်ပင့်ပေး၊ မလိုရင်မလိုသလို အဆင်းဘီးတပ်ပေးတဲ့ အင်တာဗျူးမျိုးတွေနဲ့ ပါတ်သက်လို့ ဘယ်လို သဘောရပါသလဲ......။

ဂျူး။ ။ အမှန်အတိုင်း ၀န်ခံရရင် ကျွန်မ အင်တာဗျူးကို အရမ်းကြောက်ပါတယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံး ရှောင်ခဲ့တယ်။ ပေါက်တတ်ကရတွေမေးမဲ့ အင်တာဗျူုးမျိုးဆို ပိုကြောက်တယ်။ ရှောင်လို့ မကောင်းတဲ့အင်တာဗျူးမျိုးကိုသာ လက်ခံပြီး ဖြေတာပါ။ အင်တာဗျူးတခုမှာ မေးတဲ့လူရဲ့ တတ်ကျွမ်းမှု၊ နားလည်မှုနဲ့ ဖြေတဲ့လူရဲ့ ပြည့်ဝမှုဟာ အရေးကြီးဆုံးပါပဲ။ အမေးနဲ့အဖြေ အပေးအယူမျှဖို့ ဖြေရလေ့ရှိတယ်။ ချောင်ပိတ်မေးတဲ့ မေးခွန်းတွေလဲ ရှိတယ်....။ အဲဒါမျိုးတွေကျတော့ ရှောင်ထွက်တတ်ရင် ကောင်းပါရဲ့။ မရှောင်တတ်ရင် ရိုးရိုးအအနဲ့ မသိလိုက်ဘူးဆိုရင် ခံပေတော့ပဲ....။
တချို အင်တာဗျူးသမားတွေက မဂ္ဂဇင်းလှုပ်ရှားဖို့၊ အရောင်းသွက်ဖို့၊ စောင်ရေတိုးဖို့၊ ရည်ရွယ်တာပဲ။ သူတို့က စာရေးဆရာကို စေတနာမထားဘူး။ စာရေးဆရာအချင်းချင်းလဲ ရန်တိုက်ပေးတာမျိုး လုပ်တတ်တယ်။ ဒါမျိုးကျတော့ ကျွန်မ သဘောမကျဘူး။ ဒီလိုမလုပ်သင့် ဘူး ထင်တာပဲ။ တချို့ကျတော့ စာရေးဆရာရဲ့ စာကို မဟုတ်ပဲ၊ စာရေးဆရာရဲ့ ကိုယ်ရေး ကိုယ်တာတွေကိုပါ နှိုက်ထုတ်မေးချင်ကြတယ်။ ကျွန်မလဲ အဲဒီလို အမေးခံရဖူးတာပဲ။ တတ်နိုင်သမျှတော့ ကျွန်မရှောင်ပါတယ်။ ဒါပေမဲ့.... အရှောင်အတိမ်း မကျွမ်းဘူးဆရာ...။ မဖြေနိုင်လောက်အောင် ဖြစ်လာရင်တော့ မေးခွန်းကိုပါ ပယ်ခိုင်း ဖျက်ခိုင်းလိုက်ရပါတယ်။

ဟိန်းလတ်။ ။ ဒီအင်တာဗျူးကဏ္ဍတွေကိုရော ရှိသင့် မရှိသင့် ဆရာမအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဂျူး။ ။ ကြေညက်အောင်ဝါးဖို့အတွက် အင်တာဗျူးအရေးကြီးတာပဲ။ လှန့်တာမျိုး၊ ကိုယ်ရေးကိုယ်တာတွေ စွတ်ဖြေခိုင်းတာမျိုး၊ တရားဝင်ပြောကြားချက်မဟုတ်တဲ့ စာရေးဆရာရဲ့ စကားတွေကို မဂ္ဂဇင်းထဲမှာ (ခွင့်ပြုချက်မတောင်းပဲ) ထည့်ပစ်တာမျိုးကျတော့ လူလည် လုပ်တာ.... ညစ်ပတ်တာပဲ။ ဒါမျိုးတော့ မရှိသင့်ဘူး။ တကယ့်အနုပညာတရပ်ကို စိတ်ဝင်စား လို့ ဖန်တီးသူကို စိတ်ဝင်စားလို့ ပရိသတ်ကိုလဲ ရှင်းပြစေချင်လို့ မေးတဲ့ အင်တာဗျူးမျိုးတော့ ရှိသင့်ပါတယ်။

{၁၉၈၉ ခုနှစ် မဟေသီမဂ္ဂဇင်း}
[ဟိန်းလတ်-စာပေအင်တာဗျူး (၁)၊ ၂၀၀၀ ခု၊ ပထမအကြိမ်ပုံနှိပ်ခြင်းမှ ကူးယူဖော်ပြပါ တယ်။]

Wednesday, August 27, 2008

က, ကလေးငယ်ချစ်စဖွယ်
ရေးသူ- မိုးချိုသင်း


[၁၉၉၈ မာယာမဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၁၊ မတ်လထုတ် တွင်ဖော်ပြပြီးသောစာမူကို အင်တာနက်စာဖတ်ပရိသတ်အတွက် ထပ်မံဖော်ပြပေးပါတယ်။]


'ဟယ်- စိုးစိုး နင်ဘယ်တုန်းက ရောက်လဲ...'
'မနေ့ကပဲဟ...၊ ငါ..နင်နဲ့တွေ့ချင်လို့.....၊ လာသာလာ ရတာ၊ လမ်းသိပ်မမှတ်မိချင်ဘူး၊ မေးလာရတယ်..'
'နင်က.. ငါ့ကို မေ့နေတာကို....၊ ကျောင်းတက်တုန်းက အမြဲလာလည်တဲ့ အိမ်တောင် နင်က မမှတ်မိဘူးဆိုတော့...'
'ဟိတ်-အပိုတွေ ပြောမနေနဲ့၊ သတိမရရင် ဒီကို တကူးတက လာပါ့မလားဟ'
'ဟုတ်ပါပြီရှင်၊ ကျေးဇူးတင်ပါတယ်....'
ငါတို့ ကျောင်းပြီးကတည်းက ဆုံတာ ဒါပထမဦးဆုံးပဲနော်...'
'အင်းလေ.. ခုဆို ခုနှစ်နှစ်လောက် ရှိရော့မယ်..'
'နင် ခုဘာလုပ်နေလဲ'
'ဟယ်- ငါထည့်လိုက်တဲ့စာ နင်မရဘူးလား... ငါကျောင်းဆရာမလုပ်နေတယ်လို့ စာရေး လိုက်တယ်လေ..'



'မြတ်စွာဘုရား နင်ဆရာမ လုပ်နေတယ်၊ ဟုတ်လား...... ဆရာမအလုပ်ကို ၀ါသနာ မပါဘူး.. စိတ်မရှည်ပါဘူးဆို၊ ခုရော ဘယ့်နှယ်လဲ'
'ခုတော့ မဆိုးပါဘူးလို့ ပြောရမှာပဲ..၊ နင်မှတ်မိသေးလား၊ ကျောင်းတုန်းက နင်နဲ့ တခြားနေရာမှာ တူကြပေမယ့် ဆရာမ အလုပ်ကိစ္စမှာ ကွဲပြားတယ်လေ....။ ငါက ဆရာမ အလုပ်ဆို တူးတူးခါးခါး နင်ကမက်မက်မောမော... ခုရော ကိုယ်ဝါသနာပါတာ လုပ်ရလို့ ပျော်နေပြီ မဟုတ်လား'
'မပျော်နိုင်ပါဘူးဟာ... ကလေးတွေအစား ငါသိတ်ရင်မောရတာပဲ'
'ဘာဖြစ်လို့လဲ ဆရာမကြီးရဲ့ ရှင်းစမ်းပါဦး'
'နင်ကံကောင်းပါတယ်.. မြိုပေါ်မှာ သင်ရတဲ့ဆရာမဆိုတော့ ဘယ်လိုရင်မောရပါ့မလဲ.. ငါတာဝန်ကျတဲ့ ရွာမှာ ကလေးတွေက သိပ်သနားဖို့ ကောင်းတယ်ဟာ.. ငါက သူငယ်တန်းကို ကိုင်ရတယ်။ ကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာရေး စိတ်မ၀င်စားနိုင်ဘူး သိလား.. သူတို့ခေါင်းထဲမှာရှိတာ.. ထမင်းနပ်မှန်အောင် စားနိုင်ဖို့ပဲ။ ဒီအရွယ်လေးတွေနဲ့ မိဘနဲ့အတူ ရုန်းကန်ပြီး ထမင်းမှန်မှန်စားနိုင်ဖို့ မိဘကို အလုပ်ကူလုပ်ကြရတယ်......'
'ကွာလိုက်တာဟယ်၊ ငါသင်ရတာ သူငယ်တန်း မဟုတ်ပါဘူး၊ ငါ့အမေရဲ့ ကိုယ်ပိုင်ကျောင်းမို့လို့ မြို့ပေါ်မှာ သင်ရတာပါ... နို့မို့ဆိုရင် ငါလဲ ဘယ်မြို့ပေါ်မှ ရလိမ့်မလဲ..။ မူကြိုသင်တာ.. ဒါပေမယ့်ဟေ့ အသက်က ကျောင်းမ၀င်ခင်စပ်ကြား သုံးနှစ်က ငါးနှစ်ဆိုပေမယ့် စာလိုချင်တာ လက်ဖျားတင်မက ခြေဖျားပါခါသွားရမယ်...၊ ကျောင်းမ၀င်ခင် သူငယ်တန်းစာအုပ်ကို ဖွတ်ဖွတ်ကြေအောင် တတ်သွားမှ.. ဒါမှ ကျောင်းတော့ ပထမရ ကြမှာလေ..'
'ငါ့ကလေးတွေလဲ ဒီလိုပြည့်စုံရင် ဒီလိုပဲ စာလိုချင်ကြမှာပေါ့ဟာ......ခုတော့ ငါက နေ့တိုင်း ကျောင်းမှန်မှန်တက်ဖို့ ကျောင်းအဆင်းတွေမှာ မိဘတွေကို လိုက်စည်းရုံးရတယ် မိဘတွေကလဲ ကိုယ့်ကလေး ပညာတတ်ဖို့ပဲဟာ ဘယ်သူမလွှတ်ချင်ပဲ နေမှာလဲ... ဒါပေမဲ့ ကျောင်းလွှတ်လိုက်ရင် ဟင်းရွက်ခူးဖို့ လူမရှိဘူး၊ ငါးဖမ်းပုစွန်နှိုက်ခိုင်းစရာ မရှိဘူး၊ ကလေးကို ထိန်းကူပေးမဲ့သူ မရှိတော့ဘူး.... ကဲ ဘယ်လိုလုပ်မလဲ....'
'ဒါဆို ငါ့ကျောင်းက ကလေးတွေ သိပ်ကံကောင်းတာပေါ့နော်၊ သူတို့မှာ ဘာမှ ပူပင်စရာ မရှိကြဘူး၊ သူတို့မှာ ထမင်းချိုင့်ဆွဲပေးမဲ့ အိမ်ဖော်က အဆင်သင့်၊ လက်ထဲမှာ ဂျယ်လီတွေ၊ ချော့ကလက်တွေနဲ့၊ ကျောင်းသွားကျောင်းပြန်ကားတွေနဲ့....'
'နင့်ကလေးတွေရဲ့ ဘ၀မျိုးကို ငါ့ကလေးတွေ အိပ်မက်တောင် မက်ဖူးပါ့မလား.... မသိဘူး၊ စာမေးပွဲတွေမှာတော့ ငါက မှန်မှန်လာဖြေစေချင်တယ်လေ... စာမေးပွဲဖြေဖို့ ကလေး တွေကို အိမ်ပေါက်စေ့ လိုက်ခေါ်ရင် 'အမေနေမကောင်းလို့ ဒီတခါ မဖြေတော့ဘူး' လို့များ ပြန်ပြောလိုက်ရင် ငါဖြင့် ၀မ်းနည်းလို့ မဆုံးဘူး၊ သူတို့လေးတွေရဲ့ ဦးဏှောက်ထဲမှာ၊ သူတို့လေးတွေရဲ့ စကားတွေထဲမှာ၊ ခေတ်ရဲ့အရိပ်တွေ လွှမ်းမိုးနေတယ်......'
'ငါဖြင့် ပြောရင်းနဲ့ ဘာကို စိတ်နာရမှန်း မသိတော့ပါဘူး၊ ငါ့ကလေးတွေမှာ ကလေးစိတ် မရှိကြတော့ဘူး ဆိုရင် နင်ယုံမှာလား၊ ဒီထက် ၀မ်းနည်းဖို့ ကောင်းတာရှိသေးတယ် သူတို့ဆီမှာ ကြီးလာရင် ဆရာဝန်လုပ်မယ်၊ အင်ဂျင်နီယာလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် မရှိကြဘူးဟာ... ကိုယ့်ရွာက ကျောင်းမှာ ဆရာမ ပြန်လုပ်မယ်၊ ဆရာပြန်လုပ်မယ်ဆိုတဲ့ အဆင့်တောင် မမျှော်မှန်းရဲကြဘူး၊ ငါကလဲ 'သားတို့ သမီးတို့ ကြီးလာရင် ဘာလုပ်မလဲ' လို့ မေးရင် စဉ်းစား မနေပဲ 'ဆရာမကလဲ လယ်စိုက်မှာပေါ့' တဲ့......၊ ငါကတော့ အတင်းပြောင်းယူတာပဲ၊ ဆရာမလို ဆရာမ မလုပ်ချင်ဘူးလားလို့၊ စာကြိုးစားရင် ဆရာမလုပ်လို့ရတယ်လို့၊ ဆရာဝန်ဖြစ်တယ်လို့၊ ဒါပေမယ့် စာကြိုးစားဖို့ ပညာတော်ဖို့ဆိုတာကလဲ ဖန်တီးပေးနိုင်တဲ့ အခြေအနေရှိဦးမှ...... ဆိုတာ ငါအခုမှ နည်းနည်းသဘောပေါက် လာတာ'
'ငါ စိတ်မကောင်းပါဘူးဟာ၊ နင့်လို ဆရာမအလုပ် ၀ါသနာပါလွန်းသူမို့ပဲ၊ ဒီကလေးတွေက မူကြိုကတည်းက ဆရာဝန်တပြားမှ မလျှော့ဘူး၊ သူတို့ပဲ ပြောကြတာလေ... စာမတတ်ရင် စက္ကူကောက်ရမယ်တဲ့...၊ ငါတို့ဆီမှာ မူကြိုတက်လို့ စာတွေ ရသွားတာတောင် ကျောင်းဝင် အတန်းပိုင်ဆရာမဆီမှာ ကျူရှင်ယူကြသေးတာ၊ ဒါမှ ပထမရမှာတဲ့... ပထမနေရာ ဆိုတာ အတော်ဆုံးအတန်းမှာ ၁၀ယောက်၊ ၁၅ယောက် ထပ်နေတယ်ဆိုရင်ကော နင်ယုံ မလား၊ သူငယ်တန်းကတည်းက တမှတ် နှစ်မှတ် ထပ်ပြိုင်နေကြတာပဲ'
'အောင်မယ်လေး..... ဒီအရွယ်လေးတွေက ကျူရှင်နဲ့လား....'
'သွားပြီ.... နင်တော်တော် ခေတ်နောက်ကျသွားပြီ၊ ငါ့ကျောင်းက ကလေးတွေက တရုတ်ကလေးတွေ များတယ်ဟ.... ကျူရှင်က တခုတည်းတောင် မကဘူးနော်၊ တရုတ်စာ ကျူရှင်ရှိတယ်၊ အင်္ဂလိပ်စကားပြော ကျူရှင်ရှိတယ်၊ ကျောင်းစာသင်တဲ့ ကျူရှင်ရှိတယ်၊ ကဲ.... နင်ဘာပြောမလဲ.....'
'ဘာမှမပြောပါဘူးဟယ်... ငါကြောက်တောင်လာပြီ..'
'ဒါကြောင့် ပြောတာပေါ့ စာလဲမတော်ပဲ နေပါ့မလား၊ ဒီလောက်ပြည့်စုံနေတာကို'
'အဲဒါ ခေတ်တရားပဲလေ....'
'ဒါတော့ ငါမသိဘူး.. အဲဒီအတိုင်း ဖြစ်နေတာပဲ...'
'ဟဲ့- ဟိုမှာထောင်ထားတာ နင့်တပည့်ပုံလား.. ပြစမ်း..ပါဦး၊ ကြည့်ရအောင်၊ ချစ်စရာ လေးပဲဟ၊ နင်နဲ့ ရိုက်ထားတာပဲလား၊ အောင်မယ် ဒီနောက်က စာကြောင်းကရော သူကိုယ်တိုင် ရေးထားတာလား..... တယ်ဟုတ်ပါလားဟေ့..လက်ရေးလဲမဆိုးဘူး၊ ၀တ်ထားတာလဲ တကယ့် ကို အပျံစားပဲ ငါ့ကျောင်းက ကလေးတွေနဲ့တော့ ကွာပါ့.... ငါ့ကလေးတွေက တပါတ်မှာ တခါမှ ရေချိုးကြရဲ့လား မသိဘူး၊ ညစ်ပတ်နံစော်နေတာပဲ၊ သူတို့ရေချိုးရင်လဲ ချောင်းထဲ ဆင်းချိုးပြီး ဒီအင်္ကျီပဲ ပြန်ဝတ်ကြတာကိုးဟ.... အင်္ကျီပိုတွေလဲ မရှိရှာဘူး ထင်ပါတယ်။ ဆံပင်တွေကလဲ နီကြောင်လို့၊ ဘယ်တော့မှ ဆီမထည့်တဲ့ခေါင်း၊ သူတို့မှာ လှလှပပ ၀တ်ချင်တဲ့စိတ် မရှိရဘူးလို့ ဘုရားက အမိန့်ချထားသလိုပဲ'
'နင်ဒီလိုပြောလို့ ငါ့ကလေးတွေအကြောင်း ပြောရရင် မတရား ဖြစ်နေတော့မယ်... သူတို့မှာ နိုင်ငံခြားကလာတဲ့ ကျောပိုးအိပ်နဲ့.. စီးတဲ့ဖိနပ်ကလဲ လှမှလှ... နှိပ်လိုက်ရင် သံစုံမြည် တဲ့ ကွန်ပါဘူးနဲ့၊ အင်္ကျီ၊ စကတ်၊ ဘောင်းဘီဆိုတာကတော့ ပြောမနေနဲ့တော့....'
'အေးဟေ့... နင်မပြောတာပဲ ကောင်းတယ်... ကြာရင် စိတ်မကောင်းလွန်းလို့ ငါသေ သွားနိုင်တယ်.. ငါမသေချင်သေးဘူး၊ ငါ့ကျောင်းက ကလေးတွေကို သံယောဇဉ် မပြတ်နိုင်ဘူး၊ ဘယ်တော့မှလဲ ပြတ်မှာ မဟုတ်ဘူး... သူတို့လေးတွေနဲ့ အတူ ဘ၀ကို ငါခံစားကြည့်ချင် သေးတယ်'
'ဘယ်လိုလဲ... ကလေးသံယောဇဉ်တင်ပဲလား'
'ဟား... ဟား... နင့်မေးခွန်းတွေကလဲ မင်းသမီးတွေ အင်တာဗျူးသလိုပါပဲလား... ငါကတော့ အတွေးခေါင်တယ်ပဲပြောပြော၊ ငါမွေးတဲ့ကလေးကျရင် ဘယ်လို စခန်းသွားရမလဲ၊ မတွေးဝံ့တာနဲ့ ရင်လေးလွန်းလို့ အပျိုကြီးဘ၀က ဗိမာန်ဖြစ်နေတယ်'
'နင့်ကလေးကျရင်လား... ငါပြောမယ်လေ... ဘယ်လိုကလေးမျိုးလဲဆိုတာ...'
'ဟိုး.... ဆရာ၊ တော်ပြီ.. ငါပြန်တော့မယ် အလုပ်က သိတ်အားတာမှုတ်ဘူး'

မိုးချိုသင်း
{၁၉၉၀၊ အောက်တိုဘာလ မဟေသီမဂ္ဂဇင်းတွင်ပါရှိသော ၀တ္ထုကို "မှန်တင်ခုံပေါ်က နှင်းဆီပွင့်" စာအုပ်မှ တဖန်ပြန်၍ ကူးယူဖော်ပြပါတယ်}



မိုးကုတ်ဈေး
ရေးသူ- ညီပုလေး



[မာယာ မဂ္ဂဇင်း အတွဲ၃ အမှတ် ၁၊ ၁၉၉၈ မတ်လတွင် ဖော်ပြပြီးစာမူကို အင်တာနက် စာဖတ်ပရိသတ်အတွက်ထပ်မံဖော်ပြလိုက်ပါတယ်။]


'တော်ပြီဟာ၊ စိန်ပြေးတမ်း မကစားကြစို့နဲ့၊ နေပူလာပြီဟာ'
သုသုရဲ့ အသံက အိမ်ရှေ့ကွက်လပ်မှာ စာစာညံနေတယ်။
'ဟုတ်တယ်၊ ဒိပြင်ဟာ ပြောင်းကစားရအောင်ဟယ်'
သူ့အစ်မ ဘာပြောပြော ပစ်ခတ် ထောက်ခံတတ်တာ အီးဘောသော ချိုချိုရဲ့ အကျင့်။
'ဒါဖြင့် ထုပ်တိုးတမ်း ကစားရအောင်'
မိတိုးကအကြံပေးတော့ သုသုက.....
'မကောင်းပါဘူးဟယ်.....၊ ဘွားဘွားက နေရိပ်ထဲတင် ကစားကြလို့ မှာထားတဲ့ဥစ္စာ'
'သုသုက ကျောင်းဖွင့်ရင် ဒုတိယတန်းတက်ရတော့မယ့်ကလေး။ သူတို့ထဲမှာ အသက်အကြီးဆုံး။
'ဒါဆိုရင် မုန့်ရောင်းတမ်း ကစားရအောင်၊ ဈေးရောင်းတမ်းလေ'



