Wednesday, July 16, 2008

ဂါရ၀တရားမှ ယိုစီးခဲ့တဲ့ ခံစားချက်
ရေးသူ- အောင်မြိုင်

(၁)
ဆရာနဲ့ ပါတ်သက်လို့ အပြစ်တခု ပြုခဲ့မိသလို စိတ်မကောင်းဖြစ်ပြီး အနူးအညွတ် ဖွင့်ဟ ၀န်ခံတောင်းပန် ကန်တော့ရမယ့် ကျွန်တော့်ရဲ့ ဖွတ်မေ့ ပုတတ်မေ့ အဖြစ်အပျက်တခုဟာ လွန်ခဲ့တဲ့ နှစ်လလောက်အထိ ကျွန်တော့်သိစိတ်မှာ ဒဏ်ရာတခုအဖြစ် စွဲထင်နေခဲ့တာ အမှန် ပါပဲ။ ဒီ အဖြစ်အပျက်ကို ဖွင့်ဟပြောပြပြီး ကျွန်တော်နှင့် နောက်တယောက်ကို ခွင့်လွှတ်ဖို့ တောင်းပန် ကန်တော့ချင်နေတာလည်း ကြာခဲ့ပြီ။



နောက်တယောက် ဆိုတာက ကျွန်တော့် ညီရင်း တယောက်လို ချစ်ခင်ခဲ့ရတဲ့ မောင်မျိုးသန်း။ စာပေလောကမှာ 'ခွန်းခ' ဆိုတဲ့ ကလောင်အမည်နဲ့ ရေးခဲ့တဲ့ မောင်မျိုးသန်း။ ကျွန်တော်နှင့်သူ လေးထောင့်ငါးသေတ္တာ ဗူးခွံလေး မှောက်ထားသလိုထဲမှာ နှစ်တွေအများကြီး အတူနေကြရင်း ကျွန်တော်တို့နှစ်ယောက် ၁၉၈၅ ခုနှစ်က မေ့လျော့ ပြုမိမှားခဲ့တဲ့ အဖြစ်အပျက် အကြောင်းပြောမိတဲ့ အကြိမ်တိုင်း ( အကိုနှင့် ကျွန်တော် ဆရာ့ရှေ့မှာ ဆရာ့ကို ထိုင်ကန်တော့ ပြီး ဖွင့်ဟတောင်းပန်ကြတာပေါ့ဗျာ) ဆိုတဲ့ သူ့အသံကိုလည်း ခုထိ ကြားနေတယ်။ သူက ကျွန်တော့်ထက်စောပြီး ကွန်ကရိတောနက်ကြီးထဲက ပြန်ရောက်ခဲ့တယ်။ ပြုပြင်ဖာထေးထား တဲ့ ၀င်ရိုးဟောင်းကြီး လည်ပတ်ရာ မြို့ပြကြီးဆီကို ကျွန်တော်က နောက်ကျပြီး ပြန်ရောက်လာ ခဲ့တယ်။ သူနှင့်ကျွန်တော် ပြန်ရောက်ချိန် ခြောက်နှစ်လောက် အံလွံသွားတဲ့ ကာလမှာ ခွန်းခတယောက် သူမြတ်နိုးလှတဲ့ အတွေးအခေါ်တွေကို ရင်မှာ နှလုံးသားမှာ ကျစ်ကျစ်ပါ အောင် ပွေ့ပိုက်ပြီး ဘ၀တွေ အသက်တွေ အပြန်အလှန် ပုံအပ်ယုံကြည် ချစ်ခင်ခဲ့တဲ့ အတွင်း လူတွေကိုရော လူတွေကိုရော လောကကြီးတခုလုံးကိုပါ အချိန်မတန်သေးဘဲ ကျောခိုင်းသွားခဲ့ ရှာတယ်။ ဆရာ့ကို နှစ်ယောက်အတူ ဖွင့်ဟတောင်းပန်ချင်ရှာတဲ့ ခွန်းခဟာ အိမ်ပြန်နောက်ကျ ခဲ့တဲ့ ကျွန်တော့်ကို ဂြိုဟ်ပြာကြီးရဲ့ 'ရေဝေး' ကမ္ဘာကနေ တစေ့တစောင်း အကဲခတ်စောင့်ကြည့် နေမည်လား မသိ။