ဒီတခါ မိတိုးပေးတဲ့အကြံကို သူတို့လေးတွေ ခဏလေးနဲ့ စဉ်းစားဆုံးဖြတ် လိုက်ကြ တယ်။
'ဟေး...... ကောင်းတယ်ဟေး......'၊ 'ကစားကြမယ်ဟေး......'
ဆိုတဲ့ အသံတွေ စီကနဲ ညံသွားတယ်။
'လှေကားအောက်မှာ အိုးပုတ်တွေ ရှိတယ် မိတိုး သွားယူချေနော်'
'အို... မမသုလဲ လိုက်ခဲ့...'
'ဒါဆိုရင် ချိုချို လိုက်သွားနော်...'
'ဟင့်အင်း... မမသု ပါလိုက်ခဲ့'
ကလေးတွေ တယောက်နဲ့တယောက် တွက်ကပ်နေကြရင်း၊ နောက်ဆုံးတော့ အားလုံး အတူတူ သွားယူကြဖို့ သဘောတူလိုက်ကြတယ်။
'ဆူဇီလဲ ဆူဇီအိမ်ပြန်ပြီး အိုးပုတ်ကလေးတွေ ယူချေနော်'
ဆူဇီက သူ့အကျင့်အတိုင်း နှုတ်ခမ်းကလေးကို ရှေ့စူပြီး-
'ဟုတ်ကဲ့ မမသု' တဲ့။
မိတိုးနဲ့ ရွယ်တူ ဆူဇီက ခေါင်းတချက်ညိတ်ပြီး အိမ်ဘက်ကို ချာကနဲ ထွက်ပြေး သွားတယ်။ တိုနေတဲ့ ဂါဝန်အောက်က ဘောင်းဘီပြာကလေးက ခြေတလှမ်းလှမ်းတိုင်း လှစ်ကနဲ ပေါ်သွားတာပေါ့။
နေပူထဲ လျှောက်ပြေးပြီး ကစားကြတာ၊ အကြိုအကြား ၀င်ပြီး တူတူပုန်းတမ်းကစား ကြတာထက် အခုလို နေရိပ်ထဲမှာ ကစားကြတာကို ဘွားဘွားတင်က ပိုသဘောကျတယ်။ ဒါကြောင့် မြေးကလေးတွေကစားဖို့ ဗာဒံရွက်ကလေးတွေ၊ စက္ကူပန်းပွင့်ကလေးတွေ ခူးပေးတယ်။ ညတိုင်ကျ လင်းနို့တွေ ချီချီလာတဲ့ ဗာဒံသီးတွေလည်း စုထား၊ ကောက်ထား သိမ်းထားတဲ့နေရာက ထုတ်ပေးလိုက်တယ်။

xxxx xxxx xxxx xxxx

'အစ်မကြီးက ဘာရောင်းတာတုန်း'
'မုန့်တီ ခေါက်ဆွဲပါ'
သုသုက အိုးပုတ်ကလေးတွေ၊ ပလပ်စတစ်ခွက်ကလေးတွေ စီနေယင်း ပြန်ဖြေလိုက် တယ်။
'မုန့်တီက ဘာသားနဲ့လဲ အစ်မကြီး'
'ကြက်သားနဲ့ပါရှင့်'
'တိုးတိုးကို မုန့်တီ ခြောက်ပွဲပေးနော်၊ ဆီလဲ ရွှဲရွှဲ၊ ပဲမှုန့်လဲ မနည်းစေနဲ့နော်'
သုသုနဲ့ မိတိုးတို့ လူကြီးတွေရဲ့ လေသံအတိုင်း ပြောလိုက်ကြပြီး မျက်လုံးကလေးတွေ ပြူးပြီး တယောက်ကို တယောက်ကြည့်ပြီး ရယ်လိုက်ကြတယ်။ မိတိုးက လျှာကလေး တစ်လစ်နဲ့။
ကလေးတွေ ကစားတာကိုကြည့်ပြီး ဘွားဘွားတင်တောင် မုန့်တီစားချင်စိတ် ပေါက် လာတယ်။ ဆီတွေကရွှဲရွှဲ၊ ကြက်သားဖတ်တွေအပြည့်နဲ့ မုန့်တီပွဲတွေကို မြင်ယောင်နေမိတယ်။
သုသုကတော့ ဆီမီးခွက်ကလေးတွေ ပလပ်စတစ်ခွက်ကလေးတွေ ထဲက မြက်ပင်တွေ နှိုက်လိုက်၊ ရေနဲ့ ဖျော်ထားတဲ့ ပြာတွေကို ဇွန်းနဲ့ခပ်ပြီးဆမ်းလိုက်နဲ့ သူ့စိတ်ကူးနဲ့သူ မုန့်တီပြင် နေတယ်။
'ခြောက်ပွဲကို ဘယ်လောက်ပေးရမလဲ... အစ်မကြီး'
'ခြောက်ပွဲခြောက်ကျပ်ပါ'
'ပိုက်ဆံရှင့်'
မိတိုးက ခါးကြားထဲက ပိုက်ဆံထုတ်ဟန်ဆောင်ပြီး သုသုလက်ဝါးထဲ ထည့်လိုက်တယ်။ သုသုကလည်း လက်ဝါးလေးကို ဖြန့်ထားရာက အသာစုပြီး ပိုက်ဆံယူတဲ့ဟန်နဲ့။ တကယ်တော့ မိတိုး ပေးတဲ့အထဲကလည်း ဘာမှမပါဘူး။ သုသုလည်း ဘာမှ မရဘူး။ လက်ချည်းပေးပြီး လက်ချည်းယူလိုက်ကြတာ။
သူ သိပ်ကြိုက်တဲ့ မုန့်တီတပွဲ တကျပ်ဆိုပါလား။ ကြက်သားနဲ့တဲ့။ ကလေးတွေ ကစားနေကြတာကို မေ့ပြီး ဘွားဘွားရဲ့ လျှာစိုလာမိတယ်။
'မမသုရေ.... ချိုချိုတို့ ဆိုင်ဘက်လဲ လာခဲ့အုန်းနော်...'
'အီးချို.... ညည်းက ဘာရောင်းတာတုန်း'
'ချိုချိုက အအေးရောင်းတာလေ'
'ဟယ်.. ငါရေဆာနေတာနဲ့ အတော်ပဲ၊ ဘာတွေရသတုန်း'
'ဘိလပ်ရည်တို့၊ ဖွါလူဒါတို့ ရေခဲမုန့်တို့ အစုံပေါ့'
သုသုက ချိုချိုတို့ဆိုင်က တခွက်ကို ငါးမူးဆိုတဲ့ ဖွာလူဒါ သုံးခွက်ဆင့်သောက်နေချိန်မှာ ဆူဇီကလည်း မိတိုးဆိုင်က ဒံပေါက်ငါးထုပ် ထုပ်ခိုင်းပြီးပြီ။
'ကြက်သားက ရင်အုပ်ချည်း ထည့်ပေးတာနော်'
'ကောင်းတယ်...... ကောင်းတယ်၊ အိမ်က ကလေးတွေက ရင်အုပ်မှ ကြိုက်တာ'
ဆူဇီတို့ ကလည်း လူကြီးလေသံ၊ ဟန်ပန်အပြည့်နဲ့။ ဗာဒံရွက်ကို အထုပ်ကလေးတွေ ဖြစ်အောင်ထုပ်ပြီး ခြင်းတောင်းထဲ ထည့်ပေးယင်း......
'ဒံပေါက် ငါးထုပ်က ဘယ်လောက်ကျသလဲရှင့်'
လက်မှာ ပေနေတဲ့ ပြာမှုန့်တွေကို ဂါဝန်အောက်နားမှာ သုတ်ယင်း...
'ငါးကျပ်ပါ ဒေါ်ဆူဇီ'
'ရော့နော်'
မိတိုးနဲ့ဆူဇီတို့လည်း ပိုက်ဆံပေးယင်း လက်ချင်းပဲ ထိလိုက်ကြတယ်။ ဒီလိုထိပြီး ပေးပေမဲ့ ဆူဇီက မသွားသေးပဲ ရပ်နေတယ်။
'ဆူဇီကို ပိုက်ဆံပြန်အမ်းအုန်းလေ မမရဲ့'
'အော်.... ဟုတ်သားပဲ ခုနက ပေးလိုက်တာ ဘယ်လောက်တန်လဲ ဆူဇီ'
'အစိတ်တန်လေ မမ'
'ဒါဆိုရင် ဘယ်လောက်အမ်းရမှာလဲ မမရဲ့'
'ဟင့်အင်း... ဆူဇီ မသိဘူး'
မိတိုးရော ဆူဇီပါ နှစ်ယောက်စလုံးခေါင်းကလေးတွေ ဘွားဘွားတင်ဘက် ပြိုင်တူ ချာကနဲ လှည့်ကြည့်ကြတယ်။
ဘွားဘွားတင်က နှစ်ဆယ်အမ်းရမှာလို့ တွက်ပြတော့မှ မိတိုးက ဂျပ်ဘူးခွံကလေး အောက်ကိုလှန်ပြီး ပိုက်ဆံနှိုက်တဲ့ဟန်အတိုင်း ဆူဇီကို လှမ်းအမ်းလိုက်တယ်။ ဆူဇီနဲ့မိတိုးတို့ လက်ချင်း နောက်တခါပြန်ထိကြတာပေါ့။
'နောက်တော့.... အစိတ်တန်တွေဘာတွေ ပေးမနေနဲ့ဟယ်၊ ရှစ်ကျပ်ကျရင် ရှစ်ကျပ်တန်ပေး၊ ကိုးကျပ်ကျရင်ကိုးကျပ်တန်ပေးနော်'
'ဟုတ်ကဲ့မမ'
ဆူဇီက ပြောပြောဆိုဆိုနဲ့ ပခုံးကလေးတွန့်ပြလိုက်တယ်။
'ဒေါ်ဆူဇီရေ.. ရှင့်ဆိုင်မှာ ကြက်ဥရှိသလား'
'ရှိပါတယ်ရှင့်'
'တလုံးဘယ်လောက်လဲ'
'တလုံးငါးကျပ်ပါ'
'ဟာ.... ငါးကျပ်ဆိုရင်များတာပေါ့၊ နည်းနည်းလျှော့ပါအုံး'
'ဒါဆိုရင် ခြောက်ကျပ်နဲ့ ယူပါ'
ဘွားဘွားရော သုသုပါ ပြိုင်တူ ရယ်လိုက်ကြတယ်။ ကိုယ့်ဆိုင်နဲ့ကိုယ် အလုပ်ရှုပ်နေကြ တဲ့ မိတိုးတို့၊ အီးချိုတို့ကတော့ မကြားလိုက်ကြဘူး။
ဆူဇီက ဘာကို ရယ်ကြတယ်ဆိုတာ နားမလည်ပေမယ့် အခုလို ရယ်ကြတော့ နည်းနည်းတော့ ရှက်သွားပြီး၊ မျက်နှာကလေးလဲ ရဲသွားတယ်။
'ဟုတ်သေးပါဘူး၊ ဆူဇီရယ်၊ ငါးကျပ်နဲ့ ခြောက်ကျပ်ဆိုရင် ခြောက်ကျပ်က များတာပေါ့'
ဒီနှစ်မှ ကျောင်းနေမယ့် ဆူဇီကို သုသုက သင်ပေးနေတယ်။
'ဒါဆိုယင် ဘယ်လောက်ပြောရမလဲ၊ လေးကျပ်တို့ သုံးကျပ်တို့လား'
'ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ ဈေးများတာပေါ့'
ဘယ်လောက်ရောင်းရရင် ကောင်းမလဲ'
ဆူဇီက စဉ်းစားပေမယ့် ကြက်ဥတလုံးဈေးကို မပြေတတ်ဘူး။ နားထင်တလျှောက်စီး နေတဲ့ ချွေးစီးကြောင်းကို ဂါဝန်လက်ဖောင်းနဲ့ ပွတ်လိုက်တုန်းမှာ ဘွားဘွားတင်က သူရောင်းချင်တဲ့ဈေးကို ၀င်ပြောလိုက်တယ်။ ဒါကြောင့် ဆူဇီလည်း သံယောင်လိုက်ပြီး...
'ကြက်ဥတလုံးတမတ်ပါရှင့်'
ဂျပ်ဘူးလေးထဲက ဗာဒံသီးခြောက်တလုံးကို ကောက်ပေးလိုက်တယ်။ ဒီဗာဒံသီး ခြောက်တွေက ဆူဇီရဲ့ဆိုင်မှာ ကြက်ဥဖြစ်နေပေမဲ့ အီးချိုရဲ့ဆိုင်မှာ အုန်းသီးတွေပေါ့။
'ကြက်ဥက မလျှော့တော့ဘူးလား ဆူဇီရယ်'
'ဒီမနက်မှ အုတဲ့ ဥစ္စာတွေပါ၊ လတ်လတ်ဆတ်ဆတ်တွေ အစ်မရဲ့'
'ဆူဇီဆီမှာ ပဲဆီရော ရှိလား'
'ပဲဆီလဲရှိပါတယ်ရှင့်၊နှမ်းဆီလဲ ရှိပါတယ်ရှင့်'
'တပိဿာ ဘယ်လောက်လဲ'
'ပဲဆီက တပိဿာတဆယ်ပါ'
ကြက်ဥတလုံး လေးကျပ်ဆိုတုံးက လန့်သွားတဲ့ ဘွားဘွားတင်ရဲ့ မျက်နှာဟာ ပဲဆီတပိဿာတဆယ်ဆိုတော့မှ သွေးရောင် ပြန်သန်းလာတော့တယ်။
သုသုတို့ ချိုချိုတို့ဆီမှာ ဘွားဘွားတင်ရှိသလို ဆူဇီဆီမှာလည်း ဘွားဘွားတင်နှင့် အသက်ချင်းမတိမ်းမယိမ်း ဘွားဘွားမေရီဆိုတာ ရှိတယ်။ သုသုတို့ ဘွားဘွားတင်ထက် ဘွားဘွားမေရီက ဆံပင်ပိုဖြူတယ်။ နည်းနည်းလည်း ပိုဝတယ်။လမ်းလျှောက်ရင် ဖြည်းဖြည်းပဲ လျှောက်နိုင်တယ်။ ဘုရားကျောင်းတောင် မှန်မှန်သွားပြီး ၀တ်မပြုနိုင်ရှာဘူး။အခုလည်း ဘွားဘွားမေရီက ကစားနေတဲ့ ဆူဇီကို ထမင်းစားရအောင်လာခေါ်နေပြီ။ ဆူဇီက သူ့ဘွားဘွား လာနေတာ မြင်ပေမယ့် မသိချင်ဟန်ဆောင်ပြီး ဆက်ကစားနေတယ်။ ဘွားဘွားမေရီလည်း ဘွားဘွားတင် အနားရောက်လာရော-
'ရှင့်မြေး ဆူဇီက အဖြစ်ပဲ၊ ဈေးရောင်းတတ်တယ်၊ ဒီအထဲမှာ သူအငယ်ဆုံး၊ သူအသွက်ဆုံး'
'ဟုတ်တယ်၊ ဒေါ်တင်တင်ရေ- သူက ဒါမျိုး ၀ါသနာပါတာ'
ခဏနေယင် ထမင်းစာဖို့ အိမ်ပြန်ရတော့မှာ သိပေမဲ့ အချိန်ရသလောက် ဆူဇီက ဆက်ကစားနေတယ်။
'ဆူဇီရေ.... ဆန်ရော ကောင်းကောင်းရှိသလား'
'ရှိပါတယ် မမတိုး'
'ဘာဆန်တုန်း'
ဆူဇီ ပြန်မဖြေတတ်ပြန်ဘူး။ ထုံးစံအတိုင်း ဘွားဘွားတင်ကို မော့ကြည့်လိုက်တယ်။ နံဘေးက သူ့ဘွားဘွားကိုတော့ ပိုးစားနေတဲ့ သူ့သွားလေးတွေ ပေါ်အောင် ပြုံးပြပြီး မျက်နှာချိုသွေးလိုက်တယ်။ ပြီးတော့မှ ဘွားဘွားတင် သင်ပေးတဲ့အတိုင်း.....
'ပေါ်ဆန်းမွှေးတို့၊ ရွှေဘိုခွံနီတို့ အစုံရှိတာပေါ့'
'တပြီ ဘယ်ဈေးလဲဆူဇီ'
'တပြီသုံးကျပ်ပါ'
အဘွားကြီးနှစ်ယောက် တိုင်ပင်ထားသလို ပြိုင်တူရယ်လိုက်ကြတာ မျက်ရည်တွေကို ထွက်လို့။
'ဇမ္ဗူဒိတ် နိမိတ်သာဖြစ်လိုက်ပါတော့ ဒေါ်မေရီရယ်'
'ဟုတ်ပ...ဟုတ်ပ...၊ ကျွန်မလည်း ဒီလိုပဲ အောက်မေ့ပါတယ်'
'မုန့်တီ ကြက်သားနဲ့ တပွဲတကျပ်တဲ့၊ ဒံပေါက်လည်း တထုပ်တကျပ်တဲ့၊ ဆီလည်း တပိဿာ တဆယ်တဲ့'
'ကလေးပါးစပ်... ဟိုဘာတဲ့... နတ်ကပ်သတဲ့နော်'
'ဟုတ်တယ်၊ ကလေးစကား၊ သဘင်သည်စကား၊ အရူးစကား မှန်တတ်သတဲ့'
အဘွားကြီးနှစ်ယောက်က တပြုံးပြုံးနဲ့ သဘောကျနေတုန်း၊ ကလေးတွေက ရောင်းလိုက်ကြ၊ ၀ယ်လိုက်ကြနဲ့ ကစားရှိန် မပျက်ဘူး။ လက်, လက်ချင်းထိလိုက်ကြနဲ့။ ကလေးတွေကိုကြည့်နေယင်း ဘွားဘွားတင်က-
'အဲမယ်လေး ဘုရားဘုရား'
လို့ ဘုရားကို ကောက်ခါငင်ခါ တ, လိုက်တော့ ဒေါ်မေရီလည်း လန့်သွားတာပေါ့။
'ဒေါ်မေရီရယ် ကြည့်ပါအုံး၊ သုသုတို့ ဆူဇီတို့ ပိုက်ဆံလုပ်ကစားစရာတွေအတွက် ကြွေပန်းကန်ကွဲဝေးလို့ စက္ကူအတိုအစလေးတွေတောင် မရှိဘူးနော်'
ခုနက ရယ်နေတဲ့ ဒေါ်မေရီပါးစပ်ကလဲ
'မိုင်ဂေါ့ဒ်' တဲ့.....။

ညီပုလေး။
ဒဂုန်မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၁၉၈၇။

Wednesday, August 20, 2008

ပြန်မပြောနိုင်သူများအပေါ် တဖက်သပ်စီရင်ချက်ချသူ
ရေးသူ- တာရာလင်းယုန်

ပြီးခဲ့သည့် ၂၀၀၆၊ ဇူလိုင်လထုတ်မဟေသီမဂ္ဂဇင်း၊ အမှတ် ၂၅၉၊ စာမျက်နှာ ၅၈တွင် ပါရှိသည့် ကိုဦးဆွေ၏ အင်တာဗျူးအခန်းကို ဖတ်ပြီး ပြောချင်သောစကားများ ပစပ်ဖျားတွင် စုပြုံရောက်ရှိလာသည်။ သူက ဟာသစာရေးဆရာ နီကိုရဲကို အင်တာဗျူးသည့် "နီကိုရဲနှင့်တွေ့ ဆုံခြင်း၊ ပထမပိုင်း" ဆိုသည်၏ နောက်ပိုင်းနားတွင် "ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ ကြည်အေးတို့ရဲ့ စာတွေ ဘာလို့ လူအများစုဆီပျံ့နှံ့ မလာတော့တာလဲ" ဟုမေးလိုက်သည်။ ဒါကို ဆရာနီကိုရဲက ဤသို့ ဖြေလိုက်သည်- "ဆရာရွှေဥဒေါင်းက အနုပညာနဲ့ ရေးတာ၊ သူတို့က ဝါဒတခုနဲ့ရေးတာ၊ အဲဒီဝါဒက ဒီခေတ်မှာ ကျဆုံးသွားတဲ့အခါ သူတို့စာတွေလည်း ကျဆုံးသွား တာပဲ"