(၂)
အဆင်တန်ဆာ ဘာမျှမရှိတဲ့ ခပ်ကုပ်ကုပ် ခပ်မှိုင်းမှိုင်း ဟိတ်ဟန်မဲ့ အိမ်ကလေးထဲ ကို ကျွန်တော် ၀င်သွားတဲ့အခါ အိမ်အတွင်းမှာတော့ ထွန်းလင်းတောက်ပနေတယ်လို့ ကျွန်တော် ခံစားမိတယ်။ အိမ်ထဲကို ရောက်နေတဲ့ ကျွန်တော် လွတ်လပ်ပေါ့ပါးပြီး ငြိမ်းချမ်းသွားတယ်။ အခန်းဆီးကလေး ကာထားတဲ့ အတွင်းခန်းထဲမှာ ဆရာရှိတယ်။ အနုပညာ ရှိတယ်။ သမိုင်းရှိ တယ်။ သဘောတရားရှိတယ်။ ငြိမ်းချမ်းရေး ရှိတယ်။ ဆရာက သမိုင်းအတွေ့အကြုံကို စာပေမီဒီယာကတဆင့် လက်ဆင့်ကမ်းတဲ့နေရာမှာ သဘောတရားနှင့် ယှက်နွှယ်ပြီး အနုပညာ မြောက်အောင် ရေးသားခဲ့တယ် မဟုတ်လား။ ၀တ္ထုဆောင်းပါးတွေကိုပဲ ရေးရေး၊ ကဗျာတွေကိုပဲ သီသီ ဆရာ့ကဗျာ၊ ဆရာ့ဝတ္ထု၊ ဆရာ့ဆောင်းပါး၊ ဆရာ့စာတွေဟာ သမိုင်း အဖြစ်အပျက်တွေ၊ သဘောတရားတွေနဲ့ ရက်ဖောက်ထားပြီး ခေတ်ပြိုင်မြင်ကွင်း၊ ခေတ်ပြိုင် အခင်းအကျင်းတွေကို ထင်ဟပ်လာအောင် အနုပညာ မြောက်လွန်းတယ် မဟုတ်လား။ မျိုးဆက်ကွာဟမှုကို သမိုင်းနဲ့ ပြန်စေ့ပေးတယ်။ လေးနက်တဲ့သဘောတရားနဲ့ လွန်းထိုးဆက် ပေးတယ်။ ဆရာဟာ သတိကြီး၊ အသိကြီးလွန်းတဲ့ အတွက် အနုဗေဒ၊ သမိုင်းနှင့် သဘော တရားတွေကို အထိုးထွင်းဆုံး ရှုမြင်သုံးသပ်ခဲ့သည်သာမက သေးငယ်တဲ့ အဖြစ်အပျက် ကလေးတွေကိုပင် စီစစ်ပိုင်းခြားပြီး မှတ်ဥာဏ်ဘဏ်တိုက်ထဲမှာ မပျက်မစီး မကျိုးမပဲ့အောင် သိမ်းဆည်းသိုလှောင် ထားတတ်တယ်။
"ဦးလေး.... ကိုအောင်ခင်လာနေတယ်"
"အေး...အေး... သူ့အသံကို ဦးလေးမှတ်မိတယ်"