တယ်လဲပြတ်သားလှတဲ့ စီရင်ချက်ပါလား။
သူ့ဒီစကားထဲကနေ သူအဓိကထားသော အောက်ပါ အချက်သုံးချက်ကို သတိထားမိ သည်။
၁။ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ ကြည်အေးတို့ရဲ့ စာတွေကျဆုံးသွားပြီ။
၂။ သူတို့ဟာ ဆရာရွှေဥဒေါင်းလို အနုပညာနဲ့ရေးတာမဟုတ်ဘူး။ သူတို့ဟာဝါဒတခုနဲ့ ရေးတာ။
၃။ သူတို့ရဲ့ဝါဒဟာလည်း ကျဆုံးသွားပြီ။ အဖြေက တိကျလှ၏။ မေးသူသိလိုသည့် အချက်ကိုလည်း တိုက်ရိုက်ဖော်ပြရာ ကျ၏။ ထိုပုဂ္ဂိုလ်သုံးဦးကကော ဘာများပြောလိုပါ သနည်း။
တစ်၊ ဆရာဗန်းမော်တင်အောင်က ကွယ်လွန်လေပြီ။ သူသည် ကိုယ့်အတွက်ပင် မည်သို့မျှမကာကွယ်၊ မလျှောက်လဲနိုင်တော့။
နှစ်၊ ဆရာမကြည်အေးက အမေရိကန်တွင် နေသည်။ သူ့အပေါ် စစ်အစိုးရအာဏာပိုင် များက မကြည်သည်ကို သိနားလည်သည်။ သူသည် မြန်မာပြည် စာပေလောက၏ အရှုပ် အရှင်းများတွင်လည်း ပါဝင်လေ့ရှိသူမဟုတ်။
သုံး၊ ဆရာဒဂုန်တာရာကတော့ နှစ်စဉ်သူ့မွေးနေ့တွင်၎င်း၊ အခြားပွဲများတွင်၎င်း စာပေလောကသားများက ပူဇော်သည်ကို မတတ်သာပဲ လက်ခံနေရသည်။ (ထိုပူဇော်သူများ ထဲတွင် ဆရာနီကိုရဲ မပါဝင် ဟုထင်ပါသည်။) သူ့အားလွန်ခဲ့သည့် လအနည်းငယ်ကပင် နအဖအစိုးရက ပစ်စာ သဏ္ဍာန်ဖြင့် စုတ်စုတ်ပဲ့ပဲ့ တိုက်ခိုက်ခဲ့သည်။ ထိုစာမျိုးကို သူချေပလေ့မရှိ။ ချေပခွင့်လည်းမရှိ။ သူသည် နအဖထောင်ချောက်ထဲ မဝင်မိအောင် သတိ ထားတတ်သူဖြစ်သည်။
ဤသို့၊ ဤမျှ တဘက်သတ်ဖြစ်နေသည့် စာပေဇာတ်ခုံတွင် နအဖ က ငြိုငြင်သူများအား ပြတ်ပြတ်သားသား စီရင်ချက်ပေးရဲသည့် ဆရာနီ၏ သတ္တိကိုချီးကျူးမိပါ၏။ နအဖ၏ အကျဉ်း ရုံးစီရင်နည်းများထက်ပင် အကျဉ်းရုံးပါသေးကလား။
တဆက်တည်း ထောက်ပြလိုသည်မှာ ဗျူးသူ ကိုဦးဆွေသည် ဤအကြိမ် အင်တာဗျူး မတိုင်မီတလက ဆရာဆောင်းဝင်းလတ်ကို ဗျူးရာတွင်လည်း ဤမေးခွန်းကိုပင် မေးခဲ့သည်။ စဉ်းစားစရာ။
ဤ စာရေးဆရာသုံးဦးသည် အနုပညာဖြင့် ရေးသည်မဟုတ်ဟု ဆရာနီကိုရဲက ခိုင်ခိုင်မာမာ ပြောထားသည်။ တခုပဲမေးလိုပါသည်။ တချိန်က သူတို့ သုံးယောက်၏ ရေးနည်း သားဟန်လို လူနှစ်သက် အတုယူခံရသည့် စာရေးဟန်ရယ်လို့ ဒီခေတ်မှာ ဘယ်သူ့ ရေးဟန် များ ရှိသလဲ ဆရာနီကိုရဲ ထပ်ထောက်ပြစေချင်ပါသည်။ တယောက်ထောက်ပြနိုင်လျှင်ပင် လုံလောက်ပါသည်။
သူတို့ဖန်တီးသည့် ဇာတ်ကောင်များအတိုင်း လိုက်ပြီး နေထိုင်ကျင့်ကြံသူများရှိသည် ဆိုခြင်းကိုရော ဆရာနီကိုရဲသိပါစ။ ဆရာဒဂုန်တာရာ၏ "မေ" လို ခပ်ပေါ့ပေါ့နဲ့ ခေတ်ကိုအရွဲ့ တိုက်ခဲ့သည့် တက္ကသိုလ်ကျောင်းသူနှင့် ကျူတာများ၊ ဆရာမကြည်အေး၏ "နွမ်းလျအိမ်ပြန်" ထဲက အဓိက ဇာတ်လိုက်အမျိုးသမီးကို အတုယူပြီး ဗမာပြည်မှာ ဖြစ်တည်မှု ပဓာနဝါဒကို ပထမဆုံးကျင့်သုံးခဲ့တဲ့ ခေတ်ပညာတတ်အမျိုးသမီးတွေ၊ ဆရာဗန်းမော်တင်အောင်ရဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင်တွေလို (များလွန်းလို့ တခုချင်းမပြောတော့ပါ) ပြုမူကျင့်ကြံလို့ ချစ်ရပါသည်ဟု မဂ္ဂဇင်းတွင် ထုတ်ရေးခဲ့သည့် စာရေးဆရာမများ။ မဝေးသေးတဲ့ အတိတ်မို့ ဒါတွေကို သိသူတွေ အများကြီးပါ။ ဒါဖြင့် ဒီ ဇာတ်ကောင်မျိုးတွေကို ဒီ သမိုင်းတခေတ် မော်ကွန်း တင်ခဲ့တဲ့ ကလောင်ရှင်ကြီးတွေဟာ အနုပညာမပါပဲနဲ့ ဖန်တီးခဲ့တာလား။
နမူနာတချို့ ထပ်ပြောပါဦးမည်။ ဆရာမကြည်အေး၏ "ညကြီးမင်းကြီး၊ ထပြီးထိုင်နေ၊ အိပ်ယာတွေလည်း၊ ကျေမွတွန့်လိပ်" ဆိုသော "တစ္ဆေ" စသည့်ကဗျာများ၏ သြဇာကြောင့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ထိုဟန်အတိုင်း လိုက်ရေးသူများ အမြောက် အမြားပေါ် ပေါက်ခဲ့ပါသည်။ အချို့ဆိုလျှင် ယောက်ျားပင်ဖြစ်လျက်နှင့် အမျိုးသမီးကလောင် နာမည်ယူကာ ထိုဟန်မျိုး၊ တွေးခေါ်နည်းမျိုးဖြင့် လိုက်ရေးကြသည်များ ရှိခဲ့ပါသည်။ ယခုအခါ နာမည်မဖော်ထုတ်သင့်တော့ဟု ထင်သဖြင့်မဖော်တော့ပါ။
တက္ကသိုလ်ဘုန်းနိုင်ဆိုသော တချိန်က စောင်ရေအများဆုံး ထုတ်ရသည့် အောင်မြင်မှု အင်မတန် ရခဲ့သော တက္ကသိုလ်ကျောင်းအုပ်ဟောင်း ဆရာဦးခင်မောင်တင့်ကို မှတ်မိကြပါ လိမ့်မည်။ သူသည် စာရေးကောင်းသည်ဟူသော အချက်အပြင် ကွန်မြူနစ်ဆန့်ကျင်ရေးများ ရေးသူ ဟူ၍လည်း နာမည်ကြီးပါသည်။ သို့သော် သူ၏ "ဘုန်းနိုင်" ဆိုသော ကလောင်အမည် မှာ ယခုဆရာနီကိုရဲ အဆိုအရ အနုပညာကင်းမဲ့စွာဖြင့်၊ ကွန်မြူနစ်ဝါဒကို အခြေပြုရေးသည် ဆိုသော ဆရာဗန်းမော်တင်အောင်၏ ဇာတ်ကောင်တကောင်၏ နာမည်ကိုယူထားခြင်း ဖြစ်ပါသည်။ ဤအကြောင်းကိုလည်း ဆရာဘုန်းနိုင်က ကြုံတိုင်းပြောပါသည်။ သူသည် ဆရာဗန်းမော်တင်အောင်၏ အနုပညာက ဖန်တီးထားသော ဇာတ်ကောင် နာမည်ကိုယူထား ခြင်းဖြစ်ပါသည်။ ဝါဒကို လုံးဝယူမထားပါ။
ဆရာဒဂုန်တာရာ့ လက်ရာနှင့် ပတ်သက်လို့ကတော့ စာရေးသူ၏ မိတ်ဆွေတယောက် အကြောင်းကို ပြောပြချင်ပါသည်။ ထိုမိတ်ဆွေက သတင်းစာ တစောင်တွင် အားကစားသတင်း ဖြင့် ခြေလှမ်း လှမ်းဝင်ရောက်နေစဉ်ဖြစ်ပါသည်။ သူက ဘော့လုံးပွဲသတင်းများကို ရေးရာတွင် အနောက်တိုင်း သတင်းစာများတွင် ရေးကြလေ့ရှိသည့်အတိုင်း ဘော့လုံးပွဲမစမီတွေ့ရသည့် ရာသီဥတုအခြေအနေ၊ လေတိုက်မှု အခြေအနေများကိုလည်း ဖွဲ့နွဲ့ရေးပါသည်။ ထိုအခါ အားကစားသတင်းများကို မလွတ်တမ်းဖတ်လေ့ရှိပြီး သူနှင့်လည်း လူချင်းရင်းနှီးသည့် ဆရာလူထုစိန်ဝင်းက "မင်းရဲ့ သတင်းကလည်းကွာ ဒဂုန်တာရာရဲ့ စာဖတ်နေရသလိုပဲ" ဟု မှတ်ချက်ချပါသည်။ ဆိုလိုသည်မှာ ဒဂုန်တာရာ၏ အနုပညာသြဇာဟာ စာနယ်ဇင်း လောကတိုင်းကို ထိုးဖောက် ဝင်ရောက်ကြောင်း ဖြစ်ပါသည်။ ထိုခေတ်က စာလေးပေလေး ရေးတတ်ချင်သည့် လူငယ်တိုင်းလိုလို ဒဂုန်တာရာ၏ ရေးဟန်ကို လက်တည့်စမ်းမိကြမည် ထင်သည်။
ဆရာနီကိုရဲ၏ စွပ်စွဲချက်- မဟုတ်ဘူး- စီရင်ချက်ထဲတွင် သူတို့သည် နိုင်ငံရေးနှင့် ရေးခဲ့သောကြောင့်ဖြစ်သည် ဆိုသောအချက်လည်း ပါရှိသည်။ ဆရာဗန်းမော်တင်အောင်၏ စာများ အရောင်းရဆုံးကာလမှာ ၁၉၆ဝ ခုနှစ်များဟု ထင်ပါသည်။ ထိုစဉ်က သူသည် စောင်ရေ အများဆုံး ရောင်းရသူ တဦးဖြစ်ပါသည်။ ဤတွင် မေးစရာရှိလာသည်မှာ နိုင်ငံရေးအယူအဆ တရပ်သက်သက်ကို- ဆရာနီကိုရဲပြောသလို- အနုပညာမပါပဲ ရေးတာ အဘယ်ကြောင့်ဤမျှ လူကြိုက်များရသနည်း။ တကယ်က ၁၉၅ဝ ခုနှစ်များနှင့် ၁၉၇ဝ ခုနှစ်များတွင်လည်း သူ့ကိုထောင်ချခြင်း၊ သူ့စာများကို ပိတ်ပင်ခြင်းများ မရှိခဲ့လျှင်သူသည် အရောင်းရဆုံးစာရင်း တွင်ပါနေမည်မှာ သေချာသည်။ သူ့စာအုပ်တအုပ်ကို (အမည်က မမကြီး၊ ထိုဆုကို ဆရာက မယူခဲ့ပါ) သူ့အား ဖမ်းလေ့ရှိသည့် ဖဆပလအစိုးရက စာပေဗိမာန်ဆုပေးခဲ့သည်မှာ သူ့ဝါဒကို သဘောကျလို့တော့ ဟုတ်မည်မထင်ပါ။ သူ့အနုပညာကို ကြိုက်လို့သာ အသိအမှတ်ပြုခြင်း ဖြစ်ရပါမည်။
မည်သို့ပင်ဆိုစေ စစ်အာဏာရှင်များကမူ သူ့ကိုမကြိုက်။ ဖိနှိပ်သူများကသူ့ကို မကြိုက်။ ဆရာနီကိုရဲကလည်း သူ့ကိုမကြိုက်။ သူ့စာဖတ် ပရိတ်သတ်ကမူ သူ့ကိုရော၊ သူ့စာများကိုရော ဘယ်မျှနှစ်သက်လေးစားကြောင်း သူကွယ်လွန်စဉ်က ကြံတောသုဿန်တွင်ဖော်ပြခဲ့သည်။ ဗမာပြည်သမိုင်းတွင် မရှိဖူးသော အသုဘမျိုးအဖြစ် မှတ်တမ်းတင်ခဲ့ရသည်။
ယနေ့အခါ ဗမာပြည်၏ စာပေလောကတွင် စာပေလောကသားချင်း ဖော်ပြခွင့်မရသူ၊ ဖြတ်တောက်ပိတ်ပင်ခံရသူတွေကို စာနာနေကြချိန် ဖြစ်သည်။ သူ့စာဖော်ပြခွင့်မရ၊ ငါ့စာသာ ဖော်ပြခွင့်ရသည်ဆိုပြီး ဂုဏ်ယူကြချိန်မဟုတ်။ သို့သော် ဆရာနီကိုရဲကမူ ဤသည်ကို ဝမ်းသာ ဂုဏ်ယူပြနေယုံမက အဆင်း (ထင်မှတ်ပြီး) ဘီးတပ်၍ တွန်းပေးလိုက်သေးသည်။
သို့သော် ဟာသစာရေးဆရာမို့ထင်ပါရဲ့ ဆရာနီကိုရဲ၏စကားစုထဲတွင် ဟာသလေးများ လည်း တွေ့လိုက်ရသည်။ တခုက ဆရာမ ကြည်အေးကို ဝါဒ အတွက်ရေးသူဟု ဆိုလိုက်ခြင်း ဖြစ်သည်။ ဆရာမကြည်အေးကား ဗမာပြည်မှာ နိုင်ငံရေးအသွေးအရောင် မဖော်ပြဆုံးသော စာရေးဆရာများအနက် ထိပ်ကပါသော ပုဂ္ဂိုလ်တဦးဖြစ်ပါသည်။ ဆရာမကြည်အေးအား တာရာမဂ္ဂဇင်းတွင်နေရာပေးခဲ့၊ တင်ပေးခဲ့သည် လောက်ကိုသာသိ၍ သူရေးသောစာများကို ဆရာနီကိုရဲဖတ်ဖူးဟန်မတူပါ။ ထို့ပြင် တလောကပဲ မဂ္ဂဇင်းတစောင်တွင် ဆရာမကြည်အေး၏ စာအုပ်များ ရောင်းကောင်းလှကြောင်း သုံးသပ်ချက်တပုဒ်ကို ဖတ်မိပါကြောင်း ဆရာနီကိုရဲကို သတိပေးလိုပါသည်။
နောက်ဟာသတခုက ဆရာရွှေဥဒေါင်းဟု သုံးနှုန်းလိုက်ခြင်းဖြစ်ပါသည်။ စာရေးသူ သတိထားမိသည်မှာ အမေလူထုဒေါ်အမာက "ရွှေဥဒေါင်း" ဆိုသော ကလောင်ရှင်ကြီးအား ရည်ညွှန်းတိုင်း သူခေါ်လေ့ရှိသည့်အတိုင်း "ဦးလေးသိန်း"၊ သို့မဟုတ် "ဆရာကြီးရွှေဥဒေါင်း" ဟုသာ ရည်ညွှန်းပါသည်။ စာရေးသူသိမှီသူများထဲက ဆရာရွှေဥဒေါင်းလို့ ခေါ်ဆိုရည်ညွှန်းသူ ဟူ၍ ဆရာနီကိုရဲတဦးသာ တွေ့ဖူးပါသည်။ အားလုံးက ဆရာကြီးဟုပင်ရည်ညွှန်းသုံးစွဲပါသည်။
စာရေးသူကိုကပဲ ဟာသဉာဏ်နည်း လေသလားလည်း မသိပါ။
နောက်ဆုံးအနေနဲ့တော့ ဆရာနီကိုရဲနဲ့ ဗျူးသူ ဆရာကိုဦးဝေကိုသာမက မဂ္ဂဇင်းတွင် ဖော်ပြပေးသူ အယ်ဒီတာချုပ်မင်းကိုပါ အောက်ပါမေးခွန်း နှစ်ခုမေးချင်ပါသည်။ အဖြေကို ကိုယ့်ဟာကိုယ်စဉ်းစားပြီး ကိုယ့်ခေါင်းထဲမှာတင်ထားရန်ဖြစ်ပါသည်။
ဗမာတမျိုးသားလုံး သွေးစည်းညီညွတ်စွာ တိုက်ပွဲဝင်ပြီး အောင်ပွဲခံခဲ့ကြသည့် ဂျပန် တော်လှန်ရေးထဲကို ကိုယ်ကျိုးစွန့်ပြီး စုံပစ်ဝင်ခဲ့ကြ သူများသည် ဆရာကြီးသခင်ကိုယ်တော် မှိုင်းနှင့် မဟာဆွေ(နေသူရိန်)တို့၏ စာတွေကိုဖတ်ပြီး ပါဝင်လာခဲ့ကြတာလား၊ စပယ်ပင်ဦးလတ် နှင့် မြမျိုးလွင် တို့၏ စာများကို ဖတ်ပြီးပါလာကြတာလား။ ၇-ရက်ဇူလိုင်ကနေ ရှစ်လေးလုံးအထိ တိုက်ပွဲမျိုးစုံမှာ ပါဝင်ခေါင်းဆောင်ခဲ့ကြသူများသည် မည်သူတွေ ရေးသည့် စာများကိုဖတ်ပြီး သက်စွန့်ကျိုးပမ်း ဆောင်ရွက်ခဲ့ကြတာလဲ။ သူတို့ထဲမှာ ငသြနဲ့ မြိုင်ကိုမဖတ်ဖူးသူ ဘယ်နှစ် ယောက်များ ရှိလို့လဲ။
ဗမာပြည်၏ရှေ့တွင် ကြီးမားသည့်အရေးတော်ပုံကြီးတရပ် ဆင်နွှဲဖို့ရှိနေပါသေးသည်။ သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြရပါဦးမည်။ ထိုတိုက်ပွဲများအတွက် မည်သည့်စာများဖတ်ပြီး ပါဝင်ကြမည်နည်း။ လူထုကို မည်သူတို့၏ ရေးသားချက်များနှင့် စည်းရုံးကြမည်နည်း။ ဆရာနီကိုရဲ၏ ရေးသားချက်များနှင့်လား။ စာရေးသူ၏ အမြင်တွင်မူ ဆရာနီကိုရဲပြောသည့် ခေတ်ကုန်သွားပြီ၊ ကျဆုံးသွားပြီဆိုသူများ၏ စာပေများ၏ အခန်းကို ပြန်ဖော်ထုတ်ကြရပါ လိမ့်ဦးမည်။


တာရာလင်းယုန်

ဂျူးနှင့်အင်တာဗျူး {ပထမပိုင်း}
ရေးသူ- ဟိန်းလတ်


စာရေးဆရာမဂျူးဟာ ခုထိ (၁၉၈၉ ခုထိ) ၀တ္ထုတို (၂၁) ပုဒ်နဲ့ လုံးချင်း နှစ်ပုဒ်ပဲ ရေးခဲ့ပါ သေးတယ်။ အရေအတွက်အရ နည်းတယ်လို့ ပြောလို့ရချင်ရပေမဲ့ အရည်အချင်းကတော့ စာပေနယ်မှာ ပြောစမှတ်ပြုလောက်အောင် ဖြစ်ခဲ့တယ်။ ဖြစ်နေဆဲကိုတော့ ဘယ်သူမှ ငြင်းလို့မရနိုင်ပါဘူး။ ဆရာမဂျူးဟာ ရေနံချောင်းမှာနေသူမို့ ရန်ကုန်ကို တခါတရံကျမှသာ ရောက်တတ်ပါတယ်။ အခုတခေါက် ရောက်တုန်းရောက်ခိုက် စာဖတ်ပရိသတ်ကိုယ်စား သိချင်တာလေးတွေကို ကျွန်တော်မေးကြည့်မိပါတယ်။ တခြားတခြားသော စာနယ်ဇင်းတွေမှာ ပါတဲ့ ဂျူးအင်တာဗျူးတွေနဲ့ ခြားခြားနားနား မေးခွန်းတွေဖြစ်အောင်လည်း စီစဉ်ထားပါတယ်။


xxxx xxxx xxxx xxxx xxxx xxxx

ဟိန်းလတ်။ ။ ဆရာမအနေနဲ့ လုံးချင်းနှစ်အုပ် (၁၉၈၉ ခုထိ) ထွက်ပြီးပြီးနော်။ အဲဒီမှာ ဘာထူးခြားတာ တွေ့သလဲဆိုတော့ အဖုံးပန်းချီတွေဟာ သာမန်ပုံမျိုးမဟုတ်ဘဲ ပန်းချီဆရာ စိတ်ကြိုက် Abstract ပုံတွေနဲ့ ထုတ်တာတွေ့ရပါတယ်။ အဲဒါဟာ မြန်မာ စာနယ်ဇင်းလောကနဲ့ မျက်နှာဖုံးပန်းချီလောကကို တမျိုးဆန်းသစ်လိုက်တယ်လို့ ယူဆပါ တယ်။ နောက်ပြီး ဆရာမရဲ့ ၀တ္ထုတိုပေါင်းချုပ်စာအုပ်ထဲက အတွင်းပန်းချီလက်ရာကလည်း မော်ဒန်တွေ များပါတယ်။ အဲဒါ ဆရာမစိတ်ကြိုက် စီစဉ်တာလား၊ ထုတ်ဝေသူကလား။

ဂျူး။ ။ အမှတ်တရကို လုံးချင်းပြန်ထုတ်ဖို့ အင်ကြင်းမြိုင်ကစီစဉ်တော့ ထုတ်ဝေသူက ပန်းချီအတွက် ကိုမြင့်မောင်ကျော်ကို အပ်မယ်လို့ စိတ်ကူးရှိတဲ့အကြောင်း ပြောပါတယ်။ ကျွန်မ အနေနဲ့ ငြင်းစရာမရှိပါ။ ကျွန်မလိုချင်တာကတော့ သမရိုးကျ မျက်နှာဖုံးမျိုး မဟုတ်ပါ။ ဒါပေမဲ့ အဲဒါကို ပန်းချီဆရာနဲ့ ညှိယူမယ်လို့ ဆုံးဖြတ်လိုက်တယ်လေ။ ပန်းချီဆရာကို ပုံအပ်တော့ ကျွန်မက နည်းနည်းဇီဇာကြောင်တတ်၊ ဂျီးများတဲ့အကြောင်းဝန်ခံထားပြီးတော့ ကျွန်မအနေနဲ့ ရှုခင်းနောက်ခံထားတဲ့ လူတွေပုံမျိုး မလိုချင်ဘူးလို့ ပြောလိုက်ရပါတယ်။ တတ်နိုင်ရင် ဘာဒြပ်ထုမှမပါတဲ့ Abstract ပုံကိုပဲ လိုချင်ပါတယ်လို့ပြောတော့ ကိုမြင့်မောင်ကျော်က သူအတတ်နိုင်ဆုံး ကြိုးစားပါမယ်...... တဲ့။ သူမျက်နှာဖုံးရေးပြီးတော့ ကျွန်မကို ပြတယ်။ ရှေ့ဖုံးကို ကျွန်မ ပိုကြိုက်တယ်။ နောက်ဖုံးကလည်း Abstract မဟုတ်ပေမဲ့ မဆိုးပါဘူး။ ဒါနဲ့ပဲ သဘောတူလိုက်ပါတယ်။
နောက်... 'ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့' ကျတော့လည်း ကျွန်မလိုချင်တဲ့ မျက်နှာဖုံးမျိုး ဒီဇိုင်းမျိုးကို ပန်းချီဆရာက ရိပ်စားမိသွားလို့ ပြဿနာမရှိပါဘူး။ နည်းနည်း ပြဿနာဖြစ်တာက အတွင်းပန်းချီကိစ္စပဲ။ အတွင်းပန်းချီမှာ ပန်းချီဆရာ ၁၆ ယောက်ရဲ့ ပန်းချီ ၁၆ ပုံနဲ့ ထုတ်မယ်လို့ ထုတ်ဝေသူက ပြောတဲ့အချိန်မှာ ကျွန်မလိုသွားတာက ပန်းချီဆရာ ရွေးဘို့ကိစ္စ.....။ ပထမကတည်းက ကျွန်မသဘောကျတဲ့ ပန်းချီဆရာတွေ ပါဝင်အောင် ဦးစားပေး ပြောပြခဲ့ဖို့ ကောင်းပေမယ့် ဒီလောက်မြန်မြန်လုပ်ဖြစ်လိမ့်မယ် မထင်တော့ မပြောမိခဲ့ဘူး။ နောက်တခေါက် ကျွန်မရန်ကုန်ရောက်တဲ့အချိန်မှာ ပန်းချီ ၁၆ ပုံကို သူတို့ ရပြီးနေပြီ။ အများစုက modernised ဖြစ်ပါတယ်။ ကျေနပ်စရာပါပဲ။ ကိုဖေညွန့်ဝေနဲ့ ပိုပိုမပါ တဲ့အတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။

ဟိန်းလတ်။ ။ ဂျူးက ကဗျာလည်းရေးတဲ့အတွက် ကဗျာနဲ့ပါတ်သက်တာလေး တခုမေးချင်ပါတယ်။ ခုတလော ဂျင်းဘောင်းဘီဝတ်ကဗျာ ဘာညာနဲ့ ပွက်လောညံနေတယ်။ အချုပ်ကတော့ ကဗျာထဲမှာ အကွက်ဝင်ရင် အင်္ဂလိပ်စကားလုံး ကြားညှပ်သုံးသင့်၊ မသုံးသင့် ဆိုတာပါပဲ။ တချို့ကလည်း အမျိုးသားဟန်ပျက်တယ်ဆိုပြီး ငြင်းနေကြပါတယ်။ ဆရာမကော ဘယ်လိုမြင်ပါသလဲ။

ဂျူး။ ။ ကျွန်မအမြင်လား။ အင်္ဂလိပ်စကားလုံး တခုတလေ ညှပ်သုံးလိုက်လို့ ဒီကဗျာ အရောင်လက်လာမယ်ဆိုရင်တော့ သုံးသင့်တာပေါ့။ အင်္ဂလိပ်စကားလုံးတွေကို မလိုအပ်ပဲ ဇွတ်ကြီးညှပ်ထည့်ရေးတာမျိုးကျတော့ တမျိုးလေ။ ခေတ်ပေါ်ကဗျာအတွက် အင်္ဂလိပ်စကားလုံး သုံးမှ ဖြစ်မယ့်နေရာမှာ မြန်မာပီသဖို့ မြန်မာဝေါဟာရ အဓိပ္ပါယ်တွေ လိုက်ကြိုးစားယူဖို့ မလိုပါဘူး။ အကြောင်းအရာဟာ ဘယ်လိုချဉ်းကပ်မှ တောက်ပမယ့် အကြောင်းအရာလဲ၊ ခေတ်ပေါ်ရေးနည်းနဲ့ ရေးမှ တောက်ပမယ်ဆိုရင် ခေတ်ပေါ်ရေးနည်းကို သုံးသင့်တယ်။ မော်ဒန်ကဗျာတွေမှာ လုံးဝကာရန် အချိတ်အဆက်မမိတာမျိုး ရှားပါတယ်။ တလုံးတလေတော့ ချိတ်ဆွဲမိကြတာချည်းပဲ။ သူ့ရစ်သမ်နဲ့သူ ရွတ်လို့ တော်တော်အဆင်ပြေသားပဲ။ အမျိုးသားဟန် ပျောက်တယ်ဆိုတဲ့ စွတ်စွဲချက်မျိုးနဲ့ ကျွန်မတခါမှ မမြင်မိပါဘူး။ အဲဒီလိုပဲ ဆိုလိုချက် ထိမိဖို့ ဆိုရင် အင်္ဂလိပ်စကားလုံး တခုတလေ ညှပ်ပါသွားတာဟာ ပြဿနာမဖြစ်နိုင်ပါဘူး။

ဟိန်းလတ်။ ။ ဒီနေ့ မြန်မာဝတ္ထုတွေဟာ ကြည်အေးယိမ်းကနေတာပဲလို့ ဆိုသူက ဆိုကြတယ်။ တချို့ကလည်း ကြည်အေးနဲ့တူတာပဲ နာတယ်ထင်နေကြတယ်။ ဆရာမကိုလည်း ကြည်အေးနဲ့ ဆင်တယ်ပြောကြတယ်။ ကြည်အေးနဲ့ တူတယ်ဆိုရင်ကော ဆရာမ နာတယ်ထင် ပါသလား။

ဂျူး။ ။ မနာပါဘူး၊ စာရေးစ, ကလောင်သစ်တွေဟာ များသောအားဖြင့် ကိုယ်နှစ်သက်စွဲမက်တဲ့ စာရေးဆရာတွေရဲ့ လွှမ်းမိုးမှုဒဏ်ကို ခံကြရတာပဲ။ ကျွန်မကြည်အေးရဲ့ ၀တ္ထု၊ ကဗျာတော်တော်များများကို သဘောကျတယ်။ တခါတလေမှာ Style ချင်း တူသွား တာကို ကျွန်မကိုယ်တိုင်လည်း သတိထားလိုက်မိတယ်။ ဒီအမှားကြောင့် ကျွန်မသတိ လက်လွတ်ဖြစ်သွားတဲ့ ကိစ္စပဲ.....။ ဒါပေမဲ့ ကိုယ့်အမှားကို ကိုယ်သိတာပဲ၊ အခုနောက်ပိုင်း ကျွန်မရဲ့ ၀တ္ထုတွေမှာ ကြည်အေးရဲ့ Style နဲ့ လုံးဝကင်းရှင်းပြီး သီးသန့်ဖြစ်အောင် ကြိုးစားနေပါတယ်လို့ ပြောရင် ဆရာသဘောတူနိုင်ပါ့မလား။

ဟိန်းလတ်။ ။ တချို့ စာရေးဆရာတွေဟာ ၀တ္ထုတိုရေးရာမှာ တမင်တကာ လှုပ်အောင်၊ ပြဿနာပေါ်အောင်၊ ပွဲဆူအောင် ရေးကြတယ်လို့ ကြားရပါတယ်။ ဆရာမကော ဒီလိုလုပ်တတ်ပါသလား။

ဂျူး။ ။ ဟင့်အင်း....၊ ကျွန်မ အဲဒီလို မလုပ်တတ်ပါဘူး။ ဘယ်တော့မှလည်း မလုပ်ချင်ပါဘူး။

ဟိန်းလတ်။ ။ အခု မဂ္ဂဇင်းသစ်တွေ အပြိုင်အဆိုင်ထုတ်နေကြတာ ဆရာမလည်း အသိပဲ၊ အသစ်တိုင်းလိုလို ဆရာမဆီက စာမူတောင်းကြပါတယ်။ ဒါပေမဲ့ ဆရာမဆီက ဘယ်တော့မှ စာမူမရပါဘူးတဲ့။ ဆရာမက နာမည်ကြီး မဂ္ဂဇင်းတွေမှာပဲ တမင်ရွေးရေးတဲ့ သဘောလား။

ဂျူး။ ။ ဟာ..... အဲဒါ မဟုတ်ဘူး၊ မဟုတ်ပါဘူး။ ကျွန်မမှာ စာမူ သိပ်ကိုနည်းပါတယ်။ တောင်းထားတဲ့ မဂ္ဂဇင်းတွေက အများကြီးလေ။ ကျွန်မက အချိန်လည်း သိတ်မရဘူး။ ရေးအားလည်း သိတ်မကောင်းဘူး။ ဒီတော့ ကျွန်မရေးသမျှ စာမူတွေဟာ ဦးစားပေး အစီအစဉ် နဲ့ ရေးရတာပါ။ အရင်တောင်းတဲ့သူ အရင်ပို့ဖို့ပါပဲ။ မဂ္ဂဇင်းသစ်တွေက ဒီတနှစ်၊ နှစ်နှစ်မှာ သိတ်များလာတာကိုး။ ရှုမ၀မှာ ကျွန်မနောက်ဆုံးရေးခဲ့တာ ၁၉၈၈- ခုနှစ်၊ နှစ်ဦးပိုင်း ကာလပဲ။ ရှုမ၀မှာ နောက်ဆုံးရေးခဲ့တဲ့ ၀တ္ထုဟာ ၁၉၈၅ ခုနှစ်၊ ကြားထဲမှာ သုံးနှစ်ကြာမှ နောက်တပုဒ်ပို့နိုင် ခဲ့တယ်။ ချယ်ရီမဂ္ဂဇင်းဆိုလဲ ဒီလိုပဲ။ ၁၉၈၇ လောက်ကစပြီး စာမူတောင်းလာခဲ့တာ ၁၉၈၉ မှ တပုဒ်ပို့ဖြစ်ခဲ့ပါတယ်။ ကျွန်မကလည်း ဒီတနှစ် နှစ်နှစ်မှာ ၀တ္ထုတို အရေးကျဲတယ်။ ဒီတော့ နာမည်ကြီးမဂ္ဂဇင်းတွေမှ တမင်ရွေးပေးတယ်လို့ မထင်လိုက်ပါနဲ့နော်.....။ သူ့ ဆီရီရယ်လ် အတိုင်းပေးမှာပါ။ အင်းလေ.... ၊ နောက်လပိုင်းတွေအထိ ကျွန်မဆီက စာမူကို လိုချင်သေး တယ် ဆိုရင်ပေါ့။

ဟိန်းလတ်။ ။ စာပေဂျာနယ်မှာဆရာမက Surrealism ကို အလွန်စိတ်ဝင်စားတယ် လို့ ရေးဖူးပါတယ်။ ကျွန်တော် လေ့လာမိသလောက် Surrealism ဆိုတာ တွေ့မြင်နေကျ အကြောင်းအရာတခုကို သဘာဝကျမှု၊ ယုတ္တိတန်မှုတို့အပေါ် ပဓါနမထားဘဲ၊ ပစ္စက္ခလောကရဲ့ ဟိုမှာဘက်ကမ်းမှာရှိတဲ့ စိတ်ခံစားမှုကို ကွင်းကနဲ၊ ကွက်ကနဲ စွဲမှတ်သွားနိုင်အောင် အာရုံ ခံစားမှုပြုတဲ့ အနုပညာပုံသဏ္ဍာန်ပါပဲ။ သရုပ်မှန် မဟုတ်မှု (non realism) လို့ ပြောလဲ မမှန်ဘူး။ စိတ်ကူးယဉ်သက်သက် (Fantasy) ဆိုလဲ ဘောင်မ၀င်ဘူး။ တကယ်တော့ Surrealism ဟာ သရုပ်မှန်ထက်ပိုတဲ့ 'စူပါသရုပ်မှန်' လို့ ယူဆပါတယ်။ ဆရာမ အနေနဲ့ကော။

ဂျူး။ ။ ကျွန်မအနေနဲ့ ဆရာ့ယူဆချက်ကို သဘောတူပါတယ်။ အနုပညာတခု ဖန်တီးရာမှာ Sub-conscious mind လိုအပ်တယ်လို့ ဆရာလက်ခံတယ် မဟုတ်လား။ မသိစိတ်ရဲ့ ထင်ဟပ်မှုဟာ အနုပညာတခု ဖြစ်ပေါ်ဖန်တီးတဲ့ နေရာမှာ အစီအစဉ်ကျနမှု ရှိချင်မှ ရှိမယ်။ ဒါပေမယ့် မျက်စိနဲ့ သာမန်မြင်ရတဲ့ ပကတိအရာဝတ္ထုရဲ့ အထဲထိ ထွင်းဖောက်မြင်ဖို့က အရေးကြီးပါတယ်။ ဒါမှလဲ သူ့ရဲ့တကယ့် အနှစ်သာရကို ရလိမ့်မယ်လေ၊ မဟုတ်ဘူးလား။ အဲဒီ အချိန်မှာ ဆက်စပ်မှု သဘောတရားမပါရင်လဲ သိပ်အရေးမကြီးဘူးလို့ ထင်ပါတယ်။ အရေးကြီး တာက ကိုယ့်ခံစားမှုတခု၊ ယူဆချက်တခုကို ပရိသတ်ဆီ ထိထိမိမိနစ်ဝင်သွားအောင် ပို့ပေးဖို့ပဲ မဟုတ်လား။ တချို့ အကြောင်းအရာတွေကျတော့ Realism ထက် Surrealism နဲ့ ဖော်ပြတဲ့အခါ၊ အနုပညာအနေနဲ့ ပိုအားကောင်းလာပြီး၊ ပိုသရုပ်ပေါ်လွင်လာတာမျိုး ရှိပါတယ်။
ဒီတော့ ဆရာပြောသလို သရုပ်မှန်လွန်ဝါဒ (သို့) (Super realism) လို့ ဆိုရင်လည်း လွန်မယ်လို့ ကျွန်မ မထင်ပါဘူး။

ဟိန်းလတ်။ ။ စာရေးဆရာကြီးတဦး နာမည်နဲ့ထုတ်တဲ့ မဂ္ဂဇင်း တခု(သာရမဂ္ဂဇင်း) ထဲမှာ ဆရာမရဲ့ "သူမရဲ့မိုး" ၀တ္ထုကို ဆရာမရဲ့ ခွင့်ပြုချက်မရပဲ ထည့်ရိုက်တယ်လို့ ကြားရ ပါတယ်။ အဲဒါနဲ့ ပါတ်သက်လို့ မကန့်ကွက်ဘူးလား။ စာဖတ်ပရိသတ်ကို လှည့်စားသလို ဖြစ်တယ်လို့ မထင်ဘူးလား။

ဂျူး။ ။ ဟုတ်တယ်.....။ အတိအလင်းကန့်ကွက်ပစ်လိုက်ဖို့ ကောင်းတယ်နော်။ ကျွန်မရဲ့ စာဖတ်ပရိသတ်ကို လေးစားတဲ့ အနေနဲ့ ဖြစ်ဖြစ်လေ။ ဒါပေမယ့် ကျွန်မ မလုပ်ဖြစ်ခဲ့ ဘူး။ တရားစွဲပစ်မယ်လို့တော့ ကျွန်မ ခြိမ်းခြောက်မိသေးတယ်။ တာဝန်ခံစာတည်း စာရေးဆရာကြီး (မောင်သာရ)က ဘာပြောလဲ သိလား။
တရားစွဲလေ.....။ တရားစွဲရင် ငါ့မဂ္ဂဇင်း ရောင်းကောင်းမှာမို့ ကျေးဇူးတောင်တင်ရ ဦးမယ်။ လုပ်လိုက်ပေါ့...... တဲ့။
ဒါနဲ့ပဲ ကျွန်မကလည်း တော်ပြီ တရားမစွဲတော့ဘူးလို့ ပြောပြီး ကျေအေးလိုက်မိတယ်။ အဲဒီလို ငြိမ်နေလိုက်တဲ့အတွက် စာဖတ်ပရိသတ်ကို လိမ်တဲ့နေရာမှာ ကြံရာပါ ဖြစ်သွားရတော့တာပဲ။ အဲဒီအတွက် စာဖတ်ပရိသတ်ကို ကျွန်မတောင်းပန်ပါတယ်။

ဟိန်းလတ်။ ။ တဆက်တည်းမေးချင်တာက ဆရာမရဲ့ အမှတ်တရဇာတ်လမ်းမျိုးကို စာရေးဆရာတယောက် ၀တ္ထုထုတ်ခဲ့ပါတယ်။ အဲဒီကိစ္စကိုတော့ ဆရာမ ဘယ်လို တုံ့ပြန်ခဲ့ပါ သလဲ။

ဂျူး။ ။ အဲဒါလဲ ခုနက သဘောမျိုးပါပဲ။ အဲဒီစာရေးဆရာက ဆင်တူဇာတ်လမ်းတပုဒ် ရေးလိုက်တဲ့အတွက် ကျွန်မရဲ့ မူရင်းဝတ္ထုမှာ လုံးဝထိခိုက်မှုလဲ မရှိတော့၊ ကျွန်မရဲ့ ထုံးစံအတိုင်း ဘာမှမတုံ့ပြန်ခဲ့ပါဘူး။ နောက်ပြီး အဲဒီဝတ္ထုကြောင့် ကျွန်မနဲ့ စာဖတ်ပရိသတ်ကြားမှာ ဆက်သွယ်ထားတဲ့ကြိုးဟာ နည်းနည်းမှ မလျော့ရဲနိုင်ဘူးလို့ ယုံကြည်တော့၊ သတင်းစာထဲ ကနေ ဖြေရှင်းတာမျိုးလဲ မလုပ်ချင်ဘူး။

ဟိန်းလတ်။ ။ "သူမရဲ့မိုး" ၀တ္ထုဟာ ဆေးဘက်ဆိုင်ရာ စိတ်ပညာအလိုအရ ထင်ယောင်ထင်မှားဖြစ်မှု (Hallucination) ဖြစ်နေချိန်မှာ သိစိတ်မရှိတော့ဘဲ၊ မသိစိတ်က လူကို လွှမ်းမိုးတယ်ဆိုတဲ့ အချက်ကို အခြေခံရေးတယ် ပြောပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ ဆရာကြီး ဟပ်ဇလေတို့။ ကောလင်းဝီလဆင်တို့ဟာ Payote ဆိုတဲ့ ဆေးတမျိုးစားပြီးမှ စာရေးတာ အမြင်ဆန်း၊ အတွေးဆန်းတွေရတယ်လို့ သိရပါတယ်။ အဲဒါမျိုးနဲ့များ ဆရာမပြော တာနဲ့ ဆင်နေမလားလို့။

ဂျူး။ ။ ဟုတ်ကဲ့.... ဟပ်ဇလေရဲ့ Doors of Perception မှာလား မသိဘူး။ ကျွန်မ ဖတ်လိုက်ရဖူးပါတယ်။ ဆေးတမျိုးသုံးစွဲပြီး စာရေးရတာ လျှို့ဝှက်နက်နဲတဲ့ အတွေးတွေ ရလာတဲ့ သဘောမျိုး လက်တွေ့စမ်းသပ်ပြီး ရေးထားတယ်။ နောက်ပြီး အရောင်လွန်ကဲစွာ မြင်ယောင်ခံစားလာတယ်လို့ ရေးဖူးပါတယ်။ (ကျွန်မ မမှားဘူးဆိုရင် အ၀ါရောင်ထင်တယ်) အဲဒါဟာလည်း Hallucination တမျိုးပဲပေါ့။ ကျွန်မပြောချင်တာကလဲ ဒီသဘောမျိုး ခပ်ဆင် ဆင်ပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ ဆေးကြောင့်ဖြစ်ပေါ်တဲ့ အာရုံက သူ့အလိုအလျောက် ရတဲ့ အာရုံထက် ပိုပြီး အချိန်ကြာမယ်၊ ပိုပြီး တိကျမယ်။ နောက်ပြီး လိုအပ်တဲ့ အချိန်ကာလကိုလဲ ဆေးသုံးစွဲမှု ပမာဏနဲ့ အကြိမ်ပေါ်မှာ လိုသလို ဖန်တီးယူလို့ ရပါလိမ့်မယ်။ ကျွန်မရဲ့ ၀တ္ထုမှာ ရေးထားတာက သူ့အလိုအလျောက်ရတဲ့ Hallucination ပါ။ အချိန်ကာလအားဖြင့် ရောဂါရဲ့ ဒီဂရီပေါ်မှာ မူတည်ပြီး၊ တိုတောင်းချင် တိုတောင်းမယ်။ ကြာချင်လည်း ကြာနိုင်ပါတယ်။ သေချာတာတခုက အဲဒီဝတ္ထုရေးတဲ့ အချိန်မှာ ကျွန်မကိုယ်တိုင်တော့ Hallucination တကယ်မရခဲ့ပါဘူး။

ဟိန်းလတ်။ ။ "ကောင်းကင်မပါသောည" ၀တ္ထုရေးရာမှာ ဆရာမက စာရေးရာမှာ ဘာရည်ရွယ်ချက်မှ ရှိဖို့မလိုဘူးလို့ ပြောပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကဗျာတပုဒ်၊ ဆောင်းပါးတပုဒ် ဆရာမကို ဝေဖန်ထားပါတယ်။ ရှင်းပြပါဦး။

ဂျူး။ ။ ဘာရည်ရွယ်ချက်မှရှိဖို့ လိုဘူးလို့ ကျွန်မ မပြောပါဘူး။ ကျွန်မတဦးတည်း အတွက်တော့ အနုပညာလောက မြင့်မားတိုးတက်ဖို့ ဘာညာ၊ ဘာရည်ရွယ်ချက်မှ မရှိဘူး ဆိုတဲ့ သဘောပါပဲ။ ကျွန်မမှတ်မိသလောက်တော့ အဲဒီမှာ ရေးသားခဲ့သားပဲ။ ကျွန်မဟာ စာမရေးပဲ မနေနိုင်လို့ ရေးတာပါ။ ကျွန်မရဲ့ ဦးဏှောက်ကို အလိုလိုက်တဲ့ လက်ရဲ့ဖန်တီးမှု သက်သက်သာ ဖြစ်ပါတယ်လို့ ကျွန်မရေးခဲ့ပါတယ်။ ဒါ ကျွန်မရဲ့ ရိုးသားပွင့်လင်းစွာ ၀န်ခံမှုပါ။ ဒီ့အတွက် ကျွန်မဘက်က မှားယွင်းသွားပါသလား။ ကျွန်မရဲ့ စံကို ဘာပေတံနဲ့ တိုင်းချင်ပါ သလဲ။ ပေတံတမျိုးနဲ့ တိုင်းတဲ့အခါ ကျွန်မရဲ့ အဆင့်အတန်းက ဇီးရိုးမှာ ရှိချင်ရှိမယ်။ အဲဒီအတွက် ကျွန်မဟာ အနုပညာကောင်းတခု မဖန်တီးနိုင်ဘူးလို့ ကျွန်မရဲ့စာဖတ်ပရိသတ်က ယူဆလက်ခံလာတဲ့တနေ့မှာ ကျွန်မကို ဘယ်သူမှ တိုက်တွန်းဖို့ မလိုပဲ စာရေးခြင်းအလုပ်ကို ရပ်ပစ်လိုက်ပါမယ်။

ဟိန်းလတ်။ ။ ဆရာမရဲ့ ၀တ္ထုတွေထဲက ဇာတ်ကောင်အများစုဟာ အမျိုးသမီးတွေ ဘက်က ဘက်လိုက်မှုတွေ များတယ် ထင်ပါတယ်။ အဲဒါ ၀န်ခံသလား။

ဂျူး။ ။ ဒါကတော့ ကျွန်မအမျိုးသမီးပဲလေ......။ ဒါကို ၀န်ခံပါတယ်။

ဟိန်းလတ်။ ။ အမျိုးသားတွေအပေါ် အကောင်းမြင်ဝါဒ အမြင်ပိုနည်းတယ် ဆိုရင် ကော။

ဂျူး။ ။ အင်း..... အဲ့ဒါက ဟုတ်တယ်။ ဒါကိုလဲ ကျွန်မ ၀န်ခံရမှာပဲ ထင်ပါရဲ့။ ကျွန်မရေးတာက အမျိုးသမီး ဇာတ်ကောင်ကို 1st person အနေနဲ့ ထားတာမဟုတ်လား။ သူတို့ရဲ့ မပြေလည်မှုတွေ၊ ပဋိပက္ခတွေကို အားပြိုင်ဖော်ပြတဲ့အခါ ကျွန်မကပဲ ဘက်လိုက်မိ သလား မပြောတတ်ပါဘူး။ ဒါပေမယ့် ကျွန်မ အတတ်နိုင်ဆုံး သမာသမတ် ဖြစ်အောင် ကြိုးစားပါ့မယ်။

ဟိန်းလတ်။ ။ နောက်ပြီး ဆရာမရဲ့ ဇာတ်ကောင်တွေဟာ Family Life အပေါ် သိပ်စိတ်မ၀င်စားပုံ ပေါ်ပါတယ်။ Family Life ကို ယုံကြည်မှုကော ရှိရဲ့လား။

ဂျူး။ ။ အဲ့ဒီလို မဟုတ်ရပါဘူး။ အမှတ်တရမှာတောင် မဟုတ်ပါဘူး။ စုစုထွေးဟာ မောင့်ကို သိပ်လိုအပ်ခဲ့တာပေါ့။ မောင်နဲ့သူနဲ့ တည်ဆောက်မဲ့ Family Life ကို စိတ်ကူးယဉ် မျှော်မှန်းခဲ့တာပေါ့။ အခြေအနေမပေးလို့သာ ကွဲခဲ့ကြရတာ မဟုတ်လား။ အချို့ဝတ္ထုတိုတွေမှာ တော့ သိတ်စိတ်ဝင်စားပုံမပေါ်ဘူးဆိုတဲ့ ပုံစံဝင်နေတာ ငြင်းလို့မရတဲ့ အချက်ပဲဆိုတာ သိပါတယ်။ ဒါပေမဲ့ လူ့စိတ်ဆိုတာ သိပ်ပြီး တသမတ်တည်းဖြစ်ပေါ်နေတာမှ မဟုတ်ပဲ။ ကျွန်မပတ်ဝန်းကျင်မှာ ကျွန်မအားမရတဲ့ အိမ်ထောင်သည်တွေ ရှိသလို၊ သဘောကျပီတိဖြစ် ရတဲ့ အိမ်ထောင်သည်တွေလည်း ရှိပါတယ်။ ဒီတော့ ကျွန်မဟာ တခါတခါမှာ Family Life ဖန်တီးမှုအပေါ် ယုံကြည်မှုရှိတယ်။ တခါတခါ ယုံကြည်မှု မရှိဘူး။ အဲဒါ ဆရာ့ကို အမှန်အတိုင်း ၀န်ခံတာနော်။

ဟိန်းလတ်။ ။ ပြင်သစ်စာရေးဆရာကြီးဆာ့(တ်) နဲ့ ဆီမွန်ဒီဗောဗွားတို့ဟာ လက်မထပ်ပဲ အတူတူ (Living Together) နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီး သူတို့သေမှပဲ သေကွဲကွဲခဲ့ကြပါတယ်။ ဆရာမရဲ့ အမှတ်တရထဲက ဇာတ်ကောင်တွေကကော ဒီသဘောပဲ လား။

ဂျူး။ ။ ဟာ .... မဟုတ်ဘူး။ သူတို့က အဲဒီလောက် အချိန်မရခဲ့ပါဘူး။ ကျွန်မဆိုလိုတာက ဒီလိုလေ...။ ဆာ့တ်နဲ့ ဆီမွန်ဒီဗောဗွားတို့လို လိုက်လျောညီထွေတဲ့ အတူလက်တွဲဖော်အဖြစ် နေကြည့်ဖို့ စီစဉ်ရလောက်အောင် သူတို့အချင်းချင်း နားလည်မှု မရခဲ့ပါဘူး။ စုစုထွေးနဲ့မောင်က ဒုတိယနှစ် စာသင်နှစ်ကုန်ဆုံးတဲ့ အချိန်ကျမှ နှစ်ဦးသဘောတူ ချစ်သူတွေဘ၀ ရောက်ခဲ့တယ်။ ဒီတော့ သူတို့ရဲ့ ချစ်သူသက်တမ်းဟာ 3rd M B မှာ စခဲ့တယ်။ တနှစ်၊ နှစ်နှစ်၊ သုံးနှစ်.....၊ အဲဒီကာလရောက်တော့ သူတို့ကြားမှာ crack တခု ရှိလာပြီ။ အဲဒီ crack ဟာ သေးရာကနေ တဖြေးဖြေး ကြီးလာတယ်။ နောက်ဆုံး မောင်ရဲ့ သစ္စာ မခိုင်မြဲမှု၊ စုစုထွေးရဲ့ လွတ်လပ်ခွင့်ကို မြတ်နိုးမှု၊ မာနတရားကို တန်ဖိုးထားမှု အဲဒါတွေအပေါ်မှာ မူတည်ပြီး ကွဲခဲ့ကြရတယ်။
ဆာ့တ်တို့ကျတော့ အောင်မြင်တဲ့ဘ၀ကို ဖန်တီးနိုင်ခဲ့တာ ကံကောင်းလို့ပဲလား၊ တယောက်နဲ့တယောက် အပေးအယူမျှလို့ပဲလား မပြောတတ်ဘူး။ လက်ထပ်စာချုပ်မရှိပဲနဲ့ သေတဲ့အထိ မခွဲပဲ အတူနေကြတာ တော်တော်လေး အံ့သြစရာကောင်းတယ်.... နော်။ အဲဒီလိုပဲ စာချုပ်စာတမ်းနဲ့ ခိုင်မြဲအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရားဝင်လက်ထပ်ပြီး၊ မကြခင်မှာ ကွဲကြရတဲ့ ဇနီးမောင်နှံတွေကျတော့လည်း အံ့သြစရာမကောင်းဘူးလား။

ပထမပိုင်းပြီး။

၁၉၈၉ မဟေသီမဂ္ဂဇင်း။

Sunday, August 17, 2008

ကျွန်မဖတ်ခဲ့သောစာအုပ်များ- မြန်မာဝတ္ထုများ
ရေးသူ- ဂျူး


{မာယာ မတ်လ၊ ၂၀၀၁ တွင် ဖော်ပြပြီး ဖြစ်ပါတယ်။ အင်တာနက် စာဖတ်ပရိသတ် အတွက် ထပ်မံဖော်ပြခြင်း ဖြစ်ပါတယ်။}


ကျွန်မသည် စာအုပ်များဖြင့် ကြီးပြင်း လူလားမြောက်ခဲ့သူ ဖြစ်ပါသည်။
ကလေးဘဝ အရွယ်ကတည်းက ကျွန်မသည် ထိခိုက်ဒဏ်ရာ၊ မတော်တဆမှုများကို ကြောက်ရွံ့ခဲ့သည်။ ထိုအခါ ကျွန်မသည် အားကစားကို မုန်းတီးသူ ဖြစ်လာခဲ့သည်။ အများ တကာ ကလေးသူငယ်များ ထုပ်ဆီးထိုးတမ်း၊ ဖန်ခုန်တမ်း ကစားနေကြနေချိန်တွင် ကျွန်မက အိမ်ခန်းထဲတွင် ကျောင်းစာများကို ကျက်မှတ်ရင်းသော်လည်းကောင်း၊ ပုံပြင်စာအုပ်များ ဖတ် ရှုရင်းသော်လည်းကောင်း၊ အချိန်ကုန်ခဲ့သည်။ အကစားမမက်သော ကျွန်မအတွက် စာအုပ် များသည်သာ တန်ဖိုးထားရာ ဖြစ်ခဲ့သည်။



ကျွန်မ၏ မေမေသည်လည်းကောင်း၊ ကျွန်မ၏ အစ်မသည်လည်းကောင်း စာအုပ်ဖတ် ရန်၊ စုဆောင်းရန် ဝါသနာကြီးကြသည်။ သို့သော် မေမေတို့ စုဆောင်းရာ စာအုပ်များမှာ အများအားဖြင့် ဝတ္ထုစာအုပ်များသာဖြစ်သည်။ ကျွန်မအတွက် စာစီစာကုံးစာအုပ်များ၊ ပုံပြင် စာအုပ်များလည်း ပါဝင်သည်။ ကျွန်မ တတိယတန်း အရွယ်အထိ ဝတ္ထုစာအုပ်တအုပ်မျှ အဆုံးထိအောင် ဖတ်မကြည့်ခဲ့ဖူးပါ။ မေမေတို့ဖတ်သော ဝတ္ထုစာအုပ်တွေက ထူထဲလေး လံလှသည်လေ။ ထို့ပြင် ပုံပြင်များလို တပုဒ်ပြီး တပုဒ် ချက်ချင်းကုန်သွားသည် မဟုတ်ဘဲ ဝတ္ထု အစမှအဆုံးထိ ဇာတ်လမ်း တမျိုးတည်း ဇာတ်ကောင်တွေ မပြောင်းလဲဘဲ ရှည်လျားစွာရေး ဖွဲ့ထားသော ဝတ္ထုစာအုပ်များကို ကျွန်မ သိပ်စိတ်ဝင်စား၍ မရခဲ့ပါ။
စတုတ္ထတန်း၏ တခုသော ကျောင်းပိတ်ရက်ရှည် နေ့တနေ့တွင် မေမေက ကျွန်မကို ဝတ္ထုစာအုပ်တအုပ်ပေး၍ ဖတ်စေပါသည်။ ကျွန်မတို့ မောင်နှမများ စကားပြောလျှင် ယဉ်ကျေးသိမ်မွေ့အောင် ထိုစာအုပ်ကို ဖတ်သင့်သည်ဟု ဆိုပါသည်။ စာအုပ်မှာ ဓူဝံ၏ 'မာလာ' ဝတ္ထုဖြစ်၏။ အလွန်ထူထဲသော စာအုပ်ကြီးကို မကြာခဏ လှန်လှော ကြည့်ဖူးသော်လည်း အဆုံးထိဖတ်ရန် စိတ်မဝင်စားလှပါ။ သို့သော် မေမေက ဖတ်စေချင်လှသည် မဟုတ်လား။ ကျွန်မ ကြိုးစား၍ ဖတ်ပါသည်။
ပထမဆုံး အခန်းမှာပင် ကျွန်မ စိတ်တိုင်းမကျစရာ တခုတွေ့လာသည်။
ဝတ္ထုစအဖွင့်မှာ နိုင်ငံတခု၏ ထောင်တခုအတွင်း မြင်ကွင်းဖြစ်သည်။ သူပုန် ကိုနန္ဒနှင့် နောက်လိုက် အပေါင်းအပါများကို အချုပ်ခန်းထဲတွင် သံခြေကျင်း တချွင်ချွင်ဖြင့် ဖတ်ရှုရသည်။ သူပုန်ဆိုသော စကားလုံးနှင့် ကျွန်မ မစိမ်းပါ။ မေမေ မကြာခဏ ပြောပြောပြသော ဒုတိယ ကမ္ဘာစစ် အတွေ့အကြုံများအရသော်လည်းကောင်း၊ ဗိုလ်မင်းရောင်နှင့် ဆရာစံတို့၏ အဖြစ် အပျက်များအရသော်လည်းကောင်း သိနေပြီးသား ဖြစ်ပါသည်။ သို့သော် ဝတ္ထုထဲတွင် သီဟရာဇာဘုရင်ကြီးမှာ မြန်မာလူမျိုးဖြစ်ပြီး ဗိုလ်နန္ဒကလည်း မြန်မာလူမျိုး ဖြစ်သည်။ ထိုအခါ ဗိုလ်နန္ဒကဲ့သို့သော သူသည် ဘယ်နည်းနှင့်မျှ သူရဲကောင်းဇာတ်လိုက်မဖြစ်နိုင်ဟု ကျွန်မ တွေးသည်။ သို့သော် သူ့တပည့်များ စိတ်ဓာတ်ကျနေသည်ကို နှစ်သိမ့်နိုင်ရန် သူက အနန္တသူရိယ၏ အမျက်ဖြေလင်္ကာကို ရွတ်ပြ၏။ 'အောင်မြင်လှသော အသံဝါကြီးဖြင့်' ဟု ကြိယာကို အထူးပြုထားရာ၊ ၎င်းသည် ဇာတ်လိုက် ဖြစ်ရမည်ဟု ကျွန်မ တွေးမိပြန်သည်။ သို့သော် တောင်စွယ်မှာနေကွယ်လျှင် ကြိုးပေးသတ်မည်ဟု အမိန့်ထုတ်ပြန်သည်ကို ဖတ်ရပြန် တော့ ဇဝေဇဝါ ဖြစ်သွားပြန်သည်။ မေမေ့ကို ကျွန်မ မေးကြည့်မိပါသည်။
"မေမေ..... ဗိုလ်နန္ဒက ဇာတ်လိုက်လား"
"ဟုတ်တယ်လေ၊ သူ ဇာတ်လိုက်ပဲ"
"ဟင်..... မေမေ့ ဝတ္ထုကြီးကလဲ၊ သူပုန်က ဇာတ်လိုက်ဖြစ်ရတယ်လို့၊ ဒါဆို ဘယ်ကောင်းတော့မလဲ"
ကျွန်မ ဆင်ခြေတက်တော့ မေမေက ရယ်လေသည်။
"သူက လူကောင်း သမီးရဲ့၊ ဖြောင့်မှန်တယ်၊ ရိုးသားတယ်၊ ညှာတာတယ်။ ဆက်ဖတ်ကြည့်ပါ သမီးရယ်၊ တဖြေးဖြေး သမီးနားလည်သွားမှာပါ"
မေမေပြောသည့်အတိုင်း ဆက်ဖတ်ကြည့်သောအခါ အလွန်စိတ်ဝင်စားဖွယ်ကောင်း သော အဖြစ်အပျက်များကို တွေ့လာရသည်။ ဗိုလ်နန္ဒသည် အလွန်တော်သောပုဂ္ဂိုလ် ဖြစ်သည်။ သူတပါး ဒုက္ခရောက်နေသည်ကို ကူညီလိုသူဖြစ်သည်။ ဘုရားတရား ကြည်ညိုသည်။ သတ္တိလည်း ကောင်းသည်။ အံ့သြဖွယ်ရာ အကောင်းဆုံးအချက်မှာ သူသည် မိမိ၏အသက်ကို စွန့်လွှတ်၍ပင် ကတိတည်ကြည်သူ ဖြစ်သည်။ ဇာတ်သိမ်းခန်းမှာ အလွန်ရင်နင့် ကြေကွဲဖွယ်ကောင်းပါသည်။ ကျွန်မမှာ ဝတ္ထုဖတ်ရင်း မျက်ရည်ပင်ကျခဲ့မိသည်။ နောက်ဆုံးမှာ သီဟရာဇာဘုရင်ကြီးကလည်း သူတော်ကောင်းဖြစ်ရာ ပေးထားသော အမိန့်ကို ပြန် ရုပ်သိမ်းပြီး ဗိုလ်နန္ဒနှင့် တခြား(သူပုန်ဖြစ်ခဲ့ဖူးသော) ဘုရင်မကို လက်ထပ်ထိမ်းမြား ပေးလိုက်သည်။ (ဗိုလ်နန္ဒ လုပ်ပုံကတော့ ထိုဘုရင်ကြီးသာ သဘောပြည့်ဝသူ မဟုတ်ပါလျှင် ခေါင်းဖြတ် အသတ်ခံရမလား၊ ကြိုးပေး၍ အသတ်ခံရမလား မသိ။)
ထိုဝတ္ထု ဖတ်ပြီးသောအခါ ဝတ္ထုကပေးသော ရသကို ကျွန်မ ခံစား တတ်ခဲ့ပြီဖြစ်သည်။ ဝတ္ထုကပေးသော ရသမှာ ပုံပြင်ကပေးသော ရသထက် တနင့်တပိုး နိုင်လှသည်။ အကျဉ်းချုပ် မဟုတ်ဘဲ အကျယ်ကိုဖြန့်ပြထားသဖြင့် ဇာတ်ကောင်တိုင်း၏ စရိုက်ကို ပီပြင်အောင် ဖော်ညွှန်းရန် အခွင့်အရေးရသည်။ ထိုအခွင့်အရေးကို ကောင်းကောင်း အသုံးချတတ် ရန်သာ အရေးကြီးပါသည်။
နောက်ပိုင်းတွင် အိမ်မှ ရှိသမျှစာအုပ်များသာမကတော့ဘဲ ဦးကြီးဝမ်းကွဲ၏ အိမ်မှ မဂ္ဂဇင်းများ၊ ဝတ္ထုများကိုပါ ဖတ်မိလေသည်။ ကျွန်မ ဖတ်ဖူးခဲ့သော စာအုပ်များကို စာရင်းပြုလုပ်မထားမိသဖြင့် မည်မျှ များပြားကြောင်း မသိနိုင်သော်လည်း အလွန်များပြား လှကြောင်းတော့ သေချာ၏။ အသက်ကြီးမှ ခင်မင်ရသော (အစ်ကိုတယောက်သဖွယ် ရင်းနှီးလှသော) မိတ်ဆွေတယောက်ကတော့ သူ့ဘဝမှာ သူဖတ်သမျှစာအုပ်များကို စာရင်း ပြုစုထားတာ တွေ့ရသည်။ ဘယ်လောက် အားကျဖို့ကောင်းသော အကျင့်စရိုက်လဲနော်။
ဝမ်းကွဲအစ်ကို အစ်မများ၏ အိမ်မှာ ကျွန်မတို့ အိမ်ထက်ပင် စာအုပ်များ စုံလင်လှသည်။ ကျွန်မမှာ စနေ၊ တနင်္ဂနွေနှင့် ကျောင်းပိတ်ရက် နေ့ခင်းများတွင် သူတို့အိမ်မှ စာအုပ်များကို သွားဖတ်၍ မအားလပ်နိုင်အောင် ရှိတော့သည်။ ရှုမဝမဂ္ဂဇင်း၊ သွေးသောက်မဂ္ဂဇင်း အထပ်လိုက် အပုံလိုက်။ တက္ကသိုလ်ဘုန်းနိုင်၏ဝတ္ထုများ၊ ခင်နှင်းယု၏ဝတ္ထုများ၊ ဂျာနယ်ကျော် မမလေး၏ဝတ္ထုများ၊ ခင်ဆွေဦး၏ဝတ္ထုများ။ နောက်ပိုင်းတော့ ညစာစားချိန်အထိ အိမ်မပြန်ဘဲ စာဖတ်နေသဖြင့် ဦးကြီးအိမ်ကပင် ကျွန်မကို ညစာကျွေးရလေ့ရှိပါသည်။ အိမ်ဝေးလှသည် လည်းမဟုတ်။ မျက်နှာချင်းဆိုင်ဖြစ်၍ လမ်းသာခြားပါသည်။ သို့သော် တောနယ် အိမ်များဖြစ်၍ ခြံဝင်းများ ကျယ်ဝန်းလှသောကြောင့် အိမ်ပြန်ရတာ ခရီးလှမ်းသလို ထင်ရလေသည်။
ဝတ္ထု၊ အပြင်စာဖတ်လျှင် အတန်းစာ နောက်ကျတတ်သည်ဟု တချို့ လူကြီးသူမများ လက်ခံထားကြပြီး သူတို့သားသမီးများကို အပြင်စာဖတ်ခွင့်မပေးကြပါ။ ကျွန်မကတော့ ဤအချက်အတွက် မိဘများကို အထူးကျေးဇူးတင်လှပါသည်။ ကျွန်မ မိဘများသည် ပညာတတ်များ မဟုတ်သော်လည်း သားသမီးများ၏ အရည်အချင်းကို မှန်ကန်စွာ အကဲဖြတ် တတ်သူများ ဖြစ်ကြသည်။ ကျွန်မ လေးငါးတန်းအရွယ် ကတည်းက ကျွန်မကို သူတို့ အကဲ ဖြတ်ခဲ့ကြသည်မှာ ဇွဲကောင်းပြီး ဝိရိယရှိသည်။ ဘဝတွင် အောင်မြင်ထူးချွန် လိမ့်မည်တဲ့။ အပြင်စာဖတ်သော ကျွန်မသည် အတန်းထဲတွင် ပဉ္စမတန်းအထိ ထိပ်ဆုံးသုံးယောက်တွင် တယောက်အပါအဝင် ဖြစ်ခဲ့၏။ ပထမရလိုက်၊ ဒုတိယ ရလိုက်၊ တတိယ ရလိုက်။ အများအား ဖြင့်တော့ ပထမရသည်က များပါသည်။
ဆဌမတန်းမှစ၍ နောက်ပိုင်းမှာတော့ အတန်းခွဲတခုထဲမှာ ပထမရရုံ နှင့် အားမရတော့ ဘဲ အတန်းခွဲအားလုံး၏ ပထမများထဲမှာ ပထမဖြစ်အောင် ယှဉ်ပြိုင်ချင်စိတ်တွေ များလာခဲ့ ပါသည်။ တက္ကသိုလ်ဘုန်းနိုင်၏ ဇာတ်လိုက်များက အလွန်စာကြိုးစား၍ တော်ကြသည် မဟုတ်လား။
တက္ကသိုလ်ဘုန်းနိုင်၏ ဇာတ်လိုက်များက အားကျဖို့ကောင်းသည်။ ကိုယ်ကျင့်တရားနှင့် ပြည့်ဝသည်။ သိက္ခာရှိသည်။ ကြိုးစားသည်။ မိဘများ ပြည့်စုံသည်ဖြစ်စေ၊ ချို့တဲ့သည်ဖြစ်စေ၊ သူတို့အားလုံးစာကြိုးစား၍ ရိုးသား ဖြောင့်မတ်သူများဖြစ်ကြသည်။ သူ့ဇာတ်လိုက်များထဲတွင် ကျွန်မသဘောအကျဆုံးမှာ ဆရာဝန်ဇာတ်လိုက်များဖြစ်သော ဒေါက်တာနှင်းငွေ နှင့် ဒေါက်တာနှင်းမောင် ဖြစ်သည်။ ဒေါက်တာနှင်းငွေက လူမှုဆက်ဆံရေး ညက်ညောပြေပြစ် သည်။ ခွဲစိတ်ကုသရာတွင် စေ့စပ်သေချာသည်။ သူ့ အချစ်ဦး နုနုငယ်အပေါ်တွင် အလွန် သစ္စာကြီး၍ မြတ်နိုးတမ်းတသည်။ နုနုငယ်နှင့် မျက်နှာအနေအထား ဆင်တူသော စစ္စတာ ဒေါ်မိုးသူအပေါ် ရင်းနှီးစွာ ဆက်ဆံသော်လည်း စိတ်ထားဖြူစင်သန့်ရှင်းသည်။ ဒေါက်တာ နှင်းငွေကို ကျွန်မ ပို၍ သဘောကျသောအချက်မှာ တောင်ပေါ်သူ အဖွားကြီးတဦးအား နား ဖောက်ပေးရန် လက်ခံသဘောတူလိုက်ခြင်းပင် ဖြစ်ပါသည်။ ဆရာတက္ကသိုလ် ဘုန်းနိုင်တို့များ ဘယ်လောက်တော်သလဲ ဆိုလျှင် ပထမဝတ္ထုမှာ သေပြီးသွားသော ဇာတ်လိုက်မကလေးအား ဒုတိယဝတ္ထုနှင့် ပြန်လည်အသက်ရှင်စေရာတွင် အလွန်တရာ စေ့စပ် သေချာလှသည်။ သေပြီဟု အများလက်ခံထားသော မိန်းကလေး တယောက် မသေပါ..... ဟု လက်ခံပျော်ရွှင် လာအောင် ဆရာအစွမ်းထက်လေသည်။ နောက်ပြီးဆရာက အချစ်ကိုဖွဲ့ရာတွင် အလွန်နူးညံ့ သိမ်မွေ့သည်။ ကျွန်မ သတိထားမိသောအချက်မှာ နှင်းငွေနှင့် နုနုငယ် အချစ်ခန်း ဖြစ်သည်။ နှင်းငွေက ဆေးတက္ကသိုလ်ကျောင်းသားဖြစ်နေပြီ။ နုနုငယ်က ရွာမှာပဲနေခဲ့ရသည်။ နှင်းငွေက နုနုငယ်တို့အိမ်သို့ တိတ်တခိုး လာတွေ့သည်။ ခြံနောက်က တောအုပ်ခင်တန်းလေး ထဲမှာ နှစ်ယောက်တွေ့ကြရာ နှင်းငွေက နုနုငယ်ကို နမ်းပါသည်။ သို့သော် ဆရာက နမ်းသည်ဟု တိုက်ရိုက်မရေးဘဲ ပန်းကလေးများ မွှေးသလိုပင် 'မွှေးသည်' ဟု ရေးခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူတို့ အချစ်သည် အလွန်သိမ်မွေ့စွာ ရင်ခုန် စရာ ဖြစ်ခဲ့ပါသည်။
ဒေါက်တာနှင်းမောင် ("ချစ်သောဤကမ္ဘာ") ကတော့ လူတောထဲ သိတ်မတိုးသော၊ သီးသန့်နေတတ်သော သုတေသန ဆရာဝန်တဦး ဖြစ်သည်။ ရှက်တတ်သည်။ သိမ်မွေ့သည်။ အလုပ်ထဲ စိတ်ရောက်နေလျှင် ထမင်းစားဖို့ပင် မေ့တတ်သူဖြစ်သည်။ သတ္တဝါ၏ ပြတ်တောက် သွားသော တစ်သျှူးများ၊ အပိုင်းအစများမှ နောက်တဖန် တစ်သျှူးများ ပြန်လည်ပွါးများ ရှင်သန်လာအောင် တီထွင်ဖို့ကြိုးစားနေသည့် သုတေသန ဆရာဝန်တဦးဖြစ်သည်။ ဟိုး ကလေးဘဝအရွယ်က ဖတ်ခဲ့ရသော စာအုပ်ဖြစ်၍ ထိုအယူအဆ ဖြစ်နိုင် မဖြစ်နိုင် ထိုအချိန်က ဝေဖန်ဆုံးဖြတ်ခဲ့သလား ကျွန်မ မမှတ်မိပါ။ ကျွန်မ အမှတ်မိဆုံးနှင့် ကျွန်မ ရင်နင့်ကြေကွဲရဆုံး အခန်း နှစ်ခန်းရှိသည်။ တခုက ဒေါက်တာနှင်းမောင်၏ အမ မမသန့် (ဒေါက်တာ မလေး သန့်ဟုထင်သည်) က နှင်းမောင်ကို ဓမ္မပဒ ဇာတ်တော်လာ ဇာတ်ကွက်ခန်းတခု ပြောပြခန်း ဖြစ်ပြီး၊ နောက်တခန်းမှာ ဒေါက်တာ နှင်းမောင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခါနီး အခန်းဖြစ်ပါ သည်။
ဇာတ်တော်ထဲမှာ အမျိုးသမီးတဦးက အကျဉ်းကျ၍ အသတ်ခံ ရတော့မည့် လူသုံးယောက်အတွက် အသနားခံရာတွင် သူမအား ထို သုံးယောက်ထဲမှ တယောက်ကိုသာ ရွေးချယ်ခွင့် ပေးခဲ့သည်။ ထိုသုံးယောက်မှာ သူမ၏ ယောက်ျား၊ သူမ၏သား နှင့် သူမ၏မောင် ဖြစ်သည်။ အသက်သုံးခုအနက် အသက်တခုသာ ချမ်းသာရာ ရမည်ဖြစ်ရာ ထိုအမျိုးသမီးက သုံးယောက်ထဲမှ တယောက်ကိုသာ ရွေးချယ်ရယူနိုင်မည်ဖြစ်သည်။ ထိုအမျိုးသမီးသည် ရင်နှစ် သည်းချာ သားကိုလည်း မရွေး၊ ခင်ပွန်းလင်ကိုလည်း မရွေးဘဲ၊ မောင်ဖြစ် သူကိုသာ ရွေးချယ်လိုက်လေသည်။ မမသန့်က မောင်ဖြစ်သူ ဒေါက်တာ နှင်းမောင်အား ထိုပုံပြင်ကို သိမ်မွေ့စွာ ပြောပြခြင်းဖြင့် သူ၏မောင်ကို နှစ်သိမ့်ခြင်း ဖြစ်ဟန်တူပါသည်။
"ယောက်ျားဆိုတာ အရွယ်ကောင်းတဲ့ မိန်းမတယောက်အတွက် အစားရနိုင်တယ်။ သားဆိုတာလည်း အစားရနိုင်သေးတယ်။ ကျွန်မမှာ မိဘတွေ ဆုံးပြီဖြစ်လို့ မောင်ဆိုတာတော့ မရနိုင်တော့ပါ၊ ဒါကြောင့် ကျွန်မဟာ မောင် ကိုသာရွေးချယ်ပါတယ်"
ဤစကားသည် ဒေါက်တာနှင်းမောင်၏ ရင်ထဲသို့ ထိခိုက်စွာဝင်ရောက် သွားသလို ကျွန်မ၏ ရင်ထဲသို့လည်း ထိခိုက်စွာ ဝင်ရောက် လာပါသည်။ ဆုံးရှုံးမှုတွေများပြီး ရွေးချယ်ရန် လိုအပ်လာသောအခါ အစားထိုး၍ရနိုင်သော ဆုံးရှုံးမှုကို လက်ခံပြီး အစားထိုး၍မရသော ဆုံးရှုံးမှုကို တန်ဖိုးထား ကာကွယ်ရန် ကျွန်မကို ဤစာအုပ်က သင်ပေးခဲ့ပါသည်။ ဘဝတွင် လူတို့သည် အရာများစွာကို ဆုံးရှုံးရနိုင်သည်။ ရွေးချယ်ရန် အကြောင်းများစွာ ပေါ်ပေါက်လာ နိုင်ပါသည်။ ထိုအထဲမှ ဘာကို ရွေးချယ်မလဲ။ ထိုအချက်သည် လူ့ဘဝတွင် အလွန်အရေးကြီး သောအချက်ဖြစ်ပါသည်။ လူတယောက်သည် သူ့ဘဝတွင် အရေးကြီးဆုံးအရာ၊ အဆုံးရှုံး မခံနိုင်သောအရာကို ကျိုးကြောင်းဆင်ခြင်တတ်စွာ သိတတ်ဖို့လိုသည်ဟု ကျွန်မ ထင်ပါသည်။
စာအုပ်များသည် ကျွန်မကို ကြောင်းကျိုးဆင်ခြင်ဆက်စပ်မှုပေးခဲ့ရုံသာမကဘဲ ခွန်အား များစွာကိုလည်းပေးခဲ့သေး၏။ ဂျာနယ်ကျော် မမလေး၏ "သူမ" ဝတ္ထုကို ကျွန်မ ခုနှစ်တန်း အရွယ်တွင် ဖတ်ရပါသည်။ ထိုဝတ္ထုထဲမှ ဇာတ်ကောင်အမျိုးသမီး သက်သက်ကို ကျွန်မ အားရ ကျေနပ်ခဲ့ရသည်။ မိန်းမဆိုတာ ဒီလိုမျိုးဖြစ်ရမယ်ဟူသော မာန်ကလေးတခု ယခင်ကထက် သိသာစွာ ဝင်ရောက်လာခဲ့သည်။ မိန်းမတွေဟာ ယောက်ျားတွေလောက် ဥာဏ်မရှိဘူး ဟူသော ဆိုရိုးစကားတခုကိုလည်း ကျွန်မလက်မခံနိုင်ပါ။ လက်မခံနိုင်ရုံမျှ သာမကဘဲ မိန်းမ တွေဟာ ယောက်ျားတွေ ထက်မသာရင်တောင်၊ အသိဥာဏ်အရာ၊ အားမာန် အရာမှာ မနိမ့်ကျပါဘူး..... ဟု အံကြိတ်၍ တယောက်တည်း ကောက်ချက်ချခဲ့ဖူးသည်။ ဖြစ်ချင်တာတခု ကို ဖြစ်အောင်လုပ်ရန် ကျွန်မ အားတင်းခဲ့ပါသည်။ ကျွန်မသည် ဝတ္ထုများစွာ၏ ရသစွမ်းအားကို ချီးကျူးလေးစားစွာ ဖတ်ခဲ့သော်လည်း ပျော့ညံ့တွေဝေသော မိန်းမများကိုတော့ သနားကြင်နာရုံ သာဖြစ်၍ မနှစ်သက်ခဲ့ပါ။
ဂျာနယ်ကျော်မမလေး၏ "မုန်း၍မဟူ" ဝတ္ထုကို ကျွန်မ အလွန်သဘောကျပါသည်။ ဆရာမကြီး၏ လူ့စရိုက်အဖွဲ့များကိုလည်း ကျွန်မ လေးစားစွာ ချီးကျူးပါသည်။ ဇာတ်သိမ်းခန်း တွင် ဖြစ်မှဖြစ်ရလေဟု မျက်ရည်ဝိုင်းရလောက်အောင် ရင်နင့်ကျေကွဲရပါသည်။ သို့သော် ကျွန်မ "ဝေ" ကို မချစ်ပါ။ အားလည်းမရပါ။ ကျွန်မသာ ဝေဆိုလျှင်ဟု တွေးကြည့်မိသောအခါ ဝေ့လောက် သည်းညည်းခံနိုင်မည်လည်း မဟုတ်ကြောင်း သေချာသွားပါသည်။ ထိုစဉ်က ကျွန်မအသက် ၁၃ နှစ်သာ ရှိသေး၏။ အိမ်ထောင်တခုတွင် စရိုက်မတူသော အိမ်ထောင်ဖက် များ စိတ်ဆင်းရဲရသည်ဟု သိထားသော်လည်း ခင်ပွန်းအပေါ် သည်မျှသိတတ်ရမလားဟု ကျွန်မ မချင့်မရဲ ဒေါသဖြစ်မိပါသည်။ ကျွန်မသာ ဆိုလျှင်...... ဤကဲ့သို့ တွေးလိုက်မိသည့်အခါ ခင်ပွန်းအပေါ်တွင် အစစအရာရာ မှီခိုအားကိုးပြီး ခင်ပွန်းလုပ်စာထိုင်စား၊ ထားရာနေ စေရာသွား ဇနီးတယောက်၏ဘဝကို ကျွန်မ မလိုချင်ကြောင်းသိလာရပါသည်။ လောကမှာ ဘယ်သူ့ကိုမျှ အားမကိုးပဲ မိမိကိုသာ အားကိုးနိုင်ရန် ကျွန်မ ကြိုးစားမှဖြစ်မည်ဟု ဆုံးဖြတ်ခဲ့ပါသည်။