ကျွန်တော်တကိုယ်လုံး တုန်လှုပ် ပူနွေးသွားတယ်။ ကျွန်တော်အသံကို ကျက်မိနေသေး တဲ့ ဆရာ့ကို ဂါရ၀တရား အပြည့်နဲ့ ဆရာ့လက်ဖ၀ါးနုနုကို ကိုင်ဆုပ်ပြီး ဆရာ့ကို ကြိမ်ကုလား ထိုင်ပေါ်မှာ ညင်ညင်သာသာကလေး နေရာချပေးလိုက်တယ်။ ဆရာနှင့် ကျွန်တော် ဝေးကွာ ခဲ့ရတဲ့ ခုနှစ်သက္ကရာဇ်တွေဟာ ရှည်ကြာ များပြားလွန်းတယ်။ အဲဒီ ကာလတွေအတွင်း ကြုံ တောင့်ကြုံခဲ ရရှိခဲ့တဲ့ မဂ္ဂဇင်း စာမျက်နှာပေါ်က ကလောင်အမည် မမှတ်မိတော့တဲ့ စာရေးဆရာ တယောက်ရဲ့ ရေးသားချက်ကို ကျွန်တော် ချက်ချင်း သတိရလိုက်တယ်။ 'ဆရာဟာ နားနဲ့ စာဖတ်ပြီး၊ ပါးစပ်နဲ့ စာရေးနေတယ်' တဲ့။ ဟုတ်ပါလား။ ဆရာက ကျွန်တော့်ကို ခပ်ဝါးဝါး မြင်ရတဲ့ အကြည့်နဲ့ ကြည့်နေတယ်။ ရူပဗေဒ သဘောတရားအရ ပြောရမယ်ဆိုရင် ရုပ်ဝတ္ထု တွေက လွှတ်နေတဲ့ အလင်းတန်းရိုက်ခတ်မှုကို ဆရာ့မျက်လုံးက လက်ခံစုတ်ယူနိုင်စွမ်း အတော်နည်းနေပြီ။ ကျွန်တော် ရင်နင့်သွားတယ်။
'ကျွန်တော်ကကော ဘာများတတ်နိုင်ဦးမည်နည်း' လို့ ဆရာ့စာပေရဲဘော်ကြီး ဆရာ ဗန်းမော်တင်အောင် ရေးခဲ့သလိုများ ကျွန်တော် ဖြစ်နေပြီလား။ ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်က ဆရာမျက်လုံး ခွဲစိတ်ရေးနှင့် ပတ်သက်လို့ ကျွန်တော် အကြံပြုစီစဉ်ခဲ့ ဖူးတယ်။ .......... ။ ဒီဘက်ပိုင်းမှာလည်း မျက်လုံးခွဲစိတ်ဖို့ လုပ်ခဲ့သေးတယ် ဗျဆိုတဲ့ ဆရာ့အသံတွေ။ ....... ။
ဆရာနှင့် ကျွန်တော် မိနစ်နှစ်ဆယ်လောက် ထိုင်ပြီး စကားပြောတဲ့အခါ ဆရာက ဟိုး ယခင်ကအတိုင်း စကားပြောမပျက်။ ပြောဟန်နှင့် ပြောသံ မပြောင်းလဲ။ သမိုင်းအဖြစ် အပျက်ကိုပဲ ပြောပြော၊ ဘယ်အကြောင်းအရာကိုပဲ ဆိုဆို ပြောဆိုတဲ့ အဖြစ်အပျက်တွေထဲက တရားတခုကို နားထောင်သူက မိမိဘာသာ လွတ်လပ်စွာ ထုတ်နှုတ်ရယူပွေ့ပိုက်သွားအောင် ပြောလေ့ရှိတဲ့ ဆရာ။ ငြိမ်းချမ်း လွတ်လပ်ခြင်းရဲ့ ကိုယ်ပွါး။
အချိန်ကြာတော့ ဆရာညောင်းနေရော့မယ်။ ထိုင်ခုံပေါ်မှာ အကြာကြီး ထိုင်နေရတဲ့ ဆရာ သက်သောင့်သက်သာမှ ရှိပါ့မလား။ ကျွန်တော် ဆရာ့ပြောစကားကို နားထောင်ရင်း နေ့လည်နေ့ခင်း ဆရာ့ကို နားနားနေနေ အနားယူစေချင်တဲ့ အတွေးဝင်လာတယ်။ အဲ့ဒီ အခိုက်မှာပဲ 'ခွန်းခ' ပြောခဲ့တဲ့ စကားကိုလည်း ပြန်ကြားမိတယ်။ ကျွန်တော်ပြန်တော့မယ်ဆရာ၊ ကျွန်တော့်ကို ခွင့်ပြုပါအုံး။ ပြောပြောဆိုဆို ဆရာ့ခြေအစုံရှေ့မှာ ဆရာ့ကို ဦးသုံးကြိမ်ချ ကန်တော့တယ်။
'ကျွန်တော်နဲ့ ခွန်းခတို့ မေ့လျော့ပြုမိခဲ့တာကိုလည်း ခွင့်လွှတ်ပါဆရာ'
ကျွန်တော့်အသံလှိုင်းဟာ ကျွန်တော်နှုတ်ခမ်းဖျားပေါ်ကို ရောက်မလာ။ ကျွန်တော့် ရင်ထဲမှာပင် လှိုင်းထန် ပြည့်ကျပ်နေခဲ့တယ်။ ကျွန်တော် မပြောရဲ၊ မပြောဝံ့။ ကျွန်တော့် အဖြစ်ကို 'ခွန်းခ' က ရောက်နေတဲ့ နေရာကများ စောင့်ကြည့်နေမလား မသိ။

(၃)
၁၉၈၅ ခုနှစ် အောက်တိုဘာ နှင်းတွေစိုစွတ်နေတဲ့ တနင်္ဂနွေ နေ့တနေ့။ ကျွန်တော်အိမ် ကို ခွန်းခ မနက်အစောကြီး ရောက်လာတယ်။ ခွန်းခတယောက် မြစ်ကြီးနားမှာ ရှိတဲ့ အမျိုးတွေ ဆီ သွားတဲ့ ခရီးရှည်တခုက ပြန်ရောက်လာတာ တလလောက် ရှိပြီ။ ကျွန်တော်နဲ့ ဆုံတိုင်း ဆရာ့ဆီသွားချင်ပြောတယ်လို့ တဖွဖွပြောခဲ့တာလည်း အကြိမ်မနည်းတော့။ သူက အဲ့ဒီ အချိန် ကတည်းက စာပေစင်မြင့်ပေါ်ကို မရောက်သေးပေမယ့် စာပေအနုပညာကို တရှိုက်မက်မက် မြတ်နိုးရင်း စာပေ၀မ်းစာ စုဆောင်းနေတဲ့သူ။ ကဗျာလက်သွေး၊ ဘာသာပြန် လက်သွေးနေ ခဲ့တဲ့ လူငယ်တယောက်။ ဆရာ့စာပေ အနုပညာ သဘောတရားတွေကို စွဲမက်ပွေ့ပိုက်နေခဲ့တဲ့ ခေတ်ပညာတတ်တယောက်။
ကျွန်တော်တို့နှစ်ယောက် မှော်ဘီဈေးမှာ ဘဲဥ ငါးလုံး၊ ဂေါ်ဖီတထုပ် ၀င်ဝယ်ပြီး မှော်ဘီဘော်လုံးစက်က ဆရာနေထိုင်ရာ ဆရာ့တူမအိမ်ကို ရောက်ခဲ့ကြတယ်။ အိမ်မှာ ဆရာ တယောက်တည်း။ ဆရာ့တူမ မမြင့်မြင့်စိန် (သင်းမြစန္ဒီ) ရန်ကုန်ဘက် သွားနေတယ် ထင်တယ်။ ဆရာက ....
"ခင်ဗျားတို့ နှစ်ယောက်ပါလား။ လာကြ။ ဒီမှာ ထမင်းစား။ ထမင်းနှင့်ဟင်းတော့ မြင့်စိန် ချက်ထားခဲ့တယ်"
"ကျွန်တော်တို့လည်း ဂေါ်ဖီနဲ့ဘဲဥ ၀ယ်လာတယ်။ ဒီမှာ ကြော်ချက်ပြီး ဆရာနဲ့ ထမင်း အတူ စားရင်း စကားတွေ ပြောဖို့ လာခဲ့ကြတာ ဆရာ...."