အမျိုးသမီးသူရဲကောင်းများကို အားကျတတ်သော ကျွန်မသည် "ရင်နင့်အောင်မွှေး" ဝတ္ထုထဲက 'မော်' ကိုတော့ အံ့သြတကြီးလေးစားခဲ့ရုံသာဖြစ်၍ 'မော်' ဖြစ်အောင် ကြိုးစားရန် စိတ်မပေါ်ခဲ့မိပါ။ ကျွန်မသည် မော်လို ဗိုင်းကောင်းကျောက်ဖိ မိန်းမတယောက် ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဟု ကြိုတင်တွေးမိသောကြောင့် ဖြစ်ဟန်တူပါသည်။ ထိုဝတ္ထုတွင် မော်၏ ကိုယ် ကျင့်သိက္ခာမှာ မိန်းကလေးအားလုံအတွက် 'စံ' ဖြစ်သည်။ သားသမီးအား လုံးအတွက်လည်း 'စံ' ဖြစ်သည်။ အမျိုးသားဇာတ်ကောင် (နာမည်မမှတ်မိပါ။ ကိုလှမြင့်ဟုထင်သည်) ကတော့ mediocre ပဲဟုထင်သည်။ မော်တို့ အိမ်က မီးဖိုဆောင်မှာ အလွန်သန့်ရှင်းသည်။ ငါးပိအိုး၊ ဆားအိုးတို့မှာ အမြဲဖုန်သုတ် တိုက်ချွတ်ထားသဖြင့် ပြောင်လက် နေလေသည်။ ဘုရားသောက် တော်ရေချမ်း၊ ဆီမီး၊ ပန်းတို့ကို အမြဲကပ်လှူသည်။ ကျွန်မတို့ အိမ်မှ ငပိအိုး၊ ဆားအိုး အဖုံးတို့မှာ ဖုန်တက်နေသည်။ ကျွန်မမှာ ဝတ္ထုထဲကလို အားကျကာ မီးဖိုဆောင်ကို သန့်ရှင်းလိုက်သေး၏။ နောက်တော့ ကျွန်မ တာဝန်ပျက်ကွက် ပြန်သည်။ ကျွန်မနှင့် မော် ဘယ်တော့မျှ တူမှာမဟုတ်။ ကျွန်မက မော့်လောက်လည်း အရှက်အကြောက်ကြီးလှသူ မဟုတ်။ မော့်ဆီက ရလိုက်သော အကျင့်စရိုက်တခုကတော့ ယနေ့ထိ စွဲမြဲစွာ ကျွန်မဆီမှာ ကျန်ရစ်သေး၏။ ထိုအကျင့်မှာ ဘတ်စ်ကားနှင့် သွားသည်ပဲဖြစ်ဖြစ်၊ မီးရထားနှင့် သွားသည် ပဲဖြစ်ဖြစ်၊ ခရီးလမ်းဘေးမြင်ကွင်းတွင် ဘုရားစေတီကို မြင်တွေ့ပါက ကြည်ညိုစိတ်ပေါ်လာလျှင် လက်အုပ်ချီ ကန်တော့မိသောအကျင့် ဖြစ်လေသည်။
ခင်နှင်းယု၏ စာအုပ်များကိုတော့ ကျွန်မ အစဉ်အလိုက် ဖတ်ရတာမဟုတ်။ ရှေ့နောက် ပြောင်းပြန်တွေဖြစ်နေသည်။ "အောင်မြင်သောနေ့" ကို အရင်ဖတ်ပြီးမှ "မွှေး" ကိုဖတ်ရသည်။ introvert type, extrovert type ဟု ခွဲခြားမသိခဲ့သော်လည်း မွှေး၏ ဝတ္ထုဇာတ်အိမ် တည်ဆောက်ပုံကို ထိုအရွယ်မှာကတည်းက ကျွန်မ အတုယူခဲ့မိပုံ ပေါ်ပါသည်။ အတွတ်ကို ကျွန်မက introvert type ဟုမြင်သည်။ ဖရက်ဒီကိုတော့ extro vert type ဟု မြင်သည်။ မွှေး ကတော့ ချစ်ခင်ဖွယ်ရာ၊ သနားကြင်နာဖွယ်ရာ မြင်တွေ့ရပါသည်။ "ကုသိုလ် ကြမ္မာမမှီပါခဲ့" ဝတ္ထုကိုတော့ မွှေးဝတ္ထု၏အဆက်အဖြစ်ဖတ်သည် မဟုတ်ဘဲ ဝတ္ထုခေါင်းစဉ်ကို သဘောကျ လွန်း၍ ဖတ်လိုက်ခြင်းဖြစ်သည်။ ပြီးမှ မွှေး အဆက်မှန်းသိလေသည်။ ဘာပဲဖြစ်ဖြစ် အတွတ်ကို ကျွန်မ အစွဲကြီး စွဲခဲ့သည်။ ရတုပိုဒ်စုံ အချပိုဒ်တခုဖြစ်သော "မြင်လျှင်ပင်ကို၊ ကြိုးပါလိုလည်း၊ ကုသိုလ်ကြမ္မာမမှီပါခဲ့" ဟူသောစာကြောင်းကို အလွတ်ရသည်အထိ ထိုဝတ္ထုကို စွဲလန်းခဲ့ ပါသည်။
ထိုအချိန်မှာ ကျွန်မ စာရေးဆရာ ဖြစ်ချင်စိတ်တွေ တဖြည်းဖြည်း အင်အားကောင်း လာသည်။ တခါတရံ ဝတ္ထုတွေဖတ်ပြီး ငါသာဒီဝတ္ထု ရေးရရင် ဇာတ်သိမ်းကို ဒီလိုမသိမ်းဘူး၊ ဟိုလိုသိမ်းမယ်ဟူသော ကလေးတွေးမျိုးဖြင့် စိတ်ကူးထဲမှာ ဝတ္ထုများရေးခဲ့သည်။ ယုဝတီ ကြည်ဝေ၏ ယောက်ျားဇာတ်လိုက်များ မိန်းမပိုးပုံကို သဘောကျ၏။ သူတို့ စကားပြောတာ သွက်လက်ပြီး ချစ်စရာကောင်းအောင် ရိုးသားကြလေသည်။ ငါဝတ္ထုရေးရင် ငါ့ဇာတ်လိုက် တွေကို အဲလိုပိုးခိုင်းမယ်။ ဒါဆို အမျိုးသမီးက ချစ်သွားမှာအမှန်ပဲဟု စိတ်ကူးယဉ်ကာ ဇာတ်လမ်းတွေအများကြီး စဉ်းစားပေးခဲ့သည်။ စိတ်ထဲမှာ တွေးသော အတွေးအဖြစ် "ဟာ...... မဟုတ်ဘူးခင်ဗျ" ဟု တွေးနည်းမျိုး။ "ကောင်းကွာ၊ ကျုပ်ကတော့ စိတ်ကူးတွေ ယဉ်လို့ဗျို့" ဟုတွေးနည်းမျိုး။ "ကျောင်းအမရဲ့" ဟူသော မချင့်မရဲအတွေးနာမ်စားမျိုးကို ကျွန်မ အလွန်သဘောကျခဲ့သည်။ ခပ်သွက်သွက် ချစ်စရာယောက်ျားဇာတ်လိုက်ကို ဖွဲ့ရာတွင် ပရိသတ်ကို ဆွဲဆောင်နိုင်မည့် အရေးအသားမျိုး ဟုထင်ပါသည်။ အစ်မကြီးတယောက်၏ တာဝန်ကျေမှု၊ သိတတ်မှု၊ ညှာတာမှုများကို ယုဝတီကြည်ဝေ၏ "တပွင့်ရွှေကြာ" ဝတ္ထုများတွင် တွေ့ရတတ်သည်။ ကျွန်မသည် အစ်မကြီးတယောက် မဟုတ်သော်လည်း တတိယ မြောက်သမီးဖြစ်ပြီး ကျွန်မအောက်တွင် ညီမလေး နှစ်ယောက်ရှိသဖြင့် အစ်မကြီးတယောက် သဖွယ် ခံစားခဲ့ရပါသည်။ အနစ်နာခံစိတ်၊ ကိုယ်ကျိုးစွန့်စိတ်များကို အားကျအတု ယူခဲ့ပြီး ဝတ္ထုထဲမှာ မောင်ငယ်များက စေတနာကို စော်ကားတာဖတ်ရပြန်တော့ ရင်နာကြေကွဲရ ပြန်သည်။ ယုဝတီကြည်ဝေ၏ "ခရီးကြုံလေ၊ လေးခင်ခင်၊ ကျေရာကျေကြောင်းတောင်းပန်ချင်၊ နားခိုရာ၊ အနီးနှင့်အဝေး၊ အပြေးနှင့်အလိုက်" စသောအချစ်ဝတ္ထုများသည် ကျွန်မကို အချစ်ဝတ္ထု စာရေးသူတယောက်ဖြစ်လာအောင် တွန်းအားပေးခဲ့ရာတွင် မျှဝေပါဝင်ခဲ့ပါသည်။
ခင်ဆွေဦး၏ ဇာတ်ကောင် ယောက်ျားများကိုတော့ ဝတ္ထုထဲတွင် သဘောကျရုံမျှ သာကမဘဲ အပြင်လောကမှာပါ စံအဖြစ်ထားခဲ့သည်။ ထိုကြောင့်လည်း တော်ရုံတန်ရုံ ယောက်ျားကို အထင်မကြီးသော စိတ်ဓာတ်တွေ ဝင်လာခဲ့ခြင်းဖြစ်ပါသည်။ "တို့တိုင်းဌာနီ" ထဲက ကိုသူရ၊ "မိုးနှင့်ရေ" ထဲက ကိုငွေခိုင်၊ "သရဖီဦး" ထဲက ကိုသူရိန်၊ "နေကြာ မျက်နှာနေမျက်နှာ" ထဲက ကိုဝေလင်း...... ထိုယောက်ျားများသည် ကိုယ်ကျင့် သိက္ခာကောင်းသည်။ ပညာတော်သည်။ ကြိုးစားသည်။ ချုပ်ထိန်းနိုင်စွမ်းအားမြင့်မားသည်။ အားကိုးဖွယ်ရာ သဘောထား မြင့်မြတ်သည်။ သူတို့နှင့် ယှဉ်ကြည့်လိုက်တိုင်း ကျွန်မ တွေ့သော ယောက်ျားများက နိမ့်ကျနေခဲ့သည်ချည်းဖြစ်သည်။ ကျွန်မ သတ်မှတ်စံက မြင့်ပြီး သူတို့က နိမ့်သောအခါ ကျွန်မအတွက် သူတို့သည် အရေးစိုက်စရာ ယောက်ျားများ မဟုတ်တော့ဘဲ သာမန်လူတွေထဲမှာ ရောနှော ရောက်သွားတော့သည်။ သည်အတွက်လည်း ကျွန်မလုံးဝ စိတ်မကောင်း မဖြစ်ခဲ့ပါ။ ဒေါ်ခင်ဆွေဦးနှင့် ကျွန်မ ဆုံတွေ့ဖြစ်သည့်အခါမှာတော့ "ဒီလောက်နှစ်ရှည်လများ အပျိုကြီးဖြစ်နေခဲ့တာ မေဦးကြောင့် သိလား" ဟု ရယ်စရာဖွဲ့၍ လေးစားချီးကျူးခဲ့မိပါသည်။
ဆယ်တန်းစာမေးပွဲဖြေအပြီး ကျောင်းပိတ်ရက်မှာတော့ ကျွန်မ အတွက် စာအုပ်များကို အားရပါးရ အတိုးချဖတ်ခဲ့ရသော ကြည်နူးဖွယ်ရာ အတွေ့အကြုံကို ရရှိခဲ့တော့သည်။
သိန်းသန်းထွန်း၏ အချစ်ဝတ္ထုများမှာ အလွန်ချစ်စရာကောင်းသော စကားလုံးများဖြင့် လှပစွာ ရေးဖွဲ့ထားသည်။ "ဘယ်ပန်းချီရေးလို့မမှီ" ကို ပထမဆုံး ဖတ်ရသည်။ ထိုဝတ္ထုမှ အဖေကိုမုန်းလျက် သားကို ကျွန်မချစ်ခဲ့သည်။ သို့သော် သား၏နာမည်ကို ကျွန်မ မမှတ်မိတော့ပါ။ အဖေ၏ နာမည်မှာ ကျောင်းစိတ္တဟု မှတ်မိနေသည်။ နာမည်မှာ ကျွန်မအတွက် ဆန်းပြားသောကြောင့် မှတ်မိနေခြင်း ဖြစ်ပါလိမ့်မည်။ သားကတော့ စံပြဇာတ်ကောင် ဖြစ်၏။ အဖေ၏ အမှားကို သား၏အမှားဖြစ်အောင် တာဝန်ရဲရဲယူလိုက်၏။ အဖေ၏ ဂုဏ်သိက္ခာညစ်နွမ်းမှုကို သူ၏ညစ်နွမ်းမှုအဖြစ် တာဝန်ယူလိုက်၏။ ချစ်စရာကောင်း ပြီး အလွန်လေးစား ဂုဏ်ယူဖို့ ကောင်းသောသားဖြစ်သည်။ မိဘချစ်ခြင်းမေတ္တာကိုဖွဲ့သော ဝတ္ထုများကိုသာ ရင်းနှီးကျွမ်းဝင်ခဲ့သော ကျွန်မအတွက် ဤဝတ္ထုသည် ထူးခြားပြီး စွဲမက်စရာ ဇာတ်လမ်း ဖြစ်နေသည်။ ထို့အပြင် ဆရာသိန်းသန်းထွန်း၏ အလွန်ညက်ညော ပြေပြစ်သော စကားပြေ၊ လှပဆန်းသစ်သော စကားလုံးများသည် ကျွန်မကို ပြင်းပြစွာ ဆွဲဆောင်လေသည်။ "အချစ်ရူးလေးရဲ့အချစ်ဦး" ကို ကျွန်မ သုံးလေးကြိမ်လောက် ပြန်ဖတ်သည်။ "လမင်း ငယ်ငယ်အပြုံးရှင်" ဝတ္ထုမှာ ဆန်းကြယ်သော ဝတ္ထုဇာတ်လမ်းကို တွေ့ရပြန်သည်။
နောက်တော့ နာမည်ကြီးလှသော ဒဂုန်တာရာ၏ "မေ" ကို ဖတ်သည်။ မေ၏ဘဝကို ကျွန်မ မနှစ်သက်ပါ။ မေ၏ စရိုက်ကိုလည်း ကျွန်မ မနှစ်သက်ပါ။ သို့သော် မေ၏မာန်ကို ကျွန်မ ခံစားရသည်။ ဖွဲ့နွဲ့ထားသော စကားလုံးများ၊ ဝါကျများကို ကျွန်မ အတုယူဖို့ကြိုး စားသည်။ မေကို ဖတ်ပြီးသည့်အခါ ကျွန်မ ရင်ထဲမှာ တခုခုကို မကျေနပ်စိတ်(သို့မဟုတ်) အားမရစိတ်တွေ ကျန်နေခဲ့သည်။ မေသည် ကျွန်မကို ကောင်းကောင်း ညှို့ယူထားနိုင်ခဲ့သည်။ ဒဂုန်တာရာ၏ မေကို သိပြီးမှ ကျွန်မ ကြည်အေး "မီ" ကိုသိခဲ့ရသည်။ မီသည် မေ့လိုပင် ကျွန်မကို ကောင်းကောင်းနှိပ်စက် နိုင်ခဲ့ပါသည်။ မီကို ကျွန်မ အားမကျပါ။ ဆန့်ကျင်လိုသည့် စိတ်များဝင်နေခဲ့ပါသည်။ ဘဝကို ရေစုန်မျှောပစ်သည့် မိန်းကလေးပဲဟု မချင့်မရဲ ခံစားရ သော်လည်း မီကို ကျွန်မ သနားနေခဲ့သည်။ မီ၏ 'လေး' သည်လည်း သနားဖွယ်ရာ။ လောကတွင် စံဇာတ်ကောင်တွေချည်း ရှိတာမဟုတ်ပါ ပဲလား။ အပြင်လောကလိုပင် အားမရစရာ၊ ဒေါသဖြစ်စရာ၊ သနားစရာ ဇာတ်ကောင်တွေလည်း ရှိနေသေးသည်။
ဝတ္ထုထဲမှ ကျွန်မတို့ ဘာကိုယူမည်နည်း။ ဒါကတော့ ကျွန်မတို့ ခွဲခြား သိနိုင်ရလိမ့်မည်။
ငယ်စဉ်ကတော့ ဇာတ်လမ်းထဲမှာ မျောပါပြီး ခံစားခဲ့သည်။ ပျော်စရာတွေ့လျှင် ပျော်၍ ဝမ်းနည်းစရာတွေ့လျှင် ငိုခဲ့ရသည်။ ဇာတ်သိမ်းသည်အထိ ဇာတ်လမ်းထဲမှာ အနှောက်အယှက် မရှိ မျောပါနေခဲ့သည်။ အသက်အရွယ် ရလာပြီး စာရေးဆရာဖြစ်ဖို့ ကြိုးးစားလာ ချိန်မှာတော့ ဇာတ်လမ်းထဲမျောပါ မနေတော့ပဲ စာရေးသူနေရာကို ချောင်းကြည့်ဖို့ ကြိုးစားလာခဲ့သည်။ ဝတ္ထုစ အဖွင့်မှာ ပရိသတ်ကို ဘယ်လိုဆွဲဆောင်နိုင်ဖို့ ကြိုးစားခဲ့သလဲ။ အခန်းခွဲတဲ့အခါ ဘယ်နည်းတွေ သုံးခဲ့သလဲ။ ဇာတ်ကောင်စရိုက်ကို စကားထဲမှာဖော်သွားသလား၊ စာရေးဆရာက ပြောပြသွားသလား။ (စာရေးဆရာက ဖွင့်ဟပြောပြသော ဇာတ်ကောင်စရိုက် ဖော်နည်းကို ကျွန်မ မကြိုက်တတ်ပါ) ဝါကျတွေကို ဘယ်လိုသုံးသွားသလဲ။ ကြိယာဝိသေသန ဘယ်နှစ်လုံးပါသလဲ။ အများအားဖြင့် သူ သုံးနေကျ စကားလုံးတွေက ဘာလဲ။ ဇာတ်ကောင် စရိုက် နှင့် သူပြောသော စကားတွေ တထပ်တည်းကျရဲ့လား စသည်ဖြင့် အတုယူစရာရှိလျှင် ယူတတ်ရန် ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ အမြဲကြိုးစား ခဲ့ပါသည်။
ဆွဲဆောင်မှု သိပ်ကောင်းသော ဝတ္ထုမျိုးဆိုလျှင် ကျွန်မ ဘယ်လောက်ပဲ အပြင်က ချောင်းကြည့်စေကာ ဇာတ်လမ်းထဲသို့ မသိမသာ ပါသွားတတ်သည်ချည်းဖြစ်၏။ နိုင်ဝင်းဆွေ၏ "နွေတည" ထဲက ဇာတ်ကောင် ခင်ဝေကို နိုင်ဝင်းဆွေ၏ နေရာမှ ချောင်းကြည့်နိုင်ရန် သုံးကြိမ်လောက် ကြိုးစားယူခဲ့ရသည်။ (ပထမတကြိမ် နှစ်ကြိမ်က ကျွန်မ ကိုယ်တိုင် ခင်ဝေ၏ ဆွဲဆောင်မှု၊ ကိုကို၏ ဆွဲဆောင်မှု နောက်သို့ ပါပါ သွားခဲ့ရသည်။) ခင်ဝေကို ချစ်လည်း ချစ်၍ မုန်းလည်း မုန်းသည်။ တခါတခါ ဒေါသဖြစ်၍ တခါတခါ သနားသည်။ ခင်ဝေသည် ဝတ္ထုထဲက ဇာတ်ကောင် မဟုတ်တော့ဘဲ အပြင်လောက,က လူသားတယောက် ဖြစ်နေသည်။ အလွန်ချစ်စရာကောင်းသော မိန်းကလေး၊ အလွန်မချင့် မရဲဖြစ်စရာ ကောင်းသော မိန်းကလေးဖြစ်ပြီး သူမကို ကျွန်မဘယ်လိုမှ အကဲခတ်လို့ မရအောင် ခံစားရသည်။ ဇာတ်သိမ်းခန်းသို့ ရောက်သည့်အခါ ကျွန်မကိုယ်တိုင် ရထားတွဲ မှောင်မှောင်ထဲရောက်နေကာ ခင်ဝေနှင့် ကိုကို,ကို မြင်တွေ့နှုတ်ဆက်ခွင့်ပေးချင်လာသည်။ သို့သော် ဤဇာတ်သိမ်းထက် ကောင်းမွန်သင့်တော်မည့် "နွေတည" ၏ဇာတ်သိမ်းခန်း ရှိတော့မည်မဟုတ်ဟု ကျွန်မ အံ့သြချီးကျူးမိသည်။
ဝတ္ထုရေးရာတွင် စာရေးဆရာက ဝင်ပြီးပြောသော စကားများ၊ ဝါကျများကိုတော့ ကျွန်မ မနှစ်သက်ပါ။ (ဝတ္ထုတပုဒ်ကို တတိယ လူနေရာတွေချည်း ရေးသွားပြီး ထိုတတိယလူကို သရုပ်ဖော်ရာတွင် စာရေးဆရာက သိသိသာသာ ဝင်ရောက်ခြင်းမျိုးကို ဆိုလိုပါသည်။) သူ့ခမျာ မျှော်လင့်တကြီး စောင့်စားနေရှာတော့သည်ဟူသော အရေးအသားမျိုးကို ကျွန်မ မနှစ်သက်ပါ။ မိမိ မနှစ်သက်သော အရေး ဝါကျမျိုးတွေ့လျှင် အင်း...... ငါရေးရင်တော့ ဒီလို ဝါကျမျိုး မရေးဘူးဟု ဆင်ခြင်သုံးသပ်သော အလေ့အကျင့်ကို ရခဲ့သည်။ သိပ်ကြိုက်သော ဝါကျမျိုး စားလုံးမျိုးတွေ့လျှင်တော့ ကျွန်မအတွက် တကယ့် အန္တရာယ်ဖြစ်၏။ နှစ်ရှည်လ များ စွဲနေသည့်အခါ တခါတရံ စကားလုံးတခုသည် မိမိပိုင်စကားလုံးဟု ထင်ရလောက်အောင် ရင်းနှီးသွားလေ့ရှိပါသည်။ ထိုအချိန်မှာ မိမိက စာတပိုဒ်ကို ရေးချလိုက်လျှင် ထိုစကားလုံး ပါ သွားတတ်သည်။ ၎င်းမှာ စာရေးသူတယောက်အတွက် အလွန်အရေးကြီးသော အန္တရာယ်တခု ဖြစ်ပါသည်။ ထိုအဖြစ်မျိုး မဖြစ်ပေါ်အောင် ရှောင်နိုင်ဖို့ လိုအပ်ပါသည်။
ဝတ္ထု၏သဘောသဘာဝကိုက ဆွဲဆောင်မှု အားလုံးကို အသုံးပြု ထားသည်ဖြစ်ရာ ဝတ္ထုသည် လူများကို ဆွဲဆောင်လေ့ရှိသည်မှာ သဘာဝကျပါသည်။ လူငယ်များသည်၊ စာဖတ်သက် အတွေ့အကြုံ၊ သဘာဝ အတွေ့အကြုံ နုနယ်သေးသည်ဖြစ်ရာ ဝတ္ထုတပုဒ်ကို ဖတ်ပြီးလျှင် အကောင်းအဆိုး ဝေဖန်နိုင်စွမ်းထက်၊ ကြိုက်မကြိုက်ဝေဖန်နိုင်စွမ်း သာရှိပါသည်။ ဝတ္ထုသည် ရာနှုန်းအနည်းငယ်ဖြစ်စေ တွန်းအားပေးတတ် သည်မှာလည်း အမှန်ဖြစ်သည်။ လူငယ်တဦး၏ ဗီဇကိုတော့ ဝတ္ထုကြောင့် ပြောင်းလဲယူ၍ မရနိုင်ပါ။ သို့သော် "အညွှန်းခံ" လွယ်သူများစာရင်းတွင် လူငယ်များပါဝင်ကြောင်းကိုတော့ စာရေးသူတိုင်း သတိထားသင့်သည် ဟု ထင်ပါသည်။
ကံကောင်းသော လူငယ်များသည် သူ့ဘဝတွင် "ဘယ်စာကိုဖတ်၊ ဘယ်စာကို မဖတ်နဲ့" ဟူသော အကြံပေးချက်မျိုး ရရှိခဲ့၏။ ကံဆိုးသော လူငယ်များသည် ဘာအကြံပေးချက်မှ မရှိပါ။ ထိုအမျိုးအစားထဲမှ စိတ်ဓာတ်အင်အား ပြည့်စုံသော လူငယ်များ၊ ကြိုးစားလိုသော လူငယ်များ၊ ရှာဖွေစူးစမ်းလိုသော လူငယ်များသည် မည်သူ့အကူအညီမျှ မပါဝင်ဘဲ မိမိတို့ဘာသာ သင့်တော်ရာရာကို ရွေးချယ် သွားတတ်ကြသည်။ တချို့ကတော့ သူတို့ ဘာကိုလိုချင်မှန်း သူတို့ကိုယ်တိုင် မသိသူများ ဖြစ်ကြပါသည်။ လောကတွင် မိမိဘာ လိုချင်သည်ဟု မှန်ကန်စွာသိ၍ မိမိ လိုချင်သော အရာကို ရအောင်ယူနိုင်သော လူငယ်များလည်း ရှိကြသည်။
လူတယောက် မိမိဘဝတွင် ဘာလိုချင်သည် ဟု အတိအကျ သိလာ ရန် စာအုပ်များစွာက တွန်းအားပေးနိုင်သည်ဟု ကျွန်မ ထင်ပါသည်။

ဂျူး
[ကလျာမဂ္ဂဇင်း၊ ၁၉၉၄ မတ်လ]
ဂျူး ၏ "ကျွန်မဖတ်ခဲ့သောစာအုပ်များ" မှ ကူးယူဖော်ပြပါသည်။

ငါးပိအင်္ဂလိပ်နဲ့ပြောတာဘာဖြစ်လဲ
ရေးသူ- လူထုစိန်ဝင်း



နှစ်ပေါင်းနှစ်ဆယ်ကျော် မနက်(၉)နာရီက ည(၉)နာရီထိ (၁)ပတ် (၇) ဖွင့်လှစ် လုပ်ကိုင်လာခဲ့တဲ့ အင်္ဂလိပ်စကားပြောသင်တန်းလေးကို ကျန်မာရေး အခြေအနေအရ ရပ်နားထားခဲ့တာ နှစ်ပေါက်အောင် ကြာခဲ့ပါပြီ။ အိမ်ထဲက အိမ်ပြင်မထွက်နိုင်တဲ့ ဒုက္ခိတ တ ယောက်အဖို့ ကျောင်းသားတွေနဲ့ နေရတာ တော်တော်အဆင်ပြေတာပါ။ တနေ့လုံး သူတို့ကို စာသင်ပေးလိုက်၊ စကားပြောလိုက်နဲ့ ပျင်းဖို့တောင် အချိန်မပေးနိုင်တော့ပါဘူး။
နောက်ပြီးတော့ ကျောင်းသားတွေဟာ သတင်းထောက်ကောင်းတွေ ဖြစ်တယ်။ တမြို့လုံးနေရာအနှံ့ ဘယ်မှာ ကားတိုက်တယ်၊ ဘယ်မှာ မီးလောင်တယ် ဆိုတာမျိုးတွေကို သူများတွေထက်ဦးပြီး အမြဲသိနေရတယ်။ ကျောင်းသူကျောင်းသားတွေ မရှိတော့ နားပင်းသွား သလို ဖြစ်သွားတယ်။ ကျောင်းသူကျောင်းသားတွေကလည်း အမြဲမပြတ် လာလာပြီးတော့ မဖွင့်သေးဘူးလား၊ မဖွင့်သေးဘူးလားနဲ့ မေးနေကြလေတော့ ကျောင်းပြန်ဖွင့်ပြီး စာပြန်သင်ချင် တယ်။ ဒါပေမယ်လို့ ဆရာဝန်တွေက နှလုံးရောဂါ၊ အဆုတ်ပါမကောင်းတာကြောင့် စာမသင် စေချင်ဘူး။ အောက်ဆီဂျင်ပိုက်တန်းလန်း တပ်ထားရတာကိုလည်း မဖြုတ်စေချင်ဘူး။ လူနာ ဖြစ်တော့လည်း ဆရာဝန့်စကား နားမထောင်ချင်လို့ ဘယ်ဖြစ်တော့မှာလဲ။




ကျောင်းသူကျောင်းသားများအဖို့လည်း စကားပြောလေ့ကျင့်စရာ နေရာလေး ပျောက် သွားရတာဆိုတော့ စိတ်မကောင်းကြဘူး။ အဲဒါကြောင့် အမြဲမပြတ်လာပြီး နားပူကြတယ်။ ရန်ကုန်မြို့မှာ စကားပြောသင်တန်းကောင်းတွေ အများကြီးရှိပါတယ်။ အသင်ကောင်း၊ အပြကောင်း၊ ဆရာကောင်းတွေလည်း မနည်းလှပါဘူး။ ဒါပေမယ့် အချိန်ဇယားမရှိ၊ ပြဌာန်းသတ်မှတ်တဲ့ စာအုပ်မရှိ၊ လာချင်တဲ့အချိန်လာ၊ ပြန်ချင်တဲ့အချိန်ပြန်၊ တက်ချင် သလောက်တက်၊ အင်္ဂလိပ်စကားပြောရင် ပြောချင်တဲ့စကားပြော၊ ကျောင်းသားတခါဖြစ်ပြီးရင် (၅) နှစ်တက်တက်၊ (၁၀) နှစ်တက်တက်၊ ကြိုက်သလောက်တက် ဆိုတာမျိုးကျတော့ ဘယ်မှာမှ ရှာလို့မတွေ့ကြဘူးလေ။ အဲဒါကြောင့် ကျောင်းလေးကို ပြန်ဖွင့်ထားချင်တယ်။ ခက်တာက မကောင်းတော့တဲ့ နှလုံးနဲ့ အဆုတ်။ ဒဏ်တွေကလည်း များခဲ့ပေတာကိုး။
မြန်မာလူငယ်လေးတွေရဲ့ ဥဏ်ရည်ဥာဏ်သွေးဟာ မနိမ့်လှပါဘူး။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားပြော သပ်သပ်ပြောမယ်ဆိုရင် အာရှတိုက်မှာ အိန္ဒိယသားတွေကလွဲရင် ဘယ်သူမှ ကြောက်စရာ မလိုပါဘူး။ လူမျိုးတမျိုးလုံးကို ခြုံပြောတာပါ။ တဦးချင်းယှဉ်လို့ သူတို့က သာမျိုးတွေတော့ ရှိတာပေါ့။ မြန်မာလူငယ်တွေ အသံထွက်မှန်အောင် သင်လို့မရဘူး ဆိုတာ မရှိပါဘူး။ မြန်မာစကားသိတ်မပီတဲ့ ရှမ်းပအို့ဝ် ဦးပဉ္ဇင်းလေးတွေတောင် အင်္ဂလိပ်စကား ကျတော့ ပီပီသသ ပြောနိုင်ရွတ်နိုင်ကြတာပါ။ အင်္ဂလိပ်စာသိတ်ကောင်းတဲ့ အိန္ဒိယသား တွေကလည်း "၀ဲရီးဂွတ်" ကို ပျောက်အောင် မဖျောက်နိုင်ကြပါဘူး။ အင်္ဂလိပ်စာနဲ့ ဘွဲ့ယူထားတဲ့ ဂျပန်တယောက်ကို Thank You တို့၊ Thirty တို့လို အသံမျိုး ပီသအောင် ရွတ်ခိုင်းဖို့ အတော်ခက်ပါတယ်။ ဆရာရှေ့မှာ ပီနေပေမယ်လို့ ကွယ်ရာရောက်သွားတာနဲ့ "ဆိုင်းကျူး" "ဆာတီး" လို့ အသံထွက်လာတာပါပဲ။ အင်္ဂလိပ်စာတတ်တယ်လို့ ၀င့်ဝါမောက်မာတတ်တဲ့ စင်ကာပူတရုတ်တွေရဲ့ "စင်းဂလိပ်" စကားကို အင်္ဂလိပ်တွေ၊ အမေရိကန်တွေ နားမလည်ကြလို့ အင်္ဂလိပ်စကားစစ်စစ် ပြောတတ်အောင် ကြိုးစားရမယ်လို့ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်က ၀န်ကြီးချုပ် လီကွမ်ယုကတောင် သတိပေးခဲ့သေးတာလေ။
မြန်မာတွေ မညံ့ပါဘူး။ အင်္ဂလိပ်စကားပြောတဲ့ အလေ့အကျင့် မရှိလို့သာ နှုတ်ဆွံ့နေတာပါ။ မပြောမဖြစ် ပြောကို ပြောရမယ့်အခြေအနေမျိုးကြုံရင် တဖက်သား ကောင်း ကောင်းနားလည်အောင် ပြောနိုင်စွမ်းကြပါတယ်။ နှုတ်ဆွံ့တာ ပျောက်သွားရင် ပြောတတ်ဆို တတ် ဖြစ်လာကြတာပါပဲ။ နှုတ်ဆွံ့တာပျောက်အောင် အလေ့အကျင့် များများလုပ်ဖို့ လိုတယ်။ ပြီးတော့ နိုင်ငံခြားသားရှေ့မှာ သိမ်ငယ်စိတ်ဖြစ်တာကို ဖျောက်ပစ်ရမယ်။ နိုင်ငံခြားသား တယောက် မြန်မာစကား မပီကလာ ပီကလာ ပြောနေတာတွေ့ရင် ပျက်ရယ်ပြု ရှုတ်ချပစ်လိုက် ပါသလား။ မပြုတဲ့အပြင် မြန်မာစကား ကြိုးစားပြောနေတာကို သဘောတောင် ကျမိတယ် မဟုတ်လား။ နိုင်ငံခြားသားတွေလည်း အလားတူပါပဲ။ နိုင်ငံခြားသားတယောက်က သူတို့ ဘာသာစကားကို ကြိုးစားပြောနေတာတွေ့ရင် သဘောကျ ကျေနပ်ကြတာပါပဲ။ ကိုယ့်ဘာသာ စကားမှ မဟုတ်တာပဲ။ မိခင်ဘာသာစကားလို ဘယ်ပီပါ့မလဲ။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီး ကိုဖီအာနန် မိန့်ခွန်းပြောတာ ကြားဖူးကြမှာပါ။ စကားလုံးအသုံးအနှုန်းတွေက ခန့်ညာလှပပြီး အဆင့်မြင့်ပါပေတယ်။ ဒါပေမယ့် လေသံက တော့ "အဖရို" (Afro) လေသံပါပဲ။ အမေရိကန် လေသံမပေါက်ပါဘူး။ "အဖရို" လေသံမို့ နားမလည်ဘူး မရှိပါဘူး။ အမေရိကန်သမတရော၊ အင်္ဂလိပ်ဝန်ကြီးချုပ်ရော၊ ပြင်သစ်သမတနဲ့ ရုရှခေါင်းဆောင်ကြီးရော နားလည်ကြပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လုပ်နေပြီး အင်္ဂလိပ်စကားကို "အဖရို" လေသံနဲ့ ပြောရကောင်းလားလို့ အပြစ်မတင်ပါဘူး။ အဖရိကသားက "အဖရို" ပဲ လေသံထွက်မှာပေါ့လို့ နားလည်ကြပါတယ်။ ဂျာမန်ဝန်ကြီးချုပ် ပြောတဲ့ အင်္ဂလိပ်စကားသံက ဂျာမန်သံသြသြကြီး ထွက်တာပါပဲ။
အဲဒီတော့ ငပိစားတဲ့ မြန်မာဟာ ငါးပိအင်္ဂလိပ်စကားပြောတာ ဘာရှက်စရာ ရှိသလဲ။ အသံမှန်မှန် ထွက်တတ်လို့ သူတပါးနားလည်ရင် ပြီးရောမဟုတ်လား။ ဘိုသံ ပေါက်ချင်လွန်းလို့ ဇွတ်အတင်းကြီး လိုက်တုနေတာကမှ တကယ်တော့ ရှက်စရာ ကောင်းတာပါ။ တုတာက တုတာပါပဲ။ ဘယ်တော့မှ အစစ်ဖြစ်မလာပါဘူး။
အင်္ဂလိပ်စကားကို အမေရိကန်က အမေရိကန် "လေ" နဲ့ ပြောမှာပဲ။ ဂျာမန်ကလည်း အင်္ဂလိပ်စကားကို ဂျာမန် "လေ" နဲ့ ပြောမှာပဲ။ အင်္ဂလိပ်ဘုရင်မရဲ့ ထီးတော်ရိပ်အောက်မှာ နေတဲ့ စကော့လူမျိုးကလဲ အင်္ဂလိပ်စကားကို စကော့တို့ တောင်ပေါ် "လေ" နဲ့ ပြောမှာပါပဲ။ ဒါကဲ့ရဲ့စရာလား။ လန်ဒန်က အင်္ဂလိပ်စကား နဲ့ မန်ချက်စတာက အင်္ဂလိပ်စကားတောင်မှ လေယူလေသိမ်းတူကြတာမှ မဟုတ်တာ။
မြန်မာပါးစပ်က မြန်မာသံပဲ ထွက်မှာပေါ့။ ဒါကို ဘယ် အင်္ဂလိပ်လူမျိုးကမှ သရော်ပြောင် လှောင်လိမ့်မယ် မဟုတ်ပါဘူး။ ရဲရဲသာ ပြောစမ်းပါ။ လေးငါးဆယ်ရက်အတွင်း နှုတ်သွက် လျှာသွက် ဖြစ်လာပါလိမ့်မယ်။ အဲဒီအခါကျရင် သိမ်ငယ်စိတ်တွေပျောက်ပြီး နှုတ်ဆွံ့နေတာ လည်း လုံးဝပျောက်သွားမှာပါ။
မြန်မာတို့ဟာ အင်္ဂလိပ်လက်အောက်မှာ နှစ်ရာနဲ့ချီ နေခဲ့ကြရတာ ဖြစ်လေတော့၊ ဒီနေ့ထိ မျက်နှာဖြူမြင်ရင် ဘယ်လိုမျက်နှာဖြူပဲဖြစ်ဖြစ် ခေါင်းကလေးငုံ့ပြီး စကားပြောနေကြဆဲ ဖြစ်ပါတယ်။ ကိုယ် တွေ့နေရတဲ့ မျက်နှာဖြူဟာ ပညာတတ်လား၊ အမှိုက်ကျုံးတဲ့ မြူနီစပယ် အလုပ်သမားလား၊ နွားသတ်တဲ့ အမဲသားသည်လားဆိုတာ ဆန်းစစ်ကြည့်လေ့ မရှိကြပါဘူး။ ဒီနေ့ လခ သိန်းနဲ့ချီယူတဲ့ နိုင်ငံခြားသားတွေ သင်တယ်ဆိုတဲ့ ကျောင်းကြီးတွေမှာ ကိုယ့်သား သမီးတွေကို ထားပြီး၊ ဂုဏ်ယူဝင့်ကြွားနေတဲ့ မြန်မာမိဘတွေသိဖို့ ပြောပြချင်တဲ့ အချက်တချက် ရှိပါတယ်။
အဲဒီအချက်က ဘာလဲဆိုတော့ တချို့ကျောင်းတွေမှာ လာသင်တဲ့ နိုင်ငံခြားသားတိုင်း ဟာ စာသင်တတ်တဲ့ ကျောင်းဆရာ၊ ဆရာမများ မဟုတ်ကြဘူး ဆိုတာပါ။ တခြားအကြောင်း ကိစ္စမျိုးနဲ့ မြန်မာပြည်မှာ ကြာကြာလေး နေချင်တဲ့အတွက် နေထိုင်ခွင့်ရအောင် အလုပ်တခု ၀င်လုပ်နေတဲ့ သဘောမျိုးနဲ့ လုပ်နေကြတာပါ။ တချို့ဆို စာလုံးဝ မသင်တတ်ကြပါဘူး။ တချို့ ဘာဘွဲ့၊ ဘာဆရာဖြစ်လက်မှတ်မှ မရှိကြပါဘူး။ ကိုယ်တိုင် အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်ထားတာ ဖြစ်လေတော့ အဲဒီလို ၀င်လုပ်ချင်လို့ အလုပ်ခန့်ပေးပါ၊ ခန့်စာရေးပေးပါဆိုပြီး လာပြောတာတွေ အများကြီးကြုံဖူးလို့ သိနေတာပါ။
အသားဖြူဖြူ၊ အသားဝါ၀ါမြင်တိုင်း အောက်ကျို့ချင်တဲ့ သိမ်ငယ်စိတ်တွေသာ ဖျောက်ပစ်လိုက်စမ်းပါ။ မြန်မာတွေ မညံ့ပါဘူး။ ဆိုက်ကားဆရာတောင် နိုင်ငံခြားသား ဧည့်သည်တွေနဲ့ အလုပ်ဖြစ်အောင်တော့ ဆက်ဆံနိုင်ကြတာပဲ မဟုတ်လား။ ဒါ ဂျပန်တွေ ထက်၊ ယိုးဒယားတွေထက် ကိုးဆယ်ဆ သာတယ်လို့ ဆိုနိုင်တာပေါ့။ မြန်မာတွေမှာ ခက်နေတာက သိမ်ငယ်စိတ်ပဲ။ သိမ်ငယ်စိတ်ဆိုတာ "အငုံ့စိတ်" ပဲ။ အားတော့နာပါတယ်။ ရင့်သီးလွန်းလို့ မပြောချင်ပါဘူး။ ဒါပေမယ့် အဲဒီစကားကို သုံးပြောမှ ပိုပြီးထိရောက်၊ ပိုပြီး သဘောပေါက်မှာမို့ ပြောခွင့်ပြုပါ။ စေတနာနဲ့ ဒေါမနဿကြောင့် ရင့်ရင့်သီးသီးပြောမိတာလို့ လက်ခံပေးပါ။ အငုံ့စိတ်၊ သိမ်ငယ်စိတ်ဆိုတာ "ကျွန်စိတ်" ကို ယဉ်အောင်ပြောတာပါ။ လွတ်လပ်ရေးရခဲ့တာပဲ နှစ်ပေါင်း (၆၀)နီးပါပြီ။ ကျွန်စိတ်တွေ ပျောက်ဖို့ ကောင်းပါပြီ။
ကိုဖီအာနန်လို ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကြီးတယောက်တောင်မှ အင်္ဂလိပ်စကားကို "အဖရို" သံနဲ့ ပြောနေသေးတာပဲ။ မြန်မာလူမျိုးတယောက်က "ငါးပိအင်္ဂလိပ်" ပြောတာ ဘာရှက်စရာ ရှိလဲ။ အသံထွက်မှန်မှန်နဲ့ တဖက်သား နားလည်အောင် ပြောတတ်ဖို့ လိုရင်းပဲ မဟုတ်လား။ မြန်မာတွေ ပညာရည် မနိမ့်ပါဘူး။ လူစွမ်းလူစ မနုံနဲ့ပါဘူး။ ပင်ကိုယ်ဗီဇ မဖျင်းပါဘူး။ ကျွန်စိတ်ပျောက်ဖို့ကလေးတခုသာ လိုတာပါ။

လူထုစိန်ဝင်း။
{စတိုင်သစ် မဂ္ဂဇင်း၊ အမှတ် ၁၃၆၊ နိုဝင်ဘာ၊ ၂၀၀၄}

ပုစွန်ဆိတ်ဘယ်လိုငယ်၊ ပင်လယ်ကူးတတ်တယ်နှင့်ခွပ်ဒေါင်းစစ်သည်ဘယ်ညာချီ...
ရေးသူ- ခန့်အောင်

{ "နေ့သစ်" ဘလော့ဂ်စာမျက်နှာမှ ကာယကံရှင်များထံတွင် ခွင့်တောင်းပြီး၊ ကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ်။}


အချိန်က ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံအပြီး န၀တ(နအဖ) စစ်အုပ်စုကို လက်နက် ကိုင် ပြန်တိုက်မယ်ဆိုပြီး တက်ကြွတဲ့ လူငယ်များဟာ ဗမာပြည်ရဲ့ အရှေ့ဘက် လူမျိုးစု လက်နက်ကိုင်ဒေသတွေကို ရောက်ရှိနေချိန်ပါ။ စစ်အုပ်စု နအဖကိုလက်နက်ကိုင်ပြီး တိုက်ပစ်မယ်ဆိုတဲ့ စိတ်ကူးပုံဖေါ်မှု အမျိုးမျိုးနဲ့လေ။ ကျနော်ဆိုရင်လဲ နှစ်ပတ်လောက် သင်တန်းတက်ပြီး ကျနော်တို့နယ်ဘက်မှာ ပြန်ချမယ်လို့ စိတ်ကူးထားတာ။


ဒီလိုနဲ့ တောထဲမှာ စစ်သင်တန်းတွေ တက်ကြပါပြီ။ သင်တန်းပေးတဲ့ ဆရာတွေက အရေးတော်ပုံမှာ ပြည်သူလူထုဘက်က ရပ်တည်ခဲ့ကြတဲ့ မျိုးချစ်စစ်သည်တွေ ဖြစ်ပါတယ်။ တချို့ နေရာတွေမှာ လူမျိုးစုမဟာမိတ်တပ်ဖွဲ့တွေက စစ်သင်တန်းပေးပါတယ်။ သင်တန်းမှာ ၀တ်စရာ စစ်ယူနီဖေါင်းက မရှိသေးတော့ ဘောင်းဘီရှည် ၀တ်တဲ့သူက၀တ်၊ တချို့က ဘောကန် ဘောင်းဘီတို၊ ပုဆိုး၊ စကတ်၊ ထမီ အစုံပဲ ၀တ်ပြီး သင်တန်းတက်ကြတယ်။ စစ်သင်တန်းမှာ သေနတ်ကလည်း ကိုင်စရာမရှိတော့ ၀ါးရင်းတုတ်ကိုင်ကြတယ်။
သင်တန်းရိက္ခာတွေကတော့ မျှစ်နဲ့ငှက်ပျောအူစားရတဲ့နေ့က ခပ်များများပါ။ မြို့ပေါ် ကနေ တောထဲလာ အစားဆင်းရဲ၊ အနေဆင်းရဲကြပေမယ့် ကိုယ်လုပ်ချင်တာကို လုပ်နေရ တော့ ဒုက္ခဆင်းရဲတွေကို ရယ်စရာအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ ဒီလိုနဲ့ပဲ သင်တန်းတွေ ဆင်းခဲ့ကြ၊ တိုက်ပွဲတွေ ၀င်ခဲ့ကြတယ်။ ၁၉၉၀ ခုနှစ် ၀န်းကျင်လောက်မှာ အဘဦးအေးမြင့် တော်လှန်ရေးဒေသကို ရောက်လာတယ်။ အဘက ပြည်သူဘက်ကို ရပ်တည်ခဲ့တဲ့ မျိုးချစ်စစ် သားကောင်းတဦး ဖြစ်ပါတယ်။ နအဖ စစ်အုပ်စုမှာ အမှုထမ်းနေစဉ်တုန်းက ဗိုလ် သင်တန်းကျောင်းကိုတောင် ကိုင်လာခဲ့သူ ဖြစ်ပါတယ်။ စည်းစနစ်ကြီးပြီး တိကျတဲ့နေရာမှာ နာမည်ကြီးခဲ့ သူပါ။ အဘ တော်လှန်ရေးဒေသကို ရောက်ရောက်ချင်းပဲ ကေအန်ယူ ဗိုလ်သင်တန်းတွေကို စိတ်အားတက်ကြွစွာနဲ့ ကူညီသင်ကြားပေး ပါတယ်။ အဘရဲ့ သင်တန်း တွေ၊ တိုက်ပွဲဖေါ်နည်းတွေ၊ ခံစစ်ထိုင်နည်းတွေဟာ အဲဒီကာလမှာ အလွန်အသုံးဝင်ခဲ့တယ်။
စစ်ပညာ မကျွမ်းကျင်ပဲ တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တွေကို အထူးစိုးရိမ်ပါတယ်။ အဲဒီ စိုးရိမ်စိတ်နဲ့ပဲ ကျနော်တို့ကို အဘဦးစီးပြီး စစ်သင်တန်းတခု ပြုလုပ်ဖြစ်ခဲ့တယ်။ သင်တန်းတက်မယ့် သင်တန်းသားထဲက အဆင့်လိုက် သင်တန်းအကြပ်၊ အမှူးတွေခန့် သင်တန်းသားတပ်စုတွေဖွဲ့၊ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်တယ်။ အဘကတော့ သင်တန်းနည်းပြချုပ် လုပ်တယ်။ သင်တန်းမစခင် လေးငါးရက် အလိုလောက်က စပြီး ဆံပင်တွေ ညှပ်ထားရပါတယ်။ ဆံပင်ညှပ်ရတော့လဲ တော်လှန်ရေးဒေသရဲ့ တခုတည်း သော ဆံသဆိုင်မှာ အလကား ညှပ်ရတာပါ။ ဆံသဆရာတွေက ဗမာစကားကို သိပ်မပြောတတ်ကြပါဘူး။ ဆံပင်ညှပ်မယ့် သင်တန်းသားတွေက မြို့သားတွေလေ သိတယ် မဟုတ်လား။ ခုံပေါ်ထိုင်ပြီး ဆံသဆရာကို ဘာကေ၊ ညာကေ၊ ဘယ်မင်းသားကေပေါ့။ ဘေးက သိပ်မပြောင်နဲ့။ နောက်က နည်းနည်းရှည် ပေးပါ။ တောင်းဆိုတော့ တော်လှန်ရေး ဆံသဆိုင်က ဆရာကဆိုင်မှာ ချိတ်ထားတဲ့ မှန်တွေကို ဖြုတ်ပြီး သိမ်းလိုက်ပါတယ်။ ပြီးမှ စက်ကပ်ကြေးကို ယူပြီး တခေါင်းပြီး တခေါင်း အပီကြွေးလွှတ်လိုက်တယ်။ ညနေ သောင်ရင်းချောင်းမှာ ရေချိုး ဆင်းချိန် အားလုံးပြန်ဆုံတော့မှ တယောက်ခေါင်း တယောက်လက်ညှိုးထိုး ဟားကြရတယ်။
မနက် လေးနာရီခွဲမှာ ၀ီစီသံကို စကြားရပါတယ်။ ၀ီစီသံကြားတယ်ဆိုရင်ပဲ ကမန်းကတန်းထ အိပ်ယာသိမ်းပြီး တန်းစီတဲ့နေရာကို ရောက်အောင်သွားတန်းစီ၊ လူစုံမစုံ စစ်ဆေး ပြီးတာနဲ့ ကြံ့ခိုင်ရေးအတွက် ပီတီပြေးကြရပါတယ်။ ပီတီပြေးပြီး ဆန်ပြုတ်သောက်၊ ခဏနားပြီး စစ်ရေးပြ၀င်ရတယ်။ စစ်ရေးပြလုပ်ရာမှာလည်း အဘကိုယ်တိုင် ကြီးကြပ်ပြီး သင်ပေးပါတယ်။ လမ်းလျှောက်ပုံ၊ သတိအနေအထား ရပ်နေပုံကအစ ပုံစံ မကျကျအောင် ဆဲဆိုကြိမ်းမောင်း သင်ပါတယ်။ စစ်ရေးပြပြီးရင် နေ့လည်ထမင်းစားချိန် ဖြစ်ပါတယ်။ ထမင်းစားပြီး ခဏနားရတယ်။ ပြီးရင် စစ်နဲ့ပတ်သက်တဲ့ သဘောတရားတွေကို အဘကိုယ်တိုင် လက်ချာရိုက်တယ်။ သင်ပေးတာတွေကတော့ စုံလို့ပဲ။ စစ်သားကောင်း တယောက်ရဲ့ စိတ်ဓါတ်ကစပြီး လုံခြုံရေးကိစ္စ တိုက်စစ် နည်းဗျူဟာတွေ၊ မြေပုံဖတ်၊ လက်နက်ကြီးပစ်နည်းတွေအပြင် တခါတရံ တိုက်ပွဲပုံစံတွေပါ လက်တွေ့လုပ် ကြရတယ်။ ဒီသင်တန်းက တက်ခဲ့သမျှထဲမှာ အပင်ပန်း ဆုံးလို့ထင်တယ်။ မသိသေးတာတွေ သိခဲ့တာလဲ အများကြီးပဲ။ သင်တန်းကာလကို သုံးလသတ်မှတ်ထားတယ်။ သုံးလပြည့်လို့ သင်တန်းဆင်းပွဲ ကိုလည်း သေချာလုပ်မယ်ဆိုတာ သတင်းကြားထားတယ်။ အဘဦးအေးမြင့်ပေးတဲ့ သင်တန်းဆိုတော့ သင်တန်းဆင်းပွဲကိုလည်း သေသေချာချာ ခမ်းခမ်းနားနားလုပ်ချင်ကြတယ်။
သင်တန်းဆင်းရက် နီးတဲ့အခါကျတော့ အခမ်းအနားနေ့ကျရင် လုပ်ရမယ့် စစ်ရေးပြ တွေပါ ကြိုတင်လေ့ကျင့်မှုတွေပါ ထည့်လုပ်ပေးရတယ်။ အစီအစဉ် အကြမ်းပြင်းက သင်တန်း သား ရဲဘော်တွေက အခမ်းအနား လုပ်မယ့်ကွင်းထဲမှာ တန်းစီရပ်နေရမယ်။ တာဝန်ရှိ လူကြီးတွေက အမှာစကားတွေပြောမယ်။ တာဝန်ရှိလူကြီးက တပ်ကိုစစ်ဆေးမယ်။ နောက်ဆုံး တခုက သင်တန်းစစ်ကြောင်းက တာဝန်ရှိလူကြီးကို ချီတက် အလေးပြုမယ် ဒီလောက်ပဲ။
အစီအစဉ်တွေထဲက နောက်ဆုံး အစီအစဉ်ဖြစ်တဲ့ ချီတက်အလေးပြုတဲ့အခါမှာ စစ်ကြောင်းမှူးရဲ့ 'ချီတက်' ဆိုတဲ့ အမိန့်သံဆုံးတာနဲ့ အရေးကြီးပြီသီချင်းကို အသံချဲစက်က ကွက်တိ ဖွင့်ပေးရမယ်။ အရေးကြီးပြီသီချင်းရဲ့ အင်ထရို တီးလုံးအစမှာ… `တော်.. တီ.. တော်.. တော်….. တော်.. တော်.. တော်.. တူ´`ဒုန်း ဒုန်း ဒုန်း´ `ဒုန်း ဒုန်း ဒုန်း´အဲဒီ `ဒုန်း ဒုန်း ဒုန်း´ စတာနဲ့ စစ်ကြောင်းက စလျှောက်ရမှာ ဖြစ်တယ်။ ကျန်တဲ့အစီအစဉ်တွေက အိုကေ နေပြီ။ ချီတက်အလေးပြု အစီအစဉ်တခုပဲ ထစ်နေတာ။ သီချင်းဖွင့်ပေးမယ့် လူရယ် စစ်ကြောင်းရယ် အမိန့်ပေးသံရယ် ကွက်တိဖြစ်ဖို့ အတော် လေ့ကျင့်ယူလိုက်ရတယ်။ ရဲဘော်တွေအားလုံးလဲ အကောင်းဆုံးဖြစ်အောင် စိတ်ကိုဆန့်ပြီး လိုက်လုပ်ပေးကြတယ်။
အသံချဲ့စက်ဖွင့်ဖို့ တာဝန်ယူထားတဲ့ ရဲဘော်ကလဲ သူလုပ်ရမယ့်တာဝန်ကို အပီ လေ့ကျင့်တော့တာပေါ့။ သီချင်းတီးလုံးစတဲ့နေရာကို သေချာအောင် ခဏခဏပြန်ရစ်ပြီး ဖွင့်နားထောင်လိုက်။ 'တပ်ဖွဲ့…. ချီတက်' ဆိုတဲ့အမိန့်ပေးသံကို အော်ပြီး ကက်ဆက်ခလုပ်ကို နှိပ်ပြီး သီချင်းစဖွင့်လိုက်နဲ့ ကွက်တိဖြစ်အောင် အပြတ်လေ့ကျင့်နေတယ်။ ဒီပွဲမှာ သူက အခရာပဲ မဟုတ်လား။ အဲဒီ သီချင်းခွေကို ကက်ဆက်ထဲ အမြဲထည့်ပြီး လေ့ကျင့်နေရောပဲ။ အခွေ၊ ကက်ဆက်၊ ဓါတ်ခဲ အမြဲရယ်ဒီပြင်ထားတယ်။ သီချင်းဖွင့်ရမယ့်စက်က နားကြပ် ကက်ဆက်သေးလေးနဲ့ အသံချဲ့စက်ကို ဆက်သွယ်ပြီး ဖွင့်ရမှာဖြစ်တယ်။
အဲဒီရက်တွေက အသံချဲ့စက် တာဝန်ယူထားတဲ့ ရဲဘော်နားမှာ အိပ်တဲ့ရဲဘော်တွေ ကတော့ သင်တန်းဆင်းပွဲ မပြီးမချင်း အတော်လေး ခံစားနေရတယ်။ အမိန့်ပေးလိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ရစ်လိုက်၊ အမိန့်ပေးလိုက်၊ ပြန်စဖွင့်လိုက်နဲ့ ဘာကို နားထောင်လို့ ထောင်ရမှန်း မသိတော့ဘူးပေါ့ .`တပ်ဖွဲ့….ချီတက်´ `ကလစ်´`တော်…တီ…တော်…တော်´`ဒုန်း..ဒုန်း..ဒုန်း´`ဒုန်း..ဒုန်း..ဒုန်း´`ဂျောက်´`ကလစ်´`ရှလွတ်…ရှလွတ်…ရှလွတ်´တပ်ဖွဲ့….ချီတက် ´ … အဲဒီအသံတွေပဲ တနေကုန် ပတ်ချာလည်ပြီး ကြားနေရတာ … သင်တန်း ဆင်းပွဲ ချောချောမောမောနဲ့ အဆင်ပြေဖို့အတွက် လေ့ကျင့်နေတာဆိုတော့ ရဲဘော်တွေကလည်း သီးခံကြပါတယ်။
သင်တန်းဆင်းပွဲနေ့ မနက်စောစောမှာ အခမ်းအနား ပြင်ဆင်ရေး တာဝန်ရှိ ရဲဘော်တွေက အလုပ်တွေ ရှုပ်နေကြတယ်။ အချိန်ကလည်း စောသေးတော့ နှင်းတွေကလည်း ကျနေတုန်းပဲ။ အခမ်းအနားစဖို့ကလည်း အချိန်က လိုသေးတယ်။ သင်တန်းသားရဲဘော်တွေ တာဝန်ရှိသူတွေကတော့ စကားတပြောပြောနဲ့ ကွင်းဘက်ကို လျှောက်လာနေကြတယ်။ မဟာမိတ်ဧည့်သည်တွေလည်း တဖြည်းဖြည်း တွေ့လာရပါတယ်။ နေထွက်လာတယ်ဆိုရင်ပဲ နှင်းအကျလည်းကြဲသွားတယ်။ အခမ်းအနား ပြင်ဆင်ထားပုံက ခုမှ ပြတ်ပြတ် ထင်ထင် ပေါ်လာတယ်။ နောက်ခံမှာ ခွပ်ဒေါင်းအလံတော်တွေ စိုက်ထားတဲ့ စကားပြောစင်တခုရယ် ဘေးတဘက်တချက်မှာ… 'တော်လှန်ရေးသည် ငါတို့ကျောင်းငါတို့တက္ကသိုလ်´ `တိုက်ပွဲဝင် အလံတော်ကို အမြင့်မားဆုံးလွှင့်တင်ကြ' … ဆိုတဲ့ စာတန်းကြီးနှစ်ခုက နေရာယူထားတယ်။
အခမ်းအနားမှူးလုပ်သူရဲ့ အသံထွက်ပေါ်လာပါတယ် ... 'သင်တန်းဆင်းပွဲအခမ်း အနား စတင်တော့မှာ ဖြစ်တဲ့အတွက် နေရာယူပေးကြပါခင်ဗျာ' ဟု ကြေငြာလိုက်တယ် ဆိုရင်ပဲ စစ်ကြောင်းမှူးနဲ့ သင်တန်းသားတွေက တန်းစီဖို့ သတ်မှတ်ထားတဲ့နေရာ၊ စကားပြောဖို့ တာဝန်ရှိတဲ့ လူကြီးတွေကလည်း သတ်မှတ်ထားတဲ့နေရာတွေမှာ နေရာယူကြပါတယ်။ အခမ်းအနားမှူးက သင်တန်းဆင်းပွဲ အခမ်းအနား အစီအစဉ်ကို ကြေငြာသွားပါတယ်။ အစီအစဉ်ရ တိုက်ပွဲဝင်ခွပ်ဒေါင်း အလံတော်အား အလေးပြုခြင်း၊ ကျဆုံးသွားသော အာဇာနည်များအား အလေးပြုခြင်းတို့ကို ပြုလုပ်ပြီး အစီအစဉ်အတိုင်း တာဝန်ရှိလူကြီးများက အမှာစကားများ ကိုယ်စီ ပြောသွားကြပါတယ်။
ပထမ တာဝန်ရှိလူကြီးတဦး အမှာစကား ပြောသွားတဲ့အထဲမှာ မှတ်မိလိုက်တာတွေက နအဖ စစ်အုပ်စုကို လက်နက်ကိုင် တိုက်ပွဲနည်းဖြင့်သာ အောင်နိုင်မယ်ဖြစ်ကြောင်း၊ တော်လှန်စစ်မှာ စစ်ခရီးစဉ်ကြီးသုံးခုရှိကြောင်း၊ အဲဒီအဆင့်သုံးဆင့်ကို ဖြတ်သန်းရမှာ ဖြစ်ကြောင်း၊ ရဲဘော်တွေအနေနဲ့ စိတ်ဓါတ်မကျဖို့၊ သီးခံစိတ်ရှည်ဖို့တွေပြောပြီး ဆင်းသွား ပါတယ်။ အစီအစဉ်အရ တာဝန်ရှိတဲ့နောက်တဦး အမှာစကားတက် ပြောပါတယ်။ သူကတော့ သံတမန်ရေးတိုက်ပွဲ၊ လူ့အခွင့်အရေးတိုက်ပွဲ၊ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ၊ အဲဒီတိုက်ပွဲ နည်းနာတွေဟာလည်း ဗမာပြည်တော်လှန်ရေးမှာ လွန်စွာမှ အရေးပါပြီး ထိရောက်ကြောင်း ပြောပြီးဆင်းသွားပါတယ်။
စကားပြောဖို့ ကျန်နေသေးတဲ့ နောက်ထပ် တာဝန်ရှိသူတဦး ထပ်တက်လာပါတယ်။ သူကလည်း လက်နက် ကိုင်တိုက်ပွဲနည်းနာ၊ သံတမန်ရေးတိုက်ပွဲ၊ လူ့အခွင့်ရေးတိုက်ပွဲ၊ လူထုတိုက်ပွဲ၊ အဲဒီလိုတိုက်ပွဲနည်းလမ်းပေါင်းစုံနဲ့ ဆက်စပ်ပြီးလုပ်မှ အောင်မြင်မယ်ပြောပြီး ဆင်းသွားပါတယ်။
ကွင်းလယ်မှာ မတ်တတ်ရပ်ပြီး နာခံနေရတဲ့ ရဲဘော်တွေမှာ အဲဒီတာဝန်ရှိသူ သုံးဦးနဲ့ မတ်တတ်ရပ်ပြီး တိုက်ပွဲဝင်ရတာ သုံးနာရီလောက် ကြာသွားခဲ့ပြီမို့ ခြေထောက်တွေလဲ အတော်အီစိမ့် နေပါပြီ။ ဒါတောင် သူတို့ပြောတဲ့ တိုက်ပွဲနည်းနာတွေနဲ့ မပေါင်းစပ်ရသေးဘူး။ ရဲဘော်တွေခမျာ ငိုက်သလိုလို၊ မူးပြီး ပစ်လဲချင်သလိုလို ဖြစ်ကုန်ကြတယ်။ ပြောနေတာ တွေကိုလည်း သေသေချာချာ မကြားနိုင်တော့။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပစ်လဲမသွား အောင် ထိမ်းထားနိုင်ဖို့က အဓိကဖြစ်နေပါတယ်။ အစီအစဉ်အရ တပ်စစ်ဆေးမယ့် အချိန်ကို ရောက်လာပါတယ်။ စစ်ကြောင်းမှူးက အင်အားစာရင်း သတင်းပို့ပါတယ်။ တာဝန်ရှိသူတဦးက တပ်မှူးလေးယောက်ရံပြီး တန်းစီနေတဲ့ ရဲဘော်တွေနားလျှောက် လာပါတယ်။ အနားရောက် တော့ စစ်ကြောင်းထိပ်ကနေစပြီး ဇတ်တောက် ဇတ်တောက် လျှောက်နေတဲ့ တပ်မှူးလေးဦး ရံပြီး ရဲဘော်တွေကို တခါမှမမြင်ဘူးတဲ့ မျက်နှာမျိုးနဲ့ ကြည့်ပြီး တတန်းပြီး တတန်း စစ်ဆေး သွားတယ်။ တပ်စစ်ဆေးပြီး သူ့နေရာသူ ပြန်ရောက်တဲ့အချိန်မှာ ချီတက် အလေးပြု အစီအစဉ် အလှည့်ပါ။
'တပ်ဖွဲ့.... ရှေ့.... ကြည့်' ဆိုတဲ့ စစ်ကြောင်းမှူး အမိန့်ပေးသံ ထွက်ပေါ်လာပါတယ်။ ဒီအစီအစဉ်ပြီးရင် အခမ်းအနားပြီးဆုံးတော့မယ်ဆိုတော့ ရဲဘော်တွေလဲ နည်းနည်းလန်း လာတာပေါ့။ ခုအပိုင်းက ရဲဘော်တွေ အပိုင်းပဲ ကျန်တော့တယ်။ ဒီအစီအစဉ်က ရဲဘော်တွေရဲ့ အစွမ်းကိုပြရတော့မှာ ဖြစ်တဲ့အတွက် အပီအပြင် စစ်ကြောင်းလျှောက်ပြလိုက်မယ်ဟဲ့.... ဆိုပြီး စိတ်ကိုတင်းထားတာပေါ့။ အလေးပြုခံမယ့် ပုဂ္ဂိုလ်ကလည်း သူ့နေရာမှာအသင့်၊ သီချင်းဖွင့်ဖို့ တာဝန်ရှိတဲ့ရဲဘော်ကလည်း သူ့နေရာမှာ အသင့်အနေအထားတွေ့နေရတယ်။
'တပ်ဖွဲ့….. သတိ'
အမိန့်သံဆုံးတာနဲ့ ကွင်းတခုလုံးငြိမ်သက်သွားပါသည်။ စစ်ကြောင်းမှူးက အမိန့် ဆက်ပေးပါတယ်။
'တပ်ဖွဲ့ … သေ…. နတ်…. ထမ်း'
'ဗြောင်း´`ဗြောင်း'
ဆိုတဲ့ အသံဆုံးတာနဲ့ ရဲဘော်တွေရဲ့ ဘယ်ဘက်ပခုံးပေါ် သေနတ်တွေရောက်ပြီး သေနတ်ထမ်း အနေအထားဖြစ်သွားပါတယ်။ သေနတ်ထမ်းလှုပ်ရှားမှုမှာ ရဲဘော်တွေလက်မှာ ၀တ်ထားတဲ့ လက်အိပ်အဖြူတွေရဲ့ ရိပ်ကနဲရိပ်ကနဲ ဖြစ်သွားတာဟာ အလွန်ကြည့်ကောင်း တယ်။
'တပ်ဖွဲ့ … ညာ……. လှည့်´
သင်တန်းစစ်ကြောင်းဟာ သုံးယောက်တန်း ညာဘက်လှည့်ပြီး လမ်းလျှောက်ဖို့ အသင့်ဖြစ်နေပါတယ်။ စစ်ကြောင်းမှူးက စစ်ကြောင်းရဲ့ ထိပ်ကိုလျှောက်လာပြီး စစ်ကြောင်း ထိပ်မှာ နေရာယူပါတယ်။ သင်တန်းနည်းပြ တယောက်က စစ်ကြောင်းနောက်မှာ ပိတ်ပြီး နေရာယူတယ်။ အားလုံး အသင့်အနေအထား ရောက်တာနဲ့ စစ်ကြောင်းမှူးက ချီတက်ဖို့ အမိန့်ပေးမှာဖြစ်တယ်။ အမိန့်ပေးတာနဲ့ "အရေးကြီးပြီ" သီချင်းဘင်သံနဲ့ စထွက်မယ်။ အလေးပြုခံ ပုဂ္ဂိုလ်ရှေ့ရောက်ရင် အလေးပြုဖို့ အမိန့်ပေးမယ်။ အဲဒီအခါမှာ အလေးပြုခံ ပုဂ္ဂိုလ်ဘက်ကိုကြည့် သေနတ်ဒင်ပေါ် ညာလက်တင်၊ လမ်းဆက်လျှောက်၊ ပြီးရင် နေမြဲ အမိန့်ပေး၊ မူလ တန်းစီတဲ့ နေရာကို ပြန်ရောက်ရင်ပြီးပြီ။ ကျနော်တို့ ဆက်လုပ်ရမှာက ဒီလောက်ပဲ။
'တပ်ဖွဲ့… ချီ….. တက်'
အမိန့်ပေးသံဆုံးတာနဲ့ ရဲဘော်တွေဟာ "အရေးကြီးပြီ" အင်ထရိုတီးလုံးသံကို စောင့် နေပါတယ်။ အဲဒီအချိန်မှာ အသံချဲ့ စက်က ထွက်လာတဲ့အသံကို ကြားလိုက်ရတာကတော့ ….
'ပုစွန်ဆိတ်ကလေး ဘယ်လို ငယ်ငယ် ပင်လယ်ကူးတတ်တယ် …'
'ပုစွန်ဆိတ်ကလေး ဘယ်လိုငယ်ငယ် ပင်လယ်ကူးတတ်တယ် ….´
လျှောက်ဖို့ ခြေလှမ်းပြင်နေတဲ့ စစ်ကြောင်းက စစ်သွေးစစ်မာန်နဲ့ လျှောက်ရမယ့် အနေအထားကနေပြီး ပုစွန်ဆိတ်ခုန် ခုန်ရမလိုလို စည်းချက်အတိုင်း ဖင်လိမ်ပြီး လျှောက်ရ မလိုလို ဖြစ်ကုန်ကြတယ်။
ရဲဘော်တွေလဲ ရယ်ချင်ကြတာပေါ့။ ဒါပေမဲ့ ဘယ်သူကမှ မရယ်ရဲကြဘူး။ အားလုံး ပွစိပွစိနဲ့ အသံတွေ ထွက်လာတာပေါ့။ မျက်စိတွေအားလုံးကလည်း ကက်ဆက်ဖွင့်တဲ့ ရဲဘော်ဆီရောက်သွားတာပေါ့။ သူ့ ခမျာလည်း ချွေးတွေပြန်၊ ခေါင်းလဲအတော်ပူသွားပုံရတယ်။ "အရေးကြီးပြီ" သီချင်းခွေကို ဟိုလှန် ဒီနှိုက်နဲ့ ပြန်ရှာနေတယ်။ အခွေပြန်တွေ့တာနဲ့ စစ်ကြောင်း ကို စဆုံး အမိန့်ပြန်ပေးပြီးမှ အခမ်းအနား ပြီးဆုံးသွားတော့တယ်။
အဲဒီလို ကမောက်ကမ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ သင်တန်းအုပ်ကြီး အဘ ဦးအေးမြင့်ကတော့ ဆဲနည်းပေါင်းစုံတွေ လွှတ်တော့တာပေါ့။ အဘအနားကို ဘယ်သူမှ မကပ်ရဲကြတော့ဘူး။
အခမ်းအနားမှာ စစ်ကြောင်း ပုစွန်ဆိတ်ခုန်နည်းနဲ့ခုန်ပြီး လျှောက်ရမလို ဖြစ်သွားရခြင်း က ဒီလို.. ။
သင်တန်း ဆင်းပွဲမလုပ်ခင်ညက မနက်ဖြန်မှာ ဖွင့်ဖို့ အသင့်ပြင်ထားတဲ့ ကက်ဆက်ကို မေဆွိခရေဇီ ရဲဘော်တယောက်က ကက်ဆက်ကိုခိုးပြီး မေဆွိအခွေ ထည့်နားထောင်တယ်။ ပြီးတော့ အခွေကို မထုတ်ဘဲ ဒီအတိုင်းပြန်ထား လိုက်တယ်။ မနက်ရောက်တော့ ဓါတ်စက်ဖွင့် မယ့် ဆရာကလည်း ကက်ဆက် အထဲကအခွေဟာ သူအသင့် ပြင်ထားတဲ့အခွေပဲလို့ထင် နေတယ်။ ဒါနဲ့ အားလုံးအသင့် ဖြစ်နေတဲ့အချိန်မှာ လွှတ်ပေးလိုက်တာလေ…
'ကံကောင်းလို့ ပုစွန်ဆိတ်တွေ မဖြစ်ကုန်တယ်.....'

ခန့်အောင်
သြဂုတ်၊ ၁၆၊ ၂၀၀၈။