"ထမင်းလည်း ထပ်ချက်။ အဲ့ဒါတွေကိုလဲ ကြော် ဗျာ။ ဒါပေမယ့် ကျွန်တော် အချိုမှုန့် မစားဘူးနော်.... "
ဆရာ့ကို 'ဟုတ်ကဲ့' ခဲ့ပြီး ကျွန်တော် ထမင်းအိုးတည်တယ်။ ခွန်းခက ကျွန်တော့်ရဲ့ လက်ထောက်ထမင်းချက်။ ကျွန်တော် လိုအပ်တာကို သူက ၀ိုင်းကူတယ်။ နှစ်ယောက်လုံး ချက်တဲ့ ပြုတ်တဲ့အထဲမှာ ဈာန်ဝင်သွားကြပြီး နောက်ဆုံး ဂေါ်ဖီကြော်ထဲကို ဘေးမှာ ရှိတဲ့ အချိုမှုန့်ပုလင်းထဲက အချိုမှုန့်အသင့်အတင့် ထည့်လိုက်မိတယ်။
"ဟာ .. ဆရာက အချိမှုန့် မစားဘူးလေ" ခွန်းခ ပြောလိုက်မှ ကျွန်တော် သတိရတယ်။ အချိုမှုန့်က ဂေါ်ဖီကြော်ထဲမှာ အရည်တောင် ပျော်သွားပြီ။ ကျွန်တော်လည်း ထိတ်လန့် သွား တယ်။ မင်းက စောစောကတည်းက သတိပေးရောပေါ့ကွာလို့ ကျွန်တော့်မေ့လျော့မှုကို ထန်းလက်နဲ့ကာရင်း သူ့ကို အပြစ်တင်သလို လေသံနဲ့ ပြောလိုက်တဲ့အခါ ...
"ကျွန်တော်လည်း ချက်တဲ့ပြုတ်တဲ့ အလုပ်ထဲ ဈာန်ဝင်သွားလို့"
"အေး ... ငါလဲ အဲလိုပဲကွ"
ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ ထမင်းဝိုင်းမှာ ဆရာ့ကို မော်မကြည့်ရဲလောက်အောင် တွန့်ဆုတ်နေပြီး ခေါင်းမဖော်ပဲ စားနေမိခဲ့တယ်။ ခွန်းခလည်း ကျွန်တော် ခံစားသလို ဖြစ်နေမှာပဲလို့ ကျွန်တော် အတွေးနယ် လွန်နေမိတယ်။
"ခင်ဗျားတို့ ဂေါ်ဖီထုတ်ကြော်က တယ်ကောင်းပါလား၊ ချိုတယ်ဗျ" ကျွန်တော်တို့ နှစ်ယောက်ကို ယုံယုံကြည်ကြည်နဲ့ ပြောလိုက်တဲ့ ဆရာ့အသံ။ ရိုးရိုးလေး ပြောလိုက်တဲ့ ဆရာ့ စကား။ ကျွန်တော်နှင့် ခွန်းခ နှစ်ယောက်လုံး ထမင်းငုံ့စားနေရာမှ မျက်လုံးအကြောင်သားနဲ့ ဆရာ့ကို မော့ကြည့်မိတဲ့ အကြည့်တွေထဲမှာ ကျွန်တော်တို့ကို ခွင့်လွှတ်ဖို့ တိုးလျှိုးတောင်းပန် နေတဲ့ အရိပ်အယောင်တွေ ပါနေခဲ့တယ်။ ဆရာက ငြိမ်းချမ်းလွတ်လပ်တည်ကြည်စွာနဲ့ ပြုံးလျက်။ သည်တော့လည်း ....
"ဆရာ ဒဂုန်တာရာ့ကို ဒီစာနဲ့ ထပ်မံဦးချ ကန်တော့လိုက်ပါတယ်"။

အောင်မြိုင်။
{ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ အမှတ် (၁၄) စက်တင်ဘာ၊ ၂၀၀၇ မှ ကူးယူဖော်ပြပါတယ်}

[မှတ်ချက်။ ။ ခွန်းခအကြောင်း- 'မောင်အေးဝင်း ရဲ့ မပို့လိုက်ရအသုဘ (၂)' နဲ့ 'ထွန်းဝင်းငြိမ်း ရဲ့ ခွန်းခ သို့မဟုတ် မြစ်ရဲ့စကား' တွင်လည်း ရှု။]

No comments: